အခန်း (၂၃၉-၂၄၀)
Vol. 12 Ch. 239-240
အခန်း (၂၃၉) - စကားစမြည်ပြောကြစို့
ဟယ်ရွှမ်သည် သူ၏ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်လိုက်ပြီ ဖြစ်သည်။ အမတ်မင်းယွီသည် မကျေမနပ် ဖြစ်နေသော်လည်း အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် အလျှော့ပေးကာ ထွက်ခွာသွားရတော့သည်။
အပြင်သို့ ရောက်သည်နှင့် အမတ်မင်းယွီ၏ မျက်နှာမှာ မှိုင်ညို့သွားပြီး ကျောက်စိမ်းနဂါးနတ်ကွန်းဆီသို့ အလျင်အမြန် ဦးတည်လိုက်၏။
နန်းဆောင်အတွင်း၌ ဟယ်ရွှမ်သည် ခေါင်းငုံ့ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိသည်။
စောစောက သူပြောလိုက်သည့် စကားများသည် အနည်းငယ် စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့သော်လည်း၊ နဂါးနတ်ဘုရားကို ဤအတိုင်း ဆက်လက် အလိုမလိုက်နိုင်တော့ကြောင်း သူ သိနေသည်။ ထို့ပြင် သူပြောခဲ့သည်များမှာလည်း မှားယွင်းမှု မရှိပေ။
ကျောက်စိမ်းနဂါးတော်ဝင်မိသားစုသည် နဂါးနတ်ဘုရားထံမှ အကာအကွယ်ပေးမှု အပါအဝင် အကျိုးကျေးဇူးအချို့ ရရှိခဲ့သည်မှာ မှန်သော်လည်း၊ တုံ့ပြန်မှုအနေဖြင့် နန်းတွင်းအမျိုးသမီး လေးဦးကို ပေးအပ်ခဲ့ရပြီး ဖြစ်သည်။ တစ်နည်းအားဖြင့် ဒါဟာ တန်ဖိုးချင်း မျှတသော အလဲအလှယ်တစ်ခုပင်။
သို့ဆိုလျှင် အဘယ်ကြောင့် သူတို့ကသာ နဂါးနတ်ဘုရား၏ ပြဿနာများကို ဖြေရှင်းပေးနေရမည်နည်း။
သို့မဟုတ် ဤမျှအထိ အစွမ်းထက်လှချည်ဆိုသော နဂါးနတ်ဘုရားမှာ ဤမျှလောက်သာ တတ်နိုင်သည်လား။
ဧကရာဇ်တစ်ဦးအနေဖြင့် ဟယ်ရွှမ်သည် အရာရာကို အကြီးအကျယ် ကြည့်ရမည်ဖြစ်ပြီး စွန့်လွှတ်သင့်သည်ကို စွန့်လွှတ်ရပေမည်။ ဥပမာအားဖြင့် သူ၏ သမီးတော်ပင်။ ဟယ်ယုသည် သူ၏ အချစ်ဆုံး သမီးလေး ဖြစ်သော်လည်း၊ သူမ၌ ကျိန်စာ စတင် စွဲကပ်လာကတည်းက ဒါဟာ သူမ၏ ကံကြမ္မာဖြစ်ကြောင်း ဟယ်ရွှမ် သိထားခဲ့သည်။
သို့သော်လည်း သူသည် ဘာမှ ပြောင်းလဲအောင် မလုပ်နိုင်ခဲ့ဘဲ ဤအတိုင်းသာ ခွင့်ပြုခဲ့ရ၏။
အမှန်စင်စစ် ဤကျောက်စိမ်းနဂါး ဝိညာဉ်ကျိန်စာဆိုသည်မှာ သူ၏ ဘိုးဘေးများက နဂါးနတ်ဘုရားနှင့် ချုပ်ဆိုခဲ့သည့် ကတိကဝတ်တစ်ခု ဖြစ်သည်။ မျိုးဆက်တစ်ခုစီတိုင်းတွင် တော်ဝင်အမျိုးသမီးတစ်ဦးကို နဂါးနတ်ဘုရားထံ ယဇ်ပူဇော်ရမည်ဖြစ်ပြီး၊ နဂါးနတ်ဘုရားက တော်ဝင်မိသားစုကို ကျောက်စိမ်းနဂါးသားရဲများ ပေးအပ်ကာ နိုင်ငံတော်ကို ဘေးကင်းအောင် စောင့်ရှောက်ပေးမည် ဖြစ်သည်။
သို့သော် ဟယ်ရွှမ်မှာ မျက်ကန်းတစ်ယောက် မဟုတ်သလို ငတုံးလည်း မဟုတ်ပေ။ နဂါးနတ်ဘုရားသည် သူတို့ထံသို့ ကျောက်စိမ်းနဂါးသားရဲများ ပေးအပ်သည်မှာ မှန်သော်လည်း၊ ထိုသတ္တဝါများ၏ သွေးကတိကဝတ် စွမ်းအားများကို သူက ချုပ်ကိုင်ထား၏။ တစ်နည်းအားဖြင့် အကယ်၍ ထိုသားရဲသည် တစ်နေ့တွင် နဂါးနတ်ဘုရားကို ပြန်လည် တော်လှန်မည်ဆိုပါက သွေးကတိကဝတ်မှာ ထိန်းချုပ်မှု ကင်းမဲ့သွားနိုင်ပေသည်။
