ငါက လူသားဧကရာဇ်ကျန်းလီရဲ့ အစ်ကိုပဲ
Vol. 1 Ch. 6
ကျန်းမိသားစု၏ ဘိုးဘေးကဗျည်းစင်ခန်းမထဲတွင် ဒူးထောက်နေသော အဘိုးအိုမှာ ကျန်းမိသားစုတွင် အသက်အကြီးဆုံးဖြစ်သလို ကျန်းမိသားစု၏ ခေါင်းဆောင်လည်း ဖြစ်သည်။
ဂုန်ချောဝတ်အဘိုးအို ရောက်လာသည်ကို မြင်သောအခါ ကျန်းမိသားစုခေါင်းဆောင်မှာ တုန်တုန်ချိချိဖြင့် တောင်ဝှေးကို အားပြုကာ ထလိုက်ပြီး အရိုအသေပြုလိုက်သည်။ သူ့မျက်နှာတွင် ဝမ်းသာအားရ ဖြစ်နေသော အရိပ်အယောင်များ ပေါ်ပေါက်လာကာ - "ဘိုးဘေးကြီးက အစီအစဉ်ထက် နှစ်ရက်စောပြီး ကျင့်စဉ်ကနေ ထွက်လာတာဆိုတော့၊ ဝိညာဉ်သန္ဓေအဆင့်အထွတ်အထိပ်ကို ကျော်ဖြတ်ပြီး 'နတ်ဘုရားပြောင်းလဲခြင်း' အဆင့်ကို ရောက်သွားပြီလား"
ဂုန်ချောဝတ်အဘိုးအိုက ခေါင်းခါလိုက်ပြီး နှမြောတသဟန်ဖြင့် ပြောလိုက်သည် - "နတ်ဘုရားပြောင်းလဲခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲသလဲ။ ခုနက ကလေးငယ် တစ်ဒါဇင်လောက် သေသွားတာပဲ အဖတ်တင်တယ်။ သူတို့ကို သွေးနဲ့ပူဇော်တာက ငါ့ကျင့်ကြံမှုအတွက် သိပ်ပြီး အထောက်အကူ မဖြစ်တော့ဘူး။ ကြည့်ရတာ နတ်ဘုရားပြောင်းလဲခြင်းအဆင့်ကို ရောက်ဖို့ဆိုရင် သွေးနဲ့ပူဇော်တာ တစ်ခုတည်းနဲ့ မရတော့ဘူး၊ တခြားနည်းလမ်း ရှာရလိမ့်မယ်"
ကျန်းမိသားစုခေါင်းဆောင်၏မျက်နှာတွင် စိတ်ပျက်သွားသော အရိပ်အယောင်မှာ ခဏချင်း ပျောက်ကွယ်သွားပြီးနောက် - "ခုနတင်ပဲ လူယုံတစ်ယောက်က လာပြောသွားတယ်။ ဒီတစ်ခါ ကလေးပျောက်တဲ့ မိဘတွေက ချင်းမြို့ထဲမှာ လျှောက်အော်နေကြတာ မြို့တော်ဝန်အိမ်တော်ရှေ့အထိ ရောက်သွားတယ်တဲ့။ ဒီတစ်ခါတော့ ကိစ္စကို ဖုံးကွယ်ဖို့ နည်းနည်းခက်မယ် ထင်တယ်။ ဘိုးဘေးကြီး နည်းလမ်းပြောင်းမယ်ဆိုတာလည်း ကောင်းတာပါပဲ။ ကျွန်တော်တို့ ဒီနှစ်တွေအတွင်းမှာ ကလေးတွေ အများကြီး ခိုးခဲ့မိတော့ လူတွေက ကျွန်တော်တို့ကို သံသယဝင်နေကြပြီလေ"
"ဘယ်သူလဲ"
"ယွမ်ဝူရှင်း ဆိုတဲ့ ရွှေအမြုတေအဆင့် လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ။ သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျွန်တော်တို့ ဘိုးဘေးကန်တော့ပွဲ လုပ်တဲ့အချိန်တိုင်း တိတ်တဆိတ် ဝင်ဖို့ ကြိုးစားနေတာ"
