← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 12 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 12 Ch. 231-232

​အခန်း (၂၃၁) - သူမကို ဆေးခတ်လိုက်မယ်

​လင်းကျင်းသည် အပြင်ဘက်သို့ လှမ်းကြည့်နေသည့် သူ၏ အကြည့်များကို အမြန်ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဟယ်ချန်းဘက်သို့ အာရုံပြန်လည် ပို့လိုက်၏။

​“တောင်းပန်ဖို့ လာတာ ဟုတ်လား...ဒါနဲ့... မင်းက လက်ဗလာနဲ့ လာတာပေါ့”

လင်းကျင်းက စနောက်သည့် လေသံဖြင့် မေးလိုက်သည်။

​ထိုအခါမှ ဟယ်ချန်းသည် လျှာလေးထုတ်ကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး၊ သူမ ယူဆောင်လာသည့် မုန့်အချို့ကို ထုတ်လိုက်၏။

​“ဒါက နန်းတော်ထဲက စားဖိုမှူးကြီးတွေ လုပ်ပေးထားတာပါ... သူတို့က မုန့်လုပ်တဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်တာ၊ ဒါတွေက ကျွန်မ အကြိုက်ဆုံး မုန့်တွေပဲ.. အကယ်၍ အကဲဖြတ်မှူးလင်း ကြိုက်တယ်ဆိုရင် နောက်ခါကျရင် အများကြီး ထပ်ယူလာပေးမယ်လေ”

​ပြောပြောဆိုဆိုဖြင့် ဟယ်ချန်းသည် စားပွဲပေါ်တွင် မုန့်များကို ခင်းကျင်းလိုက်တော့သည်။

​အမှန်စင်စစ် လင်းကျင်းသည် အခန်းထဲသို့ စတင်ဝင်လိုက်ကတည်းကပင် သွားရည်ယိုစရာ ကောင်းလှသော မုန့်ရနံ့များကို ရနေခဲ့ခြင်း ဖြစ်သည်။

​ရှောင်ဟော့ကတော့ သူ့ထက်ပင် အရင် ဦးအောင် သိနေခဲ့၏။ လင်းကျင်း၏ နှာခေါင်းမှာ ရှောင်ဟော့ကို မယှဉ်နိုင်သည်မှာ မှန်သော်လည်း၊ မကြာသေးမီက သူ၏ အာရုံခံစားမှုများမှာ ပိုမိုထက်မြက်လာသည်ကို သတိပြုမိလာသည်။

​ဤမုန့်ရနံ့ကို ရနေခြင်းမှာလည်း သက်သေတစ်ခုပင်။ ဖယောင်းစက္ကူဖြင့် သေသေချာချာ ထုပ်ပိုးထားသဖြင့် သာမန်လူတစ်ယောက်ဆိုလျှင် ဤမုန့်ရနံ့ကို ရရန် ခက်ခဲလှပေလိမ့်မည်။ သို့သော် လင်းကျင်းမှာတော့ တံခါးဖွင့်လိုက်သည်နှင့် ထိုမွှေးကြိုင်လှသော ရနံ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။

​ပြောရမည်ဆိုလျှင် လွန်ခဲ့သော တစ်လခန့်ကတည်းက သူ၏ အနံ့ခံအာရုံတင်မကဘဲ အမြင်အာရုံမှာလည်း ပိုမိုကြည်လင် ထက်မြက်လာခဲ့သည်။ ဤသို့ ဖြစ်ရသည့် အကြောင်းရင်းကို သူ သေသေချာချာ မသိရသော်လည်း၊ အာရုံခံစားမှုများ ပိုမိုထက်မြက်လာခြင်းမှာ ကောင်းသောလက္ခဏာပင် ဖြစ်ချေသည်။

​လင်းကျင်း ပြုံးလိုက်ပြီး ဖယောင်းစက္ကူကို ဖြေလိုက်ရာ အလွန်လှပသေသပ်သော မုန့်လေးများကို တွေ့လိုက်ရ၏။ နန်းတွင်း စံနှုန်းဆိုသည်မှာလည်း မသေးလှသည် မဟုတ်ပါလား။ သူသည် မုန့်တစ်လုံးကို ယူကာ မြည်းကြည့်လိုက်ရာ အပြင်ဘက်က ကြွပ်ရွနေပြီး အတွင်းပိုင်းက နူးညံ့လှသည်။ ဤသိမ်မွေ့သော အရသာမှာ တကယ်ပင် ထူးကဲလှပေသည်။

​ဆရာကြီးတန် ကျွေးခဲ့သည့် နေ့လယ်စာမှာ အရသာရှိလှသော်လည်း၊ မြို့ထဲတွင် လှည့်ပတ်လမ်းလျှောက်ပြီးနောက် အစာအားလုံးမှာ ကြေညက်သွားခဲ့ပြီ ဖြစ်သည်။ အခုလို ဗိုက်အနည်းငယ် ဆာနေချိန်တွင် ဤမုန့်များမှာ အချိန်ကိုက်ပင်။

​ရှောင်ဟော့နှင့် မျောက်ဖြူကြီးမှာလည်း မုန့်ရနံ့ကို ရလိုက်သဖြင့် မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေကြ၏။

​လင်းကျင်းလည်း ဤအစားအသောက် မက်သော အဖော်နှစ်ကောင်ကို မုန့်တစ်ဖဲ့စီ ဝေပေးလိုက်တော့သည်။

​ထိုစဉ် ဟယ်ချန်းက စကားစလာ၏။

“အကဲဖြတ်မှူးလင်း... ကျွန်မ အစ်မအကြောင်းကလေ...”

