တာဝန်ကို စွန့်လွှတ်ခြင်းနှင့် တာဝန်သစ်
Vol. 2 Ch. 27
ယခင်က ကျိုကျိုးတိုက်ကြီးတွင် ပြန့်နှံ့နေသော မြေပုံများမှာ အလွန်ပင် စုတ်ပြတ်လွန်းလှပြီး အမှားအယွင်းများလည်း ပြည့်နှက်နေသည်။ လူများသည် ထိုမြေပုံများကို အားကိုးကာ ကျိုကျိုးတိုက်ကြီးကို ဖြတ်ကျော်ရာတွင် သေတွင်းထဲသို့ မှားဝင်ခြင်း၊ လမ်းပျောက်ခြင်းတို့ဖြင့် သေဘေးနှင့် ရင်ဆိုင်ကြရသည်မှာ အကြိမ်ကြိမ်ပင်။ ထို့ကြောင့် ကျင့်ကြံသူများသည် ကျိုကျိုးတွင် ခရီးသွားလာရာ၌ မြေပုံထက် မိမိ၏ ကျင့်ကြံမှုအဆင့်ကိုသာ ပို၍ အားကိုးကြရသည်။
ကျန်းလီသည် လူသားဧကရာဇ် ဖြစ်လာပြီး နှစ်ပေါင်းတစ်ရာအကြာတွင် ကျိုကျိုးမြေပုံကို အသစ်ပြန်လည်ရေးဆွဲရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းမှာ အများအကျိုးအတွက် ကောင်းမွန်သော ကိစ္စဖြစ်သော်လည်း ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ ဟန့်တားခြင်းကို ခံခဲ့ရသည်။
အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏လက်ထဲတွင် အလွန်အသေးစိတ်သော ကျိုကျိုးမြေပုံများ ရှိနေပြီး၊ ၎င်းတို့ကို အပိုင်းအစများခွဲကာ ကျင့်ကြံသူများထံ အဖိုးတန်ဈေးနှုန်းဖြင့် ရောင်းချနေသောကြောင့်ဖြစ်သည်။
ယခင်ကလည်း အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးအချို့သည် မြေပုံကို အသစ်ပြန်ဆွဲရန် ကြိုးစားခဲ့ဖူးသော်လည်း ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ တားဆီးမှုကို ခံခဲ့ရသည်။
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်သည် ဂိုဏ်းကြီး (၆) ဂိုဏ်းထဲတွင် မပါဝင်သော်လည်း လျှို့ဝှက်ချက်များစွာကို လက်ဝယ်ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ကျင့်ကြံသူအများစုမှာ သူတို့ကို အလွန်ကြောက်ရွံ့ကြသည်။ အကယ်၍ ၎င်းတို့ကို သွားရောက်ရန်စမိပါက သူတို့သည် သင်၏ ကျင့်ကြံမှုဆိုင်ရာ လျှို့ဝှက်ချက်များကို ဖြန့်ဝေလိုက်နိုင်ပြီး၊ ထိုအခါ ရန်သူများက သင်၏ အားနည်းချက်ကို ရှာတွေ့သွားကာ သေဘေးနှင့် ရင်ဆိုင်ရနိုင်သောကြောင့်ဖြစ်သည်။
သို့သော် ကျန်းလီမှာမူ ထိုအရာများကို ဂရုမစိုက်ပေ။ ထိုစဉ်က သူသည် မဟာယာနအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျိုကျိုးတွင် ပြိုင်ဘက်မရှိ ဖြစ်နေသည်။ မည်သည့်ရန်သူကများ သူ့ကို လာရောက်ရန်စဝံ့မှာလဲ။ သူ လာမရှာသည်ကိုပင် "လူသားဧကရာဇ်ရဲ့ ကျေးဇူးတော်" ဟု ဆိုကာ ဆီမီးပူဇော်ရမည့် အခြေအနေ ဖြစ်သည်။
