အုပ်စုလိုက်တိုက်ခိုက်ချင်တာလား
Vol. 30 Ch. 428
အခန်း (၄၂၈) အုပ်စုလိုက်တိုက်ခိုက်ချင်တာလား
အားဟူက လူရွယ်စာပေသမားနှင့် ကောင်းဖန်ကို ကြက်လေးငှက်လေးများပမာ လက်တစ်ဖက်စီတွင် ဖမ်းချုပ်ထားသည်။
ရန်ကျောက်ကဲက ထိုင်ခုံထက်တွင်ထိုင်ရင်း ခေါင်းမော့လျှက် ခေါင်မိုးမျက်နှာကျက်ဆီသို့ ငေးနေသည်။ သူ့မျက်ဝန်းများက မည်သည့်အရာကိုမှ အာရုံစိုက်ထားခြင်း မရှိဘဲ အတွေးလွန်နေဟန်ပင်။
ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး...
“အိုး... လူတွေအများကြီး ရောက်လာတာလား”
သူတို့နေထိုင်ရာ တည်းခိုးဆောင်သို့ သိုင်းသမားများစွာ ဝိုင်းထားပြီဖြစ်ကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။ သူတို့ အရှိန်အဟုန်က အလွန်လျှင်မြန်ပြီး လှုပ်ရှားမှုက ညီညီညာညာ စုစုစည်းစည်းဖြင့် သေသေချာချာ လေ့ကျင့်ထားဟန်ရှိသည်။
ရန်ကျောက်ကဲက ရယ်မောကာ ခေါင်းခါယမ်းရင်း...
“စစ်တပ်တစ်ခုလား ၊ မိစ္ဆာသားရဲတွေကို ဖမ်းသလို ငါတို့ကို ဝိုင်းဖမ်းတော့မလို့နဲ့တူတယ်”
ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများအားလုံး အကြည့်ချင်းဖလှယ်လိုက်ကြသည်။
မျောလွင့်ဝိညာဉ်ကမ္ဘာတွင် မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် ၊ သို့မဟုတ် သွေးစွမ်းအားရယူကျင့်ကြံရန်အတွက် မိစ္ဆာသားရဲများကိုအမဲလိုက်ရန် မိစ္ဆာသွေးကျင့်ကြံသူများက ရံဖန်ရံခါ အုပ်စုဖွဲ့လှုပ်ရှားလေ့ ရှိကြသည်။
သွေးနီတိမ်တိုက်ဂိုဏ်းကဲ့သို့ သိုင်းဂိုဏ်းကြီးများအားလုံးက လိုအပ်ချိန်တွင် ရန်သူကို အဆင်သင့်တိုက်ခိုက်နိုင်ရန် အုပ်စုဖွဲ့ တိုက်ခိုက်သည့်နည်းလမ်းများကို တပည့်များအား လေ့ကျင့်သင်ကြားပေးထားလေ့ရှိ၏။
ရွှီဖေးက ဖြည်းညင်းစွာဖြင့်...
“ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာလည်း သိုင်းဂိုဏ်းကြီးတွေ ရှိတာပါပဲ ၊ ဒါပေမဲ့ ပထဝီဝင်အနေအထားအလိုက် တည်ရှိကြတာဆိုတော့ တိုက်ပွဲတစ်ခုအတွက် သိုင်းသမားတွေ ပူးပေါင်းတိုက်ခိုက်ဖို့ အခုလို လေ့ကျင့်ထားတာမျိုး မရှိဘူးပဲ”
ရန်ကျောက်ကဲက...
“ဒါက ကျင့်ကြံခြင်းပုံစံ ကွာခြားတဲ့အတွက် ဖြစ်ပေါ်လာတဲ့ မတူညီမှုပါပဲ ၊ တူညီတဲ့သားရဲတွေရဲ့ သွေးကို ရယူကျင့်ကြံထားတဲ့ သိုင်းသမားတွေကို အုပ်စုဖွဲ့ပေးလိုက်ရင် အဖွဲ့လိုက်တိုက်ခိုက်တဲ့စွမ်းအားက မြင့်တက်လာမှာပဲ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒီနည်းလမ်းက ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ မသင့်တော်ပါဘူး ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က အုပ်စုလိုက် တိုက်ခိုက်ကြတဲ့ အစီအရင်ပုံစံတွေရှိပေမယ့် ပြန်အသုံးပြုဖို့ကျတော့ လိုအပ်ချက်တွေရှိနေတယ် ၊ အလွယ်တကူ အကောင်အထည်ဖော်လို့ မရနိုင်ဘူး ၊ သာမန်ထက်ပိုတဲ့ စွမ်းအားကို လိုချင်တယ်ဆိုရင် တန်ဖိုးကတော့ ပေးဆပ်ရတာပဲလေ”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို ပွတ်သပ်ရင်း...
