အခန်း (၁၃၄၉-၁၃၅၁)
Vol. 92 Ch. 1349-1351
အခန်း (၁၃၄၉) ဈေးကွက်၏ အရေးပါမှု
“ဒါနဲ့ မန်နေဂျာဖုန်း... နောက်ထပ် တစ်ခုလောက် ငါအမြဲတမ်း သိချင်နေတဲ့ ကိစ္စ ရှိပါသေးတယ်။ အစောပိုင်းတုန်းက အဲဒီလုပ်ငန်းစုတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေကို သေချာပေါက် ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး၊ အရှုံးကို လက်ခံပြီး လျော်ကြေးပေးကြလိမ့်မယ်လို့ မင်း ဘယ်လိုကြောင့် ဒီလောက်အထိ အခိုင်အမာ ယုံကြည်နေခဲ့ရတာလဲ” ပေါင်ကော်မရှင်နာက သူ၏သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လေးနက်စွာ မေးမြန်းလိုက်သည်။
ဖုန်းယွီက ထိုမေးခွန်းကို ကြားသည့်အခါ တည်ငြိမ်စွာ ပြုံးလိုက်ပြီး ရိုးရှင်းသော်လည်း ထိုးထွင်းသိမြင်မှုရှိသော အဖြေကို ပေးလိုက်သည်။ “အကြောင်းရင်းကတော့ ဈေးကွက်ကြောင့်ပါပဲ။ ကုမ္ပဏီတစ်ခုဟာ ငွေရှာနိုင်စွမ်း ရှိ၊ မရှိ ဆိုတာကို ဆုံးဖြတ်ပေးတဲ့ အခြေခံအကျဆုံး စံနှုန်းကတော့ ထုတ်ကုန်တွေ ဘယ်လောက်အထိ ရောင်းရသလဲဆိုတဲ့ အရောင်းပမာဏအပေါ်မှာပဲ မူတည်နေလို့ပါပဲ”
“အခြားသော အချက်အလက်တွေဖြစ်တဲ့ ကုန်ကျစရိတ် စတာတွေကလည်း အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ အရင်းစစ်လိုက်ရင်တော့ ကုမ္ပဏီတစ်ခုရဲ့ ဝင်ငွေဆိုတာ ထုတ်ကုန် အရောင်းအဝယ်အပေါ်မှာပဲ အခြေခံနေတာပါ။ ထုတ်ကုန်ဆိုတာက ကားတွေလိုမျိုး မျက်မြင်ကိုယ်တွေ့ အရာဝတ္ထုတွေ ဖြစ်နိုင်သလို၊ ဒီဇိုင်းပိုင်းဆိုင်ရာ အယူအဆတွေလိုမျိုး မျက်မြင်မရတဲ့ အရာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေ အားလုံးကို ငွေအဖြစ် ပြောင်းလဲနိုင်ဖို့ဆိုရင် အရင်ဆုံး ရောင်းထွက်ဖို့ လိုအပ်တာပေါ့”
“ဒါပေမဲ့ ငွေဘယ်လောက် ရှာနိုင်သလဲဆိုတာက အရောင်းပမာဏ တစ်ခုတည်းတင်မကဘဲ အမြတ်အစွန်းနှုန်းအပေါ်မှာလည်း မူတည်နေပြန်ပါတယ်။ ဥပမာ Songjiangဖုန်းတွေကနေ အခု လောလောဆယ် အဓိက တွန်းတင်နေတဲ့ ယွမ် ၃၉၉ တန် ဖုန်းကို ကြည့်ပါ။ သူ့ရဲ့ အရောင်းပမာဏက အလွန်ကို မြင့်မားတယ်။ တစ်လတည်းနဲ့ ရောင်းရတဲ့ အရေအတွက်ဟာ အရင်က မော်ဒယ်တစ်ခု တစ်နှစ်လုံး ရောင်းရတာနဲ့ ညီမျှနေပေမဲ့၊ သူ့ရဲ့အမြတ်အစွန်းနှုန်းကတော့ အလွန်နည်းတဲ့အတွက် စုစုပေါင်း အမြတ်ကတော့ ထင်သလောက် မြင့်မားချင်မှ မြင့်မားမှာပါ”
“ထုတ်ကုန်တစ်ခုရဲ့ အရောင်းပမာဏကို ဆုံးဖြတ်ပေးတဲ့ အချက်တွေထဲမှာ ဈေးနှုန်း၊ အရည်အသွေး၊ လူသိများမှုနဲ့ အရောင်းလမ်းကြောင်းတွေ ပါဝင်ပါတယ်။ တကယ်တော့ ဒီထဲမှာ ဈေးနှုန်းဆိုတာ အရေးမကြီးဆုံးအချက်ပါပဲ။ လူသိများမှုနဲ့ အရောင်းလမ်းကြောင်းတွေကမှ ပိုပြီး အရေးပါတာပါ။ အရည်အသွေးကတောင် ဒီအချက်တွေထက်စာရင် အနည်းငယ် အားနည်းနေပါသေးတယ်”
“လူသိများမှု ဆိုတာကို နားလည်ဖို့ လွယ်ပါတယ်။ အမှတ်တံဆိပ်တစ်ခုကို လူဘယ်နှစ်ယောက်က သိသလဲ၊ ဘယ်နှစ်ယောက်က ဒီအမှတ်တံဆိပ်ကို ယုံကြည်စိတ်ချရတဲ့ နာမည်ကြီး ထုတ်ကုန်အဖြစ် သတ်မှတ်ထားသလဲ ဆိုတာပါပဲ။ အရောင်းလမ်းကြောင်း ကျတော့ ဈေးကွက်ရဲ့ အခြေအနေကို အဓိက ထင်ဟပ်စေတာပါ”
“ကျွန်တော်တို့တွေ အမြဲတမ်း ပြောနေကြတဲ့ ဈေးကွက်စီးပွားရေးဆိုတာက ဈေးကွက်ရဲ့ အရေးပါမှုကို ဖော်ပြနေတာပါပဲ။ ဈေးကွက်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် အပြန်အလှန် အရောင်းအဝယ် ပြုလုပ်ရာ နေရာတစ်ခုပါပဲ။ ဒါပေမဲ့ အခုခေတ် ကုမ္ပဏီတွေကတော့ 'ဈေးကွက်ဝေစု'ဆိုတဲ့ အချက်အလက်ကို ပိုပြီး အလေးထားလာကြတယ်။ ဈေးကွက်ဝေစု ဆိုတာက ဈေးကွက်တစ်ခုအတွင်းမှာရှိတဲ့ တူညီတဲ့ ထုတ်ကုန်အမျိုးအစားတွေကြားမှာ ကိုယ့်ထုတ်ကုန်က ဘယ်လောက် အချိုးအစား နေရာယူထားသလဲ ဆိုတာပါပဲ”
“ဈေးကွက်ဝေစု အမြင့်ဆုံး ရရှိထားတဲ့ ကုမ္ပဏီတွေဟာ ဝင်ငွေ အလွန်ကောင်းမွန်ကြတာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ သူတို့ဟာ ဈေးကွက်မှာ နံပါတ်တစ် ဖြစ်လာတဲ့အခါ အမှတ်တံဆိပ်ရဲ့ လူသိများမှုကလည်း အကြီးအကျယ် မြင့်တက်လာပါတယ်။ အမြတ်အစွန်းတွေ ပိုရလာတဲ့အခါမှာလည်း ထုတ်ကုန်ကို ပိုပြီးကြော်ငြာနိုင်သလို၊ အရည်အသွေးကိုလည်း ပိုပြီးမြှင့်တင်နိုင်လာတာကြောင့် ကောင်းမွန်တဲ့ စက်ဝိုင်းတစ်ခုကို ဖြစ်ပေါ်စေပါတယ်”
“အချုပ်ပြောရရင် ဒီဈေးကွက်ဝေစု ဆိုတာဟာ ထုတ်ကုန်ရဲ့ အရောင်းပမာဏကိုပဲ ပြန်ပြီး တိုင်းတာတာပါ။ ဒါပေမဲ့ ဈေးကွက်တစ်ခုဆိုတာ ပြည့်နှက်သွားနိုင်တဲ့ သဘောရှိပါတယ်။ ဥပမာ မြို့တစ်မြို့မှာ လူဦးရေ သုံးသိန်းပဲ ရှိတယ် ဆိုပါစို့၊ ခင်ဗျားက စက်ဘီး ငါးသိန်း သွားပို့မယ်ဆိုရင် ဈေးကို အရင်းအောက်အထိ လျှော့ချလိုက်ရင်တောင် အကုန်ရောင်းထွက်ဖို့ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်က စက်ဘီး နှစ်စီး ဝယ်ဖို့ဆိုတာ ရှားပါးလှသလို၊ အခုဆိုရင် မိသားစု အတော်များများမှာ ကိုယ်ပိုင်ကားတွေ ရှိနေပြီမို့ စက်ဘီးကို မလိုအပ်တော့တာလည်း ပါပါတယ်။ တချို့မိသားစုတွေကလည်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကိုပဲ ရွေးချယ်ကြတာကိုး”
