လူမသတ်ဖူးပါဘူး
Vol. 3 Ch. 47
"ဗုဒ္ဓဂိုဏ်းဝင် ဝူကျစ်က လူသားဧကရာဇ်ကို ဂါရဝပြုပါတယ်။"
"ကွန်ဖြူးရှပ်ဂိုဏ်းဝင် ဝမ်ပျန့်က လူသားဧကရာဇ်ကို ဂါရဝ ပြုပါတယ်။"
ဗုဒ္ဓသားတော်ဝူကျစ်နှင့် ဝမ်ပျန့်တို့မှာ အလွန်ပင် စိတ်လှုပ်ရှားနေကြပြီး မိမိတို့၏ ဆရာအရင်းနှင့် တွေ့ရသည်ထက်ပင် ပို၍ ရိုသေကိုင်းညွတ်စွာ ဂါရဝပြုလိုက်ကြသည်။
ကျိုကျိုးတိုက်ကြီး၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာ ကျန်းလီသည် လူငယ်မျိုးဆက်သစ်အားလုံး၏ စံပြပင် ဖြစ်သည်။ နတ်ဘုရားဘုံသို့ တက်လှမ်း၍ မရတော့သော ဤခေတ်ကြီးတွင် သူတို့၏ရည်မှန်းချက်မှာ ကျန်းလီကဲ့သို့ အစွမ်းထက်သူ ဖြစ်လာရန်ပင် မဟုတ်လား။
ကျန်းလီသည် သူတို့၏အသံများကို အကာအကွယ်ဖြင့် ပိတ်ထားလိုက်သည်။ ဤနှစ်ဦးမှာ သူ့ အထောက်အထားကို သိသဖြင့် အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်သော်လည်း၊ အကယ်၍ အခြားခရီးသည်များသာ သိသွားပါက သူ့အား ဝိုင်းအုံလာကြမည်မှာ သေချာသည်။
ကျန်းလီသည် မိမိကိုယ်မိမိ ယခင်ဘဝက နာမည်ကြီး စတားတစ်ဦးကဲ့သို့ ခံစားနေရသည်။ အပြင်ထွက်လျှင် လူမှတ်မိမည်ကို စိုးရိမ်သဖြင့် မျက်မှန်အမည်း တပ်ထားရသလိုမျိုးပင်။
"မင်းတို့က တိုက်ခိုက်ဖို့ပဲ သိနေကြတာ၊ အခုနက ကိုယ့်ဘာသာ နစ်ဝင်သွားပြီး မိစ္ဆာလမ်းစဉ်ထဲ ရောက်တော့မလို့ပဲ။" ကျန်းလီက လူကြီးတစ်ဦး၏လေသံဖြင့် ထိုနောက်မျိုးဆက် နှစ်ဦးအား ဆူပူလိုက်သည်။
ခုနကတင် ဝင့်ကြွားနေခဲ့သော ထိုနှစ်ဦးမှာ အမှားကို ချက်ချင်းဝန်ခံကာ နောင်တွင် ထိုသို့ မဖြစ်စေရဟု ကတိပေးကြတော့သည်။
သူတို့ အမှားဝန်ခံသည်ကို မြင်သောအခါ ကျန်းလီလည်း ဆက်၍ အပြစ်မတင်တော့ဘဲ - "မင်းတို့လည်း တာအိုဂိုဏ်းရဲ့ နတ်ဘုရားလက်နက် ဖူးမြော်ပွဲကို သွားမလို့လား။ မင်းတို့ ဆရာတွေကော၊ ဘာလို့ မင်းတို့လို ကလေးနှစ်ယောက်တည်းကို ဂိုဏ်းကိုယ်စားလှယ်အဖြစ် လွှတ်လိုက်တာလဲ"
"ကိုယ်တော့်ရဲ့ဆရာက သူ နေရာလွတ်တာအိုကို နားလည်သဘောပေါက်ဖို့ အရေးကြီးတဲ့ အချိန်ရောက်နေလို့ အာရုံမနောက်ချင်ဘူးတဲ့၊ ဒါကြောင့် ကိုယ်တော့်ကိုပဲ လွှတ်လိုက်တာပါ" ဟု ဗုဒ္ဓသားတော်ဝူကျစ်က ပြန်ဖြေသည်။
ကျန်းလီ နားလည်သွားသည်။ ရွှေမီတောင် ဘုန်းကြီးအိုကြီး၏ နေရာလွတ်တာအိုမှာ ပို၍ တိုးတက်လာပုံရသည်။
ဝမ်ပျန့်ကမူ တွေဝေနေပြီးမှ - "ကျွန်တော့်ရဲ့ ဆရာကတော့... သူ တာအိုဂိုဏ်းချုပ်ကို မြင်ရင်တင် ဒေါသထွက်လို့တဲ့..."
