← Chapters

အခန်း (၂၂၆-၂၂၇)

Vol. 16 Ch. 226-227

အခန်း (၂၂၆-၂၂၇)

Vol. 16 Ch. 226-227

အခန်း (၂၂၆) - သစ်ပင်အိမ်အောက်မှ အလှလေး

နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် ရွှီရှင်းကတော့ လူရိုင်းတစ်ယောက်လို ဖရိုဖရဲ ဖြစ်နေ၏။

သူ ဒီကမ္ဘာကို စရောက်တည်းက ဆံပင်မညှပ်ဖြစ်ကာ အခုဆိုလျှင် ပိုတောင် ရှည်နေလေပြီ။

သူ့ရဲ့ ခန္ဓာကိုယ် ခွန်အားတွေ တိုးလာတိုင်း ဇီဝကမ္မဖြစ်စဉ်တွေ မြန်ဆန်လာပုံရပြီး ဆံပင်တွေကလည်း တရိပ်ရိပ် ရှည်လာတာကြောင့် အခုဆိုရင် တော်တော်လေးကို အရှည်ကြီး ဖြစ်နေပါပြီ။

ဒါ့အပြင် နေ့စဉ် ကိုယ်လက်သန့်စင်ချိန်မှာလည်း ဓားမြှောင်နဲ့ပဲ အသာအယာ ရိတ်တာကြောင့် မုတ်ဆိတ်မွှေးတွေကလည်း ပြောင်စင်နေတာမျိုး မဟုတ်ချေ။

အခုဆိုရင် သူဟာ ဖရိုဖရဲ ဆံပင်တွေနဲ့ တကယ့်ကို တောတွင်းလူရိုင်း တစ်ယောက်လို အငွေ့အသက်မျိုး ရနေချေပြီ။

ဒါက သူ့အပြစ်တော့ မဟုတ်ပေ။

ဒီလိုကမ္ဘာကြီးမှာ ဘယ်သူက ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်နေမှာလဲ။

သူကတော့ နေ့တိုင်း ရေချိုးသန့်စင်နေတာမို့လို့ အသက်ရှင်ကျန်ရစ်သူတွေထဲမှာ အသန့်ရှင်းဆုံး စာရင်းဝင်နေတာပဲပင်။

"ဒါက ငါ့ရဲ့ အကျင့်ပါကွ၊ မဟုတ်ရင် နေရထိုင်ရတာ တစ်မျိုးကြီးဖြစ်ပြီး အလုပ်လုပ်ချင်စိတ် မရှိတော့လို့ပါ"

ကျိချောင်းယန်က ပခုံးတွန့်ရင်း ရွှီရှင်းရဲ့ ငွေရောင်ဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒီဝံပုလွေက တကယ့် ဗီဇပြောင်းသားရဲပဲ၊ သူ့ရဲ့ စွမ်းရည်တွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်"

"ငါလည်း မင်းရဲ့ မြင်းကို စိတ်ဝင်စားနေတာ"

ရွှီရှင်းရဲ့ အကြည့်တွေက ကျိချောင်းယန်ရဲ့ မြင်းဆီ ရောက်သွားသည်။

ဒီမြင်းက တကယ့်ကို ခန့်ညားထည်ဝါလှ၏။

"ဒီလောက် ကြီးတဲ့ မြင်းကို မင်း ဘယ်လိုလုပ်ပြီး စာချုပ်ချုပ်နိုင်တာလဲ"

"အီးးး"

ရွှီရှင်းရဲ့ ပခုံးပေါ်က ခဲခဲလေးကလည်း အမြီးကြီးကို ယမ်းပြီး ကျိချောင်းယန်ကို နှုတ်ဆက်လိုက်သည်။

"ပန်ဒါနီလေးလား။ ဟယ်လို... ကောင်လေး။ မင်းမှာ အိမ်မွေးတိရစ္ဆာန် မွေးဖို့အထိ အေးအေးဆေးဆေး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး"

ကျိချောင်းယန်က ခဲခဲလေးကို ပြန်နှုတ်ဆက်ပြီးနောက် ဆက်ပြောသည်။

"ငါ့နဲ့ စာချုပ်ချုပ်တုန်းက သူက မြင်းလေးပဲ ရှိသေးတာ၊ မင်းရဲ့ ဝံပုလွေကလည်း ကီလိုငါးရာ၊ ခြောက်ရာလောက် ရှိမယ့်ပုံပဲနော်"

"ဆယ်ရက်လောက်ပဲ ရှိသေးတာကို၊ မြင်းက ဒီလောက် မြန်မြန် ကြီးလာတာလား။"

ရွှီရှင်းက ထိုမြင်းကို တစ်မျိုးကြည့်လိုက်မိသည်။

ဒါကလည်း ဧရာမသားရဲ သွေးပါတဲ့ မြင်းများလားမသိချေ။

ငွေရောင်ဘုရင်ကတော့ ဗီဇပြောင်းလဲမှုနဲ့ အဆင့်တက်မှုတွေကြောင့် ကြီးလာတာဖြစ်၏။

ဒါပေမဲ့ ဒီမြင်းမှာတော့ သွေးရောင်အစင်းကြောင်းတွေ မရှိပါချေ။

"ဝု"

ငွေရောင်ဘုရင်က သူ့ထက်တောင် အရပ်မြင့်တဲ့ မြင်းကို ကြည့်ပြီး ဟောင်လိုက်သည်။

မြင်းကတော့ ငွေရောင်ဘုရင်ကို မကြောက်ပါပေ။

နှာမှုတ်သံတစ်ချက်နဲ့ပဲ တုံ့ပြန်လိုက်သည်။

"ဒါနဲ့... သစ်ပင်အိမ်ထဲကို ကြည့်ချင်သေးလား"

ကျိချောင်းယန် သစ်ပင်အိမ်ကို နှစ်ခါလောက် လှမ်းကြည့်နေတာကို ရွှီရှင်း သတိထားမိလိုက်သည်။

စိတ်ထဲက တစ်ချက် တွေးလိုက်တာနဲ့ သစ်ပင်အိမ်ရဲ့ အမြစ်တွေက အောက်ကို ဆင်းလာတော့သည်"

"မင်းက ဒီအိမ်ကိုတောင် ထိန်းချုပ်လို့ ရတာလား"

ကျိချောင်းယန် အံ့သြသွားဟန်နဲ့ ပြုံးလိုက်၏။

"မင်းမှာ လျှို့ဝှက်ချက်တွေတော့ အများကြီးပဲနော်၊ ဒါကိုတော့ ဒီနေ့အတွက် ထားလိုက်ပါတော့။ သူတို့နဲ့ သွားတွေ့ဖို့ အလျင်လိုနေတာမို့လို့"

"ကောင်းပြီလေ။ ဒီစမ်းချောင်းအတိုင်း အရှေ့ဘက်ကို ဆက်သွားရင် ရေကန်တစ်ခု တွေ့လိမ့်မယ်၊ ငါ့အိမ်က အဲဒီမှာပဲ။ ပြီးတော့ ငါ့အိမ်ရဲ့ အရှေ့ဘက်မှာ လီဝမ်ရှီးရဲ့ အိမ်ရှိတယ်"

ရွှီရှင်းက အရှေ့ဘက်ကို ညွှန်ပြလိုက်သည်။

သူ့ရဲ့ သစ်ပင်အိမ်က အစိမ်းရောင် အစုအဝေးကြားမှာ တကယ့်ကို ထင်ရှားနေ၏။

"ငါတို့ တကယ် နီးတာပဲ၊ အနောက်ဘက်က အစိမ်းရောင် နယ်မြေကတော့ ငါ့အိမ်ပေါ့"

