← Chapters

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈) - ရွှီရှင်း၏ သရုပ်ဆောင်စွမ်းရည် (၂)

တကယ်တမ်းတွင် သူမသည် အဆက်အသွယ်များပြီး သတင်းအချက်အလက် စုံလင်သူတစ်ဦး မဟုတ်ခဲ့လျှင် ကုဟုန်ဟောင်ကဲ့သို့ အသုံးမကျသော အညစ်အကြေးကို သူမ၏ အဖွဲ့လေးထဲသို့ ဆွဲသွင်းခဲ့မည်မဟုတ်ပေ။

ထို့ကြောင့် ယခုရောက်နေသော ကုဟုန်ဟောင်ဆိုသူမှာ အတုအယောင်ဖြစ်ကြောင်း သူမ ကျိန်းသေပေါက် သိလိုက်သည်။

လုဖေးအာသည် ထိုလူမှာ ကုဟုန်ဟောင်မဟုတ်ကြောင်း မာဟုန်ဝေကို တိုက်ရိုက်ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူမ၏ ပါးစပ်ကို ပြန်ပိတ်လိုက်မိသည်။

နေဦး...

ဒီလူက ဘယ်လိုလုပ် အကုန်လုံးကို ဒီလောက် အသေးစိတ် သိနေရတာလဲ...။

သူမ၏ အဖွဲ့ထဲက အချက်အလက်တွေကို ဒီလောက်အထိ သိနိုင်တာဆိုလို့ တစ်ယောက်တည်းပဲ ရှိတယ် မဟုတ်လား။

ဒီ ကုဟောင်ဟောင် အတုက... ရွှီရှင်းများလား။

ဖြစ်နိုင်ခြေ အတော်လေး များနေသည်။

"နင့်ဆီက လူက ပုံစံ ဘယ်လိုလဲ" ဟု သူမက မာဟုန်ဝေထံ စာပြန်လိုက်သည်။

"တော်တော်လေး ချောတယ်၊ ဝတ်ထားတဲ့ အင်္ကျီကတော့ တစ်ခါမှမမြင်ဖူးတဲ့ ပုံစံပဲ၊ နည်းနည်းထူးဆန်းတယ်... လမ်းဘေးက ကျောက်တုံးတွေနဲ့တောင် ဆင်တူနေသေးတယ်"

ရွှီရှင်း အစစ်ပဲဟ..။

"ဟင်း"

လုဖေးအာ၏ နှုတ်ခမ်းအစုံမှာ ပါးနပ်သော အပြုံးတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ကွေးညွတ်သွားတော့သည်။

"မယုံနိုင်စရာပဲ... ဒီလူကြီးက ငါ့ရဲ့ သရုပ်ဆောင်ကွက်တွေကို အတုခိုးတဲ့အဆင့်အထိတောင် ကျဆင်းသွားပြီပေါ့လေ။ သူ့ကို ငါ နည်းနည်းလောက် ပညာပေးလိုက်ရမလား... ဒါမှမဟုတ်..."

လုဖေးအာ တစ်ယောက်တည်း ရေရွတ်နေမိသည်။

သို့သော် နောက်ဆုံးတွင် သူမ မလုပ်ရဲခဲ့ပေ။

ပထမအချက်မှာ သူမချုပ်ဆိုထားသော စာချုပ်ကြောင့် ကိုယ်ပိုင်အသိစိတ်ဖြင့် ထိုကဲ့သို့သော အရာမျိုးကို မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

၎င်းမှာ လူနာကို သတ်ရန် အခွင့်အရေးရသော်လည်း မိမိ၏ ကျင့်ဝတ်သိက္ခာကြောင့် ခွဲစိတ်ကုတင်ပေါ်တွင် လူသတ်မှု မကျူးလွန်နိုင်သည့် စိတ်ရင်းစေတနာကောင်းသော ဆရာဝန်တစ်ဦးကဲ့သို့ပင်။

သူမ၏ အတွေးများက သူမ၏ လုပ်ရပ်များကို ထိန်းချုပ်ကန့်သတ်ထားခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ ရွှီရှင်း သူမကို ပြောခဲ့ဖူးသော စကားများကို သူမ ယုံကြည်သောကြောင့် ဖြစ်သည်။

အကယ်၍ ရွှီရှင်းသာ သေသွားပါက သူမလည်း အသက်ရှင်နိုင်မည်မဟုတ်ကြောင်း သူမ ခံစားရသဖြင့် သူ့ကို အန္တရာယ်ဖြစ်အောင် မလုပ်ရဲပေ။

၎င်းပြင် သူမသာ သူ့ကို ပညာပေးလိုက်လို့ သူ ပြန်လာပြီး လက်စားချေမည်ဆိုပါက သူမအတွက် ပြဿနာတက်ပေလိမ့်မည်။

ထိုလက်ကောက်ထဲကို နောက်တစ်ကြိမ် ထပ်အထည့်မခံနိုင်တော့ဘူး..။

လက်ကောက်အကြောင်း စဉ်းစားလိုက်သည်နှင့် လုဖေးအာမှာ သွားကြိတ်မိလုမတတ် နာကျည်းသွားရပြီး တစ်နေ့နေ့တွင် ထိုလက်ကောက်ကို ဖျက်ဆီးပစ်ရန် ကျိန်ဆိုလိုက်မိသည်။

အဲဒီလူကြီးက သူမကို ဒီလက်ကောက်နဲ့ အမြဲ ခြိမ်းခြောက်နေတာကိုး..။

လုံဖေးအာ စိတ်ကို ပြန်ထိန်းလိုက်ပြီး သူမ၏ နာရီထဲသို့ စာရိုက်လိုက်သည်။

"ဟုတ်တယ်၊ အဲဒါ သူပဲ ဖြစ်ရမယ်။ ပတ်ဝန်းကျင်မှာ ရန်သူတွေ ဝိုင်းနေတယ်ဆိုတာကို ငါပဲ သူ့ကို ပြောပြထားတာ။ ဒါနဲ့... သူက ငါစိတ်ဝင်စားနေတဲ့ လူနော်။ သူ့ကို တစ်ခုခုလုပ်ရဲရင်တော့ နင်အသေပဲ၊ ငါ့ရဲ့ အဆင့်က နင့်ထက် အများကြီး သာတယ်ဆိုတာ မမေ့နဲ့ဦး"

သူ့ကို ကူညီပေးထားခြင်းက သူပြန်လာသည့်အခါ သူမအတွက် အမှတ်ရစရာ တစ်ခုခု ဖြစ်လာနိုင်သည် မဟုတ်ပါလား။

...

"တောက်... အစ်ကိုကြီးရာ၊ မင်းကတော့ တကယ့်ကို လူထူးဆန်းပဲဗျာ"

လုဖေးအာ၏ အဖြေကို မြင်လိုက်ရသောအခါ မာဟုန်ဝေမှာ မနေနိုင်ဘဲ ဆဲမိတော့သည်။

"ဘာဖြစ်လို့လဲ"

ရွှီရှင်းက ဇဝေဇဝါ ဖြစ်နေသော ပုံစံကို ပြလိုက်၏။

ဤအမူအရာမှာ သရုပ်ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် နားမလည်ခြင်း ဖြစ်သည်။

လုဖေးအာ တစ်ခုခု မှားယွင်းပြောမိမှာကို သူ စိုးရိမ်နေပြီး၊ အခြေအနေ မဟန်ပါက ချက်ချင်း ထွက်ပြေးရန် ပြင်ထားသော်လည်း မာဟုန်ဝေ၏ ဤကဲ့သို့ တုံ့ပြန်မှုကိုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

အခြေအနေအရဆိုလျှင် အရာအားလုံး အဆင်ပြေသွားပုံရသည်။

ဒါပေမဲ့ ကုဟုန်ဟောင် အနေနဲ့ လုဖေးအာရဲ့ လက်အောက်ငယ်သား ဖြစ်နေတာက ဘာများ အထင်ကြီးစရာ ရှိလို့လဲ..။

"ရုပ်ချောတာက တကယ့်ကို အားသာချက်ပဲဗျာ။ နယ်မြေတစ်ခုလုံးရဲ့ ထိပ်သီးငါးယောက်စာရင်းဝင် အမျိုးသမီးတစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်တယ်ဆိုတော့... အင်း... ငါတော့ လက်လျှော့လိုက်ပြီ..."

