အခန်း (၁၃၂၃-၁၃၂၄)
Vol. 76 Ch. 1323-1324
အပိုင်း (၁၃၂၃)
တောင်ဘက်သို့ ဦးတည်၍ မိုင်ပေါင်း သုံးထောင်ခန့် ပျံသန်းပြီးနောက်တွင် ကျူးဟုန်ရွှဲ့ ရုတ်တရက် အော်ဟစ်လိုက်၏။
“အင်ပါယာ ရောက်ရှိလာပြီ။ မြို့တော် မိုကျင်းဆီ ကြွမြန်းမယ်။ တော်ဝင်ချန်အင်ပါယာ စစ်သည်တော် အပေါင်း... အင်ပါယာကို ကြိုဆိုကြ။”
ခဏအကြာတွင် အောက်ဘက်ရှိ ကျယ်ပြောလှသော ရေခဲပြင်ကြီး ရုတ်တရက် ကွဲအက်သွားပြီး ပျံသန်းရေး သားရဲ ဒါဇင်ပေါင်းများစွာ ကောင်းကင်သို့ ပျံတက်လာကြသည်။
ပျံသန်းရေး သားရဲများပေါ်မှ စစ်သည်တော် ဒါဇင်ပေါင်းများစွာသည် ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်ကာ တုန်ယင်စွာဖြင့် ကြွေးကြော်ကြ၏။ “အရှင် အသက်ရာကျော် ရှည်ပါစေ၊ အရှင် အသက်ရာကျော် ရှည်ပါစေ၊ အရှင် အသက်ရာကျော် ရှည်ပါစေ။”
ထိုစစ်သည်တော်များသည် အလွန် စိတ်လှုပ်ရှားလွန်းသဖြင့် ပေါက်ကွဲထွက်မတတ် ဖြစ်နေကြသည်။ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော လောကကြီး ဖြစ်သော်လည်း သူတို့သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲနေပြီး အသက်ရှူရ ခက်ခဲနေကြသည်။
သူတို့ရှေ့မှ အရှင်ရှမ့်လန်သည် ပုံတူပန်းချီကားနှင့် ကွဲပြားနေသော်လည်း သူတို့သည် ကျူးဟုန်ရွှဲ့ကို ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တပ်မှုးကြီး ကျူးဟုန်ရွှဲ့၏ နောက်လိုက်များအဖြစ် ဆယ်စုနှစ်များစွာ နေလာခဲ့ကြသောကြောင့်ပင်။
ထိုလူများသည် ရှမ့်လန်ကို အလယ်မှ ဝိုင်းရံကာ တောင်ဘက်သို့ တစ်ဖန် ပျံသန်းသွားကြသည်။ တောင်ဘက်သို့ ဆက်လက် ပျံသန်းရင်း အပူချိန်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့၏။ နောက်ဆုံးတွင် ရှမ့်လန်သည် ပင်လယ်ကို ပြန်မြင်လိုက်ရသည်။ အရည်ဖြစ်နေသော ပင်လယ်ကို နောက်ဆုံးမှ ပြန်မြင်လိုက်ရခြင်း ဖြစ်၏။
အပူချိန် မြင့်တက်လာခြင်းနှင့် ပင်လယ်ရေ ခဲမနေခြင်းတို့သည် အင်ပါယာကျန်းလီ၏ ထိန်းချုပ်မှုမှ တဖြည်းဖြည်း ကင်းလွတ်လာပြီ ဖြစ်ကြောင်း ပြသနေသည်။ သေချာသည်မှာ ဤနေရာတွင် လေထုက ပါးလွှာနေဆဲပင်။
တောင်ဘက်သို့ မိုင်ပေါင်း သုံးထောင်ကျော် ပျံသန်းပြီးနောက် သူတို့သည် အနောက်ဘက်သို့ တစ်ဖန် ဦးတည်ကြပြန်သည်။ ရက်ပေါင်းများစွာ နေ့ရောညပါ ပျံသန်းပြီးနောက် မိုင်ပေါင်းသောင်းချီ ခရီးပေါက်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့ ကုန်းမြေကို မြင်တွေ့လိုက်ရသည်။
သို့သော်ငြား ဤနေရာသည် အဆုံးမဲ့ သဲကန္တာရကြီး ဖြစ်သည်။ ဤသည်မှာ မိုင်တစ်သောင်း တော်ဝင် သဲကန္တာရကြီးပင် ဖြစ်သည်။ အလင်းနယ်မြေသည် ဤမိုင်တစ်သောင်း တော်ဝင်သဲကန္တာရ၏ ထောင့်တစ်နေရာတွင် ပုန်းအောင်းနေပြီး ရှေးဟောင်း စွမ်းအင် အစီအရင်ဖြင့် ကာကွယ်ထား၏။
ကျန်းလီသည် ရှေးဟောင်းလူသား ကျွမ်းကျင်ပညာရှင်များ အပါအဝင် လူပေါင်းများစွာ စေလွှတ်ခဲ့သော်လည်း မည်သူမှ မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အမှောင်အင်ပါယာ ၏ အထက်လူကြီးများသည် မင်းသမီးရှမ့်မီကို ငါးစာအဖြစ် အသုံးပြု၍ မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ဤနေရာကို တော်ဝင်ချန် အင်ပါယာ၏ မြို့တော် မိုကျင်း ဟု ခေါ်ဝေါ်ကြသည်။ ဤနေရာသည် လူသားများ၏ နောက်ဆုံး သန့်ရှင်းနယ်မြေ၊ နောက်ဆုံး မျှော်လင့်ချက် နယ်မြေ၊ အလင်းနယ်မြေ ဖြစ်သကဲ့သို့ တော်ဝင်ချန်အင်ပါယာ၏ ကျန်ရှိနေသော နောက်ဆုံး အင်အားစုလည်း ဖြစ်၏။
အလွန် နီးကပ်နေပုံရသော်လည်း အမှန်တကယ်တွင် မိုင်တစ်ထောင်နီးပါး ဝေးကွာသေးသည်။ ခဏ အကြာတွင် စစ်သည်တော်များသည် ရှမ့်လန်ကို မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ၏ ကောင်းကင်ယံသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသည်။
ကောင်းကင်ပင်လယ်နန်းဆောင်သည် ဤမိုင်တစ်သောင်း တော်ဝင်သဲကန္တာရကို တိုင်းတာခဲ့ပြီး ဖြစ်သည်။ ဧရိယာ စတုရန်းကီလိုမီတာ သန်း ၁၃၀ ခန့် ရှိပြီး လောကကုန်းမြေဧရိယာ၏ ထက်ဝက်နီးပါး ရှိသည်။ ရှီလွန် အင်ပါယာနှင့် အရှေ့တိုင်းအင်ပါယာ နှစ်ခုပေါင်း ဧရိယာထက် လေးဆ ပိုကြီးမား၏။
မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ အထက်သို့ရောက်ချိန်မှာတော့ ကျူးဟုန်ရွှဲ့က တဖန် အော်ဟစ် လိုက်ပြန်သည်။ “တော်ဝင်ချန်အင်ပါယာရဲ့ အင်ပါယာ ရောက်ရှိလာပြီ။ အားလုံး လာရောက် ကာကွယ်ကြ။ အင်ပါယာ ရောက်ရှိလာပြီ။ လာရောက် ကာကွယ်ကြ။”
ကျူးဟုန်ရွှဲ့၏ အော်ဟစ်သံအဆုံးတွင် မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ အတွင်းရှိ သဲခုံများ လှုပ်ရှားလာပြီး သဲမုန်တိုင်းများ ဝဲပျံတက်လာကြသည်။ ထို့နောက် တပ်တော် တစ်ခု ပေါ်ထွက်လာခဲ့သည်။ ပျံသန်းရေး သားရဲ အမျိုးမျိုး စီးနင်းထားသော စစ်သည်တော် ရာပေါင်းများစွာ ရှိသည်။ ခေါင်းဆောင်မှာ အမျိုးသမီး တပ်မှုး တစ်ဦး ဖြစ်၏။
ရှမ့်လန် သူမကို ကြည့်လိုက်ပြီး အံ့အားသင့်သွားမိသည်။
‘ဒါ မင်းသမီး နင်ဟန် မဟုတ်လား။ ငါ့ရဲ့ ရန်သူတော်ကြီး မင်းသမီး နင်ဟန် မဟုတ်လား။’
...
