ပထမရဖို့ဆိုတာ လက်ရှိရုံနဲ့တင် ရနေပြီ မဟုတ်ဘူးလား
Vol. 3 Ch. 40
အစတုန်းက အမည်မသိကမ္ဘာကို သွားရမည်ဆိုသဖြင့် ဘယ်လောက်တောင် စိတ်လှုပ်ရှားခဲ့ရသလဲ၊ ယခုတော့ ကျန်းလီမှာ ထိုမျှလောက်ပင် စိတ်ပျက်လက်ပျက် ဖြစ်နေရပြီ။
ဒီမီးခိုးရောင်ကမ္ဘာကြီးက ကျန်းလီကို နည်းနည်းလေးမျှ စိတ်ဝင်စားမှု မဖြစ်စေပေ။ စုစုပေါင်းမှ အရာဝတ္ထု နှစ်မျိုးတည်းသာရှိသော ကမ္ဘာကြီးက ဘာများ စိတ်ဝင်စားစရာ ကောင်းမှာလဲ။
ဤကမ္ဘာ၏ တစ်ခုတည်းသော အသုံးဝင်မှုကတော့ နောက်နောင် ကျန်းလီ ဤနေရာသို့လာပြီး ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ကြည့်ရန်နှင့်၊ နတ်ဘုရားဘုံသို့ တက်လှမ်းနိုင်မည့် အလားအလာ ရှိမရှိ စမ်းသပ်ကြည့်ရန်သာ ဖြစ်သည်။
ဒီကမ္ဘာက နတ်ဘုရားဘုံနဲ့ ဆက်စပ်နေတာမျိုးလည်း ဖြစ်နိုင်တာပဲလေ...။ ကျန်းလီက သူ့ကိုယ်သူ ထိုသို့သာ ဖြေသိမ့်လိုက်ရတော့သည်။
စနစ်က မီးခိုးရောင်ကမ္ဘာ၏ တည်နေရာ အမှတ်အသားကို မှတ်သားထားပြီးဖြစ်ရာ၊ ရင်းမြစ်အမှတ် ၅ သောင်းကျော်ခန့် ထပ်သုံးလိုက်ရုံဖြင့် ထိုနေရာသို့ အလွယ်တကူ သွားရောက်နိုင်သည်။ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကျင့်စဉ်များကိုပင် လက်တန်းရေးချနိုင်သော ကျန်းလီအတွက်တော့၊ ရင်းမြစ်အမှတ်များဆိုသည်မှာ တံခါးဖွင့်ထားသော ရွှေတိုက်ကြီးတစ်ခုအလား၊ လိုချင်သလောက် အလွယ်တကူ ရယူနိုင်ပေသည်။
ဘာ... ရင်းမြစ်အမှတ် ၅၀ လေးရဖို့အတွက် တာဝန်သွားလုပ်တဲ့သူ ရှိတယ် ဟုတ်လား။ မရှိပါဘူး၊ အဲ့ဒီလိုလူမျိုး သေချာပေါက် မရှိပါဘူး။ ကျန်းလီက စိတ်ထဲမှနေ၍ ပြင်းပြင်းထန်ထန်ကို ငြင်းဆန်နေမိသည်။
အဝေးရောက် ဆက်သွယ်ရေး အဆောင်လေး တုန်ခါလာသဖြင့် ကျန်းလီ ကိုင်လိုက်သည်။
"အစ်ကိုကျန်း၊ အစ်ကို စုံစမ်းခိုင်းထားတဲ့ကိစ္စ အဖြေထွက်ပြီ။ အရင်တုန်းက လူသားဧကရာဇ်လောင်းတွေအားလုံးက သူတို့ဘက်မှာ ဝတ်စုံနက်နဲ့လူကို တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောကြတယ်။" လူသားဧကရာဇ်နန်းဆောင်မှ အခြား တပ်မှူးတစ်ဦးက ကျန်းလီကို ဆက်သွယ်လာခြင်း ဖြစ်သည်။
