← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 12 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 12 Ch. 227-228

အခန်း (၂၂၇) - သူက တကယ့်ကို ကျွမ်းကျင်တာပဲ

တန်ရွှင်း၏ စကားကြောင့် အဆင့် (၂) အကဲဖြတ်မှူးများမှာ လန့်ဖျန့်သွားကြ၏။ ဆရာကြီးတန် တစ်စုံတစ်ရာကို အဖြေရှာတွေ့သွားပြီမှန်း သိသာလှပေသည်။

ထို့နောက် တန်ရွှင်းသည် အပ်အချို့ကို ထုတ်ယူကာ ဖွတ်သားရဲကြီး၏ ကိုယ်ပေါ်သို့ ကျွမ်းကျင်စွာ ထိုးစိုက်လိုက်၏။ သူသည် ဝမ်းဗိုက်ပိုင်းနေရာကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ မာကျောလှသော အကြေးခွံများ ဖုံးလွှမ်းထားသဖြင့် ဤအပ်များ ဖောက်ဝင်နိုင်ရန် မဖြစ်နိုင်သောကြောင့်ပင်။

သို့သော်လည်း အပ်စိုက်ပြီး တစ်စက္ကန့်ပင် မပြည့်မီမှာပင်၊ နောက်တစ်ဆင့်သို့ မကူးနိုင်သေးခင်မှာပဲ အပ်များမှာ ခန္ဓာကိုယ်အတွင်းမှ အင်အားတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ အကုန်လုံး ပြုတ်ကျကုန်တော့သည်။

"ဒါ... နဂါးစွမ်းအင်ပဲ"

တန်ရွှင်း၏ မျက်နှာထားမှာ ပို၍ မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွား၏။

အဆင့် (၂) အကဲဖြတ်မှူးများမှာ ဇေဝဇဝါ ဖြစ်နေကြသည်။ သူတို့ တစ်စုံတစ်ခု မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် တန်ရွှင်းက အရင် ဦးအောင် မေးလိုက်၏။

"မင်းတို့ ဒီမော်နီတာဖွတ်ကို ဒါတွေပဲ တိုက်ထားတာ သေချာရဲ့လား"

သူသည် အစီရင်ခံစာထဲရှိ ဆေးစာရင်းကို ညွှန်ပြကာ မေးခြင်းဖြစ်၏။

"သေချာပါတယ်... ကျွန်တော်တို့ ဆရာကြီးကို ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ"

အဆင့် (၂) အကဲဖြတ်မှူးတစ်ဦးက ဖြေကြားလိုက်သည်။

တန်ရွှင်း သက်ပြင်းချလိုက်မိ၏။

"ဒါဆိုရင်တော့ အခက်တွေ့ပြီ"

"ဆရာကြီးတန်... ဘာတွေ ဖြစ်နေတာလဲဆိုတာ ရှင်းပြပေးပါဦး"

"ဘယ်အပိုင်းက အခက်တွေ့စေတာလဲခင်ဗျ"

ဤနေရာသို့ ရောက်မှသာ အဆင့် (၂) အကဲဖြတ်မှူးများမှာ တစ်ခုခု မှားယွင်းနေပြီမှန်း သတိထားမိကြတော့သည်။

တန်ရွှင်းက တည်ကြည်စွာဖြင့် ရှင်းပြ၏။

"ငါ့ရဲ့ စစ်ဆေးချက်အရဆိုရင် ဒီမော်နီတာဖွတ်ဟာ ကြည့်ရတာ အားနည်းနေပေမဲ့ သူက ဖျားနာနေတာ လုံးဝ မဟုတ်ဘူး... အမှန်တော့ အဲဒီအစား သူ့ရဲ့ ကိုယ်ထဲမှာ နဂါးစွမ်းအင်တွေ အလျှံပယ် ဖြစ်နေတာ... သူအရင်က အလွန်တန်ဖိုးရှိတဲ့ အားဆေးတစ်မျိုးမျိုးကို စားသုံးခဲ့ပုံရတယ်... ဒါပေမဲ့ အဲဒီစွမ်းအင်တွေကို သူ မချေဖျက်နိုင်တော့ဘဲ အခုလို အခြေအနေမျိုး ဖြစ်သွားတာပဲ"

"ဗျာ..."

အဆင့် (၂) အကဲဖြတ်မှူးများမှာ ထိတ်လန့်သွားကြ၏။

သူတို့ ဤပြဿနာကို ရှာမတွေ့ခဲ့ခြင်းမှာ အစောပိုင်းက တွေ့ရှိခဲ့သည့် လက္ခဏာများအရ ဤသို့ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရန် မဖြစ်နိုင်သောကြောင့်ပင်။ သူတို့က သားရဲ၏ သွေးလည်ပတ်မှု အားနည်းနေသည်ဟုသာ ယူဆခဲ့သဖြင့် လိုအပ်သော အားဆေးများကို တိုက်ကျွေးခဲ့ကြခြင်း ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ မင်းသားယုစံအိမ်မှ လူများကလည်း ဤကဲ့သို့သော အချက်အလက်မျိုးကို တစ်ခွန်းမှ မဟခဲ့ခြင်းပင်။

အကယ်၍ တန်ရွှင်း၏ ယူဆချက်သာ မှန်ကန်မည်ဆိုလျှင်၊ စွမ်းအင်တွေ အလွန်အကျွံ ဖြစ်နေသော ဤဖွတ်သားရဲကို နောက်ထပ် အားဆေးတွေ ထပ်တိုက်ခြင်းမှာ တောက်လောင်နေသော မီးထဲသို့ လောင်စာဆီ ထပ်လောင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

"ဒါကြောင့်မို့လို့ ဒီဖွတ်သားရဲက မလှုပ်နိုင်ဖြစ်နေတာကိုး... အခု ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"