မင်းသမီးနင်ဟန်ကို မြင်လိုက်ရချိန်မှာတော့ ရှမ့်လန် အမှန်တကယ်ပင် ခေတ္တမျှ ကြောင်အသွားရသည်။ သေချာသည်မှာ မင်းသမီး နင်ဟန် မသေဆုံးသေးကြောင်း ရှမ့်လန် မျှော်လင့်ထားပြီး ဖြစ်သည်။ ပထမဆုံး အချက်အနေဖြင့် သူမ၏ အလောင်းကို သူ မမြင်တွေ့ခဲ့ရပေ။
အရေးအကြီးဆုံးမှာ ကျိုးရှီနှင့် ပြန်လည် တွေ့ဆုံစဉ်က ကျိုးရှီသည် မည်သည့် ဝမ်းနည်းပူဆွေးမှုကိုမှ မပြသခဲ့ခြင်း ဖြစ်သည်။ သေချာသည်မှာ ကျိုးရှီကဲ့သို့ ပုဂ္ဂိုလ်ကြီးတစ်ဦးသည် စိတ်ခံစားမှုကို အလွန်အကျွံ ပြသမည် မဟုတ်ချေ။
သို့သော်ငြား သူ့တွင် သားသမီး မရှိသဖြင့် နင်ဟန်ကို သမီးအရင်းကဲ့သို့၊ ဆက်ခံသူကဲ့သို့ သဘောထားခဲ့သည်။ နင်ဟန် သေဆုံးသွားပါက သူ မည်သို့ ဝမ်းမနည်းဘဲ နေမည်နည်း။ ရှမ့်လန်ကို တွေ့ချိန်မှာတော့ ဤမျှ လျစ်လျူရှုထားနိုင်မည်လား။
ထို့အပြင် ရှမ့်လန်နှင့် နင်ဟန် ထပ်မံတွေ့ဆုံခဲ့စဉ်က ခန္ဓာကိုယ် လဲလှယ်ချင်လားဟု သူမက ရှမ့်လန်ကို မေးမြန်းခဲ့ဖူးသည်။ ထိုစဉ်က ဤမေးခွန်းသည် အစအဆုံးမရှိဘဲ အလွန် ရုတ်တရက် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ရှမ့်လန်၊ ကျူးဟုန်ရွှဲ့နှင့် အခြားသူများသည် မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ၏ အစွန်းဘက်တွင် ဆင်းသက်လိုက် ကြ၏။
မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ ကိုယ်တိုင်က အလွန် ထူးဆန်းလှသည်။ လေးဘက်လေးတန် ပင်လယ် ဝိုင်းရံထားပြီး သိသာထင်ရှားသော တောင်တန်းများ မရှိပေ။ မိုးရွာသွန်းမှုမရှိသလို စိမ်းလန်းသော အပင်များလည်း မရှိပေ။
ပင်လယ်ဘေးတွင် သဲကန္တာရ ရှိနေခြင်းမှာ မဆန်းပြားလှပေ။ ကမ္ဘာမြေပေါ်တွင်လည်း ချီလီနိုင်ငံရှိ အာတာကာမာ သဲကန္တာရကဲ့သို့ရှိကြပြီး အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းတွင်လည်း သဲကန္တာရ များစွာ ရှိကြသည်။ ဤသည်မှာ အထူး ပထဝီဝင် အနေအထားကြောင့် ဖြစ်ပြီး များသောအားဖြင့် တောင်တန်းကြီး နှစ်ခုကြားတွင် ညပ်နေသောကြောင့် ဖြစ်တတ်သည်။
သို့သော်ငြား ဤမိုင်တစ်သောင်း တော်ဝင်သဲကန္တာရသည် လုံးဝ ပြန့်ပြူးနေပြီး စိမ်းလန်းမှုနှင့် သက်ရှိ လုံးဝ မရှိသလောက်ပင်။ ပင်လယ်တွင်လည်း ရေနေသတ္တဝါ မရှိချေ။ စစ်မှန်သော ပင်လယ်သေဟု ခေါ်ဆိုနိုင်၏။
‘ဒါက သိပ်ကို ထူးဆန်းလွန်းတယ်။ ဒီလို ပထဝီဝင် အနေအထားမျိုးက အရမ်း စိုစွတ်နေသင့်တာ။’
ထို့အပြင် စတုရန်းကီလိုမီတာ သန်း ၁၃၀ ကျယ်ဝန်းသော သဲကန္တာရကြီး ဆိုသည်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ နှင်းလင်းယုန် ကဲ့သို့သော ရှေးဟောင်း ပျံသန်းရေး သားရဲများ ရှိနေလျှင်ပင် သဲကန္တာရ အလယ်သို့ ဝင်ရောက်သွားပါက သေချာပေါက် သေဆုံးရပေမည်။
ကျူးဟုန်ရွှဲ့ ရှေ့တိုးသွားပြီး ပြောလိုက်၏။ “မင်းသမီးနင်ဟန် နဲ့ စစ်သည်တော်တွေ... အင်ပါယာကို ဘာလို့ ဂါရဝမပြုကြတာလဲ။”
စစ်သည်တော် ရာပေါင်းများစွာသည် နင်ဟန်ကို ကြည့်လိုက်ကြသည်။ နင်ဟန်သည် ရှမ့်လန်ကို အကြာကြီး စိုက်ကြည့်နေခဲ့သည်။
သူမသည် အရိုးပြာ ဖြစ်သွားလျှင်ပင် မှတ်မိနိုင်သော အဆင့်သို့ မရောက်သေးသော်လည်း ရှမ့်လန်၏ မျက်နှာကို သေချာပေါက် မှတ်မိနေသည်။ သူမရှေ့မှ လူ၏ အရပ်အမောင်းနှင့် မျက်နှာသည် ရှမ့်လန် လုံးဝ မဟုတ်ချေ။ လူပါးဝတတ်သော အငွေ့အသက်ပင် ပျောက်ဆုံးနေ၏။
ရှမ့်လန် နင်ဟန်ကို ကြည့်လိုက်သည်။ သူမ တကယ်ကို အများကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ တကယ်တော့ နင်ဟန်သည် အနောက်ဘက်လောကမှ ပြန်လာပြီးနောက် အသွင်ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်ခဲ့ပြီး ဖြစ်သည်။ ရှမ့်လန် သူမကို ပြန်တွေ့ချိန်မှာတော့ သူမသည် များစွာ ပိုမို လှပလာခဲ့သည်။
ဤတစ်ကြိမ်မှာတော့ နင်ဟန်၏အလှသည် ယောင်ယောင်၏ ဝိညာဉ်မိခင် ဘုရင်မနာလူနှင့် အကန့်အသတ်မရှိ နီးစပ်နေသည်။ သူမ၏ အငွေ့အသက်သည်ပင် အလွန် ဆင်တူနေပြီး ပျောက်ဆုံး အင်ပါယာ၏ ခံစားမှုကို ပေးစွမ်းနေ၏။
သူမသည် အရပ်ရှည်လာရုံသာမက အရေးအကြီးဆုံးမှာ သူမ၏ အငွေ့အသက် ပြောင်းလဲသွားခြင်းပင်။ ထိုဆန်းကြယ်သော အငွေ့အသက်သည် မှော်ဆန်မှု အနည်းငယ် ပါဝင်နေသည်။ အရေးအကြီးဆုံးမှာ သူမ၏ခန္ဓာကိုယ်တွင် မူလ မင်းသမီး နင်ဟန်၏ ပုံရိပ် ၃၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
ရှမ့်လန်သည် ဤ ၃၀ ရာခိုင်နှုန်းအပေါ် မူတည်ပြီး သူမကို မှတ်မိခြင်း ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ သူမ၏ မျက်လုံးများနှင့် သူမ၏ ထူးခြားသော ဝိညာဉ်အငွေ့အသက်ပင် ဖြစ်၏။
ရှမ့်လန်က သံသယဖြင့် မေးလိုက်သည်။ “အဲဒီတုန်းက မင်း...”