"အဲ့ဒီတော့ သူက မင်းကို ကိုယ်စားလွှတ်လိုက်တာပေါ့?" ကျန်းလီသည် ကွန်ဖြူးရှပ်ဂိုဏ်းချုပ်နှင့် တာအိုဂိုဏ်းချုပ်တို့၏ ပုဂ္ဂိုလ်ရေး ရန်ငြိုးကို သိရှိထားသည်။ ကွန်ဖြူးရှပ်ဂိုဏ်းချုပ်သည် 'လူတို့၏ သဘာဝမှာ ကောင်းမြတ်သည်' ဟူသော သီအိုရီကို လက်ခံသူဖြစ်ပြီး၊ နိုင်ငံတစ်ခုလုံးရှိ လူများကို သူတော်ကောင်းများဖြစ်အောင်၊ ကျပျောက်သည့် ပစ္စည်းပင် မယူဝံ့အောင် အပင်ပန်းခံ ပညာပေးခဲ့သူဖြစ်သည်။
ထို့နောက် သူသည် တာအိုဂိုဏ်းချုပ်အား ကြွားဝါခဲ့ရာ၊ တာအိုဂိုဏ်းချုပ်ကမူ 'လူတို့၏ သဘာဝမှာ လောဘကြီးခြင်းဖြစ်သည်' ဟု ယူဆသဖြင့် ထိပ်တန်း ဝိညာဉ်ကျောက်တုံးပုံကြီးကို လမ်းဘေးတွင် ပစ်ချလိုက်သည်။ စည်းကမ်းရှိလှသော ထိုလူအုပ်ကြီးမှာ ဝိညာဉ်ကျောက်တုံးများကို အလုအယက် လုယူကြသဖြင့် ကွန်ဖြူးရှပ်ဂိုဏ်းချုပ်မှာ ဒေါသထွက်လွန်း၍ မျက်နှာပင် ပြာနှမ်းသွားခဲ့ရသည်။
"မဟုတ်ပါဘူး... သူကလည်း နတ်ဘုရားလက်နက် ပြန်သန့်စင်တာကို မြင်ချင်တယ်တဲ့။ ဒါကြောင့် ကျွန်တော့်ကိုတော့ အပြင်ပန်း ကိုယ်စားလှယ်အဖြစ် လွှတ်လိုက်ပြီး၊ သူကတော့ ကွယ်ရာကနေ တိတ်တဆိတ် လိုက်လာတာပါ"
"...မင်းဆရာက တော်တော်လေး အတွေးအခေါ် ဆန်းတာပဲ"
ကျန်းလီ တကယ် ပြောချင်နေသည်မှာ - "မင်းဆရာက သူရဲ့ဖြောင့်မတ်လှတဲ့ တာအိုနှလုံးသား ပျက်စီးသွားမှာကို မကြောက်ဘူးလား" ဟူ၍ ဖြစ်သည်။
"ဒီလင်းယုန်မိစ္ဆာကိုကော ဘယ်လို စီစဉ်မလို့လဲ"
"လူသားဧကရာဇ်ရဲ့လမ်းညွှန်မှုကို ခံယူပါရစေ"
ကျန်းလီက ပြုံးလျက် - "မင်းတို့ ဖမ်းထားတာပဲ၊ မင်းတို့ဘာသာ စီစဉ်ကြပေါ့။ ငါ့ကို ဘာလို့ လာမေးနေတာလဲ"
"ကိုယ်တော်ကတော့ ဂရုဏာစိတ် ထားသင့်တယ်လို့ ထင်ပါတယ်၊ သူ့ကို လွှတ်ပေးလိုက်ရင်ကော ဘယ်လိုလဲ" ဟု ဗုဒ္ဓသားတော်ဝူကျစ်က ဆိုသည်။