"ဒါဆို ထူးဆန်းနေပြီ။"
ကျန်းလီ စဉ်းစား၍မရပေ။ ဝတ်စုံနက်နှင့်လူက သူ လူသားဧကရာဇ် ဖြစ်လာမည်ဆိုတာကို ဘယ်လိုလုပ်ပြီး သေချာပေါက် သိနေရသလဲ။ ဒါမှမဟုတ် သူက တကယ်ပဲ မိစ္ဆာလမ်းစဉ်ကို ဖြန့်ဖြူးဖို့သက်သက်ပဲလား။
"ဒါဆို မင်း ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်ဆီ သွားပြီး အလုပ်တစ်ခု အပ်လိုက်။ သူတို့က လမ်းကြောင်းစုံတယ်။ လွန်ခဲ့တဲ့ နှစ် ၃၈၀ တုန်းက ကျန်းယီရှင်းကို မိစ္ဆာလမ်းစဉ် ကျင့်နည်း ဘယ်သူသင်ပေးခဲ့သလဲဆိုတာ သူတို့ကို စုံစမ်းခိုင်းလိုက်ပါ။"
"ဟုတ်ကဲ့။"
ကျန်းလီသည် နေရာလွတ် အက်ကွဲကြောင်းများစွာကို ဆက်တိုက် ဖွင့်ကြည့်ခဲ့သော်လည်း၊ အမည်မသိကမ္ဘာကို ရှာတွေ့ကြောင်း စနစ်ထံမှ အသိပေးချက် လုံးဝ မရရှိခဲ့ပေ။ ကြည့်ရတာ အရင်တစ်ခေါက်က မီးခိုးရောင်ကမ္ဘာကို ချက်ချင်း ရှာတွေ့သွားတာ ကံကောင်းသွားလို့ပဲ ဖြစ်ရမည်။
……
ရက်အနည်းငယ် ကြာပြီးနောက် စနစ်က တာဝန်သစ်တစ်ခု ထုတ်ပြန်လိုက်သည်။
【တာဝန်အသစ် ထုတ်ပြန်ခြင်း - မဟာကျိုး တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းသားသစ် ခေါ်ယူပွဲ မကြာမီ စတင်တော့မည်။ 'ကျောင်းတော်ကြီး ၄ ခု' မှာ တော်ဝင်ကျောင်းတော်ရဲ့ ကြိုတင်ပြင်ဆင်ရေး ကျောင်းများဖြစ်ပြီး၊ ထိုကျောင်းတော်များမှ ကျောင်းသား ၆၀ ရာခိုင်နှုန်းခန့်မှာ တော်ဝင်ကျောင်းတော်သို့ အောင်မြင်စွာ တက်ရောက်နိုင်ကြသည်။ သင်သည် ထိုကျောင်းတော်ကြီး ၄ ခုမှ ဆင်းသက်လာသူ မဟုတ်သဖြင့် ကျောင်းသားများ၏ လှောင်ပြောင်ခြင်းကို ခံနေရသည်။ ကျေးဇူးပြု၍ တော်ဝင်ကျောင်းတော် ဝင်ခွင့်စာမေးပွဲတွင် နံပါတ် (၁) ရအောင် ဖြေဆိုပါ။】
[ဤတာဝန်ကို စွန့်လွှတ်နိုင်သည်။]
[တာဝန်အောင်မြင်ပါက ဆုလာဘ် - စစ်မှန်နဂါးသွေးတစ်စက်၊ နတ်ဆိုးသားရဲ လူအသွင်ပြောင်းဆေးလုံး တစ်လုံး၊ "နတ်ဘုရားဘုံ၏ ပျောက်ဆုံးနေသော ခြေရာများ" ဟူသော အထူးတာဝန်ကို ဖွင့်လှစ်ခြင်း။]
"ဟင်?"