ကျိချောင်းယန်ကလည်း အနောက်ဘက်ကို ညွှန်ပြပြီး မြင်းပေါ် တက်လိုက်သည်။

သူတို့ နှစ်ယောက်ဟာ အပိုစကားတွေ အများကြီး မပြောကြချေ။

ဘာပဲဖြစ်ဖြစ် ပုံမှန်လည်း ဆက်သွယ်နေကြတာပဲ မဟုတ်လား။

"သွားကြစို့"

စမ်းချောင်းအတိုင်း သူတို့နှစ်ယောက် အရှေ့ဘက်ကို ဦးတည် ထွက်ခွာလာခဲ့ကြသည်။

"ရွှီရှင်း... ဒီဆောင်းဦးနှောင်းပိုင်း ရာသီက ဘယ်လောက်ကြာမယ်လို့ မင်း ထင်လဲ"

ကျိချောင်းယန်က မြင်းစီးရင်း မေးလိုက်သည်။

"သိပ်တော့ မတိုလောက်ဘူးလို့ ထင်တယ်၊ ငါတို့ ဖြတ်သန်းခဲ့တဲ့ နွေရာသီလောက်ပဲ ဖြစ်လောက်မယ်။ အဲဒီထက် ပိုကြာရင်လည်း ကြာမှာပေါ့"

ရွှီရှင်းက ပြန်ဖြေလိုက်၏။

"ငါလည်း အဲဒီလိုပဲ ထင်တယ်၊ ပြီးတော့..."

ကျိချောင်းယန်ရဲ့ အသံက ပိုပြီး လေးနက်သွားသည်။

"အေးစိမ့်တဲ့ ဆောင်းရာသီက မကြာခင် ရောက်လာတော့မယ်လို့ ငါထင်နေမိတယ်"

ရွှီရှင်းမှာလည်း ဒီစိုးရိမ်မှုမျိုး ရှိနေ၏။

အပူချိန်က အရမ်းကို မြန်မြန် ကျဆင်းနေသလို ပတ်ဝန်းကျင် တောအုပ်က သစ်ရွက်တွေ အကုန်နီးပါး ကြွေကုန်တာက ဆောင်းဦးကနေ ဆောင်းတွင်းကို ကူးပြောင်းနေတဲ့ တကယ့် ခြောက်ကပ်ကပ် မြင်ကွင်းကြီးပင်။

ဆောင်းဦးမှာ သစ်ရွက်ကြွေတတ်တယ် ဆိုပေမဲ့ ဒီလောက်အထိတော့ အကုန်ပြောင်သလင်းခါမှာ မဟုတ်ပါချေ။

"အနည်းဆုံးတော့ ဒီနေ့ အပူချိန်က နေထွက်လာတာနဲ့အမျှ ပြန်တက်လာတာပဲ၊ နောက်ရက်တွေ စောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ ကြိုတင် ပြင်ဆင်ထားဖို့တော့ လိုမယ်။ မင်းကော အဲဒီ သားရေချပ်ဝတ်နဲ့ မအေးဘူးလား"

"ရပါတယ်ကွာ။ အပြာရောင်အဆင့် ဝတ်စုံက အနွေးဓာတ် ပေးနိုင်တဲ့ အာနိသင် ပါပြီးသားလေ။ သိပ်ပြီး သက်သောင့်သက်သာတော့ မရှိလှပေမဲ့ ခံနိုင်ရည်ရှိပါတယ်"

ကျိချောင်းယန်က လေကြောင့် ဆံပင်တွေ မဖရိုဖရဲ ဖြစ်အောင် သူ့ရဲ့ ဦးထုပ်ကို ပြန်ပြင်ဆွဲလိုက်သည်။

သူက ရွှီရှင်းရဲ့ ဝတ်စုံကို တစ်ချက် ကြည့်သော်လည်း ဘာမှတော့ မမေးချေ။

မကြာခင်မှာ ရွှီရှင်းရဲ့ သစ်ပင်အိမ်နား ရောက်လာကြသော်လည်း မရပ်ဘဲ ရှေ့ကိုပဲ ဆက်သွားကြ၏။

ကျိချောင်းယန်မှာလည်း ခရမ်းရောင်အဆင့် အိမ်ရှိပြီးသားဖြစ်သလို၊ ရွှီရှင်းလိုပဲ ကပ်ပါးအိမ် နှစ်လုံးနဲ့ အပင်နှလုံးသားတွေ စိုက်ထားတာ မဟုတ်လား။

ဒါပေမဲ့ ဖြတ်သွားရင်းနဲ့ ကျိချောင်းယန်က မေးလိုက်ပါသေးသည်။

"ဟိုအိမ်က လူက အခု ဒီမှာ ရှိနေတာလား"

"ဟုတ်တယ်၊ ငါ သူ့ကို စာချုပ်ချုပ်ထားပြီး အိမ်မှာပဲ ထားခဲ့တာ"

"လူနဲ့တောင် စာချုပ်ချုပ်လို့ရတဲ့ ပစ္စည်း မင်းဆီမှာ တကယ် ရှိတာလား"

ကျိချောင်းယန် အံ့သြတကြီးနဲ့ လှည့်ကြည့်လိုက်ရာ မြင်းတောင် ရပ်လုနီးပါး ဖြစ်သွားရသည်။

"ဒါက ပြောရရင်တော့ နည်းနည်း ရှည်တယ်"

ရွှီရှင်းလည်း ထပ်ပြီး ဝှက်မထားတော့ဘဲ ဗီဇပြောင်းသားရဲ စာချုပ်နဲ့ ဗီဇပြောင်းဆေးလုံးတွေအကြောင်းကို ပြောပြလိုက်တော့သည်။

"ဗီဇပြောင်းသွားတဲ့ အချိန်ကျမှ သားရဲစာချုပ်ကို သုံးလိုက်တာပေါ့ ဟုတ်လား"

ရွှီရှင်းရဲ့ နည်းလမ်းကို ကြားပြီး ကျိချောင်းယန် စဉ်းစားနေမိသည်။

မကြာခင်မှာပဲ ရွှီရှင်း ခုတ်လဲခဲ့တဲ့ အရှေ့ဘက်က အိမ်ရှိရာ နယ်မြေကို သူတို့ ဖြတ်ကျော်လာခဲ့ကြသည်။

"ဟိုမှာ... အဲဒါ လီဝမ်ရှီးရဲ့ အိမ် ဖြစ်ရမယ်"

ရွှီရှင်းက ရှေ့က အစိမ်းရောင် နယ်မြေကို ညွှန်ပြလိုက်၏။

မိုးရာသီတုန်းက မြင်ခဲ့ရတဲ့ အလင်းစက်တွေရဲ့ ဦးတည်ချက်နဲ့ အကွာအဝေးအရဆိုရင်တော့ မှန်နေ၏။

"သတိထားဦးနော်"

ကျိချောင်းယန်ရဲ့ အသံက နည်းနည်း စိုးရိမ်ရိပ် ပါနေသည်။

"ငါတို့ရဲ့ ကာကွယ်ရေးနယ်မြေတွေက တစ်ခုနဲ့တစ်ခု မဆက်တာမျိုး ဖြစ်နိုင်လို့"

"စိတ်မပူနဲ့"

ရွှီရှင်းက သူ့ရင်ခွင်ထဲက ခဲခဲလေးရဲ့ ခေါင်းနဲ့ ငွေရောင်ဘုရင်ရဲ့ ခေါင်းကို ပုတ်ပေးလိုက်၏။

"ဒီကောင်လေး နှစ်ကောင်က မြေအောက်မှာ ဗီဇပြောင်းသတ္တဝါတွေ ရှိ၊ မရှိကို အာရုံခံနိုင်ကြတယ်"

"ဪ... ဟုတ်လား။ ဒါဆိုရင်တော့ စိတ်ချရတာပေါ့"

ကျိချောင်းယန်က ခဲခဲလေးကို အံ့သြတကြီး ကြည့်လိုက်သည်။

"ဒီကောင်လေးမှာ အဲဒီလို စွမ်းရည်ရှိတာလား"