မာဟုန်ဝေမှာ မနာလိုဝန်တိုမှုများ အထွတ်အထိပ်သို့ ရောက်နေချေပြီ။

ထိပ်သီးဆယ်ယောက်ထဲ ပါနေလည်း ဘာထူးမှာလဲ။

ကမ္ဘာမြေပေါ်မှာတုန်းကရော၊ အခု ဒီကမ္ဘာမှာရော သူက အမျိုးသမီးတွေနဲ့ စကားတောင် သေချာမပြောဖူးချေ။

အခုတော့ သစ်ပင်အိမ်အောက်က သိပ်ပြီး သန်မာပုံမရတဲ့ ဒီလူချောလေးက အပြင်မှာတောင် လူချင်းမတွေ့ရသေးဘဲ နယ်မြေတစ်ခုလုံးရဲ့ ထိပ်သီးငါးယောက်ထဲက အမျိုးသမီးတစ်ယောက်ကို ဖမ်းစားထားနိုင်ပြီတဲ့လား။

ဒါက တကယ်ကို မတရားဘူး..။

"ဟင်"

ရွှီရှင်း ကြောင်အမ်းသွားရသည်။

လုဖေးအာက ကုဟုန်ဟောင်ကို စိတ်ဝင်စားနေတာလား။

ဒါဆို သူမက အဖွဲ့ထဲမှာ ရွံစရာစကားတွေ အမြဲပြောနေတဲ့ အဲဒီလူကို ကြိုက်နေတာပေါ့..။

သူမရဲ့ အကြိုက်ကလည်း တော်တော်လေးကို ထူးဆန်းတာပဲ။

ဒါပေမဲ့ ဒါက သူ့အတွက်တော့ အရေးမကြီးလှပေ။

လုဖေးအာက သူ့ကို တကယ်ကြိုက်နေတယ်ဆိုရင် နောက်ကျရင် ကုဟုန်ဟောင်ကို ဖမ်းခိုင်းပြီး သူ့အတွက် အလုပ်ခိုင်းရုံပင်။

အားလုံးအတွက် အဆင်ပြေသွားတာပေါ့..။

သူက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုပ်လိုက်ရင်း..

"မဟုတ်ပါဘူးဗျာ... ကျွန်တော်တို့က အစပိုင်းမှာ ကုန်သွယ်မှုတစ်ခု လုပ်ဖြစ်ရင်းကနေ ခဏခဏ ဗီဒီယိုတွေ၊ အသံတွေနဲ့ စကားပြောဖြစ်ကြတာပါ။ ကြာလာတော့လည်း ဒီလိုပဲ ဖြစ်သွားတာပေါ့"

"ဝါး... အစ်ကိုကုရာ... မြန်မြန်ပဲ ထွက်သွားလိုက်ပါတော့ဗျာ။ ငါ မင်းကို မနှောက်ယှက်ရဲပါဘူး"

မာဟုန်ဝေက ရွှီရှင်းကို အမြန်ထွက်သွားစေချင်သဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

မြင်နေရတာ မျက်စိနောက်လှသဖြင့် ရွှီရှင်း၏ မျက်နှာကို ဓားနဲ့ အချက်ပေါင်းများစွာ မွှန်းပစ်ချင်သော်လည်း လုဖေးအာကိုတော့ သူ မဆန့်ကျင်ရဲပေ။

သူက ထိပ်သီးဆယ်ယောက်စာရင်းထဲကို နှစ်ကြိမ်ပဲ ဝင်ဖူးသော်လည်း လုဖေးအာကတော့ အမြဲတမ်း ထိပ်သီးငါးယောက်ထဲမှာ ရှိနေသူ ဖြစ်သည်။

သူတို့နှစ်ယောက်ရဲ့ စွမ်းအားက အဆင့်ချင်း လုံးဝ မတူလှပေ။

အကယ်၍ လုဖေးအာသာ သူ့ကို စိတ်ဆိုးသွားပါက ခေါင်းဆောင် ကျန်းတောက်ကွမ်ကလည်း လုဖေးအာဘက်ကပဲ ရပ်တည်မှာ အသေအချာပင်။

စိန်ခေါ်ဖို့ကတော့ အန္တရာယ် များလွန်းသည်။

"ဟင် အစ်ကိုမာ... ကျွန်တော်တို့ ခုမှတွေ့တာလေ။ ကျွန်တော်လည်း ဒီအထိ ခရီးဝေးကြီး လာခဲ့ရတာဆိုတော့ အောက်ဆင်းပြီး စကားပြောကြရအောင်လား။ ဒါမှမဟုတ် ကျွန်တော့်ကို အပေါ်ပေးတက်လေ။ ကျွန်တော်တို့က နယ်မြေတူတူပဲဟာကို... အစ်ကိုက ကျွန်တော့်ကို အန္တရာယ်ပြုမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံပါတယ်"

ရွှီရှင်းက ပြောရင်း သူ၏ ကျောပိုးအိတ်ထဲမှ ဗီဇပြောင်းသားရဲအသား တစ်တုံးကို ထုတ်လိုက်သည်။

"ကြည့်ပါဦး... ကျွန်တော့်မှာ အသားတွေ ပါတယ်ဗျ။ အသားကင်စားရင်း စကားပြောကြရင် တကယ်ကောင်းမှာပဲ မဟုတ်လား"

ဘယ်သူက မင်းနဲ့ ချက်ချင်းကြီး ရင်းနှီးချင်နေလို့လဲဟ..။

မာဟုန်ဝေက သူ့မျက်နှာကို ကြည့်ပြီး လှောင်ရယ်ချင်သော်လည်း ရွှီရှင်းလက်ထဲက အသားကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းသွားပြီး နှုတ်ခမ်းကို လျက်လိုက်မိသည်။

သူ အသားမစားရတာ ရက်တော်တော်ကြာပြီ ဖြစ်ရာ အမှန်တကယ်ပင် တောင့်တနေမိခြင်း ဖြစ်သည်။

သို့သော် နောက်ဆုံးတွင်တော့ သူ၏ အလွန်အမင်း သတိကြီးသော စရိုက်က သူ၏ အလိုရမ္မက်ကို ဖိနှိပ်လိုက်ပြန်သည်။

"ထားလိုက်ပါတော့... ဒီအသားကလည်း လုဖေးအာ ပေးထားတာပဲ ဖြစ်မှာပါ။ ငါ့မှာတောင် မရှိတာကို အဆင့် ၁၀၀ ထဲမှာတောင် မပါတဲ့ မင်းဆီမှာ ဘယ်လိုလုပ် ရှိမှာလဲ။ အဲဒါကို မင်းဘာသာပဲ စားလိုက်ပါ။ လုဖေးအာ ငါ့ကို လာပြဿနာမရှာအောင်လို့... အခုတော့ မြန်မြန်ပဲ ထွက်သွားပါတော့"

"ဒါက..."

