← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 12 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 12 Ch. 237-238

​အခန်း (၂၃၇) - လာတော့မည့် မုန်တိုင်း

​“ကျုပ်သခင် ပြန်မလာသေးဘူး... တကယ်လို့ မင်းက သူ့မိတ်ဆွေဆိုရင်တော့ အထဲမှာ ဝင်စောင့်လို့ ရပါတယ်”

အဘိုးအို အိမ်ထိန်းကြီးက ယဉ်ကျေးစွာ ကမ်းလှမ်းရှာ၏။

​လင်းကျင်း ခေါင်းခါပြကာ နှုတ်ဆက်လိုက်သည်။ မထွက်ခွာမီတွင် သူ လာရှာသွားကြောင်း လုဘင်ကို ပြောပြပေးရန် အိမ်ထိန်းကြီးထံ စကားပါးခဲ့၏။

​အခြေအနေများက မသေချာလှသဖြင့် လုဘင်ကိုယ်တိုင်ပင် အခက်တွေ့နေနိုင်ပေသည်။ အကယ်၍ လင်းကျင်းသာ လုအိမ်တော်တွင် တည်းခိုနေမည်ဆိုပါက ဤနေရာသို့ အန္တရာယ်များ ဆွဲခေါ်လာသကဲ့သို့ ဖြစ်ပေလိမ့်မည်။ လုပ်ကြံသတ်ဖြတ်သူများက ဤကဲ့သို့သော နေရာမျိုးအထိ ရဲရဲဝံ့ဝံ့ လာရောက်တိုက်ခိုက်လျှင် မည်သို့လုပ်မည်နည်း။

​အရင်တည်းခိုခန်းကိုလည်း ထပ်မံ ဒုက္ခမပေးချင်တော့ပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် လင်းကျင်းသည် မြို့တော်တွင် ရက်အနည်းငယ် သို့မဟုတ် တစ်ပတ်ထက်မက ဆက်နေရနိုင်သဖြင့် ဆိတ်ငြိမ်သော အိမ်တစ်လုံး ငှားရန် ဆုံးဖြတ်လိုက်တော့သည်။

​သူ့တွင် ပိုက်ဆံလည်း မရှားပါပေ။

​ထို့ကြောင့် ကိစ္စက ပြတ်သွား၏။

​မြို့တော်တွင် ဤကဲ့သို့သော ဝန်ဆောင်မှုပေးသည့် အကျိုးဆောင်ဆိုင်များ ရှိပေသည်။ ပိုက်ဆံရှိလျှင် အရာအားလုံး အဆင်ပြေ၏။ အလုပ်ရှုပ်မခံလိုသဖြင့် လင်းကျင်းသည် အကျိုးဆောင်များကိုသာ အပ်နှံလိုက်သည်။ နေရာအချို့ကို လိုက်ကြည့်ရသဖြင့် အချိန်အနည်းငယ် ကြာသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် နေမဝင်မီမှာပင် အားလုံး အဆင်ပြေသွားခဲ့သည်။

​အိမ်မှာ အတော်လေးကောင်းပြီး ဆိတ်ငြိမ်လှပေသည်။ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အတွင်းရှိ ပစ္စည်းများမှာ အသစ်များဖြစ်ကာ သေသေသပ်သပ် ရှိလှ၏။ ပိုက်ဆံချေပြီးနောက် အကျိုးဆောင်မှာ ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။ အခုတော့ ဤနေရာမှာ သူ့ပိုင်နက် ဖြစ်သွားချေပြီ။

​ရှောင်ဟော့နှင့် မျောက်ဖြူကြီးတို့မှာ နေရာအသစ်နှင့် ရင်းနှီးသွားစေရန် ဟိုဟိုဒီဒီ လိုက်လံ နမ်းရှုပ်ကြည့်နေကြ၏။ လင်းကျင်းကတော့ အထဲသို့ တန်းဝင်သွားတော့သည်။ တစ်နေ့လုံး လှုပ်ရှားခဲ့ရသလို၊ မနက်ပိုင်းကလည်း ဝိညာဉ်စွမ်းအင်များ အလွန်အမင်း ကုန်ဆုံးထားသဖြင့် သူသည် ကောင်းကောင်း အိပ်စက်အနားယူရန် လိုအပ်နေပေသည်။

​“ရှောင်ဟော့... မျောက်ဖြူ... အပြင်မှာ စောင့်နေကြ... မိတ်ဆွေဆိုရင် ပေးဝင်လိုက်၊ အကယ်၍ ကျူးကျော်သူဆိုရင်တော့ လှုပ်မရအောင် လုပ်ထားလိုက်... အရှင်ဖမ်းလို့ မရရင်တော့ သတ်လိုက်ရုံပဲ”

လင်းကျင်းက မှာကြားပြီးနောက် ခုတင်ပေါ်သို့ လှဲချကာ အိပ်ပျော်သွားတော့သည်။

​သူ တကယ့်ကို ပင်ပန်းနေခဲ့ခြင်းပင်။

​ပေပေါင်း ထောင်ချီဝေးသော နေရာမှနေ၍ စိတ်ဝိညာဉ်ရွှေအပ်ကို ထိန်းချုပ်ရခြင်းမှာ ဤမျှအထိ ဝိညာဉ်စွမ်းအင် ကုန်ဆုံးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အင်အားကို အလွန်အမင်း သုံးစွဲလိုက်သကဲ့သို့ ဖြစ်သွားရသည်။ ပြောရမည်ဆိုလျှင် ရှေးဟောင်း နတ်ဘုရားများ ခေတ်တွင်ပင် ဤကဲ့သို့သော စွမ်းရည်မျိုးမှာ အံ့မခန်း အတတ်ပညာအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။