အဆင့် (၂) အကဲဖြတ်မှူးတစ်ဦးက ထိတ်လန့်တကြား မေးလိုက်၏။

အမှန်စင်စစ် သူတို့ကိုယ်တိုင်က ကုသမှု မှားယွင်းခဲ့ခြင်း မဟုတ်ပါလား။ မူလက ကိုယ့်ကိုယ်ကိုယ် ထိန်းထားနိုင်သေးသည့် ဖွတ်သားရဲမှာ သူတို့၏ အမှားကြောင့် အခုဆိုလျှင် လုံးဝ မလှုပ်နိုင်လောက်အောင် ဖြစ်သွားခဲ့ရပြီ။

အကယ်၍ တစ်စုံတစ်ယောက်က တာဝန်ယူရမည်ဆိုလျှင် သူတို့သာလျှင် အပြစ်ပေးခံရမည့်သူများ ဖြစ်သည်။ မင်းသားယု၏ သားရဲ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူတို့၏ သားရဲအကဲဖြတ်မှူး သက်တမ်းမှာလည်း ဤတင် အဆုံးသတ်သွားပေလိမ့်မည်။

ချက်ချင်းပင် သူတို့၏ မျက်နှာများမှာ သွေးမရှိတော့သလို ဖြူလျော့သွားကြ၏။

"ဆရာကြီးတန်... ဒီအခြေအနေကို ကုစားဖို့ နည်းလမ်း ရွိပါလား"

"ဟုတ်တယ်... ဒီဖွတ်သားရဲသာ သေသွားရင် ကျွန်တော်တို့တော့ ဒုက္ခအကြီးအကျယ် ရောက်တော့မှာပဲ"

တန်ရွှင်းသည်လည်း တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ ခက်ခဲနေမှန်း သိသာလှ၏။ ဤအခြေအနေမှာ ဖြေရှင်းရန် အလွန်ပင် ခက်ခဲလှပေသည်။ သူ ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။

"တကယ်လို့.. မင်းတို့က သူ့ကို ဝမ်းနုတ်ဆေးတွေ အရင်တိုက်ထားခဲ့ရင်တော့ တစ်ခုခု လုပ်ပေးနိုင်ဦးမယ်... အခုတော့ သူက အားဆေးတွေ အများကြီး စားထားပြီးပြီဆိုတော့ နောက်ထပ် ဘာဆေးပဲတိုက်တိုက် သူ့အခြေအနေကို ပိုဆိုးစေမှာပဲ... ငါတို့က မီးကို အရှိန်မြှင့်လိုက်သလို ဖြစ်သွားတာမို့ အခုတော့ မီးငြှိမ်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... အရေးကြီးဆုံးကတော့ သူ လုံးဝ မလှုပ်နိုင်တော့တာပဲ... သူ့ကိုယ်ထဲက ပိုလျှံနေတဲ့ နဂါးစွမ်းအင်တွေကို စွန့်ထုတ်နိုင်မယ့် အခွင့်အလမ်းလည်း မရှိတော့ဘူး"

အဆင့် (၂) အကဲဖြတ်မှူးများသည် ပျာပျာသလဲ ဖြစ်ကာ သူတို့၏ ဗဟုသုတများကို အစွမ်းကုန် အသုံးချပြီး နည်းလမ်း ရှာနေကြတော့သည်။

အချို့က သွေးဖောက်ထုတ်သည့် နည်းလမ်းကို အကြံပြုကြ၏။

အချို့ကတော့ စွမ်းအင်ချေဖျက်သည့် ဆေးလုံးများကို ချက်ချင်း တိုက်ကျွေးသင့်သည်ဟု ဆိုကြသည်။

အမှန်စင်စစ် ဤအဆင့် (၂) အကဲဖြတ်မှူးများမှာလည်း ဗဟုသုတ ပြည့်စုံကြသူများ ဖြစ်ကြရာ သူတို့၏ အကြံပြုချက်များမှာ ယုတ္တိတန်လှပေသည်။ တန်ရွှင်းပင်လျှင် ထိုအချက်များကို ခေါင်းညိတ် ထောက်ခံလိုက်၏။

သူ့အတွက်တော့ ဒါဟာ လက်ရှိမှာ အကောင်းဆုံး နည်းလမ်းတွေပင်။

ဟုတ်ပါတယ်... ဤလုပ်ငန်းစဉ်မှာ ရလဒ်ထွက်ရန် အချိန်ယူရမည်ဖြစ်သလို၊ ကုသနေစဉ်အတွင်း ဖွတ်သားရဲကို ထိခိုက်နိုင်သည့် အန္တရာယ်လည်း ရှိနေသည်။ သို့သော်လည်း ဤနည်းလမ်းကလွဲ၍ အခြားမရှိတော့ပေ၊ မဟုတ်လျှင် ဖွတ်သားရဲမှာ အားဆေးတွေ အလွန်အကျွံဖြစ်ကာ ပေါက်ကွဲ သေဆုံးသွားနိုင်ပေသည်။

လင်းကျင်းသည် ဘေးမှ ကြည့်နေခဲ့ပြီး၊ သူသည်လည်း အခြားလူများ၏ ကုသမှု နည်းလမ်းများကို သဘောတူပေသည်။ သူ၏ လက်ရှိ ဗဟုသုတနှင့် အတွေ့အကြုံအရဆိုလျှင် ဤနည်းလမ်းများမှာ စံနှုန်းမီပြီး ပြဿနာရှိမည် မဟုတ်ပေ။

သို့သော် သူလည်း စပ်စုချင်စိတ် ပေါ်လာသဖြင့် ဖွတ်သားရဲကြီးနားသို့ လျှောက်သွားကာ လက်ဖြင့် အသာအယာ ထိလိုက်၏။