နဂါးသွေးနှင့် မိစ္ဆာသားရဲ လူယောင်ဖန်ဆင်းဆေးကို ကျန်းလီက အလိုအလျောက် လျစ်လျူရှုလိုက်ပြီး မေးလိုက်သည် - "နတ်ဘုရားဘုံ ခြေရာခံခြင်း ဆိုတာက ဘာလဲ။"
【တာဝန် မဖွင့်ရသေးသဖြင့် ဟို့စ် သိပိုင်ခွင့် မရှိပါ။】
ဒီစနစ်က ထုံးစံအတိုင်း လခွမ်းချင်စရာ ကောင်းနေပေမဲ့၊ လိမ်တော့ မလိမ်ဖူးပါဘူး။ ဟင်းလင်းပြင် ကူးပြောင်းပေးမယ်ဆိုလျှင်လည်း တကယ် ကူးပြောင်းပေးသည်။ ပစ္စည်းပေးမယ်ဆိုလျှင်လည်း တကယ်ပေးသည်။ ဤတာဝန် နာမည်က 'နတ်ဘုရားဘုံ ခြေရာခံခြင်း' လို့ ပေးထားမှတော့၊ ဒီတာဝန်ပြီးရင် နတ်ဘုရားဘုံကို ရှာတွေ့နိုင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။
ထိုအထူးတာဝန်ကို မြင်လိုက်ရသောအခါ ကျန်းလီ၏ ရင်ထဲတွင် သိချင်စိတ်များ ယားယံလာပြီး ဤတာဝန်ကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် မဟာကျိုး တော်ဝင်ကျောင်းတော်သို့ သူ မသွားဖြစ်ခဲ့သည်မှာလည်း အတော်လေး ကြာခဲ့ပြီ မဟုတ်လား။
ကျန်းလီသည် မဟာကျိုး တော်ဝင်ကျောင်းတော်၏ ကျောင်းသားဟောင်း တစ်ဦးဖြစ်ပြီး၊ ထိုအချိန်က မင်းသားလေးတစ်ပါးသာ ဖြစ်သေးသော ကျီကျစ်နှင့်လည်း ထိုနေရာတွင်ပင် သိကျွမ်းခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ကျန်းလီသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ခါစလေးသာ ရှိသေးပြီး လူတစ်စု၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတွင် လွတ်ပေါက်မရှိတော့သဖြင့် သေချင်သေပါစေဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် သူ၏ ဓာတ်ငါးပါး ဝိညာဉ်အမြစ်ကို လောင်ကျွမ်းစေကာ တစ်ဖက်ရန်သူနှင့် အသေခံတိုက်ခိုက်ရန် ကြိုးစားခဲ့သည်။
ရန်သူများပင် အလန့်တကြားဖြစ်သွားခဲ့ရသည်။ ဝိညာဉ်အမြစ်ကို လောင်ကျွမ်းစေတယ်ဆိုတာ ရူးနေတဲ့သူမှ လုပ်တဲ့အလုပ်လေ။ ဝိညာဉ်အမြစ်ကို လောင်ကျွမ်းစေခြင်းဖြင့် အချိန်တိုအတွင်းမှာ အလွန်ပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းအားကို ရရှိနိုင်ပေမဲ့၊ အလွန်လည်း အန္တရာယ်များလှသည်။ သေလမ်းကိုးသွယ် ရှင်လမ်းတစ်သွယ်ပင် ဖြစ်ပြီး၊ ကံကောင်း၍ အသက်ရှင်ခဲ့လျှင်တောင် ဝိညာဉ်စွမ်းအား အနည်းငယ်မျှပင် မရှိတော့သည့် သာမန်လူတစ်ယောက်ဘဝသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။
ကျိုကျိုးတွင် ဝိညာဉ်အမြစ် မရှိတော့ခြင်းသည် သေရသည်ထက်ပင် ပို၍ ဆိုးရွားလှသည်။
