လူသားဧကရာဇ်ကျန်းက မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနေတာဖြစ်နိုင်တယ်
Vol. 1 Ch. 4
ကျန်းလီသည် အခြေအနေကို နားလည်သွားခဲ့ပြီဖြစ်သည်။ ကျန်းမိသားစုမှာ သူ့အရှိန်အဝါကို အသုံးချချင်သော်လည်း သူနှင့် အလွန်နီးစပ်သည်ဟု တိုက်ရိုက်ပြောရန် မဝံ့ရဲကြပေ။ ထို့ကြောင့် သူတို့မှာ သူနှင့် အလွန်ရင်းနှီးသည်ဟူသော အရိပ်အယောင်များကိုသာ သူတစ်ပါးကို ပေးနေခြင်း ဖြစ်သည်။
"ကလေးတွေ ပျောက်တာက လူသားဧကရာဇ်ကျန်းနဲ့ ပတ်သက်တယ်လို့ ခင်ဗျားစောစောက ပြောခဲ့တယ်နော်၊ အဲ့ဒါကရော ဘယ်လိုဖြစ်တာလဲ"
လူလတ်ပိုင်း အမျိုးသားမှာ အပြုံးများ ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်သွားသည်။ သူသည် ကျန်းလီကို ဆက်မပြောပြလိုတော့သည့်အပြင် 'ရွှေအမြုတေအဆင့်' ၏ ဖိအားကို ထုတ်လွှတ်လိုက်ကာ ကျန်းလီကို နောက်ဆုတ်သွားစေရန် ကြိုးစားလိုက်သည်။ သူ့အမြင်တွင် ကျန်းလီမှာ ချီသန့်စင်ခြင်း အဆင့် အနည်းငယ်သာရှိသော လူငယ်လေးတစ်ဦး ဖြစ်သည်။
ရွှေအမြုတေအဆင့်ရှိသော လူကြီးတစ်ယောက်အနေဖြင့် ဤလူငယ်လေးအား ဤအန္တရာယ်ရှိသော ကိစ္စထဲသို့ ဝင်မပါမိစေရန် တားဆီးပေးဖို့ လိုအပ်သည်ဟု သူ ယူဆလိုက်သည်။
"ဒီအကြောင်းကို ထပ်မပြောနဲ့တော့၊ မင်းအတွက် အရမ်းအန္တရာယ်များတယ်။"
သို့သော် ကျန်းလီမှာမူ သူ့စွမ်းအားကို 'ဝိညာဉ်သန္ဓေအဆင့်' အထွတ်အထိပ်တွင် ထိန်းချုပ်ကာ တန်ပြန်ဖိအား ထုတ်လွှတ်လိုက်သည်။
"ဘယ်လောက်တောင် အန္တရာယ်များမလဲဆိုတာ ကျွန်တော် သိချင်မိသားပဲ"
"ဝိ... ဝိညာဉ်သန္ဓေအဆင့်..."
ဤကိစ္စမှာ ကျန်းလီနှင့် တိုက်ရိုက်ပတ်သက်နေပြီး ဤလူမှာလည်း သူ့အပေါ် အထင်အမြင်လွဲမှားနေသည်။ အကယ်၍ သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အမှန်အတိုင်း ပြောလိုက်ပါက ထိုသူမှာ အမှန်အတိုင်း ပြောတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းလီသည် 'ဝိညာဉ်သန္ဓေအဆင့်' ကျင့်ကြံသူတစ်ဦးအဖြစ် ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ဝိညာဉ်သန္ဓေအဆင့်မှာ အလွန်အမင်း အစွမ်းထက်သည်ဟု မဆိုနိုင်သော်လည်း ဤလူလတ်ပိုင်းအမျိုးသားကို ဟန့်တားရန်မှာမူ လုံလောက်လှသည်။
ထိုအမျိုးသားမှာ ချက်ချင်းပင် ဦးညွှတ်လိုက်သည် - "စီနီယာက ဝိညာဉ်သန္ဓေအဆင့် ဖြစ်နေတာကို ကျွန်တော် ယွမ်ဝူရှင်းက မျက်စိမရှိလို့ မမှတ်မိခဲ့ပါဘူး"
