← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 12 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 12 Ch. 235-236

အခန်း (၂၃၅) - သူ့ကို ပြန်လွှတ်လိုက်ပါ

​ဧကရာဇ် ဟယ်ရွှမ်သည် သက်ပြင်းချကာ ခေါင်းခါလိုက်၏။

“ထားလိုက်ပါတော့... ငါ ဘာပြောပြော မင်း နားထောင်မှာ မဟုတ်ဘူး... ‘ယုရှန်း’ ကတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအတွက် မင်းကို အကျဉ်းချထားသင့်တယ်လို့ အကြံပေးခဲ့တယ်... ဒါပေမဲ့ မင်းတို့မိသားစုက တိုင်းပြည်အပေါ် ထားခဲ့တဲ့ ကျေးဇူးတရားတွေကြောင့် ငါ အဲဒီအဆိုကို ပယ်ချခဲ့တာ... အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာတော့ မင်းကို ခဏလောက် အနှောင့်အယှက် ပေးရတော့မယ် စစ်သေနာပတိလု”

​“မင်း...”

​လုဘင် တုံ့ပြန်ရန် မအားမီမှာပင် ဟယ်ရွှမ်၏ ခန္ဓာကိုယ်အတွင်းမှ နဂါးရုပ်သွင်တစ်ခု ထွက်ပေါ်လာပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးထဲမှ အရည်များသည် လျှပ်စီးကဲ့သို့ ပြေးထွက်လာကာ လုဘင်ကို တင်းကျပ်စွာ တုပ်နှောင်လိုက်တော့သည်။

​လုဘင်၏ ခန္ဓာကိုယ်မှလည်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ကင်းမြီးကောက် ပုံသဏ္ဌာန် ဖြစ်သော်လည်း ရေမြွေနှင့် ထိတွေ့လိုက်သည်နှင့် နောက်သို့ ဆုတ်သွားရသည်။ လုပင်း မည်သို့ပင် ရုန်းကန်ပါစေ၊ ထိုရေကြိုးကို မဖြတ်နိုင်ခဲ့ပေ။

​ဟယ်ရွှမ်သည် လုဘင်ထက် သိသိသာသာ ပိုမိုအစွမ်းထက်နေခြင်းပင်။

​ထိုစဉ် တံခါးဝမှ အသံတစ်သံ ထွက်ပေါ်လာ၏။

“ယွီယန်... အရှင်မင်းကြီးကို ဖူးမြော်ခွင့် တောင်းခံပါတယ်”

​“အော်... အမတ်မင်းယွီပဲ... ဝင်လာခဲ့ပါ”

ဟယ်ရွှမ်က ခပ်တိုးတိုး ပြန်ထူးလိုက်သည်။ ထိုအခါ ကျောက်စိမ်းနဂါးနိုင်ငံ၏ ကြည်ညိုလေးစားခံရသော အမတ်မင်းတစ်ဦး အထဲသို့ ဝင်လာ၏။

​အမတ်မင်းယွီသည် မြေပြင်တွင် ရုန်းကန်နေသည့် လုဘင်ကို တစ်ချက်ကြည့်ကာ ဟယ်ရွှမ်ကို အရိုအသေ ပေးလိုက်သည်။

​“ရပြီ... ရပြီ"

ဟယ်ရွှမ်က လက်ဝေ့ယမ်း လွှတ်လိုက်ပြီး မေးလိုက်၏။

“စုံစမ်းတာတွေ ပြီးပြီလား”

​အမတ်မင်းယွီက ခေါင်းညိတ်ပြသည်။

“မှန်လှပါ အရှင်မင်းကြီး... အဲဒီလူရဲ့ နာမည်က ‘လင်းကျင်း’ ပါ... မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်က အဆင့် (၂) အကဲဖြတ်မှူး တစ်ဦးပါ... သူက ကျင့်ကြံသူများအသင်းကိုလည်း ဝင်ရောက်ခဲ့ပြီး ထူးခြားတဲ့ ကျင့်ကြံခြင်း စွမ်းရည်တွေကို ပြသခဲ့ပါတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မေပယ်မြို့ မြို့တော်ဝန် ‘ပိုင်ကျန့်ခုန်း’ သတင်းပို့ခဲ့တဲ့ အဆင့် (၄) သားရဲသစ်ဆိုတာ လင်းကျင်းရဲ့ သားရဲကို ပြောတာပါ”

​“အဆင့် (၂) သားရဲအကဲဖြတ်မှူး တစ်ယောက်က ဒီကျိန်စာကို နှိမ်နင်းနိုင်လောက်အောင် အရည်အချင်း ရှိပါ့မလား”

ဟယ်ရွှမ်က မေးလိုက်၏။ ဧကရာဇ်၏ ဩဇာကို ခံစားလိုက်ရသဖြင့် အမတ်မင်းယွီသည် ခေါင်းကို ငုံ့လိုက်ကာ ဖြေလိုက်၏။

“မှန်လှပါ... တကယ်လို့ သူက အဆင့် (၂) အကဲဖြတ်မှူး သက်သက်သာ ဆိုရင်တော့ ဒါကို လုပ်နိုင်မှာ မဟုတ်ပါဘူး... အဆင့် (၂) အကဲဖြတ်မှူး တစ်ယောက်ဟာ သားရဲကို အဆင့် (၄) အထိ တက်အောင် လုပ်နိုင်မှာ မဟုတ်တဲ့အတွက်၊ ကျွန်တော် မေပယ်မြို့က သူလျှိုတွေဆီကနေ အချက်အလက်တွေ ထပ်မံ စုဆောင်းခဲ့ပါတယ်”