သို့သော် ကျန်းလီမှာ သေလည်း မသေခဲ့သလို၊ သာမန်လူဘဝသို့လည်း မရောက်သွားခဲ့ပေ။ ထိုအရာက သူ၏ 'ကောင်းကင် ဝိညာဉ်အမြစ်' ကို အချိန်မတိုင်မီ နိုးထလာစေရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ကောင်းကင် ဝိညာဉ်အမြစ်သည် မိမိကိုယ်ကို ဖုံးကွယ်ထားတတ်ပြီး အပြင်ပန်းတွင် ဓာတ်ငါးပါး ဝိညာဉ်အမြစ်အဖြစ်သာ ပြသနေတတ်သည်။ ကျင့်ကြံသူက ဓာတ်ငါးပါး ဝိညာဉ်အမြစ်ကို အားကိုး၍ ဝိညာဉ်သန္ဓေအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်မှသာ၊ ကောင်းကင်ဝိညာဉ်အမြစ်သည် နိုးထလာမည်ဖြစ်ပြီး ထိုအချိန်မှစ၍ တစ်ဟုန်ထိုး တိုးတက်သွားမည်ဖြစ်သည်။
ကောင်းကင် ဝိညာဉ်အမြစ်ဆိုသည်မှာ မူလကတည်းက ရှားပါးလှပြီး၊ ဓာတ်ငါးပါး ဝိညာဉ်အမြစ်ဖြင့် ဝိညာဉ်သန္ဓေအဆင့်ထိ ရောက်အောင် ကျင့်ကြံရန်မှာလည်း အလွန်ခက်ခဲလှသည်။ ဤအချက်နှစ်ချက် ပေါင်းစပ်သွားသည့်အခါ နှစ်တစ်ထောင်ကြာလျှင်တောင် ကောင်းကင် ဝိညာဉ်အမြစ်ပိုင်ရှင် တစ်ဦး ထွက်ပေါ်လာရန် မသေချာလှပေ။
သို့သော် ဓာတ်ငါးပါး ဝိညာဉ်အမြစ်ကို လောင်ကျွမ်းစေလိုက်ခြင်းကြောင့် ကောင်းကင် ဝိညာဉ်အမြစ် အချိန်မတိုင်မီ နိုးထလာခဲ့သည်ဆိုသည့် အခြေအနေမျိုးကား တစ်ခါမျှ မရှိခဲ့ဖူးပေ။
ကျန်းလီသည် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်မှ ချီသန့်စင်ခြင်းအဆင့် ၉ သို့ ပြန်လည် ကျဆင်းသွားကြောင်း တွေ့လိုက်ရသည်။ သို့သော် သူ့အခြေခံမှာ ပို၍ ခိုင်မာလာခဲ့ပြီး၊ အတန်ကြာ ကျင့်ကြံပြီးနောက်တွင်တော့ ယုတ္တိမတန်စွာဖြင့် ချီသန့်စင်ခြင်း အဆင့် ၁၀ သို့ပင် ရောက်ရှိသွားခဲ့သည်!
ချီသန့်စင်ခြင်းအဆင့်မှာ ဘယ်တုန်းက အဆင့် ၁၀ ရှိလို့လဲ!
ဒီအတိုင်းသာ ဆက်ကျင့်သွားရင် ချီသန့်စင်ခြင်း အဆင့် ၂၀ အထိ ရောက်သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရော တက်လှမ်းနိုင်ပါဦးမလား!
ကျန်းလီသည် မိမိ၏ ပြောင်းလဲမှုများကို နားမလည်နိုင်ခဲ့ပေ။ မဟာကျိုးတွင် စာအုပ်အများဆုံး သိမ်းဆည်းထားသည့် နေရာမှာ 'မဟာကျိုး တော်ဝင်ကျောင်းတော်' ၏ စာကြည့်တိုက်ဖြစ်ကြောင်း ကြားသိရသဖြင့်၊ သူ့အခြေအနေကို ရှင်းပြနိုင်မည့်အရာ ရှိမရှိ သွားရောက် ရှာဖွေကြည့်လိုခဲ့သည်။
သူ လိုချင်သော စာအုပ်ကို မရှာတွေ့ခဲ့သော်လည်း၊ ကျန်းလီသည် ကျောင်းတော်တွင် စနစ်ကျသော ကျင့်ကြံခြင်းဆိုင်ရာ အသိပညာများကို လေ့လာသင်ယူခွင့် ရခဲ့သည်။ သီအိုရီ အသိပညာများအပေါ် အခြေခံ၍ သူသည် 'ကောင်းကင် ဝိညာဉ်အမြစ်' ပိုင်ဆိုင်ထားပြီး အချိန်မတိုင်မီ နိုးထလာခဲ့ခြင်း ဖြစ်ကြောင်း မှန်းဆနိုင်ခဲ့သည်။
ကျန်းလီ လူသားဧကရာဇ် ဖြစ်လာပြီးနောက်၊ ပညာသင်ကြားပေးခဲ့သည့် ကျေးဇူးကို ဆပ်သည့်အနေဖြင့် နှစ် ၃၀ လျှင် တစ်ကြိမ် မဟာကျိုး တော်ဝင်ကျောင်းတော်သို့ လာရောက်၍ တရားဟောစင်မြင့် ဖွင့်လှစ်လေ့ရှိသည်။
...