"အီးးး အီးးး အီးးး"

ခဲခဲလေးကတော့ သူ့ကို အထင်သေးသလို ပြောလိုက်တာကြောင့် မကျေမနပ်နဲ့ လက်သည်းလေး ယမ်းပြလိုက်တော့၏။

"ဟားဟား... ဆောရီးပါ ကောင်လေးရာ"

ကျိချောင်းယန်က ရယ်လျက်နဲ့ တောင်းပန်လိုက်၏။

"သူ့နာမည်က ခဲခဲလေးလေ၊ သူက တကယ် တော်တာ။ သူသာ မရှိရင် ငါရွှေရောင် ရတနာသေတ္တာကို တွေ့မှာ မဟုတ်ဘူး။ ဒါနဲ့... မင်းရော ရွှေရောင်သေတ္တာကို ဘယ်လိုရှာတွေ့ခဲ့လဲဆိုတာ ငါတကယ် သိချင်နေတာ"

ရွှီရှင်းက ခဲခဲလေးရဲ့ ခေါင်းကို ပွတ်ပေးရင်း မေးလိုက်သည်။

"ငါလား... အဲဒီတုန်းကတော့ ကံကောင်းသွားတာလည်း ပါသလို၊ ငါ့ရဲ့ စွမ်းရည်နဲ့လည်း သက်ဆိုင်နေတာပေါ့။ အားလုံး စုံတဲ့အခါကျမှ အသေးစိတ် ဆွေးနွေးကြတာပေါ့လေ"

ထိုစဉ်မှာပင် ရွှီရှင်းရဲ့ နာရီက တုန်ခါလာ၏။

လီဝမ်ရှီးဆီက အသံဖြင့် ဆက်သွယ်လာခြင်း ဖြစ်သည်။

"ခဏလေး၊ လီဝမ်ရှီး ဆက်သွယ်လာလို့"

"ကောင်းပြီလေ"

သူတို့တွေ အရှိန်လျှော့လိုက်ပြီး သားရဲတွေကို အနားပေးလိုက်ကြသည်။

ကီလိုမီတာ ၂၀၊ ၃၀ လောက်ကို မနားတမ်း ပြေးလာခဲ့ကြတာ မဟုတ်လား။

"ရွှီရှင်း... ဘယ်တော့ ရောက်မှာလဲ။ ကျွန်မ မစောင့်နိုင်တော့ဘူး၊ မြန်မြန် လာခဲ့တော့!"

နာရီက အသံက အကျယ်ကြီး ထွက်နေတာကြောင့် ဘေးနားက ကျိချောင်းယန်လည်း အကုန် ကြားနေရ၏။

လီဝမ်ရှီးရဲ့ အသံကို ကြားတော့ သူက ရွှီရှင်းကို မျက်ခုံးတစ်ချက် ပင့်ပြလိုက်၏။

"ငါတို့ လမ်းမှာပဲ ရှိသေးတယ်၊ ရောက်တော့မယ်။ အခု နင့်ရဲ့ ကာကွယ်ရေးနယ်မြေထဲကို ရောက်နေလောက်ပြီ"

"ရောက်တော့မယ်လား မိုက်တယ်ဟေ့။ နေဦး... ငါတို့ ဟုတ်လား။ ရှင်နဲ့ ကျိချောင်းယန်နဲ့ တွေ့ပြီးပြီလား။ ဟင် ဒါဆို သူလည်း အခု ကျွန်မပြောတာ ကြားနေရတာပေါ့"

"အင်း... သူ ငါ့ဘေးမှာပဲ ရှိနေတာ"

ရွှီရှင်းက ကျိချောင်းယန်ကို တစ်ချက်ကြည့်ပြီး ပြုံးကာ ပြောလိုက်၏။

"ဟင် အာ... ဟို... မင်္ဂလာပါ... အစ်ကိုကြီးကျိ"

လီဝမ်ရှီး တစ်ယောက် ထစ်ထစ်ငေါ့ငေါ့ ဖြစ်သွားရှာသည်။

"မင်္ဂလာပါ၊ ငါ့နာမည်အတိုင်းပဲ ခေါ်လို့ ရပါတယ်၊ သူတို့လို အစ်ကိုကြီးလို့ ခေါ်နေဖို့ မလိုပါဘူး"

ကျိချောင်းယန်က အနည်းငယ် အားနာသလို ပြုံးပြီး ပြောလိုက်၏။

"ဘာလို့ အဲဒီလောက်အထိ အနေခက်နေတာလဲ၊ သူမ ခင်ဗျားနဲ့ အရင်က မပြောဖူးဘူးလား"

ရွှီရှင်းက နာရီကို ခပ်လှမ်းလှမ်း ရွှေ့ပြီး တိုးတိုးလေး မေးလိုက်သည်။

"တစ်ခါမှ မပြောဖူးဘူးဟ။ ဪ... မှတ်မိပြီ၊ သူမ အဖွဲ့ထဲ ရောက်စတုန်းကတော့ သီးသန့်စာ ပို့ဖူးတယ်။ မင်း လာမယ်ဆိုရင် သူလည်း လာမယ် ဆိုတာမျိုးပဲ ပြောတာလေ၊ အဲဒီနောက်ပိုင်းတော့ အဖွဲ့ထဲမှာပဲ စကားပြောတော့တာ"

ကျိချောင်းယန်က တိုးတိုးလေး ပြန်ဖြေသည်။

"ဟေး... နင်တို့ နှစ်ယောက် ငါ အကုန် ကြားနေရတယ်နော်"

လီဝမ်ရှီးရဲ့ စိတ်တိုနေတဲ့ အသံက နာရီထဲက ထွက်လာပြန်သည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မအောင့်နိုင်ဘဲ ရယ်ချလိုက်မိကြတော့၏။

"နင်တို့ နှစ်ယောက်ကတော့ ဟွန့်... ငါ့ရဲ့ နယ်မြေထဲ ရောက်နေပြီဆိုတော့ ရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ"

"သိပ်မကြာပါဘူး၊ ၁၀ မိနစ်၊ မိနစ် ၂၀ လောက်ပေါ့"

ရွှီရှင်းက ပြန်ဖြေလိုက်၏။

"ဒါဆိုရင်လည်း မြန်မြန်လာခဲ့ ငါ ဖုန်းချပြီ"

ပြောပြောဆိုဆိုနဲ့ပင် အသံဆက်သွယ်မှု ပြတ်တောက်သွားတော့သည်။

ရွှီရှင်းက ပခုံးတွန့်ပြလိုက်ရင်း..

"ဆက်သွားကြမလား"

ကျိချောင်းယန်ကတော့ ပြုံးလျက်....

