အခန်း (၂၂၁-၂၂၂)
Vol. 12 Ch. 221-222
အခန်း (၂၂၁) - ချက်ချင်းလက်ငင်း ရလဒ်များ
လင်းကျင်းသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်၏။ အဆောင်မကြီး၏ နံရံများတွင် လက်ရာပြောင်မြောက်လှသော ကဗျာစာသားများနှင့် ပန်းချီကားများကို ချိတ်ဆွဲထားသည်။ တစ်ဖက်တွင် ‘ကူကျန်း’ စောင်းတစ်ခု ရှိနေသလို၊ စားပွဲပေါ်တွင်လည်း စစ်တုရင်ခုံတစ်ခုနှင့် စာအုပ်စင်တွင် ကျမ်းကိုးစာလိပ်များ စီရီနေ၏။
ကြေးလင်ဗန်းထဲတွင် နံ့သာတိုင်များ ထွန်းညှိထားပြီး ထိုမှထွက်ပေါ်လာသော ရနံ့မှာ စိတ်ကို ကြည်လင်အေးချမ်းစေသည်။
မကြာမီ ခြေသံများကို ကြားလိုက်ရပြီး ဟယ်ချန်းသည် အဆောင်ထဲမှ ထွက်လာ၏။ သူမသည် လင်းကျင်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။
“အရမ်းငယ်တာပဲ... ဦးလေးလုလို လူမျိုးက ဒီလောက်အလွယ်တကူ အလိမ်ခံရလိမ့်မယ်လို့ မထင်ထားမိဘူး... အင်းလေ... ဦးလေးလုလည်း အသက်ကြီးလာပြီကိုး”
ဟယ်ချန်းက သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်ပြီးမှ လင်းကျင်းဘက်သို့ လှည့်ကာ ပြောလိုက်၏။
“ဦးလေးလုကတော့ ရှင်အစွမ်းရှိတယ်လို့ ယုံနေတာပဲ၊ ဒါပေမဲ့ ကျွန်မကတော့ မယုံဘူး... ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်နော်... ရှင်သာ ကျွန်မအစ်မကို မကုနိုင်ရင် တစ်ပြားတစ်ချပ်မှ မရစေရဘူး”
သူမသည် လင်းကျင်းကို လိမ်လည်လှည့်ဖြားနေသည့် လူလိမ်တစ်ယောက်ဟုသာ ထင်မှတ်နေခြင်း ဖြစ်သည်။
ထိုစဉ် လုဘင် ထွက်လာပြီး တားမြစ်လိုက်၏။
“သတ္တမမင်းသမီး.... ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ”
လုဘင်၏ ဘေးတွင်တော့ ဟယ်ချန်းနှင့် ရုပ်ချင်းဆင်သော်လည်း အလွန်ပင် အားနည်းပုံရသည့် မိန်းကလေးတစ်ဦး ပါလာသည်။ လေပြင်းတိုက်လျှင်ပင် လွင့်ပါသွားတော့မတတ် နုနယ်လှသော်လည်း သူမ၏ အကြည့်များတွင်တော့ ခိုင်မာသော ဇွဲလုံ့လ အရိပ်အယောင်များ ရှိနေ၏။
သူမသည် ယောက်ျားအသွင်ဆောင်ကာ မေပယ်မြို့သို့ လာခဲ့သည့် ထိုအမျိုးသမီးပင်။
“ချန်းအာ... စကားကို ဆင်ခြင်စမ်း... ဆရာကြီးလင်းကို တောင်းပန်လိုက်”
ဟယ်ယုက သူမ၏ ညီမငယ်ကို ဆူပူလိုက်၏။ ဟယ်ချန်းသည်လည်း စောစောက သူမ၏ အပြုအမူမှာ ရိုင်းပျသွားမှန်း သိသဖြင့် လင်းကျင်းကို ဝတ်ကျေတမ်းကျေ တောင်းပန်လိုက်ပါသည်။
လင်းကျင်းကတော့ ဟယ်ချန်း၏ ပွင့်လင်းလွန်းသော စရိုက်ကို သိထားပြီးဖြစ်၍ စိတ်ထဲ မထားပေ။
ဟယ်ယုသည် လင်းကျင်းကို စပ်စုလိုစိတ်ဖြင့် ကြည့်နေမိ၏။
မေပယ်မြို့တွင် တွေ့စဉ်က သူမသည် လင်းကျင်းကို နှာဘူး၊ သူတောင်းစားတစ်ဦးဟု ထင်ခဲ့သော်လည်း၊ အခုတော့ ဆရာကြီးလင်းမှာ ဤမျှ ထူးချွန်သူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အခြားအရာများကို ထားဦးတော့၊ သူမကို ‘ရေကိုးသွယ်တိမ်တိုက်ဆေးလုံး’ ဆေးနည်း ပေးခဲ့ခြင်းကပင်လျှင် သူမအတွက် ကျေးဇူးတင်မဆုံး ဖြစ်နေရလေပြီ။
ထိုဆေးလုံးသာ မရှိလျှင် သူမသည် အခုအချိန်တွင် အိပ်ရာပေါ်မှာပင် လဲလျောင်းနေရပေလိမ့်မည်။
“ဂါရဝပြုပါတယ်... ဆရာလင်း”
ဟယ်ယုက နန်းတွင်းထုံးစံအတိုင်း ရိုသေစွာ နှုတ်ဆက်လိုက်၏။
