သိက္ခာချစည်း
Vol. 93 Ch. 1298
မဟူရာစစ်လက်နက်က အရှိန်အဝါခပ်သိမ်းကို ချေမှုန်း၍ မည်သည့်အရာကိုမဆို ဖျက်စီးပစ်နိုင်သော လျှို့ဝှက်ဆန်းကြယ်အလင်းတန်းတစ်လန်းအသွင်ဖြင့် ကြယ်တာရာကောင်းကင်ကို ပိုင်းချလိုက်သည်။ ၎င်းသည် သခင်အဖြူ ထုတ်လွှတ်လိုက်သော အနှစ်သာရငါးခုအနက် သုတ်သင်ခြင်းအနှစ်သာရမှ စတင်၍ ပိုင်းချလိုက်၏။ အသားဂျယ်လီချပ်ဝတ်က ပြန်ကန်အားကို စုပ်ယူပေးနေစဉ် မန်ဟိုမှာ တုန်ရီနေသည်။ စစ်လက်နက်သည် ဝါးကို ဖြတ်ပိုင်းလိုက်သော ဓားထက်ထက်တစ်လက်သဖွယ် သုတ်သင်ခြင်းအနှစ်သာရကို ဖျက်စီး၍ ဆက်လက်ကျဆင်းသွား၏။
မျက်စိတစ်မှိတ်အတွင်း သခင်အဖြူ၏ စွမ်းအားအနှစ်သာရက ချဉ်းကပ်လာသည်။ ၎င်းသည် အပြင်အားကိုယ်ခွန်အားဖြစ်စေ၊ ကျင့်ကြံခြင်းအခြေခံစွမ်းအားဖြစ်စေ မည်သည့်စွမ်းအားကိုမဆို နှောင့်ယှက်နိုင်၏။ ၎င်းက လေးလံမှုထဲက ပေါ့ပါးမှုအလား၊ ပေါ့ပါးမှုထဲက လေးလံမှုအလား ဖြစ်သည်။ ထိုကဲ့သို့ကွာခြားမှုက မန်ဟို့ကို သွေးတစ်ပွက်အန်လိုက်ရစေသည်။ အသားဂျယ်လီချပ်ဝတ်မှာ တဆတ်ဆတ် တုန်လာသဖြင့် သူ့မျက်နှာ ဖြူဆုပ်လာတော့သည်။
“ပျက်စီးစမ်း” မန်ဟိုက မျက်လုံးများ သွေးချင်းနီနေလျက် ဟိန်းဟောက်လိုက်သည်။ ဒဏ်ရာများကို အဖက်မလုပ်ဘဲ သူသည် ဆက်လက်ပိုင်းချရန် စစ်လက်နက်၏စွမ်းအားအလုံးစုံကို အသုံးပြုလိုက်၏။ တဂျိန်းဂျိန်းထစ်ချုန်းသံများက နှစ်ခြမ်းကွဲခါနီးဖြစ်နေသော ကြယ်တာရာကောင်းကင်တွင် ပြည့်နှက်သွားသည်။ စစ်လက်နက်က ထောပတ်ကို လှီးလိုက်သော ဓားပူပူတစ်လက်ပမာ စွမ်းအားအနှစ်သာရကို ပိုင်းချလိုက်လေပြီ။
သို့သော ကျိန်စာအနှစ်သာရက မန်ဟို့ကို ရစ်သိုင်းလိုက်သော အဆုံးမဲ့မြူထု ဖြစ်လာသည်။ မန်ဟို့ခန္ဓာကိုယ်မှာ ခြောက်ကပ်စပြုလာပြီး အသားဂျယ်လီချပ်ဝတ်မှာလည်း နာကျင်စွာ အော်ငိုနေတော့သည်။ ၎င်းမှာ ကြေမွတော့မည့်အလား အက်ကွဲသံများ ထွက်လာလေသည်။
သခင်အဖြူ၏အနှစ်သာရသည် သာမန် အနှစ်သာရ ၅ ခု တာအိုဥသျှောင်၏ အနှစ်သာရထက် များစွာအဆင့်မြင့်၏။ ၎င်းတို့က မန်ဟို တစ်ခါမှ မမြင်ခဲ့ဖူးသည်အထိ ကြောက်စရာကောင်းလေသည်။