ယွမ်ဝူရှင်းမှာ ချွေးစေးများပင် ထွက်လာခဲ့သည်။ လမ်းဘေးတွင် ဒေါသထွက်နေသော လူငယ်လေးတစ်ဦးကို လိုက်ဆွဲမိကာမှ ဝိညာဉ်သန္ဓေအဆင့် ဖြစ်နေလိမ့်မည်ဟု ဘယ်သူက ထင်ထားပါ့မလဲ။ ရုပ်ရည်မှာ လူငယ်လေးကဲ့သို့ ဖြစ်နေသော်လည်း နှစ်ပေါင်းရာချီ အသက်ရှင်နေသော 'နတ်ဆိုးအိုကြီး' တစ်ဦးလည်း ဖြစ်နိုင်ပေသည်။ သူ၏ စောစောက အပြုအမူမှာ ရိုင်းစိုင်းခြင်း မရှိသော်လည်း အကယ်၍ ဤစီနီယာမှာ စိတ်ပုပ်သူတစ်ဦးဖြစ်နေပါက ပြဿနာတက်နိုင်ပေသည်။
ယွမ်ဝူရှင်း၏အမြင်တွင် ဝိညာဉ်သန္ဓေအဆင့်မှာ အလွန်ပင် အစွမ်းထက်လှပြီ ဖြစ်သည်။ ချင်းမြို့တစ်ခုလုံးတွင်ပင် ဝိညာဉ်သန္ဓေအဆင့်မှာ လက်ချိုးရေ၍ ရသည်။ ချင်းမြို့ မြို့တော်ဝန်ပင်လျှင် ဝိညာဉ်သန္ဓေအဆင့် အစောပိုင်းသာရှိသည်။
"တော်ပြီ၊ ငါ မင်းကို အပြစ်မယူပါဘူး။ အခု ကလေးပျောက်တဲ့ကိစ္စကို ပြောပြလို့ရပြီလား"
ကျန်းလီသည် ဖိအားများကို ရုပ်သိမ်းလိုက်ကာ အေးအေးဆေးဆေးပင် မေးလိုက်သည်။
ယွမ်ဝူရှင်းမှာ အချိန်အတော်ကြာ တွေးတောနေပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ ပြောလိုက်သည် - "စီနီယာ... ဒီကိစ္စကို အပြင်လူကို မပြောပါဘူးလို့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပေးနိုင်မလား"
ကျင့်ကြံခြင်းလမ်းစဉ်တွင် 'တာအို' ကို လိုက်နာရသဖြင့် ကောင်းကင်ကို တိုင်တည်ကျိန်ဆိုခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ ကျင့်ကြံသူအများစုမှာ ကျိန်ဆိုချက်ကို ချိုးဖောက်ပါက ကျိန်ဆိုစဉ်က ပြောခဲ့သော အပြစ်ဒဏ်များမှာ အမှန်တကယ် ကျရောက်လာမည်ဟု ယုံကြည်ကြသည်။
ကျန်းလီမှာ မဆိုင်းမတွပင် လက်နှစ်ချောင်းကို ထောင်လိုက်ကာ တည်ကြည်စွာ ပြောလိုက်သည် - "ငါ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုတယ်။ အခု ယွမ်ဝူရှင်း ပြောပြမယ့် ကိစ္စကို တတိယလူတစ်ယောက်မှ မသိစေရဘူး။ အကယ်၍ ငါ ကျိန်ဆိုချက်ကို ချိုးဖောက်ခဲ့ရင် 'နတ်ဘုရားဘုံတက်လှမ်းရာ အတိဒုက္ခ' ရဲ့ အပြစ်ပေးခြင်းကို ခံရပါစေမယ်"
ယွမ်ဝူရှင်းမှာ လေးစားသွားမိသည်။ ၎င်းမှာ အလွန်ပင် ကြီးလေးသော ကျိန်ဆိုချက်ဖြစ်သည်။ အကယ်၍ ကျိန်ဆိုချက်ကို ချိုးဖောက်ပါက 'နတ်ဘုရားဘုံတက်လှမ်းရာ အတိဒုက္ခ' နှင့် ရင်ဆိုင်ရမည် ဖြစ်ရာ ၎င်းမှာ ဝိညာဉ်သန္ဓေအဆင့်တစ်ဦးအတွက် သေချာပေါက် သေမိန့်ပင် ဖြစ်သည်။
သို့သော် ကျန်းလီမှာမူ ထိုအတိဒုက္ခကို အကြိမ်ကြိမ် ထပ်မံကြုံတွေ့ချင်နေသည်ကို သူ မသိခဲ့ပေ။
"စီနီယာ... ကျွန်တော့်အိမ်ကို ကြွပြီး ခဏလောက် ထိုင်ပါဦး"
....
