အခန်း (၂၃၆-၂၃၇)
Vol. 16 Ch. 236-237
အခန်း (၂၃၆) - သစ်ပင်အိမ်အနီးတွင် ပုန်းနေသော ရန်သူ
"မင်း သစ်ပင်အိမ်ထဲမှာပဲ ငါ့ကို စောင့်နေလိုက်ပါ၊ ငါ အခြေအနေသွားကြည့်ပြီးမှ ပြန်လာခဲ့မယ်" ဟု ရွှီရှင်းက သူ့ကို ဆွဲခေါ်သွားတော့မည့် လီဝမ်ရှီးကို ပြောလိုက်သည်။
"ရှင်က ကျွန်မကို ဝန်ထုပ်ဝန်ပိုးဖြစ်မယ်လို့ ပြောချင်တာလား"
လီဝမ်ရှီးက နှုတ်ခမ်းလေးဆူကာ လက်ဖြင့် သေနတ်ပစ်သည့် ပုံစံလုပ်ပြရင်း..
"ကျွန်မက အဝေးကနေ ကူပစ်ပေးနိုင်တယ်လေ၊ ဒိုင်း.."
"မဟုတ်ပါဘူး... တကယ်လို့ ဒါက သုံးထပ်သစ်ပင်အိမ်သာ ဆိုရင် အရင်ဆုံး အကဲခတ်ရမှာမို့လို့ပါ။ လူနှစ်ယောက်ဆိုရင် လှုပ်ရှားရတာ အဆင်မပြေဘူးလေ"
သုံးထပ်သစ်ပင်အိမ် ပိုင်ရှင်ဆိုသည်မှာ သူတို့လိုပဲ ထူးခြားတဲ့ စွမ်းရည်တွေ ဒါမှမဟုတ် ရှင်သန်နည်းတွေ ရှိနေမှာ အသေအချာပင်။
ထိုကဲ့သို့သော လူမျိုးကို ဘယ်တော့မှ လျှော့မတွက်သင့်ပေ။
လုဖေးအာကဥပမာပင်၊ အကယ်၍ ထိုနေ့က ရွှီရှင်းတွင် အကြားအာရုံ မြှင့်တင်မှုစွမ်းရည်သာ မရှိခဲ့ပါက သူမ၏ လက်ချက်ဖြင့် ဇာတ်သိမ်းသွားနိုင်သည် မဟုတ်ပါလား။
ရွှီရှင်းကဲ့သို့ ဂရုတစိုက်ရှိသူတစ်ဦးအနေဖြင့် ထိုသူများ၏ နယ်မြေ သို့မဟုတ် သစ်ပင်အိမ်အနားသို့ တိုက်ရိုက်သွားရောက် တိုက်ခိုက်ခြင်းမျိုးကို ဘယ်တော့မှ လုပ်လိမ့်မည်မဟုတ်ချေ။
သူတို့တွင် မည်သည့် နည်းလမ်းများ ရှိနေမည်ကို မည်သူမှ မသိနိုင်ပေ။
နယ်မြေတစ်ခု၏ ထိပ်သီးဆယ်ယောက်ဆိုသည်မှာ အပျော်တမ်းလူများ မဟုတ်ကြချေ။
တောထဲတွင် တွေ့ဆုံပါက သူ မကြောက်သော်လည်း၊ တစ်ဦးချင်း တိုက်ခိုက်မှုတွင် ဝမ်ကွေ့ရှင်းမှလွဲ၍ ကျန်သည့်မည်သူ့ကိုမဆို သူ ယှဉ်နိုင်သည်ဟု ယုံကြည်ချက် ရှိသည်။
သို့သော် သစ်ပင်အိမ်ကို တိုက်ခိုက်ခြင်းမှာ ထင်သလောက် မလွယ်ကူလှပေ။
ဥပမာအားဖြင့် သူ၏ သစ်ပင်အိမ်ကို ကြည့်ပါက၊ သူ အနားမှာ မရှိလျှင်တောင် အလွန်လုံခြုံလှသည်။
သစ်ပင်အိမ် ချပ်ဝတ်တန်ဆာ၊ အလိုအလျောက် မြားပစ်စက်ကြီးများ နှင့်အာဖု တို့ စောင့်ကြပ်နေကြသည့်အပြင် အရေးကြီးဆုံးမှာ သူပိုင်ဆိုင်ထားသည့် ဗီဇပြောင်းအပင်နှလုံးသားပင် ဖြစ်သည်။
ရှင်ကျန်သူအားလုံးမှာ ကြားနေအဆင့်အတန်း ရှိကြသည်ဆိုသော်လည်း သစ်ပင်အိမ်ကို စတင်တိုက်ခိုက်သူအား ရန်သူအဖြစ် ချက်ချင်း သတ်မှတ်မည် ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် သစ်ပင်အိမ်ချပ်ဝတ်တန်ဆာကို မဖောက်နိုင်ခင်မှာတင် ဗီဇပြောင်းအပင်နှလုံးသား၏ တိုက်ခိုက်မှု၊ အာဖု၏ အသံလှိုင်းတိုက်ခိုက်မှုနှင့် အပြာရောင်အဆင့် မြားစက်ကြီးများ၏ အလိုအလျောက် ပစ်ခတ်မှုတို့ ပေါင်းစပ်သွားပါက...
