အခန်း (၁၃၃၉-၁၃၄၀)
Vol. 76 Ch. 1339-1340
အပိုင်း (၁၃၃၉)
ကျူးဟုန်ရွှဲ့ အံကိုကြိတ်ပြီး ပြောလိုက်၏။ “အရှင်ရှမ့်လန် ပြန်ရောက်လာပြီ။ .... ကျုပ်တို့ မျှော်လင့်ချက်မဲ့နေတာ မဟုတ်ပါဘူး။ ခင်ဗျား ဘာလို့ အခုမှ စိတ်ဓာတ်ကျသွားတာလဲ။ လက်နက်ချရင်ရော ဘာထူးမှာလဲ။ အရှုံးပေးရင်ရော ဘာထူးမှာလဲ။”
ကျိုးရှီ ဝမ်းနည်းစွာ ပြုံးလိုက်ပြီး ပြောသည်။ “ဟုန်ရွှဲ့... ငါလည်း တစ်ချိန်တုန်းက မင်းလိုပါပဲ။ ရင်ထဲမှာ မျှော်လင့်ချက်တွေ ပြည့်နေခဲ့တာပေါ့။ လောကကြီးကို ကယ်တင်ဖို့ မျှော်လင့်ချက်... ကျန်းလီကို အနိုင်ယူဖို့ မျှော်လင့်ချက်ကို ရှာဖွေဖို့ လောကအဆုံးထိ သွားခဲ့ဖူးတယ်။ အရှင်ရှမ့်လန်ကို ရှာဖွေဖို့ လောကအဆုံးထိ သွားခဲ့ဖူးတယ်။ တစ်နှစ်... သုံးနှစ်... ဆယ်နှစ်... အနှစ်နှစ်ဆယ်။ ကျန်းလီရဲ့ အင်ပါယာထဲကိုတောင် အခါခါ စွန့်စားဝင်ရောက်ခဲ့ဖူးတယ်။ ကျန်းလီ ငါ့ကို ဘာလုပ်ခဲ့လဲ သိလား။”
လူတိုင်း ခေါင်းခါလိုက်ကြသည်။ ကျန်းလီက ကျိုးရှီကို နှိပ်စက်ခဲ့သည်လား။ ဖမ်းဆီးပြီး ဝိညာဉ်ကို ဖိနှိပ်ကာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခဲ့သည်လား။
“မလုပ်ပါဘူး။ သူ ငါ့ကို လုံးဝ မနှိပ်စက်ခဲ့ပါဘူး။ ငါ သူ့ကို အကြိမ်ကြိမ် ရန်စခဲ့တယ်။ မြောက်ဝင်ရိုးစွန်းကိုတောင် သွားပြီး သူ့နန်းတော်ကို အနီးကပ် သွားကြည့်ခဲ့တယ်။ ဒါပေမဲ့ သူ ငါ့ကို ဂရုမစိုက်ခဲ့ပါဘူး။ ငါ့ကို နေရာတကာ စွန့်စားသွားလာခွင့်၊ လောကကြီးကို လေ့လာခွင့် ပေးခဲ့တယ်။ လောကကြီးရဲ့ အမှန်တရား၊ အရက်စက်ဆုံး အမှန်တရားကို သေချာနားလည်အောင် လုပ်ပေးခဲ့တယ်။ အဲဒီလို မျှော်လင့်ချက်မဲ့မှုမျိုးကို ကိုယ်တိုင် ခံစားရအောင် လုပ်ပေးခဲ့တာပါ။
ဒီလောကကြီးက သွားပြီ။ နှစ်ကိုးဆယ်အတွင်းမှာ ရှေးဟောင်း မဟာ နိဗ္ဗာန ပျက်သုန်းခြင်း နောက်တစ်ကြိမ် ဖြစ်လာတော့မယ်။ စိတ်ကူးယဉ် ခံစားချက်တွေ၊ လှပတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ လောကကြီးကို ကယ်တင်လို့ မရနိုင်ဘူး။
အရှင်ရှမ့်လန်က အရမ်းတော်ပါတယ်။ သူက လေးစားစရာကောင်းပြီး သူ့ရဲ့ ကိုယ်ပိုင်ဟန်ကို အမြဲ ထိန်းသိမ်း ထားပါတယ်။ လောကလူသားတွေအပေါ် ထားရှိတဲ့ သူ့မေတ္တာတရားက အစစ်မှန်ဆုံးပါပဲ။ သူ့စကားတွေက လူပေါင်းများစွာကို လှုပ်ခတ်စေခဲ့ပါတယ်။ လောကမှာ ရန်ငြိုးမရှိဖို့ ဘာမဆို စွန့်လွှတ်ရဲပါတယ်။ ထီးနန်းကို တောင် စွန့်လွှတ်ရဲပါတယ်။ ငါ သူ့ကို တကယ် လေးစားပါတယ်။ ကိုးကွယ်တယ်။
ဒါပေမဲ့ ကျန်းလီ ပြောတာ မှန်ပါတယ်။ အရှင်ရှမ့်လန်က အရမ်း ရိုးအလွန်းပါတယ်။ လောကကြီးကို ကယ်တင်တယ်ဆိုတာ ဧည့်ခံပွဲ မဟုတ်ပါဘူး။ ပေးဆပ်မှုတွေ ရှိရမယ်။ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးနဲ့ အရက်စက်ဆုံး ပေးဆပ်မှုတွေ ရှိရမယ်။ ချီးကျူးသံတွေ ၊ သီချင်းသံတွေ မရှိဘူး။ အဆုံးအစမဲ့ မျှော်လင့်ချက်မဲ့မှုနဲ့ အေးစက်မှုတွေပဲ ရှိတယ်။
ကောင်းကင်ဘုံမှာသာ ခံစားချက်ရှိရင် ကောင်းကင်ဘုံလည်း အိုမင်းရမှာပါပဲ။ လူတစ်ယောက်က ခံစားချက်တွေနဲ့ ချည်နှောင်ခံထားရရင် အရမ်း စွမ်းအားကြီးမားလာဖို့ မဖြစ်နိုင်ပါဘူး။
ငါ့လိုပေါ့။ ဒီနေ့ ငါ့ ပုံစံက အရမ်း အရုပ်ဆိုးနေပြီ။ ဒီလောကကြီးကို လူသားတွေ ကယ်တင်လို့ မရတော့ပါဘူး။ နတ်ဘုရားတွေကသာ ကယ်တင်နိုင်မှာ။ ဒါပေမဲ့ နတ်ဘုရားမှာ ခံစားချက် လုံးဝ မရှိပါဘူး။ သူက ဘယ်သူ့သေဆုံးမှုကိုမဆို အေးစက်စွာ ရင်ဆိုင်နိုင်တယ်။
အရှင်ရှမ့်လန်ကတော့ ခံစားချက် ပြင်းထန်လွန်းတယ်။ သူက လူဆန်လွန်းတယ်။ သူ ဒီလောကကြီးကို မကယ်တင် နိုင်ပါဘူး။ ကျန်းလီဆီမှာသာ မျှော်လင့်ချက် ရောင်ခြည် ရှိတယ်။ ခံစားချက်အရဆိုရင်တော့ ငါက အရှင်ရှမ့်လန် ဘက်တော်သားပါ။ ဒါပေမဲ့ နောက်ဆုံးကျတော့ ငါ ကျန်းလီကို ရွေးချယ်လိုက်တယ်။ ဒီလောကကြီးကို ကယ်တင်ဖို့ မျှော်လင့်ချက်က သူတစ်ယောက်တည်း ဆီမှာပဲ ရှိတယ်လို့ ငါ ခံစားမိလို့ပဲ။
ငါ ပြောလို့ ပြီးပြီ။ ငါက အပြစ်သားပါ။ ကျန်းလီရဲ့ လက်ပါးစေ ဖြစ်သွားပါပြီ။ မင်းတို့ ငါ့အသက်ကို အခု ယူနိုင်ပါတယ်။ မယူဘူးဆိုရင်တော့ ငါ့ဘာသာ အဆုံးစီရင်ပါ့မယ်။”
