လူသေမြို့ နှစ်မြို့
Vol. 2 Ch. 21
သူတော်စင်ကျန့်ရှင်းသည် သူမ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ မြို့နှစ်မြို့စလုံးကို လွှမ်းခြုံသွားသည်။
ရှန်းဟယ်မြို့တင်မကဘဲ မြစ်အောက်ပိုင်းက ရှဟယ်မြို့ပါ လူသေမြို့ ဖြစ်နေသည်။
ဤနေရာရှိ လူများ၏ နေထိုင်မှုဆိုသည်မှာ အလောင်းကောင်များ လှုပ်ရှားနေခြင်းသာ ဖြစ်သည်။
နတ်ဘုရားများနှင့် နတ်ဆိုးများ၏ တာအိုနှလုံးသားကိုပင် တုန်လှုပ်စေနိုင်သော ဟုန်ချန်းဘိုးဘေး ဤနေရာသို့ ရောက်ရှိလာစဉ်က ဘာကြောင့် မည်သည့်ဂယက်မျှ မထွက်ပေါ်ခဲ့သလဲဆိုသည်မှာ မဆန်းတော့ပေ။ လူသေများက အလှလေးကို မြင်လျှင် ဘယ်လိုခံစားချက်များရှိနိုင်ဦးမှာလဲ။
သူတော်စင်ကျန့်ရှင်းမှာ ကျောချမ်းသွားရသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးပေ။
ဟုန်ချန်းသန့်စင်မြေအနီးတွင် မြို့ငယ်လေး (၈) မြို့ ရှိရာ၊ ကျန်ရှိသော မြို့ (၆) မြို့မှာလည်း ဤကဲ့သို့ပင် ဖြစ်နေမလားဟု သူမ စိုးရိမ်နေမိသည်။
ကျန်ရှိသော မြို့ (၆) မြို့မှာ ဤနေရာနှင့် အလွန်ဝေးကွာလှသဖြင့် သူမ၏ နတ်ဘုရားအာရုံက မမီပေ။
ကံကောင်းထောက်မစွာပင် ကျန်းလီက အဖြေပေးလိုက်သည်။
"ကျန်တဲ့ မြို့ (၆) မြို့ကတော့ အကုန် ပုံမှန်ပါပဲ" ကျန်းလီက ခဏစဉ်းစားပြီး ထပ်လောင်းပြောလိုက်သည် - "အကုန်လုံးက သက်ရှိတွေချည်းပဲ"
သူတော်စင်ကျန့်ရှင်းမှာ စိတ်ထဲမှ ကျိတ်ပြောမိသည် - 'ရှင် အဲ့ဒါကြီးကို ထပ်ပြီး ရှင်းမပြလည်း ရပါတယ်'။
သူတော်စင်ကျန့်ရှင်း၏ နတ်ဘုရားအာရုံက မြို့နှစ်မြို့ကိုသာ လွှမ်းခြုံနိုင်သည်မှာ သူမ၏ စွမ်းအားက ထိုမျှသာ ရှိသောကြောင့်ဖြစ်သည်။
ကျန်းလီ၏ နတ်ဘုရားအာရုံက မြို့ (၈) မြို့စလုံးကို လွှမ်းခြုံနိုင်သည်မှာ မြို့ (၈) မြို့သာ ရှိသောကြောင့် ဖြစ်သည်။
မြို့ (၆) မြို့မှာ ပုံမှန်ဖြစ်နေသည့်တိုင် သူတော်စင်ကျန့်ရှင်းမှာ မပျော်ရွှင်နိုင်ပေ။
"မင်းတို့ ဒီနေရာကို မလာဖြစ်တာ ဘယ်လောက်တောင် ကြာပြီလဲ။ ဝိညာဉ်အသွင်ပြောင်းခြင်း(အဆင့်ရှိတဲ့သူ တစ်ယောက်လောက်သာ လာကြည့်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး"
အလောင်းကောင်များကို သက်ရှိများအလား လှုပ်ရှားနေအောင်ပြုလုပ်သည့် ဤနည်းပညာမှာ အလွန်မြင့်မားလှရာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရှိသူများသာ ထူးခြားမှုကို သတိပြုမိနိုင်မည် ဖြစ်သည်။
