← Chapters

ယွမ်ဝူရှင်းက ဘယ်သူလဲ

Vol. 1 Ch. 7

ယွမ်ဝူရှင်းက ဘယ်သူလဲ

Vol. 1 Ch. 7

"ကျွန်တော့်မှာ တိုင်တန်းစရာ အမှုကြီးတစ်ခု ရှိပါတယ်" ကျန်းလီသည် ကျန်းယီရှင်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး မြို့တော်ဝန်ကျန့်ကို လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။

"ပြောစမ်း"

"ကျွန်တော့်နာမည် ကျန်းလီ ပါ၊ ချင်းမြို့သားဖြစ်ပြီး တစ်ကိုယ်တော် ကျင့်ကြံနေတဲ့ ဝိညာဉ်သန္ဓေအဆင့် တစ်ယောက်ပါ။ ဒါကတော့ ကျွန်တော့်ရဲ့ အဖော် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ယွမ်ဝူရှင်း ပါ။ ကျွန်တော်တို့နှစ်ယောက် ချင်းမြို့မှာ မကြာခဏ ကလေးငယ်တွေ ပျောက်ဆုံးနေတာကို ကြားခဲ့ရပေမဲ့ မြို့တော်ဝန်အိမ်တော်က လူအင်အား မလုံလောက်တာကြောင့် ကိုယ်တိုင်ပဲ တိတ်တဆိတ် စုံစမ်းခဲ့ပါတယ်။ အခုတော့ တရားခံအစစ်ကို ဖမ်းမိခဲ့ပါပြီ"

ကျန်းလီသည် စကားကို ခဏရပ်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ ကျန်းယီရှင်းကို လက်ညှိုးထိုးပြလိုက်သည်။

"တရားခံအစစ်ကတော့ ကျန်းမိသားစုရဲ့ ဘိုးဘေး ကျန်းယီရှင်း ပဲ ဖြစ်ပါတယ်။"

ရုံးတော်အပြင်ဘက်ရှိ လူအုပ်ကြီးမှာ ကျန်းလီ၏စကားကို ကြားသောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ကလေးပျောက်ဆုံးနေသည့် မိဘ တစ်ဒါဇင်ကျော်မှာ ထိုစကားကို ကြားသည်နှင့် ငိုကြွေးကြတော့သည်။ အကယ်၍ အစောင့်များသာ တားမထားပါက သူတို့သည် ကျန်းယီရှင်းကို အပိုင်းပိုင်း ဆွဲဖြတ်ရန် ရုံးတော်ထဲသို့ ပြေးဝင်လာကြပေလိမ့်မည်။ အကြောင်းမှာ သူတို့၏ ကလေးငယ်များကို သွေးဖြင့် ပူဇော်ပစ်လိုက်ပြီဖြစ်ကြောင်း ယွမ်ဝူရှင်းက သူတို့ကို အသိပေးထားပြီးဖြစ်သောကြောင့် ဖြစ်သည်။

"ကျန်းလီ... စကားကို ရမ်းမပြောနဲ့။ ကျန်းမိသားစုက မျိုးဆက်အလိုက် လူကောင်းတွေ၆ဖြစ်သလို၊ လူသားဧကရာဇ်ကျန်းလီလို သူရဲကောင်းမျိုးတောင် ပေါ်ထွက်ခဲ့တာ။ မင်းမှာ ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ လျှောက်ပြောနေမယ်ဆိုရင် ငါကိုယ်တိုင် မင်းကို အသရေဖျက်မှုနဲ့ အပြစ်ပေးရလိမ့်မယ်" မြို့တော်ဝန်ကျန့်၏ လေသံမှာ အေးစက်နေသော်လည်း ခြိမ်းခြောက်မှု အရိပ်အယောင်များ ပါဝင်နေသည်။

