အခန်း (၉၉၉-၁၀၀၀)
Vol. 84 Ch. 999-1000
အခန်း ၉၉၉ -
သတိပေးခြင်း ... ။
အကန့်အသတ်မဲ့ နတ်ဆိုးပင်လယ်ပြင် တလျှောက်တွင် ရက်စက်သောမကောင်းဆိုးရွား မြူခိုးများလှည့်ပတ်နေ၏။
“ ဝုန်း ... ။ ”
ကန့်အသတ်မဲ့ အနက်ရောင် ပင်လယ်ပြင်ကြီးသည် လှိုင်းလုံးကြီးများစွာဖြင့် တဝုန်းဝုန်း ဟိန်းဟောက်နေသည်။ စုရီနှင့် သူ့အဖွဲ့သည် ထိုမြူနှင့် လှိုင်းအတွင်း လျင်မြန်စွာ ဖြတ်သန်းနေကြ၏။
ကျွမ်းပေ့ဖန် လက်ဖဝါးထဲရှိ ပင်လယ်တည်ငြိမ်ပုလဲမှ အပြာရောင်အလင်း အချို့ဖြာထွက်လာကာ သူတို့အားလုံးအပေါ် သိုင်းခြုံပေးထားသည်။
ထိုရတနာသည် အလွန်အံ့ဩဖွယ် ကောင်းပြီး ပေတစ်သောင်းအတွင်းမှ ပင်လယ် ရေပြင်ကို ငြိမ်သက်စေ၏။
ပင်လယ်အနှံ့အပြားမှ ချောင်းမြောင်းနေသော ကြောက်စရာကောင်း လှသည့် ရေနေသားရဲများသည်ပင် ရှောင်ကွင်းကုန်သည်။
“ ပြေး ... မြန်မြန် ... ။ ”
ထိုစဉ်ဝေးလံလှသော မြူထုထဲမှ ထိတ်လန့်တကြား အော်သံပြေးလွှားသံများစွာ ပဲ့တင်ထပ်လာသည်။
အနက်ရောင်မြူများအတွင်း အလင်းများ ကောင်းကင်ပေါ်ဖြာလျက် ကျင့်ကြံသူများသည် ကြောက်ရွံ့မှုအပြည့် ထွက်ပြေးနေ၏။
သူတို့နောက်တွင် လှိုင်းလုံးကြီးများ တက်လာပြီး မုန်တိုင်းတစ်စင်းလိုက်ပါလာကာ ဧရာမတောင်တန်းကြီးတစ်ခုလို အရိုးငှက် တစ်ကောင် ပျံသန်းနေသည်။
ထိုအရိုးငှက်၏ရောင်ဝါသည် အလွန်အစွမ်းထက်လှပြီး မျက်လုံးများသည် သွေးနီရောင်ရေကန်ကြီးနှစ်ကန်အလား နီရဲနေ၏။
“ ဖရူး ... ။”
တောင်ပံများ ခတ်လိုက်သောအခါ လျှပ်စီးများ ထွက်ပေါ်လာပြီး ကြောက်စရာ ကောင်းသည့် အဖျက်စွမ်းအားများ ထွက်ပေါ်လာသည်။
သူ ပျံသန်းရာလမ်းတလျှောက် ကောင်းကင်ကြီး မည်းမှောင်ကာ ရေပြင်သည် တဟုန်ထိုးလှိုင်းထနေ၏။
ထိုစွမ်းအားသည် ကွေ့ယီနယ်ပယ်ဘုရင်တစ်ပါးကို အလွယ်တကူ သတ်ပစ်နိုင်လေသည်။
“ မလုပ်နဲ့ ... အား ... ။ ”
လျှပ်စီးဥပဒေကြောင့် ခန္ဓာကိုယ် ကွဲအက်သွားပြီး ဝိညာဉ်လောင်မြိုက်နေသော ကွေ့ယီနယ်ပယ်ဘုရင်တစ်ပါးသည် နာကျင်စွာ အော်ဟစ်နေချေပြီ။
“ ဟမ့် ... ဘာလုပ်နေတာလဲ ... မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ... မြန်မြန် လှည့်ပြေးကြလေ ... ။ ”
စုရီနှင့်အဖွဲ့သည် မျက်နှာချင်းဆိုင် အပြေးအလွှားလာနေသည်ကို မြင်ချိန်တွင် လှံကိုင်ထားသော အမျိုးသားတစ်ယောက်က အလျင်စလို အော်ဟစ်သတိပေးသည်။
“ ဒီလူရဲ့ စိတ်ရင်းကမဆိုးဘူး။ ”
ကျွမ်းပေ့ဖန်သည် သူ့ဘေးနားမှ မျက်နှာချင်းဆိုင် ဖြတ်ပြေးသွားသော ထိုသူကို လှည့်ကြည့်ကာ မှတ်ချက်ပေးသည်။
“ သူတို့ရဲ့အမြန်နှုန်းနဲ့ဆိုရင် အရိုးငှက်က မကြာခင်မှာပဲ ဖမ်းမိသွားလိမ့်မယ် အသက်ရှင်ဖို့ အခွင့်အလမ်းမရှိဘူး။ ”
ဝေရှန်သည်လည်း ခေါင်းညိတ်ကာ မှတ်ချက်ပေးလိုက်၏။ ခွန်အားကွာခြားချက်မှာ လွန်စွာကြီးမားကြောင်း မြင်နိုင်သည်။
“ ဦးလေးစု၊ ငါတို့ကူညီသင့်လား ... ။ ”
ရုတ်တရက် ငရဲဘုရင်က စုရီကို လှည့်ကြည့်ကာ မေးမြန်းလိုက်လေသည်။ စုရီမှ မျက်ခုံးပင့်သွား၏။ ဦးလေးစုဟု ခေါ်ဆိုခံရခြင်း အပေါ် စုရီမှနဖူးကိုကုပ်ခြစ်လိုက်မိသည်။
“ လိုအပ်နေသူတွေကို ကူညီပေးတာ ကြင်နာတဲ့လုပ်ရပ်ပဲ ... ဘာလို့မကူညီရမှာလဲ။ ”
တစ်ဆက်တည်းမှာပင် အင်္ကျီလက်ကို လှုပ်ခါလျက် ပြောကြားလိုက်သည်။ ဝင်စားခြင်း ဥပဒေများ ပြည့်နှက်နေသော ဓားအလင်း တစ်လက် ပျံတက်သွား၏။
“ ဝှစ် ... ။ ”
“ ဖရူး ... ။ ”
“ ဝုန်း ... ။ ”
အဝေးတွင် တောင်ကြီးတစ်လုံး အရွယ်အစားရှိသော အရိုးငှက်ခန္ဓာကိုယ်သည် ရုတ်တရက် အပိုင်းပိုင်းကွဲထွက်သွားသည်။
ထွက်ပြေးနေသော ကျင့်ကြံသူများမှာ ဖိအားများ ရုတ်တရက်ပျောက်ကွယ်သွားသည့် အတွက် အံ့အားသင့်ပြီး လှည့်ကြည့်လိုက်ကြရာ စကားမပြောနိုင် ဖြစ်ကုန်ကြသည်။
ကြောက်စရာကောင်းသော သေလွန်ဝိညာဉ်တစ်ကောင်သည် ဤမျှဖြင့် လွယ်လွယ် ဖျက်ဆီးနိုင်သည်လော။