ရွှီရှင်းကိုယ်တိုင်ပင်လျှင် ထိုအခြေအနေမျိုးမှ မည်သို့လွတ်မြောက်အောင် ပြေးရမည်ကို မသိနိုင်တော့ပေ။
သူ၏ သစ်ပင်အိမ်ကပင် ဤမျှ သန်မာနေလျှင် အခြားသော ထိပ်သီးရှင်ကျန်သူများ၏ သစ်ပင်အိမ်များမှာလည်း အားနည်းလိမ့်မည်ဟု ရွှီရှင်း မထင်ပေ။
သတိထားခြင်းက အကောင်းဆုံးပင်။
နေဦး...
အကယ်၍ ဤသစ်ပင်အိမ်ပိုင်ရှင်က နယ်မြေ ၁၈၇ ရဲ့ ထိပ်သီးဆယ်ယောက်ထဲက တစ်ယောက်ဆိုရင်၊ သူတို့ခေါင်းဆောင် ကျန်းသောက်ကွမ်က ပတ်ဝန်းကျင်က ရှင်ကျန်သူတွေကို ရှင်းပစ်ဖို့ သူတို့ကို သတိပေးထားမှာပဲ။
ဒါဆိုရင် သူဟာ လုဖေးအာလိုပဲ ပတ်ဝန်းကျင်က လူတွေကို တိုက်ခိုက်နေလောက်ပြီ။
မနေ့က နယ်မြေ ၁၈၈ မှာ သေသွားတဲ့ လူတစ်ဒါဇင်ကျော်ထဲမှာ ဒီလူ့လက်ချက်လည်း ပါနိုင်တာပဲ။
"မင်း ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ တစ်စုံတစ်ယောက်နဲ့ တွေ့ခဲ့သေးလား။ ဒါမှမဟုတ် ထူးဆန်းတာမျိုးကော"
ရွှီရှင်းက လီဝမ်ရှီးကို တည်တည်တံ့တံ့ဖြင့် ရုတ်တရက် မေးလိုက်သည်။
"ဟင်"
ရွှီရှင်း၏ လေသံက ရုတ်တရက် တည်ကြည်သွားသဖြင့် လီဝမ်ရှီး လန့်သွားပြီး တိုးတိုးလေး ပြန်ဖြေသည်။
"ဟင့်အင်း... မတွေ့ပါဘူး၊ ဘာလို့လဲ"
"သေချာပြန်စဉ်းစားကြည့်ဦး၊ မနေ့က ထူးခြားတာမျိုး မရှိဘူးလား"
"ထူးခြားတာလား.. အင်း..."
လီဝမ်ရှီး မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
"မနေ့က တစ်နေ့လုံး ညနေအထိ အပြင်မှာ သတ္တုတူးနေတာဆိုတော့ ဘာမှ သိပ်မတွေ့မိဘူး... ဪ ဟုတ်သားပဲ"
လီဝမ်ရှီး တစ်ခုခုကို သတိရသွားပုံရပြီး လက်ခုပ်တီးကာ နွားမကို ညွှန်ပြလိုက်သည်။
"မနေ့က ကျွန်မ ပြန်လာတော့ နွားမက နည်းနည်း ဂနာမငြိမ်ဖြစ်နေတာ။ အရင်က အေးဆေးပါပဲ၊ ဒါပေမဲ့ သစ်ပင်အိမ်နား ရောက်ခါနီးမှာတင် သူက ရုတ်တရက် မာန်ဖီလာတာ"
"မာန်ဖီလာတာလား.. ဘယ်လိုမျိုးလဲ"
"သူက တောအုပ်ဘက်ကို ကြည့်ပြီး တရှူးရှူးနဲ့ နှာမှုတ်နေတာ၊ အဲဒီဘက်ကို ပြေးဝင်ချင်နေသလိုပဲ။ ကျွန်မက နွားမ ထွက်ပြေးချင်နေတာ ထင်လို့ သစ်ပင်အိမ်ရဲ့ တတိယထပ်ကို အတင်းခေါ်သွားလိုက်မှ သူ ပြန်ငြိမ်သွားတာ။ အဲဒါက ထူးဆန်းတာလားဟင်"
တောအုပ်ဘက်ကို နှာမှုတ်ပြီး ပြေးဝင်ချင်နေတာလား..။
ရွှီရှင်း မျက်လုံးကို မှေးလိုက်ပြီး နွားမကို မေးလိုက်သည်။
"နွားမ... မနေ့ညက မင်းပြန်လာတဲ့အချိန် တစ်ခုခုကို အာရုံခံမိသေးလား"
နွားမသည် ရွှီရှင်း၏ မေးခွန်းကို ကြားသောအခါ ဝပ်နေရာမှ ချက်ချင်းထရပ်ပြီး "မူး... မူး..." ဟု နှစ်ချက် အော်မြည်လိုက်သည်။
"အီး"
ခဲခဲကတော့ ထုံးစံအတိုင်း ဘာသာပြန်အဖြစ် တာဝန်ယူကာ လက်သည်းလေးများဖြင့် အမူအရာ ပြနေတော့သည်။
"ဝါး ခဲခဲလေးက တကယ် ချစ်စရာကောင်းတာပဲ"
လီဝမ်ရှီးက ခဲခဲကို ပြေးဖက်ချင်သော်လည်း ရွှီရှင်းက လှမ်းဆွဲထားလိုက်၏။
ရွှီရှင်းသည် ခဲခဲ၏ အမူအရာကို ကြည့်ပြီးနောက် ဇဝေဇဝါဖြစ်နေသော လီဝမ်ရှီးကို မေးလိုက်သည်။
"မနေ့က မင်းအပြင်ထွက်တော့ ဘာဝတ်သွားတာလဲ။ သံမဏိချပ်ဝတ်လား"
"အင်း..."