ကျောက်စိမ်းနဂါးနိုင်ငံကို ဘေးကင်းအောင် စောင့်ရှောက်ပေးမည် ဆိုသည်မှာလည်း လိမ်ညာမှုများသာ ဖြစ်သည်။ နိုင်ငံတော်တွင် အခက်အခဲနှင့် ကြုံရတိုင်း သူတို့ဘာသာသူတို့သာ ဖြေရှင်းခဲ့ရပြီး၊ နဂါးနတ်ဘုရားကမူ သူ၏ နတ်ကွန်းထဲတွင် အေးဆေးစွာ နေထိုင်ကာ တော်ဝင်မိသားစု၏ ပူဇော်မှုများကိုသာ ခံယူနေခဲ့ခြင်းပင်။ ကျောက်စိမ်းနဂါးသားရဲအချို့ ပေးသည်မှလွဲ၍ သူသည် ဘာမျှ ထူးထူးခြားခြား လုပ်ပေးခဲ့သည် မရှိပေ။
စိတ်ထဲတွင် ဟယ်ရွှမ် အတော်ပင် စိတ်ပျက်နေမိ၏။ သို့သော် နဂါးနတ်ဘုရားက အလွန်အမင်း အစွမ်းထက်နေသလို ကျောက်စိမ်းနဂါးသားရဲများကိုလည်း သူကပင် ချုပ်ကိုင်ထားသဖြင့် ဟယ်ရွှမ် မကျေနပ်သော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။
သို့သော် ယခုအခါတွင်တော့ အရာအားလုံးကို ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးတစ်ခု ရှိနေပြီဟု ဟယ်ရွှမ်၏ ထက်မြက်သော အာရုံခံစားမှုက ပြောနေသည်။
ထိုအခွင့်အရေးမှာ မေပယ်မြို့က လင်းကျင်းပင် ဖြစ်သည်။
လင်းကျင်း မြို့တော်သို့ စတင်ရောက်ရှိလာစဉ်ကပင် ဟယ်ရွှမ်သည် သူ၏ တည်ရှိမှုကို သိရှိခဲ့သော်လည်း အာရုံမစိုက်ခဲ့ပေ။
အကြောင်းမှာ နှစ်ပေါင်းများစွာအတွင်း လုဘင်သည် ကျော်ကြားလှသော သမားတော်ပေါင်းများစွာကို ခေါ်ဆောင်လာခဲ့သော်လည်း၊ မည်သူမျှ ဟယ်ယု၏ ကျိန်စာကို မဖြေရှင်းနိုင်ခဲ့ကြပေ။ အချို့သော သမားတော်များမှာ သူမ၏ ခံစားရသော နာကျင်မှုများကို အနည်းငယ် သက်သာအောင် လုပ်ပေးနိုင်သော်လည်း အခြေအနေမှာ သိသိသာသာ ပြောင်းလဲခြင်း မရှိခဲ့ချေ။
သို့သော် ဤလင်းကျင်းဆိုသူမှာ ပထမဆုံးအကြိမ် ကုသမှုမှာတင် လက်တွေ့ကျသော ရလဒ်များကို ပြသနိုင်ခဲ့ပြီး ကျိန်စာကိုပါ နှိမ်နင်းနိုင်ခဲ့သည်။ ဒါဟာ ဟယ်ရွှမ်ပင် မမျှော်လင့်ထားခဲ့သည့် ကိစ္စပင်။
ထိုညက နဂါးနတ်ဘုရားသည် သူ၏ ကိုယ်ပွားတစ်ခုကို လွှတ်ခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ဤကိစ္စကို လျှို့ဝှက်ထားသော်လည်း ဟယ်ရွှမ် သိရှိခဲ့ပြီး၊ ထိုအချိန်မှစ၍ သူသည် မေပယ်မြို့က လင်းကျင်းကို ပိုမို အာရုံစိုက်လာခဲ့ခြင်း ဖြစ်သည်။
သူသည် လင်းကျင်းအကြောင်းကို စုံစမ်းရန် အမတ်မင်းယွီကိုသာ စေခိုင်းခဲ့သည် မဟုတ်ပေ။ အမှန်စင်စစ် ဟယ်ရွှမ်သည် လင်းကျင်းကို အပေါ်ယံတွင် ပြသထားသည်ထက် ပို၍ အာရုံစိုက်ထားခဲ့သည်။ ထို့ပြင် သူသည် လင်းကျင်းအကြောင်းကို အခြားသူများ ထင်ထားသည်ထက် ပိုမို၍ သိရှိထားပေသည်။
“အစောင့်တွေ”
ဟယ်ရွှမ် ခေါ်လိုက်ရာ နန်းတွင်းအစောင့်တစ်ဦး အပြေးအလွှား ရောက်လာ၏။
ဤနန်းတွင်းအစောင့်များမှာ ဟယ်ရွှမ်၏ ယုံကြည်စိတ်ချရဆုံးသော လူရင်းများ ဖြစ်ကြသည်။
“အရှင်မင်းကြီး... ဘာများ အမိန့်ရှိပါသလဲ”
ထိုအစောင့်က ဒူးထောက်လိုက်၏။
ဟယ်ရွှမ်သည် သူ၏ လက်ထဲတွင် တစ်ခုခုကို ကိုင်ထားသည်။ သေသေချာချာ ကြည့်လိုက်လျှင် ၎င်းမှာ ရွှေရောင်လက်စွပ်တစ်ကွင်း ဖြစ်နေ၏။
“စစ်သေနာပတိလုက အကျဉ်းခန်းထဲမှာ တစ်ညလုံး နေခဲ့ရတာပေါ့၊ ဟုတ်လား” ဟယ်ရွှမ် မေးလိုက်သည်။
နန်းတွင်းအစောင့်က ခေါင်းညိတ်ကာ ဖြေကြားလိုက်၏။
“မှန်လှပါ အရှင်မင်းကြီး.. စစ်သေနာပတိလုက ပို့ပေးသမျှ အစားအသောက်တွေကို အကုန် လွှင့်ပစ်လိုက်သလို၊ တစ်ညလုံးလည်း အိပ်မပျော်ဘူးလို့ သိရပါတယ်”