လင်းကျင်းက ပြုံးကာ ဆိုလိုက်သည်။
“ကျုပ် ဒီနေ့လာတာက လူတစ်ယောက်ရဲ့ တောင်းဆိုချက်အရ ဆဋ္ဌမမင်းသမီးရဲ့ ဝေဒနာကို ကုသပေးဖို့ပါ”
ဟယ်ယုက လုဘင်ကို ဆိုလိုခြင်းဖြစ်မည်ဟု ထင်နေသော်လည်း အမှန်တော့ လင်းကျင်းက ဟယ်ချန်းကြောင့်သာ လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဟယ်ချန်းကတော့ လင်းကျင်းကို မျက်စောင်းထိုးလျက် အရှက်မရှိသည့် လူလိမ်တစ်ယောက်အဖြစ်သာ ဆက်လက် သတ်မှတ်ထားဆဲပင်။
“ဒါဆိုရင် ဆရာကြီးလင်းအနေနဲ့ ဘယ်လိုကုသဖို့ စီစဉ်ထားပါသလဲ”
မိမိကိုယ်ပေါ်ရှိ ကျိန်စာမှာ မည်သူမှ မဖြေရှင်းနိုင်မှန်း ဟယ်ယုသိသော်လည်း အားနာသဖြင့် ထုတ်မပြောဘဲ မေးလိုက်ခြင်း ဖြစ်သည်။
ဦးလေးလု စိတ်အေးစေရန်အတွက် သူမသည် ကုသမှုကို လက်ခံပေးရန်သာ ဆုံးဖြတ်ထား၏။
“ကျုပ် အပ်စိုက်ကုထုံးကို သုံးပြီး သားရဲကျိန်စာရဲ့ လွှမ်းမိုးမှုကို အရင်ဆုံး တားဆီးပိတ်ဆို့ပါ့မယ်... အဲဒီနောက်မှ ဖြည်းဖြည်းချင်း အမြစ်ပြတ်အောင် ဖယ်ရှားသွားမှာပါ”
လင်းကျင်းက တည်ကြည်စွာ ပြန်ဖြေလိုက်သည်။
ဟယ်ယုက ပြုံးလိုက်၏။"
ဒါဆိုရင် ဆရာကြီးလင်းကိုပဲ အားကိုးရတော့မှာပေါ့”
ဟယ်ယုသည် မိမိကိုယ်တွင်းရှိ ကျိန်စာအကြောင်းကို အသိဆုံးပင်။ ဒါကို လူသားတစ်ယောက်က ဖယ်ရှားနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။ ဆရာကြီးလင်းသည် ငယ်ရွယ်ပြီး အစွမ်းထက်သူဖြစ်သော်လည်း ဤကျိန်စာကိုတော့ နိုင်လိမ့်မည်ဟု သူမ မယုံကြည်ပေ။
သို့သော် သူပေးခဲ့သည့် ဆေးနည်းက သူမ၏ ဝေဒနာကို အတော်လေး သက်သာစေခဲ့သည်မှာ အမှန်ပင်။ သူပြသခဲ့သည့် စေတနာများအတွက် နောက်ဆုံးအချိန် မတိုင်မီ သူ့ကို အစွမ်းကုန် ကြိုးစားခွင့်ပေးလိုက်ရန် သူမ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လင်းကျင်းက ပြုံးလျက် လုဘင်ကို ကြည့်ကာ ပြောလိုက်၏။
“ကုသနေစဉ်အတွင်းမှာ လုံးဝ တိတ်ဆိတ်ဖို့ လိုအပ်သလို ဘယ်သူမှလည်း နှောင့်ယှက်လို့ မရပါဘူး... ဒါကြောင့် စီနီယာလုနဲ့ ဒီ... မင်းသမီးလေးတို့ အပြင်မှာ ခဏလောက် စောင့်ပေးလို့ ရမလား... ကုသပြီးတာနဲ့ ကျုပ်ပြန်ခေါ်ပါ့မယ်”
လုဘင် ဘာမှမပြောရသေးမီ ဟယ်ချန်းက ဒေါသတကြီးဖြင့် ပြောလိုက်တော့သည်။
“မဖြစ်နိုင်တာ... အပ်စိုက်တာပဲလေ၊ ကျွန်မလည်း မြင်ဖူးတာပဲ... ဘာလို့ ဒီလောက် လျှို့ဝှက်နေရတာလဲ”
“ချန်းအာ... စည်းကမ်းရှိစမ်း”
ဟယ်ယုက သူမ၏ ညီမကို ထပ်မံ ဆူပူလိုက်ရပြန်သည်။ ကံကောင်းထောက်မစွာဖြင့် ဟယ်ချန်း နောက်ထပ် ကန့်ကွက်မှုများ မလုပ်နိုင်မီမှာပင် လုဘင်က သူမကို အပြင်သို့ ဆွဲခေါ်သွားပါတော့သည်။
ဟယ်ချန်းမှာတော့ ဟယ်ယုကို မသင်္ကာစရာကောင်းသည့် လူငယ်တစ်ယောက်နှင့် နှစ်ယောက်တည်း ထားခဲ့ရသဖြင့် ပါးစပ်က တတွတ်တွတ် ရေရွတ်ရင်း မကျေမနပ်ဖြင့် ထွက်သွားရှာ၏။
ဟယ်ယုက အားနာစွာဖြင့် ပြုံးပြလိုက်၏။
“သူက ဒီလိုပါပဲ... သူ့ရဲ့ ရိုင်းပျမှုတွေအတွက် ကျွန်မ တောင်းပန်ပါတယ်... ဆရာကြီးလင်းအနေနဲ့ သူ့ကို အပြစ်မယူပါနဲ့နော်”
လင်းကျင်း စိတ်ထဲက ပြုံးလိုက်မိပြီး ‘မင်းတို့က တော်ဝင်မိသားစုဝင်တွေပဲ၊ ငါက ဘယ်လိုလုပ် အပြစ်ယူရဲပါ့မလဲ’ ဟု တွေးလိုက်သည်။