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်သည် ကျန်းလီကို ခြိမ်းခြောက်နိုင်မည့် နည်းလမ်းမရှိသဖြင့် နှာခေါင်းရှုံ့ကာ ကျန်းလီ မြေပုံပြန်ဆွဲသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
ကျန်းလီသည် ဧကရာဇ်နိုင်ငံကြီး (၉) ခု၊ ဂိုဏ်းကြီး (၆) ဂိုဏ်းနှင့် ပင်လယ်လေးစင်းမှ နဂါးဘုရင်များအပြင် အခြားသော အဓိကဂိုဏ်းများကိုပါ ခေါ်ယူကာ မြေပုံကိစ္စကို ဆွေးနွေးခဲ့သည်။ မြေပုံ၏ တိကျမှုစံနှုန်းများကို သတ်မှတ်ပေးပြီး တစ်ဦးချင်းစီအား မိမိတို့၏ နယ်မြေအတွင်းရှိ မြေပုံများကို တာဝန်ယူ ရေးဆွဲခိုင်းခဲ့သည်။ ကျန်ရှိသော ကွက်လပ်များကိုမူ လူသားဧကရာဇ်နန်းဆောင်က ဖြည့်စွက်ပေးခဲ့သည်။
နောက်ဆုံးတွင် ကျန်းလီ၏ စီမံခန့်ခွဲမှုအောက်၌ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ မြေပုံထက် ဆယ်ဆမက ပိုမိုအသေးစိတ်သော ကျိုကျိုးမြေပုံကြီး ထွက်ပေါ်လာခဲ့သည်။
ကျန်းလီသည်လည်း ကပ်စေးမနည်းဘဲ လူသားဧကရာဇ်နန်းဆောင်မှတစ်ဆင့် ထိုမြေပုံများကို ကျောက်စိမ်းပြားများအတွင်း ထည့်သွင်းကာ ရင်းနှီးစရိတ်ထက် အနည်းငယ်သာ ပိုသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထိုအချိန်မှစ၍ လူများသည် ခရီးသွားရာတွင် မြေပုံအမှားများအတွက် စိုးရိမ်စရာ မလိုတော့ပေ။
ထိုကိစ္စပြီးနောက် တာအိုဂိုဏ်းသားများက ကျန်းလီအား ဤလုပ်ရပ်မှာ မဟာကုသိုလ်တော်ဖြစ်သဖြင့် ကုသိုလ်တော်၏ ကောင်းချီးကို ရရှိသင့်သည်ဟု ဆိုကြသည်။ သို့သော် ကျန်းလီမှာမူ မည်သည့် ကုသိုလ်စွမ်းအားမှ ရရှိခြင်း မရှိခဲ့ပေ။ ၎င်းမှာ အလွန်ထူးဆန်းလှသည်။
ထို့ပြင် အစဉ်အဆက်သော လူသားဧကရာဇ်များ ကျိုကျိုးတိုက်ကြီးကို ကာကွယ်စောင့်ရှောက်ခြင်းမှာလည်း မဟာကုသိုလ်ဖြစ်သော်လည်း ကုသိုလ်တော်၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။
တာအိုဂိုဏ်းက ခန့်မှန်းသည်မှာ ကုသိုလ်တော်စွမ်းအားများသည် နတ်ဘုရားဘုံမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ နတ်ဘုရားဘုံသို့ တက်လှမ်းသည့် လှေကား ကျိုးပျက်သွားပြီးနောက် ကျိုကျိုးသည် နတ်ဘုရားဘုံနှင့် အဆက်အသွယ် ပြတ်တောက်သွားသဖြင့် ကုသိုလ်တော်များမှာ လူ့လောကသို့ ဆင်းမလာတော့ခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ကျန်းလီသာ နောင်တစ်ချိန်တွင် နတ်ဘုရားဘုံသို့ တက်လှမ်းနိုင်ခဲ့ပါက ပင်လယ်လှိုင်းလုံးများကဲ့သို့ များပြားလှသော ကုသိုလ်တော်များ၏ ကောင်းချီးပေးမှုကို ခံရပေလိမ့်မည်။