​မကြာမီမှာပင် ဟောက်သံများ ထွက်ပေါ်လာတော့သည်။

​ရှောင်ဟော့နှင့် မျောက်ဖြူတို့မှာ တစ်ဖက်စီတွင် နေရာယူထားကြ၏။ တစ်ကောင်မှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး၊ အခြားတစ်ကောင်မှာတော့ မတ်မတ်ထိုင်ကာ အိမ်ကို စောင့်ကြပ်နေကြသည်။ ရှောင်ဟော့မှာတော့ အမြဲတမ်း လိမ္မာသော်လည်း၊ မျောက်ဖြူမှာ ကစားမက်သူ ဖြစ်၏။ သို့သော် လင်းကျင်းကို ကြောက်ရသဖြင့် သူသည် လင်းကျင်း၏ အမိန့်ကို မဖီဆန်ဝံ့ပေ။

​အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နောက်တစ်နေ့ နေထွက်လာချိန်တွင်တော့ လင်းကျင်းမှာ အားအင်များ အပြည့်အဝ ပြန်လည် ပြည့်ဝနေချေပြီ။

​အင်း... အား... အား...

​လင်းကျင်းသည် ကိုယ်လက်လှုပ်ရှား အကြောဆန့်လိုက်ရာ တစ်ကိုယ်လုံးရှိ အဆစ်အမျက်များဆီမှ အသံများ ထွက်ပေါ်လာ၏။ တစ်ညတာ အိပ်စက်လိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ ပိုမို သန်စွမ်းလာသလို ခံစားလိုက်ရသည်။

​မျက်လုံးများကို ဖွင့်ကာ လင်းကျင်း အပြင်သို့ ထွက်လာခဲ့၏။

​သို့သော် တံခါးဝသို့ ရောက်သည်နှင့် လင်းကျင်းသည် ညှီစို့စို့ သွေးနံ့ကို ရလိုက်တော့သည်။

​ခြံဝင်းအတွင်း၌ လူငါးဦးမှာ မြေပြင်ပေါ်တွင် စီစီရီရီ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့ထဲမှ နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရထားကြပြီး၊ တစ်ဦးမှာ ရင်ဘတ် ချိုင့်ဝင်နေကာ အခြားတစ်ဦးမှာတော့ အကိုက်ခံထားရသည့် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ ဒါဟာ မျောက်ဖြူနှင့် ရှောင်ဟော့တို့၏ လက်ချက်ဖြစ်ကြောင်း သိသာလှပေသည်။ အခြားသုံးဦးမှာတော့ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးမည်းများ ထွက်နေ၏။ သူတို့သည် အဆိပ်သောက်ကာ မိမိကိုယ်ကိုယ် သတ်သေသွားကြခြင်း ဖြစ်ရပေမည်။

​လင်းကျင်းကို မြင်သည်နှင့် ရှောင်ဟော့နှင့် မျောက်ဖြူတို့က အမူအရာဖြင့် ရှင်းပြကြသည်။ ထိုလူရမ်းကားများသည် ညသန်းခေါင်အချိန်တွင် တိတ်တဆိတ် ကျူးကျော်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း လင်းကျင်း သိလိုက်၏။ နှစ်ဦးမှာ အသတ်ခံလိုက်ရပြီး၊ ကျန်သုံးဦးမှာ အဖမ်းခံရပြီးနောက် ၎င်းတို့၏ အထောက်အထားများ ပေါ်သွားမည်ကို စိုးရိမ်သဖြင့် အဆိပ်သောက် သတ်သေသွားကြခြင်းပင်။

​ဒါက သေမင်းတမန် အသေခံအဖွဲ့လား။

​လင်းကျင်း ဇဝေဇဝါ ဖြစ်သွားရသည်။ သူသည် အလောင်းများကို သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ရှောင်ဟော့နှင့် မျောက်ဖြူကို မေးမြန်းကြည့်၏။ ၎င်းတို့မှာ စကားမပြောနိုင်သော်လည်း လင်းကျင်းအနေဖြင့် အကြမ်းဖျင်းတော့ နားလည်နိုင်ပေသည်။

​သူ့အယူအဆ မှန်ကန်မည်ဆိုလျှင် ယမန်နေ့က လုပ်ကြံသူနှင့် မတူဘဲ ဤလူငါးဦးမှာ လာရောက် စုံစမ်းထောက်လှမ်းခြင်းသာ ဖြစ်ဟန်တူသည်။ သို့သော် ရှောင်ဟော့နှင့် မျောက်ဖြူ၏ အာရုံခံစားမှုကို မကျော်လွှားနိုင်ဘဲ အသက်ဆုံးရှုံးသွားရခြင်းပင်။

​တစ်နည်းအားဖြင့် ပြောရလျှင် လင်းကျင်းမှာ စောင့်ကြည့်ခံနေရပြီး၊ တစ်ဖက်လူမှာ အသေခံအဖွဲ့ကိုပင် လွှတ်နိုင်လောက်အောင် အစွမ်းထက်သည့် အဖွဲ့အစည်း ဖြစ်ပေသည်။

​ဒါဟာ ဟယ်ယုကို ကုသပေးတဲ့ ကိစ္စကြောင့်ပဲလား။

​အခြေအနေတွေက တကယ်ကို စိုးရိမ်စရာ ဖြစ်လာပြီ။

​စီစီရီရီ ချထားသည့် အလောင်းများကို ကြည့်ကာ လင်းကျင်း စိုးရိမ်လာမိသည်။ သေသေချာချာ စဉ်းစားပြီးနောက် ဤကိစ္စကို အာဏာပိုင်များထံ တိုင်ကြားရန် ဆုံးဖြတ်လိုက်၏။ လင်းကျင်း သိထားသည်မှာ သူသည် ဤပြဿနာများကြားမှ လွတ်မြောက်ရန် ခက်ခဲနေပြီဖြစ်ပြီး၊ ရှေ့တွင် ပိုမိုကြီးမားသော ပြဿနာများ ရှိနေနိုင်ကြောင်းပင်။ သို့သော် သူ ထိုသို့ မဖြစ်စေချင်ပါ။

