← Chapters

အခန်း (၉၉၇-၉၉၈)

Vol. 84 Ch. 997-998

အခန်း (၉၉၇-၉၉၈)

Vol. 84 Ch. 997-998

အခန်း ၉၉၇ -

ကောင်းကင်ဘုံနယ်ပယ်နှင့် လျှို့ဝှက်ချက်များ။

စုရီက ဝမ်ပိုင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီးနောက် အကြောင်းအရာ ခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်။

“ မင်းရဲ့ဝမ်မိသားစုက အင်မော်တယ် နယ်ပယ်အကြောင်း ဘယ်လောက် သိထားလဲ။ ”

ဝမ်ပိုင်မှ ခဏမျှစဉ်းစားပြီး၊

“ လောလောဆယ် ငါတို့မှာ အပေါ်ယံ နားလည်မှုပဲရှိတယ် အင်မော်တယ်နယ်ပယ်နဲ့ ကောင်းကင်လမ်းကို ဆက်သွယ်ပေးတဲ့ အဓိကနယ်ပယ်သုံးခုရှိတယ် ...

... အဲဒါက နတ်ဝိညာဉ်၊ တာအိုပေါင်းစည်းခြင်းနဲ့ အုပ်စိုးရှင်နယ်ပယ်ပဲ... နတ်ဝိညာဉ်နယ်ပယ်ကို မူလနတ်ဘုရား နယ်ပယ်လို့လည်း လူသိများတယ် ...

... ပထမနယ်ပယ်ဟာ တာအိုခန္ဓာမှာ နတ်ဝိညာဉ်ကိုအမြစ်တွယ်စေဖို့ မဟာတာအိုရဲ့ စွမ်းအားကိုအသုံးပြုပေးရတယ် ...

... အဲဒီနတ်ဝိညာဉ် အရည်အသွေး မြင့်မားလေ သူ့ရဲ့အုတ်မြစ်က ပိုခိုင်မာလေပါပဲ၊ တာအိုပေါင်းစည်းခြင်း နယ်ပယ်မှာတော့ အမြင့်မြတ်ဆုံးတာအို ဥပဒေကိုးခုကို ...

... ပေါင်းစပ်ဖို့လိုအပ်တယ် ဒီဒုတိယနယ်ပယ်ဟာ အတိတ်နဲ့အနာဂတ်ကို ပေါင်းကူးပေးတဲ့ အရေးကြီးဆုံးနယ်ပယ်ဖြစ်ပြီး အုပ်စိုးရှင်နယ်ပယ်ရဲ့ အသက်ပဲ ...

... အင်မော်တယ်ဆိုတဲ့ နာမည်အတိုင်း ဒါကကောင်းကင်ဘုံကို တက်လှမ်းနိုင်စေတဲ့ နယ်ပယ်တစ်ခုပါ ဒါကြောင့် ဒီနယ်ပယ်သုံးခုကို ကောင်းကင်ဘုံနယ်ပယ်လို့လည်း ခေါ်တယ် ...

... ရှေးခေတ်ကိုတော့ ‘ဓမ္မအဆုံးခေတ်’လို့ခေါ်ပြီး ကောင်းကင်ဘုံ နယ်ပယ်ကျင့်ကြံသူတွေကို အမြင့်မြတ်ဆုံး တန်ခိုးရှင်တွေအဖြစ် သတ်မှတ်တယ် ...

... သက်ရှိအားလုံးရဲ့အမြင်မှာ ကောင်းကင်ဘုံမှာ ရှိတဲ့သူတွေဟာ စစ်မှန်တဲ့ အင်မော်တယ်တွေနဲ့ မခြားပါဘူး။ ”

ဝမ်ပိုင်စကားကြောင့် စုရီက သူ့မေးစေ့ကို ပွတ်သပ်ပြီး၊

“ အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်က အဖိုးကြီးကျုံးထျန်းကွမ်နဲ့ ကောင်းကင်မီးဝိညာဉ် မျိုးနွယ်ရဲ့ ရှထျန်းကျန်းတို့နှစ်ယောက်စလုံး ကောင်းကင်ဘုံကို ခြေချနေပြီလို့ ...

... ကောလဟာလတွေ ရှိနေကြတယ် မင်းရဲ့ဝမ်မျိုးနွယ်စုကော တစ်ယောက်ယောက် ရောက်ရှိနေပြီလား။ ”

-ဟု စူးစမ်းလိုက်၏။ ဝမ်ပိုင်တစ်ယောက် ခဏမျှတွန့်ဆုတ်သွားပြီး ခါးသီးစွာပြုံးလိုက်ကာ၊

“ ပြောရခက်တယ်။ ”

-ဟု တုန့်ပြန်လာသည်။

“ ဘာကိုဆိုလိုတာလဲ။ ”

စုရီက မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ပိုင်တစ်ယောက် သက်ပြင်းချကာ၊

“ ကျုံးထျန်းကွမ်နဲ့ ရှထျန်းကျန်းတို့က ကောင်းကင်ဘုံကို ရောက်နေပြီ ဖြစ်နိုင်ပါတယ် ဒါပေမယ့် ဒါကသူတို့ကို ဒီကမ္ဘာကြီးပေါ်ကနေ ခဏတာဖယ်ရှားလိုက်တာပဲ ...

... သူတို့က ပိတ်မိနေတဲ့ ဝိညာဉ်တွေလို လမ်းပေါ်ထွက်လာရင် ကောင်းကင်တာအိုက သူတို့ကိုရက်ရက်စက်စက် ဖျက်ဆီးလိမ့်မယ် ...

... ငါသိသလောက်တော့ ကျုံးထျန်းကွမ်နဲ့ ရှထျန်းကျန်းတို့ အင်မော်တယ်တားမြစ်မြေမှာ ရှိနေကြတုန်းပဲ သူတို့ထွက်မလာနိုင်သေးဘူး ...