"အထောက်အထားကတော့ သေချာပေါက် ရှိတာပေါ့။ ကျန်းမိသားစုက ဘာလို့ ခဏခဏ ကလေးတွေကို ခိုးရတာလဲ။ ကျန်းယီရှင်းဟာ ပါရမီညံ့ဖျင်းသူမို့လို့ ရွှေအမြုတေအဆင့်ကိုတောင် မနည်းတက်ခဲ့ရတာ။ ဒါကြောင့် သူက မိစ္ဆာနည်းလမ်းကို သုံးပြီး ကလေးတွေကို သွေးနဲ့ပူဇော်ကာ ကလေးငယ်တွေရဲ့ အသက်ဓာတ်နဲ့ သူ့ရဲ့ ဝိညာဉ်သန္ဓေအဆင့်ကို တက်လှမ်းဖို့ ကြိုးစားခဲ့တာပဲ။ ဒါမှလည်း သူက ဝိညာဉ်သန္ဓေအဆင့်ကိုရောက်ပြီး အသက်ရှည်နိုင်မှာ မဟုတ်လား"

ကျန်းလီသည် မြို့တော်ဝန်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုကာ အေးအေးဆေးဆေးပင် ခွဲခြမ်းစိတ်ဖြာ ပြလိုက်သည်။

"ငါပြောတာ မှန်တယ်မလား... ကျန်းယီရှင်း?" ကျန်းလီသည် ကိုယ်ကို ကိုင်းလိုက်ပြီး ဒဏ်ရာပြင်းထန်သဖြင့် မလှုပ်နိုင်ဘဲ လဲလျောင်းနေသော ကျန်းယီရှင်းကို စိုက်ကြည့်လိုက်သည်။ ကျန်းယီရှင်း၏ ရုပ်ရည်မှာ အိုမင်းနေသော်လည်း မျက်နှာမှာမူ ကလေးငယ်များ၏ သွေးဓာတ်ကို စုပ်ယူထားသဖြင့် နီမြန်းစိုပြည်နေသည်။

"မင်း... မင်းက ဘယ်သူလဲ။" ကျန်းယီရှင်းမှာ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားသည်။ သူနှင့် ရွယ်တူဖြစ်ပြီး ချင်းမြို့တွင် အတူနေခဲ့ဖူးသူများမှလွဲ၍ သူ၏ ပါရမီညံ့ဖျင်းကြောင်းနှင့် ရွှေအမြုတေအဆင့်သို့ပင် မနည်းတက်ခဲ့ရကြောင်းကို ဘယ်သူက သိနိုင်မှာတဲ့လဲ။

ကျန်းလီက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည် - "ငါ့နာမည်ကို သုံးပြီး အရှိန်အဝါ ပြနေပေမဲ့ ငါ့ကို မမှတ်မိဘူးလား... ဝမ်းကွဲအစ်ကို?"

ကျန်းယီရှင်း၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး ကျန်းလီ၏ မျက်နှာကို သေသေချာချာ စိုက်ကြည့်လိုက်သောအခါမှ ယခင်က အိမ်ပေါ်က ဆင်းသွားခဲ့သော ထိုလူငယ်၏ပုံရိပ်ကို ဝေဝေဝါးဝါး မြင်ယောင်လာခဲ့သည်။

ကြီးမားသော ကြောက်ရွံ့မှုကြီးက ကျန်းယီရှင်းကို လွှမ်းမိုးသွားသည်။ ကျန်းလီကိုယ်တိုင် ကျန်းမိသားစုကို လာရောက်နှိမ်နင်းခြင်းဖြစ်ရာ သူ အသက်ရှင်ရန်လမ်းစ လုံးဝမရှိတော့ပေ။ ချင်းမြို့ မြို့တော်ဝန်က သူ့ကို ဘက်လိုက်ကာ ကာကွယ်ပေးလျှင်ပင် အလကားပင်ဖြစ်သည်။ မဟာကျိုးဧကရာဇ်ကိုယ်တိုင်လာလျှင်ပင် အသုံးဝင်လိမ့်မည် မဟုတ်ပေ။