ထို့ပြင် ဟယ်ချန်းနှင့် တွေ့နေရသည်မှာ ယခုမှ မဟုတ်ပေ။ ထိုမိန်းကလေးမှာ စိတ်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်သူဖြစ်ပြီး လှည့်ကွက်ပတ်ကွက် မရှိမှန်း သူ သိထားသည်။ ဘဝနှစ်ခုစာ ရှင်သန်ခဲ့သည့် လင်းကျင်းအနေဖြင့် ကလေးမလေးတစ်ယောက်အပေါ် ရန်ငြိုးထားစရာ မရှိပေ။
အဆောင်ထဲတွင် လင်းကျင်းနှင့် ဟယ်ယုသာ ကျန်ရှိတော့သည်။ လင်းကျင်းက အချိန်မဆွဲတော့ဘဲ ဆိုလိုက်၏။
“အပ်စိုက်ကုသနိုင်ဖို့အတွက် အပြင်ဝတ်ရုံ ခဏချွတ်ပေးပါ”
ဟယ်ယုမှာ ခေတ္တမျှ မှင်တက်သွားပြီး ပါးပြင်လေးများ ရဲတက်လာတော့သည်။
အခန်းထဲတွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် နှစ်ယောက်တည်း ရှိနေချိန်တွင် ဝတ်ရုံချွတ်ခိုင်းသည်ဆိုတော့...။ သို့သော် အတွင်းဝတ်စုံ ကျန်နေသေးသဖြင့် သူမ စိတ်ကို ထိန်းလိုက်၏။ ကုသမှုကို ကြောက်ရွံ့နေလျှင်လည်း အကျိုးမရှိပေ။ ဆရာကြီးလင်း၏ အမူအရာမှာလည်း တည်ကြည်လှသဖြင့် သူမဘက်က အတွေးလွန်နေလျှင် ရိုင်းရာကျပေလိမ့်မည်။
ထို့ကြောင့် ဟယ်ယုသည် အပြင်ဝတ်ရုံကို ချွတ်လိုက်တော့၏။
“ကျေးဇူးပြုပြီး ထိုင်ပါဦး”
လင်းကျင်းသည် ဤသို့ပြောသော်လည်း အပ်များကို ထုတ်မလာသေးပေ။ ဟယ်ယုသည်လည်း စပ်စုချင်သော်လည်း ကုလားထိုင်တွင် တည့်တည့်ထိုင်ကာ လင်းကျင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေမိသည်။
နောက်တစ်ခဏတွင်တော့ လင်းကျင်း၏ လက်ချောင်းများ လှုပ်ရှားသွားသည်ကို သူမ မြင်လိုက်ရ၏။ သူမ ဘာမှ မမြင်လိုက်ရသော်လည်း ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှား၍ မရတော့ဘဲ ဖြစ်သွားရသည်။ ထိုသို့ ရုတ်တရက်ကြီး ဖြစ်သွားသဖြင့် သူမ စိတ်ထဲတွင် ထိတ်လန့်သွားမိ၏။
စကားပြောရန် ကြိုးစားသော်လည်း အသံက ထွက်မလာပေ။
ဒါဟာ လင်းကျင်း၏ လက်ချက်ပင်။
သူသည် ‘ရစ်ပတ်အပ်နည်းစနစ်’ ထဲရှိ ‘ဝိညာဉ်ပိတ်ဆို့အပ်’ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။ ကုသမှုဖြစ်စဉ်မှာ အတော်လေး ခံရခက်နိုင်သဖြင့် ဟယ်ယုလှုပ်ရှားမိပြီး ကုသမှုကို မထိခိုက်စေရန် သူမ၏ လှုပ်ရှားမှုကို တားဆီးထားခြင်း ဖြစ်သည်။
ဤအဆင့်သည် သူမ၏ ဝေဒနာကိုလည်း အနည်းငယ် သက်သာစေလိမ့်မည်။ သို့သော် ဝိညာဉ်ပိတ်ဆို့အပ်မှာ ထူးခြားလှပေသည်။ လင်းကျင်းအနေဖြင့် နာကျင်မှုကို ၈၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်သော်လည်း၊ ကျန်ရှိနေသည့် ၂၀ ရာခိုင်နှုန်းမှာပင် ဟယ်ယုကဲ့သို့ နုနယ်သူတစ်ဦးအတွက် အတော်လေး နှိပ်စက်ရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် သူမ နာကျင်လွန်းသဖြင့် အော်ဟစ်မိမှာ စိုး၍ အသံကိုပါ ပိတ်ထားလိုက်ခြင်း ဖြစ်၏။
ပြောရလျှင် လင်းကျင်းသည် ဤရစ်ပတ်အပ်နည်းစနစ်ကို လေ့ကျင့်နေသည်မှာ ကြာလှပေပြီ။ လူနာမရှိသည့် အချိန်များတွင်ပင် သူသည် အပ်များနှင့် ယဉ်ပါးအောင် အမြဲတမ်း လေ့ကျင့်နေတတ်သည်။
ဤနည်းစနစ်ထဲတွင် အပ်များကို ‘ပျံသန်း’ စေသည့် အတတ်တစ်ခု ပါဝင်၏။
လင်းကျင်းသည် လေ့ကျင့်နေစဉ်တစ်လျှောက်လုံး မြည်တမ်းနေခဲ့ဖူးသည်။ ဒဏ္ဍာရီထဲက သူရဲကောင်းများမှာ ဓားများကို ပျံသန်းစေပြီး မိုင်ပေါင်းများစွာ အကွာက မိစ္ဆာများကို နှိမ်နင်းနိုင်ကြသည်မှာ တကယ့်ကို ခန့်ညားလှ၏။
