ကျန်းမိသားစုတွင် အကျိုးပြုမှုရှိသော်လည်း အပြစ်ကို မချေဖျက်နိုင်ပေ
Vol. 1 Ch. 14
"ဒါဆို အရှင်က ဘိုးဘေးကြီး ကျန်းလီ (လူသားဧကရာဇ်ကျန်းလီ)ဖြစ်နေတာကိုး။ မိုက်မဲတဲ့ နောက်မျိုးဆက်က ဘိုးဘေးကျန်းလီကို ဂါရဝပြုပါတယ်" ကျန်းမျိုးနွယ်စုခေါင်းဆောင်သည် ကျန်းလီ၏ ကိုယ်ရောင်ကိုယ်ဝါကြောင့် ထိတ်လန့်သွားရသလို၊ ယခင်က ယွမ်ဝူရှင်း၏အိမ်တွင် သူပြောခဲ့သော "ယုံကြည်မှုစွမ်းအား" ဆိုင်ရာ မြင့်မြတ်သော စကားများကို ပြန်လည်တွေးတောမိကာ ရှက်ရွံ့သဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ သို့သော် သူသည် ချက်ချင်းပင် တုန့်ပြန်မှုပြုကာ အရှက်တရားကို ဘေးဖယ်လျက် မြေကြီးပေါ်တွင် ဝပ်စင်းဦးချလိုက်တော့သည်။
ကျန်းလီကမူ ဘာမှမပြောဘဲ ပြုံး၍သာ ကြည့်နေ၏။
"ဘိုးဘေးကြီး ကျန်းယီရှင်းဟာ အရှင်နဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝကို ခဏခဏ ပြန်ပြောလေ့ရှိပါတယ်။ အဲ့ဒီအချိန်တွေဟာ သူ့ဘဝမှာ အပျော်ဆုံးအချိန်တွေပါတဲ့။ အရှင်က စိတ်နှလုံး ဖြူစင်လွန်းလို့ ဆင်းရဲသားတွေကို တွေ့ရင်တောင် ငွေကြေးတွေနဲ့ ကူညီတတ်တယ်လို့ သူ အမြဲချီးကျူးပါတယ်"
"ဘိုးဘေးကြီးက သူ ငယ်စဉ်က မိုက်မဲခဲ့လို့ အမှားအမှန် မခွဲခြားနိုင်ဘဲ အရှင့်ကို ဒုက္ခပေးခဲ့မိတာကို အခုထိ နောင်တရနေတာပါ။ အရှင့်ကို လူကိုယ်တိုင် တွေ့ပြီး တောင်းပန်ချင်ပေမဲ့ သူက ပါရမီညံ့ဖျင်းသူမို့လို့ အရှင့်ကို ပြန်တွေ့နိုင်တဲ့အထိ အသက်မရှည်မှာကို သူ အရမ်းကြောက်နေခဲ့တာပါ။ အရှင်ကလည်း လောကကြီးအတွက် အလုပ်ရှုပ်နေတာကြောင့် အိမ်တံခါးဝကို ဖြတ်သွားရင်တောင် အထဲမဝင်နိုင်ခဲ့ဘူး မဟုတ်လား။ အရှင့်ကို တွေ့ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်။"
"ဒီလိုနဲ့ စိတ်မိစ္ဆာတွေရဲ့ နှိပ်စက်မှုကို ခံရပြီးနောက်မှာ ဘိုးဘေးကြီးဟာ အသက်ဆက်ဖို့အတွက် မတတ်သာဘဲ မိစ္ဆာလမ်းစဉ်ထဲကို ကျရောက်သွားခဲ့ရတာပါ။"
