[ကျေးဇူးပြု၍ ဟို့စ်မှ နတ်ဘုရားဘုံ၏ တည်နေရာပြ အမှတ်အသားကို ပေးအပ်ပါ]
Vol. 3 Ch. 38
သခင်မကြီး မုန့်ချွန်း နှင့် ကတိကဝတ်ပြုပြီးနောက် ကျန်းလီသည် ရွှမ်မြောင် လျှို့ဝှက်နယ်မြေမှ ပျံသန်းထွက်ခွာလာခဲ့သည်။ သူသည် နယ်မြေဝင်ပေါက်အနီးတွင် ကိုယ်ဖျောက်ကာ နားစွင့်နေစဉ် လူများစွာက သူတို့ကိုယ်တိုင် လူသားဧကရာဇ်၏လမ်းညွှန်မှုကို ရရှိခဲ့ကြောင်း ကြွားဝါနေကြသဖြင့် ဒုတိယအလွှာသို့ ဝင်ခွင့်မရခဲ့သူများမှာ မနာလိုလွန်း၍ မျက်လုံးများပင် နီမြန်းနေကြသည်။
ပထမအလွှာမှာတင် အလှအပတွေ၊ အာဏာစက်တွေနဲ့ ရတနာတွေအပေါ် မက်မောခဲ့ကြလို့ပေါ့။ အဲ့ဒီအရာတွေက လူသားဧကရာဇ်ရဲ့လမ်းညွှန်မှု တစ်ကြိမ်ရတာကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ ဒါဟာ တစ်သက်လုံး သုံးမကုန်တဲ့ ကံထူးမှုကြီး မဟုတ်လား။
သေချာတာတစ်ခုကတော့ ဒုတိယအလွှာထဲ ရောက်ခဲ့သူတွေဟာ သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းလို့ လူသားဧကရာဇ်ကို သွားရောက်စိန်ခေါ်ခဲ့ပြီး "လူဖြစ်အောင် အဆုံးမခံခဲ့ရတဲ့" ကိစ္စကိုတော့ ဘယ်သူမှ ထုတ်မပြောဘဲ နှုတ်ဆိတ်နေကြခြင်းပင်။
ဒီကိစ္စကို အပြင်ပြောဖို့ မကြောက်တာဆိုလို့ ချင်လွန့် နဲ့ စုန့်ယင်ပဲ ရှိတာမို့၊ ကျန်တဲ့သူတွေက အဲ့ဒီနှစ်ယောက်ကို ဘယ်လိုမျိုး လာဘ်ထိုးပြီး ပါးစပ်ပိတ်ရမလဲဆိုတာကိုပဲ တိုင်ပင်နေကြတော့သည်။
ချင်လွန့်ကတော့ သူတို့တွေ တမင်တကာ ရှောင်လွှဲနေကြတာကို မြင်ကတည်းက သူတို့ရဲ့အကြံကို ရိပ်မိပြီးသားမို့၊ ကျောင်းတံခါးဝမှာ ထိုင်ပြီး "နှုတ်ပိတ်ခ" လာပေးမှာကို စောင့်နေဖို့သာ ဆုံးဖြတ်လိုက်သည်။
ထူးခြားသည်မှာ ယွမ်ဝူရှင်းလည်း ရောက်လာခြင်းပင်။ သူသည် ယခုအခါ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဖြစ်ရာ ဂိုဏ်းအသီးသီးကြားတွင် အလယ်အလတ်အဆင့် အစွမ်းရှိသူတစ်ဦး ဖြစ်လာခဲ့သည်။
