ဖျောင်းဖျသူ
Vol. 1 Ch. 8
ကလေးမိဘတွေရဲ့ ကျေးဇူးတင်စကားတွေကို နားထောင်ပြီး ကမ်းလှမ်းတဲ့ လက်ဆောင်တွေကို ငြင်းပယ်ခဲ့ပြီးနောက် သူတို့နှစ်ယောက်ဟာ ယွမ်ဝူရှင်းရဲ့အိမ်ဝန်းလေးဆီ ပြန်လာခဲ့ကြသည်။
"မင်းက ငါနဲ့ကျတော့ စကားတွေ အကောင်းသား၊ ရုံးတော်ရောက်တော့ ဘာလို့ တစ်ခွန်းမှ မဟတာလဲ။ မြို့တော်ဝန်ကျန့်က မင်းကို သတိတောင် ထားမိမှာ မဟုတ်ဘူး"
ယွမ်ဝူရှင်းက ခေါင်းကို ကုတ်ပြီး ရယ်ကျဲကျဲနဲ့ ပြန်ပြောလေသည် - "ကျွန်တော်က ကြောက်တတ်လို့ပါ၊ ဒီလို အခမ်းအနားမျိုး တစ်ခါမှ မကြုံဖူးတော့ ခေါင်းထဲမှာ ဗလာဖြစ်သွားတာ"
ကျန်းလီက ရယ်မောလိုက်ပြီး - "မင်းကလည်းကွာ... ကျန်းမိသားစုလို အင်အားကြီးအဖွဲ့အစည်းကို ၁၀ နှစ်လုံးလုံး ဇွဲမလျှော့ဘဲ စုံစမ်းခဲ့တဲ့သူပဲ။ မျှော်လင့်ချက် နည်းနေတာတောင် ဆက်လုပ်ခဲ့တဲ့ မင်းရဲ့ စိတ်ဓာတ်ကို ဘယ်သူကများ မခိုင်မာဘူးလို့ ပြောရဲမှာလဲ။ ဒါပေမဲ့ မင်းက အရေးကြီးတဲ့ အချိန်ရောက်ရင် ကြောက်တတ်တယ်။ ကျန်းမိသားစုမှာတုန်းကလည်း ဒီလိုပဲ၊ ရုံးတော်မှာလည်း ဒီလိုပဲ။ မင်း ဝိညာဉ်သန္ဓေအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတုန်းကလည်း ဒီလိုပဲ ဖြစ်မှာပဲ။ ငါတို့ တာအိုကျင့်စဉ်က စိတ်ရောကိုယ်ပါ ကျင့်ကြံဖို့ လိုတာ၊ မင်းက ရုပ်ပိုင်းဆိုင်ရာပဲ ကျင့်နေပြီး သတ္တိပိုင်းမှာ အားနည်းနေတယ်"
ယွမ်ဝူရှင်းဟာ မိုးကြိုးပစ်ခံလိုက်ရသလို ငိုင်ကျသွားသည်။
ကျန်းလီ ပြောတာ တကယ်မှန်လေသည်။ သူ ဝိညာဉ်သန္ဓေအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတိုင်း အမြဲတမ်း တွန့်ဆုတ်နေခဲ့တာ။ 'ငါက ငယ်သေးတာပဲ၊ သေဘေးကို ရင်ဆိုင်ပြီး အတင်းတက်ဖို့ လိုလို့လား၊ နောက်ထပ် နှစ် ၁၀၀ လောက် အေးအေးဆေးဆေးနေပြီးမှ တက်ရင် မကောင်းဘူးလား၊ တက်ပြီးရင်ကော ဘာထူးမှာလဲ၊ တခြားလူတွေတောင် ကျရှုံးနေတာ ငါက ဘာမို့လို့ အောင်မြင်မှာလဲ' စတဲ့ အတွေးတွေက ပင်လယ်လှိုင်းတွေလို ဝင်ရောက်လာပြီး အမြဲတမ်း နောက်ဆုံးအဆင့်မှာ တန့်သွားခဲ့တာပင်။
"ဆုံးမပေးတာ ကျေးဇူးတင်ပါတယ် စီနီယာ" ယွမ်ဝူရှင်းက ကျန်းလီကို အရိုအသေပေးလိုက်သည်။ ကျန်းလီကတော့ ပြုံးရုံပဲ ပြုံးနေခဲ့သည်။