သူကျမှ... အပ်တွေကို ပျံသန်းခိုင်းနေရသည်။
ဤအပ်များမှာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်လှပြီး အလွန်မြန်သော အရှိန်ဖြင့် သွားနေချိန်တွင် ဖမ်းဆီးရန် ပို၍ပင် ခက်ခဲလှသည်။ မျက်စိဖြင့် မမြင်နိုင်ခြင်းကပင် ဤအပ်များ၏ လျှို့ဝှက်ချက် ဖြစ်၏။ အကယ်၍ သူသာ ဓားပျံသမားများကဲ့သို့ လှုပ်ရှားပြနေလျှင် အပ်ကို မမြင်ရသည့်သူများက သူ့ကို အရူးဟု ထင်ကြပေလိမ့်မည်။
ထူးခြားသည်မှာ ဤရစ်ပတ်အပ်နည်းစနစ်မှာ အဓိကအားဖြင့် တိုက်ခိုက်ရေးအတွက် ရည်ရွယ်ခြင်းပင်။ အသက်လုပွဲများတွင် ဤအပ်ငယ်လေးများမှာ တောက်ပြောင်လှသော ဓားများကဲ့သို့ပင် အသက်အန္တရာယ် ပေးနိုင်စွမ်း ရှိပေသည်။
တစ်ခါတစ်ရံတွင် ဓားများထက်ပင် ပို၍ သာလွန်တတ်၏။
၎င်းကို လုံးဝ အာရုံခံ၍ မရနိုင်ခြင်းက အားသာချက်ပင်။ ရန်သူ၏ ကိုယ်ထဲသို့ အပ်စိုက်ဝင်သွားသည်နှင့် မည်မျှပင် ကြမ်းတမ်းသော သားရဲဖြစ်စေ၊ မည်မျှပင် ကျွမ်းကျင်သော ပညာရှင်ဖြစ်စေ လင်းကျင်း၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်သွားရတော့မည်။
လင်းကျင်းသည် ဟယ်ယု နာကျင်မှု သိပ်မရှိစေရန် အပ်စိုက်မှတ်အချို့ကို ထိုးလိုက်သော်လည်း ဒါဟာ အစပျိုးရုံသာ ရှိသေးသည်။ ဝိညာဉ်ပိတ်ဆို့ခြင်း စတင်ချိန်တွင်တော့ သူမ တကယ့်ကို ခံစားရပေလိမ့်မည်။
ဒါကို သူ ကြိုတင် ရှင်းပြထားရမည်။
“မင်းသမီးခြောက်... အခု ကျုပ် အပ်စိုက်ပြီး ကျိန်စာသင့်နေတဲ့ ဝိညာဉ်ကို မင်းသမီးရဲ့ ညာဘက် လက်သန်းဆီကို အတင်းအဓမ္မ မောင်းထုတ်ပါ့မယ်... ဒီဖြစ်စဉ်မှာ နာကျင်မှု အနည်းငယ် ရှိနိုင်တာမို့ ကျေးဇူးပြုပြီး အောင့်ထားပေးပါ”
ညင်သာစွာ သတိပေးပြီးနောက် လင်းကျင်း စတင်လိုက်တော့၏။
‘သားရဲပြတိုက်’ ထဲရှိ ဖော်ပြချက်အရ ဟယ်ယု၏ သားရဲကျိန်စာကို ဖယ်ရှားရန် အဆင့်များစွာ လိုအပ်သည်။ ပထမအဆင့်မှာ ဝိညာဉ်ကို ပိတ်ဆို့ရန်ဖြစ်ပြီး လင်းကျင်းက ၎င်းကို ဟယ်ယု၏ လက်သန်းတွင် ပိတ်ဆို့ရန် စီစဉ်ထားခြင်း ဖြစ်၏။ ဤသို့လုပ်ခြင်းဖြင့် မမျှော်လင့်ဘဲ အန္တရာယ်တစ်ခုခု ကြုံလာလျှင် ထိုခြိမ်းခြောက်မှုကို ချက်ချင်း ဖယ်ရှားနိုင်မည် ဖြစ်သည်။
အဆိုးရွားဆုံး အခြေအနေတွင်တော့ ကျိန်စာကို ဖယ်ရှားရန် ထိုလက်သန်းကို ဖြတ်ပစ်ရုံသာ ရှိပေတော့သည်။
ဒါဟာ နောက်ဆုံးလက်နက်ဖြစ်ပြီး လင်းကျင်းအနေဖြင့် တတ်နိုင်သမျှ ရှောင်လွှဲချင်ပါသည်။ မင်းသမီးအနေဖြင့်လည်း သူမ၏ လက်ချောင်းကို မဖြတ်ချင်မှာ သေချာလှပေသည်။ ပြတိုက်ထဲတွင် ထိုသို့မဖြစ်စေရန်အတွက် အခြားသော နည်းလမ်းများကိုလည်း ပေးထားပါသေးသည်။
တစ်ခုမှာ ဝိညာဉ်ပိတ်ဆို့အပ်ကို သုံးရန်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ကျိန်စာကို ပိတ်ဆို့ထားနိုင်မည့် လက်စွပ်တစ်ခုကို ပြုလုပ်ကာ ဟယ်ယုကို ဝတ်ဆင်စေခြင်း ဖြစ်၏။
လင်းကျင်းအတွက်ကတော့ ဤနည်းလမ်းနှစ်ခုလုံးကို အောင်မြင်မှုဟု မသတ်မှတ်ပေ။ ကျိန်စာကို လူနာ၏ ကိုယ်ထဲမှ လုံးဝ ဖယ်ရှားပစ်နိုင်မှသာ သူ၏ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခြင်းဟု သတ်မှတ်မည် ဖြစ်သည်။