ဂုန်ချောဝတ်အဘိုးအိုက လှောင်ပြုံး ပြုံးလိုက်ပြီး လုံးဝ ဂရုမစိုက်ဟန်ဖြင့် - "ကြည့်ရတာ ငါတို့ ကန်တော့ပွဲလုပ်တဲ့ အကြိမ်ရေနဲ့ ကလေးပျောက်တဲ့ အချိန် ထပ်တူကျနေတာကို သူ သတိထားမိသွားပုံရတယ်။ လေလွင့်ကျင့်ကြံသူ တစ်ယောက်တည်းဆိုတော့ သူ့ကို ဖမ်းပြီး သွေးပူဇော်လိုက်ရင် အတော်ပဲပေါ့"
"ဒါနဲ့... ကလေးပျောက်လို့ ဆူညံနေတဲ့ မိဘတွေရှိရင်လည်း သူတို့ကိုပါ ဖမ်းပြီး သွေးပူဇော်လိုက်ဦး။ သူတို့ကလေးတွေနဲ့ သွားဆုံခိုင်းလိုက်ပေါ့"
"ဟုတ်ကဲ့ပါ"
"တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ။ ဒါဆို ခင်ဗျားလည်း ဘာလို့ အောက်ကိုဆင်းပြီး ခင်ဗျားမိဘတွေနဲ့ သွားမဆုံတာလဲ"
"ဘယ်သူလဲ။" ဂုန်ချောဝတ်အဘိုးအိုမှာ ဒေါသတကြီး လှည့်ကြည့်လိုက်သည်။ ဘယ်သူက ဤကဲ့သို့ ရိုင်းစိုင်းသော စကားကို ပြောဝံ့သလဲဟု ကြည့်ရင်း နောက်သို့ အမြန်ဆုတ်လိုက်၏။ သူသည် တစ်စုံတစ်ယောက် အနားသို့ ရောက်လာသည်ကို လုံးဝ သတိမထားမိခဲ့ပေ။
သူ၏ အာရုံခံနိုင်စွမ်းကို ကျော်လွန်ပြီး အနားသို့ ရောက်လာနိုင်သူမှာ သူနှင့်အဆင့်တူ ဝိညာဉ်သန္ဓေအဆင့် အထွတ်အထိပ်ဖြစ်ပြီး ကိုယ်ပျောက်မန္တာန် ကျွမ်းကျင်သူ သို့မဟုတ် နတ်ဘုရားပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူသာ ဖြစ်ရမည်။
သူသည် အဆောင်အမျိုးမျိုးကို ချက်ချင်း ထုတ်လွှတ်လိုက်သော်လည်း ကျန်းလီကမူ လက်ဖြင့်သာ ပုတ်ထုတ်ပစ်လိုက်သည်။
ကျန်းလီသည် ဘာစကားမှမပြောဘဲ ရှေ့သို့ တိုးသွားကာ ပါးရိုက်လိုက်ရာ ဂုန်ချောဝတ်အဘိုးအိုမှာ ဝိညာဉ်တိုင်များ တင်ထားသော စားပွဲပေါ်သို့ လွင့်စင်သွားသည်။ အုတ်ခဲများမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားပြီး ထိုအဘိုးအို၏သွားများမှာလည်း ထက်ဝက်ခန့် ကျိုးထွက်သွားလေသည်။
"မင်း။"
ဂုန်ချောဝတ်အဘိုးအိုမှာ အကြီးအကျယ် ထိတ်လန့်သွားသည်။ သူသည် ကျန်းလီထံမှ သူနှင့်အဆင့်တူ ဝိညာဉ်သန္ဓေအဆင့် အထွတ်အထိပ် အရှိန်အဝါကို ခံစားနေရသော်လည်း ကျန်းလီ၏ လှုပ်ရှားမှုမှာ သူ မလိုက်နိုင်လောက်အောင် မြန်ဆန်လှသည်။