လီဝမ်ရှီး ခေါင်းညိတ်ပြသည်။
"သံမဏိချပ်ဝတ်က ကျွန်မရဲ့ အကောင်းဆုံး ပစ္စည်းပဲလေ။ အဲဒါဝတ်ထားမှ ခွန်အားတွေ ပိုထွက်ပြီး သတ္တုတူးရတာ လွယ်တာကိုး"
"မနေ့က နွားမ မာန်ဖီနေတာက တစ်နေရာတည်းကိုပဲ ဦးတည်နေတာလား"
"... ဟုတ်တယ်၊ ရှင် ဘာကို ဆိုလိုတာလဲ"
လီဝမ်ရှီး တစ်ခုခုကို ရိပ်မိသွားပုံရပြီး မျက်နှာပျက်သွား၏။
"... မင်းပြန်လာတဲ့အချိန်မှာ တစ်စုံတစ်ယောက်က သစ်ပင်အိမ်ဘေးက တောအုပ်ထဲမှာ ပုန်းနေတာပဲ။ အဲဒါကို နွားမက မြင်သွားတာ"
"ဟာ"
လီဝမ်ရှီး၏ မျက်နှာတွင် ထိတ်လန့်ရိပ်များ ချက်ချင်း ပေါ်လာပြီး ရွှီရှင်း၏ လက်မောင်းကို အလိုအလျောက် ဆုပ်ကိုင်လိုက်မိသည်။
"အဲဒီတုန်းက တစ်ယောက်ယောက် ရှိနေတာလား"
"အတိအကျပဲ။ သူက မင်းပြန်လာတာကို စောင့်ပြီး သတ်ဖို့ ကြံနေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကံကောင်းတာက မင်းက ဧရာမ ဗီဇပြောင်းနွားကြီးကို စီးလာတဲ့အပြင် တစ်ကိုယ်လုံးကို ကာကွယ်ထားတဲ့ သံမဏိချပ်ဝတ်တန်ဆာကို ဝတ်ထားတာကိုး။ သူက အမှောင်ထဲကနေ တွက်ချက်ကြည့်ပြီး မင်းကို ခိုးတိုက်လို့လည်း မရ၊ ထိပ်တိုက်တိုက်ရင်လည်း မနိုင်ဘူးလို့ ယူဆသွားလို့ ဘာမှမလုပ်ဘဲ နေလိုက်တာ ဖြစ်မှာ"
လီဝမ်ရှီး မှင်သက်သွားပြီး နွားမကို လှည့်ကြည့်လိုက်သည်။
"နွားမလေး... မနေ့က တကယ်ပဲ လူတစ်ယောက်ကို အာရုံခံမိတာလား"
ဧရာမ သွေးရောင်နွားကြီးက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်၏။
"ဒါက..."
လီဝမ်ရှီးသည် ကြောက်စိတ်မပြေသေးဘဲ ရွှီရှင်း၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။
"မင်းက တကယ်ကို ပေါ့ပျက်ပျက် နိုင်လွန်းတယ်။ နွားမရဲ့ တုံ့ပြန်မှုကို ကြည့်ကတည်းက ရန်သူရှိနေပြီဆိုတာ သိသင့်တာ"
ရွှီရှင်းမှာ လီဝမ်ရှီး၏ ပွင့်လင်းလွန်းသော စရိုက်ကြောင့် ဘာမှမတတ်နိုင်သလို ဖြစ်သွားရ၏။
ကံကောင်းလို့သာ သံမဏိချပ်ဝတ် ဝတ်ထားလို့ ချောင်းမြောင်းတိုက်ခိုက်တာကို မခံရတာ၊ မဟုတ်ရင် ဘယ်လိုသေသွားမလဲတောင် မသိနိုင်ဘူး..။
ဒါပေမဲ့ အကြောက်ရဆုံးကတော့ နွားမပဲ။
ငွေရောင်ဘုရင်ထက် ပိုကြီးမားပြီး သွေးစင်းတွေနဲ့ ပြည့်နေတဲ့ နွားမရဲ့ ကြွက်သားတွေက တကယ့်ကို သန်မာလှ၏။
သာမန်အားဖြင့်တော့ အဲဒီလို သားရဲကြီးကို စီးလာတဲ့သူကို ဘယ်သူမှ လာမရှုပ်ရဲကြချေ။
"ဟို...တောင်းပန်ပါတယ်..."
လီဝမ်ရှီးက ခေါင်းလေးငုံ့ပြီး သူမ၏ ခြေဖျားကို ကြည့်ကာ တောင်းပန်နေ၏။
"မင်းက ငါ့ကို ဘာလို့ တောင်းပန်နေတာလဲ..."
