အခန်း (၁၀၀၇-၁၀၀၈)
Vol. 84 Ch. 1007-1008
အခန်း ၁၀၀၇ -
နေအိမ်သို့ အပြန်ခရီး ... ။
စုရီတစ်ယောက် တိတ်ဆိတ်သွားသည်။ လီပေ့ရှန်မှ ရင်ခုန်သံမြန်လာပြီး အလောတကြီး ဝင်ပြောလာတော့၏။
“ ဒီအဖိုးကြီးရဲ့ကျင့်ကြံက မိန်းကလေးဟုန်နဲ့ယှဉ်ရင် နိမ့်ကျလွန်းပေမယ့် ယခင်က ပေါင်းစည်းခြင်းနယ်ပယ် ပြည့်စုံခြင်း အဆင့်ကို ရောက်ရှိခဲ့ဖူးပါတယ် ...
... အခုချိန်မှာ ခွန်အားတွေ သိသိသာသာ ကျဆင်းသွားပေမယ့် ... နတ်ဝိညာဉ်အဆင့်ရဲ့ အထွတ်အထိပ်မှာ ကျန်ပါသေးတယ်။ ”
သေလွန်ဝိညာဉ်တစ်ပါးမှ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေခြင်းကြောင့် ဝေရှန်းနှင့် အခြားသူများသည် အံ့အားသင့် တိတ်ဆိတ်နေကြသည်။
ကောင်းကင်ဘုံနယ်ပယ်တွင် အဓိကအဆင့်ကြီးသုံးရပ်ဖြစ်သော နတ်ဝိညာဉ်၊ တာအိုပေါင်းစည်းခြင်းနှင့် တိမ်ပေါ်ပျံသန်းခြင်း ဟူ၍ရှိလေသည်။
သို့သော် ဤဝိညာဉ်အိုကြီးသည် တာအိုပေါင်းစည်းခြင်းအဆင့်အထိ ရောက်ရှိခဲ့ သူ ဖြစ်နေလိမ့်မည်ဟု သူတို့မထင်ထားချေ။ မိန်းကလေးဟုန်ယွင်က၊
“ တာအိုစု ... လီပေ့ရှန်ရဲ့ခွန်အားက ထိပ်တန်းအဆင့်မဟုတ်ပေမယ့် ကောင်းကင် စည်းမျဉ်းရဲ့ တားဆီးမှုမရှိဘဲ လောကအနှံ့ သွားလာနိုင်တဲ့ အားသာချက်ရှိပါတယ် ...
... ဒါကြောင့် လက်ရှိချိန်မှာ သူ့ကို ထိပ်တန်းအဆင့်လို့သတ်မှတ်ပြီး အနာဂတ်မှာ ရန်သူနဲ့ရင်ဆိုင်ရရင် အသုံးချနိုင်ပါလိမ့်မယ်။ ”
-ဟု အကြံပြုလိုက်သည်။ ဝေရှန်းသည်လည်း ခေါင်းညိတ်လျက်၊
“ မှန်ပါတယ် ... သခင်လေးအနားမှာ ခစားခွင့်ရမယ်ဆိုရင် ဒီအဖိုးကြီးရဲ့အသက်ကို ပဓာနမထားဘဲ အမှုထမ်းပါ့မယ်။ ”
-ဟု သစ္စာဆိုပြလေသည်။ စုရီက ခေတ္တမျှစဉ်းစားပြီးနောက်၊
“ မင်းအတွက် အခြေအနေနှစ်ရပ်ကို အရင်ကတိပေးရမယ်။ ”
-ဟု ဆိုလိုက်သည်။
“ နားထောင်နေပါတယ် သခင်လေး။ ”
လီပေ့ရှန်မှ စိတ်လှုပ်ရှားစွာ ခေါင်းငုံ့သွား၏။
“ ပထမအခြေအနေက ငါ့အမိန့်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဘာကိုမှ မလှုပ်ရှားရဘူး ဒုတိယအနေနဲ့ မင်းရဲ့အစွမ်းကို ...
... လူသိရှင်ကြား ထုတ်ဖော် ကြွားဝါခြင်းမပြုရဘူး ငါကတိတ်ဆိတ်တာကို ပိုကြိုက်တယ်။ ”
“ သဘောတူတယ် ဒီအဖိုးကြီး သဘောတူပါတယ်။”
လီပေ့ရှန်မှ ဝမ်းသာအားရဖြင့် တောင်းဆိုချက်ကို ချက်ချင်းသဘောတူခဲ့သည်။ ထို့စဉ်ဟုန်ယွင်က စုရီကိုကိုးလက်မရှည်သော အပြာရောင်ဝါးဓား လက်ဆောင်ပေး၏။
“ တာအိုမိတ်ဆွေ ဒီဓားက လီပေ့ရှန်လို သေလွန်ဝိညာဉ်တွေကို အလွယ်တကူသုတ်သင် နိုင်စွမ်းတွေ ရှိပါတယ် လက်ဆောင်ပါ။ ”
သူမစကားကြောင့် လီပေ့ရှန်ခမျာ ဦးရေပြားများ ကျိန်းတွလာ၏။ ယင်းသည် သူ့ကို ထိန်းကြောင်းရန် စုရီအတွက် အရံအစီရင်အဖြစ် မှတ်ယူနိုင်လေသည်။
