အခန်း (၂၇၅-၂၇၆)
Vol. 28 Ch. 275-276
အခန်း။ ၂၇၅
“အကြီးအကဲဝမ် ဟုတ်လား... ဒါဆို သူ့မှာ ဂိုဏ်းအကြီးအကဲဖြစ်တဲ့ ဆရာ ရှိတာပေါ့လေ”
ဝမ်ဝန်ပိုင်၏ နောက်ခံအကြောင်းအရာမှာ တပည့်သစ်များကြားတွင် အတော်ပင် လှုပ်လှုပခတ်ခတ် ဖြစ်သွားစေသည်။ အလောင်းထိန်းချုပ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ရန်မှာ အနည်းဆုံး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်ဖြစ်ရာ ဂိုဏ်းအတွင်း၌ သြဇာအာဏာ အလွန်ကြီးမားလှသည်။
အချို့သူများမှာမူ ဝမ်ဝန်ပိုင်၏ မျက်နှာကို မှတ်သားထားကြပြီ ဖြစ်သည်။ ဖားရန် မဟုတ်သည့်တိုင်အောင် အနည်းဆုံးတော့ မတော်တဆ ပြဿနာမတက်မိအောင် ရှောင်ရှားနိုင်ရန် ဖြစ်သည်။
ယို့ချင်းယီနှင့် ဝမ်ဝန်ပိုင်တို့အပြင် ရုံရွှယ်ကျန့်ဟု အမည်ရသော လူငယ်တစ်ဦးလည်း ဝိညာဉ်
စွမ်းအင်ကို အာရုံခံနိုင်ခဲ့သည်။ သူသည် ခပ်ဖြူဖြူနှင့် ယဉ်ကျေးသိမ်မွေ့သော ပုံစံရှိပြီး သူ၏ ဝိညာဉ်အမြစ်မှာ အလယ်အလတ်အဆင့် ဖြစ်သော်လည်း ထိပ်တန်းအဆင့်နှင့် များစွာမကွာလှချေ။
လုံယီ ခန့်မှန်းထားသည့်အတိုင်းပင် ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်စွမ်းနှင့် ပိုင်ဆိုင်ထားသော ပါရမီမှာ တိုက်ရိုက်အချိုးကျနေသည်။ ၎င်းကို မြင်တွေ့ရသောအခါ လုံယီသည် ရှေ့သို့ မဆင်မခြင် ထွက်မသွားဘဲ ငြိမ်နေလိုက်သည်။ အဆင့်နိမ့်ဝိညာဉ်အမြစ်ရှိသူတစ်ဦးက အလယ်အလတ်အဆင့်သူများထက် သာလွန်စွာ လုပ်ဆောင်နိုင်ခြင်းမှာ အလွန်ရှားပါးလှသည်။
အကယ်၍ ဂိုဏ်း၏ အထက်လူကြီးများ၏ အာရုံစိုက်မှုကို ခံလိုက်ရပါက ၎င်းမှာ ကောင်းကျိုးထက် ဆိုးကျိုး ပိုများနိုင်သည်။ ကိုယ်ခံပညာ ဘယ်လောက်တော်တော် ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်ထက် အနည်းငယ်သာ ပိုကြီးသူအဖြစ်သာ မြင်ကြသဖြင့် စိတ်ဝင်စားကြမည်မဟုတ်ချေ။ သို့သော် အဆင့်နိမ့် ဝိညာဉ်အမြစ်နှင့် သာမန်ထက် ထူးကဲနေခြင်းမှာမူ သဘာဝတရားကို ဆန့်ကျင်နေသကဲ့သို့ ဖြစ်နေသဖြင့် အထူးစစ်ဆေးခံရနိုင်ချေ ရှိနေသည်။
ထိုစဉ် ဝေကျန်းက အားနာဟန်ဖြင့် ပြောလိုက်သည်။
“ဒါက စီနီယာအစ်ကို့ရဲ့ အမှားပါပဲ။ မနေ့က ညီငယ်တို့အတွက် စိတ်စင်ကြယ်
ဆေးလုံးတွေကို ယူလာဖို့ မေ့သွားလို့။ ဒီဆေးလုံးက ဝိညာဉ်စွမ်းအင်ကို အာရုံခံရာမှာ အများကြီး အထောက်အကူပြုပြီး ခက်ခဲမှုကို လျှော့ချပေးနိုင်တယ်။ တော်သေးတာပေါ့... ဒီနေ့တော့ ယူလာမိလို့”
လူတိုင်း၏ စိတ်ထဲတွင် ...
ဒီစီနီယာက တကယ်ပဲ တာဝန်မဲ့လှချေလား...