... ပြီးတော့ ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးဝူယွမ်လည်း မတော်တဆမှု မကြုံတွေ့ ခဲ့ရင် ကောင်းကင်ဘုံကို ရောက်နေလောက်ပြီ ဒါပေမယ့် ငါ့ဘိုးဘေးဝူယွမ်ကတော့ သတင်းပြန် မပို့သေးတာမို့ အတည်မပြုနိုင်သေးဘူး။ ”

ထို့စကားကြောင့် စုရီက နားလည် သွားလေသည်။ နောက်ဆက်တွဲ စကားဝိုင်းတွင် ကောင်းကင်ဘုံနှင့် ဆက်စပ်သော လျှို့ဝှက်ချက် အချို့ကို ထပ်မံသိရှိခဲ့၏။

ဥပမာအားဖြင့် အ‌ရှေ့ပိုင်း ကြယ်လွင်ပြင်ကြီးတွင် အင်မော်တယ်တားမြစ် နယ်မြေကဲ့သို့ဒေသများ၌သာ ကောင်းကင်ဘုံ နယ်ပယ်နှင့် သက်ဆိုင်သော တာအိုရှိ၏။

သုံးနှစ်အတွင်းတွင် ကမ္ဘာကြီးသည် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ် လာမည်ဖြစ်ပြီး ထိုအချိန်တွင် ကောင်းကင်ဘုံ နယ်ပယ် ကျင့်ကြံသူများ ပေါ်လာပေမည်။

အလားတူပင် အခြားသောတားမြစ်မြေ အသီးသီးတွင် ပိတ်မိနေကြသည့် ဝိညာဉ်များမှာ သုံးနှစ်အတွင်း လွတ်မြောက်လာမည်ဖြစ်၏။

သုံးနှစ် ... ။ ရုတ်တရက် စုရီက မျက်ခုံးပင့်လိုက်မိသည်။ ထိုအချိန်ကာလကို ထပ်မံကြားလာရပြန်ပြီဖြစ်၏။

ထိုသုံးနှစ်သည် ဒိုမိန်းတိုက်ပွဲကွင်း ပြန်ဖွင့်လာကာ အရိုးလက်ပိုင်ရှင်ပြန်လာမည် ဖြစ်သည်။ သည့်ပြင် လှံသမားအရူးမိန်းမနှင့် ထာဝရစိတ်ဝိညာဉ်သခင်၏ ချိန်းဆိုမှုများ သည်လည်း ထိုကာလဖြစ်၏။

ဆိုလိုသည်မှာ အရှေ့ဘက် ကြယ်လွင်ပြင်ကြီးသည် မမျှော်လင့်ထားသော အပြောင်းအလဲများကို ဤသုံးနှစ်အတွင်း၌ ရင်ဆိုင်ရတော့မည်ဟု အဓိပ္ပါယ်ရသည်။

တစ်စုံတစ်ရာသည် အကျပ်အတည်းများ ကြုံတွေ့ရသောအခါ ပြောင်းလဲမှုထံ မဖြစ်မနေ ဦးတည်ရချေပြီ။ ဤသည်မှာ လောကကြီး၏ နိယာမတစ်ခုပေပင်။ ခေတ်အဆက်ဆက် ဤနိယာမကို လိုက်နာကြသည်။

ဓမ္မအဆုံး ခေတ်၌ အင်မော်တယ်လမ်း ပြတ်တောက်ကာ သေမျိုးနှင့် အင်မော်တယ်များ ပိုင်းခြားခံခဲ့ရ၏။ ရလဒ်အနေဖြင့် နယ်ပယ်ဘုရင် များသည် မကျေမနပ်ဖြစ်မှုများ ပြည့်နှက် လာချေသည်။

ထိုဆန္ဒသည် အဆုံး၌ ကောင်းကင်တာအိုကို ဖီဆန်ကာ ကောင်းကင်ဘုံလမ်းအပေါ် ပြန်လည် ရှာဖွေလာစေကြတော့၏။

ဥပမာအားဖြင့် အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စုနှင့် ကောင်းကင်မီးဝိညာဉ် မျိုးနွယ်စုများပေပင်။

၎င်းတို့မှ လွမ်မျိုးနွယ်စုဝင်များသည် ဉာဏ်ရည်ထက်မြက်သော သေလွန်ဝိညာဉ် တစ်ကောင်ကို မတော်တဆဖမ်းမိခဲ့ဖူးသည်။

ဤနည်းဖြင့် အပြာရောင်လွမ် ဝိညာဉ်မိသားစုသည် ကောင်းကင်ဘုံနယ်ပယ်သို့ တက်လှမ်းရမည့် လျှို့ဝှက်အချို့ရရှိသွား၏။

ထိုသေလွန်ဝိညာဉ်များသည် လက်ရှိအချိန်တွင် အားအနည်းဆုံး အခြေအနေ ရောက်ရှိနေသဖြင့် ထပ်မံဖမ်းဆီးရန် ပြင်ဆင်တော့သည်။

များမကြာခင် ထိုသတင်းသည် ကြယ်လွင်ပြင်၌ပြန့်နှံ့လာပြီး တားမြစ်မြေများ၌ အပြောင်းအလဲများဖြစ်ပေါ်နေကာ သေလွန် ဝိညာဉ်များ နိုးထနေကြောင်း သိရှိကုန်၏။

ယင်းကြောင့် ထိပ်တန်းအင်အားစုများက နတ်မိစ္ဆာပင်လယ်သို့ စုရုံးရောက်ရှိလာကြခြင်း ပေပင်။

အမှန်တကယ်တွင် သေလွန်ဝိညာဉ်များ၏ မူလသည် နတ်ဝိညာဉ်နယ်ပယ်တွင် ဖြစ်သဖြင့် ကြောက်စရာကောင်းလေသည်။

အထူးသဖြင့် တာအိုတရားစင်မြင့် တည်ဆောက်ထားနိုင်သည့် ထက်မြက်လှသည့် သေလွန်ဝိညာဉ်များမှာမူ အသက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲပေပင်။

“ ဒါကြောင့် သေလွန်ဝိညာဉ်တွေကို အမဲလိုက်ခြင်းဟာ အန္တရာယ်တွေနဲ့ ပြည့်နှက် နေပါတယ် တုံ့ယွီနယ်ပယ်ဘုရင်တွေတောင် အချိန်မရွေး သေဆုံးသွားနိုင်တယ် ...