ကျန်းလီ၏ တစ်သက်တာလုံး ကြုံတွေ့ခဲ့ရသော သေရေးရှင်ရေး တိုက်ပွဲများမှာ သူကိုယ်တိုင်ပင် မမှတ်မိနိုင်လောက်အောင် များပြားလှသည်။ သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံမှာ မည်မျှ ကြွယ်ဝသလဲဆိုလျှင် ကျင့်ကြံမှုကို ဝိညာဉ်သန္ဓေအဆင့် သို့မဟုတ် ရွှေအမြုတေအဆင့်အထိ လျှော့ချထားလျှင်ပင် ဤဂုန်ချောဝတ်အဘိုးအိုကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
ကျန်းလီသည် မျက်နှာသေဖြင့်သာရှိနေပြီး ဘာစကားမှမပြောဘဲ တိတ်တဆိတ် တိုက်ခိုက်နေသည်။ သူသည် ထိုအဘိုးအိုကို စားပွဲပေါ်တွင် ဖိထားကာ တစ်ချက်ပြီးတစ်ချက် ထိုးနှက်နေ၏။ လက်သီးချက်တိုင်းမှာ ယခင်ချက်ထက် ပို၍ ပြင်းထန်လှသည်။ ထိုစဉ်အတွင်း သူ့ခေါင်းထဲ၌ စနစ်၏ အသံ ပေါ်ထွက်လာသည်။
[ဂုဏ်ယူပါသည်။ ဟို့စ်သည် ကျန်းယီရှင်းကို အနိုင်ယူပြီး လူသစ်တာဝန်ကို ပြီးမြောက်ခဲ့သည်။]
ကျန်းလီမှာ စနစ်၏အသံကို ကြားသော်လည်း ဝမ်းသာခြင်း အလျဉ်းမရှိဘဲ ဝိညာဉ်သန္ဓေအဆင့် ခွန်အားဖြင့် ကျန်းယီရှင်းကို ဆက်လက် ထိုးနှက်နေဆဲပင်။
သူသည် အရှိန်အဝါကို ပိုမိုသုံးလိုက်ပါက ကျန်းယီရှင်း တစ်ခါတည်း သေသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ကျန်းလီသည် လေဟာနယ်လမ်းကြောင်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးခဲ့စဉ်ကပင် ဤဂုန်ချောဝတ်အဘိုးအိုမှာ ကျန်းယီရှင်း ဖြစ်ကြောင်း သိခဲ့ပြီးဖြစ်သည်။
သူသည် ယခု ရုပ်ရည်ပြောင်းလဲထားသဖြင့် ကျန်းယီရှင်းမှာ သူ့ကို ကျန်းလီမှန်း မသိခဲ့ပေ။
"မင်း သိလား... ငါက ဘယ်သူလဲဆိုတာ... ငါက လူသားဧကရာဇ်... ကျန်းလီရဲ့... အစ်ကိုကွ..."
ကျန်းယီရှင်းမှာ သွားများ ကျိုးနေသဖြင့် စကားကို ပီပီသသ မပြောနိုင်ဘဲ တုန်တုန်ယင်ယင်နှင့် အော်ဟစ်နေသည်။
"ဟုတ်လား။"
"လူသားဧကရာဇ်ရဲ့ အစ်ကိုပေါ့။"
"အရှိန်အဝါကတော့ တကယ့်ကို ကြီးမားလှပါလား။"
"လူသားဧကရာဇ်တောင် ခင်ဗျားလောက် အရှိန်အဝါ မကြီးဘူး။"
"ကိုယ့်အတွက်ကိုယ် ဝိညာဉ်တိုင် လုပ်ထားတာလား။"
"ကိုယ့်ကိုယ်ကိုယ် သေသင့်တယ်ဆိုတာ သိနေလို့လား။"
"ဒါမှမဟုတ်ရင် အပြင်လူတွေကို သေသွားပြီလို့ ဟန်ဆောင်ထားတာလား။"
ကျန်းလီ၏ စိတ်ထဲတွင် ဒေါသများမှာ မထိန်းနိုင်အောင် ဖြစ်နေသည်။ ကျန်းယီရှင်းသည် သူ့နာမည်ကို အသုံးပြုကာ မိစ္ဆာလုပ်ရပ်များကို လုပ်ဆောင်ခဲ့ပြီး ကလေးငယ်များစွာကို သတ်ဖြတ်ခဲ့သည်။ ထိုကလေးများ၏ သေဆုံးမှုအတွက် သူကိုယ်တိုင်တွင်လည်း တာဝန်ရှိသည်ဟု ကျန်းလီ ခံစားနေရသည်။