လင်းကျင်းသည် ဝိညာဉ်ပိတ်ဆို့ခြင်း အတတ်ကို စတင် လုပ်ဆောင်လိုက်၏။
ဟယ်ယု၏ ခန္ဓာကိုယ်မှာ ကုသမှုဖြစ်စဉ်ကြောင့် ချက်ချင်းပင် တုံ့ပြန်မှုများ ပြသလာပါတော့သည်။
အခန်း (၂၂၂) - နိမိတ်မကောင်းသော ရာသီဥတု
သူမ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ရုတ်တရက် ခံစားလိုက်ရသည့် နာကျင်မှုကြောင့် အော်ဟစ်မိတော့မတတ် ဖြစ်သွားရ၏။
အကယ်၍သာ သူမ၏ အသံကို ပိတ်မထားခဲ့လျှင် သူမသည် အခုအချိန်တွင် အကျယ်ကြီး အော်ဟစ်နေလောက်လေပြီ။
ထိုအစောပိုင်း နာကျင်မှုထက် နောက်မှ လိုက်လာသည့် ဝေဒနာမှာ ပို၍ပင် သည်းခံရခက်လှပေသည်။
သူမ၏ ခြေချောင်းလေးများမှာ ကွေးလိပ်နေပြီး နဖူးပေါ်တွင်လည်း ချွေးစက်များ စို့တက်လာ၏။
လင်းကျင်း၏ အမြင်တွင်တော့ ဟယ်ယု၏ ကိုယ်တွင်းရှိ ကျိန်စာမှာ ရူးသွပ်စွာ သောင်းကျန်းနေခြင်း ဖြစ်သည်။ သို့သော် ဝိညာဉ်ပိတ်ဆို့အပ်များက လမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့်၊ ထိုကျိန်စာသည် လင်းကျင်း မောင်းနှင်ရာ အရပ်သို့သာ ဆုတ်ခွာသွားရတော့၏။
အပြင်ဘက် ခြံဝင်းထဲတွင်တော့ လုဘင်သည် အဆောင်မကြီးကို စိုက်ကြည့်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ဟယ်ချန်းကတော့ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး ပါးစပ်ကလည်း တတွတ်တွတ် ရေရွတ်နေ၏။
“ဒီလင်းဆိုတဲ့လူက တကယ့်လူလိမ်ပဲ ဖြစ်ရမယ်... သူသာ ကုလို့မပျောက်ကြည့်... ငါ သူ့ကို ဘယ်လို ဆူပူပစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်”
သူမသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အထဲမှာ ဘာတွေဖြစ်နေသလဲဆိုသည်ကို သိချင်သဖြင့် အဆောင်အနားသို့ ကပ်ကာ ချောင်းကြည့်ရန် ပြင်သော်လည်း လုဘင်က သူမကို ဆွဲတားထား၏။
“ကျွန်မက ခဏလေး ကြည့်ချင်ရုံတင်ပါ... ဘာအသံမှလည်း မထွက်ပါဘူး၊ ဘာဖြစ်လို့လဲ”
ဟယ်ချန်းက ဆိုလိုက်သည်။ လုဘင်က ဘာမှ ပြန်မပြောသဖြင့် ညှိနှိုင်း၍ မရမှန်း သူမ သိလိုက်၏။
“ဟင်း... ဒါပေမဲ့ ကျွန်မ စောင့်နေတဲ့ အဲဒီလူသာ ရောက်လာရင်၊ သူကတော့ အစ်မယုရဲ့ ကျိန်စာကို သေချာပေါက် ဖယ်ရှားပေးနိုင်မှာပဲ”
လုဘင်သည် မကြာသေးမီက မြို့တော်တွင် မရှိသဖြင့် ဤအကြောင်းကို မကြားမိခဲ့ပေ။
“အော်... မင်းသမီးခုနစ်ကလည်း ဟယ်ယုအတွက် ဆရာဝန် သွားရှာထားသေးတာလား”
လုဘင်မှာ ပျင်းနေသဖြင့် ဟယ်ချန်းနှင့် စကားစမြည် ပြောရန် ဆုံးဖြတ်လိုက်၏။
“ဆရာဝန်ဟုတ်လား”
ဟယ်ချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“ကျွန်မ ရှာထားတဲ့ ပညာရှင်က ဆရာဝန် မဟုတ်ဘူး... ဒါပေမဲ့ ဆရာဝန်တွေထက် အများကြီး သာတယ်... သူသာ ရောက်လာရင် အစ်မယုရဲ့ ကျိန်စာကို သေချာပေါက် ဖယ်ရှားပေးမှာ”
သူမ၏ လေသံနှင့် အမူအရာမှာ အလွန်ပင် ယုံကြည်မှု ရှိနေပုံရပေသည်။
လုဘင်သည် ဟယ်ချန်း၏ စရိုက်ကို သိထားသဖြင့် စိတ်ထဲ မထားပေ။ ဟယ်ချန်းသည် စနောက်နေခြင်း ဖြစ်စေဦးတော့၊ ညီအစ်မနှစ်ယောက်၏ သံယောဇဉ်ကိုတော့ သူ လုံးဝ သံသယ မရှိခဲ့ဖူးပေ။