သူသည် အင်အားရှိသမျှသုံးကာ ကျန်းလီ၏အမည်ကို အော်ဟစ်ရန် ပြင်လိုက်သော်လည်း ကျန်းလီက အဆောင်တစ်ခုဖြင့် သူ့ကို တိတ်တဆိတ် သတိလစ်သွားအောင် လုပ်လိုက်သည်။ သူသည် နောက်ထပ် ရက်အနည်းငယ်ကြာမှ နိုးလာတော့မည်ဖြစ်သည်။

ကျန်းယီရှင်း မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနေသည်ဟူသော စကားကို ကြားသောအခါ ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးမှာ တီးတိုးတီးတိုး ပြောဆိုလာကြသည်။ လူသားဧကရာဇ်၏ ဝမ်းကွဲအစ်ကိုမှာ မိစ္ဆာကျင့်စဉ် ကျင့်ကြံနေခြင်းမှာ အလွန်ပင် သိက္ခာကျစရာကောင်းလှသည်။ အကယ်၍ ဤသတင်းသာ ပြန့်သွားပါက အခြားသော ဧကရာဇ်နိုင်ငံများမှ လူများက လှောင်ပြောင်ကြပေလိမ့်မည်။

ကျန်းမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်မှာ တောင်ဝှေးကိုအားပြုကာ အပြေးအလွှား ရောက်လာသည်။ လူများက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။ သူသည် ဘိုးဘေးကြီး သတိလစ်နေသည်ကို မြင်သောအခါ အမြန်စစ်ဆေးလိုက်ပြီး အသက်အန္တရာယ်မရှိသည်ကို သိမှ စိတ်အေးသွားကာ ကျန်းလီကို ဒေါသတကြီး ပြောလိုက်သည်။

"မင်းက ငါတို့ ဘိုးဘေးကြီးက ကလေးတွေကို သုံးပြီး ကျင့်စဉ်ကျင့်နေတယ်လို့ ပြောချင်တာလား။ ဒါဆိုရင် သူ့ကိုယ်ထဲမှာ ကလေးငယ်တွေရဲ့ နာကျည်းမှုတွေ ရှိနေရမှာပေါ့။ စစ်ဆေးကြည့်လို့ ရတယ်၊ ဒါပေမဲ့ နာကျည်းမှုတွေ ရှာမတွေ့ဘူးဆိုရင်တော့ ကျန်းမိသားစုနဲ့ ချင်းမြို့ကို စော်ကားတဲ့အတွက် မင်း တန်ဖိုးကြီးကြီး ပေးရလိမ့်မယ်။"

မျိုးနွယ်စုခေါင်းဆောင်ပြောသည်မှာ မိစ္ဆာကျင့်စဉ်ကို စစ်ဆေးသည့် သမားရိုးကျ နည်းလမ်းပင်ဖြစ်သည်။ မိစ္ဆာကျင့်စဉ် ကျင့်ကြံသူများသည် အခြားသူများကို သတ်ဖြတ်ကာ မိမိကိုယ်ကို အကျိုးပြုကြသဖြင့် ခန္ဓာကိုယ်ထဲတွင် နာကျည်းမှု အရိပ်အယောင်များ ရှိနေတတ်သည်။ ၎င်းမှာ ကျန်းယီရှင်းကဲ့သို့ ကလေးငယ် ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သူအဖို့ ပို၍ပင် ထင်ရှားနေရမည် ဖြစ်သည်။

ကျန်းလီက လှောင်ပြုံး ပြုံးလိုက်ပြီး - "ကျန်းမျိုးနွယ်စုခေါင်းဆောင်ကတော့ တကယ်ကို အိုလေ၊ မှတ်ဉာဏ်လျော့လေပဲ။ ခင်ဗျားတို့က လူတွေရဲ့ ယုံကြည်မှုစွမ်းအားကို သုံးပြီး ကျန်းယီရှင်း ကိုယ်ထဲက နာကျည်းမှုတွေကို ဖျက်ဆီးခဲ့တာကို မေ့နေတာလား"