​“ဆက်ပြောစမ်း”

​“မကြာသေးမီက မြွေနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ရခဲ့ပါတယ်... မြွေနိုင်ငံ နိုင်ငံတော်ဆရာရဲ့ သားဖြစ်သူဟာ မေပယ်မြို့ အနီးအနားမှာ မတော်တဆမှုတစ်ခုနဲ့ သေဆုံးခဲ့ပါတယ်... မြွေနိုင်ငံတော်ဆရာက ဒေါသတကြီးနဲ့ ရောက်လာခဲ့ပေမဲ့၊ လူသတ်သမားကို တစ်စုံတစ်ယောက်က ကယ်ထုတ်သွားခဲ့တယ်... သူတို့က တောင်တစ်ခုပေါ်မှာ ဝိုင်းထားတုန်း ရဲ့ယွီကျိုး ရုတ်တရက် ရောက်လာပြီးတော့...”

​အမတ်မင်းယွီ စကားရပ်လိုက်၏။ ဧကရာဇ်ထံမှ ထူးခြားသည့် တုံ့ပြန်မှု မရှိသဖြင့် သူ ဆက်ပြောပြန်သည်။

“ရဲ့ယွီကျိုးက လူသတ်သမားကို ကယ်ထုတ်သွားတဲ့သူဘက်ကနေ ကာကွယ်ပေးခဲ့ပါတယ်... မြွေနိုင်ငံတော်ဆရာ ကိုယ်တိုင် ရောက်လာချိန်မှာတောင် ရဲ့ယွီကျိုးက အလျှော့မပေးခဲ့ဘူး... ရဲ့ယွီကျိုးက ကျုပ်တို့နိုင်ငံရဲ့ အစောင့်အရှောက် ဖြစ်သလို အဆင့် (၄) သားရဲ ရှိတဲ့အတွက် မြွေနိုင်ငံတော်ဆရာနဲ့ အင်အားချင်း တူညီနေခဲ့တယ်... နောက်ပြီး လူသတ်သမားကို ကာကွယ်ပေးတဲ့သူရဲ့ အကူအညီနဲ့ မြွေနိုင်ငံတော်ဆရာကို ပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ပါတယ်”

​ဟယ်ရွှမ် ခေါင်းညိတ်လိုက်၏။

“ဒါကို ငါ သိပါတယ်... ဒါပေမဲ့ အဲဒီနောက်ပိုင်း မြွေနိုင်ငံက စစ်ကြေညာတာဟာ ခြိမ်းခြောက်မှု သက်သက်ပဲ ဖြစ်ကြောင်းနဲ့ ငါတို့ ကျောက်စိမ်းနဂါးနိုင်ငံနဲ့ မိတ်ဝတ်မပျက် ဆက်ဆံလိုကြောင်း အကြောင်းကြားလာခဲ့တယ် မဟုတ်လား”

​“မှန်လှပါ အရှင်မင်းကြီး... အဲဒါကတော့ မြွေနိုင်ငံကို ဒုက္ခပေးဖို့ လူရမ်းကားအချို့ လွှတ်လိုက်လို့ ဖြစ်ရတာလို့ ကြားသိရပါတယ်... မြွေနိုင်ငံအနေနဲ့ အင်အား မခွဲနိုင်တဲ့အတွက် စစ်တိုက်မယ့်အစား သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ ရွေးချယ်ခဲ့တာပါ... အဲဒီလူရမ်းကားတွေကို စေခိုင်းခဲ့သူကတော့ ပြတိုက်မှူး လို့ ခေါ်တဲ့ လျှို့ဝှက်ပညာရှင် တစ်ယောက်ဖြစ်ပြီး၊ လင်းကျင်းက အဲဒီဆရာကြီးနဲ့ သိကျွမ်းနေတာပါ... သတင်းတွေအရတော့ သူက အဲဒီဆရာကြီးရဲ့ တပည့်ပါပဲ”

​အမတ်မင်းယွီ ပြောပြီးသောအခါ ဟယ်ရွှမ်က လက်ဝေ့ယမ်းကာ ဆိုလိုက်သည်။

“သတင်းတွေကိုတော့ အတည်မယူသင့်ဘူး”

​“မှန်ပါ... မှန်ပါတယ်... ဒါပေမဲ့ လင်းကျင်းက တကယ်ကို အရည်အချင်း ရှိတာပါ... မဟုတ်ရင် ဆဌမမြောက်မင်းသမီးရဲ့ ကျိန်စာကို ဘယ်လိုလုပ် နှိမ်နင်းနိုင်ပါ့မလဲ... သတင်းဆိုပေမဲ့လည်း ဒါဟာ အမှန်ဖြစ်နိုင်ခြေ ရှိပါတယ်... ကျွန်တော်ကတော့ ဒါကို လျှော့မတွက်ချင်ဘူး”

အမတ်မင်းယွီ၏ စကားအပြီးတွင် ဧကရာဇ် ဟယ်ရွှမ်သည် ခဏမျှ တိတ်ဆိတ်ကာ နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်ကို စဉ်းစားနေ၏။

​“အမတ်မင်းယွီ... အဲဒီ အကဲဖြတ်မှူးလင်းကို သွားတွေ့ပြီး သူ့ကို အိမ်ပြန်ခိုင်းလိုက်ပါ”

ဟယ်ရွှမ်က ပင်ပန်းနွမ်းနယ်နေပုံဖြင့် လက်ဝေ့ယမ်း လိုက်သည်။

​အမတ်မင်းယွီ ခေါင်းညိတ်လိုက်၏။ ထို့နောက် ရေမြွေဖြင့် အတုပ်ခံထားရဆဲ ဖြစ်သော လုဘင်ကို တစ်ချက်ကြည့်ကာ တိုးတိုးလေးမေးလိုက်သည်။

“အရှင်မင်းကြီး... စစ်သေနာပတိလုကရော...”

