အခန်း (၁၀၀၁-၁၀၀၂)
Vol. 84 Ch. 1001-1002
အခန်း ၁၀၀၁ -
ခန္ဓာကိုယ်လုယူရန် ကြံစည်ခြင်း။
စုရီသည် ထိုလူများ၏ အံ့အားသင့်မှုကို လျစ်လျူရှုလိုက်၏။ လက်မြှောက်ကာ အဝေးရှိ ကြယ်သင်္ဘောသို့ လက်ယပ်ခေါ်လိုက်သည်။
“ ဘရူး ... ။ ”
ကြယ်သင်္ဘောကို ဖိနှိပ်ထားသော သေမျိုးနယ်ပယ်ဓားသည် ပြင်းစွာတုန်ခါသွားပြီး ထွက်ခွာလာခြင်းမရှိချေ။
ဥပဒေစည်းမျဉ်းတစ်ခုသည် သေမျိုးနယ်ပယ်ဓားကို ချည်နှောင်လျက်ဖြင့် ခိုင်မြဲစွာဆွဲငင်ထားချေပြီ။
“ ဟမ့် ... ။ ”
စုရီက မျက်မှောင်ကြုတ်လိုက်၏။ ဤအချိန်တွင် တံငါသည်သည် တွန့်ဆုတ်ခြင်း မရှိဘဲ သူ့ကိုတိုက်ခိုက်လာတော့သည်။
လေထဲသို့ ခြေလှမ်း လှမ်းတက်လာပြီး ဝတ်ရုံစများလှုပ်ခါလျက် လက်ဖဝါးမြှောက်ကာ ဓားကဲ့သို့ ခုတ်ချလိုက်၏။
“ ဝှစ် ... ။ ”
ကောင်းကင်နှင့် မြေကြီးသည် ဖိနှိပ်ခံထားရပြီးနောက် လေဟာနယ်တုန်ခါကာ အတိုင်းအဆမရှိ လွှမ်းမိုးလိုသော ရောင်ဝါများ ပွင့်ထွက်လာလေသည်။
စုရီတစ်ယောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူ့လက်ဖဝါးကို လှန်ကာ လေထဲသို့ ဝှေ့ယမ်းပစ်လိုက်သည်။
တာအိုဥပဒေ၏ တောက်ပသော အလင်းရောင်တစ်ခုပေါ်လာပြီး အပြာရောင် အထည်စတစ်ခုကဲ့သို့ အလျားလိုက် ရွေ့လျားသွားလေသည်။
“ ဘန်း ... ။ ”
တိုးညှင်းသော ပေါက်ကွဲသံနှင့်အတူ တံငါသည်၏ဓားချက်သည် အလင်းမိုးအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ကြီး တုန်ရင်ကာ နောက်သို့ ယိုင်ထိုးသွား၏။
“ ဒါကို ယူလိုက် ... ။ ”
ဟွာကျင်းမှ ဒေါသထွက်လာပြီး သူ့ကျောပြင်မှလှံကိုဆွဲထုတ်ကာ မိုးကြိုးအလား အဟုန်ပြင်းပြင်းဖြင့် ထိုးသွင်းလိုက်သည်။
“ ဘန်း ... ။ ”
သို့သော် လှံသည် ဓားအလင်းဖြင့် ထိမှန်သောအခါ အလင်းများဖြာထွက်လျက် အချည်းနှီး ကြေမွသွားသည်။
သူ့ခန္ဓာကိုယ်သည် ရုတ်ချည်း မြင့်တက်လာပြီး ဆံပင်နှင့် မုတ်ဆိတ်မွှေးများမှာ လွင့်မျောသွား၏။
လှံတစ်ချက်ထိုးလိုက်တိုင်း တုံ့ယွီနယ်ပယ်ဘုရင်ကို အလွယ်တကူသတ်ပစ် နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။
“ သွား ... ။ ”
တစ်ချိန်တည်းမှာပင် လျိုယင်သည် သူမ၏မီးကြာပွတ်ကိုဆွဲကာ ဟွာကျင်းနှင့်အတူ ရိုက်ထုတ်တိုက်ခိုက်လိုက်တော့၏။
“ ရွှန်း ... ။ ”
မီးကြာပွတ်သည် နတ်သံကြိုးအလား ပြေးထွက်လာပြီး တောင်နှင့်မြစ်များကို ကွဲကြေ သွားစေသည်။
“ ဝှစ် ... ။ ”
စုရီက ရွှမ်ဟွမ်ရွှေနွယ်ကို ဓားအဖြစ် ပြောင်းလဲကာ ဝင်စားခြင်းဥပဒေများနှင့်အတူ ပြန်လည်တိုက်ခိုက်လိုက်သည်။ ကောင်းကင် တစ်ခွင် ဝင်စားခြင်းစွမ်းအားများ ပျံ့နှံ့သွား၏။
“ ဝုန်း ... ။ ”
ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားပြီး ဝင်စားခြင်းဥပဒေမျောပါသွားသည်။ ဓားအလင်း ဖြတ်သန်းရာလမ်းတလျှောက် မြည်သံများ ထွက်ပေါ်လာပြီး ဟွာကျင်း၏လှံကို ဦးစွာ လမ်းကြောင်းလွဲသွားစေ၏။
ထို့နောက် မီးလျှံကြာပွတ်အပေါ် ဝင်စားခြင်းဥပဒေဖြင့် ပိတ်ဆို့ပစ်လိုက်သဖြင့် စွမ်းအားများ လျော့နည်းပျက်ပြယ်သွားသည်။