ကျန်းမျိုးနွယ်စုခေါင်းဆောင်သည် မျက်ရည်စက်လက်ဖြင့် အလွန်ပင် ခံစားချက်ပါပါ ပြောဆိုနေသည်မှာ သူ၏အသည်းနှလုံးကို ထုတ်ပြနေသကဲ့သို့ပင်။ ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးမှာလည်း သူ၏ စကားများကြောင့် စိတ်လှုပ်ရှားလာကြပြီး ကျန်းယီရှင်း မိစ္ဆာကျင့်စဉ် ကျင့်ကြံရခြင်းမှာ အကြောင်းပြချက် ရှိပေသည်၊ နားလည်ပေး၍ ရပေသည်ဟု ထင်မြင်လာကြသည်။ ရှေးယခင်ကတည်းက အများအကျိုးနှင့် ကိုယ်ကျိုးမှာ ဒွန်တွဲရန် ခက်ခဲလှသည်။ လူသားဧကရာဇ်ကျန်းသည် သက်ရှိအားလုံးအတွက် တာဝန်ထမ်းဆောင်နေရသဖြင့် မိသားစုကို ဂရုမစိုက်နိုင်ခဲ့ခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင် ဖြစ်သည်။
ကျန်းယီရှင်းခမျာ "တောင်းပန်ပါတယ်" ဟူသော စကားတစ်ခွန်း ပြောခွင့်တောင် မရခဲ့ရှာပေ။
ယွမ်ဝူရှင်းမှာမူ ဤမြင်ကွင်းကို ရင်းနှီးနေသလို ခံစားရသဖြင့် ထူးဆန်းသော အမူအရာဖြင့် ကြည့်နေမိသည်။
"ကျွန်တော်တို့ ကျန်းမိသားစုဟာ ဘိုးဘေးကြီး ကျန်းယီရှင်းရဲ့ မျိုးဆက်တွေဖြစ်သလို၊ အရှင့်ရဲ့ မျိုးဆက်တွေလည်း ဖြစ်ပါတယ်။ လူသားဧကရာဇ်က ကျွန်တော်တို့ရဲ့ ဘိုးဘေးဖြစ်နေတော့ ကျွန်တော်တို့ဟာ အရှင့်ရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေဖို့ အမြဲ သတိထားခဲ့ပါတယ်။ ဘိုးဘေးကြီး မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားတာကလွဲရင် ကျွန်တော်တို့ဟာ တစ်ခါမှ သူတစ်ပါးကို ဒုက္ခမပေးခဲ့ပါဘူး။ ကျွန်တော်တို့ ကျန်းမိသားစုဟာ မိတ်ဆွေကောင်းတွေ ရှာဖွေတယ်၊ စီးပွားရေးတွေ လုပ်ကိုင်တယ်။ ရရှိလာတဲ့ အင်အားနဲ့ ငွေကြေးတွေကို သုံးပြီး မြို့ရိုးတွေ တည်ဆောက်ခဲ့တယ်။ ချင်းမြို့ကို မြို့ကြီးတစ်မြို့ ဖြစ်လာအောင် တည်ဆောက်ပေးခဲ့တာကို ချင်းမြို့သားအားလုံး အသိပဲ ဖြစ်ပါတယ်။"
ချင်းမြို့သားများမှာ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ ချင်းမြို့ ယခုကဲ့သို့ ကြီးကျယ်လာခြင်းမှာ ကျန်းမိသားစု၏ ကြိုးစားအားထုတ်မှုနှင့် မကင်းကြောင်း သူတို့၏ လူကြီးများ ပြောပြချက်အရ သိထားကြသည်။
ယခင်က ချင်းမြို့ကို "မြို့" ဟု ခေါ်သော်လည်း မြို့နှင့်တူရန် အတော်လေး ကြိုးစားခဲ့ရသည်။ တစ်မြို့လုံးတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးမျှပင် မရှိခဲ့ပေ။