​လင်းကျင်းမှာ မုန့်စားနေရင်း အနည်းငယ် နင်သွားသဖြင့် လက်ဖက်ရည်အိုးကို လှမ်းယူလိုက်ရာ၊ အိုးထဲတွင် လက်ဖက်ရည်များ ဖြည့်ထားသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။ အေးစက်နေပြီ ဖြစ်သော်လည်း သူသည် မုန့်များ မျိုချရလွယ်ကူစေရန် တစ်ငုံ သောက်လိုက်၏။

​“ဆဋ္ဌမမြောက် မင်းသမီးရဲ့ အခြေအနေကို ငါ အရင်ကလည်း ပြောဖူးပါတယ်... အဲဒီ ‘သားရဲဝိညာဉ်ကျိန်စာ’ က ပြင်းထန်ပြီး ခေါင်းမာလှပေမဲ့ အခက်အခဲကြီးတော့ မဟုတ်ဘူး... ရက်အနည်းငယ်အတွင်းမှာပဲ ငါ ဖယ်ရှားပေးနိုင်တယ်”

လင်းကျင်းက ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။

​ဟယ်ချန်းက ခေါင်းညိတ်လိုက်၏။

“အကဲဖြတ်မှူးလင်းက အရှင်ပြတိုက်မှူးရဲ့ တပည့်ရင်းတစ်ယောက်ဆိုတော့ ရှင့်ရဲ့ အရည်အချင်းကို ကျွန်မ မယုံကြည်ဘဲ မနေပါဘူး... ဆရာကြီးရဲ့ အစွမ်းတွေကိုလည်း ကျွန်မ အလွန်ပဲ အထင်ကြီးမိပါတယ်... ဒါပေမဲ့ ကျွန်မ စိတ်ပူတာက ကျွန်မအစ်မက ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုတာပဲ...”

​ဟယ်ချန်းသည် စကားကို ဆက်ပြောရန် တွန့်ဆုတ်နေပုံရ၏။

​လင်းကျင်းက ဆက်ပြောရန် တိုက်တွန်းလိုက်သောအခါမှ ဟယ်ချန်းသည် အနားသို့ တိုးကပ်ကာ လေသံတိုးတိုးဖြင့် ဖွင့်ဟပြောပြတော့သည်။

​“ကျောက်စိမ်းနဂါးကျိန်စာ... နိုင်ငံရဲ့ ကံကြမ္မာနဲ့ ဆက်နွှယ်နေတယ် ဟုတ်လား”

​လင်းကျင်းမှာ မယုံနိုင်လောက်အောင် ဖြစ်သွားရ၏။ သူကိုယ်တိုင် ထိုကျိန်စာကို စစ်ဆေးခဲ့ဖူးသည်။ ၎င်းသည် မှောင်မိုက်ပြီး မကောင်းဆိုးဝါးဆန်လှကာ၊ ဟယ်ယုကို အိမ်ရှင်အဖြစ် အသုံးချပြီး သူမ၏ အသက်စွမ်းအင်များကို တဖြည်းဖြည်း ဝါးမြိုနေခြင်း ဖြစ်သည်။

​ဒါဟာ ယုတ်မာသော ကျိန်စာတစ်ခုဆိုသည်မှာ မှန်သော်လည်း၊ နိုင်ငံ၏ ကံကြမ္မာနှင့် ဘယ်လိုလုပ် ပတ်သက်နေနိုင်ပါ့မလဲ။

​လင်းကျင်းအတွက်တော့ ဒါဟာ အဓိပ္ပာယ်မရှိသလိုပင်။

​သူသည် ခေတ်သစ်ကမ္ဘာမှ ဗဟုသုတများစွာကို ရရှိထားသူ ဖြစ်ရာ၊ ဤကဲ့သို့သော နိုင်ငံ၏ ကံကြမ္မာနှင့် ပတ်သက်သည့် ဟောကိန်းများမှာ နောက်ဆုံးတွင် မဟုတ်မမှန်သော မုသားများသာ ဖြစ်သွားတတ်သည်ကို သိထားသည်။ အကယ်၍ ထိုသို့သော အရာများ တကယ်ရှိသည်ဆိုလျှင်ပင် ၎င်းမှာ လူတစ်ဦးတည်းကြောင့် မဟုတ်ဘဲ စုပေါင်းအားထုတ်မှုများကြောင့်သာ ဖြစ်ရပေလိမ့်မည်။

​လင်းကျင်းက အနည်းငယ် မဲ့ပြုံးပြုံးကာ မေးလိုက်၏။

“ဒါကို မင်းအစ်မကလည်း ယုံနေတာပေါ့... အင်း... ယုံမှာပေါ့လေ၊ မဟုတ်ရင် စောစောက သူ အဲဒီလို တုံ့ပြန်မှာ မဟုတ်ဘူး.. မင်းအစ်မက ဒီလောက်အထိ ခေါင်းမာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”

​ဟယ်ချန်းသည် မိမိနှင့် အမြင်တူသူကို တွေ့လိုက်ရသကဲ့သို့ မျက်နှာလေး ဝင်းပသွား၏။

“ဟုတ်တယ်... ဟုတ်တယ်... ကျွန်မလည်း အဲဒီအတိုင်း ထင်တာ... ဒီနန်းတွင်းလျှို့ဝှက်ချက်အကြောင်းကို ကျွန်မ တစ်သက်လုံး သိခဲ့ရပေမဲ့ တစ်ခုမှ မယုံဘူး”