ဤသို့မြေကြီးတုန်ခါစေသော တိုက်မိမှုကြီးသည် ဟွာကျင်းနှင့်လျိုယင်တို့ကို နောက်ပြန်ဆုတ်သွားစေ၏။
ထိုစဉ်ထူးဆန်းသော သွေးနီရောင် ကြာပန်းတစ်ပွင့်ကောင်းကင်မှ ဆင်းသက်လာ သဖြင့် စုရီက ဆက်မလိုက်နိုင်တော့ချေ။
ထိုကြာပန်းသည် ဆယ်ပေအရွယ်ရှိပြီး ပွင့်ချပ်(၁၈)ချပ်နှင့် သွေးစွန်းနေသောဝိညာဉ် ပါရှိနေ၏။
ကြယ်သွေးရောင် ဒိုမိန်းတစ်ခုကို သယ်ဆောင်လျက် ကျမ်းစာရွတ်ဆိုသံများပင် ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖြန့်ကျက်ထားလေသည်။
“ ဝုန်း ... ။ ”
စုရီက ဓားကိုမြှောက်ကာ ချက်ချင်း ခုတ်ပိုင်းချလိုက်၏။ ဆယ်ပေရှိသော ကြာပန်း ခမျာ ပေါက်ကွဲသွားပြီး အလင်းမိုးအဖြစ် ပြောင်းလဲသွားတော့သည်။
အထက်ပါ လုပ်ဆောင်ချက်တိုင်းသည် အသက်တရှိုက်စာအတွင်း ဖြစ်ပျက်ခြင်းပေပင်။ သေလွန်ဝိညာဉ်သုံးပါး၏ ပေါင်းစပ်တိုက်ခိုက်မှု များသည် လုံးဝပြိုကွဲသွားတော့၏။
ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားသည် လူတိုင်းအပေါ် ချက်ချင်း အံ့အားသင့်စေသည်။
“ ဝင်စားခြင်းရဲ့စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ ”
အဝေးတစ်နေရာမှ လီပေ့ရှန်က အံ့အားသင့်သွားခဲ့သည်။ ဤမတိုင်မီ စုရီသည် မာနထောင်လွှားသော သဘောထားကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရ၏။
ယခုမူ ထိုစိတ်အနှောင့်အယှက်များ ပျောက်ကွယ်သွားပြီဖြစ်သည်။ ကျွမ်းပေ့ဖန်၊ ဝေရှန်းနှင့် အခြားသူများမှာ တိတ်တဆိတ် သက်ပြင်းချနိုင်ခဲ့၏။
အဘယ့်ကြောင့်ဆိုသော်၊ ဤသေလွန် ဝိညာဉ်များသည် ကောင်းကင်ဘုံသို့ တက်လှမ်း နိုင်ခဲ့သည့် ကြောက်စရာကောင်းသော သတ္တဝါများဖြစ်သည်။
၎င်းတို့၏အရှိန်အဝါဖြင့်ပင် သူတို့ကို မသက်မသာဖြစ်စေပြီး အရေပြားများ ကျိန်းတွ နာကျင်လာစေသည်။ ယခုမူစုရီသည် ကိုင်တွယ် ဖြေရှင်းနိုင်သောနည်းလမ်းအချို့ ရှိပုံရ၏။
စုရီက လူတိုင်းကို လျစ်လျူရှုကာ ကြယ်တစ်သောင်း ရတနာသင်္ဘောထံ ဆက်၍ လျှောက်လှမ်းသွားသည်။
သို့သော် တံငါသည်က ခွင့်မပြုချေ။ အမည်ခံကောင်းကင်ဘုံနယ်ပယ်တွင် ရောက်ရှိ နေသော ရန်ထောင်လင်၏ ကိုယ်ပွားနီးပါး သန်မာသိပ်သည်းသော ရောင်ဝါများ ထွက်ပေါ်လာသည်။
သူသည် ဤနေရာတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခြင်းခံခဲ့ရသော်လည်း အကျိုးကျေးဇူးအချို့ ရရှိခဲ့ပြီး ကျင့်ကြံမှုတိုးတက်လာ၏။
ကံမကောင်းစွာဖြင့် သူပြိုင်ဘက်ဖြစ်သော စုရီသည် တစ်ချိန်က လောကသခင်ထက်ပိုပြီး အစွမ်းထက်နေခဲ့ခြင်းပေပင်။
“ ဝှစ် ... ။ ”
သူ့တိုက်ခိုက်မှုကို ရင်ဆိုင်ရန် စုရီသည် လှည့်ပင်မကြည့်တော့ဘဲ ဓားတစ်ချက်ဖြင့်သာ တုန့်ပြန်ပစ်လွှတ်လိုက်၏။
“ ဝုန်း ... ။ ”
ရုတ်ချည်းပေါက်ကွဲမှုအတွင်း တံငါသည် ခန္ဓာကိုယ်သည် မြားတစ်စင်းလိုလွင့်စင်သွားကာ တောင်စောင်းဖြင့် ပြင်းစွာရိုက်မိသွားသည်။
“ ဒီလူ ဘယ်လောက်တောင် သန်မာနေတာလဲ။ ”