လူအများအပြားမှာ မကျေမနပ်ဖြစ်သွားကြသော်လည်း ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်နေသော ဤစီနီယာကို မည်သူမျှ ဒေါသမပွားရဲကြချေ။
လုံယီမှာမူ အတွေးတစ်ခု ဝင်လာသည်။ ဝေကျန်းက တကယ်မေ့သွားခြင်း မဟုတ်လောက်ပေ။ ထိုသို့မေ့ရန်လည်း သူမဝံ့ရဲချေ။ ၎င်းမှာ ဂိုဏ်းဘက်မှ တပည့်သစ်များကို တမင်တကာ စမ်းသပ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုနေရာတွင်ပင် ဝေကျန်းက လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်၌ သုံးလက်မခန့်မြင့်ပြီး သစ်သားအဆို့ရှင်များဖြင့် ပိတ်ထားသော အပြာနုရောင် ကြွေပုလင်းငယ် ရာနှင့်ချီ၍ ပေါ်လာတော့သည်။
“ညီငယ်တို့ တစ်ယောက်ကို တစ်ပုဒ်စီ ယူကြပါ။ တစ်ပုလင်းမှာ ဆေးငါးလုံးစီ ပါတယ်။ ပိုမယူကြနဲ့နော်”
“ညီမလေးယို့၊ ညီငယ်ရုံနဲ့ ညီငယ်ဝမ်... မင်းတို့ကတော့ အခုချက်ချင်း ငါနဲ့အတူ ကျင့်ကြံခြင်းခန်းမကို လိုက်ခဲ့ပါ။ အဲ့ဒီမှာ ထူးကဲယင်ကျင့်စဉ်နဲ့ အပြင်စည်းတပည့်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်ယူရမယ်”
“နောက်ပြီးတော့... နောက်ထပ် ရက်အနည်းငယ်ကြာရင် အလောင်းတောအုပ်ကို ဖွင့်ပေးလိမ့်မယ်။ ချီစွမ်းအင်ကို အာရုံခံနိုင်တဲ့သူတွေပဲ အဲ့ဒီထဲကိုဝင်ပြီး ကိုယ်ပိုင် အသက်သခင် ဝိညာဉ်အလောင်းကို ရွေးချယ်ခွင့် ရမှာပါ။ အာရုံမခံနိုင်သေးတဲ့သူတွေကတော့ နောက်လဆန်းအထိ စောင့်ရလိမ့်မယ်။ ညီငယ် ညီမငယ်တို့ မြန်မြန်လုပ်ကြပါ။ မင်းတို့မှာ သုံးလပဲ အချိန်ရှိတာနော်”
ဝေကျန်းသည် စကားပြောပြီးနောက် ယို့ချင်းယီ၊ ဝမ်ဝန်ပိုင်နှင့် ရုံရွှယ်ကျန့်တို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။ ကျန်ရစ်ခဲ့သော တပည့်သစ်များမှာမူ သူတို့နောက်ကွယ်တွင် ဆူညံစွာ ဆွေးနွေးနေကြတော့သည်။
“ဒီဝေဆိုတဲ့လူကတော့ တကယ့်ဟာသပဲဗျာ။ ဒီလောက်အရေးကြီးတဲ့ ဆေးကို မေ့သွားတယ်လို့ မနေ့ညက တစ်ညလုံး ဘာလို့ အာရုံမရတာလဲလို့ ငါစဉ်းစားနေတာ။ တကယ်လို့ ဒီလောက်တောင် ခက်ခဲနေမယ်ဆိုရင် အလောင်းထိန်းချုပ်ဂိုဏ်းက တပည့်သစ်တွေ ဘယ်စုဆောင်းတော့မလဲ”
“ဝိညာဉ်အမြစ်က တကယ် အရေးကြီးတာပဲ။ ပါရမီကောင်းတဲ့သူတွေက ငါတို့ထက် ပိုမြန်မြန် အာရုံခံနိုင်ကြတယ်လေ”
“ဒါနဲ့... သူက အဲ့ဒီဆေးပုလင်းတွေကို ဘယ်မှာ ဝှက်ထားတာလဲ ရုတ်တရက်ကြီး ပေါ်လာတာပဲ။ ဘယ်ကနေ ထုတ်လိုက်လဲဆိုတာ ငါဖြင့် လုံးဝမမြင်လိုက်ဘူး”
“ဟဲဟဲ... မင်းက ဘာမှမသိသေးပါလား။ သူ့ခါးမှာ ချိတ်ထားတဲ့ အဖြူရောင် ပိုးအိတ်ကလေးကို မြင်လား ငါ မင်းကို တစ်ခုသင်ပေးမယ်။ အဲ့ဒါကို သိုလှောင်အိတ်လို့ ခေါ်တယ်။ အထဲမှာ ပစ္စည်းတွေ အများကြီး ထည့်ထားလို့ရတယ်ကွ”
“ဒါပေမဲ့ ဒီအိတ်က တကယ်ကို အဖိုးတန်လွန်းတယ်။ အတွင်းစည်းတပည့် တော်တော်များများမှာတောင် မရှိကြဘူး။ ဝေကျန်းရဲ့ နောက်ခံက မရိုးရှင်းဘူးထင်တယ်...”
အနားမှ တပည့်များ၏ ဆွေးနွေးသံကို ကြားရသောအခါ လုံယီ၏ စိတ်ထဲတွင် တစ်ခုခုကို သတိရသွားသည်။ သူသည် သဋ၏ ရင်ဘတ်ကို အသာအယာ စမ်းကြည့်လိုက်ရာ ထိုနေရာတွင် ပန်းရောင် ပိုးအိတ်ငယ်လေး တစ်လုံး ရှိနေသည်။ ၎င်းမှာ ငါးပါးဓာတ်ဂိုဏ်းမှ အမျိုးသမီး တာအိုဆရာကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့သော ဆုပင်။
ဒါက တကယ်ပဲ သိုလှောင်အိတ်ဖြစ်နေတာပဲ
လုံယီသည် ယခင်ကတည်းက ထိုသို့ ခန့်မှန်းခဲ့သော်လည်း ယခုမှသာ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သူသာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စနစ်တကျ ခြေချနိုင်ပြီဆိုလျှင် ဤသိုလှောင်အိတ်ကို ဖွင့်ရန် နည်းလမ်း ရှာနိုင်ပေလိမ့်မည်။ ထိုအမျိုးသမီးမှာ နောက်ခံ မရိုးရှင်းသူတစ်ဦး ဖြစ်ပုံရရာ သူမ ချန်ရစ်ခဲ့သော အိတ်ထဲတွင် မည်သို့သော ရတနာများ ရှိနေမလဲဆိုသည်ကို လုံယီ အတော်ပင် စိတ်ဝင်စားနေမိသည်။
ထိုညတွင် လုံယီသည် စွမ်းအင်လမ်းပြကျင့်စဉ်ကို ဆက်လက်လေ့လာ ကျင့်ကြံနေခဲ့သည်။
ကျင့်စဉ်ကို စတင်တတ်မြောက်ထားပြီဖြစ်၍ သူသည် လေထုထဲမှ ဝိညာဉ်စွမ်းအင်များကို ချက်တိုင်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် လမ်းညွှန်သွင်းယူနိုင်ခဲ့သည်။ အစပိုင်းတွင်မူ အေးမြမြ ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ်အတွင်းသို့ ပျော်ဝင်ကာ ပျောက်ကွယ်သွားသကဲ့သို့ ရှိခဲ့သော်လည်း ပမာဏများပြားလာသည်နှင့်အမျှ နောက်ဆုံးတွင် တည်ငြိမ်သွားပြီး ချီအစုအဝေးငယ်လေးတစ်ခုအဖြစ် စတင် ဖြစ်ပေါ်လာတော့သည်။
“ဟမ်...”
