← Chapters

《အမျိုးသားတစ်ယောက်ကို အစပြုလာအောင် ဆွဲဆောင်နည်း အသွယ်သွယ်》

Vol. 2 Ch. 20

《အမျိုးသားတစ်ယောက်ကို အစပြုလာအောင် ဆွဲဆောင်နည်း အသွယ်သွယ်》

Vol. 2 Ch. 20

အပြင်လောကတွင် ဆောင်းဦးရာသီသို့ ရောက်ရှိနေပြီဖြစ်၍ ခြောက်သွေ့အေးစက်သော အငွေ့အသက်များ ရှိနေသော်လည်း၊ ဟုန်ချန်းသန့်စင်မြေတွင်မူ ငှက်ကလေးများ တေးဆိုကာ ပန်းမန်များ ဝေဆာနေဆဲဖြစ်သည်။ စိမ်းလန်းသော မြက်ခင်းပြင်နှင့် ပန်းရောင်မက်မွန်ပွင့်များမှာ တစ်ပြင်လုံး ဖုံးလွှမ်းနေပြီး၊ လေအဝေ့တွင် ပွင့်ချပ်ကလေးများမှာ တာအိုဆရာရှင်းယွီ၏ ဦးခေါင်းပေါ်သို့ တဖွဲဖွဲ ကြွေကျနေလေသည်။

တာအိုဆရာရှင်းယွီ၏ အေးစက်လှပသော မျက်နှာထက်တွင် မှိုင်တွေမှုအချို့ ရှိနေပြီး၊ သူမ၏ ဦးခေါင်းပေါ်သို့ မက်မွန်ပွင့်ချပ်များ ကျလာသည်ကိုပင် ဂရုမစိုက်နိုင်အားပေ။

သူမသည် မလှမ်းမကမ်းရှိ သူတော်စင်ကျန့်ရှင်း၏ ကျင့်ကြံဆောင်ကို ငေးကြည့်နေပြီး၊ အထီးကျန်ဆန်မှုကို ခံစားနေရသည်။

ထိုကျင့်ကြံဆောင်ထဲတွင် လူသုံးယောက် ရှိသည်။ တစ်ယောက်မှာ ခုတင်ပေါ်တွင် လဲလျောင်းနေသော ဟုန်ချန်းဘိုးဘေး၊ နောက်တစ်ယောက်မှာ သူမ၏တပည့်ဖြစ်သူ ကျန့်ရှင်း၊ နောက်ဆုံးတစ်ယောက်မှာ မည်သို့ပင် စဉ်းစားစေကာမူ သူမကိုယ်တိုင် ဖြစ်သင့်သည် မဟုတ်လား။ သို့သော် ဘာကြောင့် ထိုနေရာတွင် ကျန်းလီ ရောက်နေရတာလဲ။

တာအိုဆရာရှင်းယွီမှာ စိတ်ဓာတ်ကျနေမိသည်။ မတတ်နိုင်ပေ၊ သူမသည် ဟုန်ချန်းဘိုးဘေး၏ တိုက်ရိုက်မျိုးဆက် မဟုတ်ဘဲ၊ အသက် (၁၆) နှစ်အရွယ်တွင် ယခင်ဂိုဏ်းချုပ်က တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့သူသာ ဖြစ်သည်။ ထို့ကြောင့် သူမသည်လည်း ဟုန်ချန်းဘိုးဘေး၏ ဆွဲဆောင်မှုဒဏ်ကို မခုခံနိုင်ပေ။

မူလက သူမသည် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ဖြင့် အိပ်ပျော်နေသော ဘိုးဘေး၏ နတ်ဘုရားမျက်နှာတော်ကို ဖူးမြော်ရန် ကြိုးစားခဲ့သည်။

သို့သော် မကြာမီမှာပင် ကြည်ညိုစိတ်မှာ ပိုင်ဆိုင်လိုစိတ်အဖြစ် ပြောင်းလဲသွားပြီး၊ သူတော်စင်ကျန့်ရှင်းနှင့် ကျန်းလီတို့၏ ပူးပေါင်းကာ ‘ပြန်လည်ပို့ဆောင်ခြင်း’ကို ခံလိုက်ရသည်။

ထို ပြန်လည်ပို့ဆောင်ပုံမှာလည်း အတော်လေး ကြမ်းတမ်းလှသည်။

'တောက်... ဘာလို့ ကျန်းလီက ဘာမှမဖြစ်ဘဲ၊ ငါကမှ ဂိုဏ်းချုပ်ဖြစ်ပြီးတော့ အပြင်လူလို ဖြစ်နေရတာလဲ။'