ကျန်းလီနှင့် ခွဲခွာခဲ့ပြီးနောက် သူသည် (၂) လကြာအောင် ကျင့်ကြံမှုများကို ပြန်လည်စုစည်းခဲ့သည်။ တရားထိုင်ရာမှ နိုးလာချိန်တွင် သူ၏ တစ်ဦးတည်းသော တပည့်ရင်း ချင်လွန့်သည် ရွှမ်မြောင်လျှို့ဝှက်နယ်မြေသို့ ရောက်နေကြောင်း ကြားသိရသဖြင့်၊ တခြားဂိုဏ်းတွေရဲ့ အနိုင်ကျင့်တာ ခံရမှာစိုးရိမ်ပြီး မျက်နှာပန်းလှအောင် အပြေးအလွှား လိုက်လာခဲ့ခြင်းဖြစ်သည်။
အမှန်တော့ ယွမ်ဝူရှင်းတစ်ယောက် အပိုတွေ စိတ်ပူနေခြင်းပင်။ ချင်လွန့်က လူတိုင်းရဲ့အားနည်းချက်ကို သိထားတာမို့ ဂိုဏ်းပေါင်းစုံက တပည့်တွေဟာ ချင်လွန့်ကို ဖားဖို့တောင် အချိန်မလောက်ဖြစ်နေတာ၊ ဘယ်သူက အနိုင်ကျင့်ဝံ့ပါ့မလဲ။
"ဆရာ။"
"ရှောင်လွန့်။"
"ဆရာ... ရှင့်ရဲ့အရှိန်အဝါတွေက ပိုတောင့်တင်းလာပြီပဲ။"
"ရှောင်လွန့်... မင်းလည်း အရပ်ရှည်လာတာပဲ။"
ဆရာတပည့်နှစ်ဦး ဆယ်နှစ်ကြာ ခွဲခွာခဲ့ရပြီးမှ ယခု ပြန်လည်ဆုံတွေ့ရခြင်းဖြစ်ရာ မြင်ကွင်းမှာ အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ချင်လွန့်တစ်ယောက် အိပ်မက်ထဲမှာ သူ့ဆရာကို စိတ်မိစ္ဆာအဖြစ် သတ်မှတ်ပြီး အသေအလဲ ထိုးကြိတ်ခဲ့တာကိုတော့ ဘယ်သူမှ ရိပ်မိမှာ မဟုတ်ပေ။
"ရှောင်လွန့်... ငါ မင်းကို ပြောရဦးမယ်၊ ငါ ချင်းမြို့မှာ လူသားဧကရာဇ်ကျန်းနဲ့ တွေ့ခဲ့တယ်။"
"ဆရာ... ကျွန်တော် ပြောစရာရှိတယ်၊ ကျွန်တော် လျှို့ဝှက်နယ်မြေထဲမှာ လူသားဧကရာဇ်ကျန်းနဲ့ တွေ့ခဲ့တယ်။"
ဆရာတပည့်နှစ်ဦးမှာ တွေ့တွေ့ချင်း အပြိုင်အဆိုင် ကြွားဝါကြပြီး စကားလုံးချင်းလည်း ထပ်နေသဖြင့် ခဏမျှ ကြောင်အသွားကြသည်။
"ငါက မင်းတို့နှစ်ယောက်နဲ့ တကယ်ပဲ ရေစက်ပါပုံရတယ်နော်"
ကျန်းလီ ကိုယ်ထင်ပြကာ ထိုဆရာတပည့်နှစ်ဦးကို နှုတ်ဆက်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လူများက ကျန်းလီကို မမြင်ကြသည်ကို တွေ့သောအခါ ကျန်းလီ အဆောင်တစ်ခုခု သုံးထားမှန်း ယွမ်ဝူရှင်း သိလိုက်သည်။
ကျန်းလီက ပြုံးလျက် ပြောသည် - "ငါ ဒီကိုလာတာက တခြားကိစ္စတော့ မဟုတ်ပါဘူး။ မင်းတို့ကို တစ်ခုပဲ အသိပေးချင်လို့ပါ။ ချင်လွန့်မှာလည်း လူသားဧကရာဇ်ဖြစ်လာဖို့ အခွင့်အရေးရှိသလို၊ ယွမ်ဝူရှင်း... မင်းမှာလည်း လူသားဧကရာဇ်ဖြစ်လာဖို့ အခွင့်အရေး ရှိပါတယ်"