တန်ရွှင်းသည် လင်းကျင်း ဘာလုပ်နေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ လင်းကျင်းမှာ သားရဲအကဲဖြတ်ခြင်းတွင် အလွန်ထူးချွန်သူမှန်း သူ သိထားသဖြင့် မတားဆီးပေ။ သို့သော် အခြားအဆင့် (၂) အကဲဖြတ်မှူးများမှာတော့ အနည်းငယ် အံ့ဩသွားကြ၏။

"ဆရာကြီးတန်... ဒါက ဘယ်သူလဲခင်ဗျ"

ထိုအခါမွ တန်ရွှင်းသည် ဖွတ်သားရဲကို စစ်ဆေးရန် အလောတကြီး ဝင်လာခဲ့မိသဖြင့် လင်းကျင်းနှင့် မိတ်ဆက်ပေးရန် မေ့နေခဲ့မှန်း သတိရသွားတော့သည်။

"ဒါက မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်က အကဲဖြတ်မှူးလင်းပါ... ငါ့ရဲ့ မိတ်ဆွေရင်း တစ်ယောက်လည်း ဟုတ်တယ်"

တန်ရွှင်းသည် လင်းကျင်းကို မိတ်ဆွေရင်း ဟု သုံးနှုန်းလိုက်ခြင်းဖြင့် လင်းကျင်း၏ အဆင့်အတန်းကို မြှင့်တင်ပေးလိုက်၏။ ဒါဟာ အခြားအကဲဖြတ်မှူးများကို အံ့ဩသွားစေသည်။

"အကဲဖြတ်မှူးလင်း"

"တကယ့်ကို အလားအလာရှိတဲ့ လူငယ်လေးပဲ"

"တွေ့ရတာ ဝမ်းသာပါတယ်"

အ​ခြားလူများက ရိုသေစွာ နှုတ်ဆက်ကြသလို၊ လင်းကျင်းကလည်း ပြန်လည် ဂါရဝပြုလိုက်၏။ တန်ရွှင်း၏ မိတ်ဆက်ပေးမှုကြောင့် လင်းကျင်းသည် သူတို့၏ အမည်များကို သိလိုက်ရသည်။

"အကဲဖြတ်မှူးလင်းလည်း စောစောက ဖွတ်သားရဲကို စစ်ဆေးနေတာ မြင်လိုက်တယ်... တစ်ခုခုများ အသစ် တွေ့သေးလား"

အကဲဖြတ်မှူးတစ်ဦးက မေးလိုက်၏။ သူသည် အမှားရှာချင်၍ မဟုတ်ဘဲ၊ လင်းကျင်း၏ အရည်အချင်းကို စမ်းသပ်လို၍သာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ လင်းကျင်းမှာလည်း သူတို့ကဲ့သို့ပင် အဆင့် (၂) အကဲဖြတ်မှူးတစ်ဦး မဟုတ်ပါလား။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အမြင်ချင်း ဖလှယ်ခြင်းမှာ အကျိုးရှိလှပေသည်။

ဟုတ်ပါတယ်... ဤမေးခွန်းမှာ ယဉ်ကျေးမှုအရ မေးမြန်းခြင်းသာ ဖြစ်ပြီး၊ လင်းကျင်းအနေဖြင့် ဆရာကြီးတန်၏ စကားများကိုသာ ထပ်ပြောလိမ့်မည်ဟု သူ မျှော်လင့်ထားခြင်း ဖြစ်သည်။

သို့သော် လင်းကျင်းက ထိုမေးခွန်းကို အလေးအနက် ထားလိုက်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။

လင်းကျင်းသည် ဖွတ်သားရဲနှင့် ထိတွေ့လိုက်ချိန်တွင် ပြတိုက်မှ ပြသလာသော ရလဒ်များမှာ သူ ခန့်မှန်းထားသည်နှင့် များစွာ တူညီလှသော်လည်း အသေးစိတ် အချက်အလက်အချို့တွင်တော့ ကွဲပြားမှု ရှိနေ၏။

ဒါပေမဲ့ ဒါက စိုးရိမ်စရာ အခြေအနေတော့ မဟုတ်ပေ။

အမှန်တော့ ဒါဟာ ဤဖွတ်သားရဲအတွက် တစ်သက်မှာ တစ်ခါသာ ကြုံရမည့် အခွင့်အရေးကောင်းကြီးပင်။ လင်းကျင်းသည် ပြတိုက်၏ အကဲဖြတ်ချက်အရ ဤသတ္တဝါ စားသုံးထားသည့် အလွန်တန်ဖိုးရှိသော ဆေးမှာ ဘာဖြစ်သည်ကိုပင် သိနိုင်ပေသည်။

တကယ်ပင် တန်ရွှင်း ခန့်မှန်းသလို ထိုဆေးမှာ အလွန်တန်ဖိုးရှိလှပြီး၊ လင်းကျင်းအနေဖြင့် ဤပစ္စည်းကို ဘယ်က ရလာသလဲဆိုသည်ကိုပင် စိတ်ဝင်စားသွားမိ၏။

ဖွတ်သားရဲမှာ အားအင်ကုန်ခမ်းပြီး နောက်ဆုံးထွက်သက် ရောက်တော့မည့်ပုံ ပေါက်နေသော်လည်း၊ အမှန်တော့ သူသည် ထူးခြားသော အခြေအနေတစ်ခုသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ဒါဟာ ဖွတ်သားရဲအတွက် အရေးကြီးသော အချိန်ပင်။ အကယ်၍ သူသာ ဤဒုက္ခကို ကျော်ဖြတ်နိုင်မည်ဆိုလျှင် အံ့ဩစရာကောင်းသော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပြီး ဆင့်ကဲပြောင်းလဲမှု လက္ခဏာများပင် ပြသလာနိုင်ပေသည်။