“သူ စိုးရိမ်နေတာ ဖြစ်မှာပါ... ထားလိုက်ပါတော့... လုမိသားစုက တိုင်းပြည်အပေါ် ကျေးဇူးတွေ အများကြီး ရှိခဲ့တာဆိုတော့၊ ငါကိုယ်တိုင် သွားတွေ့လိုက်ပါ့မယ်”
ပြောပြီးနောက် ဟယ်ရွှမ်သည် ရွှေရောင်လက်စွပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ထရပ်လိုက်သည်။
“နန်းတွင်းအစောင့်တွေနဲ့ သမားတော်တွေကို ဒီမှာပဲ နေခိုင်းလိုက်ပါ... ငါ့အမိန့်မပါဘဲ ဘယ်သူ့ကိုမှ ဆဌမမြောက်မင်းသမီးရဲ့ ခြံဝင်းထဲကို ခြေတစ်လှမ်းတောင် အဝင်မခံနဲ့... အမိန့်ကို ဖီဆန်တဲ့သူရှိရင် တွေ့တဲ့နေရာမှာပဲ သတ်ပစ်လိုက်ကြ”
အကျဉ်းထောင်မှာ နန်းတော်နှင့် ကပ်လျက်တွင် ရှိနေ၏။ ဤနေရာမှာ အပြစ်ကျူးလွန်ထားသည့် တော်ဝင်မိသားစုဝင်များနှင့် အမတ်များကို ဖမ်းဆီးထားရာ နေရာဖြစ်ပေသည်။ အတွင်းထဲ၌ အမှောင်ထုကြီး မဟုတ်သော်လည်း လုံခြုံရေးကတော့ အလွန်ပင် တင်းကျပ်လှ၏။ အထဲသို့ ဝင်ရန်အတွက် လေးလံလှသော သံတံခါးကြီး သုံးခုကို ဖြတ်ကျော်ရပေမည်။ ဟယ်ရွှမ်သည် အစောင့်အနည်းငယ်ကိုသာ ခေါ်ဆောင်ကာ တိတ်တဆိတ် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သူသည် အထဲသို့ ရောက်သည်နှင့် လုဘင်၏ အကျဉ်းခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။
လုဘင်သည် လက်ရှိတွင် ထိုင်နေသော်လည်း အတွင်းစိတ်၌ အလွန်အမင်း စိုးရိမ်ပူပန်နေ၏။
အပြင်ဘက်တွင် ဘာတွေဖြစ်နေမှန်း သူ မသိပါ။ မနေ့က ဆဌမမြောက်မင်းသမီး၏ အခြေအနေကို ကြည့်ရသလောက်ဆိုလျှင် သူတို့အနေဖြင့် ကံမကောင်းတော့ကြောင်း လုဘင်သိထားသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သေအံ့ဆဲဆဲ လက္ခဏာများ ပြနေသူတစ်ဦးမှာ ညနေအထိပင် တောင့်ခံနိုင်မည် မဟုတ်ကြောင်း လုဘင် သိနေခြင်းပင်။ တစ်နည်းအားဖြင့် ဆဌမမြောက်မင်းသမီးမှာ မနေ့ညကတည်းက သေဆုံးသွားနိုင်ပေသည်။
ဤအတွေးကြောင့် သူ စိတ်ပျက်အားငယ်နေမိသော်လည်း၊ မျှော်လင့်ချက် ရောင်ခြည်တစ်ခုတော့ ကျန်ရှိနေသေး၏။
၎င်းမှာ လင်းကျင်း မနေ့က ပေးခဲ့သည့် ရွှေအပ်ကလေးပင် ဖြစ်သည်။
လင်းကျင်း၏ စကားအရဆိုလျှင် တစ်ခုခု ဖြစ်လာပါက ဤရွှေအပ်ကို မင်းသမီးနှင့် အနီးဆုံး တစ်နေရာရာတွင် ထားခဲ့ရန် ဖြစ်သည်။ လုဘင်သည် ဇဝေဇဝါ ဖြစ်နေသော်လည်း လင်းကျင်း ခိုင်းသည့်အတိုင်း လုပ်ဆောင်ခဲ့၏။ သေးငယ်လှသော ရွှေအပ်ကလေးက ဘာများ လုပ်နိုင်မှာမို့လို့လဲ။ ၎င်းက ဆဌမမြောက်မင်းသမီးကို သေဘေးမှ ကယ်တင်ပေးနိုင်ပါ့မလား။ မယုံနိုင်စရာ ဖြစ်နေသော်လည်း ဤအပ်ကလေးက အလုပ်ဖြစ်ပါစေဟု ဆုတောင်းရုံမှတစ်ပါး လုပင်းတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။
သူသည် အိပ်မပျော်ဘဲ စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ်မှာပင် ဧကရာဇ် ဟယ်ရွှမ် ရောက်ရှိလာတော့သည်။
ဒါဟာ လျှို့ဝှက် လာရောက်ခြင်းဖြစ်သဖြင့် မည်သည့် ကြေညာမှုကိုမျှ မပြုလုပ်ခဲ့ပေ။ နန်းတွင်းအစောင့်အချို့ ရှေ့မှ လျှောက်လာသည်ကို မြင်ပြီးနောက်မှသာ လုဘင်သည် ဟယ်ရွှမ်ကို သတိထားမိလိုက်၏။