ယွမ်ဝူရှင်း၏ပါရမီမှာ မဆိုးလှသော်လည်း စိတ်ဓာတ်ပိုင်းတွင် အားနည်းခဲ့သည်။ သို့သော် သူသည် ကျန်းလီနောက်သို့ လိုက်ပါရင်း ကျန်းယီရှင်း၏ မိစ္ဆာကျင့်စဉ်အမှုကို ဖြေရှင်းရာတွင် ပါဝင်ခဲ့သဖြင့် သူ၏ စိတ်ဓာတ်ပိုင်းမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး လူသားဧကရာဇ်လောင်းအဖြစ် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသွားခဲ့ပြီဖြစ်သည်။
"ကဲ... ဒါပါပဲ၊ ငါ သွားတော့မယ်"
ကျန်းလီက မီးမွှေးပေးပြီးသည်နှင့် ထွက်ခွာသွားရာ ထူးဆန်းသော လေထုထဲတွင် ဆရာတပည့်နှစ်ဦး ကျန်ရစ်ခဲ့တော့သည်။
"ဆရာ... တပည့်က အခုတလော ဉာဏ်အလင်းပွင့်တာတွေ ရှိနေလို့ အပြင်ထွက်ပြီး အတွေ့အကြုံ ယူချင်ပါတယ်။ ဒါပေမဲ့ ကျောင်းမှာ လူမရှိရင် မဖြစ်ဘူးလေ၊ ဆရာပဲ 'ချင်းဖုန်းကျောင်း' မှာ ထိုင်ပြီး စောင့်ရှောက်ပေးပါတော့"
"ရှောင်လွန့်... ဆရာက အခု ဝိညာဉ်သန္ဓေအဆင့် ပုဂ္ဂိုလ်ကြီး ဖြစ်နေပြီလေ။ ကျောင်းထဲမှာပဲ ဘယ်လိုအောင်းနေလို့ ဖြစ်မလဲ။ လောကအနှံ့ လှည့်လည်ပြီး အတွေ့အကြုံယူမှပဲ ထပ်ပြီး အဆင့်တက်နိုင်မှာပေါ့။ မင်းက ကျောင်းထဲမှာ တစ်ယောက်တည်း ဆယ်နှစ်နေလာတာဆိုတော့ သံယောဇဉ်လည်း ရှိမှာပဲ၊ မင်းပဲ ကျောင်းမှာ နေခဲ့တာက ပိုကောင်းပါတယ်"
"အသက် ၁၀ နှစ်သားလေးကို ကျောင်းထဲမှာ တစ်ယောက်တည်း ထားခဲ့ပြီးတော့ ဆယ်နှစ်လုံးလုံး ပစ်ထားခဲ့တဲ့ လူကများ ဒီလိုစကားမျိုး ပြောထွက်တယ်နော်။"
"ငါက ကျောင်းက ထွက်သွားတာ အဆင့်တက်ဖို့ နည်းလမ်းရှာတာလေ။ ငါသာ ဝိညာဉ်သန္ဓေအဆင့် မဖြစ်ခဲ့ရင် ဘယ်သူက မင်းကို စောင့်ရှောက်ပေးမှာလဲ။"
ရက်အနည်းငယ်အကြာတွင် စုန့်ယင်သည် ဝမ်းသာအားရဖြင့် ချင်းဖုန်းကျောင်းသို့ ပြေးလာသော်လည်း တံခါးမှာ ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ တံခါးတွင် စာတစ်စောင် ကပ်ထားပြီး ၎င်းမှာ -
"ဆရာတပည့်နှစ်ဦး ကျိုကျိုးအနှံ့ လှည့်လည်သွားလာနေသဖြင့် မည်သည့်အချိန်တွင် ပြန်လာမည်ကို မသိရသေးပါ" ဟူ၍ ဖြစ်သည်။
စုန့်ယင်သည်လည်း သူမ၏ဆရာကို နှုတ်ဆက်ကာ ချင်လွန့်၏ခြေရာအတိုင်း လိုက်လံရှာဖွေရန် ထွက်ခွာခဲ့တော့သည်။
...