​“ဒါပေမဲ့ ကျွန်မအစ်မက အရမ်းခေါင်းမာတယ်... သူက ပူးပေါင်းမှာ မဟုတ်ဘူးဆိုတော့ အတော်လေး အခက်တွေ့လိမ့်မယ်... ဒါကြောင့် ဦးလေးလုနဲ့ ကျွန်မတို့ တိုင်ပင်ထားကြတယ်.. မနက်ဖြန်ကျရင် သူ့ရဲ့ အစားအစာထဲမှာ ဆေးခတ်ပြီး သူ့ကို အိပ်ပျော်သွားအောင် လုပ်မယ်... အဲဒီအခါကျရင် အကဲဖြတ်မှူးလင်းက ကျိန်စာကို အပြီးအပိုင် ဖယ်ရှားပေးလိုက်ပေါ့... သူ ပြန်နိုးလာတဲ့အခါကျရင် အားလုံး ပြီးစီးသွားပြီလေ”

​ဟယ်ချန်း၏ အပြုံးမှာ တကယ့်ကို လူဆိုးမလေးတစ်ယောက်ကဲ့သို့ပင်။

​လင်းကျင်းမှာ သူမ၏ အကြံအစည်ကို နားထောင်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ဟယ်ချန်းတွင် ဤကဲ့သို့သော အကြံမျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပို၍ အံ့ဩစရာကောင်းသည်မှာ လုဘင်ပင်လျှင် ဤအစီအစဉ်တွင် ပါဝင်နေခြင်းပင်။

​ပြန်စဉ်းစားကြည့်လျှင်တော့ ဤနည်းလမ်းမှာ အောင်မြင်နိုင်ခြေ ရှိလှသည်။ လင်းကျင်းသည် ဆဌမမြောက်မင်းသမီး ဟယ်ယုနှင့် မရင်းနှီးသော်လည်း၊ ဟယ်ချန်း ပြောသကဲ့သို့ပင် မင်းသမီးမှာ ခေါင်းမာသည့် မိန်းကလေး ဖြစ်သည်။ အကယ်၍ သူမက ကုသမှုကို ငြင်းဆန်နေမည်ဆိုလျှင်၊ အတင်းအကျပ် လုပ်မည့်အစား ဆေးခတ်လိုက်ခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။

​ထို့ကြောင့် လင်းကျင်းသည်လည်း ဘာမှ ကန့်ကွက်မနေတော့ဘဲ သဘောတူလိုက်၏။

​အစီအစဉ်ရှိသွားပြီ ဖြစ်သဖြင့် လင်းကျင်းသည် မနက်ဖြန်တွင် ကျိန်စာကို ဖယ်ရှားရန်အတွက် အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ သူ၏ အင်အားများစွာ ကုန်ဆုံးသွားနိုင်သော်လည်း၊ ဤပြဿနာကို တစ်ခါတည်း အမြစ်ပြတ်အောင် ရှင်းလင်းပေးနိုင်မည် မဟုတ်ပါလား။

​ဟယ်ချန်းသည် ပြန်မသွားသေးဘဲ အနားသို့ ပိုတိုးကပ်ကာ တိုးတိုးလေး မေးမြန်းပြန်၏။

“အကဲဖြတ်မှူးလင်း... ရှင်က ​ပြတိုက်မှူးရဲ့ တပည့်ဆိုတော့ သူ့အကြောင်းကို ကောင်းကောင်း သိမှာပေါ့... ပြောပြပါဦး... သူက ဘယ်လိုလူမျိုးလဲဟင်”

​စူးစမ်းလိုစိတ် ပြင်းပြနေသော သူမ၏ မျက်နှာလေးကို ကြည့်ရင်း၊ လင်းကျင်းသည် သူမ ဤကို လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပြတိုက်မှူး၏ နောက်ခံအကြောင်းကို စုံစမ်းရန်ဖြစ်ပြီး၊ အစ်မဖြစ်သူ၏ ကိစ္စမှာ စကားအဖြစ်သာ ပြောခြင်းဖြစ်မည်ဟု သံသယဝင်မိ၏။

​အစကတော့ လင်းကျင်းသည် ဤအကြောင်းကို မပြောချင်ပေ။ သူ ငြင်းဆန်လိုက်လျှင်လည်း ရသော်လည်း၊ ပြန်စဉ်းစားကြည့်သောအခါ လူများစွာက ပြတိုက်မှူး၏ တည်ရှိမှုကို သိနေကြပြီဖြစ်ရာ ထိုပုံရိပ်ကို ပိုမိုခိုင်မာအောင် တည်ဆောက်ထားခြင်းက ပိုကောင်းမည်ဟု ယူဆလိုက်သည်။ အနည်းဆုံးတော့ ဒါကို သူ၏ ‘ကျောထောက်နောက်ခံ’ အဖြစ် အသုံးချနိုင်သည် မဟုတ်ပါလား။

​ထို့ကြောင့် လင်းကျင်းသည် မေပယ်မြို့တွင် ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ပြောပြလိုက်ပြီး မြွေနိုင်ငံနှင့် ရင်ဆိုင်ခဲ့ရပုံများကိုလည်း အနည်းငယ် ဖွင့်ဟလိုက်၏။

​ဟယ်ချန်းသည် ဤအကြောင်းအရာများကို ရဲ့ယွီကျိုး၊ ကျီးကန်းနက်နှင့် ဝိညာဥ်ကလေးငယ်မိခင်တို့ထံမှ ကြားဖူးသော်လည်း၊ လင်းကျင်း၏ နှုတ်ဖျားမှ ကြားရချိန်တွင်တော့ ပြတိုက်မှူး၏ အမြင်ဘက်မှ ပြောပြခြင်း ဖြစ်နေသည်။