“အင်း... ဒီအစ်ကိုကြီးက တိုက်ပွဲအစီအရင်ပုံစံတွေအကြောင်း အများကြီးသိထားပေမယ့်... အဲဒါတွေအားလုံးက အရမ်း အဆင့်အတန်းမြင့်မားလွန်းတယ်”
အားဟူက...
“သခင်လေး... သူတို့တွေက အင်အားသုံးပြီး ကျွန်တော်တို့ကို တိုက်ခိုက်ချင်နေတာလား ၊ အကုန်လုံး ကြက်အမွှေးနှုတ်သလို နှုတ်ပစ်လိုက်မယ်...”
ရန်ကျောက်ကဲက ပခုံတစ်ချက်တွန့်ရင်း ကောင်းဖန်နှင့် စာပေသမားလူရွယ်ကို ကြည့်လိုက်သည်။
“အိမ်ရှေ့စံမင်းသားက မင်းတို့ကို အတော်လေး အလေးထားသားပဲ ၊ ချက်ချင်း စစ်တပ်ကြီးရောက်ချလာတယ်”
ထိုစကားကိုကြားတော့ လင်းယုန်ငှက်မွှေးဂိုဏ်းချုပ် ‘ကောင်းဖန်’ ၏မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး လူရွယ်စာပေသမားကတော့ မဲ့ရွဲ့သွားသည်။
အပြင်ဘက်တွင် တောင်ကိုဖြို ၊ ပင်လယ်ကိုလှန်တော့မည့်အလား တပ်ဖွဲ့ကြီးကတော့ အလုံးအရင်း ရောက်လာပြီ ဖြစ်သည်။
စာပေသမားက...
“အဲဒါက အရှင့်သားရဲ့ တပ်ဖွဲ့မဟုတ်ဘူး ၊ သွေးနီလှံရှည်တပ်ဖွဲ့ရဲ့ စစ်သေနာပတိက သူ့စစ်တပ်ကိုဦးဆောင်ပြီ ရောက်လာတာ ၊ အဲဒီလူက ဒေါသလည်းကြီး ခေါင်းလည်းမာသလို စိတ်ထင်တိုင်းလည်းကျဲတတ်သေးတယ်”
သူက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“မင်းက ခန်းဟယ်မြို့တော်မှာ လာသောင်းကြမ်းတော့... မင်းရဲ့ အပြုအမူတွေက ဖုရန်တိုင်းပြည်ကို ထိပါးတယ်လို့ ယူဆပြီး သူက လာတိုက်တာနေမှာပေါ့”
ရန်ကျောက်ကဲက...
“ဘုရင်နဲ့ အိမ်ရှေ့စံခွင့်ပြုချက်မရှိဘဲ စစ်တပ်က ဘယ်လိုလုပ် လှုပ်ရှားနိုင်ရတာလဲ”
စာပေသမားနှင့် ကောင်းဖန်တို့ (၂)ယောက်မှာ အလွန် အဆင်မပြေသော အမူအရာများဖြင့် ရှိနေကြသည်။
ကောင်းဖန်က...
“တကယ်တော့ မင်းကြီးက တံခါးပိတ်ကျင့်ကြံနေတာပါ ၊ ပြီးတော့... သူကက အဲဒီစစ်သေနာပတိကို အရမ်းယုံကြည်တယ်”
ရန်ကျောက်ကဲ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
ဘုရင်ကို အပြည့်အဝ သစ္စာစောင့်သိသော်လည်း အိမ်ရှေ့မင်းသားနှင့် အဆင်မပြေသူတစ်ယောက် ၊ ရောက်လာသော စစ်သေနာပတိက ထိုသို့သော လူမျိုးပင်။
ရန်ကျောက်ကဲက ပြုံးရင်း...
“ဆိုတော့... အဲဒီပုဂ္ဂိုလ်က မင်းတို့ရဲ့ သေရေးရှင်ရေးကို အရေးစိုက်မှာ မဟုတ်ဘူးပေါ့”
ကောင်းဖန်နှင့် စာပေသမားက ကြိုးစားပြီး ပြုံးလိုက်ကြသည်။
စာပေသမားလူရွယ်က စိတ်ဓာတ်ကို မြှင့်တင်လိုက်ပြီး...