ရွှီရှင်း ဆွံ့အသွားရသည်။

ဒီလူက ဘယ်လောက်တောင် ကြောက်တတ်တာလဲဟ။

သူ့ကို အပေါ်လည်း ပေးမတက်သလို သစ်ပင်အိမ်ထဲကနေ ထွက်ဖို့တောင် မဝံ့မရဲ ဖြစ်နေ၏။

ရွှီရှင်းက သူ့ကိုယ်သူ ကုဟုန်ဟောင် လို့ အတည်ပြုပေးထားတာတောင်မှ ဒီလောက်အထိ ကြောက်နေသေးတာလား..။

ရွှီရှင်းကတော့ လက်လျှော့လိုက်ရုံသာ ရှိတော့သည်။

သူက - "ကောင်းပါပြီ အစ်ကိုမာ... ကျွန်တော် သွားပါတော့မယ်။ ဒါပေမဲ့ မေးခွန်းတစ်ခုလောက် မေးချင်လို့ပါ။ မြောက်ဘက်က သစ်ပင်အိမ်အကြောင်း ဘာများ သိထားလဲဗျ။ ကျွန်တော်က အစ်မဖေးအာအတွက် ပတ်ဝန်းကျင် အခြေအနေတွေကို စုံစမ်းပေးနေလို့ပါ"

"အော်... မြောက်ဘက်က အိမ်လား"

မာဟုန်ဝေက မငြင်းဘဲ ဖြေလိုက်၏။

ရွှီရှင်းက လုဖေးအာအတွက် သတင်းစုပေးနေတာဆိုတော့ သူမအပေါ် အမှတ်ကောင်းရအောင်လို့ ပြောပြလိုက်ခြင်း ဖြစ်ရမည်။

"အဲဒီအိမ်မှာ မိန်းကလေးတစ်ယောက် နေတာကွ။ ဟိုး... သူမက တကယ်ကို လှတာ။ ပြီးခဲ့တဲ့အကြိမ် သူမကို တွေ့လိုက်ရတုန်းကဆိုရင် ငါတောင် မနည်း စိတ်ထိန်းလိုက်ရတယ်"

---

အခန်း ၂၃၈ ပြီး။

အခန်း (၂၃၉) - ရွှီရှင်း၏ သရုပ်ဆောင်စွမ်းရည် (၃)

ရွှီရှင်း၏ မျက်ခုံးများ သိသိသာသာ လှုပ်ခတ်သွားသည်။

"... ဒါနဲ့ နောက်ပိုင်း ဘာဆက်ဖြစ်လဲ။ အပေါ်တက်သွားသေးလား"

"မတက်ပါဘူး....။ အစ်ကိုကု၊ ကျုပ်ပြောပြမယ်... မင်း အဲဒီသစ်ပင်အိမ်ကလူနဲ့ မတွေ့ခဲ့တာ တကယ်ကံကောင်းတာ"

မာဟုန်ဝေက စိတ်ပါလက်ပါဖြင့် အားရပါးရ စတင်ပြောဆိုတော့သည်။

"အဲဒီမိန်းကလေးက သံမဏိဝတ်စုံကို ဝတ်ထားပြီး ဧရာမ ဗီဇပြောင်းနွားကြီးကို စီးထားတာဗျ။ ကြည့်ရတာ ဘေးနယ်မြေက တကယ့် အစွမ်းထက်တဲ့သူပဲ ဖြစ်ရမယ်။ ကျုပ် နယ်မြေ ၁၈၇ ရဲ့ အိမ်နီးချင်း နယ်မြေ ၁၈၈ ရဲ့ အကာအကွယ်တိုက်ပွဲ အဆင့်သတ်မှတ်ချက်ကို သေချာစစ်ကြည့်ပြီးပြီ။ အဲဒီမှာ လူလေးယောက်ပဲ ကျန်တာ၊ အမျိုးသမီးဆိုလို့ ဝမ်ကွေရှင်း ဆိုတဲ့ တစ်ယောက်ပဲ ရှိတယ်။ မြောက်ဘက်က အဲဒီမိန်းမဟာ ဝမ်ကွေရှင်း ဖြစ်ရမယ်။ ကျုပ်ကတော့ ပြဿနာမရှာချင်ဘူး။ အဲဒီမိန်းမ ငါ့အိမ်ကို လာသိမ်းမှာ ကြောက်လို့ ဒီနေ့ အပြင်တောင် မထွက်ရဲဘူး"

ရွှီရှင်း : "... တကယ်လို့ သူမက အဲဒီလောက်တောင် သန်မာနေရင် မင်း အိမ်မှာ ရှိနေတာနဲ့ မရှိတာက ဘာများ ကွာခြားလို့လဲ"

မာဟုန်ဝေ : "ကွာတာပေါ့ဗျာ။ ကျုပ်မှာက..."

သူ့လေသံက ရုတ်တရက် ရပ်တန့်သွားပြီး ဆက်မပြောတော့ဘဲ စိတ်မရှည်သလိုဖြင့်..

"မင်းကို ဒါတွေ ဘာလို့ လျှောက်ပြောနေမိပါလိမ့်၊ မင်းလည်း မြန်မြန်ပဲ သွားတော့"

သူ့မှာ တစ်စုံတစ်ရာ အားကိုးစရာ ရှိနေသည်မှာ အသေအချာပင်။

ကြည့်ရတာ ဒီလူက လီဝမ်ရှီးကို မကြာခင် သွားနှောက်ယှက်မည့်ပုံ မပေါ်ပေ။

အပြင်တောင် မထွက်ရဲသည့်လူက လီဝမ်ရှီးကို သတ်ဖို့ဆိုတာ ပိုတောင် ဝေးသေးသည်။

သို့သော်လည်း...

"အစ်ကိုမာ... ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်၊ နားထောင်ကြည့်မလား။ အဲဒါက မြောက်ဘက်က ပြဿနာကို ဖြေရှင်းဖို့ ကူညီပေးနိုင်လိမ့်မယ်"

"ဘာအကြံလဲ"

ရွှီရှင်း၏ စကားကြောင့် မာဟုန်ဝေ ချက်ချင်းပင် နားစွင့်လာသည်။

"တကယ်တော့ အစ်မဖေးအာကလည်း ကျွန်တော်တို့နဲ့ နီးနီးနားနားမှာပဲ ရှိတာ။ မိုးရာသီတုန်းက သူမလည်း ဒီနားမှာ ထူးဆန်းတဲ့ အလင်းစက်တွေကို တွေ့ခဲ့ရတယ်လို့ ပြောတယ်။ အဲဒီ ထူးဆန်းတဲ့ အလင်းက ဒီနေရာကနေပဲ မြင်ရတာလေ။ ကျွန်တော်ကတော့ အစ်မဖေးအာကို ရှာဖို့ ထွက်လာတာပါ။ နောက်ရက်အနည်းငယ်အတွင်း သူမကို ရှာတွေ့နိုင်မယ်လို့ ထင်တယ်"

"အဲဒီတော့ ဘာဖြစ်လဲ"

"ကျွန်တော်တို့တွေ ပူးပေါင်းပြီး မြောက်ဘက်က သစ်ပင်အိမ်ကို ဖြေရှင်းလို့ရတာပေါ့။ ဒါပေမဲ့... အဲဒီသစ်ပင်အိမ်ကိုတော့ ကျွန်တော်တို့ကို ပေးမလား"