“ဒါဆိုရင် ရောင်းမထွက်တဲ့ စက်ဘီးတွေကို ဘယ်လိုလုပ်မလဲ။ ဈေးကွက်အသစ်တွေကို ထပ်ပြီး ရှာဖွေဖော်ထုတ်ရမှာပေါ့။ ဥပမာ အနီးနားက မြို့တွေ ဒါမှမဟုတ် ပတ်ဝန်းကျင်က တခြားဒေသတွေကိုပေါ့။ အမှတ်တံဆိပ်တစ်ခုဟာ နှစ်ပေါင်းများစွာ တိုးတက်လာပြီးတဲ့နောက်မှာ ဈေးကွက်ရဲ့ ပြည့်နှက်မှု အစွန်းအထွက်ကို သေချာပေါက် ထိတွေ့ရမှာပါ။ ဈေးကွက်ကြီး တစ်ခုလုံး လုံးဝပြည့်သွားပြီလို့ မဆိုလိုပေမဲ့၊ အသစ်လဲလှယ်မှုတွေ ရှိနေဦးမှာ ဖြစ်ပေမဲ့၊ အရောင်းတိုးတက်မှုနှုန်းက ထုတ်လုပ်မှု တိုးတက်မှုနှုန်းကို မမီတော့တဲ့ အခါမှာတော့ ဈေးကွက်အသစ်တွေကို မဖြစ်မနေ ချဲ့ထွင်ရတော့တာပါပဲ”
“အာဖရိကလို့ ပြောလိုက်ရင် လူအတော်များများက ဆင်းရဲတဲ့ ဒေသလို့ပဲ မြင်ကြပါတယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ Mercedesနဲ့ Volkswagen လို ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီကြီးတွေက အာဖရိကဈေးကွက်ကို အသည်းအသန် ထိုးဖောက်နေကြတာ ဘာလို့လဲ။ အဲဒီနေရာက လုံးဝကို လွတ်လပ်နေတဲ့ ဈေးကွက်အလွတ် ဖြစ်နေလို့ပါပဲ။ အဲဒီနေရာကိုသာ အပိုင်သိမ်းနိုင်ခဲ့ရင်၊ အနာဂတ်မှာ အာဖရိကရဲ့စီးပွားရေး တိုးတက်လာတဲ့အခါ သူတို့အတွက် အမြတ်အစွန်းတွေက မပြတ်တမ်း စီးဝင်လာမှာ ဖြစ်တယ်”
“ဥပမာတစ်ခု ပေးရရင် ဒီလက်ကိုင်ဖုန်းတွေ တရုတ်ဈေးကွက်ကို စပြီး ဝင်လာတုန်းကပေါ့။ အဲဒီအချိန်က တရုတ်ပြည်ရဲ့ စီးပွားရေး အခြေအနေက သိပ်မကောင်းသေးသလို၊ ချမ်းသာတဲ့သူကလည်း အလွန်နည်းပါသေးတယ်။ ဒါပေမဲ့ အဲဒီထဲကမှ အရင်ဆုံး ချမ်းသာလာတဲ့ လူတစ်စု ရှိခဲ့ပါတယ်။ သူတို့တွေရဲ့ သုံးစွဲမှုကြောင့် လူတွေက ဖုန်းတွေကို စတင်သတိထားမိလာကြတယ်။ အဲဒီတုန်းကတော့ Dageda (အုတ်ခဲဖုန်းကြီးများ)လို့ ခေါ်ကြတာပေါ့။ တခြားလူတွေ ငွေရှိလာတဲ့ အခါမှာလည်း သူတို့လိုပဲ အုတ်ခဲဖုန်းကြီးတွေကို ဝယ်ချင်လာကြတာ။ အဲဒီအခါမှာလည်း အရင်လူတွေ သုံးနေတဲ့ အမှတ်တံဆိပ်တွေကိုပဲ ဝယ်ဖို့ အလားအလာ အများဆုံး ရှိတာပေါ့”
ဖုန်းယွီသည် အရင်ဘဝက ကြားဖူးသော ဟာသတစ်ခုကို သတိရသွားသည်။ ကျောက်မီးသွေးသူဌေး တစ်ယောက်သည် ပေကျင်းသို့ သွားကာ Jaguar ပြိုင်ကားတစ်စီးကို ဝယ်ခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာတွင်မူ Mercedesတစ်စီးကို ထပ်မံဝယ်ယူခဲ့ပြန်သည်။ အဘယ်ကြောင့်ဆိုသော် Jaguarကို မည်သူမျှ မသိကြဘဲ Mercedes ကိုသာလျှင် သူဌေးစီးကားဟု လူတိုင်းက သတ်မှတ်ထားကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ အမှတ်တံဆိပ်တစ်ခုက ဈေးကွက်ကို စိုးမိုးထားခြင်းပင် ဖြစ်သည်။
“အစောပိုင်းမှာ တရုတ်ဈေးကွက်ကို အပိုင်စီးထားတဲ့ Ericsson နဲ့ Motorolaတို့ဟာ အဲဒီကနေ အမြတ်အစွန်း အမြောက်အမြား ရရှိခဲ့ကြပါတယ်။ အဲဒီတုန်းက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အလွန်ကို ကောင်းမွန်ခဲ့တာ။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ Songjiangဖုန်းတွေနဲ့ Aiwaဖုန်းတွေ ပေါ်လာတဲ့ အခါမှာတော့ သူတို့ရဲ့ အရောင်းပမာဏဟာ တဖြည်းဖြည်း ကျဆင်းသွားခဲ့ရသလို၊ အမြတ်လည်း လျော့နည်းသွားခဲ့ရတယ်။ အခုဆိုရင် Ericssonဟာ ဖုန်းလုပ်ငန်းကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် Sonyနဲ့တောင် ပူးပေါင်းလိုက်ရပြီ မဟုတ်လား”
“နောက်ပြီး ကျွန်တော်တို့က တရုတ်ဈေးကွက်ထဲကနေ မောင်းထုတ်လိုက်တဲ့ ဂျပန်ကုမ္ပဏီအချို့ကို ကြည့်ဦး။ သူတို့ ဘာလို့ ကျွန်တော်တို့ ဈေးကွက်ထဲကို အမြဲတမ်း ပြန်ဝင်ချင်နေကြတာလဲ။ အကြောင်းကတော့ ကျွန်တော်တို့ ဈေးကွက်က အလွန်ကြီးမားသလို၊ အာဖရိကထက်လည်း ပိုပြီး အားသာချက်တွေ ရှိနေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းက မြန်ဆန်နေသရွေ့၊ ပြည်သူတွေရဲ့ သုံးစွဲနိုင်စွမ်းကလည်း တဟုန်ထိုး မြင့်တက်နေမှာဖြစ်သလို၊ ဈေးကွက်ရဲ့အလားအလာကလည်း ပိုပြီး ကြီးမားလာမှာပါ။ အစတုန်းက ဖုန်းတစ်လုံးကို တစ်နှစ်မှာ ဘယ်လောက်တောင် ရောင်းရလို့လဲ၊ အခုဆိုရင် တစ်လတည်းနဲ့ ရောင်းရတဲ့ အရေအတွက်ကတင် အဲဒီတုန်းကထက် အများကြီး ပိုများနေပြီ”
