← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 12 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 12 Ch. 225-226

​အခန်း (၂၂၅) - ကုရခက်သော ဝေဒနာ

​သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ ခန်းမတစ်ခုအတွင်းတွင် အကဲဖြတ်မှူးအချို့မှာ တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် ရှိနေကြ၏။

​ထိုအကဲဖြတ်မှူးများ၏ လက်မောင်စွပ်များပေါ်တွင် အမှတ်အသား နှစ်ကွင်းစီ ပါရှိကြသည်။ အချို့မှာ လက်ကို နောက်ပစ်ကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေကြသလို၊ အချို့ကတော့ စုတ်တံများကို ကိုင်လျက် စားပွဲပေါ်ရှိ စာအုပ်များကို မှင်တက်စွာ စိုက်ကြည့်နေကြ၏။

​“ဒါက ခက်တယ်... အရမ်းခက်တာပဲ”

​“ခက်တာတင် ဘယ်ကမလဲ...ဒါကို ကုဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်သလောက်ပဲ”

​“အဆင့် ၃အကဲဖြတ်မှူးတစ်ယောက်ယောက်ကို သွားခေါ်ပြီးပြီလား”

​“ခေါ်တော့ ခေါ်ထားတယ်... ဒါပေမဲ့ သူတို့အားလုံးက အလုပ်ရှုပ်နေကြတာဆိုတော့ အခုချက်ချင်း လာနိုင်မှာ မဟုတ်ဘူး”

​အဆင့် (၂) အကဲဖြတ်မှူးများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးနေကြသည်။

​သူတို့နှင့် မနီးမဝေး ကြမ်းပြင်ပေါ်တွင်တော့ သားရဲကြီးတစ်ကောင် လဲလျောင်းနေ၏။

​၎င်းမှာ သာမန်သားရဲ မဟုတ်ပေ။ အရှည် ပေနှစ်ဆယ်ခန့်ရှိပြီး ကြမ်းတမ်းသော အကြေးခွံများ ဖုံးလွှမ်းထားသည့် ဖွတ်ကြီးတစ်ကောင်နှင့် တူသည်။ စည်ပိုင်းတစ်ခုစာခန့် ရှိသော ဦးခေါင်းထက်တွင် ချွန်ထက်သော ဦးချိုတစ်ခု ထွက်နေပြီး၊ ခြေလက်များမှာလည်း သစ်ပင်ပင်စည်များကဲ့သို့ တုတ်ခိုင်လှ၏။ ဤသတ္တဝါမှာ ‘မော်နီတာ’ ဖွတ်သားရဲ၏ ရှားပါးမျိုးကွဲတစ်ခု ဖြစ်မှန်း သိသာလှသည်။ ကြမ်းပြင်ပေါ်တွင် အားနည်းစွာ လဲလျောင်းနေသော်လည်း အနည်းငယ် ပွင့်နေသော မျက်လုံးများမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

​၎င်းမှာ အဆင့် (၃) သားရဲတစ်ကောင် ဖြစ်၏။

​ကျောက်စိမ်းနဂါးမြို့တော်တွင် အဆင့် (၃) သားရဲများကို တွေ့ရတတ်သည်ဆိုသော်လည်း သာမန်လူများ ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။ များသောအားဖြင့် ချမ်းသာကြွယ်ဝသော မှူးမတ်များသာ ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။

​အထူးသဖြင့် ဤကဲ့သို့သော မော်နီတာဖွတ်မျိုးဆိုလျှင် ပို၍ပင် တန်ဖိုးကြီးလှ၏။

​နဂါးမျိုးနွယ်နှင့် ဆက်နွှယ်နေသော သားရဲများမှာ အလွန်ပင် တန်ဖိုးရှိသည်ဟု လူသိများသည်။ ၎င်းတို့မှာ ရှားပါးရုံသာမက သာမန်သားရဲများထက် ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး မြင့်မြတ်ကြ၏။ ဤဖွတ်သားရဲ၏ ပိုင်ရှင်မှာ ဧကရာဇ်၏ ဆွေမျိုးတော်စပ်သူ မင်းသားယုပင် ဖြစ်သည်။

​မင်းသားယုမှာ ဧကရာဇ်၏ ညီတော်အရင်းဖြစ်ရာ တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်၏။ ထို့ကြောင့် သားရဲအကဲဖြတ်မှူး အသင်းချုပ်အနေဖြင့် သူ၏ သားရဲကို ကုသရာတွင် အထူးပင် ဂရုစိုက်ရလေသည်။

​သို့သော်လည်း ဤဖွတ်သားရဲမှာ အဆင့် (၂) အကဲဖြတ်မှူးများအတွက်တော့ ခေါင်းခဲစရာ ဖြစ်နေရ၏။

​သူတို့ သိထားသမျှ ဆေးဝါးအားလုံးကို သုံးခဲ့ပြီးပြီ။

​ဂါထာမန္တန်များကိုလည်း ရွတ်ဖတ်ခဲ့ပြီးပြီ။

​သို့သော် တစ်ခုမှ မအောင်မြင်ခဲ့ပေ။ ထို့ပြင် ဖွတ်သားရဲ၏ အခြေအနေမှာ အစကထက်ပင် ပိုမို ဆိုးရွားလာပုံရသည်။ အခုဆိုလျှင် လုံးဝ မလှုပ်ရှားနိုင်တော့သဖြင့် အကယ်၍ မိမိတို့လက်ထဲတွင် သေဆုံးသွားခဲ့လျှင် ဘယ်လိုလုပ်ရပါ့မလဲဟု တွေးကာ အဆင့် (၂) အကဲဖြတ်မှူးများမှာ ထိတ်လန့်နေကြတော့သည်။