“မင်းက နယ်နယ်ရရတော့ မဟုတ်ဘူးပဲ” သခင်အဖြူက မထီမဲ့မြင်လေသံဖြင့် ပြောသည်။ “ဒါပေမဲ့ ... မင်းမှာ အနှစ်သာရတွေ သိပ်မရှိဘူး။ လောကပါလတာအိုအင်မော်တယ်တစ်ဦးအနေနဲ့ မင်းဟာ အစွမ်းထက်ကောင်း ထက်လိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်ဘုံကို အမှန်တကယ် မဖီဆန်နိုင်သလို၊ ငါ့ကိုလည်း မင်း အာမခံနိုင်ဘူး” ကျိန်စာစွမ်းအားမြူက မန်ဟို၏မွေးညင်းပေါက်များထဲ ထိုးဖောက်ဝင်ရောက်ချင်နေသည့်အလား မန်ဟို့ကို ရစ်သိုင်းရင်း တအုံးအုံးထနေသည်။
မန်ဟို့မျက်နှာအပေါ်၌ ရက်စက်ကြမ်းကြုတ်သောဟန်ပန်အား မြင်ရနိုင်ပြီး စစ်လက်နက်က လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေလျက် ပိုင်းချလိုက်သည်။ မန်ဟိုကား ဒဏ်ရာများကို လျစ်လျူရှုရင်း ကျိန်စာစွမ်းအားကို ပိုင်းဖြတ်၍ သခင်အဖြူထံ ပိုင်းချလိုက်လေပြီ။
သို့သော် သူတို့အကြား၌ စွမ်းအားအနှစ်သာရများစွာ ရှိနေသေးသည်။ ထို့နောက်တွင် သူတို့အကြားရှိ အကာသထဲတွင် ဂြိုဟ်များ၊ ကုန်းမြေများဖြင့် ပြည့်နေစေသော မြေအနှစ်သာရရှိသည်။
ဤအခိုက်အတန့်တွင် အသားဂျယ်လီချပ်ဝတ်မှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပြီးနောက် အသားဂျယ်လီပုံစံ ပြန်ပြောင်းသွားသည်။ ၎င်းသည် အတိုင်းထက်အလွန် အားနည်းနေပုံရပြီး ချက်ချင်း မန်ဟို၏သိုလှောင်အိတ်ထဲ ပြန်ဝင်သွားသော မီးခိုးရောင်အလင်းတန်းတစ်တန်း ဖြစ်သွား၏။
မန်ဟိုမှာ အသားဂျယ်လီချပ်ဝတ်ကို ဆုံးရှုံးသွားသော်လည်း ၎င်းက ပျောက်ကွယ်မသွားခင် သူ့အား မြေအနှစ်သာရ၏စွမ်းအားကို ခုခံနိုင်အောင် ကူညီခဲ့သေးလေသည်။ မန်ဟို၏ပါးစပ်မှ သွေးများ ပန်းထွက်လာသော်လည်း သူက ကြယ်တံခွန်ကြီးသဖွယ် တဟုန်ထိုး ထွက်သွားရင်း မြေအနှစ်သာရကို ဝင်တိုက်ကာ လောကပါလတာအိုအင်မော်တယ်စွမ်းအားအကုန်လုံးကို အသုံးချရင်း စစ်လက်နက်ဖြင့် ပိုင်းချလိုက်သည်။
ကြယ်တာရာကောင်းကင်မှာ တုန်ရီသွားပြီး အရာအားလုံး မှိန်ကျသွားသည်။ စစ်လက်နက် ပိုင်းချလိုက်သည့်အခါ ကြောက်ခမန်းလိလိဖိအား လိမ့်ထွက်လာသဖြင့် မန်ဟိုမှာ ဂြိုဟ်များ၊ ကုန်းမြေများကို ဖြိုခွင်းရင်း သခင်ဖြူ၏အရှေ့တည့်တည့်သို့ ရောက်သွားတော့သည်။