“ဈေးကွက်မှာ နေရာပိုရထားလေလေ၊ ဈေးကွက် ပေါက်ကွဲလာတဲ့အချိန်မှာ အကျိုးအမြတ်ကို အများဆုံး ခံစားရမှာ ဖြစ်သလို၊ အမြတ်အစွန်းလည်း အများဆုံး ရရှိမှာ ဖြစ်တယ်။ ဈေးကွက်ဝေစု တိုးတက်လာတာဟာ ဒီလို ငွေသားဝင်ငွေ တိုးလာတာတင် မကပါဘူး၊ အမှတ်တံဆိပ် တန်ဖိုးလိုမျိုး မျက်မြင်မရတဲ့ ပိုင်ဆိုင်မှုတွေကိုပါ တိုးတက်စေတာပါ။ ဥပမာ စတော့အိတ်ချိန်း တင်ထားတဲ့ ကုမ္ပဏီတစ်ခု ဆိုပါစို့၊ အခုလောလောဆယ် ဝင်ငွေ သိပ်မများသေးရင်တောင်မှ၊ ဈေးကွက်ဝေစု အမြင့်ဆုံး ရထားမယ်ဆိုရင် စတော့ဈေးနှုန်းတွေက အရှိန်အဟုန်နဲ့ တက်လာမှာပါ။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေက ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ ကုမ္ပဏီဟာ နောင်ကျရင် ငွေတွေ အများကြီး ရှာနိုင်လိမ့်မယ်လို့ ယုံကြည်နေကြလို့ပါပဲ”
“လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ဂျပန်နိုင်ငံရဲ့ စီးပွားရေး ပြိုလဲသွားတဲ့ အခါမှာ၊ သူတို့တွေ ကျွန်တော်တို့ တရုတ်ပြည်ရဲ့ ဈေးကွက်ကို အင်တိုက်အားတိုက် စတင် ထိုးဖောက်ခဲ့ကြတာ ခင်ဗျား မှတ်မိမှာပါ။ အဲဒီအချိန်တုန်းက ဂျပန်နဲ့ ကျွန်တော်တို့ကြားက ဆက်ဆံရေးဟာ အတော်လေး ပြေလည်သွားခဲ့သလို၊ သူတို့ကလည်း ကျွန်တော်တို့ကို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပေးခဲ့တယ်၊ နည်းပညာ မြှင့်တင်ဖို့ ကူညီပေးခဲ့တယ်၊ အကူအညီတွေတောင် ပေးခဲ့သေးတာလေ။ ဒါပေမဲ့ အဲဒီအတွက် တုံ့ပြန်မှုအနေနဲ့ ကျွန်တော်တို့က သူတို့ရဲ့ ထုတ်ကုန်တွေ တရုတ်ပြည်ထဲကို ဝင်လာဖို့အတွက် အဆင်ပြေအောင် လုပ်ပေးခဲ့ရတာပေါ့”
“အဲဒီအချိန်တုန်းက ကျွန်တော်တို့ဆီက လျှပ်စစ်ပစ္စည်းတွေ၊ စက်ကိရိယာတွေ အားလုံးဟာ ဂျပန်ထုတ်ကုန်တွေချည်းပါပဲ။ လူတွေကလည်း ဂျပန်ပစ္စည်းဆိုရင် အကောင်းဆုံးလို့တောင် သတ်မှတ်ခဲ့ကြတာ။ အကယ်၍ နောက်ပိုင်းမှာ ပြည်တွင်းက လုပ်ငန်းတွေ ထောင်မလာခဲ့ဘဲ ဈေးကွက်ကို ပြန်မလုနိုင်ခဲ့ရင်၊ ကျွန်တော်တို့နိုင်ငံရဲ့ ဈေးကွက်ထဲမှာ ဂျပန်ပစ္စည်းတွေပဲ ပြည့်နှက်နေမှာဖြစ်သလို၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ကိုလည်း အကြီးအကျယ် ပိတ်ဆို့ထားသလို ဖြစ်နေမှာပါ။ အချိန်ကြာလေလေ၊ ကျွန်တော်တို့တွေ ဖွံ့ဖြိုးဖို့ ပိုပြီး ခက်ခဲလေလေ ဖြစ်မှာပေါ့”
“သူတို့ လိုချင်တာက ကျွန်တော်တို့ရဲ့ ဈေးကွက်ပါ။ ကျွန်တော်တို့ တရုတ်ဈေးကွက်ရဲ့နိုးထလာမှုကြောင့်သာ ဂျပန်ရဲ့စီးပွားရေးဟာ အသက်ရှူချောင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တရုတ်ဈေးကွက်ဟာ ဘယ်လောက်တောင် အရည်အသွေးမြင့်မားပြီး အလားအလာ ကြီးမားသလဲဆိုတာ နိုင်ငံတကာက သိသွားခဲ့ကြတယ်။ ကျွန်တော်တို့ ဈေးကွက်ထဲကို ဝင်လာတိုင်း ငွေရမယ်လို့ မသေချာပေမဲ့၊ မဝင်လာဘူးဆိုရင်တော့ ဒီဈေးကွက်ထဲက ငွေတွေကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး”
“ဘယ်လုပ်ငန်းစုမှ ကျွန်တော်တို့ တရုတ်ပြည်ရဲ့ ဒီလို အရည်အသွေးမြင့် အလားအလာရှိတဲ့ ဈေးကွက်ကြီးကို လက်မလွှတ်နိုင်ပါဘူး။ ကျွန်တော်တို့ဆီမှာ လူဦးရေ ဘယ်လောက်တောင် များသလဲ၊ စီးပွားရေး တိုးတက်မှုနှုန်းကရော ဘယ်လောက်တောင် မြန်သလဲဆိုတာ ကြည့်လိုက်ရုံနဲ့တင် အလားအလာ ဘယ်လောက် ကြီးမားသလဲဆိုတာ သိနိုင်ပါတယ်”
“ဒါကြောင့် သူတို့ဟာ ကျွန်တော်တို့ရဲ့ ဒီဈေးကွက်ကို လက်မလွှတ်ချင်ဘူးဆိုရင်၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ရုပ်သိမ်းမှာ မဟုတ်သလို၊ ရုပ်သိမ်းဖို့လည်း မဝံ့ရဲကြပါဘူး။ ပုံမှန် စီးပွားရေး လုပ်ငန်းတစ်ခုဟာ ကျွန်တော်တို့ ဈေးကွက်ကို ဘာလို့ လက်လွှတ်မှာလဲ။ သူတို့ဟာ တစ်ဦးတည်းပိုင်ကနေ ဖက်စပ်လုပ်ငန်း ဖြစ်သွားရင်တောင်မှ၊ သူတို့ဆီမှာ အရောင်းလမ်းကြောင်းတွေ ရှိနေသေးသရွေ့ သူတို့ရဲ့ထုတ်ကုန်တွေကို တရုတ်ဈေးကွက်ထဲကို ဆက်ပြီး ထည့်သွင်းနိုင်နေဦးမှာပဲလေ”
“ဒါကြောင့် နောင်ကျရင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆွေးနွေးတဲ့အခါ ကျွန်တော်တို့ဘက်က ပိုပြီးပြတ်ပြတ်သားသား ရှိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လက်ထဲမှာ ကမ္ဘာ့အကောင်းဆုံး ဈေးကွက်တစ်ခု ရှိနေလို့ပါပဲ!”
ဖုန်းယွီ၏ ဤပြောဆိုချက်များကို ကြားလိုက်ရသည့်အခါ ပေါင်ကော်မရှင်နာ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း တောက်ပလာခဲ့သည်။ သူ၏စိတ်ထဲတွင်လည်း တစ်စုံတစ်ရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပုံ ရလေတော့သည်။
******
အခန်း (၁၃၅၀) စမ်းသပ်ပြသခြင်း
“လာပါဦး သားလေးရဲ့ ဖေဖေလို့ ခေါ်စမ်းပါ... ဖေဖေလို့ ခေါ်စမ်းပါဦး” ဖုန်းယွီသည် သူ၏သားငယ်အား ကျီစယ်ရင်း မျက်နှာတစ်ခုလုံးတွင် ကြည်နူးပီတိများ လွှမ်းခြုံနေခဲ့သည်။
“ကလေးက ငယ်သေးတာကို ရှင် နည်းနည်းလောက် ထပ်စောင့်ပါဦး” လီနသည် ဖုန်းယွီအပေါ်သို့ မြှောက်ချည်၊ အောက်သို့ ချချည် လုပ်နေသော သားဖြစ်သူကို လှမ်းယူလိုက်ပြီး ဖုန်းယွီအား မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ဒီလောက် အမြင့်ကြီး မြှောက်နေတာ၊ မတော်တဆ လက်မတင်ဘဲ လွတ်ကျသွားရင် ဘယ်လိုလုပ်မလဲဟု သူမက စိုးရိမ်နေခြင်း ဖြစ်သည်။
“ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက မေမေလို့တော့ ခေါ်တတ်နေပြီလေ” ဖုန်းယွီသည် စိတ်ပျက်အားမလိုအားမရ ဖြစ်နေသော မျက်နှာပေးဖြင့် ဆိုလိုက်သည်။
“ဘယ်သူက ရှင့်ကို အိမ်မှာ အမြဲမရှိခိုင်းလို့လဲ။ ကလေးက အချီခံတာတောင် မငိုတာပဲ ကျေးဇူးတင်ရမှာ”
“ငါက ဘယ်သူမို့လို့လဲ၊ ငါက သူတို့ရဲ့ ဖေဖေပဲလေ၊ သူတို့က ငါနဲ့ မစိမ်းပါဘူး... ဟုတ်တယ်မလား သမီးလေး။ အို... မိန်းမ... သမီးလေး ဆီးသွားလိုက်ပြီ”
“ပေး... ဒိုက်ပါ သွားယူချေ” လီနသည် သမီးဖြစ်သူကို ကျွမ်းကျင်စွာ လှမ်းယူလိုက်ပြီးနောက် ဒိုက်ပါ လဲလှယ်ပေးရန် ပြင်ဆင်တော့သည်။
“စိတ်ချပါ၊ ဒီရက်ပိုင်းအတွင်း ဘာကိစ္စမှ မရှိဘူး၊ ငါ သေချာပေါက် အိမ်မှာပဲ နေမှာပါ” ဖုန်းယွီသည် ဒိုက်ပါကို ယူပေးရင်း ပြောဆိုနေစဉ်မှာပင် လက်ကိုင်ဖုန်း မြည်လာခဲ့သည်။ ခါမီဒါ မာဆာအို၏ ဖုန်းနံပါတ် ဖြစ်နေသဖြင့် ဖုန်းယွီသည် လီနအား အနည်းငယ် အားနာသလို ကြည့်လိုက်မိသည်။
“ကိစ္စရှိရင် သွားလုပ်ပါ၊ အလုပ်ရှုပ်ပါဦး”
လီနကတော့ ထိုကိစ္စအပေါ်တွင် အလွန်သဘောထားကြီးလှပေသည်။ ဖုန်းယွီ၏ အလုပ်များပုံနှင့် နှိုင်းယှဉ်လျှင် သူမ၏လုပ်ဖော်ကိုင်ဖက်များ၏ မိသားစုဝင်များမှာ ပို၍ပင်အလုပ်များကြသေးသည်။ အရောင်းဌာနမှ လူတစ်ဦးဆိုလျှင် အလုပ်အများဆုံး အချိန်တွင် တစ်လလုံးမှ အိမ်၌ သုံးရက်ပင် မပြည့်အောင် နေရသည် မဟုတ်ပါလား။
“ခါမီဒါ... ဘာကိစ္စရှိလို့လဲ”
“မန်နေဂျာဖုန်း... Discovery Channelက ကျွန်တော်တို့ရဲ့ 'Songjiang- တောတွင်းရှင်သန်ခြင်း' အစောပိုင်း အပိုင်းနှစ်ပိုင်းကို ကြည့်ပြီးပြီ။ သူတို့က ပရိသတ် တုံ့ပြန်မှုကို သိရအောင် တစ်ပိုင်းလောက် အရင် စမ်းသပ်ပြသချင်နေကြတယ်။ တကယ်လို့ တုံ့ပြန်မှုကောင်းရင်တော့ ပြသခွင့်အတွက် ပေးမယ့်ဝန်ဆောင်ခက မနည်းလှပါဘူး။ နောက်တစ်နည်းကတော့ ပြသခွင့်ကို တိုက်ရိုက် ရောင်းချပစ်ဖို့ပဲ၊ အဲဒီလိုဆိုရင်တော့ ငွေရတာ နည်းမယ်၊ ဒါပေမဲ့ ပိုပြီး စိတ်ချရတာပေါ့”
ခါမီဒါ မာဆာအိုသည်လည်း ဤအစီအစဉ်ကို ကြည့်ပြီးပြီဖြစ်သည်။ ယခင်က သူသည် ဤကဲ့သို့သော အစီအစဉ်မျိုးကို တစ်ခါမျှ မမြင်ဖူးသဖြင့် မည်သို့ မှတ်ချက်ပေးရမည်ကို မသိခဲ့ပါချေ။ သူကိုယ်တိုင်မှာမူ ဤကဲ့သို့သော အမျိုးအစားကို စိတ်ဝင်စားမှု သိပ်မရှိသော်လည်း၊ တခြားသူများကို မေးကြည့်သည့်အခါတွင်မူ အချို့က အလွန် ကြည့်ကောင်းသည်ဟု ဆိုကြသလို၊ အချို့ကမူ လုံးဝ ကြည့်မကောင်းဟု ဆိုကြသည်။
အကယ်၍သာ ဤအစီအစဉ်သည် ခါမီဒါ မာဆာအို ကိုယ်တိုင် ထုတ်လုပ်ခြင်း ဖြစ်ပါက၊ သူသည် ဒုတိယလမ်းစဉ်ဖြစ်သည့် တိုက်ရိုက်ရောင်းချခြင်းကိုသာ ရွေးချယ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုနည်းလမ်းမှာ အသေချာဆုံး ဖြစ်သလို Discoveryဘက်က ပေးသော ဈေးနှုန်းမှာလည်း အရင်းပြန်ကျေရန် လုံလောက်နေသောကြောင့် ဖြစ်သည်။ ပြည်တွင်းရှိ ပြန်လည်ပြသခွင့်နှင့် အင်တာနက် ပြသခွင့်များကိုပါ ထည့်တွက်လိုက်မည်ဆိုပါက သေချာပေါက် အမြတ်ရရှိမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
သို့သော် ဖုန်းယွီကမူ ဤအစီအစဉ်အပေါ်တွင် ယုံကြည်မှု အပြည့် ရှိနေသည်။ ခါမီဒါ မာဆာအိုမှာမူ ဈေးနည်းနည်းနှင့် ရောင်းလိုက်မိပြီး အလုပ်ရှင် စိတ်မကျေနပ်ဖြစ်မည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။
“သူတို့ကို စမ်းသပ်ပြသခွင့် ပေးလိုက်ပါ၊ တစ်ချိန်တည်းမှာပဲ အင်တာနက်ပေါ်မှာလည်း တစ်ပိုင်းလောက် အရင်ပြပြီး ကြော်ငြာတွေ လုပ်ခိုင်းလိုက်။ ဒီအစီအစဉ်က ဘယ်လောက်အထိ လူကြိုက်များသလဲဆိုတာ သူတို့ကို သိအောင် ပြလိုက်ကြစို့။ ခါမီဒါ... ဒီအစီအစဉ်အပေါ်မှာ ယုံကြည်မှု ထားစမ်းပါ။ ပထမဆုံးအနေနဲ့ ဘဲရ် ဂရေးစ်ရဲ့ အဆင့်အတန်းကတင် လူအတော်များများကို ဆွဲဆောင်နိုင်နေပြီ။ အရောင်းရဆုံး စာရေးဆရာ၊ စွန့်စားသူ၊ စစ်မှုထမ်းဟောင်း... ဒါတွေဟာ လူအတော်များများရဲ့ အိပ်မက်တွေပဲလေ။ ဒုတိယအချက်ကတော့ အစီအစဉ်ထဲမှာ ပြသထားတဲ့ အကြောင်းအရာတွေဟာ တခြား ဘယ်အစီအစဉ်မှာမှ တွေ့နိုင်မှာ မဟုတ်ဘူး။ ဒါဟာ ဟိုရုပ်ရှင်တွေထက်တောင် ပိုပြီးလက်တွေ့ကျသေးတယ်။ ဝါသနာပါတဲ့သူတွေဆိုရင် အသေအလဲကို ကြိုက်ကြမှာပါ”
တစ်ချိန်တုန်းက လူအချို့ ပြောခဲ့သလိုပင် စစ်တပ်ဝါသနာရှင်များသည် သစ္စာအရှိဆုံး ပရိသတ်များ ဖြစ်ကြသည်။ စစ်ရေးစစ်ရာကို ဝါသနာပါသူများသည် တစ်သက်လုံး စွဲလမ်းသွားတတ်ကြသည် မဟုတ်ပါလား။ ထို့ပြင် လူတိုင်း၏ စိတ်ထဲတွင် စွန့်စားလိုသော အိပ်မက်တစ်ခုစီ ရှိကြစမြဲ ဖြစ်သည်။ အထူးသဖြင့် ဥရောပနှင့် အမေရိကဘက်တွင် စွန့်စားရှာဖွေသူဆိုသည်မှာ တကယ့်ကို အမိုက်စား အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု မဟုတ်ပါလား။
