အခန်း (၁၃၃၇-၁၃၃၈)
Vol. 76 Ch. 1337-1338
အပိုင်း (၁၃၃၇)
ရှမ့်လန်က မေးလိုက်သည်။ “အတုကောင် သတိရပြီလား။”
“မရသေးပါဘူး။”
မင်းသမီးနင်ဟန်က ပြောလိုက်၏။ “ဒါပေမဲ့ အရှင့်မှာ သူ့ကိုနှိုးပြီး စစ်ဆေးမေးမြန်းမယ့် နည်းလမ်း ရှိမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ သူ့ကို နန်းတော်ရဲ့ အနက်ရှိုင်းဆုံး မြေအောက်ထောင်ထဲမှာ ချုပ်နှောင် ထားပါတယ်။”
ရှမ့်လန် ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ “မလိုသေးပါဘူး။”
ထို့နောက် နင်ဟန်သည် ရှမ့်လန် ရေချိုးပြီး အဝတ်အစား လဲလှယ်နိုင်ရန် ကူညီပေးလိုက်သည်။ လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ရှမ့်လန်သည် လက်ကောက်ဝတ်တွင် လက်ကောက်တစ်ကွင်း ဝတ်ဆင်ထားပြီး ၎င်းအပေါ်တွင် ပုလဲတစ်လုံး ပါရှိသည်။ ထိုအရာသည် ကျန်းချင် အပါအဝင် ရှေးဟောင်းလူသား ဒါဇင်ကျော်၏ ဝိညာဉ်များကို ငရဲသလင်းကျောက်များဖြင့် ထုပ်ပိုးထားသော ငရဲဝိညာဉ်ပုလဲလုံး ဖြစ်၏။
ငရဲသလင်းကျောက်များသည် အလွန် ကြောက်မက်ဖွယ်ရာကောင်းပြီး သေစေနိုင်သော အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် အင်ပါယာ ကျန်းလီ၏ စွမ်းအင်အရင်းအမြစ် ဖြစ်ပြီး ပြိုင်ဘက်ကင်းနီးပါး ဖြစ်သည်။
ရှမ့်လန် တစ်ဦးတည်းသာ နဂါးဉာဏ်အလင်းဖြင့် ဖိနှိပ်ထားနိုင်သည်။ သို့မဟုတ်ပါက ထိုအရာတို့ ပျံ့နှံ့သွားလျှင် နောက်ဆက်တွဲ အကျိုးဆက်များကို တွေးဝံ့စရာ မရှိပေ။ ငရဲသလင်းကျောက်များသည် အဆက်မပြတ် ဝါးမျိုပြီး ပိုမို သန်မာလာနိုင်သည်။ ငရဲသလင်းကျောက် အနည်းငယ်သည်ပင်လျှင် နောက်ဆုံးတွင် ချော်ရည်ပင်လယ်တစ်ခုလုံးကို ဝါးမျိုသွားနိုင်သည်။ ထို့ကြောင့် ရှမ့်လန်သည် ငရဲဝိညာဉ် ပုလဲလုံးကို အမြဲတမ်း ကိုယ်နှင့်မကွာ ဆောင်ထားလေ့ ရှိ၏။
.....
ရှမ့်လန်က မေးလိုက်သည်။ “သမီးလေး... ဖေဖေ့မှာ နောက်မိန်းမ တစ်ယောက် ရှိနေပြီ။ ဖေဖေ့ကို လူဆိုးကြီးလို့ သတ်မှတ်မလား။”
ရှမ့်မီသည် ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။ “သာမန် ယောကျ်ားတွေဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ အင်ပါယာ ဘုရင်တစ်ပါးအနေနဲ့ ဆိုရင်တော့ ဖေဖေက အရမ်း ထိန်းသိမ်းထားတာပါ။”
ရှမ့်လန် သူမ၏ ခေါင်းလေးကို မပုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ “ဖေဖေ့ရဲ့ မင်းသမီးလေး... သမီးရဲ့ ယုတ္တိဗေဒက သိပ်တိကျတာပဲ။”
ပြောရလျှင် ကံကောင်းသည်လား၊ ကံဆိုးသည်လား မသိပေ။ မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ ဖြစ်ပြီးနောက် ရှမ့်လန်၏ မိသားစုသည် သီးခြားစီ အကျဉ်းချခံထားရပြီး အချိန်အများစုတွင် ရေခဲရိုက် ပိတ်လှောင်ခံထား ရသည်။ ထို့ကြောင့် အချိန်ကာလဆိုသည်မှာ ရှမ့်မီ၏ မျက်နှာပေါ်တွင် အမှတ်အသားများစွာ ကျန်ရစ်ခဲ့ခြင်း မရှိပေ။ သူမသည် အသက် ၂၀ မပြည့်သေးသည့်ပုံ ပေါက်နေ၏။
ရှမ့်မီက ပြောလိုက်သည်။ “သမီးက မေမေနဲ့အတူ အကျဉ်းချခံခဲ့ရတာပါ။ ရေခဲရိုက်မခံရခင် မေမေ ဘာပြောခဲ့လဲ သိလား။”
ရှမ့်လန်က မေးလိုက်၏။ “ဘာပြောခဲ့လဲ။”
တကယ်တော့ ပင်းအာ ဘာပြောခဲ့သည်ကို သူ ခန့်မှန်းနိုင်သည်။
ရှမ့်မီက ပြောလိုက်၏။ “မေမေက မြန်မြန် ခဲလိုက်ပါတဲ့။ ဒါမှ ဆယ်စုနှစ်ချီ ကြာပြီးလို့ ပြန်နိုးလာတဲ့အခါ နုပျို လှပနေမှာတဲ့။ သခင်လေးရဲ့ အမုန်းကို မခံရတော့ဘူးတဲ့။”
ဤအရာက ပင်းအာပြောမည့် စကားမျိုး ဖြစ်နေသည်။ ရှမ့်လန် သူ့သမီးကို ကြည့်ရင်း အခြားသော မိသားစုဝင်များကို သတိရလိုက်မိသည်။ အထူးသဖြင့် နင်ယွမ်ရှန်းပင်။ နင်ယွမ်ရှန်း က အသက်ကြီးနေပြီဖြစ်သည်။ အသက်ရှင်သေးရဲ့လား။
သူ ဤအယောင်ဆောင်သူကို ရှာတွေ့မှ ဖြစ်မည်။ ကျန်းလီနှင့် ပထမဆုံး ကစားပွဲတွင် အနိုင်ရမှ ဖြစ်မည်။ သူ နိုင်ကို နိုင်ရမည်။ ရှမ့်လန်၏ဦးနှောက်သည် လျင်မြန်စွာ အလုပ်လုပ်ပြီး စဉ်းစားနေသည်။ သူသည် အန္တရာယ်များ၊ အောင်မြင်နိုင်ခြေများနှင့် အခြားအရာများကို ချိန်ဆနေသည်။
............