လင်းယုန်မိစ္ဆာသည် ထိုစကားကို ကြားသောအခါ အမြန်ပင် - "ဗုဒ္ဓသားတော်က တကယ်ကို မဟာကုသိုလ်ရှင်ပါပဲ။ ကျွန်တော် ပြန်ရောက်ရင် ဗုဒ္ဓသားတော်အတွက် သက်ရှည်ကျောင်းဆောင် ဆောက်ပြီး ဆီမီးမပြတ် ပူဇော်ပါ့မယ်" ဟု ဖားတော့သည်။
ဝမ်ပျန့်က ခေါင်းခါလျက် - "သူ့ကို လွှတ်ပေးလိုက်ရင် တခြား မိုးပျံသင်္ဘောတွေကို ထပ်ပြီး လုယက်ဦးမှာပေါ့။ သတ်လိုက်တာက ပိုကောင်းမယ် ထင်တယ်"
ဗုဒ္ဓသားတော်ဝူကျစ်သည် ထိုစကားကြောင့် တုန်လှုပ်သွားပြီး - "ဒါပေမဲ့ သူက လူမှ မသတ်ရသေးတာ။ ငါတို့ သူ့ကို သတ်လိုက်ရင် ပြစ်ဒဏ်က ပြင်းထန်လွန်းရာ မရောက်ဘူးလား"
"ဟုတ်ပါတယ်... ဟုတ်ပါတယ်။ ကျွန်တော် လူတစ်ယောက်မှ မသတ်ဖူးပါဘူး။" လင်းယုန်မိစ္ဆာက သူသည် မိစ္ဆာကောင်းတစ်ဦးဖြစ်ကြောင်း၊ အသတ်မခံရမီ အသည်းအသန် ပြောရှာသည်။
သူသည် ဗုဒ္ဓသားတော်ဝူကျစ်ကိုကြည့်ကာ စိတ်ထဲမှ တွေးနေမိသည် - ဒီကိုရင်လေးက သတ်ဖြတ်လိုစိတ် ဒီလောက် ပြင်းထန်တာ၊ ဒါကော ရဟန်းဝတ် ဟုတ်ရဲ့လား?။
ဗုဒ္ဓသားတော်ဝူကျစ်မှာ ဝေခွဲမရ ဖြစ်နေသည်။ ယုတ္တိဗေဒအရ လင်းယုန်မိစ္ဆာ လိမ်ပြောနေခြင်း ဖြစ်နိုင်သော်လည်း၊ သူတစ်ပါး လိမ်သည်ဟု သံသယရှိရုံနှင့် အသက်ကို နုတ်၍ မရပေ။ အကယ်၍ မှားယွင်း သတ်မိပါက သူ၏ ကြည်လင်သော စိတ်အာရုံတွင် အစွန်းအထင်းများ ဖြစ်ပေါ်လာနိုင်သောကြောင့်ပင်။
ဝမ်ပျန့်သည် ပညာရှိစာမူကို ထုတ်ကာ "အမှန်" ဟူသော စာလုံးကို ရေးပြီး လင်းယုန်မိစ္ဆာ၏ကိုယ်ပေါ်တွင် ကပ်လိုက်သည်။
"မင်း လူသတ်ဖူးသလား"
လင်းယုန်မိစ္ဆာက "မသတ်ဖူးပါဘူး" ဟု ဖြေသည်။
"သင်္ဘောပေါ်က ဝိညာဉ်ကျောက်တုံးတွေကိုပဲ လုပြီး လူကိုတော့ မသတ်ဘူးပေါ့?"