ရွှီရှင်းသည် အလကား ကူညီမည်ဟု သဘာဝမကျစွာ မပြောပေ။

အကျိုးအမြတ် တစ်ခုခုကို တောင်းဆိုခြင်းကသာ ရန်သူ၏ ယုံကြည်မှုကို ပိုမိုရရှိစေနိုင်သည် မဟုတ်ပါလား။

"... လုဖေးအာက မြောက်ဘက်က အဲဒီမိန်းမကို နိုင်မယ်လို့ မင်း သေချာလား။ အကာအကွယ်တိုက်ပွဲ အဆင့်သတ်မှတ်ချက်မှာ လုဖေးအာကို ငါ မတွေ့မိဘူး။ သူမ မနိုင်လောက်ဘူး ထင်တယ်"

မာဟုန်ဝေက သံသယဖြင့် မေးခွန်းထုတ်၏။

"အစ်မဖေးအာမှာလည်း သံမဏိချပ်ဝတ်တန်ဆာ ရှိတယ်ဗျ။ မင်းက အစ်မဖေးအာကို အထင်သေးလွန်းနေပြီ"

ရွှီရှင်းက ရယ်မောလိုက်ရင်း - "အဲဒီမိန်းမက အဆင့်သတ်မှတ်ချက်ထဲက လူဆိုရင်တောင် အစ်မဖေးအာ တစ်ယောက်တည်းနဲ့တော့ မနိုင်လောက်ဘူးပေါ့။ ဒါပေမဲ့ မင်းပါ ပူးပေါင်းမယ်၊ ငါတို့လည်း အဖွဲ့လိုက် ဝိုင်းမယ်ဆိုရင်... တစ်ယောက်တည်းသမားက ငါတို့အားလုံးကို နိုင်ပါ့မလား"

မာဟုန်ဝေ စိတ်လှုပ်ရှားသွားသည်။

မြောက်ဘက်က သစ်ပင်အိမ်ပိုင်ရှင်ကြောင့် သူ အပြင်မထွက်ရဲဖြစ်နေသည်မှာ ကြာပြီဖြစ်ရာ တစ်ခုခု လုပ်ဆောင်ရန် အမှန်တကယ် လိုအပ်နေသည်။

သူက သွားကြိတ်ရင်း ပြောလိုက်၏။

"ကောင်းပြီလေ... တကယ်လို့ မင်းတို့လာပြီး အဲဒီကိစ္စကို ဖြေရှင်းပေးနိုင်ရင် သစ်ပင်အိမ်က မင်းတို့ယူ၊ ဒါပေမဲ့ အဲဒီမိန်းမကတော့ ငါ့အပိုင်ပဲ။ မင်းတို့ကတော့ မိန်းမ မလိုချင်ဘူး မဟုတ်လား"

ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ပြဿနာမရှိပါဘူး။ ကျွန်တော်ကတော့ တခြားမိန်းမတွေကို စိတ်မဝင်စားဘူး"

မာဟုန်ဝေက တဟားဟား ရယ်လိုက်၏။

"မင်းက စိတ်မဝင်စားရဲတာ ဖြစ်မှာပါကွာ"

ရွှီရှင်းလည်း လိုက်ရယ်လိုက်ရင်း..

"ဒါတွေကို အကျယ်ကြီး မပြောပါနဲ့ဗျာ၊ ကျွန်တော့်ရဲ့ ဂိမ်းကို လာမဖျက်နဲ့ဦး။ ဒါဆို ကျွန်တော် အခု သွားတော့မယ်။ မနက်ဖြန်လောက်ကျရင် ကျွန်တော်တို့ လာခဲ့မယ်၊ အဲဒီကျရင် အစ်မဖေးအာကိုတော့ နှင်မထုတ်ပါနဲ့ဦး"

မာဟုန်ဝေက လက်ဝှေ့ယမ်းပြသည်။

"အဲဒီလိုတော့ မဖြစ်စေရပါဘူး။ လုဖေးအာကိုသာ ခေါ်လာခဲ့၊ ငါ မင်းကို စားကောင်းသောက်ဖွယ်တွေနဲ့... အဟင်း... သစ်ပင်အိမ်ထဲကို ဖိတ်ပြီး စကားပြောပါ့မယ်"

သူသည် ဝိုင်ကောင်းကောင်း၊ အသားကောင်းကောင်းနှင့် တည်ခင်းဧည့်ခံမည်ဟု ပြောရန် ကြံစည်သော်လည်း သူ့တွင် ဘာမှမရှိသည်ကို သတိရသွားသဖြင့် စကားကို ဖြတ်လိုက်ခြင်း ဖြစ်သည်။

"ကောင်းပါပြီ။ ဒါနဲ့..."

ရွှီရှင်းက ရုတ်တရက် တည်ကြည်စွာ သတိပေးလိုက်သည်။

"ကျွန်တော့်ဆီကို သီးသန့်စာတွေ လာမပို့နဲ့ဦးနော်။ အစ်မဖေးအာက ကျွန်တော်တို့ တွေ့တဲ့အခါတိုင်း စာဖတ်မှတ်တမ်းတွေကို စစ်တတ်တာ။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ဆီ လျှို့ဝှက်စာပို့ထားတာ တွေ့ရင်တော့..."

သူက လည်ပင်းကို လှီးပြသည့် အမူအရာ လုပ်ပြလိုက်သည်။

သူသည် မာဟုန်ဝေကို ကုဟုန်ဟောင် အစစ်နှင့် သီးသန့် စကားပြောခွင့် မပေးနိုင်ပေ။

အကယ်၍ မာဟုန်ဝေသာ ကုဟုန်ဟောင် အစစ်ဆီ စာပို့လိုက်ပါက သူ၏ လိမ်လည်မှုမှာ ပေါ်သွားပေလိမ့်မည်။

"ကျုပ်... တောက်... အစ်ကိုကု၊ မင်းကတော့ သနားစရာပဲကွာ..."

စောစောက ရွှီရှင်းကို မနာလိုဖြစ်နေသော မာဟုန်ဝေမှာ ယခုအခါ ကိုယ်ချင်းစာသွားတော့သည်။

"တိုက်ခိုက်ရေးသမား မိန်းမတွေနဲ့ အဆင်ပြေဖို့ဆိုတာ တကယ်မလွယ်ဘူး... ဟာ။ နေဦး...ကျုပ် မင်းနဲ့ ဒီလောက်ကြာအောင် မျက်နှာချင်းဆိုင် စကားပြောနေမိတာ... ကျုပ်တော့..."

မာဟုန်ဝေ ရုတ်တရက် ထိတ်လန့်သွားပုံရ၏။

"အဲဒီလို မဟုတ်ပါဘူး၊ စိတ်အေးအေးထားပါ။ ကျွန်တော် အစ်မဖေးအာကို ရှင်းပြလိုက်ပါ့မယ်။ အစ်ကို့ကို ရှာဖို့ ကျွန်တော် လာခဲ့တာလို့ ပြောလိုက်မယ်လေ"

ရွှီရှင်း မရယ်မိအောင် အတင်းအောင့်ထားရသဖြင့် ပါးစပ်များပင် လှုပ်ခတ်နေတော့သည်။

"အစ်ကိုကုကိုပဲ အားကိုးရတော့မှာပဲ။ ဘုရားရေ... အဲဒီလို မိန်းမမျိုးနဲ့တော့ မပတ်သက်ချင်ဘူး..."

