← Chapters

အတိတ်ကို ပြန်လှန်ကြည့်ခြင်း

Vol. 1 Ch. 10

အတိတ်ကို ပြန်လှန်ကြည့်ခြင်း

Vol. 1 Ch. 10

ကျန်းမိသားစုသည် အလုပ်လုပ်ရာတွင် အလွန်လျှင်မြန်လှသည်။ ညတစ်ဝက်အတွင်းမှာပင် ထိုလေဟာနယ်နေရာလွတ်ကို အစအနမကျန် ရှင်းလင်းပစ်ခဲ့ပြီး နောက်ထပ် နှစ်ရက်နှင့် နှစ်ညတိုင်တိုင် အထပ်ထပ်အခါခါ စစ်ဆေးခဲ့ကြသည်။ မည်သည့်အထောက်အထားမျှ ကျန်ရစ်ခြင်းမရှိတော့ကြောင်း သေချာမှသာ မြို့တော်ဝန်ကျန့်အား အသိပေး၍ ရုံးတော်ပြန်ဖွင့်ကာ အမှုစစ်ဆေးရန် အကြောင်းကြားလိုက်တော့သည်။

အရာအားလုံးမှာ မျိုးနွယ်စုခေါင်းဆောင် ခန့်မှန်းထားသည့်အတိုင်းပင်။ အထောက်အထား မရှိတော့သော ထိုနှစ်ယောက်မှာ ဘာမှလုပ်၍မရတော့ဘဲ မြို့တော်ဝန်ကျန့်ကလည်း ကျန်းမိသားစုဘက်မှ အတိအလင်း ဘက်လိုက်ကာ အထောက်အထား မခိုင်လုံသဖြင့် ကျန်းယီရှင်းတွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့ပြင် ကျန်းလီနှင့် ယွမ်ဝူရှင်းတို့ကို ကျန်းယီရှင်းအား တမင်တကာ နာကျင်စေမှုဖြင့် ပြန်လည် အရေးယူရန်ပင် ပြင်ဆင်နေလေသည်။

မျိုးနွယ်စုခေါင်းဆောင်အတွက် တစ်ခုတည်းသော မျှော်လင့်မထားသည့်အချက်မှာ သူတို့၏ ဘိုးဘေးကြီး ကျန်းယီရှင်းမှာ ယခုအထိ သတိမရသေးခြင်းပင်။ သမားတော်များစွာနှင့် ပြသသော်လည်း အကြောင်းရင်းကို ဘယ်သူမှ မပြောနိုင်ကြပေ။

"ဒီရုံးတော်က ကျန်းယီရှင်းမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်တယ်။ မင်းတို့နှစ်ယောက်အနေနဲ့ ဒီဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဒီနေ့ကစပြီး ၁၅ ရက်အတွင်း 'နယ်စား' ဆီကို အယူခံဝင်နိုင်တယ်"

ကျန်းလီသည် ရှေ့သို့တက်ကာ မြို့တော်ဝန်ကျန့်ထံသို့ စာရွက်တစ်ရွက် ကမ်းပေးလိုက်သည်။ သူသည် ဤအခိုက်အတန့်ကို ကြိုတင်စောင့်ဆိုင်းနေသည့်အလား။

"ဒါက အယူခံလွှာပါ"

ကျန်းလီ၏ တည်ငြိမ်လွန်းသော မျက်နှာကိုကြည့်ပြီး မြို့တော်ဝန်ကျန့် စိတ်ထဲတွင် အလွန်မတင်မကျ ဖြစ်သွားရသည်။ အထူးသဖြင့် ရုံးတော်တွင်တင် အယူခံလွှာကို ချက်ချင်း ထုတ်ပေးလိုက်သည်မှာ ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

ရှင်းလင်းလှသည်မှာ ဤလူငယ်သည် ရုံးတော်မဖွင့်မီကတည်းက ဤရလဒ်ကို ကြိုတင်တွက်ဆထားပြီး အယူခံလွှာကို အသင့်ရေးသားထားခြင်း ဖြစ်သည်။

သို့သော်လည်း ဘာဖြစ်လဲ။။ ဤအမှုကို လက်ခံစစ်ဆေးမည့် နယ်စား 'ကုန်းဖန်း' ဆိုသည်မှာလည်း ချင်းမြို့ မြို့တော်ဝန်ရာထူးမှ တက်သွားသူဖြစ်ပြီး ကျန်းမိသားစု၏ ကလေးခိုးသည့်ကိစ္စများကို ဖုံးကွယ်ပေးခဲ့ဖူးသူသာဖြစ်သည်။

ထို့ပြင် နယ်စားမှာ မျှတသူဖြစ်နေလျှင်ပင် မည်သည့်အထောက်အထားမျှ မရှိဘဲနှင့် ဤဘာမှမသိသည့် ကောင်လေးနှစ်ယောက်က ဘယ်လိုလုပ် အနိုင်ရနိုင်မှာလဲ။ ခေါင်းမာရုံနှင့်တော့ မရနိုင်ပေ။

...