ထိုသို့ပြောပြီးနောက် ကျိုးရှီသည် ဒူးထောက်ကာ ခေါင်းငုံ့လိုက်ပြီး တစ်စုံတစ်ယောက် လာရောက် ခေါင်းဖြတ်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။ မည်သူမှ ရှေ့မတိုးကြပေ။
ကျိုးရှီက အက်ကွဲသောအသံဖြင့် မေးလိုက်သည်။ “ဘာလို့လဲ။ ငါ့ကို ကိုယ့်ဘာသာ သတ်သေစေချင်တာလား။”
မည်သူမှ မလှုပ်ရှားကြသေးပေ။
ကျိုးရှီက ပြောလိုက်၏။ “အရှင်ရှမ့်လန်ကို အတုမယူကြပါနဲ့။ သွေးဆူပြီး စိတ်ကူးယဉ်မနေကြပါနဲ့။ မိုကျင်း သွားပြီ။ သူ့ရဲ့ ထိန်းချုပ်ရေး ဗဟိုချက်က ငရဲသလင်းကျောက်နဲ့ လုံးဝ ညစ်ညမ်းသွားပါပြီ။ ကာကွယ်ရေးတွေ အကုန် ဆုံးရှုံးသွားပြီ။ ပုန်းကွယ်လို့ မရတော့ဘူး။
ကျန်းလီရဲ့ အမှောင်တပ်တော်က ရေလှိုင်းတွေလို ဝင်ရောက်လာပါလိမ့်မယ်။ ကြောက်မက်ဖွယ်ရာ အအေးဒဏ်နဲ့ အဆုံးအစမဲ့ သဲကန္တာရကြီးက မိုကျင်းကို အချိန်တိုအတွင်း ဝါးမျိုပြီး ဒီမြို့တော်က သက်ရှိအားလုံး ကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ ကျန်းအင်ပါယာဆီ သွားကြပါ။ မဟာ နိဗ္ဗာန ပျက်သုန်းခြင်း ကပ်ဘေးကြီး ရောက်လာတဲ့အခါ ကျန်းလီရဲ့ အာကာသယာဉ်ပေါ်မှာ မင်းတို့အတွက် နေရာရှိပါလိမ့်မယ်။”
ဖြစ်စဉ်တစ်လျှောက်လုံးတွင် ကျိုးရှီသည် ရှမ့်လန်ကို အရှင်ဟု သုံးနှုန်းသော်လည်း ကျန်းလီကိုမူ နာမည်တပ်၍ ခေါ်ဝေါ်သည်။
မင်းသမီးနင်ဟန်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။ “ဆရာ... အဲဒီ ရှမ့်လန်အတုကို ခေါ်လာတာက အရှင်ရှမ့်လန်ကို သက်သေပြစေချင်လို့၊ နဂါးဉာဏ်အလင်းကို ထုတ်လွှတ်စေချင်လို့၊ မိုကျင်းရဲ့ ထိန်းချုပ်ရေး ဗဟိုချက်ကို အသက်သွင်းစေချင်လို့ မဟုတ်လား။”
ကျိုးရှီက ဖြေလိုက်သည်။ “ဟုတ်တယ်။”
မင်းသမီးနင်ဟန်က ပြောလိုက်၏။ “ဆရာက ကျွန်မကို သူ့နဲ့ လက်ထပ်စေချင်ခဲ့တာက သူ ကောင်းကင်မျှော် ရုပ်တုကြီးရဲ့ မျက်လုံးကို ကြည့်လိုက်ရင် စိတ်အာရုံ ဗလာဖြစ်ပြီး ကျောက်ဖြစ်သွားမယ်။ အဲဒီအခါကျမှ သူ့လက်ကောက်ဝတ်က ငရဲဝိညာဉ်ပုလဲလုံးကို ခိုးယူပြီး မိုကျင်းရဲ့ ထိန်းချုပ်ရေးဗဟိုချက်ကို ညစ်ညမ်းစေမယ်။ မိုကျင်းရဲ့စွမ်းအင်ဗဟိုချက်ကို လုံးဝ ဖျက်ဆီးပစ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်လား။”
“ဟုတ်တယ်။”
ကျိုးရှီ ခါးသီးစွာ ပြုံးလိုက်သည်။ “တကယ်တော့ ငါ အဲဒီလို မလုပ်ရင်တောင် မိုကျင်းက သိပ်ကြာကြာ ခံမှာ မဟုတ်ပါဘူး။ သဲကန္တာရကြီးတစ်ခုလုံးရဲ့ စွမ်းအင်တွေ ခန်းခြောက်လုနီးပါး ဖြစ်နေပြီ။ မကြာခင် မိုကျင်းလည်း တခြားနေရာတွေလို သဲမှုန့်တွေအဖြစ် ပြောင်းလဲသွားပြီး အသက်ဓာတ် ကင်းမဲ့သွားမှာပါ။
နောက်တစ်ခုက... ငါ့ရဲ့ မူလအစီအစဉ်မှာ အရှင်ရှမ့်လန် ကောင်းကင်မျှော်ရုပ်တုကြီးရဲ့ မျက်လုံးကို ကြည့်လိုက်ရင် စိတ်အာရုံ ဗလာဖြစ်သွားပြီး မိုကျင်းရဲ့ စွမ်းအင်တွေအကုန် ကုန်ခန်းသွားမယ်လို့ တွက်ထားခဲ့တာ။ ဒါပေမဲ့ သူ ကျောက်ဖြစ်သွားတယ်။ ဒါကိုတော့ ငါ လုံးဝ မထင်မှတ်ထားခဲ့ဘူး။
နောက်တစ်ချက် အရှင်ရှမ့်လန်ရဲ့ ငရဲဝိညာဉ်ပုလဲလုံး မရှိရင်တောင် ငါ မိုကျင်းရဲ့ ထိန်းချုပ်ရေးဗဟိုချက်ကို ဖျက်ဆီးလို့ ရတယ်။ စက်နှိုးပြီးတာနဲ့ ငရဲသလင်းကျောက် နည်းနည်းလေး ရှိရုံနဲ့ ထိန်းချုပ်ရေး ဗဟိုချက် တစ်ခုလုံးကို ညစ်ညမ်းစေဖို့ လုံလောက်ပါတယ်။”
အရှင်ရှမ့်လန်၏ နဂါးဓားတွင် ငရဲဝိညာဉ်ပုလဲလုံး တစ်လုံး မြှုပ်နှံထားကြောင်း လူတိုင်း သတိရလိုက်ကြသည်။ အနည်းငယ် သေးငယ်သော်လည်း ငရဲသလင်းကျောက် စွမ်းအင် ရှိနေသည်။ ရှမ့်လန်အတု၏ နဂါးဓားတွင်မူ ငရဲဝိညာဉ်ပုလဲလုံး မြှုပ်နှံထားခြင်း မရှိတော့ပေ။
ကျိုးရှီက ပြောလိုက်သည်။ “အရှင်ရှမ့်လန် လက်ကောက်ဝတ်က ငရဲဝိညာဉ်ပုလဲလုံးက ပိုပြီး အားကောင်းပြီး ပိုထိရောက်မယ်လို့ ငါ ထင်တယ်။ အဲဒါက မိုကျင်းရဲ့ ထိန်းချုပ်ရေးဗဟိုချက်ကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်လိမ့်မယ်။ ဒီလိုနည်းနဲ့ ငါ ကျန်းလီကို ပိုပြီး အကျိုးပြုနိုင်မှာပါ။ အနာဂတ်မှာ ကောင်းကင်ပင်လယ် နန်းဆောင် အနေနဲ့ မဟာ နိဗ္ဗာန ပျက်သုန်းခြင်း ကပ်ဘေးကြီးကနေ လွတ်မြောက်နိုင်ခြေ ပိုများလာပြီး အာကာသယာဉ်ပေါ် တက်ခွင့်ရသူ ပိုများလာမှာပါ။ ဖြစ်နိုင်တာက...”
