← Chapters

အခန်း (၁၃၅၂-၁၃၅၄)

Vol. 92 Ch. 1352-1354

အခန်း (၁၃၅၂-၁၃၅၄)

Vol. 92 Ch. 1352-1354

အခန်း (၁၃၅၂) ဂေဟစနစ် စက်မှုအဝန်းအဝိုင်း

“လောင်ကျုံး... ဒီပြဿနာတွေကို မင်းရဲ့လက်အောက်ငယ်သားတွေနဲ့ တစ်ချက်လောက် ဆွေးနွေးကြည့်ပါ။ လက်တွေ့မှာရော ဘယ်လောက်အထိ ဖြစ်နိုင်ခြေ ရှိမလဲဆိုတာကိုပေါ့” ဖုန်းယွီသည် သူကိုယ်တိုင် ရေးသားပြုစုထားသော စာရွက်စာတမ်း အထုပ်ကြီးကို ကျုံးချင်းရှန်ထံသို့ ကမ်းပေးလိုက်သည်။

ယခုအချိန်တွင် စီးပွားရေးသမားများကြား အသုံးအများဆုံး စကားလုံးမှာ “စက်မှုလုပ်ငန်း ကွင်းဆက်”ပင် ဖြစ်သည်။ လုပ်ငန်းစုများ၏ ဆက်ဆံရေးမှာ ကွင်းဆက်တစ်ခုကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် ပုံစံမျိုးပင်။

သို့သော် ဤကဲ့သို့သော ပုံစံတွင် သိသာထင်ရှားသည့် အားနည်းချက်တစ်ခု ရှိနေသည်။ ၎င်းမှာ အလယ်ပိုင်း အချိတ်အဆက် တစ်ခုခုတွင် ပြဿနာ ပေါ်ပေါက်လာပါက၊ စက်မှုကွင်းဆက် တစ်ခုလုံး ပြတ်တောက်သွားနိုင်ခြင်းပင် ဖြစ်သည်။

ဥပမာအားဖြင့် မော်တော်ကား စက်မှုလုပ်ငန်း ကွင်းဆက်တစ်ခုကို ကြည့်ပါ။ အပိုပစ္စည်း ထုတ်လုပ်ခြင်းမှသည်၊ ကားတစ်စီးလုံး၏ သုတေသနနှင့် ထုတ်လုပ်မှု၊ ထို့နောက် အရောင်းမြှင့်တင်မှု၊ နောက်ဆုံးတွင် အရောင်းအပြီး ဝန်ဆောင်မှုအထိ အဆင့်ဆင့် ချိတ်ဆက်ထားသော ပြည့်စုံသည့် ကွင်းဆက်တစ်ခု ဖြစ်သည်။

အကယ်၍ ထိုအထဲမှ အရောင်းပိုင်းတွင် ပြဿနာ ရှိလာပါက စက်မှုကွင်းဆက် တစ်ခုလုံးကို ပြင်းထန်စွာ ထိခိုက်စေမည် ဖြစ်သည်။ ရောင်းမထွက်ပါက အရောင်းအပြီး ဝန်ဆောင်မှုဆိုသည်မှာလည်း ရှိလာမည် မဟုတ်သလို အပိုပစ္စည်း ထုတ်လုပ်ခြင်းနှင့် ဒီဇိုင်းထုတ်လုပ်ခြင်းများလည်း ဆက်လက်လုပ်ဆောင်ရန် အကြောင်း မရှိတော့ပါချေ။

ထို့ကြောင့် လုပ်ငန်းများကြားတွင် ပုံမှန်အားဖြင့် “ကွင်းဆက်နှစ်ခုစနစ်” ကျင့်သုံးလေ့ ရှိကြသည်။ ဆိုလိုသည်မှာ လုပ်ငန်းတစ်ခု၏ အထက်ပိုင်း (ကုန်ကြမ်း) နှင့် အောက်ပိုင်း (ဈေးကွက်) လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက် ကုမ္ပဏီတစ်ခုတည်း မထားရှိဘဲ၊ အနည်းဆုံး နှစ်ခု သို့မဟုတ် နှစ်ခုထက်ပို၍ ထားရှိခြင်း ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် ထိုမိတ်ဖက် လုပ်ငန်းများသည်လည်း မိမိတို့ တစ်ဦးတည်းကိုသာ အမှီပြုမနေဘဲ အခြားသော မိတ်ဖက်များ ထားရှိခြင်းဖြင့် ပြဿနာများကို ကြိုတင် ကာကွယ်ထားကြသည်။

ဤသို့ဖြင့် အပြန်အလှန် ချိတ်ဆက်နေသော စီးပွားရေး ကွန်ရက်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။ လုပ်ငန်းတစ်ခုချင်းစီသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ဆက်စပ်နေသော်လည်း၊ အလွန်အမင်း တင်းကျပ်စွာ ပူးပေါင်းထားခြင်းမျိုး မဟုတ်သလို၊ အရမ်းကြီးလည်း ဝေးကွာမနေပါချေ။

ဤပုံစံသည် မကောင်းဟု မဆိုနိုင်သော်လည်း၊ အကယ်၍ လုပ်ငန်းတစ်ခုကို အလျင်အမြန် ကြီးထွားလာစေရန်နှင့် ရေရှည် တည်တံ့သော “ထာဝရစိမ်းလန်းပင်” ဖြစ်လာစေရန်အတွက်မူ ဤမျှနှင့် မလုံလောက်ပါချေ။