ရုတ်တရက် လုံယီ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ဝမ်းဗိုက်ထဲမှ အနည်းငယ် စူးအောင့်လာသည်ကို ခံစားလိုက်ရခြင်းကြောင့်ပင်။ သူ၏လက်ဖြင့် ဝမ်းဗိုက်ကို ဖိကြည့်လိုက်သောအခါ အခြားခန္ဓာကိုယ် အစိတ်အပိုင်းများ၏ နွေးထွေးမှုနှင့် မတူဘဲ ရေခဲကဲ့သို့ အေးစက်နေသည်ကို တွေ့လိုက်ရသည်။
ယင်ဝိညာဉ်အမြစ်ရှိတဲ့သူက ယင်စွမ်းအင်ကိုပဲ စုပ်ယူရမယ်။ ဒီစွမ်းအင်က အေးတဲ့ဓာတ်ရှိပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တာပဲ။
ငါ့လို ခွန်အားကြီးတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တောင် ဒီလောက် မအီမသာ ဖြစ်နေရင် တခြားတပည့်
သစ်တွေဆိုရင်တော့ တကယ် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
အလောင်းထိန်းချုပ်ဂိုဏ်းမှာ ဒါကို ဖြေရှင်းမယ့်နည်းလမ်း ရှိကိုရှိရမယ်။ အဲ့ဒါ ထူးကဲယင်
ကျင့်စဉ်ပဲ ဖြစ်ရမယ်...
လုံယီသည် စိတ်ထဲမှ ခန့်မှန်းလိုက်ပြီးနောက် ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်သည်။ ထိုစဉ် အနီးနားရှိ လိုဏ်ဂူတစ်ခုမှ ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။
“ဟားဟားဟား... ငါလည်း ဝိညာဉ်စွမ်းအင်ကို အာရုံခံမိပြီဟေ့”
ဪ... စိတ်စင်ကြယ်ဆေးလုံးက အတော်လေး အသုံးဝင်ပုံရတာပဲ။
လုံယီသည် သူ၏လက်ထဲမှ အပြာရောင်ဆေးပုလင်းကို ကြည့်ကာ တွေးတောနေမိသည်။
နောက်ထပ်တစ်ရက် ကုန်လွန်သွားခဲ့သည်။ စိတ်စင်ကြယ်ဆေးလုံး၏ အကူအညီဖြင့် တပည့်သစ် ဆယ်ဂဏန်းခန့်မှာ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်ခဲ့ကြသော်လည်း လုံယီကမူ မည်သည့်လှုပ်ရှားမှုမျှ မပြဘဲ ငြိမ်နေဆဲဖြစ်သည်။
နောက်ဆက်တွဲ သုံးရက်အတွင်းတွင် လူအများအပြား အောင်မြင်သွားကြရာ လုံယီသည်လည်း ထိုအခွင့်အရေးကို အသုံးချကာ သူလည်း အာရုံခံမိပြီဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့ပြီး အလောင်းထိန်းချုပ်ဂိုဏ်း၏ တရားဝင် အပြင်စည်းတပည့်တစ်ဦး ဖြစ်လာခဲ့သည်။
ဝေကျန်းသည် ချီစွမ်းအင် အာရုံခံနိုင်ပြီဖြစ်သော တပည့်အားလုံးကို ရတနာသိုလှောင်
တောင်ထိပ်သို့ ဦးဆောင်၍ခေါ်သွားခဲ့သည်။ ထိုတောင်မှာ တပည့်တောင်ထိပ်မှ ဆယ်မိုင်ခန့်
ကွာဝေးပြီး အမြင့်ပေ ၆,၅၀၀ ကျော် ရှိကာ ဂိုဏ်းနယ်မြေအတွင်း အမြင့်ဆုံးတောင်များအနက် တစ်ခုဖြစ်သည်။
ထိုတောင်ပေါ်တွင် ကျင့်ကြံခြင်းခန်းမ၊ ဆေးအိုးခန်းမနှင့် ဝိညာဉ်ဆေးခန်းမကဲ့သို့သော အရေးကြီးသည့် နေရာများ ရှိသည်။
“ငါတို့ဂိုဏ်းမှာ တောင်ထိပ် စုစုပေါင်း ၁၃ ခု ရှိတယ်။ ဧည့်ကြိုတောင်၊ တပည့်တောင်၊ ရတနာသိုလှောင်တောင်တွေအပြင် ဂိုဏ်းချုပ်နေထိုင်တဲ့ ဂိုဏ်းချုပ်တောင်၊ တာဝန်ပေးခန်းမနဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမတို့ရှိတဲ့ ဖေးရှီတောင်၊ နောက်ပြီး အကြီးအကဲတွေအတွက် တာအိုတောင်သုံးခု စသဖြင့် ရှိကြတယ်”
“အပြင်စည်းတပည့် ဖြစ်လာပြီဆိုရင် မဖြစ်မနေသင်ယူရမယ့် ထူးကဲယင်ကျင့်စဉ်၊ အလောင်းထိန်းချုပ်နည်းစနစ်နဲ့ မိုးခေါ်အတတ်တွေအပြင် တခြားကျင့်စဉ်တစ်ခုကို အခမဲ့ စိတ်ကြိုက် ရွေးချယ်ခွင့်ရဦးမှာပါ။ အဲ့ဒါကိုတော့ သေချာစဉ်းစားဖို့ ငါအကြံပေးချင်တယ်။ လောလောလောလော မဆုံးဖြတ်ပါနဲ့ဦး...”