မင်းသမီးနင်ဟန်က ပြောလိုက်၏။ “အရှင်ရှမ့်လန် ကောင်းကင်မျှော်ရုပ်တုကြီးရဲ့ မျက်လုံးကို သွားကြည့်တုန်းက ဆရာ တစ်မိနစ်လောက် ရပ်တန့်နေပြီးမှ အပေါ်တက်ပြီး ငရဲဝိညာဉ်ပုလဲလုံးကို ယူခဲ့တာ ကျွန်မ သတိထားမိလိုက်တယ်။ ဘာလို့လဲ။”
ကျိုးရှီက ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ ငါလည်း သေရေးရှင်ရေး ရုန်းကန်နေခဲ့ရလို့ပဲ။ အရှင်ရှမ့်လန်မှာ လောကကြီးကို ကယ်တင်နိုင်မယ့် အခွင့်အရေး ရှိကောင်းရှိနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ ငါ လက်လျှော့လိုက်တယ်။ သူ ကျောက်ဖြစ်သွားတယ်လေ။ သေချာတာပေါ့။ သူ ကျောက်မဖြစ်ရင်တောင် ငါ ဒီလမ်းကိုပဲ ရွေးချယ်မှာပဲ။ ဘာလို့လဲဆိုတော့ ငါ တကယ် မျှော်လင့်ချက်ဆိုတာကို မမြင်တော့ဘူး။”
မင်းသမီးနင်ဟန်က မေးလိုက်၏။ “ဆရာနဲ့ ကျန်းလီက ဝိညာဉ်စာချုပ် ချုပ်ထားတာလား။ စာရွက်စာတမ်းနဲ့ ချုပ်ထားတာလား။”
“လုံးဝ မရှိပါဘူး။”
ကျိုးရှီက ပြောလိုက်သည်။ “နှုတ်ကတိ သက်သက်ပါပဲ။ ငါသာ သူ့သူလျှို လုပ်ပေးမယ်ဆိုရင် ကောင်းကင်ပင်လယ်နန်းဆောင်ကို အသက်ရှင်ခွင့် နေရာတစ်ထောင် ပေးမယ်တဲ့။”
မင်းသမီးနင်ဟန်က ပြောလိုက်၏။ “အရှင်ရှမ့်လန်က ကျန်းလီကို ကောက်ကျစ်စဉ်းလဲခြင်း နတ်ဘုရားလို့ အမြဲ ပြောလေ့ရှိပါတယ်။ အခုမှ ကျွန်မ တကယ် နားလည်တော့တယ်။ သူများ ခန္ဓာကိုယ်ကို ရယူတာ။ ရှေးဟောင်းလူသားတစ်ယောက်ရဲ့ ရုပ်ရည်ကို ပြောင်းလဲပြီး အစားထိုးတာ။ အဲဒါတွေက အနိမ့်ဆုံး အဆင့်တွေပါ။ အမြင့်ဆုံးအဆင့်ကတော့ နှလုံးသား၊ ဝိညာဉ်နဲ့ စိတ်ဓာတ်ကို အနိုင်ယူတာပါပဲ။ ကျွန်မ အလေးစားဆုံး၊ ဖခင်တစ်ယောက်လို သဘောထားတဲ့ ဆရာတောင်မှ လုံးဝ အညံ့ခံလိုက်ရပြီပဲ။”
ကျူးနင်က ပြောလိုက်သည်။ “လူတိုင်းမှာ အားနည်းချက် ရှိပါတယ်။ ရန်သူ့ အားနည်းချက်ကို ဆုပ်ကိုင်ပြီး အစွမ်းကုန် အသုံးချလိုက်ရင် ဘာမဆို လုပ်လို့ရသွားပြီး လုံးဝ ထိန်းချုပ်နိုင်မှာပါပဲ။”
နင်ဟန်က ပြောလိုက်၏။ “ကျန်းလီ ဒီလောက် စွမ်းအားကြီးရတဲ့ အကြောင်းရင်းက သူ့မှာ အားနည်းချက် မရှိလို့လေ။ သူ့မှာ ခံစားချက် မရှိလို့ အားနည်းချက် မရှိတာပါ။ အရှင်ရှမ့်လန်မှာတော့ အားနည်းချက်တွေ အများကြီးပါပဲ။”
ကျိုးရှီက ပြောလိုက်သည်။ “ဒါကြောင့် အရှင်ရှမ့်လန် သေချာပေါ့ ရှုံးနိမ့်ရမှာပါ။ သူ့မှာ မျှော်လင့်ချက် လုံးဝ မရှိဘူး။ ကျန်းလီက ကိုယ်တိုင်တောင် လာတိုက်စရာ မလိုပါဘူး။ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး ကစားပွဲမှာ အရှင်ရှမ့်လန် ရှုံးသွားပါပြီ။ ပြန်မတိုက်နိုင်ဘဲ ရှုံးသွားတာ။”
“သူ ရှုံးသွားတာ ကောင်းပါတယ်။”
ကျိုးရှီ ခါးသီးစွာ ပြုံးလိုက်၏။ “ဒါမှ ငါ့ရဲ့ ဆုံးရှုံးမှုတွေနဲ့ မျှော်လင့်ချက်မဲ့မှုတွေကို စောစောစီးစီး ရပ်တန့်နိုင်မှာပါ။ ဒီလောကကြီးရဲ့ အမှန်တရားကို စောစောစီးစီး သိမြင်နိုင်ပြီး လုပ်သင့်တာ လုပ်နိုင်မှာပါ။ အသက်ရှင်မယ်၊ ကြိုးကြိုးစားစား အသက်ရှင်မယ်၊ သိက္ခာကျရင်တောင်မှ အသက်ရှင်ရမယ်။”
ထို့နောက် နန်းဆောင်သခင်ကျိုးရှီသည် မင်းသမီးနင်ဟန်ကို ကြည့်ပြီး ပြောလိုက်သည်။ “သမီးလေး... နောက်ဆုံးကျတော့ သမီး အရှင်ရှမ့်လန်နဲ့ လက်ထပ်လိုက်တာပဲ။ ဒါက သမီးစိတ်ထဲက ကံဆိုးတဲ့ ရေစက်ကို အဆုံးသတ်လိုက်တယ်လို့ ယူဆနိုင်ပါတယ်။ သမီးရဲ့ဝမ်းဗိုက်ထဲမှာ အရှင်ရှမ့်လန်ရဲ့ ကလေး ရှိနေမယ်ဆိုရင် သမီး ပိုပြီး အသက်ရှင်သင့်ပါတယ်။ ကျန်းလီအတွက် သမီးက ပိုပြီး အရေးပါလာနိုင်ပါတယ်။ အနာဂတ်မှာ ကျန်းလီရဲ့ အာကာသယာဉ်ပေါ်မှာ သမီးအတွက် နေရာတစ်နေရာ ရှိလာမှာပါ။”
အပြင်ဘက်တွင် အေးစက်သော လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေဆဲ ဖြစ်ပြီး သဲမှုန်များ နေရာအနှံ့ ပျံဝဲနေသည်။ အင်ပါယာကျန်းလီ၏ စစ်ပွဲသားရဲများ အော်ဟစ်သံကိုပင် ကြားနေရသကဲ့သို့ ရှိ၏။
မိုကျင်း တကယ် သွားပြီဟု ထင်ရသည်။
ကာကွယ်ရေး စနစ်တစ်ခုလုံး ပြိုလဲသွားပြီးနောက် ကျန်းလီ၏တပ်တော် တိုက်ခိုက်စရာပင် မလိုတော့ပေ။ တစ်လမပြည့်မီ အချိန်အတွင်း မိုကျင်းတစ်ခုလုံး လုံးဝ ပျက်သုဉ်းသွားပေလိမ့်မည်။ တော်ဝင်ချန်အင်ပါယာ၏ နောက်ဆုံး မျှော်လင့်ချက်၊ လူသားမျိုးနွယ်၏ နောက်ဆုံး အလင်းရောင် နယ်မြေသည် လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ရှမ့်လန်နှင့် ကျန်းလီတို့၏ ပထမဆုံး ကစားပွဲသည် လုံးဝ ရှုံးနိမ့်သွားသည့်ပုံ ပေါက်နေ၏။ ကျန်းလီ ကိုယ်တိုင် မပေါ်လာခဲ့လျှင်ပင်၊ ဤနေရာသည် ရှမ့်လန်၏ အိမ်ကွင်း ဖြစ်နေလျှင်ပင် ရှုံးနိမ့်ခဲ့ရသည်။ နေရာတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ကျိုးရှီက ပြောလိုက်၏။ “ကျုပ်ကို သတ်မဲ့သူ မရှိဘူးလား။ ကျုပ်ကို သတ်မဲ့သူ မရှိဘူးလား။”