​တစ်ဖက်လူသည် အစကတည်းက ယုတ်မာသော နည်းလမ်းများကို အသုံးပြုခဲ့သော်လည်း ဆက်တိုက် ရှုံးနိမ့်နေခဲ့သည်။ ထိုအခါ သူတို့သည် ငြိမ်သက်သွားမည်လား သို့မဟုတ် တိုက်ခိုက်မှုများကို ပိုမို အရှိန်မြှင့်လာမည်လား။

​လင်းကျင်း စဉ်းစားကြည့်၏။ နိုင်ငံတော်၏ ကံကြမ္မာနှင့် သက်ဆိုင်နေသည်ဟူသော စကားများအရဆိုလျှင် ဟယ်ယု ပြန်လည် ကျန်းမာလာသည်ကို အမုန်းဆုံးသူမှာ လက်ရှိ ကျောက်စိမ်းနဂါးနိုင်ငံ ဧကရာဇ်မင်းမြတ် ဖြစ်ရပေမည်။ နန်းတော်ကို ပိတ်ဆို့ပြီး လုပင်းကို ဖမ်းဆီးထားခြင်းမှာလည်း ဤဧကရာဇ်၏ လက်ချက်သာ ဖြစ်ပေလိမ့်မည်။

​ဒါဆို သူ့နောက်ကို လူသတ်သမားတွေ ဆက်တိုက် လွှတ်နေတာကလည်း ဒီဧကရာဇ်ပဲလား။

​အကယ်၍ ထိုသို့သာ မှန်ကန်နေလျှင် လင်းကျင်းအနေဖြင့် အလွန်အန္တရာယ် ကြီးလှပေသည်။ နိုင်ငံတစ်ခု၏ အရှင်သခင်က ပစ်မှတ်ထားခြင်းကို ခံရသည်မှာ ဘယ်လိုမှ သတင်းကောင်း မဟုတ်ပါပေ။ လင်းကျင်းက ထိုသူ၏ အစီအစဉ်များကို ဆက်တိုက် ဖျက်စီးခဲ့သည် မဟုတ်ပါလား။

​သို့သော် လင်းကျင်း ထပ်မံ စဉ်းစားကြည့်ရာ ထိုသို့ မဖြစ်နိုင်ဟု ထင်မိပြန်သည်။

​နိုင်ငံတစ်ခု၏ အကြီးအကဲဖြစ်သူက ဤမျှအထိ သာမန်ကာလျှံကာ နည်းလမ်းမျိုးကို သုံးပါ့မလား။

​ထို့ပြင် လင်းကျင်းကို ကိုင်တွယ်ရန် ပိုမိုထိရောက်သော နည်းလမ်းများစွာ ရှိနေပါလျက်နှင့်၊ အဘယ်ကြောင့် အယုတ်ညံ့ဆုံး နည်းလမ်းကို ရွေးချယ်ရမည်နည်း။

​ဒါက အဓိပ္ပာယ် မရှိဘူး။

​ပွင့်ပွင့်လင်းလင်း ပြောရလျှင် လင်းကျင်းသာ ဧကရာဇ် ဖြစ်မည်ဆိုပါက လူတစ်ယောက်ကို ဖယ်ရှားရန် အမိန့်ပေးလိုက်ရုံဖြင့် အလွန်ပင် လွယ်ကူလှပေသည်။

​အတွင်းစိတ်က တစ်ခုခုကို ပြောနေသည်မှာ ဤအဖြစ်အပျက်များသည် ဧကရာဇ်နှင့် မသက်ဆိုင်နိုင်ဟုပင်။

​ထို့ကြောင့် သူသည် ဤကိစ္စကို အာဏာပိုင်များထံ တိုင်ကြားလိုက်မည်။ သို့မဟုတ် ဤအလောင်းများကို ကိုယ်တိုင် ဖျောက်ဖျက်ကာ တိတ်တိတ်ဆိတ်ဆိတ် နေမည်ဆိုလျှင်လည်း ဒါဟာ ထောင်ချောက်တစ်ခု ဖြစ်နေနိုင်ပေသည်။ အကြောင်းမှာ မည်သို့ပင် ကြည့်စေကာမူ ဤလူငါးဦးမှာ လင်းကျင်းကို လာရောက် တိုက်ခိုက်သူများ ဖြစ်နေသောကြောင့်ပင်။

​အချိန်မဆိုင်းတော့ဘဲ လင်းကျင်းသည် အာဏာပိုင်များထံ သတင်းပို့လိုက်တော့သည်။

​ယမန်နေ့က ရင်းနှီးထားသဖြင့် ဤတစ်ကြိမ်တွင်တော့ အခြေအနေက ပိုကောင်းလှပေသည်။ ပိုလျှံသော စစ်ဆေးမေးမြန်းမှုများ မရှိတော့ပေ။ စစ်သည်တော်များသည် ဖြစ်ပျက်ပုံကို မေးမြန်းကြပြီး၊ မှုခင်းဆရာဝန်များက အလောင်းကို သယ်ဆောင်သွားကာ စာရေးကတော့ မှတ်တမ်းတင်လိုက်၏။