သူသည် တစ်ခွန်းပြောတိုင်း လက်သီးတစ်ချက် ထိုးလိုက်ရာ ကျန်းယီရှင်း၏ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီကာ သတိလစ်တော့မည့် အခြေအနေ ရောက်မှသာ လက်ကို ရပ်လိုက်သည်။
ကျန်းလီသည် 'ကျန်းယီရှင်း' ဟု ရေးထားသော ဝိညာဉ်တိုင်ကို ကောက်ယူလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"ဘိုးဘေးကန်တော့ပွဲရဲ့ ယုံကြည်မှုစွမ်းအားကို သုံးပြီး ကိုယ်ထဲက ကလေးငယ်တွေရဲ့ နာကျည်းမှုကို လျှော့ချနေတာလား။ တော်တော်လေးကို ဉာဏ်နီဉာဏ်နက်များတာပဲ"
ကျန်းလီသည် ကျန်းယီရှင်း၏ခြေထောက်ကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။ ထွက်လာစဉ်တွင် ကျန်းယီရှင်း၏ခေါင်းမှာ တံခါးဘောင်နှင့် ပြင်းထန်စွာ တိုက်မိသဖြင့် အသံကျယ်ကြီး ထွက်ပေါ်လာ၏။ ကျန်းမိသားစုဝင်များမှာ ဘိုးဘေးခန်းမထဲမှ ဆူညံသံများကို ကြားနေရသဖြင့် ကျန်းလီ ပေါ်လာသည်နှင့် လူသတ်သမားကို သတ်ရန် ဝိုင်းဝန်းတိုက်ခိုက်ကြသည်။
လူအနည်းငယ်မှလွဲ၍ ကျန်သော ကျန်းမိသားစုဝင်များမှာ ကျန်းယီရှင်း သေသွားပြီဟု ထင်ထားကြသဖြင့် သူ့ကို မမှတ်မိကြပေ။ ထို့ကြောင့် ကျန်းလီကို တိုက်ခိုက်စဉ် ကျန်းယီရှင်းကို မရှောင်ဘဲ တိုက်ခိုက်မိကြရာ မန္တာန်အချို့မှာ ကျန်းယီရှင်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သို့သော် ကျန်းလီ၏ လက်သီးချက်များနှင့် နှိုင်းယှဉ်ပါက ထိုတိုက်ခိုက်မှုများမှာ ကျန်းယီရှင်းကို သေစေလောက်သည့် ဒဏ်ရာ မရစေပေ။
ကျန်းလီသည် လက်တစ်ဖက်ဖြင့်ပင် ထိုသူများ၏ တိုက်ခိုက်မှုများကို ကာကွယ်ကာ တန်ပြန်တိုက်ခိုက်လိုက်ရာ အလွန်ပင် လွယ်ကူလှသည်။
"စီနီယာ... ဒါက..." ယွမ်ဝူရှင်းမှာ နောက်မှ လိုက်လာရင်း ကျန်းလီ၏လုပ်ရပ်ကြောင့် ထိတ်လန့်သွားသည်။ ကျန်းမိသားစုတစ်ခုလုံးကို ဖြိုချပြီး တရားခံကို ဖမ်းဆီးလိုက်ခြင်းမှာ သူ မတွေးဝံ့သော ကိစ္စပင် ဖြစ်သည်။
"သေချာတာပေါ့... ကိစ္စကို အကြီးကြီးဖြစ်အောင် လုပ်ရမယ်လေ" ကျန်းလီက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"အ... အကြီးကြီးလား" ယွမ်ဝူရှင်းမှာ ကျန်းလီ ဘာလုပ်ချင်သည်ကို နားမလည်တော့ပေ။ ဤတာအိုဂိုဏ်းလှည့်လည်သူ၏ ကျင့်ကြံမှုမှာ နက်ရှိုင်းသလို လုပ်ရပ်မှာလည်း ခန့်မှန်းရ ခက်လှသည်။
