← Chapters

ရင်သပ်ရှုမောဖွယ်ရာ အသေအကျေတိုက်ပွဲ

Vol. 93 Ch. 1297

ရင်သပ်ရှုမောဖွယ်ရာ အသေအကျေတိုက်ပွဲ

Vol. 93 Ch. 1297

အရာအားလုံး စက္ကန့်ပိုင်းလေးအတွင်း ဖြစ်ပျက်သွားခဲ့သည်။

အနှစ်သာရ ၅ ခု အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းအခြေခံဖြင့် သတ္တမတောင်ပင်လယ်၏သခင်၊ သခင်အဖြူသည် မရေမတွက်နိုင်သော သတ်ဖြတ်ပွဲများကို ဆင်နွှဲခဲ့ဖူးသော်လည်း မန်ဟိုက ... ဤမျှရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

မန်ဟိုသည် သူ့ကို ထပ်တလဲလဲ တိုက်ခိုက်ဖို့ သူ့ကိုယ်သူ ဒဏ်ရာရစေခဲ့၏။ သူ၏ကြယ်ကျောက်ခဲကို ကြေမွစေခဲ့သည်။ သူ၏မိုးပြာရောင်သိမ်းငှက်ကိုယ်ကိုလည်း ပျက်စီးစေခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည့်တိုင်အောင် အတွင်းဒဏ်ရာများ ရရှိစေခဲ့သည်။

ထိုအရာအားလုံးက ... ဤအံ့မခန်းလိလိလှံကို ထုတ်ဖော်ဖို့ အခွင့်အရေးအတွက်သာ ဖြစ်သည်။

မန်ဟိုသည် ထိုအခွင့်အရေးအတွက် ဒဏ်ရာအရခံဖို့ မတွန့်ဆုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်နှင့် သခင်အဖြူအကြားက ကွာဟမှုကို သူ နားလည်၍ဖြစ်သည်။ ထိုကွာဟမှုသည် မကြီးမားသော်လည်း ဤနယ်ပယ်အဆင့်ကျင့်ကြံသူများအတွက်မူ အနိုင်နှင့်အရှုံး၊ ရှင်ခြင်းနှင့်သေခြင်းကို အဆုံးအဖြတ်ပေးနိုင်သည်။

ထို့အပြင် မန်ဟို လိုချင်သည့်အရာမှာ နိုင်ရုံ၊ ရှုံးရုံလေးသာမဟုတ်... သူ၏ပြိုင်ဘက်ကို သတ်၍ အသက်ရှင်လျက် ကျန်ခဲ့ရန်ပင်။

၎င်းသည် ရန်ငြိုးလည်းမဆိုင်၊ မုန်းတီးမှုလည်း မပတ်သက်။ စစ်ကို အဆုံးသတ်နိုင်မည့်နည်းလမ်းက သခင်အဖြူကို သတ်ဖို့ ဖြစ်နေ၍ပင်။ သခင်အဖြူသေသွားလျှင် ဘိုးဘိုးမန် အန္တရာယ်ကင်းမည်။ ထိုမျှသာမက သူ မသေဆုံးမီ ထုတ်လွှတ်ခံရမည့် လှိုင်းဂယက်များသည်လည်း သူ့အဘိုး၏ဝိညာဉ်ကို ပြန်ခေါ်ဖို့ လိုအပ်မည့်အရာ ဖြစ်နေ၏။

ထို့ကြောင့် သူက ဤလှံကို သုံးဖို့ ရွေးချယ်ခဲ့သည်။ မန်ဟို၏အကျင့်စရိုက်ကား လောဘ ချိတ်ဖွင့်ပေးခဲ့သော အဖိုးထိုက်လှံကို ဖြုန်းတီးဖို့ပင် မတွန့်ဆုတ်သည်အထိ ဖြစ်သည်။

ထိုလှံ၏ ပျက်စီးမှုက ယခုအချိန်တွင် စွမ်းအားတို့ တဟုန်းဟုန်း တောက်လောင်နေလျက် သခင်အဖြူ၏နဖူးထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသော မိစ္ဆာလက်နက်၊ အဖော်မဲ့သင်္ချိုင်းကို ထုတ်လွှတ်ဖို့အတွက် အယောင်ပြမှု ဖြစ်ခဲ့လေသည်။