​“ငါတို့ ဘာမှ မတတ်နိုင်တော့ဘူး”

​“အခုချက်ချင်း အဆင့် (၃) အကဲဖြတ်မှူးတစ်ယောက်ယောက်ကို ရအောင် သွားခေါ်ကြတာ ပိုကောင်းလိမ့်မယ်”

​အပြင်ဘက်တွင်တော့ လင်းကျင်းသည် သူဖြတ်သွားသမျှ သားရဲများကို အသာအယာ ထိတွေ့ကြည့်ရင်း သူ၏ ပြတိုက်မှတ်တမ်းထဲတွင် အချက်အလက်များ ဖြည့်တင်းနေ၏။ သို့သော် သူသည် ယခင်ကကဲ့သို့ ဇောက်ချလုပ်နေခြင်းမျိုးတော့ မဟုတ်တော့ပေ။

​သူ ပြတိုက်ထဲတွင် မှတ်တမ်းတင်ထားသည့် သားရဲအရေအတွက်မှာ အတော်လေး များပြားနေပြီ ဖြစ်သော်လည်း၊ နောက်ထပ် ဆုလာဘ်တစ်ခု ရရှိရန်အတွက်တော့ အလှမ်းဝေးနေပါသေးသည်။

​ထို့ကြောင့် လင်းကျင်းသည် အတင်းအဓမ္မ ကြိုးစားမနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် အဆင့်တစ်ခုအတွက် သားရဲအသစ် တစ်သောင်းခန့် မှတ်တမ်းတင်ရန် လိုအပ်သောကြောင့် ဖြစ်၏။

​ဒါကို အလောတကြီး လုပ်ရန်မှာ အဓိပ္ပာယ် မရှိပေ။

​ဤကဲ့သို့သော အခြေအနေမျိုးတွင် ဧည့်သည်အကဲဖြတ်မှူးတစ်ဦးအနေဖြင့် လင်းကျင်းကို လိုက်လံပြသမည့်သူ ရှိရမည် ဖြစ်သော်လည်း၊ သူ ဤနေရာတွင် သိသည့်လူဟူ၍ တန်ရွှင်းတစ်ယောက်သာ ရှိသည်။

​ထို့ကြောင့် သူသည် တန်ရွှင်းထံသို့ လာရောက်လည်ပတ်ခြင်း ဖြစ်၏။

​မထွက်ခွာမီက တန်လင်းသည် သူမ၏ ဖခင်ထံသို့ စာတစ်စောင် ရေးပေးခဲ့ပြီး လင်းကျင်းကို ပေးခိုင်းခဲ့သဖြင့် သူသည် ဘယ်လိုပင်ဖြစ်စေ ဤနေရာသို့ လာရမည် ဖြစ်သည်။

​“လူကြီးမင်း... သားရဲအကဲဖြတ်ဖို့ ဒါမှမဟုတ် ကုသဖို့လာတာဆိုရင် ဟိုဘက်က တန်းစီတဲ့နေရာမှာ သွားစောင့်ပေးပါ”

​အသင်းချုပ်၏ တံခါးဝတွင် ကင်းစောင့်နေသော အစောင့်တစ်ဦးက လင်းကျင်းကို မြင်သောအခါ ယဉ်ကျေးစွာပင် တားမြစ်လိုက်၏။

​လင်းကျင်း ရပ်လိုက်သလို ရှောင်ဟော့နှင့် မျောက်ဖြူကြီးတို့သည်လည်း ရပ်လိုက်ကြသည်။ သားရဲနှစ်ကောင်မှာတော့ ဘေးဘီဝဲယာကို စပ်စုလိုစိတ်ဖြင့် ကြည့်နေကြဆဲပင်။

​လင်းကျင်းက ဂါရဝပြုလိုက်ပြီး ဆိုလိုက်သည်။

“ကျုပ်က မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်က လင်းကျင်းပါ... အကဲဖြတ်မှူး တန်ရွှင်းဆီကို လာတွေ့တာပါ၊ ကျေးဇူးပြုပြီး အကြောင်းကြားပေးပါဦး”

​စစ်သည်တော်သည် လင်းကျင်း၏ လက်မောင်စွပ်ပေါ်ရှိ အကွင်းနှစ်ကွင်းပါသော အမှတ်အသားကို မြင်လိုက်ရသောအခါ အံ့ဩသွား၏။

​မြို့တော်ရှိ အသင်းချုပ်တွင် သားရဲအကဲဖြတ်မှူးများစွာ ရှိသည်။ မြို့ငယ်လေးများတွင် အဆင့် (၂) အကဲဖြတ်မှူးမှာ ရှားပါးလှသော်လည်း၊ ဤအသင်းချုပ်တွင်တော့ နေရာအနှံ့ တွေ့နိုင်ပေသည်။ ထို့ပြင် ဤနေရာတွင် အဆင့် (၂) အကဲဖြတ်မှူးများသာ ကိုယ်ပိုင် အကဲဖြတ်ခန်းမများ ရနိုင်ပြီး၊ အဆင့် (၁) အကဲဖြတ်မှူးများမှာ လက်ထောက်အဖြစ်သာ လုပ်ကိုင်ခွင့်ရှိသည်ဟူသော စည်းကမ်းရှိ၏။

​“မေပယ်မြို့က အကဲဖြတ်မှူးဆိုရင်တော့ အထဲမှာ ဝင်စောင့်လို့ ရပါတယ်... အကဲဖြတ်မှူးတန်ကို ကျွန်တော်တို့ အကြောင်းကြားပေးပါ့မယ်”