ယွမ်ဝူရှင်းသည် ကျန်းလီကို သူ၏ အိမ်သို့ ဖိတ်ခေါ်သွားကာ အစီအရင်အလွှာများစွာကို ကျွမ်းကျင်စွာ ချထားလိုက်သည်။ ထို့နောက် ခဏစဉ်းစားလိုက်ပြီး အဖိုးတန် ကျောက်စိမ်းတစ်ခုကို ခွဲလိုက်ကာ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူပင် မစုံစမ်းနိုင်သော အကာအကွယ်မန္တာန်တစ်ခုကို ထပ်မံချလိုက်လေသည်။
ယွမ်ဝူရှင်းသည် သူ သိမ်းဆည်းထားသော လက်ဖက်ရည်ကောင်းတစ်အိုးကို တည်ကာ ကျန်းလီကို တစ်ခွက် ငှဲ့ပေးလိုက်ပြီး သူကိုယ်တိုင်လည်း တစ်ခွက် ငှဲ့လိုက်သည်။
"ဒီကိစ္စက လွန်ခဲ့တဲ့ ဆယ်နှစ်က စတာ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော်က ရွှေအမြုတေအဆင့် အထွတ်အထိပ်ကို ရောက်နေပြီး ဝိညာဉ်သန္ဓေအဆင့်ကို တက်လှမ်းဖို့ အလွှာပါးလေးတစ်ခုပဲ လိုတော့တာ။ ဒါပေမဲ့ အဲ့ဒီအလွှာကို ကျော်ဖြတ်ဖို့ နှစ်ပေါင်းနှစ်ဆယ်ကြာအောင် ဘယ်လိုမှ နည်းလမ်းမရှာတွေ့ခဲ့ဘူး။ ဒါနဲ့ ကျွန်တော်လည်း ချင်းမြို့ကိုလာပြီး ကျင့်ကြံမှုအတွက် အခွင့်အလမ်း ရှာဖွေခဲ့တာ"
"ချင်းမြို့ကို ရောက်ရောက်ချင်းမှာပဲ ကလေးပျောက်တဲ့ ကိစ္စကို တွေ့လိုက်ရတယ်။ ကျွန်တော်က သူများကို ကူညီရတာ ဝါသနာပါတော့ သူတို့ကို ကူညီပေးမယ်လို့ စိတ်ကူးခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော် စုံစမ်းလိုက်တဲ့အခါမှာတော့ ကိစ္စက မရိုးရှင်းဘဲ ကျောချမ်းစရာ ကောင်းနေတာကို တွေ့လိုက်ရတယ်။ ဒါက အခုမှ ပျောက်တာ မဟုတ်ဘူး။ ချင်းမြို့နဲ့ အနီးနားက မြို့တွေမှာ ကလေးတွေ ပျောက်နေတာ နှစ်ပေါင်း နှစ်ရာကျော် ရှိနေပြီ။ ပျောက်သွားတဲ့ ကလေးတွေကလည်း အသက်တစ်နှစ်မပြည့်သေးတဲ့ ကလေးငယ်လေးတွေချည်းပဲ။"
"နောက်ပြီး ကျွန်တော် တစ်ခုသတိထားမိတာက ကလေးပျောက်တဲ့ အချိန်နဲ့ ကျန်းမိသားစုရဲ့ ဘိုးဘေးကန်တော့ပွဲ အချိန်က ထပ်တူကျနေတာပဲ။ ကျန်းမိသားစုက ဘိုးဘေးကန်တော့ပွဲကို ခဏခဏ လုပ်လေ၊ ကလေးတွေက ပိုပျောက်လေပဲ။ ဒါနဲ့ ကျွန်တော် ကျန်းမိသားစုကို စုံစမ်းလိုက်တော့ ကလေးတွေကို ခိုးနေတာ ကျန်းမိသားစု ဖြစ်နေတာကို တကယ်ပဲ တွေ့လိုက်ရတယ်။ ကျန်းမိသားစု ခေါင်းဆောင်နဲ့ မြို့တော်ဝန်တို့ စကားပြောနေတာကို ကျွန်တော် တိတ်တဆိတ် ကြားခဲ့ရတယ်။ ကျန်းမိသားစုက မြို့တော်ဝန်တွေနဲ့ ပူးပေါင်းပြီး ကလေးပျောက်တဲ့ ကိစ္စကို ဖုံးကွယ်ထားကြတာ။ အစပိုင်းမှာတော့ မြို့တော်ဝန်အိမ်တော်က ဟန်ဆောင်ပြီး ရှာပေးသလို လုပ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ဟန်တောင် မဆောင်တော့ဘဲ လူအင်အား မရှိဘူးဆိုပြီး မရှာပေးတော့ဘူး။ တောက်... အဓိပ္ပာယ်မရှိတဲ့ ကောင်တွေ။"