​ထို့ကြောင့် ဇာတ်လမ်းမှာ အတူတူပင် ဖြစ်သော်လည်း အသစ်အဆန်းကဲ့သို့ ခံစားရကာ ဟယ်ချန်းမှာ ပထမဆုံးအကြိမ် ကြားရသကဲ့သို့ စိတ်ဝင်တစား နားထောင်နေတော့သည်။

​“ဒါဆို မေပယ်မြို့က ရဲ့ယွီကျိုးက ‘အဖိုးကြီးရဲ့’ ပေါ့နော်”

ဟယ်ချန်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားပုံရ၏။

​လင်းကျင်းကတော့ သူမ ဘာကြောင့် ဤမျှ စိတ်လှုပ်ရှားနေသနည်းဆိုသည်ကို မသိသလို၊ ခန့်မှန်းရန်လည်း စိတ်မဝင်စားပေ။

​အပြင်ဘက် ကောင်းကင်ယံကို လှမ်းကြည့်လိုက်ရာ နေမင်းမှာ အနောက်ဘက်သို့ ဝင်လုဆဲဆဲ ဖြစ်နေပြီ ဖြစ်သည်။

​“ငါ ပြောသားပဲ... မင်းသမီး... နန်းတော်ကို ပြန်ဖို့ အချိန်တန်ပြီ မဟုတ်လား”

လင်းကျင်းက သတိပေးလိုက်မှသာ ဟယ်ချန်းသည် အချိန်ကို သတိပြုမိတော့သည်။

​“ဟုတ်သားပဲ... မှောင်မသွားခင် အမြန်ပြန်မှ ဖြစ်မယ်၊ မဟုတ်ရင် အခြေအနေတွေ ပေါ်ကုန်တော့မှာ”

ဟယ်ချန်းသည် စကားပြော၍ မဝသေးသော်လည်း မတ်တတ်ရပ်လိုက်၏။

​ဤနေရာတွင် ရှိနေသမျှ ကာလပတ်လုံး သူမ၏ ‘အတောင်လေးခုပါ လိပ်ပြာနဂါး’ မှာ အလွန်ပင် လိမ္မာနေခဲ့သည်။ တစ်ခုမှာ လိပ်ပြာနဂါးများသည် သဘာဝအရ နူးညံ့သိမ်မွေ့သော သတ္တဝါများ ဖြစ်ခြင်းကြောင့် ဖြစ်သော်လည်း၊ အခြားအကြောင်းရင်းမှာ လင်းကျင်း၏ ရှေ့တွင် အလွန်သတိထားနေရခြင်းကြောင့်ပင်။

​လင်းကျင်းနှင့် ပြတိုက်မှူးမှာ တစ်ဦးတည်း ဖြစ်သည်ကို သူမ သိရှိ၍ မဟုတ်ပေ။ ထိုအစား လင်းကျင်းထံမှ ပြတိုက်မှူးထံတွင်ရှိသည့် ကြောက်မက်ဖွယ် အရှိန်အဝါမျိုးကို သူမ ခံစားနေရသောကြောင့် ဖြစ်သည်။ ဧည့်ခန်းမဆောင်တွင် တွေ့ခဲ့ရသကဲ့သို့ မပြင်းထန်သော်လည်း၊ ထိုအရှိန်အဝါ၏ တစ်ဆယ်ရာခိုင်နှုန်းလောက် ရှိနေခြင်းကပင် သူမကို ကြောက်ရွံ့သွားစေရန် လုံလောက်လှပေသည်။

​လင်းကျင်းသည် ဟယ်ချန်းကို တံခါးဝအထိ လိုက်လံ ပို့ဆောင်ပေးလိုက်၏။

​“ဒါဆို ကျွန်မတို့ သဘောတူပြီနော်... မနက်ဖြန် ဦးလေးလု လာခေါ်လိမ့်မယ်၊ ပြီးရင် ကျွန်မတို့ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့”

ပြောပြီးနောက် ဟယ်ချန်းသည် လက်ဝေ့ယမ်းကာ ဂါထာတစ်ခုကို ရွတ်ဆိုလိုက်ပြီး ကြီးမားလာသော လိပ်ပြာနဂါး၏ ကျောပေါ်သို့ ခုန်တက်လိုက်တော့သည်။

​လိပ်ပြာနဂါးသည် စွမ်းအင်တိမ်တိုက်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားကာ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွား၏။

​လင်းကျင်းမှာတော့ မအံ့ဩတော့ပေ။ ဒါဟာ လိပ်ပြာနဂါး၏ အစွမ်းတစ်ခု ဖြစ်သလို၊ အခုဆိုလျှင် အဆင့် (၄) သို့ ရောက်ရှိနေပြီဖြစ်ရာ ဤမျှအထိ ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းမှာ မဆန်းတော့ပေ။

အခန်း (၂၃၂) - ညဉ့်နက်သန်းခေါင် လုပ်ကြံမှု

​ဟယ်ချန်း ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လင်းကျင်းသည် အပြင်သို့ ထပ်မထွက်တော့ရန် ဆုံးဖြတ်လိုက်၏။ ယနေ့မှာ ပင်ပန်းနွမ်းနယ်စရာများဖြင့် ပြည့်နှက်နေခဲ့သဖြင့် သူသည် အခန်းထဲတွင်သာ တရားထိုင်ရင်း ‘သွေးကြောရှာဖွေခြင်း’ အတတ်ကို လေ့ကျင့်ကာ မိမိ၏ သွေးကြောများကို သန်မာအောင် ပြုလုပ်ရန် စီစဉ်လိုက်သည်။ ထို့နောက်မှသာ နှစ်ခြိုက်စွာ အိပ်စက်အနားယူတော့မည် ဖြစ်သည်။