သူတော်စင်ကျန့်ရှင်းက စိတ်ပျက်လက်ပျက်ဖြင့် ရှင်းပြသည် - "ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ဆိုတာ အစားအသောက် မလိုတော့တဲ့အဆင့် ရောက်နေပြီလေ။ ဂိုဏ်းက လူကြီးတွေအမြင်မှာ ဝိညာဉ်ဆန်ဆိုတာ ကိစ္စအသေးအမွှားလေးပဲ၊ ပြဿနာရှိမယ်လို့ မထင်ကြဘူး။ ဒါကြောင့် ဒီနေရာမှာ ကျင့်ကြံမှုအဆင့် တိုးတက်ဖို့ မျှော်လင့်ချက်မရှိတော့တဲ့ ရွှေအမြုတေအဆင့် တပည့်တွေကိုပဲ စောင့်ကြပ်ခိုင်းထားတာ။ မြို့ (၈) မြို့စလုံးကို ဝိညာဉ်သန္ဓေအဆင့်ရှိတဲ့ စီမံခန့်ခွဲသူတစ်ယောက်ကပဲ တာဝန်ယူတာဆိုတော့ ဘာမှမဖြစ်နိုင်ဘူး ထင်ခဲ့တာပေါ့"
"ဒါပေမဲ့ အခုတော့ ပြဿနာအကြီးကြီး ဖြစ်နေပြီ။" ကျန်းလီက တည်ကြည်စွာ ပြောလိုက်သည်။
ထိုသူနှစ်ဦးမှာ လမ်းဘေးရှိ စားသောက်ဆိုင်လေးတစ်ခုသို့ ဝင်လာရာ စားသောက်ဆိုင်စား၏ပွဲထိုးလေးက နွေးထွေးစွာ ကြိုဆိုသည်။
"အို... ဧည့်သည်တော်နှစ်ဦးက မြင်ဖူးသလို မရှိဘူးပဲ၊ အပြင်က လာတာလား။ ဒါက တွေ့ရခဲလှချည်လား။ ဒီက သခင်မလေးက ဟုန်ချန်းသန့်စင်မြေက နတ်သမီးလား"
သူတော်စင်ကျန့်ရှင်း၏ အလှကို မြင်သောအခါ ဝန်ထမ်းက မဝံ့မရဲ မေးလိုက်သည်။ ကျန့်ရှင်းမှာ ဘာမှမပြောဘဲ ခေါင်းသာ ငြိမ့်ပြလိုက်သည်။
"ကောင်လေး... တစ်ခုလောက် မေးချင်လို့"
ကျန်းလီက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်လုံးကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။
"ဧည့်သည်တော်... ဒါက မသင့်တော်ပါဘူး။ ခင်ဗျားတို့က ဟုန်ချန်းသန့်စင်မြေက လာတဲ့ လူကြီးလူကောင်းတွေပဲ၊ ကျွန်တော်တို့က ဘယ်လိုလုပ် ပိုက်ဆံယူရဲမှာလဲ" စားပွဲထိုးလေးမှာ လန့်သွားပြီး အလျင်အမြန် ငြင်းဆိုသည်။
အပြန်အလှန် ငြင်းဆိုပြီးနောက်တွင်မှ စားပွဲထိုးလေးက ထိုဝိညာဉ်ကျောက်တုံးကို လက်ခံလိုက်သည်။
ဤနေရာတွင် ကြေးပြားများဖြင့်သာ အရောင်းအဝယ် ပြုလုပ်ကြသဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်လုံးမှာ အလွန်ရှားပါးသော ပစ္စည်းဖြစ်သည်။
သူတော်စင်ကျန့်ရှင်း မျက်ခုံးပင့်လိုက်မိသည်။ ထိုစားပွဲထိုးလေး၏ အမူအရာမှာ သဘာဝကျလှပြီး မည်သည့် တောင့်တင်းမှုမျှ မရှိပေ။ သာမန်မျက်စိဖြင့် ကြည့်လျှင် သက်ရှိလူသားနှင့် မခြားပေ။