ရှမ့်လန်သည် အရေးပါသော အရာရှိအချို့၊ အထူးသဖြင့် မင်းသမီးနင်ဟန်၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး ပြောလိုက်၏။ “နောက်တစ်ဆင့်အနေနဲ့ ငါ ဒီကောင်းကင်မျှော် ရုပ်တုကြီးကို ကြည့်ချင်တယ်။”
အလင်းနံရံ၏ ထိန်းချုပ်ရေး ဗဟိုချက်တွင် ရှမ့်လန်သည် ကောင်းကင်မျှော်ရုပ်တုကြီး၏ မျက်လုံးကို ကြည့်ရှုနိုင်မည်လား။ ပိုမိုမြင့်မားသော နဂါးဉာဏ်အလင်းအဆင့်သို့ ရောက်ရှိနိုင်မည်လားဟု မေးမြန်းခဲ့ဖူးသည်။ ထိုစွမ်းအင်သက်ရှိက ရှမ့်လန်တွင် သိရှိပိုင်ခွင့် အာဏာမရှိကြောင်း၊ သူမတွင်လည်း ဖြေကြားပိုင်ခွင့် မရှိကြောင်း ပြောခဲ့သည်။
သို့သော်ငြား ဤကောင်းကင်မျှော် ရုပ်တုကြီး၏ နတ်ဘုရားအကြည့်သည် ရေတွက်၍မရသော ရန်သူများကို ချက်ချင်း ကျောက်ရုပ် ဖြစ်သွားစေနိုင်သည်။ ဤအရာသည် ပိုမိုမြင့်မားသော နဂါးဉာဏ်အလင်း အဆင့်ဖြင့်သာ ဖွင့်လှစ်နိုင်သော အဆင့်မြင့် တိုက်ခိုက်မှု ဖြစ်၏။
ထို့အပြင် ရှမ့်လန်သည် ဤကောင်းကင်မျှော် ရုပ်တုကြီးကို ကြည့်ရှုခြင်းအားဖြင့် အရေးကြီးသော လျှို့ဝှက်ချက်များ နှင့် သတင်းအချက်အလက်များကို သေချာပေါက် ရရှိနိုင်မည်ဟု ယုံကြည်နေသည်။
ထိုစဉ်က မင်းသမီးနင်ဟန်သည် မီဒူဆာရုပ်တုကြီး၏မျက်လုံးကို ကြည့်ရှုခဲ့ပြီး ဤမိုကျင်းကို ရှာဖွေ တွေ့ရှိခဲ့ကာ ရှေးဟောင်း လျှို့ဝှက်ချက်များစွာကို ရရှိခဲ့ခြင်း ဖြစ်သည်။ ရှမ့်လန် အလိုချင်ဆုံးအရာမှာ ပိုမိုမြင့်မားသော နဂါးဉာဏ်အလင်း ဖြစ်၏။
အခြားသော အရေးတကြီးကိစ္စမှာ အယောင်ဆောင်သူကို ရှာဖွေရန် ဖြစ်သည်။ ထိုသူ့ကို ရှာမတွေ့ပါက မိုကျင်းသည် တကယ်ပင် အန္တရာယ် ရှိနေပေလိမ့်မည်။ သူနှင့် ကျန်းလီတို့၏ ကစားပွဲသည် ယနေ့ညတွင် အဆုံးအဖြတ် ဖြစ်ပေလိမ့်မည်။
ရှမ့်လန်၏ စကားကို ကြားပြီးနောက် အရေးပါသောအရာရှိအချို့က ဦးညွှတ်ကာ ပြောလိုက်ကြသည်။ “အမိန့်တော်အတိုင်းပါ။ အရှင်...”
ရှမ့်လန်က အမိန့်ပေးလိုက်၏။ “ဒါကြောင့် အခုကစပြီး မိုကျင်းမှာရှိတဲ့ လူတိုင်း အခန်းပြန်ပြီး အိပ်ကြရမယ်။ ဘယ်သူမှ အပြင်ကို ခြေတစ်လှမ်း ထွက်ခွင့်မရှိဘူး။ အမိန့်မနာခံတဲ့သူ ဘယ်သူမဆို နေရာမှာတင် အသတ်ခံရမယ်။”
“အမိန့်တော်အတိုင်းပါ။ အရှင်...”
ရှမ့်လန်၏အမိန့်အရ မိုကျင်း တစ်မြို့လုံး ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်သည်။ ည ၉ နာရီတွင် လမ်းမများပေါ်နှင့် ရင်ပြင်များတွင် လူတစ်ယောက်မှ မရှိတော့ပေ။ တပ်တော်တစ်ခုလုံး အပါအဝင် လူတိုင်း အခန်းထဲဝင်၍ အိပ်စက်ကြသည်။ ကျိုးရှီ၊ နင်ဟန်နှင့် ကျူးဟုန်ရွှဲ့ အပါအဝင် မည်သူမှ ခြွင်းချက် မရှိပေ။
ကြီးမားသော မိုကျင်းမြို့တော်ကြီးတွင် ရှမ့်လန် တစ်ဦးတည်းသာ အပြင်ဘက်၌ ကျန်ရစ်ခဲ့သည်။ သူသည် ဧရာမ ပိရမစ်ကြီးအောက်တွင် ရပ်တန့်ကာ ခေတ္တမျှ တိတ်ဆိတ်နေလိုက်သည်။ ပိရမစ် ထိပ်ဖျားရှိ ကောင်းကင်မျှော် ရုပ်တုကြီးကို မော့ကြည့်လိုက်၏။
‘ခင်ဗျား တစ်ချိန်တုန်းက အသက်ရှင်ခဲ့ဖူးလား။ ရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားတာလား။’
ရှေးဟောင်းအင်ပါယာတွင် ဤအရာသည် လူသားအင်ပါယာတစ်ခုလုံး၏ ကိုးကွယ်ရာ ရုပ်တု ဖြစ်ခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းအင်ပါယာ၏ အမြင့်ဆုံးသောလျှို့ဝှက်ချက်သည် သူ့စိတ်ထဲ၊ သူ့မျက်လုံးထဲတွင် ရှိနေသင့်သည်။
‘ကျုပ် ခင်ဗျားမျက်လုံးကို ကြည့်လိုက်ရင် ဘယ်လို အဓိက သတင်းအချက်အလက်တွေ ရနိုင်မလဲ။’
ဘုရင်မမီဒူဆာသည် ပျောက်ဆုံးအင်ပါယာတစ်ခုလုံး၏ အမွေအနှစ်ကို လက်ဆင့်ကမ်းရန် သူမ၏ မျက်လုံးများ ကို အားကိုးခဲ့သည်။ သူမသည် ပင်လယ်မွန်းစတားတစ်ကောင်ကိုပင် ဉာဏ်ရည် ရရှိစေခဲ့ပြီး ဒုတိယမြောက် ပျောက်ဆုံးအင်ပါယာကို တည်ဆောက်နိုင်စေခဲ့၏။
ရှေးဟောင်းသံချပ်ကာ၏ အကူအညီဖြင့် ရှမ့်လန်သည် လေထဲသို့ ဖြည်းညင်းစွာ ပျံတက်သွားပြီး ကောင်းကင်ယံသို့ ရောက်ရှိသွားသည်။ ဤပိရမစ်ကြီးသည် တောင်တစ်လုံးကဲ့သို့ အလွန် မြင့်မားသည်။