“ မန်နေဂျာဖုန်း... ဒါဆိုရင် သူတို့ကို စမ်းသပ်ပြသခွင့် ပေးလိုက်မယ်နော်။ ဒါနဲ့... မန်နေဂျာဖုန်း နမူနာ ဗီဒီယိုကို ကြည့်ချင်သေးလား။ ဒေါင်းလုဒ်လုပ်ရမယ့် လင့်ခ်ကို မန်နေဂျာဖုန်းရဲ့ အီးမေးလ်ထဲ ပို့ပေးလိုက်မယ်လေ၊ တစ်ချက်လောက် ဒေါင်းကြည့်လိုက်ပါဦး”
“ကောင်းပြီ... ပို့လိုက်ပါ၊ ငါ ကြည့်လိုက်မယ်”
ဖုန်းယွီသည်လည်း ဤဘဝတွင် ဘဲရ် ဂရေးစ် ဖန်တီးထားသော အစီအစဉ်သည် မည်သို့ ရှိမည်ကို သိချင်နေမိသည်။ ပုံရိပ် ကြည်လင်မှုပိုင်းတွင် အနည်းငယ် လိုအပ်ချက် ရှိနိုင်သော်လည်း၊ လက်တွေ့ကျမှုပိုင်းတွင်မူ ပို၍ ကောင်းမွန်လိမ့်မည်ဟု ခန့်မှန်းရသည်။
လက်တွေ့ကျမှု မြင့်မားလေလေ၊ ပရိသတ်များ ခံစားချက်ထဲ စီးမျောပါဝင်မှု ပိုအားကောင်းလေလေ ဖြစ်ကာ၊ ပရိသတ်ကို ဖမ်းစားနိုင်ရန် ပိုလွယ်ကူလေလေပင် ဖြစ်သည်။ အစီအစဉ်တစ်ခုတွင် သစ္စာရှိသော ပရိသတ်များ ရှိနေပြီဆိုလျှင် ထိုအစီအစဉ်မှာ ထက်ဝက်ကျော် အောင်မြင်သွားပြီဟု ဆိုနိုင်တော့သည်။
အကယ်၍ ထိုပရိသတ်များက သူတို့၏သူငယ်ချင်းများကိုပါ ဤအစီအစဉ်အကြောင်း ထပ်ဆင့် ညွှန်းဆိုကြမည်ဆိုပါက ဤအစီအစဉ်သည် ကျရှုံးရန် အကြောင်း လုံးဝမရှိတော့ပါချေ။
ဖုန်းယွီသည် ဖုန်းချလိုက်ပြီးနောက် အီးမေးလ်ကို ဖွင့်ကာ ဗီဒီယိုကို စတင် ဒေါင်းလုဒ် ဆွဲလိုက်သည်။ အင်း... လင့်ခ်ကို ဖွင့်နိုင်ဖို့အတွက် ကြားခံဆော့ဖ်ဝဲလ်တစ်ခုကိုတောင် အသုံးပြုရသေးသည်။
“မိန်းမ... ကိစ္စတွေ ပြီးပြီလား၊ လာလေ... အစီအစဉ်သစ် အတူတူ ကြည့်ရအောင်” ဖုန်းယွီက အော်ခေါ်လိုက်သည်။
“ကလေးနှစ်ယောက်ကို ချော့သိပ်နေတာလေ၊ ဘာအစီအစဉ်သစ်မို့လို့လဲ” ကလေးထိန်းမှာ ယနေ့ အားလပ်ရက် ဖြစ်နေသလို ဖုန်းယွီ၏ မိဘများမှာလည်း ခရီးထွက်နေကြသဖြင့် အိမ်အလုပ် အားလုံးကို လီနတစ်ယောက်တည်း လုပ်နေရခြင်း ဖြစ်သည်။
“ငါ လူလွှတ်ပြီး ထုတ်လုပ်ခိုင်းထားတာလေ၊ မင်း ဒီလို အစီအစဉ်မျိုး တစ်ခါမှ မမြင်ဖူးစေရဘူးလို့ အာမခံတယ်” ဖုန်းယွီက ဂုဏ်ယူဝင့်ကြွစွာ ပြောဆိုလိုက်သည်။
လီနကလေးများကို ချော့သိပ်ပြီး ပြန်ရောက်လာသည့် အချိန်တွင် ဗီဒီယိုမှာ ဒေါင်းလုဒ်ဆွဲ၍ ပြီးစီးသွားခဲ့သည်။ ဖုန်းယွီသည် တရုတ်ပြည်၏ အင်တာနက် အမြန်နှုန်းအပေါ်တွင် တကယ်ပင် စိတ်ပျက်အားမလိုအားမရ ဖြစ်နေမိသည်။ သူ နေထိုင်ရာ နေရာသည် ပေကျင်းရှိ အကောင်းဆုံး ဗီလာရပ်ကွက် ဖြစ်နေပါလျက်နှင့်ပင် ဤမျှ နှေးနေသေးသည် မဟုတ်ပါလား။
ကွန်ရက် ဆက်သွယ်ရေး ကုမ္ပဏီတွေကို အင်တာနက် အမြန်နှုန်း မြှင့်တင်ဖို့ အကြံပေးရဦးမည်။ တောင်ကိုရီးယားကို မမီရင်တောင်မှ၊ အရမ်းကြီးတော့ မကွာခြားသင့်ဘူးလေ။
Sohuက တောင်ကိုရီးယားမှာ ဝယ်ယူထားတဲ့ ဗီဒီယို ဝဘ်ဆိုက်ဆိုရင် အွန်လိုင်းကနေ ဗီဒီယိုကြည့်တာတွေက တော်တော်လေး အဆင်ပြေနေပြီ။ ဒါပေမဲ့ တရုတ်ပြည်မှာကျတော့ ဗီဒီယို တစ်ခုကြည့်ဖို့ Loadingကိုပဲ စောင့်နေရတာနဲ့တင် လူက စိတ်တိုချင်စရာ ကောင်းလှပေသည်။
“ဟင်… နိုင်ငံခြား အစီအစဉ်လား၊ အင်္ဂလိပ်လိုကြီးပဲလား”
“ဟုတ်တယ်၊ ဗြိတိန်အဖွဲ့တစ်ဖွဲ့က ရိုက်ထားတာလေ၊ အမေရိကန်က Discovery ချန်နယ်မှာ ပြမယ့် အစီအစဉ်ပေါ့။ နောက်ကျရင် ငါတို့ CCTV မှာလည်း ပြန်ပြမှာဖြစ်သလို Sohu မှာလည်း အွန်လိုင်းကနေ ပြန်ပြပါလိမ့်မယ်”
အစီအစဉ် စတင်သည်နှင့် လီနတစ်ယောက် စိတ်ဝင်စားသွားခဲ့သည်။ ခရီးသွား နှစ်ဦးသည် သဲကန္တာရတစ်ခုအတွင်း လမ်းပျောက်နေသည့်ပုံစံဖြင့် စတင်ထားခြင်း ဖြစ်သည်။ ထိုခရီးသွား နှစ်ဦး၏ ကျောပိုးအိတ်အတွင်း၌မူ ကိုယ်ပိုင် အသုံးအဆောင် အနည်းငယ်သာ ပါဝင်လေသည်။
ဖုန်းယွီလည်း အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်လာမိသည်။ မူလက ဝယ်ယူခိုင်းထားသော အိပ်ဆောင်တဲများကဲ့သို့သော တောတွင်းရှင်သန်ရေး အသုံးအဆောင်များက ဘယ်ရောက်ကုန်သနည်း။ ဘဲရ် က ဝယ်ခိုင်းထားပြီးတော့ တကယ်တမ်းကျတော့ မသုံးတာလား။
သို့သော် ခေတ္တမျှ ကြည့်ပြီးနောက် ဖုန်းယွီသဘောပေါက်သွားခဲ့သည်။ ဤသို့ လုပ်ဆောင်ခြင်းက ပို၍လက်တွေ့ကျသော ခံစားချက်ကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် တကယ့်ကို လမ်းပျောက်နေသော ခရီးသွားများအလား ဟန်ဆောင်ထားခြင်းဖြစ်ရာ၊ သာမန် ခရီးသွားတစ်ဦးတွင် တောတွင်းရှင်သန်ရေး ကိရိယာများ အစုံအလင် မည်သို့ ရှိနိုင်ပါမည်နည်း။
“အခု ငါတို့ ရေကို ချွေတာဖို့ လိုတယ်။ ဖြစ်နိုင်မယ်ဆိုရင် ရေအရင်းအမြစ်ကိုပါ ရှာရမယ်။ သဲကန္တာရထဲမှာဆိုရင် ခန္ဓာကိုယ်ထဲက ရေဓာတ် ဆုံးရှုံးမှုဟာ အလွန် မြန်ဆန်လှပါတယ်...”