လက်ရှိအချိန်တွင် လုဘင် အမုန်းဆုံးလူမှာ ဧကရာဇ် ဟယ်ရွှမ်ပင် ဖြစ်သည်။
လုဘင်သည် ထိုသူကို မြင်သည်နှင့် သွားများကို ကြိတ်လိုက်၏။ အစောင့်တစ်ဦးက အရိုအသေပေးရန် တိုးတိုးလေး သတိပေးသော်လည်း လုဘင်က လျစ်လျူရှုထားလိုက်သည်။
“ရပြီ... အားလုံး အပြင်မှာ ခဏစောင့်နေကြ... ငါ့ခွင့်ပြုချက်မပါဘဲ ဘယ်သူမှ ဝင်မလာနဲ့”
ဟယ်ရွှမ် လက်ဝေ့ယမ်းလိုက်ရာ နန်းတွင်းအစောင့်များမှာ ဦးညွှတ်ကာ ဆုတ်ခွာသွားကြတော့သည်။
အခုတော့ ဟယ်ရွှမ်နှင့် လုဘင်တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။
လုဘင် ဘာကြောင့် ဤသို့ ဖြစ်နေရသည်ကို ဟယ်ရွှမ် သိပါသည်။ ယခင်က လုဘင်သည် ကျောက်စိမ်းနဂါးနိုင်ငံ၏ စစ်သေနာပတိချုပ် ဖြစ်ခဲ့စဉ်က သူ၏ အလုပ်အကိုင် အတောက်ပဆုံး အချိန်မှာပင် ရာထူးမှ နုတ်ထွက်ခဲ့သူ ဖြစ်သည်။ အကြောင်းရင်းများ ရှိခဲ့သော်လည်း သူ၏ စိတ်ကြီးမှုက အဓိက အကြောင်းရင်းပင်။
ထို့ကြောင့် ဟယ်ရွှမ်၏ ပထမဆုံး စကားမှာ “ယွီအာ မသေဘူး” ဟူ၍ ဖြစ်လေသည်။
သေချာပေါက်ပင် လုပင်း၏ မျက်နှာမှာ တုန်လှုပ်သွားပြီး မမေးဘဲမနေနိုင်တေ့ပေ။
“သခင်မလေး နိုးလာပြီလား”
သခင်မလေး..
ဤခေါ်ဆိုမှုကို ကြားလိုက်ရသဖြင့် ဟဲချန် ခေါင်းခါလိုက်ကာ ဆိုလိုက်၏။
“သူမ နိုးမလာသေးဘူး၊ ဒါပေမဲ့ ကြည့်ရတာတော့ လောလောဆယ် ဘေးကင်းသွားပုံရတယ်”
လုဘင်မှာ ထပ်မံ စိုးရိမ်သွားကာ မေးလိုက်သည်။
“ဟယ်ရွှမ်.... မင်းသာ သူမကို သမီးတစ်ယောက်လို တကယ် သဘောထားတယ်ဆိုရင် သူမကို အသက်ရှင်ခွင့် ပေးလိုက်ပါ.. မင်းကို ငါ မေးပါရစေ... ဒီပလ္လင်က မင်းအတွက် ဒီလောက်တောင် အရေးကြီးနေတာလား”
ဟယ်ရွှမ်သည် လက်တစ်ဖက်ကို နောက်ပစ်ကာ သက်ပြင်းချလိုက်၏။
“လုဘင်... ငါသာ ရွေးချယ်ခွင့် ရှိမယ်ဆိုရင် ဒီပလ္လင်ကို ယုအာနဲ့ လဲလိုက်ချင်တာပေါ့... ဒါပေမဲ့ ဒီလောကမှာ ငါတို့ ဖြစ်ချင်တိုင်း ဖြစ်လာတာမှ မဟုတ်တာ... အထူးသဖြင့် နိုင်ငံတစ်ခုရဲ့ အရှင်သခင် အနေနဲ့ဆိုရင် အပြင်ပန်းမှာ တောက်ပြောင်နေသလို ထင်ရပေမဲ့၊ ဒါဟာ တကယ်တော့ စိတ်ကျေနပ်စရာ ရာထူးတစ်ခု မဟုတ်ဘူး... ငါ ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်”
ထို့နောက် ဟယ်ရွှမ်က ထပ်ဖြည့်ပြောလိုက်၏။
“လုဘင်... မင်းက ယုအာကို ‘သခင်မလေး’ လို့ ခေါ်နေတာကို ကြည့်ခြင်းအားဖြင့် ကြင်ယာတော်ရှင်း မင်းကို မှာကြားခဲ့တာတွေကို မင်း မမေ့သေးဘူးဆိုတာ သိသာပါတယ်... ကြင်ယာတော်ရှင်းက မင်းရဲ့ ကျေးဇူးရှင်ဖြစ်ခဲ့သလို၊ အဲဒီအချိန်ကတည်းက မင်း သူမကို သခင်မလေးလို့ ခေါ်ခဲ့တာပဲ... တစ်ခါတလေကျရင် မင်းက ယုအာရဲ့ ဖခင်နဲ့တောင် ပိုတူနေသေးတယ်၊ ငါကတော့ အဲဒီဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူး”
လုဘင် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းခါလိုက်၏။