ကောင်းကင်မျှော် ရုပ်တုကြီးသည် ပိရမစ်ထိပ်ဖျားတွင် ရပ်တန့်ကာ ကောင်းကင်ကို မော့ကြည့်နေသည်။ မည်သူကမှ သူ့မျက်လုံးကို ကြည့်ရဲခြင်း မရှိခဲ့ပေ။ မျက်လုံး၏ အရွယ်အစားမှာ ဧရာမ နဂါးကြီး တစ်ကောင်၏ မျက်လုံးနှင့် ယှဉ်နိုင်လောက်သည်။ နီးကပ်စွာ ပျံသန်းလေလေ၊ သူ့ကိုယ်သူ သေးငယ်သွားသလို ခံစားရလေလေ ဖြစ်သည်။ မကြုံစဖူး ဖိအားကို သူ ခံစားလိုက်ရ၏။
မိနစ်အနည်းငယ်အကြာတွင် ရှမ့်လန်သည် ကောင်းကင်မျှော်ရုပ်တုကြီး၏ ခေါင်းနှင့် တန်းတူသို့ ရောက်ရှိသွားသည်။ ၎င်း၏မျက်လုံးများသည် အလွန် ကြီးမားလှသဖြင့် မျက်လုံးချင်း ဆုံရန် ရှမ့်လန် အဝေးသို့ ခွာနေရန် လိုအပ်သည်။ သို့နှင့် မှန်ကန်သော နေရာကို ရှာတွေ့ခဲ့သည်။
ရှမ့်လန် အသက်ပြင်းပြင်း ရှူလိုက်၏။
‘အသင့်ဖြစ်ပြီလား။ ကောင်းကင်မျှော် ရုပ်တုကြီး... ခင်ဗျား ကျုပ်ကို ဘာပေးနိုင်မလဲ။ အဆင့်မြင့် နဂါးဉာဏ်အလင်း ပေးနိုင်မလား။ အနည်းဆုံးတော့ အဲဒီ အယောင်ဆောင်သူကို ရှာတွေ့ဖို့ ကူညီပေးနိုင်တယ် မဟုတ်လား။’
အသက်သုံးခါ ရှူပြီးနောက် ရှမ့်လန်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ကောင်းကင်မျှော် ရုပ်တုကြီး၏ မျက်လုံးကို ကြည့်လိုက်သည်။ တစ်ခဏချင်းမှာပဲ မိုကျင်း တစ်မြို့လုံးကို လင်းထိန်စေသော အလင်းရောင်များ ထုတ်လွှတ်နေသည့် ကောင်းကင်မျှော် ရုပ်တုကြီးသည် မှိန်ဖျော့သွားခဲ့သည်။
ရုပ်တု၏မျက်လုံးများမှ ပြိုင်ဘက်ကင်း လင်းလက်သော အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ အဆုံးအစမဲ့ သတင်းအချက်အလက်များသည် ကောင်းကင်ယံမှ ကြယ်တာရာ မြစ်တစ်စင်းသဖွယ် စီးဆင်း လာခဲ့သည်။ ထိုအရာတို့သည် ရှမ့်လန်၏ မျက်လုံးများထဲသို့ ပြင်းထန်စွာ စီးဝင်လာခဲ့သည်။
တစ်ခဏချင်းမှာပဲ ရှမ့်လန်၏စိတ်အာရုံမှာ ဗလာ ဖြစ်သွားခဲ့သည်။ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ဤအချိန်တွင် ရှမ့်လန်၏ဦးနှောက်သည် ပြုပြင်ပြောင်းလဲထားပြီး ဖြစ်သောကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပိုမို သန်မာနေသည်။ သို့သော်ငြား ဤမျှ ကြီးမားသော သတင်း အချက်အလက် ပမာဏကို သူ ခံနိုင်ရည် မရှိသေးပေ။
အလွန်များပြားသော သတင်းအချက်အလက်များ ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီးနောက် စိတ်ပိုင်းဆိုင်ရာ၌ နျူကလီးယား ဗုံးပေါင်းများစွာ ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် ရှမ့်လန် ဘာမှ မသိတော့ပေ။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားခဲ့၏။
ထိုအချိန်မှာပဲ အနက်ရောင် အရိပ်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ ယနေ့ည ညမထွက်ရ အမိန့်ကို ရှမ့်လန် ထုတ်ပြန်ခဲ့သည်။ မည်သူမှ အပြင်ထွက်ခွင့် မရှိပေ။ အမိန့်မနာခံသူ မည်သူမဆို အသတ်ခံရမည်။ ရှမ့်လန်၏ အမိန့်ကို မနာခံမည့်သူ တစ်ဦးတည်းသာ ရှိသည်။ ၎င်းမှာ ကျန်းလီ၏ အယောင်ဆောင်သူလျှို ဖြစ်သည်။
ထိုလူ နောက်ဆုံးတွင် ပေါ်လာခဲ့ပြီ။
တစ်ချိန်တည်းမှာပဲ ပို၍ ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ရှမ့်လန်၏ ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ ကျောက်ဖြစ်သွားခဲ့သည်။ ကောင်းကင်မျှော်ရုပ်တုကြီး၏ ဝိညာဉ် အမွေအနှစ်ကို လက်ခံရယူမည် မဟုတ်ဘူးလား။ အဘယ်ကြောင့် နတ်ဘုရားအကြည့်ဖြင့် တိုက်ခိုက်ခံရပြီး ကျောက်ဖြစ်သွားရသနည်း။
ကျောက်ဖြစ်သွားသည်နှင့် တပြိုင်နက် ပြန်လည်ပြုပြင်၍ မရနိုင်တော့ပေ။ သေဆုံးသွားသည်နှင့် မခြားပေ။ ဘုရင်မမီဒူဆာသည် အလွန် စွမ်းအားကြီးမားသော်လည်း နတ်ဘုရားအကြည့်ဖြင့် တိုက်ခိုက်ခံရပြီး ကျောက်ဖြစ်သွားခဲ့ရသည်။
ရှမ့်လန်သည် ထိုကဲ့သို့ ကျောက်တုံးအဖြစ် ခဲသွားခဲ့ပြီလား။ ဤမြင်ကွင်းကို ရင်ဆိုင်လိုက်ရချိန်မှာတော့ အယောင်ဆောင်သူလျှိုသည် အနည်းငယ် အံ့သြသွား၏။
............