ရွှီရှင်း ဆွံ့အသွားသည်။
"ကဲ... မင်း သစ်ပင်အိမ်ထဲမှာပဲ နေခဲ့တော့။ ငါ တောင်ဘက်ကိုသွားပြီး အခြေအနေ ကြည့်လိုက်ဦးမယ်။ အကယ်၍ သုံးထပ်သစ်ပင်အိမ် မဟုတ်ရင်တော့ ငါ တိုက်ရိုက်ရှင်းပစ်မယ်။ တကယ်လို့ သုံးထပ် ဖြစ်နေရင်တောင် ငါ့မှာ နည်းလမ်းရှိပါတယ်၊ စိတ်မပူနဲ့"
တကယ်လို့ သုံးထပ်သစ်ပင်အိမ်သာ ဖြစ်နေရင် ရွှီရှင်း၏ စိတ်ထဲတွင် အသင့်တော်ဆုံး ဖြေရှင်းနည်းတစ်ခု ရှိပြီးသားဖြစ်သည်။
အဲဒါကတော့ လုဖေးအာပဲ။
သူမက ဒီအလုပ်အတွက် အသင့်တော်ဆုံးလူ ဖြစ်သည်။
သူမက နယ်မြေ ၁၈၇ က လူဖြစ်နေတဲ့အပြင် သူမရဲ့ သရုပ်ဆောင်မှု၊ ရုပ်ရည်နဲ့ ဗီဇပြောင်းဆေးကြောင့် သန်မာလာတဲ့ ခန္ဓာကိုယ်တို့ ပေါင်းစပ်လိုက်ရင် သူမကို သူငယ်ချင်းလို့ ထင်နေတဲ့ နယ်မြေ ၁၈၇ က လူတစ်ယောက်ကို အသာလေး ရှင်းပစ်ဖို့ဆိုတာ အပန်းမကြီးလှပေ။
ရွှီရှင်းအနေဖြင့် ကိုယ်တိုင် အန္တရာယ်ဖြစ်အောင် လုပ်စရာ မလိုတော့ပေ။
"ကျွန်မ... ကောင်းပါပြီ..."
လီဝမ်ရှီးက နှုတ်ခမ်းလေးစူကာ ဆက်ပြီး ဇွတ်မလိုက်တော့ပေ။
သူမ၏ ပေါ့ဆမှုကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာကိုလည်း သူမ ရှက်နေမိသည်။
"ရှင် ဘယ်လောက်ကြာမှာလဲဟင်"
"သိပ်မကြာပါဘူး။ သုံးထပ်သစ်ပင်အိမ် ဆိုရင်လည်း တစ်ချက်ကြည့်ပြီး ပြန်လာမှာပါ"
"အင်း... အင်း"
လီဝမ်ရှီးသည် ရွှီရှင်း၊ ခဲခဲနှင့် ငွေရောင်ဘုရင်တို့ကို သစ်ပင်အိမ်အောက်အထိ လိုက်ပို့ပေး၏။
ရွှီရှင်းက ဝံပုလွေကျောပေါ် ခုန်တက်လိုက်ပြီး စိမ်းလန်းနေသော တောင်ဘက်အရပ်သို့ အရှိန်ဖြင့် ထွက်ခွာလာခဲ့လေသည်။
"မြန်မြန်ပြန်လာနော်" ဟု လီဝမ်ရှီး နောက်ကနေ လှမ်းအော်လိုက်ရာ၊ ရွှီရှင်းက နောက်သို့ လက်ဝှေ့ယမ်းပြရင်း တောအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
"ခဲခဲ... ပတ်ဝန်းကျင်မှာ ရန်သူရှိလား"
ရွှီရှင်းက တဖြည်းဖြည်း နီးကပ်လာသော အစိမ်းရောင်နေရာကို ကြည့်ရင်း မေးလိုက်သည်။
"အီး" ခဲခဲက ခေါင်းခါပြ၏။
ငွေရောင်ဘုရင်သည် သစ်ပင်များကြားထဲမှ အမြန်ဆုံး ဖြတ်ကျော်ပြေးလွှားလာခဲ့ပြီး မကြာမီမှာပင် သစ်ပင်ပေါ်ရှိ သစ်ပင်အိမ်ကို ရွှီရှင်း အတိုင်းသား မြင်လိုက်ရသည်။
"တကယ်ပဲ... သုံးထပ်သစ်ပင်အိမ်ပါလား..."
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်၏။
သူသည် သစ်ပင်အိမ်နှင့် မီတာရာဂဏန်းအကွာတွင် ရပ်လိုက်ပြီး အကဲခတ်လိုက်၏။
"အီး"
ခဲခဲက သစ်ပင်အိမ်ဆီသို့ လက်ညှိုးလေး ထိုးပြလိုက်သည်။
"သစ်ပင်အိမ်ထဲမှာ လူရှိနေတာလား"
"အီး"
ခဲခဲက ခေါင်းလေး ညိတ်ပြ၏။
ဒီနေ့တော့ ဒီအိမ်ရှင်က အပြင်မထွက်ဘူး ထင်ပါရဲ့။
ဒီသုံးထပ်သစ်ပင်အိမ်ရဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းထားပြီး အပင်အချို့ စိုက်ပျိုးထားပေမဲ့ ကပ်ပါးသစ်ပင်အိမ်တွေကိုတော့ မတွေ့ရပေ။
ဒါက ရွှီရှင်းကို အနည်းငယ် စိတ်သက်သာရာ ရစေသည်။
ဒီရှင်ကျန်သူက နယ်မြေ ၁၈၈ က လူတွေကို မသတ်ထားဘူးဆိုတဲ့ သဘောပင်။
ဒါပေမဲ့ ဒါက သူ အားနည်းတယ်လို့တော့ မဆိုလိုချေ။
သစ်ပင်အိမ်ရဲ့ အပေါ်ပိုင်းမှာ တပ်ဆင်ထားတဲ့ မြားပစ်စက်ကြီးတွေကို ကြည့်ရုံနဲ့တင် ဘယ်သူမဆို ထိတ်လန့်သွားနိုင်၏။
ပတ်ဝန်းကျင်မှာ ကပ်ပါးသစ်ပင်အိမ်တွေ မရှိတာက ဒီနားက နယ်မြေ ၁၈၈ က လူတွေ သေဆုံးသွားတာ ကြာပြီမို့လို့လည်း ဖြစ်နိုင်သည်။
နယ်မြေ ၁၈၈ မှာ ရှင်ကျန်သူ ၃၀၀၀ ကျော် ရှိနေပေမဲ့ ၇၀၀၀ နီးပါး သေဆုံးသွားခဲ့တာကိုး။