မျိုးနွယ်စုခေါင်းဆောင်၏မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားသည်။ ယုံကြည်မှုစွမ်းအားက နာကျည်းမှုကို ဖျက်ဆီးနိုင်သည်မှာ လူနည်းစုသာသိသော လျှို့ဝှက်ချက်ဖြစ်ရာ ကျန်းလီက ဘယ်လိုလုပ်သိနေသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။

"နာကျည်းမှုတွေကို ဖျက်ဆီးလို့ရပေမဲ့ ကလေးတွေရဲ့ အရိုးစုတွေကိုတော့ ဖျက်ဆီးလို့ မရဘူး မဟုတ်လား။ ကျွန်တော်က လေဟာနယ်နေရာလွတ်တစ်ခုကို ရှာတွေ့ခဲ့တယ်၊ အဲ့ဒီမှာ ကလေးငယ်တွေရဲ့အရိုးစုတွေ အများကြီး ရှိနေတယ်။ မြို့တော်ဝန်အနေနဲ့ လူလွှတ်ပြီး သွားစစ်ဆေးသင့်တယ်လို့ ထင်ပါတယ်"

"လူကြီးမင်း... ဒီလူ ပြောသမျှကို မယုံပါနဲ့။ သူ ချင်းမြို့ကို ရောက်တာ တစ်ရက်ပဲ ရှိပါသေးတယ်။ အရင်ကလည်း တစ်ခါမှ မရောက်ဖူးဘူး။ ဘယ်သူက တစ်ရက်တည်းနဲ့ လေဟာနယ်လမ်းကြောင်းကို တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့နိုင်မှာလဲ။ ဒါက သေချာပေါက် ကျန်းမိသားစုကို သိက္ခာချဖို့ တစ်စုံတစ်ယောက်က လွှတ်လိုက်တဲ့သူပဲ ဖြစ်ရမယ်။"

မျိုးနွယ်စုခေါင်းဆောင် ရုံးတော်သို့ ရောက်လာခြင်း နောက်ကျနေရသည်မှာ ကျန်းလီ၏နောက်ကြောင်းကို စုံစမ်းရန်နှင့် အထောက်အထားများကို ဖျက်ဆီးရန် လူလွှတ်နေသောကြောင့်ဖြစ်သည်။ သို့သော် အချိန်မလောက်သဖြင့် လေဟာနယ်လမ်းကြောင်းရှိ အရာများကို မရှင်းလင်းရသေးပေ။

"အခုက မိုးချုပ်နေပြီ၊ အမှုကလည်း ရှုပ်ထွေးနေတော့ နောက်မှ ဆက်ပြီး စစ်ဆေးမယ်။ အမှန်တရားကို သိရဖို့အတွက် ခဏ ရပ်နားမယ်" မြို့တော်ဝန်ကျန့်သည် သတိလစ်နေသော ကျန်းယီရှင်းနှင့် ခန့်မှန်းရခက်သော ကျန်းလီကိုကြည့်ကာ စကားကို အဆုံးသတ်လိုက်သည် - "ကျန်းယီရှင်းကို အချုပ်ထဲမှာ ခနထိန်းသိမ်းထား"

"ရုံးတော် သိမ်းစေ။"

...

ရုံးတော် သိမ်းပြီးနောက် မြို့တော်ဝန်ကျန့်သည် သူ၏ ခန့်ညားသော အမူအရာများကို ဖျောက်ပစ်ကာ မျိုးနွယ်စုခေါင်းဆောင်နှင့်အတူ လျှို့ဝှက်အခန်းထဲသို့ သွားရောက်တိုင်ပင်ကြသည်။

"မင်းတို့ကို ရပ်ခိုင်းတုန်းက မရပ်ခဲ့ကြဘူး၊ အခုတော့ သူများ ရှာတွေ့သွားပြီ မဟုတ်လား။" မြို့တော်ဝန်က ဒေါသတကြီး ပြောလိုက်သည်။

"ကျွန်တော်လည်း ဘာတတ်နိုင်မှာလဲ၊ ဘိုးဘေးကြီးက ဒီအတိုင်းလုပ်မယ်ဆိုတာကို ဘယ်သူက တားဝံ့မှာလဲ" မျိုးနွယ်စုခေါင်းဆောင်က အားမတန်၍ မာန်လျှော့ကာ ပြန်ပြောသည်။