စုရီက ခေါင်းညိတ်ကာ ထွက်ခွာလာခဲ့၏။ လမ်းခရီးတွင် စုရီသည် ရတနာသင်္ဘောပေါ်၌ တစ္ဆေပညာရှင်နှင့် သွေးမီးအိမ်ဘုန်းကြီးတို့ထံမှ ရရှိလာသော ရတနာများကို စစ်ဆေးခဲ့သည်။
နတ်ဘုရားအဆင့် လက်နက်များ၊ ဆေးပြားများနှင့် လျှို့ဝှက်ကျမ်းစာများသည် တောင်ပုံရာပုံပေပင်။
သူ့အတွက်သေမျိုးနယ်ပယ်ဓားကို ပိုအစွမ်းထက်အောင်သန့်စင်ရန် သတ္ထူအချို့ပင် တွေ့ရှိလာခဲ့သည်။ ထို့ကြောင့် အနာဂါတ်တွင် နတ်ဘုရားပန်းပဲရုံသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်၏။
အဆိုပါပန်းပဲရုံတွင် အံ့ဖွယ်မီးဖိုနှင့် ကိုးပါးသောတာအိုမီးတောက်တို့ ရှိလေသည်။ သို့သော် ယင်းသည် အနာဂါတ်ဖြစ်၏။
လက်ရှိအချိန်၌ တံငါသည်သည် အမှန်တကယ်မသေဆုံးဟု သံသယအချို့ရှိနေ သဖြင့် ကြယ်မြစ်ဂိုဏ်းသို့ ဦးတည် လာခဲ့ခြင်းဖြစ်သည်။
နှစ်ရက်အကြာတွင် မူလနတ်ဘုရား ကြယ်စုအတွင်းရှိ ကြေးနီနတ်ဘုရားတောင်သို့ ရောက်ရှိလာ၏။
ထိုနေရာသည် ကြယ်မြစ်ဂိုဏ်း၏ အခြေစိုက်စခန်းပေပင်။ သို့သော် တောင်တံခါး၌ ဂိုဏ်းသားတစ်ဦးသည် လျှို့ဝှက်သင်္ကေတ တစ်ခုနှင့်အတူ အသင့်စောင့်နေ၏။
စုရီက ထိုသင်္ကေတကို လက်ခံ ယူလိုက်သောအခါ တံငါသည်၏ဆန္ဒဝိညာဉ်မှာ ချက်ချင်းထွက်ပေါ်လာသည်။
“ တာအိုကွမ်ကျိုး မင်းလာမယ်ဆိုတာ ငါသိနေတယ် ... ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က အင်မော်တယ်တားမြစ်ဇုန်မှာ ရှိနေတုန်းပါပဲ။ ”
စုရီမှ မျက်ခုံးပင့်လိုက်သည်။
“ ဒါဆို နတ်ဆိုးပင်လယ်ထဲမှာ သေဆုံးသွားတာ မင်းရဲ့ကိုယ်ပွားလား။ ”
“ မှန်တယ် ... ငါက တစ္ဆေပညာရှိနဲ့ သွေးမီးအိမ်ဘုန်းကြီးတို့နဲ့ အလုပ်လုပ်ခဲ့ပေမယ့် အဲဒီလူမဟုတ် ... တစ္ဆေမဟုတ်တွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး ...
... ဒါကြောင့် ငါ့ဘဝအတွက် ကြာမြင့်စွာတည်းက လွတ်မြောက်ရာလမ်းကို စီစဉ်ထားခဲ့တာပဲ ဒါပေမယ့် မင်းဟာ နတ်ဆိုးပင်လယ်ထဲကနေ ...
... အခုလို အသက်ရှင်လျက် ထွက်လာ နိုင်လိမ့်မယ်လို့ ငါမထင်ထားမိဘူး မင်းကသာ တကယ်ကို အထင်ကြီးစရာကောင်းတယ်။ ”
စုရီမှ စိတ်မရှည်ဖြစ်လာပြီး၊
“ ဒီမှာ မင်းရဲ့ကိုယ်ပွားကို ထားခဲ့တာ အခုလိုငါနဲ့ စကားစမြည်ပြောဖို့လား။ ”
-ဟု မေးမြန်းလိုက်၏။ တံငါသည်က အပြုံးများပျောက်ကွယ်သွားပြီး လက်သီးကို ညင်သာစွာဆုပ်လိုက်သည်။
“ တာအိုကွမ်းကျိုး ... ငါ့ရဲ့ အစစ်အမှန်ခန္ဓာက အင်မော်တယ်တားမြစ် နယ်မြေမှာ ဒုက္ခရင်ဆိုင်ဖို့ ပြင်ဆင်နေတယ် ...
... မကြာခင်မှာ ငါဟာ ... နတ်ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်တော့မယ် အဲဒီ့မတိုင်ခင်မှာ မင်းကငါ့အပေါ် ကရုဏာပြပြီး ငါ့ဂိုဏ်းကို မဖျက်ဆီးဖို့ မျှော်လင့်ပါတယ် ...