​လင်းကျင်းမှာတော့ အစိုးရရုံးသို့ နောက်တစ်ကြိမ် လိုက်သွားရပြန်သည်။

​လုပ်ထုံးလုပ်နည်းများမှာ ဤတစ်ကြိမ်တွင် ပိုမို လျင်မြန်သွားပြီး၊ လမ်းခုလတ်တွင် မြို့ဝန်ကျန်းမုန့်လျန် ရောက်ရှိလာ၏။ လင်းကျင်းမှာ လုဘင်၏ ရင်းနှီးသော သူငယ်ချင်းဖြစ်ကြောင်း သိထားသဖြင့် သူသည် အလွန်ပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရှာသည်။

​သို့သော် ဤအဖြစ်အပျက်တွင် လူငါးဦး သေဆုံးမှု ပါဝင်နေသဖြင့် စည်းမျဉ်းများအရ အထူးဂရုစိုက်ရမည် ဖြစ်သည်။

​လင်းကျင်းသည် စစ်မှန်သော လုပ်ငန်းစဉ်များကို မသိသဖြင့် လူငါးဦးမှာ မိမိအိမ်သို့ အတင်းအကျပ် ကျူးကျော်ဝင်ရောက်လာခြင်း ဖြစ်ပြီး၊ နှစ်ဦးမှာ သားရဲများ၏ အကိုက်ခံရသဖြင့် သေဆုံးကာ ကျန်သုံးဦးမှာ အဆိပ်သောက် သတ်သေသွားခြင်း ဖြစ်ကြောင်းသာ လိမ်ညာ ပြောဆိုလိုက်၏။

​ကျန်းမုန့်လျန်က “အသေခံအဖွဲ့ပဲ” ဟု ရေရွတ်လိုက်သည်။ ဒါဟာ ကျိန်းသေပေါက် လေးနက်သော အမှုပင်။ မြို့ဝန်ကျန်းသည် ခဏမျှ စဉ်းစားပြီးနောက် ဆိုလိုက်၏။

“အကဲဖြတ်မှူးလင်း... ဒါဟာ တကယ့်ကို ကြီးလေးတဲ့ ကိစ္စပါ... ခင်ဗျားအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ လူငါးယောက်ရဲ့ အသက် ပါဝင်နေတယ်... ကျုပ်တို့ဘက်ကနေ အသေးစိတ် စုံစမ်းစစ်ဆေးသွားမှာမို့၊ ခဏတော့ မြို့ထဲမှာပဲ နေပေးပါ၊ အပြင်ကို ထွက်မသွားပါနဲ့ဦး”

​ဒါဟာ ကြင်နာစွာ သတိပေးခြင်းဟု ထင်ရသော်လည်း၊ တကယ်တော့ လင်းကျင်းကို စောင့်ကြည့်ရန်အတွက် အရာရှိများကို သူ၏ အိမ်သို့ လွှတ်မည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

​လင်းကျင်း ကန့်ကွက်ခြင်း မရှိပါ။

​အတော်ကြာပြီးနောက်တွင်တော့ လင်းကျင်း အစိုးရရုံးမှ ထွက်လာနိုင်ခဲ့၏။

​လင်းကျင်းမှာ အခုဆိုလျှင် ခုခံရသည့် အနေအထားသို့ ရောက်ရှိနေချေပြီ။ သူသည် တစ်ခုခုကို သတိရသွားကာ ယခင်တည်းခိုခဲ့သည့် တည်းခိုခန်းသို့ သွားလိုက်ပြီး၊ လုဘင် သို့မဟုတ် ဟယ်ချန်းတို့ လာရှာခဲ့လျှင် သိနိုင်စေရန် သူ၏ လိပ်စာအသစ်ကို ပေးခဲ့တော့သည်။

​လင်းကျင်းသည် သူတို့နှစ်ဦးထဲမှ တစ်ဦးဦး ရောက်လာပြီး အခြေအနေကို ရှင်းပြပေးရန် မျှော်လင့်နေမိ၏။

​“ထားလိုက်ပါတော့... လောနေလို့လည်း မထူးဘူး"

လင်းကျင်း သေသေချာချာ စဉ်းစားပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ငါ့ရဲ့ စိတ်ဝိညာဉ်ရွှေအပ် ရှိနေသရွေ့တော့ ဟယ်ယုသေမှာ မဟုတ်ဘူး... သူတို့ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့... ပြီးတော့ ဒီနေ့ည ဧည့်ခန်းမ ပြန်ပွင့်မှာဆိုတော့ ဟယ်ချန်းကတော့ ကျိန်းသေပေါက် ရောက်လာမှာပဲ... အဲဒီကျမှ ဘာတွေဖြစ်နေလဲဆိုတာ သူ့ကို မေးရမယ်... အခုလောလောဆယ်တော့ ငါ စိတ်အေးအေးထားဖို့ လိုတယ်”

​လင်းကျင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်သော အမူအရာဖြင့် လျှောက်လှမ်းနေသော်လည်း၊ သူ၏ အတွင်းစိတ်မှာတော့ ကြီးမားသော မုန်တိုင်းတစ်ခု စတင်နေပြီဖြစ်ကြောင်း သိနေသည်။ သူ အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူသည် ဤပြဿနာများကြားထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရပြီ မဟုတ်ပါလား။

အခန်း (၂၃၈) - လောလောဆယ် ဘေးကင်းသွားခြင်း

​လွန်ခဲ့သော တစ်ရက်က ကျောက်စိမ်းနဂါးနိုင်ငံ၏ နန်းတော်အတွင်း၌ လုံခြုံရေးများမှာ အထူးပင် တင်းကျပ်လှပေသည်။

​ဧကရာဇ် ဟယ်ရွှမ်သည် ဆဌမမြောက်မင်းသမီး၏ ဘေးနားမှ အဝေးသို့ မသွားဘဲ တစ်ချိန်လုံး စောင့်ကြပ်နေခဲ့၏။