နင်ဟန်က ပြန်ဖြေသည်။ “နဂါးနောင်တ ပေါက်ကွဲတုန်းက ကျွန်မ မသေခဲ့ပါဘူး။ ပေါက်ကွဲမှု ဗဟိုချက်နဲ့ ဝေးတဲ့ နေရာမှာ ရှိနေလို့၊ ပြီးတော့ ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားလို့ ဒဏ်ရာအပြင်းအထန်ပဲ ရခဲ့ပြီး အချိန်မီ လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ရှေးဟောင်း စွမ်းအင်ဗဟိုချက် ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရလို့ တစ်ကိုယ်လုံး ကျွမ်းမတတ် လောင်ကျွမ်းသွားခဲ့တယ်။ ဆရာက ကျွန်မကို ကယ်တင်ပြီး ခန္ဓာကိုယ် လဲလှယ်ပေးခဲ့တာပါ။”
ရှမ့်လန်သည် မင်းသမီးနင်ဟန်ကို သံသယဖြင့် ကြည့်ကာ ပြောလိုက်၏။ “ခန္ဓာကိုယ် ပြောင်းလဲပြီးတဲ့နောက် မျက်နှာက အရင်ရုပ်ရည်နဲ့ တော်တော်လေး ဆင်တူပေမဲ့ ဟန်ပန်အမူအရာတွေကတော့ အရမ်း ပြောင်းလဲသွားတယ်။ စွမ်းအင်အငွေ့အသက်တွေကလည်း ကျန်နေသေးတယ်။ ခန္ဓာကိုယ်အသစ်က အရင်က ခင်ဗျားရဲ့ ရုပ်ရည်နဲ့ ဆင်တူလို့လား။””
သေချာသည်မှာ သူမ၏ရုပ်ရည်သည် ပိုမို လှပလာခဲ့သည်။ ယခုအခါ သူမသည် ဘုရင်မနာလူနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
မင်းသမီး နင်ဟန်က ပြန်ပြော၏။ “ရုပ်ရည်က စိတ်နှလုံးနောက် လိုက်တယ်လို့ ပြောရမလား။”
အမှန်တကယ်တော့ ဤခန္ဓာကိုယ်သည် မူလက မင်းသမီးနင်ဟန်နှင့် သိပ်မတူသော်လည်း ဝိညာဉ် ဝင်ရောက်သွားပြီးနောက် လူနှစ်ဦး၏ ရုပ်ရည်သည် တဖြည်းဖြည်း သဟဇာတ ဖြစ်လာခြင်း ဖြစ်သည်။ ဘုရင်မမီဒူဆာနှင့် ချောင်ယောင်းအာ တို့တွင်လည်း ထိုကဲ့သို့ ဖြစ်ခဲ့ဖူးသည်။
ရှမ့်လန် မင်းသမီးနင်ဟန်ကို အကြာကြီး ကြည့်ပြီး ပြောလိုက်သည်။ “မိစ္ဆာတြိဂံနယ်မြေ အနီးမှာ ကျုပ် ပျောက်ဆုံးသွားတုန်းက ကျုပ်ကိုဖမ်းဖို့ လူလွှတ်ပြီး စွန့်စားဝင်ရောက်ခိုင်းခဲ့မှာ သေချာတယ်။ ဦးဆောင်တဲ့သူက ခင်ဗျား ဖြစ်လောက်တယ်။ ဒါကြောင့် ခင်ဗျား မိစ္ဆာတြိဂံနယ်မြေထဲ ဝင်သွားခဲ့တယ်။ ဒါပေမဲ့ ကျုပ်မိသားစုကို မေးကြည့်တော့ ခင်ဗျားကို အတွင်းထဲမှာ လုံးဝမတွေ့ခဲ့ဘူးလို့ ပြောတယ်။ ဘာဖြစ်ခဲ့တာလဲ။”
မင်းသမီး နင်ဟန်က ရှင်းပြသည်။ “လောကတံတိုင်းကို ကျော်ဖြတ်လို့ မရဘူး။ ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ စစ်သင်္ဘောက မိုးကြိုးဒဏ်ခံနိုင်ပေမဲ့ မိစ္ဆာတြိဂံနယ်မြေရဲ့ လောကတံတိုင်းထဲ ဝင်သွားတာနဲ့ တစ်စစီ ကြေမွသွားမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီမှာ မိုးကြိုး၊ ဝဲကတော့၊ လေဆင်နှာမောင်း နဲ့ အန္တရာယ် အမျိုးမျိုး ရှိနေလို့လေ။ အဲဒီတုန်းက ကျွန်မ သိုင်းပညာ တော်တော် မြင့်နေပြီဆိုပေမဲ့ ဝင်သွားပြီးတာနဲ့ ချက်ချင်း မေ့လဲသွားပြီး သေမလို ဖြစ်သွားခဲ့တယ်။”
မှန်ပေသည်။ ထိုစဉ်က မင်းသမီးနင်ဟန်၏ သိုင်းပညာဖြင့် မိစ္ဆာတြိဂံနယ်မြေထဲ ဝင်ရောက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း သတ်သတ်သာ ဖြစ်သည်။ မိုင်ရာချီ ကျယ်ဝန်းသော အမှောင်မြူခိုးများကို ဖြတ်ကျော်နိုင်မည် မဟုတ်သကဲ့သို့ မရေမတွက်နိုင်သော ပင်လယ်မွန်းစတားများကိုလည်း တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ဤပင်လယ်မွန်းစတားအများစုသည် ဝိညာဉ်အမျိုးအစားများ ဖြစ်ကြ၏။
မင်းသမီးနင်ဟန်က ဆက်ပြောသည်။ “ကျွန်မ သတိပြန်ရလာတော့ မိစ္ဆာတြိဂံနယ်မြေထဲက ပိရမစ် တစ်ခုရဲ့ အောက်ခြေကို ရောက်နေပြီ။ ပင်လယ်မွန်းစတား ဒါဇင်ပေါင်းများစွာ ကျွန်မကို ဝိုင်းထားကြတယ်။ ကျွန်မနဲ့ မလှမ်းမကမ်းမှာ ခန္ဓာကိုယ်တစ်ခု ထည့်ထားတဲ့ ခေါင်းတလား တစ်လုံး ရှိနေတယ်။”