ရှမ့်လန်၏ ခန္ဓာကိုယ် တစ်လက်မချင်းစီ ကျောက်ဖြစ်သွားသည်ကို ကြည့်ရင်း လောကကြီး ပြိုလဲသွားသကဲ့သို့ သူ ခံစားလိုက်ရသည်။ အံ့ဖွယ်အမှုများကို အမြဲတမ်းဖန်တီးခဲ့သော ရှမ့်လန်၊ မြောက်ဝင်ရိုးစွန်း အရေးအခင်းတွင်ပင် လုံးဝ မပျက်စီးခဲ့သော ရှမ့်လန်၊ တော်ဝင်ရန် အင်ပါယာကို အနိုင်ယူခဲ့သော ရှမ့်လန်သည် ကျောက်ဖြစ်သွားခဲ့သည်။ ရုပ်တုတစ်ခု ဖြစ်သွားခဲ့သည်။
သူ မည်သို့ မျှော်လင့်ချက် မမဲ့ဘဲ နေနိုင်မည်နည်း။ အယောင်ဆောင်သူလျှိုသည် ရှမ့်လန်၏ ကျောက်ဖြစ်သွားသော ခန္ဓာကိုယ်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိ၏။ သေချာသည်မှာ ၎င်းသည် တစ်မိနစ်အောက်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
ရှမ့်လန်၏ တစ်ကိုယ်လုံး ကျောက်ဖြစ်သွားခဲ့ပြီး တစ်လက်မမှပင် မကျန်တော့ပေ။ တစ်ချိန်တည်းမှာပဲ သူ့လက်ကောက်ဝတ်ရှိ ငရဲဝိညာဉ်ပုလဲလုံးသည် ဖိနှိပ်မှု ကင်းမဲ့သွားပြီး ထူးဆန်းသော အလင်းရောင်များ ထုတ်လွှတ် လာခဲ့၏။
ပုလဲလုံးထဲတွင် ဖိနှိပ်ထားသော ငရဲသလင်းကျောက်နှင့် စွမ်းအားကြီး ရှေးဟောင်းလူသား၏ ဝိညာဉ်တို့သည် သရဲတစ္ဆေများသဖွယ် အော်ဟစ်မြည်တမ်းလာကြသည်။
အနက်ရောင်ပုံရိပ်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ လင်းလက်နေ၏။
‘တကယ်ပဲ ဒီလု ရလဒ်လား။ ရှမ့်လန်အတွက် မျှော်လင့်ချက် မရှိတော့ဘူးလား။’
ထို့နောက် သူသည် ဖြည်းညင်းစွာ ပျံတက်သွားသည်။ မျက်လုံးများကို မှိတ်ထားလျက်ပင် ရှမ့်လန်၏ ဘေးနားသို့ ပျံသန်းသွားလိုက်သည်။ ယနေ့ည ညမထွက်ရ အမိန့်ကို ရှမ့်လန် ထုတ်ပြန်ထားသည်။ မည်သူမှ အိမ်ပြင်ထွက်ခွင့် မရှိပေ။ ထို့ကြောင့် ရှမ့်လန် ကျောက်ဖြစ်သွားသည့် မြင်ကွင်းကို မည်သူမှ မြင်တွေ့နိုင်စရာ မရှိပေ။ ဤမျှ ကြီးမားသော မျှော်လင့်ချက်မဲ့မှုကို သူတို့ ကြုံတွေ့စရာ မလိုပေ။
အနက်ရောင်ပုံရိပ်သည် ရှမ့်လန်၏ ဘေးနားသို့ ရောက်ရှိသွားသည်။ သူသည် ရှမ့်လန်၏ ကျောက်ဖြစ်သွားသော ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ကြည့်ရှုပြီးနောက် ထပ်မံ သက်ပြင်းချ လိုက်ပြန် သည်။ ထို့နောက် ရှမ့်လန်၏ လက်ကောက်ဝတ်မှ ငရဲဝိညာဉ်ပုလဲလုံးကို ဖြုတ်ယူလိုက်သည်။
လက်လှမ်းလိုက်ချိန်မှာတော့ သူ့လက်မောင်း တုန်ယင်နေ၏။ သို့သော်ငြား သူ အလျင်အမြန် တည်ငြိမ်အောင် ထိန်းလိုက်ပြီး စွမ်းအားကြီးသော ငရဲဝိညာဉ်ပုလဲလုံးကို လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ ဖြည်းညင်းစွာ ဆင်းသက်လာပြီး ပိရမစ်ကြီး၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ စကားဝှက်နှင့် လက်ဗွေကို ရှမ့်လန် ပြောင်းလဲထားခဲ့သည်။ ယုတ္တိနည်းအရ ဆိုလျှင် ရှမ့်လန် တစ်ဦးတည်းသာ ဖွင့်နိုင်ရမည်။
သို့သော်ငြား ဤတံခါးသည် ပိရမစ်ကြီး၏ အစိတ်အပိုင်း မဟုတ်ပေ။ နောက်မှ ထပ်ဖြည့်ထားခြင်း ဖြစ်သည်။ အနက်ရောင် ပုံရိပ်သည် တံခါးကို လွယ်ကူစွာ ဖွင့်လိုက်ပြီး ပိရမစ် ခန်းမကြီးထဲသို့ ဝင်ရောက်လာခဲ့သည်။ သူသည် အလင်းနံရံ၏ ထိန်းချုပ်ရေး ဗဟိုချက်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဤသည်မှာ မိုကျင်း၏ ထိန်းချုပ်ရေး ဗဟိုချက် ဖြစ်သည်။
အမှန်တကယ်တွင် အလင်းနံရံ၏ ထိန်းချုပ်ရေး ဗဟိုချက်သည် ယခင်နှင့် မတူတော့ပေ။ ယခင်က အလင်းနံရံသည် သလင်းကျောက်တစ်ခုကဲ့သို့ လုံးဝ အေးခဲနေပြီး မလှုပ်မယှက် ဖြစ်နေခဲ့သည်။ ယခုမူ အသက်ဝင်နေပြီး အလင်းလုံးကြီး တစ်ခုအဖြစ် ပြောင်းလဲကာ အသက်ရှိနေသကဲ့သို့ ဖြစ်၏။
ယခင်က ပိရမစ်နှင့် ကောင်းကင်မျှော်ရုပ်တုကြီးသည် အသင့်အနေအထားတွင် ရှိနေခဲ့သည်။ ရှမ့်လန် အသက်သွင်းလိုက်ပြီးနောက်မှသာ စတင် အသက်ဝင်လည်ပတ်လာခြင်း ဖြစ်သည်။
အပိုင်း (၁၃၃၈)
အနက်ရောင်ပုံရိပ်သည် လက်ထဲရှိ ငရဲဝိညာဉ်ပုလဲလုံးကို ကြည့်လိုက်ပြီးနောက် အလင်းနံရံ၏ ထိန်းချုပ်ရေး ဗဟိုချက်ကို ကြည့်လိုက်သည်။ သူ့မျက်နှာကို သေချာမမြင်ရ၊ မျက်လုံးကို မမြင်ရသော်လည်း သူ့နာကျင်မှုကို ခံစားနေရဆဲ ဖြစ်၏။
ခဏမျှ တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သားရဲတစ်ကောင် ကဲ့သို့ အော်ဟစ်လိုက်သည်။ သူ့အော်ဟစ်သံ၏ ရှုပ်ထွေးမှုကို မည်သည့်စကားလုံးဖြင့်မှ ဖော်ပြ၍ မရနိုင်ပေ။ နာကျင်မှု၊ မျှော်လင့်ချက်မဲ့မှုနှင့် လွတ်မြောက်လိုစိတ် .....။
သူသည် သေရေးရှင်ရေးထက် ပို၍ခက်ခဲသော နောက်ဆုံး နာကျင်ဖွယ်ရာရွေးချယ်မှုကို ပြုလုပ်နေသကဲ့သို့ ဖြစ်နေသည်။ ဆယ်စက္ကန့်အကြာတွင် ဆုံးဖြတ်ချက် ချလိုက်နိုင်သည်။ “တောင်းပန်ပါတယ်။ ကျုပ်မှာ ရွေးချယ်စရာ မရှိတော့လို့ပါ။ ကျုပ်မှာ တကယ် ရွေးချယ်စရာ မရှိတော့လို့ပါ။ မျှော်လင့်ချက် မရှိတော့ဘူး။ ကျန်းလီက ကျုပ်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ရှမ့်လန်က မလုပ်နိုင်ဘူး။ သူ ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့ဘူး။”
ထို့နောက် အနက်ရောင်ပုံရိပ်သည် ငရဲဝိညာဉ်ပုလဲလုံးကို အလင်းနံရံထဲသို့ ပစ်ထည့်လိုက်သည်။ အလင်းနံရံ၏ ထိန်းချုပ်ရေး ဗဟိုချက်ထဲသို့ ပစ်ထည့်လိုက်ခြင်း ဖြစ်၏။
ပထမဦးဆုံး တိတ်ဆိတ်သွား၏။ ထို့နောက် ...