"မင်းတို့ နှစ်ယောက်ရဲ့ ခင်မင်မှုကတော့ တကယ်ကို ထူးခြားတာပဲဟ"

"ဟားဟား.. ပုံမှန်ပါပဲ"

ရွှီရှင်း နည်းနည်း ရှက်သွားရ၏။

အမှန်အတိုင်း ပြောရရင်တော့ ဒီလို ဘာမှ တွေးတောမနေတတ်တဲ့ သူဌေးသမီးလေးနဲ့ အတူရှိနေရတာက တကယ့်ကို သက်သောင့်သက်သာ ရှိလှသည်။

သူမနဲ့ စကားပြောရတာက အမြဲတမ်း စိတ်အပန်းပြေစေတာကိုး။

ကျိချောင်းယန်က သူ့ကို နောက်ထပ် နှစ်ခါ၊ သုံးခါလောက် ထပ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘာဖြစ်လို့လဲ"

ရွှီရှင်းက ကြောင်တောင်တောင်နဲ့ မေးလိုက်၏။

ကျိချောင်းယန် ပါးစပ်ကို အကြိမ်ကြိမ် ဟလိုက်၊ ပြန်ပိတ်လိုက် လုပ်ပြီးမှ နောက်ဆုံးမှာတော့ ပြောလိုက်သည်။

"အမှန်အတိုင်း ပြောရရင် သူငယ်ချင်းရာ... ငါ အခု မင်းကို တော်တော်လေး ပြန်ပြင်ပေးချင်နေပြီ။ မင်းက သူမနဲ့ သွားတွေ့တော့မှာလေ၊ ဒီရုပ်ရည်နဲ့သာ သွားမယ်ဆိုရင်တော့... မင်း သူမကို အလေးမထားဘူးလို့ သူမ ထင်သွားလိမ့်မယ်"

"ဒီလူကတော့ တကယ်ကို အသန့်ကြိုက်လွန်းတဲ့ ရောဂါ ရှိနေတာပဲ"

ဒါပေမဲ့ သူ ပြောတာလည်း ဟုတ်ပေ၏။

"အဲ... ဒါဆို ငါ ဘယ်လို ပြင်ရမလဲ"

ကျိချောင်းယန်က သူ့ကျောပိုးအိတ်ထဲကနေ မုတ်ဆိတ်ရိတ်ဖို့ သီးသန့်လုပ်ထားတဲ့ ပါးလွှာတဲ့ ဓားသွားလေး တစ်ခုကို ကမ်းပေးလိုက်သည်။

"ငါ ဒီလို ဓားသွားတွေ အများကြီး လုပ်ထားတာ၊ ဒါကတော့ အသစ်စက်စက်ပဲ။ ဒါနဲ့ မင်း ရဲ့ မုတ်ဆိတ်တွေနဲ့ နားထင်က ဆံပင်တွေကို အရင် ရိတ်လိုက်ဦး။ တွေ့တွေ့ချင်း ကတည်းက ငါက ပြောချင်နေတာ"

"ဝိုး၊ ဒီကောင် ဒါကို အစကတည်းက အောင့်ထားရရှာတာပေါ့။"

ရွှီရှင်း သေသေချာချာ မုတ်ဆိတ်ရိတ်လိုက်သည်။

"အီးးး"

ခဲခဲလေးကလည်း ရွှီရှင်း ကျန်ခဲ့တဲ့ နေရာလေးတစ်ခုကို လက်သည်းလေးနဲ့ တို့ပြီး ဘယ်နေရာ ရိတ်ရမလဲဆိုတာ လမ်းညွှန်ပေးနေရှာသည်။

ရွှီရှင်း ရိတ်ပြီးသွားတဲ့အခါ ကျိချောင်းယန်က ပိတ်စအနုလေး တစ်ခုကို ထုတ်ပေးပြန်သည်။

"ရော့... ဒါနဲ့ မင်းရဲ့ ဆံပင်တွေကို သေသေသပ်သပ် စည်းလိုက်ဦး"

ရွှီရှင်း သူ့ရဲ့ ဦးထုပ်ကို ချွတ်လိုက်ရာ ရှည်လျားတဲ့ ဆံပင်တွေ ကျဆင်းလာတော့သည်။

တကယ်လည်း အနောက်မှာ စည်းလို့ရတဲ့အထိ ရှည်နေ၏။

သူက ညတိုင်း အိပ်ယာမဝင်ခင် ခေါင်းလျှော်လေ့ရှိတာကြောင့် ဆံပင်ကတော့ သန့်ရှင်း၏။ ဒါပေမဲ့ ရှည်နေတာကြောင့် ဖရိုဖရဲ ဖြစ်နေသလို ပုံစံပေါက်နေတာပင်။

အကုန်လုံး ပြင်ဆင်ပြီးသွားတဲ့အခါမှ ကျိချောင်းယန်က ကျေနပ်စွာ ခေါင်းငြိမ့်ပြသည်။

"အခုမှပဲ ကြည့်လို့ကောင်းသွားတော့တယ်။ ထပ်ပြီး ပြင်စရာ သိပ်မလိုတော့ဘူး"

"မင်းကမ္ဘာပေါ်မှာတုန်းက အလှပြင်ဆရာများ လုပ်ခဲ့တာလား"

"ငါက မသန့်မပြန့် ဖြစ်နေတာကို မကြိုက်ရုံတင်ပါဟ။ အလှပြင်ဆရာတွေကတော့ ငါ့ထက် အများကြီး ပိုတော်မှာပါ"

အရာအားလုံး အဆင်ပြေသွားတဲ့အခါ သူတို့နှစ်ယောက် သားရဲတွေပေါ် ပြန်တက်ပြီး လီဝမ်ရှီးရှိရာကို ဆက်လာခဲ့ကြသည်။

လီဝမ်ရှီးရဲ့ ကာကွယ်ရေးနယ်မြေထဲကို ရောက်လာတဲ့အခါ မှာတော့ ရွှီရှင်းက ခြားနားချက်ကို စတင် သတိထားမိလာသည်။

ဒီနေရာက တောင်ကုန်းတွေက ရွှီရှင်းတို့ဘက်ထက် အများကြီး ပိုများ၏။

တောင်ကုန်းအရင်းအမြစ် နယ်မြေလိုမျိုး တောင်ကုန်းတွေ စုနေတာ မဟုတ်ဘဲ ဟိုတစ်ကုန်း၊ ဒီတစ်ကုန်း ပြန့်ကျဲနေ၏။

ငွေရောင်ဘုရင်ကို စီးရင်း ဖြတ်သွားတဲ့အခါ တောင်ကုန်းလေးတွေရဲ့ ဘေးမှာ ဂူအသေးလေးတွေ အများကြီး ရှိနေတာကို ရွှီရှင်း မြင်လိုက်ရ၏။

ဒါတွေက သဘာဝအတိုင်း ဖြစ်နေတာ မဟုတ်ဘဲ လူက တူးထားတာဆိုတာ သိသာလွန်းလှသည်။

ဒါတွေက လီဝမ်ရှီး တူးထားတဲ့ သတ္တုတွင်းတွေ ဖြစ်ရမည်။

သူမက သူမရဲ့ စွမ်းရည်ကို သုံးပြီး ဒီနေရာမှာ သတ္တုတွင်းရှိမှန်း သိတာနဲ့ လက်နဲ့ပဲ ဂူအပေါက်တူးပြီး သတ္တုတွေ ထုတ်ယူတာ ဖြစ်ရမည်။

သူမမှာ သတ္တုတွင်းတွေ ဘာလို့ ဒီလောက်များနေရလဲဆိုတာ အခုမှ ရှင်းသွားတော့၏။

သာမန်လူဆိုရင်တော့ ဒါတွေကို ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ချေ။

ဘယ်သူကမှ ဒီလို အန္တရာယ်များတဲ့ ကမ္ဘာမှာ တောင်ကုန်းတွေကို လျှောက်တူးနေမှာ မဟုတ်ဘူး မဟုတ်လား....။

တောင်တွေကို ဖြိုဖို့ ဘယ်သူက အချိန်ပေးနိုင်မှာလဲ။

အများဆုံးရှိလှ လမ်းကြုံတဲ့ ဂူတွေထဲမှာ သတ္တုရှာရုံပဲ ရှိ၏။

လမ်းတစ်လျှောက်မှာ အဲဒီလို တူးထားတဲ့ အပေါက်တွေ အများကြီးကို တွေ့ရတာကြောင့် လီဝမ်ရှီးရဲ့ ကြိုးစားအားထုတ်မှုကို ရွှီရှင်း တကယ်ပဲ ချီးကျူးမိသွားရသည်။