[တာဝန်သစ် ထုတ်ပြန်ခြင်း - ငါးနှစ်တစ်ကြိမ် ကျင်းပသော ထျန်းချင်းနယ်သိုင်းပြိုင်ပွဲ မကြာမီ စတင်တော့မည်။ သင်သည် 'ဟွာယွမ်ဂိုဏ်း' ကို ကိုယ်စားပြု၍ ဤပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်။ သင့်အား အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် အုပ်စုတွင် သတ်မှတ်ထားသည်။ ဟွာယွမ်ဂိုဏ်းသည် အရင်ပြိုင်ပွဲများတွင် နောက်ဆုံးကသာ ရလေ့ရှိသဖြင့် အခြားဂိုဏ်းများ၏ လှောင်ပြောင်ခြင်းကို ခံနေရသည်။ ကျေးဇူးပြု၍ ဤပြိုင်ပွဲတွင် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် အုပ်စု၌ ပထမဆုကို ရယူပါ။]
[ဤတာဝန်ကို စွန့်လွှတ်နိုင်သည်။]
[တာဝန်အောင်မြင်ပါက ဆုလာဘ် - ကြိုက်နှစ်သက်ရာ ကျင့်စဉ်စာအုပ်အစုတ်တစ်အုပ်အား ပြည့်စုံအောင် ဖြည့်စွက်နိုင်မည့် အခွင့်အရေး၊ နဂါးကျား ရွှေအမြုတေဆေးလုံး တစ်လုံး၊ ကိုယ်စားသေ အဆောင်မန္တာန်တစ်ရွက်။]
ကျန်းလီသည် ဤတစ်ကြိမ် တာဝန်ဆုလာဘ်မှာလည်း အလွန်ပင် ကောင်းမွန်လှသည်ကို တွေ့လိုက်ရသည်။ ကျင့်စဉ်အစုတ်ကို ဖြည့်စွက်ပေးမည့် အခွင့်အရေးကို ထားလိုက်ဦး၊ နဂါးကျား ရွှေအမြုတေဆေးလုံး ဆိုသည်မှာ မည်သည့်ကျင့်ကြံသူကိုမဆို ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခြေ (၈၀) ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သဖြင့် ကြောက်စရာကောင်းလှသည်။
ထို့ပြင် ကိုယ်စားသေ အဆောင်မန္တာန်မှာလည်း လောကအနှံ့ လှည့်လည်သွားလာရာတွင် သူတစ်ပါး၏ လုပ်ကြံမှုကို မခံရစေရန် အာမခံချက်ပေးနိုင်သည်။ ဤအဆောင်မန္တာန် ရှိနေခြင်းမှာ အသက်တစ်ချောင်း ပိုလာသည်နှင့် အတူတူပင်။ ၎င်း၏ တန်ဖိုးကို ပြောရလျှင် လေလံပွဲများတွင် ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူများပင် မိမိပိုင်ဆိုင်မှု တစ်ဝက်ခန့်ကို ပုံအောကာ ဝယ်ယူလိုကြသည့် ကောင်းကင်အထိ မြင့်မားသော ဈေးနှုန်း ရှိလေသည်။
ထူးခြားသည်မှာ ဤအဆောင်မန္တာန်ကို ရွှေအမြုတေအဆင့်အောက်ရှိ ကျင့်ကြံသူများသာ သုံးစွဲနိုင်သည်။
ဆုလာဘ်များမှာ အလွန်ကောင်းမွန်လှသဖြင့်... ကျန်းလီသည် ဤတာဝန်ကို စွန့်လွှတ်ရန် ရွေးချယ်လိုက်သည်။
"ဒီတာဝန်ကို စွန့်လွှတ်မယ်"
[ဤတာဝန်ကို တကယ်ပဲ စွန့်လွှတ်မှာလား။]
"ဟုတ်တယ်"
[ဟို့စ် အမှားအယွင်း မဖြစ်စေဖို့အတွက် စနစ်က နောက်တစ်ကြိမ် ထပ်မံ အတည်ပြုပါရစေ။ တကယ်ပဲ စွန့်လွှတ်မှာလား။]
"ဟုတ်ပါတယ်"
[တကယ်ပဲ စွန့်...]