လူတိုင်းသတိဝင်လာချိန်တွင် စုရီနှင့်အဖွဲ့သည် ပင်လယ်ပြင်အတွင်းတရွေ့ရွေ့ ပျောက်ကွယ်သွားပြီဖြစ်သည်။
“ ဒီလူတွေက ဘယ်သူလဲ ... ။ ”
လှံကိုင်ထားသော အမျိုးသားက သူ့ဘေးမှလူထံလှည့်မေးသည်။ အမေးခံရသည့် အမျိုးသားသည် မျက်ခုံးပင့်လျက်၊
“ မင်းက ငါ့ကိုမေးရင် ... ငါဘယ်သူ့ သွားမေးရမှာလဲ။”
-ဟု တုန့်ပြန်လိုက်တော့၏။
လမ်းခရီးတစ်လျှောက် စုရီနှင့်အဖွဲ့သည် အလားတူအဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရပြီး တဖြည်းဖြည်း ကျင့်သားရလာကြသည်။
တစ်ခါတစ်ရံတွင် အန္တရာယ် ကျရောက်နေသော ထိုကျင့်ကြံသူများကို စုရီမှ လိုလိုလားလားကူညီပေးခဲ့၏။
ဝင်စားခြင်းဥပဒေသည် အခြားသော ဥပဒေများထက်ပို၍ သေလွန်ဝိညာဉ်များအပေါ် အတိအကျချေမှုန်းနိုင်ချေပြီ။
ထိုစဉ်က ကျီးကန်းတောင်ကြားတွင် ဝင်စားခြင်းစွမ်းအားသည် သေလွန်ဝိညာဉ်များ သတ်ရာတွင် မယုံနိုင်လောက်အောင် အသုံးဝင်သည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သိရှိခဲ့သည်။
ယခုထိုအချက်ကို ထပ်မံ အတည်ပြုနိုင်ပြီဖြစ်၏။
“ ပြီးခဲ့တဲ့အရာအားလုံးက အတိတ်ပဲ ... အဲဒီတုန်းက မျက်လှည့်ဆရာဟာ သူ့ရဲ့အစွမ်းနဲ့ အတိတ်က လူတွေနဲ့အရာဝတ္ထုတွေအပေါ် ပြန်လည်ပုံဖော်နိုင်ခဲ့တယ် ...
... ဒါပေမယ့် ဝင်စားခြင်းဥပဒေ စည်းမျဉ်းအောက်မှာ အရာအားလုံးက ရေထဲမှာ ရှိတဲ့ လရိပ်တစ်ခုလိုပဲ အလွယ်တကူ ကွဲအက်သွားကြတယ် ...
... ပြီးတော့ သေလွန်ဝိညာဉ်တွေကို ကိုင်တွယ်ရာမှာ ဝင်စားခြင်းက ပြိုင်ဘက်ကင်း ထိရောက်မှုရှိနေပြန်တယ် ဒါက ...
... ပြန်လည်ဝင်စားခြင်းက အတိတ်ရဲ့ ဘယ်လိုစွမ်းအားကိုမဆို ဖိနှိပ်နိုင်တယ်လို့ ဆိုလိုတာပဲမဟုတ်လား။ ”
စုရီတစ်ယောက် အလင်းစက်ဝန်း အတွင်းမှနေပြီး ပတ်ဝန်းကျင်ကိုငေးမောလျက် တွေးတောသုံးသပ်နေခဲ့သည်။ အုပ်စိုးရှင်အဆင့် ဥပဒေသများစွာကို သူ ကျွမ်းကျင်၏။
၎င်းတို့အနက် ပြန်လည်ဝင်စားခြင်းနှင့် အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေနှစ်ရပ်သည် နားလည်ရန် အလွန်ခက်ခဲသည်။
ယခုအချိန်ထိပင် ထိုဥပဒေသနှစ်ရပ်ကို ထိန်းချုပ်နိုင်စွမ်းများသည် ကနဦးအဆင့်သို့ပင် မရောက်သေးချေ။ သို့သော် ဤလောကကြီးရှိ အမြင့်မြတ်ဆုံးဥပဒေများထက် ကျော်လွန်ပြီး သာလွန်ကြောင်း ပြသနေသည်။
တိုက်ပွဲများတွင်မူ ကြောက်စရာ ကောင်းသော ရန်သူများကို ရင်ဆိုင်ရသောအခါ ထိုဥပဒေအစား ဖေးကွမ်းဥပဒေနှင့် ကျင့်ရွှမ် ဥပဒေသည် ပိုမိုထိရောက်၏။
အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေသည် ကံကြမ္မာမြစ်ထံမှရရှိပြီး ၎င်း၏အစွမ်းသတ္တိမှာ ကြောက်စရာကောင်းချေပြီ။
ထိုဥပဒေကိုအသုံးချနိုင်ရန် အခြေခံအုတ်မြစ်အပေါ် ပြုပြင်ပြောင်းလဲပြီး များစွာခိုင်မာနေစေရန်လို၏။
“ အဲဒါ ဘာကြီးလဲ။ ”
ရုတ်တရက် ကျွမ်းပေ့ဖန်မှ အံ့အားသင့်စွာ မေးမြန်းသည်။ အဝေးတွင် အနက်ရောင်များဖြင့် ခမ်းနားထည်ဝါသော ရောင်ဝါများထွက်နေသည့် ရှည်မျောမျောအရာတစ်ခုကို မြင်လိုက်ရ၏။
“ ဒါကြယ်တွေပြည့်နှက်နေတဲ့ လွင်ပြင်ကြီတစ်ခုလုံးမှာ ကြောက်စရာ အကောင်းဆုံးသော လိပ်နက်တောင်ပဲ။ ”
စုရီမျက်ဝန်းများတောက်ပလျက် ဖြေကြားသည်။ ထိုစဉ်က ကြယ်မြစ်ဂိုဏ်းချုပ် တံငါသည်ကို ဤတောင်ကြီး၌ နှိမ်နင်းခဲ့ခြင်း ဖြစ်လေသည်။
တောင်ကြီးတစ်ခုလုံး လုံးဝ အနက်ရောင်ဖြစ်ကာ သစ်ပင်များမပေါက်ချေ။ တောင်အလျားသည် မျက်စိတစ်ဆုံး မြင်နိုင်သမျှ ကျယ်ပြန့်စွာတည်ရှိနေ၏။
“ လိပ်နက်တောင်လား။ ”
လူတိုင်း လိပ်နက်တောင်ဟူသော အမည်ကြောင့် နှလုံးသားများ တင်းကျပ်သွားပြီး သူတို့နားလည်သွားကြသည်။
လိပ်နက်တောင်သည် ရှေးခေတ်က လိပ်နက်တစ်ကောင်၏ ရုပ်ကြွင်းဖြစ်ကြောင်း ဒဏ္ဍာရီအရ သိရှိထား၏။