​နန်းတွင်းသမားတော်ကြီးများ၏ ရောဂါရှာဖွေချက်အရ ဟယ်ယုမှာ ‘အသက်အန္တရာယ် အလွန်စိုးရိမ်ရ’ သည့် အခြေအနေတွင် ရှိနေပြီး နေမဝင်မီမှာပင် အသက်ဆုံးရှုံးသွားနိုင်သည်ဟု ဆိုကြသည်။

​“ယုအာ... မင်းရဲ့ခမည်းတော်အနေနဲ့ ငါ မင်းကို မကာကွယ်နိုင်ခဲ့ဘူး... ဒီနောက်ဆုံးနေ့မှာတော့ မင်းနားမှာ ငါ ဘာပဲဖြစ်ဖြစ် ရှိနေပေးပါ့မယ်”

ဟယ်ရွှမ်သည် အဆောင်ထဲသို့ ဝင်လာကာ ခုတင်ပေါ်တွင် လဲလျောင်းနေသည့် ဟယ်ယုကို ဝမ်းနည်းပူဆွေးစွာ ကြည့်လိုက်မိ၏။

​သို့သော် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဟယ်ရွှမ်သည် ယခင်ကထက် ပိုမိုနွေးထွေးသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ သေမင်း၏ အအေးဓာတ်နှင့် ညှီစို့စို့ အနံ့အသက်များမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်နေချေပြီ။

​ဒါဟာ ထူးဆန်းလှပေသည်။

​သူ ထိတ်လန့်သွားကာ ဟယ်ယု၏ အနားသို့ သွားပြီး သေသေချာချာ ကြည့်လိုက်မိ၏။

​အကြောင်းရင်းကို မသိရသော်လည်း ဟယ်ယုမှာ အားနည်းနွမ်းလျနေဆဲ ဖြစ်သော်လည်း ယခင်ကကဲ့သို့ ဖြူဖျော့မနေတော့ပေ။ သူမ၏ မျက်နှာပေါ်တွင် အသက်ဓာတ်၏ အရိပ်အယောင် အနည်းငယ် ပြန်လည် မြင်တွေ့နေရသည်။

​ဟယ်ရွှမ်သည် သွေးကတိကဝတ်အဆင့် (၇) ရှိသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။ နိုင်ငံတော်၏ ဧကရာဇ်ဖြစ်သဖြင့် သူ၏ သားရဲမှာလည်း အဆင့် (၄) ဖြစ်ရာ အပြောင်းအလဲများကို အလွယ်တကူ သိရှိနိုင်သည်။ သူသည် ဟယ်ယု၏ နဖူးပေါ်သို့ လက်တင်ကြည့်လိုက်၏။

​နွေးထွေးနေသည်။

​သူမ၏ လက်ကို ကိုင်ကြည့်လိုက်ရာ ယခင်ကကဲ့သို့ ရေခဲတမျှ အေးစက်မနေတော့ပေ။

​မသိစိတ်၏ စေခိုင်းမှုကြောင့် ဟယ်ရွှမ်၏ တင်းမာနေသော မျက်နှာကြောများ လျော့ကျသွားပြီး ပြုံးလိုက်မိ၏။ သို့သော် မကြာမီမှာပင် သူ ဇဝေဇဝါ ဖြစ်သွားရပြန်သည်။

​သူ ခဏမျှ စဉ်းစားသော်လည်း မည်သူ့ကိုမျှ ခေါ်ယူခြင်း မပြုသေးဘဲ ငြိမ်သက်စွာ ထိုင်ကာ အကဲခတ်နေမိသည်။ အတော်ကြာပြီးနောက် နန်းတွင်းမိန်းမစိုးတစ်ဦးက နေဝင်ပြီဖြစ်ကြောင်း လာရောက် အစီရင်ခံ၏။

​ဒါဟာ ဟယ်ရွှမ်၏ အမိန့်ကြောင့်ပင်။ နေဝင်ချိန်ရောက်သည်နှင့် လာရောက်အကြောင်းကြားရန် သူ သီးသန့် မှာကြားထားခြင်း ဖြစ်သည်။

​“နေဝင်သွားပြီလား”

ဟယ်ရွှမ် အံ့အားသင့်သွားရ၏။ နေ့နှင့်ည၊ ယန်နှင့်ယင် အကူးအပြောင်းဖြစ်သည့် ဤဆည်းဆာချိန်သည် ရောဂါသည်များအတွက် အန္တရာယ်အရှိဆုံး အချိန်ဖြစ်ကြောင်း သူ သိထားသည်။ ထို့ပြင် သူ၏သမီးတော် ဟယ်ယုမှာလည်း ယနေ့ညနေကိုပင် ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ဟု တွက်ဆထားခဲ့ခြင်း ဖြစ်၏။

​သို့သော် ဟယ်ယု၏ အသက်ရှူသံမှာ မှန်မှန်လေး ဖြစ်နေသည်။ သူမ သတိမေ့မြောနေဆဲ ဖြစ်သော်လည်း အသက်ဆုံးရှုံးတော့မည့် အရိပ်အယောင်တော့ မရှိပေ။

​တစ်ခုခု မှားယွင်းနေပြီကို ဟယ်ရွှမ် သိလိုက်ပြီ။

​“သမားတော်ကို ခေါ်လိုက်စမ်း”

ဟယ်ရွှမ် အော်ဟစ်လိုက်၏။ ချက်ချင်းပင် အပြင်ဘက်တွင် စောင့်နေသည့် နန်းတွင်းသမားတော်ကြီး ဝင်လာကာ အရိုအသေ ပေးလိုက်သည်။

“အရှင်မင်းကြီး"

​“မင်းသမီးရဲ့ အခြေအနေကို သွားကြည့်စမ်း”