“ဘုန်း...” ငရဲဝိညာဉ်ပုလဲလုံး ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
အတွင်းရှိ ငရဲသလင်းကျောက်နှင့် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်များသည် အလင်းနံရံ၏ ထိန်းချုပ်ရေး ဗဟိုချက်တစ်ခုလုံးကို ကျူးကျော်ဝင်ရောက်ပြီး ညစ်ညမ်းစေခဲ့သည်။ တစ်ခဏချင်းမှာပဲ အလင်းနံရံ၏ ထိန်းချုပ်ရေး ဗဟိုချက် တစ်ခုလုံးသည် ပုံပျက်ရှုံ့တွပြီး ပြောင်းလဲလာခဲ့သည်။ အတွင်း၌ ရေတွက်၍မရနိုင်အောင် များပြားသော သရဲတစ္ဆေ အော်ဟစ်သံများနှင့် ဝံပုလွေအူသံများ ရှိနေသကဲ့သို့ပင်။ ငရဲသလင်းကျောက်သည် ဝါးမျို၊ ထိန်းချုပ်ပြီး ပျံ့နှံ့နေ၏။
တိုတောင်းသော အချိန်ကာလအတွင်း၌ ၎င်းသည် အလင်းနံရံ၏ ထိန်းချုပ်ရေး ဗဟိုချက်တစ်ခုလုံးကို သိမ်းပိုက်လိုက်သည်။ ဤခံစားချက်ကို မည်သို့ ဖော်ပြရမည်နည်း။ ရန်သူ့ကွန်ပျူတာ ထိန်းချုပ်ရေး ဗဟိုချက်ထဲသို့ USB တချောင်း ထိုးထည့်လိုက်သကဲ့သို့ ဖြစ်၏။ ၎င်းတွင် ဗိုင်းရပ်စ်များ ပြည့်နှက်နေသည်။
ယခင်က ရန်သူ့ကွန်ပျူတာကို မဖွင့်ရသေးသဖြင့် ဗိုင်းရပ်စ် ထည့်သွင်း၍ မရနိုင်ခဲ့ပေ။ ယခု ဖွင့်လိုက်ပြီ ဖြစ်သဖြင့် ထည့်သွင်းထားသော ဗိုင်းရပ်စ်သည် တရားဝင် သက်ရောက်မှု ရှိလာခဲ့သည်။ ငရဲသလင်းကျောက် သည် အကြောက်မက်ဖွယ် အကောင်းဆုံး ဗိုင်းရပ်စ် ဖြစ်ကောင်း ဖြစ်နိုင်၏။
တစ်ချိန်က ငရဲသလင်းကျောက် အနည်းငယ်သည် ချော်ရည်ပင်လယ် တစ်ခုလုံးကို ဝါးမျိုခဲ့ဖူးသည်။ ပို၍ များပြားသော ငရဲသလင်းကျောက်များသည် မြောက်ဝင်ရိုးစွန်းတစ်ခုလုံး၏ စွမ်းအင်ကို ဝါးမျိုခဲ့သည်။ ထို့နောက် ဂြိုဟ်တစ်ခုလုံးကို စတင်ဝါးမျိုခဲ့ကြသည်။
လောကတွင် ဤအရာထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသော ဗိုင်းရပ်စ် မရှိတော့ပေ။ ၎င်းသည် စွမ်းအင်အားလုံးကို ဝါးမျိုနိုင်ပြီး ပြန်လည်ဖျက်ဆီး၍ မရနိုင်သလောက် ဖြစ်သည်။ စတင်ပျံ့နှံ့သည်နှင့် တပြိုင်နက် လုံးဝ ထိန်းချုပ်၍ မရတော့ပေ။
ကျန်းလီသည် ဤအရာကို အားကိုးပြီး လောကကြီးတစ်ခုလုံးကို အုပ်စိုးခဲ့ကာ ရှေးဟောင်းလူသားများ မအောင်မြင်ခဲ့သောအရာကို ပြီးမြောက်စေခဲ့သည်။ ငရဲသလင်းကျောက်သည် ကျန်းလီနှင့် သူ့ဆရာတို့၏ ကြိုးပမ်း အားထုတ်မှု ရလဒ်ပင် ဖြစ်၏။
အလင်းနံရံ၏ ထိန်းချုပ်ရေး ဗဟိုချက်အတွင်းသို့ စတင်ပျံ့နှံ့သည်နှင့် တပြိုင်နက် ဘာဆက်ဖြစ်လာမည်နည်း။
တစ်ခဏချင်းမှာပဲ ၎င်းသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမျိုပြီး ရူးသွပ်စွာ ချဲ့ထွင်ကာ အရာအားလုံး ကို ၎င်း၏ ကိုယ်ပိုင်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်ပေလိမ့်မည်။ ထို့နောက် ထိန်းချုပ်ရေး ဗဟိုချက် တစ်ခုလုံး သေဆုံးသွားခဲ့ပြီး ပိရမစ် တစ်ခုလုံး သေဆုံးသွားပေမည်။ ရှေးဟောင်း ရုပ်တုကြီး တစ်ခုလုံး သေဆုံးသွားပေလိမ့်မည်။
ဤဖြစ်စဉ်သည် အလွန် လျင်မြန်သော်လည်း အလွန် နှေးကွေးနေသကဲ့သို့ ထင်ရသည်။ ပထမဦးဆုံး အလင်းနံရံ ၏ ထိန်းချုပ်ရေး ဗဟိုချက်တစ်ခုလုံးသည် လုံးဝ ပုံပျက်ရှုံ့တွသွားပြီး ငရဲသလင်းကျောက် အရောင်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ဧရာမ ပိရမစ်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့၏။
နောက်ဆုံးတွင် ပိရမစ်ထိပ်ဖျားရှိ လူခေါင်းမြွေကိုယ် ရုပ်တုကြီးသည် ချက်ချင်း အလင်းရောင် ကင်းမဲ့သွား ခဲ့သည်။ မျက်လုံးထဲရှိ အလင်းရောင်ပင် ပျောက်ကွယ်သွားခဲ့၏။ ၎င်း၏ လုပ်ဆောင်ချက်အားလုံး ရပ်တန့်သွားပြီး သာမန် ကျောက်ရုပ် တစ်ခု ဖြစ်သွားခဲ့သည်။ အဆင့်အမြင့်ဆုံးနှင့် အစွမ်းအထက်ဆုံး ကွန်ပျူတာ စနစ်ကြီးတစ်ခု စက်ပိတ်လိုက်သကဲ့သို့ပင်။
ပထမဦးဆုံး မိုကျင်းမြို့တော်ရှိ အသက်ဝင်နေသော လက်နက်စနစ် အားလုံး ရပ်တန့်သွားခဲ့သည်။ ထို့နောက် မိုကျင်း၏ ဂေဟစနစ်စွမ်းအင်ဒိုင်းသည် အာနိသင် လုံးဝပျောက်ဆုံးသွားခဲ့၏။ ကြောက်မက်ဖွယ်ရာ အေးစက်သော လေထုကြီး ဝင်ရောက်လာပြီး သဲကန္တာရ လေပြင်းများ တိုက်ခတ်လာခဲ့သည်။ နောက်ဆုံးတွင် မိုကျင်း၏ ကာကွယ်ရေး စနစ်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။