မည်သူမှ မလှုပ်ရှားကြသေးပေ။ ကျိုးရှီက ပြောလိုက်သည်။ “အစ်ကိုကြီး ကျူးကျွင်း... ခင်ဗျား လုပ်လိုက်ပါ။”
ကျူးကျွင်း မလှုပ်ရှားပေ။ သူ့တွင် လုပ်ရဲသောသတ္တိ မရှိပေ။ တကယ်တော့ လုပ်ပိုင်ခွင့် မရှိဟု သူ ခံစားနေရ၏။
ကျိုးရှီက ပြောလိုက်သည်။ “တပ်မှူးကြီး ကျန်ကျောင်း... ခင်ဗျားက လူတွေအများကြီး သတ်ဖူးတာပဲ။ ခင်ဗျား လုပ်လိုက်ပါ။”
ကျန်ကျောင်း မလှုပ်ရှားပေ။ သူသည် မြေကြီးကို လက်သီးဖြင့် ထိုးလိုက်ရာ သွေးများ ထွက်လာခဲ့၏။ ဤနှစ်များတစ်လျှောက်လုံး သူသည် စကားနည်းသူ တစ်ဦး ဖြစ်ခဲ့သည်။ အသက်ရှင်ရန် စိတ်ဆန္ဒအားလုံး ကုန်ခန်းနေသော်လည်း ဤလောကကြီးသည် သူ့စိတ်ဓာတ်ကို အမြဲတမ်း တက်ကြွစေခဲ့၏။
နန်းဆောင်သခင် ကျိုးရှီက ပြောလိုက်သည်။ “ခင်ဗျားတို့ ဘယ်သူမှ မလုပ်ချင်ဘူး ဆိုတော့... ကျုပ်ဘာသာ လုပ်ရမှာပေါ့။ ကောင်းပြီ။ ကောင်းပြီ။”
သူ ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။ “ဒီခွေးမသားလောကကြီး... ဒီကျိန်စာသင့် လောကကြီး... နှုတ်ဆက်ပါတယ် လောကကြီး...”
ကျိုးရှီ နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် သူ့ခေါင်းကို ရုတ်တရက် ဖြတ်ချလိုက်ချင်စိတ် ပေါက်သွားသည်။ သူ့လှုပ်ရှားမှုသည် အလွန် ကြမ်းတမ်းလှသည်။ သူ့ခေါင်းကို ဖြတ်ချရုံသာမက သူ့ခန္ဓာကိုယ်ကို လှန်ပစ်ပြီး အရိုးများကို ချေမွပစ်ချင်နေသကဲ့သို့ ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ကို ပြာအဖြစ် ပြောင်းလဲပစ်ချင်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယုတ်မာသည်ဟု ခံစားနေရ သောကြောင့်ပင်။
သို့သော်ငြား နောက်တစ်ခဏတွင် ......
ကျိုးရှီ၏ တစ်ကိုယ်လုံး အေးခဲသွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် လူတစ်ယောက် ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည်။ မဟုတ်ဘူး။ လူနှစ်ယောက်ဖြစ်သည်။
တစ်ယောက်က အပြင်ဘက်မှ ဝင်ရောက်လာသော ရုပ်ခန္ဓာအစစ် ဖြစ်သည်။ အခြားတစ်ယောက်က အလင်းနံရံ ထိန်းချုပ်ရေး ဗဟိုချက်ထဲမှ ထွက်လာသော ဝိညာဉ်အလင်းရောင် ပုံရိပ် ဖြစ်သည်။ ငရဲဝိညာဉ် ပုလဲလုံးထဲမှ ထွက်လာခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်အလင်းရောင် ပုံရိပ်တို့ ချဉ်းကပ်လာပြီးနောက် ပေါင်းစည်းသွားကာ ပြီးပြည့်စုံသော လူတစ်ယောက် ဖြစ်လာခဲ့၏။
ထိုလူမှာ ရှမ့်လန်ပင် ဖြစ်သည်။
‘သူ စောစောက ကျောက်ဖြစ်သွားတာ မဟုတ်ဘူးလား။ သူ သွားပြီ မဟုတ်ဘူးလား။’
သို့သော်ငြား ယခု လုံးဝ အထိအခိုက်မရှိ ပုံပေါက်နေ၏။
ရှမ့်လန်သည် ကျိုးရှီ၏ ရှေ့မှောက်သို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူသည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ကျုပ်နဲ့ ကျန်းလီရဲ့စစ်ပွဲမှာ ဘယ်သူနိုင်မလဲတော့ မသိဘူး။ ဒါပေမဲ့ ပထမဆုံး တိုက်ပွဲမှာတော့ ကျုပ် နိုင်သွားပြီ။”
ရှမ့်လန် လက်ကို ဝှေ့ယမ်းလိုက်သည်။ တစ်ခဏချင်းမှာပင် အပြင်လောကကြီးသည် လုံးဝ တည်ငြိမ်သွား ခဲ့သည်။ သဲမုန်တိုင်းအားလုံး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့၏။ ကြောက်မက်ဖွယ် အအေးဒဏ် သည် လျော့ပါးသွားခြင်း မဟုတ်ဘဲ မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားခဲ့၏။
ကောင်းကင်တွင် ပြည့်နှက်နေသော သဲဝါများသည်လည်း ပုံရိပ်ယောင်တစ်ခုအလား ဖြစ်သွားခဲ့သည်။ မိုကျင်းထဲသို့ ဝင်ရောက်လာသော အနက်ရောင် ပုံရိပ်များနှင့် ကောင်းကင်စစ်သည်တော်များသည်လည်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ရှမ့်လန် လက်ကို ညင်သာစွာ မြှောက်လိုက်သည်။ ငရဲဝိညာဉ်ပုလဲလုံးသည် အလင်းနံရံ ထိန်းချုပ်ရေး ဗဟိုချက်ထဲမှ ပျံထွက်လာပြီး ရှမ့်လန်၏ လက်ဖဝါးပေါ်တွင် ငြိမ်သက်စွာ ရောက်ရှိလာခဲ့၏။
ထိန်းချုပ်ရေး ဗဟိုချက်ကို ကျူးကျော်ဝင်ရောက်ခဲ့သည့် မြင်ကွင်းသည် တစ်ခါမှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။ မိုကျင်း၏ ထိန်းချုပ်ရေးဗဟိုချက် ပျက်စီးသွားသည့် ဖြစ်စဉ်သည် တစ်ခါမှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။ သေချာသည်မှာ ထိုအရာသည်လည်း တကယ် မဖြစ်ပျက်ခဲ့ပေ။ အရာအားလုံးမှာ ရှမ့်လန်၏ အစီအစဉ်သာ ဖြစ်သည်။
........