... အပြန်အလှန်အားဖြင့် ငါလည်း မင်းပတ်ဝန်းကျင်ကလူတွေကို ဘယ်တော့မှ ဒုက္ခမပေးဘူးလို့ ကတိပေးတယ်။ ”
“ ဟားဟားဟား ... မင်း အိပ်မက်မက်နေတာပဲ။ ”
စုရီက လှောင်ပြောင်ရယ်မော၏။ တံငါသည်မှ မျက်မှောင်ကြုတ်လိုက်လေသည်။
“ ငါသိသလောက်တော့ မင်းက တျန်ကျောက်နဲ့ ရန်ထောင်လင်တို့ကိုအလားတူ သဘောတူညီချက်တွေ ပေးခဲ့တယ်မဟုတ်လား ဘာလို့ ငါ့ကိုငြင်းပယ်ရတာလဲ။ ”
“ ရိုးရှင်းပါတယ် ... သူတို့ရဲ့စရိုက်ကို ငါယုံကြည်နိုင်ပေမယ့် ... မင်းရဲ့စရိုက်ကိုတော့ ငါမယုံဘူး။ ”
စုရီအဖြေကြောင့် တံငါသည်ခမျာ မျက်နှာပျက်ယွင်းသွား၏။
“ အဲဒီလိုဆိုရင် ငါ့ရဲ့အစစ်အမှန်ခန္ဓာ ပြန်လာတဲ့အခါ ငါ့မှာရှိတဲ့ နည်းလမ်းတိုင်းကို အသုံးပြုမှာမို့ ငါ့ကိုအပြစ်မတင်ပါနဲ့။ ”
“ ကောင်းပြီ ငါမျှော်လင့်ပါတယ်။ ”
“ ဝုန်း ... ။ ”
စကားဆုံးသည်နှင့် စုရီက ပြတ်သားစွာ တိုက်ခိုက်လိုက်လေသည်။ တံငါသည်ပုံရိပ်ခမျာ ချက်ချင်း ပေါက်ကွဲပျောက်ကွယ်သွား၏။
ထို့နောက်တွင် ဓားအလင်းရောင်ဝါသည် ကောင်းကင်ကိုဖုံးလွှမ်းသွားပြီး ငွေမြစ်တစ်စင်း အလား နတ်တောင်ပေါ်သို့ ကျဆင်းလာ၏။
“ ဝုန်း ... ဝုန်း ... ။ ”
ပြင်းထန်လှသော ဓားချက်ကြောင့် ကြယ်မြစ်ဂိုဏ်းသည် အစအနမကျန်အောင် ချက်ချင်းပျက်စီးပျောက်ကွယ်သွားချေပြီ။
ဝေရှန်းက မျက်မှောင်ကြုတ်လိုက်၏။
“ သခင်လေး၊ တံငါသည်က တကယ်ကို လိမ္မာပါးနပ်တယ် သူ့ဂိုဏ်းဝင်တွေကို အခြားဆီ ရွေ့ပြောင်းခိုင်းထားတာပဲ။ ”
“ ဟုတ်တယ် ... အဲဒါကြောင့် တံငါသည်ပြောတဲ့ ဘယ်လိုစကားမျိုးကိုမှ ငါ မယုံနိုင်ဘူး ဘာပဲဖြစ်ဖြစ် သူ့ရဲ့ဘိုးဘေးမြေကို ဖျက်ဆီးနိုင်လိုက်ပါပြီ သွားရအောင် ... ။ ”
စကားဆုံးသည်နှင့် စုရီက လက်နှစ်ဖက်နောက်ပို့ကာ လှည့်ထွက်သွား တော့၏။ ဝေရှန်းတစ်ယောက် အပြေးလိုက်ပါ သွားလေသည်။
“ သခင်လေး ငါတို့ ဘယ်သွားကြမလဲ။ ”
“ ကောင်းကင်မြို့တော်ကြယ်နယ်မြေ။ ”
ဝေရှန်းကမေးသည်။ စုရီက လှည့်မကြည့်ဘဲ ပြန်ဖြေ၏။ ထိုအရပ်သည် လောကသခင်ဘဝ၏ အမြစ်ဖြစ်ဖြစ်သည်။ ခြေကျိုးကြီးဝေ၊ ဝေရှန်း၊ ချင်းတန်တို့နှင့်အတူ ရှင်သန်ရာအရပ်ပေပင်။
ထိုညမှာပင် တစ်ရက်တည်းဖြင့် ကြယ်မြစ်ဂိုဏ်းပျောက်ကွယ်သည့် သတင်းမှာ မူလနတ်ဘုရားကြယ်နယ်မြေ တစ်ခုလုံးကို ပျံနှံ့သွားစေသည်။
အဆိုပါဂိုဏ်းကြီးသည် ကြယ်တာရာကောင်းကင်၌ အင်အားအကြီးဆုံး အဖွဲ့အစည်းကြီးတစ်ခုဖြစ်၏။
ဤသို့ ဓားတစ်လက်တည်းဖြင့် ပျောက်ကွယ်ရသည်မှာ အရှက်တကွဲဖျက်ဆီး ခံရခြင်းအဖြစ် သမိုင်းတွင်ခဲ့ချေပြီ။
တစ်ဖက်တွင် ကြယ်မြစ်ဂိုဏ်း၏ အကြီးအကဲများသည် သူတို့ဂိုဏ်းချုပ်ကြီးမရှိခင် လောကသခင်မှ အခွင့်ကောင်းယူခြင်းအဖြစ် လူသိရှင်ကြား ရှုတ်ချပြောဆိုကြသည်။
သို့သော် မည်သူမျှ သူတို့စကားကို ဂရုမစိုက်ချေ။ လောကသခင်ဟူသည် အမြဲတမ်း ဤသို့သောလူမျိုးဖြစ်ပေသည်။ ရဲရင့်မှုတွင် ပြိုင်ဘက်ကင်းချေ၏။
များမကြာခင် ခေတ်သစ်တစ်ခု စတင်တော့မည့်အချိန်ဖြစ်ရာ ကျွမ်းကျင်သူများ ထွက်ပေါ်လာပေတော့မည်။ ဤအချိန်တွင် လှိုင်းခုံးပေါ်ရပ်နေသူသည် အများသူငှာ၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။