တည်နေရာစည်းများ မရှိတော့၊ လေဟာနယ် ဖုံးကွယ်ခြင်း မရှိတော့၊ လေဟာနယ် လှိုဏ်ခေါင်း မရှိတော့ပေ။ နှစ်ပေါင်းများစွာတိုင်အောင် ဖုံးကွယ်ထားခဲ့သော၊ မင်းသမီးနင်ဟန် တစ်ဦးတည်းသာ ဝင်ရောက်နိုင်ခဲ့သော ဤမိုကျင်းသည် သဲကန္တာရကြီးအတွင်း၌ အထင်းသား ပေါ်ထွက်လာခဲ့၏။
ချောင်းမြောင်း ကြည့်ရှုနေသော မျက်လုံးပေါင်းများစွာ၏ ရှေ့မှောက်၌ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
ဤအရာကို အယောင်ဆောင်သူလျှိုရော အခြားသူများပါ ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ကောင်းကင်ယံမှ အနက်ရောင် ပုံရိပ်အချို့ ပျံသန်းလာပြီး မိုကျင်း၏ ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ် ဝင်ရောက် လာကြသည်။ လမ်းပြရန် မလိုအပ်ဘဲ တည့်တည့် ဝင်ရောက်လာကြခြင်း ဖြစ်၏။
ထင်ရှားသည်မှာ မိုကျင်း သွားပြီဖြစ်သည်။ ရှေးဟောင်းအင်ပါယာ၏ နဝမမြောက် မြို့ပြနိုင်ငံ ပျက်စီးသွားပြီ ဖြစ်သည်။ ၎င်းသည် ပထမအကြိမ် ကြီးမားသော မဟာ နိဗ္ဗာန ပျက်သုဉ်းခြင်း ကပ်ဘေးနှင့် ဒုတိယအကြိမ် ကြီးမားသော မဟာ နိဗ္ဗာန ပျက်သုဉ်းခြင်း ကပ်ဘေးတို့ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော်ငြား ယခု တတိယအကြိမ် ကြီးမားသော မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ကပ်ဘေး မရောက်မီမှာပင် ပျက်စီးသွားခဲ့ရပြီဖြစ်သည်။
“ရွှီး... ရွှီး... ရွှီး...”
ရေတွက်၍မရနိုင်အောင် များပြားသော အေးစက်သည့် လေများ၊ မုန်တိုင်းများ၊ သဲမှုန်များ ဝင်ရောက် လာခဲ့သည်။ ကျန်းလီ ပြောခဲ့သည့်အတိုင်း မိုကျင်းသည် ပျက်စီးတော့မည်။
ထိုအချိန်မှာပဲ ဧရာမ ပိရမစ်ကြီးဆီမှ ထူးဆန်းသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ စွမ်းအားနှစ်ခု သေရေးရှင်ရေး တိုက်ခိုက်နေသကဲ့သို့၊ အလင်းနံရံ၏စွမ်းအင်က နောက်ဆုံးအကြိမ် ရုန်းကန်နေသကဲ့သို့ ဖြစ်နေ၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
နောက်ဆုံးတွင် ပထမဆုံး လူတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ ထိုသူမှာ ကျူးဟုန်ရွှဲ့ ဖြစ်သည်။ သူသည် ကောင်းကင်မျှော်ရုပ်တုကြီး၏ အပေါ်ဘက်သို့ ပျံသန်းသွားပြီး ကျောက်ဖြစ်သွားသော ရှမ့်လန်ကို ဖမ်းထိန်း လိုက်သည်။
ထိုအချိန်တွင် သူသည်လည်း ကျောက်ဖြစ်သွားသကဲ့သို့ ဖြစ်နေ၏။ ရှေ့မှောက်ရှိ မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေမိသည်။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံး ထုံကျင်နေသည်။ အရှင်ရှမ့်လန် ကျောက်ဖြစ်သွားပြီလား။ အရာရာ တတ်စွမ်းနိုင်သော၊ အလွန် စွမ်းအားကြီးမားသော သူက မည်သို့ ကျောက်ဖြစ်သွားရသနည်း။
ထို့နောက် နင်ဟန်၊ ကျူးကျွင်း၊ ကျူးနင်၊ ကျန်ကျောင်း နှင့် တခြား လူဒါဇင်ကျော်၊ တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးများနှင့် စစ်ဖက်ဆိုင်ရာဗျူရိုမှ အကြီးအကဲ အားလုံးသည် ဧရာမ ပိရမစ်ကြီးထဲသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။
အယောင်ဆောင်သူလျှိုက အက်ကွဲသောအသံဖြင့် ပြောလိုက်၏။ “ခုခံနေစရာ မလိုတော့ပါဘူး။ အားလုံး ပြီးသွားပါပြီ။ မိုကျင်း ကျဆုံးသွားပါပြီ။”
လူတိုင်း သူ့ကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး စကားတစ်ခွန်းမှ မဆိုကြပေ။ မကြာမီတွင် သူတို့သည် သူ့ပုံစံကို မှတ်မိသွားကြသည်။ ထို့နောက် လူတိုင်း တုန်ယင်လာကြပြီး မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ အထူးသဖြင့် ကျူးဟုန်ရွှဲ့သည် မတ်တတ်ပင် မရပ်နိုင်တော့ဘဲ ထိုင်ချလိုက်မိသည်။ မင်းသမီး နင်ဟန်မှာမူ နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။
ကျူးဟုန်ရွှဲ့က တုန်ယင်နေသောအသံဖြင့် မေးလိုက်၏။ “ဘာလို့ ခင်ဗျား ဖြစ်နေရတာလဲ။ အမှောင်ဧကရာဇ် ကျန်းလီရဲ့ အယောင်ဆောင်သူလျှိုက ဘာလို့ ခင်ဗျား ဖြစ်နေရတာလဲ။”