ဒီနားမှာ လီဝမ်ရှီးတစ်ယောက်တည်းပဲ အသက်ရှင်ကျန်ခဲ့တာ ဖြစ်နိုင်၏။
ရွှီရှင်းသည် ငွေရောင်ဘုရင်ကို မီတာရာဂဏန်းအကွာမှာတင် ထားခဲ့လိုက်ပြီး၊ သူနှင့် ခဲခဲတို့သာ ဖြည်းဖြည်းချင်း အရှေ့သို့ တိုးသွားလိုက်သည်။
ငွေရောင်ဘုရင်က ဗီဇပြောင်းသားရဲ ဖြစ်သဖြင့် ရွှီရှင်းအတွက်တော့ မဟာမိတ်ဖြစ်သော်လည်း အခြားနယ်မြေက လူတွေအတွက်တော့ ထိုသို့ဖြစ်လိမ့်မည် မဟုတ်ပေ။
အကယ်၍ သစ်ပင်အိမ်က အလိုအလျောက် ပစ်ခတ်လိုက်ပါက ငွေရောင်ဘုရင် ထိခိုက်နိုင်သဖြင့် အဝေးမှာ ထားခဲ့ခြင်းက ပို၍ ဘေးကင်းပေသည်။
ဒါ့အပြင် အခုဆို တောအုပ်က အရွက်တွေမရှိဘဲ ခြောက်သွေ့နေတာကြောင့် သွေးအစင်းတွေနဲ့ ငွေရောင်ဘုရင်က မြင်သာလွန်းလှသည်။
ရွှီရှင်း၏ အကြေးခွံချပ်ဝတ်တန်ဆာကတော့ ခြောက်သွေ့နေချိန်တွင် လမ်းဘေးက ကျောက်တုံးတွေနဲ့ ဆင်တူသဖြင့် ပုန်းကွယ်ဖို့ ပိုပြီး အဆင်ပြေသည်။
ရွှီရှင်းသည် သစ်ရွက်ခြောက်တွေ နည်းတဲ့နေရာကို ရွေးပြီး နင်းလာခဲ့သည်။
မဟုတ်ရင် သစ်ရွက်ခြောက်နင်းသံက ကျယ်လွန်းလှသည်။
သူသည် တောအုပ်အစပ်သို့ ရောက်ခါနီးတွင် ခဲခဲက ရုတ်တရက် ရွှီရှင်း၏ ပါးကို လက်ကလေးနှင့်တို့ကာ "အီး" ဟု တိုးတိုးလေး အော်မြည်လိုက်ပြီး ပုခုံးပေါ်ကနေ ခုန်ဆင်းကာ သစ်ပင်တစ်ပင်ရဲ့ နောက်မှာ ပုန်းလိုက်သည်။
ငါ့ကို ပုန်းခိုင်းတာလား။
ရွှီရှင်းသည်လည်း ချက်ချင်းပင် ကြီးမားသော ပေါ့ပလာပင်ကြီးတစ်ပင်၏ နောက်သို့ ဝင်ပုန်းလိုက်သည်။
ထိုစဉ် သစ်ပင်အိမ်၏ ပြတင်းပေါက်မှ လူတစ်ယောက် ရုတ်တရက် ထွက်လာ၏။
ဆံပင်တိုတိုနှင့် အမျိုးသားတစ်ဦး ဖြစ်ပြီး လေးနှင့်မြားကို ကိုင်ကာ ရွှီရှင်းရှိရာဘက်သို့ ချိန်ထား၏။
"ဘယ်သူလဲ အပြင်ထွက်ခဲ့စမ်း"
တောက်... ဒီလောက် သတိထားနေတာတောင် အမိခံလိုက်ရတာပဲ။
ရန်သူက သူ့ကို ဘယ်လိုမြင်သွားလဲဆိုတာ သူ မသိသော်လည်း သုံးထပ်သစ်ပင်အိမ် ပိုင်ရှင်တစ်ယောက်ကိုတော့ လျှော့တွက်လို့ မရတာ အမှန်ပင်။
ဇွတ်အတင်းတော့ လုပ်လို့မရသေးချေ။
ဒါက သစ်ပင်အိမ်ရဲ့ အကာအကွယ်ကို ယူထားတဲ့သူ ဖြစ်သလို၊ သူ့ရဲ့ စွမ်းရည်ကိုလည်း သူ မသိသေးပေ။
ရန်သူက အိမ်ကွင်း အားသာချက်ကို ယူထားတာပင်။
"မပစ်နဲ့ဦး သူငယ်ချင်းပါ။ နယ်မြေ ၁၈၇ ကပါ"
ရွှီရှင်းက ခဲခဲကို သစ်ပင်နောက်မှာပဲ နေဖို့ အချက်ပြလိုက်ပြီး သူကိုယ်တိုင်ကတော့ လက်နှစ်ဖက်ကို မြှောက်ကာ အပြင်ကို ထွက်ပြလိုက်သည်။
သူ့ရဲ့ လက်ရှိ ဝတ်စုံနဲ့ဆိုရင် ရန်သူက မြားနဲ့ပစ်ရင်တောင် မထိခိုက်နိုင်တာကြောင့် သူက ရဲရဲဝံ့ဝံ့ပဲ ထွက်ပြလိုက်ခြင်း ဖြစ်သည်။
"နယ်မြေ ၁၈၇ ကလား"
ရန်သူက လေးကို အနည်းငယ် လျှော့ချလိုက်သည်။
"မင်းက ဘယ်ကလဲ နာမည်က ဘယ်သူလဲ" ဟု ရန်သူက လှမ်းမေး၏။
"ငါက မြောက်ဘက်က လာတာ။ ငါ့သစ်ပင်အိမ်က မြောက်ဘက် ခပ်လှမ်းလှမ်းမှာ ရှိတယ်။ မြောက်ဘက်မှာ မင်းရဲ့အိမ်နဲ့ တူတဲ့ အိမ်တစ်လုံးကို ဖြတ်လာခဲ့တာ။ ငါ့နာမည်က... ကုဟုန်ဟောင်ပါ" ဟု ရွှီရှင်းက လက်ကို မြှောက်ထားရင်း အော်ပြောလိုက်၏။
သူသည် ထိုလူကို သစ်ပင်အိမ်ထဲကနေ ထွက်လာအောင် လှည့်စားရန် ကြိုးစားနေခြင်း ဖြစ်သည်။
အကယ်၍ ထိုလူသာ သစ်ပင်အိမ်ထဲကနေ ထွက်လာပြီး သူ့နားကို ချဉ်းကပ်လာခဲ့မယ်ဆိုရင်တော့၊ သူ့ကို ဖမ်းဆီးဖို့ ရွှီရှင်းမှာ အပြည့်အဝ ယုံကြည်ချက် ရှိနေလေ၏။
---
အခန်း ၂၃၆ ပြီး။
အခန်း (၂၃၇) - ရွှီရှင်း၏ သရုပ်ဆောင်စွမ်းရည်
“ကုဟုန်ဟောင်လား...”