ထို့ကြောင့် လင်းကျင်းသည် အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်၏။

"အကဲဖြတ်မှူးတို့နဲ့ ဆရာကြီးတန်... ကျုပ်လည်း သဘောတူပါတယ်... ဒီမော်နီတာဖွတ်က ကြည့်ရတာ အားနည်းပြီး သေလုမျောပါး ဖြစ်နေသလိုပဲ... ဒါပေမဲ့ မစိုးရိမ်ပါနဲ့... သူက အခုအချိန်မှာ ဘာအန္တရာယ်မှ မရှိဘူး.. သူ အခု လိုအပ်နေတာက အနားယူဖို့ အချိန်ပါပဲ... အလွတ်ဆုံး နောက်တစ်ရက်ဆိုရင် သူ ဘာသာသူ ပြန်ထနိုင်ပါလိမ့်မယ်... သူ့အတွက် ဘာမွ စိုးရိမ်စရာ မလိုဘူး၊ ဒါပေမဲ့ သူ့ကို ဘယ်သူမှ မနှောင့်ယှက်မိဖို့တော့ အရေးကြီးတယ်... သူ့ကို ဘာဆေးမှလည်း ထပ်မတိုက်ပါနဲ့၊ သွေးလည်း မဖောက်ပါနဲ့... ဘာလို့လဲဆိုတော့ အဲဒါတွေ လုပ်ဖို့ မလိုအပ်လို့ပါပဲ

ဤစကားမှာ တန်ရွှင်းကိုပင် ဇေဝဇဝါ ဖြစ်သွားစေတော့သည်။

အဆင့် (၂) အကဲဖြတ်မှူးများ၏ ပထမဆုံး တုံ့ပြန်မှုကတော့ လင်းကျင်းမှာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေသည်ဟု ယူဆလိုက်ခြင်းပင်။

သူတို့သည် ဖွတ်သားရဲကို အကြိမ်ကြိမ် အကဲဖြတ်ခဲ့ပြီးပြီဖြစ်ရာ သူတို့၏ ရလဒ်မှာ အမှားအယွင်း မရှိနိုင်ဟု ယူဆထားကြ၏။ ဤသတ္တဝါမှာ အန္တရာယ် မရှိဘူးဆိုသည်ကို သူတို့ ဘယ်လိုလုပ် မှားယွင်းစွာ ဆုံးဖြတ်နိုင်ပါ့မလဲ။

သူက သေခါနီး ဖြစ်နေတာပဲလေ။

ထိုအဆင့် (၂) အကဲဖြတ်မှူးများ၏ မျက်နှာမှာ အရင်ကထက်ပင် ပို၍ ပျက်ယွင်းသွားကြ၏။ လင်းကျင်းက စိတ်ထင်ရာ လျှောက်ပြောနေရုံတင်မကဘဲ၊ သူ၏ ပေါ့ဆသော ရောဂါရှာဖွေမှုကြောင့် သားရဲကြီး သေဆုံးသွားနိုင်သလို သူတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာလည်း ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။

သားရဲအကဲဖြတ်မှူးတစ်ယောက်အတွက် ဤကဲ့သို့သော အမှားမျိုးကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ပေ။

တန်ရွှင်းသည်လည်း အနည်းငယ် သံသယဖြစ်မိသော်လည်း လင်းကျင်း၏ အရည်အချင်းကို သူ ကောင်းကောင်း သိထားသည်။ လင်းကျင်း၏ အစီရင်ခံစာများအရဆိုလျှင် သူ၏ အစွမ်းမှာ တန်ရွှင်းနှင့်ပင် ရင်ဘောင်တန်းနိုင်လောက်ရာ၊ ဤကဲ့သို့သော လူမျိုးက ဘယ်လိုလုပ် မှားနိုင်ပါ့မလဲ။

ထို့ကြောင့် တန်ရွှင်းသည် ဘာမှမပြောဘဲ သားရဲကြီးထံသို့ အပြေးအလွှား သွားကာ နောက်တစ်ကြိမ် သေသေချာချာ ထပ်မံ စစ်ဆေးကြည့်တော့သည်။

ဤတစ်ကြိမ်တွင်တော့ သူသည် အသေးစိတ် အစုံအလင်ကို စစ်ဆေးခဲ့ပြီးနောက်၊ အပြီးတွင်တော့ တန်ရွှင်း၏ မျက်နှာထားမှာ လုံးဝ ပြောင်းလဲသွားပါတော့သည်။ သူသည် လင်းကျင်းဘက်သို့ လှည့်ကာ ဆိုလိုက်သည်။

"အကဲဖြတ်မှူးလင်း ကျုပ်တစ်ခါထပ်ပြီး အထင်ကြီးသွားရပြန်ပြီ... ကျုပ်ကိုယ်တိုင်တောင် တစ်ခါတလေ မှားတတ်သေးတာပဲကိုး"

သူ၏ စကားမှာ လင်းကျင်း၏ ယူဆချက် မှန်ကန်ကြောင်း အတည်ပြုပေးလိုက်ခြင်းပင် ဖြစ်ပါတော့သည်။

အခန်း (၂၂၈) - ဒါက ကိုယ်တွင်းအပ်စိုက်အတတ်ပဲ

​ကျန်ရှိနေသော အကဲဖြတ်မှူးများမှာ မည်မျှအထိ အံ့အားသင့်သွားကြသည်ဆိုသည်မှာ ပြောနေရန်ပင် မလိုတော့ပေ။ အကယ်၍သာ လင်းကျင်းတစ်ယောက်တည်းက ဤသို့ပြောဆိုခဲ့ခြင်း ဖြစ်ပါက ဤမျှ အဓိပ္ပာယ်မရှိသော ရောဂါရှာဖွေမှုကို သူတို့ လှောင်ပြောင်မိကြပေလိမ့်မည်။ သို့သော်လည်း ဆရာကြီးတန်ကိုယ်တိုင်က ထောက်ခံလိုက်ပြီဆိုလျှင်တော့ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားချေပြီ။