ကျင့်ကြံဆောင်အတွင်းတွင်မူ ပတ်ဝန်းကျင် ပြောင်းလဲသွား၍လား သို့မဟုတ် နိုးထရမည့်အချိန် ရောက်၍လား မသိရသော်လည်း၊ ဟုန်ချန်းနတ်သမီးသည် တဖြည်းဖြည်း နိုးထလာခဲ့သည်။

သူမသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူမရှေ့ရှိ လူနှစ်ယောက်ကို ကြည့်လိုက်သည်။

သူမ မျက်လုံးဖွင့်လိုက်သည့် ခဏတွင် ကျန်းလီသည် ကျင့်ကြံဆောင်တစ်ခုလုံး လင်းထိန်သွားသကဲ့သို့ ခံစားလိုက်ရပြီး ခဏမျှ မှင်သက်သွားမိသည်။

ဟုန်ချန်းနတ်သမီးမှာ ဘာမှမသိသေးသော ကလေးငယ်တစ်ဦးအလား အံ့သြစွာ မေးလိုက်သည် - "နင်တို့က ဘယ်သူတွေလဲ၊ အရင်က 'ဟဲဟဲ' နဲ့ ရယ်နေတတ်တဲ့ အူကြောင်ကြောင်လူကြီးကော ဘယ်ရောက်သွားပြီလဲ"

"၃၆ ကြိမ်မြောက် မျိုးဆက် ကျန့်ရှင်းက ဘိုးဘေးကို ဂါရဝပြုပါတယ်" သူတော်စင်ကျန့်ရှင်းက ဟုန်ချန်းနတ်သမီးကို ဦးချ ဂါရဝပြုလိုက်သည်။

"၇၂ ကြိမ်မြောက် လူသားဧကရာဇ်က ဟုန်ချန်းနတ်သမီးကို နှုတ်ဆက်ပါတယ်"

"မင်းက ငါ့ရဲ့မျိုးဆက်လား။ ငါက ဘယ်သူလဲ။ ပြီးတော့ လူသားဧကရာဇ်ဆိုတာ ဘာလဲ" ဟုန်ချန်းနတ်သမီး၏ မျက်ဝန်းများမှာ ဝေဝါးနေပြီး ကျန့်ရှင်းနှင့် ကျန်းလီတို့၏ ပြုမူပုံကို နားမလည်နိုင် ဖြစ်နေသည်။

သူတော်စင်ကျန့်ရှင်းက မေးလိုက်သည် - "ဘိုးဘေး... အရင်က အကြောင်းအရာတွေကို ဘယ်လောက်များ မှတ်မိသေးလဲဟင်"

ဟုန်ချန်းနတ်သမီးမှာ ဝေခွဲမရဖြစ်နေပြီး - "သလင်းကျောက်တုံးကြီးတစ်ခုထဲကနေ နိုးလာတာပဲ မှတ်မိတယ်။ သလင်းကျောက် အပြင်ဘက်မှာ တစ်ခုခုက ငါ့ကို ချည်နှောင်ထားသလိုပဲ..."

"ငါ အဲ့ဒီချည်နှောင်မှုကို ဖြည်ပြီး တောင်အောက်ဆင်းခဲ့တယ်။ အရှေ့ဘက်ကိုပဲ ဆက်လျှောက်လာရင်း မြို့ငယ်လေးနှစ်ခုကို ဖြတ်ကျော်ခဲ့တယ်။ ပြီးတော့ တောအုပ်ထဲ ရောက်လာတယ်။ လမ်းမှာ လျှောက်ရင်းနဲ့ အရမ်းအိပ်ငိုက်လာတာနဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ အိပ်လိုက်မိတယ်..."

"နိုးလာတော့ ရွှေနန်းဆောင်တစ်ခုထဲ ရောက်နေတာပဲ။ အမျိုးသားတစ်ယောက်က ငါ့ကို စိုက်ကြည့်နေတယ်။ ငါ သူ့ကို စကားပြောပေမဲ့ သူက ပြန်မဖြေဘဲ 'ဟဲဟဲ' နဲ့ပဲ ထိုင်ရယ်နေတာ။ ငါ ပျင်းလာတာနဲ့ ပြန်အိပ်လိုက်တယ်..."