လှံ သူ၏အသားထဲ တိုက်ရိုက်စိုက်ဝင်မသွားခင် သခင်အဖြူမှာ တုံ့ပြန်ရန် အချိန်မရလိုက်သလို၊ ဘာမှပင် မလုပ်နိုင်ခဲ့ပေ။

အသားစုတ်ပြဲ၍ ဦးခေါင်းခွံကြေသွားသဖြင့် အက်ကွဲသံများ ထွက်လာသည်။ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းကား သခင်အဖြူ၏ နဖူးထဲသို့ စိုက်ဝင်သွားခဲ့လေပြီ။

သို့သော် ထိုသို့ဖြစ်ပျက်သွားစဉ် မန်ဟို၏မျက်နှာအပေါ်၌ စိတ်သက်သာရာရသွားသော အရိပ်အယောင် ပေါ်မလာပေ။ ထိုအစား သူ၏အမူအရာသည် ရိပ်ခနဲ ဖြစ်သွားပြီး သူငယ်အိမ်များ ကျုံ့သွား၏။

အဘယ်ကြောင့်ဆိုသော် .... နဖူးထဲ လှံစိုက်သွားပြီး မျက်လုံးများ မှေးမှိန်လာသည့်အချိန်မှာပင် သခင်အဖြူက ရုတ်တရက် စကားပြောလိုက်၏။

“မြစိမ်းဧကရာဇ်၏ ထာဝရဂါထာ” စကားလုံးများ သူ့ပါးစပ်မှ ထွက်လာသောအခိုက်အတန့်တွင် မန်ဟို့အတွက် လွန်စွာရင်းနှီးနေသော အရှိန်အဝါတစ်ခုက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။

မထင်မှတ်ထားဘဲ ထိုအရှိန်အဝါက ... ထာဝရအလွှာ၏ အရှိန်အဝါနှင့် ဆင်တူနေသည်။

ထိုအရှိန်အဝါ ပေါ်ထွက်လာစဉ် သခင်အဖြူ၏နဖူးအပေါ်က အသားများ လူးလွန့်စပြုလာသည်။ တစ်ဆက်တည်းမှာပင် ထိုအရှိန်အဝါသည် မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းထဲ ဝင်ရောက်ပျံ့နှံ့ပြီးနောက် မန်ဟို့ထံ ဦးတည်လာ၏။

သခင်ဖြူအတွက် အရှိန်အဝါသည် ကုစားစွမ်းအားတစ်ရပ်ဖြစ်သော်လည်း မန်ဟို့အတွက်မူ ဒေါသူပုန်ထနေသော သားရဲအရိုင်းကြီးတစ်ကောင်နှင့် တူသည်။ တစ်ချိန်တည်းမှာပင် သူ၏ထာဝရအလွှာက ဒေါကြီးမောကြီး တဝုန်းဝုန်းမြည်လာသည်။ ကြည့်ရသရွေ့ ဤအရှိန်အဝါနှစ်ခုကား မီးနှင့်ရေပမာ မအပ်စပ်သယောင်ပင်။

မန်ဟိုသည် ထာဝရအလွှာကို ပြီးပြည့်စုံခြင်းလမ်းအဆုံးအထိ လျှောက်လှမ်းခြင်းမှတစ်ဆင့် ရရှိခဲ့သည်မဟုတ်ပါလော။ ထို့နောက် အခြေအနေများစွာကို ကျော်ဖြတ်၍ ၎င်းကို မျက်လုံးပိုးကောင်နှင့် တစ်သားတည်းဖြစ်အောင် သူ လုပ်နိုင်ခဲ့သည်။ သို့သော် သဘောတရားအရပြောရလျှင် ထာဝရအလွှာသည် တောင်ပင်လယ်ကျမ်းစာနှင့် ဆက်နွှယ်မှုတချို့ ရှိ၏။

မန်ဟို လှံကို ပြန်ရုတ်တော့မည့်အချိန်မှာပင် သခင်အဖြူက ၎င်းကို ဖမ်းဆုပ်ပြီးနောက် မန်ဟို၏မျက်ဝန်းများအား စိုက်ကြည့်သည်။ သခင်အဖြူ၏မျက်လုံးများတွင် ရက်စက်ခက်ထန်သော အလင်းရောင်ကို မြင်ရနိုင်ပြီး သူ့ပတ်ပတ်လည်ရှိ ထာဝရအရှိန်အဝါမှာ ပို၍အားကောင်းလာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူ့အနောက်၌ မျက်နှာပြင်ထက်တွင် စာလုံးသုံးလုံး ရေးသားထားသော ပုံရိပ်ယောင်ရှေးဟောင်းကျမ်းစာတစ်စောင် ပေါ်လာခဲ့၏။၊