"ကိစ္စကို အကြီးကြီးမလုပ်ရင် ကျန်းမိသားစုကို ဘယ်နှစ်ယောက်က ကာကွယ်ပေးနေသလဲဆိုတာ ဘယ်လိုသိမလဲ။ မြို့တော်ဝန်လား၊ နယ်စားလား၊ ဒါမှမဟုတ် အဲ့ဒီထက် မြင့်တဲ့သူလား... ဒီတစ်ခါတော့ ဘယ်လောက်ကြီးတဲ့ ငါးကို မျှားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့" ကျန်းလီက အေးစက်စက် ပြုံးလိုက်သည်။
မဟာကျိုးဧကရာဇ်သာ ဤကိစ္စကို မသိခဲ့လျှင် အတော်ပင်။ အကယ်၍ ကျန်းယီရှင်း၏ လုပ်ရပ်ကို သိလျက်နှင့် ဖုံးကွယ်ထားခဲ့မည်ဆိုပါက ထိုသူကို သူ့သူငယ်ချင်းအဖြစ် ကျန်းလီ သတ်မှတ်တော့မည် မဟုတ်ပေ။
ယွမ်ဝူရှင်းမှာ ထိုစကားကို ကြားရသောအခါ စိတ်လှုပ်ရှားလာသည်။ ဒါဟာ တစ်လောကလုံးကို မှောက်လှန်ပစ်မယ့် အခြေအနေပဲ။
"ခင်ဗျား သွားပြီး ကလေးပျောက်တဲ့ မိဘတွေကို ခေါ်လိုက်ပါ။ တရားခံကို မိပြီ၊ အခု မြို့တော်ဝန်အိမ်တော်မှာ စစ်ဆေးတော့မယ်လို့ ပြောလိုက်"
"ဟုတ်ကဲ့ပါ။"
.....
ချင်းမြို့ မြို့တော်ဝန်၏ မျိုးရိုးအမည်မှာ 'ကျန့်' ဖြစ်သည်။ သူသည် သူ၏ ရာထူးတက်လမ်းမှာ အလွန်ဖြောင့်ဖြူးသည်ဟု ယူဆထားသည်။ အရာရှိငယ်လေးဘဝမှ စတင်ကာ အထက်လူကြီးများ၏ မျက်စိကျခြင်းကို ခံရပြီး တဖြည်းဖြည်း ရာထူးတက်လာခဲ့သည်။ ယခုဆိုလျှင် အရာရှိများစွာ လိုချင်နေကြသော ချင်းမြို့ မြို့တော်ဝန် ရာထူးကိုပင် ရရှိထားပြီဖြစ်သည်။ ကျန်းမိသားစုနှင့် အဆက်အသွယ်ရှိထားခြင်းကြောင့် လူသားဧကရာဇ်ကို ကိုယ်တိုင် မဖူးမြော်ဖူးသော်လည်း ကျန်းမိသားစုနှင့် ရင်းနှီးခြင်းမှာ လူသားဧကရာဇ်နှင့် ရင်းနှီးခြင်းနှင့် အတူတူပင် မဟုတ်လား။
ယခင် ချင်းမြို့ မြို့တော်ဝန်ဟောင်းများမှာ ယခုအခါ အဆင့်အတန်း မြင့်မားသော ရာထူးများကို ရရှိနေကြပြီ ဖြစ်သည်။ အမြင့်ဆုံး ရာထူးရသူမှာ 'နယ်စား' ပင် ဖြစ်နေပြီဖြစ်ရာ သူ အလွန်ပင် အားကျမိသည်။
မြို့တော်ဝန်ကျန့်သည် ပုံမှန်အတိုင်းပင် စောစောအနားယူရန် ပြင်လိုက်သည်။ ညနေစောင်းနေပြီဖြစ်ရာ ရုံးဆင်းချိန် မရောက်သေးသော်လည်း သူသည် မြို့တော်ဝန် ဖြစ်သဖြင့် နာရီဝက်ခန့် စောဆင်းခြင်းကို ဘယ်သူမှ ဘာမှပြောမည် မဟုတ်ပေ။