“ကျုပ် ဘဝအမှန် ပေါ်ပေါက်ပြီး အမှောင်မိုက်ဆုံးအချိန်တုန်းက အဲဒီထဲကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တာ ခင်ဗျားလေ။ ကျုပ်ဝိညာဉ် မှီခိုအားထားစရာ မရှိတော့တဲ့အချိန်တုန်းက ဘဝရည်မှန်းချက်ကြီး တစ်ခုကို ရှာတွေ့အောင် ကူညီပေးခဲ့တာ ခင်ဗျားလေ။ ခင်ဗျားသာ မရှိရင် ကျုပ် ဒီနေ့အထိ အသက်ရှင်ရဲမှာ မဟုတ်ဘူး။”
အယောင်ဆောင်သူလျှိုက သက်ပြင်းချလိုက်သည်။ “ဒီအကြောင်းတွေကိုမေ့လိုက်ရင် မင်း ပိုကောင်းတဲ့ ဘဝကို ရနိုင်မှာပါ။ လူတွေက ဘဝမှာ ပြိုလဲမှု အမျိုးမျိုးကို ရင်ဆိုင်ကြရစမြဲပါ။ လောကအမြင် ပြိုလဲတာ၊ ဘဝအမြင် ပြိုလဲတာ၊ စိတ်ဝိညာဉ်ရေးရာ အားကိုးမှု ပြိုလဲတာ။
ရွှဲ့ပြည်နယ်ဘုရင် နင်ယွမ်ရှန်းကို သိတယ်မလား။ သူက အရှင်ကျန်းလီကို ကိုးကွယ်ခဲ့ပြီး လောကရဲ့ နေမင်းကြီးအဖြစ် သတ်မှတ်ခဲ့တာလေ။ ကျန်းလီအတွက်နဲ့ သူ့အသက်ရော၊ တိုင်းပြည်ပါ ပေးဆပ်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးကျတော့ ဘာဖြစ်သွားလဲ။ ကျန်းလီက လောကဖျက်ဆီးသူကြီး ဖြစ်နေခဲ့တယ်။”
မင်းသမီးနင်ဟန်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ မျှော်လင့်ချက်အမဲ့ဆုံးနဲ့ အမှောင်မိုက်ဆုံး အချိန်မှာတောင် ကျွန်မတို့ အသက်ရှင်ခဲ့ကြတာပဲ။ ကောင်းကင်ပင်လယ်နန်းဆောင်၊ မိုကျင်း တစ်ခုလုံး၊ တော်ဝင်ချန်အင်ပါယာသစ်၊ အလင်းရောင်နယ်မြေနဲ့ မျှော်လင့်ချက် နယ်မြေကို ကယ်တင်ခဲ့တာ ဆရာလေ။”
“ဆရာ ချမှတ်ခဲ့တဲ့အမိန့်တွေသာ မရှိရင် မိုကျင်းက သိန်းချီတဲ့လူတွေ ပျက်စီးသွားကြမှာပါ။ ဒီနေရာက စည်းမျဉ်းတိုင်းကို ဆရာ ချမှတ်ခဲ့တာလေ။ ဘယ်အချိန် အိပ်ရမယ်။ ဘယ်အချိန် ထရမယ်။ ဘယ်အချိန် အလုပ်လုပ်ရမယ်။ ဘယ်သူက ဘာလုပ်ရမယ် ဆိုတာကအစပေါ့။
တော်ဝင်ချန်အင်ပါယာရဲ့ အခမ်းအနားတိုင်းက သမိုင်းစာအုပ်တွေနဲ့အညီ ဖြစ်ခဲ့တာပါ။ ဆရာက နုရှောင့်မြို့ထက် ပိုပြီး တရားဝင်မှုရှိတဲ့ အင်ပါယာတစ်ခုကို တည်ဆောက်ခဲ့တာလေ။ အခု အရှင်ရှမ့်လန် ပြန်ရောက်လာပြီ။ အခက်ခဲဆုံး အချိန်တွေ ကုန်ဆုံးသွားပြီ။ ဘာလို့ ဆရာ မတောင့်ခံနိုင်တော့တာလဲ။”
လူတိုင်းသည် အယောင်ဆောင်သူလျှိုကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။
ကျူးကျွင်းက တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ “တော်ဝင်ရန်အင်ပါယာ သေဆုံးပြီး ကျုပ်တို့ ထောင်က လွတ်လာတုန်းက တစ်လောကလုံးရဲ့ လှောင်ပြောင်စရာ ဖြစ်ခဲ့ရပါတယ်။ ကျုပ် စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် စဉ်းစားခဲ့ဖူးတယ်။
တျန်းရွဲ့မြို့ကနေ ကျုပ်တို့ကို ခေါ်ထုတ်လာပြီး မိုကျင်းကို ပို့ပေးခဲ့တာ ခင်ဗျားလေ။ ဘဝသစ် ပေးခဲ့ရုံမကဘူး။ ဘဝရည်မှန်းချက်နဲ့ အသက်ရှင်ရမယ့် တွန်းအားတွေကိုပါ ပေးခဲ့တာပါ။ ကျုပ်တို့တောင် အမှောင်ထုထဲမှာ တောင့်ခံနိုင်သေးတာ။ ခင်ဗျားက ဘာလို့ မရတော့တာလဲ။”
အနက်ရောင်အရိပ် အယောင်ဆောင်သူလျှိုက နာကျင်စွာ ပြောလိုက်၏။ “မသိနားမလည်ခြင်းက ကောင်းချီး တစ်ခုပါပဲ။ နည်းနည်းပဲ သိထားတော့ ရည်မှန်းချက် ရှိသရွေ့ အသက်ရှင်နိုင်ကြတာပေါ့။ မသိနားမလည်တော့ မျှော်လင့်ချက်တွေ ပြည့်ဝနေတာပေါ့။ အများကြီးသိသွားတာနဲ့ တပြိုင်နက် လုံးဝ မျှော်လင့်ချက်မဲ့သွားပြီး ထာဝရ အမှောင်ထုထဲ ကျရောက်သွားတတ်တယ်။ ရုန်းထွက်လို့ မရတော့ဘူး။”
ထိုစကားကို ကြားချိန်မှာတော့ ရှိနေသူအားလုံးသည် တိတ်ဆိတ်သွားကြသည်။ မှန်ပေသည်။ အတိုင်းအတာ တစ်ခုအထိ မသိနားမလည်ခြင်းသည် ကောင်းချီးတစ်ခု ဖြစ်သည်။ အကောင်းမြင်စိတ်ဖြင့် အသက်ရှင်နိုင် ကြသည်။ ပို၍ သိလေ၊ ပို၍ နားလည်လေ၊ ဘဝက ပို၍ မှောင်မိုက်ပြီး မျှော်လင့်ချက်မဲ့လေ ဖြစ်တတ်သည်။