သူမသည် နတ်ဘုရားအာရုံဖြင့် ဝန်ထမ်းကို သေချာစွာ စစ်ဆေးကြည့်သောအခါ သူ၏ ဒျန်ထျန်း နှင့် အသိစိတ်ပင်လယ်တို့တွင် ကူကောင်တစ်ကောင်စီ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအကောင်နှစ်ကောင်မှာ အဖိုနှင့် အမဖြစ်ပြီး တစ်ကောင်က လှုပ်ရှားမှုကို ထိန်းချုပ်ကာ အခြားတစ်ကောင်က အတွေးအခေါ်ကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်မြင့်မားသော အလောင်းကောင် ထိန်းချုပ်နည်းပင် ဖြစ်သည်။
၎င်းမှာ ကူမျိုးနွယ်စုများ၏ သီးသန့် အလောင်းကောင် ထိန်းချုပ်နည်း ဖြစ်သည်။
သူမ သိထားသလောက်ဆိုလျှင် ဤနေရာတွင် စောင့်ကြပ်ရန် ခန့်အပ်ထားသော တပည့်မှာလည်း ကူမျိုးနွယ်စုဝင်တစ်ယောက်ဖြစ်သည်။
သူမသည် ထိုတွေ့ရှိချက်ကို စိတ်ထဲတွင်သာ မှတ်ထားပြီး ကျန်းလီနှင့် စားပွဲထိုးလေးတို့ စကားပြောနေသည်ကို ငြိမ်၍ ကြည့်နေလိုက်သည်။
"ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဒီနေရာကို အရမ်းလှတဲ့ နတ်သမီးတစ်ပါး ဖြတ်သွားတာမျိုး ရှိလား"
ဝန်ထမ်းက စဉ်းစားစရာမလိုဘဲ ဖြေလိုက်သည် - "ရှိတာပေါ့။ လွန်ခဲ့တဲ့ နှစ်နှစ်... မဟုတ်ပါဘူး၊ သုံးနှစ်လောက်က ပန်းချီကားထဲက ထွက်လာသလို လှတဲ့ နတ်သမီးတစ်ပါး ဒီကို ရောက်လာဖူးတယ်။ လူတွေဆိုတာ ထမင်းတောင် မစားနိုင်ဘဲ အပြင်ထွက်ကြည့်ကြတာ။ ဒါပေမဲ့ နတ်သမီးက ကျွန်တော်တို့ကို တစ်ချက်တောင် လှည့်မကြည့်ဘူး၊ ခြေဗလာနဲ့ပဲ တည့်တည့်လျှောက်သွားတာ။ အချို့လူတွေက နောက်က လိုက်ချင်ကြပေမဲ့ 'နတ်သမီးယွမ်' က တားလိုက်လို့ပါ"
"နတ်သမီးယွမ် ဆိုတာက..."
"ဒီမြို့ကို စောင့်ကြပ်ပေးတဲ့ နတ်သမီးယွမ်လင်ပါ"
"ဒါဆို ယွမ်လင်ကလည်း အဲ့ဒီအလှလေးကို မြင်တာပေါ့။ သူမက ဘယ်လိုတုံ့ပြန်လဲ၊ စွဲလန်းသွားတဲ့ ပုံစံမျိုး ရှိလား၊ ဒါမှမဟုတ် သူမကို ဖမ်းဆီးဖို့ ကြိုးစားသေးလား"
စားပွဲထိုးလေးမှာ လန့်သွားပြီး အသံနှိမ့်ကာ ပြောလိုက်သည် - "ဧည့်သည်တော်... အဲ့ဒီလို မပြောပါနဲ့။ နတ်သမီးယွမ်က အဲ့ဒီလို အရှက်မရှိတဲ့သူ မဟုတ်ပါဘူး။ သူမက ပုံမှန်အတိုင်းပဲ 'လှလိုက်တာ' လို့ပဲ အသာလေး ချီးကျူးလိုက်တာပါ"
သူတော်စင်ကျန့်ရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ယွမ်လင် ဂျူနီယာညီမလေးက ကူမျိုးနွယ်စုဝင် ဖြစ်သော်လည်း ဟုန်ချန်းဘိုးဘေး၏ မျိုးဆက် မဟုတ်ပေ။ သူမက ဘာကြောင့် ဘိုးဘေးရဲ့ ဆွဲဆောင်မှုဒဏ်ကို မခံရတာလဲ?