"မသတ်ပါဘူး"
ဝမ်ပျန့်က ဗုဒ္ဓသားတော်ဝူကျစ်အား - "ခုနက ကပ်လိုက်တာက 'အမှန်စကား အဆောင်' ပါ။ သူ အခု အမှန်အတိုင်းပဲ ပြောနိုင်တော့မယ်။ လူမသတ်ဖူးဘူးဆိုတော့လည်း သိပ်ပြီး ယုတ်မာတဲ့ အဆင့်တော့ မဟုတ်သေးဘူး ထင်တာပဲ။ လွှတ်ပေးလိုက်ကြရအောင်"
ဗုဒ္ဓသားတော်ဝူကျစ်က ခေါင်းညိတ်ပြသည် - "ကောင်းပြီလေ"
လင်းယုန်မိစ္ဆာသည် သူ လွတ်မြောက်တော့မည်ဟု ယူဆကာ ဝမ်းသာနေစဉ်မှာပင်၊ ကျန်းလီက ရုတ်တရက် မေးခွန်းတစ်ခုမေးလိုက်သည် - "မင်းတို့ တစ်ခု စဉ်းစားမိရဲ့လား။ သူ သင်္ဘောပေါ်က ဝိညာဉ်ကျောက်တုံးတွေကို လုသွားပြီးရင်၊ ဒီသင်္ဘောက ဆက်ပျံနိုင်ဦးမလား"
"ဟင်?"
ထိုနှစ်ဦးစလုံး ချက်ချင်း သတိဝင်လာကြသည်။
ဟုတ်သားပဲ။ လင်းယုန်မိစ္ဆာက ဝိညာဉ်ကျောက်တုံးတွေကိုပဲ လုတာ မှန်ပေမဲ့၊ လောင်စာဖြစ်တဲ့ ဝိညာဉ်ကျောက်တုံး မရှိတော့ရင် သင်္ဘောပေါ်က လူတွေရဲ့ ဝိညာဉ်စွမ်းအားနဲ့တင် သင်္ဘောကို ဘေးကင်းအောင် ဆင်းသက်နိုင်ဖို့ မလုံလောက်ဘူး။ အကယ်၍ ဆင်းသက်နိုင်ခဲ့ရင်တောင် 'ပိုင်ကျဲအင်ပါယာ' (ဓားပြအင်ပါယာ) ထဲမှာ ဆင်းသက်ရမှာ။
ဝိညာဉ်စွမ်းအား ကုန်ခမ်းနေတဲ့ ကျင့်ကြံသူတစ်အုပ် ပိုင်ကျဲအင်ပါယာထဲ ရောက်သွားရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိနိုင်သည် မဟုတ်လား။
...
သူတို့၏ဉာဏ်ရည်ကို အစော်ကားခံလိုက်ရသည်ဟု ယူဆပုံရသဖြင့်၊ ထိုနှစ်ဦးမှာ လက်မနှေးကြပေ။ လင်းယုန်မိစ္ဆာမှာ အေးဆေးစွာ သေဆုံးခွင့် မရခဲ့ရှာပေ။
"ဒါကြောင့် ပြောတာပေါ့... ရတနာတွေကိုပဲ အမြဲအားမကိုးနဲ့၊ ဦးနှောက်ကိုလည်း သုံးကြဦး။ အဆောင်မန္တာန် မသုံးဘဲနဲ့တောင်၊ ဝိညာဉ်ကျောက်တုံးတွေ အလုခံရရင် ခရီးသည်တွေ သေဆုံးကုန်မယ်ဆိုတာကို တွေးမိသင့်တယ်"
ကျန်းလီသည် ထိုနှစ်ဦးအား လင်းယုန်ကို ဘယ်လိုစီစဉ်မလဲဟု မေးခဲ့ခြင်းမှာ သူတို့ မည်သည့်အဆင့်အထိ စဉ်းစားနိုင်သနည်းဟု စမ်းသပ်ခြင်းဖြစ်သည်။