ထိုလိပ်နက်၏ ခန္ဓာကိုယ်သည် မိုင်ရှစ်ထောင်ရှည်လျားပြီး ခွာလေးချောင်းသည် တိုင်ကြီးများအလား ကြီးမားကာ ဦးခေါင်းသည် နတ်တောင်တစ်လုံးနှင့်တူ၏။
“ ဟမ့် ... ။ ”
ရုတ်တရက် လိပ်နက်တောင်သည် ယခင်အခြေအနေနှင့် လုံးဝကွာခြားနေကြောင်း စုရီမှသတိထားမိလိုက်သည်။ ယင်းသည် လှိုင်းပုတ်နေသော တောင်ခြေတွင် အက်ကွဲကြောင်းများ ပေါ်နေခြင်းပေပင်။
ထိုအက်ကွဲကြောင်းများမှ မကောင်းဆိုးဝါး ရောင်ဝါများ ထွက်ပေါ်နေပြီး ကောင်းကင်တခွင် မည်းနက်သွားစေသည်။
အဝေးမှကြည့်သော် ဤတောင်သည် အမှောင်များဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုနှင့် တူနေသည်။ မြင်သူတိုင်းကို ကျောရိုးများ အေးစက်လာစေ၏။
“ ဒါက ... ။ ”
လိပ်နက်တောင်၏ အပြင်ဘက် ဧရိယာအတွင်းသို့ ဝင်လိုက်သည်နှင့် လူတိုင်း ရုတ်တရက် အေးစက်သော ခံစားချက်များ ရရှိလာ၏။
တစ်ဆက်တည်းမှာပင် ကျင့်ကြံသူ အမျိုးသား၊ အမျိုးသမီးများအသွင် သေလွန် ဝိညာဉ်များ၊ ငှက်များနှင့် တစ္ဆေများ တဟုန်ထိုး ပျံထွက်လာသည်။
၎င်းတို့သည် တစ်ယောက်ချင်းစီ၏ ခွန်အားအရ ကွေ့ယီအဆင့် နယ်ပယ်ဘုရင်ကို အလွယ်တကူ သတ်ပစ်နိုင်၏။ စုရီတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။
“ သွား ... ။ ”
ယခင်က ဤတောင်ကြီးသည် ထိုသို့မဟုတ်ချေ။ တစ်ခုခုမှားယွင်းနေပုံရ၏။ အင်္ကျီလက်များ ဝဲပျံသွားပြီး ဓားစွမ်းအင်များ သည်းထန်စွာ ရွာသွန်းသွားသည်။
“ ဘောင်း ဘောင်း ဘောင်း ... ။ ”
ရာနှင့်ချီသော သေလွန်ဝိညာဉ်များ ချက်ချင်းပျက်ပြယ်ကုန်၏။ များမကြာခင်မှာပင် ရန်ပြုလာသော ထိုဝိညာဉ်နှင့် သားရဲအဖွဲ့သည် လုံးဝပျောက်ကွယ်သွားသည်။
ဤဝိညာဉ်များသည် ဉာဏ်ရည် လုံးဝကင်းမဲ့နေပြီး အသိစိတ်များသည် မှုန်ဝါးပြီး ရှုပ်ထွေးနေချေ၏။
၎င်းတို့တွင် မြင့်မားသော တိုက်ပွဲဝင် စွမ်းအားရှိနေသော်လည်း စုရီအတွက် အန္တရာယ် အနည်းငယ်မျှသာ ပေးစွမ်းနိုင်သည်။
စုရီတစ်ယောက် တောင်အတွင်းပိုင်းသို့ မျှော်ကြည့်ကာ မကောင်းသောနိမိတ်လက္ခဏာ တစ်ခု ခံစားလာရ၏။
သူသည် တံငါသည်ကို ထိုတောင်အတွင်းပိုင်း၌ နှိမ်နင်းထားခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်၏။
ယခုမူ ဤနေရာတွင် သိသာ ထင်ရှားသောပြောင်းလဲမှု ဖြစ်ပေါ်နေသည်။ ဤအရာက တံငါသည် လွတ်မြောက်သွားသည် လောဟု သံသယဝင်လာစေ၏။
သို့သော် ယင်းသည် ဖြစ်နိုင်ချေမရှိချေ။ တံငါသည်သည် မြေအောက်ကမ္ဘာရှိ ပြန်လည် ဝင်စားခြင်းရေကန်၌ ပေါ်လာဖူးသည်။
ဤနတ်ဆိုးပင်လယ်ရှိ ဆူပူအုံကြွမှုသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဖြစ်ပွားခဲ့ခြင်း ပေပင်။ တံငါသည်သာ လွတ်မြောက်သွားသော် မြေအောက်ကမ္ဘာသို့ ကိုယ်ပွားဖြင့် လာမည် မဟုတ်ချေ။ ကိုယ်တိုင်လာပေမည်။
ပြန်လည်ဝင်စားခြင်း ရေကန်ဘေးရှိ ကြယ်တစ်သောင်းသင်္ဘောတွင်လည်း သူ့ဓား စိုက်လျက်သား မြင်ခဲ့ရသည်။
ထိုအနက်ရောင်သင်္ဘောသည် တံငါသည်၏ကျင့်ကြံမှု သက်တမ်းတစ်ဝက်ကို သယ်ဆောင်ထား၏။ ယင်းကြောင့် ဓားသည် တံငါသည်ကို လှောင်အိမ်တစ်ခုလို ဖမ်းချုပ်ထားပေမည်။
ကြယ်တစ်သောင်းသင်္ဘောကို ဖိနှိပ်ထားနိုင်သရွေ့ တံငါသည်၏ခန္ဓာကြီးသည် လွတ်မြောက်နိုင်မည်မဟုတ်ချေ။ ထိုစဉ် အဝေးဆီမှ ထူးခြားသော ဓားမြည်သံ သူ့ရင်ထဲဝင်ရောက်လာ၏။
“ သေမျိုးနယ်ပယ် ... ။ ”
စုရီမျက်လုံးများ တောက်ပလာပြီး တံငါသည်သည် အမှန်တကယ်ပင် ဤနေရာ၌ ဖိနှိပ်ခံထားရဆဲဖြစ်ကြောင်း သေချာသွား၏။
သို့သော် ရုတ်တရက် မျက်မှောင်ကြုတ် လိုက်သည်။ ဤတစ်ကြိမ် ဓားအော်မြည်သံမှာ ကွဲလွဲနေ၏။ ရွှင်မြူးသံမဟုတ်ဘဲ သတိပေးသံ ဖြစ်နေချေပြီ။
“ တံငါသည်ကို ဖိနှိပ်ထားတဲ့နေရာမှာ အန္တရာယ်တစ်ခုခု ပုန်းအောင်းနေနိုင်မလား။ ”
စုရီမှ မျက်ခုံးပင့်သွားသည်။ ဤဓားသည် လောကသခင်အတွက် အဖိုးတန်ဆုံးဓားဖြစ်၏။ ဝိညာဉ်မရှိသော်မှ အသိဉာဏ်ရှိသည်။