“အမှန်ပဲ ၊ ဒီတော့ မင်း ငါတို့ကို ဖမ်းထားလည်း အသုံးမဝင်ပါဘူး ၊ ငါတို့ကိုလွှတ်ပေးမယ်ဆိုရင် ‘သွေးနီလှံရှည်စစ်တပ်’ လက်ကလွတ်အောင် ကူညီပေးနိုင်ပါတယ်”
သူက ဆက်ပြောသည်။
“သွေးနီလှံရှည်စစ်တပ်ရဲ့ စစ်သေနာပတိက ဘုရင်အပေါ် အရမ်းသစ္စာစောင့်သိတယ် ၊ ဒါကြောင့် မင်းကြီးကို ထိခိုက်မယ်ထင်တဲ့ အရာအားလုံးကို ရှင်းပစ်လိမ့်မယ် ၊ ငါတို့က... ကြီးတဲ့အမှုသေးအောင် ၊ သေးတဲ့အမှုပပျောက်အောင် လုပ်ပေးနိုင်ပါတယ် ၊ မင်းကလည်း အရမ်းစွမ်းအားမြင့်မားတဲ့ လူတစ်ယောက်ဆိုတော့ စစ်သေနာပတိနဲ့ ရန်သူဖြစ်ချင်မှာ မဟုတ်ပါဘူး ၊ ခန်းဟယ်မြို့တော်မှာ တိုက်ပွဲတစ်ခုဖြစ်တယ်ဆိုတာ အတော်လေး ဆိုးရွားတဲ့ အခြေအနေပါပဲ”
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်မဲ့ပြီးမှ ရယ်မောလိုက်ရင်း...
“မင်းတို့ကို လွှတ်ပေးလိုက်လို့ ရပါတယ် ၊ ဒါပေမဲ့ မင်းတို့ကိုလွှတ်ပေးလိုက်မှ မီးထဲဆီလောင်းသလို အဲဒီစစ်တပ်ကို တိုက်ခိုက်ဖို့ တွန်းအားပေးသလို ဖြစ်မသွားနိုင်ဘူးလား ၊ မင်းတို့စကားအရဆိုရင် အိမ်ရှေ့စံမင်းသားနဲ့ စစ်သေနာပတိက အဆင်မပြေဘူးလေ”
သူက ဆက်ပြောသည်။
“သူက ငါ့ကို သတ်နိုင်မလား မသတ်နိုင်ဘူးလားဆိုတာ အသာထား ၊ ဒါပေမဲ့ ငါ သူ့ကို သတ်လိုက်ရင်တော့ မင်းတို့ အိမ်ရှေ့စံမင်းသား အရမ်းပျော်နေမှာ မဟုတ်ဘူးလား”
ကောင်းဖန်နှင့် လူရွယ်စာပေသမားက ပြာပြာသလဲပင် ခေါင်းခါယမ်းရင်း...
“မဟုတ်ဘူး... အဲဒီလို လုံးဝ မဟုတ်ဘူး”
အပြင်ဘက်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထင်သာမြင်သာ ထွက်ပေါ်လာသည်ကို ခံစားရသည့်အခါ ကောင်းဟန်နှင့်စာပေသမားမှာ နဖူးထက်မှ ချွေးစေးများပင် စီးကျလာကြသည်။
ရန်ကျောက်ကဲက ပြုံးရင်း လက်ကာပြလိုက်သည်။
“စိတ်မပူကြပါနဲ့... ၊ ဒါနဲ့... မင်းတို့အိမ်ရှေ့စံမင်းသားက အခု ဘယ်ရောက်နေလဲ ၊ မင်းတို့စကားအရဆိုရင် မင်းတို့နှစ်ယောက်က သူ့အတွက် အရေးပါတယ်ဆို”
ကောင်းဖန်နှင့် စာပေသမားက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး...