လောကသခင်သာလျှင် ထိုသို့သောအခြေအနေအပေါ် ဂရုမစိုက်ဘဲ ရန်သူ့တံခါးကို မြေလှန်ပစ်ဝံ့ခြင်းပေပင်။
ခုနစ်ရက်အကြာတွင် စုရီတို့ လှေငယ်လေးသည် ကောင်းကင်မြို့တော်ကြယ် နယ်မြေသို့ ချဉ်းကပ်လာ၏။
ဤကြယ်စင်စုသည် အရှေ့ဘက် ကြယ်လွင်ပြင်၏ နှလုံးသားဖြစ်ပြီး စုရီအတိတ် အတွက် မွေးရပ်မြေလည်း ဖြစ်သည်။
ကောင်းကင်မြို့တော် ကြယ်နယ်မြေကို ပြည်နယ်(၃၆)ခုဖြင့် ဖွဲ့စည်းထားပြီး အလွန်ပင် ကျယ်ပြောလှသည်။ ပြည်နယ်တစ်ခုစီသည် အကြီးဆုံးကမ္ဘာတစ်ခုနှင့် နှိုင်းယှဉ်နိုင်၏။
ထိုအထင်ကရ ပြည်နယ်(၃၆)ခုအပြင်၊ အခြားမသိရှိရသေးသော ဆန်းကြယ်လွန်းသည့် ဒေသကြီးများ၊ လှိုဏ်ဂူကြီးငယ်များ၊ လျှို့ဝှက် နယ်မြေများလည်း ရှိနေသေးသည်။
သူ၏အထွတ်အထိပ်တွင်ပင် နှစ်ပေါင်းများစွာ စူးစမ်းလေ့လာပြီးနောက် ကောင်းကင်မြို့တော် ကြယ်နယ်မြေကြီး၏ အကျယ်အဝန်းကို မသိရှိခဲ့ချေ။
ဝမ်လျိုမြို့။ ဤမြို့သည် ကောင်းကင်မြို့တော်ကြယ်စု၏ အနီရောင် ပြည်နယ်အတွင်းရှိ မြို့ပေါင်းများစွာအနက်မှ သာမန်မြို့တစ်မြို့ဖြစ်သည်။
အနီရောင် ပြည်နယ်အတွင်းရှိ ပြည်သူများ၏အမြင်၌ပင် အရေးမပါလှဘဲ ဝေးလံခေါင်သီပြီး ဆင်းရဲနွမ်းပါးသော နေရာတစ်ခုမျှသာပေပင်။
သို့သော် ဤမြို့လေး၏ဧရိယာသည် မိုးပြာတိုက်ကြီးရှိ မဟာရှမင်းဆက်နယ်မြေ တစ်ခုလုံးနှင့် ယှဉ်နိုင်ပေမည်။
နှစ်ရက်အကြာတွင် လေငယ်လေးသည် ကောင်းကင်မြို့တော်ကြယ်စင်စု၏ နယ်နိမိတ် အတွင်းဝင်ရောက်ကာ ဝမ်လျူမြို့သို့ ရောက်ရှိလာခဲ့၏။
မြို့တံခါးသို့ ရောက်ရှိသည်နှင့် နှစ်ယောက်သား လှေပေါ်မှဆင်းကာ လှမ်းဝင် လာခဲ့သည်။ လမ်းမတလျှောက် ဖြည်းညှင်းစွာ လျှောက်လှမ်းလျက် ငယ်ဘဝအပေါ် လွမ်းဆွတ်နေကြ၏။
ထိုစဉ်က ဝေရှန်(၁၆)နှစ်ပြည့်ချိန်တွင် စုရီသည် ပြည့်တန်ဆာအိမ်သို့ ခေါ်ဆောင်သွား ခဲ့သည့် မြင်ကွင်းများ ပြန်သတိရလာ၏။
မြို့အရှေ့ဘက်ရှိ လူသူကင်းမဲ့လွန်းသည့် တောင်တန်းများဆီသို့ ရောက်ရှိသောအခါတွင် ဝေရှန်း၏မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်များ ချက်ချင်းဖုံးလွှမ်းသွားခဲ့သည်။
“ သခင်လေး ... ငါတို့လင်းလန် လျှို့ဝှက်နယ်မြေလုံးဝပျက်စီးသွားပြီ ငါတို့မှာ အိမ်မရှိတော့ဘူး။ ”
ဤအရပ်တွင် သူတို့နှစ်ဦးကြီးပြင်းခဲ့ရာ အိမ်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အမည်မသိ လူသတ်သမားများသည် လင်းလန် နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ သွေးချောင်းစီး သတ်ဖြတ်ခဲ့ကြ၏။
ဝေရှန်းသည်ပင် ဇနီးသည်သေဆုံးပြီး သုံးနှစ်အရွယ်သမီးကိုပွေ့ပိုက်ကာ အသက်လု ထွက်ပြေးခဲ့ရသည်။ ထိုအတွက် မွေးစားဖခင်မှ သူ့အသက်ကို စတေးပေးခဲ့၏။
“ ဒီကိစ္စကို ငါ သေချာစုံစမ်းမယ် မျက်လုံးအတွက် မျက်လုံး ... သွေးအတွက် သွေးပဲ ... ။ ”
စုရီသည်လည်း ကြေမွှနေသော မြေပြင်ကိုစိုက်ကြည့်ကာ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ ပေါက်ကွဲလာခဲ့၏။
“ ဝှစ် ... ။ ”
“ ဖရူး ... ။ ”
“ အ ... အ ။ ”
ရုတ်တရက် အဝေးမှ လေခွင်းသံများ ထွက်ပေါ်လာပြီး သစ်ပင်ပေါ်တွင် အိပ်တန်းဝင် နေသောကျီးကန်းများ လန့်ဖျပ်ထပျံကုန်၏။