စစ်သည်တော်သည် လင်းကျင်းကို ရိုသေစွာဖြင့် အထဲသို့ ခေါ်ဆောင်သွား၏။ ထိုသို့ ခေါ်သွားစဉ်တွင်လည်း သူသည် ရှောင်ဟော့နှင့် မျောက်ဖြူကြီးကို ခိုးကြည့်နေမိသည်။ အကြောင်းရင်း နှစ်ခုရှိ၏။ တစ်ခုမှာ ထိုသားရဲနှစ်ကောင်၏ အရှိန်အဝါကြောင့်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ထိုသားရဲနှစ်ကောင်ထဲမှ မည်သည့်အကောင်မှာ ဤလူငယ်အကဲဖြတ်မှူး၏ သားရဲဖြစ်သနည်းဆိုသည်ကို သိချင်နေခြင်း ဖြစ်သည်။

​သူတို့သည် ဧည့်ခန်းငယ်တစ်ခုသို့ ရောက်ရှိလာကြသည်။ စစ်သည်တော်က လင်းကျင်းကို နေရာချပေးပြီးနောက် တန်ရွှင်းထံသို့ သတင်းပို့ရန် ထွက်သွားပါတော့သည်။

​အခန်းမှာ သိပ်မကြီးသော်လည်း သန့်ရှင်းသပ်ရပ်လှ၏။ စားပွဲပေါ်တွင် လက်ဖက်ရည် အဆင်သင့်ရှိနေသလို၊ နံရံများတွင်လည်း အခြေခံ သားရဲအကဲဖြတ်ခြင်းဆိုင်ရာ ဆေးနည်းများကို ချိတ်ဆွဲထားသည်။

​မကြာမီ ခြေသံများနှင့်အတူ တန်ရွှင်း၏ ရင်းနှီးနေသော အသံကို တံခါးအပြင်ဘက်မှ ကြားလိုက်ရ၏။

​“အကဲဖြတ်မှူးလင်းက ဒီအထိ အရောက်လာတာလား”

​အဖြေမရမီမှာပင် တန်ရွှင်းသည် အထဲသို့ ဝင်လာပါတော့သည်။

​လင်းကျင်းသည် အလျင်အမြန် ထကာ ဂါရဝပြုလိုက်၏။

“ဂါရဝပြုပါတယ်... အကဲဖြတ်မှူး တန်ရွှင်း”

​“ဟားဟား... အားမနာပါနဲ့ အကဲဖြတ်မှူးလင်းရာ... မင်းက ကျုပ်သမီးရဲ့ ကျေးဇူးရှင်ပဲဟာ... ကျုပ်ကိုယ်တိုင်လည်း မင်းဆီ လာလည်ဖို့ စဉ်းစားနေတာ၊ အခုတော့ မင်းက အရင် ရောက်လာတာပေါ့... ဒါလည်း ကောင်းတာပါပဲ.. ကဲ... ဒါနဲ့ နောက်ကျရင် မြို့တော်မှာ နာမည်ကြီးတဲ့ ‘ယန်ချွန်း’ စံအိမ်ကို သွားပြီး အကောင်းဆုံး ဟင်းလျာတွေကို မြည်းစမ်းကြတာပေါ့”

တန်ရွှင်းက တက်ကြွစွာ ကမ်းလှမ်းလိုက်သည်။

​တန်လင်းထံမှ လာသမျှ စာတိုင်းတွင် လင်းကျင်း၏ အမည်မှာ အမြဲတမ်း ပါဝင်နေတတ်၏။ သူ၏ ချစ်လှစွာသော သမီးဖြစ်သူမှာ လင်းကျင်းကို မည်မျှ လေးစားကြောင်းနှင့်၊ လင်းကျင်းက သူမ၏ အခက်အခဲများကို မည်သို့ ကူညီဖြေရှင်းပေးခဲ့ကြောင်း တန်ရွှင်း သိထားသည်။

​တန်လင်းသည် လင်းကျင်း၏ သားရဲအကဲဖြတ်နိုင်စွမ်းနှင့် ပတ်သက်၍လည်း မကြာခဏ ပြောပြတတ်၏။

​ဒါကိုတော့ လင်းကျင်းကိုယ်တိုင် လုံးဝ မသိခဲ့ပေ။

​တန်လင်းသည် မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူကတည်းက လင်းကျင်းကို အထူးပင် သတိထား စောင့်ကြည့်ခဲ့ပြီး၊ သူ၏ အကဲဖြတ် အစီရင်ခံစာတိုင်းကို သေချာစွာ လေ့လာခဲ့သည်။

​သူမ ဖတ်ရလေလေ၊ လင်းကျင်း၏ အစွမ်းမှာ မည်မျှ နက်နဲကြောင်း သူမ ပို၍ သိလာရလေလေပင်။

​တန်လင်းကိုယ်တိုင်မှာလည်း အဆင့် (၂) အကဲဖြတ်မှူး ဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းက တန်ရွှင်းကဲ့သို့သော ပညာရှင်ထံမှ သင်ကြားခွင့် ရခဲ့သဖြင့် အခြားသော အကဲဖြတ်မှူးများထက် သာလွန်ခဲ့သည်။ ထို့ကြောင့် တန်ဖိုးရှိသော အစီရင်ခံစာတစ်ခုတွင် မည်သည့်အချက်များ ပါဝင်ရမည်ကို သူမ ကောင်းကောင်း သိထား၏။