ယွမ်ဝူရှင်းမှာ ထိုနေရာသို့ ရောက်သောအခါ နားထင်မှ အကြောများပင် ထောင်ထွက်လာပြီး လက်ဖက်ရည်ခွက်ကို ခြေမွပစ်လိုက်သည်။
"ကျန်းမိသားစုရဲ့ နောက်ကွယ်မှာ လူသားဧကရာဇ်ရှိနေတာဆိုတော့ ကျွန်တော်သာ ဒီအတိုင်း ထုတ်ပြောလိုက်ရင် ကျန်းမိသားစုက ဒုက္ခရောက်မှာ မဟုတ်ဘဲ ကျွန်တော်ပဲ ဒုက္ခရောက်မှာ။"
"ဒါကြောင့် ကျွန်တော်က ခိုင်လုံတဲ့ သက်သေကို ရှာပြီးမှ အများသိအောင် ထုတ်ပြောရမယ်။ အဲ့ဒီလိုဆိုရင် လူသားဧကရာဇ်ကိုယ်တိုင် ရောက်လာရင်တောင် လူတွေရဲ့ပါးစပ်ကို ပိတ်လို့ရမှာ မဟုတ်ဘူး။"
ကျန်းလီမှာ ခဏမျှ တိတ်ဆိတ်သွားပြီး မေးလိုက်သည် - "ကျန်းမိသားစုက အဲ့ဒီကလေးငယ်တွေကို ဘာအတွက် သုံးတာလဲ"
"ဒါက..." ယွမ်ဝူရှင်းမှာ တွန့်ဆုတ်သွားပြီး - "...ကျွန်တော်လည်း အတိအကျ မသိဘူး။ ဒါပေမဲ့ မှော်လက်နက်တွေ လုပ်ဖို့အတွက် ဖြစ်နိုင်တယ်"
ကျန်းလီသည် ယွမ်ဝူရှင်း၏ မျက်လုံးများကို စိုက်ကြည့်ကာ လေသံကို တင်းမာလိုက်သည် - "ခင်ဗျား လိမ်နေတာမို့လို့လား၊ ဘာကို ကြောက်နေတာလဲ။"
ယွမ်ဝူရှင်းမှာ ကျန်းလီ၏ အကြည့်အောက်တွင် ခေါင်းနားပန်းကြီးသွားကာ - "စီနီယာ... ဒီကိစ္စကို တကယ် ပြောလို့မရဘူး။ ပြောတဲ့သူတိုင်း သေမှာပဲ။"
ကျန်းလီသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်လိုက်သည်။ ၎င်း၏ ရှေ့ဖက်တွင် 'တာအိုဂိုဏ်း' ဟု ရေးသားထားပြီး နောက်ကျောတွင်မူ အမြဲတမ်း လည်ပတ်နေသော 'ယင်ယန်' ပုံရိပ် ရှိသည်။ ထိုကျောက်စိမ်းတံဆိပ်မှာ ထွင်းထုထားသည်ဟု မထင်ရဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့်အလား လက်ရာမြောက်လှသည်။
"အခုရော ပြောလို့ရပြီလား"
ယွမ်ဝူရှင်းမှာ မျက်လုံးများ ပြူးသွားကာ ထိုတံဆိပ်ကို မယုံနိုင်လောက်အောင် ကြည့်နေမိသည်။ သူ၏ နှုတ်ခမ်းများမှာလည်း တုန်ရီနေပြီး အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရသည့်အလား ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်အလင်းရောင်ကို တွေ့လိုက်ရသည့်အလား ဝမ်းသာခြင်းတို့ ရောပြွမ်းနေသည်။
"တာအိုဂိုဏ်းတံဆိပ်ပြား။ စီနီယာက တာအိုဂိုဏ်းရဲ့ လှည့်လည်သူလား။?"