***
အခန်း ၁၀၀၈ -
အဘိုးကြီးဝေအတွက် သဲလွန်စများ။
ဆည်းဆာနေဝင်ချိန်အောက်တွင် ပိန်ချုံးနေသော ဝတ်ရုံနီဝတ် အဘိုးကြီးတစ်ဦး လေထုအလယ် ထွက်ပေါ်လာသည်။
သူ့နဖူးမှနှာခေါင်းအထိ ကင်းခြေများတစ်ကောင်ကဲ့သို့ ချုပ်ထားသော အမာရွတ်တစ်ခုရှိပြီး ကြမ်းကြုတ်ရက်စက်သော ရောင်ဝါကို ပေးစွမ်းနေသည်။
“ တာအိုကွမ်ကျိုး ... ငါ့ကိုမှတ်မိသေးလား။ ”
“ မင်းကဘယ်သူလဲ။ ”
ထိုအဖိုးအိုက အက်ရှရှလေသံဖြင့် မေးမြန်းသည်။ စုရီမှ သေချာစိုက်ကြည့်လိုက် သော်လည်း မမှတ်မိခဲ့ချေ။
“ ဒီလိုပါပဲ ကိစ္စကြီးငယ်ရှိသူတိုင်းက တော်တော်များများကို မေ့တတ်ကြပါတယ် ငါကအဲဒီတုန်း ထျန်းဟိုင်တောင်ကြားတိုက်ပွဲမှာ ပါဝင်ခဲ့တယ်။ ”
သူသည် ထိုတိုက်ပွဲတွင် စုရီ၏ ဓားချက်ကြောင့် မျက်နှာပေါ်ရှိဒဏ်ရာရခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် မမေ့နိုင်သည်မှာ သဘာဝပေပင်။
စုရီအတွက်မူ ထိုစဉ်က သူ သုတ်သင်ခဲ့သောငှက်ကလေး ရာပေါင်းများစွာ အနက်မှ တစ်ကောင်မျှသာ ဖြစ်နေသဖြင့် မမှတ်မိချေ။
“ ဘယ်လိုလဲ မှတ်မိပြီလား။ ”
ဤတစ်ကြိမ်တွင် စုရီသည် အဖိုးကြီးကို အားနာသွားဟန်ဖြင့် နသယ်စပ်ထံကုပ်ခြစ်ကာ ခေါင်းရမ်းပြလိုက်လေသည်။
“ လုံးဝ မမှတ်မိဘူး။ ”
ဤအဖြေကြောင့် ဝတ်ရုံနီဝတ် အဘိုးကြီးတစ်ယောက် ဒေါသများထွက်လာ၏။ သေလောက်အောင် မုန်းတီးနေမိသောရန်သူမှ သူ့ကိုပင် မှတ်မိခြင်းမရှိတော့သည်မှာ နာကျင်စရာပေပင်။
“ ဟားဟားဟား အဖိုးကြီး ဒီနေ့ ... အရှက်ခွဲခံဖို့အတွက် မင်းလာတာလား။ ”
အဆိုပါမြင်ကွင်းကို ဘေးမှ ရပ်ကြည့်နေသောဝေရှန်းက ရယ်မောလျက် ဝင်ရောက်ပြောကြားလာသည်။ ယင်းကြောင့် အဘိုးကြီးက အံကြိတ်လျက် လာရင်းကိစ္စကို စုရီနှင့်ညှိနှိုင်းရန် စကားစလာခဲ့၏။
“ လောကသခင် ... ခြေကျိုးကြီးဝေ ဘယ်မှာရှိနေလဲဆိုတာ သိချင်သလား။ ”
“ ဟမ့် ငါမွေးစားအဖေ မသေဘူးလား။ ”
ဤမေးခွန်းသည် ဝေရှန်ကိုများစွာ စိတ်လှုပ်ရှားသွားစေသည်။ သူ့မွေးစားဖခင်ကို ထိုစဉ်က ဘေးဒုက္ခတွင် သေဆုံးသွားပြီဟု ထင်နေခဲ့ခြင်းပေပင်။
ဤဝတ်ရုံနီအဘိုးကြီး စုရီကိုစိုက်ကြည့်ကာ၊
“ ခြေကျိုးဝေ ဘယ်မှာရှိလဲသိချင်ရင် မင်းငါ့ကို ဒူးထောက်ပြီး တောင်းပန်ပါ။ ”
-ဟု အမိန့်ပေးလိုက်သည်။ စုရီက မျက်ခုံးပင့်လျက် သူ့ကိုကြည့်၏။ ဝေရှန်းမှ ဒေါသထွက်လာပြီး၊
“ မင်းသေမှာမကြောက်ဘူးလား။ ”
-ဟု အော်ဟစ်လိုက်သည်။
ဤတစ်ကြိမ်တွင် အနီဝတ်အဖိုးအိုမှ ဝေရှန်းထံလှည့်ကြည်ကာ၊
“ ငါသေမှာကြောက်ရင် ဒီကိုမလာဘူး။ ”
-ဟု ပြန်ဖြေ၏။ ထို့နောက် သူက စုရီထံပြန်ကြည့်လျက်၊
“ အခု ... မင်းဆုံးဖြတ်ချက်ချရမယ့် အလှည့်ရောက်ပြီ။ ”
-ဟု မေးဆက်ပြလိုက်သည်။
စုရီမှ စကားမဆိုဘဲ ရုတ်တရက် ဝတ်ရုံနီဝတ်ထားသော ထိုအဖိုးကြီးထံပါးသို့ လျှောက်လှမ်းသွားလိုက်၏။
သူ့ထံမှ မမြင်နိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွား လေသည်။ သစ်ရွက်များ တဂျွတ်ဂျွတ်မြည်ကာ တောင်နှင့်မြစ်များ တုန်ခါသွား၏။ ဝတ်ရုံနီဝတ် အဖိုးကြီးခမျာ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားလေသည်။