သို့သော် ဤအခိုက်အတန့်တွင် သခင်အဖြူ၏ နောက်ဆုံးအနှစ်သာရ ပေါ်ထွက်လာသည်။ ၎င်းကား အာကာသကို ပုံပျက်ရှုံ့တွသွားစေပြီး နောက်ပြန်သွားနေစေသော အချိန်ကူးပြောင်းမှော်အစွမ်းမှတစ်ပါး အခြားမဟုတ်ပေ။ ၎င်းက အချိန်လေသဖွယ် တိုက်ခတ်ကာ စောစောက မန်ဟို ချေမှုန်းခဲ့သော အနှစ်သာရလေးခုလုံးကို ... ဘွားခနဲ ပြန်ပေါ်လာစေသည်။
“အစမရှိ၊ အဆုံးမရှိ။ ဒါဟာ အချိန်ပဲ။ မင်းဟာ ငါ့ရဲ့အနှစ်သာရငါးခုကို အနိုင်မယူနိုင်မှတော့ ငါ့ပြိုင်ဘက်ဖြစ်နိုင်တဲ့ အရည်အချင်းမရှိဘူး” သခင်အဖြူ၏အသံ ပျံ့လွင့်နေစဉ် မန်ဟိုမှာ အတွင်းဒဏ်ရာများ ပိုဆိုးသွားသဖြင့် သွေးတစ်ပွက်အန်လိုက်ရပြန်သည်။ သူသည် စစ်လက်နက်ကို မကိုင်စွဲနိုင်တော့သဖြင့် ၎င်းက ကြေးမုံပုံစံပြန်ပြောင်းပြီးနောက် သူ၏သိုလှောင်အိတ်ထဲ ဝင်သွားတော့သည်။
ထိုအခိုက်အတန့်တွင် အနှစ်သာရငါးခုသည် ကြယ်တာရာကောင်းကင်ထဲ၌ ကမ္ဘာတစ်ခု၏ပုံရိပ်ကို ဖန်ဆင်းရင်း ပြန်လည်ဖြစ်ပေါ်လာ၏။
ဤသည်မှာ အချိန်၏စီးဆင်းမှု ခြားနားသောကမ္ဘာ၊ မြေပြင်များ တဝုန်းဝုန်းမြည်နေသော ကမ္ဘာ၊ သုတ်သင်ခြင်းစွမ်းအားက အရာအားလုံးကို ဖရိုဖရဲဖြစ်နေစေသော ကမ္ဘာ၊ သုတ်သင်ခြင်းနှင့် ကျိန်စာများ မင်းမူနေသောကမ္ဘာ၊ စွမ်းအားအနှစ်သာရ သောင်းကျန်းနေသောကမ္ဘာ၊ သခင်အဖြူ၏အနှစ်သာရကမ္ဘာ ဖြစ်သည်။ ၎င်းကား မည်သည့်အရာကိုမဆို ချေမှုန်းနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာတစ်ကမ္ဘာဖြစ်လေသည်။
၎င်းသည် မန်ဟို့ထံ ဦးတည်ရင်း လေကိုခွင်းလျက် ရွေ့လျားလာသည်။
ပြင်းထန်သော အသက်အန္တရာယ်ကို မန်ဟို ခံစားလိုက်ရသည်။ သူ၏မျက်လုံးများသည် သွေးချင်းနီနေပြီး စိတ်ထဲတွင် သူက သက်ပြင်းချနေသည်။ သို့သော် ထိုအခိုက်အတန့်တွင် တိုက်ခိုက်လိုစိတ်သည် သူ၏မျက်ဝန်းများ၌ ပို၍ပင်တဟုန်းဟုန်း တောက်လာ၏။
“ဗြုန်းခနဲ တိုက်ခိုက်တာက အလုပ်မလုပ်ရင် ... ပုံစံပြောင်းရမယ်” မန်ဟို၏မျက်ဝန်းထဲ၌ မီးတောက်များ ကခုန်နေသည်။ ကြောက်မက်ဖွယ်အနှစ်သာရကမ္ဘာကြီး သူ့အပေါ် ကျဆင်းလာနေစဉ် သူက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်ရာ သူ့ကိုယ်ထဲ၌ မိစ္ဆာချုပ်နှောင်သူအခိုးအငွေ့များ လှုပ်ရှားလာသည်။