​လင်းကျင်း၏ အစီရင်ခံစာများမှာတော့ စံနမူနာကောင်းများပင် ဖြစ်သည်။

​သားရဲအကဲဖြတ်ခြင်းနှင့် ကုသခြင်းဆိုင်ရာ မှတ်တမ်းများမှာ အသေးစိတ်ကျလှသလို၊ အစီအစဉ်လည်း ကျနပြီး ခိုင်လုံသော အချက်အလက်များဖြင့် ပြည့်နှက်နေသည်။ ရောဂါရှာဖွေမှု အားလုံးမှာလည်း သီအိုရီအရ ခိုင်မာပြီး ကျိုးကြောင်းဆီလျော်လှ၏။ ၎င်းတို့ကို ပညာသင်ကျောင်းများတွင် သင်ခန်းစာအဖြစ်ပင် အသုံးပြုနိုင်လောက်ပေသည်။

​ပြောရလျှင် တန်ရွှင်းသည် အတိုင်ပင်ခံ ခန်းမတွင် သူ၏ တပည့်များကို သင်ကြားရာ၌ လင်းကျင်း၏ အစီရင်ခံစာများကို ဥပမာအဖြစ် သုံးကာ သားရဲအကဲဖြတ်ခြင်း သီအိုရီများကို ရှင်းပြဖူးသည်။

​သူတို့ လေ့လာလေလေ၊ တန်လင်းနှင့် တန်ရွှင်းတို့သည် လင်းကျင်း၏ အစွမ်းကို ပိုမို လေးစားလာလေလေပင်။ စပ်စုလိုစိတ်ဖြင့် တန်ရွှင်းသည် လင်းကျင်း၏ အလုပ်သင် ဘဝကို စုံစမ်းကြည့်သော်လည်း ထူးခြားမှုကို မတွေ့ရပေ။ သူ၏ သူငယ်ချင်းများထဲတွင် လင်းကျင်း၏ အောင်မြင်မှုမှာ အထင်ရှားဆုံးပင် ဖြစ်၏။

​ထို့ကြောင့် သူသည် ထက်မြက်ပြီး လေ့လာလိုစိတ် ရှိသူဖြစ်ရုံသာမက၊ အခြားသော အကြောင်းရင်းများလည်း ရှိရပေမည်။

​သားရဲအကဲဖြတ်ခြင်း အစွမ်းမှာ အလိုလို ရောက်လာသည့်အရာ မဟုတ်ပေ။ လင်းကျင်း ပြသခဲ့သည့် အရာအချို့မှာ ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသူများမှသာ သိနိုင်မည့် အချက်များ ဖြစ်သည်။ ဤဘာသာရပ်ကို သေသေချာချာ သုတေသန မလုပ်ထားသူများအနေဖြင့် သိနိုင်ရန် မဖြစ်နိုင်ပေ။

​ထို့ကြောင့် လင်းကျင်းသည် တစ်နေရာရာတွင် ပညာရှင်တစ်ဦးနှင့် ဆုံတွေ့ကာ အံ့ဩဖွယ်ရာ အတတ်ပညာများကို သင်ယူခဲ့ခြင်း ဖြစ်ရမည်ဟု တန်ရွှင်းက ယူဆလိုက်၏။

​လင်းကျင်းဘက်က ထုတ်မပြောသဖြင့် သူကလည်း ဝင်မမေးတော့ပေ။ သို့သော် တော်သူကို လေးစားရမည်မှာ ထုံးစံပင်။ တန်လင်းသာမက တန်ရွှင်းပင်လျှင် လင်းကျင်း၏ အစွမ်းကို အထင်ကြီး လေးစားမိသဖြင့် သူ့ကို အခုလို အလေးထား ဆက်ဆံနေခြင်း ဖြစ်သည်။

​တန်ရွှင်းက ထမင်းဖိတ်ကျွေးသဖြင့် လင်းကျင်းအနေဖြင့် ငြင်းပယ်ရန်မှာ ရိုင်းရာကျပေလိမ့်မည်။

​လင်းကျင်းသည် ဤအခွင့်အရေးကို အသုံးချကာ တန်လင်း၏ ပေးစာကို တန်ရွှင်းထံ ပေးလိုက်ပြီး သူ၏ တာဝန်ကို အဆုံးသတ်လိုက်၏။

​ထိုအချိန်မှာပင် တန်ရွှင်းသည် လင်းကျင်း၏ သားရဲနှင့် မျောက်ဖြူကြီးကို သတိထားမိသွားပြီး မှင်တက်သွားတော့သည်။

​“သားရဲတစ်ကောင်ရဲ့ အရှိန်အဝါကို သူ့ရဲ့ အမွေးအမျှင်တွေမှာ မြင်နိုင်သလို၊ သူ့ရဲ့ စိတ်ဓာတ်ကိုတော့ မျက်လုံးတွေမှာ မြင်နိုင်တယ်လို့ ဆိုကြတယ်... အကဲဖြတ်မှူးလင်း... မင်းရဲ့ သားရဲကတော့ တကယ့်ကို ထူးခြားတာပဲ”

တန်ရွှင်းသည် အနီးကပ် ကြည့်လေလေ ပို၍ အံ့ဩလေလေ ဖြစ်လာ၏။

​သူသည် အဆင့် (၃) အကဲဖြတ်မှူးတစ်ဦး မဟုတ်ပါလား။ နက်နဲသော ဗဟုသုတနှင့် ထက်မြက်သော အမြင်ရှိသဖြင့် တန်ရွှင်းသည် အခြားလူများ မမြင်နိုင်သည့်အရာကို လွယ်ကူစွာ မြင်နိုင်ပေသည်။

​တန်ရွှင်းက အနည်းငယ် အကဲဖြတ်ကြည့်လိုက်ပြီးနောက်တွင်တော့ သူ၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားပါတော့သည်။

အခန်း (၂၂၆) - တန်ရွှင်းပင် မတတ်နိုင်သောအခါ

​“အလို... အဆင့် (၄) ပါလား”