“အဲဒီတုန်းက မိန်းကလေးဂုက မင်းကိုပဲ ချစ်ခဲ့ပြီး မင်းအတွက်နဲ့ ဒီနန်းဆောင်တွေထဲကို ဝင်လာခဲ့တာ... သူမ သမီးမွေးပြီး သေဆုံးသွားတာက မင်းရဲ့ အမှား မဟုတ်ပေမဲ့၊ မင်းက ဆဌမမြောက်မင်းသမီးကို ပြန်ပြီး မကာကွယ်ပေးနိုင်ခဲ့ဘူး... ဒါကို မင်းရဲ့ အလိုဆန္ဒ မဟုတ်ဘူးလို့ ပြောနေတာလား... ဟားဟား... ဘယ်သူကရော မတူလို့လဲ... ငါ့မှာလည်း နောင်တတွေ အများကြီး ရှိပေမဲ့၊ ငါ့ရဲ့ အကြီးမားဆုံး နောင်တကတော့ မိန်းကလေးဂုကို မင်းလက်ထဲ ထည့်ပေးခဲ့မိတာပဲ”
အကျဉ်းခန်းအတွင်းရှိ လေထုမှာ တင်းမာလှပေသည်။
အတော်ကြာပြီးနောက် ဟယ်ရွှမ်က ဆိုလိုက်သည်။
“အတိတ်က ကိစ္စတွေကို ထားလိုက်ပါတော့... ငါ ဒီကိုလာတာက မင်းနဲ့ စကားပြောချင်လို့ပါ... ဟို အကဲဖြတ်မှူးလင်း အကြောင်းကိုပဲ ပြောကြစို့”
အခန်း (၂၄၀) - တံခါးခေါက်သံ
အကျဉ်းထောင်အတွင်းပိုင်းမှာတော့ မှောင်မည်းပြီး မျှော်လင့်ချက် ကင်းမဲ့နေ၏။ ဤနေရာသို့ ရောက်လာသူများသည် အဆိုးဆုံးသော ရာဇဝတ်ကောင်များသာ ဖြစ်ကြပြီး တစ်ခါရောက်လျှင် ပြန်ထွက်ရန် အလွန်ခက်ခဲလှပေသည်။ တစ်နေရာလုံးတွင်လည်း မကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
ဒါဟာ အေးအေးဆေးဆေး စကားပြောရန် နေရာကောင်းတစ်ခု မဟုတ်သော်လည်း၊ ယခုအခါတွင်တော့ ဟယ်ရွှမ်က အပြင်ဘက်တွင် ရှိနေပြီး လုဘင်က အတွင်းဘက်တွင် ရှိနေကာ သူတို့နှစ်ဦး စကားစမြည် ပြောနေကြပြီ ဖြစ်သည်။
ဟယ်ရွှမ်သည် အဘယ်ကြောင့် လင်းကျင်းအပေါ် ရုတ်တရက် စိတ်ဝင်စားသွားရသည်ကို လုဘင်မသိပါ။ သို့သော် ဧကရာဇ်က သိချင်သည်ဆိုပါကလည်း လုဘင်က ပြောပြပေးရန် အသင့်ပင်။
ထို့ပြင် ဟယ်ရွှမ်က အသေးစိတ် ထုတ်မပြောသော်လည်း၊ ဆဌမမြောက်မင်းသမီးမှာ အသက်ရှင်နေဆဲဖြစ်ကြောင်း သိသာလှပြီး ၎င်း၏ အကြောင်းရင်းမှာ လင်းကျင်း၏ ရွှေအပ်ကြောင့် ဖြစ်နိုင်ပေသည်။
သို့သော် လုဘင်သည် ထိုရွှေအပ်အကြောင်းကိုတော့ တစ်လုံးတစ်ပါဒမျှ ထုတ်ပြောမည် မဟုတ်ပေ။ အခြားသော ကိစ္စရပ်များကိုသာ သူ ပြောပြပေလိမ့်မည်။
“ဟဲဟဲဟဲ... ဒါက ထူးဆန်းလိုက်တာ... ကြီးမြတ်တဲ့ ကျောက်စိမ်းနဂါးနိုင်ငံ ဧကရာဇ်မင်းမြတ်က သာမန် သားရဲအကဲဖြတ်မှူးလေးတစ်ယောက်အပေါ် စိတ်ဝင်စားနေတယ်ပေါ့... ကဲ... အရှင်မင်းကြီး ဘာတွေများ ကြားချင်ပါသလဲ”
လုဘင်က မေးလိုက်၏။
ဟယ်ရွှမ်သည် လုဘင်၏ ရိုသေမှုမရှိသော အမူအရာအပေါ် စိတ်ဆိုးခြင်း မရှိပေ။ သူ ခဏမျှ စဉ်းစားပြီးနောက် ဆိုလိုက်သည်။
“သူနဲ့ မင်း စတင်တွေ့ဆုံခဲ့ပုံကနေပဲ စပြောကြစို့”
လုဘင် ခေါင်းညိတ်လိုက်၏။
“အရင်တုန်းက ဆဌမမြောက်မင်းသမီးက သူမရဲ့ရောဂါကြောင့် စိတ်ဓာတ်တွေကျပြီး အခြေအနေ မကောင်းဖြစ်နေခဲ့တယ်... ဒါကြောင့် သူမ စိတ်လက်ပေါ့ပါးသွားအောင် အပြင်မှာ လမ်းလျှောက်ဖို့ အကြောင်းပြချက်ပေးပြီး ခေါ်ထုတ်သွားခဲ့တာ... ငါတို့တွေ ရုပ်ဖျက်ပြီးတော့ နာမည်ကြီးသမားတော်တွေကို လိုက်ရှာခဲ့ကြတယ်”
“အဲဒီလိုနဲ့ ငါတို့တွေ မေပယ်မြို့ကို ရောက်သွားပြီး လူအများကြားမှာ ပုန်းအောင်းနေတဲ့ နာမည်ကျော် ဆရာကြီးတစ်ယောက်ဆီမှာ ကုသမှုခံယူဖို့ ကြိုးစားခဲ့ကြပေမဲ့ နောက်ဆုံးတော့ စိတ်ပျက်ခဲ့ရတာပဲ... အပြန်လမ်းမှာ သားရဲအကဲဖြတ်မှူး အသင်းချုပ်နားက ဖြတ်သွားရင်းနဲ့ပဲ အထဲကို တစ်ချက်ဝင်ကြည့်မိရာကနေ အကဲဖြတ်မှူးလင်းနဲ့ ဆုံခဲ့တာပေါ့...”