အကယ်၍ ခင်ဗျား၏ အထက်ပိုင်းနှင့် အောက်ပိုင်း လုပ်ငန်းများက စုပေါင်း၍ ခင်ဗျား၏လုပ်ငန်းအပေါ် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်မည်ဆိုပါက အလွယ်ကူဆုံး ဖြေရှင်းနည်းမှာ မိမိကိုယ်ပိုင် စက်မှုလုပ်ငန်း ကွင်းဆက်တစ်ခုကို တည်ဆောက်ရန်ပင် ဖြစ်သည်။

အကယ်၍ ထိုစက်မှုကွင်းဆက်၏ အစနှင့် အဆုံးကို တစ်ဆက်တည်း ဖြစ်အောင် ချိတ်ဆက်နိုင်မည်ဆိုပါက၊ ၎င်းမှာ အဝိုင်းတစ်ခု သို့မဟုတ် အဝန်းအဝိုင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။ ဤကဲ့သို့သော အဝန်းအဝိုင်းကို ပညာရှင်အချို့က “ဂေဟစနစ် စက်မှုအဝန်းအဝိုင်း”ဟု အမည်ပေးထားကြသည်။

ဂေဟစနစ် စက်မှုအဝန်းအဝိုင်း ဆိုသည်မှာ လုပ်ငန်း၏ အဆင့်တိုင်း၊ အစိတ်အပိုင်းတိုင်းကို မိမိကိုယ်တိုင်သာ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ကားလောကကိုပင် စံနမူနာ ထပ်ယူရမည်ဆိုပါက အပိုပစ္စည်း ထုတ်လုပ်ခြင်းမှသည် ကားတစ်စီးလုံး ထုတ်လုပ်မှု၊ အရောင်း၊ အရောင်းအပြီး ဝန်ဆောင်မှုများအထိ အားလုံးကို မိမိဘာသာ လုပ်ဆောင်ခြင်း ဖြစ်သည်။

သို့သော် ဤသည်မှာ ပြည့်စုံသော အဝိုင်းတစ်ခု မဖြစ်သေးပါချေ။ အကယ်၍ ဟောင်းနွမ်းသွားသော ကားများကို ပြန်လည် သိမ်းဆည်းခြင်း၊ ထိုမှတစ်ဆင့် သံတိုသံစများကို သံရည်ကျိုကာ သံမဏိ ထုတ်လုပ်ခြင်း၊ ထိုသံမဏိဖြင့် အပိုပစ္စည်းများ ပြန်လည် ထုတ်လုပ်ခြင်းများအထိ ပါဝင်လာမှသာလျှင် ပြည့်စုံသော အဝန်းအဝိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ထင်ရှားသည်မှာ Songjiangကား၏ လက်ရှိ အနေအထားသည် ဤအချိတ်အဆက်တွင် ပြတ်တောက်နေသဖြင့် ဂေဟစနစ် စက်မှုအဝန်းအဝိုင်းဖြစ်ရန် ခဲယဉ်းနေသေးသည်။ ရိုးရှင်းစွာ ပြောရလျှင် သံမဏိဈေး တက်သွားသည်နှင့် အပိုပစ္စည်း ကုန်ကျစရိတ် မြင့်တက်လာမည်ဖြစ်ကာ ကားတစ်စီးလုံး၏ဈေးနှုန်းကိုလည်း လိုက်၍မြှင့်တင်ရပေတော့မည်။

ထို့ကြောင့် ဤစက်မှုကွင်းဆက်တွင် အထက်ပိုင်းနှင့် အောက်ပိုင်း လုပ်ငန်းများ၏ သက်ရောက်မှုမှာ အလွန်ပင် ကြီးမားလှပေသည်။ အခြားသော လုပ်ငန်းများ၏ လွှမ်းမိုးမှုကို မခံရစေရန်အတွက်မူ လုပ်ငန်း အစိတ်အပိုင်း အားလုံးကို မိမိလက်အောက်တွင် စုစည်းနိုင်ရန် နည်းလမ်းရှာရပေမည်။

ဥပမာအားဖြင့် Songjiangကားသည် အပိုပစ္စည်းမှသည် အရောင်းအပြီး ဝန်ဆောင်မှုအထိ လုပ်ဆောင်နိုင်နေပြီ ဖြစ်သလို၊ ယခုအခါ ကုန်ကြမ်းပိုင်းကိုပင် ဖုန်းယွီက ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ဝင်ရိုးစွန်းဝက်ဝံသတ္တုတွင်း အုပ်စုသည် သံရည်ကျိုခြင်းနှင့် သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများကို စတင်နေပြီ ဖြစ်ရာ၊ အခြေခံအကျဆုံး ကုန်ကြမ်းကိုပါ ထိန်းချုပ်နိုင်သည့်အခါ မိမိ၏ကံကြမ္မာကို အခြားသူများ၏ လက်ထဲသို့ အလွယ်တကူ ထည့်ပေးစရာ မလိုတော့ပါချေ။

ဖုန်းယွီ ယခုလုပ်ဆောင်နေသည်မှာ သူ၏လုပ်ငန်းစုအားလုံး၏ စက်မှုကွင်းဆက်များကို အထက်နှင့် အောက်သို့ တိုးချဲ့ကာ၊ ဂေဟစနစ် စက်မှုအဝန်းအဝိုင်း ဖြစ်လာစေရန် အစွမ်းကုန် ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။