ယွမ်ဝူရှင်းက တစ်ခုခုကို သတိရသွားပြီး စိုးရိမ်တကြီး မေးလိုက်သည် - "စီနီယာကျန်း... ကျန်းမိသားစုက ဟိုလေဟာနယ်ထဲက အထောက်အထားတွေကို သွားဖျက်ဆီးမှာ စိုးရိမ်ရတယ်။ ကျွန်တော်တို့ သွားတားရအောင်။"
"သူတို့ မသွားမှာကိုပဲ ငါက ကြောက်နေတာ၊ သူတို့သွားမှ ဒီကိစ္စက ပိုပြီး ကြီးကျယ်သွားမှာ မဟုတ်လား" ကျန်းလီက ယွမ်ဝူရှင်းကို စိတ်အေးအေးထားဖို့ ပြောပေမဲ့ အကြောင်းရင်းကိုတော့ ရှင်းမပြခဲ့ပေ။ ဒါပေမဲ့ ယွမ်ဝူရှင်းကတော့ ကျန်းလီကို အလိုလို ယုံကြည်သွားပြီး စိတ်အေးသွားခဲ့သည်။
သူတို့နှစ်ယောက် ဆုံတာ တစ်နေ့ပဲရှိသေးပေမဲ့ ယွမ်ဝူရှင်းဟာ ကျန်းလီကို အကြောင်းပြချက်မရှိဘဲ စတင် ယုံကြည်နေပြီ ဖြစ်သည်။
"ကျန်းလီနဲ့ ယွမ်ဝူရှင်း တို့ ရှိပါသလား" တံခါးပြင်ပကနေ ခေါက်သံ ခပ်မှိန်မှိန် ထွက်လာသည်။
စကားပြောသံက ယဉ်ကျေးပြီး တစ်ခါခေါ်လို့ အကြောင်းမပြန်ရင် ထပ်မခေါ်ဘဲ တိတ်တဆိတ် စောင့်နေတာကြောင့် လာတဲ့သူက အဆင့်အတန်းရှိသူ ဖြစ်မှန်း သိသာသည်။
ယွမ်ဝူရှင်း တံခါးဖွင့်လိုက်တဲ့အခါ သူ့လက်တွေ တုန်သွားပြီး တိုက်ခိုက်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။
"ငါ့မှာ လောကကြီးအပေါ် အပြစ်ရှိမှန်း ငါသိပါတယ်။ မင်းရဲ့ အာဃာတတွေ ပြေပျောက်မယ်ဆိုရင် ငါ့ကို တစ်ဝအောင် ရိုက်နှက်နိုင်ပါတယ်၊ ငါ ဘာမှ ပြန်မပြောပါဘူး"
ကျန်းမျိုးနွယ်စုခေါင်းဆောင်ဟာ တောင်ဝှေးကို အားပြုပြီး အပြင်မှာ ရပ်နေသည်။ သူ့မျက်နှာမှာ နောင်တရနေတဲ့ ပုံစံရှိပြီး ရွှေအမြုတေအဆင့်ရှိတဲ့ ရန်သူနှစ်ယောက်ရှေ့မှာ အစေခံတစ်ယောက်မှ မပါဘဲ လာရောက်တာ ဖြစ်သည်။
ယွမ်ဝူရှင်းက သူ့ကို မနာလိုဖြစ်တာပေါ့။ ကျန်းယီရှင်းက တရားခံအစစ်ဆိုရင် ဒီမျိုးနွယ်စုခေါင်းဆောင်က အကြီးဆုံး အားပေးအားမြှောက်ပြုသူပဲ။ ကလေးတွေ သေဆုံးမှုမှာ သူလည်း တာဝန်ရှိတယ်။
"ဘာလာလုပ်တာလဲ၊ လာပြီး ခြိမ်းခြောက်တာလား" ယွမ်ဝူရှင်းက လှောင်ပြောင်ပြီး ထိုင်ခုံမှာ ထိုင်ကာ လက်ဖက်ရည်ကို အငမ်းမရ သောက်နေလိုက်သည်။ သူ လက်မပါဝံ့ပါဘူး၊ ဒီမြေခွေးအိုကြီးမှာ ဘာလက်နက်ရှိမလဲ မသိနိုင်ဘူးလေ။
ကျန်းမျိုးနွယ်စုခေါင်းဆောင်က အခန်းထဲဝင်လာပြီး တောင်ဝှေးကို ပစ်ချကာ ဒူးထောက်ချလိုက်တာကြောင့် ယွမ်ဝူရှင်းမှာ လန့်သွားပြီး လက်ဖက်ရည်ခွက်တောင် လွတ်ကျမတတ် ဖြစ်သွားသည်။