လုဘင်သည် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည် ဖော်ပြတော့သည်။
ဟယ်ရွှမ်ကလည်း အာရုံစိုက်ကာ နားထောင်နေ၏။
ဟယ်ယုမှာ ‘သားရဲဝိညာဉ်ကျိန်စာ’ မိနေကြောင်းကို လင်းကျင်းက မည်သည့် ရောဂါရှာဖွေမှုမျှ မလုပ်ဘဲ သိရှိသွားသည်ဟူသော အချက်ကို ကြားလိုက်ရချိန်တွင် ဟယ်ရွှမ်က ချက်ချင်း ဖြတ်မေးလိုက်သည်။
“စစ်သေနာပတိလု... လင်းကျင်းက ဘာစစ်ဆေးမှုမှ တကယ်မလုပ်ခဲ့တာ သေချာလား”
လုဘင်က ခေါင်းခါပြကာ ဆိုလိုက်၏။
“ငါ ကိုယ်တိုင် အစအဆုံး မြင်ခဲ့တာပါ.. သူ ဘာမှမလုပ်ခဲ့ဘူး... အကဲဖြတ်မှူးလင်းက ဆဌမမြောက်မင်းသမီး လဲကျတော့မယ့်အချိန်မှာ ဝင်တွဲပေးလိုက်ရုံပဲ ရှိတာ”
“သြော်”
ဟဲချန် တွေးတောနေမိသည်။ လူတစ်ယောက်၏ အသွင်အပြင်ကို ကြည့်ရုံဖြင့် သိနိုင်သည်ဆိုပါက လင်းကျင်းသည် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရပေမည်။ သို့သော် အကယ်၍ ထိုသို့သာ မှန်ကန်ပါက ဤကဲ့သို့သော ပညာရှင်တစ်ယောက်သည် သေးငယ်လှသော သားရဲအသင်းခွဲလေးတစ်ခုတွင် မည်သို့ကြောင့် အမည်မသိဘဲ ရှိနေနိုင်သနည်း။
“အဲဒီနောက်မှာတော့ ငါတို့က ဒါကို သိပ်အရေးမထားဘဲ ဆရာကြီးလျောင်ဆိုတဲ့လူဆီ သွားခဲ့ကြသေးတယ်.. ဒါပေမဲ့ သူက လူလိမ်ဖြစ်နေမှန်း သိလိုက်ရတာပဲ... အဲဒီအချိန်မှာ ဆဌမမြောက်မင်းသမီးက စိတ်ဓာတ်ကျနေတော့ ငါကလည်း မသိစိတ်နဲ့ပဲ အကဲဖြတ်မှူးလင်းက သူမရဲ့ကျိန်စာအကြောင်း သိနေတာကို ထုတ်ပြောမိသွားတယ်... မင်းသမီးက ပြောပြထားတာလို့ ငါက ထင်နေခဲ့တာလေ... ဒါပေမဲ့ မင်းသမီးကလည်း မပြောခဲ့ဘူးဆိုတာ သိလိုက်ရချိန်မှာတော့ ငါတို့တွေ ပညာရှင်တစ်ယောက်နဲ့ ဆုံခဲ့ပြီဆိုတာ နားလည်လိုက်တာပဲ... ဒါပေမဲ့ အရှင်မင်းကြီးက ငါတို့ကို အရေးတကြီး ပြန်ခေါ်လိုက်တာကြောင့် ငါတို့လည်း ချက်ချင်း ပြန်လာခဲ့ရတာပေါ့”
လုဘင်၏ မျက်နှာတွင် နောင်တရသော အမူအရာများ ပေါ်လာ၏။
အကယ်၍သာ သူသည် လင်းကျင်းကို ထိုအချိန်ကတည်းက စောစောစီးစီး ရှာဖွေခဲ့မည်ဆိုပါက ကိစ္စများမှာ အခုလောက်ဆိုလျှင် ပြေလည်သွားလောက်ပြီ မဟုတ်ပါလား။
“အဲဒီနောက်ပိုင်းမှာ ဆဌမမြောက်မင်းသမီးရဲ့ အခြေအနေက ပိုဆိုးလာတာကြောင့် ငါ မေပယ်မြို့ကို တစ်ယောက်တည်း သွားပြီး လင်းကျင်းကို ရှာခဲ့တယ်... အဲဒီမှာ ရေကိုးလွှာတိမ်တိုက်ဆေးလုံးရဲ့ ရှေးဟောင်း ဖော်မြူလာကို ရခဲ့တာပဲ”
“ဒါကိုတော့ ငါ သိပါတယ်... ဒီဖော်မြူလာက ပျောက်ဆုံးသွားတာ ကြာပြီပဲ”
“ဟုတ်တယ်... ငါလည်း အဲဒီလိုပဲ ထင်ခဲ့တာ... စမ်းကြည့်ရုံပဲလို့ သဘောထားခဲ့ပေမဲ့ တကယ်ပဲ အလုပ်ဖြစ်ခဲ့တာ”
လုဘင်သည် အကယ်၍သာ သူ လင်းကျင်းကို သွားမရှာခဲ့ပါက အခုလောက်ဆိုလျှင် မျှော်လင့်ချက်အားလုံး ဆုံးရှုံးနေရလိမ့်မည်ဟု တွေးမိကာ ကြောက်လန့်နေမိသည်။
“ရေကိုးလွှာတိမ်တိုက်ဆေးလုံးက အလုပ်ဖြစ်ခဲ့တယ်... ကျိန်စာကို အမြစ်ပြတ် မဖယ်ရှားနိုင်ပေမဲ့ မင်းသမီးရဲ့ ခံစားရတဲ့ ဝေဒနာတွေကိုတော့ အများကြီး လျှော့ချပေးနိုင်ခဲ့တာ"
ဤနေရာတွင် ဟယ်ရွှမ်က ခေါင်းညိတ်လိုက်ပြီး ဆိုလိုက်၏။
“ဒီအတွက်တော့ ငါ အကဲဖြတ်မှူးလင်းကို ကျေးဇူးတင်ရမှာပဲ”
လုဘင်က နှာခေါင်းရှုံ့လိုက်၏။