... ဒီလောကမှာ သေလွန်ဝိညာဉ်တွေနဲ့ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ ကောင်းကင်ဘုံနယ်ပယ် ...

... တည်ရှိနေလိမ့်မယ်လို့ ဘယ်သူများ ထင်မြင်နေမိမှာလဲ ... ဟုတ်ပါတယ် ဒါပေမယ့် မင်းကတော့ ချွင်းချက်ပါ တာအိုကွမ်ကျူး။ ”

ဝမ်ပိုင်က စုရီကိုကြည့်ကာ ပြောကြားလိုက်သည်။ သေလွန်ဝိညာဉ်ထံမှ ကြေးဝါတံဆိပ်ကို လုယူနိုင်လုနီးပါး ဖြစ်ခဲ့ကြောင်း သူမြင်ခဲ့ရ၏။

ဤသည်မှာ အလွန်အမင်း ကြီးစိုးခြင်း ပေပင်။ ရှမိသားစုသာ ဝင်ရောက်စွက်ဖက်မှု မရှိခဲ့သော် အလွယ်တကူရရှိနိုင်ပေမည်။

နှစ်ယောက်သား ခဏမျှ စကားစမြည်ပြောကြားပြီးနောက် ဝမ်ပိုင်သည် နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။ သူသည် ဤအရပ်တွင် ရက်ပေါင်းများစွာ စွန့်စားခဲ့၏။ အသက်အန္တရာယ်ရှိသော ဒုက္ခများ ရင်ဆိုင်ခဲ့ရ သဖြင့် နောက်ထပ် မနေဝံ့တော့ချေ။

“ ဒီအဖိုးကြီးက တော်တော်ပါးနပ်တယ်။ ”

ကျွမ်းပေ့ဖန်က မှတ်ချက်ပေး၏။

“ ငါ့ရဲ့သခင်လေးကို ... ရှေးဟောင်း မြေခွေးအိုကြီးတိုင်း လျှော့မတွက်ဝံ့ကြပါဘူး သူတို့တွေကို ထိပ်တန်းပုဂ္ဂိုလ်တွေ ဖြစ်ပေမယ့် ငါ့ရဲ့သခင်လေးရှေ့မှာတော့ ဂျူနီယာတွေပါ။ ”

ဝေရှန်းက ကျေနပ်စွာ ပြောကြား လိုက်လေသည်။ စုရီတစ်ယောက် ဦးခေါင်းကို အနည်းငယ်ခါယမ်းပြလိုက်ပြီး၊

“ ဝမ်ပိုင်ကိုလျှော့မတွက်နဲ့ ... အဲဒီလူအိုကြီးက အရိပ်ထဲကနေ ပုန်းနေခဲ့ပြီး ကျားနှစ်ကောင်ကြားက အကျိုးအမြက် ရယူဖို့ ကြံစည်နေတာ။ ”

-ဟု ရှင်းပြလိုက်၏။ စုရီစကားကြောင့် လူတိုင်းအံ့အားသင့်သွားကာ ရင်ထဲအေးစက် သွားသည်။ အမှောင်ထဲတွင် မုဆိုများမည်မျှ စောင့်ကြည့်နေဦးမည်ကို မသိနိုင်ချေ။

“ ဒီလူက အချက်နှစ်ချက်ကြောင့် အခုလိုထွက်လာတာ ပထမအချက်က ဒီမှာ အကျိုးကျေးဇူးတွေ မရနိုင်တော့ဘူးဆိုတာ သိလိုက်ပြီး ... ဒုတိယအချက်ကတော့ ...

... သူရှိနေတာကို ငါရှာတွေ့သွားပြီမို့ပဲ ဒါကြောင့်တင်းမာမှုတွေကိုလျှော့ချပြီး ငါ့ဒေါသ အပေါ် ရှောင်ရှားဖို့အတွက် ထွက်လာတာ ...

... ဒါ့ပြင် ဝမ်မျိုးနွယ်စုနဲ့ ကောင်းကင် မီးဝိညာဉ်မျိုးနွယ်စုဟာ နှစ်ပေါင်းများစွာတိုင် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေရှိနေတယ် ...

... သူတို့ရဲ့ဆက်ဆံရေးကလည်း ကောင်းမွန်တာမဟုတ်ဘူး ဒါကြောင့်ဒီရှရိုရှင်းနဲ့ ကျန်နှစ်ယောက်ကိုသတ်ဖို့ ငါ့ကို အသုံးပြု နိုင်မယ်ဆိုရင် သဘာဝအတိုင်း သူ ဝမ်းသာနေမှာပါ။ ”

ဤတစ်ကြိမ်တွင် လူတိုင်း မျက်ခုံးပင့်ကုန်သည်။ မြေခွေးအိုကြီးများသည် ဉာဏ်နီဉာဏ်နက်များဖြင့် ပြည့်နှက်နေ၏။

တစ်ဖက်လူ ထွက်ပေါ်လာမှု၏ နောက်ကွယ်တွင် သည်မျှလျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု မထင်ထားချေ။

လိမ်မာပါးနပ်ကြပြီး လုပ်ရပ်တိုင်းသည် ရည်ရွယ်ချက်ရှိ၏။ သူတို့ကိုကူညီရန်ရှိနေသော ကြင်နာတတ်သူများ မဟုတ်ကြချေ။

စုရီ၏ မေးခွန်းများကို ဖြေကြားခြင်း ဟူသည်ပင် သူ့အတွက် လွတ်မြောက်ခွင့်အပေါ် လှဲလှယ်သွားခြင်းပေပင်။

“ သွားကြစို့ ... ။ ”