တောင် ပင်လယ် ကျမ်းစာ

ရှေးဟောင်းကျမ်းစာ ပွင့်နေစဉ် သခင်အဖြူ၏အရှိန်အဝါသည် စတင်အားကောင်းလာတော့သည်။

ရှေးဟောင်းကျမ်းစာ၏ အကာအကွယ် ပေါ်လာသည့်အချိန်တွင် မန်ဟို၏ထာဝရအလွှာက ပို၍ပင်ဒေါကြီးမောကြီး လှုပ်ရှားလာသည်။ ရုတ်တရက် ပိုးကောင်တစ်ကောင်၏ ခပ်စူးစူးအော်သံကဲ့သို့ အသံတစ်သံက သူ့ကိုယ်ထဲမှ ပဲ့တင်ထပ်လာပြီး သူ့အနောက်တွင် ကြောက်မက်ဖွယ်ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။

၎င်းက .... မျက်လုံးမဲ့ပိုးကောင်ပင်။

ဤသည်မှာ ထာဝရအလွှာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့ပြီးကတည်းက ယခုလိုပုံစံမျိုးဖြင့် မျက်လုံးမဲ့ပိုးကောင်း ပထမဆုံးအကြိမ် ပေါ်လာခြင်း ဖြစ်သည်။ ၎င်းက ပေါ်လာလျှင်ချင်း သခင်အဖြူဘက် လှည့်ကာ ဟိန်းဟောက်လိုက်သည်။

မန်ဟိုလည်း တောင်ပင်လယ်ကျမ်းစာ၏တချို့တဝက်ကို ကျင့်ကြံထားကြောင်း သဘောပေါက်လိုက်သဖြင့် သခင်အဖြူ၏မျက်နှာတွင် အံ့ဩမှုတို့ ဖြတ်ပြေးသွား၏။

“မပြည့်စုံသေးတဲ့ တောင်ပင်လယ်ကျမ်းစာလား ဟမ်” သခင်အဖြူက အေးစက်စက်နှာမှုတ်ကာ ပြောလိုက်သော်လည်း အံ့အားသင့်နေဆဲဖြစ်၏။ သူသည် သူ၏မြစိမ်းဧကရာဇ်ထာဝရဂါထာမှာ မန်ဟို့အနောက်ရှိ မျက်လုံးမဲ့ပိုးကောင်ကို မသေမချင်း တိုက်ခိုက်ချင်လွန်း၍ ထိန်းမနိုင်သိမ်းမရဖြစ်နေကြောင်း အာရုံရနေလေသည်။

မန်ဟိုမှာတော့ သူ၏မိစ္ဆာလက်နက်ကို သူ့ပြိုင်ဘက် ယူဖို့ ပြင်နေကြောင်း သိလိုက်သဖြင့် မျက်လုံးများ ဝိုင်းစက်နေသည်။ သူသည် ထိုသို့လွယ်လွယ် အဖြစ်ခံမည့်လူစားမျိုး မဟုတ်၍ ၎င်းကို လွှတ်လိုက်ပြီး စကားတစ်ခွန်းပြော၏။

“ပေါက်ကွဲလိုက်” စကားလုံး သူ့နှုတ်ဖျားမှ ထွက်သွားသည်နှင့် မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းမှာ ဘန်းခနဲ ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။ သခင်အဖြူမှာ ဒဏ်ရာထပ်ရသွားသော်လည်း သူ၏ထာဝရအရှိန်အဝါကြောင့် လျင်မြန်စွာ သက်သာစပြုလာသည်။

သခင်အဖြူက မန်ဟို့ကို လေးနက်စွာ ကြည့်ရင်း ဘာစကားမှ ထပ်မပြောတော့ဘဲ သူ့ကိုယ်သူ ကုစားဖို့ အချိန်ယူရန် နောက်ဆုတ်လိုက်သည်။ သူသည် မန်ဟိုကို အစောကတည်းက လျှော့မတွက်ခဲ့သော်လည်း ယခုတော့ ... ပို၍ပင် သတ်ချင်သွားတော့၏။ သူ့အတွက် ယခုလို အသက်အန္တရာယ် မကြုံတွေ့ခဲ့ရသည်မှာ အလွန့်အလွန်ကြာခဲ့လေပြီ။