ဤအရာက ထူးဆန်းနေ၏။ ရှမ့်လန်သည် နာလူနိုင်ငံတော်၏ မြေအောက် သင်္ချိုင်းဂူကို ရောက်ဖူးသည်။ ထိုနေရာ၌ မီဒူဆာတော်ဝင်မိသားစု၏ ဝိညာဉ်များကို သိမ်းဆည်းထားခြင်း ဖြစ်ပြီး ခန္ဓာကိုယ် မဟုတ်ပေ။ ကြီးမားသော အပြောင်းအလဲတစ်ခုကြောင့် ဘုရင်မနာလူ၏ ဝိညာဉ် စောစီးစွာ နိုးထလာပြီး ထိုအချိန်တွင် ချောင်ယောင်းအာ နှင့် ကြုံကြိုက်သွားခဲ့သည်။ ထို့ကြောင့် ဘုရင်မနာလူ၏ ဝိညာဉ်သည် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ စုန်းအင်ပါယာကို တည်ထောင်ခဲ့ခြင်း ဖြစ်၏။
သို့သော်ငြား ပျောက်ဆုံးအင်ပါယာက ခန္ဓာကိုယ် သိမ်းဆည်းထားသည်ဆိုခြင်းကို သူ တစ်ခါမှ မကြားဖူးပေ။ ထို့အပြင် ဝိညာဉ်က ခန္ဓာကိုယ် အသစ်တစ်ခုထဲ ဝင်ရောက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
အနည်းဆုံးတော့ ကျန်းလီ မလာခင်မှာ ခန္ဓာကိုယ် လဲလှယ်ခြင်းကို တကယ် လုပ်နိုင်သူ တစ်ယောက်သာ ရှိသည်။ ထိုသူမှာ မဟာကပ်ဘေး ဘုရားကျောင်းမှ ကန်ဝမ်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုပညာရပ်ကို ကျွမ်းကျင်သူ ဖြစ်သောကြောင့်ပင်။
ထိုသို့ ကျွမ်းကျင်သူရှိလျှင်ပင် ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်သည်နှင့် ပျက်စီးသွားတတ်သဖြင့် သရဲမြို့တော် သို့မဟုတ် ချော်ရည်ပင်လယ်ကဲ့သို့သော နေရာမျိုးတွင်သာ ပြုလုပ်၍ ရနိုင်သည်။
ရှမ့်လန်က မေးလိုက်၏။ “ဒါဆို ခင်ဗျား ဘယ်လိုလုပ် အသွင်ပြောင်းလဲသွားတာလဲ။ ဘာလို့လဲဆိုတော့ ကျုပ် နောက်ဆုံး ခင်ဗျားကိုတွေ့တုန်းက ခန္ဓာကိုယ် မလဲရသေးဘဲနဲ့ အရမ်း သန်မာနေပြီ၊ အရမ်း လှပနေပြီ။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အနှစ်သာရ ကြောင့်ပဲလား။”
မင်းသမီး နင်ဟန်က ပြောလိုက်သည်။ “ကျွန်မ မသိဘူး။ ဘာလို့လဲဆိုတော့ ကျွန်မ နိုးလာတဲ့အချိန်မှာ အဲဒီလို ဖြစ်နေပြီ။ ပြီးတော့ ပင်လယ်မွန်းစတား တစ်ကောင်က ကျွန်မကို ကောင်းကင်ပေါ် ခေါ်သွားတယ်။ ဘာမှ မရှိတဲ့ နေရာတစ်ခုကို ရောက်သွားတယ်။ မျက်လုံးဖွင့်လိုက်တာနဲ့ နှိုင်းယှဉ်လို့ မရနိုင်လောက်အောင် ဆန်းကြယ်ပြီး အားကောင်းတဲ့ စွမ်းအားတစ်ခု ကျွန်မ ဦးနှောက်ထဲ ဝင်ရောက်လာသလို ခံစားလိုက်ရတယ်။ ကျွန်မကို အများကြီး ပြောပြနေသလိုပဲ။ ဒါပေမဲ့ ကျွန်မ ဘာမှ နားမလည်ခဲ့ဘူး။”
ဘုရင်မမီဒူဆာ ရုပ်တု။
မင်းသမီးနင်ဟန်သည် သူမ၏ ရုပ်တု မျက်လုံးများကို မြင်ခဲ့မည်မှာ သေချာသည်။ သို့သော်ငြား ထိုစဉ်က နင်ဟန်၏ စိတ်စွမ်းအားသည် အလွန် အားနည်းနေသဖြင့် ၀.၀၁ စက္ကန့်တောင် တောင့်မခံနိုင်ခဲ့ပေ။
မင်းသမီး နင်ဟန်က ဆက်ပြော၏။ “ပြီးတော့ မိစ္ဆာတြိဂံနယ်မြေထဲက ပင်လယ်မွန်းစတားတစ်ကောင်က ကျွန်မကို ပြန်ပို့ပေးခဲ့တယ်။ ပြီးတော့ သူတို့က ကျွန်မကို ခေါင်းတလား တစ်လုံးထဲ ထည့်ပြီး အဲဒီ ခန္ဓာကိုယ်နဲ့ အတူတူ သယ်ထုတ်လာခဲ့တာ။”
ရှမ့်လန်က ပြောလိုက်သည်။ “အဲဒီ ပင်လယ်မွန်းစတားက ဘယ်လို ပုံစံလဲ။”
မင်းသမီးနင်ဟန်သည် ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်၏။ “အရမ်း၊ အရမ်း ထူးဆန်းတယ်။ ဖော်ပြလို့ မရနိုင်လောက်အောင်ပဲ။ ဝိုးတဝါးနဲ့၊ လူမျက်နှာပုံစံ ရှိပေမဲ့ မတူပြန်ဘူး။ လူခန္ဓာကိုယ် ရှိသလိုလို၊ ဒါပေမဲ့ ပင်လယ်ထဲမှာ ကူးခတ်နေတာ။”
ရှမ့်လန်က မေးလိုက်သည်။ “ပြီးတော့ရော...”