"ဟုတ်တယ်လို့။"
ကျန်းလီသည် ဤလက်တုံ့ပြန်ခြင်းစနစ်ကို သူ့ယခင်ဘဝက ဖျက်ရခက်လှသောဆော့ဖ်ဝဲလ်များနှင့် အလွန်တူသည်ဟု ခံစားလိုက်ရသည်။
[တာဝန်ကို အောင်မြင်စွာ စွန့်လွှတ်ပြီးပါပြီ။]
စနစ်က ထိုစကားပြောပြီးနောက် ငြိမ်သက်သွားသည်။
ကျန်းလီ မျက်တောင်ခတ်ရင်း အချိန်အတော်ကြာအောင် စောင့်နေသော်လည်း တာဝန်သစ် ပေါ်မလာပေ။
"စနစ်... တာဝန်သစ်ကော"
[ကျေးဇူးပြု၍ ဟို့စ် စိတ်ရှည်စွာ စောင့်ဆိုင်းပေးပါ။]
ကျန်းလီ ဆွံ့အသွားသည်။ တာဝန်ကို စွန့်လွှတ်လိုက်လျှင် နောက်တစ်ဆင့်ကို တိုက်ရိုက် မသွားနိုင်ဘူးပေါ့လေ။
"ဟေး... ဟေး... ကျန်းလီ ရှိလား။ ခုနက ငါ အရမ်းဝမ်းသာသွားလို့ မင်းကို ပြောဖို့ မေ့နေတဲ့ ကိစ္စတစ်ခု ရှိတယ်"
အဝေးရောက် ဆက်သွယ်ရေး အဆောင်စာရွက် မြည်လာသည်။ ကျန်းလီ ဆက်သွယ်မှုကို မလက်ခံရသေးခင်မှာပင် တစ်ဖက်လူက ပုံရိပ်ယောင်ကို တိုက်ရိုက် ပြသလိုက်သည်။
တာအိုဂိုဏ်းချုပ်၏ပုံရိပ်မှာ ကျန်းလီရှေ့တွင် ပေါ်လာသည်။ ဤလူယုတ်မာသည် သူကိုယ်တိုင် အဆောင်မန္တာန်ကို ထုတ်လုပ်သူဖြစ်ကြောင်း အခွင့်ကောင်းယူကာ ကျန်းလီ၏ အဆောင်မန္တာန်ကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြန်ပြီမှန်း ကျန်းလီ သိလိုက်သည်။
"ဘာကိစ္စလဲ" ကျန်းလီက ယဉ်ကျေးစွာ မေးလိုက်သည်။
"မင်းက တာအိုဂိုဏ်းရဲ့ လှည့်လည်သူလေ၊ ဂိုဏ်းချုပ်ကို ဘယ်လို စကားပြောနေတာလဲ" တာအိုဂိုဏ်းချုပ်က ဟန်ဆောင်ကာ စိတ်ဆိုးပြပြီး၊ ကျန်းလီ ဒေါသထွက်တော့မည်ကို မြင်သောအခါမှ စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။
"ယင်ယန်ကောင်းကင်စည်းတံဆိပ်က နောက်ထပ် တစ်ဆင့်တက်ဖို့အတွက် ပြန်လည်သန့်စင်တော့မယ်။ ငါ့ရဲ့ ခန့်မှန်းချက်အရ နောက်ထပ် တစ်နှစ်မပြည့်ခင် အချိန်အတွင်းမှာ ဖြစ်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါတို့ တာအိုဂိုဏ်းက နတ်ဘုရားလက်နက် ဖူးမြော်ပွဲ ကျင်းပမှာမို့လို့၊ ငါ့မျက်နှာကို ထောက်ပြီး မင်းတို့ လူသားဧကရာဇ်က လာပြီး အားပေးပါဦး"
အရေးကြီးသော ကိစ္စဖြစ်သဖြင့် ကျန်းလီလည်း သဘောထားပြောင်းသွားကာ လာခဲ့မည်ဖြစ်ကြောင်း ပြန်ဖြေလိုက်သည်။
"ဒါဆိုရင် ချိန်းပြီးပြီနော်။ အချိန်ကျရင် မင်းအတွက် အထူး ဖိတ်စာပို့ပေးမယ်၊ အထူးတန်းနေရာမှာ ထိုင်ခိုင်းမယ်"