ဘဲရ်သည် ကင်မရာရှေ့တွင် အခြေအနေများကို အဆက်မပြတ် ရှင်းပြနေခဲ့သည်။ သူ၏အဖော်ဖြစ်သူက ဗီဒီယိုကင်မရာကို ကိုင်ကာ ရိုက်ကူးပေးနေခြင်း ဖြစ်သလို၊ ရံဖန်ရံခါတွင်မူ ဘဲရ်ကိုယ်တိုင်လည်း ကင်မရာကို ကိုင်၍ ရိုက်ကူးနေခဲ့သည်။
စုစုပေါင်း လူ ရှစ်ဦးပါဝင်သော အဖွဲ့ဖြစ်သော်လည်း၊ ပုံရိပ်ထဲတွင်မူ လူနှစ်ဦးကိုသာ တွေ့ရပြီး အဓိကအားဖြင့် ဘဲရ်ကိုသာ ပြသထားခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ ကျန်ရှိသော သူများသည် တမင်တကာ ရှောင်ပေးထားပုံရသည်။
ဆိုလိုသည်မှာ ထိုအသုံးအဆောင် ပစ္စည်းများကို ကျန်ရှိသော သူများက သယ်ဆောင်ထားခြင်း ဖြစ်ပေလိမ့်မည်။ ၎င်းတို့တွင် ခေတ်မီ သယ်ယူပို့ဆောင်ရေး ယာဉ်များ မပါရှိသဖြင့်၊ အရေးပေါ် အသုံးအဆောင်များကိုမူ မဖြစ်မနေ အစုံအလင် ယူဆောင်သွားရမည် မဟုတ်ပါလား။
“သူတို့ လူနှစ်ယောက်တည်း ဒီသဲကန္တာရကြီးကို ဖြတ်ကျော်ရမှာလား။ ဒီသဲကန္တာရကို လမ်းလျှောက်ပြီး ဖြတ်ဖို့ နှစ်ရက် ကြာမယ်လို့ သူ ပြောထားတယ် မဟုတ်လား။ ညဘက်ကျရင် သူတို့ ဘယ်လိုလုပ်ကြမလဲ၊ သဲကျင်းတွေထဲ ကျသွားနိုင်မလား” လီနက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ဖုန်းယွီသည် လီနကို ဆွံ့အစွာ ကြည့်လိုက်မိသည်။ ဤသည်မှာ အစီအစဉ်တစ်ခုမျှသာ ဖြစ်ပါလျက်နှင့်၊ မင်းရဲ့ခံစားချက်တွေက ဘာလို့ ဒီလောက်အထိ ပြင်းထန်နေရတာလဲ။ သို့သော်လည်း ဤအချက်ကပင် အစီအစဉ် ထုတ်လုပ်မှု အလွန် ကောင်းမွန်ကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်ကာ၊ တည်းဖြတ်သူများမှာလည်း ချီးကျူးထိုက်လှပေသည်။
“စိတ်အေးအေးထားပါ၊ သူတို့ ဒီသဲကန္တာရကို သေချာပေါက် ဖြတ်ကျော်နိုင်မှာပါ။ ပြီးတော့ သူတို့အဖွဲ့က လူနှစ်ယောက်တည်း မဟုတ်ဘူး၊ ရှစ်ယောက်တောင် ရှိတာလေ။ ကျန်တဲ့လူတွေက အကောင်းစား ပစ္စည်းတွေ မယူလာဘူး ဆိုစေဦးတော့၊ လိုအပ်တဲ့ တောတွင်းရှင်သန်ရေး အသုံးအဆောင်တွေကတော့ အကုန် အစုံအလင် ပါပါတယ်” ဖုန်းယွီက နှစ်သိမ့်ပေးလိုက်သည်။
အစီအစဉ်ကို ကြည့်ရှုပြီးနောက်၊ ဖုန်းယွီသည် ခါမီဒါ မာဆာအို ထံသို့ ဖုန်းဆက်ကာ ဤအစီအစဉ်သည် အလွန်ပင် ကောင်းမွန်ကြောင်းနှင့် တကယ့်ကို လက်တွေ့ကျကြောင်း ပြောကြားလိုက်သည်။ အကယ်၍ နောင်ကျရင်လည်း အပိုင်းတိုင်းက ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ် ကောင်းနေဦးမည်ဆိုပါက၊ ဤအစီအစဉ်၏ ကြည့်ရှုနှုန်းမှာ တရိပ်ရိပ် မြင့်တက်လာမည်မှာ အသေအချာပင်၊ တကယ့်ကို ပေါက်တော့မည် ဖြစ်လေတော့သည်!
******
အခန်း (၁၃၅၁) အစီအစဉ်မှတစ်ဆင့် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးခြင်း
ခါမီဒါ မာဆာအိုသည် ပရိသတ်ဆွဲဆောင်ရန် လှည့်ကွက်လေးတစ်ခုကို အသုံးပြုခဲ့သည်။ ထိုက်ဟွာ ဟိုးဒင်း လက်အောက်ရှိ ဝန်ထမ်းများအားလုံးထဲမှ Discovery ချန်နယ်ကို ဖမ်းယူရရှိနိုင်သူမှန်သမျှ ထိုအချိန်တွင် 'Songjiang- တောတွင်းရှင်သန်ခြင်း'အစီအစဉ်ကို မဖြစ်မနေ ကြည့်ရှုရန် တိုက်တွန်းခဲ့ခြင်းပင်။ ထိုက်ဟွာ ဟိုးဒင်း လက်အောက်တွင် စက်ရုံအမြောက်အမြား ရှိသဖြင့် ဝန်ထမ်းဦးရေမှာလည်း အလွန်ပင် များပြားလှရာ၊ ဤသည်မှာ ကြည့်ရှုနှုန်းကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်ခဲ့သည်။
ထို့ပြင် သူသည် အင်တာနက် ဝေဖန်ရေးအဖွဲ့များကို ငှားရမ်းကာ အစီအစဉ် မပြသမီကပင် ကြိုတင်၍ ဟိုးဟိုးကျော်အောင် ပြုလုပ်ခဲ့ပြီး၊ အစီအစဉ်အတွင်း ထည့်သွင်းထားသော အမှတ်တံဆိပ်များကိုလည်း တစ်ပါတည်း ကြော်ငြာပေးခဲ့သည်။
ဤသို့ လုပ်ဆောင်ခြင်းကြောင့် အစီအစဉ်၏ ကုန်ကျစရိတ်မှာ သိသိသာသာ မြင့်တက်သွားခဲ့သော်လည်း၊ အကျိုးသက်ရောက်မှုမှာမူ အလွန်ပင် သိသာထင်ရှားလှပေသည်။
အစီအစဉ် စမ်းသပ်ပြသမှုအပြီး တစ်ပတ်အကြာတွင်ပင် Discovery ချန်နယ်မှ တာဝန်ရှိသူများသည် ခါမီဒါ မာဆာအို ထံသို့ ဆက်သွယ်လာခဲ့ပြီး ဤအစီအစဉ်၏ ပထမဆုံး ပြသခွင့်ကို ဝယ်ယူလိုကြောင်း ပြောကြားလာခဲ့သည်။
ထိုအချိန်တွင် ခါမီဒါ မာဆာအိုက ဈေးနှုန်းကို စတင်မြှင့်တင်လိုက်တော့သည်။ အစောပိုင်းက အစီအစဉ်၏ အောင်မြင်မှုကို မခန့်မှန်းနိုင်ခဲ့သဖြင့် ဈေးနှုန်းကို သင့်တော်သလို ထားရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ အခြေအနေကို သိရှိသွားပြီဖြစ်ရာ ဈေးနှုန်းကို တိုးမြှင့်ရမည်မှာ သဘာဝကျလှပေသည်။
အထူးသဖြင့် ခါမီဒါ မာဆာအို တောင်းဆိုသည့် အချက်တစ်ခုမှာ အစီအစဉ်၏ ရှေ့နှင့်နောက်တွင် Songjiangဖုန်းနှင့် Songjiang ဗီဒီယိုကင်မရာကြော်ငြာများကို ထည့်သွင်းပေးရန် ဖြစ်သည်။ ဤအချက်မှာ ဆွေးနွေးရန် အခက်ခဲဆုံး အပိုင်းပင်။
Discovery ချန်နယ်သည် အစီအစဉ်ကောင်းတစ်ခုကို ဝယ်ယူရာတွင် ကြော်ငြာရောင်းချခြင်းမှတစ်ဆင့် အဓိက အမြတ်ရှာခြင်း ဖြစ်သည်။ ယခု ခင်ဗျားတို့က အကောင်းဆုံးသော ကြော်ငြာချိန် နှစ်နေရာကို ယူသွားမည်ဆိုပါက ငါတို့က ဘယ်လို အမြတ်ထွက်တော့မှာလဲ။ ထို့ကြောင့် ၎င်းတို့သည် ခါမီဒါ မာဆာအို၏တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သော်လည်း၊ ပြသခွင့်အတွက် ပေးရမည့် ဈေးနှုန်းကိုမူ အနည်းငယ် ထပ်မံ မြှင့်တင်ပေးရန် ကမ်းလှမ်းခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ခါမီဒါ မာဆာအိုက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ ပြသခွင့်အတွက် ဈေးနှုန်းကို ထပ်တိုးရန် မလိုအပ်သော်လည်း၊ ကြော်ငြာကိုမူ မဖြစ်မနေ ပါဝင်စေရမည်။ အကယ်၍ အစီအစဉ်၏ ရှေ့နှင့်နောက်တွင် မရနိုင်ပါက၊ အစီအစဉ်အတွင်း ကြားဖြတ်ကြော်ငြာနှစ်နေရာ ပေးလျှင်လည်း ရသည်ဟု ဆိုလိုက်သည်။