​“သူ့ကိုတော့ ငါ သေသေချာချာ စောင့်ကြည့်ခိုင်းထားလိုက်မယ်... သူ ပြဿနာ မရှာအောင် ရက်အနည်းငယ်လောက်ပဲ ပိတ်ထားမှာ”

ပြောပြီးနောက် ဟယ်ရွှမ်က လက်ဝေ့ယမ်းလိုက်ရာ အမတ်မင်းယွီသည် အခန်းထဲမှ ဆုတ်ခွာသွားတော့သည်။

​“အစောင့်တွေ... စစ်သေနာပတိလုကို အကျဉ်းခန်းထဲ ပို့လိုက်ကြ... ငါ့ရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သူ့ကိုမှ ပေးမတွေ့နဲ့”

ဟယ်ရွှမ် အမိန့်ပေးလိုက်သည်နှင့် နန်းတွင်းအစောင့်များ ရောက်လာကာ လုပင်းကို ခေါ်ဆောင်သွားကြ၏။

​ဟယ်ရွှမ်သည် အဆောင်ထဲတွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ သူသည် အိပ်ခန်းထဲသို့ ဝင်ကာ သတိမေ့မြောနေသည့် ဟယ်ယုကို ကြည့်လိုက်၏။ သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်ရင်း သူမကို စောင့်ကြည့်နေမိတော့သည်။

​လင်းကျင်းသည် နန်းတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်မှာ အတော်ပင် ကြာနေပြီ ဖြစ်သည်။

​တစ်ခုခု ဖြစ်ပျက်ခဲ့ပြီဆိုသည်ကို သူ သိလိုက်၏။

​အကယ်၍သာ လုဘင်သည် ဟယ်ယု၏ လက်သန်းကို အပ်ဖြင့် ထိုးနိုင်ခဲ့မည်ဆိုပါက ကျိန်စာမှာ တုံ့ပြန်မှု ရှိလာမည်ဖြစ်ပြီး လင်းကျင်းအနေဖြင့် ခံစားမိရပေမည်။

​သို့သော် အခုတော့ အရာအားလုံးက တိတ်ဆိတ်နေဆဲပင်။ စွမ်းအင် အပြောင်းအလဲလည်း ဘာမှ မရှိချေ။ ဒါဟာ ပုံမှန် မဟုတ်သည်မှာ သေချာလှပေသည်။

​တံခါးဝတွင် အစောင့်ပေါင်း သုံးဆယ်ခန့် ရှိနေပြီး အားလုံးမှာ ချပ်ဝတ်တန်ဆာ အပြည့်အစုံနှင့် ၎င်းတို့၏ သားရဲများကို ဘေးတွင် ထားရှိထားကြသည်။

​မကြာမီမှာပင် အရာရှိဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးသည် စစ်သည်တစ်စုနှင့်အတူ ထွက်လာသည်ကို တွေ့လိုက်ရ၏။

​လင်းကျင်းသည် ထိုသူကို သူ၏ ‘ဝိညာဉ်မျက်လုံး’ ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ထိုသူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နဂါးရုပ်သွင်တစ်ခု ရစ်ပတ်နေသည်ကို ဝေဝါးစွာ မြင်လိုက်ရ၏။

​ဤလူသည် အဆင့်မြင့် အရာရှိကြီး တစ်ဦးဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိသလို၊ သူ၏ သားရဲမှာလည်း နဂါးအမျိုးအစား ဖြစ်ရပေမည်။

​နဂါးအမျိုးအစား သားရဲများမှာ ဤကမ္ဘာတွင် ရှားပါးလှသလို အလွန်လည်း တန်ဖိုးရှိလှသည်။ သာမန်လူများအနေဖြင့် နဂါးကို သားရဲအဖြစ် ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် ထိုသူ ဝတ်ဆင်ထားသည့် ဝတ်ရုံကို ကြည့်ခြင်းဖြင့် သူသည် အထက်တန်းလွှာမှ ဖြစ်ကြောင်း လင်းကျင်း သိလိုက်၏။

​သူ စဉ်းစားနေစဉ်မှာပင် ထိုသူသည် သူ့ထံသို့ လျှောက်လာတော့သည်။

​‘ငါ့ဆီ လာတာလား’ လင်းကျင်းသည် တည်ငြိမ်စွာပင် စောင့်ဆိုင်းနေ၏။

​“မင်းက မေပယ်မြို့က လင်းကျင်းလား”

အမတ်မင်းယွီသည် ဩဇာရှိသော ရာထူးကို ပိုင်ဆိုင်ထားသူဖြစ်ရာ သူ၏ အမူအရာမှာ အတော်ပင် မောက်မာလှပေသည်။ လင်းကျင်းက အရိုအသေ ပေးလိုက်ကာ ဖြေလိုက်၏။