ဤသို့ သတိပေးချက် ထုတ်ပြန်နေခဲ့ခြင်းသည် ပုန်းအောင်းနေသော အန္တရာယ်သည် ခြိမ်းခြောက်နိုင်ကြောင်း သေချာပေါက်ဆိုလို၏။
“ အဘိုးကြီး ကျွမ်း ... ၊ ဝေလေးနဲ့ တခြားသူတွေကိုကာကွယ်ပေးပြီး ငါ့အနားမှာ နေကြ။ ”
စုရီက ညွှန်ကြားလိုက်သည်။ လူတိုင်း မျက်နှာပြောင်းလဲသွားခဲ့၏။ စုရီတစ်ယောက် ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို ခံစားရကြောင်း နားလည်လိုက်သည်။
ခဏအကြာတွင် မကောင်းဆိုးဝါး မြူများဖုံးလွှမ်းနေသော တောင်ထွတ်ကြီးတစ်ခု မြင်ကွင်းထဲပေါ်လာ၏။
တောင်ထွတ်အောက်ခြေတွင် သင်္ချိုင်းဂူတစ်ခုရှိနေသည်။ သင်္ချိုင်းကြီးရှေ့တွင် ကျန်းတျန်းယွင်သင်္ချိုင်းဂူဟု ရေးထိုးထား၏။
လောကသခင်မှ တံငါသည်အတွက် ထားခဲ့သောသင်္ချိုင်းပေပင်။ မနီးမဝေး မြေပြင်၌ ငါးပုံသဏ္ဌာန်ရှိသော အနက်ရောင် ရတနာ သင်္ဘောတစ်စင်းရှိနေ၏။
ထိုသင်္ဘောသည် အစွန်းနှစ်ဖက် ကျဉ်းမြောင်းပြီး ဝမ်းဗိုက်ကျယ်ကာ အမိုးဖုံးပါ ရှိလေသည်။ ဦးခေါင်းသည် ထူးခြားသော ပုံသဏ္ဌာန်ရှိကာ ဓားတစ်လက် ထိုးစိုက်နေ၏။ ဓားသွားသည် ရှည်လျားပြီး ကျဉ်းမြောင်းကာ အနက်ရောင်ကိုယ်ထည်ပေပင်။
လက်ကိုင်နှင့် ဓားသွားကို ကန့်လန့်ဖြတ်အရိုးတစ်ခုဖြင့် ပိုင်းခြားထားကာ လက်ဝါးကပ်တိုင်ပုံစံပေပင်။
ထိုကန့်လန့်ဖြတ် လက်ဝါးကပ်တိုင် ပုံသဏ္ဌာန်သည် ကမ္ဘာတုန်လှုပ်စေနိုင်သော ရောင်ဝါလွှမ်းခြုံထား၏။
လက်ကိုင်၏ အဆုံးတွင် လက်ကိုင်သံကွင်းတစ်ခုရှိနေပြီး ယင်းသည် ဝင်စားခြင်းစက်ဝန်းပုံစံပေပင်။
ငရဲဘုရင်က ဓားကိုမြင်ချိန်၌ မှတ်မိသွားတော့၏။ ဝင်စားခြင်း ရေကန်ဘေး၌ ဤအနက်ရောင်ရတနာသင်္ဘောနှင့် ထိုဓားကို မြင်တွေ့ခဲ့ဖူးသည်။
ထိုစဉ်က တံငါသည် သူ့ဘဝ၏ ကျင့်ကြံမှုတစ်ဝက်ကို ဤဓားမှဖျက်ဆီးကြောင်း ပြောကြားဖူး၏။
တစ်ဖက်တွင် စုရီသည် ထိုဓားကို မြင်ရသောအခါတွင် သူ့ရင်ထဲ၌ထူးဆန်းသည့် အထီးကျန်မှုများ ခံစားလာရသည်။
“ လောကသခင် နောက်ဆုံးတော့ မင်းရောက်လာပြီ မင်းရဲ့ဖိနှိပ်မှုကို ငါဒီနေရာမှာ အချိန်အကြာကြီး စောင့်နေခဲ့ရတာ ... ။ ”
ရုတ်တရက် နူးညံ့ပြီး နွေဦးရာသီလို ညင်သာသောအသံ ထွက်ပေါ်လာလေသည်။
***
အခန်း ၁၀၀၀ -
ရန်သူ၏ ကြီးစိုးမှု။
အသံနှင့်အတူ သင်္ချိုင်းဂူသည် အက်ကွဲကြောင်းတစ်ခုပွင့်လာပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။
ယင်းသည် ဝါးဦးထုပ်၊ အထည်ဝတ်ရုံနှင့် ကောက်ရိုးဖိနပ်များကို ဝတ်ဆင်ထားခဲ့သော အမျိုးသားတစ်ဦးဖြစ်၏။
မျက်နှာတစ်ဝက်ကို ဦးထုပ်ကျယ်ကြီးအောက်၌ ဝှက်ထားခဲ့သည်။ အသက်လေးဆယ်အရွယ် မျက်နှာသွယ်လျကာ မုတ်ဆိတ်နှင့် မျက်ခုံးမွှေးများဖြူနေ၏။
သူ့မျက်လုံးများသည် ကလေးတစ်ယောက် ကဲ့သို့ ကြည်လင်တောက်ပနေသော်လည်း ၎င်းမှ ရွေ့လျားသောအခါ ဖိအားကိုပေးစွမ်းသည်။
ဤသည်မှာ တံငါသည်ဖြစ်သည်။ ကြယ်မြစ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး အရှေ့ဘက် ကြယ်လွင်ပြင်၌ အစွမ်းထက်ဆုံးသော ပုဂ္ဂိုလ်များအနက်မှ တစ်ဦးပေပင်။
သူပေါ်လာသည်ကို မြင်သောအခါ ဝေရှန်နှင့်ကျွမ်ပေ့ဖန်တို့နှစ်ဦးစလုံး အနည်းငယ် ထိတ်လန့်ကုန်ကြ၏။
“ မင်းမှာ ... ထွက်ပြေးနိုင်စွမ်း ရှိနေရဲ့နဲ့ဘာလို့ဒီမှာ ဆက်ပြီးနေနေရတာလဲ။ ”
တံငါသည်သည် နှိမ်နင်းခဲ့သောစွမ်းအားမှ လွန်ခဲ့သောနှစ်များသွာမှ လွတ်မြောက်သွားမှန်း စုရီချက်ချင်း သဘောပေါက်သည်။
“ ဟားဟားဟား ... ငါမင်းကို လက်စားမချေရသေးဘဲနဲ့ ဒီကနေဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ။ ”
တံငါသည်က ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။
“ လွန်ခဲ့တဲ့နှစ်က ဝင်စားခြင်း ရေကန်ဘေးနားမှာ ငါတို့တွေ့တုန်းက မင်းရဲ့ ကျင့်ကြံမှုက ဧကရာဇ်ပါ ...