ဤစက်မှုအဝန်းအဝိုင်း ဖြစ်ပေါ်လာပြီးနောက်တွင် ရရှိမည့် ကြီးမားသော အကျိုးကျေးဇူးမှာ လုပ်ငန်းများအားလုံးကို တစ်သားတည်း ဖြစ်စေခြင်းပင်။ အချိတ်အဆက် တစ်ခု၏ တန်ဖိုး မြင့်တက်လာခြင်းသည် အခြားသော လုပ်ငန်းများ၏ တန်ဖိုးကိုပါ တစ်ပါတည်း မြင့်တက်စေမည် မဟုတ်ပါလား။

၎င်းသည် လုပ်ငန်းတစ်ခုနှင့်တစ်ခုကြား အပြန်အလှန် ချိတ်ဆက်လုပ်ဆောင်မှုကို အားကောင်းစေပြီး၊ အားလုံး အနိုင်ရရှိစေမည့် ဖန်တီးပေးရုံတင်မကဘဲ တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည် တည်တံ့သော အကာအကွယ်ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။

ဂေဟစနစ် စက်မှုအဝန်းအဝိုင်းသည် ပါဝင်သူ အားလုံးအား စက်မှုလုပ်ငန်း တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို မြင့်မားသော ရှုထောင့်မှနေ၍ ဆန်းစစ်ကြည့်ရှုစေနိုင်ပြီး၊ မိမိကိုယ်ကိုယ် ပိုမိုရှင်းလင်းစွာ နေရာချထားနိုင်ကာ လိုက်လျောညီထွေဖြစ်မှုကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ဖုန်းယွီတွင် ယခုအခါ လုပ်ငန်းပေါင်းများစွာ ရှိနေပြီး၊ အချို့မှာမူ ဂေဟစနစ် စက်မှုအဝန်းအဝိုင်း တစ်ခုအဖြစ် ပုံပေါ်နေပြီ ဖြစ်သည်။ ဥပမာ BeiDaCangကို ကြည့်ပါ။ မြေယာများတွင် ကောက်ပဲသီးနှံများ စိုက်ပျိုးသည်၊ ထိုသီးနှံများကို ပြန်လည် ပြုပြင်ထုတ်လုပ်၍ ရောင်းချသည်၊ ၎င်းတို့အနက် တစ်စိတ်တစ်ပိုင်းကို တိရစ္ဆာန် အစာအဖြစ် ပြောင်းလဲသည်၊ ထိုအစာများဖြင့် ဝက်နှင့် ကြက်များကို မွေးမြူသည်၊ ထိုဝက်နှင့် ကြက်များမှ ရရှိသော အညစ်အကြေးများကို သဘာဝ မြေသြဇာအဖြစ် ပြန်လည် ပြုပြင်ကာ မြေဆီလွှာ ကောင်းမွန်အောင် ပြုလုပ်ပြီး သီးနှံများ ရှင်သန်ကြီးထွားစေရန် ပြန်လည် အသုံးချသည်။

ဤနေရာတွင် ကြက်ချေး စသည်တို့ကို ငါးစာအဖြစ်လည်း ဖန်တီးနိုင်သလို၊ ထိုငါးများကို စားသောက်ကုန်၊ သို့မဟုတ် ဝက်စာ၊ အိမ်မွေးတိရစ္ဆာန် အစာများအဖြစ် ပြန်လည် ပြုပြင်ထုတ်လုပ်ခြင်းဖြင့် ဤအဝန်းအဝိုင်းထဲသို့ ထည့်သွင်းနိုင်ပါသေးသည်။

စိုက်ပျိုးရေး ဂေဟစနစ် စက်မှုအဝန်းအဝိုင်းမှာမူ ပို၍လွယ်ကူလှပေသည်။ ထုတ်လုပ်မှုနှင့် အရောင်းပိုင်းမှာ အလွန်မခဲယဉ်းလှသလို၊ ထုတ်လုပ်သူနှင့် ရောင်းချသူ တစ်ဦးတည်း ဖြစ်နေခြင်းကလည်း သုံးစွဲသူများအား ပို၍ ယုံကြည်စိတ်ချစေသည် မဟုတ်ပါလား။

သို့သော် အခြားသော စက်မှုလုပ်ငန်းများတွင်မူ ဂေဟစနစ် အဝန်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။