"မင်းပဲ ဒီကိစ္စက လူသားဧကရာဇ်ကိုယ်တိုင် ခွင့်ပြုထားတာလို့ ပြောခဲ့တာ မဟုတ်လား" မြို့တော်ဝန်က စောင်းမြောင်း ပြောလိုက်သည်။

"ဒါက... ဘိုးဘေးကြီးက လုပ်ချင်လွန်းလို့ လူသားဧကရာဇ်က မတတ်သာလို့ ခွင့်ပြုပေးခဲ့တာနေမှာပေါ့" မျိုးနွယ်စုခေါင်းဆောင်က စကားအပေါက်ကို အမြန်ဖာလိုက်ရသည်။

"ဒါဆို လူသားဧကရာဇ်ကို ကိုယ်တိုင် လာဖြေရှင်းခိုင်းလို့ မရဘူးလား။ သူသာ ထွက်လာရင် ဧကရာဇ်မင်းမြတ်တောင် မျက်နှာသာ ပေးရမှာပဲ"

"မလွယ်ဘူး။ လူသားဧကရာဇ်က စိတ်အလိုကျ သွားလာနေတာ၊ ကျန်းမိသားစုမှာတောင် သူ့ကို ဆက်သွယ်ဖို့ နည်းလမ်းမရှိဘူး" မျိုးနွယ်စုခေါင်းဆောင်မှာ 'ဘယ်က လူသားဧကရာဇ်လဲ၊ ငါတို့သာ ဆက်သွယ်လို့ရရင် မင်းတို့လို မြို့တော်ဝန်တွေကို တစ်ယောက်ပြီးတစ်ယောက် လိမ်နေပါ့မလား' ဟု ရင်ထဲတွင်သာ ပြောနိုင်တော့သည်။

"ဒါဆို အခု ဘာလုပ်ကြမလဲ"

"လမ်းနှစ်လမ်း ရှိတယ်။ ဘိုးဘေးကြီးက အလုပ်လုပ်တာ စေ့စပ်တယ်၊ အထောက်အထားဆိုလို့ အဲ့ဒီလေဟာနယ်လမ်းကြောင်းပဲ ရှိတာ။ ကျွန်တော် လူလွှတ်ပြီး ရှင်းခိုင်းထားတယ်။ ဒါပေမဲ့ ဟိုနှစ်ယောက်က ဘာတွေ ထပ်လုပ်ဦးမလဲ မသိဘူး။ ယွမ်ဝူရှင်းကတော့ ကြောက်တတ်တဲ့သူမို့လို့ ထားလိုက်ပါ၊ ဒါပေမဲ့ ဟို ကျန်းလီဆိုတဲ့လူကတော့ မလွယ်ဘူး။ သူ ဘိုးဘေးကြီးကို ဖမ်းလိုက်တဲ့ အရှိန်အဝါအရဆိုရင် သူက ချင်းမြို့ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူလို့တောင် ပြောလို့ရတယ်"

"အင်အားသုံးလို့ မရရင်တော့ ကျွန်တော် ဒီည သူ့ဆီကို ကိုယ်တိုင်သွားပြီး စကားပြောကြည့်မယ်။ ဒီကိစ္စက လူသားဧကရာဇ်ရဲ့ဂုဏ်သိက္ခာနဲ့ ဆိုင်တာဆိုတော့ သူလည်း လူသားဧကရာဇ်ကို ငဲ့ညှာပြီး အမှုပိတ်ပေးလိမ့်မယ်လို့ မျှော်လင့်ရတာပဲ"

"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့" မြို့တော်ဝန်ကျန့်က ခေင်းညိတ်ပြလိုက်ပြီး - "ဒါနဲ့ မေးစရာတစ်ခု ရှိသေးတယ်"

"ဘာများလဲ"

"ယွမ်ဝူရှင်းက ဘယ်သူလဲ"

All Chapters