... အခုတော့ မင်း ... ကွေ့ယီအဆင့်ကို ရောက်နေပြီ တကယ်ပဲ ဒီဝင်စားခြင်းဥပဒေက လောကမှာ တားမြစ်ဥပဒေအဖြစ် ခေါင်းစဉ် တပ်ဖို့ ထိုက်တန်ပါပေတယ်။ ”
“ မင်းကအတော်လေး ယုံကြည်မှု ရှိနေပုံရတယ်။ ”
စုရီက တွေးဆလျက်ပြောသည်။ ကြယ်လွင်ပြင်ရှိ ဘီလူးအိုကြီးများကြားတွင် တစ်ဖက်လူသည် ဆုံးဖြတ်ချက်ပြတ်သားသော သဘာဝကြောင့် လူသိများ၏။
ကောင်းကင်ကိုးပါးနန်းတော်၏ ရန်ထောင်လင်း၊ ထိုက်ရီဂိုဏ်းမှ တျန်ကျောက် စသည့် ပုဂ္ဂိုလ်များထက် သာလွန်သည်။
“ ဟားဟားဟား ... ။ ”
တံငါသည်က ရယ်မောလျက်၊
“ ငါ ယုံကြည်မှုမရှိရင် မင်းကိုဘာလို့ ဒီမှာစောင့်နေဦးမလဲ။ ”
-ဟု တုန့်ပြန်၏။ ထို့နောက် သူ့ခြေထောက်နားရှိသင်္ချိုင်းထံ လက်ညှိုးထိုးပြီး၊
“ အဲဒီတုန်းက မင်းက ငါ့ကိုဒီမှာ ... ဖိနှိပ်ထားခဲ့ပြီး ဒီနေ့ငါမင်းအတွက် ဒီနေရာကို ပြန်ပေးမယ်။ ”
-ဟု ဖြည့်စွက်ပြောကြားလာ၏။
“ ဒါဆို ဘာလို့စမ်းမကြည့်တာလဲ။ ”
စုရီမှ ဂရုမစိုက်ချေ။
“ အလျင်မလိုပါနဲ့ မင်းအတွက် စီနီယာအချို့နဲ့ ... အရင်မိတ်ဆက်ပေးပါရစေ သူတို့က မင်းနဲ့စကားပြောချင်နေကြတယ်။ ”
ထို့နောက် ကျန်းတျန်းယွင် မျက်နှာအမူအရာသည် တည်ကြည်သွားခဲ့ပြီး တောင်ထိပ်ပေါ်သို့ အနည်းငယ်ဦးညွှတ်ကာ၊
“ စီနီယာတို့ ကျေးဇူးပြုပြီး ဆင်းလာပေးကြပါ။ ”
-ဟု ဖိတ်ခေါ်လိုက်တော့သည်။
စုရီက မျက်မှောင်ကြုတ်သွား၏။ ကျွမ်းပေ့ဖန်နှင့် အခြားသူများသည် တစ်ခုခု မှားယွင်းနေကြောင်း နားလည်လိုက်သည်။
ဤသည်မှာ ပြင်ဆင်ထားသော ထောင်ချောက်တစ်ခုဖြစ်ပုံပေပင်။ ရုတ်တရက် ကောင်းကင်ပေါ် အလင်းများ ထိုးထက်လာပြီး လေထုအလယ် ပုံရိပ်သုံးခု ပေါ်လာ၏။
သူတို့အားလုံးသည် အင်မော်တယ်များ ကဲ့သို့ပင် ခန္ဓာကိုယ်များ၌ နတ်ဘုရားဆန်သော အရှိန်အဝါများ ဖုံးလွှမ်းနေသည်။ ဉာဏ်ရည် ထက်မြက်သော သေလွန်ဝိညာဉ်များဖြစ်၏။ စုရီတစ်ယောက် မျက်လုံးများ မှေးစင်းသွားကာ၊
“ မင်းက ယုံကြည်မှုရှိနေတာ အံ့သြစရာမရှိပါဘူး ... နောက်ခံရထားတာကိုး။ ”
-ဟု ပြောကြားလိုက်သည်။ တံငါသည်က စုရီစကားရှိ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ပြုံးရယ်ပြပြီး၊
“ ဒီအကြီးအကဲ သုံးယောက်ရဲ့ သွန်သင်ချက်တွေနဲ့ လမ်းညွှန်မှုတွေကို ဒီနှစ်ထဲ တစ်ကြိမ်ထက်မက ရရှိခဲ့တယ် ငါ့အတွက်တော့ သူတို့က ဆရာဆိုလည်း ဟုတ်တယ် မိတ်ဆွေလည်း ဟုတ်တယ်။ ”
-ဟု ပြန်ဖြေသည်။ သူ စကားပြောနေစဉ် မျက်ဝန်းများက လေးနက်လာပြီး၊
“ ဒါကို လူတွေ ပြောဆိုနေကြတဲ့ ကောင်းချီးလို့ခေါ်နိုင်ပါတယ်။ ”
-ဟု ဖြည့်စွက်လိုက်၏။
“ ဒါဆို မင်းငါ့ကို ကောင်းကောင်း ကျေးဇူးတင်သင့်တယ် မင်းကိုဒီမှာဖိနှိပ်တာမျိုး မလုပ်ခဲ့ရင် ဒီကောင်းချီးကိုရနိုင်မှာမဟုတ်ဘူး။ ”
ထိုစဉ် အဝါရောင်ဝတ်ရုံကို ဆင်မြန်းထားသော မြစိမ်းရောင်မျက်လုံးများ တောက်ပနေသော သေလွန်ဝိညာဉ်က တောင်အောက် ဆင်းသက်လာ၏။
“ မင်းလည်း ဒီလိုကောင်းချီးမျိုးကိုလိုချင်ရင် ယူနိုင်တဲ့ အခွင့်အရေးရှိပါသေးတယ် ငါတို့မင်းနဲ့ စကားနည်းနည်းပြောမယ်။ ”
မျက်နှာပြင်သည် ထူးဆန်းစွာဖြင့် မျက်ဝန်းမှတပါးဗလာဖြစ်နေပြီး ဦးခေါင်းသည် ပြောင်ရှင်းနေ၏။ ထိုဦးခေါင်းပြောင်ပေါ်တွင် သွေးနီရောင်ကြာပန်းပုံစံ တံဆိပ်တစ်ခု ခတ်နှိပ်ထားသည်၏။
“ သူက ရှေးဟောင်းကျင့်ကြံမှု အင်အားစုတစ်ခုဖြစ်တဲ့ သစ်ခွဘုံကျောင်းက စီနီယာလင်ဟဲပဲ ... သူဟာ တစ်ချိန်က ...