“ဟုတ်ပါတယ်... ကျုပ်ပါ"

​အစောင့်တစ်ဦးက ချက်ချင်းပင် ဟောက်လိုက်သည်။

“မင်း... ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ... ဒါက ငါတို့နိုင်ငံရဲ့ အကြီးတန်းအမတ်မင်း ‘အမတ်မင်းယွီ’ ကွ... ချက်ချင်း ဦးညွှတ်စမ်း"

​ထိုအခါမှ လင်းကျင်းက ဦးညွှတ်လိုက်ကာ ဆိုလိုက်ရ၏။

“အမတ်မင်းယွီကို ဂါရဝပြုပါတယ်"

​အရာရှိကြီးများနှင့် ဆက်ဆံရာတွင် စည်းကမ်းများက များပြားလှပေသည်။ လင်းကျင်းသည် ၎င်းတို့ကို မနှစ်သက်သော်လည်း လျစ်လျူရှု၍တော့ မရပေ။ ကံကောင်းစွာဖြင့် သူသည် ဤကဲ့သို့သော ကိစ္စများကို စိတ်ထဲ အကြာကြီး ထားတတ်သူ မဟုတ်ပါ။ ဦးညွှတ်လိုက်ရရုံဖြင့် ဘာမှ မဖြစ်သွားပါဘူးလေ။

​အမတ်မင်းယွီက ရယ်မောလိုက်၏။

“ရပါတယ်... ရပါတယ်... မကြာသေးခင်က မေပယ်မြို့ မြို့တော်ဝန် ပိုင်ကျန့်ခုန်းက ငါတို့ဆီကို စာရေးခဲ့တယ်.. ကျောက်စိမ်းနဂါးနိုင်ငံမှာ အဆင့် (၄) အစောင့်အရှောက် သားရဲအသစ် တစ်ကောင် ရှိနေပြီတဲ့... အဲဒီ သားရဲရဲ့ ပိုင်ရှင်က မင်းပဲ မဟုတ်လား”

​အမတ်မင်းယွီသည် ဖော်ရွေပုံရ၏။ ထို့နောက် လင်းကျင်း၏ နောက်ကွယ်ရှိ ရှောင်ဟော့နှင့် မျောက်ဖြူကြီးကို တစ်ချက်ကြည့်ကာ အနည်းငယ် အံ့ဩသွားပုံရသည်။ ပိုင်ကျန့်ခုန်း ပြောခဲ့သည်မှာ မီးဝံပုလွေ ဖြစ်သည်ဟု သူ မှတ်မိနေသောကြောင့် ဖြစ်သည်။

​ဒါဆို ဒီမျောက်ဖြူကြီးက ဘာလဲ။ ၎င်းသည်လည်း ကြောက်မက်ဖွယ် ကောင်းလှသော်လည်း၊ သူ၏ မျက်စိများက မှားယွင်းနေခြင်းလည်း ဖြစ်နိုင်ပါ၏။

​အမတ်မင်းယွီသည် ထိုနေရာတွင်ပင် စကားရပ်လိုက်သည်။ သူ့အတွက်တော့ ဘာမှ အရေးမကြီးပေ။ ထိုမီးဝံပုလွေမှာ အဆင့် (၄) ဖြစ်နေလျှင်ပင် သူ့အတွက် ဘာမှ ထူးခြားမသွားပေ။

​လင်းကျင်းက ခေါင်းညိတ်လိုက်၏။

​“ကောင်းတယ်... ငါတို့နိုင်ငံမှာ အရည်အချင်းရှိသူ အသစ်တစ်ယောက် ပေါ်ထွက်လာတာပဲ... အစောင့်အရှောက်ဌာနက မင်းကို မကြာခင် ဆက်သွယ်ပါလိမ့်မယ်... အော်... ဒါနဲ့ မင်း ဆက်စောင့်နေဖို့ မလိုတော့ဘူးနော်... စစ်သေနာပတိလုက အလုပ်များနေလို့ မင်းကို အရင်ပြန်ခိုင်းလိုက်တယ်... ဒီမှာ ရှိနေတုန်း မြို့တော်ရဲ့ အလှအပတွေကို ခံစားကြည့်လိုက်ပါဦး... ငါ အစောင့်အရှောက်ဌာနနဲ့ ဆက်သွယ်ပေးထားမှာဆိုတော့ မကြာခင် မင်း တရားဝင် ရာထူးတစ်ခု ရလာလိမ့်မယ်”

အခန်း (၂၃၆) - အပ်စိုက်အတတ်၊ အံ့မခန်းစွမ်းရည်

​ထိုသို့ပြောပြီးနောက် အမတ်မင်းယွီသည် လက်ကို ဝှေ့ယမ်းပြလိုက်၏။ ဒါဟာ လင်းကျင်းအနေဖြင့် ဤနေရာတွင် ဆက်ရှိနေရန် မလိုတော့ကြောင်း အချက်ပြလိုက်ခြင်းပင်။

​လင်းကျင်းက မေးလိုက်သည်။

“အမတ်မင်းယွီ... စစ်သေနာပတိလု ဘယ်မှာလဲဆိုတာ ကျုပ်သိခွင့်ရှိမလား”

​“စစ်သေနာပတိလု ဟုတ်လား”