သို့သော်လည်း ဖုန်းယွီသည် ဤအရာများကို အမြန်ဆုံး ပြီးမြောက်စေရန် အသည်းအသန် ကြိုးပမ်းနေခြင်းပင်။ ဥပမာ - အီလက်ထရွန်နစ် လောကတွင် ဖုန်းယွီရင်းနှီးမြှုပ်နှံထားသော ပုံဆောင်ခဲ ဆီလီကွန်စက်ရုံသည် ဆီမီးကွန်ဒတ်တာ(Semiconductor)အီလက်ထရွန်နစ် အစိတ်အပိုင်းများ၏ အဓိက ကုန်ကြမ်းကို ထုတ်လုပ်ပေးသည်။ အီလက်ထရွန်နစ် အစိတ်အပိုင်းများ စုဖွဲ့ခြင်း၊ စနစ်ဖော်ဆောင်ခြင်း၊ ထုတ်ကုန် သုတေသန၊ အရောင်းနှင့် အရောင်းအပြီး ဝန်ဆောင်မှုများကိုမူ သူ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် ကုန်ကြမ်းဖြစ်သော ဆီလီကွန် သတ္တုရိုင်း(Silicon ore)မှာမူ မိမိလက်ထဲတွင် မရှိသေးသလို၊ ဟောင်းနွမ်းသွားသော အီလက်ထရွန်နစ် အစိတ်အပိုင်းများကို ပြန်လည်သိမ်းဆည်းသည့် လုပ်ငန်းလည်း မရှိသေးသဖြင့်၊ ၎င်းမှာ အဝိုင်းတစ်ခု မဖြစ်နိုင်ဘဲ ကွင်းဆက်တစ်ခုသာ ဖြစ်နေသေးသည်။ ထို့ကြောင့် ဆီလီကွန် သတ္တုရိုင်းဈေးနှုန်း၏ သက်ရောက်မှုကို ခံနေရဆဲ ဖြစ်သည်။

ဤအချိန်တွင် အလွယ်ကူဆုံး နည်းလမ်းမှာ အီလက်ထရွန်နစ် အစိတ်အပိုင်း ပြန်လည်သိမ်းဆည်းသည့် လုပ်ငန်းတစ်ခုနှင့် ပူးပေါင်းရန် ဖြစ်သလို၊ ဆီလီကွန် သတ္တုတွင်း လုပ်ငန်းတစ်ခုနှင့်လည်း ပူးပေါင်းကာ အားလုံး စုစည်း၍ ဂေဟစနစ် တစ်ခု တည်ဆောက်ရန်ပင် ဖြစ်သည်။

ဆီလီကွန် သတ္တုတွင်း လုပ်ငန်းများတွင်မူ မူလကတည်းက မိတ်ဖက်များ ရှိနေကြပြီး ဖြစ်သော်လည်း၊ အီလက်ထရွန်နစ် ပြန်လည် သိမ်းဆည်းခြင်း လုပ်ငန်းမှာမူ ပြည်တွင်းတွင် လုပ်ကိုင်သူ အလွန်နည်းပါးနေသေးသည်။ ဖုန်းယွီဤအချက်ကို စဉ်းစားမိသည့်အခါ လူလွှတ်၍ စုံစမ်းကြည့်ရာ ဤလုပ်ငန်းကို လုပ်ကိုင်သူများသည် ဒေသနှစ်ခုတွင်သာ စုပြုံနေကြောင်း တွေ့ရသည်၊ ၎င်းတို့မှာ ဂျပန်နှင့် ထိုင်ဝမ်တို့ ဖြစ်ကြသည်။

ဤဒေသနှစ်ခုမှာ အာရှ၏ ပုံဆောင်ခဲ ဆီလီကွန်လောကတွင် အစောပိုင်းကတည်းက ဦးဆောင်နေခဲ့ကြသော နေရာများ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ဖုန်းယွီရင်းနှီးမြှုပ်နှံထားသော ဆီလီကွန် လုပ်ငန်းသည် ထုတ်လုပ်မှု စတင်နေပြီ ဖြစ်ရာ လက်ရှိ အာရှတွင် အကြီးဆုံးမှာ Songjiang Crystalline Silicon ပင် ဖြစ်နေခဲ့ပြီ။

ဖုန်းယွီ၏ အစီအစဉ်အရဆိုလျှင် ဆီလီကွန် ထုတ်လုပ်မှုလိုင်းများကို တဖြည်းဖြည်း တိုးချဲ့သွားမည် ဖြစ်ရာ၊ နောက်ထပ် သုံးနှစ်အကြာတွင်မူ Songjiang ဆီလီကွန်သည် ကမ္ဘာ့အကြီးဆုံး ဆီလီကွန် ထုတ်လုပ်သည့် လုပ်ငန်း ဖြစ်လာမည်ဖြစ်ကာ ကမ္ဘာ့ထုတ်လုပ်မှု၏ ထက်ဝက်နီးပါးကိုပင် သိမ်းပိုက်ထားနိုင်ပေလိမ့်မည်။

အမှန်စင်စစ် ဤပမာဏထက်ပင် ပို၍ ကျော်လွန်အောင် လုပ်နိုင်သော်လည်း၊ သူသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်ထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထက်ဝက်ထက် ကျော်လွန်သွားပါက လက်ဝါးကြီးအုပ်မှုအဖြစ် သတ်မှတ်ခံရနိုင်ပြီး ပြဿနာများစွာ ပေါ်ပေါက်လာနိုင်သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဖုန်းယွီ ဤလုပ်ငန်းကို လုပ်ကိုင်နေသည်ကို မြင်ရသောအခါ တရုတ်ပြည်တွင်းရှိ အချို့သော ဆီလီကွန် လုပ်ငန်းများသည်လည်း ၎င်းတို့၏ ထုတ်လုပ်မှုလိုင်းနှင့် နည်းပညာများကို အဆင့်မြှင့်တင်ရန် ပြင်ဆင်လာကြသည်။ ထိုအချိန်ရောက်ပါက တရုတ်ပြည် တစ်ခုလုံး၏ ဆီလီကွန် ထုတ်လုပ်မှုမှာ ကမ္ဘာ့ပမာဏ၏ ထက်ဝက်ထက် ကျော်လွန်သွားမည် ဖြစ်ရာ၊ လက်တွေ့တွင်မူ လက်ဝါးကြီးအုပ်မှု တစ်ခုကိုပင် တည်ဆောက်နိုင်မည် ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းများ အားလုံး စုပေါင်းလိုက်စေဦးတော့ Songjiang ဆီလီကွန်ကို မီလိမ့်မည် မဟုတ်ပါချေ။ ထို့ကြောင့် ဤထုတ်ကုန်၏ ဈေးနှုန်း သတ်မှတ်ပိုင်ခွင့်မှာမူ Songjiang ဆီလီကွန် ၏ လက်ထဲတွင်သာ ရှိနေပေလိမ့်မည်။