“အရှင့်သားက သွေးနီတိမ်တိုက်ဂိုဏ်းက သံတမာန်တွေနဲ့ လက်ခံတွေ့ဆုံနေရပါတယ် ၊ အရေးကြီးဧည့်သည်တွေဖြစ်နေတော့ ငြင်းဆန်လို့ အဆင်မပြေပါဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဒါဖြင့် စစ်သေတာပတိက သွေးနီတိမ်တိုက်ဂိုဏ်းက ဧည့်သည်တွေရှိနေတာတောင် ငါတို့ကို လာတိုက်ခိုက်ရဲတဲ့သဘောပေါ့ ၊ ဟုတ်လား”
ကောင်းဖန်နှင့် စာပေသမားက ခေါင်းညိတ်လိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့ စိတ်မအေးနိုင်ပေ။
သူတို့က ရန်ကျောက်ကဲလက်ထဲ ကျရောက်နေသည်ဖြစ်ရာ အချိန်မရွေး အသတ်ခံရနိုင်ခြေရှိသည်။ သွေးနီတိမ်တိုက်ဂိုဏ်းက သူတို့အတွက် လက်စားချေပေးဦးတော့ ၊ မည်သူမှ အသက်ဆုံးရှုံးရန် ဆန္ဒမရှိကြပေ။
ရန်ကျောက်ကဲက စပ်စုလိုက်သည်။
“’မိစ္ဆာ (၃)ပါးနဲ့ သိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းအကြောင်း ငါ ကြားဖူးထားတယ် ၊ ဆိုတော့... သွေးနီတိမ်တိုက်ဂိုဏ်းမှာ မင်းတို့ထက် စွမ်းအားမြင့်မားတဲ့သူတွေ ရှိသေးတာလား ၊ အဲဒီ သွေးနီလှံရှည် စစ်သေနာပတိက သူ့ကိုယ်သူ အတော်လေး ယုံကြည်မှု ရှိနေသလိုပဲ”
ထိုစကားကိုကြားတော့ ကောင်းဖန်နှင့် စာပေသမားက ရန်ကျောက်ကဲကို လူထူးလူဆန်းတစ်ယောက်ပမာ လှမ်းကြည့်ကြသည်။
ရန်ကျောက်ကဲက ခပ်သဲ့သဲ့ ပြုံးရင်း...
“ငါတို့ဘိုးဘေးတွေ မျောလွင့်ဝိညာဉ်ကမ္ဘာမှာ လှည့်လည်သွားလာတုန်းက မိစ္ဆာ (၃)ပါးနဲ့ သိုင်းဂိုဏ်းကြီး (၄)ဂိုဏ်းဆိုတာ ကြားတောင်မကြားဖူးဘူး ၊ ကြည့်ရတာ... အတိတ်ဖြစ်ရပ်တွေက မျက်စိရှေ့မှာ တိမ်လိုလေလို လွင့်မျောသွားကြတယ် ထင်ပါရဲ့ ၊ ထားပါ... အဲဒါတွေကို မပြောတာကောင်းတယ် ၊ လူဆိုတာ ပစ္စုပ္ပန်နဲ့အနာဂတ်ကိုပဲ စိတ်ဝင်စားသင့်တယ်”
ကောင်းဖန်က သက်ပြင်းချရင်း...
“မင်းနားလည်အောင် ငါ ပြောပြမယ် ၊ ဖုရန်မင်းကြီးရဲ့ အမျက်ဒေါသက ငါတို့ လင်းယုန်ငှက်မွှေးဂိုဏ်းကို တစ်ညတည်းနဲ့ အမှုန့်ချေပစ်နိုင်တယ်ဆိုရင်... သွေးနီတိမ်တိုက်ဂိုဏ်းက ဖုရန်တိုင်းပြည်တစ်ခုလုံးကို အဲဒီထက်မြန်တဲ့နှုန်းနဲ့ အမှုန့်ချေပစ်နိုင်တယ်”
စာပေသမားက...