ဝေကျန်းက လမ်းပြရင်း ဂိုဏ်း၏ စည်းကမ်းချက်များကို ရှင်းပြနေသည်။
“စီနီယာအစ်ကိုဝေ... အခမဲ့ကျင့်စဉ်က တစ်ခုပဲ ရွေးလို့ရတာလားခင်ဗျ”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
“အကယ်၍ မင်းတို့ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ရောက်လို့ အတွင်းစည်းတပည့် ဖြစ်လာရင် နောက်ထပ် တစ်ခု ထပ်ရွေးလို့ရမယ်။ အနှောင်းပိုင်းအဆင့်ရောက်ပြီး အမာခံတပည့် ဖြစ်လာရင်လည်း အဲ့ဒီအတိုင်းပဲ။ ကျန်တဲ့အချိန်တွေမှာတော့ ဂိုဏ်းအကျိုးပြုမှတ်တွေနဲ့ ဝယ်ယူရမှာပါ။ ကျင့်စဉ်တွေတင်မကဘူး... ဆေးလုံးတွေ၊ အဆောင်တံဆိပ်တွေ၊ နောက်ဆုံး မင်းတို့စားမယ့် ဝိညာဉ်ဆန်တွေကအစ သုံးလပြည့်ပြီးတာနဲ့ အကျိုးပြုမှတ်တွေနဲ့ ဝယ်ရလိမ့မယ်။ အလောင်းထိန်းချုပ်ဂိုဏ်းက အလကားစားနေမယ့်သူတွေကို လက်မခံဘူး”
ဝေကျန်းက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“ဒါပေမဲ့ အတွင်းစည်းတပည့်တွေမှ တာဝန်တွေယူပြီး အကျိုးပြုမှတ် ရှာလို့ရတာ မဟုတ်ဘူးလားဗျ”
နောက်တစ်ယောက်က မေးပြန်သည်။
“အပြင်စည်းတပည့်တွေလည်း အကျိုးပြုမှတ် ရှာလို့ရပါတယ်... စိုက်ပျိုးရေး ကောင်းကောင်းလုပ်နိုင်ရင်ပေါ့”
ဝေကျန်းက ရယ်မောရင်း ပြောလိုက်သည်။
“ကျင့်စဉ်တွေ ရွေးပြီးပြီဆိုရင် နောက်တစ်ဆင့်ကတော့ မြက်အလောင်းကို ထုတ်ယူဖို့ပဲ။ ငါတို့ဂိုဏ်းမှာ လူတိုင်းမှာ ကိုယ်ပိုင် အသက်သခင် ဝိညာဉ်အလောင်းတစ်ခုစီ ရှိကြရမယ်”
“အလောင်းကို ရရှိပြီးပြီဆိုရင်တော့ တပည့်အများစုဟာ ဝိညာဉ်စိုက်ခင်းတစ်ခုစီကို တောင်းဆိုကြရလိမ့်မယ်။ သုံးလတစ်ကြိမ် စစ်ဆေးမှုတွေ ရှိပြီး ထိပ်ဆုံးကလူတွေက ဆုလာဘ်တွေ ရရှိမှာဖြစ်သလို အောက်ဆုံးကလူတွေကတော့ အပြစ်ပေးခံရမှာပဲ”
အခန်း။ ၂၇၆
“ဘာ... ငါတို့က လယ်စိုက်ရဦးမှာလား?”