... လေနဲ့မိုးကို အမိန့်ပေးနိုင်ပြီး အစွမ်းထက်တယ် အဲဒီတုန်းကသူ့ရဲ့ကျင့်ကြံမှု ကောင်းကင်ဘုံနယ်ပယ်ပဲ။ ”
ကျန်းတျန်းယွင်မှ မိတ်ဆက်ပေးသည်။
“ ငါ စိတ်မဝင်စားဘူး။ ”
သို့သော် စုရီက ပေါ့ပေါ့ပါးပါးပြန်ဖြေ၏။
“ မိတ်ဆွေလေး ... ငါတို့အပေါ် မကောင်းတဲ့အမြင်မျိုး မင်းမှာရှိနေပုံရတယ် ဟုတ်တယ်မလား ... ဒါပေမယ့် စိတ်မပူပါနဲ့ ငါတို့စကားပြောပြီးရင် မင်းစိတ်ပြောင်းသွား လိမ့်မယ်လို့ယုံကြည်တယ်။ ”
ကြေးဝါလှံတိုတစ်စင်း ကိုင်ဆောင်ထားခဲ့သော အရပ်ရှည်ရှည်နှင့် လူက ခေါင်းပြောင်အမျိုးသားဘေးသို့ ဆင်းသက်လာကာ ပြောကြားလိုက်၏။
“ သူက စီနီယာဟွာကျင်း ... သစ်ခွဘုံကျောင်းကပါပဲ။ ”
တံငါသည်က ထပ်ပြီး မိတ်ဆက်ပေးသည်။ စုရီမှ မိတ်ဆက်ပေးမှုအပေါ် လျစ်လျူရှုလျက်၊
“ မင်းတို့ ဘာပြောချင်တာလဲ။ ”
-ဟု မေးမြန်းလိုက်၏။ ဟွာကျင်းက၊
“ ငါတို့က ဝင်စားခြင်းဥပဒေကို နားလည်ချင်တယ် မင်းရဲ့အကူအညီနည်းနည်း လိုနေတယ်။”
-ဟု တိုက်ရိုက်ဖြေ၏။ စုရီက မျက်ခုံးပင့်လိုက်သည်။
“ ငါ မဆန္ဒရှိရင် ဘယ်လိုလုပ်မလဲ။ ”
ထိုမေးခွန်းကြောင့် ဟွာကျင်းသည် ခဏမျှတိတ်ဆိတ်သွားပြီး၊
“ အဲဒီလိုဆိုရင်တော့ ငါတို့ကိုယ်တိုင်ပဲ ထုတ်ယူရတော့မှာပေါ့။ ”
-ဟု ပြန်ဖြေ၏။
“ ဟားဟားဟား ဒါက မင်းရဲ့ အရည်အချင်းအပေါ်မှာ မူတည်ပါတယ်။ ”
စုရီက ရယ်မောလျက် တုန့်ပြန်သည်။ အဆုံး၌အနက်ရောင်ဝတ်ရုံဖြင့် နောက်ဆုံးသော ပုံရိပ်ရှင် မြေပြင်ပေါ် ဆင်းသက်လာ၏။
“ စကားလုံးတွေက မကြာခဏဆိုသလို အဓိပ္ပါယ်မဲ့တတ်ကြတာ သဘာဝပါပဲ။ ”
ဤသည်မှာ အမျိုးသမီး တစ်ယောက်ဖြစ်သည်။ သူမ၏သွယ်လျသော ခါးတွင် မီးကြာပွတ်ချိတ်ထားပြီး အေးစက်စက် စိတ်နေစိတ်ထားမျိုး ပြသနေ၏။
မျက်လုံးများသည် ဓားများနှင့်တူသည်။ ရောက်ရှိလာသည်နှင့်တပြိုက်နက် လေထုထဲ၌ သတ်ဖြတ်ခြင်းဆန္ဒများ ပြည့်နှက်သွား၏။
“ စီနီယာလျိုယင်ပါ ... ။ ”
တံငါသည်က ထပ်မံမိတ်ဆက်ပေးသည်။ ဟွာကျင်းနှင့်လင်းဟဲသို့ပင် ဤအမျိုးသမီးသည် ဓမ္မအဆုံးခေတ်မှ ကြွင်းကျန်ရစ်ခဲ့သော သေလွန်ဝိညာဉ်တစ်ကောင်ဖြစ်၏။
“ တာအိုကွမ်ကျိုး ... မင်းသေမှာ မကြောက်ဘူးဆိုတာ ငါသိပါတယ် ဒါပေမယ့် မင်းရဲ့သူငယ်ချင်းတွေကိုတော့ ...