မာဟုန်ဝေ သက်ပြင်းချလိုက်၏။

"ကဲ... ဒါဆို အစ်ကိုမာ၊ ကျွန်တော် သွားတော့မယ်။ ပြန်ရောက်ရင် အစ်မဖေးအာကို အစ်ကို့ဆီ ဆက်သွယ်ခိုင်းလိုက်မယ်။ မနက်ဖြန်ကျရင် ကျတော်တို့လာမှာဆိုတော့ ဘယ်မှမသွားဘဲ စောင့်နေဦးနော်"

"ကောင်းပါပြီ အစ်ကိုကု၊ မနက်ဖြန်တွေ့မယ်"

ရွှီရှင်းသည် ပြတင်းပေါက်နောက်က မာဟုန်ဝေကို လက်ဝှေ့ယမ်းပြလိုက်ပြီး တောအုပ်ထဲသို့ နောက်ပြန်ဆုတ်လာခဲ့သည်။

ခဲခဲကလည်း သူ့နောက်ကနေ လိုက်ပြေးလာ၏။

မီတာရာဂဏန်းလောက်အထိ လျှောက်လာပြီး မာဟုန်ဝေ မမြင်နိုင်တော့သည့် ငွေရောင်ဘုရင်ရှိရာသို့ ရောက်သောအခါမှ ရွှီရှင်း မအောင့်နိုင်တော့ဘဲ ပေါက်ကွဲထွက်မတတ် ရယ်မောလိုက်တော့သည်။

"ဟားဟားဟား... ခဲခဲ၊ ငါ့ရဲ့ သရုပ်ဆောင်ချက် ဘယ်လိုလဲ"

"အီး"

ခဲခဲက ခေါင်းလေးကို ညိတ်ပြပြီး သူမ၏ လက်သည်းလေးကို ထောင်ကာ ရွှီရှင်းကို လက်မထောင် ပြလိုက်လေတော့သည်။

---

အခန်း ၂၃၉ ပြီး။

အခန်း (၂၄၀) - ဇာတ်လမ်းအားပြန်ပြောပြခြင်း

"ဟင်"

ငွေရောင်ဘုရင်ကတော့ အတော်လှမ်းလှမ်းမှာ ကျန်ခဲ့တာမို့ ဘာမှမကြားလိုက်ရဘဲ သူ၏ ဝံပုလွေခေါင်းကြီးကို စောင်းကာ ရွှီရှင်းကို ကြည့်နေရုံသာ တတ်နိုင်ရှာသည်။

"သွားကြစို့"

ရွှီရှင်းသည် ဝံပုလွေကျောပေါ်သို့ ခုန်တက်လိုက်ပြီး လီဝမ်ရှီး၏ သစ်ပင်အိမ်ရှိရာဘက်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ဒီနေ့ ပြန်ရောက်ရင် အဂ္ဂိရတ်ခန်းကို အဆင့်မြှင့်ဖို့ အနုပညာလက်ရာတွေ ထပ်ထုရမယ်၊ ပြီးတော့ သူ့အိမ်နဲ့ လီဝမ်ရှီးအိမ် ပတ်ဝန်းကျင်ကို ချိတ်ဆက်ဖို့ တည်နေရာကူးပြောင်းစက်ကို လုပ်ရမယ်လို့ သူ စီစဉ်ထား၏။

အဲဒီလိုဆိုလျှင် မနက်ဖြန်ကျ လုဖေးအာကို ကူးပြောင်းခြင်းစနစ် ကနေတစ်ဆင့် တိုက်ရိုက်ခေါ်လာလို့ ရလေပြီ။

အဲဒီအချိန်ကျရင် မာဟုန်ဝေရဲ့ သစ်ပင်အိမ်ထဲကိုသာ ဝင်ခွင့်ရမယ်ဆိုလျှင် အရာအားလုံးက လွယ်ကူသွားလေပြီ။

သူကိုယ်တိုင်တောင် လက်ဖျားနဲ့ ထိစရာမလိုဘဲ လုဖေးအာ တစ်ယောက်တည်းနဲ့တင် အသာလေး ဖြေရှင်းနိုင်၏။

အဲဒီအချိန်ကျမှ မာဟုန်ဝေက အညံ့ခံချင်တယ်ဆိုရင် သူ့အသက်ကို ချမ်းသာပေးမည်။

တကယ်လို့ ဇွတ်အတင်း ပြန်ခုခံနေမယ်ဆိုရင်တော့ သူ့ကို ဖယ်ရှားပစ်ရုံပဲ ရှိတော့သည်။

ဒါပေမဲ့ ရွှီရှင်းကတော့ ပုဂ္ဂိုလ်ရေးအရ သူ့ကို မသတ်ချင်ပေ။

ဘာလို့လဲဆိုတော့ မာဟုန်ဝေနဲ့ စကားပြောကြည့်တဲ့အခါမှာ မာဟုန်ဝေဆီမှာ တခြားသူတွေဆီမှာမရှိတဲ့ စွမ်းရည်အချို့ ရှိနေပုံရတာကို ရွှီရှင်း အာရုံခံမိလို့ပါပဲ။

သူ့ရဲ့ ဆိုလိုရင်းကတော့ သူ သစ်ပင်အိမ်ထဲမှာ ရှိနေသရွှေ့ ဘယ်သူမှ သူ့အိမ်ကို မဖောက်နိုင်ဘူးဆိုတဲ့ သဘောမျိုးပင်။

ဒါက သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတာလား၊ ဒါမှမဟုတ် တကယ့် စွမ်းရည်တစ်ခုခု ရှိနေတာလားမသိနိုင်ပေ။

လီဝမ်ရှီးအပေါ် ထားတဲ့ သူ့ရဲ့ သဘောထားက ရွှီရှင်းကို နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်စေပေမဲ့ ဒါက ကိစ္စကြီးတော့ မဟုတ်ချေ။

လူတိုင်းမှာ အလိုရမ္မက်ဆိုတာ ရှိတာပင်။

ဒီလိုကမ္ဘာပျက်နေတဲ့ အခြေအနေမှာ ရန်သူ့မိန်းမကို သိမ်းပိုက်ချင်တာက ပုံမှန်ပင်။

သူ့မှာ အသုံးချစရာ တစ်ခုခု ရှိနေသရွှေ့တော့ ရွှီရှင်းက ဒီလိုကိစ္စလေးနဲ့ သူ့ကို သတ်မှာ မဟုတ်ချေ။

ဒါပေမဲ့ ဒီအကြောင်းကို လီဝမ်ရှီးကို ဘယ်လိုရှင်းပြရမလဲ ဆိုတာကိုတော့ သူ စဉ်းစားရဦးမည်။

အထူးသဖြင့် လုဖေးအာ အကြောင်းကိုပင်..