​“ဆရာကြီးတန်... ဒါက တကယ်ပဲလားခင်ဗျ”

​“သေချာရဲ့လား... ကျွန်တော်တို့ သွေးခုန်နှုန်းကို စစ်ကြည့်တော့ သေလုမျောပါး ဖြစ်နေသလိုပဲ”

​တန်ရွှင်းက ထိုစကားကိုကြားသော် ခပ်ဖွဖွရယ်မောလိုက်၏။

“မင်းတို့အားလုံးက ငါတို့အသင်းချုပ်ရဲ့ ထူးချွန်တဲ့ ထူးချွန်တဲ့သူတွေပဲ၊ တချို့ဆို နောက်ဆို အဆင့် (၃) အကဲဖြတ်မှူးတွေတောင် ဖြစ်လာကြဦးမှာ... ဘာလို့ ငါ့လို အဖိုးကြီးထက်တောင် ခေါင်းမာနေကြတာလဲ.... သားရဲအကဲဖြတ်ခြင်း ပညာရပ်မှာ တစ်ခါတလေ ဘေးဒုက္ခတွေထဲကနေမှ အခွင့်အလမ်းသစ်တွေ ပေါ်လာတတ်တယ်ဆိုတာကို မေ့နေကြပြီလား”

​ထိုစကားကို ကြားလိုက်ရချိန်တွင်တော့ အဆင့် (၂) အကဲဖြတ်မှူးများမှာ အိပ်မက်မှ နိုးလာသကဲ့သို့ တန်ရွှင်း ဆိုလိုသည့်အချက်ကို ချက်ချင်း သဘောပေါက်သွားကြတော့သည်။

​“ဒါဆိုရင်...”

​“ဟုတ်တယ်... ဒါပဲ ဖြစ်ရမယ်... သူ့ရဲ့ သွေးခုန်နှုန်းက အားနည်းနေပေမဲ့ ပျောက်ကွယ်မသွားဘူး... အကယ်၍ ဒါဟာ တကယ်ပဲ သေခါနီး သွေးခုန်နှုန်းမျိုးဆိုရင် ဒီဖွတ်သားရဲက သေတာ ကြာလှပြီ”

​“ဒါဆို ကျွန်တော်တို့က သူ့ကို အနားယူဖို့ အချိန်ပေးလိုက်ရုံပဲလား”

အဆင့် (၂) အကဲဖြတ်မှူးတစ်ဦးက မေးလိုက်၏။

​တန်ရွှင်းနှင့် လင်းကျင်းတို့၏ ထက်မြက်သောအမြင်ကို မြင်တွေ့သွားရသဖြင့် ထိုအကဲဖြတ်မှူးများသည် ယခင်ကထက် ပိုမိုယဉ်ကျေးပျူငှာစွာ ဆက်ဆံလာကြတော့သည်။ လင်းကျင်း၏ အရည်အချင်းမှာ သူတို့၏ လေးစားမှုကို ရယူနိုင်ခဲ့ချေပြီ။

​ထို့နောက်တွင်တော့ ဆရာကြီးတန်က ဤလူငယ်ကို သူ၏ မိတ်ဆွေဟု အဘယ်ကြောင့် ခေါ်ဝေါ်ခဲ့သနည်းဆိုသည်ကို သူတို့ နားလည်သွားကြသည်။ အကယ်၍ လင်းကျင်းသာ တကယ် မတော်ပါက ဆရာကြီးတန်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး၏ အသိအမှတ်ပြုခြင်းကို ခံရမည် မဟုတ်ပေ။

​ထို့ကြောင့် အကဲဖြတ်မှူးများသာမက တန်ရွှင်းကိုယ်တိုင်ပင်လျှင် လင်းကျင်းဘက်သို့ လှည့်ကြည့်လာကြ၏။

​လင်းကျင်းက ခေတ္တတွေးတောပြီးမှ ပြောလိုက်၏။

“အစကတော့ အနားပေးလိုက်ရုံနဲ့တင် လုံလောက်ပါတယ်... ဒါပေမဲ့ မင်းသားယုစံအိမ်ကလူတွေက ဘာဖြစ်နေမှန်း မသိဘဲ ဖျားနေတယ်အထင်နဲ့ ဒီကို ပို့လိုက်တယ်၊ ဒီရောက်တော့လည်း ခင်ဗျားတို့က အားဆေးတွေ ထပ်တိုက်လိုက်ကြတယ်... ဒီအားဆေးတွေက သူစားထားတဲ့ ဆေးလောက် မပြင်းပေမဲ့ ဆရာကြီးတန် ပြောသလိုပဲ မီးလောင်ရာ လေပင့်လိုက်သလို ဖြစ်သွားပြီ... အခုအတိုင်း အနားပေးလိုက်ရင် ပြဿနာ တက်နိုင်တာမို့ အစာကြေညက်စေဖို့ အပ်စိုက်ပေးတာက အကောင်းဆုံးပါပဲ”

​တန်ရွှင်းက လင်းကျင်း၏ ရှင်းပြချက်ကို သဘောကျစွာ ခေါင်းညိတ်ထောက်ခံလိုက်၏။

​ပုံမှန်အားဖြင့်ဆိုလျှင် အဆင့် (၃) အကဲဖြတ်မှူးများမှာ အပ်စိုက်ခြင်းအတတ်ကို မဖြစ်မနေ အောင်မြင်ထားရသူများ ဖြစ်သဖြင့် တန်ရွှင်းကိုယ်တိုင်က ပို၍ ကျွမ်းကျင်သင့်ပေသည်။