ထိုစဉ်က အခြားမြို့မှလူများက ချင်းမြို့သားများကို "တောသားများ" ဟု ခေါ်ကာ အဆင့်အတန်းမရှိဟု နှိမ်ခဲ့ကြဖူးသည်။
သို့သော် ယခုအခါ ချင်းမြို့သည် ထျန်းချင်းနယ်တစ်ခုလုံးတွင် လက်ချိုးရေ၍ရသော မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့ပြီ။ ချင်းမြို့သားများ အပြင်ထွက်လျှင် ဘယ်သူမဆို "ချင်းမြို့သားတွေက တကယ်တော်တာပဲ" ဟု ချီးကျူးခံရလေ့ ရှိသည်။
"ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် လူသားဧကရာဇ်နန်းဆောင်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ထားပါတယ်။ လူသားဧကရာဇ်နန်းဆောင်ရဲ့ စံနှုန်းတွေအတိုင်း ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းခဲ့ပါတယ်။ ဒါဟာ လူသားဧကရာဇ်နန်းဆောင်နဲ့ အရှင့်ရဲ့ အသိအမှတ်ပြုမှုကို ရချင်လို့ပါ။ ကျွန်တော်တို့ ကျန်းမိသားစုဟာ လူသားဧကရာဇ်နန်းဆောင်ရဲ့မျက်နှာကို မပျက်စေခဲ့ပါဘူး။"
"ဘိုးဘေးကြီး ကျန်းလီ... မိုက်မဲတဲ့ မျိုးဆက်တွေက ကျန်းမိသားစုကိုယ်စား မေးပါရစေ။ ကျွန်တော်တို့ လူသားဧကရာဇ်နန်းဆောင်ထဲကို ဝင်ခွင့်ရနိုင်မလား"
ကျန်းမျိုးနွယ်စုခေါင်းဆောင်သည် ကျန်းလီကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာလည်း ကျန်းလီ၏နေရာတွင်သာဆိုလျှင် "ရတာပေါ့" ဟု ချက်ချင်း ဖြေမိကြပေလိမ့်မည်။
ကျန်းလီက အသာအယာ ခေါင်းညိတ်လိုက်ပြီး - "အိပ်မက်ယောင်နေတာပဲ"
"လူသားဧကရာဇ်နန်းဆောင်မှာ အရင်မျိုးဆက် အာဇာနည် လူသားဧကရာဇ် (၇၂) ပါးရဲ့ ရုပ်တုတွေ ရှိတယ်။ သူတို့ထဲက တစ်ယောက်မှ ကိုယ့်မိသားစု အင်အားစုကို နန်းဆောင်ထဲမှာ နေရာမပေးခဲ့ဖူးဘူး။ မိသားစုတစ်ခုလုံးကို ဝင်ခွင့်ပေးဖို့ဆိုတာ ဝေးသေး။ ငါကျန်းလီက ဘာမို့လို့ ဒီလိုမျိုး ရှေ့ဆောင်လမ်းပြ လုပ်ရမှာလဲ"
"အရှင်က အင်အားအကြီးဆုံး လူသားဧကရာဇ်လေ။ အရှင်က စလုပ်ပေးရင် ဘယ်သူကမှ ဘာမှပြောရဲမှာ မဟုတ်ပါဘူး" ဟု မျိုးနွယ်စုခေါင်းဆောင်က အမြန်ပြောလိုက်သည်။
ပတ်ဝန်းကျင်မှ လူများကလည်း ခေါင်းညိတ်ကြသည်။