ထူးဆန်းလှချည်လား။
ကျန်းလီက ပြဿနာကို သတိမထားမိသကဲ့သို့ပင် စားပွဲထိုးလေးနှင့် စကားစမြည် ဆက်ပြောနေသည်။ ဥပမာ - ဒီနှစ် အထွက်နှုန်း ဘယ်လိုလဲ၊ ယွမ်လင်က အခု ဘယ်မှာလဲ၊ ဟုန်ချန်းသန့်စင်မြေက ဝိညာဉ်ဆန်တွေကို ဘယ်လောက်နဲ့ ဝယ်လဲ၊ ခေါင်းပုံဖြတ်တာမျိုး ရှိလား စသည်ဖြင့် မေးမြန်းနေသည်။
စားပွဲထိုးလေးက ထိုသူနှစ်ဦးကို ဟုန်ချန်းသန့်စင်မြေမှ စစ်ဆေးရန် လာသူများဟု ထင်မှတ်ကာ အကုန်အစင် ဖြေကြားလိုက်သည်။
နောက်ဆုံးတွင် ကျန်းလီက ပြုံးလျက် မေးလိုက်သည် - "မင်း ကိုယ့်ကိုယ်ကိုယ် သေနေပြီဆိုတာ သိလား"
စားပွဲထိုးလေးမှာ ကြောင်သွားပြီး - "ဧည့်သည်တော်... ဘာတွေ ပြောနေတာလဲ"
"ဟားဟား... နောက်တာပါ၊ နောက်တာပါ" ကျန်းလီက ရယ်မောလိုက်ပြီး ဘာမှနားမလည် ဖြစ်နေသော စားပွဲထိုးလေးကို အလုပ်ပြန်လုပ်ခိုင်းလိုက်သည်။
…..
"ဒါ ယွမ်လင် လက်ချက်လား"
"အလျင်စလို ဆုံးဖြတ်ချက် မချပါနဲ့ဦး။ မင်းလည်း ကြားတဲ့အတိုင်းပဲ၊ ယွမ်လင်က ဟုန်ချန်းနတ်သမီးရဲ့ ဆွဲဆောင်မှုဒဏ်ကို မခံရဘူး။ ဒီကိစ္စက မင်းမြင်ရတာထက် ပိုနက်နဲတယ်"
"ယွမ်လင်က ရွှေအမြုတေအဆင့်ပဲ ရှိတာလေ။ ဒီလောက်အထိ ကျွမ်းကျင်တဲ့ ကူကောင်တွေကို မွေးမြူပြီး လူတွေက ကိုယ့်ကိုယ်ကိုယ် သေမှန်းတောင် မသိအောင် လုပ်ဖို့ဆိုတာ ရွှေအမြုတေအဆင့်က မလုပ်နိုင်ဘူး။ ပြီးတော့ ကူအတတ်ကို ကူမျိုးနွယ်စုတွေပဲ သုံးနိုင်တာ မဟုတ်ဘူးလေ"
ကျန်းလီသည် လောကအတွေ့အကြုံ များသူဖြစ်ရာ တောင်ပေါ်တွင်သာ အနေများသော သူတော်စင်ကျန့်ရှင်းထက် ပိုပြီးမြော်မြင်နိုင်သည်။
ဝမ်းနည်းစရာမှာ ကူမျိုးနွယ်စုမှာ အင်အားနည်းပါးပြီး လူသူမရှိသောနေရာတွင် ပုန်းအောင်းနေထိုင်ကြသဖြင့် ကျန်းလီပင် ကူအတတ်နှင့် ပတ်သက်၍ အများကြီး မသိပေ။
"ယွမ်လင်က ဒီမှာ မရှိဘူး၊ ဘယ်ရောက်သွားလဲ မသိဘူး"
"လာ... ရှဟယ်မြို့ကို သွားရအောင်။ ငါ့အာရုံအရ ရှဟယ်မြို့မှာ ရွှေအမြုတေအဆင့်ရှိတဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ယောက် ရှိနေတယ်။ မင်းတို့လူ ဖြစ်ရမယ်" ကျန်းလီက နတ်ဘုရားအာရုံဖြင့် ထပ်မံ စစ်ဆေးကြည့်သော်လည်း ရှန်းဟယ်မြို့တွင် ရွှေအမြုတေအဆင့် အရှိန်အဝါကို မတွေ့ရပေ။
.....