“ ရပ် ... မင်းဒီထက်ပိုပြီး ငါ့အနား နီးကပ်လာရင် ဒီဘဝအဘိုးကြီးဝေရဲ့ကံကြမ္မာကို မင်းဘယ်တော့မှ မသိနိုင်တော့ဘူး။ ”
တစ်ဆက်တည်းမှာပင် တိုက်ပွဲအတွက် အသင့်ဖြစ်စေသော လျှို့ဝှက်သင်္ကေတတစ်ခုကို လက်တစ်ဖက်တွင် ကိုင်ဆောင်လိုက်သည်။ သို့သော် စုရီမှမရပ်ဘဲ ဆက်လျှောက်သွားပြီး၊
“ ငါ ဦးမညွှတ်ဘူးဆိုတာ ... မင်းသိတဲ့အတွက် ငါ ဘယ်ခြိမ်းခြောက်မှုကိုမှ မကြောက်ဘူးဆိုတာလည်း မင်းသတိ ရသင့်တယ် ... မင်းပူးပေါင်းပြီး ဒီကိုလာရတဲ့ ရည်ရွယ်ချက် ရိုးရိုးသားသားပြောပြပါ။ ”
“ ပြောမယ် ... ငါပြောမယ် မင်းအဲဒီမှာရပ်။ ”
စုရီမှစကားပြော၍ မပြီးခင်မှာပင် အနီရောင်ဝတ်အဖိုးကြီးသည် ကြောက်မက်ဖွယ် ကောင်းသောဖိအားကို မခံနိုင်တော့ဘဲ အော်ဟစ်လိုက်၏။
နောက်ဆုံးတွင် အဘိုးကြီးမှ အလျှော့ပေးကာ စုရီကိုဆုံရပ်နေရာတစ်ခုသို့ လိုက်ခဲ့ပေးရန် ပြောကြားလာသည်။
စုရီက ဂရုမစိုက်ဘဲ ယနေ့ညအတွင်း အဖိုးကြီးဝေအားခေါ်လာကြရန် အမိန့်ပေးကာ အနီဝတ်အဖိုးကြီးကို ပြန်လွှတ်ပေးလိုက်၏။
“ သခင်လေး ... ငါတို့ အဲဒီလူနောက် လိုက်သင့်လား။ ”
ဝေရှန်းက စိုးရိမ်စွာမေးသည်။
“ မဟုတ်ဘူး လိုက်သွားရင် သူတို့အစီစဉ်နဲ့ ဘာထူးတော့မှာလဲ။ ”
စုရီမှ ပြန်ဖြေ၏။ ထိုအဘိုးကြီးသည် သွေးနတ်ဆိုးဂိုဏ်းမှ အကြွင်းအကျန် တစ်ဦး ဖြစ်ကြောင်း သူ မှတ်မိသည်။
သို့သော် ဤကြယ်လွင်ပြင်တွင် သွေးနတ်ဆိုးဂိုဏ်းသည် ပြန်လည်ထွက်ပေါ် လာကြောင်း သူ မကြားမိချေ။
တစ်စုံတစ်ဦးသည် နောက်ကွယ်မှ ဤလူများကိုချုပ်ကိုင်နေပုံရ၏။ ဝေရှန်းက အဝေးသို့ကြည့်ကာ၊
“ ငါတို့အခုမှ ပြန်ရောက်တယ် ရန်သူကငါတို့ဆီ ချက်ချင်းရောက်လာတယ် ဒါက တချိန်လုံးစောင့်ကြည့်နေတာပဲ။ ”
-ဟု ညည်းတွားလိုက်၏။
တစ်ဖက်လူသည် မည်သူဖြစ်မည်ကို မသိသေးသော်လည်း စိတ်ရှည်ပြီးရင်ဆိုင်ရ ခက်ခဲကြောင်း ပြောနိုင်ချေပြီ။
“ ဘာပဲဖြစ်ဖြစ် ... အဖိုးကြီးဝေ သတင်းကိုကြားရတာ သတင်းကောင်းပဲ မဟုတ်လား။ ”
“ သခင်လေး၊ ငါတို့ ဒီမှာစောင့်မို့လား။ ”
“ ဟုတ်တယ် ... ဒီမှာခဏစောင့်ရအောင်။ ”
စုရီက ခေါင်းညိတ်ပြီး ကြိမ်ကုလားထိုင် ထုတ်ယူကာ သက်တောင့်သက်သာ လှဲလျောင်း ချလိုက်တော့သည်။ ဝေရှန်းက ဘေးတွင် ရပ်လျက်တိတ်ဆိတ်သွား၏။
“ ဝှစ် ... ။ ”
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာပြီးနောက် ကြေးဝါမျက်နှာဖုံးစွပ် အနက်ရောင်ဝတ် လူတစ်ဦး ရောက်ရှိလာ၏။
ထိုသူက အဘိုးကြီးဝေ အမြဲဆောင် ထားသည့် နှလုံးသားအားဖြည့်ကျောက်စိမ်း ဆွဲသီးကိုပစ်ပေးကာ သူနှင့်အတူလိုက်ခဲ့ရန် အမိန့်ပေးလာခဲ့သည်။
စုရီမှ မလှုပ်ချေ။ ယင်းကြောင့် ကြေးဝါမျက်နှာဖုံးဝတ်လူမှ စိတ်မရှည်ဖြစ်လာပြီး၊
“ မင်းမသွားရင် အဲဒီအဘိုးကြီး သေလိမ့်မယ်။ ”
-ဟု ခြိမ်းခြောက်လိုက်၏။ စုရီက ကျောက်စိမ်းဆွဲသီးကို ဆုပ်ကိုင်ကြည့်လိုက်ရာ အနွေးဓာတ်ရှိနေသေးသည်ကို ခံစားလိုက်ရသည်။
“ အချိန်ကုန်သွားပြီ ... မင်းရဲ့လူတွေကို ပြန်ပြောလိုက် ငါ့နဲ့ညှိနှိုင်းချင်ရင် အဘိုးကြီးဝေ အသက်ရှင်လျက် ခေါ်လာပါ မဟုတ်လို့ သူသာ တစ်ခုခုဖြစ်သွားရင် မင်းတို့အားလုံးကို ငါ အသေသတ်ပစ်မယ် ... ဝေလေး ငါတို့သွားရအောင်။ ”