မကြာခင်မှာပဲ ရှေ့က သစ်ပင်အိမ်ရဲ့ မြင်ကွင်းကို သူ မြင်လိုက်ရ၏။

သစ်ပင်အိမ်ရဲ့ ပတ်ဝန်းကျင်မှာ ရွှီရှင်းတို့လို မီတာ ၅၀၊ ၆၀ ပတ်လည်လောက်အထိ အပင်တွေ ခုတ်ထားတာကြောင့် မြင်ကွင်းက တော်တော်လေး ရှင်းလင်းနေသည်။

တခြားအပင်အချို့ကိုလည်း စိုက်ထားပေမဲ့ ထင်းရှူးပင်တွေကလွဲရင် ကျန်တာတွေကတော့ အရိုးပြိုင်းပြိုင်း ဖြစ်နေ၏။

အရပ်ရှည်ရှည် ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဟာ သစ်ပင်အိမ်အောက်မှာ ရပ်နေပြီး၊ သူတို့ လာမယ့် အနောက်ဘက် အရပ်ကို ခြေဖျားထောက်ကာ အကြိမ်ကြိမ် လှမ်းမျှော်ကြည့်နေရှာသည်။

သူတို့နှစ်ယောက် သားရဲတွေကို စီးပြီး ရောက်လာတာကို မြင်လိုက်ရတာနဲ့ သူမက စိတ်လှုပ်ရှားစွာ ချက်ချင်း လက်ဝှေ့ယမ်းပြတော့သည်။

"ဒီမှာ။ ဒီဘက်ကို လာခဲ့ကြ"

---

အခန်း ၂၂၆ ပြီး။

အခန်း (၂၂၇) - နောက်ဆုံးတော့ ဆုံတွေ့ကြပြီ

"ဒီမှာ ဒီဘက်ကို လာခဲ့ကြပါ"

လီဝမ်ရှီးသည် ခြေဖျားထောက်၍ သူတို့အား လက်ဝှေ့ယမ်းပြနေ၏။

သူမသည် သံမဏိချပ်ဝတ်ကို ဝတ်မထားဘဲ သူမ၏ သွယ်လျသော ကိုယ်လုံးလေးကို ပေါ်လွင်စေသည့် သားရေချပ်ဝတ်ကိုသာ ဝတ်ဆင်ထားသည်။

ဆံပင်များကို သေသေသပ်သပ် စည်းထားပြီး နက်မှောင်သော ဆံကေသာများမှာ သူမ၏ တက်ကြွမှုကို ဖော်ပြနေသယောင် ရှိ၏။

ရွှီရှင်းနှင့် ကျိချောင်းယန်တို့ နှစ်ယောက်သည် သစ်ပင်အိမ်အောက်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

"ဝိုး... နင်တို့ရဲ့ စီးတော်ယာဉ်တွေက တကယ်ကို လန်းတာပဲ"

လီဝမ်ရှီးသည် ငွေရောင်ဘုရင်နှင့် မြင်းဖြူကြီးကို အားကျသည့် မျက်လုံးများဖြင့် ကြည့်နေမိသည်။

"နင့်မှာလည်း တစ်ကောင် ရှိတာပဲ မဟုတ်လား"

ရွှီရှင်းက ကျိချောင်းယန်နှင့်အတူ သားရဲကျောပေါ်မှ ဆင်းရင်း မေးလိုက်၏။

"ငါ့ရဲ့ နွားကတော့ ထုံထုံအအနဲ့ လန်းလည်း မလန်းပါဘူး" ဟု ပြောရင်း အမူအရာ ပြောင်းလိုက်ကာ ဝံပုလွေကျောပေါ်မှ ဆင်းလာသည့် ရွှီရှင်းထံသို့ သူမ၏ ညာဘက်လက်ကို ကမ်းပေးလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်နော်၊ ကျွန်မကို စောင့်ရှောက်ပေးပါဦးနော်"

သူမ၏ စကားကြောင့် သူမကိုယ်တိုင်ပင် ရယ်မိသွားရှာသည်။

"မနေ့ညကတင် တွေ့ခဲ့ကြသလိုပဲ ခံစားရတယ်"

ရွှီရှင်းက လီဝမ်ရှီး၏ လက်ကို ဆွဲနှုတ်ရင်း နောက်ပြောင်လိုက်၏။

"နောက်ဆုံးတော့ နင့်ကို လူကိုယ်တိုင် ထိတွေ့ခွင့် ရပြီပေါ့။ အခုထိ အိပ်မက်လိုလိုပဲ"

လီဝမ်ရှီးသည် ရွှီရှင်း၏ လက်အား အသာအယာ ဆုပ်ကိုင်ထားသည်။

သူမသည် သူ၏ လက်မောင်းနှင့် မျက်နှာကိုပါ ထိတွေ့ကြည့်ချင်သော်လည်း မယဉ်ကျေးရာ ရောက်မည်စိုးသဖြင့် ထိန်းချုပ်လိုက်ရ၏။

သို့သော် ရွှီရှင်း၏ မျက်နှာကို ကြည့်နေခြင်းကိုမူ မရပ်တန့်နိုင်ပေ။

"ဒီနေ့ မုတ်ဆိတ်ရိတ်လာတာလား။ မုတ်ဆိတ်မွှေး မပါဘဲ မြင်ရတာ ဒါ ပထမဆုံးပဲ"

"နင်က မုတ်ဆိတ်နဲ့ ကြိုက်တာလား၊ မပါဘဲ ကြိုက်တာလား"

ရွှီရှင်းက ပြုံး၍ မေးလိုက်သည်။

ဗီဒီယိုဖုန်းဖြင့် ခဏခဏ တွေ့ဖူးသော်လည်း လူချင်း တွေ့ရသည်မှာ တစ်မျိုး ထူးခြားနေသည် မဟုတ်ပါလား။

ဤမျှ နီးကပ်စွာ ကြည့်လိုက်ရသောအခါ လီဝမ်ရှီး၏ ထူထဲသော မျက်တောင်လေးများ တုန်ခါနေသည်ကိုပါ သူ မြင်နေရသည်။

သူမ၏ အသားအရေမှာလည်း ဗီဒီယိုထဲတွင် မြင်ရသည်ထက် ပို၍ နုနယ်နေကာ ရေထွက်လာမတတ် စိုပြည်နေသဖြင့် အသာအယာ ဆွဲညှစ်ကြည့်ချင်စိတ်ပင် ပေါက်လာရ၏။

"ဒီအလှလေးက နေ့တိုင်း သတ္တုတူးနေတာတောင် အသားအရေက ဘာလို့ ဒီလောက် ကောင်းနေရတာလဲ။"

"နှစ်မျိုးလုံး ကြိုက်တာပေါ့။ ဟို... ဆိုလိုတာက နှစ်မျိုးလုံး ကြည့်ကောင်းတယ်လို့ ပြောတာပါ ဟဲဟဲ"

လီဝမ်ရှီးသည် ပျော်ရွှင်စွာ ရယ်မောလိုက်ရာ သူမ၏ မျက်လုံးလေးများမှာ လခြမ်းကွေးလေးများအလား ဖြစ်သွားပြီး ရွှီရှင်း၏ လက်ကိုလည်း မလွှတ်တမ်း ဆုပ်ကိုင်ထားတော့သည်။

"အင်း... မလာခင်မှာ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လာတာ တကယ်ပဲ အလုပ်ဖြစ်သွားတာပဲ။"

ရွှီရှင်းသည် သူ၏ ရုပ်ရည်ကို ယုံကြည်မှု ရှိ၏။

အနည်းငယ် ပြင်ဆင်လိုက်ရုံဖြင့် တော်တော်လေး ကြည့်ကောင်းသွားသည် မဟုတ်ပါလား။

ရွှီရှင်း၏ အနောက်တွင် ရပ်နေသော ကျိချောင်းယန်မှာမူ လက်ပိုက်လျက် မြင်းဖြူကြီးကို မှီ၍ အားကိုးရာမဲ့စွာ ကြည့်နေတော့သည်။

"နင်တို့ နှစ်ယောက် ငါ့ကို မေ့နေကြပြီလား။ ငါ ဒီမှာ ရှိနေသေးတယ်လေ"

"အို... ဆောရီး"

လီဝမ်ရှီးသည် အနည်းငယ် ရှက်သွားဟန်ဖြင့် ရွှီရှင်း၏ လက်ကို လွှတ်လိုက်ပြီး ကျိချောင်းယန်အား လက်ပြလိုက်သည်။

"မင်္ဂလာပါ အစ်ကိုကြီးကျိ၊ ဟဲဟဲ"

သူမ၏ မျက်နှာတွင် ပျော်ရွှင်ရိပ်များ ရှိနေဆဲပင်။

"မျက်နှာလိုက်တာကတော့ တကယ် သိသာလွန်းတယ်ဟာ"

ကျိချောင်းယန်က ခေါင်းခါရင်း....