"တာဝန်ဆုလာဘ်တွေ ထုတ်ယူမယ်"
ကျန်းလီသည် လောကဒဏ်ကို အမျိုးမျိုး ကြုံတွေ့ခဲ့သူ ဖြစ်သော်လည်း၊ နတ်ဘုရားဘုံသို့ မကြာမီ သွားရတော့မည်ဟု တွေးမိသည်နှင့် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
သူသည် ဤအသုံးမကျသော လက်တုံ့ပြန်ခြင်းစနစ် ကို သုံးခဲ့ရခြင်း၏ မူလရည်ရွယ်ချက်မှာလည်း 'နေရာလွတ် ကူးပြောင်းခြင်း' လုပ်ဆောင်ချက်ကို သုံးပြီး နတ်ဘုရားဘုံသို့ သွားရန် မဟုတ်လား။
[ကျေးဇူးပြု၍ (၅၀၀) ကုဗမီတာ ကျယ်ဝန်းသော သိုလှောင်လက်စွပ်ကို လက်ခံပါ။]
သိုလှောင်လက်စွပ်အတွင်း၌ အခြားသော သိုလှောင်လက်စွပ်ကို ထည့်၍ မရသဖြင့်၊ ကျန်းလီသည် စနစ်ပေးသော ပိစိညောင့်တောင့် ပမာဏရှိသည့် ထိုလက်စွပ်ကို အင်္ကျီရင်ဘတ်ထဲသို့သာ ထည့်သိမ်းထားလိုက်သည်။
['ရင်းမြစ်အမှတ်ဖြင့် စာဖတ်ခြင်း' လုပ်ဆောင်ချက် ပွင့်သွားပါပြီ။ ဟို့စ်သည် ရင်းမြစ်အမှတ်များကို အသုံးပြု၍ စာအုပ်၏ မျက်နှာဖုံးကို ထိတွေ့ရုံဖြင့် စာအုပ်အတွင်းရှိ အကြောင်းအရာ အားလုံးကို မှတ်မိနိုင်မည် ဖြစ်သည်။ အသုံးပြုရမည့် ရင်းမြစ်အမှတ်မှာ စာအုပ်ပါ အကြောင်းအရာ၏ ခက်ခဲနက်နဲမှုအပေါ် မူတည်ပါသည်။]
ကျန်းလီ ခဏစဉ်းစားကြည့်သည် - ဒီလုပ်ဆောင်ချက်က နည်းနည်းတော့ အသုံးဝင်ပုံရတယ်။ လုံးဝအမှိုက်ကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါ သုံးရမယ့်အချိန်ကတော့ များမှာမဟုတ်ဘူး။
['နေရာလွတ် ကူးပြောင်းခြင်း' လုပ်ဆောင်ချက် ပွင့်သွားပါပြီ။ ဟို့စ်အနေဖြင့်...]
"ငါ့ကို နတ်ဘုရားဘုံကို ပို့ပေးစမ်း။" ကျန်းလီက သူပြောချင်နေသည်မှာ ကြာပြီဖြစ်သော စကားကို အော်ဟစ်လိုက်သည်။
[ကျေးဇူးပြု၍ ဟို့စ်မှ နတ်ဘုရားဘုံ၏ တည်နေရာပြ အမှတ်အသားကို ပေးအပ်ပါ]
"...ဘာ?"