“မိစ္ဆာချုပ်နှောင်သူအဖွဲ့ဟာ မိုးနဲ့မြေရဲ့ နတ်မိစ္ဆာတွေကို ချုပ်နှောင်နိုင်တယ်.... အနှစ်သာရတွေကိုလည်း ချုပ်နှောင်နိုင်မလားမသိဘူး" မန်ဟိုသည် သူ့အကြံ အလုပ်ဖြစ်မည်ဟု ယုံကြည်ချက်ပိုရှိလာသဖြင့် မျက်လုံးများ ထူးဆန်းစွာ တောက်ပလာတော့၏။
သူက ထပ်မံတွန့်ဆုတ်မနေဘဲ မုဒြာလက်ကွက်ဖော်ပြီးနောက် သူ၏လက်ချောင်းကို လာနေသော အနှစ်သာရကမ္ဘာထံ လှုပ်ရှားလိုက်သည်။
အဋ္ဌမမိစ္ဆာချုပ်နှောင်ကမ္ဘာ
ဝုန်း
မန်ဟို၏ကျင့်ကြံခြင်းအခြေခံ၊ သူ၏အသက်စွမ်းအား၊ နတ်ဘုရားအာရုံ၊ သူ၏အရာအားလုံးသည် သူ ထုတ်လွှတ်နေသော မိစ္ဆာချုပ်နှောင်မှော်အစွမ်းထဲ စီးဆင်းနေ၏။
ပြန်တိုက်ခိုက်၍မရပုံပေါ်သော ထိုကမ္ဘာပုံရိပ်ကား ရုတ်တရက် နှေးကွေးသွားသယောင်ပင်။ စောင့်ကြည့်နေသူတစ်ယောက်မှ ဤအခြင်းအရာကို သတိထားမိမည်မဟုတ်သော်လည်း မန်ဟိုကတော့ ခံစားနေရသည်။ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်နှင့် မရေမတွက်နိုင်သော အလင်းမျှင်များက အနှစ်သာရကမ္ဘာကို ချည်နှောင်၍ တုံ့ဆိုင်းလာစေရင်း ပေါ်လာသည်။
“အလုပ်ဖြစ်နေတယ်” မန်ဟို၏မျက်လုံးများ တောက်ပလာပြီး သခင်အဖြူ၏မျက်နှာအပေါ်တွင် အံ့အားသင့်နေဟန် ပေါ်လာသည့်အချိန်မှာပင် သူက မုဒြာလက်ကွက်နောက်တစ်ကွက် ဖော်ပြီးနောက် သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်ပြန်သည်။
မိစ္ဆာချုပ်နှောင်ခြင်း သတ္တမမန္တန်
မိစ္ဆာချုပ်နှောင်ခြင်း ဆဋ္ဌမမန္တန်
မိစ္ဆာချုပ်နှောင်ခြင်း ပဉ္စမမန္တန်
ကံကြွေး၊ ရှင်ခြင်း-သေခြင်း၊ အတွင်း-အပြင်။ ပြုစားခြင်းမန္တန်သုံးခုလုံး မန်ဟို၏လက်ချောင်းမှ စီးဖြာထွက်သွားသည်။ ချက်ချင်းပင် ကြယ်တာရာကောင်းကင်သည် တိတ်ဆိတ်သွားပြီး အနှစ်သာရကမ္ဘာမှာ အံ့ဖွယ်သရဲပြောင်းလဲမှုကြီးကို ကြုံတွေ့လိုက်ရသည်။