ဟယ်ယုသည် ငယ်စဉ်ကတည်းက ဤကျိန်စာကို ခံစားနေရသူဖြစ်ရာ၊ တော်ဝင်မိသားစုဝင် အများစုမှာ သူမကို ရှောင်ကြဉ်ကြသည်။ ထိုကျိန်စာ မိမိတို့ထံ ကူးစက်လာမည်ကို ကြောက်ရွံ့ကြသဖြင့် ဟယ်ယုနှင့် ဝေးဝေးတွင် နေကြခြင်း ဖြစ်၏။
ဟယ်ချန်း တစ်ယောက်သာလျှင် အစ်မဖြစ်သူနှင့် အရင်းနှီးဆုံးဖြစ်ပြီး သူမထံသို့ မကြာခဏ လာရောက်လေ့ရှိသည်။
လုဘင်သည် အခြားသော တော်ဝင်မိသားစုဝင်များကို လျစ်လျူရှုထားသော်လည်း ဟယ်ချန်းကိုတော့ ထိုသို့ မဆက်ဆံပေ။
“မင်းသမီးခုနစ်... မင်းသမီးခြောက်ရဲ့ ကိုယ်ပေါ်က ကျိန်စာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို နားလည်ထားသင့်တယ်... ဆယ်စုနှစ်များစွာအတွင်း ဒီကျိန်စာသင့်တဲ့ မိန်းကလေး တစ်ယောက်မှ အရွယ်ရောက်တဲ့ အခမ်းအနားကို ကျော်လွန်ပြီး အသက်မရှင်နိုင်ခဲ့ကြဘူး... အခု မင်းသမီးခြောက်ရဲ့ အခမ်းအနားကျင်းပဖို့ ဆယ်ရက်ပဲ လိုတော့တယ်... ကျုပ် ဖိတ်ခေါ်လာတဲ့ ဆရာကြီးလင်းက တကယ်ကို အစွမ်းထက်ပါတယ်... သေခါနီးလာလေ နာကျင်မှုက ပိုဆိုးလာလေဆိုတာ ကျုပ် ပြောဖူးတယ်မလား... အရင်လူတွေဆိုရင် ဒီအချိန်မှာ အိပ်ရာပေါ်ကတောင် မထနိုင်ကြတော့ဘူး... ဆရာကြီးလင်း ပေးတဲ့ ဆေးနည်းကြောင့်သာ မင်းသမီးခြောက်က အခုလို တက်တက်ကြွကြွ ရှိနေတာပါ... မင်းသမီးခုနစ် ရှာထားတဲ့လူကို ကျုပ်အယုံအကြည် မရှိတာ မဟုတ်ပေမဲ့၊ အခု ကျန်နေတဲ့ အချိန်လေးကိုတော့ အလဟဿ အကုန်မခံနိုင်ဘူး”
ဟယ်ချန်းသည် လုဘင်၏ စကားကို တွေးတောပြီးမှ သူ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွား၏။
ဒါဟာ လုဘင်က သူမကို မယုံကြည်သေးဘူး ဆိုသည့် သဘောပင်။
ဟယ်ချန်း ဒေါသထွက်သွားသည်။
“ဦးလေးလု... ကျွန်မထင်တာတော့ ဦးလေးလုကသာ အချိန်ဖြုန်းနေတာပါ... ဒီလင်းဆိုတဲ့လူက အရမ်းငယ်သေးတာ၊ ဘယ်လောက်များ တော်မှာမို့လို့လဲ... ဟင်း... ထားပါတော့လေ။ ဦးလေးလုကမှ ကျွန်မကို မယုံတာ၊ ပြောနေလည်း အပိုပဲ။ ကျွန်မရှာထားတဲ့လူ ရောက်လာရင်တော့ သူ ဘယ်လောက်တော်လဲဆိုတာ ဦးလေး သိသွားမှာပါ”
ဟယ်ချန်းသည် မကျေမနပ်ဖြင့် ငြိမ်နေလိုက်တော့၏။
လုဘင်က သက်ပြင်းချကာ ဘာမှ ထပ်မပြောတော့ပေ။
ပြောရလျှင် လင်းကျင်း၏ ကုသမှုမှာ အတော်လေး ကြာမြင့်နေခဲ့လေပြီ။
အဆောင်မကြီးအတွင်း၌...။
ဟယ်ယု၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်နေ၏။ နာကျင်မှုမှာ အလွန်ပြင်းထန်လှသဖြင့် သူမသည် အကြိမ်ပေါင်းများစွာ သတိလစ်မတတ် ဖြစ်သွားရသော်လည်း သတိကတော့ ပို၍ပင် ကြည်လင်နေမြဲ ဖြစ်သည်။
သူမ၏ ဝိုင်းစက်သော မျက်လုံးများမှာ လင်းကျင်းကို စိုက်ကြည့်နေ၏။ သူမ၏ အကြည့်မှာ လင်းကျင်းကို နာကျည်းနေခြင်းလား သို့မဟုတ် ကယ်တင်ရန် တောင်းပန်နေခြင်းလားဆိုသည်မှာ မသေချာပေ။
သို့သော် အပ်စိုက်နေသည့် လင်းကျင်းမှာလည်း အခြေအနေ သိပ်မကောင်းလှပေ။
သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူနေပြီး နဖူးပေါ်တွင်လည်း ချွေးများဖြင့် စိုရွှဲနေ၏။ အပ်စိုက်ရုံမျှသာ ဖြစ်သော်လည်း ဤလုပ်ငန်းစဉ်မှာ စွမ်းအင် အမြောက်အမြားကို ကုန်ဆုံးစေခြင်း ဖြစ်သည်။
အပ်တစ်ချက် ထိုးလိုက်တိုင်း သူ၏ စိတ်စွမ်းအင်များ လျော့ပါးသွားရ၏။