“မင်းက သူ့ကို ကျေးဇူးတင်တာထက် သေစေချင်နေတာ မဟုတ်ဘူးလား... လင်းကျင်း မြို့တော်ကို ရောက်တဲ့ ပထမဆုံးညမှာတင် တိုက်ခိုက်ခံရပြီး အသက်လုခဲ့ရတယ်... အရှင်မင်းကြီး... ဒါကို မသိဘူးလို့တော့ ငါ့ကို မပြောနဲ့နော်”
ဟယ်ရွှမ်မှာ တုန်လှုပ်ခြင်းမရှိဘဲ အေးဆေးစွာပင် ပြန်လည် ဖြေလိုက်၏။
“ဒါက ငါနဲ့ ဘာမှ မသက်ဆိုင်တာ အမှန်ပဲ... စစ်သေနာပတိလု... ငါသာ လင်းကျင်းကို သေစေချင်တယ်ဆိုရင် သူ အခုချိန်အထိ အသက်ရှင်နေပါဦးမလား”
လုဘင် ခဏမျှ မှင်တက်သွားသော်လည်း ဟယ်ရွှမ်ပြောသည်ကို သူ ယုံကြည်လိုက်သည်။
“ကောင်းပြီလေ... မင်းနဲ့ မသက်ဆိုင်ဘူးဆိုရင်တောင် မင်း ဒါကို မသိဘဲတော့ မနေသင့်ဘူး”
“ဒါကို ခဏ ထားလိုက်ပါဦး”
ဟယ်ရွှမ် လက်ဝေ့ယမ်းလိုက်၏။
“လင်းကျင်းက ငယ်သေးတယ်... သူ ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ ဒီလောက်အထိ ဗဟုသုတနဲ့ အတွေ့အကြုံတွေ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး... သူ့နောက်ကွယ်မှာ ပံ့ပိုးပေးနေတဲ့ လျှို့ဝှက်ဆရာကြီးတစ်ယောက် ရှိတယ်လို့ ငါ ကြားထားတယ်”
“အရှင်မင်းကြီးကတော့ တကယ့်ကို သတင်းစုံတာပဲ၊ မျက်စိတွေ နားတွေက နေရာတိုင်းမှာ ရှိနေတာပဲ... ဟုတ်ပါတယ်... ဒါကလည်း လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး... အကဲဖြတ်မှူးလင်းက လျှို့ဝှက်ဆရာကြီးတစ်ယောက်ရဲ့ တပည့်ပဲ... ‘မြွေနိုင်ငံ’ နဲ့ ဖြစ်ခဲ့တဲ့ အခက်အခဲတွေကိုလည်း ဒီဆရာကြီးကပဲ ဖြေရှင်းပေးခဲ့တာ... ဒါကြောင့် လင်းကျင်းကို သတ်ဖို့ ကြိုးစားနေတဲ့သူကို အရှင်မင်းကြီး သိတယ်ဆိုရင်တော့... မီးနဲ့ မကစားဖို့ သူတို့ကို သတိပေးလိုက်ပါဦး”
လုဘင်က တစ်ပါးသူ၏ အခက်အခဲကို ကြည့်ကာ ပျော်ရွှင်နေသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“လျှို့ဝှက်ဆရာကြီး ဟုတ်လား... သူ့မှာ နာမည်ရှိလား”
ဟယ်ရွှမ်က လေသံနှိမ့်ကာ မေးလိုက်သည်။
“သူ့နာမည်ကိုတော့ ငါ မသိဘူး... လူတိုင်းက သူ့ကို ‘ပြတိုက်မှူး’ လို့ ခေါ်ကြတယ်ဆိုတာပဲ ငါ သိတယ်”
ခဏမျှ စဉ်းစားပြီးနောက် လုဘင်က ပြောပြရန် ဆုံးဖြတ်လိုက်ခြင်းပင်။
သူသည် လောလောဆယ်တွင် လင်းကျင်းကို ကာကွယ်ရန် လိုအပ်သဖြင့် လင်းကျင်း၏ နောက်ခံကို ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။ ထိုအခါမှသာ ဟယ်ရွှမ်အနေဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်နိုင်ပေလိမ့်မည်။ ‘ပြတိုက်မှူး’ ဆိုသူမှာ သာမန်လူ မဟုတ်ကြောင်း လုဘင် သေချာပေါက် ယုံကြည်ထားသဖြင့် ဟယ်ရွှမ် တစ်ခုခု သိသွားမည်ဆိုလျှင်တော့ နောက်နောင်တွင် သတိထား ဆက်ဆံလာပေလိမ့်မည်။
“ပြတိုက်မှူး ဟုတ်လား”
ဟယ်ရွှမ်က လိုက်လံ ရေရွတ်ကြည့်၏။ သူ ကြားဖူးသမျှ ကျွမ်းကျင်သူများထဲတွင် ဤအမည်မျိုး မရှိပါပေ။
သို့သော် ဒါက အမည်အရင်း မဟုတ်ဘဲ အမည်ပြောင်တစ်ခုသာ ဖြစ်သည်မှာ ထင်ရှားလှပေသည်။
ဟယ်ရွှမ်က စဉ်းစားခန်း ဝင်နေပြီး လုဘင်ကတော့ ငြိမ်သက်နေ၏။ ခဏမျှ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားရသည်။
အတော်ကြာပြီးနောက် ဟယ်ရွှမ်သည် ထွက်ခွာရန် ပြင်လိုက်၏။ လုဘင် မှင်တက်သွားကာ အော်ဟစ်လိုက်တော့သည်။