အပိုင်း (၁၄၄၀)
ရှိနေသူ အားလုံး လုံးဝ မင်သက်သွားကြသည်။ ရှမ့်လန်သည် လူတိုင်းကို အရူးလုပ်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် အနည်းငယ် ရိပ်မိသူတစ်ဦးတည်းသာ ရှိကောင်းရှိနိုင်ပြီး ယင်းမှာ မင်းသမီးနင်ဟန် ဖြစ်သည်။
ရှမ့်လန် ဘာမှမပြောသော်လည်း သူမ ဝိုးတဝါး ခန့်မှန်းမိနိုင်သည်။ အမျိုးသမီးတို့၏ အာရုံခံစားမှုသည် တကယ်ပင် ထက်မြက်လှသည်ဟု ဆိုရပေမည်။ ထို့အပြင် မင်းသမီးနင်ဟန်သည် နန်းဆောင်သခင် ကျိုးရှီ အား အစတည်းက မည်သည့် သတိပေးမှုမှ မပြုလုပ်ခဲ့ပေ။
ထိုသို့ဖြစ်လင့်ကစား အယောင်ဆောင်သူလျှို ပေါ်ပေါက်လာချိန်မှာတော့ နင်ဟန်သည် ကြီးမားသော တုန်လှုပ်မှု နှင့် ထိုးနှက်ချက်ကို ရရှိခဲ့ဆဲ ဖြစ်သည်။ ဤလောကတွင် သူမ၏ဆရာတောင်မှ သစ္စာဖောက်နိုင်လျှင် အခြားမည်သူက သစ္စာမဖောက်ဘဲ နေမည်နည်း။
ကျိုးရှီသည် နင်ဟန်၏ စံပြပုဂ္ဂိုလ် အမြဲ ဖြစ်ခဲ့သည်။ သူမသည် ဖခင်ဖြစ်သူ နင်ယွမ်ရှန်းနှင့် မရင်းနှီးဘဲ ကျိုးရှီကိုသာ ဖခင်အရင်းသဖွယ် သဘောထားခဲ့သည်။
ရှမ့်လန်သည် လက်ဖဝါးပေါ်ရှိ ငရဲဝိညာဉ်ပုလဲလုံးကို ကြည့်လိုက်သည်။ ဤအချိန်တွင် အလင်းနံရံ ထိန်းချုပ်ရေး ဗဟိုချက်သည် လုံးဝ ငြိမ်သက်သွားခဲ့ပြီ ဖြစ်၏။ စောစောက ဖြစ်ပျက်ခဲ့သမျှ အရာ အားလုံးသည် ရှမ့်လန်နှင့် အလင်းနံရံ ထိန်းချုပ်ရေးဗဟိုချက်တို့ ပူးပေါင်း၍ ပြသလိုက်သော ပြဇာတ်တစ်ခုသာ ဖြစ်၏။
............
ရှမ့်လန်သည် ကျိုးရှီကို ကြည့်လိုက်သည်။ ကျိုးရှီသည် တစ်စုံတစ်ခုကို သက်သေပြလိုသည့်အလား ခေါင်းကို အနည်းငယ်မော့ကာ ကျောကို ဆန့်လိုက်သည်။ သို့သော်ငြား သူသည် ဒူးထောက်လျက်သားပင် ခေါင်းကို ငုံ့လိုက်ပြန်သည်။ ရှမ့်လန်သည် သူ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုပေ။ သူ ဘယ်က စပြောရမှန်း မသိအောင် ဖြစ်နေမိသည်။
တကယ်တော့ ရှမ့်လန်သည် အစတည်းက ကျိုးရှီကို သံသယ ဝင်ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ရှမ့်လန်အတုသည် အလွန် စစ်မှန်လွန်းနေသောကြောင့် ဖြစ်သည်။ ထိုသူသည် ရှမ့်လန်ကို အနိုင်ယူရန် သူ့အသက်နှင့် ဝိညာဉ်ကို အသုံးပြုကာ အစွမ်းကုန် ကြိုးစားနေခဲ့ခြင်း ဖြစ်၏။
သို့သော်ငြား ရှမ့်လန်သည် နဂါးဉာဏ်အလင်းကို ထုတ်လွှတ်ပြီး မိုကျင်း စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်၏ အာဏာကို ရယူလိုက်ချိန်မှာတော့ ရှမ့်လန်အတုသည် သက်ပြင်းချကာ ခုခံမှုအားလုံးကို စွန့်လွှတ်လိုက်ရသည်။
ထို့ကြောင့် ရှမ့်လန်သည် ရှမ့်လန်အတုမှာ မှန်ဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းမိလိုက်သည်။ ရှမ့်လန်သည် အစစ်ဖြစ်ကြောင်း သေချာသွားချိန်မှာတော့ မှန်သည် စိတ်သက်သာရာရသွားပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် နည်းလမ်းကို အသုံးပြုကာ ရှမ့်လန် အစစ်ဖြစ်ကြောင်း သက်သေပြခဲ့ခြင်း ဖြစ်၏။
မှန်သည် ပူးကပ်ခံထားရသူ မဟုတ်သလို ရှေးဟောင်းလူသား အဖြစ် ပြောင်းလဲခံထားရသူလည်း မဟုတ်ပေ။ သူသည် စစ်မှန်သော မှန်၊ ရာခိုင်နှုန်းပြည့် မှန် ဖြစ်သည်။ သူ့တွင် အပြစ်အနာအဆာ မရှိရခြင်းမှာ သူသည် မီးကဲ့သို့ သန့်စင်လွန်းသောကြောင့် ဖြစ်သည်။
အရေးအကြီးဆုံးမှာ သူသည် ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ သူ့စိတ်ထဲတွင် ရှမ့်လန်သည် အတုအယောင် ဖြစ်ပြီး မိုကျင်း၏ အာဏာကို လုယူရန် ကျန်းလီ စေလွှတ်လိုက်သော အယောင်ဆောင်သူလျှို ဖြစ်သည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် သူသည် ရှမ့်လန်ကို တားဆီးရန် အသက်စွန့် ကြိုးပမ်းခဲ့ခြင်း ဖြစ်၏။
‘အရှင်ရှမ့်လန် မပြန်လာသေးခင် စပ်ကြား၊ အရှင်အတွက် လူထု၏ နှလုံးသားကို စုစည်းပေးဖို့ ကျုပ်က မှန် အနေနဲ့ ခေတ္တ ကိုယ်စားပြုနေမယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်ချန်အင်ပါယာရဲ့ နောက်ဆုံး သန့်စင်တဲ့ နယ်မြေကို ရန်သူ့လက်ထဲ အကျဆုံးမခံနိုင်ဘူး။’
ထိုယုံကြည်ချက်ကြောင့်ပင် မှန်သည် မည်သည့် အပြစ်အနာအဆာမှ မရှိခဲ့ခြင်း ဖြစ်သည်။ အခြားသူများ မဆိုထားနှင့်၊ ရှမ့်လန် ကိုယ်တိုင်ပင် သူ့ထံမှ အပြစ်အနာအဆာ ရှာမတွေ့ခဲ့ပေ။
ထိုလူ၏ သရုပ်ဆောင်စွမ်းရည်မှာ အလွန် မြင့်မားနေပြီ ဖြစ်သည်။ သို့သော်ငြား ရှမ့်လန် သူ့ကို မြင်လိုက် ချိန်မှာတော့ ဤနေ့ရက် ရောက်လာနိုင်ကြောင်း ခံစားမိခဲ့သည်။ မှန်သည် အယောင်ဆောင်သူလျှို မဟုတ်လျှင် ကျိုးရှီ ဖြစ်နိုင်ခြေ အလွန်များသည်။ အကြောင်းမှာ ရှမ့်လန်အတုကို ခေါ်လာသူမှာ ကျိုးရှီ ဖြစ်သောကြောင့်ပင်။