"ငါ့ကို အစ်ကိုကြီးကျိ လို့ ခေါ်မနေပါနဲ့၊ နာမည်အတိုင်းပဲ ခေါ်ပါ"

"အားလုံးက အဲဒီလို ခေါ်နေကြတာပဲကို၊ ငါလည်း လိုက်ခေါ်တာပေါ့။ ပြီးတော့ နင်က ငါ့ထက်လည်း အသက်ကြီးမှာ သေချာတယ် မဟုတ်လား"

လီဝမ်ရှီးသည် ကျိချောင်းယန်၏ အသက်ကို စိတ်ဝင်တစား မေးလိုက်၏။

သူ့ရုပ်က ဘာမှ ခန့်မှန်းလို့ မရအောင် ဖြစ်နေသည် မဟုတ်ပါလား။

တကယ်တော့ ရွှီရှင်းလည်း သူ့အသက်ကို သိချင်နေ၏။

အရင်တစ်ခါ အသက်တွေအကြောင်း ပြောကြတုန်းက ကျိချောင်းယန် ပျောက်နေချိန်မို့လို့ သူ ဘယ်နှနှစ်ရှိပြီလဲဆိုတာ အခုထိ မသိရသေးပေ။

ကြည့်ရတာတော့ တကယ့်ကို ငယ်ရွယ်တဲ့ပုံစံပင်။

အကယ်၍သာ ကျောင်းဝတ်စုံ ဝတ်ထားရင် အထက်တန်းကျောင်းသားလို့တောင် ထင်ရလောက်၏။

"ငါက နင်တို့ထက် ကြီးပါတယ်၊ ၂၇ နှစ် ရှိပြီ"

"ဟင်" လီဝမ်ရှီး မျက်လုံးပြူးသွားရ၏။

"လခွမ်း..."

ရွှီရှင်းတောင် မဆီမဆိုင် ဆဲသံ ထွက်မလို ဖြစ်သွားပြီးမှ ထိန်းလိုက်ရသည်။

"ငါက မင်းကို အသက်တူတူလောက်ပဲ ထင်နေတာ..."

ဒီလူ့ရုပ်ရည်က သူ့အသက်နဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲလား။

"ဟားဟား... နုပျိုနေတာကလည်း အမြဲတမ်းတော့ မကောင်းပါဘူးကွာ၊ ကမ္ဘာပေါ်မှာတုန်းက အရက်တို့၊ စီးကရက်တို့ ဝယ်ရင် အမြဲတမ်း အသက် မေးခံရတာ"

"ခင်ဗျား စီးကရက် သောက်တာလား"

ရွှီရှင်းမှာ သေသေသပ်သပ် နေတတ်တဲ့ ဒီလူက စီးကရက် သောက်နေမယ့် ပုံစံကို မြင်ယောင်ကြည့်လို့ မရချေ။

"မသောက်ပါဘူး၊ မင်းတို့ လုပ်ငန်းခွင် မဝင်ရသေးဘူး ထင်တယ်နော်။ စီးကရက်ဆိုတာက ကိုယ်တိုင် မသောက်ရင်တောင် ကားထဲမှာ နှစ်ဗူးလောက်တော့ အမြဲ ဆောင်ထားရတာကွ။ ဒါပေမဲ့ အခုတော့ မလိုတော့ပါဘူးလေ"

ကျိချောင်းယန်က အထက်တန်းကျောင်းသား ရုပ်လေးနဲ့ သူ့ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံကို ပြောပြနေတော့သည်။

"ဝိုး... ရှင့်ရုပ်နဲ့ဆိုရင် လုပ်ငန်းခွင်က လူဟောင်းတစ်ယောက်လို့ ထင်ဖို့ တကယ် ခက်တာပဲ"

လီဝမ်ရှီးက သက်ပြင်းချရင်း ဆိုသည်။

"လူဟောင်းတော့ မဟုတ်ပါဘူး၊ လူသစ်ပါပဲ။ ၂၅ နှစ်မှ ကျောင်းပြီးတာဆိုတော့ နှစ်နှစ်လောက်ပဲ လုပ်လိုက်ရသေးတယ်၊ အဲဒီမှာတင် ဒီထူးဆန်းတဲ့ နေရာကို ရောက်လာတာပေါ့"

ကျိချောင်းယန်ကလည်း သက်ပြင်းချလိုက်၏။

"၂၅ နှစ်မှ ကျောင်းပြီးတယ်ဆိုတော့ မဟာဘွဲ့ ဖြစ်ရမယ်..."

ရွှီရှင်းမှာတော့ ဒီအဖွဲ့ထဲက လူတွေရဲ့ ပညာအရည်အချင်းက တကယ် မြင့်မားတာပဲလို့ ခံစားလိုက်ရသည်။

မကြာခင် တွေ့ရမယ့် ချီရွှယ်ဖေးကလည်း ဒေါက်တာဘွဲ့ရ ဆရာဝန်မ မဟုတ်လား။

သူကိုယ်တိုင်လည်း ကျောင်းပြီးထားသူ ဖြစ်သော်လည်း လီဝမ်ရှီးကတော့ အသက်အရ အခုမှ ဘွဲ့ကြိုကျောင်းသူပဲ ရှိလောက်၏။

"ဒီထူးခြားစွမ်းရည်တွေကို ပညာအရည်အချင်းအလိုက် ပေးတာများလားမသိဘူး၊ ဒီခေတ်မှာ ရှင်သန်ဖို့အတွက်တောင် ဘွဲ့လက်မှတ်တွေက အရေးပါနေတုန်းပဲလား။"

"အီးးး"

ခဲခဲလေးကလည်း ဝံပုလွေကျောပေါ်ကနေ အသံပြုလိုက်၏။

"အာ... ဒါ ခဲခဲလေးပဲ၊ ဟယ်လို နောက်ဆုံးတော့ တွေ့ရပြီပေါ့။ ငွေရောင်ဘုရင်လည်း ပါတာပဲ"

လီဝမ်ရှီးသည် ဝမ်းသာအားရ ရှေ့တိုးလာပြီး ခဲခဲလေးကို ချီလိုက်တော့သည်။

ခဲခဲလေးသည် လီဝမ်ရှီးကို ဗီဒီယိုထဲတွင် ခဏခဏ မြင်ဖူးသလို ရွှီရှင်းနှင့် ခင်မင်မှန်းလည်း သိသဖြင့် အချီခံလိုက်၏။

"ဝိုး... တကယ် ချစ်ဖို့ကောင်းတာပဲ။ ဗီဒီယိုထဲမှာ အမြဲ မြင်နေရတော့ အမြဲ ပွတ်ပေးချင်နေတာလေ"

လီဝမ်ရှီးက ခဲခဲလေးကို အသာအယာ ပွတ်ပေးရင်း နားရွက်ကလေးတွေကို ထိကာ အမြီးကြီးကိုလည်း ဖျစ်ညှစ်ကြည့်နေတော့သည်။