သူ၏နတ်ဘုရားစွမ်းရည်ကြောင့်သာမဟုတ်လျှင် စောစောက နဖူးထဲ လှံစိုက်ဝင်လာခဲ့ခြင်းက သူ့ကို သတ်နိုင်ခဲ့မည်တော့ မဟုတ်သော်လည်း ဒဏ်ရာအပြင်းအထန် ရစေခဲ့လိမ့်မည်။

မိစ္ဆာလက်နက်သည် ပေါက်ကွဲသွားပြီးနောက် မန်ဟို့အနားတွင် ပြန်လည်စုဝေးလာသော အနက်ရောင်အခိုးအငွေ့များ ဖြစ်လာ၏။

“တောင်ပင်လယ်ကျမ်းစာ....” မန်ဟိုက အရုပ်ဆိုးနေသောအမူအရာဖြင့် ပြောသည်။ သူ နားလည်ထားသလောက် တောင်ပင်လယ်ကျမ်းစာသည် တောင်ပင်လယ်လောက၏ ဂန္တဝင်ကျမ်းစာသုံးခုကို ပေါင်းထားခြင်းဖြစ်၏။

ကြည့်ရသရွေ့ သခင်အဖြူက တောင်ပင်လယ်ကျမ်းစာကို မန်ဟို့ထက်ပို၍ မြင့်သော အဆင့်အထိ ကျင့်ကြံထားခဲ့ပုံပင်။ မန်ဟို့၌ ရှိသည်ကား ကျမ်းစာအစစ်၏ အပိုင်းအစလေးများသာ မဟုတ်ပါလော။ သူ့မှာ ပြောင်းလဲပြင်ဆင်မှုများ လုပ်ရန် သူ့ဉာဏ်စွမ်းသူ အားကိုးခဲ့ရလေသည်။

သို့သော် မန်ဟိုသည် သူ၏ထာဝရအလွှာသာ သူ့ပြိုင်ဘက်၏ မြစိမ်းဧကရာဇ်ထာဝရဂါထာနှင့် ပေါင်းစည်းနိုင်လျှင် .... အဆင့်တစ်ဆင့်လုံး ခုန်တက်သွားလိမ့်မည်ဟု ခံစားနေရ၏။

“ထာဝရရဲ့အလွန်မှာ တစ်ခုခု ရှိသေးမလား မသိဘူး....” မန်ဟိုက တွေးရင်း မျက်လုံးများ တောက်ပလာသည်။ ရုတ်တရက် သူ့တွင် သခင်အဖြူကို သတ်ဖို့ အကြောင်းရင်းနောက်တစ်ခု ရှိသွားလေပြီ။

သခင်အဖြူ၏နဖူးပေါ်ရှိ ဒဏ်ရာမှာ လျင်မြန်စွာ ပြန်ဆက်လာနေပြီး အကောင်းပကတိဖြစ်ဖို့ သိပ်မလိုတော့ပုံရသည်။ မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သူက ခြောက်လှမ်းမြောက်နှင့် ခုနစ်လှမ်းမြောက် ခြေလှမ်းများကို ဆက်တိုက်လှမ်းလိုက်သည်။

သူ၏ ခုနစ်လှမ်းမြောက်ခြေလှမ်း ကျရောက်သွားသည့်အခိုက်အတန့်တွင် မန်ဟို့စွမ်းအားသည် တဟုန်ထိုး မြင့်တက်လာ၏။ ကြောက်ခမန်းလိလိ ခြေဖဝါးကြီး ဘွားခနဲ ပေါ်လာသဖြင့် မိုးထစ်ချုန်းသံကဲ့သို့ အသံကြီးက ကြယ်တာရာကောင်းကင်၏အဆုံးအထိ ပဲ့တင်ရိုက်ခတ်သွားသည်။ ဂြိုဟ်ကြီးတစ်လုံးက သခင်အဖြူကို ဖိနှိပ်၍ တဝုန်းဝုန်းမြည်သံများကို ဟိန်းထွက်နေစေရင်း အပေါ်မှ ကျဆင်းလာနေသည့်အလားပင်။

ဤသည်မှာ သူ၏သိုလှောင်အိတ်ထဲ၌ ရှိနေဆဲဖြစ်သော စုရန်ထံမှ မန်ဟို သင်ခဲ့သော စွမ်းရည် .... နတ်ဘုရားခြေခုနစ်လှမ်းကွက်မှတစ်ပါး အခြားမဟုတ်ပေ။