ထိုလူသည် ခေါင်းကို အနောက်သို့ ပြန်လှည့်သွားပြီး ကုဟုန်ဟောင်ဆိုသည့် နာမည်ကို စစ်ဆေးနေပုံရသည်။
ရွှီရှင်းသည်လည်း မြှောက်ထားသော လက်များကို ဖြည်းဖြည်းချင်း ချလိုက်ရင်း သစ်ပင်နောက်ကနေ ခေါင်းပြူကြည့်နေသည့် ခဲခဲကို ဘေးတစောင်း လှမ်းကြည့်လိုက်သည်။
ခဲခဲမှာလည်း ရွှီရှင်း၏ အကြည့်ကို မြင်သည်နှင့် ခေါင်းကို ပြန်ရုပ်သွားတော့၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သစ်ပင်အိမ်ထဲက အမျိုးသားမှာ ပြတင်းပေါက်တွင် ပြန်ပေါ်လာပြန်သည်။
"ငါတို့နယ်မြေမှာ မင်းအသက်ကို ကယ်ခဲ့တဲ့ ခေါင်းဆောင်နာမည်က ဘယ်သူလဲ၊ ပြီးတော့ အခု ငါတို့နယ်မြေမှာ လူဘယ်လောက် ကျန်သေးလဲ"
ဒီကောင်က တကယ့်ကို သတိကြီးတဲ့ကောင်ပဲ..။
သို့သော် သူ မမျှော်လင့်ထားသည့်အချက်မှာ ရွှီရှင်းက ထိုအချက်အလက်အားလုံးကို သိနေခြင်းပင်။
"အပင်နှလုံးသားအပိုင်းအစကို ပေးပြီး ကျွန်တော့်အသက်ကို ကယ်ခဲ့တာက ခေါင်းဆောင် ကျန်းတောက်ကွမ်ပါ။ အခု ကျွန်တော်တို့ နယ်မြေမှာ လူ ၈၀၀ ကျော် ကျန်ပါသေးတယ်၊ အားလုံးကို ခေါင်းဆောင် ကျန်းတောက်ကွမ်ကပဲ ကယ်ခဲ့တာပါ" ဟု ရွှီရှင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
လုဖေးအာနှင့် နီးစပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် သူ၏ သရုပ်ဆောင်မှုနှင့် ပရိယာယ်များမှာလည်း အတော်လေး တိုးတက်လာခဲ့ချေပြီ။
ဤစကားများကို ကြားရသောအခါ ထိုသူ၏ မျက်နှာမှာ သိသိသာသာ ပြေလျော့သွားပြီး လေးနှင့်မြားကို သိမ်းလိုက်တော့သည်။
"မင်း တော်တော်ဝေးဝေးကို ရောက်လာတာပဲ၊ သစ်ပင်အိမ်နယ်မြေ တစ်ခုလုံးကိုတောင် ဖြတ်ကျော်လာတာပေါ့"
"လူချင်းမတွေ့ရတာ ကြာပြီဆိုတော့ တစ်ယောက်ယောက်နဲ့ တကယ်တွေ့ချင်နေတာပါ။ အခုလို ကိုယ့်နယ်မြေက လူနဲ့ တွေ့ရတော့ တကယ်ကို ဝမ်းသာပါတယ်"
ရွှီရှင်းက သက်သောင့်သက်သာရှိသော အပြုံးတစ်ခုကို ပြလိုက်ရင်း နောက်က သစ်ပင်ကို မှီလိုက်သည်။
"နောက်ဆုံးတော့ ကိုယ့်နယ်မြေက လူတစ်ယောက်နဲ့ တွေ့ရပြီပဲ"
"မင်းတင် မဟုတ်ပါဘူး၊ ငါလည်း ကိုယ့်နယ်မြေက လူချင်းတွေ့တာ ဒါ ပထမဆုံးပဲ"
ထိုလူသည် ပထမထပ် ပြတင်းပေါက်ကနေ ဆက်ပြောနေသော်လည်း အောက်ကို ဆင်းလာမည့် အရိပ်အယောင်တော့ မပြသေးပေ။
"အခုလို အချိန်မျိုးမှာ ခရီးဝေးသွားရဲတဲ့သူက မင်းလိုလူမျိုး ရှားပါတယ်။ ငါတောင် မသွားရဲဘူး"
"တစ်ယောက်တည်း နေရတာ ကြာလာတော့ တကယ်ကို မခံစားနိုင်တော့လို့ပါ။ မြောက်ဘက်က တခြားနယ်မြေက သစ်ပင်အိမ်ရှင်ကိုတောင် သွားနှုတ်ဆက်မလို့ပဲ၊ ဒါပေမဲ့ ခေါင်းဆောင်တောက်ကွမ် ပြောခဲ့တဲ့ တခြားနယ်မြေကလူတွေဟာ ရန်သူတွေပဲဆိုတဲ့ စကားကို သတိရလို့ ဒီဘက်ကိုပဲ ပြေးလာခဲ့တာ"
ရွှီရှင်းက သက်ပြင်းအရှည်ကြီး ချလိုက်ရင်း..