အမတ်မင်းယွီသည် ပြုံးလျက် ခေါင်းခါပြ၏။

“ဒီစစ်သေနာပတိလုက အမြဲတမ်း တစ်ယောက်တည်း နေတတ်တဲ့သူပဲ... သူ ဘယ်ရောက်နေသလဲဆိုတာကိုတော့ ငါလည်း သေချာမသိဘူး... ကဲ... သွားတော့၊ ဒီမှာ အချိန်ဖြုန်းမနေနဲ့တော့”

​ထို့နောက်တွင်တော့ အစောင့်များက လင်းကျင်းကို နန်းတော်တံခါးဝမှနေ၍ တွန်းထုတ်ကာ မောင်းထုတ်လိုက်ကြတော့သည်။

​အခြားရွေးချယ်စရာ မရှိတော့သဖြင့် လင်းကျင်း ခဏဆုတ်ခွာခဲ့ရ၏။ သူသည် အနီးအနားရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ဝင်ကာ ထိုင်လိုက်ပြီး လက်ရှိအခြေအနေကို သုံးသပ်ကြည့်သည်။ တစ်ခုခု ဖြစ်ပျက်ခဲ့ပြီဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ မဟုတ်လျှင် လုဘင်ကဲ့သို့သော လူတစ်ယောက်က ဤမျှအထိ ငြိမ်သက်နေလိမ့်မည် မဟုတ်ပေ။

​သေသေချာချာ စဉ်းစားကြည့်လျှင် မနေ့က ဆဌမမြောက်မင်းသမီးကို သွားရောက်ကုသစဉ်က သူ အောင်မြင်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြသဖြင့် မည်သူမှ တားဆီးခြင်း မရှိခဲ့ပေ။ သို့သော် မနေ့က အောင်မြင်မှုသည် ယနေ့တွင်တော့ ပြဿနာပေါင်းစုံကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားချေပြီ။

​မနေ့ညက လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုနှင့် ယနေ့မနက်တွင် နန်းတော်လုံခြုံရေးကို ရုတ်တရက် တိုးမြှင့်လိုက်ခြင်းတို့မှာ သူ၏ ကုသမှုအောင်မြင်သွားခြင်းအပေါ် တုံ့ပြန်လိုက်ခြင်းပင် ဖြစ်ရမည်။

​ဒါဟာ ကျောက်စိမ်းနဂါးနိုင်ငံ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် စီစဉ်တာလား။

​လင်းကျင်း မသိနိုင်ပါ။ သို့သော် အကယ်၍ ထိုသို့သာ မှန်ကန်နေမည်ဆိုပါက ကိစ္စများမှာ အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။ အခု သူ သေချာပေါက် သိလိုက်ရသည်မှာ ဧကရာဇ်၏ အမိန့်ဖြင့် သူ့ကို နန်းတော်အတွင်း ဝင်ခွင့်ပိတ်လိုက်ပြီ ဆိုသည်ကိုပင်။

​လုဘင်ထံမှလည်း မည်သည့် သတင်းစကားမျှ မရရှိသေးသဖြင့် ထိုလူကြီးမှာ နန်းတော်ထဲတွင် တစ်စုံတစ်ခုကြောင့် အဟန့်အတား ဖြစ်နေရခြင်း သို့မဟုတ် အကျဉ်းချခံထားရခြင်း ဖြစ်နိုင်ပေသည်။

​အကယ်၍ အခြေအနေများမှာ ဤအတိုင်းသာ ဆက်လက် ဆိုးရွားနေဦးမည်ဆိုပါက ပို၍ ကြီးမားသော အန္တရာယ်များလည်း ရောက်ရှိလာနိုင်ပါသည်။ စောစောက အမတ်မင်းယွီ ပြောသွားသည့် စကားများမှာလည်း တစ်နည်းအားဖြင့် ခြိမ်းခြောက်မှုနှင့် တူနေ၏။

​လင်းကျင်းအနေဖြင့် ဤကိစ္စကို ဆက်လက် မစုံစမ်းဘဲ နေမည်ဆိုပါက ရာထူးနှင့် အခွင့်အလမ်းများ ပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်မည်ဆိုလျှင် သူသည် အန္တရာယ်မှ ကင်းဝေးသွားပေလိမ့်မည်။

​လင်းကျင်းသည် မလိုအပ်သော ပြဿနာများထဲသို့ ဝင်ပါရသည်ကို မနှစ်သက်သူဖြစ်ရာ၊ ဒါဟာ ဆွဲဆောင်မှုရှိသော ရွေးချယ်စရာတစ်ခု ဖြစ်နိုင်သော်လည်း၊ ဤအတိုင်း ပစ်ထားလိုက်ရန်မှာလည်း မဖြစ်နိုင်ပေ။

​အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။

​သူသည် ဟယ်ချန်းနှင့် လုဘင်ကို ကတိပေးထားခဲ့သည် မဟုတ်ပါလား။

ယောင်္ကျားတစ်ယောက်သည် မိမိ၏ ကတိကို တန်ဖိုးထားရမည်။ သူ ကူညီမည်ဟု အသေအချာ ပြောထားပြီးမှ အခက်အခဲနှင့် ကြုံရချိန်တွင် လက်လျှော့လိုက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်သလို၊ အမြီးကုပ်ကာ ထွက်ပြေးရန်မှာလည်း ပို၍ပင် မဖြစ်နိုင်ပေ။

​ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ပဲ။

​လင်းကျင်းသည် ရှောင်ဟော့ကို အနားသို့ ခေါ်လိုက်၏။ သူ၏ ဦးခေါင်းပေါ်သို့ လက်တင်ကာ ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။

​ရှောင်ဟော့၏ မျက်လုံးများထဲတွင် မီးလျှံများ တောက်လောင်သွား၏။ လင်းကျင်းသည် မျက်လုံးများကို မှိတ်ထားပြီး အာကာသဟင်းလင်းပြင်အတွင်းမှ စွမ်းအင်တစ်ခုကို ခံစားလိုက်သည်။ နောက်တစ်ခဏတွင် သူ၏ ဝိညာဉ်အမြင်ကို အသုံးပြုကာ မိမိ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်များဖြင့် အမြတ်တနိုး ပြုစုထားသည့် ‘ရွှေအပ်’ နှင့် ချိတ်ဆက်လိုက်တော့သည်။

​ထိုရွှေအပ်မှာ လုပင်းကို နန်းတော်ထဲသို့ ယူဆောင်သွားခိုင်းလိုက်သည့် အပ်ပင်။ စောစောက နန်းတော်ထဲသို့ ဝင်ခွင့်မရတော့မှန်း သိလိုက်ရသည့်အတွက် သူသည် ထိုအပ်ကို လုဘင်ထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်၏။

​သို့သော် လုဘင်အနေဖြင့် ထိုအပ်ကို အသုံးပြုခွင့်ပင် ရလိမ့်မည်မဟုတ်ကြောင်းကိုတော့ သူ ကြိုတင် မခန့်မှန်းနိုင်ခဲ့ပေ။

​ဒါပေမဲ့ ကိစ္စမရှိပါဘူး။ လင်းကျင်း၏ ရွှေအပ်မှာ သာမန်အပ် မဟုတ်သောကြောင့် ဖြစ်သည်။ သူ၏ သွေးကြောရှာဖွေခြင်း အတတ်မှာ နုနယ်သေးသော်လည်း၊ သူ၏ အပ်စိုက်အတတ်မှာတော့ အံ့မခန်းစွမ်းရည်များ ပါဝင်နေ၏။ ၎င်းတို့ထဲမှ တစ်ခုမှာ ‘စိတ်ဝိညာဉ်ရွှေအပ်’ဖြစ်သည်။ ထိုအပ်ကို ပြုလုပ်စဉ်ကပင် အပ်ဖန်တီးသူသည် မိမိ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အပ်အတွင်းသို့ သွန်းလောင်းထားရသည်။ အကယ်၍ ထိုအပ်မှာ အဝေးကြီးတွင် ရှိမနေဘူးဆိုလျှင် အပ်ပိုင်ရှင်သည် မိမိ၏ စိတ်အာရုံကို ထိုရွှေအပ်ဆီသို့ လွှဲပြောင်းကာ အပ်၏ ရှုထောင့်မှနေ၍ အရာအားလုံးကို မြင်တွေ့နိုင်မည် ဖြစ်သည်။

​ဂါထာမန္တန်များ၏ အမြင်အရဆိုလျှင် ဒါဟာ အမြင့်ဆုံး အဆင့်ရှိသည့် ဂါထာများထဲမှ တစ်ခုပင်။ ဤဂါထာကို အသုံးပြုရန်အတွက် လင်းကျင်းသည် သားရဲတစ်ကောင်၏ ဝိညာဉ်စွမ်းအင်ကို ငှားရမ်း အသုံးပြုရမည် ဖြစ်သည်။

​သားရဲ၏ ဝိညာဉ်စွမ်းအားကို ငှားရမ်းမှသာ ဤစွမ်းရည်ကို ဖော်ဆောင်နိုင်ခြင်း ဖြစ်၏။

​တစ်ချိန်တည်းမှာပင် နန်းတော်ဝင်းအတွင်းရှိ အကျဉ်းခန်းတစ်ခုထဲ၌ လုဘင်မှာ စိတ်ဓာတ်ကျနေ၏။ သူသည် ချိပ်ပိတ်အစီရင်များဖြင့် တုပ်နှောင်ခြင်း ခံထားရသဖြင့် လှုပ်ရှား၍မရသလို၊ မည်သည့် ဂါထာကိုမျှလည်း အသုံးမပြုနိုင်ပေ။

​ကံကောင်းစွာဖြင့် သူတို့တွင် နောက်ဆုံး မျှော်လင့်ချက်တစ်ခု ကျန်ရှိနေသေးကြောင်း သူ သိထားသည်။

​ထိုမျှော်လင့်ချက်မှာ လင်းကျင်းပင်။

​သို့သော် လင်းကျင်းက အပ်ကို ပေးစဉ်က မှာကြားခဲ့သည့် စကားကိုတော့ လုဘင် ဇဝေဇဝါ ဖြစ်နေဆဲပင်။ လင်းကျင်းက အကယ်၍ ပြဿနာတစ်ခုခု ဖြစ်လာလျှင် ထိုအပ်ကို ဆဌမမြောက်မင်းသမီး၏ အနားတွင် အတတ်နိုင်ဆုံး နီးကပ်စွာ ထားခဲ့ရန် မှာကြားခဲ့သည်။