... စိတ်ပူသင့်တယ် မဟုတ်လား ... ဒီနေ့မင်းဘာလို့ငါတို့နဲ့ပူးပေါင်းပြီး လူတိုင်းကို ပျော်ရွှင်အောင် လုပ်မပေးနိုင်ရတာလဲ။ ”
တံငါသည်က သက်ပြင်းချကာ ပြောကြားလိုက်လေသည်။ စုရီမှ တံငါသည်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့၏။
“ မင်းကိုသတ်ပေးရင် ဝင်စားခြင်း ဥပဒေကိုငါပေးမယ်လို့ ကမ်းလှမ်းရင် မင်းရဲ့ မိတ်တွေတွေ ဘာဆက်လုပ်မယ်ထင်လဲ။ ”
“ မင်း ... ။ ”
စုရီစကားကြောင့် တံငါသည်၏ မျက်နှာသည်ရှုံတွတွန့်လိမ်သွားပြီး ချက်ချင်း တိတ်ဆိတ်သွား၏။
“ ဟမ့် ... မင်းကိုသတ်လိုက်ရင် ငါတို့လိုချင်တဲ့ ဝင်စားခြင်းအဓိပ္ပာယ်ကိုရမှာပဲ ဘာလို့ဒီလောက် ရှက်စရာကောင်းတဲ့အရာကို စီနီယာတွေလုပ်မယ်လို့ မင်းတွေးနေတာလဲ။ ”
သေလွန်ဝိညာဉ်နှစ်ပါးက ခေါင်းရမ်း တုန့်ပြန်လာလေသည်။ သို့မှသာ တံငါသည်၏ မျက်နှာသည် ချက်ချင်းနူးညံ့သွား၏။ စုရီက ပြုံးသည်။
“ သေချာလား ... ဒါဆို ငါတကယ် ကြိုးစားကြည့်ချင်တယ် မင်းတို့သုံးယောက်ထဲ တစ်ယောက်ယောက် တံငါသည်ရဲ့ဦးခေါင်းကို ယူနိုင်ရင် ဝင်စားခြင်းဥပဒေပေးမယ်။ ”
ထိုစကားကို ကြားသောအခါ လင်းဟဲ၊ ဟွာကျင်းနှင့်လျိုယင်တို့သည် တွန့်ဆုတ်ကုန်ပြီး အကြည့်ချင်းဖလှယ်လိုက်ကြတော့၏။
ဤမျှသိမ်မွေ့သော အပြောင်းအလဲသည် တံငါသည်နှလုံးသားကို တဒိတ်ဒိတ်ခုန်သွားစေ ချေပြီ။ ချက်ချင်း သူ့မျက်နှာပြင်၌ မည်းမှောင် အကျည်းတန်သွားပြီး စိုးရိမ်စိတ်ဖြင့် အော်ဟစ်လိုက်၏။
“ ကွမ်ကျိုး ... မင်းဘယ်တုန်းက ဒီလောက်ရွံရှာဖွယ်ကောင်းအောင် ဖြစ်သွား ရတာလဲ။ ”
“ ဟားဟားဟား ... ကျန်းတျန်းယွင်မကြောက်ပါနဲ့ ငါကမင်းကို စနောက်နေတာပါ။ ”
“ ဟမ့် ... ကောင်လေး မင်းငါတို့ကို ကစားနေတာလား။ ”
စုရီ၏ လှောင်ပြောင်လိုသော အသွင်အပြင်ကြောင့် လျိုယင်မျက်ဝန်းများမှ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပေါက်ကြားလာတော့၏။
ထိုတုန့်ပြန်မှုသည် စုရီအပေါ် အံ့အားသင့်သွားစေသည်။ သူက မျက်ခုံးပင့်ပြီး ဤအမျိုးသမီးထံ မော့ကြည့်ကာ၊
“ ဟမ့် ... ဒါဆို မင်းကသူ့ခေါင်းကို တကယ်ဖြတ်ဖို့ ရည်ရွယ်နေတာမဟုတ်ဘူး မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်တော့၏။
“ ဒီကောင် ... ။ ”
တံငါသည်နှင့် သေလွန်ဝိညာဉ်သုံးပါးခမျာ ပြင်းထန်သောသတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ဝုန်းခနဲထွက်ပေါ်လာချေပြီ။ အဆုံး၌ အမျိုးသမီးသည် သည်းမခံနိုင်တော့ဘဲ စုရီကို ဖမ်းဆွဲလိုက်တော့၏။
“ ရပ်စမ်း ... ငါလီပေ့ရှန် ဒီလူကို ကာကွယ်ပေးမယ်။ ”
ထိုစဉ် အဝေးတစ်နေရာမှ ပန်းသရဖူဆောင်းထားသော အမျိုးသားတစ်ဦး ပျံသန်းလာခဲ့သည်။
ထိုသူကိုမြင်ချိန်တွင် လင်ဟဲ၊ ဟွာကျင်းနှင့် လျိုယင်တို့သည် မျက်မှောင်ကြုတ်လိုက်သည်။ စုရီသည်ပင် အံ့သြသွား၏။ သေလွန်ဝိညာဉ် တစ်ကောင်သည် သူ့ကိုကာကွယ်ရန် မည်သည့်အချိန်၌ ဆန္ဒရှိသွားသနည်း။
“ လီပေ့ရှန် ... ၊ ဒီလိပ်နက်တောင်က မင်းကစားဖို့အတွက် နေရာမဟုတ်ဘူး။ ”
“ မှန်တယ် ဒီမှာ တစ်ယောက်ယောက် အတွက် မင်းကရပ်တည်ပေးချင်လား မင်းမှာ ဝေစုယူချင်နေတယ်လို့ မပြောနဲ့။ ”
“ မင်းဝင်စွက်ဖက်ဝံ့ရင် သေချာပေါက် မင်းသေရလိမ့်မယ်။ ”
သေလွန်ဝိညာဉ်သုံးပါးက ရန်လိုစွာဖြင့် ချက်ချင်းတုန့်ပြန်၏။ သူတို့သည် လီပေ့ရှန်ကို လုံးဝရွံ့မုန်းနေကြောင်း မြင်သာသည်။ လီပေ့ရှန်က စုရီအနားဆင်းသက်ကာ၊
“ စိတ်မပူပါနဲ့ ... ငါ့မှာကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု မင်းနဲ့တည်ဆောက်ဖို့ကို စီနီယာတစ်ယောက် အမိန့်နဲ့လာတာပါ။ ”