သို့သော်ငြား ရှမ့်လန်သည် ကျိုးရှီ၏ စိတ်ကိုလည်း စစ်ဆေးခဲ့သည်။ သူသည် ပူးကပ်ခံထားရသူ မဟုတ်သလို ရှေးဟောင်းလူသား အဖြစ် ပြောင်းလဲခံထားရသူလည်း မဟုတ်ပေ။ သူသည် ရာခိုင်နှုန်းပြည့် နန်းဆောင်သခင် ကျိုးရှီဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် ငရဲသလင်းကျောက် တစ်ခုမှ မရှိချေ။ ဤအရာက သတင်းကောင်း ဖြစ်သလို ၊ သတင်းဆိုးလည်း ဖြစ်နေသည်။
သတင်းဆိုးမှာ ကျိုးရှီသည် ကျန်းလီ၏ ဦးနှောက်ဆေးကြောခြင်း ခံထားရနိုင်ခြင်း ဖြစ်သည်။ သတင်းကောင်းမှာ ကျိုးရှီသည် ဤကာလအတွင်း အလွန် ဇဝေဇဝါ ဖြစ်နေပြီး ယခင်ကကဲ့သို့ တည်ငြိမ်မှုနှင့် ဉာဏ်ပညာ မရှိတော့ခြင်း ဖြစ်၏။
သို့သော်ငြား ရှမ့်လန် သူ့ကို အမြန်ဆုံး ဖော်ထုတ်ရမည်။ အကြောင်းမှာ မှန်၏ နဂါးဓားပေါ်မှ ငရဲဝိညာဉ် ပုလဲလုံး ပျောက်ဆုံးသွားသောကြောင့် ဖြစ်သည်။ ငရဲဝိညာဉ်ပုလဲလုံး၏ စွမ်းအင်မှာ အလွန် သေးငယ်ပြီး အတွင်းရှိ ဝိညာဉ်များမှာ အလွန် ရှုပ်ထွေးနေသည်။
မီးနတ်ဘုရားဂိုဏ်းမှ ယဇ်ပုရောဟိတ် ထောင်ပေါင်းများစွာ ပါဝင်ရုံသာမက မီဒူဆာ တော်ဝင်မိသားစု၏ ဝိညာဉ်များစွာလည်း ပါဝင်နေသည်။ သို့သော်ငြား ထိုအရာသည် အလင်းနံရံ စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်ကို ညစ်ညမ်းစေနိုင်သော်လည်း ကြီးကြီးမားမား အားမကောင်းလှပေ။ ထို့ကြောင့် မိုကျင်း၏ စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်ကို ညစ်ညမ်းစေရန်မှာ ထိုအရာက နည်းလမ်းကောင်း မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ရှမ့်လန်၏ လက်ကောက်ဝတ်မှ ငရဲဝိညာဉ်ပုလဲလုံးတွင် စွမ်းအားကြီးသော ငရဲသလင်းကျောက် ပါဝင်ပြီး ရှေးဟောင်းလူသား ဝိညာဉ် ဒါဇင်ကျော် ပါဝင်နေသည်။ ၎င်းသည် စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်ကို ဖျက်ဆီးရန်နှင့် ကျူးကျော်ရန် အကောင်းဆုံး လက်နက် ဖြစ်၏။
ထို့ကြောင့် အယောင်ဆောင်သူလျှိုကို သူ့လက်က ငရဲဝိညာဉ်ပုလဲလုံး ရယူနိုင်မည့် အခွင့်အရေး ဖန်တီး ပေးရမည်။ သို့မဟုတ်ပါက သူသည် နဂါးဓားပေါ်မှ ငရဲဝိညာဉ်ပုလဲလုံးကို အသုံးပြုပြီး မိုကျင်း၏ စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်ကို ညစ်ညမ်းစေလိမ့်မည်။
ငရဲသလင်းကျောက်နှင့် ငရဲဝိညာဉ်ပုလဲလုံးတို့ အလင်းနံရံ စွမ်းအင်ထိန်းချုပ်ရေး ဗဟိုချက်ထဲသို့ ဝင်ရောက်သွားပါက ရလဒ်သည် သေစေနိုင်လောက်သည်လား။
ဟုတ်ပေသည်။ အလွန် သေစေနိုင်၏။ အကြောင်းမှာ ငရဲသလင်းကျောက်သည် အလွန် ကြောက်မက်ဖွယ် ကောင်းသောကြောင့် ဖြစ်သည်။ ၎င်းသည် အရာအားလုံးကို ဝါးမျိုပြီး ပျံ့နှံ့နိုင်သည်။
ထို့အပြင် အတွင်း၌ ရှေးဟောင်းလူသား ဝိညာဉ် ဒါဇင်ကျော် ပါဝင်နေသဖြင့် သူတို့သည် အစွမ်းကုန် ချဲ့ထွင်၊ ပျံ့နှံ့ပြီး ဝါးမျိုကြပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန် ကျောက်မဖြစ်မီကပင် သူ့ဝိညာဉ်ကို ငရဲဝိညာဉ်ပုလဲလုံး ထဲသို့ ထည့်သွင်းထားခဲ့သည်။
ထို့ကြောင့် ငရဲဝိညာဉ်ပုလဲလုံးကို ထိန်းချုပ်ထားသူမှာ ရှမ့်လန်ပင် ဖြစ်သည်။ ငရဲဝိညာဉ်ပုလဲလုံးကို အလင်းနံရံ ထိန်းချုပ်ရေး ဗဟိုချက်ထဲသို့ ပစ်ထည့်ပြီးနောက် ထူးဆန်းသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာခြင်း မှာ သရုပ်ဆောင်မှု သက်သက်သာ ဖြစ်၏။
ကာကွယ်ရေး စနစ် ပျက်စီးခြင်း၊ လေဟာနယ် ဖုံးကွယ်မှု ပျက်စီးခြင်း၊ အေးစက်သော လေထု ဝင်ရောက်လာခြင်း နှင့် သဲဝါများ လွှမ်းခြုံသွားခြင်းအားလုံးသည် စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်ကို ထိန်းချုပ်ထားသော ရှမ့်လန် ဖန်တီးလိုက်သည့် သက်ရောက်မှုများသာ ဖြစ်သည်။
ဤအရာအားလုံးသည် ရည်မှန်းချက်တစ်ခုတည်း အတွက်သာ ဖြစ်သည်။ မြွေကို တွင်းထဲမှ မျှားခေါ်ရန်ပင်။ နောက်ဆုံးတွင် သူ အောင်မြင်ခဲ့သည်။ အယောင်ဆောင်သူလျှို ကျိုးရှီကို မျှားခေါ်နိုင်ခဲ့သည်။ သေချာသည်မှာ အယောင်ဆောင်သူလျှိုကို အောင်မြင်စွာ ဖော်ထုတ်နိုင်ပြီးနောက် အောင်မြင်မှု ခံစားချက် မရရှိဘဲ အဆုံးအစမဲ့ သက်ပြင်းချသံများသာ ထွက်ပေါ်လာခဲ့၏။
သဘာဝလွန် အင်အားစု ခြောက်ခုအနက် ကျိုးရှီနှင့် ကန်ဝမ်သာ ကျန်ရှိတော့သည်။ ထိုသူ့ကို လူသား အသက်ရှင်ကျန်ရစ်သူများ၏ ခေါင်းဆောင် တစ်ဦးဟု ခေါ်ဆိုနိုင်သော်လည်း နောက်ဆုံးတွင် ထိုသို့သောသူပင်လျှင် လက်နက်ချခဲ့ပြီဖြစ်သည်။