မိမိ၏ နားကြားအာရုံကို အမြဲ ယုံကြည်မှုရှိသော ကျန်းလီသည် ယခုမူ နားကြားမှားသည်ဟု သံသယဝင်ကာ ထပ်မံ အော်လိုက်သည် - "ငါ့ကို နတ်ဘုရားဘုံကို ပို့ပေးပါလို့ ပြောနေတာလေ။"
[ကျေးဇူးပြု၍ ဟို့စ်မှ နတ်ဘုရားဘုံ၏ တည်နေရာပြ အမှတ်အသားကို ပေးအပ်ပါ]
"ဟိုး... ဒီလောက်ကြီးမားတဲ့ နတ်ဘုရားဘုံကြီးကို ငါက တည်နေရာမသိလို့ ထားလိုက်ဦး၊ မင်းကော တည်နေရာ မသိဘူးလား။"
"ငါသာ နတ်ဘုရားဘုံ တည်နေရာကို သိရင် ငါ့ဘာသာငါ သွားလို့ရတယ်လေ၊ မင်းကို သုံးနေစရာ လိုသေးလား။" ကျန်းလီသည် အံကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်တော့သည်။
ကျန်းလီသည် ဤအသုံးမကျသော စနစ်ကြောင့် အလွန်ပင် ဒေါသထွက်သွားရသည်။ သူ၏ ဆံပင်နက်များမှာ လေထဲတွင် လွင့်ပျံလာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာရာ မိုင်တစ်ထောင်အတွင်းရှိ ဝိညာဉ်စွမ်းအားများပင် တောင့်တင်းသွားရသည်။
သူ တကယ်ကို ဒေါသထွက်သွားခြင်း ဖြစ်သည်။
ဤစနစ်ကို ရရှိကတည်းက သူသည် အသုံးဝင်သော ပစ္စည်းတစ်ခု သို့မဟုတ် လုပ်ဆောင်ချက်တစ်ခုမျှပင် မရရှိခဲ့ဖူးပေ။
အစပြုလက်ဆောင် ဆိုသည်မှာလည်း ချီသန့်စင်ခြင်း အဆင့်အတွက်သာ ဖြစ်သည်၊ ဈေးဆိုင်ထဲက ပစ္စည်းတွေကလည်း သူ့လက်ထဲက ပစ္စည်းတွေလောက် မစုံလင်ဘူး၊ အသုံးမကျတဲ့ မြေပုံအပိုင်းအစတွေ၊ ပြီးတော့ သွေးတစ်စက်ချလိုက်ရုံနဲ့ ပေါက်ကွဲသွားတဲ့ ဝိညာဉ်လက်နက်တွေ...။
ဒါက လက်တုံ့ပြန်ခြင်းစနစ် လား?
ဒါ သွေးတိုးစေတဲ့စနစ် ပဲ။
ကျန်းလီသည် ဒေါသအလျောက် လေဟာနယ်ကို လက်သီးဖြင့် ထိုးလိုက်ရာ၊ လေဟာနယ်တွင် အပေါက်ကြီးတစ်ခု ပွင့်သွားပြီး အတွင်း၌ မှောင်အတိ ကျနေသည်။ ထိုအပေါက်မှာ အခြားသော ကမ္ဘာတစ်ခုနှင့် မည်မျှ ဝေးကွာမည်ကိုမူ မသိနိုင်ပေ။
အကယ်၍ ကျန်းလီသာ အခြားကမ္ဘာ၏တည်နေရာကို သိခဲ့လျှင် သူကိုယ်တိုင် လက်သီးဖြင့် လေဟာနယ်နေရာလွတ်ကို ထိုးခွဲကာ သွားနိုင်သည်မဟုတ်လား။ 'နေရာလွတ် ကူးပြောင်းခြင်း' လုပ်ဆောင်ချက် ဆိုသည်မှာ သူ့အတွက် မလိုအပ်သော အရာသာ ဖြစ်သည်။
သူသည် ယခင်က ရွှေမီတောင်မှ ဘုန်းကြီးအိုကြီးကို နတ်ဘုရားဘုံ တည်နေရာ ရှာခိုင်းခဲ့သည်မှာ သူကိုယ်တိုင် နေရာလွတ်ကို ဖြတ်ကူးနိုင်စွမ်း ရှိသောကြောင့်ပင်။