​တစ်ခုခု မှားယွင်းနေပြီကို သူ ပထမဆုံး သိလိုက်ရသည့် အချိန်တွင်၊ အပျိုတော်များကို အခန်းပြင်သို့ မောင်းထုတ်လိုက်ပြီး ဧကရာဇ်ကို သွားရောက် မေးမြန်းခြင်း မပြုမီ ဟယ်ယု၏ ခုတင်ပေါ်တွင် အပ်ကို လျှို့ဝှက်စွာ ထားခဲ့ခြင်း ဖြစ်သည်။

​ဤသို့ဖြင့် လင်းကျင်းသည် ဂါထာကို ဖော်ဆောင်လိုက်ပြီးနောက် သူ၏ စိတ်မျက်စိဖြင့် အခြေအနေကို လေ့လာလိုက်ရာ၊ အပ်မှာ အသက်လုနေရသည့် ဟယ်ယု၏ ဘေးနားတွင် ရှိနေကြောင်း သိလိုက်ရတော့သည်။

​ဒါဟာ ဂါထာတစ်ခုသာ ဖြစ်သဖြင့် လင်းကျင်းအနေဖြင့် လူကိုယ်တိုင် ရှိနေသကဲ့သို့ အာရုံအားလုံးကို မခံစားနိုင်ပေ။ သူ မြင်သာ မြင်နိုင်သော်လည်း ဘာသံမှ မကြားရပေ။ မြင်ရသည့် အကွာအဝေးမှာလည်း ကန့်သတ်ချက် ရှိနေ၏။

​ဟယ်ယု၏ အခြေအနေကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို လင်းကျင်း သိလိုက်ပြီ။

​မနေ့က သူ အပင်ပန်းခံကာ ကျိန်စာကို ချုပ်နှောင်ထားခဲ့သမျှ အချည်းနှီး ဖြစ်သွားချေပြီ။ ရွှေရောင်လက်စွပ်မှာလည်း သိသိသာသာပင် ဖယ်ရှားခြင်း ခံလိုက်ရသဖြင့် ကျိန်စာမှာ ဟယ်ယု၏ ခန္ဓာကိုယ်အတွင်းသို့ ထပ်မံ ဝင်ရောက်ကာ သူမကို သတိလစ်သွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။

​အခြေအနေမှာ ယခင်ကထက် ပို၍ပင် စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိသွားချေပြီ။

​လင်းကျင်းတွင် ကျိန်စာကို ဖယ်ရှားရန် နည်းလမ်း ရှိသော်လည်း၊ လူကိုယ်တိုင် သွားရောက်၍ မရသဖြင့် အားကိုးရာမဲ့သလို ခံစားလိုက်ရ၏။

​သူ့တွင် စိတ်ဝိညာဉ်ဖြင့် သွန်းလောင်းထားသည့် ရွှေအပ် ရှိနေခြင်းမှာ တကယ့်ကို ကံကောင်းလှပေသည်။ မဟုတ်လျှင် လင်းကျင်းအနေဖြင့် ဟယ်ယု သေဆုံးသွားသည်ကို ဤအတိုင်း ထိုင်ကြည့်နေရုံမှတစ်ပါး အခြားမရှိပေ။ ကြည့်ရသလောက်ဆိုလျှင် သူမသည် ယနေ့ညကိုပင် ကျော်ဖြတ်နိုင်ရန် မလွယ်ကူတော့ပေ။

​“စိတ်ဝိညာဉ်မီးလျှံကို အာရုံပြု၊ ရွှေအပ်ကို အသက်သွင်း၊ ငါ့အမိန့်ကို နာခံပြီး ထကြွစမ်း"

​လင်းကျင်း အသက်ကို ပြင်းပြင်းရှူကာ ဂါထာကို ရွတ်ဆိုလိုက်၏။ လက်ဖက်ရည်ဆိုင်အတွင်း၌ နွေးထွေးသော လေပြေတစ်ခု တိုက်ခတ်သွားသည်။ ရှောင်ဟော့၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ၏ ဝိညာဉ်စွမ်းအင် တစ်ဝက်ခန့်မှာ ခန္ဓာကိုယ်အတွင်းမှ စုပ်ယူခြင်း ခံလိုက်ရ၏။

​ရှောင်ဟော့မှာ ဤသို့ ခံစားနေရသော်လည်း၊ လင်းကျင်းမှာတော့ ထိုထက်မက ပိုဆိုးလှပေသည်။

​ဒါဟာ လင်းကျင်းအနေဖြင့် ဤစွမ်းရည်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်ပြီး၊ သူသည် သတိလစ်မတတ် ဖြစ်သွားရ၏။ လင်းကျင်းသည် သတိမလွတ်သွားစေရန် မိမိ၏ လျှာကို အားဖြင့် ကိုက်ထားခြင်း မရှိခဲ့ပါက အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

​လင်းကျင်းသည် သွားများကို ကြိတ်ကာ အပ်ကို လှုပ်ရှားစေလိုက်သည်။

​ဟယ်ယု၏ အခန်းအတွင်း၌ ရွှေအပ်မှာ ရွှေရောင်အလင်းတန်းများ လင်းလက်သွားပြီး လေထဲတွင် ဝဲပျံကာ ဟယ်ယု၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ဟဲယွီ၏ အရေးကြီးသော အပ်စိုက်မှတ်များကို ပိတ်ဆို့ကာ သူမ၏ နှလုံးသွေးကြောများကို အောင်မြင်စွာ ကာကွယ်ပေးလိုက်၏။