"အစ်ကို... အဝေးကကြည့်ရင် အစ်ကို့အိမ်က တကယ်ကြီးတာပဲ။ ကျွန်တော် ထင်တာတော့ အစ်ကိုက ကျွန်တော်တို့ နယ်မြေရဲ့ ထိပ်သီးတစ်ယောက် ဖြစ်ရမယ်။ အဆင့်သတ်မှတ်ချက်ထဲက လူစွမ်းကောင်းတစ်ယောက် မဟုတ်လား"
"မင်း ငါ့နာမည်ကို ကြားဖူးမှာပါ။ ငါက မာဟုန်ဝေပဲ"
မာဟုန်ဝေက သူ၏ နာရီကို မြှောက်ပြလိုက်၏။
မာဟုန်ဝေ...
ရွှီရှင်း ဤနာမည်ကို ခပ်ရေးရေး မှတ်မိနေသည်။
သူ့ကို အမှတ်ရစေသည့် နာမည်များမှာ နယ်မြေ ၁၈၇ ၏ အမျိုးမျိုးသော အဆင့်သတ်မှတ်ချက် ထိပ်သီးဆယ်ယောက်စာရင်းတွင် ပါဝင်ဖူးသူများ ဖြစ်ရမည်။
"မာဟုန်ဝေ... ထိပ်သီးဆယ်ယောက်ထဲက လူကြီးပါလား"
ရွှီရှင်းက အံ့သြသွားသည့် ပုံစံဖမ်းကာ မျက်လုံးများကို ပြူးပြလိုက်သည်။
"ဟဟ... မင်းကလည်း ချီးမွမ်းလွန်းနေပါပြီ"
မာဟုန်ဝေ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသည့် အပြုံး ပေါ်လာသော်လည်း ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားသည်။
"နေဦး... ထိပ်သီးဆယ်ယောက်ထဲမှာ မပါတဲ့သူက တခြားနယ်မြေကလူတွေဟာ ရန်သူတွေပဲဆိုတာကို ဘယ်လိုလုပ် သိတာလဲ။ ခေါင်းဆောင်တောက်ကွမ်က အဆင့်သတ်မှတ်ချက် ထိပ်ပိုင်းကလူတွေကိုပဲ အဲဒီအကြောင်း ပြောပြထားတာလေ။ မင်း ငါ့ကို လိမ်နေတာလား။ မင်းကလည်း ထိပ်သီးဆယ်ယောက်ထဲက တစ်ယောက်လား။ ဘာကို ဖုံးကွယ်ချင်လို့လဲ"
မာဟုန်ဝေ၏ အကြည့်များက စူးရှသွားသည်။
ငယီး..ဒီကောင်က တကယ်ကို သံသယကြီးတဲ့ကောင်ပဲ။
"ဘာတွေ ပြောနေတာလဲ အစ်ကိုကြီးရယ်။ ကျွန်တော်က လုဖေးအာနဲ့ အတူတူ နေတာပါ။ အဲဒါကို အစ်မဖေးအာက ကျွန်တော့်ကို ပြောပြထားတာ"
ရွှီရှင်းက ဝမ်းနည်းသွားသည့် ပုံစံဖြင့် ပြောလိုက်သည်။
သူ့ကိုယ်ထဲသို့ လုဖေးအာ ပူးဝင်လာသလိုပင် သူ၏ သရုပ်ဆောင်မှုများမှာ အရှိန်တက်လာတော့သည်။
အမှန်အတိုင်း ပြောရလျှင် ဤခံစားချက်မှာ မဆိုးလှပေ။
"လုဖေးအာ ဟုတ်လား။ အော်... မင်းက လုဖေးအာ ပြောပြတာလို့ ပြောလိုတာပေါ့၊ ခဏနေဦး... ငါ အတည်ပြုလိုက်မယ်"
မာဟုန်ဝေက သူ၏ ဘယ်ဘက်လက်ကို မြှောက်ပြီး နာရီကို ပွတ်လိုက်ရာ စခရင်လေးတစ်ခု ပေါ်လာပြီး လုဖေးအာကို ဆက်သွယ်နေပုံရသည်။
ရွှီရှင်း မျက်လုံးကို မှေးလိုက်မိသည်။
အခုသာ ပေါက်ကွဲ မြားနဲ့ ပြတင်းပေါက်ထဲကို ပစ်ထည့်လိုက်ရင် သူ့ကို သတ်နိုင်မလား...။
သို့သော် သစ်ပင်ထိပ်တွင် ပုန်းကွယ်နေသော မြားစက်ကြီးကို မြင်လိုက်ရသောအခါ ထိုစိတ်ကူးကို လက်လျှော့လိုက်ရ၏။
သူ တစ်ခုခုလုပ်လိုက်သည်နှင့် ထိုလေးမြားစက်များက မြားမိုးရွာချတော့မည် ဖြစ်ရာ ရန်သူသေသွားလျှင်တောင် သူလည်း အသက်ရှင်နိုင်မှာ မဟုတ်ပေ။
...