ကျန်းလီကတော့ ဒီမျိုးနွယ်စုဝင်လေးက သူ့ရှေ့မှာ ဘာတွေ ကပြဦးမလဲဆိုတာကို စိတ်ဝင်တစား ကြည့်နေလေသည်။
"ဘိုးဘေးကြီးမှာ အပြစ်ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အပြစ်ကြီးကြီး လူသားဧကရာဇ်ရဲ့ ဂုဏ်သိက္ခာထက်တော့ မကြီးပါဘူး။ လူသားဧကရာဇ်ရဲ့ ဝမ်းကွဲအစ်ကိုက မိစ္ဆာကျင့်စဉ် ကျင့်နေတယ်ဆိုတာသာ တကမ္ဘာလုံးသိသွားရင် လူတွေ ဘယ်လို ထင်ကြမလဲ။ ဒါကို တစ်ယောက်ယောက်ကသာ လှုံ့ဆော်လိုက်ရင် လူသားဧကရာဇ်ရဲ့ ဂုဏ်သိက္ခာ ဘယ်လောက် ထိခိုက်မလဲ။"
"လူသားဧကရာဇ်ရဲ့အင်အားက လူတွေရဲ့ ယုံကြည်မှုပေါ်မှာ အခြေခံတာပါ။ အကယ်၍ လူတွေရဲ့ ယုံကြည်မှု လျော့နည်းသွားရင် လူသားဧကရာဇ်ရဲ့ စွမ်းအားလည်း ကျဆင်းသွားလိမ့်မယ်။ အပြင်မှာ နတ်ဆိုးတွေက ချောင်းနေတဲ့အချိန်မှာ လူသားဧကရာဇ် အားနည်းသွားတာဟာ လူသားမျိုးနွယ် တစ်ခုလုံးအတွက် ဘယ်လောက် အန္တရာယ်ကြီးလဲ။"
"မင်းတို့နှစ်ယောက်က တရားမျှတမှုကို မြတ်နိုးတဲ့သူတွေမှန်း ငါသိပါတယ်။ ငါတို့ ကျန်းမိသားစုက လူယုတ်မာတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ နတ်ဆိုးတွေကို တိုက်ထုတ်ဖို့ဆိုတဲ့ နေရာမှာတော့ ငါတို့ ရပ်တည်ချက်က အတူတူပါပဲ။ ဒါကြောင့် လူသားမျိုးနွယ် သန်းပေါင်းများစွာအတွက် ငဲ့ညှာပြီး ဒီကိစ္စကို ဒီမှာတင် ရပ်ပေးကြပါဦး"
ပြောပြီးတာနဲ့ ကျန်းမျိုးနွယ်စုခေါင်းဆောင်ဟာ ဦးသုံးကြိမ် တိုက်လိုက်သည်။ နဖူးမှာ သွေးတွေတောင် ထွက်လာပြီး ပြန်မော့လာတဲ့အခါ မျက်ရည်တွေနဲ့ ဖြစ်နေသည်။
ယွမ်ဝူရှင်းဟာ ကျန်းမျိုးနွယ်စုခေါင်းဆောင်ရဲ့ စကားတွေနဲ့ သရုပ်ဆောင်ချက်တွေကြောင့် စိတ်လှုပ်ရှားသွားပြီး 'တကယ်ပဲ လူသားဧကရာဇ်ကို ထိခိုက်သွားရင် မကောင်းဘူး၊ လူသားဧကရာဇ်က လောကကြီးအတွက် မိစ္ဆာကျင့်စဉ်ကို သုံးခဲ့ရင်တောင် နားလည်ပေးသင့်တာပဲ' လို့ တွေးမိလာသည်။
ယွမ်ဝူရှင်းဟာ တကယ်ကို ဖျောင်းဖျခြင်း ခံလိုက်ရပါပြီ။ ဘာကြောင့်လဲဆိုတော့ လူသားဧကရာဇ်ရဲ့ စွမ်းအားဟာ ယုံကြည်မှုစွမ်းအားပေါ်မှာ တကယ်ပဲ အခြေခံတာကြောင့်ပါ။