ဟယ်ရွှမ် အမိန့်ပေးလိုက်၏။ သမားတော်ကြီးသည် ခေါင်းညိတ်ကာ ဟယ်ယု၏ အခြေအနေကို စစ်ဆေးတော့သည်။ သူသည် မင်းသမီး၏ လက်ကောက်ဝတ်တွင် ချည်ထားသော ချည်မျှင်ကို ကိုင်ကာ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် ပြုံးရွှင်သော မျက်နှာဖြင့် ဟယ်ရွှမ်ကို လျှောက်တင်လိုက်၏။

“အရှင်မင်းကြီး... ဆဌမမြောက်မင်းသမီးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လက္ခဏာတွေ မရှိတော့ပါဘူး... ခန္ဓာကိုယ်က အားနည်းနေသေးပေမဲ့ လောလောဆယ်တော့ ဘေးကင်းသွားပါပြီ”

​ဟယ်ရွှမ်မှာ သူ၏ အံ့ဩမှုကို မဖုံးဖိနိုင်တော့ပေ။

​အခြေအနေကို အတည်ပြုပြီးနောက် သူသည် သမားတော်ကြီးကို ထွက်ခွာခွင့် ပေးလိုက်၏။

​ဟယ်ရွှမ်၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။ တစ်စုံတစ်ယောက် လျှို့ဝှက်စွာ ဝင်လာသလားဟု အစောင့်များကို မေးမြန်းချင်သော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်း သူ သိနေသည်။

​အဘယ်ကြောင့်ဆိုသော် တစ်နေ့လုံး သူသည် အပြင်ဘက်တွင် ရှိနေခဲ့ခြင်းကြောင့်ပင်။ သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် အာရုံခံစားမှုအရ တစ်စုံတစ်ယောက် ခိုးဝင်လာမည်ဆိုလျှင် သူ သေချာပေါက် သိရှိရပေမည်။

​ထို့ပြင် ဤနေရာတွင် ဝင်ပေါက်တစ်ခုတည်းသာ ရှိသဖြင့် မည်သူမျှ ခိုးဝင်ရန် မလွယ်ကူပေ။

​“ယုအာက တကယ်ပဲ သေဖို့ ကံမပါသေးတာလား”

ဟယ်ရွှမ် မိမိကိုယ်ကိုယ် ရေရွတ်လိုက်မိ၏။

​ထို့နောက် သူ ခေါင်းခါလိုက်ပြန်သည်။

“ဒီကျိန်စာမိတဲ့သူတွေက အရွယ်ရောက်တဲ့အထိ မရှင်သန်နိုင်ပါဘူး... ပြီးတော့ ကျောက်စိမ်းနဂါးရဲ့ ဝိညာဉ်ကလည်း...”

​လောလောဆယ်တော့ ဘာတွေဖြစ်နေမှန်း ဟယ်ရွှမ်အနည်းငယ်မျှပင် စဉ်းစား၍ မရပေ။

​သို့သော် သူ၏ မသိစိတ်ကတော့ ဤကျိန်စာကို ဖျက်စီးလုနီးပါး ဖြစ်ခဲ့သည့် လူတစ်ယောက်ထံသို့သာ ဦးတည်နေ၏။

​မေပယ်မြို့က လင်းကျင်း။

​ဒါဟာ ဒီလင်းကျင်းဆိုတဲ့လူနဲ့ ပတ်သက်နေတာလား။

​ဟယ်ရွှမ် ဆက်မစဉ်းစားတော့ပေ။ ထိုညတွင် သူသည် ကုလားထိုင်ပေါ်၌ ထိုင်ရင်း တစ်ညလုံး မအိပ်ဘဲ နေခဲ့၏။ မနက်ရောက်၍ ဟယ်ယု၏ အခြေအနေကို ထပ်မံ စစ်ဆေးကြည့်ရာ၊ ယမန်နေ့ကကဲ့သို့ပင် ပင်ပန်းနွမ်းနယ်နေဆဲ ဖြစ်သော်လည်း အခြေအနေမှာ ပို၍ ဆိုးမလာခဲ့ပေ။

​တစ်ခုခုတော့ မှားနေပြီဆိုသည်မှာ အသေအချာပင်။

​ထိုစဉ် မိန်းမစိုးတစ်ဦးက အမတ်မင်းယွီ ရောက်ရှိလာပြီး အရှင်မင်းကြီးကို ဖူးမြော်ခွင့် တောင်းခံကြောင်း လာရောက် သတင်းပို့၏။

​ဟယ်ရွှမ်သည် အပြင်ဘက်တွင် စောင့်နေသည့် အမတ်မင်းယွီထံသို့ ထွက်လာခဲ့သည်။

​ဧကရာဇ်ကို မြင်သည်နှင့် အမတ်မင်းယွီသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ရှေ့သို့ တိုးလာကာ ဆိုလိုက်၏။

“အရှင်မင်းကြီး... မနေ့ညက ဘုရားကျောင်းထဲက နဂါးနတ်ဘုရား ဒေါသထွက်နေပါတယ်”

​ဟယ်ရွှမ်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး မေးလိုက်သည်။

“အမတ်မင်းယွီ... နဂါးက ဘာလို့ ဒေါသထွက်နေရတာလဲ”

​အမတ်မင်းယွီ၏ အကြည့်မှာ အိပ်ခန်းဆီသို့ ရောက်သွားကာ မေးလိုက်၏။

“အရှင်မင်းကြီး... ဆဌမမြောက်မင်းသမီးက အဆင်ပြေရဲ့လား”

​ဤစကားလုံးမှာ မေးခွန်းတစ်ခု ဖြစ်သလို အဖြေတစ်ခုလည်း ဖြစ်နေပေသည်။

​ဟယ်ရွှမ်မှာ ဒေါသကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။

“ဘာ... နဂါးနတ်ဘုရားက ရက်အနည်းငယ်လောက်တောင် ထပ်မစောင့်နိုင်တော့ဘူးလား”

​အမတ်မင်းယွီ နောက်တစ်လှမ်း တိုးလာကာ ပြောလိုက်၏။

“စောင့်နိုင်ပါတယ်... ဒါပေမဲ့ မနေ့တစ်နေ့က သူ ညဘက်မှာ ထွက်လာတုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့လို့ သူ၏ ဝိညာဉ်စွမ်းအင်ကို အမြန်ဆုံး ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေပါတယ်...”