​တန်ရွှင်း အံ့ဩမှင်တက်သွားခြင်းမှာ မဆန်းပေ။ ကျောက်စိမ်းနဂါးနိုင်ငံတွင် အဆင့် (၄) သားရဲများမှာ အလွန်ပင် ရှားပါးလှပြီး၊ တစ်ကောင်ပေါ်လာတိုင်း နိုင်ငံ၏ ကာကွယ်ရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် အတင်းအကျပ် ခေါ်ယူခံရလေ့ရှိသည်။ တန်ရွှင်း သိထားသလောက်ဆိုလျှင် ကျောက်စိမ်းနဂါးနိုင်ငံတွင် လက်ရှိ၌ အဆင့် (၄) သားရဲ ခုနစ်ကောင်သာ ရှိပေသည်။

​ထိုအဆင့် (၄) သားရဲ ခုနစ်ကောင်နှင့် ၎င်းတို့၏ သခင်များမှာ နိုင်ငံ၏ အဓိက ကျောရိုးမဏ္ဍိုင်များပင် ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် အဆင့် (၄) သားရဲ မည်သူမဆိုသည် အလယ်အလတ်တန်းစား နိုင်ငံတစ်ခု၏ အစောင့်အရှောက်အဖြစ် သတ်မှတ်ခံရရန် အရည်အချင်း ပြည့်မီသောကြောင့်ပင်။

​ထို့ကြောင့် လင်းကျင်း၏ သားရဲမှာ အဆင့် (၄) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ တန်ရွှင်း အကြီးအကျယ် တုန်လှုပ်သွားရခြင်း ဖြစ်သည်။

​လင်းကျင်းကတော့ တန်ရွှင်း သိသွားသည်ကို မအံ့ဩပေ။ ဤလူကိုယ်တိုင်ကလည်း တော်သည့် အကဲဖြတ်မှူးတစ်ဦး မဟုတ်ပါလား။ အဆင့် (၃) အကဲဖြတ်မှူးဆိုသည်မှာ မြို့တော်တွင်ပင် အလွန် ရိုသေလေးစားခံရသူ ဖြစ်သည်။

​ထို့ပြင် လင်းကျင်းသည်လည်း ဤအချက်ကို တကူးတက ဖုံးကွယ်ထားရန် မရည်ရွယ်ပေ။ မေပယ်မြို့တွင် လူတိုင်း သိနေကြပြီဖြစ်သလို၊ ရဲ့ယွီကျိုးနှင့် ပိုင်ကျန်းခုန်းတို့သည်လည်း ဤအကြောင်းကို နန်းတော်သို့ သတင်းပို့ပြီးလောက်ပြီဖြစ်ရာ လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်တော့ပေ။

​သို့သော်လည်း ရှောင်ဟော့၏ ကျောပေါ်တွင် ထိုင်နေသည့် မျောက်ဖြူကြီးကတော့ တန်ရွှင်းကို ပို၍ပင် စိတ်ဝင်စားသွားစေ၏။

​ပုံမှန်အားဖြင့် အဆင့် (၄) သားရဲများသည် မြင့်မားသော အသိဉာဏ်ရှိကြပြီး မာနကြီးကြသဖြင့် အခြားသားရဲတစ်ကောင် သူတို့ကျောပေါ် တက်စီးသည်ကို လုံးဝ ခွင့်ပြုလေ့မရှိသောကြောင့်ပင်။

​ထို့ကြောင့် တန်ရွှင်းသည် မျောက်ဖြူကြီးကို စတင် အကဲခတ်ကြည့်တော့သည်။

​လင်းကျင်းကတော့ မတားဆီးပေ။ ဤမျောက်ဖြူကြီး သုံးထားသည့် ‘အသွင်ပြောင်းလဲခြင်း’ အတတ်မှာ ပြတိုက်မှ ရရှိထားခြင်း ဖြစ်၏။ ၎င်းသည် ထူးခြားဆန်းပြားသော အတတ်ဖြစ်ပြီး ဖုံးကွယ်နိုင်စွမ်းလည်း အလွန်ကောင်းမွန်လှသည်။ မျောက်ဖြူကြီး၏ ကျွမ်းကျင်မှုမှာ ရှန်းအာနှင့် ဝူအာတို့လောက် မကောင်းသော်လည်း၊ အတော်လေးတော့ အသားကျနေပြီ ဖြစ်သည်။ အကယ်၍ သူသာ တိုက်ပွဲမဝင်လျှင် သို့မဟုတ် မိစ္ဆာအငွေ့အသက်များကို ထုတ်မပြလျှင် သားရဲအကဲဖြတ်မှူးများပင်လျှင် ၎င်းကို မိစ္ဆာတစ်ကောင်မှန်း သိနိုင်ရန် ခက်ခဲပေလိမ့်မည်။

​သို့သော်လည်း အဆင့် (၃) အကဲဖြတ်မှူးများကိုတော့ လှည့်စားနိုင်ရန် မသေချာသဖြင့် လင်းကျင်းသည် သူ့အနားတွင်သာ အမြဲခေါ်ထားခြင်း ဖြစ်သည်။ အကယ်၍ ပညာရှင်တစ်ဦးဦးက လာရောက် စစ်ဆေးမည်ဆိုလျှင် သူသည် စိတ်ချရသော နည်းလမ်းတစ်ခုကို သုံးနိုင်ပေသည်။

​ရစ်ပတ်အပ်နည်းစနစ်ကိုသုံးကာ မျောက်ဖြူကြီး၏ သွေးကြောအချို့ကို ပိတ်ဆို့ထားလိုက်လျှင် တန်ရွှင်းကဲ့သို့သော အဆင့် (၃) အကဲဖြတ်မှူးပင်လျှင် ဤသတ္တဝါမှာ မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း သိရှိနိုင်လိမ့်မည် မဟုတ်ပေ။