"မြန်လိုက်တာ... မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ် ၅၀၀ တောင် ကုန်သွားပြီ။ ကျောင်းတော်ကနေ ထွက်သွားတုန်းကလည်း ကျောင်းသား၊ အခုလည်း ကျောင်းသားဘဝပဲ။"
ကျောင်းအပ်သည့် ရာသီနှင့် တိုက်ဆိုင်နေသဖြင့်၊ တစ်နိုင်ငံလုံး အရပ်ရပ်မှ ကျောင်းသားများသည် ကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန် လာရောက်ကြရာ တည်းခိုခန်းများ အားလုံး ပြည့်နှက်နေသည်။
ကျန်းလီသည် အနီးအနားရှိ တည်းခိုခန်းတစ်ခုတွင် ငွေအမြောက်အမြားပေး၍ အခန်းတစ်ခန်း ငှားရမ်းကာ ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေလေသည်။
စနစ်၏ ယခင်တာဝန် ဆုလာဘ်မှာ 'ရင်းမြစ်အမှတ်ဖြင့် စာဖတ်ခြင်း' လုပ်ဆောင်ချက်ကို ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး၊ နောက်ထပ်တာဝန်မှာ ဝင်ခွင့်စာမေးပွဲတွင် ပထမရရန် ဖြစ်သည်။ ဆိုလိုရင်းက အလွန် ရှင်းလင်းနေသည်။ ဤလုပ်ဆောင်ချက်သစ်ကို အသုံးပြု၍ စာဖတ်ပြီး ပထမရအောင် လုပ်ရန် အရိပ်အမြွက် ပြနေခြင်းပင်။
သို့သော် ၎င်းမှာ ဟာသတစ်ခုသာ ဖြစ်သည်ဟု ကျန်းလီ ခံစားမိသည်။ သူသည် အစကတည်းက စနစ်ကို အားမကိုးဘဲ မဟာကျိုး တော်ဝင်ကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲတွင် ပထမ ရခဲ့ဖူးသည်။ ယခု နှစ်ပေါင်း ၅၀၀ ကြာပြီးနောက် သူသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်နေပြီဖြစ်ရာ၊ သူ၏ အမြင်အာရုံနှင့် အသိပညာမှာ မည်မျှပင် ကျယ်ပြန့်နေမှာလဲ။ သေးငယ်သော ဝင်ခွင့်စာမေးပွဲလေးတစ်ခုကို ရင်ဆိုင်ရန်မှာ လွယ်ကူလွန်းလှပေသည်။
စနစ်ကို သုံးလိုက်ရင်တောင်မှ ငါ့ရဲ့ ဉာဏ်ရည်ကို စော်ကားလိုက်သလို ဖြစ်သွားလိမ့်မယ်!
မဟာကျိုး တော်ဝင်ကျောင်းတော်၏ သမိုင်းကြောင်းမှာ အလွန်ရှည်လျားလှပြီး မဟာကျိုး တည်ထောင်သည့် အချိန်နှင့်ပင် နီးစပ်သည်။ ၎င်းသည် မဟာကျိုး မြို့တော်၏ ထောင့်တစ်နေရာတွင် တည်ရှိပြီး မြေနေရာ အလွန်တန်ဖိုးကြီးလှသော မြို့တော်အတွင်း၌ အလွန်ကျယ်ဝန်းသောနေရာကို ယူထားသော်လည်း မည်သူကမျှ မကျေမနပ် မပြောရဲကြပေ။ အကြောင်းမှာတော့ မဟာကျိုး၏ ခေတ်အဆက်ဆက် ဧကရာဇ်များအားလုံးသည် ဤနေရာမှ ဘွဲ့ရခဲ့ကြသောကြောင့်ဖြစ်သည်။