နေရာလွတ်အတွင်းရှိ ပြင်းထန်သော လေလှိုင်းများနှင့် ဗရမ်းဗတာစွမ်းအားများသည် ကျင့်ကြံသူများအတွက် ကြောက်စရာ ကောင်းသော်လည်း၊ ၎င်းမှာ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်ကိုသာ ခြိမ်းခြောက်နိုင်ခြင်းဖြစ်သည်။ နတ်ဘုရားများနှင့် ကျန်းလီကဲ့သို့သော မဟာယာန အဆင့်များအတွက်မူ ခန္ဓာကိုယ်ဖြင့်ပင် ထိုစွမ်းအားများကို ခုခံကာ နေရာလွတ်ကို ဖြတ်ကူးနိုင်သည်။
ကျန်းလီသည် နေရာလွတ်ကို ဖြတ်ကူးကာ နတ်ဘုရားဘုံကို ရှာရန် မဝံ့ရဲခဲ့သည်မှာ လမ်းပျောက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုအခါကျလျှင် နတ်ဘုရားဘုံကိုလည်း ရှာမတွေ့၊ ကျိုကျိုးသို့လည်း ပြန်မလာနိုင်ဘဲ ဖြစ်သွားနိုင်သည် မဟုတ်လား။
တည်နေရာ အမှတ်အသား မရှိဘဲနှင့် ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်မြင့်မားလှသည်။
[အမည်မသိ ကမ္ဘာတစ်ခုကို ရှာဖွေတွေ့ရှိပါသည်။ ကူးပြောင်းမည်လား။]
ရုတ်တရက် ထွက်ပေါ်လာသော စနစ်၏ အသိပေးသံကြောင့် ကျန်းလီ ကြောင်အသွားသည်။ သူသည် ခုနက သူ့လက်သီးချက်ကြောင့် ပွင့်သွားသော နေရာလွတ်အက်ကွဲကြောင်းကို လက်ညှိုးထိုးပြကာ မသေချာသလို မေးလိုက်သည် - "ဟိုဘက်မှာ တခြားကမ္ဘာတစ်ခု ရှိနေတာလား"
[ဟုတ်ပါသည်။ စနစ်သည် အက်ကြောင်းမှတစ်ဆင့် အမည်မသိ ကမ္ဘာတစ်ခုကို ရှာဖွေတွေ့ရှိပါသည်။ ကူးပြောင်းမည်လား။]
ဟင်? ဒီစနစ်က အနည်းငယ်တော့ အသုံးဝင်သေးသားပဲ။
ကျန်းလီ ဝမ်းသာသွားပြီး - "အဲ့ဒီကမ္ဘာကို ပြန်လာလို့ရဦးမလား" ဟု မေးလိုက်သည်။
စနစ်၏ အသုံးမကျသော ဂုဏ်သတင်းကြောင့် ကျန်းလီ သေသေချာချာ မေးမြန်းရခြင်း ဖြစ်သည်။ အကယ်၍ ပြန်မလာနိုင်ပါက သူသည် 'ရောဘင်ဆင် ကရူးဆိုး' ကဲ့သို့ 《လူသားဧကရာဇ်၏ လေလွင့်ခြင်း မှတ်တမ်း》 ကိုသာ ရေးနေရပေတော့မည်။
[စနစ်သည် ကျိုကျိုးကမ္ဘာ၏တည်နေရာကို မှတ်သားထားပြီးဖြစ်သဖြင့် ပြန်လည် ကူးပြောင်းနိုင်ပါသည်။]
"ဒါဆိုရင် ဘာစောင့်နေဦးမှာလဲ... ကူးပြောင်းစမ်း။" ကျန်းလီ အကြီးအကျယ် ဝမ်းသာသွားသည်။ နောက်ဆံတင်းစရာ မရှိတော့သဖြင့် အခြားကမ္ဘာသို့ သွားရောက်ကြည့်ရှုရပေမည်။ ထိုကမ္ဘာမှာ နတ်ဘုရားဘုံ ဖြစ်နေနိုင်သည် မဟုတ်လား။
[ရင်းမြစ်အမှတ် မလုံလောက်သဖြင့် ကူးပြောင်း၍ မရနိုင်ပါ။]
"တောက်။"