​ဒါဟာ လင်းကျင်း မကြာသေးမီကမှ ‘သွေးကြောရှာဖွေခြင်း’ အတတ်မှ သင်ယူခဲ့သည့် အချက်ပင်။ အခုအချိန်အထိ လင်းကျင်းသည် ထိုအတတ်၏ နှစ်ဆယ်၊ သုံးဆယ် ရာခိုင်နှုန်းလောက်ကိုသာ နားလည်ထားသေး၏။ ထိုအတတ်တွင် ရစ်ပတ်အပ်နှင့် ဝိညာဉ်ပိတ်ဆို့အပ် နည်းစနစ်များ ပါဝင်ပြီး အလွန်ပင် အသုံးဝင်လှသည်။ လင်းကျင်းအနေဖြင့် ဆက်လက်လေ့လာသွားလျှင် သူ၏ ကျွမ်းကျင်မှုမှာ အချိန်နှင့်အမျှ ပိုမို တိုးတက်လာပေလိမ့်မည်။

​တန်ရွှင်းသည် သာမန်နည်းလမ်းများကို သုံးကာ မျောက်ဖြူကြီးကို အကဲဖြတ်ကြည့်သော်လည်း ထူးခြားမှုကို မတွေ့ရသဖြင့် အံ့ဩသွား၏။

​သူ့ကဲ့သို့ အစွမ်းရှိသူတစ်ဦးအနေဖြင့် သားရဲတစ်ကောင်၏ အလားအလာကို မသိနိုင်ခြင်းမှာ ရှားပါးလှသော ကိစ္စပင်။

​တန်ရွှင်းက ဆက်လက် စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် လူတစ်ယောက် အပြေးအလွှား ရောက်ရှိလာ၏။

​“ဆရာကြီးတန်... တော်သေးတာပေါ့၊ ဆရာကြီးကို ရှာတွေ့လို့... တစ်ခုခု ဖြစ်နေပြီခင်ဗျ၊ အဆင့် (၂) အကဲဖြတ်မှူးတွေလည်း ဘာလုပ်ရမှန်း မသိဖြစ်နေကြတယ်...”

​တန်ရွှင်းက အကျိုးအကြောင်း မေးမြန်းလိုက်သောအခါမှ ဖြစ်ပျက်ပုံကို သိလိုက်ရသည်။

​“ဪ... သူတို့က အသင်းချုပ်က အတွေ့အကြုံရှိတဲ့ အဆင့် (၂) အကဲဖြတ်မှူးတွေပဲဟာ... သူတို့တောင် ဘာလုပ်ရမှန်း မသိဘူးဆိုရင်တော့ အခြေအနေက တကယ်ကို ပြင်းထန်နေပုံရတယ်”

တန်ရွှင်းက တည်ငြိမ်စွာပင် ရယ်မောလိုက်၏။ သတင်းလာပို့သူမှာတော့ ‘အဆင့် (၃) အကဲဖြတ်မှူးဆိုတာ ဒါမျိုးကိုး.. ဘယ်လို ဘေးဒုက္ခမျိုးနဲ့ ကြုံရပါစေ၊ တုန်လှုပ်သွားတာမျိုး လုံးဝမရှိဘူး’ ဟု စိတ်ထဲက ကြိတ်၍ ချီးကျူးနေမိသည်။

​တကယ်တော်သူများသာလျှင် ဤမျှ တည်ငြိမ်နိုင်ကြခြင်း ဖြစ်၏။

​“သွားကြတာပေါ့... ငါလည်း အားနေတာနဲ့ အတော်ပဲ.. သွားကြည့်ပေးမယ်”

တန်ရွှင်းက ပြုံးကာ ဆိုလိုက်သည်။ ထို့နောက် လင်းကျင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“အကဲဖြတ်မှူးလင်း... မင်းလည်း အားရင် လိုက်ခဲ့ပါဦးလား... သူတို့ ပြဿနာ ပြေလည်သွားပြီဆိုရင်တော့ ကျုပ်တို့ သွားပြီး တစ်ခွက်တစ်ဖလား သောက်ကြတာပေါ့”

​“ဟုတ်ကဲ့... လိုက်ခဲ့ပါ့မယ်... ဆရာကြီးတန်ဆီက သင်ယူခွင့်ရမယ့် အခွင့်အရေးကောင်းပဲလေ”

လင်းကျင်းက နှိမ့်ချစွာ ပြန်ပြောလိုက်သည်။ တန်ရွှင်းကဲ့သို့သော အဆင့် (၃) အကဲဖြတ်မှူးတစ်ဦး သားရဲများကို မည်သို့ အကဲဖြတ် ကုသသနည်းဆိုသည်ကို မြင်တွေ့ချင်သဖြင့် သူ စိတ်ဝင်စားသွားခြင်း ဖြစ်၏။

​သားရဲအကဲဖြတ်မှူးများသည်လည်း မိမိတို့၏ အတတ်ပညာများ တိုးတက်စေရန်အတွက် အချင်းချင်း မကြာခဏ ဖလှယ်ကြရပေမည်။

​သူတို့သည် တန်ရွှင်းနှင့်အတူ အသင်းချုပ်အတွင်း လှည့်ပတ်သွားလာပြီးနောက် ခန်းမကြီးတစ်ခုသို့ ရောက်ရှိလာကြ၏။