မှန်ပါသည်။ လူသားဧကရာဇ်ကျန်းသည် ကျိုကျိုး၏ အင်အားအကြီးဆုံးသူ ဖြစ်သော်လည်း သူသည် တစ်ခါမှ ဗိုလ်ကျစိုးမိုးခြင်း မရှိခဲ့ပေ။ ပြောရလျှင် သူသည် စည်းကမ်းကြီးလွန်းနေသည်ဟုပင် ဆိုနိုင်သည်။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် မဆိုထားနှင့်၊ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူအချို့ပင်လျှင် လူသားဧကရာဇ်ကျန်းထက် ပို၍ မောက်မာတတ်ကြသည်။ ဥပဒေနှင့် ထုံးတမ်းစဉ်လာများကို စိတ်ကြိုက်ချိုးဖောက်ကာ မင်္ဂလာဆောင်တွင် သတို့သမီးကို လုယူခြင်း၊ လေလံပွဲအပြီးတွင် လုယက်ခြင်းများ ပြုလုပ်ပြီး "ဒါဟာ အားကြီးသူတွေရဲ့ အခွင့်အရေးပဲ" ဟု ပြောတတ်ကြသည်။
အကယ်၍ လူသားဧကရာဇ်ကျန်းက ကျန်းမိသားစုကို နန်းဆောင်ထဲသို့ ထည့်သွင်းပေးမည်ဆိုလျှင် လူအများက ပြုံးပြီး လက်ခံကြမည်သာဖြစ်သည်။
လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည် - "လူသားဧကရာဇ်ကျန်း... ကျန်းမိသားစုဝင်တွေ အားလုံးက လူဆိုးတွေ မဟုတ်ကြပါဘူး။"
ထိုစကားထွက်လာသည်နှင့် လူအပေါင်းမှာ "ကျန်းမိသားစုကို လူသားဧကရာဇ်နန်းဆောင်ထဲ ထည့်ပေးပါ" ဟု ဝိုင်းဝန်း အော်ဟစ်ကြတော့သည်။ အထူးသဖြင့် ချင်းမြို့သားများက ပို၍ ကျယ်လောင်စွာ အော်ဟစ်နေကြ၏။
ကလေးပျောက်ဆုံးနေသော မိဘများမှာမူ ကန့်ကွက်ကြသော်လည်း သူတို့၏အသံမှာ ဤဆူညံသံများအကြား အလွန်ပင် သေးငယ်လွန်းနေသည်။
မိဘတစ်ဦးက ဘေးနားမှလူကို ဒေါသတကြီး မေးလိုက်သည် - "ကျန်းမိသားစုက ကလေးတွေကို ဝါးမြိုပြီး မိစ္ဆာကျင့်စဉ် ကျင့်ခဲ့တာလေ။ ဒီလိုမိသားစုမျိုးက ဘယ်လိုလုပ် လူသားဧကရာဇ်နန်းဆောင်ထဲဝင်ဖို့ အရည်အချင်းရှိမှာလဲ"
မေးမြန်းခံရသူက အထင်သေးစွာ ပြန်ဖြေသည် - "ကျန်းမိသားစုရဲ့ ဘိုးဘေး ကျန်းယီရှင်းက သံယောဇဉ်ကြီးလွန်းလို့ ခဏတာ မျက်စိမှောက်သွားတာပဲ ထားပါဦး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ အတွင်း ကျန်းမိသားစု လုပ်ဆောင်ခဲ့တာတွေကို ကြည့်လေ။ ချင်းမြို့ကို ချဲ့ထွင်ပေးခဲ့တယ်၊ လူတွေ အေးအေးချမ်းချမ်းနေနိုင်အောင် လုပ်ပေးခဲ့တယ်။ ဝိညာဉ်စွမ်းအားတွေတောင် တခြားနေရာထက် ပိုများလာအောင် လုပ်ပေးခဲ့လို့ ကျင့်ကြံသူတွေ ဘယ်လောက်တောင် အကျိုးခံစားခဲ့ရသလဲ။ ဒီလို အကျိုးပြုမှုတွေက မိစ္ဆာကျင့်စဉ် ကျင့်ခဲ့တဲ့ အပြစ်ကို မချေဖျက်နိုင်ဘူးလား။ ခင်ဗျားတို့မှာ အများအကျိုးအတွက် စဉ်းစားတဲ့စိတ် မရှိကြဘူးလား။"