ရလဒ်မှာ သူ ထင်သည့်အတိုင်းပင်။ ပထမအဆင့်လောက်သာ စဉ်းစားနိုင်ကြပြီး၊ အဆောင်မန္တာန်ကိုသာ မိုက်မဲစွာ အားကိုးခဲ့ကြသည်။ မေးခွန်းမေးပုံမှာလည်း မပြည့်စုံသဖြင့် လူပေါင်းများစွာကို သတ်ခဲ့သော မိစ္ဆာရိုင်းတစ်ကောင်ကို လူကောင်းဟုထင်ကာ လွှတ်ပေးတော့မည့်အဆင့်သို့ ရောက်ခဲ့ရသည်။
ကျန်းလီသည် ထိုနောက်မျိုးဆက် နှစ်ဦးအား စိတ်ပျက်လက်ပျက်ဖြင့် ဆက်လက်သွန်သင်ပေးနေရသည်။ ဒီကလေးတွေ ဘယ်လိုများ ဝိညာဉ်သန္ဓေအဆင့်အထိ ရောက်လာကြတာလဲ။ ငါ ဝိညာဉ်သန္ဓေအဆင့်တုန်းက ဒီလောက်အထိ ဖြူစင်မနေခဲ့ပါဘူး။
သူသည် အစဉ်အဆက်သော လူသားဧကရာဇ်များမှာ စစ်မြေပြင်တွင် သေဆုံးခဲ့ကြသော်လည်း၊ သူကတော့ လူငယ်များကို သွန်သင်ရင်းနှင့်ပင် ပင်ပန်းပြီး သေတော့မည်ဟု ခံစားနေရသည်။
မင်းတို့တွေ ငါ့ကို နည်းနည်းလောက် စိတ်ချမ်းသာအောင် ထားကြပါဦးလား။
ကျန်းလီသည် ယခုတစ်ကြိမ် တာအိုဂိုဏ်းသို့သွားခြင်းကို အပန်းဖြေခရီးအဖြစ်သာ သတ်မှတ်လိုက်ပြီး၊ မည်သည့်ကိစ္စကိုမျှ ဝင်ရောက် မဖြေရှင်းတော့ဟု ဆုံးဖြတ်လိုက်တော့သည်။
လူသားဧကရာဇ်မှာလည်း အားလပ်ရက် လိုအပ်သည် မဟုတ်လား။
[တာဝန်သစ် ထုတ်ပြန်ခြင်း - သင်သည် စာမေးပွဲတွင် နံပါတ် (၁) ရခဲ့သော်လည်း၊ သင်တန်းဖော်များက သင်၏ကျင့်ကြံမှုအဆင့် နိမ့်ပါးသည်ဟု လှောင်ပြောင်ကြကာ ကျောင်းထွက်ရန် တိုက်တွန်းနေကြသည်။ ကျေးဇူးပြု၍ စာသင်နှစ်ကုန် ကျင့်ကြံမှု စစ်ဆေးပွဲတွင် လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်ဆောင်ပြပါ။]
[ဤတာဝန်ကို စွန့်လွှတ်နိုင်သည်။]
[တာဝန်အောင်မြင်ပါက ဆုလာဘ် - ဉာဏ်အလင်းပွင့်မှု အခွင့်အရေး တစ်ကြိမ်၊ သားရဲထိန်းကျောင်းဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ် (အပိုင်းအစ) တစ်စောင်၊ သွေးလောင်ကျွမ်းစေသော ဆေးလုံး တစ်လုံး။]
"စွန့်လွှတ်မယ်"
ကျန်းလီသည် တာဝန်ကို တစ်ချက်ကြည့်ကာ စိတ်ပျက်သွားသည်။ "နတ်ဘုရားဘုံ၏ ပျောက်ဆုံးနေသော ခြေရာများ" ကဲ့သို့သော အထူးတာဝန်များမှာ အဆက်မပြတ် ပေါ်မလာနိုင်မှန်း သူ သိလိုက်ရသည်။
...