နှုတ်ခမ်းမှ သွေးများ စီးကျလာပြီး အံ့အားသင့်နေသောအကြည့်ဖြင့် ပြန်မော့ကြည့် လိုက်ကြသည်။ ထိုစဉ်လင်ဟဲ၊ ဟွာကျင်းနှင့် လျိုယင်တို့သည် အချင်းချင်း ပြန်ကြည့်လျက် တပြိုင်နက်တည်း တိုက်ခိုက်လာခဲ့၏။
“ သတ် ... ။ ”
“ ဝှစ် .... ။ ”
“ ကလန် ကလန် ... ။ ”
သို့သော် ခြွင်းချက်မရှိဘဲ သူတို့အားလုံး စုရီတွန်းဖယ်မှုကို ခံလာရလေသည်။ သူတို့သည် လုံလောက်အောင် သန်မာခြင်းမရှိမျှ မဟုတ်ဘဲ ဝင်စားခြင်းဥပဒေသည် သူတို့အတွက် သဘာဝ အန္တရာယ် ဖြစ်နေသောကြောင့်ပေပင်။
မျက်စိတစ်မှိတ်အတွင်း စုရီတစ်ယောက် ကြယ်တစ်သောင်းရတနာသင်္ဘောထံ ရောက်ရှိ သွားပြီး သူ့ဓားကိုဆွဲထုတ်လိုက်တော့၏။
“ ဝုန်း ... ။ ”
“ ဘရူး ... ။ ”
တုပ်နှောင်ထားသော ဥပဒေစည်းမျဉ်းများ ပြတ်တောက်ကုန်ကာ ဓားသည်စုရီလက်ထဲသို့ လိုက်ပါလာခဲ့သည်။
သို့သော် ဓားသည် သူ့လက်မှ အံ့အားသင့်ဖွယ် ရုန်းကန်နေတော့၏။ ၎င်းသည် စုရီကို ထိန်းချုပ်ခွင့်မပေးလိုခြင်းပေပင်။
“ ဘာတွေဖြစ်နေတာလဲ။ ”
ဤသို့မမျှော်လင့်ထားသော တုန့်ပြန်မှုများကြောင့် တစ်စုံတစ်ရာ မှားယွင်း နေကြောင်း သဘောပေါက်လိုက်၏။
ထိုစဉ်ဓားရိုးကိုဆုပ်ကိုင်ထားသော လက်ဖဝါးသည် ဆစ်ခနဲနာကျင်မှုများနှင့်အတူ ထုံကျင်သွားတော့သည်။
တစ်ဆက်တည်းမှာပင် သွေးစွန်းနေသော အရိပ်တစ်ခုဓားလက်ကိုင်မှတဆင့် လျှပ်စီးကဲ့သို့ ခန္ဓာကိုယ်ထဲ ပြေးဝင်လာ၏။
လျင်မြန်လွန်းချေပြီ။ တုံ့ပြန်ရန် အချိန်မရှိခဲ့သည်မှာ သဘာဝပေပင်။ သို့မှသာ သေမျိုးနယ်ပယ်ဓားက ရောင်ဝါများ ဝုန်းခနဲ ပေါက်ထွက်လာပြီး ဒေါသကိုပြသလာ၏။
“ မကောင်းတော့ဘူး ... ငါတို့ လှည့်စားခံရပြီ။ ”
ကျွမ်းပေ့ဖန်၊ ဝေရှန်နှင့် အခြားသူများသည် မျက်နှာဖြူဖျော့သွား၏။ လင်ဟဲက အဝေးကနေ ရယ်မောလိုက်သည်။
“ ဟားဟားဟား အခု ငါတို့လုပ်ရမှာက ဒီနေရာကိုကာကွယ်ပြီး သွေးမီးအိမ်ဘုန်းကြီးရဲ့ လုယက်မှုကို အနှောင့်အယှက်ကင်းစေဖို့ပဲ။ ”
ထိုစကားကို ဟွာကျင်းက ခေါင်းညိတ်ထောက်ခံသည်။
“ ဒီကောင်လေးက တကယ့်ကို ... မာနကြီးပြီး သတ္တိရှိတယ် ငါတို့ကို မင်းသာ ကြိုတင်သတိပေးခဲ့တာမျိုးမရှိရင် ခက်ခဲသွားမှာ ငါကြောက်တယ်။ ”
လျိုယင်က တံငါသည်ကို အသိအမှတ်ပြုဟန် လေးစားစွာမှတ်ချက်ပေး တော့၏။ ယင်းကြောင့် တံငါသည်က နှုတ်ခမ်းမှ သွေးစများကို သုတ်ပြီးပြုံးသည်။
“ စီနီယာ၊ မင်းငါ့ကို ချီးကျူးနေတာပဲ ငါကဒီလိုချီးကျူးခံရဖို့ မထိုက်တန်ပါဘူး။ ”
သူက ထိုသို့ပြောနေသော်လည်း မာနထောင်လွှားမှုတစ်ခုကို ဖုံးကွယ်မထား နိုင်တော့ချေ။ တစ်ဖက်လူကို နှစ်ပေါင်းများစွာ ရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်ပြီးနောက် အားနည်းချက်များကို သိရှိထားသည်။
ထို့ကြောင့် ဤဓားသည် ရန်သူ၏ဘဝတွင် မည်မျှအရေးပါကြောင်းနားလည်ကာ သူတို့က ထောင်ခြောက်ဆင်ခဲ့ခြင်းပေပင်။
ယင်းမြင်ကွင်းက လီပေ့ရှန်ကို တုန်လှုပ်သွားစေသည်။ သွေးမီးအိမ်ဘုန်းကြီးမှ ခန္ဓာကိုယ်ရှိကျိန်စာကို ချိုးဖြတ်ရန်အတွက် စုရီခန္ဓာကိုယ်ကို လုယူနေခြင်းပေပင်။