ထို့အပြင် ကျိုးရှီသည် ကိုယ့်အတွက် လက်နက်ချခဲ့ခြင်း မဟုတ်ပေ။ သူသည် သေကြောင်းကြံရန် အသင့်ပြင်ထားခဲ့သည်။ အလွန် ပြတ်သားခဲ့သည်။ သူသည် ကောင်းကင်ပင်လယ်နန်းဆောင်၏ အနာဂတ်အတွက်၊ ကျူးဟုန်ရွှဲ့နှင့် နင်ဟန်တို့ အသက်ရှင်ကျန်ရစ်ရန်အတွက် လက်နက်ချခဲ့ခြင်း ဖြစ်၏။
‘အနာဂတ်မှာ ကျန်းလီရဲ့ အာကာသယာဉ်သင်္ဘောပေါ်မှာ မင်းတို့အတွက် လက်မှတ်တစ်စောင် ရှိလိမ့်မယ်။’
ဤစကားသည် စိတ်နှလုံးကွဲကြေစရာကောင်းပြီး အလွန် သနားစရာ ကောင်းလှသည်။ အကယ်၍ ဤအရာ သည် သစ္စာဖောက်ခြင်း ဖြစ်ပါက မြင့်မြတ်ပြီး သနားစရာကောင်းသော သစ္စာဖောက်ခြင်း ဖြစ်ပေလိမ့်မည်။ ကျိုးရှီသည် သေမင်းကို မကြောက်ပေ။ သူ၏ကောင်းကင်ပင်လယ်နန်းဆောင်နှင့် သူ့တပည့်များ သေဆုံးသွားမည်ကိုသာ ကြောက်ရွံ့ခြင်း ဖြစ်သည်။
ကျိုးရှီက ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်... ကျုပ်ကို ကွပ်မျက်လိုက်ပါ။”
လူတိုင်း ရှမ့်လန်ကို အသနားခံသော မျက်လုံးများဖြင့် ကြည့်နေကြသော်လည်း မည်သူမှသည် နှုတ်ဖြင့် ထုတ်ဖော် မပြောရဲကြပေ။ အကြောင်းမှာ ကျိုးရှီ ကျူးလွန်ခဲ့သောအပြစ်မှာ ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ သူသည် တော်ဝင်ချန်အင်ပါယာကို သစ္စာဖောက်ခဲ့သည်၊ အင်ပါယာဘုရင်ကို သစ္စာဖောက်ခဲ့သည်၊ ရန်သူထံ လက်နက်ချခဲ့သည်။
ရှမ့်လန်သည် လက်ထဲမှ ဓားကို ကိုင်ကာ မြှောက်ရန် ကြိုးစားလိုက်သည်။ ကျိုးရှီ၏ အပြစ်သည် သေဒဏ်နှင့် ထိုက်တန်သည်။ အချိန်အတော်ကြာပြီးနောက် ဓားကို ပြန်ချလိုက်၏။
ရှမ့်လန်က မေးလိုက်သည်။ “နန်းဆောင်သခင်ကျိုးရှီ... ခင်ဗျား ကျန်းလီဆီ ဘယ်တုန်းက လက်နက်ချ ခဲ့တာလဲ။”
ကျိုးရှီက ဖြေလိုက်၏။ “ကျုပ်... ကျုပ် မသိဘူး။ ဘာလို့လဲဆိုတော့ သူက အချိန်ကန့်သတ်ချက် မထားခဲ့လို့ပဲ။ ဒါပေမဲ့ ကျုပ် ကျန်းလီနဲ့ ပထမဆုံး ဆက်သွယ်ခဲ့တဲ့ အချိန်ကို မေးချင်တာ ဆိုရင်တော့ လွန်ခဲ့တဲ့ ငါးနှစ်ကပါ။
အဲဒီတုန်းက ကျုပ် တကယ် မျှော်လင့်ချက်မဲ့နေပြီး မြောက်ဝင်ရိုးစွန်းကို တစ်ယောက်တည်း သွားချင်စိတ် ပေါက်လာခဲ့တယ်။ အဲဒီမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ သိချင်ခဲ့တယ်။ ကျန်းလီ ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ သိချင်ခဲ့တယ်။ ကျုပ် သေကြောင်းကြံပြီး သူ့ကို တိုက်ခိုက်မလို လုပ်ခဲ့ပေမဲ့ သူ ကျုပ်ကို မသတ်ခဲ့ပါဘူး။ အဲဒီမှာပဲ ကျုပ် သူနဲ့ စကားပြောခဲ့ကြတယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ပြီးတော့ ခင်ဗျား သူ့လက်အောက် ရောက်သွားတာပေါ့။”
နန်းဆောင်သခင် ကျိုးရှီက ငြင်းဆန်လိုက်၏။ “မဟုတ်ဘူး။ ကျုပ် သူ့ကို အမြဲ ပြန်ငြင်းပြီး ဆဲဆိုခဲ့တယ်။ ဒါပေမဲ့ သူ ကျုပ်ကို ပြန်မချေပခဲ့ပါဘူး။ ဇာတ်လမ်းကိုပဲ တိတ်တဆိတ် ပြောပြခဲ့ပါတယ်။ သူက ရှေးဟောင်း အင်ပါယာ ပထမဆုံးအကြိမ် ပျက်စီးခဲ့ပုံကို ပြောပြခဲ့တယ်။ စတုရန်းကီလိုမီတာ မြေ ၁၃၀ သန်းကို အလွန်အကျွံ ထုတ်ယူသုံးစွဲပြီး စွမ်းအင်ဒိုင်း တည်ဆောက်ခဲ့ပေမဲ့ နေမင်းရဲ့ ပထမဆုံး အပြောင်းအလဲကို မတားဆီးနိုင်ခဲ့တဲ့အကြောင်း ....။
ဒုတိယအကြိမ်မှာတော့ ရှေးဟောင်းအင်ပါယာက နှစ် ၂၀၀ ကြိုတင်ပြီး ဖျက်ဆီးပစ်လိုက်ပြီး မဟာ နိဗ္ဗာနပျက်သုန်းခြင်း ကပ်ဘေးကြီးကို ရှောင်ရှားဖို့ မြေအောက်မြို့တော်တွေ အများကြီး တည်ဆောက်ခဲ့ ကြတယ်။ အဲဒီတုန်းက ကျန်းရှဲ့က အဓိက မဟုတ်သေးဘူး။ ရှေးဟောင်း ကျန်းမျိုးနွယ်စု၊ ရှေးဟောင်း ကျိမျိုးနွယ်စုနဲ့ ပျောက်ဆုံးအင်ပါယာတို့က မဟာ နိဗ္ဗာနပျက်သုန်းခြင်း ကပ်ဘေးကြီးကို ရှောင်ရှားဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ကြပေမဲ့ အကုန် ကျရှုံးခဲ့ကြတယ်ဆိုတဲ့အကြောင်း ...။”
ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို မြို့တော်ဖြူကရော... အဲဒါက ဘာလဲ။”
ကျိုးရှီက ရှင်းပြ၏။ “မြို့တော်ဖြူဆိုတာ ရှေးဟောင်းအင်ပါယာရဲ့ အာဏာပိုင်တွေနဲ့ သဘာဝလွန် အင်အားစု အားလုံး ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းပါ။ သေချာတာပေါ့။ သူတို့ နောက်ဆုံးကျတော့ ကျရှုံးခဲ့ပြီး မဟာ နိဗ္ဗာနပျက်သုန်းခြင်း ကပ်ဘေးကြီး မတိုင်ခင် လူရာဂဏန်းလောက် ခေါ်ပြီး အာကာသ သင်္ဘောနဲ့ ထွက်ပြေးခဲ့ရတယ်။