ထို့ကြောင့်ပင် ဤအနီးအနားရှိ တည်းခိုခန်းများ၏ ဈေးနှုန်းမှာ အလွန် မြင့်မားပြီး၊ သာမန်လူများ တတ်နိုင်သည့် အနေအထားမျိုး မဟုတ်ပေ။ များသောအားဖြင့် လူ ၃၊ ၄ ယောက်ခန့် အခန်းငယ်လေး တစ်ခန်းကို စုပေါင်းငှားရမ်းကာ ကြပ်တည်းစွာ နေထိုင်ကြပြီး၊ နေ့ရောညပါ စာကြိုးစား ဖတ်နေကြရသည်။
စာပေကျောင်းတော်ကြီး လေးခုမှ ကျောင်းသားများပင်လျှင် အပြင်းအထန် စာကြိုးစားနေကြသည့် ပုံပေါက်နေသည်။
ကျန်းလီမှာမူ လက်နောက်ပစ်ကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး၊ အေးအေးဆေးဆေး ပေါ့ပါးလွတ်လပ်နေသည့် သူ၏ ပုံစံမှာ ပတ်ဝန်းကျင်ရှိ တင်းမာနေသော စာကျက်နေသည့်လေထုနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
လူတစ်ယောက်က ကျန်းလီ၏ပုံစံကို အမြင်မကြည်သဖြင့် သရော်စာလေး ဘာလေး ပြောရန် ပြင်လိုက်စဉ်မှာပင် ဘေးရှိ သူငယ်ချင်းက ဆွဲတားလိုက်သည်။
"ဘာဖြစ်လို့လဲ၊ ငါ့ကို ဘာလို့ တားတာလဲ။ အဲ့ဒီလိုမျိုး အချိန်ဖြုန်းနေတဲ့ ကောင်တွေကို ငါ သိပ်မုန်းတာ!"
"စာကျက်လွန်းလို့ ရူးသွားပြီလားကွ။ ဒီလိုလူမျိုးက ကြည့်လိုက်တာနဲ့တင် စာတွေသေချာရပြီး ယုံကြည်မှု အပြည့်ရှိနေတဲ့သူမှန်း သိသာနေတာကို!"
အခြား သူငယ်ချင်းတစ်ယောက်ကလည်း ဝင်ထောက်ခံလိုက်သည် - "မင်း ကြည့်ကြည့်လေ။ ငါတို့ ကျောင်းတော်က စာမေးပွဲမှာ ထိပ်ဆုံးရတဲ့သူတွေထဲမှာ၊ ဘယ်သူက ကြိုးစားနေတဲ့ပုံ ပေါက်နေလို့လဲ။ စာမေးပွဲပြီးရင် သက်ပြင်းတွေချပြီး ညည်းညူနေကြပေမဲ့၊ အဖြေထွက်လာတော့လည်း တစ်တန်းလုံးမှာ ပထမပဲ မဟုတ်လား။"
"ဟုတ်တယ်၊ ဟုတ်တယ်။ ပုံမှန် အတန်းထဲမှာဆို ဘယ်သူ့ထက်မဆို ပိုအိပ်နေတတ်တယ်။ စာမေးပွဲပြီးရင် ဒီအပုဒ်တော့ မှားပြီ၊ ဟိုအပုဒ်တော့ မှားပြီလို့ လျှောက်ပြောနေကြတာ၊ ငါကလည်း တစ်တန်းလုံး ပထမဆိုတာ ဒီလောက်ပါပဲလားလို့ ထင်နေတာ။ ရလဒ်လည်း ထွက်လာရော သူက ပထမပဲ၊ ငါကတော့ နောက်ဆုံးပဲလေ။"
လှောင်ပြောင်ချင်နေသော ထိုလူသည် သူငယ်ချင်းများ၏ တားမြစ်မှုကြောင့် ချက်ချင်း သတိဝင်သွားသည်။ ဟုတ်သားပဲ... မဟာကျိုး တော်ဝင်ကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲကို လာဖြေတဲ့သူက ဘယ်လိုလုပ် ဟန်ပြသက်သက် လာတဲ့သူ ဖြစ်နိုင်မှာလဲ။
သီသီလေးပဲ... မျက်နှာဖြတ်ရိုက်ခံရတော့မလို့။ ကိုယ့်ဘာသာကိုယ် စာပဲ သေချာကျက်တာ ကောင်းပါတယ်... သူများ မျက်နှာလာရိုက်ဖို့ ခေါင်းသွားမပြမိစေနဲ့။