“ မင်းတို့အားလုံးက စက်ဆုပ်ရွံရှာဖွယ်ကောင်းလွန်းတယ်။ ”
ရုတ်တရက် ဝေရှန်းက မျက်လုံးများ နီရဲလာပြီး သူ့ ကျင့်ကြံမှုကိုထုတ်ဖော်ကာ စုရီကို ကူညီရန်ပြင်လိုက်၏။
“ စက်ဆုပ်ရွံရှာဖွယ် ကောင်းတာလား ဒီစကားမျိုးပြောဖို့ မင်းမှာအရည်အချင်းရှိတယ် ထင်နေတာလား ... ဟမ့်။ ”
တံငါသည်က လှောင်ပြောင်လျက် ကောင်းကင်အပြည့် လက်ဖဝါးကြီးတစ်ချက် ရိုက်ထုတ်ပစ်လိုက်သည်။
ထိုလက်ဖဝါးသည် အလယ်အလတ် တုံ့ယွီအဆင့်တွင်ရှိသော ဝေရှန်းတစ်ယောက် ထိမှန်သည်နှင့် ချက်ချင်းသေဆုံးနိုင်၏။
“ ငါ ကိုင်တွယ်ပါရစေ။ ”
စကားသံနှင့်အတူ လေထုအလယ် ပုံရိပ်တစ်ရိပ်ပေါ်လာပြီး ထိုလက်ဖဝါးကြီးကို လက်ဖဝါးစောင်းဖြင့် ခုတ်ပိုင်းချလိုက်သည်။
“ ဘန်း ... ။ ”
တံငါသည်၏ ကောင်းကင်အပြည့် လက်ဖဝါးကြီးသည် ချက်ချင်းပင် ပေါက်ကွဲ သွားတော့၏။
“ လီပေ့ရှန် ဒါ ဘာအဓိပ္ပါယ်။ ”
အလင်းမိုးများ ရွာနေသော လေထုအလယ်ရပ်နေသည့် လီပေ့ရှန်ထံ လှမ်းကြည့်ပြီး လင်ဟဲကမေး၏။
လျိုယင်နှင့် ဟွာကျင်းတို့သည်လည်း ချက်ချင်းအေးစက်သော ရောင်ဝါများထုတ်ကာ လီပေ့ရှန်ကိုကြည့်လိုက်ကြ၏။
“ ငါမင်းရဲ့ လုပ်ရပ်ကိုမကြိုက်ဘူး။ ”
လီပေ့ရှန်မှ ကြေးဝါတံဆိပ်ကို သူနှင့်အတူပျံဝဲစေလျက် ရှေ့သို့ပြေးတက်သွား တော့သည်။
“ မင်းသေမင်းကို ဖိတ်ခေါ်နေတာပဲ။ ”
လျိုယင်မှ ဒေါသတကြီး ကြာပွတ်ကို ဝှေ့ယမ်းကာ ဟန့်တား တိုက်ခိုက်လာတော့၏။ ပြင်းထန်သော တိုက်ပွဲတစ်ခု ချက်ချင်း ဖြစ်ပွားလာလေသည်။
အဝေးမှ ကြည့်သော် လီပေ့ရှန်နှင့် လျိုယင်တို့နှစ်ယောက်သည် နတ်ဘုရားနှစ်ပါး တိုက်ပွဲဖြစ်နေသည့်အလား ထင်မှားစေ၏။
“ လီပေ့ရှန် ... ၊ ဒီအခွင့်အရေးကို သွေးမီးခွက်ဘုန်းကြီးက သတ်မှတ်ပြီးသားပါ မင်းမှာဆုပ်ကိုင်ဖို့ အခွင့်အရေးမရှိဘူး။ ”
ဟွာကျင်းက အော်ဟစ်လျက် ကြေးဝါလှံကိုကိုင်ဆောင်ကာ တိုက်ပွဲအတွင်း ဝင်ရောက်လာခဲ့သည်။
ချက်ချင်းပင် လီပေ့ရှန်တစ်ယောက် ချုပ်နှောင်ခံလိုက်ရ၏။ တစ်ဖက်တွင် လင်ဟဲမှ ကျွမ်းပေ့ဖန်နှင့်အဖွဲ့ထံ အေးစက်စွာ ပြန်ကြည့်လိုက်ပြီး၊
“ မင်းတို့ လှုပ်ရှားရဲရင် ငါမင်းတို့အားလုံးကို အရင်သတ်မယ်။ ”
-ဟု ခြိမ်းခြောက်လိုက်၏။
“ ဘာတွေ ထိတ်လန့်နေတာလဲ အခုတိုက်ပွဲကိုပဲစောင့်ကြည့်ပါ မင်းရဲ့သခင်က လုံးဝဒုက္ခရောက်နေတယ်လို့ တကယ် ထင်နေတာလား။ ”
မုချန်းယွမ်က ဒေါသထွက်လာပြီး တစ်ခုခုပြောတော့မည့်အချိန်တွင် ကျွမ်းပေ့ဖန်မှ လျင်မြန်စွာ အသံပေးပို့လာသည်။
ယင့်ကြောင့် မုချန်းယွမ်မှ အံ့အားသင့်သွား၏။ မော့ကြည့်လိုက်သောအခါ စုရီသည် အနီရောင်အလင်းများသိုင်းခြုံလျက် နစ်မျောနေသည်ကို မြင်လိုက်ရသည်။
“ အခုချိန်မှာ ... ငါတို့လုပ်ရမှာက တည်တည်ငြိမ်ငြိမ် စောင့်ကြည့်နေဖို့ပဲ ငါတို့ရဲ့ အသက်ကိုစွန့်ရင်တောင် ဒီအဆင့်တိုက်ပွဲမျိုးမှာ ဝင်ရောက်ဖို့ အရည်အချင်းမရှိဘူး။ ”
ကျွမ်းပေ့ဖန်းအသံက ထပ်မံ ရောက်ရှိလာပြန်၏။ မုချန်းယွမ်တစ်ယောက် မျက်နှာအမူအရာ မသေချာမရေရာ ဖြစ်လာချေပြီ။