​ခန်းမထဲသို့ ဝင်လိုက်သည်နှင့် လင်းကျင်းသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ဖွတ်သားရဲကြီးကို သတိထားမိလိုက်သည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါဖြစ်ပြီး၊ ၎င်း၏ အကြေးခွံများမှာ ထူထဲလှသော သံချပ်ကာ အင်္ကျီကြီးတစ်ခုအလားပင်။ ဒါဟာ သာမန်သားရဲ မဟုတ်မှန်း သိသာလှပေသည်။

​သို့သော်လည်း ဤကြောက်မက်ဖွယ်ကောင်းလှသော သားရဲကြီးမှာ အခုတော့ အားအင်ကုန်ခမ်းနေပြီး မျက်လုံးများပင် မဖွင့်နိုင်လောက်အောင် ကြမ်းပြင်ပေါ်တွင် ငြိမ်သက်နေရှာ၏။

​သားရဲကြီးမှာ အကြီးအကျယ် ဖျားနာနေခြင်းပင်။

​တန်ရွှင်းသည် ထိုသားရဲကို မြင်လိုက်ရသောအခါ မှင်တက်သွား၏။

​“ဒီမော်နီတာဖွတ်က မင်းသားယု​ရဲ့ သားရဲ မဟုတ်လား”

​တန်ရွှင်းသည် ထိုသားရဲကို မှတ်မိနေခြင်း ဖြစ်သည်။ စောစောက စိတ်ဓာတ်ကျနေသည့် အဆင့် (၂) အကဲဖြတ်မှူးများသည် တန်ရွှင်းကို မြင်လိုက်သည်နှင့် မျက်နှာများ ဝင်းခနဲ ဖြစ်သွားကြပြီး၊ မျှော်လင့်ချက် အပြည့်ဖြင့် အပြေးအလွှား လာရောက် နှုတ်ဆက်ကြတော့၏။

​“ဆရာကြီးတန်”

​“ဂါရဝပြုပါတယ်... ဆရာကြီးတန်"

​“ဆရာကြီး ရောက်လာတာ တကယ်ကို ကံကောင်းတာပဲ”

​တန်ရွှင်းက လက်ကာပြလိုက်ပြီး မေးလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ”

​အဆင့် (၂) အကဲဖြတ်မှူးတစ်ဦးက ရှင်းပြ၏။

“ဒီမနက်ပဲ မင်းသားယုရဲ့ စံအိမ်ကနေ ခေါ်လာတာပါ.. အစကတော့ သူ လမ်းလျှောက်နိုင်သေးတယ်၊ ဒါပေမဲ့ ကြည့်ရတာ အားအင်မရှိသလို ဖြစ်နေတာ... မင်းသားယုက သူ့သားရဲကို အလွန်ချစ်တာ ကျွန်တော်တို့သိတော့ အားလုံးဝိုင်းပြီး ကုပေးကြတာပေါ့... ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ... သူ့အခြေအနေက...”

​ထိုအကဲဖြတ်မှူးက စကားရပ်သွားသောအခါ အခြားတစ်ဦးက ဆက်ပြော၏။

“ဒီဖွတ်သားရဲရဲ့ အခြေအနေက ဘာကြောင့် ဒီလောက်ထူးဆန်းနေရသလဲဆိုတာ ဘယ်သူမှ မသိကြဘူး... ကျွန်တော်တို့ သိသမျှ နည်းလမ်းအားလုံး သုံးကြည့်ပေမဲ့ ဘာဖြစ်နေမှန်း ရှာမတွေ့ဘူး... သူက ကျန်းမာနေပုံရသလို သွေးကြောတွေမှာလည်း ပြဿနာ မရှိဘူး... ဒါပေမဲ့ ရောဂါသည်ကြီး တစ်ယောက်လို ဖြစ်နေတာ... ကျွန်တော်တို့ ကုလေလေ ပိုဆိုးလာလေပဲ... အခုမြင်တဲ့အတိုင်းပဲ... ကျွန်တော်တို့ လက်ထဲမှာ သေသွားမှာစိုးလို့ ဆက်မကုရဲတော့ဘဲ ရပ်ထားရတာပါ”

​တန်ရွှင်း၏ မျက်နှာထားမှာ တည်ကြည်သွား၏။

​သူသည် ခေါင်းညိတ်ပြလိုက်ပြီး အနားသို့ လျှောက်သွားတော့သည်။

​အဆင့် (၂) အကဲဖြတ်မှူးအချို့မှာ သက်ပြင်းချလိုက်ကြ၏။ တန်ရွှင်းသည် အသင်းချုပ်တွင် အလွန် ရိုသေလေးစားခံရသူဖြစ်ပြီး ပထမဆုံးသော အဆင့် (၃) အကဲဖြတ်မှူးများထဲမှ တစ်ဦးလည်း ဖြစ်သည်။ သူ၏ အတွေ့အကြုံနှင့် ဗဟုသုတမှာလည်း အလွန်ပင် ပြည့်စုံလှပေသည်။

​ထိုစဉ် သူတို့သည် တန်ရွှင်း၏ နောက်မှ လိုက်ပါလာသည့် လူငယ်လေးကို သတိထားမိသွားကြ၏။ ဤလူငယ်မှာ သူတို့ထက် အများကြီး ငယ်ပုံရသော်လည်း တည်ကြည်သော အရှိန်အဝါ ရှိနေသည်။ ပို၍ အရေးကြီးသည်မှာ သူတို့၏ ထက်မြက်သော အမြင်ဖြင့် ကြည့်လိုက်သောအခါ ထိုလူငယ်၏ လက်မောင်စွပ်ပေါ်တွင် အမှတ်အသား နှစ်ကွင်းကို မြင်လိုက်ရခြင်းပင်။

​ဒီလောက် ငယ်ငယ်လေးနဲ့ အဆင့် (၂) အကဲဖြတ်မှူး ဖြစ်နေတာလား။

​ထိုအကဲဖြတ်မှူးများသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ အံ့ဩနေကြတော့သည်။