ကုသမှု စတင်ကတည်းက သူသည် အပ်ပေါင်း တစ်ရာကျော်ကို ထိုးစိုက်ခဲ့ပြီး ဖြစ်ရာ၊ စိတ်စွမ်းအင် မည်မျှ ကုန်ဆုံးသွားမည်ကို မှန်းဆကြည့်နိုင်ပေသည်။ လင်းကျင်းသည် စွမ်းအင်ပြန်လည်ရရှိရန်အတွက် ဆေးလုံး နှစ်လုံးကိုပင် မြိုချခဲ့ရ၏။
ကံကောင်းထောက်မစွာဖြင့် အရာအားလုံးမှာ သူစီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ဟယ်ယု၏ ကိုယ်တွင်းရှိ ကျိန်စာများကို အင်္ဂါအစိတ်အပိုင်းတိုင်းမှ မောင်းထုတ်နိုင်ခဲ့ပြီး ၎င်းတို့ကို ညာဘက်လက်သို့ စုစည်းပေးနိုင်ခဲ့လေပြီ။
အကယ်၍ ဟယ်ယု၏ ညာဘက်လက်ကို ကြည့်လိုက်လျှင် ခရမ်းရောင် အကွက်ကြီးတစ်ခုကို မြင်ရမည်ဖြစ်ပြီး၊ ထိုအကွက်မှာ လက်ဖဝါးနှင့် လက်ချောင်းများဆီသို့ တဖြည်းဖြည်း ရွေ့လျားနေ၏။
ထိုအချိန်မှာပင် မြို့တော်ရှိ ဘုရားကျောင်းတစ်ခုအတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင်တော့ ကျောက်စိမ်းနဂါးမြို့တော်၏ ကောင်းကင်ယံမှာ နိမိတ်မကောင်းသော မီးခိုးရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားတော့၏။
အပြင်ဘက်တွင် နေသာနေခဲ့သဖြင့် ရာသီဥတု ဤမျှ ရုတ်တရက် ပြောင်းလဲသွားမည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
လမ်းသွားလမ်းလာများမှာ အလျင်အမြန် သွားလာကြသလို၊ လူကြီးအချို့ကတော့ ကောင်းကင်ကို ကြည့်ကာ မှတ်ချက်ပေးကြ၏၏။
“မိုးရွာတော့မယ် ထင်တယ်”
ဈေးသည်များမှာ ဆိုင်များကို သိမ်းဆည်းကြပြီး၊ ထီးပါလာသူများကတော့ ထီးများကို ဖွင့်လိုက်ကြသည်။ အမျိုးသမီးများမှာလည်း လှန်းထားသော အဝတ်များ မိုးစိုမှာစိုးသဖြင့် အိမ်ထဲမှ ပြေးထွက်ကာ အလျင်အမြန် သိမ်းကြ၏။
နန်းတော်အတွင်း၌တော့ ဧကရာဇ် ဟယ်ရွှမ်သည် အဆောင်တော်ထဲမှ အလျင်အမြန် ထွက်လာပြီး အဝေးရှိ ဘုရားကျောင်းကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။
“အမတ်ယွီ ဘယ်မှာလဲ”
ဟယ်ရွှမ်က မေးလိုက်ရာ တစ်စုံတစ်ယောက်က ပြန်ဖြေ၏။ “အမတ်ယွီက အခြေအနေကို စုံစမ်းဖို့ နဂါးဘုရားကျောင်းကို သွားနေပါတယ်”
ထိုစကားအဆုံးမှာပင် တစ်စုံတစ်ယောက်က လေကို စီးနှင်းကာ ရောက်ရှိလာပြီး သတင်းပို့လေသည်။
“အရှင်မင်းကြီး... တစ်ခုခု ဖြစ်နေပါပြီ”
မကြာမီမှာပင် အမတ်ယွီသည် နိမိတ်မကောင်းသော မျက်နှာထားဖြင့် စစ်သည်တော်များကို ဦးဆောင်ကာ ဆဋ္ဌမမင်းသမီး ဟယ်ယု၏ စံအိမ်တော်ဆီသို့ ရောက်ရှိလာတော့၏။
သူတို့ကို တံခါးဝတွင် လုဘင်က တားဆီးထားလိုက်သည်။
လုဘင်ကို မြင်သည်နှင့် အမတ်ယွီသည် ရန်လိုနေသော်လည်း ယဉ်ယဉ်ကျေးကျေးပင် ဆက်ဆံလိုက်၏။
“ဗိုလ်ချုပ်လု... ခင်ဗျား ဘာလို့ ဒီမှာ ရှိနေတာလဲ”
လုဘင်သည်လည်း ဤအမတ်ယွီကို ကြည့်မရပေ။
“ဪ... ကျုပ်ဘယ်သွားသွား အမတ်ယွီကို အစီရင်ခံနေရဦးမှာလား”
“ဟားဟား... ဗိုလ်ချုပ်လုကတော့ နောက်နေပြန်ပြီ”
အမတ်ယွီသည် အဆောင်ထဲသို့ လှမ်းကြည့်ရန် ကြိုးစားသော်လည်း လုဘင်က ရှေ့သို့ တစ်လှမ်းတိုးကာ ပိတ်ဆို့ထားလိုက်၏။
“အမတ်ယွီ... ခင်ဗျားက နိုင်ငံရဲ့ စစ်ရေးကိစ္စတွေကို စီမံနေရတဲ့သူ မဟုတ်လား... ဘာလို့ နန်းတွင်းဆောင်တွေဆီ ရောက်လာတာလဲ... လျှောက်လည်နေရအောင် ခင်ဗျားမှာ အချိန်တွေ အဲဒီလောက်တောင် ပိုနေလို့လား”