အပြန်လမ်းမှာ ရွှီရှင်းက ကျိချောင်းယန်ဆီကို စာပို့လိုက်၏။

"မင်းဘက်မှာရော အခြေအနေ ဘယ်လိုလဲ"

ကျိချောင်းယန်က အသံဖိုင် တိုက်ရိုက်ပို့လာသည်။

"အရှေ့ဘက်ကနေ ချီရွှယ်ဖေးရဲ့ အကာအကွယ်ဇုန်ထဲကို ဝင်လို့ရမယ့် နေရာတစ်ခု ရှိနိုင်တယ်။ မင်း တောင်ဘက်က ခြိမ်းခြောက်မှုကို ဖြေရှင်းပြီးပြီလား"

"မပြီးသေးဘူး၊ လောလောဆယ်တော့ ထိန်းထားနိုင်ရုံပဲ။ တောင်ဘက်မှာ သုံးထပ်သစ်ပင်အိမ် ရှိတယ်၊ နယ်မြေ ၁၈၇ ရဲ့ ထိပ်သီးဆယ်ယောက်ထဲက တစ်ယောက်ပဲ"

"ငါ့အကူအညီ လိုမလား"

"မလိုပါဘူး၊ ဒီမှာတင် ဖြေရှင်းလို့ ရပါတယ်။ မင်းဘက်က သစ်ပင်အိမ်လေးကကော"

"ဒီမှာက တစ်ထပ်သစ်ပင်အိမ်ပဲ၊ ဒါပေမဲ့ အထဲမှာ လူမရှိဘူး။ ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီးပြီ၊ ဒီရှင်ကျန်သူကို ရှာမတွေ့ဘူး၊ အပြင်သွားနေတာ ဖြစ်နိုင်တယ်။"

"ဒါဆို မင်း ဘာမှမလုပ်သေးဘူးပေါ့"

"အင်း၊ သူပြန်လာတာကို စောင့်နေတာ။ သူ့ကိုရော သစ်ပင်အိမ်ကိုပါ တစ်ပါတည်း ဖမ်းမိတာက အကျိုးအမြတ် အများဆုံးပဲလေ။ တစ်ထပ်သစ်ပင်အိမ်ပဲ ရှိတာဆိုတော့ ချပ်ဝတ်တန်ဆာလည်း မရှိဘူး၊ ဒီလူက လီဝမ်ရှီးအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပါဘူး။ သစ်ပင်အိမ်ကိုတော့ လောလောဆယ် ဒီတိုင်းထားလိုက်မယ်၊ သူတို့ ဒီညတော့ ပြန်လာမှာ သေချာတယ်၊ အဲဒီကျမှပဲ ဖြေရှင်းလိုက်တော့မယ်။"

"ကောင်းပါပြီ။ ဟားဟား... ငါတို့တွေ ဒီလောက်ဝေးဝေးကြီး လာခဲ့ကြပြီး တစ်ယောက်ကိုမှ မနှိမ်နင်းနိုင်သေးဘူး ဖြစ်နေတယ်"

ရွှီရှင်း ရယ်မောလိုက်မိသည်။

"နောက်ဆုံးတော့ သူတို့ကို ကူညီပေးနိုင်မှာပါပဲ၊ ချက်ချင်းကြီး ပြီးသွားဖို့ မလောပါနဲ့"

ကျိချောင်းယန်က ဘာမှမတတ်နိုင်သလို အပြုံးမျိုးနဲ့ ပြောလိုက်၏။

"ငါတို့ မင်းဆီ လာခဲ့ရမလား။ ဒါမှမဟုတ်..."

"မင်းတို့ အနောက်ဘက်ကို တစ်ချက်သွားကြည့်လိုက်ပါဦး။ ငါ ဒီဘက်ကနေ ဖြတ်လမ်း ရှာမတွေ့တာလည်း ဖြစ်နိုင်တယ်၊ နှစ်ဖက်စလုံးကို စစ်ကြည့်တာ အကောင်းဆုံးပဲ။"

"အိုကေ"

ဖုန်းချပြီးနောက် ရွှီရှင်းသည် လီဝမ်ရှီး၏ သစ်ပင်အိမ်သို့ ပြန်ရောက်လာခဲ့သည်။

လီဝမ်ရှီးကတော့ သူ ဝံပုလွေစီးပြီး ပြန်လာတာကို အဝေးကတည်းက မြင်ပုံရပြီး သစ်ပင်အိမ်အောက်မှာ အဆင်သင့် စောင့်နေချေပြီ။

"ဘယ်လိုလဲ သုံးထပ်သစ်ပင်အိမ် မလား"

ရွှီရှင်း ဝံပုလွေစီးပြီး လာတာကို မြင်တော့ လီဝမ်ရှီးက အပြေးအလွှား လာပြီး ဝံပုလွေကျောပေါ်က ခဲခဲကို ချီကာ ရင်ခွင်ထဲ ထည့်လိုက်၏။

"အီး"

ခဲခဲကတော့ သူမရဲ့ ရင်ခွင်ထဲမှာ သက်သောင့်သက်သာနဲ့ အော်နေ၏။

"ဟုတ်တယ်၊ နယ်မြေ ၁၈၇ ရဲ့ ထိပ်သီးဆယ်ယောက်ထဲက တစ်ယောက်ပဲ"

ရွှီရှင်း ဝံပုလွေပေါ်က ဆင်းလိုက်သည်။

"ဟင် ဒါဆို... ဘယ်လိုလုပ်ကြမလဲ။ဖြေရှင်းလို့ ရပါ့မလား..."

လီဝမ်ရှီး ချက်ချင်း စိုးရိမ်သွားပြီး ခဲခဲကို ပွတ်သပ်ပေးနေတဲ့ သူမရဲ့ လက်ကလေးတွေတောင် ရပ်တန့်သွားသည်။

"စိတ်မပူနဲ့၊ အဆင်ပြေသွားမှာပါ။ သူက နောက်နှစ်ရက်အတွင်း မင်းကို လာနှောက်ယှက်မှာ မဟုတ်ပါဘူး။ ငါ့ကို ပြင်ဆင်ချိန်လေး ပေးပါဦး၊ မနက်ဖြန်ကျရင် အပြတ်ရှင်းလို့ ရပါပြီ"

"အီး"

ခဲခဲကလည်း လီဝမ်ရှီးရဲ့ ရင်ခွင်ထဲကနေ ထောက်ခံတဲ့အနေနဲ့ အော်လိုက်ပြီး လေးစားတဲ့ အကြည့်နဲ့ ကြည့်နေ၏။

ဒီကောင်လေးကတော့ ရွှီရှင်းရဲ့ ပါးနပ်မှုကို အနီးကပ် မြင်တွေ့ခဲ့ရတာကိုး။

"အော်... အဲဒီလိုဆိုရင်တော့ ရှင့်ကိုပဲ အားကိုးရတော့မှာပဲ"

လီဝမ်ရှီးက ရွှီရှင်းကို ယုံကြည်တာကြောင့် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ထပ်မမေးတော့ချေ။

"ဒါဆို အခု ငါတို့..."

"အနောက်ဘက်ကို သွားကြည့်ရအောင်"

ရွှီရှင်း အနောက်ဘက်ကို လှမ်းကြည့်လိုက်သည်။

သူ့ရဲ့ သစ်ပင်အိမ်က မြင့်တာကြောင့် ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ စိမ်းလန်းစိုပြည်တဲ့ နေရာကို မြင်နေရ၏။

"အဲဒီဘက်ကနေ ချီရွှယ်ဖေးရဲ့ အိမ်ဘက်ကို ပတ်သွားလို့ ရမလားဆိုတာ ကြည့်ရမယ်"

"အနောက်ဘက်လား"

လီဝမ်ရှီး မျက်လုံးတွေ တောက်ပသွားသည်။

"ဒါဆို ရှင့်အိမ်နားကနေ ဖြတ်သွားမှာပေါ့။ ရှင့်အိမ်ကို ကျွန်မကို လိုက်ပြလို့ ရမလား"

"ရတာပေါ့... အဲ... ဟိုလေ..."

ရွှီရှင်း ဖြေဖို့လုပ်ပြီးမှ သူ့အိမ်မှာ လုဖေးအာ ရှိနေတာကို သတိရသွားပြီး မျက်ခုံးတွေ လှုပ်သွားရ၏။

လုဖေးအာကို ပင်မသစ်ပင်အိမ်ထဲ ပေးမဝင်ခဲ့သင့်ပေ။

ဘယ်သူမဆို ကိုယ့်အိမ်မှာ မိန်းမတစ်ယောက် ပုန်းနေတာ မြင်ရင် သံသယဝင်ကြမှာပဲလေ...