ထိုမိဘမှာ စကားဆွံ့သွားပြီး မည်သို့ ပြန်လည်ချေပရမည်ကို မသိတော့ပေ။
ဤကဲ့သို့သော အငြင်းပွားမှုများမှာ နေရာအနှံ့တွင် ဖြစ်ပွားနေပြီး ကျန်းလီက ထိုစကားများအားလုံးကို ကြားနေရသည်။
ကျန်းလီသည် မြေပြင်မှ ဆယ်တောင်ခန့် အမြင့်သို့ ပျံတက်လိုက်ပြီး အသံကို စွမ်းအားဖြင့် မြှင့်ကာ အားလုံး ကြားနိုင်အောင် ပြောလိုက်သည်။
ကျန်းလီက ပြုံးလျက် ပြောသည် - "မင်းတို့ ပြောတာတွေကို ငါအကုန်ကြားပါတယ်။ ကောင်းတယ်... တကယ်ကို ကောင်းကောင်းပြောနိုင်ကြတာပဲ။ အထူးသဖြင့် 'ဒီလို အကျိုးပြုမှုတွေက မိစ္ဆာကျင့်စဉ် ကျင့်ခဲ့တဲ့ အပြစ်ကို မချေဖျက်နိုင်ဘူးလား' ဆိုတဲ့ စကားက အကြောင်းအရာကို ဖယ်ထားရင်တော့ တော်တော်လေးကို ယုတ္တိရှိတဲ့ စကားပဲ"
စောစောက စကားပြောခဲ့သူမှာ လူသားဧကရာဇ်၏ ချီးကျူးမှုကို ခံရသဖြင့် ရင်ကိုကော့ကာ ဂုဏ်ယူနေမိသည်။ လူသားဧကရာဇ်၏ ချီးကျူးခံရခြင်းမှာ တစ်သက်တာအတွက် အကြီးမားဆုံး ဂုဏ်ယူစရာ မဟုတ်လား။ သူသည် ကျန်းမိသားစုကို ဝင်ခွင့်ပေးရန် ပထမဆုံး စတင်အော်ဟစ်ခဲ့သူလည်း ဖြစ်သည်။ သို့သော် ကျန်းလီ၏ နောက်ဆက်တွဲ စကားများကြောင့် သူ၏ အပြုံးများမှာ ပျောက်ကွယ်သွားရလေသည်။
"ငါ့ဘဝမှာ ဒီလို စကားမျိုးကို ကြားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ညီအစ်ကိုကျီကျစ်... ငါ အကြံပေးချင်တာက မင်းရဲ့ မဟာကျိုးမှာ ဉာဏ်ရည်ခွန်ဆိုတာကို အသစ်တိုးကောက်သင့်တယ်၊ ဒါမှ မင်းရဲ့ ဘဏ္ဍာတိုက် ပိုပြည့်လာမှာ"
ဧကရာဇ်ကျီကျစ်က ခေါင်းညိတ် ထောက်ခံသည် - "ညီအစ်ကိုကျန်းလီ ပြောတာ မှန်တယ်။ ဒီကိစ္စကို အစိုးရအဖွဲ့မှာ တင်ပြပြီး ဆွေးနွေးခိုင်းလိုက်မယ်"
ထိုသူမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ပြန်လည် ချေပသည်။ "အပြစ်နဲ့ အကျိုးပြုမှုကို ခွဲခြားပြီး တစ်ခုနဲ့တစ်ခု ချေဖျက်တာက ဘာမှားလို့လဲ"
အပြစ်နှင့် အကျိုးပြုမှုကို ချေဖျက်သင့်၊ မချေဖျက်သင့် ဆိုသည်မှာ အလွန်အငြင်းပွားစရာ ကောင်းသော အကြောင်းအရာဖြစ်ရာ ကျန်းလီ ဖြေနိုင်မည်မဟုတ်ဟု သူ ယူဆလိုက်သည်။