စုရီက ပင်လယ်ပြင်အတွင်းပိုင်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ လူတိုင်း သူ့နောက် လိုက်ပါသွားတော့၏။

ထိုမြင်ကွင်းကို ဝမ်ပိုင်သည် ကြယ်အပိုင်းအစတစ်ခုပေါ်တွင် ရပ်လျက် တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ အဆုံးတွင် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်၏။

ဤမတိုင်မီ တစ်ဖက်လူနှင့် ပေါ့ပေါ့ပါးပါး စကားများပြောနေခဲ့သော်လည်း တစ်ချိန်လုံး သတိထားနေခဲ့ရသည်။

ထွက်ခွာလာစဉ်ကပင် ဓားဖြင့် လှမ်းသတ်မည်ကိုစိုးထိတ်ခဲ့၏။ တစ်ဖက်လူမှ မည်မျှ အထိန်းအကွပ်မဲ့ကြောင်း သူ အသိဆုံး ပေပင်။

အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် လျှို့ဝှက်သင်္ကေတတစ်ခုထုတ်ယူကာ ထိုလူနှင့် သက်ဆိုင်သည့် မည်သည့်အရာတွင်မျှ ပါဝင် ပါတ်သတ်ခြင်းမပြုကြရန် သူ့မျိုးရိုးအပေါ် ချက်ချင်းသတိပေးလိုက်တော့သည်။

“ ဒီလူက ပြန်ဝင်စားလာပေမယ့် သူအသုံးပြုတဲ့စွမ်းအားက တုံ့ယွီနယ်ပယ်ဘုရင် တစ်ယောက်ကို အလွယ်တကူ နှိမ်နင်းနိုင် လောက်အောင် လုံလောက်တယ်၊ ...

... ဒါက သူ့ရဲ့အရင်ဘဝတုန်းက အထွတ်အထိပ်ကျင့်ကြံမှုထက် မနိမ့်ကျဘူး နတ်ဝိညာဉ်နယ်ပယ် တစ်စုံတစ်ယောက်သာ ထွက်ပေါ်လာခွင့်မရှိရင် ...

... တကယ်ပဲ ဒုတိယအကြိမ်အဖြစ် ပြိုင်ဘက်ကင်းတဲ့ သူ့ဂုဏ်ကျက်သရေမျိုးကို မကြာခင် ပြန်ရလာလိမ့်မယ်။ ”

ဝမ်ပိုင်တစ်ယောက် တစ်ကိုယ်တည်း ရေရွတ်လျက် ကြယ်အပိုင်းအစတစ်ခုပေါ်မှ ပျောက်ကွယ်သွားတော့၏။

တစ်ချိန်တည်းမှာပင် အကန့်အသတ်မဲ့ ကျယ်ပြောသောပင်လယ်အတွင်း၌ ငွေရောင် လျှပ်စီးများ သိုင်းခြုံနေသည့် ကျွန်းမျောတစ်ခု ပေါ်သို့ သေလွန်ဝိညာဉ်ဆင်းသက်လာသည်။

ထိုသူက မြေပြင်ပေါ် ခြေချမိသည်နှင့် ချက်ချင်းဝပ်တွားလိုက်ကာ တုန်လှုပ်နေသော အသွင်ဖြင့်၊

“ သခင် ... ဒီကျွန်က အရည်အချင်း မပြည့်မီပါဘူး သခင့်ကို အနှောက်အယှက် ပေးမိပါပြီ။ ”

-ဟု တောင်းပန်လိုက်တော့သည်။

***

အခန်း ၉၉၈ -

စစ်မှန်သောလူသား ဟုန်ယွင် ... ။

သေလွန်ဝိညာဉ်သည် မြေပြင်တွင်ဝပ်တွားကာ အချိန်အတော်ကြာ သည်အထိ ဦးညွှတ်နေခဲ့သည်။

တစ်ချိန်က ဓမ္မအဆုံးခေတ်တွင် နတ်ဝိညာဉ်နယ်ပယ်သို့ ခြေချနိုင်ခဲ့သောကြောင့် စုရီနှင့်စကားပြောဆိုရာတွင် မာနထောင်လွှားပြီး မထီမဲ့မြင်ပြုခဲ့လေသည်။

သို့သော် ယခုအခါတွင်မူ လွင့်မျောနေသောကြေးဝါတံဆိပ်ကို ရိုသေစွာ ဝပ်တွားရှိခိုးနေချေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။

“ မင်းအမှား မဟုတ်ဘူး။ ”

အဆုံး၌ ကြေးဝါအပိုင်းအစအတွင်းမှ နူးညံ့သိမ်မွေ့သော အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။

ချက်ချင်းပင် အလင်းရောင်များ ဖြာထွက်လာပြီးနောက် လေထုအလယ်တွင် ပုံရိပ်တစ်ရိပ်ပေါ်လာ၏။

သူသည် ရှည်လျားသော တာအိုဝတ်ရုံကို ဆင်မြန်းကာ ခရမ်းရောင်သရဖူဆောင်းလျက် သိမ်မွေ့သော အမျိုးသားတစ်ယောက်ပေပင်။

“ ဒီဝင်စားခြင်းစွမ်းအားကို ကိုင်ဆောင်ထားတဲ့လူက သူ့ရဲ့ကျင့်ကြံမှုမှာ နိမ့်ကျပေမယ့် ငါတို့အသက်ကို ခြိမ်းခြောက်မှု ပေးစွမ်းနေတယ် ...