ထို့နောက် စုရီသည် ထရပ်ပြီး ကုလားထိုင်ကိုသိမ်းဆည်းလျက် လှည့်မကြည့် တော့ဘဲ ဝေရှန်းနှင့်အတူထွက်ခွာသွား၏။
ဤမြင်ကွင်းကြောင့် ကြေးဝါမျက်နှာဖုံးရှင်ခမျာ အံ့အားသင့်ပြီး ကျန်ရစ်ခဲ့လေသည်။
( ဒီလူကို တကယ်ပဲ ခြိမ်းခြောက်လို့ မရဘူးလား။ )
အဆုံး၌ ကြေးဝါမျက်နှာဖုံးအောက်ရှိ သူ့မျက်ဝန်းများအေးစက်လာပြီး၊
“ ဒါဆိုရင်တော့ ငါတို့က မင်းကို အတင်းအကျပ် ဖိတ်ခေါ်ရတော့မှာပဲ။ ”
-ဟု ဆိုလိုက်တော့၏။
“ သတ် ... ။ ”
တစ်ဆက်တည်းမှာပင် မိုးကြိုးမုန်တိုင်း တစ်စင်းကဲ့သို့သော အော်ဟစ်ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
လေဟာနယ် အက်ကွဲသွားပြီး ရွှေရောင်အလင်းတန်းများ ရစ်သိုင်းနေခဲ့သော လှံတိုတစ်စင်းသည် ဟင်းလင်းပြင်ကိုဖြတ်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။
“ ကလန် ... ကလန် ... ။ ”
စုရီက သေမျိုးနယ်ပယ်ဓားကို ဝှေ့ယမ်းလျက်ခုခံလိုက်သည်။ ရွှေလှံတိုခမျာ အဟုန်ကိုတားဆီးခဲ့လိုက်ရပြီး နောက်သို့ပင် ပြန်လည်လွင့်စဉ်သွားတော့၏။
“ သူ့ကိုဖမ်း ... ။ ”
တစ်ချိန်တည်းမှာပင် အရပ်မျက်နှာ အသီးသီးမှ ကျောက်စိမ်းပေတံ၊ ကြေးပေါင်တူ နှင့် တာအိုတံဆိပ်များ တပြိုင်နက်တည်း ကျရောက်လာ၏။
သို့သော် စုရီသည် ကြိုတင်သိရှိနေသကဲ့သို့ ဝေရှန်းလက်ကိုဆွဲကာ ထိုနေရာမှချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
“ ဝုန်း ... ။ ”
“ ဘောင်း ... ဘောင်း ... ။ ”
မူလသူတို့ရပ်နေခဲ့သော မြေပြင်သည် အပိုင်းပိုင်းအပြတ်ပြတ် ကွဲအက်သွားတော့၏။ တစ်ဆက်တည်းမှာပင် ကြေးဝါမျက်နှာဖုံးရှင် အပြင် လူသုံးဦးထွက်ပေါ်လာခဲ့သည်။
၎င်းတို့သည် ကျောက်စိမ်းပေတံကို ကိုင်ဆောင်ထားသော အဖြူရောင်ဝတ်အဖိုးအို၊ ကြေးပေါင်တူထမ်းထားသော လူသန်ကြီးနှင့် ခေါင်းပေါ်တွင် တာအိုတံဆိပ်ပျံသန်းနေသော လူငယ်တစ်ဦးတို့ပေပင်။
“ သခင်လေး ... သူတို့လက်ထဲက လက်နက်တွေက တိမ်လွှာပျံသန်းခြင်းအဆင့် ကောင်းကင်ရတနာတွေပဲ။ ”
ဝေရှန်းက သတိပေးသည်။ စုရီမှ ထိုသူများထံတစ်ချက်ကြည့်လိုက်၏။ လူတိုင်း နယ်ပယ်ဘုရင်များ ဖြစ်ကြသော်လည်း မည်သည့်ဂိုဏ်းကမှန်း ခွဲခြား၍မရအောင် အရှိန်အဝါကို ဖုံးကွယ်ထားကြသည်။
ဤသည်မှာ သူတို့သည် တစ်စုံတစ်ဦး၏ အမိန့်ဖြင့်လာရောက်ခြင်းဖြစ်ကြောင်း သက်သေပေပင်။ လေးယောက်သား အရပ်လေးမျက်နှာ ခွဲထွက်လာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို ပိတ်ဆို့ပစ်လိုက်တော့၏။
“ သွား ... ။ ”
သို့သော် စုရီမှ ဂရုမစိုက်ချေ။ သူ့ဓားကို တစ်ချက်ဝှေ့ယမ်းပစ်လိုက်ရာ ထက်ရှလွန်းသော ဓားအလင်းတစ်လက် ထွက်ပေါ်လာခဲ့သည်။
“ သူ့ကို ပိတ်ဆို့ထား ... ။ ”
“ ဟမ့် ... ။ ”
“ ဘောင်း ... ဘောင်း ... ။ ”
ရန်သူလေးဦးခမျာ ရတနာများ၏ အစွမ်းကိုပေါင်းစပ်လျက် စုရီအပေါ်ဖိနှိမ်ရန် ကြိုးစားလိုက်ကြ၏။ သို့သော် မအောင်မြင်ချေ။ ဓားအလင်းသည် သူတို့၏ဝိုင်းရံမှုများကို အလွယ်တကူ ဖြိုခွင်းသွားတော့သည်။
“ ဒီလောက်တောင် အစွမ်းထက်တာလား။ ”
လူတိုင်းအံ့အားသင့်ကုန်ကြသည်။ တစ်ဖက်တွင် စုရီသည် သူတို့ကိုအခွင့်အရေး မပေးတော့ချေ။ ရှေ့သို့တိုးဝင်ကာ ဝတ်ရုံဖြူ အဘိုးကြီးထံ ပိုင်းချပစ်လိုက်၏။