ဤအရာများထဲတွင် ဖုန်းယွီအလိုချင်ဆုံးမှာ “ဘဏ္ဍာရေး ဂေဟစနစ်”ပင် ဖြစ်သည်။ အရင်ဘဝက တစ်ခုတည်းသော အင်တာနက် ဘဏ္ဍာရေး ဂေဟစနစ်မှာ မာယွန်း ဖန်တီးခဲ့သော Ant Group ပင် ဖြစ်သည်။ နောက်ပိုင်းတွင် အတုယူ၍ ထွက်ပေါ်လာသော လုပ်ငန်းများစွာ ရှိသော်လည်း၊ အားလုံး ပေါင်းလိုက်စေဦးတော့ “Ant” တစ်ခုတည်းကိုပင် မယှဉ်နိုင်ပါချေ။

မာယွန်း၏ လုပ်ငန်းစုတွင် တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုမှာလည်း ဤ “Ant” ပင် ဖြစ်သည်။ ၎င်း၏ အဓိက အသက်သွေးကြောမှာမူ Alipayပင် ဖြစ်သည်။ လူအတော်များများက ပြောကြသည်မှာ အကယ်၍ “Ant” သာ စတော့ဈေးကွက်သို့ တက်နိုင်ခဲ့မည်ဆိုပါက မာယွန်းသည် သေချာပေါက် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာလိမ့်မည်ဟူ၍ ဖြစ်သည်။ ဤအချက်မှာ သံသယဖြစ်ဖွယ် မရှိပါချေ။

ဤသည်မှာလည်း လူအများအပြား အဘယ်ကြောင့် ဇဝေဇဝါ ဖြစ်နေကြသလဲ ဆိုသည့် အချက်ပင်။ Alibaba ၏ ရှယ်ယာ အများစုမှာ ပြည်ပလုပ်ငန်းရှင်များ၏ လက်ထဲတွင် ရှိနေသော်လည်း၊ အဓိက ဆုံးဖြတ်ချက်ချသူမှာမူ မာယွန်း၏အဖွဲ့သာ ဖြစ်နေခဲ့သည်။ သို့သော် နိုင်ငံတော်အနေဖြင့် အဘယ်ကြောင့် ဤမျှအထိ ပံ့ပိုးပေးနေရသနည်း။

အကြောင်းမှာ တန်ဖိုးအရှိဆုံးနှင့် အမြတ်အစွန်း အထွက်ဆုံးသော ရတနာကြီးမှာ မာယွန်း၏ အဖွဲ့ထဲတွင်သာ ရှိနေပြီး၊ တရုတ်လူမျိုးများ၏ လက်ထဲတွင်သာ ရှိနေသောကြောင့် ဖြစ်သည်။ 'Alibaba' ၏ အခြားသော လုပ်ငန်းများသည် ကောင်းမွန်လှသည်မှာ မှန်သော်လည်း၊ 'Alipay'နှင့် 'Ant' တို့နှင့် ယှဉ်လိုက်ပါက ဘာမှ မဟုတ်တော့ပါချေ။

စတော့ဈေးကွက် တက်သွားသော ဘဏ်များ၏ ပိုင်ဆိုင်မှုများကို ကြည့်လိုက်ပါက ဤ “Ant” တွင် မည်မျှအထိ ကြီးမားသော အလားအလာ ရှိသလဲဆိုသည်မှာ ထင်ရှားလှပေသည်။ ဤသည်မှာ တကယ့် အစစ်အမှန် အွန်လိုင်းဘဏ် စနစ်ပင် ဖြစ်ကာ၊ ဘဏ်တစ်ခု၏ လုပ်ဆောင်ချက် အားလုံးနီးပါး ပါဝင်နေရုံတင်မကဘဲ၊ အရေးကြီးဆုံး အချက်ဖြစ်သော ဘဏ်တစ်ခု၏ အနှစ်သာရ စာရင်းအင်းများကိုပါ ချုပ်ကိုင်ထားနိုင်ခြင်းပင် ဖြစ်သည်။

“မန်နေဂျာဖုန်း... ဒီကိစ္စကို ကျွန်တော် အားလုံးနဲ့ ဆွေးနွေးလိုက်ပါ့မယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရတော့၊ ဒါဟာ သေချာပေါက် ဖြစ်နိုင်ပါတယ်။ အကယ်၍ ငါတို့ ကိုယ့်ဘာသာ မလုပ်နိုင်ရင်တောင်မှ ရှယ်ယာ လဲလှယ်ခြင်းလိုမျိုး နည်းလမ်းတွေ သုံးပြီး ရှယ်ယာ ထိန်းချုပ်မှုကို ရအောင် ယူလို့ ရတာပဲလေ။ ဒီလိုသာ လုပ်နိုင်ရင်တော့ တခြား လုပ်ငန်းတွေရဲ့ သက်ရောက်မှုကို ငါတို့ အကြီးအကျယ် လျှော့ချပစ်နိုင်မှာပါ”