မင်းသမီး နင်ဟန်က ပြောလိုက်၏။ “အဲဒီတုန်းက ကျွန်မခေါင်းထဲမှာ သတင်းအချက်အလက်တွေ အများကြီး ရှိနေသလိုပဲ၊ ဒါပေမဲ့ ဘာမှ အဓိပ္ပာယ်ဖော်လို့ မရဘူး။ ဘာမှ နားမလည်ဘူး။”
ထိုအရာမှာ ပုံမှန်ပင် ဖြစ်သည်။ ဘုရင်မမီဒူဆာ ပေးလိုက်သော ဝိညာဉ်သတင်း အချက်အလက်များသည် အလွန် နက်နဲပြီး ရှုပ်ထွေးသဖြင့် သာမန်လူများ ဖတ်တတ်မည် မဟုတ်ပေ။
“ဖတ်မတတ်တော့ ကျွန်မ သိပ်ဂရုမစိုက်ခဲ့ဘူး။ အဲဒီတုန်းက ကျွန်မ ခေါင်းထဲမှာ အတွေးတစ်ခုတည်းပဲ ရှိတယ်။ ရှင့်ကို သတ်ဖို့ပဲ။”
အပိုင်း (၁၃၂၄)
မင်းသမီး နင်ဟန်က တည့်တိုးပင် ပြောလိုက်၏။ “ဒါပေမဲ့ ရှင့်ကို မသတ်နိုင်ရုံတင် မကဘူး။ ကျွန်မတောင် ရှင့်လက်ချက်နဲ့ သေမလို ဖြစ်ခဲ့တယ်။ တကယ်တော့ ကျွန်မ ဒီခန္ဓာကိုယ်ကိုလဲဖို့ တော်တော် တွန့်ဆုတ်ခဲ့တာ။ ဘာလို့လဲဆိုတော့ သူက ကျွန်မကို အချိန်တိုင်း ခေါ်နေသလိုပဲ။ ကျွန်မ ခေါင်းထဲမှာ ခေါ်သံတစ်ခု ကြားနေရတယ်။ ခန္ဓာကိုယ်အသစ်ထဲ ဝင်ဖို့လေ။ ဒါပေမဲ့ ကျွန်မ မလိုချင်ခဲ့ဘူး။ မလိုချင်ခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် ဖြစ်ခွင့်ရှိရင် ဘယ်သူက သူများ ဖြစ်ချင်မှာလဲ။”
မှန်ပေသည်။ ရှမ့်လန်လည်း အစအဆုံး သူ့ဘာသာ သူသာ ဖြစ်ချင်ခဲ့သည်။
မင်းသမီး နင်ဟန်က ပြောလိုက်၏။ “နောက်ဆုံးတော့ ရှင်နဲ့တိုက်ပွဲအပြီးမှာ ကျွန်မ မီးလောင်သွားလို့ ခန္ဓာကိုယ် လဲလိုက်ရတော့တာပဲ။ ရှမ့်ကုန်းဘုရားကျောင်းက ဆရာတော်ရဲ့ အကူအညီနဲ့ ဆရာက ဒီခန္ဓာကိုယ်ကို လဲပေးခဲ့တာ။”
‘ကန်ဝမ် ပါလာပြန်ပြီလား။ သူက နေရာတိုင်းမှာပါလား။’
“အရာအားလုံးက ကံစီမံရာအတိုင်း ဖြစ်ပုံရတယ်။”
မင်းသမီး နင်ဟန် သက်ပြင်းချလိုက်၏။ “မူလက ကျွန်မ ခေါင်းထဲက ဝိညာဉ် သတင်းအချက်အလက်တွေကို နားမလည်ခဲ့ပေမဲ့ ခန္ဓာကိုယ်လဲပြီးတဲ့နောက်မှာ အရာအားလုံးကို နားလည်သွားခဲ့တယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ဘုရင်မမီဒူဆာ ခင်ဗျားကို ပေးခဲ့တဲ့ ဝိညာဉ် သတင်းအချက်အလက်က ဘာလဲ။”
မင်းသမီး နင်ဟန်က ဖြေ၏။ “ရှင်က အရမ်း ဉာဏ်ကောင်းတာပဲ။ စမ်းပြီး မခန့်မှန်းကြည့်ဘူးလား။”
ရှမ့်လန်က ပြောလိုက်သည်။ “မိုင်တစ်သောင်း သဲကန္တာရ အပျက်အစီး အမွေအနှစ်ရဲ့ လိပ်စာလား။”
မင်းသမီး နင်ဟန်က ပြောလိုက်သည်။ “ဟုတ်တယ်။ အဲဒီအချိန်တုန်းက အလင်းတန်းက ကျွန်မ ဦးနှောက်ထဲ ဝင်လာပြီး ပေါက်ကွဲထွက်မတတ် ဖြစ်သွားပေမဲ့ ကျွန်မကို အရာတစ်ခုတည်း ပေးခဲ့တယ်။ အဲဒါက မိုင်တစ်သောင်း သဲကန္တာရ အပျက်အစီးရဲ့ ဝင်ပေါက်ပဲ။”
အံ့ဩဖွယ်ရာ မရှိတော့ပေ။ မိုင်တစ်သောင်း သဲကန္တာရအတွင်းရှိ ရှေးဟောင်း အပျက်အစီးများကို မည်သူမှ ရှာမတွေ့နိုင်သော်လည်း ကောင်းကင်ပင်လယ်နန်းဆောင်က ရှာတွေ့သွားခြင်းမှာ ထူးဆန်းသောအမှု မဟုတ်တော့ချေ။
တစ်စုံတစ်ယောက်က သူတို့အား လမ်းပြပေးခဲ့ခြင်း ဖြစ်နိုင်၏။ ဤအရာသည် အမှန်တကယ်ပင် ဆန်းကြယ်လွန်းလှသည်။ ခြေလှမ်းတိုင်းသည် ကြိုတင်စီစဉ်ထားသည့် အတိုင်း ဖြစ်ပျက်နေသကဲ့သို့ ရှိသည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆို ခင်ဗျား မိုင်တစ်သောင်းသဲကန္တာရရဲ့ ဝင်ပေါက်ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ။”
မင်းသမီးနင်ဟန်သည် ပြုံးလိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ နေလိုက်၏။ အမှန်တရားမှာ ရိုးရှင်းလှသည်။ သူမအဖို့ ရှာဖွေနေရန် မလိုအပ်ချေ။ သူမ မျက်တောင်ခတ်လိုက်သည်နှင့် လောကကြီး တစ်ခုလုံး၏ ပုံရိပ်သည် လုံးဝ ပြောင်းလဲသွားပြီး အလွန် ထူးဆန်းသော မြင်ကွင်းနယ်ပယ်ထဲသို့ ရောက်ရှိသွားသောကြောင့်ပင်။
ထိုမြင်ကွင်းနယ်ပယ်ထဲတွင် ကျယ်ပြောပြီး အဆုံးမရှိသောမြို့တော်ကြီး တစ်ခု တည်ရှိနေ၏။ မိုင်ပေါင်း ထောင်ချီ ရှည်လျားသော ခမ်းနားထည်ဝါသည့် မြို့တော်ကြီး၊ ခမ်းနားထည်ဝါသည့် နိုင်ငံတော်ကြီး တစ်ခု ဖြစ်သည်။
သူမ၏အထူး မြင်ကွင်းနယ်ပယ်ထဲတွင် ဤနေရာသည် မိုင်တစ်သောင်း သဲကန္တာရ မဟုတ်တော့ဘဲ စိမ်းလန်းသော သစ်ပင်များ၊ ပန်းများ၊ ငှက်များနှင့် ပန်းရနံ့များ ပြည့်နှက်နေသော မြို့တော်ကြီးတစ်ခု ဖြစ်၏။ ပျားရည်များ စီးဆင်းနေသော မြို့တော်ကြီး တစ်ခု ကဲ့သို့ပင်။