​တန်ရွှင်းသည် သူကိုယ်တိုင် ကုသရန် ပြင်လိုက်သော်လည်း၊ လင်းကျင်း၏ အပ်စိုက်အတတ်မှာ သူမကိုယ်တိုင်ပင် နားမလည်နိုင်လောက်အောင် အစွမ်းထက်လှကြောင်း တန်လင်း ပြောပြခဲ့ဖူးသည်ကို ရုတ်တရက် သတိရသွားသည်။

​စပ်စုလိုစိတ်ဖြင့် တန်ရွှင်းက လင်းကျင်းကို ဆိုလိုက်၏။ “အကဲဖြတ်မှူးလင်း... ဖွတ်သားရဲထဲက အသက်ဓာတ်ကို ခင်ဗျားပဲ အရင်မြင်ခဲ့တာဆိုတော့ ခင်ဗျားပဲ ကုသပေးဖို့ တောင်းဆိုပါရစေ”

​လင်းကျင်းကလည်း ထိုကမ်းလှမ်းချက်ကို မငြင်းပယ်ပေ။

​လက်ရှိတွင် ဖွတ်သားရဲ၏ အခြေအနေမှာ အလွန်ပင် မရေမရာ ဖြစ်နေသည်။ အကယ်၍ ဒီအတိုင်းသာ ပစ်ထားမည်ဆိုပါက ရှင်သန်နိုင်ခြေမှာ တစ်ဝက်တစ်ပျက်သာ ရှိပေလိမ့်မည်။

​ဒါဟာ အလွန်ပင် စိုးရိမ်စရာ ကောင်းလှ၏။

​အကယ်၍သာ မကျော်ဖြတ်နိုင်ခဲ့ပါက ဤသတ္တဝါလေး၏ ဘဝမှာ နိဂုံးချုပ်သွားပေလိမ့်မည်။

​ထို့ကြောင့် သူ၏ သွေးကြောရှာဖွေခြင်း အတတ်ဖြင့် ကူညီပေးခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ ထို့ပြင် သာမန်လူတစ်ယောက်အနေဖြင့် ဤကဲ့သို့ ခက်ခဲသော အလုပ်ကို ကိုင်တွယ်နိုင်ရန် မလွယ်ကူပေ။ တန်ရွှင်းပင်လျှင် လင်းကျင်းထက် ပို၍ ကောင်းမွန်စွာ လုပ်နိုင်ရန် မသေချာပေ။

​လင်းကျင်းသည် သူ၏ ကိုယ်ပိုင်အပ်များကို ထုတ်လိုက်ပြီး၊ လက်ချောင်းများကို ခတ်လိုက်ရုံဖြင့် ငွေရောင်အလင်းတန်းများ လက်ခနဲ ပေါ်ထွက်လာကာ အပ်များမှာ ဖွတ်သားရဲ၏ ခန္ဓာကိုယ်ရှိ အရေးကြီးသော သွေးကြောမှတ်များပေါ်သို့ ပျံသန်းစိုက်ဝင်သွားတော့သည်။

​ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တန်ရွှင်းပင်လျှင် အံ့ဩသွားရ၏။

​ဖွတ်သားရဲကြီးမှာ မာကျောသော အကြေးခွံများ ဖုံးလွှမ်းထားသဖြင့် သာမန်အပ်များမှာ ဖောက်ဝင်ရန် မဖြစ်နိုင်ပေ။ ယခင်က တန်ရွှင်းသည် ဝမ်းဗိုက်ပိုင်းတွင် စမ်းသပ်ခဲ့သော်လည်း ထိုနေရာရှိ သွေးကြောမှတ်များ၏ အစွမ်းမှာ ကန့်သတ်ချက် ရှိလှသည်။ လင်းကျင်း ပစ်မှတ်ထားသည့် နေရာများမှာတော့ ဖွတ်သားရဲ၏ နား၊ နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်တို့ပင် ဖြစ်၏။ ဤနေရာများသည် ‘အလွန်အန္တရာယ်များသော’ နေရာများဖြစ်သလို သူသည် အဝေးမှပင် အပ်စိုက်ခဲ့ခြင်း ဖြစ်သည်။ ဒါဟာ အလွန်နက်နဲသော ထိန်းချုပ်မှုနှင့် ယုံကြည်မှု လိုအပ်လှပြီး၊ အကယ်၍ လက်တစ်ချက် ချော်သွားခဲ့လျှင်ပင် အသက်အန္တရာယ် ဖြစ်သွားနိုင်ပေသည်။

​ကျန်ရှိသော အကဲဖြတ်မှူးများမှာတော့ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြတော့သည်။ လင်းကျင်း၏ လက်လှုပ်ရှားမှုကို မြင်ရုံမျှဖြင့်ပင် သူ၏ အရည်အချင်းမှာ မည်မျှအထိ ရှိသနည်းဆိုသည်ကို သိသာလှပေသည်။

​ဒါဟာ တကယ့် ပညာရှင်ပင်။

​ဆရာကြီးတန်က သူ့ကို မိတ်ဆွေဟု ခေါ်ဝေါ်ခဲ့သည်မှာ မဆန်းတော့ပေ။

​အဆင့် (၂) အကဲဖြတ်မှူးများသည် အခုဆိုလျှင် လင်းကျင်းကို အလွန်ပင် အထင်ကြီး လေးစားသွားကြချေပြီ။ သူတို့၏ လေးစားမှုမှာ ဆရာကြီးတန်နှင့်ပင် ရင်ဘောင်တန်းနေပြီး၊ လင်းကျင်းကို သူတို့နှင့် တန်းတူအဆင့်ဟု မသတ်မှတ်ရဲကြတော့ပေ။