“မင်း အားလုံးနဲ့ တိုင်ပင်လိုက်ပါ။ အကယ်၍ Wind and Rain ဟိုးဒင်း အုပ်စုဘက်က ကူညီဖို့ လိုအပ်တာတွေ ရှိရင်လည်း စာရင်းပြုစုလိုက်ပါ။ ငါ ခါမီဒါ မာဆာအို ကို မင်းနဲ့ ပူးပေါင်းဖို့ မှာထားလိုက်ပါ့မယ်”

******

အခန်း (၁၃၅၃) ဖျော်ဖြေရေးကုမ္ပဏီကို ဘယ်လိုပုံဖော်မလဲ။

လွန်ခဲ့သောတစ်ခေါက်က ဖုန်းယွီတင်ပြခဲ့သည့် မဟာဗျူဟာမြောက် ထုတ်ကုန်များဟူသော အယူအဆမှာ ကုမ္ပဏီတိုင်း၌ လက်တွေ့အကောင်အထည်ဖော်လျက်ရှိရာ ရလဒ်များမှာလည်း အမှန်တကယ်ပင် ထူးခြားကောင်းမွန်လှပေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုကုမ္ပဏီများ၌ မူလကတည်းက သက်ဆိုင်ရာ ထုတ်ကုန်များ ရှိနှင့်ပြီးသား ဖြစ်သော်လည်း၊ ယခုကဲ့သို့သော တိကျသေချာသည့် အယူအဆ အခေါ်အဝေါ်မျိုးသာ မရှိခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင်လည်း ဖုန်းယွီက “ဂေဟစနစ် စက်မှုအဝန်းအဝိုင်း”ဟူသော အယူအဆသစ်တစ်ခုကို ထပ်မံတင်ပြလိုက်ပြန်ရာ လက်အောက်ခံ ကုမ္ပဏီခွဲ အသီးသီးမှ တာဝန်ခံများသည် ဤကိစ္စကို အထူးပင် အလေးထားလာကြသည်။ နားထောင်လိုက်လျှင်မူ အရာရာကို မိမိဘာသာ ဖူလုံအောင် လုပ်ဆောင်ခြင်းဟု ထင်ရစေကာမူ၊ လက်တွေ့တွင်မူ ထိုမျှမကဘဲ ပိုမိုနက်ရှိုင်းလှပေသည်။

ယခင်က ၎င်းတို့သည် ဖုန်းယွီပြောသကဲ့သို့ပင် စက်မှုလုပ်ငန်း ကွင်းဆက်ကိုသာ အာရုံစိုက်ခဲ့ကြပြီး၊ ထိုကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရန်အတွက်သာ အစဉ်တစိုက် အားထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ဖုန်းယွီထံမှ ဤကဲ့သို့သော အယူအဆသစ် ထွက်ပေါ်လာသည့်အခါတွင်မူ သူတို့အားလုံး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြရသည်။

ကုန်ထုတ်လုပ်မှုနှင့် အရောင်းလုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီများအတွက်မူ ဤအယူအဆကို နားလည်ရန် မခဲယဉ်းလှသော်လည်း၊ Huayi Brothers ဖျော်ဖြေရေးကုမ္ပဏီဘက်သို့ ရောက်ရှိလာသည့်အခါတွင်မူ ပြဿနာက စတင်တော့သည်။

၎င်းတို့ကဲ့သို့သော ဖျော်ဖြေရေး အကျိုးဆောင် ကုမ္ပဏီတစ်ခုအနေဖြင့် “ဂေဟစနစ် စက်မှုအဝန်းအဝိုင်း”ကို မည်သို့ တည်ဆောက်ရပါမည်နည်း။ ၎င်းတို့သည် အနုပညာရှင်များကို အခြေခံ၍ စီးပွားရှာနေခြင်း ဖြစ်ရာ၊ အထက်ပိုင်း လုပ်ငန်းကို အနုပညာရှင်ဟု သတ်မှတ်ရမည်လား၊ သို့မဟုတ် အခြားတစ်ခုခုလား။ အောက်ပိုင်း လုပ်ငန်းကရော အနုပညာ ဖန်တီးမှုများလား၊ သို့မဟုတ် အခြားအရာလား။

ဝမ်ကျုံးကျွင်းသည် ဤကိစ္စကို ကျုံးချင်းရှန်အား မေးမြန်းခဲ့သော်လည်း၊ ကျုံးချင်းရှန်ကိုယ်တိုင်မှာလည်း ဤကိစ္စကို အပေါ်ယံမျှသာ နားလည်ထားသူ ဖြစ်သည်။ ၎င်းသည် စက်မှုလုပ်ငန်း ကွင်းဆက်ထက်စာလျှင် ပို၍အဆင့်မြင့်သော အခေါ်အဝေါ်ဟုသာ သူ ယူဆထားသည်။