လုဘင်၏ စကားများမှာ အတော်လေး ရိုင်းပျလှသလို စိန်ခေါ်မှုများလည်း ပါဝင်နေ၏။ အမတ်ယွီကတော့ စိတ်ထဲမထားပေ။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင်၊ ကောင်းကင်ယံရှိ မှောင်မိုက်သော တိမ်တိုက်များမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး နေရောင်ခြည်များ ပြန်လည် ထွက်ပေါ်လာသဖြင့် သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
“ကျုပ်က စစ်တပ်ကို ဦးဆောင်ပြီး ကင်းလှည့်နေတာပါ၊ ဘာမှမဟုတ်ပါဘူး”
ထို့နောက် အမတ်ယွီသည် ခြံထဲရှိ ဟယ်ချန်းကို မြင်သွားသဖြင့် ဂါရဝပြုလိုက်၏။
“မင်းသမီးခုနစ်လည်း ဒီမှာ ရှိနေတာကိုး”
“မင်္ဂလာပါ... အမတ်ယွီ”
ဟယ်ချန်းကတော့ အခုအချိန်တွင် အတော်လေး ယဉ်ကျေးပြနေ၏။
သူမသည် ရင်းနှီးသူများနှင့်သာ ပွင့်ပွင့်လင်းလင်း နေတတ်သော်လည်း၊ အပြင်လူများနှင့် ဆိုလျှင်တော့ အလွန်ပင် ယဉ်ကျေးသိမ်မွေ့သော မင်းသမီးလေးတစ်ပါးကဲ့သို့ နေတတ်ပေသည်။
“မင်းသမီးခြောက် ဘယ်မှာလဲ”
အမတ်ယွီက မေးလိုက်သည်။
ထိုစဉ် အထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။
“အပြင်မှာ ဘယ်သူတွေ စကားပြောနေတာလဲ”
ဒါဟာ ဟယ်ယု၏ အသံပင်။
မကြာမီမှာပင် မျက်နှာ အနည်းငယ် ဖြူလျော်နေသော ဟယ်ယုထွက်လာ၏။ အပြင်ရှိ လူအုပ်ကို မြင်သောအခါ သူမက အသာအယာ ပြုံးပြလိုက်ပြီး မေးလိုက်သည်။
“အမတ်ယွီနဲ့ စစ်သည်တွေ ဘာကိစ္စရှိလို့ လာကြတာလဲ”
အမတ်ယွီသည် ဟယ်ယုကို သေချာစွာ အကဲခတ်ကြည့်သော်လည်း ထူးခြားမှုကို မတွေ့သဖြင့် ပြန်ဖြေလိုက်၏။
“ဘာမှမဟုတ်ပါဘူး... နန်းတော်ဝင်းအတွင်း ကင်းလှည့်ဖို့ အမိန့်အရ လာခဲ့တာပါ... မင်းသမီးတို့ကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”
ထိုသို့ ပြောပြီးနောက်တွင်တော့ သူသည် စစ်သည်များကို ဦးဆောင်ကာ ဧကရာဇ် ဟယ်ရွှမ်ထံသို့ အခြေအနေ သွားရောက် အစီရင်ခံရန် ထွက်ခွာသွားပါတော့သည်။
ဟယ်ယုသည် ဤအခြေအနေကြောင့် လန့်သွားပုံ မရပေ။ သို့သော် သူမကို အံ့ဩစေသည့်အရာမှာ သူမ၏ ကိုယ်ထဲတွင် အလွန်ပင် နေလို့ကောင်းနေခြင်းပင်။ ပုခုံးပေါ်က တောင်ကြီးတစ်လုံး ကျသွားသကဲ့သို့ ခံစားနေရ၏။
သူမသည် ဖြူလျော်နေသေးသော်လည်း သူမ၏ အကြည့်များတွင်တော့ အသက်ဝင်မှုများ ပြန်လည် ရှိနေလေပြီ။ သူမ၏ မျက်လုံးများမှာ ယခင်ကကဲ့သို့ မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များ မရှိတော့ဘဲ၊ သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ ကြည်လင်တောက်ပနေပါတော့သည်။
အမတ်ယွီ ထွက်သွားသည်နှင့် ဟယ်ချမ်းက သူမ၏ အခြေအနေကို အပြေးအလွှား မေးမြန်းတော့၏။ လုဘင်သည်လည်း ဟယ်ယုကို သေချာကြည့်ကာ သူမ၏ ပြောင်းလဲမှုကြောင့် အလွန်ပင် ဝမ်းသာသွားရသည်။
ဟယ်ယု၏ အခြေအနေမှာ ယခင်ကထက် များစွာ ကောင်းမွန်နေမှန်း သူ သိလိုက်သည်။ ယခင်က ဟယ်ယုသည် ဆေးလုံးကြောင့်သာ အိပ်ရာပေါ်မှ ထနိုင်ခြင်းဖြစ်သော်လည်း အမြဲတမ်း စိတ်ဓာတ်ကျကာ အားအင်ချည့်နဲ့နေခဲ့သည်။
အခုတော့ သူမသည် အနည်းငယ် ဖြူလျော်နေသေးသော်လည်း မျက်နှာတွင် သွေးရောင်လေးများ ရှိနေသလို၊ အရင်ကထက်လည်း ပိုမို တက်ကြွ လန်းဆန်းနေပုံရပေသည်။