တာအိုဂိုဏ်းတံဆိပ်ပြားကို တွေ့ရခြင်းမှာ တာအိုဂိုဏ်းချုပ်ကို ကိုယ်တိုင်တွေ့ရခြင်းနှင့် တူညီပေသည်။
ဤတံဆိပ်ကို ပိုင်ဆိုင်နိုင်သူမှာ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်ရှိသူများ သို့မဟုတ် တာအိုဂိုဏ်း၏ လှည့်လည်သူများသာ ဖြစ်သည်။ တစ်လောကလုံးတွင် ငါးခုထက် မပိုဟု သိထားကြရာ သူ့ရှေ့မှ ဝိညာဉ်သန္ဓေအဆင့် စီနီယာမှာ သေချာပေါက် နောက်ပိုင်းအမျိုးအစား ဖြစ်ပေလိမ့်မည်။
ဤစီနီယာမှာ သူ စောစောက ထင်ထားသကဲ့သို့ နှစ်ပေါင်းရာချီ နေလာသော အဘိုးကြီး မဟုတ်ဘဲ အသက် ၂၀ ဝန်းကျင်နှင့် ဝိညာဉ်သန္ဓေအဆင့်သို့ ရောက်ရှိနေသော ပါရမီရှင် ဖြစ်ပေလိမ့်မည်။
ကျန်းလီက ခေါင်းညိတ်ပြလိုက်သည် - "ငါက နာမည်မပြောင်း၊ မျိုးရိုးမပြောင်းတဲ့ တာအိုဂိုဏ်းရဲ့ လက်ရှိလှည့်လည်သူ 'ကျန်းလီ' ပဲ" (အသံထွက်ပဲတူတာပါ)
ကျန်းလီသည် သူ၏ နာမည်နှင့် အထောက်အထားကို ယာယီအားဖြင့် လုပ်ကြံလိုက်ခြင်း ဖြစ်သည်။ တာအိုဂိုဏ်းချုပ်နှင့် သူ၏ ရင်းနှီးမှုအရ ထိုသူမှာ သူ့ကို အပြစ်တင်လိမ့်မည် မဟုတ်ပေ။
"စီနီယာက တာအိုဂိုဏ်းရဲ့ လှည့်လည်သူ ဖြစ်နေတာပဲ၊ ကျွန်တော်က စီနီယာကို ကျိန်ဆိုခိုင်းမိတာ... ဒါက..."
ယွမ်ဝူရှင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ တာအိုဂိုဏ်း၏ လှည့်လည်သူ ဆိုသည်မှာ နောင်တစ်ချိန်တွင် တာအိုဂိုဏ်းချုပ် ဖြစ်လာမည့်သူဖြစ်ပြီး အနာဂတ်၏ ထိပ်တန်း ကျင့်ကြံသူကြီး ဖြစ်သည်။ တာအိုဂိုဏ်းမှာ ရှေးအကျဆုံး ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး လူသားဧကရာဇ်နန်းဆောင်ထက်ပင် သက်တမ်း ပိုရှည်သည်။ နတ်ဘုရားများစွာ ပေါ်ထွက်ခဲ့ပြီး အခြေခံ အလွန်ခိုင်မာလှသဖြင့် လူသားဧကရာဇ်နန်းဆောင်ကို မကြောက်ရွံ့သော အင်အားစု အနည်းငယ်ထဲမှတစ်ခု ဖြစ်သည်။
သို့သော် ဤအရာအားလုံးမှာ သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး လူသားဧကရာဇ်ဖြစ်သော ကျန်းလီကို ဖယ်ထုတ်ထားလျှင်ပေါ့။
အခု တာအိုဂိုဏ်းလှည့်လည်သူကိုယ်တိုင် ပါဝင်လာပြီဖြစ်ရာ ကျန်းမိသားစုကို ဖြိုချနိုင်မည့် အခွင့်အရေးမှာ ပို၍ပင် သေချာသွားပြီဖြစ်သည်။
ယွမ်ဝူရှင်းမှာ ဝမ်းသာအားရဖြစ်သွားပြီး စိတ်ကို အကြိမ်ကြိမ် တည်ငြိမ်အောင် ထားလိုက်ရသည်။
"ကျွန်တော် မပြောရဲတာက စီနီယာကျန်းကို ထိခိုက်မှာ စိုးလို့ပါ။ လူသားဧကရာဇ်ကျန်းက ကျွန်တော်တို့ နှစ်ယောက်လုံးကို သတ်ပစ်ဖို့ ကြိုးစားနိုင်တယ်လေ။ ဒါပေမဲ့ စီနီယာက တာအိုဂိုဏ်းကဆိုတော့ လူသားဧကရာဇ်ကို ကြောက်စရာ မလိုဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်"
"လူသားဧကရာဇ်ကျန်းက... မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနေတာ ဖြစ်နိုင်တယ်။"
ယွမ်ဝူရှင်းသည် အသံကို အလွန်တိုးလိုက်သည်။ အသံကျယ်သွားပါက လူသားဧကရာဇ် ကြားသွားမည်ကို စိုးရိမ်နေသည့်အလား။
သူသည် ထိုစကားကို ပြောပြီးနောက် ကျန်းလီ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သွားမည့် ပုံရိပ်ကို မျှော်လင့်ထားခဲ့သည်။ သို့သော် ကျန်းလီမှာမူ လုံးဝ ဂရုမစိုက်သည့်အပြင် အနည်းငယ်ပင် ပြုံးနေလေသည်။