တစ်ချိန်တည်းမှာပင် စုရီသည် သူ့အသိစိတ်ပင်လယ်ထဲရှိ လှုပ်ရှားနေသော သွေးအရိပ်ထံ စိုက်ကြည့်လိုက်သည်။
ယင်းသည် မျက်ခုံးမွှေးနှင့် မုတ်ဆိတ်မွှေး ဖြူဖွေးလျက် အဝါရောင်မျက်လုံးများ ပိုင်ဆိုင် ထားသည့် ဘုန်းကြီးတစ်ပါးပေပင်။
ထိုဘုန်းကြီးသည် အသိစိတ်ပင်လယ် အတွင်းမှ နောင်တတရားများဖြင့် ကြောက်လန့် တကြား ဆုတ်ခွာရန်ကြိုးစားနေ၏။
အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ၏ အသိစိတ်ပင်လယ်အတွင်းတွင် ထူးဆန်းသော ဓားတစ်လက်ကို ခံစားမိသောကြောင့်ပေပင်။
ထိုဓားသည် အသိစိတ်ပင်လယ်ပြင် အထက်တွင် ကောင်းကင်အလား လွင့်မျောပြီး သူ့ကိုလျစ်လျူရှုထား၏။
သို့တိုင်လျစ်လျူရှုသော ထိုရောင်ဝါဖြင့်ပင် သူ့ကဲ့သို့အစွမ်းထက်သည့် ဆန္ဒဝိညာဉ်တစ်ပါး အပေါ် ကွဲကြေလုနီးပါးဖြစ်စေသည်။
“ ဟမ့် ... ကွေ့ယီနယ်ပယ်ဘုရင်က ဝင်စားခြင်းလျှို့ဝှက်ချက်နဲ့ နတ်ဝိညာဉ်အဆင့် ငါ့ဝိညာဉ်ကို စိန်ခေါ်နိုင်တာလား။ ”
သွေးမီးအိမ်ဘုန်းကြီးမှ အံ့အားသင့်ပြီး မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးလာကာ ချက်ချင်းလှည့်ပြေးသည်။
“ ဖြန်း ... ။ ”
သို့သော် သူ့ဦးခေါင်းကို လက်ဖဝါးကြီး တစ်ဖက်မှအရှိန်ဖြင့် ရိုက်ချလာပြီး ယိုင်လဲကျ သွားတော့၏။ ထိုစဉ်ခြေထောက်တစ်ဖက်သည် သူ့ရင်ဘတ်အပေါ် နင်းလာခဲ့သည်။
သွေးမီးအိမ်ဘုန်းကြီးခမျာ နာကျင်စွာဖြင့်မော့ကြည့်လိုက်ချိန်တွင် စုရီ၏ ဇာတိဓမ္မပုံရိပ်သည်ပြုံးလျက် ဖြည်းဖြည်းခြင်း ထွက်ပေါ်လာတော့၏။
***
အခန်း ၁၀၀၂ -
ဘယ်လောက် သန်မာလိုက်လဲ။
သွေးမီးအိမ်ဘုန်းကြီးသည် စုရီ၏ ခြေထောက်ဖြင့် ဖိနင်းထားခြင်းခံရသောကြောင့် အနည်းငယ်မျှပင် မလှုပ်နိုင်ဘဲ ဖြစ်နေသည်။
တစ်ဆက်တည်းမှာပင် တစ်ဖက်လူ၏ မောက်မာလှသော အမူအရာသည် သူ့အပေါ် ဖော်မပြနိုင်လောက်အောင် ရှက်ရွံ့ဒေါသ ထွက်စေ၏။
သူသည် နတ်ဆိုးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် အသန်မာဆုံးသော ပုဂ္ဂိုလ်သုံးပါးအနက်တစ်ပါးဖြစ်ကာ စုရီကဲ့သို့ တစ်စုံတစ်ဦးမှ ဤသို့ခြေဖြင့်နင်းလိမ့်မည်ဟု လုံးဝမတွေးခဲ့ဖူးချေ။
“ ငါသာ သနားကြင်နာမှုမရှိဘဲ မင်းကို စောစောစီးစီးသတ်ပစ်ခဲ့ရင် ဒီလိုအခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ မင်းယုံလား။ ”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သွေးမီးအိမ်ဘုန်းကြီးက မျက်မှောင်ကြုတ်ကာ အံကြိတ်ပြောကြားလိုက်သည်။
“ ဟားဟားဟား ... ။ ”
စုရီက သဘောကျစွာရယ်၏။
“ တံငါသည်က မင်းနဲ့ပူးပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်ခဲ့တယ် ... ဒါပေမဲ့ အခုတော့ မင်းကိုယ်တိုင် ထောင်ချောက်ထဲ ရောက်ရတယ် မဟုတ်ဘူးလား ...
... ဒီလောကကြီးမှာ အကယ်၍ဆိုတာ မရှိဘူး ... ခြေလှမ်းတစ်လှမ်းမှားရင် သေခြင်းနဲ့ ရှင်ခြင်းဟာ ပြောင်းလဲသွားနိုင်တယ် ... မင်း ဒီနေ့ဘယ်လောက်ပဲ တန်ခိုးကြီးပါစေ ...