"အဲ့ဒီလိုနဲ့ အကြိမ်ကြိမ် ဖြစ်ပြီးတော့ အခု နင်တို့ ငါ့ရှေ့ကို ရောက်လာတာပဲ"

ဟုန်ချန်းနတ်သမီးမှာ စကားများစွာ တစ်ပြိုင်နက် မပြောနိုင်သေးသဖြင့် ကြားထဲတွင် ခဏခဏ ရပ်နားနေရသည်။

"ဒါဆိုရင် နတ်ဘုရားဘုံက အကြောင်းတွေကော မှတ်မိသေးလား။ ဒါမှမဟုတ် လူ့လောကကို ဆင်းသက်လာခဲ့တဲ့ အကြောင်းတွေကော?"

ဟုန်ချန်းနတ်သမီးက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

သူတော်စင်ကျန့်ရှင်းနှင့် ကျန်းလီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဟုန်ချန်းနတ်သမီးသည် ပြန်ရှင်လာပြီးနောက် မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ သို့မဟုတ် ခန္ဓာကိုယ်ထဲတွင် အသိစိတ်သစ်ဖြစ်ပေါ်လာပြီး ယခင်မှတ်ဉာဏ်များ မကျန်ရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။

ကျန်းလီ မျက်မှောင်ကြုတ်လိုက်သည်။ ဟုန်ချန်းနတ်သမီး၏ စကားထဲတွင် တစ်ခုခုမှားယွင်းနေသည်ဟု သူ ခံစားနေရသည်။

သူသည် ဝိညာဉ်စွမ်းအားဖြင့် ဟုန်ချန်းသန့်စင်မြေ၏မြေပုံကို ပုံဖော်ကာ ဟုန်ချန်းနတ်သမီးကို ပြသလိုက်သည် - "ဒါက နတ်သမီး နိုးလာတဲ့နေရာ၊ အဲ့ဒီနောက် ဒီဘက်အတိုင်း လျှောက်သွားတာ မဟုတ်လား"

ဟုန်ချန်းနတ်သမီးက ခေါင်းငြိမ့်ပြသည်။

"အဲ့ဒီနောက် ဒီမြို့ငယ်လေးနှစ်ခုကို ဖြတ်ပြီး တောအုပ်ထဲ ရောက်သွားတာလား"

ဟုန်ချန်းနတ်သမီးက ထပ်မံ ခေါင်းငြိမ့်ပြသည်။

"နတ်သမီးက နေ့ခင်းဘက်မှာ လျှောက်သွားခဲ့တာလား"

ဟုန်ချန်းနတ်သမီးက ထပ်မံ ခေါင်းငြိမ့်ပြသည်။

သူတို့နှစ်ဦးသည် ဟုန်ချန်းနတ်သမီးနှင့် ခဏမျှ စကားပြောဆိုကာ ရှေးဟောင်းမှတ်တမ်းများမှ သိရှိထားသော သူမ၏ အတိတ်အကြောင်းနှင့် ယခုလက်ရှိ ကျိုကျိုးတိုက်ကြီး၏ အခြေအနေများကို ပြောပြလိုက်သည်။ သူမ ထပ်မံ အိပ်ငိုက်လာသည်ကို မြင်သောအခါမှသာ အနားယူရန် စီစဉ်ပေးပြီး ကျင့်ကြံဆောင်ထဲမှ ထွက်လာခဲ့ကြသည်။

"ဘာပြဿနာရှိလို့လဲ"

"အတိအကျ ဘာလဲဆိုတာ မသိသေးပေမဲ့၊ ပြဿနာတစ်ခုခုရှိနေတာတော့ သေချာတယ်" ကျန်းလီက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ငါ မင်းတို့ဆီက ဘဏ္ဍာတိုက်သော့ကို ယူသွားပြီးကတည်းက၊ မင်းတို့မှာ ဝိညာဉ်ဆန်ဝယ်ဖို့တောင် ပိုက်ဆံမရှိဘဲ တောင်အောက်ဆင်းပြီး ဝိညာဉ်ကျောက်တုံး ရှာခဲ့ရတယ် မဟုတ်လား။ နောက်ပိုင်း မင်းမျက်နှာကိုထောက်ပြီး ငါ သော့ပြန်ပေးခဲ့ပေမဲ့ မင်းတို့လည်း သင်ခန်းစာရသွားပုံပဲ။ ဒါကြောင့် မုန့်ကျန်းအင်ပါယာဆီကနေ သာမန်လူတချို့ကို တောင်းပြီး ဒီနားမှာ အခြေချခိုင်းထားတယ် မဟုတ်လား"