အစီအစဉ်အတွင်း ကြားဖြတ်ကြော်ငြာချိန်ဆိုသည်မှာ ပို၍တန်ဖိုးရှိသော “ရွှေရောင်အချိန်”ဖြစ်ရာ Discoveryဘက်က ပို၍ပင်သဘောမတူနိုင်ပါချေ။ သို့သော် ၎င်းတို့လည်း ရိပ်မိသည်မှာ ဤအစီအစဉ်သည် Discovery ချန်နယ်နှင့် အလွန်ပင် လိုက်ဖက်လှသလို၊ ၎င်းတို့အတွက် အမှန်တကယ်ပင် ငွေရှာပေးနိုင်မည် ဖြစ်ကြောင်းပင်။
“မစ္စတာ ခါမီဒါ... ခင်ဗျားတို့ရဲ့အစီအစဉ်က တကယ့်ကို ကောင်းပါတယ်။ ဒါပေမဲ့ ဒါကို ပြသဖို့ အသင့်တော်ဆုံး ချန်နယ်ကတော့ ကျွန်တော်တို့ Discovery ချန်နယ်ပါပဲ။ ကျွန်တော်တို့နဲ့ ပူးပေါင်းမှသာ ခင်ဗျားတို့ရဲ့ အစီအစဉ်က သြဇာညောင်းမှု အရှိဆုံး ဖြစ်လာမှာပါ။ ကျွန်တော်တို့ ချန်နယ်ကလည်း ငွေရှာရဦးမှာလေ၊ ခင်ဗျားက ကြော်ငြာပါ တွဲရောင်းနေရင် ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အမြတ်ရတော့မှာလဲ”
“သောမတ်စ်... ငါတို့ တောင်းဆိုတာက အစီအစဉ်ရဲ့ ရှေ့နဲ့နောက်မှာ ၁၅ စက္ကန့်စီပဲလေ။ ပြောရရင် ဒါက အချိန်အများကြီး မဟုတ်ပါဘူး။ ပြီးတော့ Discovery ချန်နယ်က ကောင်းတာ မှန်ပေမဲ့၊ ငါတို့ အနေနဲ့ ဒီအစီအစဉ်ကို နာမည်ကြီးအောင် လုပ်ဖို့ဆိုရင် ပိုပြီး လွယ်ကူတဲ့ နည်းလမ်းတွေ ရှိပါသေးတယ်။ ခင်ဗျား သိလား... ဒီအစီအစဉ်ရဲ့ ထုတ်လုပ်သူက ဘယ်သူလဲဆိုတာ”
သောမတ်စ် မျက်မှောင်ကြုတ်သွားခဲ့သည်။ “ဘယ်သူလဲ။ မစ္စတာ ဂျက်ဖ် လား။ ဒါမှမဟုတ် မစ္စတာ ဂျေဆင်လား”
သောမတ်စ်က ရွှေတံဆိပ်ဆုရ အစီအစဉ် ထုတ်လုပ်သူ နှစ်ဦး၏ အမည်ကို ပြောလိုက်သော်လည်း၊ ခါမီဒါ မာဆာအို၏ မျက်နှာတွင်မူ အထင်သေးသော အရိပ်အယောင်များသာ ရှိနေခဲ့သည်။ ထိုသူနှစ်ဦးသည် သူပြောလိုသော ထုတ်လုပ်သူနှင့် ယှဉ်ရန်ပင် မထိုက်တန်သယောင် ရှိနေခဲ့သည်။
“ဒါဆိုရင် စပီးဘာ့ဂ် လား” သောမတ်စ်က ခနဲ့သလို မေးလိုက်သည်။
“စပီးဘာ့ဂ် ဟုတ်လား။ အဲဒီလူက ငါ့အလုပ်ရှင်နဲ့ တွေ့ခွင့်ရဖို့ ငါ့အလုပ်ရှင်ဘက်က သဘောတူမှ ဖြစ်မှာပါ။ ဒီအစီအစဉ်ကို ငါ့အလုပ်ရှင် ကိုယ်တိုင် ထုတ်လုပ်ထားတာလေ။ ငါ့အလုပ်ရှင်က ဘယ်သူလဲဆိုတာ ခင်ဗျား သိမှာပါ”
“မင်းပြောတာက... ထိုက်ဟွာ ဟိုးဒင်း အုပ်စုရဲ့ ဥက္ကဋ္ဌ၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာ ဖုန်းယွီလား” သောမတ်စ် မျက်လုံးပြူးသွားတော့သည်။
အကယ်၍ ဤအစီအစဉ်ကို ဖုန်းယွီကိုယ်တိုင် ထုတ်လုပ်ခြင်း ဖြစ်ပါက၊ ကြော်ငြာသည့်အခါ ဤအချက်ကို အရောင်းမြှင့်တင်ရေးအဖြစ် အသုံးချခြင်းအားဖြင့် လူအများအပြား၏ စိတ်ဝင်စားမှုကို ရရှိမည်မှာ အသေအချာပင်။ ဒေါ်နယ် ကို ကြည့်လိုက်ပါဦး၊ သူသည် နယူးယောက်မှ အိမ်ခြံမြေ သူဌေးကြီး တစ်ဦးမျှသာ ဖြစ်စေကာမူ၊ သူ ထုတ်လုပ်သော အစီအစဉ်များက အလွန်ပင် လူကြိုက်များခဲ့သည် မဟုတ်ပါလား။
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သလို၊ ဘီလ်ဂိတ်ကိုပါ ကျော်ဖြတ်နိုင်ခဲ့သော ပါရမီရှင် ဖုန်းယွီနှင့်သာ အစားထိုးလိုက်မည်ဆိုပါက မည်မျှအထိ ဆွဲဆောင်မှု ရှိသွားမည်နည်း။
ခါမီဒါ မာဆာအို က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ကာ ဂုဏ်ယူဝင့်ကြွသော ဟန်ဖြင့် ဆိုလိုက်သည်။ “အခု ခင်ဗျား ထင်တာကတော့... ငါတို့ရဲ့ အစီအစဉ်ကို ဘယ်ရုပ်သံလိုင်းမှာပဲ ပြပြ၊ ကြည့်ရှုနှုန်း နည်းပါလိမ့်မယ်လို့ ထင်နေတုန်းပဲလား”
“မစ္စတာ ဖုန်းယွီကိုယ်တိုင် ဒီအစီအစဉ်အတွက် ကြော်ငြာပေးမှာလား” သောမတ်စ်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
“သေချာပေါက် မလုပ်ပါဘူး။ ဒီအစီအစဉ်ရဲ့ ထုတ်လုပ်မှုစရိတ်က အဆင့်မြင့်ဆုံး မဟုတ်တာကို ထားဦး၊ ဒေါ်လာ တစ်ဘီလီယံလောက် အကုန်ခံပြီး ထုတ်လုပ်ထားရင်တောင်မှ ငါ့အလုပ်ရှင်က ကိုယ်တိုင် ကြော်ငြာပေးဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူ့ရဲ့အချိန်တွေက အရမ်းတန်ဖိုးရှိတာလေ၊ ဘယ်သူကများ သူ့ကို ကြော်ငြာခိုင်းနိုင်လောက်တဲ့အထိ ငွေပေးနိုင်မှာမို့လို့လဲ။ ဒါပေမဲ့ ဒီအစီအစဉ်ရဲ့ ထုတ်လုပ်သူနေရာမှာ ငါ့အလုပ်ရှင်ရဲ့အမည်ကို ထည့်သွင်းဖို့တော့ သူ သဘောတူထားပါတယ်။ ဒါကို ဘယ်လိုပုံစံနဲ့ ကြော်ငြာရမလဲဆိုတာ ခင်ဗျားက ငါ့ထက် ပိုသိမှာပါ ဟုတ်တယ်မလား” ခါမီဒါ မာဆာအိုသည် ဆိုဖာပေါ်တွင် အေးအေးလူလူ မှီထိုင်ကာ ခြေထောက်ချိတ်လျက် ပြောဆိုလိုက်သည်။
ဤကမ်းလှမ်းချက်ကို ပစ်ထုတ်လိုက်ပြီးနောက် တစ်ဖက်လူအနေဖြင့် ငြင်းပယ်ဝံ့လိမ့်မည် မဟုတ်ကြောင်း သူ ယုံကြည်ထားသည်။ အကယ်၍ အလုပ်ရှင်က အစီအစဉ်၏ ရှေ့နှင့်နောက်တွင် ကြော်ငြာချိန် မဖြစ်မနေ ယူရမည်ဟု မမှာကြားထားပါက၊ ဤအချက် တစ်ခုတည်းနှင့်တင် ခါမီဒါ မာဆာအို သည် ပြသခွင့်ဈေးနှုန်းကို ၅၀ ရာခိုင်နှုန်းခန့် ထပ်မံ မြှင့်တင်နိုင်မည် ဖြစ်သည်။
ခါမီဒါ မာဆာအို ရောင်းချချင်သည်မှာ ဤအစီအစဉ် တစ်ခုတည်း မဟုတ်ပါချေ။ အမှန်တကယ် အဓိကထား၍ ကြော်ငြာလိုသည်မှာ အစီအစဉ်အတွင်းရှိ တိုက်ရိုက် ကြော်ငြာများနှင့် ထည့်သွင်း ကြော်ငြာထားသော ထုတ်ကုန်များသာ ဖြစ်သည်။
“ဒါကတော့... ဈေးနှုန်းပိုင်းကို ကျွန်တော်တို့ ထပ်ပြီး ညှိနှိုင်းကြရင် မကောင်းဘူးလား”
“ဈေးနှုန်းကတော့ ထပ်ပြီး လျှော့ဖို့မဖြစ်နိုင်ပါဘူး။ ငါတို့အစီအစဉ်ရဲ့ အရည်အသွေးက ဒီမှာ အထင်အရှား ရှိနေတာပဲလေ။ ဒါပေမဲ့ ခင်ဗျားအတွက် တခြားသော အထူးအခွင့်အရေးတွေကိုတော့ ငါ ပေးနိုင်ပါတယ်၊ ခင်ဗျား သေချာပေါက် စိတ်ကျေနပ်စေရမယ်”
“ဒီအစီအစဉ်ကနေ ထွက်ပေါ်လာမယ့် ဆင့်ပွား ထုတ်ကုန်တွေကို ဖန်တီးဖို့ ကိစ္စကို ခင်ဗျားတို့ကို လွှဲပေးမယ်။ အဲဒီကနေ ရတဲ့ အမြတ်အစွန်းကိုတော့ ၆/၄ ခွဲကြတာပေါ့၊ ငါတို့က ခြောက်ပုံ ယူမယ်။ ဒီဆင့်ပွား ထုတ်ကုန်တွေထဲမှာ စာအုပ်တွေ၊ ဖုန်းဆော့ဖ်ဝဲလ်တွေ၊ ဂိမ်းတွေ၊ အဝတ်အထည်တွေ အားလုံး ပါဝင်ပါတယ်”
ထုတ်ကုန်တစ်ခု၏ ဆင့်ပွား ပစ္စည်းများမှ ရရှိသော အမြတ်အစွန်းမှာ အလွန်ပင် မြင့်မားလှပေသည်။ ဤကဲ့သို့သော ဗျူဟာများကို ခါမီဒါ မာဆာအိုအနေဖြင့် အမေရိကန်နှင့် ဂျပန်တို့တွင် အကြိမ်ကြိမ် မြင်ဖူးခဲ့ပြီ ဖြစ်သည်။ ထို့ထက်ပိုသည်မှာ ဖုန်းယွီကိုယ်တိုင်ကလည်း ဤအချက်ကို အထူးအလေးပေး မှာကြားထားခဲ့ခြင်းပင်။
“ဆင့်ပွား ထုတ်ကုန်တွေ ဖန်တီးခွင့်ကို ငါတို့ကို ပေးမယ် ဟုတ်လား။ ဒါပေမဲ့ ငါတို့မှာ ကိုယ်ပိုင် အဝတ်အထည် အမှတ်တံဆိပ် ရှိတယ်လေ၊ ခင်ဗျားတို့ အစီအစဉ်ထဲမှာ ထည့်ထားတာနဲ့ မတူဘူး ဖြစ်နေမယ်”
“ဒါကိုတော့ ညှိနှိုင်းလို့ မရဘူး။ အဝတ်အထည်ကတော့ ငါတို့ အမှတ်တံဆိပ်ကိုပဲ ကြော်ငြာရမယ်။ ဒါပေမဲ့ ပြည်ပမှာ အဲဒီအဝတ်အထည်တွေကို ထုတ်လုပ် ရောင်းချခွင့် ကိုယ်စားလှယ်အဖြစ်တော့ ခင်ဗျားတို့ကို ပေးလို့ ရပါတယ်။ ငါတို့ရဲ့ ဒီဇိုင်းနဲ့ အရည်အသွေးအတွက်တော့ ခင်ဗျား လုံးဝစိတ်ပူစရာ မလိုပါဘူး။ ပြီးတော့ ဂိမ်းထုတ်လုပ်တာနဲ့ ရောင်းချတဲ့ နေရာမှာလည်း ငါတို့ ကူညီပေးနိုင်သလို၊ ဒါဟာ ငါတို့ကြားက အမြတ်ဝေစု ခွဲဝေမှုအပေါ်မှာလည်း သက်ရောက်မှု မရှိစေရပါဘူး”
“Amazonရဲ့ ရှယ်ယာရှင်ကြီးဟာလည်း ငါတို့လုပ်ငန်းစုပဲ ဖြစ်တဲ့အတွက်၊ စာအုပ် ရောင်းချတာနဲ့ အွန်လိုင်း အရောင်းအဝယ် ကိစ္စတွေမှာ ငါတို့က အသံအကျယ်ဆုံး ပြောနိုင်စွမ်း ရှိပါတယ်။ ကျန်တဲ့ အရုပ်တွေ၊ မော်ဒယ်တွေ ဖန်တီးဖို့ကိုတော့ ခင်ဗျားတို့ကို လွှဲပေးမယ်။ ဒါပေမဲ့ ဒီဆင့်ပွား ထုတ်ကုန် အားလုံးရဲ့ ကြော်ငြာရေး ကိစ္စတွေကိုတော့ ခင်ဗျားတို့ဘက်က တာဝန်ယူရမှာဖြစ်သလို၊ အခမဲ့လည်း လုပ်ပေးရပါမယ်”
ခါမီဒါ မာဆာအိုက ရှင်းလင်းစွာ ပြောဆိုလိုက်သည်။ ငါတို့ဘက်က မူပိုင်ခွင့် ပေးမယ်၊ အချို့သော ထုတ်လုပ်မှုနဲ့ အရောင်းလမ်းကြောင်းတွေကို ပေးမယ်၊ ခင်ဗျားတို့ဘက်ကလည်း ကြော်ငြာပေးရမယ်၊ ထုတ်လုပ်ပေးရမယ်၊ ဒါမှသာ အမြတ်ဝေစုကို ခွဲယူနိုင်မှာ ဖြစ်သည်။
အဓိက အချက်မှာ ဤအစီအစဉ်ကို Discovery ချန်နယ်တွင် ပြသမည် ဖြစ်သဖြင့်၊ ဆင့်ပွား ထုတ်ကုန်များကိုလည်း ထိုချန်နယ်တွင် ကြော်ငြာခြင်းက အထိရောက်ဆုံး ဖြစ်ပေလိမ့်မည်။ ထို့ပြင် ၎င်းတို့တွင်လည်း အလားတူ အတွေ့အကြုံများ ရှိပြီးသား ဖြစ်သောကြောင့်သာ ခါမီဒါ မာဆာအိုက ဤသို့ ဆွေးနွေးခြင်း ဖြစ်သည်။
“ဒါပေမဲ့ ကျွန်တော်တို့ဘက်က ကြော်ငြာစရိတ်က အလွန် မြင့်မားမှာနော်။ ခင်ဗျားတို့ဘက်ကလည်း သင့်တော်တဲ့ ကြော်ငြာ အကူအညီလေးတွေ ပေးလို့ မရဘူးလား။ ဥပမာ - အင်တာနက်ပေါ်မှာ ပြသတဲ့ အခါမှာ ဒီဆင့်ပွား ထုတ်ကုန် ကြော်ငြာတွေကို တွဲပြီး ပြသပေးတာမျိုးပေါ့”
ခါမီဒါ မာဆာအိုသည် တွေဝေခြင်းမရှိဘဲ ချက်ချင်း သဘောတူလိုက်သည်။ ဤသို့ လုပ်ဆောင်ခြင်းကြောင့် ပြသခွင့်မှ ရရှိမည့် ဝင်ငွေအနည်းငယ် လျော့နည်းသွားနိုင်စေကာမူ၊ ဆင့်ပွားထုတ်ကုန်များမှတစ်ဆင့် ထိုအရှုံးကို ပြန်လည်ကုစားနိုင်မည်မှာ သေချာလှပေသည်။
မူလက ဖုန်းယွီသည် ဗီဒီယိုကင်မရာ (DV) များကို ရောင်းချလိုခြင်း ဖြစ်သည်။ ထို DV များသည် သယ်ဆောင်ရ လွယ်ကူခြင်း၊ ပုံရိပ်ကြည်လင်ခြင်းနှင့် ဈေးနှုန်း သက်သာခြင်း စသည့်အားသာချက်များကို ပေါ်လွင်စေရန်အတွက်သာ ဤအစီအစဉ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ဤအစီအစဉ်ကို အခြေခံ၍ စက်မှုလုပ်ငန်း ကွင်းဆက်တစ်ခုကိုပါ ဖန်တီးနိုင်ခဲ့ပြီး၊ ထိုမှတစ်ဆင့် ပိုမိုမြင့်မားသော အမြတ်အစွန်းများကို ရရှိနေပြီ ဖြစ်သည်။
ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစုကြီးများကို ကြည့်လိုက်ပါက ၎င်းတို့၏ လုပ်ငန်းများသည် တစ်ခုတည်းသာ ရှိနေသည် မဟုတ်ဘဲ ပြည့်စုံသော စက်မှုလုပ်ငန်း ကွင်းဆက်များ သို့မဟုတ် စက်မှုလုပ်ငန်း ဂေဟစနစ်အဖြစ် တည်ရှိနေကြခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်မှသာ လုပ်ငန်း၏ မည်သည့် အစိတ်အပိုင်းတွင်မဆို အခြားသူများ၏ လွှမ်းမိုးချုပ်ကိုင်မှုကို မခံရဘဲ ရပ်တည်နိုင်မည် မဟုတ်ပါလား။
ယခုအခါတွင်မူ ဖုန်းယွီသည်လည်း သူ၏ကိုယ်ပိုင် စက်မှုလုပ်ငန်း ဂေဟစနစ်ကို တဖြည်းဖြည်း စတင် တည်ဆောက်နေပြီ ဖြစ်လေတော့သည်။
******