​“တော်တော့"

ဟယ်ရွှမ် စားပွဲကို ရိုက်လိုက်သဖြင့် အမတ်မင်းယွီ စကားရပ်သွား၏။ ဧကရာဇ်ကိုယ်တိုင်လည်း အခြေအနေ၏ လေးနက်မှုကို သိရှိကြောင်း သူ နားလည်လိုက်သည်။ ယဇ်ပူဇော်မှု မလုပ်နိုင်လျှင် ကျောက်စိမ်းနဂါးနိုင်ငံ၌ ဘေးအန္တရာယ်များ ကျရောက်လာမည်မှာ အသေအချာပင်။

​“ငါ နန်းတော်ကို ပိတ်ဆို့ဖို့ အမိန့်ပေးခဲ့ပြီးပြီ၊ မင်းသမီးကိုလည်း ဘယ်သူမှ ကုသပေးတာ မရှိတော့ဘူး... အကယ်၍ နဂါးနတ်ဘုရားက ယဇ်ပူဇော်ချင်တယ်ဆိုရင် သူ လာယူနိုင်တာပဲ... ငါကသူ့ကို တားနိုင်မှာမို့လို့လား”

​ဟယ်ရွှမ်သည် သွားများကို ကြိတ်ကာ သူ၏ ပုံမှန် အမူအရာနှင့် ကွဲပြားစွာ တုံ့ပြန်နေ၏။

​“အင်း...”

အမတ်မင်းယွီ တုံ့ဆိုင်းနေပြီးမှ တိုးတိုးပြောလိုက်၏။

“နဂါးနတ်ဘုရားက ပြောတာတော့... တစ်စုံတစ်ယောက်က ဆဌမမြောက်မင်းသမီးရဲ့ နှလုံးသွေးကြောတွေကို ကာကွယ်ဖို့ မန္တန်တစ်ခုကို သုံးထားလို့ ယဇ်ပူဇော်မှုကို အပြီးမသတ်နိုင်တာလို့ ဆိုပါတယ်”

​ဟယ်ရွှမ် ဇဝေဇဝါ ဖြစ်သွားရ၏။

​“မနေ့မနက်ကတည်းက ဆဌမမြောက်မင်းသမီးဆီကို ဘယ်သူမှ မလာခဲ့ဘူးလေ... ဘယ်သူက ဒီလောက် ထူးခြားတဲ့ စွမ်းရည်မျိုးကို သုံးနိုင်မှာလဲ... ဟင်း... နဂါးနတ်ဘုရားရဲ့ စကားတွေကို လုံးလုံးလျားလျား ယုံလို့မရဘူးပဲ”

​အမတ်မင်းယွီက တိုက်တွန်းလိုက်သည်။

“အရှင်မင်းကြီး... စိတ်အေးအေးထားပါ... ဒါက နိုင်ငံရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတာမို့ အခုလို အရေးကြီးတဲ့ အချိန်မှာ မှားယွင်းလို့ မဖြစ်ပါဘူး... အကယ်၍ ယဇ်ပူဇော်မှု မအောင်မြင်ဘဲ နဂါးနတ်ဘုရားသာ ဒေါသထွက်သွားရင်၊ သူက နဂါးသားရဲအားလုံးကို ပြန်သိမ်းသွားမှာတင်မကဘဲ ဘေးဒုက္ခတွေကိုပါ ခေါ်လာမှာပါ... အဲဒီအချိန်ကျမှ ရန်သူတွေက ကျုပ်တို့ကို ကျူးကျော်လာရင် ကျောက်စိမ်းနဂါးနိုင်ငံဟာ အန္တရာယ် အကြီးအကျယ် တွေ့ပါလိမ့်မယ်... အရှင်မင်းကြီး... နိုင်ငံရဲ့ ကံကြမ္မာကို ထောက်ထားပေးပါဦး”

​ပြောပြီးနောက် သူသည် ဦးညွှတ်လိုက်ရာ ပြန်မထတော့ပေ။

​ဟယ်ရွှမ်၏ စိတ်မှာ တုန်လှုပ်သွားပြီး နောက်ဆုံးတွင်တော့ အားကိုးရာမဲ့သော မျက်နှာထား ဖြစ်သွားရ၏။

​“အမတ်မင်းယွီ... မင်းက ငါတို့နိုင်ငံရဲ့ အဖိုးတန်အမတ်ဖြစ်သလို နဂါးနတ်ဘုရားရဲ့ ချစ်ခင်မှုကို ရရှိထားလို့ ‘ကျောက်စိမ်းနဂါး’ သားရဲကိုတောင် လက်ဆောင် ရထားသူပဲ... မင်းကို ငါ မေးမယ်... အခု ငါတို့ ဘာဆက်လုပ်သင့်လဲ”