... ငါ့ရဲ့အသိစိတ်ပင်လယ်ထဲမှာတော့ မင်းဟာ ငါစိတ်ကြိုက် ခြယ်လှယ်နင်းချေလို့ရတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ။ ”
ထိုစကားကြောင့် သွေးမီးအိမ်ဘုန်းကြီးက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
“ လောကကြီးက ခန့်မှန်းရခက်သလို... ကံကြမ္မာကလည်း လူတွေကိုလှည့်စားနိုင်တယ် ဒီနေ့ မင်းအနိုင်ရသွားပြီဆိုတော့ ငါ့ကိုဘာလို့ ချက်ချင်း မသတ်တာလဲ။ ”
“ ဘာတွေအလျင်လိုနေတာလဲ။ ”
စုရီ၏ ပေါ့ပေါ့ပါးပါး အသွင်ကြောင့် သွေးမီးခွက်ဘုန်းကြီးက နားမလည်နိုင်စွာဖြင့်၊
“ မင်းဘာတွေ ကြံစည်နေတာလဲ။ ”
-ဟု မေးမြန်း၏။ စုရီက ပြုံးပြီး၊
“ ငါ့ခြေထောက်အောက်က မင်းဟာ ဆန္ဒဝိညာဉ်တစ်ကောင် ဆိုတာကို ငါသိတယ် ... မင်းရဲ့ အစစ်အမှန်ပုံစံကိုမသတ်နိုင်သရွေ့ ငါ ကျေနပ်နိုင်မှာမဟုတ်ဘူး။ ”
-ဟု ပြန်ဖြေသည်။ ထို့နောက် လက်ဖျောက်တီးပြလိုက်ရာ အသိစိတ်ပင်လယ် အတွင်းမှ နတ်သံကြိုးများတိုးထွက်လာပြီး သွေးမီးအိမ်ဘုန်းကြီးကို ချည်နှောင်သွား၏။
သွေးမီးအိမ်ဘုန်းကြီးခမျာ လေဟာနယ် အတွင်းလွင့်မျောလျက် ငရဲဘုံကိုးပါးဓားရှေ့သို့ ဆွဲငင်ခေါ်ယူခြင်း ခံလိုက်ရသည်။
“ ဒါ ... ဒါက ... ။ ”
ထိုဓားကြီးကို မြင်လာရသည်နှင့်အမျှ သွေးမီးအိမ်ဘုန်းကြီးခမျာ ကြောက်ရွံ့မှုများစွာ တဟုန်ထိုးမြှင့်တက်လာတော့၏။
“ ဒီဓားက ကောင်းကင်ဓားလား ... မဟုတ်ဘူး ... ကောင်းကင်ဓားဆိုရင်တောင်မှ ဒီလောက် မကြောက်စရာကောင်းနိုင်ဘူး ... ဒါ ဘယ်လို တာအိုဓားမျိုးလဲ။ ”
သွေးမီးအိမ်ဘုန်းကြီးဝိညာဉ်ခမျာ ကြောက်ရွံ့မှုကြောင့် ခန္ဓာကိုယ်ကြီးတစ်ခုလုံး တဆက်ဆက်တုန်ခါနေချေပြီ။
သူသည် ဓမ္မအဆုံးခေတ်၏ အစွမ်းထက်ဆုံးဖြစ်သော ကောင်းကင်ဘုံဓား၏ စွမ်းပကားကို တစ်ကြိမ်မြင်ဖူးခဲ့သည်။ သို့သော် ဤဓားသည် ၎င်းထက်သာလွန်နက်နဲသော အကြောက်တရားကိုပေးစွမ်း၏။
တစ်ဖက်လူသည် ဓမ္မအဆုံးခေတ် ကုန်လွန်ပြီးနောက် ထိုကဲ့သို့သောနတ်ဘုရား လက်ရာတစ်ပါးကို မည်သို့ပိုင်ဆိုင်ထားမှန်း နားမလည်နိုင်တော့ချေ။ အဆုံး၌ ဖိအားကြောင့် ချက်ချင်း သတိလစ်မေ့မျောသွားချေပြီ။
အပြင်လောကတွင်မူ တိုက်ပွဲမှာ ပြင်းထန်နေဆဲပေပင်။ ဟွာကျင်းနှင့်လျိုယင်က လီပေ့ရှန်းကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။
လင်းဟဲကမူ စုရီ၏အနီးတွင် အနက်ရောင်သပိတ်ကိုကိုင်ကာ အခြေအနေထံ စောင့်ကြည့်ပေးနေ၏။
“ လီပေ့ရှန်၊ အရာရာက မင်းအတွက် အဆင်မပြေဘူး ... မင်းဆက်ပြီးခေါင်းမာနေမယ် ဆိုရင် သွေးမီးအိမ်ဘုန်းကြီးကသိမ်းယူပြီးရင် မင်းကံဆိုးရလိမ့်မယ်။ ”
ဟွာကျင်းက သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ဒေါသထွက်ကာ ပြောကြား သတိပေးလိုက်သည်။ သူသည် အရပ်ရှည်ပြီး ရဲရင့်ကာ ကြေးဝါလှံတိုကို ဝှေ့ယမ်းလိုက်သော အခါ၌ လေဟာနယ်တစ်ခုလုံးပြိုကျသွား၏။
“ ငါသာ သူ့နေရာမှာဆိုရင်လည်း ဒီလောက်လွယ်လွယ်နဲ့ အရှုံးမပေးချင်ပါဘူး ဘာလို့လဲဆိုတော့ ငါတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကျိန်စာကို ဝင်စားခြင်းစွမ်းအားကသာ ဖျက်ဆီးပေးနိုင်တယ် ...