၎င်းသည် တုံ့ခနဲ ရပ်သွားပြီး မျက်နှာပြင်ပေါ်၌ မရေမတွက်နိုင်သော မှော်သင်္ကေတများ တောက်ပနေလျက် တအိအိလှုပ်နေသည့် အဆုံးမဲ့မီးခိုရောင်မြူထု၏ ဝန်းရံခြင်းခံလိုက်ရ၏။ ယင်းကား ရှင်ခြင်း-သေခြင်းမန္တန်၏အသွင်မှတစ်ပါး အခြားမဟုတ်ပေ။
တစ်ဆက်တည်းမှာပင် ကံကြွေးမျှင်များက အနှစ်သာရကမ္ဘာကို လူပေါင်းများစွာနှင့် ဆက်သွယ်ပေးရင်း ဟင်းလင်းပြင်းတွင် ဖြာထွက်နေလျက် အနှစ်သာရကမ္ဘာ၏အပေါ်တွင် ပေါ်လာသည်။ အမျှင်အများစုသည် သခင်အဖြူနှင့် ချိတ်ဆက်နေသည့်တိုင် ဤအခိုက်အတန့်တွင် ကံကြွေးမျှင်များသည် ချိတ်စည်းများအသွင်ပြောင်းရင်း အတူတကွ ပေါင်းစုသွား၏။
ဤသည်ကား ကံကြွေးမန္တန်ပင်။
နောက်ဆုံးတွင် နှင်ထုတ်ခြင်းစွမ်းအားတစ်ရပ်က ကြယ်တာရာကောင်းကင်မှ အနှစ်သာရပေါ်သို့ သက်ရောက်လာသည်။ ရုတ်တရက် အနှစ်သာရကမ္ဘာသည် ထူးခြားသောပြောင်းလဲမှုကို ကြုံတွေ့ရလိုက်သည့်အလားပင်။ ပထမဆုံး အတွင်းအပြင်မန္တန်စွမ်းအား ထွက်ပေါ်လာသဖြင့် ၎င်းက ကြောက်ခမန်းလိလိ အရွယ်အစားကြီးမားလာပြီးနောက် ပြန်ကျုံ့သွား၏။
“မဖြစ်နိုင်ဘူး” သခင်အဖြူက အသံဩဩကြီးဖြင့် အော်သည်။
မန်ဟိုသည် ရုတ်တရက် ဉာဏ်ကွန့်မြူးသွားခဲ့ပြီး သူ၏မျက်လုံးများ တောက်ပနေစဉ် သူ၏မိစ္ဆာချုပ်နှောင်မှော်အစွမ်းလေးခုက အနှစ်သာရကမ္ဘာအပေါ် သက်ဆင်းသွား၏။ ဤအခိုက်အတန့်တွင် သူ၏သိုလှောင်အိတ်ထဲရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းက နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့ပြီးနောက် ရှေးဆန်သောအသံဖြင့် စကားပြောသည်။
“မိစ္ဆာချုပ်နှောင်မှော်အစွမ်းများသည် မိုးနှင်မြေ၏ နတ်မိစ္ဆာအပေါင်းကို ချုပ်နှောင်နိုင်၏။ ယင်းက သမာဓိအပ်နှင်းခြင်း မည်ပေ၏။
“မိစ္ဆာချုပ်နှောင်မှော်အစွမ်းများသည် သက်ရှိသတ္တဝါအားလုံး၏ မှော်အစွမ်းကို ချိတ်ပိတ်နိုင်၏။ ယင်းက သိက္ခာချစည်း မည်ပေ၏။
အသံ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေစဉ် မန်ဟိုမှာ မူးဝေလာသည်။ ထို့နောက် သူက ညာလက်ကို မြှောက်၍ အနှစ်သာရကမ္ဘာအပေါ် ဖိချလိုက်စဉ် သူ၏မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေလေသည်။
“သိက္ခာချစည်း” သူက ပြောသည်။