​အမတ်မင်းယွီ၏ မျက်နှာတွင် ခက်ထန်သော အမူအရာတစ်ခု ပေါ်လာ၏။

“အရှင်မင်းကြီး... ကျွန်တော့်အမြင်အရဆိုရင် မေပယ်မြို့က လင်းကျင်းဟာ ဒီယဇ်ပူဇော်မှုကို အနှောင့်အယှက်ပေးတဲ့ ကိစ္စမှာ တစ်ခုခု ပတ်သက်နေရမယ်... အဲဒီလူက ရွှေလက်စွပ်တစ်ကွင်း ချန်ထားခဲ့လို့ နဂါးမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ရတာ... သူ ဘာတွေ လုပ်ထားလဲဆိုတာ ကျွန်တော်တို့ မသိပေမဲ့၊ နဂါးက ယဇ်ပူဇော်မှုကို အပြီးမသတ်နိုင်တာမှာ သူ ပါဝင်နေမှာ အသေအချာပါပဲ... နဂါးရဲ့ ဒေါသကို ပြေလျော့စေဖို့အတွက် ဆိုရင်တော့... သူ့ကို အမြန်ဆုံး ဖမ်းဆီးပြီး နဂါးနတ်ဘုရား စိတ်တိုင်းကျ လုပ်နိုင်အောင် နဂါးနတ်ကွန်းကို ပို့ပေးဖို့ပဲ ရှိပါတော့တယ်”

​ဟယ်ရွှမ်သည် တည်ငြိမ်သော အမူအရာဖြင့် ရုတ်တရက် မေးလိုက်၏။

“လင်းကျင်းနောက်ကို လူသတ်သမားတွေ လွှတ်ခဲ့တာ မင်းလား”

​အမတ်မင်းယွီ သိသိသာသာ ထိတ်လန့်သွား၏။ သူ တုံ့ဆိုင်းနေသော်လည်း ဧကရာဇ်ကို ဖုံးကွယ်ထား၍ မရမှန်း သိလိုက်သဖြင့် ခေါင်းညိတ် ဝန်ခံလိုက်သည်။

“အရှင်မင်းကြီး... ကျွန်တော်က နိုင်ငံတော်ရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ခဲ့တာပါ... ဒီလင်းကျင်းဆိုတဲ့လူက ကျိန်စာတွေကို နှိမ်နင်းနိုင်တဲ့ အရည်အချင်းရှိသူ ဖြစ်ပေမဲ့၊ တစ်နေ့ကျရင် နဂါးနတ်ဘုရားကို စော်ကားမိမှာ အသေအချာပါပဲ... အဆိုးနှစ်ခုထဲက အနည်းဆုံးကို ရွေးချယ်ရတဲ့အတွက် ကျွန်တော့်မှာ တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး”

​ထို့နောက် သူ ခေတ္တရပ်ကာ ထပ်ဖြည့်ပြောလိုက်၏။

“ဒါ့အပြင် နဂါးနတ်ဘုရားရဲ့ အစွမ်းကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး... အကယ်၍သာ ကျွန်တော်တို့မှာ ခုခံနိုင်တဲ့ အစွမ်းရှိမယ်ဆိုရင်၊ နန်းတွင်းက အမျိုးသမီး လေးယောက်ကို ဒီအတိုင်း အသေခံခိုင်းမှာ မဟုတ်ဘူး...”

​“တော်တော့"

ဟယ်ရွှမ်က လက်ဝေ့ယမ်းလိုက်၏။

​ထို့နောက် သူသည် စားပွဲပေါ်ရှိ အစီရင်ခံစာပုံကို ညွှန်ပြလိုက်သည်။

“ဒါက ကာကွယ်ရေးဌာနက ပို့ထားတာ... မေပယ်မြို့ မြို့တော်ဝန်နဲ့ ရဲ့ယွီကျိုးတို့က လင်းကျင်းကို ကာကွယ်ရေးဌာနထဲ ဝင်ဖို့ ထောက်ခံထားကြတယ်... စည်းမျဉ်းတွေအရဆိုရင်တော့ အရာရှိပဲဖြစ်ဖြစ်၊ ကုန်သည်ပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ်... အဆင့် (၄) သားရဲ ပိုင်ဆိုင်ထားတဲ့ ငါတို့နိုင်ငံသားတိုင်းဟာ ကာကွယ်ရေးဌာနကို ဝင်ခွင့်ရှိသလို ဘွဲ့ထူးဂုဏ်ထူးတွေလည်း ရထိုက်တယ်... အမတ်မင်းယွီ... မင်းလုပ်ခဲ့တာတွေအတွက် ငါ အပြစ်မပေးတော့ဘူး၊ ဒါပေမဲ့ နောက်တစ်ကြိမ် မလုပ်မိဖို့တော့ သတိထားပါ၊ နားလည်လား”

​အမတ်မင်းယွီမှာ စိုးရိမ်တကြီး ဖြစ်သွား၏။

“အရှင်မင်းကြီး... ဒါက...”

​“နောက်ပြီး... နဂါးနတ်ဘုရားကိုလည်း ပြောလိုက်ဦး၊ ကျောက်စိမ်းနဂါး နန်းတွင်းကလူတွေဟာ ဘိုးဘေးတွေ လက်ထက်ကတည်းက ထားခဲ့တဲ့ ကတိကို တည်ပါ့မယ်လို့... အကယ်၍ ပြင်ပလူတစ်ယောက်က ဝင်ရောက် နှောင့်ယှက်ခဲ့မယ်ဆိုရင်လည်း အဲဒါက နဂါးနတ်ဘုရား ကိုယ်တိုင် ဖြေရှင်းရမယ့် ကိစ္စပဲ... ကျောက်စိမ်းနဂါး နန်းတွင်းကလူတွေက နဂါးနတ်ဘုရားအပေါ် ဘာမှ အကြွေးမတင်ဘူးဆိုတာကိုလည်း သတိရပေးပါဦး”

All Chapters