"အီးးး"

လီဝမ်ရှီး၏ ပွတ်သပ်ပုံက ရွှီရှင်းထက် ပို၍ သက်သောင့်သက်သာ ရှိပုံရသဖြင့် ခဲခဲလေးမှာ ချက်ချင်းပင် မျက်လုံးလေး မှေးစင်းကာ သာယာနေရှာသည်။

ရွှီရှင်းက ဇိမ်တွေ့နေတဲ့ ကောင်လေးကို ကြည့်ပြီး ရယ်ချင်သွားရ၏။

"ဒီကောင်လေးကလေ... နင်က ငါ့အပြင် ပထမဆုံး ကိုင်ခွင့်ရတဲ့ လူပဲ၊ တခြား ဘယ်သူ့ကိုမှ အထိမခံဘူး"

"ဟင်"

လီဝမ်ရှီးသည် ခဲခဲလေး၏ ဝမ်းဗိုက်ကို ပွတ်ပေးရင်း ရွှီရှင်းကို စူးစမ်းစွာ ကြည့်လိုက်သည်။

"နင် တခြားလူတွေနဲ့ တွေ့ဖူးလို့လား"

"အာ... ဟုတ်သားပဲ။ အဖွဲ့ထဲမှာ ငါ ပြောဖူးတယ် မဟုတ်လား၊ ငါ့အိမ်ရဲ့ မြောက်ဘက်မှာရှိတဲ့ နယ်မြေ ၁၈၇ က လူလေ"

"ဪ... အဲဒီလူကို ပြောတာလား"

လီဝမ်ရှီး သတိရသွားသည်။

"အင်း... အဲဒီတုန်းက သူ ခဲခဲလေးကို ကိုင်ချင်တာကို ဒီကောင်လေးက ဇွတ်ငြင်းခဲ့တာလေ။ နင့်ကိုတော့ အေးဆေး ပေးကိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး"

လုဖေးအာတောင်မှ ခဲခဲလေးကို မထိရသေးချေ။

ငွေရောင်ဘုရင်ကတော့ စာချုပ်ချုပ်ထားတဲ့ ဗီဇပြောင်းသတ္တဝါ အချင်းချင်းမို့လို့ သူမကို ပေးကိုင်၏။

ဒါပေမဲ့ ခဲခဲလေးကတော့ မတူချေ။

သူက မြေပုံမှာလည်း မပေါ်သလို၊ ဗီဇလည်း မပြောင်းသေးတဲ့ ကြားနေ သတ္တဝါလေး မဟုတ်လား။

သူက ရွှီရှင်းကို သဘောကျလို့သာ လိုက်နေတာဖြစ်ပြီး တခြား ဘယ်သူ့ကိုမှ ဂရုမစိုက်ပေ။

"ဟဲဟဲ... ငါနဲ့ ခဏခဏ ဗီဒီယို ပြောနေရလို့ ငါ့ကို ရင်းနှီးသွားတာ ဖြစ်မှာပါ၊ ဟုတ်တယ်မလား ကောင်လေးရာ"

လီဝမ်ရှီးက ခဲခဲလေး၏ ပါးဖောင်းဖောင်းလေးတွေကို ပွတ်ပေးလိုက်၏။

"အီးးး"

ခဲခဲလေးကလည်း အမြီးကြီးကို ယမ်းပြီး ပြန်ထူးလိုက်ရှာသည်။

ကျိချောင်းယန်ကတော့ ဘေးကနေ ကြည့်ပြီး ငြီးငွေ့နေချေပြီ။

"နင်တို့ နှစ်ယောက် ပြန်စနေကြပြန်ပြီလား။ ဒီမှာပဲ တစ်နေကုန် ရပ်နေကြတော့မှာလား"

"အာ"

လီဝမ်ရှီး သတိပြန်ဝင်လာပြီး ခဲခဲလေးကို ပွေ့ချီထားကာ..

"ဒါဆိုရင် အပေါ်တက်ပြီး ခဏလောက် ထိုင်ကြမလား"

"လောလောဆယ်တော့ မသွားသေးဘူး" ဟု ရွှီရှင်းက ဆိုသည်။

"ပတ်ဝန်းကျင်က ပြဿနာတွေကို အရင် ရှင်းပြီး ချီရွှယ်ဖေးဆီ သွားရဦးမှာ"

"ဪ... အင်းပါ။ ခဏလေး စောင့်ဦးနော်၊ ငါ အပေါ်တက်ပြီး နင်ပေးထားတဲ့ သံမဏိချပ်ဝတ်ကို သွားလဲလိုက်ဦးမယ်"

လီဝမ်ရှီးသည် ခဲခဲလေးကို ရွှီရှင်းထံ ပြန်ပေးပြီး အမြစ်တွေနဲ့ အိမ်ပေါ် တက်သွားတော့သည်။

"ဘာလို့ သံမဏိချပ်ဝတ်ကို တန်းဝတ်မလာတာလဲ မသိဘူး။ သားရေထက် အများကြီး ပိုကောင်းတာကို"

ရွှီရှင်းက ဇဝေဇဝါနဲ့ မေးလိုက်၏။

"ငါက သားရေချပ်ဝတ်ကို ပိုကြိုက်လို့ပေါ့ ဟွန့်"

လီဝမ်ရှီးက အိမ်ထဲကို ဆွဲတင်ခံရရင်း သူ့ကို မျက်စောင်းလှမ်းထိုးလိုက်သည်။

ရွှီရှင်းကတော့ ကြောင်တောင်တောင်နဲ့ ကျိချောင်းယန်ကို လှည့်မေးလိုက်၏။

"ဒါနဲ့... ခင်ဗျားတို့က ဘာလို့ သားရေချပ်ဝတ်ကိုပဲ ဒီလောက် ကြိုက်နေရတာလဲ"

ကျိချောင်းယန်က သူ့ကို တစ်ချက်ကြည့်ပြီး..

"ငါကတော့ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်ရတာ ကြိုက်လို့ ဝတ်တာပါ။ သူမကတော့ မတူလောက်ဘူး၊ သူမအတွက်တော့ သားရေချပ်ဝတ်က ပိုပြီး ပေါ့ပေါ့ပါးပါး ရှိသလို ဝတ်ရတာလည်း ပိုလှလို့ ဖြစ်မှာပေါ့"

သားရေချပ်ဝတ်က ကိုယ်လုံးနဲ့ ကပ်နေတာကြောင့် ခန္ဓာကိုယ် အလှကို ပေါ်လွင်စေကာ သံချပ်ဝတ်လိုမျိုး ဖောင်းကားမနေပေ။

"ဟင် တကယ်ပဲ အဲဒီလိုလား"

ရွှီရှင်းက မျက်တောင်ခတ်ရင်း...

"သူမက သံမဏိချပ်ဝတ်နဲ့လည်း လှတာပဲကို"

သံမဏိချပ်ဝတ်က သံချပ်ဝတ်ထက် အများကြီး ပေါ့ပါးသလို ကြည့်ရတာလည်း ပိုပြီး သက်သောင့်သက်သာ ရှိလှသည်။

"ဒါကို ငါ့ကို လာပြောမယ့်အစား သူမကိုပဲ တိုက်ရိုက် သွားပြောပါလားဟ"

ကျိချောင်းယန်က အားကိုးရာမဲ့စွာ ပြောလိုက်ပြီးနောက် လေသံကို ပြောင်းကာ လေးလေးနက်နက် မေးလာသည်။

"ဒါနဲ့... သူမ ပြောတဲ့ သံမဏိချပ်ဝတ်ဆိုတာ မင်း သံမဏိတုံးတွေနဲ့ လုပ်ထားတာလား။ အာနိသင်က ဘယ်လိုလဲ၊ အများကြီး ထုတ်လို့ ရနိုင်မလား"

ကျိချောင်းယန်သည် အလုပ်ကိစ္စပြောလျှင် အမြဲတမ်း တည်ငြိမ်လေးနက်သွားတတ်သည်။

"အများကြီး ထုတ်ဖို့ကတော့ ငါ့ဘက်မှာ ကုန်ကြမ်း ပြဿနာ မရှိပါဘူး။ အဓိကကတော့ သူမအပေါ်မှာ မူတည်တာပေါ့။ သူမဆီမှာ သံသတ္တုတွေ အများကြီး ရှိရင်တော့ အားလုံးအတွက် တစ်စုံစီ လုပ်ပေးလို့ ရပါတယ်။"

ရွှီရှင်းက လီဝမ်ရှီး၏ အိမ်ကို ညွှန်ပြရင်း...