ထိုစကားလုံးများ သူ့နှုတ်မှ ထွက်သွားသည်နှင့် မိုးနှင့်မြေကို တဝုန်းဝုန်း တုန်ခါလှုပ်ရမ်းနေစေသော စွမ်းအားတစ်ရပ်သည် ပေါ်ထွက်လာ၏။ တစ်ချိန်တည်းမှာပင် အနှစ်သာရကမ္ဘာအပေါ် ကျဆင်းသွားပြီး ၎င်းကို ချိတ်ပိတ်လိုက်သော ဧရာမမှော်သင်္ကေတကြီးတစ်ခု ပေါ်လာသည်။
အနှစ်သာရများကို ချိတ်ပိတ်ခြင်း
ချက်ချင်းဆိုသလို အနှစ်သာရကမ္ဘာတစ်ခုလုံး ကျောက်ရုပ်ဖြစ်သွားခဲ့သည့်အလား ရပ်တန့်သွား၏။ မည်သည့်လှိုင်းဂယက်မှ ၎င်းထံမှ ဖြာထွက်မလာတော့သို၊ အရှိန်အဝါလည်း မရှိတော့ပေ။ သိပ်မလှမ်းကမ်းတွင် ပျံဝဲနေသော သခင်အဖြူမှာ တန်ပြန်ရိုက်ခတ်ခံလိုက်ရ၍ သွေးတစ်ပွက်အန်လိုက်ရသည်။
“ဒါက ...” မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို သူ မသိသော်လည်း ၎င်းက သူ့ကို တစ်ချိန်က အထင်ကြီးမိစေခဲ့သော တစ်စုံတစ်ခုကို သတိရလိုက်စေသည်...
“သခင်လီရဲ့တာအို” သခင်အဖြူမှာ သူ၏အနှစ်သာရများနှင့် ဆက်သွယ်မှု ဖြတ်တောက်ခံခဲ့ရကြောင်း သဘောပေါက်လိုက်သဖြင့် မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ ၎င်းက အမြဲထာဝရမဟုတ်သော်လည်း လောလောဆယ်တွင် သူ့အနေဖြင့် အနှစ်သာရစွမ်းအားကို မထုတ်လွှတ်နိုင်တော့ပေ။
မန်ဟိုလည်း အလားတူ အံ့ဩတုန်လှုပ်နေသည်။ သူက ချိတ်ပိတ်ခံထားရသော အနှစ်သာရကမ္ဘာကို ကြည့်၍ သူ့ကိုယ်ထဲရှိ မိစ္ဆာချုပ်နှောင်မှော်အစွမ်း၏ ပြင်းထန်သောအငွေ့အသက်များကို ခံစားနေရလေသည်။ တဖြည်းဖြည်း သူ၏မျက်လုံးများသည် တောက်ပလာ၏။
ချက်ချင်းပင် ယခုတွင် သခင်အဖြူသည် မန်ဟို့ကို ကြောက်စိတ်ဖြင့်သာမဟုတ်တော့ဘဲ ပြင်းပြသော သတ်ဖြတ်လိုစိတ်တို့ဖြင့် ကြည့်နေလေပြီ။
“အနှစ်သာရတွေ မပါဘဲနဲ့တောင် ငါ မင်းကို သတ်နိုင်သေးတယ်” သူက အင်္ကျီလက်စကို ခါရင်းပြောသည်။ ထို့နောက် သူ၏ညာလက်သည် ကြယ်တာရာကောင်းကင်ကို လှမ်း၍ ကုတ်ခြစ်လိုက်ဟန် လုပ်လိုက်၏၊ အကွဲကြောင်းငါးကြောင်း ပွင့်ထွက်လာသည်။