“အရှင်မင်းကြီး... သွားတော့မလို့လား... ဆဌမမြောက်မင်းသမီးအတွက် ဘာတွေများ စီစဉ်ထားလဲ... သူမက မင်းရဲ့ သမီးတော်ဖြစ်သလို၊ မိန်းကလေးဂုရဲ့ တစ်ဦးတည်းသော သမီးလေးပါ... ဘာပဲဖြစ်ဖြစ် သူမကို မင်း ကာကွယ်ပေးရမယ်”
ဟယ်ရွှမ်သည် အကျဉ်းခန်းကို ကျောပေးလျက်ပင် ရပ်တန့်သွား၏။
“စစ်သေနာပတိလု... မင်း ဒီ ‘ပြတိုက်မှူး’ ဆိုသူနဲ့ တွေ့ဖူးလား”
ဟယ်ရွှမ်က ရုတ်တရက် မေးလိုက်သည်။
လုဘင် ခေါင်းခါပြကာ ဖြေလိုက်၏။
“မတွေ့ဖူးဘူး... ဒါပေမဲ့ မေပယ်မြို့က ရဲ့ယွီကျိုးကတော့ တွေ့ဖူးတယ်"
တစ်ချိန်တည်းမှာပင် လုဘင်၏ စိတ်ထဲ၌ ‘သတ္တမမြောက်မင်းသမီး ဟယ်ချန်းလည်း တွေ့ဖူးတယ်’ ဟု တွေးမိသော်လည်း ဤအချက်ကိုတော့ သူ ဟယ်ရွှမ်ကို ဘယ်တော့မှ ပြောပြမည် မဟုတ်ပေ။
ဟယ်ရွှမ် ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားပါတော့သည်။
“ဒီမှာ ရက်အနည်းငယ်လောက် ထပ်နေပေးပါဦး စစ်သေနာပတိလု... ယုအာရဲ့ အခြေအနေက ပြောင်းလဲသွားဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်ပါတယ်”
လုဘင် ထိုစကားကြောင့် အံ့အားသင့်သွားရ၏။ သူ တစ်ခုခု ထပ်မေးရန် ပြင်လိုက်သော်လည်း ဟယ်ရွှမ်မှာတော့ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားချေပြီ။
သူ ထွက်သွားလေပြီ။
.........
ညသန်းခေါင်ယံအချိန်။
လင်းကျင်းသည် သူငှားရမ်းထားသော အိမ်၌ စောင့်ဆိုင်းနေ၏။
ဒီနေ့ညတွင် ဧည့်ခန်းမ ပြန်လည် ပွင့်မည် ဖြစ်သည်။ သို့သော် အချိန် မရောက်သေးပေ။ ပုံမှန်အတိုင်းဆိုလျှင် နောက်ထပ် မိနစ်သုံးဆယ်ခန့် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။
“ရှောင်ဟော့... မျောက်ဖြူ... ခဏနေရင် အိမ်ထဲမှာပဲ နေကြ... အကယ်၍ ရန်သူ ရောက်လာရင် သူတို့ကို မတိုက်ခိုက်နဲ့ဦး... ဆုတ်ခွာရုံပဲ ဆုတ်ခွာထားကြ”
လင်းကျင်းက မှာကြားလိုက်၏။
သူသည် နှစ်ညဆက်တိုက် တိုက်ခိုက်ခံခဲ့ရသဖြင့် အထူးပင် သတိထားနေရခြင်းပင်။
သို့သော် သူ အလွန်အမင်းတော့ မကြောက်လှပါ။ ယခင်နှစ်ကြိမ်လုံးတွင် ကျူးကျော်သူများမှာ မအောင်မြင်ခဲ့သဖြင့် ဤတစ်ကြိမ်တွင်လည်း ထူးခြားလာလိမ့်မည် မဟုတ်ဟု သူ ထင်နေမိသည်။
ဒီနေ့ညမှာတော့ လမင်းရော ကြယ်စင်များပါ မရှိဘဲ ပိန်းပိတ်အောင် မှောင်နေ၏။ ညနေခင်းကတည်းက ကောင်းကင်ယံတွင် တိမ်မည်းများ ဖုံးလွှမ်းနေသော်လည်း မိုးရွာခြင်းတော့ မရှိပေ။ ဒါဟာ ဘယ်လိုမှ နိမိတ်ကောင်း မဟုတ်ပါပေ။
ထို့ပြင် စောစောကတည်းက လင်းကျင်းသည် ကြက်သီးမွေးညင်းများ ထလာသကဲ့သို့ ခံစားနေရ၏။ သူ၏ အာရုံခံစားမှုများမှာ သာမန်လူများထက် ပိုမို ထက်မြက်လာချေပြီ။ သူသည် ဆိတ်ငြိမ်သော နေရာကို ရွေးချယ်ခဲ့သော်လည်း အနီးအနားတွင် အခြားသော အရပ်သားများ နေထိုင်ကြဆဲပင်။ ပုံမှန်အားဖြင့်ဆိုလျှင် လူတွေ စကားပြောသံ သို့မဟုတ် ထမင်းဟင်းချက်သံများ ကြားရမည် ဖြစ်သော်လည်း၊ ဒီနေ့မှာတော့ ဘာအသံမှ မကြားရဘဲ တစ်နေရာလုံးမှာ ထူးထူးခြားခြား တိတ်ဆိတ်နေ၏။
“တစ်ခုခုတော့ မမှန်ဘူး"
လင်းကျင်းသည် အန္တရာယ်တစ်ခု ရောက်ရှိလာတော့မည်ကို အာရုံခံမိလိုက်သည်။
ထိုစဉ်မှာပင် ခြံဝင်းအပြင်ဘက်ဆီမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာပါတော့သည်။