... ဒါကြောင့်လည်း မင်းကို အမြန်ဆုံးထွက်ခွာဖို့ ငါအကြံပြုလိုက်တာပါ မင်းမှာအပြစ်မရှိပါဘူး။ ”

ထိုစကားကြောင့် သေလွန်ဝိညာဉ်မှ တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာဖြင့်၊

“ သခင် ... အဲဒီဝင်စားခြင်းဥပဒေကို နတ်ဘုရားပဋိညာဉ်မှာ ကြာမြင့်စွာကတည်းက တားမြစ်ထားတယ် မဟုတ်လား။ ”

-ဟု ပြန်လည်မေးမြန်းလိုက်၏။

“ အဲဒါကြောင့်လည်း ငါ့ကို ဇဝေဇဝါဖြစ်စေတာပေါ့ ဒဏ္ဍာရီအရ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ဝင်စားခြင်းကလွဲပြီး ဥပဒေအားလုံးကို နတ်ဘုရားတွေက ထိန်းချုပ်ထားတယ် ...

... အခုတော့ ဒီကမ္ဘာပေါ်မှာ တစ်စုံတစ်ယောက်က ပြန်လည်ဝင်စားခြင်းကို အောင်မြင်ခဲ့တယ် ... ဒါက မကြုံစဖူး ထူးခြားတဲ့ အခွင့်အရေးပဲ။ ”

“ သခင် ဘာကိုဆိုလိုတာလဲ။ ”

“ စုန့်ဟဲ၊ ငါတို့ဟာ ဓမ္မအဆုံးခေတ်ကို မတော်တဆကျော်လွှားနိုင်ပေမယ့် အဲဒီကျိန်စာ စွမ်းအားကြောင့် ဒီလိုဘဝမျိုးကို ခံစားနေရတယ် မဟုတ်လား ...

... ဒါဟာ ငါတို့ကို လူမဟုတ်၊ တစ္ဆေမဟုတ်တဲ့ဘဝမျိုး ရောက်ရှိစေပါတယ် .... ဒါတွေအားလုံးက ကောင်းကင်ဘုံနယ်ပယ်နဲ့ ကောင်းကင်လမ်းနယ်ပယ်ကို ဖြတ်တောက်ခဲ့တဲ့ အဲဒီကပ်ဘေးကြောင့်ပဲ ...

... ဒီက‌နေ့ခေတ်မှာ ကောင်းကင် စည်းမျဉ်းတွေဟာ ပြောင်းလဲနေပြီမို့ ငါတို့တွေ နိုးထလာပြီး ပြန်လည်ကျင့်ကြံနိုင်နေပြီ ...

... ဒါပေမယ့် ငါတို့ဝိညာဉ်တွေထဲက ကျိန်စာစွမ်းအားကို မဖယ်ရှားနိုင်သရွေ့ ငါတို့ရဲ့ ဘဝတွေဟာ အမြစ်မရှိတဲ့ သစ်ပင်တွေလိုပဲ။ ”

ဤစကားကြောင့် သေလွန်ဝိညာဉ်က နာကျင်သွားလေသည်။ အမျိုးသားမှအဝေးကို ငေးမောလျက်၊

“ ဒါပေမယ့် ... အခု အခွင့်အရေး ရောက်လာပါပြီ ... ဒီဝင်စားခြင်းစွမ်းအားက ငါတို့ကျိန်စာကို အဆုံးသတ်ပေးနိုင်တယ်။ ”

-ဟု ဆက်လက်ပြောကြားလိုက်၏။

ဤတစ်ကြိမ်တွင် မြေပြင်တွင် ဝပ်တွားနေသောသေလွန်ဝိညာဉ်က ချက်ချင်း စိတ်လှုပ်ရှားတုန်ရီလာခဲ့သည်။

သေလွန်ဝိညာဉ်တစ်ကောင် အနေနှင့် ဤအခွင့်အရေးမျိုးသည် မည်မျှရှားပါးကြောင်း နားလည်နိုင်ချေပြီ။

“ အဲဒီကျိန်စာဆိုးတွေကြောင့်သာ ငါတို့အသက်ရှင် ကျန်ရစ်သူအားလုံးအတွက် ဒီကနေ့ခေတ်ကျင့်ကြံသူတွေရဲ့ သားကောင် အဖြစ် အမဲလိုက်ခြင်းခံနေရတာပဲ ။ ”

“ ဒါပေမယ့်သခင် ... အဲဒီလူက ဝင်စားခြင်းစွမ်းအားကို ကိုင်ဆောင်ထားတာမို့ ခြိမ်းခြောက်နိုင်စွမ်းလည်းရှိနေပါတယ် သူနဲ့ ဆက်ဆံရတာ မလွယ်ကူဘူးမဟုတ်လား။”

သေလွန်ဝိညာဉ်မှ တုန့်ဆိုင်းစွာ မေးမြန်းလိုက်သည်။ ယခုပင် သူတို့နှစ်ဦးသည် ခြေသုတ်တင်ခဲ့ရ၏။

“ ဟားဟားဟား ဘာလို့ တိုက်ခိုက်ဖို့ပဲ တွေးနေတာလဲ သူနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု တည်ဆောက်ပြီး အကူအညီတောင်းဖို့ အခွင့်အရေးရှာရင် ပိုကောင်းနိုင်တယ် မဟုတ်လား။ ”

“ သူ ငြင်းရင်ကော ... ။ ”

“ လူတစ်ယောက်ရဲ့ ပြင်းပျတဲ့ဆန္ဒက ကံကြမ္မာဆိုးအပေါ် ကျော်လွှားနိုင်တယ်ဆိုတာ ငါ အမြဲတမ်းယုံကြည်တယ် မစိုးရိမ်နဲ့ ...။ ”

ထိုစကားကြောင့် သေလွန်ဝိညာဉ်မှာ တိတ်ဆိတ်သွားသည်။ ဤသည်မှာအမှန်ပေပင်။ သူတို့သည် ထိုဆန္ဒကြောင့်သာ နှစ်ပေါင်းများစွာ ယုတ်ညံ့သောဘဝကြီးဖြင့် ရှင်သန်နေနိုင်ခြင်း ဖြစ်ချေပြီ။

“ စုန့်ဟဲ ထပါ ... သွားရအောင် စစ်မှန်တဲ့လူသားဟုန်ယွင်ကို ငါတို့တွေသွားပြီး ဂါရဝပြုကြမယ်။ ”