​မကြာသေးမီက လင်းကျင်းသည် မိမိကိုယ်တိုင် ကျင့်ကြံခြင်းကိစ္စတွင် ပျက်ကွက်ခြင်း မရှိခဲ့ပေ။

​သူ၏ သွေးကတိကဝတ်မှာ စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ပဉ္စမအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

​ကျင့်ကြံသူများအသင်း၏ သတ်မှတ်ချက်အရ ပဉ္စမအဆင့်သို့ ရောက်ရှိသူကို ‘လက်ထောက်ကထိက’ အဖြစ် သတ်မှတ်ကြ၏။ လင်းကျင်း ခန့်မှန်းရသလောက်ဆိုလျှင် နောက်ထပ် ရက်အနည်းငယ်အတွင်း သူသည် ထိုအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

​သွေးကြောရှာဖွေခြင်း အတတ်ကို အသုံးပြု၍ မိမိ၏ သွေးကြောများကို သန်မာအောင် ပြုလုပ်ခြင်း၏ ရလဒ်မှာ သိသာလှပေသည်။ သူ၏ အာရုံငါးပါးစလုံးမှာ ယခင်ကထက် ပိုမိုထက်မြက်လာပြီး၊ အကယ်၍သာ ဤအတိုင်း ဆက်လက် အားထုတ်သွားမည်ဆိုပါက သူ၏ ရုပ်ခန္ဓာကို အသစ်တစ်ဖန် ပြန်လည် မွမ်းမံနိုင်ပေလိမ့်မည်။

​ဒါဟာ အခြားသော ကျင့်ကြံသူများ အိပ်မက်ပင် မမက်ဝံ့သည့် အရာမျိုး ဖြစ်၏။

​ရှေးယခင်ကတည်းက မသေနိုင်သော တရားကို ကျင့်ကြံကြသူများသည် မိမိတို့၏ ရုပ်ခန္ဓာကို အသစ်တစ်ဖန် ဖြစ်ပေါ်စေရန်၊ ချို့ယွင်းချက်များကို ပြုပြင်ရန်နှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ရန် မျှော်လင့်ခဲ့ကြသည်။ ဤသို့ဖြင့် ဝိညာဉ်စွမ်းအင်များကို ပိုမိုစုပ်ယူနိုင်ကာ ပိုမိုအစွမ်းထက်သော ဂါထာမန္တန်များကို အသုံးပြုနိုင်မည်ဖြစ်သလို၊ အသက်ရှည်ခြင်းကိုလည်း ရရှိနိုင်မည် မဟုတ်ပါလား။

​ညနေစောင်းက မုန့်များ စားထားသဖြင့် လင်းကျင်း ဗိုက်မဆာတော့ပေ။ သူသည် တည်းခိုခန်း အလုပ်သမားများကို သူ့ကို မနှောင့်ယှက်ရန် မှာကြားပြီးနောက် အခန်းထဲသို့ ပြန်လာခဲ့သည်။

​ရှောင်ဟော့နှင့် မျောက်ဖြူကြီးတို့ကိုလည်း ၎င်းတို့ဘာသာ ကျင့်ကြံခိုင်းထားပြီး၊ လင်းကျင်းကတော့ ခုတင်ပေါ်တွင် ထိုင်ကာ သွေးကြောများကို သန်မာအောင် စတင် ပြုလုပ်တော့သည်။

​အချိန်များမှာ ကုန်ဆုံးသွားခဲ့ချေပြီ။ သူ စတင်ချိန်က နေဝင်ရီတရော အချိန်ဖြစ်သော်လည်း၊ သူ၏ သွေးကြောတစ်ခုကို ပြန်လည် တည်ဆောက်ပြီးနောက် လန်းဆန်းမှုကို ခံစားရချိန်တွင် မျက်လုံးဖွင့်ကြည့်လိုက်ရာ အပြင်ဘက်တွင် မှောင်အတိ ကျနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

​“ဆက်လုပ်ရအောင်”

လင်းကျင်း အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီး ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ပြန်သည်။

​မြို့တော်ကဲ့သို့ စည်ကားသော နေရာမျိုးပင်လျှင် ညဉ့်နက်လာသောအခါ တိတ်ဆိတ်ငြိမ်သက်သွားတတ်သည်။ မီးရောင်များ မှိန်ဖျော့သွားပြီး ကျောက်စိမ်းနဂါးမြစ်၏ ဘေးတစ်ဖက်တစ်ချက်တွင်သာ ဖယောင်းတိုင်မီးအချို့ကို ရံဖန်ရံခါ မြင်တွေ့ရ၏။

​ဤသို့သော ညဉ့်နက်သန်းခေါင် အချိန်တွင် ကျောက်စိမ်းနဂါးနန်းတော်အတွင်း၌ မှောင်မိုက်သော လူရိပ်တစ်ခုမှာ သရဲတစ္ဆေတစ်ကောင်အလား အသံတစ်ချက်မျှ မထွက်ဘဲ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးလွှားနေသည်။

​ထိုလူရိပ်မှာ ဆဌမမြောက်မင်းသမီး ဟယ်ယု၏ အဆောင်သို့ ရောက်ရှိလာပြီး၊ ဘေးဘီကို အကဲခတ်ကာ အထဲသို့ ခုန်ဝင်လိုက်၏။