ထိုခြေဖဝါးကြီး ကြယ်တာရာကောင်းကင်တွင် ပေါ်လာလျှင်ချင်း သခင်အဖြူမှာ မယုံကြည်နိုင်မှုအပြည့်အဖြင့် မျက်နှာပျက်သွားပြန်သည်။

“နတ်ဘုရားခြေခုနစ်လှမ်း။ မဖြစ်နိုင်ဘူး” အံ့ဩဖွယ်ကောင်းသည်ကား သူသည် မန်ဟို၏ ဤတာအိုမှော်အစွမ်းကို သိနေ၏။ ချက်ချင်းပင် သခင်အဖြူက လျှာထိပ်ကို ကိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။

ထိုသွေးသည် ကြယ်တာရာကောင်းကင်ကို ဖြတ်၍ လိမ့်ထွက်သွားရင်း လာနေသော ခြေဖဝါးကြီးကို ဝင်တိုက်လိုက်သော သွေးပင်လယ်တစ်စင်းအဖြစ် လျင်မြန်စွာ ပြန့်ကားသွား၏။

ပေါက်ကွဲသံအကျယ်ကြီး ဟိန်းထွက်နေစဉ် မန်ဟို့စွမ်းအားက ဆက်လက်မြင့်တက်နေပြီး သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်သည် အားကောင်းလာ၏။ ထို့နောက် သူ့ဘယ်လက်က မုဒြာလက်ကွက်ဖော်လိုက်ရာ အသားဂျယ်လီပေါ်လာသည်။ ၎င်းက ဗျစ်တီးဗျစ်တောက်ပြောရင်း မန်ဟို့ကို လွှမ်းခြုံလိုက်သော ချပ်ဝတ်တစ်စုံ ဖြစ်သွား၏။ ထို့နောက် မန်ဟိုသည် သူ၏ညာလက်ကို ဆန့်တန်းလိုက်ပြီး ကြေးမုံက ပွစိပွစိပြောနေသော ကြက်တူရွေးနှင့်အတူ ရောင်စုံတောက်ပလာကာ .... မဟူရာစစ်လက်နက်တစ်လက် အသွင်ပြောင်းလိုက်သည်။

စစ်လက်နက်ပေါ်လာသော အခိုက်အတန့်တွင် မန်ဟို၏တိုက်ခိုက်လိုစိတ်သည် ပေါက်ကွဲထွက်လာ၏။ ကြယ်တာရာကောင်းကင်မှာ ပိုမိုမှောင်ပိန်းသွားပြီး အာကာသတစ်ခုလုံး တုန်ရီလာသည်။ မန်ဟိုသည် မိုးထိလုအောင် မြင့်မားနေသော အသတ်အဖြတ်အရှိန်အဝါဖြင့် သူ၏ဓားသွားကို နောက်ဆုတ်နေသည့် သခင်အဖြူထံ ပိုင်းချလိုက်၏။

“သေစမ်း” သူက ကြိမ်းဝါးသည်။

သခင်အဖြူ ခံစားလိုက်ရသော အသက်အန္တရာယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အမှန်တွင် ထိုခံစားချက်သည် မန်ဟို သူ့ကို မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းဖြင့် တိုက်ခိုက်ဖို့ အစွမ်းကုန်ထုတ်ခဲ့တုန်းက ကြုံတွေ့ခဲ့ရသည်ထက် များစွာပြင်းထန်၏။

သို့သော် တစ်ခုတော့ မတူပေ။ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းက မမျှော်လင့်ထားသည့်အချိန်၌ သူ့ကို တုံ့ပြန်ရန် အချိန်မပေးဘဲ ပေါ်လာခဲ့သည်။ ဤအခိုက်အတန့်တွင်မူ အသက်အန္တရာယ်က ပိုမိုပြင်းထန်သော်လည်း အနည်းဆုံးတော့ သူ့အနေဖြင့် ပြင်ဆင်ရန် အချိန်ရှိသည်။

ကံဆိုးသည်ကား .... သခင်အဖြူမှာ မြစိမ်းဧကရာဇ်ထာဝရဂါထာဖြင့် သူ့ကိုယ်သူ ကုစားနေသောခုလတ်တွင် ရှိနေသေးသည်။ သူ့အနေဖြင့် အထွတ်အထိပ်စွမ်းအားကို မထုတ်လွှတ်နိုင်ရာ သူ့မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင် ပေါ်လာတော့သည်။