ဤစကားကို ပထမဆုံးအကြိမ် ကြားလိုက်ရသည့် တပည့်သစ်တော်တော်များများမှာ အံ့အားသင့်မှင်သက်သွားကြသည်။ သူတို့အားလုံး၏ စိတ်ထဲ၌မူ မသေမျိုးကျင့်စဉ်များကို လာရောက်သင်ယူခြင်းဖြစ်သဖြင့် တကယ့်လယ်သမားများကဲ့သို့ ရွှံ့ထဲဗွက်ထဲဆင်းကာ အလုပ်လုပ်ရမည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးတောမိခဲ့ကြချေ။
“ကျင့်ကြံသူတွေက အစာဖြတ်ခြင်းအဆင့်ကို မရောက်မချင်း ဝိညာဉ်ဆန်ကို မစားဘဲမနေနိုင်ကြဘူး။ လယ်စိုက်တာက ရှက်စရာအလုပ်မဟုတ်ပါဘူး”
ဝေကျန်းက ဂုဏ်ယူစွာဖြင့် ရှင်းပြသည်။
“ငါတို့ အလောင်းထိန်းချုပ်ဂိုဏ်းကထွက်တဲ့ စိမ်းပြာသွားဆန်က ပတ်ဝန်းကျင်နိုင်ငံတွေမှာ အရည်အသွေးအကောင်းဆုံးပဲ။ လွတ်လပ်တဲ့ကျင့်ကြံသူတွေကြားမှာတောင် အရမ်းနာမည်ကြီးတာ။ မင်းတို့က ဒီကို မသေမျိုးအတတ်ပညာတွေ သင်ယူဖို့လာတာမှန်ပေမဲ့ ဂိုဏ်းက မင်းတို့ကို အလကားတော့ ကျွေးထားမှာမဟုတ်ဘူး။ လူတိုင်း ဂိုဏ်းအတွက် အကျိုးပြုရမယ်။ ဝိညာဉစိုက်ခင်းတွေ စိုက်ပျိုးတာက ဂိုဏ်းရဲ့ရိက္ခာကို တိုးပွားစေရုံတင်မကဘူး။ မင်းတို့ရဲ့ မှော်
အတတ်တွေကို လေ့ကျင့်ရာလည်း ရောက်တယ်။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့အလုပ်ပဲ”
စကားပြောနေရင်းဖြင့် လူအုပ်ကြီးသည် ဘဏ္ဍာသိုလှောင်တောင်ထိပ်ခြေရင်းသို့ ရောက်ရှိလာပြီး တောင်ခါးပန်းရှိ ကျင့်ကြံရေးခန်းမအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
ကျင့်ကြံရေးခန်းမသည် တောင်နံရံကို ထွင်းထုကာ တည်ဆောက်ထားခြင်းဖြစ်ပြီး အမိုးစွန်းများနှင့် ထူးခြားသော ဗိသုကာလက်ရာများဖြင့် ခန့်ညားလှသည်။ အစိမ်းရောင် ကြွေပြားများမှာ မှိန်ပျပျ တောက်ပနေပြီး အမိုးစွန်းများမှ ဆွဲလဲသံများမှာ လေအဝေ့တွင် သာယာစွာ မြည်ဟည်းနေသည်။ နာမည်စာတမ်းကိုမူ ရွှေရောင်စာလုံးကြီးများဖြင့် ကျင့်ကြံရေးခန်းမဟု ဝင့်ကြွားစွာ ရေးထိုးထားသည်။
ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် ကြမ်းပြင်ပေါ်တွင် ရှုပ်ထွေးသော အနက်ရောင်လိုင်းများဖြင့် ဖော်ဆောင်ထားသည့် စက်ဝိုင်းပုံစံ အစီရင်ခံများကို မြင်တွေ့ရသည်။ အရှေ့ဘက်တွင်မူ အပေါင်ဆိုင်များကဲ့သို့ မြင့်မားသော သစ်သားကောင်တာတစ်ခုရှိပြီး ထိုနေရာတွင် အနက်ရောင်ဝတ် အဖိုးအိုတစ်ဦးမှာ ငိုက်မြည်းနေသည်။ သူ၏ နားထင်ဆံစများမှာ အနည်းငယ် ဖြူနေသော်လည်း မျက်နှာတွင် အရေးအကြောင်း လုံးဝမရှိသလောက်ပင်။ လူများရောက်လာသည်ကို သိသော်လည်း သူသည် မျက်လုံးကို တဝက်သာ ဖွင့်ကြည့်သည်။
“အကြီးအကဲ... ကျွန်တော် ညီငယ်၊ ညီမငယ်တွေကို ကျင့်စဉ်တွေ လာထုတ်ပေးတာပါ”
ဝေကျန်းက အရိုအသေပေးကာ ပြောလိုက်သည်။
ထိုအဖိုးအိုက မည်သို့မျှ လှုပ်ရှားခြင်းမရှိဘဲ သုံးပေပတ်လည်ရှိသော လေးထောင့်ပုံစံ ကျောက်စိမ်းပြားတစ်ခုမှာ ကောင်တာပေါ်တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ ကျောက်စိမ်းပြား၏ ဘယ်ဘက်ခြမ်းတွင် အပေါက်ငယ်တစ်ခုပါရှိပြီး ကျန်သည့်နေရာများမှာ ပြောင်ချောနေသည်။
လုံယီသည် အရှေ့ဆုံးတွင် ရပ်နေသဖြင့် ဝေကျန်းက သူ့ကို အနားသို့ ခေါ်လိုက်သည်။
“ညီငယ်... မင်းရဲ့ တပည့်အမှတ်တံဆိပ်ကို အဲ့ဒီအပေါက်ထဲ ထည့်လိုက်စမ်း”
လုံယီ ထိုသို့ပြုလုပ်လိုက်ပြီးနောက် ညာဘက်ရှိ အလွတ်နေရာတွင် စာသားလေးကြောင်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ပထမစာကြောင်းသုံးကြောင်းမှာ ထူးကဲယင်ကျင့်စဉ်၊ အလောင်းထိန်းချုပ်အတတ်နှင့် မိုးခေါအတတ်တို့ ဖြစ်ကြသည်။ စတုတ္ထမြောက်စာကြောင်းမှာမူ မီးလောင်ကျွမ်းခြင်းအတတ်၊ အသက်နှုတ်ကျိန်စာ၊ ယင်ချီမြှားနှင့် ယင်အလင်းဒိုင်းစသည်ဖြင့် တရစပ် ပြောင်းလဲနေသည်။
ဝေကျန်း၏ အကြံပေးချက်ကို မှတ်မိနေသဖြင့် လုံယီသည် ပထမဆုံးသော ကျင့်စဉ်သုံးခုကိုသာ ရွေးချယ်ခဲ့ပြီး စတုတ္ထမြောက်စာကြောင်းကိုမူ မထိခဲ့ပေ။ နောက်တစ်စက္ကန့်တွင် ကောင်တာပေါ်၌ စာအုပ်ငယ်သုံးအုပ်ပေါ်လာခဲ့ပြီး ၎င်းတို့မှာ သူလိုအပ်သော ကျင့်စဉ်များပင်။ နောက်မှပါလာသော တပည့်များကလည်း ထိုနည်းတူပင် ကျင့်စဉ်များကို အသီးသီး ထုတ်ယူခဲ့ကြသည်။
တပည့်တောင်ထိပ်ရှိ လိုဏ်ဂူသို့ ပြန်ရောက်သောအခါ လုံယီသည် ကျင့်စဉ်များကို စတင်
လေ့လာတော့သည်။ မိုးခေါ်အတတ်မှာ ချီသန့်စင်ခြင်း ပထမအဆင့်သို့ ရောက်မှသာ လေ့ကျင့်၍ရမည်ဖြစ်ပြီး အလောင်းထိန်းချုပ်အတတ်အတွက်မှာလည်း ဝိညာဉ်အလောင်းတစ်လောင်း လိုအပ်နေသေးသည်။ ထို့ကြောင့် သူသည် အခြေခံအကျဆုံးဖြစ်သော ထူးကဲယင်ကျင့်စဉ်ကိုသာ အာရုံစိုက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။
ကျင့်ကြံသူများအတွက် နယ်ပယ်သည် အခြေခံဖြစ်ပြီး နည်းစနစ်များမှာ ဒုတိယသာ ဖြစ်သည်။ ထူးကဲယင်ကျင့်စဉ်စာအုပ်ကို ဖွင့်လိုက်သောအခါ ပထမစာမျက်နှာတွင်….