ပို၍ထူးဆန်းသည်မှာ ဤမြို့တော်ကြီးသည် အဆက်မပြတ် ရွေ့လျား ပြောင်းလဲနေခြင်း ဖြစ်သည်။ မြို့တော်ထဲရှိ အိမ်တိုင်းသည် အချိန်တိုင်း ရွေ့လျားနေကြ၏။ မြို့တော်ထဲရှိ မြို့ငယ်တိုင်းသည်လည်း အချိန်တိုင်း ရွေ့လျားနေကြပြီး မည်သည့် ပုံသေနည်းမှ မရှိချေ။
သေချာသည်မှာ ဤအမြင်အာရုံ သက်ရောက်မှုသည် ခေတ်သစ် ကမ္ဘာမြေဂြိုဟ်ပြာပေါ်ရှိ AR (Augmented Reality) နည်းပညာနှင့် ဆင်တူနေပေသည်။
(AR ဆိုသည်မှာ လက်တွေ့မြင်ကွင်းပေါ်တွင် ကွန်ပြူတာ နဲ့ ဖန်တီးထားသော ပုံရိပ်များ ၊ အသံများနှင့် တခြား အချက်အလက်များ ထည့်ပေါင်းထည့်ထားခြင်း ဖြစ်သည်။
VR နှင့် မတူပေ။ VR က သုံးစွဲသူကို အတုအယောင်ကမ္ဘာထဲ ရောက်ရှိသွားစေခြင်းဖြစ်သည်။ ထိုသို့ရောက်စေရန် မျက်မှန်ကို သုံးကြသည်။)
ဤသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့စဉ်က မိုင်တစ်သောင်း သဲကန္တာရ၏ မူလပုံစံ ဖြစ်၏။ ၎င်းသည် တစ်ချိန်က ကြီးမားသော အင်ပါယာမြို့တော်ကြီး တစ်ခု ဖြစ်ခဲ့သော်လည်း ကပ်ဘေးကြောင့် ကြီးမားသော သဲကန္တာရကြီး အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။
ထိုနေရာရှိ မြို့တော်အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး တစ်ခု၊ နှစ်ခုလောက်သာ ကျန်ရစ်ခဲ့ကာ ကျန်သောအရာ အားလုံး သဲဝါများ အဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ကျန်ရစ်ခဲ့သော ရှေးဟောင်း မြို့ပြနိုင်ငံများမှာမူ ဖရိုဖရဲနှင့် စည်းစနစ်မကျဘဲ ဆက်လက် ရွေ့လျားသွားကြ၏။ ထို့ကြောင့် ဝင်ပေါက်သည် အဆက်မပြတ် ပြောင်းလဲနေပြီး မည်သည့် ပုံသေနည်းမှ တွက်မရခြင်း ဖြစ်ပေသည်။
ထိုမျှမကသေးပေ။ ဤမြို့တော်ကြီးတွင် အားကောင်းသော ဝိညာဉ်စွမ်းအား ရှိနေဆဲဖြစ်ပြီး မြို့တော် အပျက်အစီးများကို လုံးဝနီးပါး ဖုံးကွယ်ထားနိုင်၏။ အာကာသခေါက်ချိုးခြင်း သဘောတရား တစ်မျိုး ကဲ့သို့ပင်။
(ဥပမာ - စက္ကူတစ်ရွက်၏ ထိပ်တစ်ဖက်စီတွင် အစက် နှစ်စက် ချထားသည်ဟု မြင်ယောင် ကြည့်နိုင်လေသည်။ ထိုအစက်နှစ်ခုကြားသို့ မျဉ်းဖြောင့်ဆွဲကသွားခြင်းသည် သာမန် ခရီးသွားခြင်း ဖြစ်၏။ သို့သော် ထိုစက္ကူကို ထက်ဝက် ခေါက်ချိုးလိုက်ပြီး အစက်နှစ်ခုကို ထိကပ်သွားစေခြင်းသည် အာကာသ ခေါက်ချိုးခြင်းပင် ဖြစ်သည်။ ထိုအခါ ခရီးအကွာအဝေးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး တစ်နေရာမှ တစ်နေရာသို့ ချက်ချင်း ရောက်ရှိသွားပေမည်။ - ဘာသာပြန်သူ)
အတိုချုပ်ဆိုရသော် မိုင်တစ်သောင်း သဲကန္တာရ၏ ရှေးဟောင်း အပျက်အစီးများကို မည်သူမှ ရှာမတွေ့နိုင်ပေ။ ထို့ကြောင့် ကျန်းလီ၏အမှောင်အင်ပါယာသည် လူပေါင်းများစွာ စေလွှတ်ခဲ့သော်လည်း ဝင်ပေါက်ကို ရှာမတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဤနေရာသည် အင်ပါယာကျန်းလီနှင့် လုံးဝ ဝေးကွာနေခြင်း ဖြစ်၏။ ငရဲသလင်းကျောက်၏ လွှမ်းခြုံမှုမရှိသကဲ့သို့ ကျန်းလီ၏ အာဏာစက်ဝန်း အတွင်း၌လည်း မရှိပေ။
သို့သော်ငြား အလွန် ထူးဆန်းနေပြန်သည်။ အဘယ်ကြောင့် နင်ဟန်ကို ရွေးချယ်ခဲ့သနည်း။ သူမ၌ မည်သို့သော ထူးခြားချက် ရှိနေသနည်း။ သေချာသည်မှာ သူမက သဘာဝလွန် အင်အားစု တစ်ခု၏ ဆက်ခံသူ ဖြစ်နေသဖြင့် ထူးခြားကောင်း ထူးခြားနိုင်သည်။ သို့သော်ငြား လောကကြီးတစ်ခုလုံးတွင် သူမသည် ထူးခြားသည့် တစ်ဦးတည်းသောသူ မဟုတ်ချေ။
သူမ၏ အထူးခြားဆုံး အချက်ကို ထောက်ပြရမည် ဆိုပါက သူမ၏ အထောက်အထားပင် ဖြစ်သည်။ သူမက ရှမ့်လန်၏ ပထမဆုံး စေ့စပ်ထားသူ ဖြစ်သည်။ မှန်ပေသည်။ သူမက ပထမဆုံး စေ့စပ်ထားသူ ဖြစ်၏။ ရှမ့်လန်နှင့် သူမ၏စေ့စပ်မှုသည် မင်းသမီး ကျိရွှမ်ထက်ပင် ပိုမို စောခဲ့သေးသည်။
ကျူးဟုန်ရွှဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ပြောဆိုလိုက်၏။ “နင်ဟန်... ဘာလို့ အင်ပါယာကို ဂါရဝမပြုတာလဲ။ မင်းက တော်ဝင်ချန် အင်ပါယာရဲ့ လက်အောက်ငယ်သား မဟုတ်ဘူးလား။”
မင်းသမီးနင်ဟန်သည် ရှမ့်လန်ကို အချိန်ကြာမြင့်စွာ ဆက်လက် ကြည့်ရှုနေပြီး စကားတစ်ခွန်းမှ မဆိုဘဲ နေလိုက်သည်။
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “ကျုပ်နဲ့ လိုက်ခဲ့...”