ဆယ်ရက်ကျော် ကြာပြီးနောက် မိုးပျံသင်္ဘောသည် တာအိုဂိုဏ်းအနီးသို့ ဆင်းသက်ခဲ့သည်။
သင်္ဘောပေါ်မှ ဆင်းသည်နှင့် တာအိုဂိုဏ်းချုပ် ပိုင်ဟုန်ထူက ဖော်ရွေစွာ ကြိုဆိုနေပြီး၊ ဘေးနားတွင်မူ ရှုံးနိမ့်သူတစ်ဦး၏ မျက်နှာပေးဖြင့် ကွန်ဖြူးရှပ်ဂိုဏ်းချုပ် တုန်းကျုံးရန်က ရပ်နေသည်။
ဝမ်ပျန့်သည် အရှက်ရလွန်းသဖြင့် မျက်နှာကို လက်ဖြင့်အုပ်ကာ သင်္ဘောပေါ်မှ မဆင်းချင်တော့ပေ။
သိသာလှသည်မှာ - သူ့ဆရာဖြစ်သူ ဂိုဏ်းချုပ်ကြီး၏ တိတ်တဆိတ်ခိုးဝင်ရန် ကြံစည်မှုမှာ ကျရှုံးသွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွင် ဗုဒ္ဓသားတော်ဝူကျစ်ကသာ ဝမ်ပျန့်ကို သင်္ဘောပေါ်မှ အတင်းဆွဲချခဲ့ရသည်။
"တာအိုဂိုဏ်းတစ်ခုလုံးကိုယ်စား လူသားဧကရာဇ်ကျန်းကို နတ်ဘုရားလက်နက် ဖူးမြော်ပွဲ တက်ရောက်ဖို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။" တာအိုဂိုဏ်းချုပ် ပိုင်ဟုန်ထူက ရယ်မောရင်း ကျန်းလီအား ပြေးဖက်လိုက်သည်။
ကျန်းလီကလည်း ပြုံးလျက် ပြန်ဖက်လိုက်ပြီး ပိုင်ဟုန်ထူ၏ကျောကို .... အသာအယာ ပုတ်လိုက်သည်။
ပိုင်ဟုန်ထူမှာ မျက်နှာတွင် အပြုံးမပျက်သော်လည်း နာကျင်မှုကို အံကြိတ်ကာ ခံစားနေရရှာသည်။
ပိုင်ဟုန်ထူ၏နောက်ကွယ်တွင် တာအိုဂိုဏ်းသား ထောင်ချီ၍ နေရာယူထားကြပြီး - "လူသားဧကရာဇ်ကို ကြိုဆိုပါတယ်။" ဟု ပြိုင်တူ ဟစ်အော်ကြသည်။
ပိုင်ဟုန်ထူသည် ကျန်းလီအား အမှန်တကယ် စေတနာပါပါ ကြိုဆိုနေခြင်းဖြစ်ကြောင်း သိသာလှသည်။
"သူတော်စင်ကျန့်ရှင်းလည်း ပါတာပဲ။ မတွေ့တာကြာပေမဲ့ လူသားဧကရာဇ်ကျန်းနဲ့ ဆက်ဆံရေးက အရင်အတိုင်းပဲနော်"
သူတော်စင်ကျန့်ရှင်းသည် အပြုံးမပျက်အောင် အသည်းအသန်ထိန်းထားရပြီး နေရာတင် ထမရိုက်မိအောင် ကြိုးစားနေရသည်။
"မင်းကို မေးဖို့ မေ့နေတာ... ကျိုကျိုး ကမ္ဘာစောင့်အစီအရင်အခြေအနေ ဘယ်လိုရှိလဲ၊ ပြီးတော့မှာလား"
ပိုင်ဟုန်ထူက မျက်နှာပျက်သွားပြီး - "လာလာချင်း ဒီလို အာရုံနောက်စရာတွေ မမေးစမ်းပါနဲ့ဦး။ အဲ့ဒီ အစီအရင်ကို သုတေသနလုပ်နေရတာနဲ့ ငါ့ဆံပင်တွေတောင် အကုန်ပြောင်တော့မယ်။ ပျော်စရာကောင်းတာလေးတွေပဲ ပြောရအောင်" ဟု ညည်းတွားလိုက်သည်။
ကျန်းလီက နှုတ်ခမ်းမဲ့ကာ - "အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ဆိုတာ သွေးတစ်စက်ရှိရင်တောင် ပြန်ရှင်နိုင်တာပဲလေ။ ငါ မင်းကို သွေးတစ်စက်ပဲ ကျန်အောင် ထိုးကြိတ်ပေးရမလား၊ ဒါဆိုရင် ခန္ဓာကိုယ်သစ်နဲ့အတူ ဆံပင်တွေလည်း ပြန်ပေါက်လာမှာပေါ့"
"တောက်... မြေပိုင်ရှင်တွေတောင် မင်းလောက် ရက်စက်မှာ မဟုတ်ဘူး။"
ထို့နောက် ပိုင်ဟုန်ထူက ပြုံးရွှင်သွားပြီး - "ကံကောင်းလို့ ငါ အဲ့ဒီ အစီအရင်ကို ရှာတွေ့သွားပြီ။ အခု လိုအပ်နေတာက အစီအရင်ရဲ့ ဗဟိုချက်အဖြစ် သုံးဖို့ နတ်ဘုရားလက်နက်တစ်ခုပဲ ကျန်တော့တယ်"