သူက မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်ရင်း ဟိန်းဟောက်သည်။ “သုတ်သင်ခြင်း”

ထိုအခိုက်အတန့်တွင် သုတ်သင်ခြင်းအနှစ်သာရ၏ လှိုင်းဂယက်များဖြစ်သော အနှစ်သာရအခိုးအငွေ့များ ပေါ်လာသည်။

“စွမ်းအားအနှစ်သာရ” သို့သော် သူကား မပြီးသေးပေ။ သုတ်သင်ခြင်းအနှစ်သာရ ပေါ်လာသည်နှင့်တစ်ပြိုင်ဘက် ထိတ်လန့်ဖွယ် ဒုတိယအနှစ်သာရအရှိန်အဝါသည် သူ့ကိုယ်ထဲတွင် အလိပ်လိပ်ထလာ၏။ သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ တွန့်လိမ်ရှုံ့တွလာပြီး သူ၏ဒုတိယအနှစ်သာရ ... စွမ်းအားအနှစ်သာရမှ အဆုံးမဲ့လှိုင်းဂယက်များက ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြာထွက်ပျံ့နှံ့သွားသည်။

ယင်းက သူ့အပြင်အားကိုယ်၏ခွန်အားမဟုတ်ဘဲ .... ကြယ်တာရာကောင်းကင်အတွင်းမှ လှုပ်ရွလာသော စွမ်းအားဖြစ်သည်။

“ကျိန်စာ

“မြေ

“အချိန်” ဤသေရေးရှင်ရေးအခိုက်အတန့်တွင် မန်ဟိုကို ကိုင်တွယ်ရန် မည်မျှခက်ခဲကြောင်း သခင်အဖြူ သိသွားလေပြီ။ ထိုမျှသာမက လက်ဦးမှုရမည့် အခွင့်အရေးကိုလည်း ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ထိုအခွင့်အရေးကို အတိုင်းထက်အလွန် လွှမ်းမိုးကြီးစိုးနိုင်သော မန်ဟို့ထံ ပေးခဲ့ရသည်။ မန်ဟိုက တစ်ခါလှုပ်ရှားသည်နှင့် မရပ်မနား လှုပ်ရှားလိမ့်မည်။

သခင်အဖြူသည် ဤကဲ့သို့လူမျိုးနှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသော်လည်း မန်ဟိုသာ အရှိန်အလုံအလောက်ယူပြီးလျှင် သူ့ကို တားဖို့ ခက်တော့မည်ဖြစ်သည့်အပြင် ပိုပို၍သာ အစွမ်းထက်လာလိမ့်မည်ကို ပြောနိုင်သည်။

“အနှစ်သာရငါးခုတာအို” သခင်အဖြူက သူ၏လက်နှစ်ဖက်လုံးကို မန်ဟိုရှိရာသို့ ဆန့်တန်းပြီးနောက် ရှေ့သို့ ဖိတွန်းလိုက်သည်။ သူ၏အဝတ်အစားများနှင့် ဆံပင်များ တဖတ်ဖတ် လွင့်နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားက ကြယ်တာရာကောင်းကင်နှင့် တစ်သားတည်းပေါင်းစည်း၍ ကောင်းကင်ဘုံများဖြင့် ဆက်သွယ်ပြီး မိုးနှင့်မြေ၏ အနန္တစွမ်းအင်ကို သူ့ကိုယ်ထဲသို့ စုပ်ယူနေသည်။

သူကား မိုးနှင့်မြေ၏စွမ်းအင်ကို စားသုံးနေသော ဧရာမတွင်းနက်ကြီးတစ်တွင်း ဖြစ်လာခဲ့သည့်အလားပင်။ ၎င်းက ထိုစွမ်းအင်၏ ကူးပြောင်းအမှတ်ဖြစ်လာသော သူ၏ကိုယ်ထဲ စီးဝင်လာပြီးနောက် သူသည် ၎င်းကို ထုတ်လွှတ်ကာ .... မတူညီသည့် အနှစ်သာရငါးခု ဖြစ်လာစေ၏။