“ စစ်မှန်တဲ့လူသားဟုန်ယွင်လား။ ”

ထိုအမည်ကြောင့် သေလွန်ဝိညာဉ်မှာ ချက်ချင်း တုန်ရင်ကြောက်ရွံသွားတော့သည်။

“ ဂျိန်း ... ။ ”

စူးရှလွန်းသော ကြက်သွေးရောင် မိုးကြိုးများသည် လျှပ်ကြာပန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ကျွန်းငယ်လေးတစ်ခုပေါ် ပြန့်ကျဲဖုံးအုပ်သွားချေပြီ။

ထိုကျွန်းသည် မြို့ငယ်တစ်မြို့နီးပါး ကျယ်ပြောလှကာ မြေပြင်သည် ပြိုကျနေသည့် နံရံများနှင့် အဆောက်အဦးများပြည့်နှက်နေ၏။

ထိုအပျက်အစီးများ အလယ်ဗဟိုတွင် ရိုးရှင်းသော ကျောက်တုံးခြံဝင်းငယ်လေးတစ်ခု ရှိနေသည်။ ခြံဝင်းအတွင်း ကျောက်တုံးအိမ် တစ်လုံး တည်ရှိ၏။

အိမ်ရှေ့တွင် ဆလတ်ရွက်၊ ကြက်သွန်မြိတ်၊ သခွားသီးနှင့် ခရမ်းသီးကဲ့သို့ ဟင်းသီးဟင်းရွက် အမျိုးမျိုးကို စိုက်ပျိုးထားသည်။

ဥယျာဉ်သည် သေးငယ်ပြီး ခြံအပြင်ဘက်တွင် အဝါရောင်ခွေးတစ်ကောင် ပျင်းရိစွာအိပ်နေ၏။ အမျိုးသမီးတစ်ဦးသည် ခြံဝင်းထဲရှိ ကျောက်စားပွဲတွင် ထိုင်နေကာ ကြက်သွန်မြိတ်များကို ပါးပါးလှီးနေသည်။

သူမသည် လယ်သမားအမျိုးသမီး တစ်ဦးကဲ့သို့ ရိုးရှင်းစွာဖြင့် ဝတ်ဆင်ထားပြီး ရှည်လျားသော အနက်ရောင်ဆံပင်ကို စည်းနှောင်ထားသည်။

အသွင်အပြင်သည် သာမန်ဆန်ကာ အသားအရေမှာ အနည်းငယ် ဖြူဖျော့နေချေ၏။ သို့သော်မျက်ဝန်းများသည် ဆောင်းဦးရေကန် ကဲ့သို့ ကြည်လင်တောက်ပနေသည်။

အထူးခြားဆုံးမှာ သူမ၏ အပြုအမူများဖြစ်၏။ တည်ငြိမ်ပြီး ရိုးရှင်းသည်။ ပတ်ဝန်းကျင်နှင့် အလွန်ပနံတင့်ပေ၏။

စင်စစ်သော်ကား ဤသည်မှာ အကန့်အသတ်မဲ့ နတ်ဆိုးပင်လယ်ကြီးအတွင်း အနက်ရှိုင်းဆုံးနေရာ ဖြစ်သောကြောင့် လှိုင်းများ တဝုန်းဝုန်းရိုက်ခတ်နေသည်။

မကောင်းဆိုးဝါးမြူများ လွင့်မျောလျက် မိုးကြိုးတိမ်တိုက်များသည် လျှပ်စီးနွယ်ပင်များ အလား တွဲလောင်းကျနေ၏။ ဝရုန်းသုန်းကား ဒေသကြီးပေပင်။

ထိုသို့သောဒေသတွင် ကျောက်တုံးအိမ်၊ ဟင်းသီးဟင်းရွက်ဥယျာဉ်၊ ခွေးတစ်ကောင်နှင့် လယ်တောသူမတစ်ဦး ရှိနေခြင်းဖြစ်၏။

အရာအားလုံးသည် နေရာမကျသကဲ့သို့ ထင်ရစေသည်။ အဝေးတွင် စန့်ဟဲဟုခေါ်သော သေလွန်ဝိညာဉ်သည် ခေါင်းအလိုလိုငုံ့လျက် ထိုမြင်ကွင်းထံ ထပ်မကြည့်ဝံ့တော့ချေ။

သူ့ရှေ့တွင် မျောနေသော ကြေးဝါတံဆိပ်သည် နူးညံ့သောအသံဖြင့်၊

“ ဒီမှာစောင့်နေ။ ”

-ဟု အမိန့်ပေးသည်။

တစ်ဆက်တည်းမှာပင် သရဖူ ဆောင်းထားသော ချောမောလှသည့်အမျိုးသား တစ်ဦး လေထဲပေါ်လာခဲ့၏။

အပျက်အစီးများကြားတွင် ကျောက်တုံးအိမ်ရှေ့ထိုင်နေသော အမျိုးသမီးကို မြင်သောအခါ အဝတ်အစားများ သပ်ရပ်စေပြီး လှမ်းလျှောက်သွားတော့သည်။

“ ဝှစ် ... ။ ”

ကျောက်တုံးခြံဝင်းနှင့် ပေသုံးဆယ်မျှ အကွာသို့ ရောက်သောအခါ ယဉ်ကျေးစွာဖြင့် မြေပြင်ပေါ် ဆင်းသက်ပြီး လမ်းလျှောက်ရန် ရွေးချယ်လိုက်လေသည်။

မျက်နှာအမူအရာသည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူကြီး တစ်ယောက်ကို ရင်ဆိုင်နေရသည့်အလား လေးနက်နေခဲ့၏။

“ ဆောင်းဦးနတ်ဆိုးတစ်ထောင် တောင်တန်းရဲ့လီပေ့ရှန်က ... စစ်မှန်တဲ့လူသား ဟုန်ယွမ်ကို နှုတ်ဆက်ပါတယ်။ ”

ဟင်းသီးဟင်းရွက် ခြံရှေ့တွင် လှဲလျောင်းနေသော ခွေးဝါကြီးက မျက်လုံးများ ဖွင့်လာကာ ကျောက်စားပွဲတွင် ထိုင်နေသည့် အမျိုးသမီးထံ လှည့်ကြည့်သည်။

အမျိုးသမီးက ကြက်သွန်မြိတ်များကို ဂျုံမှုန့်မှုန့်အနည်းငယ်နှင့်ဆုပ်နယ်ပြီး သူ့ကိုလုံးဝ လျစ်လျူရှုထား၏။

“ စစ်မှန်တဲ့လူသားဟုန်ယွမ်ရဲ့ စည်းမျဉ်းတွေကို နားလည်ပါတယ် ဒါပေမယ့် ဒီကိုလာဖို့ခိုင်လုံတဲ့ အကြောင်းပြချက် ...