တာအိုဂိုဏ်းချုပ်သည် ကျေနပ်စွာဖြင့် အဆောင်မန္တာန်ကို ပိတ်လိုက်သည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် နောက်ထပ်တစ်ဆင့် တက်လှမ်းတော့မည်။
ဤကိစ္စမှာ အလွန်ပင် ကြီးမားလှသဖြင့် တာအိုဂိုဏ်းသည် တစ်နှစ်ပတ်လုံး ကြိုတင်ပြင်ဆင်ရပေလိမ့်မည်။ ကျန်းလီသည် ဤသတင်းကို ပထမဆုံး သိရှိသူ ဖြစ်ပေလိမ့်မည်။
အချို့က တာအိုဂိုဏ်း၏ ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် ကျိုကျိုးတိုက်ကြီး၏ နံပါတ်တစ် ရတနာဖြစ်သည်ဟု ဆိုကြသည်။ ထိုစကားမှာ အပိုအလို မရှိပေ။ ကျန်းလီကိုယ်တိုင်လည်း ထိုတံဆိပ်မှာ ဤဘွဲ့အမည်နှင့် ထိုက်တန်သည်ဟု ယူဆထားသည်။
တာအိုဂိုဏ်း၏ တည်ထောင်သူဘိုးဘေးကို တာအိုဘိုးဘေးဟု ခေါ်ဆိုကြသည်။ ဤဘွဲ့အမည်မှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။ ၎င်းမှာ နတ်ဘုရားဘုံမှ ပုဂ္ဂိုလ်ကြီး၏ ဘွဲ့အမည်နှင့် ထပ်တူကျနေသဖြင့် ကောင်းကင်၏ ပြစ်ဒဏ်ခတ်မှုကို ခံရသင့်သော်လည်း တာအိုဘိုးဘေးမှာ ဘေးကင်းခဲ့သည်။ ထို့ကြောင့် လူအချို့က တာအိုဂိုဏ်း တည်ထောင်သူမှာ စစ်မှန်သော တာအိုဘိုးဘေး၏ လူဝင်စား ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို ထိုတာအိုဘိုးဘေး ကိုယ်တိုင် သန့်စင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သန့်စင်ပြီးကတည်းက နတ်ဘုရားလက်နက်ဖြစ်ပြီး အစွမ်းမှာ အနန္တ ဖြစ်သည်။
တာအိုဘိုးဘေး နတ်ဘုရားဘုံသို့ တက်လှမ်းသွားပြီးနောက် ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို ကျိုကျိုးတွင် ချန်ထားရစ်ခဲ့ကာ ဂိုဏ်း၏ ရတနာအဖြစ် ဂိုဏ်း၏ ကံကြမ္မာကို စောင့်ရှောက်စေခဲ့သည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ်၏ ထူးခြားချက်မှာ ၎င်းသည် မိမိကိုယ်ကိုယ် ပြန်လည်သန့်စင်နိုင်ခြင်း ဖြစ်သည်။ တစ်ဆင့်တက်တိုင်း ၎င်း၏အစွမ်းမှာ တစ်ဆင့် မြင့်တက်လာလေ့ရှိသည်။
နောက်ဆုံးအကြိမ် သူ့ကိုယ်သူ ပြန်လည်သန့်စင်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ဖြစ်သည်။ ထိုစဉ်က ကျိုကျိုးရှိ အရေးပါသော ပုဂ္ဂိုလ်အားလုံးနီးပါး တက်ရောက်ခဲ့ကြပြီး အလွန်ပင် စည်ကားခဲ့သည်။
နှစ်ပေါင်း သုံးထောင်အကြာတွင် ရရှိမည့် ဤအခွင့်အရေးကို ကျန်းလီကဲ့သို့သောသူက မည်သို့ လက်လွတ်ခံပါ့မလဲ။
...