အနှစ်သာရကို ယခုလို အသုံးပြုခြင်းမှာ မန်ဟို့အတွက် အသစ်ဖြစ်သည်။ လောက၏စွမ်းအားကို ဆင့်ခေါ်ပြီး အသုံးပြုမည့်အစား ထိုနည်းလမ်းက မိုးနှင့်မြေစွမ်းအင်ကို ယူ၍ လူတစ်ယောက်ကိုယ်ထဲတွင် ပြောင်းလဲပေးသည်။ ထိုနည်းလမ်းက သေချာပေါက် များစွာအင်အားကြီးမားလေသည်။

“သေရင်သေ မသေရင် ထွက်သွားစမ်း” သခင်အဖြူက ဟိန်းဟောက်သည်။ သူ၏အနှစ်သာရငါးခုက သဘာဝနိယာမငါးခု ဖြစ်လာပြီး ကောင်းကင်ဘုံများအထိ ရိုက်ခတ်ရင်း တစ်လောကလုံးတွင် ပြည့်နှက်လာကာ မန်ဟို့ကို ချက်ချင်း လွှမ်းခြုံလိုက်၏၊

ခံစားချက်များကို ဖယ်ရှား၍ ဝိညာဉ်ကို သုတ်သင်နိုင်သော သုတ်သင်ခြင်းစိတ်ဆန္ဒ။

ခန္ဓာကိုယ်ကို ချေမှုန်း၍ စိတ်ကို ဖျက်စီးနိုင်သော စွမ်းအားအနှစ်သာရ။

သွေးကို ညစ်ညူးစေ၍ သွေးကြောများကို တိုက်စားနိုင်သော ကျိန်စာတာအို။

အလောင်းများကို မြှုပ်နှံ၍ ချီစီးဆင်းမှုလမ်းကြောင်းများကို ဖြတ်တောက်နိုင်သော မြေအနှစ်သာရ။

ရန်သူကို သတ်ဖို့ အချိန်ကို ခြယ်လှယ်စေနိုင်သော အနှစ်သာရငါးခုအနက် အစွမ်းအကြီးမားဆုံး အချိန်အနှစ်သာရ။

ကြယ်တာရာကောင်းကင်မှာ တုန်ရီနေပြီး ထိုအနှစ်သာရနှင့် သဘာဝနိယာမကမ္ဘာအတွင်း၌ မန်ဟို၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ သို့သော် သူ၏မျက်လုံးများက တောက်ပနေပြီး သူ၏တိုက်ခိုက်လိုစိတ်ကား နည်းနည်းလေးမှ လျော့ကျမသွားခဲ့ပေ။ စစ်လက်နက်ကို ကိုင်မြှောက်ရင်း သူက .... ပိုင်းချလိုက်သည်။

၎င်းကား ရင်သပ်ရှုမောဖွယ်ရာ အသေအကျေတိုက်ပွဲတစ်ပွဲ ဖြစ်ပေ၏။

ဆံနီအဘိုးအိုနှင့် ကျန်တာအိုနယ်ပယ်ပညာရှင်များမှာ အချိန်အတော်ကြာကတည်းက မီတာသုံးထောင်အကွာမှ ဆုတ်ထားပြီးလေပြီ။ ယခုတွင် သူတို့သည် မီတာသုံးသောင်းအကွာ၌ မန်ဟိုနှင့် သခင်အဖြူ၏တိုက်ပွဲကို နတ်ဘုရားအာရုံများဖြင့် စောင့်ကြည့်နေကြ၏။ လေးယောက်လုံး၏မျက်နှာများမှာ ဖြူဆုပ်နေပြီး အံ့ဩတုပ်လှုပ်ခြင်းလှိုင်းတံပိုးများက သူတို့၏နှလုံးသားများကို တိုးဝှေ့ရိုက်ခတ်နေကြသည်။

(မျက်လုံးမဲ့ပိုးကောင်အကြောင်းကို အပိုင်း ၆၉၃ မှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။

မန်ဟိုက တောင်ပင်လယ်ကျမ်းစာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မြင့်မြတ်သောဝိညာဉ်ကျမ်းစာကို မှီခိုရာဂိုဏ်းဆီ ပြန်သွားတုန်းက ရခဲ့ပါတယ်။ အဲဒီကျမ်းစာကြောင့် ထာဝရအဆင့်ကို ရောက်ရှိစေခဲ့တဲ့ ပြီးပြည့်စုံခြင်းလမ်းစဉ်ကို လျှောက်နိုင်ခဲ့ပါတယ်)

All Chapters