... ငါ့မှာရှိနေပါတယ် ... စစ်မှန်တဲ့လူသားဟုန်ယွမ်လည်း ဓီအရာကို စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

လီပေ့ရှန်က စိတ်ပျက်ခြင်းမရှိဘဲ ထပ်ပြောသည်။ ဤပင်လယ်တွင် သူတို့ကဲ့သို့ ဉာဏ်ရည်ထက်မြက်သော ဝိညာဉ်များအတွက် တားမြစ်ပုဂ္ဂိုလ်သုံးပါးရှိသည်။

ပထမပုဂ္ဂိုလ်သည် ဂူတစ်သောင်း တစ္ဆေမိစ္ဆာဖြစ်ပြီး၊ ဒုတိယ သွေးမီးအိမ်ဘုန်းကြီး နှင့် တတိယ သွေးမိုးကြိုး အနီရောင် တိမ်တိုက်ဖြစ်သည်။

ထိုသုံးပါးအနက် သွေးမိုးကြိုး အနီရောင်တိမ်တိုက်သည် အဆန်းကြယ်ဆုံးပင်။ အန္တရာယ်အများဆုံးလည်း ဖြစ်၏။

သူမ၏စည်းမျဉ်းသည် အရမ်းထူးခြား၏။ တွေ့ဆုံရန်အကြောင်းပြချက် မလုံလောက်သော် မည်သူ့ကိုမျှဝင်ခွင့်မပြုချေ။

ထုံးစံအတိုင်း အမျိုးသမီးသည် လီပေ့ရှန်းအပေါ် လျစ်လျူရှုထားဆဲဖြစ်သည်။ ခွေးဝါကြီးကပျင်းရိစွာဖြင့် ထွက်ခွာသွားခြင်း မရှိသေးသော လီပေ့ရှန်ထံမော့ကြည့်၏။

လီပေ့ရှန်တစ်ယောက် ကျောရိုးတစ်လျှောက်အေးစက်လာပြီး တုံ့ဆိုင်း မနေဝံ့တော့ဘဲ၊

“ ငါတို့ကျိန်စာကိုဖယ်ရှားဖို့ နည်းလမ်းတစ်ခု ရှာတွေ့ထားပါတယ်။ ”

-ဟု တိုက်ရိုက်ပြောကြားလိုက်ရသည်။

“ ..... ။ ”

ထိုစကားကြောင့် ခွေးဝါကြီးက ချက်ချင်းထရပ်လာ၏။ အဆုံး၌အမျိုးသမီးက စိတ်ဝင်စားလာပြီး ‘ပြော’ဟု ခွင့်ပြုလေသည်။

ယင်းသည် စကားလုံးတစ်လုံးတည်းသာ ဖြစ်သော်လည်း ကြည်လင်သောစမ်းရေစီးသံ ကဲ့သို့ လွင့်ပျံနေတော့၏။ လီပေ့ရှန်တစ်ယောက် စိတ်သက်သာရာရသွားချေပြီ။ မဟုတ်သော် သူ သေဆုံးနိုင်၏။ အသက်ပြင်းပြင်းရှူလျက်၊

“ ဝင်စားခြင်းဥပဒေစည်းမျဉ်းကို ဆုပ်ကိုင်ထားတဲ့လူငယ်တစ်ဦး ဒီနတ်ဆိုး ပင်လယ်ပြင်မှာ ပေါ်လာပါတယ်။ ”

-ဟု ချက်ချင်း အသိပေးလိုက်၏။ အမျိုးသမီး၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ တစ်ဖက်တွင်ခွေးဝါသည် ရုတ်ချည်းဂနာမငြိမ် ဖြစ်လာပြီး အမြီးကို အဆက်မပြတ် ဝှေ့ယမ်းနေတော့၏။

၎င်းကိုမြင်သောအခါ လီပေ့ရှန်သည် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ တစ်ဖက် လူသည် စိတ်ဝင်စားလာချေပြီ။

“ ဒီအခွင့်အရေးကို ရယူဖို့အတွက် ငါနဲ့အတူစစ်မှန်သောလူသား ဟုန်ယွင်ကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ”

ထို့နောက် လီပေ့ရှန်က လျင်မြန်စွာဖြင့် သူ့စကားကို ထပ်မံဖြည့်စွက် လိုက်လေသည်။

“ ရိုးရိုးသားသားပြောရင် ... ငါ့ရဲ လက်ရှိခွန်အားနဲ့ ဒီအခွင့်အရေးကိုကိုင်တွယ်ဖို့ စိုးရိမ်နေမိပါတယ် အရေးအကြီးဆုံးက ...