[ယင်စွမ်းအင်သည် သွေးကြောကွန်ရက်ကို ကျူးကျော်ပါက ခန္ဓာကိုယ်သည် အလောင်းတစ်ခုကဲ့သို့ တောင့်တင်းသွားလိမ့်မည်။ စွမ်းအင်လမ်းပြကျင့်စဉ်ကို လေ့လာကြည့်ပါက ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သော်လည်း ယင်ဓာတ်များ ကြာရှည်စွာ စုပုံလာပါက ကြွက်သားနှင့် အရိုးများကို ပျက်စီးစေနိုင်သည်။ ထို့ကြောင့် အဓိကအချက်များကို ပြုပြင်ပြောင်းလဲပြီး ချီစွမ်းအင်၏ ပြင်းထန်မှုကို လျှော့ချကာ သွေးကြောများအတွင်း လည်ပတ်မှုကို မြှင့်တင်ရမည်။ သို့မှသာ ချီစွမ်းအင်သည် စမ်းရေအလား အတားအဆီးမရှိ ချောမွေ့စွာ စီးဆင်းနိုင်မည် ဖြစ်သည်...]
စာအုပ်၏အဆုံးတွင် ရေးသားသူအမည်မှာ ကျန်းယီဖန်ဟု ပါရှိသည်။
‘ဒါက အလောင်းထိန်းချုပ်ဂိုဏ်းကို တည်ထောင်ခဲ့သူပဲ ဖြစ်ရမယ်’
လုံယီ တွေးလိုက်သည်။ သူသည် စာမျက်နှာများကို ဆက်လက်လှန်ကြည့်ရာ ဖရွှမ်းယငကျင့်စဉ်သည် စွမ်းအင်လမ်းပြကျင့်စဉ်အပေါ် အခြေခံ၍ မွမ်းမံထားခြင်းဖြစ်ကြောင်း တွေ့ရသည်။ အလောင်းထိန်းချုပ်ဂိုဏ်းသားအားလုံးမှာ ယင်ဓာတ်ကို ကျင့်ကြံကြသူများဖြစ်၍ သဘာဝအလျောက် ယင်ဝိညာဉ်စွမ်းအင်ကို စုပ်ယူကြရသည်။ သို့သော် ယင်ဝိညာဉ်စွမ်းအင်သည် နူးညံ့သော ဓာတ်ကြီးငါးပါးနှင့် မတူဘဲ ခန္ဓာကိုယ်ကို အနည်းငယ် ထိခိုက်စေနိုင်သည်။ ကြာလာပါက ခန္ဓာကိုယ် တောင့်တင်းလာခြင်း သို့မဟုတ် စရိုက်လက္ခဏာများ ပြောင်းလဲသွားခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။
ထို့ကြောင့် ဂိုဏ်းတည်ထောင်သူ ကျန်းယီဖန်သည် ယင်ကျင့်ကြံသူများအတွက် သင့်တော်စေရန် မူလကျင့်စဉ်ကို ပြုပြင်ခဲ့ခြင်းဖြစ်သည်။ လုံယီသည် စွမ်းအင်လမ်းပြကျင့်စဉ်ကို တတ်မြောက်ထားပြီးဖြစ်ရာ ဤကျင့်စဉ်သစ်ကို လေ့လာရာတွင် မည်သည့်အတားအဆီးမျှ မရှိခဲ့ပေ။
ထူးကဲယင်ကျင့်စဉ်၏ ပြုပြင်ပြောင်းလဲမှု လမ်းစဉ်မှာ အဓိကအားဖြင့် အဆင့်နှစ်ဆင့် ရှိသည်။
ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီးနောက် ၎င်းကို ဆန်းကျောက်ကို အရင်ဖြတ်သန်းစေပြီးမှ သွေးကြောများအတွင်းသို့ သွင်းယူရမည်။ ခန္ဓာကိုယ်၏ အတွင်းမီးကို အသုံးပြု၍ ယင်စွမ်းအင်ကို ဓာတ်ပြယ်စေခြင်းဖြင့် ခန္ဓာကိုယ်အပေါ် ထိခိုက်မှုကို လျှော့ချရန် ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့် ဝိညာဉ်ချီစွမ်းအင်ကို ကိုယ့်၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်မသွင်းဘဲ အသက်သခင် ဝိညာဉ်အလောင်းဆီသို့ အရင်လွှဲပြောင်းပေးရမည် ဖြစ်သည်။ ဝိညာဉ်အလောင်းမှတစ်ဆင့် ထိုစွမ်းအင်အတွင်းရှိ အအေးဓာတ်ကို ထပ်မံလျှော့ချပြီးမှ ကိုယ့်ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်စီးဝင်စေကာ လိုအပ်သော စင်ကြယ်သည့် ဝိညာဉ်စွမ်းအား အဖြစ်သို့ ပြောင်းလဲရမည်ဖြစ်သည်။ ထိုစွမ်းအားများကို ပထမဆုံးသော ဝိညာဉ်သွေးကြောဖြစ်သည့် ယင်သွေးကြောအတွင်းသို့ ပေါင်းစပ်ထည့်သွင်းရမည် ဖြစ်သည်။