မဟာကျိုး ဧကရာဇ်နိုင်ငံကို 'နယ်' ပေါင်း ၂၆ နယ်ဖြင့် ဖွဲ့စည်းထားပြီး နယ်တစ်ခုစီအောက်တွင် မြို့ကြီးပေါင်း ဒါဇင်ချီ ရှိသည်။ ယခုအခါ ချင်းမြို့မှာ မြို့ကြီးစာရင်းဝင်ဖြစ်ပြီး 'ထျန်းချင်းနယ်' ၏ လက်အောက်တွင် ရှိသည်။ ထို့ကြောင့် အယူခံလွှာကို ထျန်းချင်းနယ်စား ကုန်းဖန်းထံသို့ ပေးပို့ရခြင်းဖြစ်သည်။

နယ်စားကုန်းသည် အယူခံလွှာကို လက်ခံရရှိပြီးနောက် မျိုးနွယ်စုခေါင်းဆောင်နှင့် မြို့တော်ဝန်ကျန့်တို့ကို ခေါ်ယူကာ အကြောင်းစုံကို အသေးစိတ် မေးမြန်းပြီးနောက် စိတ်အေးသွားလေသည်။

...

"ကျန်းလီ၊ ယွမ်ဝူရှင်း... ရုံးတော်မဖွင့်ခင် မင်းတို့ကို အသိပေးရမယ်။ ငါ့ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးသတ် ဆုံးဖြတ်ချက်ပဲ။ မူလဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်တဲ့ သက်သေအသစ် မပေါ်မချင်း မင်းတို့အနေနဲ့ အထက်ကိုထပ်ပြီး အယူခံဝင်လို့ မရတော့ဘူး။ ရှင်းရှင်းလင်းလင်း ကြားကြရဲ့လား"

နယ်စားကုန်းသည် ရုံးတော်၏ အလယ်ဗဟိုတွင် ထိုင်နေသည်။ တစ်ဖက်တွင် ကျန်းလီနှင့် ယွမ်ဝူရှင်းရှိနေပြီး အခြားတစ်ဖက်တွင်မူ မျိုးနွယ်စုခေါင်းဆောင် ရှိနေသည်။ ကျန်းယီရှင်းမှာမူ သတိမရသေးသဖြင့် ခေါ်မလာတော့ပေ။

မျိုးနွယ်စုခေါင်းဆောင်မှာ ပုံမှန်အတိုင်း မျက်နှာသေနှင့် ရှိနေသော်လည်း ယွမ်ဝူရှင်း၏အမြင်တွင်မူ ထိုသူသည် စိတ်ထဲမှ ခိုးပြုံးနေမည်မှာ သေချာသည်။

ရုံးတော်အပြင်ဘက်တွင်မူ လူအနည်းငယ်သာ ရှိတော့သည်။ အထောက်အထား မခိုင်လုံသဖြင့် ကျန်းလီတို့ ရှုံးတော့မည်ကို လူတိုင်း သိနေကြသောကြောင့်ဖြစ်သည်။ မြို့တော်ဝန်ကျန့်မှာမူ လူအုပ်ထဲတွင် ရပ်နေရင်း ပွဲကြည့်ရန် အသင့်ပြင်ထား၏။

"ရှင်းပါတယ်။" ကျန်းလီက ကျယ်လောင်စွာ ပြန်ဖြေလိုက်ပြီး ယွမ်ဝူရှင်းကလည်း ရှင်းပါကြောင်း လိုက်ပြောသည်။

"ဒါပေမဲ့ ရုံးတော်မစခင်မှာ တရားခံအဖြစ် နောက်ထပ် လူတစ်ယောက်ကို ထပ်တိုးချင်ပါတယ်"

"ရတယ်။ ဒါပေမဲ့ ငါ့ရဲ့ ဆုံးဖြတ်ချက်က အပြီးသတ်ပဲ။ တရားခံအသစ် ထပ်တိုးတာကို အကြောင်းပြပြီး အထက်ကို ထပ်ပြီး အယူခံဝင်လို့ မရဘူး"