ထို့ကြောင့် ကျုံးချင်းရှန်သည် ဖုန်းယွီထံသို့ လာရောက် မေးမြန်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖုန်းယွီနှင့် Huayi Brothers ကုမ္ပဏီမှာ ပေကျင်းမြို့ထဲတွင်သာ ရှိနေကြသဖြင့် ဆုံတွေ့ရန် လွယ်ကူလှပေသည်။ ထို့ကြောင့် ဖုန်းယွီသည်လည်း အားလပ်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက် လမ်းညွှန်ပေးရန် ဆုံးဖြတ်လိုက်လေတော့သည်။

“ဥက္ကဋ္ဌဝမ်... မကြာသေးခင်က Huayi Brothersရဲ့ တိုးတက်မှုက တော်တော်လေး ကောင်းနေတယ်လို့ ကြားတယ်နော်။ အခု နာမည်ကြီးနေတဲ့ ရုပ်သံမင်းသား အတော်များများက ငါတို့ ကုမ္ပဏီကချည်းပဲလို့လည်း သိရတယ်”

“ကံကောင်းလို့ပါဗျာ... ကံကောင်းလို့ပါ” ဝမ်ကျုံးကျွင်းက ရွှင်မြူးစွာဖြင့် ရယ်မောရင်း ပြန်လည် ဖြေကြားလိုက်သည်။

ဖုန်းယွီက ဝမ်ကျုံးကျွင်းကို လက်ညှိုးဖြင့် ခပ်ဖွဖွ ညွှန်ပြကာ “တစ်ခါ အောင်မြင်တာက ကံကောင်းတာ ဖြစ်နိုင်ပေမဲ့၊ အကြိမ်ကြိမ် အောင်မြင်နေတာကတော့ ကံကောင်းတာသက်သက် မဟုတ်တော့ဘူး။ တကယ်တော့ ဒါဟာလည်း ငါပြောတဲ့ ဂေဟစနစ် စက်မှုအဝန်းအဝိုင်းထဲမှာ ပါဝင်နေတာပဲ”

“ငါတို့ရဲ့ အဓိကအရင်းအမြစ်က ဘာလဲ။ အနုပညာရှင်တွေပဲလေ။ အကျော်ကြားဆုံး အနုပညာရှင်တွေ၊ သရုပ်ဆောင် အကောင်းဆုံး၊ သီချင်းဆို အကောင်းဆုံးနဲ့ ကကွက် အကျွမ်းကျင်ဆုံး လူတွေကို အခြေခံပြီး၊ အထက်ပိုင်းနဲ့ အောက်ပိုင်း စက်မှုလုပ်ငန်းတွေဆီကို ငါတို့ နယ်မြေချဲ့ထွင်ရမယ်။ နောက်ဆုံးမှာ ပတ်သက်ဆက်နွှယ်နေတဲ့ လုပ်ငန်းနယ်ပယ် အားလုံးမှာ ငါတို့က စကားပြောပိုင်ခွင့် ရှိလာပြီဆိုရင်တော့ အောင်မြင်ပြီလို့ ပြောလို့ရတာပေါ့”

ဝမ်ကျုံးကျွင်းက အလွန်ပင် နှိမ့်ချသော အမူအရာဖြင့် ဆိုလိုက်သည်။ “မန်နေဂျာဖုန်းရယ်... ပွင့်ပွင့်လင်းလင်းပဲ လမ်းညွှန်ပေးပါဦး၊ ကျွန်တော် နားစွင့်နေပါတယ်”

“ရုပ်ရှင်လောကကိုပဲ ကြည့်ကြရအောင်။ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ မိတ်ကပ်ပညာရှင်၊ တည်းဖြတ်သူကနေစလို့ နောက်ဆုံး ဖြန့်ချိရေးအထိ အလုပ်အကိုင် အမျိုးအစားတွေ အများကြီး ရှိတာပဲ။ ဒါတွေ အားလုံး ပေါင်းစပ်လိုက်မှသာ ရုပ်ရှင်တစ်ကား ဖြစ်လာတာလေ။ ဒီထဲက အစိတ်အပိုင်း တစ်ခုခုမှာ ပြဿနာ ရှိလာရင် ရုပ်ရှင်ရဲ့ဝင်ငွေကို ထိခိုက်စေမှာပဲ မဟုတ်လား။ ဒါကိုတော့ မင်း သဘောတူမှာပါ”

“မှန်ပါတယ်” ဝမ်ကျုံးကျွင်းက အပြည့်အဝ ထောက်ခံလိုက်သည်။ သရုပ်ဆောင်က နာမည်မရှိလျှင် ဇာတ်ညွှန်းကောင်းစေဦးတော့ ရောင်းရရန် မလွယ်ကူသလို၊ တူညီသော ဇာတ်ညွှန်းကိုပင် နာမည်ကြီးမင်းသားနှင့် လူသစ် သရုပ်ဆောင်တို့၏ ရုံတင်ဝင်ငွေ ဆွဲဆောင်နိုင်မှုမှာ ကွာခြားလွန်းလှသည်။ ဒါရိုက်တာ၏ အရှိန်အဝါနှင့် ဝါဒဖြန့်ချိမှု အားနည်းခြင်းကလည်း တန်ဖိုးရှိသော ရတနာတစ်ပါးကို ဖုန်မှုန့်ဖုံးလွှမ်းသွားစေနိုင်သည် မဟုတ်ပါလား။