​ဤမျှ ညဉ့်နက်နေပြီ ဖြစ်သော်လည်း ဟယ်ယုမှာ အိပ်မပျော်သေးပေ။

​ပုံမှန်အားဖြင့် သူမသည် ခုတင်ပေါ်တွင် လဲလျောင်းရင်း အတွေးပေါင်းစုံကို တွေးတောကာ အိပ်စက်လေ့ရှိသည်။ သို့သော် ယနေ့တွင်တော့ သူမမှာ နားလို့မရနိုင်အောင် ဖြစ်နေသဖြင့် ထိုင်ကာ ဖယောင်းတိုင်မီးဖြင့် စာဖတ်နေမိ၏။ သို့သော် စာမျက်နှာ နှစ်မျက်နှာလောက် ဖတ်ပြီးချိန်တွင်တော့ သူမမှာ ငေးငိုင်ကာ တစ်စုံတစ်ခုကို တွေးတောနေပြန်သည်။

​ဒါဟာ သူမ၏ ရှားပါးလှသော ဝါသနာအချို့ထဲမှ တစ်ခုပင်။

​ထိုစဉ် လုံခြုံလှသော သူမ၏ အခန်းအတွင်း၌ လေတစ်ချက် တိုက်ခတ်လိုက်သကဲ့သို့ ဖယောင်းတိုင်မီးမှာ လှုပ်ခါသွား၏။

​ထက်မြက်သော ဟယ်ယုသည် ခေါင်းမော့ကြည့်လိုက်ရာ၊ သူမ၏ အခန်းထဲသို့ အခွင့်မရှိဘဲ ရောက်ရှိလာသည့် ဧည့်သည်တစ်ဦးကို တွေ့လိုက်ရတော့သည်။

​ထိုသူမှာ အမှောင်ရိပ်ထဲတွင် ရပ်နေသဖြင့် ဟယ်ယုအနေဖြင့် လူပုံသဏ္ဌာန် အကြမ်းဖျင်းကိုသာ မြင်ရ၏။

​ဟယ်ယု​သည် အကူအညီတောင်းရန် အော်ဟစ်ရန် ပြင်လိုက်သော်လည်း၊ ကျူးကျော်သူက စကားတစ်ခွန်း ပြောလိုက်ရာ ဟယ်ယု၏ မျက်လုံးများမှာ ချက်ချင်း ဝိုင်းစက်သွားပြီး အော်ဟစ်ရန် အကြံကို လက်လွှတ်လိုက်တော့သည်။

​ခေတ္တမျှ ကြာပြီးနောက်တွင်တော့ ထိုလူရိပ်မှာ ပူနွေးနေသည့် ရွှေရောင်လက်စွပ်တစ်ကွင်းကို ကိုင်ဆောင်ကာ ပြန်လည် ထွက်ခွာသွားခဲ့ချေပြီ။

​ထိုလူရိပ် ထွက်ခွာသွားပြီး မကြာမီမှာပင် ကျောက်စိမ်းနဂါး ကျောင်းဆောင်အတွင်းမှ နဂါးရုပ်သွင်တစ်ခုမှာ နန်းတော်ဆီသို့ ဦးတည်ကာ ဟယ်ယု၏ အဆောင်အတွင်းသို့ ပျံသန်းဝင်ရောက်သွားတော့သည်။

​နဂါးဟိန်းသံကြီးမှာ ဟိန်းထွက်သွား၏။

​တည်းခိုခန်းအတွင်း၌ လင်းကျင်းသည် ရုတ်တရက် မျက်လုံးများ ပွင့်လာ၏။

​သူ့ဘေးပတ်လည်ရှိ ငွေအပ်များမှာ တုန်ခါနေကြသည်။

​“ခုနက တစ်ခုခု ကြားလိုက်သလိုပဲ”

သူ သေသေချာချာ နားစွင့်ကြည့်သော်လည်း ဘာသံမှ ထပ်မကြားရတော့ပေ။

​ရှောင်ဟော့နှင့် မျောက်ဖြူကြီးမှာ အခန်းထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကြ၏။ အထူးသဖြင့် မျောက်ဖြူကြီးမှာ မကြာသေးမီက စားသောက်ရသည်ကို အလွန်နှစ်သက်လာပြီး ကျင့်ကြံခြင်းတွင် ပျင်းရိလာသည်။ လင်းကျင်းကတော့ မျောက်ဖြူကြီးကို လေ့ကျင့်ခန်း လုပ်ရန် တိုက်တွန်းသည့်အနေဖြင့် သူနှင့်အတူ ခေါ်လာခြင်း ဖြစ်၏။ အကယ်၍သာ ဒီအတိုင်း ပစ်ထားမည်ဆိုပါက ဤမျောက်မှာ ဘယ်အချိန်ကျမှ ‘လူယောင်ဆောင်ခြင်း’ အတတ်ကို တတ်မြောက်မည်နည်းဆိုသည်မှာ ဘုရားမှသာ သိပေလိမ့်မည်။

​လင်းကျင်းသည် မျောက်ဖြူကြီးကို မနှိုးတော့ပေ။ စောစောက ကျင့်ကြံနေစဉ်အတွင်း သူသည် ရုတ်တရက် ထိတ်လန့်မှုကို ခံစားလိုက်ရသဖြင့် မျက်လုံးဖွင့်လိုက်ခြင်း ဖြစ်သော်လည်း၊ အခုတော့ ဘာမှ မခံစားရတော့ပေ။

​ဒါဟာ စိတ်ကူးယဉ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။

​ထို့နောက် သူက ခပ်တိုးတိုး ရွတ်ဆိုလိုက်၏။

“ပြန်လာခဲ့ကြ”

​သူ့ခန္ဓာကိုယ်ပေါ်ရှိ အပ်တစ်ရာကျော်မှာ လက်ခနဲ ဖြစ်သွားပြီး လင်းကျင်း၏ အင်္ကျီလက်အင်္ကျီအတွင်းသို့ ပျံသန်းဝင်ရောက်သွားကြသည်။

​ဒါဟာ လင်းကျင်း အပ်များကို ပုံမှန် သိမ်းဆည်းထားသည့် နေရာပင်။

​ဤအပ်များသည် သာမန်အပ်များ မဟုတ်ပေ။ ၎င်းတို့မှာ လင်းကျင်းကိုယ်တိုင် နေ့မအား ညမအား ထူးခြားသော နည်းစနစ်ဖြင့် ပြုလုပ်ထားသည့် ‘ရစ်ပတ်အပ်’များ ဖြစ်သည်။

​အစကတော့ လင်းကျင်းတွင် ရစ်ပတ်အပ် တစ်ချောင်းတည်းသာ ရှိသော်လည်း၊ အခုဆိုလျှင် တစ်ရာကျော် ရှိနေပြီ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို တိုက်ခိုက်လာမည်ဆိုပါက ရန်ကျဲနှင့် အဆင့်တူသူပင် ဖြစ်လင့်ကစား သူ့ကို အလွယ်တကူ အန္တရာယ် ပေးနိုင်မည် မဟုတ်ပေ။

​ပြတင်းပေါက်များမှာ ကျယ်ကျယ်လောင်လောင် ပွင့်နေ၏။ လင်းကျင်းသည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ ဤမြို့တော်၏ ညအလှကို ခံစားနေမိသည်။

​ထိုစဉ် သူသည် အန္တရာယ်တစ်ခု အနားသို့ ကပ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

​အနက်ရောင် မြားတစ်စင်းမှာ လေထုကို တိုးဝှေ့ကာ လင်းကျင်း၏ လည်ပင်းကို ဦးတည်၍ အသံတစ်ချက်မျှ မထွက်ဘဲ ပျံသန်းလာတော့သည်။

​လင်းကျင်းသည် လျင်မြန်သော တုံ့ပြန်မှုဖြင့် ဘေးသို့ ရှောင်လိုက်၏။

​“ဖတ်”

​မြားမှာ နံရံတွင် စိုက်ဝင်သွားပြီး နံရံတစ်ခုလုံး မည်းနက်သွားကာ ပုပ်စပ်စပ် အနံ့တစ်ခု ထွက်ပေါ်လာသည်။

​ဒါဟာ အဆိပ်မြားပင်။

​ရှောင်ဟော့မှာ ပထမဆုံး နိုးလာသူ ဖြစ်၏။ သူသည် လျှပ်စီးလက်သကဲ့သို့ လင်းကျင်း၏ ရှေ့သို့ ပြေးထွက်လာကာ နောက်ထပ် တိုက်ခိုက်မှုများမှ ကာကွယ်ပေးလိုက်သည်။ မျောက်ဖြူကြီးမှာလည်း လျင်မြန်လှပေသည်။ သူသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ထွက်ကာ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။

​လင်းကျင်းသည် နံရံတွင် စိုက်ဝင်နေသော မြားကို ကြည့်ရင်း ထိတ်လန့်သွားရ၏။

​အကယ်၍သာ သူ အနည်းငယ် နောက်ကျသွားခဲ့လျှင်၊ မြားက အရေပြားကို အနည်းငယ်မျှ ရှပ်ထိသွားခဲ့လျှင်ပင် သူ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ ထိုမြားတွင် ပြင်းထန်သော အဆိပ်များ ပါဝင်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

​“ဘယ်သူက ငါ့ကို သတ်ချင်နေတာလဲ”

​လင်းကျင်းမှာ ဇဝေဇဝါ ဖြစ်နေ၏။ ဒါဟာ သူ မြို့တော်ကို ရောက်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သလို၊ သူ့ကို သိသည့်လူမှာလည်း လက်ချိုးရေတွက်၍ ရသည်။ သို့ပါလျှင် ပထမဆုံးနေ့မှာတင် သူ့ကို အသေလိုချင်နေသည့်သူမှာ မည်သူနည်း။

​ဒေါသ။

​သူ တကယ့်ကို ဒေါသထွက်သွားရ၏။

​ကံကောင်းစွာဖြင့် လင်းကျင်းမှာ မကြာသေးမီက တရားထိုင်ထားသူဖြစ်သဖြင့် စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

​သူ့ကို ကာကွယ်ရန် ရှောင်ဟော့ ရှိနေပြီး၊ မျောက်ဖြူကြီးကို လွှတ်လိုက်ခြင်းကပင် လုံလောက်လှပေသည်။

​မျောက်ဖြူကြီးမှာ အဆင့် (၃) သာ ရှိသေးသော်လည်း၊ သူသည် ‘မြက်ခင်းပြင်တိုက်ကြီး’ မှ လာသော သတ္တဝါဖြစ်သလို၊ မကြာသေးမီကမှ ‘သားရဲစွမ်းအင်ဖွဲ့စည်းခြင်း’ နှင့် ‘မိစ္ဆာအသွင်ပြောင်းခြင်း’ တို့ကို သင်ယူထားသူ ဖြစ်၏။ သူသည် အဆင့် (၄) သားရဲတစ်ကောင်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။

​ထို့ပြင် မြားပစ်လိုက်သောသူမှာ တစ်ယောက်တည်း ဖြစ်ပုံရပြီး လူသားတစ်ဦးသာ ဖြစ်၏။

​လူသားဆိုလျှင်တော့ ကိစ္စက ပိုလွယ်သွားချေပြီ။

​လင်းကျင်းသည် အခန်းထဲမှာတင် ဆက်နေလိုက်၏။ အပြင်သို့ ထွက်ခြင်းက သူ့ကို ပို၍ အန္တရာယ်များစေနိုင်သောကြောင့် ဖြစ်သည်။ သူသည် အခန်းထဲတွင်သာ နေပြီး ရှောင်ဟော့၏ အကာအကွယ်ကို ယူထားရန် ဆုံးဖြတ်လိုက်သည်။

​သူသည် စိတ်ကို တည်ငြိမ်စေရန် လက်ဖက်ရည် အနည်းငယ် သောက်လိုက်၏။ မကြာမီမှာပင် အပြင်ဘက်၌ လှုပ်ရှားမှုအချို့ ရှိလာသည်။

​မျောက်ဖြူကြီး ပြန်ရောက်လာချေပြီ။

​ဤမျောက်ဖြူကြီးမှာ အခုဆိုလျှင် သာမန်လူတစ်ယောက် အရွယ်အစားအထိ ကြီးမားလာ၏။ သူ၏ အနက်ရောင် အမွေးများကြားမှ အဖြူရောင် အမွေးသစ်များ ပေါက်ထွက်နေပြီး၊ ထွားကြိုင်းလှသော ခြေလက်များနှင့်အတူ ပိုမို အားအင်ပြည့်ဝနေပုံရသည်။

​သူ၏ သဘာဝ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ သာမန်ထက် သန်မာလှသဖြင့် ကျင့်ကြံခြင်း မပြုလျှင်ပင် ကိုယ်ခံပညာရှင်ဟု ဆိုသူများကို ခွန်အားဖြင့် အလွယ်တကူ အနိုင်ယူနိုင်ပေသည်။

​မျောက်ဖြူကြီးမှာ လူတစ်ယောက်ကို ထမ်းလာ၏။

​ထိုလူမှာ လှုပ်ရှားမှု မရှိသဖြင့် သေနေသလား၊ ရှင်နေသလား ဆိုသည်ကို မသိနိုင်ပေ။ ထိုသူမှာ အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားပြီး ဖုံးအုပ်ထားသော မျက်နှာတွင် သွေးများ စိုရွှဲနေသည်။

​ဒါဟာ စောစောက မြားပစ်ခဲ့သည့်သူ ဖြစ်မှာ သေချာလှပေသည်။

​“မျောက်ဖြူ... မင်း သူ့ကို ရိုက်သတ်လိုက်တာလား”

လင်းကျင်းက မေးလိုက်၏။ မျောက်ဖြူကြီးကတော့ ဘာမှမသိသလို မျက်နှာပေးမျိုးဖြင့် သူ့ကို ကြည့်နေသည်။ လင်းကျင်း သွားကြည့်လိုက်သောအခါ ထိုသူမှာ ရင်ဘတ်တစ်ခုလုံး နိမ့်ဝင်သွားပြီး ပြင်းထန်သော ဒဏ်ရာများ ရထားသည်ကို တွေ့လိုက်ရ၏။ အသက်ကို ထွက်လေသာ ရှိတော့ပြီး ရှူသွင်းနိုင်ခြင်း မရှိတော့ပေ။

​ဒါဟာ မျောက်ဖြူကြီး၏ လက်ချက် ဖြစ်မှာ သေချာသည်။

​သို့သော်လည်း သူ့ကို အပြစ်တင်၍ မရပေ။ ဤလျှို့ဝှက်ဆန်းကြယ်သော လူမှာ သိသာလှသော ကြေးစားလုပ်ကြံသူတစ်ဦး ဖြစ်ရာ၊ မျောက်ဖြူကြီး ထိခိုက်မည့်အစား သူ သေသွားခြင်းက ပို၍ ကောင်းပေသည်။

​ကြည့်ရတာ လင်းကျင်းအနေဖြင့် ဤလူ့ထံမှ ဘာအဖြေမှ ရနိုင်တော့မည် မဟုတ်ပေ။

​တကယ်ပင် ခေတ္တမျှ ကြာပြီးနောက် ထိုသူမှာ အသက်ပျောက်သွားတော့သည်။ လင်းကျင်းသည် သူ၏ ကိုယ်ပေါ်တွင် အဆိပ်မြားအချို့ကို တွေ့လိုက်ရသလို၊ မျောက်ဖြူကြီးမှာလည်း အခြားအရာတစ်ခုဖြစ်သည့် ‘လေး’ တစ်လက်ကို ယူဆောင်လာခဲ့သည်။

​ထိုလေးမှာ ကောင်းမွန်စွာ ပြုလုပ်ထားပြီး အစွမ်းထက်လှ၏။ လင်းကျင်းသည် လေးကြိုးကို ဆွဲကြည့်လိုက်ရာ ဤလက်နက်မှာ ပေ ၁၅၀ အကွာအဝေးအထိ သေစေနိုင်လောက်သော အစွမ်းရှိကြောင်း သေချာသွားသည်။ ကျောက်တုံးများကိုပင် ဖောက်ထွင်းနိုင်စွမ်း ရှိ၏။

​ထို့ပြင် အဆိပ်လူးမြား ဖြစ်နေသဖြင့် အရေပြားကို အနည်းငယ် ရှပ်ထိရုံဖြင့်ပင် သေစေရန် လုံလောက်လှပေသည်။

All Chapters