ထို့နောက် သူသည် မင်းသမီးနင်ဟန်ကို ဘေးသို့ ခေါ်ဆောင်သွားပြီး သူ မြင်တွေ့ကြားသိခဲ့ရသမျှ အရာအားလုံးကို ပြောပြလိုက်သည်။
မင်းသမီး နင်ဟန်သည် ရှမ့်လန်၏ ရှေ့သို့ တစ်ဖန် ရောက်ရှိလာပြီး သူ့ကို အချိန်ကြာမြင့်စွာ ကြည့်နေပြန်၏။ သူမသည် မျက်လုံးများကို မှိတ်ပြီး ရှမ့်လန်၏ ကိုယ်သင်းနံ့ကို ရှူရှိုက်ကာ သူ့ထံမှ ရင်းနှီးသော လူပါးဝသည့် အနံ့ကို အသည်းအသန် ရှာဖွေနေခဲ့၏။
သို့သော်ငြား ဝမ်းနည်းဖွယ်ကောင်းသည်မှာ အဖြစ်အပျက် များစွာကို ဖြတ်သန်းပြီးနောက် ရှမ့်လန်ထံမှ လူပါးဝသည့် အနံ့သည် အတော်လေး မှေးမှိန်သွားခဲ့သည်။ ထိုမျှမကဘဲ ရှမ့်လန်၏ ခန္ဓာကိုယ်နှင့် မျက်နှာသည်လည်း များစွာ ပြောင်းလဲသွားခဲ့သည်။
ရှမ့်လန် စကားမပြောပေ။ ထို့အစား သူသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး စိတ်စွမ်းအား နည်းစနစ်ဖြင့် ဝိညာဉ် သတင်းအချက်အလက် အများအပြားကို ထုတ်လွှတ်လိုက်သည်။ သူ ထုတ်လွှတ် လိုက်သည်မှာ ဘုရင်မမီဒူဆာက သူ့ဦးနှောက်ထဲတွင် သိမ်းဆည်းထားသော သတင်းအချက်အလက်များ ဖြစ်၏။ မင်းသမီး နင်ဟန်သည် ချက်ချင်း လက်ခံရရှိပြီး ဖတ်ရှုလိုက်၏။
အတော်ကြာမှ မင်းသမီး နင်ဟန်သည် ဒူးထောက်ကာ ဦးတိုက်လိုက်တော့သည်။
“နင်ဟန်... အင်ပါယာကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ။”
နင်ဟန် ဒူးထောက်လိုက်သည်နှင့် သူမနောက်မှ စစ်သည်တော် ရာပေါင်းများစွာသည်လည်း စည်းစနစ်ကျနစွာ ဒူးထောက်လိုက်ကြ၏။
“အင်ပါယာ... သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ။”
ရှမ့်လန် ပြုံးလိုက်ပြီး နင်ဟန်၏ ခါးကွေးကွေးလေးကို အလိုအလျောက် ကြည့်လိုက်မိသည်။ သူ ထိုကဲ့သို့ မပြုမူမိသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် အဖြစ်အပျက်များစွာကို ဖြတ်သန်းခဲ့ရသဖြင့် ဆန္ဒရမ္မက် မရှိသလောက် ဖြစ်နေသောကြောင့်ပင်။
သို့သော်ငြား နင်ဟန်သည် အလွန် ထူးခြားလှသည်။ သူမသည် သူ တစ်ချိန်က အမုန်းဆုံး အမျိုးသမီး ဖြစ်ခဲ့ဖူး၏။ အံကြိတ်ပြီး သူမကို မစင်ကန်ထဲ နှစ်ပစ်မည်ဟုပင် ကျိန်ဆိုခဲ့ဖူးသည်။ ဤအမျိုးသမီးက သူ့ရှေ့တွင် လိုလိုလားလားဖြင့် မည်သူ၏တိုက်တွန်းမှုမှ မပါဘဲ ဒူးထောက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤလောကကြီး၏ ဖန်တီးမှုသည် အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။ နင်ဟန်သည် မမြင်ရသော်လည်း ဤအချိန်တွင် ရင်းနှီးသော လူပါးဝသည့်အနံ့ကို အမှန်တကယ် ခံစားလိုက်ရ၏။
.........
ရှမ့်လန် မေးလိုက်သည်။ “မိုကျင်းမှာ အခု လူဘယ်နှစ်ယောက် ရှိလဲ။”
မင်းသမီး နင်ဟန် ဖြေ၏။ “၂ သိန်းလောက် ရှိပါတယ်။”
ဤအရေအတွက်သည် ရှမ့်လန် ခန့်မှန်းထားသည်နှင့် အတူတူလောက်ပင် ဖြစ်၏။ ကောင်းကင်ပင်လယ် နန်းဆောင် တစ်ခုလုံး ပေါင်းလိုက်လျှင် ၁ သိန်းခန့် ရှိပေသည်။ ထို့အပြင် မြောက်ဝင်ရိုးစွန်း အဖြစ်အပျက် မတိုင်မီ ကျိုးရှီက အရှေ့လောကမှ လူတစ်စုကို ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် ရှမ့်လန်က သူ့မိသားစုဝင် အားလုံးကို ကျိုးရှီနှင့် အတူတူ ကြိုတင်၍ ထွက်ခွာ မသွားခိုင်းခဲ့သနည်း။
မြောက်ဝင်ရိုးစွန်း အဖြစ်အပျက်သည် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး အလွန် ရုတ်တရက် ဆန်သော်လည်း ရှမ့်လန်၏ ရင်ထဲတွင်မူ မျှော်လင့်ချက် ရှိပြီး ဖြစ်၏။
ထို့ကြောင့် ပို့သင့်သူများကို ပို့ဆောင်ခဲ့ခြင်း ဖြစ်၏။ ဥပမာအားဖြင့် ယောင်ယောင်သည် ဘုရင်မ မီဒူဆာ၏ ဝိညာဉ် ဆက်ခံသူ ဖြစ်သဖြင့် နုရှောင့်မြို့တွင် လုံးဝ မနေသင့်ပေ။ သို့သော်ငြား တချို့သော ဆွေမျိုးများကို ပို့ဆောင်၍ မရနိုင်သကဲ့သို့ ပို့ဆောင်ရန်လည်း မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ ရင်ဆိုင်နေရသော ရန်သူသည် ကျန်းလီ ဖြစ်နေသောကြောင့် ဖြစ်သည်။ အကြောက်မက်ဖွယ် အကောင်းဆုံး ရန်သူ၊ မိစ္ဆာကောင် ဖြစ်သော်လည်း ကျန်းလီသည် တိရစ္ဆာန် မဟုတ်ပေ။ ကျန်းလီသည် မည်သူ့ကိုမဆို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း ဒေါသဖြေရန် သတ်ဖြတ်ခြင်းမျိုး ဘယ်သောအခါမျှ ပြုလုပ်မည် မဟုတ်ချေ။