​အခြားတစ်ဖက်တွင်တော့ လင်းကျင်းမှာ ကုသမှုအပေါ် အပြည့်အဝ အာရုံစိုက်နေ၏။ သူသည် နောက်ထပ် အပ်တစ်ချောင်းကို ခတ်လိုက်ရာ၊ သူ ဘာလုပ်နေသည်ကို သိလိုက်ရသောအခါ တန်ရွှင်း၏ မျက်နှာမှာ ချက်ချင်း ဖြူလျော့သွားတော့သည်။

​“ဒါ... ဒါက ကိုယ်တွင်းအပ်စိုက်အတတ် မဟုတ်လား”

​တန်ရွှင်းမှာ အံ့ဩလွန်းသဖြင့် အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်သွားရသည်။

​အပ်စိုက်အတတ်တွင် ကိုယ်ပိုင်နှင့် ကိုယ်တွင်းဟူ၍ နှစ်မျိုးရှိကြောင်း သူ ကောင်းကောင်း သိထားသည်။

​လူအများစု သိထားသည့် အပ်စိုက်အတတ်မှာ လူနာ၏ သွေးကြောမှတ်များကို အပြင်ဘက်မှနေ၍ အပ်ဖြင့် ထိုးစိုက်ကာ သွေးကြောများကို ထိန်းညှိပေးခြင်းသာ ဖြစ်၏။

​သို့သော် ကိုယ်တွင်းအပ်စိုက်အတတ်မှာတော့ လုံးဝ ကွဲပြားလှသည်။ ၎င်းသည် ဂါထာမန္တန်များကို အသုံးပြုကာ အပ်ကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းရှိ မှန်ကန်သော သွေးကြောမှတ်များကို ထိုးစိုက်ရန် လိုအပ်သည်။ ၎င်းကို အင်္ဂါအစိတ်အပိုင်းများကို တိုက်ရိုက် လှုံ့ဆော်ရန်အတွက်ပင် အသုံးပြုနိုင်ပြီး၊ အပြင်ဘက်မှ စိုက်သောနည်းဖြင့် ဤသို့ မလုပ်နိုင်ပေ။

​တန်ရွှင်းကိုယ်တိုင်ပင်လျှင် ဤကိုယ်တွင်းအပ်စိုက်အတတ်ကို မတတ်မြောက်ပေ။ သူသည် အပြင်ဘက် အပ်စိုက်နည်းတွင် ဆရာတစ်ဆူ ဖြစ်သော်လည်း၊ ဤကိုယ်တွင်းနည်းလမ်းကိုတော့ ဘာမှ မသိပေ။

​လင်းကျင်းသည် အပ်ကို ဖွတ်သားရဲ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်လိုက်ပြီး ထိုအပ်မှာ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ၊ လင်းကျင်းသည် ဒဏ္ဍာရီလာ နည်းစနစ်ကို အသုံးပြုနေခြင်းဖြစ်မှန်း တန်ရွှင်း သိလိုက်ရတော့သည်။

​ထို့ကြောင့် သူသည် အလွန်ပင် စိတ်လှုပ်ရှားသွားရ၏။

​သို့သော် နောက်ဆုံးအချိန်တွင်တော့ သူ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်သည်။

​လင်းကျင်းမှာ ကုသမှုအလယ်တွင် ရောက်နေသဖြင့် သူ့ကို သွားရောက် နှောင့်ယှက်ရန် မသင့်ပေ။ တန်ရွှင်းသည် နောက်မှ ထမင်းစားသည့်အခါတွင်မှ လင်းကျင်းထံမှ မေးမြန်းသင်ယူရန် ဆုံးဖြတ်လိုက်တော့သည်။

​သူသည် ဤကိုယ်တွင်းအပ်စိုက်နည်းအကြောင်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကြားဖူးခဲ့သော်လည်း သင်ယူရန် နည်းလမ်း မတွေ့ခဲ့ပေ။ အခုတော့ ဤအတတ်ကို အသုံးပြုနေသူကို တွေ့လိုက်ရသဖြင့် သူ၏ စိတ်လှုပ်ရှားမှုကို မနည်း ထိန်းထားရ၏။ တန်ရွှင်းသည် ထိုအတတ်ကို သင်ယူချင်ရုံတင်မကဘဲ၊ လင်းကျင်းက ဤလျှို့ဝှက်ဆန်းကြယ်သော အတတ်ကို ဘယ်နေရာကနေ သင်ယူခဲ့သလဲဆိုသည်ကိုလည်း သိချင်နေမိသည်။

​သူ၏သမီး တန်လင်းက လင်းကျင်းတွင် ပညာရှင်တစ်ဦးဦးက သင်ကြားပေးထားသည့် ဆရာရှိရမည်ဟု ပြောခဲ့ဖူးသော်လည်း ယခင်က တန်ရွှင်း မယုံကြည်ခဲ့ပေ။ သို့သော် အခု ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက်တွင်တော့ မယုံကြည်ဘဲ မနေနိုင်တော့ပေ။

​ကျန်ရှိသော အကဲဖြတ်မှူးများမှာလည်း အမြင်မကြည်လင်လျှင်ပင် တစ်ခုခု ထူးဆန်းနေသည်ကိုတော့ သိကြပေသည်။

​“ဟို... အပ်က ဘယ်ရောက်သွားတာလဲ”

​“ပျောက်သွားပြီ...ဖွတ်သားရဲရဲ့ ကိုယ်ထဲကို ဝင်သွားတဲ့ပုံပဲ”

​“မင်းတို့ထဲက တစ်ယောက်ယောက်များ ဒီနည်းလမ်းအကြောင်း ကြားဖူးလား”