ထိုပထမသွေးကြောကို အောင်မြင်စွာ ပွင့်စေနိုင်သည့်အခါ ချီသန့်စင်ခြင်း ပထမအဆင့်သို့ တက်လှမ်းနိုင်ပြီဟု သတ်မှတ်ထားသည်။
လုံယီသည် သူ၏ စွမ်းဆောင်ရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သောအခါ ထူးကဲယင်ကျင့်စဉ် ပေါ်လာသည်ကို တွေ့ရပြီး ၎င်းသည် စွမ်းအင်လမ်းပြကျင့်စဉ်၏ အဆင့်နှင့် အလိုအလျောက် ချိတ်ဆက်သွားသည်ကို သတိပြုမိလိုက်သည်။
[စွမ်းအင်လမ်းပြကျင့်စဉ် (အခြေခံအဆင့် 0/150 + နဂါးပူစီနံ) → ထူးကဲယင်ကျင့်စဉ် (အခြေခံအဆင့် 0/200 + နဂါးပူစီနံ ၁ ခု)]
တစ်ချိန်တည်းမှာပင် ထူးကဲယင်ကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် ကြည့်လိုက်သည့်အခါ သက်ဆိုင်ရာ ညွှန်ကြားချက်ကို တွေ့လိုက်ရသည်။ ချီသန့်စင်ခြင်း ပထမအဆင့်သို့ တက်လှမ်းရန် ရက်ပေါင်း ၉၀၀ အချိန်ယူရမည် ဟူ၍ပင်။
ဤအချက်ကို လုံယီ ကြိုတင်သိရှိထားပြီး ဖြစ်သည်။ အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားသူတစ်ဦးအတွက် ချီသန့်စင်ခြင်း အစောပိုင်းအဆင့်များတွင် တစ်ဆင့်တက်ရန် သုံးနှစ်ခန့် အချိန်ယူရပြီး အလယ်အလတ်အဆင့် သူများအတွက်မူ နှစ်နှစ်ခန့် ကြာမြင့်တတ်သည်။ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် ရှိသူများမှာမူ အဆင့်တစ်ခုစီကို တစ်နှစ်မပြည့်မီသော အချိန်အတွင်း ကျော်ဖြတ်နိုင်ကြသည်။ ၎င်းမှာ အဟန့်အတားများ မရှိသည့် အခြေအနေမျိုးတွင်သာ ဖြစ်သည်။
သီအိုရီအရ ဝိညာဉ်အမြစ် အရည်အသွေး နိမ့်လေ အဟန့်အတားများ ပိုမိုအားကောင်းလေဖြစ်ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းရန် ပိုမိုခက်ခဲလေပင်။ ဆိုလိုသည်မှာ လုံယီအနေဖြင့် ဘာမှမလုပ်ဘဲ ကျင့်ကြံနေမည်ဆိုပါက ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိရန် ဆယ်နှစ်ကျော်မျှ အားထုတ်ရမည့် သဘောရှိနေသည်။
နှေးလွန်းတယ်။
လုံယီ ခေါင်းခါလိုက်မိသည်။
သူသည် ထိုမျှကြာအောင် မစောင့်နိုင်ချေ။ သူသည် ကျင့်စဉ်မြှင့်တင်ရန် လိုအပ်သော နဂါးပူစီနံကို အမြန်ဆုံး ရှာဖွေနိုင်မည့် နည်းလမ်းကို ရှာရပေမည်။ ထို့ပြင် သူ၏ ကိုယ်ခံပညာရပ်များ တိုးတက်ရန် လိုအပ်သော ကောင်းကင်နှင့် မြေကြီး၏ ရတနာပစ္စည်းများကိုလည်း ရှာဖွေရန် လိုအပ်သည်။ သူ၏ လမ်းစဉ်မှာ မသေမျိုးလမ်းစဉ်နှင့် ကိုယ်ခံပညာလမ်းစဉ် နှစ်ခုလုံးကို ယှဉ်တွဲ၍ တိုးတက်အောင် လုပ်ဆောင်ရန်ပင်။
...
နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့ရာ လဝက်ခန့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ယခုအခါ အလောင်းတောအုပ်သို့ သွားရောက်ကာ ဝိညာဉ်အလောင်းကို ရွေးချယ်ရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
တပည့်တောင်ထိပ်ခြေရင်းတွင် ချီစွမ်းအင်ကို အာရုံခံနိုင်စွမ်းရှိသူ တပည့်သစ် တစ်ရာကျော် စုဝေးနေကြသည်။ တပည့်သစ်များထဲတွင် အနည်းငယ်သော လက်တစ်ဆုပ်စာမျှသာ ကျရှုံးကာ ကျန်ရစ်ခဲ့ကြခြင်းပင်။
လုံယီသည် တောင်ပေါ်သို့ မော့ကြည့်လိုက်သောအခါ ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူမှာ လိုဏ်ဂူဝတွင် ရပ်နေရင်း အောက်ဘက်တွင် စုဝေးနေသော တပည့်အုပ်စုကို မနာလိုမှု၊ မနာခံမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသော စူးယွီပင်။ စူးယွီ၏ ဝိညာဉ်အမြစ် အရည်အသွေးမှာ လုံယီထက်ပင် သာလွန်သော်လည်း အကြောင်းရင်းတစ်စုံတစ်ရာကြောင့် သူသည် ယခုအချိန်အထိ ချီ စွမ်းအင်ကို အာရုံမခံနိုင်သေးပေ။
လုံယီသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ယို့ချင်းယီ၊ ဝမ်ဝန်ပိုင်နှင့် ရုံရွှယ်ကျန့်တို့ကဲ့သို့ ပါရမီထူးချွန်သဖြင့် အစောတည်းက သီးသန့်ခေါ်ဆောင်ခြင်းခံရသော တပည့်များကိုလည်း တွေ့ရသည်။ သူတို့အားလုံးသည် မီးခိုးရောင် တာအိုဝတ်စုံများကို ဆင်တူဝတ်ဆင်ထားကြသော်လည်း သူတို့၏ ရင်ဘတ်ပေါ်ရှိ တံဆိပ်များမှာ သာမန်တပည့်များကဲ့သို့ စပါးနှံ ပုံစံများ မဟုတ်ကြချေ။ အချို့က ဓား၊ အချို့က ဆေးအိုးနှင့် အချို့မှာ အဆောင်တံဆိပ်ပုံစံများ အသီးသီး ရှိနေကြသည်။
ထိုထူးချွန်သော တပည့်များသည် သာမန်တပည့်များကဲ့သို့ လယ်ယာစိုက်ပျိုးရန် စေခိုင်းခြင်းမခံရဘဲ မတူညီသော အခွင့်ထူးများကို ခံစားနေရခြင်းမှာ သိသာလှသည်။ လုံယီသည် ဤအချက်ကို မတရားဘူးဟု မခံစားရပေ။ ဝိညာဉ်အမြစ် ပါရမီရှိခြင်းမှာလည်း စွမ်းအားတစ်မျိုးပင်။
ဝေကျန်းသည် အဖွဲ့ကို ဆက်လက်ဦးဆောင်နေသော်လည်း ချက်ချင်း လှုပ်ရှားခြင်းမရှိဘဲ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေပုံပင်။ ခဏအကြာတွင် ပါးပေါ်၌ မှည့်အနက် သုံးလုံးရှိသော ရိုးရိုးစင်းစင်းပုံစံနှင့် လူငယ်တစ်ဦးသည် ဦးချိုပါရှိသော မြင်းနီကြီးနှစ်ကောင် ဆွဲလာသည့် အိုမင်းဟောင်းနွမ်းနေသော မြင်းရထားတစ်စီးကို မောင်းနှင်လာခဲ့သည်။
“အစ်ကိုယန်... အကျိုးပြုမှတ်တွေ ရှာဖို့ ပြန်ရောက်လာပြန်ပြီလား”
ဝေကျန်းက စနောက်လိုက်သည်။
“ဟားဟား... ကျွန်တော့်ရဲ့ အလုပ်ကြမ်း အကျိုးပြုမှတ်တွေက နည်းနည်းပါပဲဗျာ။ အစ်ကိုဝေရဲ့ လမ်းပြတာဝန်က ရတဲ့ အမှတ်တွေနဲ့ ဘယ်ယှဉ်လို့ ရပါ့မလဲ။ အစ်ကို့ရဲ့ အမှတ်တွေက ကျွန်တော့်ထက် ဆယ်ဆလောက် များမှာပါ”
မှည့်နှင့်လူငယ်က ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
ထို့နောက် ထိုလူငယ်က တပည့်သစ်များကို ရထားပေါ်သို့ တက်ရန် ခေါ်လိုက်သည်။ တပည့်
သစ်များသည် ဤမျှသေးငယ်သော ရထားပေါ်တွင် လူတစ်ရာကျော် ဘယ်လိုလုပ် ဆံ့မှာလဲဟု သံသယဖြစ်ကာ အချင်းချင်း ကြည့်နေကြသည်။ သို့သော် ရထားအတွင်းထဲသို့ ရောက်သွားသည့်အခါတွင်မူ အထဲ၌ အလွန်ပင် ကျယ်ဝန်းနေသည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။
“ဒါက အလယ်ပိုင်းတိုက်ကြီးရဲ့ ချန်ခွန်းနန်းဆောင် ကနေ ဝယ်ယူထားတဲ့ ဟင်းလင်းပြင်မြင်းရထားပဲ။ ရထားထဲမှာ ဟင်းလင်းပြင် အစီရင်ခံကို ထွင်းထုထားတာကြောင့် အပြင်ကကြည့်ရင် သေးတယ်လို့ ထင်ရပေမဲ့ အတွင်းထဲမှာတော့ အကျယ်ကြီးပဲ”
ဝေကျန်းက ရှင်းပြသည်။
“အလောင်းတောအုပ်ရှိတဲ့ အလောင်းစိုက်ပျိုးရေးတောင်ထိပ်က တပည့်တောင်ထိပ်နဲ့ အဝေးဆုံး တောင်တွေထဲက တစ်ခုပဲ။ ဒီမြင်းရထားနဲ့ မသွားဘူးဆိုရင် အဲ့ဒီကိုရောက်ဖို့ တစ်ရက်ကျော်လောက် လမ်းလျှောက်ရလိမ့်မယ်”