"... အင်း၊ မရလည်း ကိစ္စမရှိပါဘူး။ ငါတို့ရဲ့ ဆေးဆရာမလေး မမရွှယ်ဖေးကို သွားကာကွယ်ပေးဖို့က ပိုအရေးကြီးတာပဲလေ"

ရွှီရှင်း တွန့်ဆုတ်နေတာကို မြင်တော့ လီဝမ်ရှီးက ဘာမှမဖြစ်သလို ပြောလိုက်သည်။

သူမရဲ့ မျက်ဝန်းတွေက ခဏတာ မှေးမှိန်သွားပေမဲ့ ချက်ချင်းပင် ပြုံးလိုက်ပြီး ရွှီရှင်းရဲ့ ပုခုံးကို ပုတ်ပေးလိုက်၏။

"... အရင်ဆုံး ဝံပုလွေပေါ် တက်လိုက်ဦး၊ လမ်းကျမှ စကားပြောကြတာပေါ့"

"အင်း... ဟုတ်ပြီ။ ဒီတစ်ခါတော့ ကျွန်မ ရှေ့ကနေ ထိုင်ချင်တယ်"

"ကောင်းပါပြီဗျာ၊ ကောင်းပါပြီ"

ရွှီရှင်းက လီဝမ်ရှီးကို ဝံပုလွေကျောပေါ် တက်ဖို့ ကူညီပေးပြီးမှ သူကိုယ်တိုင် တက်လိုက်သည်။

လီဝမ်ရှီးက ခဲခဲကို ချီထားပြီး ရွှီရှင်းကို မှီထား၏။

ငွေရောင်ဘုရင် ပြေးတဲ့အခါ သူမ ပြုတ်မကျအောင် ရွှီရှင်းက သူမရဲ့ ခါးလေးကို အသာအယာ ဖက်ထားပေးရ၏။

"... တကယ်တော့ ရှင့်အနေနဲ့ ကျွန်မကို ဒီထက်ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလို့ ရပါတယ်"

လီဝမ်ရှီးက ရှေ့ကိုကြည့်ရင်း ပြောလိုက်သည်။

သူမက သံမဏိဦးထုပ် ဆောင်းထားတာကြောင့် ရွှီရှင်းအနေနဲ့ သူမရဲ့ မျက်နှာအမူအရာကို မမြင်ရချေ။

သူမရဲ့ စကားကြောင့် ရွှီရှင်း ရင်ခုန်သံတွေ မြန်လာရသည်။

သူ အများကြီး ထပ်မတွေးတော့ဘဲ လီဝမ်ရှီးရဲ့ ခါးလေးကို လက်နှစ်ဖက်နဲ့ ဖက်လိုက်တော့သည်။

"ငွေရောင်ဘုရင်... အနောက်ဘက်က ငါ သစ်ပင်အိမ် ဖြိုချခဲ့တဲ့ နေရာကို အရင်သွားရအောင်"

ရွှီရှင်း ငွေရောင်ဘုရင်ကို အမိန့်ပေးလိုက်သည်။

အဲဒီသစ်ပင်အိမ်က သူ ပထမဆုံး ဖြိုချခဲ့တဲ့ အိမ်ဖြစ်ပြီး သူ့အိမ်နဲ့ လီဝမ်ရှီးအိမ် ကြားထဲမှာ ရှိကာ အကာအကွယ်ဇုန်က ၃ ကီလိုမီတာပဲ ရှိသည်။

အဲဒီသစ်ပင်အိမ်ရဲ့ မြောက်ဘက်ခြမ်းမှာ အကာအကွယ်ဇုန်တွေ ချိတ်ဆက်နေမလားဆိုတာ သူ အရင်သွားစစ်ချင်နေခြင်းပင်။

ဖြစ်နိုင်ခြေ နည်းပေမဲ့ ဒီသစ်ပင်အိမ်ရဲ့ အကာအကွယ်ဇုန်သေးသေးလေးက လီဝမ်ရှီးရဲ့ ဧရိယာအထိ ရောက်နေတာကြောင့် ဖြစ်နိုင်ခြေတော့ ရှိပါသေးသည်။

သစ်ပင်အိမ်တွေက သာ နီးကပ်မယ်ဆိုရင် သူတို့တွေ ချိတ်ဆက်လို့ ရနိုင်တာကိုး။

"အူးးးး"

ငွေရောင်ဘုရင်က ထုံးစံအတိုင်း တစ်ချက် အော်လိုက်ပြီး အနောက်ဘက်ကို အရှိန်နဲ့ ပြေးထွက်သွားတော့သည်။

ရွှီရှင်းက လီဝမ်ရှီးကို ဖက်ထားပြီး၊ လီဝမ်ရှီးကတော့ သူမရဲ့ ရင်ခွင်ထဲက ခဲခဲကို အသာအယာ ပွတ်သပ်ပေးနေသည်။

နှစ်ယောက်စလုံး စကားမပြောဖြစ်ကြဘဲ ခဲခဲကပဲ တစ်ခါတလေ သက်သောင့်သက်သာရှိတဲ့ အသံလေးတွေ ထွက်နေ၏။

ဒီသူဌေးမလေးက ဘာလို့ ဒီလောက်တောင် ငြိမ်နေရတာလဲ။

အရင်က နောက်ကနေ ထိုင်တုန်းကဆို လမ်းတစ်လျှောက်လုံး စကားတွေ တတွတ်တွတ် ပြောနေတတ်တာ။

အခု ပိုပြီး ရင်ခုန်ဖို့ကောင်းတဲ့ အရှေ့မှာ ထိုင်နေတာတောင် ဘာလို့ တစ်ခွန်းမှ မပြောရတာလဲ။

စောစောက ငါ့အိမ်ကို လိုက်မပြလို့ စိတ်ကောက်သွားတာများလား...။

ရွှီရှင်းက အချစ်ရေးနဲ့ ပတ်သက်ရင် အတွေ့အကြုံ မရှိသူ မဟုတ်ချေ။

အထက်တန်းကျောင်းတုန်းကရော၊ တက္ကသိုလ်တုန်းကရော ရည်းစား ထားဖူး၏။

နောက်ဆုံးမှာ လမ်းခွဲခဲ့ကြတယ် ဆိုပေမဲ့ပေါ့။

ဒါကြောင့် အမျိုးသမီးတွေရဲ့ စိတ်ကောက်တတ်တဲ့ အမူအရာလေးတွေကို သူ ကောင်းကောင်း နားလည်သည်။

လီဝမ်ရှီးနဲ့ ပတ်သက်ရင်လည်း ရွှီရှင်းရဲ့ ခံစားချက်က ရှင်းလင်း၏။

အစပိုင်း အန္တရာယ်တွေ များနေပြီး အသက်ရှင်ဖို့ မသေချာတဲ့ အချိန်တုန်းက သူတို့တွေ အချင်းချင်း အပြန်အလှန် အားပေးခဲ့ကြပြီး ဗီဒီယိုကောတွေကနေတစ်ဆင့် နှစ်သိမ့်ပေးခဲ့ကြသည်။