သူ အနားယူရန် ပြင်နေစဉ်မှာပင် လက်အောက်ငယ်သားတစ်ဦး ရောက်လာပြီး အမှုကြီးတစ်ခုအတွက် မြို့တော်ဝန်ကို ဆုံးဖြတ်ပေးရန် တောင်းဆိုနေသူရှိကြောင်း လာပြောသည်။
မြို့တော်ဝန်ကျန့်မှာ အလွန်မကျေမနပ် ဖြစ်သွားသည်။ အမှုကြီးဆိုသည်မှာ အချိန်အတော်ကြာ ဖြေရှင်းရမည်ဖြစ်ရာ သူ့ရုံးဆင်းချိန်မှာ နောက်ကျသွားတော့မယ် မဟုတ်လား။
"အပြင်ကလူကို သွားပြောလိုက်။ ငါ အရေးကြီးကိစ္စနဲ့ အပြင်သွားစရာရှိလို့ မနက်ဖြန်မှ ပြန်လာခဲ့ဖို့ ပြောလိုက်"
"လူကြီးမင်း... အဲ့ဒီလူ ပြောတာကတော့ သူ ကလေးခိုးတဲ့ တရားခံကို ဖမ်းမိထားတယ်တဲ့။ အဲ့ဒီလူက သေသွားပြီလို့ အားလုံးထင်ထားတဲ့ ကျန်းမိသားစုရဲ့ ဘိုးဘေး 'ကျန်းယီရှင်း' ဖြစ်နေတယ်။ အခု ကျန်းယီရှင်းကို သူက သတိလစ်သွားအောင် ရိုက်နှက်ထားတယ်။ လူတွေကလည်း သတင်းကြားလို့ စုရုံးရောက်ရှိလာကြတာ အိမ်တော်ရှေ့မှာ လူတွေ ပြည့်နှက်နေပြီ။"
"သောက်ခွေးကောင်... ဒီလိုကိစ္စကို စောစောမပြောဘူး။" မြို့တော်ဝန်ကျန့်မှာ ထိတ်လန့်တုန်လှုပ်သွားကာ အလိုက်မသိသော လက်အောက်ငယ်သားကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး အဝတ်အစားများကို အမြန်ပြင်ဆင်ကာ ခန်းမဆောင်ထဲတွင် ထိုင်လိုက်လေသည်။
"အပြင်မှာ ဘယ်သူတွေ ဆူညံနေတာလဲ၊ အထဲကို ခေါ်ခဲ့စမ်း။" မြို့တော်ဝန်ကျန့်သည် ခန်းမ၏ အမြင့်ဆုံးနေရာတွင် ထိုင်ကာ တည်ကြည်လေးနက်သော အမူအရာကို လုပ်ထားလိုက်သည်။
ကျန်းလီသည် ကျန်းယီရှင်းကို ကြက်ကလေးတစ်ကောင်လိုဆွဲကာ ခန်းမထဲသို့ ဝင်လာသည်။ ဘေးနားတွင်မူ စိတ်လှုပ်ရှားနေသလို ကြောက်လည်း ကြောက်နေသော ယွမ်ဝူရှင်း ပါလာပြီး နောက်တွင်မူ ငိုယိုနေသော မိဘတစ်ဒါဇင်ခန့် ပါလာကြကာ ကျန်းယီရှင်းကို ကန်ကျောက် ဆဲဆိုနေကြသည်။ သူတို့နောက်တွင်မူ သတင်းလာကြည့်ကြသော လူအုပ်ကြီး ရှိနေလေသည်။
မဟာကျိုးနိုင်ငံ၏ ဥပဒေတွင် ဒေသဆိုင်ရာ အရာရှိများသည် အမှုများကို လူအများရှေ့တွင် ပွင့်လင်းမြင်သာစွာ စစ်ဆေးရမည်ဟု ပြဌာန်းထားသည်။
ယခုအချိန်တွင် မြို့တော်ဝန်ကျန့်သည် ထိုဥပဒေကို အလွန်ပင် မုန်းတီးနေမိသည်။ လူအများ၏ ရှေ့မှောက်တွင် ကျန်းမိသားစုကို ဘက်လိုက်ကာ ကာကွယ်ပေးရန်မှာ အလွန်ပင် ခက်ခဲလှသည် မဟုတ်လား။