"မျိုးနွယ်စုခေါင်းဆောင် ပြောတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျန်းမိသားစုက လူသားဧကရာဇ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာကို ကြိုသိနေရင် ဘာလို့ ကလေးတွေကို သွေးနဲ့ ပူဇော်ခဲ့တာလဲ" ကျန်းလီက မေးလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်က ရှက်သလိုလိုနဲ့ - "ဘိုးဘေးကြီးက လောကကြီးကို မခွဲနိုင်သေးလို့ ဝိညာဉ်သန္ဓေအဆင့်ကို တက်ချင်ခဲ့တာပါ။ တစ်ခါ မှားသွားတော့ ပြန်ပြင်ဖို့ ခက်သွားတာပေါ့"
ကျန်းလီက အံ့သြဟန်ဆောင်ပြီး - "ကျန်းမိသားစုက နောင်တရနေပြီဆိုမှတော့ ငါက မကူညီဘဲ နေပါ့မလား"
မျိုးနွယ်စုခေါင်းဆောင် ဝမ်းသာသွားသည်။ 'ဒီလို တရားမျှတမှုကို မြတ်နိုးပါတယ်ဆိုတဲ့ လူတွေကို ခြိမ်းခြောက်လို့ မရဘူး၊ လောကကြီး အကြောင်းပြချက်နဲ့မှ ရမှာ' လို့ သူ တွေးလိုက်သည်။
ဒါပေမဲ့ ကျန်းလီက ဆက်ပြောလာသည် - "ငါတို့က အမှုမဖွင့်ရင်တောင် တခြားသူတွေ လာစုံစမ်းဦးမှာပဲ။ ငါ ကျန်းမိသားစုအတွက် လမ်းညွှန်ပေးမယ်။ မဟာကျိုးအင်ပါယာရဲ့ ဥပဒေအရ သေဆုံးသွားတဲ့သူကို အပြစ်မယူတော့ဘူး။ ဒါကြောင့် ကျန်းယီရှင်းကို နောင်တရတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းလိုက်ပါ"
မျိုးနွယ်စုခေါင်းဆောင်ရဲ့အပြုံးတွေ တောင့်ခဲသွားတော့သည်။
တကယ်တော့ ကျန်းယီရှင်းသာ သေသွားရင် အမှုက ပြတ်သွားမှာပါ။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ။ သူက လာပြီး ဟန်ဆောင်ဖျောင်းဖျတာလေ၊ ဘယ်လိုလုပ်ပြီး သူ့ဘိုးဘေးကို အသေခံခိုင်းမှာလဲ။
"ကျန်းလီ ... မင်းက နောက်ပြောင်နေတာပဲ"
"ငါက အတည်ပြောနေတာပါ"
မျိုးနွယ်စုခေါင်းဆောင်ရဲ့မျက်နှာဟာ ချက်ချင်း တည်သွားပြီး အစောက သနားစရာကောင်းတဲ့ ပုံစံ ပျောက်သွားတော့သည် - "ကြည့်ရတာ မင်းက ဒီကိစ္စကို အဆုံးအထိ သွားချင်တဲ့ပုံပဲ"
ယွမ်ဝူရှင်းဟာ အခုမှပဲ ဒီလူကြီးက အစောက ဟန်ဆောင်နေတာမှန်း သိပြီး ကြောက်သွားမိသည်။ 'ဒီမြေခွေးအိုကြီးက တကယ် ကြောက်စရာကောင်းတာပဲ၊ ကျန်းလီ စီနီယာသာ မရှိရင် ငါတော့ ပါသွားပြီ' လို့ သူ တွေးလိုက်မိသည်။
"အဆုံးအထိ သွားတာ မဟုတ်ပါဘူး၊ ငါက အလုပ်တစ်ခုလုပ်ရင် အစအဆုံး ရှိစေချင်ရုံပါ။ မျိုးနွယ်စုခေါင်းဆောင်... ပြန်နိုင်ပါပြီ"
ကျန်းမျိုးနွယ်စုခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်ပြီး အင်္ကျီလက်ကို ခါကာ ထွက်သွားပါတော့သည်။