ရွှီရှင်း၏ ပင်မသစ်ပင်အိမ်တွင်မူ လုဖေးအာသည် ဆိုဖာပေါ်တွင် ပျင်းရိစွာ လဲလျောင်းရင်း နယ်မြေချန်နယ်နှင့် အဖွဲ့ငယ်လေးထဲတွင် ရှင်ကျန်သူများနှင့် စကားပြောနေ၏။
ရွှီရှင်းက သူမကို နယ်မြေထဲက ထိပ်သီးဆယ်ယောက်ကို ဆက်သွယ်ပြီး သူတို့ရှိတဲ့နေရာကို စုံစမ်းဖို့ ခိုင်းထားသော်လည်း သူမကတော့ ခုမှ နာလန်ထစ ဖြစ်သဖြင့် ဘာမှမလုပ်ချင်ဘဲ အေးဆေးနားကာ စကားပဲ ပြောချင်နေခြင်း ဖြစ်သည်။
သူမသည် ထိုထိပ်သီးဆယ်ယောက်ကို တစ်ခါမှ မဆက်သွယ်ဖူးသဖြင့် ယခုလည်း ဘာပြောရမှန်း မသိဖြစ်နေသည်။
"အင်း... နေလည်ကျမှပဲ လုပ်တော့မယ်။ နေလည်ကျမှ သူတို့ ဘယ်မှာရှိလဲဆိုတာ စုံစမ်းကြည့်မယ်"
သူမသည် ဆိုဖာပေါ်တွင် မှောက်လျက် အိပ်လိုက်ရင်း ချန်နယ်ကို ဆက်ကြည့်နေမိသည်။
"ဒီဆိုဖာက တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ။ ရွှီရှင်း ပြန်လာရင် ငါ့ရဲ့ ကပ်ပါးသစ်ပင်အိမ်အတွက်လည်း တစ်လုံး လုပ်ခိုင်းရမယ်" ဟု လုဖေးအာက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမ၏ ဘေးတွင် လုဖေးအာကို စောင့်ကြည့်ရန် တာဝန်ပေးထားသော မီမီက ပျင်းရိစွာ သမ်းဝေလိုက်ကာ သူမ၏ ခြေဖျားများကို လျက်နေ၏။
ထိုစဉ် လုဖေးအာထံသို့ သီးသန့်စာတစ်စောင် ရောက်လာ၏။
"ဟင်။ မာဟုန်ဝေလား ဒီနာမည်က ရင်းနှီးသလိုပဲ... သူက အရင် ပြိုင်ပွဲတွေတုန်းက ထိပ်သီးဆယ်ယောက်ထဲ ပါခဲ့တဲ့သူ မဟုတ်လား"
လုဖေးအာ အနည်းငယ် အံ့သြသွားသည်။
သူမက မဆက်သွယ်ရသေးခင် သူက အရင်ဦးအောင် ဆက်သွယ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"လုဖေးအာ... ဒီမှာ ကုဟုန်ဟောင်ဆိုတဲ့ လူတစ်ယောက် ရောက်နေတယ်။ သူက မင်းရဲ့ လက်အောက်ငယ်သားလို့ ပြောနေတယ်။ မင်းကိုလည်း အစ်မဖေးအာလို့ ခေါ်နေပြီး၊ တခြားနယ်မြေကလူတွေက ရန်သူတွေ၊ ကိုယ့်နယ်မြေကလူတွေက မဟာမိတ်တွေဆိုတာကို မင်းက ပြောပြထားတာတဲ့။ အဲဒါ တကယ်ပဲလား"
ဤစာကို ဖတ်ပြီးနောက် လုဖေးအာ စက္ကန့်အနည်းငယ်မျှ ကြောင်သွားသည်။
သူမ ထိုအကြောင်းကို အဖွဲ့ငယ်လေးထဲမှာ ပြောခဲ့ဖူးတာတော့ အမှန်ပင်၊ ဒါပေမဲ့...
ကုဟုန်ဟောင်လား....
သူက စောစောလေးတင် အဖွဲ့ထဲမှာ စကားပြောနေတာ မဟုတ်ဘူးလား။
ဘယ်လိုလုပ်ပြီး တခြားသူရဲ့ သစ်ပင်အိမ်ကို ချက်ချင်း ရောက်သွားနိုင်မှာလဲ။
သူ့မှာ အဝေးကနေ ဆက်သွယ်နိုင်တဲ့ အပြာရောင်အဆင့် နာရီတောင် မရှိဘဲနဲ့...။
ဒါ့အပြင် အစ်မဖေးအာ တဲ့လား..။
အဲဒီ ရွံစရာကောင်းတဲ့ကောင်က သူမကို ဘယ်တုန်းက အဲဒီလို ခေါ်ဖူးလို့လဲ...။
အမြဲတမ်း ဖေးအာ... ဖေးအာ နဲ့ စိတ်ထဲမှာ ရွံစရာကောင်းတဲ့ အတွေးတွေနဲ့ သူမကို နှောက်ယှက်နေတဲ့သူလေ...။
---
အခန်း ၂၃၇ ပြီး။