"ခင်ဗျားတို့ကတော့ သံသတ္တု မတူးဖူးကြဘူး မဟုတ်လား"

"အင်း... ငါရတဲ့ သံတုံး အများစုက အရောင်းအဝယ်ကနေ ရတာပဲ"

"အဲဒီ ခင်ဗျားတို့ ဝယ်နေတဲ့ သံတုံး အများစုက သူမ ရောင်းထားတာတွေ ဖြစ်ဖို့ များတယ်"

ရွှီရှင်းက ကျောပိုးအိတ်ထဲက သံမဏိတုံး တစ်တုံးကို ထုတ်ပြီး ကျိချောင်းယန်ကို ပေးလိုက်သည်။

"ရော့... ဒါက သံမဏိတုံး၊ ငါ့ဆီမှာ တစ်တုံး ပါလာလို့ မင်းကို ပေးလိုက်မယ်။ အရင်ဆုံး ပုံစံထုတ်တဲ့စနစ် ကို ပွင့်အောင် လုပ်ထားလိုက်ဦး"

ကျိချောင်းယန်က သံမဏိတုံးကို လက်ခံပြီး သေသေချာချာ စစ်ဆေးလိုက်၏။

"ဒါက အပြာရောင်အဆင့်လေ၊ သံမဏိချပ်ဝတ်က သံချပ်ဝတ်ထက် ခွန်အားကို နှစ်ဆ ပိုမြှင့်ပေးနိုင်သလို၊ လှုပ်ရှားရင်လည်း အသံမထွက်ဘူး၊ ကာကွယ်နိုင်စွမ်းကလည်း ပိုမြင့်တယ်။ ပြီးတော့ အပြာရောင်အဆင့် သံမဏိတုံးဆိုတာ ငါတို့ တွေ့ဖူးတဲ့ အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတွေဆီက ရတဲ့ ပစ္စည်းတွေနဲ့ တူတူပဲ၊ အဆင့်တူတဲ့ လက်နက်တွေထဲမှာ အကောင်းဆုံးကို လုပ်နိုင်တာပေါ့။ ခရမ်းရောင်အဆင့်ကလည်း ဒီသဘောပါပဲ"

ပြောပြောဆိုဆိုနဲ့ပဲ ရွှီရှင်းက သူ၏ လှံပုဆိန်ရှည်ကြီးကို ဆွဲထုတ်လိုက်၏။

"ဒါ... ဒါက ခရမ်းရောင်အဆင့် သံမဏိလက်နက်လား"

ကျိချောင်းယန်သည် ၃ မီတာလောက် ရှည်ပြီး ထက်မြက်လှတဲ့ လှံကြီးကို ကြည့်ကာ မျက်လုံးတွေ ဝိုင်းသွားရ၏။

"ဟုတ်တယ်၊ ခရမ်းရောင်အဆင့်မှာတော့ အသန်မာဆုံး လက်နက်ပဲ"

ရွှီရှင်းက အနားက အပင်တစ်ပင်ဆီ လျှောက်သွားပြီး လှံကို ဝှေ့ယမ်းလိုက်သည်။

"ဂျောက်"

သူ့ရဲ့ ယနေ့ရထားတဲ့ ထူးကဲတဲ့ ခွန်အားနဲ့ပေါင်းကာ အပင်ကြီးဟာ တစ်ချက်တည်းနဲ့တင် ပြတ်ကျသွားတော့သည်။

တစ်ပြိုင်နက်တည်းမှာပဲ ရွှီရှင်းဟာ လှံရိုးကနေတစ်ဆင့် နွေးထွေးတဲ့ စီးကြောင်းတစ်ခု သူ့ကိုယ်ထဲ စီးဝင်လာတာကို ခံစားလိုက်ရ၏။

"ဟင် ဒီလှံနဲ့ အပင်ခုတ်ရင် အပင်ရဲ့ အသက်ဓာတ်ကို စုပ်ယူနိုင်တာလား။"

"ဒီလက်နက်က တကယ်ကို အစွမ်းထက်တာပဲ"

ကျိချောင်းယန်က ရွှီရှင်းလက်ထဲက လှံကိုကြည့်ပြီး အံ့သြမဆုံး ဖြစ်နေတော့သည်။

"ဒါကို လုပ်ဖို့ ခရမ်းရောင်အဆင့် ကုန်ကြမ်း နှစ်စုံပဲ လိုတာပါ၊ မင်းလည်း လုပ်နိုင်မှာပါ။ ဗဟိုချက်ကို သုံးပြီးပြီလား"

"မသုံးရသေးဘူး။ အပြာရောင်နဲ့ ယှဉ်ရင် ခရမ်းရောင်အဆင့် လက်နက်တွေမှာ ဘာထူးခြားတဲ့ စွမ်းရည်တွေ ရှိသေးလဲ"

"ရှိတာပေါ့"

ရွှီရှင်းက ဒူးထောက်ထိုင်လိုက်ပြီး ပြတ်ကျသွားတဲ့ သစ်ပင်ပင်စည်ကို လှမ်းထိကြည့်လိုက်၏။

ထိုအပင်ဟာ အရွက်တွေ မရှိတော့ပေမဲ့ ဆောင်းမဝင်ခင်အထိ အသက်ရှင်နေဆဲ အပင်ဖြစ်၏။

ဒါပေမဲ့ ရွှီရှင်းရဲ့ လှံနဲ့ အခုတ်ခံရပြီးနောက်မှာတော့ အဲဒီအပင်ဟာ ချက်ချင်းဆိုသလို ညှိုးခြောက်သွားပြီး ကြွပ်ဆတ်သွားတော့သည်။

ရွှီရှင်းက လက်နဲ့ အသာလေး ဖဲ့လိုက်ရုံနဲ့တင် သစ်သားစကြီး တစ်ခု ပြုတ်ထွက်လာသော်လည်း ကုန်ကြမ်းရရှိကြောင်း အသိပေးချက်တော့ တက်မလာချေ။

လှံက အပင်ကို ခုတ်လှဲနိုင်သော်လည်း၊ အသက်ဓာတ် အစုပ်ခံလိုက်ရတဲ့ အပင်ဟာ အမှိုက်တစ်ခုလို ဖြစ်သွားပြီး သစ်သားကုန်ကြမ်းတောင် ပေးနိုင်စွမ်း မရှိတော့တာပင်။

"ဒီအပင်က ချက်ချင်းကြီး ညှိုးသွားတာလား"

ကျိချောင်းယန် အံ့သြတကြီး ရေရွတ်လိုက်မိသည်။

အဆင့်စာရင်းမှာ သူ့ထက် အမြဲသာနေတဲ့ ရွှီရှင်းကို လူကိုယ်တိုင် တွေ့ရတဲ့ ဒီနေ့မှာတော့ ကျိချောင်းယန်မှာ အကြိမ်ကြိမ် အံ့သြနေရတော့သည်။

"ဒါက ဒီခရမ်းရောင်အဆင့် လက်နက်ရဲ့ စွမ်းရည်ပဲလေ"

---

အခန်း ၂၂၇ ပြီး။

All Chapters