“ မလုပ်နဲ့ ... ။ ”
အဖြူဝတ်အဖိုးကြီးခမျာ ထိတ်လန့်တကြားဖြင့် ချက်ချင်းဆုတ်ခွာရန် ပြင်လိုက်စဉ် သူ့ခန္ဓာကိုယ်ကြီးသည်အမှုန်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
“ ရွှပ် ... ။ ”
တစ်ဆက်တည်းမှာပင် စုရီက ကြေးပေါင်တူကိုင်ထားသော လူသန်ကြီး၏ လည်ပင်းကိုလှည့်ကာ ပိုင်းချလိုက်၏။
“ ပြေး ... ။ ”
ကြေးဝါမျက်နှာဖုံးရှင်ခမျာ ထိတ်လန့်သွားပြီးနောက် ချက်ချင်းထွက်ပြေးရန် ကြိုးစားလေသည်။
သို့သော် ဓားအလင်းတစ်လက်သည် သူ့အပေါ်ပြိုကျလာပြီး အပိုင်းပိုင်းပြတ်တောက် သွားတော့၏။ မျက်စိတစ်မှိတ်အတွင်း ရန်သူ သုံးဦး သေဆုံးသွားခြင်းပေပင်။
ကျန်ရှိနေသော လူငယ်သည် ကြောက်လန့်တကြားဖြင့် ဝေရှန်ကို ဓားစာခံ အဖြစ် ဖမ်းဆီးရန် ချက်ချင်းဦးတည်လိုက်၏။
“ မလာနဲ့... မင်းလာရင် ဒီလူကို ငါသတ်ပစ်မယ်။ ”
လူငယ်မှ အော်ဟစ်လာသည်။ စုရီကထူးဆန်းသော အမူအရာဖြင့် လူငယ်ထံ ပြန်လှည့်ကြည့်ကာ ချက်ချင်းရပ်တန့်လိုက်၏။ ထို့နောက် စိုးရိမ်မှုမပြဘဲ၊
“ ငါအမှောင်ထဲက လူကို သွားသတ်လိုက်ဦးမယ်။ ”
-ဟုဆိုကာ ရုတ်ချည်းပျောက်ကွယ်သွား၏။
ထိုအပြုအမူကြောင့် လူငယ်သည် ကြောင်အမ်းအမ်းဖြင့် ဝေရှန်းထံလှည့်ကြည့်ရာ တစ်ဖက်လူမှ သူ့ကိုပြုံးပြလာသည်။
“ မင်း ... မင်းသေမှာ မကြောက်ဖူးလား။ ”
လူငယ်က ရှုပ်ထွေးသွား၏။ ဝေရှန်းတစ်ယောက် ခေါင်းရမ်းပြကာ၊
“ မင်းကိုယ်မင်း စိုးရိမ်သင့်တယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထိုစကားကြောင့် လူငယ်သည် မျက်မှောင်ကြုတ်လိုက်စဉ် လက်ကြီးတစ်ဖက် တာအိုတံဆိပ်ထံ ဖမ်းယူသွားသည်ကို မြင်လိုက်ရတော့၏။
“ ဒါ ... ဒါက ... ။ ”
တစ်ဆက်တည်းမှာပင် ဝေရှန်း၏ ခါးတွင်ချိတ်ထားသော ကျောက်စိမ်းဆွဲသီးထံမှ ပုံရိပ်တစ်ရိပ် လေထုအလယ် ထွက်ပေါ် လာခဲ့သည်။ ဤသည်မှာ လီပေ့ရှန်းပေပင်။
လူငယ်ခမျာ တုန်တုန်ယင်ယင်ဖြင့် မော့ကြည့်လိုက်စဉ် လီပေ့ရှန်ကပြုံးပြလျက် သူ့ ခန္ဓာကိုယ်ကို လက်ဗလာနှင့် ထက်ခြမ်းခွဲ ပစ်လိုက်တော့သည်။
“ အား ... ။ ”
နာကျင်စွာ အော်ဟစ်လျက် လူငယ်ဝိညာဉ်သည် ချက်ချင်းထွက်ပြေးရန် ပြင်တော့သည်။ သို့သော် လီပေ့ရှန်းမှဖမ်းယူကာ သူ့မှတ်ဉာဏ်ရှာဖွေရန် ကြိုးစားလိုက်၏။
“ ဟမ့် ... ။ ”
ရုတ်ချည်း ချက်ချင်း ပြန်လွှတ်ကာ ဝေရှန်းကိုဆွဲယူပြီး နောက်သို့ ဆုတ်ခွာလိုက်ရ တော့သည်။
“ ဝုန်း ... ။ ”
ထိုခဏတွင် လူငယ်၏ဝိညာဉ်သည် ရုတ်ချည်းပေါက်ကွဲကာ အမှုန်အဖြစ် ပြောင်းလဲ ပျက်ပြယ်သွားလေသည်။
“ သူ့ဝိညာဉ်ထဲမှာ တိမ်ပေါ်ပျံသန်းခြင်း အဆင့် ကျွမ်းကျင်သူတစ်ဦးက တံဆိပ်တစ်ခု ခတ်နှိပ်ထားတယ်။ ”
လီပေ့ရှန်က ရှင်းပြလာသည်။ လက်ရှိအချိန်တွင် သူ့ကဲ့သို့ သေလွန်ဝိညာဉ်များ သာမက ရှေးဟောင်းဝိညာဉ်များသည်လည်း နေရာအနှံ့အပြားတွင် နိုးထနေပြီဖြစ်၏။
၎င်းတို့သည် တိမ်ပေါ်ပျံသန်းခြင်း အဆင့်တွင် ရှိနေနိုင်သည်မှာ သဘာဝပေပင်။ ထို့ကြောင့် ဝင်စားခြင်းဥပဒေပိုင်ဆိုင်ထားသည့် စုရီသည် သူတို့အတွက် မျက်စိကျဖွယ် သားကောင်ဖြစ်နေချေပြီ။
***