... ဒီလိုအခွင့်အရေးကို အသုံးချပြီး စစ်မှန်သောလူသားဟုန်ယွင်နဲ့ ဆက်ဆံရေး တစ်ခု ရယူလိုပါတယ်။ ”

ဤသည်မှာ အလွန်ရိုးသားပြီး မည်သည့်အရာကိုမျှ မဖုံးကွယ်ထားကြောင်း မြင်သာချေပြီ။

တစ်ဖက်လူသည် အစမှအဆုံးတိုင် စကားတစ်ခွန်းသာ ပြောခဲ့သော်လည်း သူသည် ဝါးပြွန်မှပဲစေ့များဖိတ်ကျနေသကဲ့သို့ တရစပ် ရှင်းပြနေမိ၏။

ထိုအချိန်တွင် အမျိုးသမီးသည် ရပ်တန့်နေရာမှ ဂျုံလှိမ့်တုံးကိုပြန်လှိမ့်နေခဲ့၏။ ခွေးဝါကြီးက အမြီးနှံ့လျက်၊

“ အဲဒီအဖိုးကြီးနှစ်ယောက်ကို ဘာလို့သွားမရှာတာလဲ ... ။ ”

-ဟု ရုတ်တရက်မေးလိုက်သည်။ လီပေ့ရှန်တစ်ယောက် ခဏမျှတိတ်ဆိတ်သွား ပြီးနောက် သက်ပြင်းချကာ၊

“ သူတို့က ငါ့ရဲ့ကြင်နာမှုကို တန်ဖိုးမထားကြဘူး ငါသူတို့ရဲ့ရည်ရွယ်ချက်ကို ဖြည့်ဆည်းပြီးတဲ့နောက်မှာတောင် သူတို့က ...

... သစ္စာဖောက်သွားနိုင်တယ် ဒါပေမယ့် ... စစ်မှန်တဲ့လူသားဟုန်ယွင်ကတော့ အဲဒီလိုလူမျိုး မဟုတ်တာကို ငါသိတယ်။ ”

-ဟု ဖြေကြားလိုက်တော့၏။

“ နတ်ဆိုးအိုကြီး ... မင်းမှာပါးနပ်မှုရှိတယ်၊ သွား ... အဲဒီလူကိုခေါ်လာခဲ့ပါ မင်းပြောသလို တကယ်ဆိုရင် ငါမင်းရဲ့ကျေးဇူးကို မှတ်ထားမယ်။ ”

ဤတစ်ကြိမ်တွင် အမျိုးသမီးက အလုပ်ကိုအာရုံစိုက်နေရာမှ တိုက်ရိုက်ပင် အမိန့်ပေးလာတော့၏။

“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”

လီပေ့ရှန်မှ ချက်ချင်း ဦးညွှတ်ကာ ထွက်ခွာသွားတော့သည်။ အဝေးတစ်နေရာတွင် စောင့်နေသောစုန့်ဟဲသည် လီပေ့ရှန်ရှင်လျက် ပြန်ရောက်လာသည်ကို မြင်သောအခါ စိတ်သက်သာရာရသွားတော့၏။

နှလုံးသားရှိ ဝန်ထုပ်ဝန်ပိုးများ ပြေလျော့သွားလေသည်။ နှစ်ယောက်သား စကားမဆိုဘဲ ချက်ချင်းထွက်ခွာလာ၏။

“ မိန်းကလေး၊ ဝင်စားခြင်းပြန်လာပြီ ဒီလောကကြီးမှာ ... မကြုံစဖူးပြောင်းလဲမှုတစ်ခု ရောက်ရှိလာတော့မယ် ဒီတစ်ခါတော့ ငါတို့ ငရဲတွင်းကနေ ထွက်သွားနိုင်ပြီ။ ”

ခွေးဝါကြီးက ဟင်းသီးဟင်းရွက် ဥယျာဉ်ခြံစည်းရိုးရှေ့တွင် စိတ်လှုပ်ရှားစွာဖြင့် အမြီးနှံ့ပြီး ဟိုသည်လျှောက်လှမ်းနေ၏။

“ ဒီနေ့ ... မင်းရဲ့မြို့မှာဆို ဘယ်နေ့လဲ မှတ်မိလား။ ”

အမျိုးသမီးကမေးသည်။ ခွေးဝါကြီးတစ်ယောက် တုန့်ဆိုင်းသွားခဲ့ပြီး ပြန်မဖြေနိုင်တော့ချေ။

“ လမုန့်ပွဲတော်နေ့ပဲ ... ။ ”

( ဆောင်းဦးရာသီ လလယ်ပွဲတော်။ )

အမျိုးသမီးက ကောင်းကင်ကို မော့ကြည့်ကာပြောကြားလိုက်သည်။ ထို့နောက် သူမမျက်ဝန်းများတွင် ဝမ်းနည်းမှုများ ဖြတ်ပြေးသွား၏။

“ လမင်းကြီးက မင်းရဲ့ဇာတိမြို့မှာ အတောက်ပဆုံးအချိန်ရောက်နေပြီး ငါတို့ရော ဒီပွဲတော်အမီ အိမ်ပြန်နိုင်မယ်ထင်လား။ ”

“ ဟမ့် ... မိန်းကလေး၊ နတ်ဘုရား ပဋိညာဉ်နဲ့တားမြစ်ထားတဲ့ ဒီဝင်စားခြင်းဥပဒေ စည်းမျဉ်းတွေတောင် ထွက်ပေါ်လာနေပြီပဲ ငါတို့ဇာတိကို ဘာလို့ပြန်လို့ မရမှာလဲ။ ”

ခွေးဝါကြီးက ချက်ချင်း တုန့်ပြန်၏။ အမျိုးသမီးမှ သူ့အဖြေကြောင့် ပြုံးလိုက်သည်။ သည့်နောက် ခွေးဝါကြီးထံ လှည့်ကြည့်ကာ၊

“ မှန်တယ် ... ဒီအကြောင်းပြချက်က ကျိုးကြောင်းဆီလျော်တယ် ဒီအတွက်ငါမင်းကို ကြက်သွန်မြိတ် ကိတ်တစ်လုံးကျွေးမယ်။ ”

-ဟု ပြောကြားလိုက်တော့၏။

ခွေးဝါကြီးက အမြီးနှံ့ကာ ချက်ချင်း ပြုံးရွှင်သွား၏။ အဆုံးတွင် မိန်းကလေးသည် စိတ်ခံစားချက်များ ပိုမိုကောင်းမွန်လာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters