အခန်း (၂၃၁-၂၃၂)
Vol. 12 Ch. 231-232
အခန်း (၂၃၁) - သူမကို ဆေးခတ်လိုက်မယ်
လင်းကျင်းသည် အပြင်ဘက်သို့ လှမ်းကြည့်နေသည့် သူ၏ အကြည့်များကို အမြန်ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဟယ်ချန်းဘက်သို့ အာရုံပြန်လည် ပို့လိုက်၏။
“တောင်းပန်ဖို့ လာတာ ဟုတ်လား...ဒါနဲ့... မင်းက လက်ဗလာနဲ့ လာတာပေါ့”
လင်းကျင်းက စနောက်သည့် လေသံဖြင့် မေးလိုက်သည်။
ထိုအခါမှ ဟယ်ချန်းသည် လျှာလေးထုတ်ကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး၊ သူမ ယူဆောင်လာသည့် မုန့်အချို့ကို ထုတ်လိုက်၏။
“ဒါက နန်းတော်ထဲက စားဖိုမှူးကြီးတွေ လုပ်ပေးထားတာပါ... သူတို့က မုန့်လုပ်တဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်တာ၊ ဒါတွေက ကျွန်မ အကြိုက်ဆုံး မုန့်တွေပဲ.. အကယ်၍ အကဲဖြတ်မှူးလင်း ကြိုက်တယ်ဆိုရင် နောက်ခါကျရင် အများကြီး ထပ်ယူလာပေးမယ်လေ”
ပြောပြောဆိုဆိုဖြင့် ဟယ်ချန်းသည် စားပွဲပေါ်တွင် မုန့်များကို ခင်းကျင်းလိုက်တော့သည်။
အမှန်စင်စစ် လင်းကျင်းသည် အခန်းထဲသို့ စတင်ဝင်လိုက်ကတည်းကပင် သွားရည်ယိုစရာ ကောင်းလှသော မုန့်ရနံ့များကို ရနေခဲ့ခြင်း ဖြစ်သည်။
ရှောင်ဟော့ကတော့ သူ့ထက်ပင် အရင် ဦးအောင် သိနေခဲ့၏။ လင်းကျင်း၏ နှာခေါင်းမှာ ရှောင်ဟော့ကို မယှဉ်နိုင်သည်မှာ မှန်သော်လည်း၊ မကြာသေးမီက သူ၏ အာရုံခံစားမှုများမှာ ပိုမိုထက်မြက်လာသည်ကို သတိပြုမိလာသည်။
ဤမုန့်ရနံ့ကို ရနေခြင်းမှာလည်း သက်သေတစ်ခုပင်။ ဖယောင်းစက္ကူဖြင့် သေသေချာချာ ထုပ်ပိုးထားသဖြင့် သာမန်လူတစ်ယောက်ဆိုလျှင် ဤမုန့်ရနံ့ကို ရရန် ခက်ခဲလှပေလိမ့်မည်။ သို့သော် လင်းကျင်းမှာတော့ တံခါးဖွင့်လိုက်သည်နှင့် ထိုမွှေးကြိုင်လှသော ရနံ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ပြောရမည်ဆိုလျှင် လွန်ခဲ့သော တစ်လခန့်ကတည်းက သူ၏ အနံ့ခံအာရုံတင်မကဘဲ အမြင်အာရုံမှာလည်း ပိုမိုကြည်လင် ထက်မြက်လာခဲ့သည်။ ဤသို့ ဖြစ်ရသည့် အကြောင်းရင်းကို သူ သေသေချာချာ မသိရသော်လည်း၊ အာရုံခံစားမှုများ ပိုမိုထက်မြက်လာခြင်းမှာ ကောင်းသောလက္ခဏာပင် ဖြစ်ချေသည်။
လင်းကျင်း ပြုံးလိုက်ပြီး ဖယောင်းစက္ကူကို ဖြေလိုက်ရာ အလွန်လှပသေသပ်သော မုန့်လေးများကို တွေ့လိုက်ရ၏။ နန်းတွင်း စံနှုန်းဆိုသည်မှာလည်း မသေးလှသည် မဟုတ်ပါလား။ သူသည် မုန့်တစ်လုံးကို ယူကာ မြည်းကြည့်လိုက်ရာ အပြင်ဘက်က ကြွပ်ရွနေပြီး အတွင်းပိုင်းက နူးညံ့လှသည်။ ဤသိမ်မွေ့သော အရသာမှာ တကယ်ပင် ထူးကဲလှပေသည်။
ဆရာကြီးတန် ကျွေးခဲ့သည့် နေ့လယ်စာမှာ အရသာရှိလှသော်လည်း၊ မြို့ထဲတွင် လှည့်ပတ်လမ်းလျှောက်ပြီးနောက် အစာအားလုံးမှာ ကြေညက်သွားခဲ့ပြီ ဖြစ်သည်။ အခုလို ဗိုက်အနည်းငယ် ဆာနေချိန်တွင် ဤမုန့်များမှာ အချိန်ကိုက်ပင်။
ရှောင်ဟော့နှင့် မျောက်ဖြူကြီးမှာလည်း မုန့်ရနံ့ကို ရလိုက်သဖြင့် မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေကြ၏။
လင်းကျင်းလည်း ဤအစားအသောက် မက်သော အဖော်နှစ်ကောင်ကို မုန့်တစ်ဖဲ့စီ ဝေပေးလိုက်တော့သည်။
ထိုစဉ် ဟယ်ချန်းက စကားစလာ၏။
“အကဲဖြတ်မှူးလင်း... ကျွန်မ အစ်မအကြောင်းကလေ...”
လင်းကျင်းမှာ မုန့်စားနေရင်း အနည်းငယ် နင်သွားသဖြင့် လက်ဖက်ရည်အိုးကို လှမ်းယူလိုက်ရာ၊ အိုးထဲတွင် လက်ဖက်ရည်များ ဖြည့်ထားသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။ အေးစက်နေပြီ ဖြစ်သော်လည်း သူသည် မုန့်များ မျိုချရလွယ်ကူစေရန် တစ်ငုံ သောက်လိုက်၏။
“ဆဋ္ဌမမြောက် မင်းသမီးရဲ့ အခြေအနေကို ငါ အရင်ကလည်း ပြောဖူးပါတယ်... အဲဒီ ‘သားရဲဝိညာဉ်ကျိန်စာ’ က ပြင်းထန်ပြီး ခေါင်းမာလှပေမဲ့ အခက်အခဲကြီးတော့ မဟုတ်ဘူး... ရက်အနည်းငယ်အတွင်းမှာပဲ ငါ ဖယ်ရှားပေးနိုင်တယ်”
လင်းကျင်းက ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
ဟယ်ချန်းက ခေါင်းညိတ်လိုက်၏။
“အကဲဖြတ်မှူးလင်းက အရှင်ပြတိုက်မှူးရဲ့ တပည့်ရင်းတစ်ယောက်ဆိုတော့ ရှင့်ရဲ့ အရည်အချင်းကို ကျွန်မ မယုံကြည်ဘဲ မနေပါဘူး... ဆရာကြီးရဲ့ အစွမ်းတွေကိုလည်း ကျွန်မ အလွန်ပဲ အထင်ကြီးမိပါတယ်... ဒါပေမဲ့ ကျွန်မ စိတ်ပူတာက ကျွန်မအစ်မက ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုတာပဲ...”
ဟယ်ချန်းသည် စကားကို ဆက်ပြောရန် တွန့်ဆုတ်နေပုံရ၏။
လင်းကျင်းက ဆက်ပြောရန် တိုက်တွန်းလိုက်သောအခါမှ ဟယ်ချန်းသည် အနားသို့ တိုးကပ်ကာ လေသံတိုးတိုးဖြင့် ဖွင့်ဟပြောပြတော့သည်။
“ကျောက်စိမ်းနဂါးကျိန်စာ... နိုင်ငံရဲ့ ကံကြမ္မာနဲ့ ဆက်နွှယ်နေတယ် ဟုတ်လား”
လင်းကျင်းမှာ မယုံနိုင်လောက်အောင် ဖြစ်သွားရ၏။ သူကိုယ်တိုင် ထိုကျိန်စာကို စစ်ဆေးခဲ့ဖူးသည်။ ၎င်းသည် မှောင်မိုက်ပြီး မကောင်းဆိုးဝါးဆန်လှကာ၊ ဟယ်ယုကို အိမ်ရှင်အဖြစ် အသုံးချပြီး သူမ၏ အသက်စွမ်းအင်များကို တဖြည်းဖြည်း ဝါးမြိုနေခြင်း ဖြစ်သည်။
ဒါဟာ ယုတ်မာသော ကျိန်စာတစ်ခုဆိုသည်မှာ မှန်သော်လည်း၊ နိုင်ငံ၏ ကံကြမ္မာနှင့် ဘယ်လိုလုပ် ပတ်သက်နေနိုင်ပါ့မလဲ။
လင်းကျင်းအတွက်တော့ ဒါဟာ အဓိပ္ပာယ်မရှိသလိုပင်။
သူသည် ခေတ်သစ်ကမ္ဘာမှ ဗဟုသုတများစွာကို ရရှိထားသူ ဖြစ်ရာ၊ ဤကဲ့သို့သော နိုင်ငံ၏ ကံကြမ္မာနှင့် ပတ်သက်သည့် ဟောကိန်းများမှာ နောက်ဆုံးတွင် မဟုတ်မမှန်သော မုသားများသာ ဖြစ်သွားတတ်သည်ကို သိထားသည်။ အကယ်၍ ထိုသို့သော အရာများ တကယ်ရှိသည်ဆိုလျှင်ပင် ၎င်းမှာ လူတစ်ဦးတည်းကြောင့် မဟုတ်ဘဲ စုပေါင်းအားထုတ်မှုများကြောင့်သာ ဖြစ်ရပေလိမ့်မည်။
လင်းကျင်းက အနည်းငယ် မဲ့ပြုံးပြုံးကာ မေးလိုက်၏။
“ဒါကို မင်းအစ်မကလည်း ယုံနေတာပေါ့... အင်း... ယုံမှာပေါ့လေ၊ မဟုတ်ရင် စောစောက သူ အဲဒီလို တုံ့ပြန်မှာ မဟုတ်ဘူး.. မင်းအစ်မက ဒီလောက်အထိ ခေါင်းမာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”
ဟယ်ချန်းသည် မိမိနှင့် အမြင်တူသူကို တွေ့လိုက်ရသကဲ့သို့ မျက်နှာလေး ဝင်းပသွား၏။
“ဟုတ်တယ်... ဟုတ်တယ်... ကျွန်မလည်း အဲဒီအတိုင်း ထင်တာ... ဒီနန်းတွင်းလျှို့ဝှက်ချက်အကြောင်းကို ကျွန်မ တစ်သက်လုံး သိခဲ့ရပေမဲ့ တစ်ခုမှ မယုံဘူး”
“ဒါပေမဲ့ ကျွန်မအစ်မက အရမ်းခေါင်းမာတယ်... သူက ပူးပေါင်းမှာ မဟုတ်ဘူးဆိုတော့ အတော်လေး အခက်တွေ့လိမ့်မယ်... ဒါကြောင့် ဦးလေးလုနဲ့ ကျွန်မတို့ တိုင်ပင်ထားကြတယ်.. မနက်ဖြန်ကျရင် သူ့ရဲ့ အစားအစာထဲမှာ ဆေးခတ်ပြီး သူ့ကို အိပ်ပျော်သွားအောင် လုပ်မယ်... အဲဒီအခါကျရင် အကဲဖြတ်မှူးလင်းက ကျိန်စာကို အပြီးအပိုင် ဖယ်ရှားပေးလိုက်ပေါ့... သူ ပြန်နိုးလာတဲ့အခါကျရင် အားလုံး ပြီးစီးသွားပြီလေ”
ဟယ်ချန်း၏ အပြုံးမှာ တကယ့်ကို လူဆိုးမလေးတစ်ယောက်ကဲ့သို့ပင်။
လင်းကျင်းမှာ သူမ၏ အကြံအစည်ကို နားထောင်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ဟယ်ချန်းတွင် ဤကဲ့သို့သော အကြံမျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပို၍ အံ့ဩစရာကောင်းသည်မှာ လုဘင်ပင်လျှင် ဤအစီအစဉ်တွင် ပါဝင်နေခြင်းပင်။
ပြန်စဉ်းစားကြည့်လျှင်တော့ ဤနည်းလမ်းမှာ အောင်မြင်နိုင်ခြေ ရှိလှသည်။ လင်းကျင်းသည် ဆဌမမြောက်မင်းသမီး ဟယ်ယုနှင့် မရင်းနှီးသော်လည်း၊ ဟယ်ချန်း ပြောသကဲ့သို့ပင် မင်းသမီးမှာ ခေါင်းမာသည့် မိန်းကလေး ဖြစ်သည်။ အကယ်၍ သူမက ကုသမှုကို ငြင်းဆန်နေမည်ဆိုလျှင်၊ အတင်းအကျပ် လုပ်မည့်အစား ဆေးခတ်လိုက်ခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် လင်းကျင်းသည်လည်း ဘာမှ ကန့်ကွက်မနေတော့ဘဲ သဘောတူလိုက်၏။
အစီအစဉ်ရှိသွားပြီ ဖြစ်သဖြင့် လင်းကျင်းသည် မနက်ဖြန်တွင် ကျိန်စာကို ဖယ်ရှားရန်အတွက် အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ သူ၏ အင်အားများစွာ ကုန်ဆုံးသွားနိုင်သော်လည်း၊ ဤပြဿနာကို တစ်ခါတည်း အမြစ်ပြတ်အောင် ရှင်းလင်းပေးနိုင်မည် မဟုတ်ပါလား။
ဟယ်ချန်းသည် ပြန်မသွားသေးဘဲ အနားသို့ ပိုတိုးကပ်ကာ တိုးတိုးလေး မေးမြန်းပြန်၏။
“အကဲဖြတ်မှူးလင်း... ရှင်က ပြတိုက်မှူးရဲ့ တပည့်ဆိုတော့ သူ့အကြောင်းကို ကောင်းကောင်း သိမှာပေါ့... ပြောပြပါဦး... သူက ဘယ်လိုလူမျိုးလဲဟင်”
စူးစမ်းလိုစိတ် ပြင်းပြနေသော သူမ၏ မျက်နှာလေးကို ကြည့်ရင်း၊ လင်းကျင်းသည် သူမ ဤကို လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပြတိုက်မှူး၏ နောက်ခံအကြောင်းကို စုံစမ်းရန်ဖြစ်ပြီး၊ အစ်မဖြစ်သူ၏ ကိစ္စမှာ စကားအဖြစ်သာ ပြောခြင်းဖြစ်မည်ဟု သံသယဝင်မိ၏။
အစကတော့ လင်းကျင်းသည် ဤအကြောင်းကို မပြောချင်ပေ။ သူ ငြင်းဆန်လိုက်လျှင်လည်း ရသော်လည်း၊ ပြန်စဉ်းစားကြည့်သောအခါ လူများစွာက ပြတိုက်မှူး၏ တည်ရှိမှုကို သိနေကြပြီဖြစ်ရာ ထိုပုံရိပ်ကို ပိုမိုခိုင်မာအောင် တည်ဆောက်ထားခြင်းက ပိုကောင်းမည်ဟု ယူဆလိုက်သည်။ အနည်းဆုံးတော့ ဒါကို သူ၏ ‘ကျောထောက်နောက်ခံ’ အဖြစ် အသုံးချနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် လင်းကျင်းသည် မေပယ်မြို့တွင် ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ပြောပြလိုက်ပြီး မြွေနိုင်ငံနှင့် ရင်ဆိုင်ခဲ့ရပုံများကိုလည်း အနည်းငယ် ဖွင့်ဟလိုက်၏။
ဟယ်ချန်းသည် ဤအကြောင်းအရာများကို ရဲ့ယွီကျိုး၊ ကျီးကန်းနက်နှင့် ဝိညာဥ်ကလေးငယ်မိခင်တို့ထံမှ ကြားဖူးသော်လည်း၊ လင်းကျင်း၏ နှုတ်ဖျားမှ ကြားရချိန်တွင်တော့ ပြတိုက်မှူး၏ အမြင်ဘက်မှ ပြောပြခြင်း ဖြစ်နေသည်။
ထို့ကြောင့် ဇာတ်လမ်းမှာ အတူတူပင် ဖြစ်သော်လည်း အသစ်အဆန်းကဲ့သို့ ခံစားရကာ ဟယ်ချန်းမှာ ပထမဆုံးအကြိမ် ကြားရသကဲ့သို့ စိတ်ဝင်တစား နားထောင်နေတော့သည်။
“ဒါဆို မေပယ်မြို့က ရဲ့ယွီကျိုးက ‘အဖိုးကြီးရဲ့’ ပေါ့နော်”
ဟယ်ချန်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားပုံရ၏။
လင်းကျင်းကတော့ သူမ ဘာကြောင့် ဤမျှ စိတ်လှုပ်ရှားနေသနည်းဆိုသည်ကို မသိသလို၊ ခန့်မှန်းရန်လည်း စိတ်မဝင်စားပေ။
အပြင်ဘက် ကောင်းကင်ယံကို လှမ်းကြည့်လိုက်ရာ နေမင်းမှာ အနောက်ဘက်သို့ ဝင်လုဆဲဆဲ ဖြစ်နေပြီ ဖြစ်သည်။
“ငါ ပြောသားပဲ... မင်းသမီး... နန်းတော်ကို ပြန်ဖို့ အချိန်တန်ပြီ မဟုတ်လား”
လင်းကျင်းက သတိပေးလိုက်မှသာ ဟယ်ချန်းသည် အချိန်ကို သတိပြုမိတော့သည်။
“ဟုတ်သားပဲ... မှောင်မသွားခင် အမြန်ပြန်မှ ဖြစ်မယ်၊ မဟုတ်ရင် အခြေအနေတွေ ပေါ်ကုန်တော့မှာ”
ဟယ်ချန်းသည် စကားပြော၍ မဝသေးသော်လည်း မတ်တတ်ရပ်လိုက်၏။
ဤနေရာတွင် ရှိနေသမျှ ကာလပတ်လုံး သူမ၏ ‘အတောင်လေးခုပါ လိပ်ပြာနဂါး’ မှာ အလွန်ပင် လိမ္မာနေခဲ့သည်။ တစ်ခုမှာ လိပ်ပြာနဂါးများသည် သဘာဝအရ နူးညံ့သိမ်မွေ့သော သတ္တဝါများ ဖြစ်ခြင်းကြောင့် ဖြစ်သော်လည်း၊ အခြားအကြောင်းရင်းမှာ လင်းကျင်း၏ ရှေ့တွင် အလွန်သတိထားနေရခြင်းကြောင့်ပင်။
လင်းကျင်းနှင့် ပြတိုက်မှူးမှာ တစ်ဦးတည်း ဖြစ်သည်ကို သူမ သိရှိ၍ မဟုတ်ပေ။ ထိုအစား လင်းကျင်းထံမှ ပြတိုက်မှူးထံတွင်ရှိသည့် ကြောက်မက်ဖွယ် အရှိန်အဝါမျိုးကို သူမ ခံစားနေရသောကြောင့် ဖြစ်သည်။ ဧည့်ခန်းမဆောင်တွင် တွေ့ခဲ့ရသကဲ့သို့ မပြင်းထန်သော်လည်း၊ ထိုအရှိန်အဝါ၏ တစ်ဆယ်ရာခိုင်နှုန်းလောက် ရှိနေခြင်းကပင် သူမကို ကြောက်ရွံ့သွားစေရန် လုံလောက်လှပေသည်။
လင်းကျင်းသည် ဟယ်ချန်းကို တံခါးဝအထိ လိုက်လံ ပို့ဆောင်ပေးလိုက်၏။
“ဒါဆို ကျွန်မတို့ သဘောတူပြီနော်... မနက်ဖြန် ဦးလေးလု လာခေါ်လိမ့်မယ်၊ ပြီးရင် ကျွန်မတို့ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့”
ပြောပြီးနောက် ဟယ်ချန်းသည် လက်ဝေ့ယမ်းကာ ဂါထာတစ်ခုကို ရွတ်ဆိုလိုက်ပြီး ကြီးမားလာသော လိပ်ပြာနဂါး၏ ကျောပေါ်သို့ ခုန်တက်လိုက်တော့သည်။
လိပ်ပြာနဂါးသည် စွမ်းအင်တိမ်တိုက်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားကာ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွား၏။
လင်းကျင်းမှာတော့ မအံ့ဩတော့ပေ။ ဒါဟာ လိပ်ပြာနဂါး၏ အစွမ်းတစ်ခု ဖြစ်သလို၊ အခုဆိုလျှင် အဆင့် (၄) သို့ ရောက်ရှိနေပြီဖြစ်ရာ ဤမျှအထိ ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းမှာ မဆန်းတော့ပေ။
အခန်း (၂၃၂) - ညဉ့်နက်သန်းခေါင် လုပ်ကြံမှု
ဟယ်ချန်း ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လင်းကျင်းသည် အပြင်သို့ ထပ်မထွက်တော့ရန် ဆုံးဖြတ်လိုက်၏။ ယနေ့မှာ ပင်ပန်းနွမ်းနယ်စရာများဖြင့် ပြည့်နှက်နေခဲ့သဖြင့် သူသည် အခန်းထဲတွင်သာ တရားထိုင်ရင်း ‘သွေးကြောရှာဖွေခြင်း’ အတတ်ကို လေ့ကျင့်ကာ မိမိ၏ သွေးကြောများကို သန်မာအောင် ပြုလုပ်ရန် စီစဉ်လိုက်သည်။ ထို့နောက်မှသာ နှစ်ခြိုက်စွာ အိပ်စက်အနားယူတော့မည် ဖြစ်သည်။
မကြာသေးမီက လင်းကျင်းသည် မိမိကိုယ်တိုင် ကျင့်ကြံခြင်းကိစ္စတွင် ပျက်ကွက်ခြင်း မရှိခဲ့ပေ။
သူ၏ သွေးကတိကဝတ်မှာ စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ပဉ္စမအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ကျင့်ကြံသူများအသင်း၏ သတ်မှတ်ချက်အရ ပဉ္စမအဆင့်သို့ ရောက်ရှိသူကို ‘လက်ထောက်ကထိက’ အဖြစ် သတ်မှတ်ကြ၏။ လင်းကျင်း ခန့်မှန်းရသလောက်ဆိုလျှင် နောက်ထပ် ရက်အနည်းငယ်အတွင်း သူသည် ထိုအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
သွေးကြောရှာဖွေခြင်း အတတ်ကို အသုံးပြု၍ မိမိ၏ သွေးကြောများကို သန်မာအောင် ပြုလုပ်ခြင်း၏ ရလဒ်မှာ သိသာလှပေသည်။ သူ၏ အာရုံငါးပါးစလုံးမှာ ယခင်ကထက် ပိုမိုထက်မြက်လာပြီး၊ အကယ်၍သာ ဤအတိုင်း ဆက်လက် အားထုတ်သွားမည်ဆိုပါက သူ၏ ရုပ်ခန္ဓာကို အသစ်တစ်ဖန် ပြန်လည် မွမ်းမံနိုင်ပေလိမ့်မည်။
ဒါဟာ အခြားသော ကျင့်ကြံသူများ အိပ်မက်ပင် မမက်ဝံ့သည့် အရာမျိုး ဖြစ်၏။
ရှေးယခင်ကတည်းက မသေနိုင်သော တရားကို ကျင့်ကြံကြသူများသည် မိမိတို့၏ ရုပ်ခန္ဓာကို အသစ်တစ်ဖန် ဖြစ်ပေါ်စေရန်၊ ချို့ယွင်းချက်များကို ပြုပြင်ရန်နှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ရန် မျှော်လင့်ခဲ့ကြသည်။ ဤသို့ဖြင့် ဝိညာဉ်စွမ်းအင်များကို ပိုမိုစုပ်ယူနိုင်ကာ ပိုမိုအစွမ်းထက်သော ဂါထာမန္တန်များကို အသုံးပြုနိုင်မည်ဖြစ်သလို၊ အသက်ရှည်ခြင်းကိုလည်း ရရှိနိုင်မည် မဟုတ်ပါလား။
ညနေစောင်းက မုန့်များ စားထားသဖြင့် လင်းကျင်း ဗိုက်မဆာတော့ပေ။ သူသည် တည်းခိုခန်း အလုပ်သမားများကို သူ့ကို မနှောင့်ယှက်ရန် မှာကြားပြီးနောက် အခန်းထဲသို့ ပြန်လာခဲ့သည်။
ရှောင်ဟော့နှင့် မျောက်ဖြူကြီးတို့ကိုလည်း ၎င်းတို့ဘာသာ ကျင့်ကြံခိုင်းထားပြီး၊ လင်းကျင်းကတော့ ခုတင်ပေါ်တွင် ထိုင်ကာ သွေးကြောများကို သန်မာအောင် စတင် ပြုလုပ်တော့သည်။
အချိန်များမှာ ကုန်ဆုံးသွားခဲ့ချေပြီ။ သူ စတင်ချိန်က နေဝင်ရီတရော အချိန်ဖြစ်သော်လည်း၊ သူ၏ သွေးကြောတစ်ခုကို ပြန်လည် တည်ဆောက်ပြီးနောက် လန်းဆန်းမှုကို ခံစားရချိန်တွင် မျက်လုံးဖွင့်ကြည့်လိုက်ရာ အပြင်ဘက်တွင် မှောင်အတိ ကျနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
“ဆက်လုပ်ရအောင်”
လင်းကျင်း အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီး ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ပြန်သည်။
မြို့တော်ကဲ့သို့ စည်ကားသော နေရာမျိုးပင်လျှင် ညဉ့်နက်လာသောအခါ တိတ်ဆိတ်ငြိမ်သက်သွားတတ်သည်။ မီးရောင်များ မှိန်ဖျော့သွားပြီး ကျောက်စိမ်းနဂါးမြစ်၏ ဘေးတစ်ဖက်တစ်ချက်တွင်သာ ဖယောင်းတိုင်မီးအချို့ကို ရံဖန်ရံခါ မြင်တွေ့ရ၏။
ဤသို့သော ညဉ့်နက်သန်းခေါင် အချိန်တွင် ကျောက်စိမ်းနဂါးနန်းတော်အတွင်း၌ မှောင်မိုက်သော လူရိပ်တစ်ခုမှာ သရဲတစ္ဆေတစ်ကောင်အလား အသံတစ်ချက်မျှ မထွက်ဘဲ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးလွှားနေသည်။
ထိုလူရိပ်မှာ ဆဌမမြောက်မင်းသမီး ဟယ်ယု၏ အဆောင်သို့ ရောက်ရှိလာပြီး၊ ဘေးဘီကို အကဲခတ်ကာ အထဲသို့ ခုန်ဝင်လိုက်၏။
ဤမျှ ညဉ့်နက်နေပြီ ဖြစ်သော်လည်း ဟယ်ယုမှာ အိပ်မပျော်သေးပေ။
ပုံမှန်အားဖြင့် သူမသည် ခုတင်ပေါ်တွင် လဲလျောင်းရင်း အတွေးပေါင်းစုံကို တွေးတောကာ အိပ်စက်လေ့ရှိသည်။ သို့သော် ယနေ့တွင်တော့ သူမမှာ နားလို့မရနိုင်အောင် ဖြစ်နေသဖြင့် ထိုင်ကာ ဖယောင်းတိုင်မီးဖြင့် စာဖတ်နေမိ၏။ သို့သော် စာမျက်နှာ နှစ်မျက်နှာလောက် ဖတ်ပြီးချိန်တွင်တော့ သူမမှာ ငေးငိုင်ကာ တစ်စုံတစ်ခုကို တွေးတောနေပြန်သည်။
ဒါဟာ သူမ၏ ရှားပါးလှသော ဝါသနာအချို့ထဲမှ တစ်ခုပင်။
ထိုစဉ် လုံခြုံလှသော သူမ၏ အခန်းအတွင်း၌ လေတစ်ချက် တိုက်ခတ်လိုက်သကဲ့သို့ ဖယောင်းတိုင်မီးမှာ လှုပ်ခါသွား၏။
ထက်မြက်သော ဟယ်ယုသည် ခေါင်းမော့ကြည့်လိုက်ရာ၊ သူမ၏ အခန်းထဲသို့ အခွင့်မရှိဘဲ ရောက်ရှိလာသည့် ဧည့်သည်တစ်ဦးကို တွေ့လိုက်ရတော့သည်။
ထိုသူမှာ အမှောင်ရိပ်ထဲတွင် ရပ်နေသဖြင့် ဟယ်ယုအနေဖြင့် လူပုံသဏ္ဌာန် အကြမ်းဖျင်းကိုသာ မြင်ရ၏။
ဟယ်ယုသည် အကူအညီတောင်းရန် အော်ဟစ်ရန် ပြင်လိုက်သော်လည်း၊ ကျူးကျော်သူက စကားတစ်ခွန်း ပြောလိုက်ရာ ဟယ်ယု၏ မျက်လုံးများမှာ ချက်ချင်း ဝိုင်းစက်သွားပြီး အော်ဟစ်ရန် အကြံကို လက်လွှတ်လိုက်တော့သည်။
ခေတ္တမျှ ကြာပြီးနောက်တွင်တော့ ထိုလူရိပ်မှာ ပူနွေးနေသည့် ရွှေရောင်လက်စွပ်တစ်ကွင်းကို ကိုင်ဆောင်ကာ ပြန်လည် ထွက်ခွာသွားခဲ့ချေပြီ။
ထိုလူရိပ် ထွက်ခွာသွားပြီး မကြာမီမှာပင် ကျောက်စိမ်းနဂါး ကျောင်းဆောင်အတွင်းမှ နဂါးရုပ်သွင်တစ်ခုမှာ နန်းတော်ဆီသို့ ဦးတည်ကာ ဟယ်ယု၏ အဆောင်အတွင်းသို့ ပျံသန်းဝင်ရောက်သွားတော့သည်။
နဂါးဟိန်းသံကြီးမှာ ဟိန်းထွက်သွား၏။
တည်းခိုခန်းအတွင်း၌ လင်းကျင်းသည် ရုတ်တရက် မျက်လုံးများ ပွင့်လာ၏။
သူ့ဘေးပတ်လည်ရှိ ငွေအပ်များမှာ တုန်ခါနေကြသည်။
“ခုနက တစ်ခုခု ကြားလိုက်သလိုပဲ”
သူ သေသေချာချာ နားစွင့်ကြည့်သော်လည်း ဘာသံမှ ထပ်မကြားရတော့ပေ။
ရှောင်ဟော့နှင့် မျောက်ဖြူကြီးမှာ အခန်းထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကြ၏။ အထူးသဖြင့် မျောက်ဖြူကြီးမှာ မကြာသေးမီက စားသောက်ရသည်ကို အလွန်နှစ်သက်လာပြီး ကျင့်ကြံခြင်းတွင် ပျင်းရိလာသည်။ လင်းကျင်းကတော့ မျောက်ဖြူကြီးကို လေ့ကျင့်ခန်း လုပ်ရန် တိုက်တွန်းသည့်အနေဖြင့် သူနှင့်အတူ ခေါ်လာခြင်း ဖြစ်၏။ အကယ်၍သာ ဒီအတိုင်း ပစ်ထားမည်ဆိုပါက ဤမျောက်မှာ ဘယ်အချိန်ကျမှ ‘လူယောင်ဆောင်ခြင်း’ အတတ်ကို တတ်မြောက်မည်နည်းဆိုသည်မှာ ဘုရားမှသာ သိပေလိမ့်မည်။
လင်းကျင်းသည် မျောက်ဖြူကြီးကို မနှိုးတော့ပေ။ စောစောက ကျင့်ကြံနေစဉ်အတွင်း သူသည် ရုတ်တရက် ထိတ်လန့်မှုကို ခံစားလိုက်ရသဖြင့် မျက်လုံးဖွင့်လိုက်ခြင်း ဖြစ်သော်လည်း၊ အခုတော့ ဘာမှ မခံစားရတော့ပေ။
ဒါဟာ စိတ်ကူးယဉ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။
ထို့နောက် သူက ခပ်တိုးတိုး ရွတ်ဆိုလိုက်၏။
“ပြန်လာခဲ့ကြ”
သူ့ခန္ဓာကိုယ်ပေါ်ရှိ အပ်တစ်ရာကျော်မှာ လက်ခနဲ ဖြစ်သွားပြီး လင်းကျင်း၏ အင်္ကျီလက်အင်္ကျီအတွင်းသို့ ပျံသန်းဝင်ရောက်သွားကြသည်။
ဒါဟာ လင်းကျင်း အပ်များကို ပုံမှန် သိမ်းဆည်းထားသည့် နေရာပင်။
ဤအပ်များသည် သာမန်အပ်များ မဟုတ်ပေ။ ၎င်းတို့မှာ လင်းကျင်းကိုယ်တိုင် နေ့မအား ညမအား ထူးခြားသော နည်းစနစ်ဖြင့် ပြုလုပ်ထားသည့် ‘ရစ်ပတ်အပ်’များ ဖြစ်သည်။
အစကတော့ လင်းကျင်းတွင် ရစ်ပတ်အပ် တစ်ချောင်းတည်းသာ ရှိသော်လည်း၊ အခုဆိုလျှင် တစ်ရာကျော် ရှိနေပြီ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို တိုက်ခိုက်လာမည်ဆိုပါက ရန်ကျဲနှင့် အဆင့်တူသူပင် ဖြစ်လင့်ကစား သူ့ကို အလွယ်တကူ အန္တရာယ် ပေးနိုင်မည် မဟုတ်ပေ။
ပြတင်းပေါက်များမှာ ကျယ်ကျယ်လောင်လောင် ပွင့်နေ၏။ လင်းကျင်းသည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ ဤမြို့တော်၏ ညအလှကို ခံစားနေမိသည်။
ထိုစဉ် သူသည် အန္တရာယ်တစ်ခု အနားသို့ ကပ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
အနက်ရောင် မြားတစ်စင်းမှာ လေထုကို တိုးဝှေ့ကာ လင်းကျင်း၏ လည်ပင်းကို ဦးတည်၍ အသံတစ်ချက်မျှ မထွက်ဘဲ ပျံသန်းလာတော့သည်။
လင်းကျင်းသည် လျင်မြန်သော တုံ့ပြန်မှုဖြင့် ဘေးသို့ ရှောင်လိုက်၏။
“ဖတ်”
မြားမှာ နံရံတွင် စိုက်ဝင်သွားပြီး နံရံတစ်ခုလုံး မည်းနက်သွားကာ ပုပ်စပ်စပ် အနံ့တစ်ခု ထွက်ပေါ်လာသည်။
ဒါဟာ အဆိပ်မြားပင်။
ရှောင်ဟော့မှာ ပထမဆုံး နိုးလာသူ ဖြစ်၏။ သူသည် လျှပ်စီးလက်သကဲ့သို့ လင်းကျင်း၏ ရှေ့သို့ ပြေးထွက်လာကာ နောက်ထပ် တိုက်ခိုက်မှုများမှ ကာကွယ်ပေးလိုက်သည်။ မျောက်ဖြူကြီးမှာလည်း လျင်မြန်လှပေသည်။ သူသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ထွက်ကာ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
လင်းကျင်းသည် နံရံတွင် စိုက်ဝင်နေသော မြားကို ကြည့်ရင်း ထိတ်လန့်သွားရ၏။
အကယ်၍သာ သူ အနည်းငယ် နောက်ကျသွားခဲ့လျှင်၊ မြားက အရေပြားကို အနည်းငယ်မျှ ရှပ်ထိသွားခဲ့လျှင်ပင် သူ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ ထိုမြားတွင် ပြင်းထန်သော အဆိပ်များ ပါဝင်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
“ဘယ်သူက ငါ့ကို သတ်ချင်နေတာလဲ”
လင်းကျင်းမှာ ဇဝေဇဝါ ဖြစ်နေ၏။ ဒါဟာ သူ မြို့တော်ကို ရောက်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သလို၊ သူ့ကို သိသည့်လူမှာလည်း လက်ချိုးရေတွက်၍ ရသည်။ သို့ပါလျှင် ပထမဆုံးနေ့မှာတင် သူ့ကို အသေလိုချင်နေသည့်သူမှာ မည်သူနည်း။
ဒေါသ။
သူ တကယ့်ကို ဒေါသထွက်သွားရ၏။
ကံကောင်းစွာဖြင့် လင်းကျင်းမှာ မကြာသေးမီက တရားထိုင်ထားသူဖြစ်သဖြင့် စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
သူ့ကို ကာကွယ်ရန် ရှောင်ဟော့ ရှိနေပြီး၊ မျောက်ဖြူကြီးကို လွှတ်လိုက်ခြင်းကပင် လုံလောက်လှပေသည်။
မျောက်ဖြူကြီးမှာ အဆင့် (၃) သာ ရှိသေးသော်လည်း၊ သူသည် ‘မြက်ခင်းပြင်တိုက်ကြီး’ မှ လာသော သတ္တဝါဖြစ်သလို၊ မကြာသေးမီကမှ ‘သားရဲစွမ်းအင်ဖွဲ့စည်းခြင်း’ နှင့် ‘မိစ္ဆာအသွင်ပြောင်းခြင်း’ တို့ကို သင်ယူထားသူ ဖြစ်၏။ သူသည် အဆင့် (၄) သားရဲတစ်ကောင်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။
ထို့ပြင် မြားပစ်လိုက်သောသူမှာ တစ်ယောက်တည်း ဖြစ်ပုံရပြီး လူသားတစ်ဦးသာ ဖြစ်၏။
လူသားဆိုလျှင်တော့ ကိစ္စက ပိုလွယ်သွားချေပြီ။
လင်းကျင်းသည် အခန်းထဲမှာတင် ဆက်နေလိုက်၏။ အပြင်သို့ ထွက်ခြင်းက သူ့ကို ပို၍ အန္တရာယ်များစေနိုင်သောကြောင့် ဖြစ်သည်။ သူသည် အခန်းထဲတွင်သာ နေပြီး ရှောင်ဟော့၏ အကာအကွယ်ကို ယူထားရန် ဆုံးဖြတ်လိုက်သည်။
သူသည် စိတ်ကို တည်ငြိမ်စေရန် လက်ဖက်ရည် အနည်းငယ် သောက်လိုက်၏။ မကြာမီမှာပင် အပြင်ဘက်၌ လှုပ်ရှားမှုအချို့ ရှိလာသည်။
မျောက်ဖြူကြီး ပြန်ရောက်လာချေပြီ။
ဤမျောက်ဖြူကြီးမှာ အခုဆိုလျှင် သာမန်လူတစ်ယောက် အရွယ်အစားအထိ ကြီးမားလာ၏။ သူ၏ အနက်ရောင် အမွေးများကြားမှ အဖြူရောင် အမွေးသစ်များ ပေါက်ထွက်နေပြီး၊ ထွားကြိုင်းလှသော ခြေလက်များနှင့်အတူ ပိုမို အားအင်ပြည့်ဝနေပုံရသည်။
သူ၏ သဘာဝ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ သာမန်ထက် သန်မာလှသဖြင့် ကျင့်ကြံခြင်း မပြုလျှင်ပင် ကိုယ်ခံပညာရှင်ဟု ဆိုသူများကို ခွန်အားဖြင့် အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
မျောက်ဖြူကြီးမှာ လူတစ်ယောက်ကို ထမ်းလာ၏။
ထိုလူမှာ လှုပ်ရှားမှု မရှိသဖြင့် သေနေသလား၊ ရှင်နေသလား ဆိုသည်ကို မသိနိုင်ပေ။ ထိုသူမှာ အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားပြီး ဖုံးအုပ်ထားသော မျက်နှာတွင် သွေးများ စိုရွှဲနေသည်။
ဒါဟာ စောစောက မြားပစ်ခဲ့သည့်သူ ဖြစ်မှာ သေချာလှပေသည်။
“မျောက်ဖြူ... မင်း သူ့ကို ရိုက်သတ်လိုက်တာလား”
လင်းကျင်းက မေးလိုက်၏။ မျောက်ဖြူကြီးကတော့ ဘာမှမသိသလို မျက်နှာပေးမျိုးဖြင့် သူ့ကို ကြည့်နေသည်။ လင်းကျင်း သွားကြည့်လိုက်သောအခါ ထိုသူမှာ ရင်ဘတ်တစ်ခုလုံး နိမ့်ဝင်သွားပြီး ပြင်းထန်သော ဒဏ်ရာများ ရထားသည်ကို တွေ့လိုက်ရ၏။ အသက်ကို ထွက်လေသာ ရှိတော့ပြီး ရှူသွင်းနိုင်ခြင်း မရှိတော့ပေ။
ဒါဟာ မျောက်ဖြူကြီး၏ လက်ချက် ဖြစ်မှာ သေချာသည်။
သို့သော်လည်း သူ့ကို အပြစ်တင်၍ မရပေ။ ဤလျှို့ဝှက်ဆန်းကြယ်သော လူမှာ သိသာလှသော ကြေးစားလုပ်ကြံသူတစ်ဦး ဖြစ်ရာ၊ မျောက်ဖြူကြီး ထိခိုက်မည့်အစား သူ သေသွားခြင်းက ပို၍ ကောင်းပေသည်။
ကြည့်ရတာ လင်းကျင်းအနေဖြင့် ဤလူ့ထံမှ ဘာအဖြေမှ ရနိုင်တော့မည် မဟုတ်ပေ။
တကယ်ပင် ခေတ္တမျှ ကြာပြီးနောက် ထိုသူမှာ အသက်ပျောက်သွားတော့သည်။ လင်းကျင်းသည် သူ၏ ကိုယ်ပေါ်တွင် အဆိပ်မြားအချို့ကို တွေ့လိုက်ရသလို၊ မျောက်ဖြူကြီးမှာလည်း အခြားအရာတစ်ခုဖြစ်သည့် ‘လေး’ တစ်လက်ကို ယူဆောင်လာခဲ့သည်။
ထိုလေးမှာ ကောင်းမွန်စွာ ပြုလုပ်ထားပြီး အစွမ်းထက်လှ၏။ လင်းကျင်းသည် လေးကြိုးကို ဆွဲကြည့်လိုက်ရာ ဤလက်နက်မှာ ပေ ၁၅၀ အကွာအဝေးအထိ သေစေနိုင်လောက်သော အစွမ်းရှိကြောင်း သေချာသွားသည်။ ကျောက်တုံးများကိုပင် ဖောက်ထွင်းနိုင်စွမ်း ရှိ၏။
ထို့ပြင် အဆိပ်လူးမြား ဖြစ်နေသဖြင့် အရေပြားကို အနည်းငယ် ရှပ်ထိရုံဖြင့်ပင် သေစေရန် လုံလောက်လှပေသည်။