ကျန်းလီက သိပါကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မေးကို အနည်းငယ် မော့လျက် မတ်မတ်ရပ်လိုက်ပြီး - "ကျွန်တော် တိုင်ချင်တာက ချင်းမြို့ မြို့တော်ဝန်ကျန့် ကိုပါ။ သူဟာ ရာထူးကို အလွဲသုံးစားလုပ်ပြီး ကျန်းယီရှင်းရဲ့ ကလေးခိုးတဲ့ အမှန်တရားကို ဖုံးကွယ်ခဲ့တယ်၊ အရေးကြီးတဲ့ သက်သေတွေကို ဖျက်ဆီးခဲ့တယ်။ ဒါကို နယ်စားမင်း ဆုံးဖြတ်ပေးပါ။"

မျိုးနွယ်စုခေါင်းဆောင်မှာ ရင်ထဲတွင် 'ဒိန်း' ကနဲ ဖြစ်သွားပြီး မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ မြို့တော်ဝန်ကို တရားစွဲဆိုရန်အတွက် အဆင့် (၃) နှင့်အထက် အရာရှိ လိုအပ်ပြီး နယ်စားကုန်းမှာ အဆင့် (၃) အရာရှိ ဖြစ်သဖြင့် ကျန်းလီ၏လုပ်ရပ်မှာ ဥပဒေနှင့် ညီညွတ်နေသည်။ သို့သော် မြို့တော်ဝန်ကိုပါ ထည့်စွဲခြင်းဖြင့် ဘာထူးမှာလဲ။

သူ တစ်ခုခုကို မေ့နေသလို ခံစားရသည်။

မျိုးနွယ်စုခေါင်းဆောင်မှာ ဥပဒေကို မကျွမ်းကျင်သဖြင့် ကျန်းလီ၏ရည်ရွယ်ချက်ကို မသိသော်လည်း မြို့တော်ဝန်ကျန့်နှင့် နယ်စားကုန်းတို့မှာမူ ချက်ချင်းပင် သဘောပေါက်သွားကြသည်။ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူကြီး နှစ်ဦးစလုံးမှာ ကျောပြင်တွင် ချွေးစေးများ ထွက်လာခဲ့လေသည်။

"ဒီအမှုရဲ့ အရေးကြီးဆုံး သက်သေဖြစ်တဲ့ သွေးနဲ့ပူဇော်တဲ့ နေရာလွတ်ကို မြို့တော်ဝန်ကျန့်က ဖျက်ဆီးခဲ့တယ်လို့ ကျွန်တော် သံသယရှိပါတယ်။ ဒါကြောင့် နယ်စားမင်းအနေနဲ့ တော်ဝင်တရားရုံးတော်ဆီကို တင်ပြပေးပြီး 'အတိတ်ကို ပြန်လှန်ကြည့်ခြင်း' အဆောင်ကို သုံးဖို့ လျှောက်ထားပေးပါ။"

ကျန်းလီ၏စကားမှာ ထိုသူနှစ်ဦး၏ နောက်ဆုံး မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ခြင်းပင်။

ဒီကိစ္စက တော်ဝင်တရားရုံးတော်အထိ ရောက်သွားတော့မည်။

သူတို့တွင် တော်ဝင်တရားရုံးတော်၌ ကောင်းကင်ကို ကွယ်နိုင်လောက်သော နောက်ခံ အင်အားကြီး မရှိပေ။

ဧကရာဇ်နိုင်ငံကြီး ကိုးခုအနက် မဟာကျိုးနိုင်ငံသာလျှင် ဥပဒေဖြင့် အုပ်ချုပ်ဝံ့ခြင်း၏ အဓိက အကြောင်းရင်းမှာ မဟာကျိုး တော်ဝင်မိသားစုသည် အချိန်နိယာမကို ကျွမ်းကျင်ပြီး အတိတ်ကာလဆီသို့ ပြန်လည်ကြည့်ရှုနိုင်သောကြောင့် ဖြစ်သည်။

သို့သော် အချိန်နိယာမကို အသုံးပြုခြင်းမှာ ကံကြမ္မာအကျိုးဆက် အလွန်ကြီးမားသဖြင့် အလွယ်တကူ မသုံးကြပေ။ ထို့ကြောင့် မဟာကျိုးတွင် အထူးအခြေအနေ အချို့မှာသာ အချိန်နိယာမကို သုံးရန် ပြဌာန်းထားသည်။ ဥပမာ - နိုင်ငံတော်အဆင့် ရိုက်ခတ်မှုရှိသော အမှုကြီးများ သို့မဟုတ် အဆင့် (၇) နှင့်အထက် အရာရှိများ၏ အဂတိလိုက်စားမှုနှင့် ပတ်သက်သော အမှုများ ဖြစ်သည်။