အဲဒီအချိန်တုန်းက သူမနဲ့ စကားပြောရတာ သူ့အတွက် တကယ်ကို စိတ်အေးချမ်းစေပြီး ဒီလို တင်းမာတဲ့ ရှင်သန်ရေး တိုက်ပွဲကြားမှာ ပျော်ရွှင်မှုနဲ့ စိတ်အနားရမှုကို ပေးစွမ်းနိုင်ခဲ့သည်။

နောက်ပိုင်း ကုန်သွယ်မှုတွေ အများကြီး လုပ်ခဲ့ကြပြီးတဲ့နောက်မှာတော့ သူတို့တွေ တစ်ဦးကိုတစ်ဦး တကယ်ပဲ ယုံကြည်လာကြပြီး စစ်မှန်တဲ့ မိတ်ဖက်တွေ ဖြစ်လာခဲ့ကြ၏။

လီဝမ်ရှီးက ဘာကိုမှ မတောင်းဆိုဘဲ သူ့ကို အရင်းအမြစ်တွေ ပံ့ပိုးပေးသလို၊ သူကလည်း သူမအတွက် အဆင့်မြင့် လက်နက်တွေနဲ့ ပစ္စည်းတွေ ပြန်လုပ်ပေးခဲ့သည်။

ဒါပေမဲ့ လူချင်းမတွေ့ခင်တုန်းကတော့ သူတို့က အွန်လိုင်း သူငယ်ချင်းတွေလိုပင်။

အွန်လိုင်း သူငယ်ချင်းတွေရဲ့ အားနည်းချက်က ကိုယ်က သူ့ကို စိတ်ကူးထဲက ပုံဖော်ထားတဲ့အတိုင်း ဆက်ဆံနေမိတာပင်။

တကယ့် လက်တွေ့နဲ့ မကိုက်ညီတာမျိုးတွေလည်း ရှိတတ်တာကိုး..။

ဒါပေမဲ့ လူချင်းတွေ့လိုက်တဲ့အခါမှာတော့ ရွှီရှင်းရဲ့ စိတ်ကူးထဲက လီဝမ်ရှီးနဲ့ တကယ်ကို ထပ်တူကျနေတာကို သူ တွေ့လိုက်ရသည်။

ဒီသူဌေးမလေးရဲ့ ရုပ်ရည်ရော၊ စရိုက်ကောက သူ ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်းပင်။

ဒီအချက်မှာတော့ ရွှီရှင်းလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိ၏။

သူက လက်တွေ့မှာ ရုပ်ဆိုးသွားတဲ့ လူစားမျိုး မဟုတ်ချေ။

ကမ္ဘာပေါ်မှာတုန်းက အွန်လိုင်းသူငယ်ချင်းတွေနဲ့ တွေ့ရင် ရေချိုး၊ မုတ်ဆိတ်ရိတ်လိုက်ရုံနဲ့တင် အပြင်ထွက်ဖို့ အဆင်သင့် ဖြစ်နေတဲ့သူပင်။

ဒါကြောင့် လီဝမ်ရှီးနဲ့ တွေ့ပြီးတဲ့နောက်မှာတော့ သူမကို သူ ပိုပြီး သဘောကျလာမိသလို၊ လီဝမ်ရှီးကလည်း ထိုနည်းတူပဲလို့ သူ ခံစားရသည်။

ခံစားရရုံတင် မဟုတ်ပေ၊ သူမက သိသိသာသာကို ဖော်ပြနေ၏။

ကျိချောင်းယန်တောင် ဘေးကို ဖယ်ပေးသွားရတဲ့အထိပင်။

သူ စဉ်းစားထားတာကတော့ တကယ်လို့ တစ်နေ့နေ့မှာ ဒီကမ္ဘာမှာ အားကိုးရမယ့်သူ တစ်ယောက်ကို ရွေးရမယ်ဆိုရင် လီဝမ်ရှီးကိုပဲ ရွေးချယ်မှာပင်။

သူတို့ရဲ့ ဆက်ဆံရေးက အဲဒီအဆင့်အထိ မရောက်ရင်တောင်မှ အဖြစ်အပျက်အချို့ကြောင့် သူတို့ကြားမှာ အစိမ်းသက်သက် ဖြစ်သွားမှာကို သူ မလိုလားပေ။

ဒါကြောင့် ရွှီရှင်းက လုဖေးအာ အကြောင်းကို လီဝမ်ရှီးကို အကုန်ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။

"ဝမ်ရှီး"

"အင်း"

လီဝမ်ရှီးက ခဲခဲရဲ့ ဗိုက်လေးကို ပွတ်ပေးရင်း ပြန်ထူးလိုက်သည်။

လခွမ်း... သူ တကယ်ပဲ စိတ်ကောက်နေတာပဲဟ။

မဟုတ်ရင် သူမရဲ့ စရိုက်နဲ့ဆိုရင် အင်း ဆိုပြီး ဒီလောက်တိုတိုလေး ထူးမှာ မဟုတ်ဘူး။

စဉ်းစားကြည့်လျှင်လည်း သူမက သူ့ကို သူမရဲ့ အိမ်အနှံ့ လိုက်ပြခဲ့တာပင်။

အခု သူက သူ့အိမ်ကို ပေးမဝင်ဘူးဆိုမှတော့ ဘယ်သူမဆို စိတ်ထဲ တစ်မျိုး ဖြစ်လောက်မှာပင်။

"ဟို... မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမလို့"

"ပုံပြင်လား။ ပြောလေ"

လီဝမ်ရှီးက သူ့ရဲ့ ရင်ခွင်ထဲကို နည်းနည်းလေး မှီလိုက်ပြီး သူမရဲ့ နားကို သူ့ရဲ့ ပါးစပ်နား ရောက်အောင် ခေါင်းကို အသာလေး လှည့်လိုက်၏။

ဒါပေမဲ့ သူမက သံမဏိချပ်ဝတ်တန်ဆာ ဝတ်ထားတာကြောင့် ရွှီရှင်းအတွက်တော့ သိပ်ပြီး ရိုမန်တစ် မဆန်လှချေ။

သူ သားရေချပ်ဝတ်တန်ဆာရဲ့ အားသာချက်ကို ရုတ်တရက် သတိရသွား၏။

သံမဏိချပ်ဝတ်တန်ဆာက သားရေလောက်တော့ မကောင်းဘူးပဲ..။

ငွေရောင်ဘုရင်ကတော့ တောအုပ်ထဲမှာ အရှိန်နဲ့ ပြေးနေတုန်းပင်။

ရွှီရှင်းကတော့ မနေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို တတိယလူတစ်ယောက် အနေနဲ့ လီဝမ်ရှီးကို ဖြည်းဖြည်းချင်း ပြောပြနေမိသည်။

ငွေရောင်ဘုရင်က ဖြိုချထားတဲ့ သစ်ပင်အိမ်နေရာကို ရောက်ပြီး ရပ်လိုက်တဲ့အချိန်မှာတော့ ရွှီရှင်းကလည်း သူ့ရဲ့ ပုံပြင်ကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။

"ဒါဆို ရှင့်ဆိုလိုရင်းက... ရှင့်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ မိန်းမက အခု စာချုပ်ချုပ်ပြီး ရှင့်အိမ်မှာ နေနေတာပေါ့"

လီဝမ်ရှီးက သူမရဲ့ မူလလေသံအတိုင်း ပြန်ပြောလာပြီး ဝံပုလွေကျောပေါ်က ဆင်းလိုက်ကာ သူ့ကို အနည်းငယ် စနောက်ချင်တဲ့ အပြုံးလေးနဲ့ လှည့်ကြည့်လိုက်လေတော့သည်။

---

အခန်း ၂၄၀ ပြီး။

All Chapters