ကျိုကျိုးတိုက်ကြီးတွင် လူတိုင်း ကျင့်ကြံနိုင်ကြသော်လည်း 'သာမန်လူ' ဟု ခေါ်ဆိုခြင်းမှာ တစ်သက်လုံး ဝိညာဉ်စွမ်းအား စုဆောင်းခြင်း၏ ကနဦးအဆင့်တွင်သာ လည်ပတ်နေသူများကို ဆိုလိုခြင်းဖြစ်သည်။

သူတော်စင်ကျန့်ရှင်းသည် "မင်းမျက်နှာကို ထောက်ပြီး ငါ သော့ပြန်ပေးခဲ့တယ်" ဟူသော စကားကြောင့် မျက်နှာလေး အနည်းငယ် နီမြန်းသွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။

"အဲ့ဒီ သာမန်လူတွေက မြို့တည်ပြီး ဝိညာဉ်ဆန်တွေ စိုက်ပျိုးကြတယ်၊ ပြီးတော့ ကျွန်မတို့ဆီကို နှစ်စဉ် အခွန်ဆက်ကြတာလေ"

"ပြဿနာက အဲ့ဒီမှာပဲ။ ဟုန်ချန်းနတ်သမီးက နေ့ခင်းကြောင်တောင် မြို့နှစ်မြို့ကို ဖြတ်လျှောက်သွားခဲ့တာ၊ အဲ့ဒါကို လမ်းလျှောက်သွားတာနော်။ သူမရဲ့ ရုပ်ရည်နဲ့ဆိုရင် မြို့ထဲကလူတွေ မသိဘဲ နေပါ့မလား။ ဒါပေမဲ့ မင်းတို့ဆီကို ဘာသတင်းမှ ရောက်မလာဘူး။ ကိုယ့်ဂိုဏ်းရဲ့ ဘိုးဘေး ပျောက်သွားတာကို သုံးနှစ်လုံးလုံး ဘယ်သူမှ မသိကြဘူးဆိုတာ မဖြစ်နိုင်ဘူး။"

ကျန်းလီ စကားပြောနေရင်းပင် သူတော်စင်ကျန့်ရှင်းမှာ သတိဝင်လာသည်။

ဟုတ်သားပဲ၊ ဘိုးဘေးရဲ့ဂူဗိမာန်က လူသူမရှိတဲ့ နေရာမှာမို့ ဘိုးဘေး တောင်အောက်ဆင်းတာကို မမြင်တာက လက်ခံနိုင်ပေမဲ့၊ စည်ကားလှတဲ့ မြို့ထဲကို နေ့ခင်းဘက် ဖြတ်သွားတာကို တစ်ယောက်မှ မမြင်ဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။

"မဖြစ်နိုင်တာ။ မြို့တိုင်းမှာ ရွှေအမြုတေအဆင့်ရှိတဲ့ ဂျူနီယာညီမလေးတစ်ယောက် စောင့်ကြပ်နေတာလေ။ ပြီးတော့ အဲ့ဒီမြို့နှစ်မြို့က ဆက်သတဲ့ ဝိညာဉ်ဆန်တွေကလည်း အရည်အသွေး အရမ်းကောင်းတာပဲ၊ ဘယ်လိုလုပ် ပြဿနာရှိမှာလဲ"

ကျန်းလီက သူတော်စင်ကျန့်ရှင်းကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ဉာဏ်ရည်ကို အနည်းငယ် အထင်သေးသည့်အမူအရာဖြင့် - "ပြဿနာရှိနေတာကိုတွေ့ရင် ဖြေရှင်းဖို့ မကြိုးစားဘဲ၊ ပြဿနာကို အရင် ငြင်းဆိုနေတာပဲ"

ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုမြို့နှစ်မြို့ဆီသို့ ပျံသန်းသွားတော့သည်။

သူတော်စင်ကျန့်ရှင်းမှာ စိတ်တိုကာ ခြေဆောင့်လိုက်ပြီး၊ သူမ၏ သိုလှောင်လက်စွပ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ကာ မြေကြီးပေါ်သို့ ဒေါသတကြီး လွှင့်ပစ်လိုက်သည်။

'အမျိုးသားတွေက အူကြောင်ကြောင်နိုင်တဲ့ မိန်းကလေးတွေကို ကြိုက်တယ်ဆိုတာ ဘယ်သူပြောတာလဲ။ ဒီစာအုပ်က လုံးဝ အသုံးမကျဘူး။ ဆရာကတော့ ဒီစာအုပ်က ကျိုကျိုးမှာ အရောင်းရဆုံးစာအုပ် ဆိုပြီးတော့ အသေအလဲကို ညွှန်းနေတာ'