“သတ္တမပင်လယ်ရဲ့ အဆိပ်ငါးကောင်တို့၊ တောင်ပင်လယ်တွေကို ပရမ်းပတာဖြစ်စေပြီး သက်ရှိသတ္တဝါခပ်သိမ်းရဲ့ ငြိမ်းချမ်းမှုကို နှောင့်ယှက်ကြကုန်လော့” သခင်အဖြူသည် လျှာထိပ်ကို ကိုက်ပြီးနောက် သွေးတစ်ပွက် ထွေးထိုက်၏။ ချက်ချင်းပင် ၎င်းက အကွဲကြောင်းငါးကြောင်းထံ ပြေးဝင်ပြီးနောက် ၎င်းတို့အထဲ စီးဆင်းသွားသော သွေးပင်လယ်တစ်စင်း ဖြစ်သွားလေသည်။ ထို့နောက် တဒုန်းဒုန်းမြည်သံများ ထွက်လာသည်။
ထိုအကွဲကြောင်းများအထဲတွင် အကွဲကြောင်းမှ ထွက်လာနိုင်ဖို့ အတားအဆီးများကို ချိုးဖျက်နေသော ဖြစ်တည်မှုများ ရှိနေသယောင်ပင်။ ဒုန်းခနဲ မြည်တိုင်း ကြယ်တာရာကောင်းကင်သည် သိမ့်ခနဲ တုန်ရီသွား၏။ ရုတ်တရက် အကွဲကြောင်းတစ်ကြောင်းထဲမှ မာတောင့်တောင့် ဦးမှင်နှစ်ချောင်း ထွက်လာသဖြင့် အက်ကွဲသံများ ကြားလိုက်ရသည်။ ဦးမှင်များနောက်မှာ အရုပ်ဆိုးဆိုးပိုးကောင်တစ်ကောင် လျင်မြန်စွာ ထွက်လာနေ၏။ မကြာမီ မီတာသုံးသောင်းအရှည် ကင်းခြေများအမည်းကြီးတစ်ကောင် ကြယ်တာရာကောင်းကင်တွင် ပေါ်လာခဲ့လေပြီ။
၎င်းက ပေါ်လာလျှင်ချင်း လူတိုင်းအား ရင်တုန်သွားစေသော ခပ်စူးစူးအော်သံကြီးကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် ဒုတိယအကွဲကြောင်းထံမှ အက်ကွဲသံများနှင့်အတူ မီတာထောင်ချီရှည်လျားသော ချိုသုံးချောင်းနှင့်မြေပွေးနီတစ်ကောင်က လျှာနှစ်ခွကို ထုတ်ချည်သွင်းချည်လုပ်လျက် ထွက်လာသည်။ ၎င်း ခေါင်းနောက်လှန်၍ တွန်လိုက်သည့်အခါ ၎င်းတစ်ကိုယ်လုံးတွင် မရေမတွက်နိုင်သော မျက်လုံးများ ပေါ်လာလေသည်။
ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမအက်ကွဲကြောင်းများထံမှ အက်ကွဲသံများကြားလိုက်ရသည်။
တဖွေးဖွေးလှုပ်နေသော အနက်ရောင်မြူများ ရစ်သိုင်းနေသော ဧရာမကင်းမြီးကောက်ကြီးတစ်ကောင်။
တောင်ကြီးလောက် ကြီးမားသော ခရမ်းရောင်ဖားပြုပ်ကြီးတစ်ကောင်။
နောက်ဆုံးတစ်ကောင်ကတော့ ... အကျိအချွဲများ စက်လက်စက်လက် ကျနေသော အရုပ်ဆိုးဆိုးအကြေးခွံများဖြင့် မီတာသုံးသောင်းအရှည် ဖွတ်ကြီးတစ်ကောင် ဖြစ်သည်။
“အဆိပ်ငါးကောင် ဒီလူ့ကို သတ်ပစ်စမ်း” သခင်အဖြူ၏မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး အဆိပ်ငါးကောင်က မာန်သွင်းဟိန်းဟောက်ကာ မန်ဟို့ထံ ချီတက်သွားကြတော့သည်။