... ဒါက ရှားပါးအခွင့်အရေးပဲ ... ဘယ်သူမဆိုဒီအတိုင်း လက်လျှော့ဖို့ ဆန္ဒမရှိဘူး သွေးမီးအိမ်ဘုန်းကြီး အောင်မြင်တဲ့အထိ ငါတို့ သူ့ကိုထွက်ပြေးခွင့်မပေးနဲ့ ... မဟုတ်ရင် ...
... စစ်မှန်သောလူသား အနီရောင်တိမ်တိုက်သာ ရောက်လာမယ်ဆိုရင် မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်။ ”
“ ဟမ့် ... စီနီယာအနီရောင်တိမ်တိုက် ဒီအကြောင်းကိုသိသွားရင် အကျိုးဆက်တွေကို မင်းတို့မခံနိုင်မှာ ငါကြောက်မိတယ်။ ”
လျိုယင်စကားကြောင့် လီပေ့ရှန်မှာ မျက်နှာအမူအရာ မည်းမှောင်သွားပြီးနောက် ပို၍ ပေါက်ကွဲလာခဲ့သည်။
“ ဟားဟားဟား ... ။ ”
လင်ဟဲမှ ရယ်လိုက်၏။
“ သွေးမီးအိမ်သာ သူ့ကိုအောင်မြင်စွာ သိမ်းပိုက်ပြီးရင် မင်းရဲ့စီနီယာလာရင်တောင် နောက်ကျသွားပါလိမ့်မယ်။ ”
ဟွာကျင်းနှင့် လျိုယင်သည် တိုက်ပွဲ အဟုန်မြှင့်တင်ကာ လီပေ့ရှန့်ထွက်မပြေးစေရန် ပိတ်ဆိတ်ထားတော့၏။
“ လင်းဟဲ ... မတော်တဆမှုတွေ မဖြစ်ရအောင် အဲဒီလူတွေကို အရင်သတ်လိုက်။ ”
ရုတ်တရက် လျိုယင်က ဝေးရှန်းတို့ လူအုပ်ထံလှမ်းကြည့်ကာ ပြောကြားလိုက်၏။ လင်းဟဲမှ ခေါင်းညိတ်သည်။
“ နားလည်ပြီ ... ။ ”
အနက်ရောင်သပိတ်သည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် နတ်ဘုရားမီးလျှံများ တောက်လောင်လျက် လေထဲပျံတက်သွား၏။
“ မင်း ဘယ်လို သတ္တိရှိလဲ။ ”
လီပေ့ရှန်က မိုးကြိုးပစ်သည့်အလား ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ အံ့သြစရာ ကောင်းလောက်အောင်ပင် သူ့ဒဏ်ရာများကို လျစ်လျူရှုပြီး ဝေရှန်းတို့ကိုကူညီရန် အပြေးသွားတော့သည်။
“ ဝှီး ... ။ ”
“ ဗြိ ... ။ ”
ဟွာကျင်းက ထိုအခွင့်အရေးကို လက်လွှတ်မခံခဲ့ဘဲလှံတိုဖြင့် ကျောပြင်ပေါ် ထိုးခွဲပစ်လိုက်သည်။
“ ပိတ်ဆို့ ... ။ ”
“ ဝုန်း ... ။ ”
သို့တိုင် လီပေ့ရှန်သည် ထိုအရာကို ဂရုမစိုက်ချေ။ ကြေးဝါတံဆိပ်ပျံဝဲစေလျက်ဖြင့် အနက်ရောင်သပိတ်ထံ ပိတ်ဆို့လိုက်တော့၏။
တစ်ဖက်တွင် ဝေရှန်းနှင့်အဖွဲ့သည် သေမင်းနှုတ်ခမ်းမှ လွတ်မြောက်ခဲ့သည့်အလား ချွေးအေးများဖြင့် ဖုံးလွှမ်းသွား၏။
သေလွန်ဝိညာဉ်များ၏ ခွန်အားသည် အလွန်ကြောက်စရာကောင်းလွန်းပြီး နယ်ပယ် ဘုရင်များထက် ကျော်လွန်နေချေပြီ။ သူတို့ထံမှ ထက်ပြေးရန်အတွက်ပင် ကြီးမားသောတန်ဖိုး တစ်ခုကို ပေးဆပ်ရပေမည်။
ကံကောင်းထောက်မစွာဖြင့် လီပေ့ရှန်အလျင်အမြန် ရောက်ရှိလာပြီး သူတို့ အတွက် ပိတ်ဆို့ပေးထားနိုင်ခဲ့သည်။
“ ထူးဆန်းတယ် ... မင်းက ဒီလူသားကျင့်ကြံသူတွေနဲ့ ဆက်စပ်မှုမရှိပါဘူး ဒါဆို ဘာလို့သူတို့ကိုကယ်တင်ဖို့ မင်းရဲ့ အသက်ကို စွန့်ချင်ရတာလဲ။ ”
“ အဟွတ် အဟွတ် ... ။ ”
လင်ဟဲက မျက်မှောင်ကြုတ်လိုက်သည်။ လီပေ့ရှန်းတစ်ယောက် ထိုမေးခွန်းကို ပြန်မဖြေ နိုင်သေးချေ။ ပြင်းထန်သောသွေးချောင်းဆိုးကာ အသက်ကို အလုအယက်ရှူနေခဲ့သည်။
“ ကောင်းပြီ မင်းသေချင်နေရင် ငါတို့မတားဘူး။ ”
ထို့နောက်တွင် သေလွန်ဝိညာဉ်များသည် ဒေသထွက်လာပြီး သူ့ကိုဝိုင်းဝန်းတိုက်ခိုက်ရန် ပူးပေါင်းလှုပ်ရှားလာတော့၏။