မြေကြီးပေါ်သို့ လွှင့်ပစ်ခံလိုက်ရသော စာအုပ်မျက်နှာဖုံးတွင် 《အမျိုးသားတစ်ယောက်ကို အစပြုလာအောင် ဆွဲဆောင်နည်း အသွယ်သွယ်》ဆရာမရှင်းယွီ ဟု ရေးသားထားလေသည်။

သူတော်စင်ကျန့်ရှင်းသည်လည်း အလင်းတန်းအဖြစ် ပြောင်းလဲကာ ကျန်းလီနောက်သို့ လိုက်သွားတော့သည်။

သူတော်စင်ကျန့်ရှင်း ထွက်သွားပြီးနောက် ခဏအကြာတွင် တာအိုဆရာရှင်းယွီ ရောက်လာသည်။ မြေကြီးပေါ်က စာအုပ်ကို မြင်သောအခါ သက်ပြင်းတစ်ချက်ချပြီး ကောက်ယူလိုက်သည်။

'ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါကိုယ်တိုင် ရေးထားတာပဲလေ'

.....

ထိုမြို့နှစ်မြို့မှာ မြစ်ငယ်လေးကို အမှီပြုကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် မြစ်အထက်ပိုင်းရှိ မြို့ကို ရှန်းဟယ်မြို့ဟု ခေါ်ပြီး၊ မြစ်အောက်ပိုင်းရှိ မြို့ကို ရှဟယ်မြို့ ဟု ခေါ်သည်။ အမည်များမှာ ရိုးရှင်းလှ၏။

ကျန်းလီ (၅၀၀) နှစ်ကြာအောင် နေထိုင်ခဲ့သည့်တိုင်အောင် ချင်းမြို့ဟူသော အမည်က ဘယ်နေရာမှာ 'ချင်း (အစိမ်းရောင်/ကြည်လင်သော)' ဖြစ်နေလဲဆိုတာကို နားမလည်နိုင်သလိုမျိုး မဟုတ်ပေ။

မြို့ကလေးမှာ စည်ကားနေပြီး လူများမှာ အေးအေးချမ်းချမ်း နေထိုင်နေကြသည်။ မိမိတို့ ကျင့်ကြံမှု အဆင့်မမြင့်ခြင်းကိုလည်း စိတ်မပူကြသလို၊ နတ်သမီးများကို အလုပ်အကျွေးပြုနေရခြင်းအတွက်လည်း အားငယ်ခြင်း မရှိကြပေ။

ရှန်းဟယ်မြို့သားများမှာ မိမိတို့အလုပ်နှင့် မိမိတို့ အလုပ်ရှုပ်နေကြသည်။ လမ်းဘေးဈေးသည်များက မိမိတို့၏ လက်မှုပစ္စည်းများကို အစွမ်းကုန်ကြော်ငြာနေကြပြီး၊ စားသောက်ဆိုင်မှ ဝန်ထမ်းများက ဧည့်သည်များကို နွေးထွေးစွာ ကြိုဆိုနေကြသည်။ စားဖိုဆောင်မှလည်း ဟင်းချက်သည့် အနံ့အသက်များ မွှေးပျံ့နေပြီး၊ မိသားစုများမှာ စားပွဲဝိုင်းတွင် ထမင်းလက်ဆုံ စားနေကြသည်။ အချို့မှာလည်း ဆောင်းဦး ရိတ်သိမ်းပွဲအတွက် ပြင်ဆင်နေကြသည်။

အားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်သည်။ အခြားသော သာမန်လူများ နေထိုင်သည့် မြို့လေးများနှင့် မခြားပေ။

သို့သော် ကျန်းလီနှင့် သူတော်စင်ကျန့်ရှင်းတို့၏ မျက်လုံးထဲတွင်မူ ဤမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းနေသည်။ သူတော်စင်ကျန့်ရှင်းမှာ ကျောချမ်းသွားပြီး တုန်လှုပ်သွားမိသည်။

ဘာကြောင့်ဆိုသော် သူတို့သည် ဤနေရာတွင် 'သက်ရှိအငွေ့အသက်' တစ်စက်မျှ မတွေ့ရသောကြောင့် ဖြစ်သည်။

ဈေးသည်ဖြစ်စေ၊ စားသောက်ဆိုင် ဝန်ထမ်းဖြစ်စေ၊ စားဖိုမှူးဖြစ်စေ... အားလုံးမှာ လူသေများ ဖြစ်ကြသည်။

ရှန်းဟယ်မြို့တစ်ခုလုံးမှာ လူသေမြိုကြီးဖြစ်နေလေသည်။

သက်ရှိဟူ၍ တစ်ယောက်မှ မရှိပေ။

All Chapters