မြို့တော်ဝန်ကျန့်မှာမူ အဆင့် (၅) အရာရှိ ဖြစ်နေလေသည်။

"မင်း ငါ့ကို မဟုတ်မမှန် စွပ်စွဲတာပဲ။" မြို့တော်ဝန်ကျန့်သည် သူ့သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်ဆဲဆိုတော့သည်။

မြို့တော်ဝန်ကျန့်မှာ တကယ်ပင် ရင်နာနေရသည်။ ထိုနေရာလွတ်ကို ဖျက်ဆီးခဲ့သည်မှာ ကျန်းမိသားစု ဖြစ်သည်၊ သူက အလွန်ဆုံးရှိမှ သက်သေဖြစ်မည်ကို ဤကောင်လေး၏ပါးစပ်ထဲတွင် သူလုပ်ခဲ့သည် ဖြစ်သွားရလေသည်။

ကျန်းလီကမူ ထိုစကားများကို မကြားချင်ယောင်ဆောင်နေ၏။

မြို့တော်ဝန်ကျန့်က သွားဖျက်သလား၊ မဖျက်ဘူးလား ဆိုသည်မှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ သူသည် ဤအမှုတွင် 'တရားခံ' အဖြစ် ပါဝင်နေခြင်းပင်။

"ကျန်းလီ... မင်း တကယ်ပဲ အစိုးရဆီကို အတိတ်ပြန်လှန်ကြည့်ဖို့ လျှောက်ထားချင်တာလား" နယ်စားကုန်းသည် ကျန်းလီကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူ ကျန်းလီ၏အကွက်ထဲ ဆင်းမိသွားပြီဟု ခံစားနေရသည်။

ပို၍ အရေးကြီးသည်မှာ အတိတ်ကို ပြန်ကြည့်လိုက်လျှင် ကျန်းမိသားစုက အထောက်အထား ဖျက်ဆီးသည်ကို မြင်ရရုံတင်မကဘဲ ကျန်းယီရှင်းက ထိုနေရာတွင် မိစ္ဆာကျင့်စဉ် ကျင့်ကြံနေသည်ကိုပါ မြင်ရတော့မည်ဖြစ်သည်။

ကျန်းယီရှင်း မိစ္ဆာကျင့်စဉ် ကျင့်နေသည်ကို လူသိသွားပါက ချင်းမြို့တွင် မြို့တော်ဝန် လုပ်ခဲ့သူ အားလုံးကို အစိုးရက စစ်ဆေးပေလိမ့်မည်။ ထိုအခါ သူတို့အားလုံး တစ်ယောက်မှ လွတ်မည်မဟုတ်ပေ။

ယွမ်ဝူရှင်းမှာလည်း ကျန်းလီသည် ကျန်းမိသားစုကို ဘာကြောင့် အထောက်အထား ဖျက်ဆီးခွင့် ပေးခဲ့သလဲဆိုသည်ကို ယခုမှ သဘောပေါက်သွားတော့သည်။ ဒီမှာ စောင့်နေတာကိုး။

"ကျွန်တော် အတည်ပြုပါတယ်။"

"မင်း... တကယ်ပဲ... လျှောက်ထားမှာလား။" နယ်စားကုန်းက တစ်လုံးချင်းစီ အံကြိတ်ကာ မေးလိုက်သည်။ ဝိညာဉ်သန္ဓေအဆင့် အထွတ်အထိပ်၏ ဖိအားများမှာ ကျားဟိန်းသံကဲ့သို့ ထွက်ပေါ်လာရာ ရုံးတော်အစောင့်များမှာ ဒူးများတုန်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားကြသည်။ ၎င်းနောက်တွင် မျိုးနွယ်စုခေါင်းဆောင်နှင့် ယွမ်ဝူရှင်းတို့လည်း ဒူးထောက်ကျသွားကြ၏။

"ကျွန်တော် အတည်ပြုပါတယ်။" ကျန်းလီမှာမူ မည်သည့် ဖိအားမှ မရှိသည့်အလား တည်ငြိမ်နေဆဲပင်။ နယ်စားမင်း၏ သတ်ဖြတ်လိုသော အရှိန်အဝါကို မမြင်သည့်အလား သူ့လက်ထဲမှ အသင့်ရေးထားသော လျှောက်ထားလွှာကို နယ်စားကုန်း၏ ရှေ့သို့ တင်ပေးလိုက်သည်။