ကျွမ်းပေ့ဖန်နှင့် ဝေရှန်းက ကူညီရန် ကြိုးစားခဲ့သော်လည်း ရိုက်ပုတ်မောင်းထုတ်ခြင်း ခံလိုက်ရသည်။
“ မင်းတို့ ထွက်ပြေးသင့်ပြီ ... ။ ”
လီပေ့ရှန်က အံကြိတ်လျက် ဝေရှန်းတို့ကို အော်ဟစ်သတိပေးလိုက်သည်။ ဝေရှန်းတို့ခမျာ အချင်းချင်း ပြန်ကြည့်လျက်တုန့်ဆိုင်းနေ၏။
စုရီသည် ထိုအရပ်တွင် အချိန်အကြာကြီး ငြိမ်သက်နေ၏။ သေခြင်းရှင်ခြင်းပင် မသိချေ။ ဤအခြေအနေ၌ မည်သို့ ထွက်ပြေးဝံ့မည်နည်း။
“ ဟားဟားဟား ... ထွက်ပြေးချင် နေတာလား မစဉ်းစားနဲ့ ဒီလိပ်နက်တောင်ကြီး တစ်ခုလုံး ငါတို့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ”
လျိုယင်မှ လှောင်ပြောင်လိုက်၏။ ထိုစဉ် စုရီသည် ငြိမ်သက်နေရာမှ ရုတ်ချည်းမျက်ဝန်း ပွင့်လာတော့သည်။
“ စီနီယာ အောင်မြင်သွားပြီလား။ ”
ဟွာကျင်းနှင့် လျိုယင်တို့က ဝမ်းသာအားရ မေးမြန်းလိုက်သည်။ သွေးမီးအိမ်ဘုန်းကြီးသည် အနည်းငယ်မြန်လွန်းချေပြီ။ တံငါသည်မှလည်း ထိုမြင်ကွင်းကြောင့် ရွှင်မြူးသွား၏။
တိုက်ပွဲသည် ခဏမျှရပ်တန့်ကုန်သည်။ လီပေ့ရှန်သည် ဝေရှန်းတို့အနားသို့ ပြန်လည် ဆုတ်ခွာလျက် သတိဖြင့်စောင့်ကြည့်နေ၏။
စုရီက စကားမဆိုဘဲ လင်းဟဲကို လက်ယပ်ခေါ်သည်။ လင်းဟဲခမျာ လေးစားစွာ ဦးညွှတ်လိုက်ပြီး၊
“ စီနီယာ ... ဘာများ အမိန့်ရှိပါသလဲ။ ”
-ဟု ပြာပြာသလဲလဲ မေးမြန်းလိုက်၏။
“ ငါ မင်းကို သေခွင့်ပေးလိုက်မယ်။ ”
“ ဒါ ... ။ ”
လင်းဟဲတစ်ယောက် လန့်ဖျန့်သွားပြီး နောက်ဆုတ်ရန် ချက်ချင်းကြိုးစားသော်လည်း နောက်ကျသွားချေပြီ။
“ ဝုန်း ... ။ ”
ဝင်စားခြင်းဥပဒေများ ဓားအဖြစ် လေထုအလယ်ပေါ်လာပြီး လင်းဟဲဝိညာဉ်ကို နှစ်ခြမ်းခွဲပစ်လိုက်လေသည်။
“ မဟုတ်ဘူး ... သူ ... သူက အဲဒီလူပဲ။ ”
တံငါသည်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဟွာကျင်းနှင့် လျိုယင်မှာ အံ့အားသင့်ကာ တုန်လှုပ်သွားကြ၏။
သွေးမီးအိမ်ဘုန်းကြီးကဲ့သို့သော ပုဂ္ဂိုလ်ကြီးသည် စုရီကိုသိမ်းပိုက်ရန် ကြိုးစားရာ ကျရှုံးသွားချေပြီ။ ယင်းသည် ယုံနိုင်စရာမရှိချေ။
စုရီက သေမျိုးနယ်ပယ်ဓားကို မြှောက်လိုက်ရာ သူ့နောက်တွင်ဝင်စားခြင်း၏ ဥပဒေများပေါ်ထွက်လာပြီး နယ်မြေတစ်ခုလုံး လွှမ်းမိုးသွားတော့၏။
“ မကောင်းတော့ဘူး ... ။ ”
“ အား ... ။ ”
ထို့နောက် ဟွာကျင်းနှင့် လျိုယင်တို့ကို ဆက်လက်တိုက်ခိုက်ရာ ခဏချင်းအတွင်းမှာပင် လျိုယင်သည်ပြာအဖြစ် ပျက်စီးသွားခဲ့သည်။
“ ဝှစ် ... ။ ”
ဟွာကျင်းသည်လည်း ထိတ်လန့်သွားပြီး ဝေရှန်းတို့ကို စာခံလုပ်ရန် အပြေးသွားလိုက်၏။ သို့သော် လီပေ့ရှန်၏ တားဆီးခြင်းကို ခံလိုက်ရချေသည်။
ထိုအချိန်တွင် စုရီ၏ဓားစွမ်းအင်များမှာ ရေတံခွန်ကဲ့သို့ ဟွာကျင်းပေါ်ကျဆင်းသွားပြီး ဝိညာဉ်ကိုလုံးဝ ဖျက်ဆီးပစ်လိုက်တော့၏။
ဘေးတွင် ရှိနေသော လီပေ့ရှန်သည် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းပကား မြင်ပြီးနောက် တစ်ကိုယ်လုံး ချွေးစေးများ စီးကျလာတော့သည်။
“ ဘယ်လောက် သန်မာလိုက်လဲ။ ”
***