တုရှင်းအာသည် ဈေးပေါသော ဝိညာဉ်စုစည်းအစီအရင်ထဲတွင် ထိုင်ကာ ကြိုးစား ကျင့်ကြံနေသည်။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဘာဖြစ်သွားသည် မသိရဘဲ သူမ၏ဝိညာဉ်စွမ်းအားမှာ အတက်အကျ မရှိတော့ပေ။ သူမ၏ခန္ဓာကိုယ်မှာ ပေါက်ပြဲနေသော ပုံးတစ်လုံးကဲ့သို့ ဝိညာဉ်စွမ်းအားများ ဝင်လာသမျှ ပြန်ထွက်သွားနေသည်ဟု သူမ ခံစားနေရသည်။
"ငါက ကျင့်ကြံဖို့ မထိုက်တန်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ နေရတာက ငါနဲ့ အသင့်တော်ဆုံးပဲ" တုရှင်းအာက မိမိကိုယ်မိမိ လှောင်ပြောင်လိုက်သည်။ သူမသည် ရှဟယ်မြို့သို့ လာရန် ရွေးချယ်ခဲ့သည်မှာ မှန်ကန်သည်ဟု ယူဆထားသည် - "ငါ့လိုလူမျိုးက ဂိုဏ်းမှာ နေလည်း ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်မှာ၊ အပြင်ထွက်နေတာကမှ ပိုကောင်းသေးတယ်"
"ဘယ်သူက မင်းကို ဝန်ထုပ်ဝန်ပိုးလို့ ပြောတာလဲ" တုရှင်းအာ၏နားထဲတွင် သာယာသောအသံတစ်သံ ကြားလိုက်ရသည်။ သူမ ကြည့်လိုက်သောအခါ သူမရှေ့တွင် သူတော်စင်ကျန့်ရှင်းနှင့် အလွန်ချောမောသော အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
သို့သော် ဘာကြောင့် မသိရဘဲ သူတော်စင်မ၏မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေလေသည်။
သူတော်စင်ကျန့်ရှင်း ဘာကြောင့် ဝမ်းမနည်းဘဲ နေပါ့မလဲ။ ယွမ်လင်ကို သူမ သိပ်ပြီး အမှတ်မရသော်လည်း၊ တုရှင်းအာကိုမူ သူမ ကောင်းကောင်း မှတ်မိသည်။
ရွှေအမြုတေအဆင့်ရှိသော ဂျူနီယာညီမလေးများမှာ သူမကို မြင့်မြတ်သော သူတော်စင်မဟု သတ်မှတ်ကာ အနားမကပ်ဝံ့ကြပေ။ ရွှေအမြုတေအဆင့်များထဲတွင် တုရှင်းအာတစ်ယောက်သာ သူမထံသို့ မကြာခဏ လာရောက်ကာ ကျင့်ကြံခြင်းဆိုင်ရာ အသိပညာများကို မေးမြန်းဝံ့သူ ဖြစ်သည်။
သို့သော် နှစ်အနည်းငယ်အတွင်း ပြန်တွေ့ရသောအခါတွင်မူ သေခြင်းနှင့် ရှင်ခြင်း ခြားနားသွားခဲ့ပြီ ဖြစ်သည်။
သူတော်စင်ကျန့်ရှင်း၏မျက်လုံးထဲတွင် တုရှင်းအာသည်လည်း လှုပ်ရှားနေသော အလောင်းကောင် တစ်ခုသာ ဖြစ်သည်။
"မင်းကို ဒီလို ဖြစ်သွားစေတာ အစ်မရဲ့ အမှားပါ... အစ်မ တာဝန်မကျေခဲ့ဘူး..."
သူတော်စင်ကျန့်ရှင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုရှင်းအာကို ဖက်ပြီး ငိုကြွေးလိုက်တော့သည်။
တုရှင်းအာမှာ ဘာဖြစ်နေမှန်း မသိသဖြင့် ထိုင်နေသည့်ပုံစံအတိုင်းပင် သူတော်စင်ကျန့်ရှင်း၏ကျောပြင်ကို အသာအယာ ပုတ်ပေးကာ နှစ်သိမ့်ပေးနေရရှာသည်။