​သို့သော်လည်း ဤလူငယ်အကဲဖြတ်မှူးကို သူတို့ တစ်ခါမှ မမြင်ဖူးပေ။ ဤနေရာတွင် အဆင့် (၂) အကဲဖြတ်မှူး များစွာ ရှိသော်လည်း ဤလူကိုတော့ မြင်ဖူးပုံ မရပေ။

​‘သူက ဆရာကြီးတန်ရဲ့ တပည့်အသစ်များလား’ ဟု သူတို့ တွေးတောနေကြ၏။

​အခုအချိန်မှာတော့ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်နေရမည့် အချိန် မဟုတ်ပေ။ အကယ်၍ မင်းသားယု၏ သားရဲ တစ်ခုခု ဖြစ်သွားလျှင်တော့ အကြီးအကျယ် ပြဿနာ တက်ပေလိမ့်မည်။

​တန်ရွှင်းသည် ကုသမှု စတင်ရန်အတွက် အနားသို့ အမြန်သွားလိုက်၏။

​လင်းကျင်းကတော့ စပ်စုလိုစိတ်ဖြင့် ကြည့်နေမိသည်။ အမှန်အတိုင်း ပြောရလျှင် သူ၏ လက်ရှိ အစွမ်းဖြင့် ကြည့်မည်ဆိုလျှင်ပင် ဤသားရဲတွင် ဘာဖြစ်နေမှန်း သူ ရှာမတွေ့ပေ။

​အစောပိုင်း စစ်ဆေးမှုများအရဆိုလျှင် သူသည်လည်း ဤအဆင့် (၂) အကဲဖြတ်မှူးများကဲ့သို့ပင် ဤသားရဲမှာ ဘာရောဂါမှ မရှိကြောင်း ဆုံးဖြတ်မိပေလိမ့်မည်။

​တန်ရွှင်း တစ်စိုက်မတ်မတ် စစ်ဆေးနေစဉ် ခန်းမကြီးအတွင်းမှာ တိတ်ဆိတ်နေ၏။ သို့သော် နောက်ဆုံးတွင်တော့ သူသည်လည်း ဇဝေဇဝါ ဖြစ်သွားပုံရသည်။

​“ဒါက ထူးဆန်းလိုက်တာ”

​သူ စကားပြောလိုက်တော့မှ ကျန်သည့်လူများက မေးရဲတော့သည်။

​“ဆရာကြီးတန်... ဘာဖြစ်လို့လဲခင်ဗျ”

​“ဟုတ်ကဲ့... ပြောပြပါဦး”

​တန်ရွှင်းက သူတို့ဘက် လှည့်ကာ ပြောလိုက်၏။

“မင်းတို့ ပြောသလိုပဲ... မင်းသားယုရဲ့ သားရဲက ဘာရောဂါမှ ရှိပုံမရဘူး... သူ့ရဲ့ အင်အားနဲ့ သွေးလည်ပတ်မှုကလည်း ကောင်းနေသလို၊ အကောင်းဆုံး အခြေအနေမှာတောင် ရှိနေသေးတယ်... ဒါပေမဲ့ သူ ဘာလို့ မလှုပ်နိုင်ရတာလဲ... ဒါက တကယ်ကို ထူးဆန်းတယ်”

​ထိုစကားကို ကြားသောအခါ အားလုံး စိတ်သက်သာရာ ရသွားကြ၏။ အဆင့် (၃) အကဲဖြတ်မှူးဖြစ်သည့် တန်ရွှင်းပင် ဤသို့ ဆုံးဖြတ်သည်ဆိုမှတော့ သူတို့၏ စစ်ဆေးမှုမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ပြီ မဟုတ်ပါလား။

​“သူ့ကို ဘာဆေးတွေ တိုက်ထားကြသေးလဲ”

တန်ရွှင်းက မေးလိုက်သည်။

​တစ်စုံတစ်ယောက်က ကုသမှု မှတ်တမ်းနှင့် တိုက်ကျွေးထားသည့် ဆေးစာရင်းကို ယူလာပေး၏။

​“ဒီလောက်တောင် များတာလား”

တန်ရွှင်းမှာ အံ့ဩသွားရသည်။

​သေသေချာချာ ဖတ်ကြည့်ပြီးနောက် သူ ခေါင်းညိတ်ပြလိုက်၏။ ဤနေရာတွင် ဖော်ပြထားသည့် ဆေးများအားလုံးမှာ အားဆေးများသာ ဖြစ်သဖြင့် သားရဲကို အန္တရာယ် မပေးနိုင်ပေ။ ဒါဆိုရင် သူ ဘာလို့ ဒီလို ဖြစ်နေရတာလဲ။

​လင်းကျင်းသည် သေသေချာချာ နားထောင်နေစဉ်မှာပင် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာ၏။

​တစ်ချိန်တည်းမှာပင် တန်ရွှင်းသည်လည်း အလေးအနက် တွေးတောနေရင်းမှ သူ၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပါတော့သည်။

​“သိပြီ"

​သူသည် သားရဲ၏ ကိုယ်ပေါ်သို့ သေးငယ်သော တံဆိပ်တစ်ခုကို ရွတ်ဖတ်လိုက်ရာ၊ ထိုတံဆိပ်မှာ သားရဲနှင့် ထိတွေ့သည်နှင့် မီးတောက်တစ်ခုအဖြစ် ပေါက်ကွဲထွက်သွား၏။

​“ဒါကြောင့်ကိုး”

တန်ရွှင်းက ရေရွတ်လိုက်ပါတော့သည်။

All Chapters