ကျန်းလီသည် မဟာကျိုးအင်ပါယာမှ မထွက်ခွာသေးဘဲ ထိုနေရာမှာပင် တရားထိုင် ကျင့်ကြံကာ ယခင်က ကျော်ဖြတ်ခဲ့သော ကောင်းကင်အတိဒုက္ခ၏ ရလဒ်များကို ပြန်လည် စုစည်းနေခဲ့သည်။
နှစ်လ ကုန်လွန်သွားပြီးနောက် ကျန်းလီ တရားထိုင်ရာမှ နိုးထလာချိန်တွင် စနစ်မှာ ပြန်လည် လှုပ်ရှားလာခဲ့သည်။
[တာဝန်သစ် ထုတ်ပြန်ခြင်း - ရွှမ်မြောင် လျှို့ဝှက်နယ်မြေ မကြာမီ ပွင့်တော့မည်။ အရိုးသက်တမ်း ၂၅ နှစ်အောက်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသူများသာ ဝင်ရောက်နိုင်သည်။ ဟွာယွမ်ဂိုဏ်းတွင် ဝင်ခွင့်တစ်နေရာ ရှိပြီး၊ သင်သည် ယွမ်ပေါ်ကို အနိုင်ယူခဲ့သဖြင့် ထိုနေရာကို ရရှိခဲ့သည်။ သို့သော် အခြားဂိုဏ်းသားများက သင့်အား အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်သာ ရှိသည်ဟု ယူဆကာ အထင်သေး လှောင်ပြောင်နေကြသည်။ ကျေးဇူးပြု၍ ဤရွှမ်မြောင်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲတွင် ချန်ပီယံဆုကို ရယူပါ။]
[ဤတာဝန်ကို စွန့်လွှတ်နိုင်သည်။]
[တာဝန်အောင်မြင်ပါက ဆုလာဘ် - နေရာလွတ် ကူးပြောင်းခြင်း လုပ်ဆောင်ချက်ကို ဖွင့်လှစ်ခြင်း၊ ရင်းမြစ်အမှတ်ဖြင့် စာဖတ်ခြင်း လုပ်ဆောင်ချက်ကို ဖွင့်လှစ်ခြင်း၊ (၅၀၀) ကုဗမီတာ ကျယ်ဝန်းသော သိုလှောင်လက်စွပ် တစ်ကွင်း။]
ကျန်းလီ၏ ခန့်မှန်းချက်အရ နှစ်လအတွင်းမှာ သူသာ သာမန်ကျင့်ကြံသူဆိုလျှင် အခြေခံတည်ဆောက်ခြင်း အစောပိုင်းမှ အလယ်အလတ်သို့ ရောက်ရှိနေမည့် အချိန်ပင် ဖြစ်သည်။
သူသည် တာဝန်ဆုလာဘ်ကို မြင်သောအခါ ပြုံးလိုက်မိသည်။ 'နေရာလွတ် ကူးပြောင်းခြင်း' လုပ်ဆောင်ချက် တစ်ခုတည်းနှင့်တင် ဤတာဝန်ကို သူ စွန့်လွှတ်၍ မရနိုင်တော့ပေ။