“ဒီနယ်မြေတစ်ခုလုံးမှာ ဖုရန်တိုင်းပြည်အပါအဝင် တိုင်းပြည် (၃၆) ခု ရှိတယ် ၊ အားလုံးက သွေးနီတိမ်တိုက်ဂိုဏ်းရဲ့ လက်အောက်ခံတွေပဲ”
သူက ဆက်ပြောသည်။
“ဒီတစ်ခေါက် သွေးနီတိမ်တိုက်ဂိုဏ်းက ဖုရန်တိုင်းပြည်မှာ တွေ့ဆုံပွဲတစ်ခုလုပ်ဖို့ရှိတယ် ၊ ဖုရန်တိုင်းပြည်အပါအဝင် တိုင်းပြည် (၆)ခု အဲဒီတွေ့ဆုံပွဲမှာ ပါဝင်တယ် ၊ ကျန်တဲ့ တိုင်းပြည် (၃၀) ကျန်တဲ့ (၅)နေရာမှာ တွေ့ဆုံပွဲတစ်ခုစီ ပြုလုပ်ကြလိမ့်မယ်”
“မိစ္ဆာသားရဲ အဆင့် (၉)ဆင့် ရှိတာမှာ... သွေးနီတိမ်တိုက်ဂိုဏ်းနဲ့ တခြားသိုင်းဂိုဏ်းကြီး (၃)ခုကပဲ အထက်ပိုင်း (၃)ဆင့် သွေးစွမ်းအားကို ပိုင်ဆိုင်ကြတယ် ၊ အလယ်ပိုင်း (၃)ဆင့် သွေးစွမ်းအားဆိုရင်တောင် ငါတို့ ဖုရန်တိုင်းပြည်မှာ အတော်လေး တန်ဖိုးမြင့်မားနေပြီ ၊ တိုင်းပြည်ရဲ့ရတနာလို့တောင် တင်စားလို့ရတယ် ၊ ဒါပေမဲ့ အဲဒါက သွေးနီတိမ်တိုက်ဂိုဏ်းအတွက်တော့ သာမန်အရာတစ်ခုလိုပါပဲ”
ရန်ကျောက်ကဲက ထိုအကြောင်းအရာများကို အလွန်ပျော်ရွှင်စွာ နားထောင်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။
“ခြေထောက်ခြောက်ချောင်း လျှပ်စီးပျံကျားသစ်က ဘယ်အဆင့်လို့ ယူဆနိုင်လဲ”
ကောင်းဖန်က...
“အထက်ပိုင်း (၃)ဆင့်ရဲ့ အဆင့် (၃)”
ရန်ကျောက်ကဲက ...
“ဒါဖြင့် ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်ရဲ့ သွေးစွမ်းအားနဲ့ ကျင့်ကြံထားတဲ့ နာမည်ကြီး သိုင်းသမားတွေ ရှိသလား”
ထိုစကားကိုကြားတော့ ကောင်းဖန်နှင့် စာပေသမားတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“သွေးနီတိမ်တိုက်ဂိုဏ်းကသာ ‘ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ ရဲ့ သွေးစွမ်းအားကို ပိုင်ဆိုင်ပါတယ် ၊ အဲဒီသွေးစွမ်းအားနဲ့ ကျင့်ကြံထားတဲ့သူ နှစ်ယောက်ရှိတယ် ၊ တစ်ယောက်က သွေးနီတိမ်တိုက်ဂိုဏ်းက ဝါရင့်အကြီးအကဲ ကျားသစ်ဘုရင် ‘လင်ကန်း’ ၊ နောက်တစ်ယောက်က သူ့တပည့် ကျားသစ်ဘုရင်ငယ် ‘ဟယ်ထိုက်ချန်’ တို့ပဲ”
စာပေသမားက ရန်ကျောက်ကဲကို မယုံနိုင်စွာ လှမ်းကြည့်ရင်း...
“မင်းတို့က... ဟယ်ထိုက်ချန် ၊ ဒါမှမဟုတ် သူ့ဆရာလင်ကန်းနဲ့ တိုက်ခိုက်လာတာတော့ မဟုတ်ပါဘူးနော် ၊ ဟယ်ထိုက်ချန်က နှစ်ပေါင်းများစွာ အောင်မြင်ကျော်ကြားမှုကိုရရှိထားတဲ့ သိုင်းသမားတစ်ယောက်ပဲ ၊ မင်း သူ့ကို အနိုင်ယူလိုက်ရင်တောင်မှ သူ့ ဆရာ လင်ကန်း ပေါ်လာလို့ကတော့ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး ၊ သူတို့နောက်မှာ ရှိနေတဲ့ သွေးနီတိမ်တိုက်ဂိုဏ်းကိုတော့ ပြောမနေနဲ့တော့”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ပြုံးလိုက်သည်။
သူတို့စကားပြောနေစဉ်မှာပင်...
အပြင်ဘက်ရှိ သွေးနီလှံရှည်စစ်တပ်က တိုက်ပွဲအစီအရင်ကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။
သူတို့က စတင်တိုက်ခိုက်ခြင်းမရှိသေးသည့်တိုင် ပင်လယ်ဒီရေအလား ပြင်းထန်လွန်းသည့် မိစ္ဆာသွေးစွမ်းအားများ ထွက်ပေါ်လာပြီး အပြင်ဘက်မှ အဆောက်အဦများအားလုံးကို ပြိုကျပျက်ဆီးသွားစေလေတော့၏။