သူတို့နဲ့အတူ သတင်းအချက်အလက်တွေ၊ မျိုးဥတွေနဲ့ သုက်ပိုးတွေ အများကြီး ယူဆောင်သွားခဲ့ကြတယ်။ အာကာသယာဉ် ဘေးကင်းရာဇုန်ကနေ လွတ်မြောက်သွားပြီးနောက် အပြင်ဘက်မှာ မျောပါနေခဲ့ကြတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့ နိုးထလာပြီး ပြန်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျုပ်တို့ ဂြိုဟ်ရဲ့ ဂေဟစနစ်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနေပြီ။ သူတို့ကမြေပြင်ပေါ်ကို ပြန်ဆင်းသက်ပြီး ယဉ်ကျေးမှုသစ် တစ်ခုကို ပြန်လည်ထူထောင်ခဲ့ကြတာပဲ။”
‘ဪ... ဒီလိုကိုး။’
ရှေးဟောင်းအင်ပါယာ၏ ကျန်းမျိုးနွယ်စုနှင့် ကျိမျိုးနွယ်စုတို့ အဘယ်ါကြောင့် အမြင့်မြတ်ဆုံး ဖြစ်နေရသနည်းဟု ရှမ့်လန် အံ့သြနေခဲ့သည်။ ဤလောကတွင် အဘယ်ကြောင့် ဤမျိုးရိုးအမည် နှစ်ခုသည် အမြင့်မြတ်ဆုံး ဖြစ်နေရသနည်း။ ဤအရာအားလုံးသည် ရှေးဟောင်းလူသားများထံမှ တိုက်ရိုက် ဆင်းသက်လာခြင်း ဖြစ်သည်။ သွေးမျိုးဆက်ခြင်း တူညီနေသည်။
ရှမ့်လန်က မေးလိုက်၏။ “ဒါဆို ဘာလို့ ဒီလောကရဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ပုံက အရမ်း နှေးကွေးနေ ရတာလဲ။”
ကျိုးရှီက ဖြေလိုက်သည်။ “မြို့တော်ဖြူအဖွဲ့အစည်း ယုံကြည်တာက လူသားတွေက ဒီလောကကနေ စွမ်းအင်တွေ အလွန်အကျွံ တောင်းဆိုခဲ့ကြလို့ မဟာ နိဗ္ဗာနပျက်သုန်းခြင်း ကပ်ဘေးကြီး ဖြစ်လာရတာတဲ့။၊ နဂါးနတ်ဘုရားရဲ့ စွမ်းအားကို ခိုးယူပြီး ဧရာမနဂါးလို သားရဲတွေကို ဖန်တီးရဲခဲ့ကြတယ်။ ဒါကြောင့် နတ်ဘုရားတွေ ကို စော်ကားသလိုဖြစ်ပြီး မဟာ နိဗ္ဗာနပျက်သုန်းခြင်း ကပ်ဘေးကြီး ဖြစ်လာရတာလို့ ယုံကြည်ကြတယ်။
ဒါကြောင့် မြို့တော်ဖြူက လူသားယဉ်ကျေးမှုကို တဖန် ပြန်လည်ဖွံ့ဖြိုးစေချင်ပေမဲ့ ရှေးဟောင်း ယဉ်ကျေးမှုကို တတ်နိုင်သမျှ ဖိနှိပ်ထားချင်ကြတယ်။ တခြားလမ်းကြောင်းကနေ သွားချင်ကြတယ်။ အဲဒီလိုဆိုရင် မဟာ နိဗ္ဗာနပျက်သုန်းခြင်း ကပ်ဘေးကြီး ထပ်မဖြစ်လောက်ဘူးလို့ ယူဆကြတယ်။”
အလွန် ယုတ္တိရှိသော အကြံဉာဏ်တစ်ခုဟု ထင်ရသည်။ ယခုအချိန်၌ပင် လောကပေါ်တွင် ဤကဲ့သို့ တွေးခေါ်သူများ ရှိနေကြသည်။ ပင်မရေစီးကြောင်း အမြင်ပင် ဖြစ်နေသည်။ လူသားများ လောက သယံဇာတများ ကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းသည် တစ်နေ့တွင် လောကမြေကို အမျက်ထွက်စေမည် ဖြစ်ပြီး လူသားမျိုးနွယ် ပျက်စီးခြင်းဖြင့် အပြစ်ပေးခံရမည်။
ထို့ကြောင့် မြို့တော်ဖြူ၏ ဦးဆောင်မှုအောက်တွင် ဤလောကကြီးသည် ရှေးဟောင်းအိပ်မက်ဆိုး ကျောက်တုံး ယဉ်ကျေးမှုကို လုံးဝ ဖိနှိပ်ထားခဲ့သည်။ တော်ဝင်ရန်အင်ပါယာသည် မြို့တော်ဖြူ၏ အဓိက မဟာမိတ် ဖြစ်လာခဲ့သည်။ သို့သော်ငြား အချိန်ကာလသည် အရာရာကို ပြောင်းလဲစေနိုင်၏။
ပန်ဒိုရာ သေတ္တာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ပြန်ပိတ်၍ မရနိုင်တော့ပေ။ လူသားအင်ပါယာသည် ကြီးမားသော စွမ်းအားကို မြည်းစမ်းမိသည်နှင့် တပြိုင်နက် နောက်ပြန်လှည့်၍ မရနိုင်တော့ပေ။ ထို့ကြောင့် သဘာဝလွန် အဖွဲ့အစည်းအချို့သည် ရှေးဟောင်းယဉ်ကျေးမှုကို တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်စေပြီး ရှေးဟောင်း အပျက်အစီးများကို တူးဖော်လာကြသည်။
ထို့နောက် ကျန်းလီ ရုတ်တရက် ပေါ်ထွက်လာပြီး ရှေးဟောင်းယဉ်ကျေးမှု၏ အစွမ်းသတ္တိ၊ ထူးချွန်မှုနှင့် တောက်ပမှုတို့ကို လောကကို ဖွင့်ချပြလိုက်သည်။ သူသည် လူပေါင်းများစွာကို ချက်ချင်း စည်းရုံးနိုင်ပြီး ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် လောကကြီးတစ်ခုလုံးသည် ရှေးဟောင်းယဉ်ကျေးမှု၏ ကြီးမားသော ပြန်လည် ဆန်းသစ်မှုကို ကြိုဆိုခဲ့ကြ၏။
ထိုအချိန်တွင် မြို့တော်ဖြူသည် ဖိနှိပ်ထား၍ မရတော့ပေ။ ငရဲသလင်းကျောက် ပျံ့နှံ့မှုကို တားဆီးရန်နှင့် အမိုးခုံး စွမ်းအင်ဒိုင်းကို ထိန်းချုပ်ရန် မြို့တော်ဖြူမှ လူများသည် သေလုနီးပါး ဖြစ်ခဲ့ရသည်။
ကျိုးရှီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... မြို့တော်ဖြူရဲ့ လုပ်ရပ်တွေက မှားယွင်းပါတယ်။ သူတို့ရဲ့ အတွေးအခေါ်တွေလည်း မှားပါတယ်။ လောကရဲ့ မဟာ နိဗ္ဗာနပျက်သုန်းခြင်း ကပ်ဘေးကြီးဆိုတာ လူသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်တာနဲ့ ဘာမှမဆိုင်ပါဘူး။ စကြဝဠာရဲ့ နိယာမပါ။
နေမင်းကြီးက သက်တမ်းတစ်ခု ရောက်ရင် သေဆုံးရမှာပါ။ သေဆုံးတဲ့အခါ ကြီးမားတဲ့ ပေါက်ကွဲမှုနဲ့ ရူးသွပ်ဖွယ် တန်ပြန်တိုက်ခိုက်မှုတွေ သေချာပေါက် ရှိလာမှာပါ။ မင်းသားကျန်းရှဲ့ရဲ့ အတွေးအခေါ်နဲ့ တင်ပြချက်ကို အားလုံးနီးပါးက ပယ်ချခဲ့ကြပါတယ်။ ဒါပေမဲ့ အမှန်တရား ဆိုတာ လူနည်းစု လက်ထဲမှာပဲ ရှိတတ်ပါတယ်။”