​ဒါဟာ လင်းကျင်းအနေဖြင့် လက်ရှိအချိန်တွင် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနိုင်သည့် ကိစ္စပင်။ ရွှေအပ် ရှိနေသရွေ့တော့ ဟယ်ယုမှာ ကျိန်စာ၏ ဝါးမြိုခြင်းကို လုံးလုံးလျားလျား ခံရမည် မဟုတ်ပေ။

​ပထမဆုံး အဆင့်ကို အောင်မြင်စွာ လုပ်ဆောင်ပြီးနောက် လင်းကျင်း မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ၏ ကိုယ်ပေါ်၌ ချွေးများဖြင့် စိုရွှဲနေချေပြီ။

​ဤမျှ ဝေးကွာသော အကွာအဝေးမှနေ၍ ဂါထာကို ဖော်ဆောင်ရခြင်းမှာ ဝိညာဉ်စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေ၏။ ရှောင်ဟော့ထံမှ စွမ်းအင်အချို့ကို ငှားရမ်းခဲ့သော်လည်း လင်းကျင်း၏ ရုပ်ပိုင်းဆိုင်ရာမှာ များစွာ ထိခိုက်သွားရပြီး သူသည် အမောတကော ဖြစ်နေရသည်။

​လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးမှာ ထိတ်လန့်သွားကာ စိတ်ထဲမှ တွေးမိ၏။

‘ဒီလူငယ်က လက်ဖက်ရည်တစ်ခွက် သောက်ရုံနဲ့ ဘာလို့ ဒီလောက်တောင် ချွေးတွေ ထွက်နေရတာလဲ... ကြည့်ရတာ တစ်ခုခု ရောဂါရှိနေတာ ထင်တယ်’

​စားပွဲထိုးသည် လင်းကျင်း၏ လက်ဖက်ရည်အိုးထဲသို့ ရေနွေး လာဖြည့်ပေးရင်း၊ မြို့ထဲတွင် ကျောက်ကပ်ရောဂါများကို ကုသရာ၌ နာမည်ကျော်သည့် သမားတော်ကြီးတစ်ဦးဆီ သွားပြရန် အကြံပေးလိုက်၏။ လင်းကျင်း၏ မျက်လုံးများ ပြူးသွားရသည်။ စားပွဲထိုး ထွက်သွားပြီးနောက်မှသာ သူ ဘာပြောခံလိုက်ရသည်ကို သဘောပေါက်တော့သည်။

​“မင်းပဲ ကျောက်ကပ်ရောဂါ ရှိနေတာကွ"

​အခုဆိုလျှင် ဒါဟာ လျှို့ဝှက်စစ်ပွဲတစ်ခု ဖြစ်လာချေပြီ။ လင်းကျင်း သိသည်မှာ အခုတော့ ဟယ်ယုအပေါ်တွင်သာ မူတည်တော့ကြောင်းပင်။ သူမ အသက်ရှင်နေသရွေ့တော့ အခြေအနေကို ပြောင်းပြန်လှန်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။

​စိတ်ဝိညာဉ်ရွှေအပ် ရှိနေသရွေ့တော့ ကျိန်စာမှာ မည်မျှပင် ပြင်းထန်ပါစေ ဟယ်ယုကို ဝါးမြိုနိုင်မည် မဟုတ်ပေ။ ဒါက သူတို့အတွက် အချိန်အနည်းငယ် ဝယ်ယူလိုက်ခြင်း ဖြစ်ပြီး၊ လင်းကျင်းအနေဖြင့်လည်း တစ်နည်းနည်းဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။

​လင်းကျင်းတွင် အစီအစဉ် မရှိသေးသလို တိုင်ပင်ဆွေးနွေးမည့်သူလည်း မရှိပေ။ လုဘင်လည်း မရှိ၊ ဟယ်ချန်းလည်း မရှိပေ။ လက်ရှိအချိန်တွင်တော့ သူသည် အပြောင်းအလဲများကိုသာ စောင့်ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။

​“အစ်ကို... ပိုက်ဆံရှင်းမယ်"

​လက်ဖက်ရည် အနည်းငယ် ထပ်သောက်ပြီးနောက် အားအင်အနည်းငယ် ပြန်လည် ပြည့်ဝလာချိန်တွင် လင်းကျင်းသည် ဆိုင်မှ ထွက်လာခဲ့သည်။

​သူသည် လုအိမ်တော်ဆီသို့ ဦးတည်လိုက်၏။ လုဘင်မှာ နန်းတော်ထဲတွင် အကျဉ်းကျနေသည်ဟု သံသယရှိနေသော်လည်း၊ သူကိုယ်တိုင် သွားရောက် အတည်ပြုရန် လိုအပ်ပေသည်။

​လုအိမ်တော်မှာ အလွန်အမင်း မကြီးမားသော်လည်း ရှေးကျသည့် အလှတရားများ ရှိနေ၏။ တစ်အိမ်လုံးမှာ နှစ်ပေါင်းတစ်ရာကျော် သမိုင်းကြောင်း ရှိနေပုံရသည်။

​လင်းကျင်း ရောက်သွားချိန်တွင် တံခါးဝ၌ တံမြက်စည်းလှည်းနေသည့် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရ၏။ စုံစမ်းကြည့်လိုက်သောအခါ ထိုသူမှာ လုအိမ်တော်၏ အိမ်ထိန်းကြီးဖြစ်ကြောင်း သိလိုက်ရလေသည်။

All Chapters