မင်ရည်ပင် မခြောက်သေးသော လျှောက်ထားလွှာကို မြင်သောအခါ နယ်စားကုန်းမှာ မထိန်းနိုင်တော့ဘဲ ကျန်းလီကို ဤနေရာတွင်တင် သတ်ပစ်ချင်စိတ် ပေါက်လာခဲ့သည်။

သို့သော် သူ မဝံ့ရဲပေ။

အကယ်၍ ယခု သူ လက်ပါလိုက်လျှင် အရာအားလုံးမှာ တကယ်ပင် ပျက်စီးသွားပေလိမ့်မည်။

"ကျန်းလီ ဟုတ်လား... ကောင်းတယ်၊ တော်တော် ကောင်းတာပဲ။" နယ်စားကုန်းသည် စားပွဲကို လက်ဖြင့် ရိုက်ခွဲလိုက်ပြီး ဒေါသတကြီး ထွက်သွားတော့သည်။ မျိုးနွယ်စုခေါင်းဆောင်နှင့် မြို့တော်ဝန်ကျန့်တို့လည်း မျက်နှာပျက်ကာ နောက်မှ လိုက်သွားကြလေသည်။

နယ်စားကုန်း ထွက်သွားပြီးနောက် သတ်ဖြတ်လိုသော အရှိန်အဝါများ ပျောက်ကွယ်သွားရာ ယွမ်ဝူရှင်းမှာ ခွန်အားများ ပြန်လည်ရရှိလာပြီး ယိုင်တိုင်တိုင်နှင့် ထရပ်လိုက်ရသည်။

"နယ်စားမင်းက လက်တောင် မပါသေးဘူး၊ သူ့ရဲ့ အရှိန်အဝါလေးနဲ့တင် မင်းက ဒီလောက်တောင် ကြောက်သွားတာလား။ ရွှေအမြုတေ အထွတ်အထိပ်ဖြစ်နေပြီးတော့ ရှက်ဖို့မကောင်းဘူးလားကွာ" ကျန်းလီက ရယ်မောလျက် ဆူပူလိုက်သည်။

ယွမ်ဝူရှင်းက သက်ပြင်းချကာ - "စီနီယာကျန်းရယ်... နယ်စားမင်းက ဝိညာဉ်သန္ဓေအဆင့် အထွတ်အထိပ်လေ၊ အဲ့ဒီလောက် အဆင့်ကလာတဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါကို ရွှေအမြုတေအဆင့်က ဘယ်လိုလုပ် ခံနိုင်မှာလဲ"

ကျန်းလီက နှာခေါင်းရှုံ့လိုက်ပြီး - "အကြောင်းပြချက်တွေပဲ။ ငါ ရွှေအမြုတေ အထွတ်အထိပ်တုန်းက ဝိညာဉ်သန္ဓေအဆင့် အထွတ်အထိပ်ကို သတ်ခဲ့ဖူးတယ်"

ယွမ်ဝူရှင်းမှာ ဆွံ့အသွားပြီး ခဏအကြာမှ တစ်ခွန်းသာ ပြောနိုင်တော့သည် - "စီနီယာကတော့ တကယ်ကို အစွမ်းထက်တာပဲ"

ယွမ်ဝူရှင်းသည် ကျန်းလီကို တကယ်ပင် လေးစားသွားမိသည်။ ကြည့်စမ်း... သူသည် တာအိုဂိုဏ်း၏ လှည့်လည်သူ ဖြစ်သဖြင့် အဆင့်အတန်းမှာ မဟာကျိုး မင်းသားများထက်ပင် မြင့်မားသေးသည်။ အဆင့် (၁)၊ အဆင့် (၂) အရာရှိကြီးများပင်လျှင် သူ့ကို ပြုံးရွှင်စွာ ဆက်ဆံရမည်ဖြစ်သည်။ သို့သော် သူသည် ထိုအထောက်အထားကို အသုံးမပြုဘဲ မဟာကျိုး၏ ဥပဒေအတိုင်း ကျန်းမိသားစုကို တစ်ဆင့်ပြီးတစ်ဆင့် အသေပိတ်ဆို့နေခြင်းဖြစ်သည်။

တကယ့်ကို ကြောက်စရာကောင်းလှပေသည်။

All Chapters