သို့သော် ဤကိစ္စမှာ အခြားသူများအတွက် ခက်ခဲနိုင်သော်လည်း ကျန်းလီအတွက်မူ အလွန်လွယ်ကူလှသည်။
သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ပြင်းထန်သော မိုးသက်မုန်တိုင်းကဲ့သို့ တစ်ကွင်းလုံးကို လွှမ်းမိုးသွားရာ လူတိုင်း၏အရိုးထဲအထိ အေးစိမ့်သွားကြသည်။ ကျန်းလီသည် စိတ်အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် မမြင်ရသော စွမ်းအားတစ်ခုက ထိုသူ၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ ကျန်းလီ၏ ရှေ့သို့ ဆွဲခေါ်သွားလေသည်။
ကျန်းလီသည် ထိုသူ၏ လည်ပင်းကို ညှစ်ထားကာ အေးစက်စွာ လှောင်ပြုံးလိုက်သည် - "ငါက ပြင်ပနတ်ဆိုးတွေရဲ့ ကျူးကျော်မှုကို သုံးကြိမ်တိုင်တိုင် တားဆီးပေးခဲ့တယ်၊ ကျိုကျိုးကို သုံးကြိမ်တိုင်တိုင် ကယ်တင်ခဲ့တယ်။ တစ်နည်းအားဖြင့် ပြောရရင် မင်းတို့ အခုထိ အသက်ရှင်နေတာ ငါ့ကျေးဇူးကြောင့်ပဲ။ ဒါဆိုရင် ငါ မင်းတို့ကို သတ်ဖြတ်ပစ်လိုက်တာကလည်း သာမန်ကိစ္စပဲပေါ့။ ဘယ်သူမှလည်း ငါ့ကို အပြစ်ပြောမှာ မဟုတ်ဘူး မဟုတ်လား။"
"လွှတ်... လွှတ်ပေးပါ..." ထိုသူမှာ ရုန်းမထွက်နိုင်ဘဲ အသည်းအသန် ရုန်းကန်နေရသည်။
"ဘာလို့လဲ? ငါ မင်းကို သုံးကြိမ်တိုင်တိုင် ကယ်ခဲ့တာလေ။ မင်း ဘာလို့ ငါ့လက်ချက်နဲ့ အေးအေးဆေးဆေး အသေမခံနိုင်ရတာလဲ။ မင်းမှာ ဘာလို့ အများအကျိုးအတွက် စဉ်းစားတဲ့စိတ် မရှိတာလဲ? မင်းကို သတ်ပစ်လိုက်ရတာ ငါ့အတွက် အရမ်းပျော်စရာကောင်းတယ်၊ မင်းမှာ ဘာလို့ အနစ်နာခံလိုစိတ် နည်းနည်းလေးတောင် မရှိရတာလဲ?" ကျန်းလီသည် လုံးဝ မလှုပ်ရှားဘဲ သူ၏ မျက်လုံးများထဲတွင် ကရုဏာအရိပ်အယောင် အနည်းငယ်မျှ မရှိတော့ပေ။ ရှိနေသည်မှာ အဆုံးမရှိသော မာန်မာနနှင့် ရက်စက်ကြမ်းကြုတ်မှုများသေဖြစ်သည်။
"လွှတ်... လွှတ်ပေးပါ..." ထိုသူ၏ စိတ်ထဲတွင် အကြီးအကျယ် နောင်တရနေမိသည်။
ဒဏ္ဍာရီထဲက စကားတွေက တကယ်ပဲ မှန်နေတာလား။ လူသားဧကရာဇ်ကျန်းဟာ လူသားဧကရာဇ် မဖြစ်ခင်တုန်းက ပြင်ပနတ်ဆိုးတွေနဲ့ တိုက်ခိုက်ရင်း မြို့တစ်မြို့လုံးက လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်ဆိုတာ တကယ်ပဲ ဖြစ်ရမယ်။