ထိုစဉ်က ရှမ့်လန်သည် မျှော်လင့်ချက် မီးရှူးတန်ဆောင်များကို တည်ထောင်ခဲ့သည်။ ကန်ဝမ် ထွက်ခွာသွား၏။ မင်းသမီးကျိရွှမ် ထွက်ခွာသွား၏။ မီးနတ်ဘုရားဂိုဏ်း ထွက်ခွာသွား၏။ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်လည်း ထွက်ခွာသွားခဲ့၏။
သို့သော်ငြား ဤလူများသည် မည်သည့်နေရာသို့ သွားရမည်ကို မသိကြပေ။ လမ်းခရီးတွင် အခက်အခဲ အတားအဆီးများစွာ ရှိနေမည်။ သူတို့နှင့် အတူတူ လိုက်ပါသွားပါက ပိုမို၍ အန္တရာယ် များနိုင်သည်။ တစ်ခုတည်းသော စိတ်ချရသည့်နေရာမှာ မိုင်တစ်သောင်း သဲကန္တာရ အတွင်းရှိ ရှေးဟောင်း အပျက်အစီးသာ ဖြစ်သော်လည်း ဤနေရာသည် အချိန်မရွေး စစ်မြေပြင် ဖြစ်သွားနိုင်သည်။
ထို့ကြောင့် ရှမ့်လန်၏ မိသားစု အများစုအတွက် အရှေ့လောကတွင် နေထိုင်ရခြင်းက ပိုမို စိတ်ချရသည်။ အမှောင်အင်ပါယာ ဖြစ်နေသော်လည်း သူတို့ကို အလွန် ဆန်းကြယ်သော နေရာတစ်ခုတွင် အကျဉ်းချ ထားရုံမျှသာ ဖြစ်၏။
ရှမ့်မီက သူ့ကို ပြောပြဖူးသည်မှာ လွန်ခဲ့သော ၂၉ နှစ်လုံးလုံး သူမနှင့် သူမ၏ မိခင်ကို အလွန် ဆန်းကြယ်ပြီး ဘာမှန်း မသိရှိရသော နေရာတစ်ခုတွင် အကျဉ်းချထားသည် ဟူ၍ ဖြစ်သည်။ မည်သည့်နေရာ ဖြစ်ကြောင်း သူမ လုံးဝ မသိရှိပေ။
ထို့အပြင် ဤ ၂၉ နှစ် အတွင်း သူမသည် အချိန်အများစုကို အိပ်ပျော်နေခဲ့ပြီး ဆောင်းခိုခြင်းနှင့် တူညီသည်။ မကြာသေးမီကမှ သူမကို နှိုးလိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝက်ကို ရှေးဟောင်းလူသား ကျန်းချင်က ရယူထားခြင်း ဖြစ်သည်။
ရှမ့်လန်က မေးလိုက်၏။ “တခြားအင်အားစုတွေ ခင်ဗျားတို့ဆီ လာပြီး လေ့ကျင့်တာမျိုး ရှိလား။”
မင်းသမီး နင်ဟန်က ဖြေသည်။ “ရှိပါတယ်။ ဥပမာအားဖြင့် မီးနတ်ဘုရားဂိုဏ်းရဲ့ သံတမန်၊ ဒါမှမဟုတ် တော်ဝင်ကပ်ဘေး ဘုရားကျောင်းရဲ့ သံတမန် ဆိုပြီး လာကြတယ်။ ဒါပေမဲ့ ကျွန်မတို့ ဘာမှ မတုံ့ပြန်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အမှောင်အင်ပါယာရဲ့ ထောင်ချောက် ဖြစ်နိုင်ခြေများလို့ပဲ။”
ဤစကားကို ကြားချိန်မှာတော့ ရှမ့်လန် ဝမ်းသာသလိုလို စိုးရိမ်သလိုလို ဖြစ်သွားရသည်။ မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ မတိုင်မီ သူသည် မျှော်လင့်ချက် မီးရှူးတန်ဆောင် ၅ ခု တည်ထောင်ခဲ့၏။ လောလောဆယ် သိရှိရသလောက် အသက်ရှင်ကျန်ရစ်သည်မှာ ကောင်းကင်ပင်လယ်နန်းဆောင် တစ်ခုတည်းသာ ရှိသေးသည်။ ဤလူ ၂ သိန်းသည် တော်ဝင်ချန် အင်ပါယာ၏ တစ်ခုတည်းသော မီးရှူးတန်ဆောင် နီးပါးပင် ဖြစ်၏။
ဤမိုကျင်း ရှေးဟောင်း အပျက်အစီးသည် တစ်ခုတည်းသော အလင်းရောင် ရှိသည့် နေရာ၊ မျှော်လင့်ချက် နယ်မြေ နီးပါးပင် ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “မိုကျင်းကို ပြန်ကြစို့။”
ချက်ချင်းပဲ ကောင်းကင်ပင်လယ်နန်းဆောင် စစ်သည်တော် ရာပေါင်းများစွာသည် ကောင်းကင်သို့ ပျံတက်လာပြီး ရှမ့်လန်နှင့် မင်းသမီးရှမ့်မီကို အလယ်မှ ကာကွယ်ထားလိုက်ကြသည်။ ဤသည်မှာ နဂါးတစ်ကောင် မိုကျင်းသို့ ပြန်လာခြင်းလား။
ကျူးဟုန်ရွှဲ့၏ သွေးများ တစ်ဖန် ဆူပွက်လာပြန်သည်။ မိုကျင်းမှ လူများ၊ အထူးသဖြင့် သူ့ဆရာ ဂိုဏ်းချုပ် ကျိုးရှီ၊ အရှင်ရှမ့်လန် ပြန်လာသည်ကို တွေ့မြင်လျှင် မည်မျှစိတ်လှုပ်ရှားကြမည်ကို သူ စိတ်ကူးမကြည့်နိုင်လောက်အောင်ပင် ဖြစ်မိသည်။
မိုကျင်းမှ လူ ၂ သိန်းသည် ဤနေ့ရက်ကို စောင့်မျှော်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သော ၂၉ နှစ်လုံးလုံး လောကကြီးတစ်ခုလုံး အမှောင်ကျနေခဲ့ခြင်း ဖြစ်သည်။ မျှော်လင့်ချက် မရှိဘဲ သူတို့ တောင့်မခံနိုင်တော့ပေ။ ကျန်းလီ၏ အင်ပါယာသည် အသက်ရှူကြပ်လောက်အောင် အစွမ်းထက်လွန်း လှ၏။ ကောင်းကင်ပင်လယ်နန်းဆောင်ထက် အနည်းဆုံး အဆ ၁ သောင်း ပိုမို အစွမ်းထက်သည်။