-ဟု ရှင်းပြလိုက်သည်။
စုရီက မျက်ခုံးပင့်လိုက်သည်။ အရာအားလုံးသည် စိတ်ဝင်စားစရာပေပင်။ ဉာဏ်ရည်ထက်မြက်သော သေလွန်ဝိညာဉ် သုံးပါးက မျက်ခုံးပင့်လျက်၊
“ လီပေ့ရှန် ... မင်းသူ့ကို ဒီနေ့ခေါ်သွားနိုင်မယ်လို့ ထင်နေတာလား မင်းမှာတကယ်ပဲ ထိုက်တန်ရဲ့လား။ ”
“ ငါက စစ်မှန်တဲ့လူသားဟုန်ယွမ်ရဲ့ အမိန့်အရ ... ဒီမှာရှိနေတာပါ ... မင်းတို့ငါ့ကို မထိုက်တန်ဘူးလို့ တကယ်ထင်လား။ ”
“ စစ်မှန်တဲ့လူသားဟုန်ယွမ်လား ... ။ ”
ထိုအမည်ကြောင့် သေလွန်ဝိညာဉ် သုံးပါးသည် အချင်းချင်းပြန်လှည့်ကြည့်ကာ အံ့အားသင့်ကုန်သည်။
တံငါသည်သည်လည်း ချွင်ချက်မရှိချေ။ ဤနှစ်များတွင် သေလွန်ဝိညာဉ်များနှင့် သိကျွမ်း ခဲ့ပြီးနောက် စစ်မှန်သောလူသားဟုန်ယွမ်၏ အမည်ကိုကြားဖူးချေပြီ။
သေလွန်ဝိညာဉ်များအနက် ဤဝိညာဉ်သည်ကြောက်စရာ အကောင်းဆုံး သတ္တဝါသုံးပါးအနက် တစ်ပါးပေပင်။
ထိုသူနှင့်နှိုင်းယှဉ်ပါက သူ့မိတ်ဆွေ စီနီယာသုံးယောက်သည် ပုရွက်ဆိတ်များသာ ဖြစ်သည်။ ဉာဏ်ရည်ထက်မြက်သော သေလွန် ဝိညာဉ်အဖြစ် ခေါ်ဆိုရန်ပင် မထိုက်ချေ။
“ စကားလုံးတွေက အဓိပ္ပာယ်မရှိဘူး ... တခြားတစ်ယောက်ယောက်ရဲ့ နာမည်ကိုသုံးပြီး မင်းခြိမ်းခြောက်နေတာလားဆိုတာ ဘယ်သူသိနိုင်မလဲ။ ”
သို့သော် ဟွာကျင်းသည် အနည်းငယ် တည်ငြိမ်သွားကာ ပြန်လည်မေးမြန်းလေသည်။
“ ဟားဟားဟား ... မိန်းကလေးဟုန်ယွမ်ရဲ့ နာမည်အောက်မှာ ဘယ်သူများ ... ဒီလိုလိမ်ညာ လှုပ်ရှားဝံ့မှာလဲ။ ”
ဤတစ်ကြိမ်၌ ဟွာကျင်း၏ မျက်နှာအမူအရာသည် မသေချာမရေရာ ဖြစ်လာတော့၏။ အမှန်စင်စစ် သည်ပင်လယ်၌ မည်သူမျှ မိန်းကလေးဟုန်ယွမ်၏ သံတမန် အဖြစ် ဟန်ဆောင်ဝံ့ခြင်းမရှိသည်မှာ သဘာဝပေပင်။
“ ပုံမှန်အခြေအနေမှာဆိုရင် ငါတို့က မိန်းကလေးဟုန်ယွမ်ကို မျက်နှာသာပေးတယ် ဒါပေမယ့် ဒီနေ့တော့ မဟုတ်ဘူး ...
... ငါတို့အားလုံးက ဗုဒ္ဓသွေးမီးအိမ်အတွက် အလုပ်လုပ်နေကြတာ ... သူမ ဒီလူကိုလိုချင်ရင် ဗုဒ္ဓသွေးမီးအိမ်ဆီ တိုက်ရိုက်သွားနိုင်တယ်။ ”
လင်ဟဲမှ တည်ငြိမ်စွာဖြင့် ဝင့်ကြွားစွာ ပြောကြားလိုက်သည်။ လီပေ့ရှန်တစ်ယောက် မျက်မှောင်ကြုတ်သွားတော့၏။ ထိုခဏအတွင်း လေထုသည် ချက်ချင်းလေးလံလာချေပြီ။
ဤမြင်ကွင်းများသည် ဝေရှန်းနှင့် အခြားသူများ၏ နှလုံးသားကို ခုန်ပေါက်သွား စေခဲ့သည်။ ဤပင်လယ်တွင် အစွမ်းထက်သော အခြားသူများရှိနေပုံရ၏။ စုရီမှ စိတ်မရှည် ဖြစ်လာပြီး လီပေ့ရှန်ကိုလှည့်ကြည့်ကာ၊
“ မင်းရဲ့ရည်ရွယ်ချက် ဘာပဲဖြစ်ဖြစ် အခုချိန်ကစပြီးတော့ နောက်ထပ်ငါ့ကိစ္စတွေမှာ ဝင်မစွက်ဖက်ပါနဲ့ ... မဟုတ်ရင် ငါမင်းကို အရင်ရိုက်မိလိမ့်မယ်။ ”
-ဟု သတိပေးလိုက်တော့သည်။
လီပေ့ရှန်းခမျာ အံ့အားသင့်သွား၏။ တစ်ဖက်လူအနေဖြင့် သူသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာသည်ဟု သံသယဝင် နေပုံရသည်။
ထို့ကြောင့် ရှင်းပြရန်ပြင်စဉ် စုရီသည်သူ့ကိုလျစ်လျူရှုကာ သေလွန်ဝိညာဉ် သုံးကောင်ထံ လှည့်သွားပြီး၊
“ ပြီးတော့ ... မင်းတို့သုံးယောက် ငါနဲ့မတိုက်ဝံ့ရင် အခုချက်ချင်း ငါရှေ့ကနေ ထွက်သွားတော့ ... ။ ”
-ဟု မောင်းထုတ်လိုက်တော့၏။
သေလွန်ဝိညာဉ်သုံးပါးနှင့် လီပေ့ရှန်ခမျာ မျက်လုံးများပြူးသွားလေသည်။ တံငါသည်က သက်ပြင်းချလိုက်၏။
ဤသည်မှာ နှစ်ပေါင်းများစွာတိုင် သူသိနေခဲ့သော ထိုရန်သူ၏ကြီးစိုးမှုပေပင်။ အရှေ့ဘက်ကြယ်လွင်ပြင်ကို နှစ်ပေါင်းများစွာ လွှမ်မိုးထားခဲ့သည်။
နှစ်ရာဂဏန်းမျှ ကွယ်ပျောက်ပြီးနောက် ယနေ့ပြန်ရောက်လာချိန်တွင် ယခင်အတိုင်းပင် အမြင်ကပ်စရာကောင်းအောင် ရှိနေဆဲဖြစ်၏။
***