​သူတို့ထဲမှ ဗဟုသုတရှိသူ အနည်းငယ်ကတော့ ‘ကိုယ်တွင်းအပ်စိုက်အတတ်’ ဟူသော အဖြေကို ထုတ်ဖော်နိုင်ခဲ့ကြသည်။

​သူတို့အတွက်တော့ ဤအတတ်မှာ ဒဏ္ဍာရီတစ်ခုအလားပင် ဖြစ်ရာ၊ လင်းကျင်းကို ပြန်ကြည့်လိုက်ချိန်တွင် သူတို့အားလုံးမှာ ထိတ်လန့် အံ့ဩနေကြတော့သည်။

​ဘယ်သူမှ စကားမပြောရဲကြတော့ဘဲ လင်းကျင်း၏ အာရုံစူးစိုက်မှုကို ပျက်ပြားသွားမည်ကို စိုးရိမ်နေကြ၏။ သတင်းစကား လာပို့သူများကိုပင် တံခါးအပြင်ဘက်ရှိ အကဲဖြတ်မှူးများက တားဆီးထားကြသည်။

​ခေတ္တမျှကြာသော် လင်းကျင်းသည် သူ၏အပ်များကို ကျွမ်းကျင်စွာ ပြန်လည် သိမ်းဆည်းလိုက်၏။ ဖွတ်သားရဲကြီး၏ မမှန်ကန်သော အသက်ရှူသံမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားချေပြီ။ မလှုပ်ရှားနိုင်သေးသော်လည်း၊ ဤသတ္တဝါမှာ ယခင်ကထက် ပို၍ သက်တောင့်သက်သာရှိနေပုံရရာ အဆင်ပြေသွားပြီဟု ဆိုနိုင်ပေသည်။

​သူ နောက်သို့ လှည့်လိုက်သောအခါ လူတိုင်းက သူ့ကို ရိုသေလေးစားသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရ၏။

​“အကဲဖြတ်မှူးလင်း... ခင်ဗျားရဲ့ အပ်စိုက်အတတ်က တကယ့်ကို အံ့မခန်းပါပဲ”

​“ဒီဖွတ်သားရဲက အခု အဆင်ပြေသွားပြီပေါ့၊ ဟုတ်လားခင်ဗျ”

​“အကဲဖြတ်မှူးလင်း... ခင်ဗျားသုံးတဲ့ ဒီလျှို့ဝှက်နည်းလမ်းအကြောင်းလေး ကျွန်တော်တို့ကို နည်းနည်းလောက် ပြောပြပါဦး”

​အကဲဖြတ်မှူးများမှာ အလွန်ပင် တက်ကြွနေကြတော့သည်။

​တန်ရွှင်းကတော့ ထိုအကဲဖြတ်မှူးများသည် စည်းကျော်နေပြီဖြစ်ကြောင်း သတိပေးသည့်အနေဖြင့် အသာအယာ ချောင်းဟန့်လိုက်၏။ ဤကိုယ်တွင်းအပ်စိုက်အတတ်မှာ ဒဏ္ဍာရီလာ ထူးခြားဆန်းပြားသော အတတ်ဖြစ်ရာ မင်းတို့လို လူတွေကို လွယ်လွယ်နဲ့ ဘယ်လိုလုပ် သင်ပေးပါ့မလဲ။ ရှေးယခင်ကတည်းက ပညာရပ်များကို မည်သူ့ကိုမဆို မသင်ကြားပေးရဟူသော အချက်ကို လူတိုင်း သိကြသည်။ ဤအတတ်မှာ နတ်ဘုရားတို့၏ အတတ်ပညာဟုပင် အချို့က ယူဆကြရာ၊ ထိုကဲ့သို့သော ဗဟုသုတကို လွယ်လွယ်ကူကူ လက်ဆင့်ကမ်းရန်မှာ မဖြစ်နိုင်ပေ။

​ထိုအချက်ကို သတိရသွားကြသောအခါ လူတိုင်း နှမြောတသ ဖြစ်သွားကြ၏။ သို့သော် ကိစ္စမရှိပေ။ လင်းကျင်းက ဘယ်လိုလူမျိုးလဲဆိုတာ သိသွားကြပြီဖြစ်ရာ နောက်ပိုင်းတွင် သူနှင့် ရင်းနှီးအောင် ကြိုးစားရန် အခွင့်အရေးများစွာ ရှိပါသေးသည်။

​အကယ်၍ အနာဂတ်တွင် သူနှင့် မိတ်ဆွေဖြစ်သွားခဲ့လျှင် လင်းကျင်းက သူတို့ကို တစ်ချက်နှစ်ချက်လောက် သင်ပြပေးနိုင်ကောင်း ပါရဲ့။

​အခုတော့ အခြေအနေများ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သဖြင့်၊ ဖွတ်သားရဲမှာ အိပ်စက်နားယူရုံဖြင့် အပြည့်အဝ ပြန်လည် ကျန်းမာလာပေလိမ့်မည်။ တန်ရွှင်းကလည်း သားရဲကို နောက်တစ်ကြိမ် စစ်ဆေးပြီးနောက် ဤအချက်ကို အတည်ပြုပေးလိုက်၏။

​အားလုံးပြီးစီးသွားသောအခါ တန်ရွှင်းသည် လင်းကျင်းကို ခေါ်ဆောင်သွားတော့သည်။ သူတို့ အသင်းချုပ်မှ မထွက်ခွာမီတွင် အဆင့် (၂) အကဲဖြတ်မှူးများသည် အသင်းချုပ်၏ တံခါးဝအထိ လိုက်ပါကာ သူတို့ကို အလွန်ပင် လိုက်လံ ပို့ဆောင်ပေးခဲ့ကြပါတော့သည်။

All Chapters