ကျူးဟုန်ရွှဲ့ စကားပင် မပြောနိုင်တော့ပေ။ သူသည် မြေကြီးပေါ်တွင် ထိုင်ချလိုက်မိသည်။ ကျူးဟုန်ရွှဲ့က အစွမ်းကုန် အော်ဟစ်လိုက်၏။ “ဘာလို့လဲ။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ခင်ဗျား ပူးကပ်ခံထားရတာ ဖြစ်မယ်။ ကျန်းလီထက် အဆင့်မြင့်တဲ့ ရှေးဟောင်းလူသား တစ်ယောက်ယောက် ပူးကပ်တာ ခံထားရမှာပါ။ မဟုတ်ရင် ခင်ဗျား ကျုပ်တို့ကို သစ္စာဖောက်မှာ မဟုတ်ဘူး။ ကျုပ်တို့အားလုံး ပြိုလဲသွားရင်တောင် ခင်ဗျားက ပြိုလဲမှာ မဟုတ်ဘူး။ ကျုပ်တို့ အားလုံး သစ္စာဖောက်ရင်တောင် ခင်ဗျားက သစ္စာဖောက်မှာ မဟုတ်ဘူး။”
အယောင်ဆောင်သူလျှိုက ငြင်းဆန်လိုက်သည်။ “မဟုတ်ဘူး ... ဟုန်ရွှဲ့... ငါအဲဒီလောက် မစွမ်းဆောင်နိုင်ပါဘူး။ ငါ ဒီတာဝန်ကို တကယ် မထမ်းဆောင်နိုင်တော့တာ။ ဒါပေမဲ့ မင်းတို့အားလုံးက ငါ့ကို ကြည့်ပြီး အသက်နဲ့ခန္ဓာကို အပ်နှင်းထားကြတယ်။ ငါ့မှာ ရွေးချယ်စရာမရှိလို့ ဒီတာဝန်ကို ထမ်းဆောင်ခဲ့ရတာပါ။ ဒီလို ယုံကြည်မှုမျိုး၊ ဒီလို ဖိအားမျိုးက တစ်နေ့ထက် တစ်နေ့ တိုးလာခဲ့တယ်။ နောက်ဆုံး တစ်နေ့ကျတော့ ငါ့ရဲ့ စိတ်ဆန္ဒတွေ လုံးဝ ပြိုကွဲသွားခဲ့ရတယ်။
ငါ ပူးကပ်မခံရပါဘူး။ အစားထိုး မခံရပါဘူး။ ငါက ရာခိုင်နှုန်းပြည့် ကျိုးရှီ ပါပဲ။ ဟုတ်ပါတယ်။ ငါက မိုကျင်းကို ခိုးဝင်လာတဲ့ ကျန်းလီရဲ့ အယောင်ဆောင်သူလျှိုပါ။”
ထို့နောက် အယောင်ဆောင်သူလျှိုသည် မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ့မျက်နှာအစစ်ကို ဖော်ပြလိုက်၏။
သူသည် ကောင်းကင်ပင်လယ်နန်းဆောင်၏ သခင်၊ တော်ဝင်ချန် အင်ပါယာ၏ ဝန်ကြီးချုပ်၊ ဤသန့်စင်သော နယ်မြေ၏ အကြီးမြတ်ဆုံး သူရဲကောင်း၊ အသက်ရှင်ကျန်ရစ်သူ သိန်းချီသော လူထု၏ အကြီးမြတ်ဆုံး သူရဲကောင်း ဖြစ်သူ ကျိုးရှီ ပင် ဖြစ်သည်။ သူသည် ကျန်းလီ စေလွှတ်လိုက်သော မိုကျင်းသို့ ခိုးဝင်လာသည့် တစ်ဦးတည်းသော အယောင်ဆောင်သူလျှိုလည်း ဖြစ်သည်။
ဤအချိန်တွင် ကျူးဟုန်ရွှဲ့ လုံးဝ မျှော်လင့်ချက်မဲ့သွားသည်။ စိတ်ကူးယဉ်ရန် နေရာမရှိတော့ပေ။ အမှန်တရား သည် ရက်စက်စွာဖြင့် သူ့ရှေ့မှောက်တွင် ပေါ်လာခဲ့၏။
နန်းဆောင်သခင်ကျိုးရှီသည် သက်ပြင်းချပြီး ပြောလိုက်သည်။ “ကျူးဟုန်ရွှဲ့... ငါ ဘာလို့ ဒီလိုလုပ်ရတာလဲလို့ မေးတယ်မလား။ ငါ ပူးကပ်မခံရပါဘူး။ ရှေးဟောင်းလူသားနဲ့ အစားထိုး မခံရပါဘူး။ ရာခိုင်နှုန်းပြည့် ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။ ငါ ဘာလို့ တော်ဝင်ချန် အင်ပါယာကို သစ္စာဖောက်ရတာလဲ။ ဘာလို့ အရှင်ရှမ့်လန်ကို သစ္စာဖောက်ရတာလဲ။ ဘာလို့ မင်းကို သစ္စာဖောက်ရတာလဲ။”
လူတိုင်းတိတ်ဆိတ်နေကြပြီး ကျိုးရှီ ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာပြမည်ကို စောင့်ဆိုင်းနေကြ၏။ “စည်းစိမ်ဥစ္စာ ဂုဏ်သိက္ခာကြောင့်လား။ မဟုတ်ပါဘူး။ ကျန်းလီက ငါ့ကို ဘာရာထူးမှ ပေးမယ်လို့ ကတိမပေးခဲ့ပါဘူး။ စွမ်းအားကြီးတဲ့ စွမ်းအင်ကြောင့်လား။ မဟုတ်ပါဘူး။ ကျန်းလီက ငါ့ကို ငရဲသလင်းကျောက်တောင် မပေးခဲ့ပါဘူး။
အသက်ရှင်ချင်လို့လား။ မဟုတ်ပါဘူး။ ငါ အသက်တောင် မရှင်ချင်တော့ပါဘူး။ ဒါဆို ဘာလို့ တော်ဝင်ချန် အင်ပါယာကို သစ္စာဖောက်ရတာလဲ။ ဘာလို့ ကျန်းလီရဲ့ အယောင်ဆောင်သူလျှို ဖြစ်သွားရတာလဲ။ အကြောင်းပြချက်တစ်ခုတည်း ရှိပါတယ်။ ကျန်းလီ လောကကြီးကို ကယ်တင်တဲ့အခါ သူ့ရဲ့ အာကာသယာဉ် ပေါ်မှာ မင်းတို့အားလုံးအတွက် နေရာရှိနေမှာမို့လို့ပါ။ ကောင်းကင်ပင်လယ်နန်းဆောင်အတွက် နေရာတစ်ထောင် ရရှိမှာမို့လို့ပါ။”
ထိုစကားကို ကြားလိုက်ရချိန်မှာတော့ မည်သူမှ မျက်ရည်မထိန်းနိုင်တော့ပေ။ နင်ဟန်ကဲ့သို့ စိတ်ဓာတ် ကြံ့ခိုင်သူပင်လျှင် မျက်ရည်မထိန်းနိုင်တော့ချေ။
ကျူးဟုန်ရွှဲ့ အော်ဟစ်လိုက်သည်။ “ကျုပ် မလိုချင်ဘူး။ မလိုချင်ဘူး။ သေရမယ် ဆိုရင်တောင် အဆုံးထိ တိုက်ပွဲဝင်သွားမှာပဲ။”
ကျိုးရှီက ကျူးဟုန်ရွှဲ့ကို ကြည့်ပြီး ပြောလိုက်သည်။ “ငါ့မှာ သားသမီး မရှိဘူး။ မင်းနဲ့ နင်ဟန်က ငါ့သားသမီးတွေပဲ။ မင်းတို့က အသက်ရှင်မယ့် မျှော်လင့်ချက်ကို စွန့်လွှတ်နိုင်ပေမဲ့ ငါကတော့ မင်းတို့ကို ပေးရမယ်။ ငါက ဒီလောကမှာ ဆက်လက်ရှင်သန်ဖို့ မျက်နှာမရှိတော့ပေမဲ့ မင်းတို့ကိုတော့ ရဲရဲဝံ့ဝံ့ အသက်ရှင်စေချင်တယ်။ သိက္ခာကျရင်တောင်မှပေါ့။”