“ငါတို့က အနုပညာရှင်တွေကတစ်ဆင့် ငွေရှာချင်ရင်၊ ရုပ်ရှင်က ရုံတင်ဝင်ငွေ ကောင်းရမယ်၊ အဲဒီအခါမှ အနုပညာရှင်ရဲ့ တန်ဖိုးက မြင့်တက်လာမှာပေါ့ ဟုတ်တယ်မလား။ ဒါဆိုရင် ငါတို့က ရုပ်ရှင်စတင်တဲ့ အချိန်ကတည်းက အစအဆုံး ဘာလို့ တာဝန်မယူနိုင်ရမှာလဲ”

“အစအဆုံး တာဝန်ယူမယ် ဟုတ်လား။ ဘယ်လိုပုံစံမျိုးလဲ”

“ဇာတ်ညွှန်းကစလို့ ဒါရိုက်တာ၊ သရုပ်ဆောင် အားလုံးက ငါတို့လူတွေ ဖြစ်ရမယ်။ ရုပ်ရှင် ဖြန့်ချိရေးနဲ့ ဖြန့်ချိရေးကိုလည်း ငါတို့ကိုယ်တိုင် လုပ်ဆောင်ရမယ်။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ပိုင် ရုပ်ရှင်ရုံ အဆက်အသွယ်တွေပါ ရှိလာရင်တော့၊ ရုပ်ရှင်တစ်ကားရဲ့ အဆင့်တိုင်းကို ငါတို့ စိတ်ကြိုက် ထိန်းချုပ်နိုင်သွားပြီပေါ့။ ဇာတ်လမ်းတွဲတွေ၊ ပြဇာတ်တွေနဲ့ တေးစီးရီးတွေမှာလည်း ဒီသဘောတရားအတိုင်းပါပဲ”

“ဇာတ်ညွှန်းကတည်းက ငါတို့က တာဝန်ယူရမယ် ဟုတ်လား။ ဆိုလိုတာက ငါတို့က ဇာတ်ညွှန်းတွေကို ဝယ်ယူစုဆောင်းရမယ်၊ ဒါမှမဟုတ် နာမည်ကြီး ဇာတ်ညွှန်းရေးဆရာတွေကို ငှားရမ်းရမယ်ပေါ့”

“ဒါမှမဟုတ် နာမည်ကြီး ဝတ္ထုတွေကို ဇာတ်ညွှန်းအဖြစ် ပြန်လည်ပြုပြင်မွမ်းမံခိုင်းလို့လည်း ရတာပဲ။ ဒါက မူလကတည်းက အားပေးသူ အခြေခံ ရှိပြီးသားမို့၊ သေသေချာချာသာ ရိုက်ကူးနိုင်ရင် အောင်မြင်ဖို့ ပိုလွယ်ကူပါတယ်။ ဒါပေမဲ့ မူရင်းဝတ္ထုနဲ့ အရမ်းကွာခြားသွားရင်တော့ ဝေဖန်သံတွေ အကြီးအကျယ် ထွက်လာနိုင်တာကိုတော့ သတိထားရမှာပေါ့”

“ဝတ္ထုကို ပြန်လည်ရိုက်ကူးမယ် ဟုတ်လား။ အခုခေတ် ဝတ္ထုတွေထဲမှာ ပြန်ရိုက်ဖို့ သင့်တော်တာတွေက သိပ်မရှိပါဘူး။ အများစုက ဇာတ်လမ်းတွဲ ရိုက်ဖို့ပဲ အဆင်ပြေပြီး လူကြီးဈေးကွက်ကိုပဲ ဦးတည်လို့ ရတာလေ။ ဝတ္ထုကို ရုပ်ရှင် ပြန်ရိုက်တဲ့အခါမှာလည်း ဖြစ်ရပ်မှန် ဇာတ်လမ်းမျိုးဆိုရင် ဘယ်သူမှ လာမကြည့်ကြပါဘူး။ ရုပ်ရှင်ရုံ သွားတဲ့သူ အများစုက လူငယ်တွေလေ၊ ဒီတော့ အခွေရောင်းပြီး အရင်းပြန်ကျေအောင် လုပ်ရုံပဲ ရှိတာပေါ့”

“ဇာတ်လမ်းတွဲ ရိုက်လည်း ရတာပဲလေ။ ဇာတ်လမ်းတွဲကောင်းတစ်ခုက သရုပ်ဆောင်ကို လူတွေ ပိုမှတ်မိစေတယ်၊ ဘာပဲဖြစ်ဖြစ် ပြသချိန်က ပိုကြာတာကိုး။ ဝတ္ထုကို အခြေခံပြီး ရိုက်မယ်ဆိုရင်တော့ မင်း 'အွန်လိုင်း ဝတ္ထု'တွေကို တစ်ချက်လောက် အာရုံစိုက်ကြည့်သင့်တယ်”

“အွန်လိုင်း ဝတ္ထု ဟုတ်လား။ ဘာကို ဆိုလိုတာလဲ” ဝမ်ကျုံးကျွင်းသည် ဤအသုံးအနှုန်းအသစ်ကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။

“ပထမဆုံး ရင်းနှီးသော ထိတွေ့မှု'(First Intimate Contact) အကြောင်းကို မင်း သိလား” ဖုန်းယွီက လက်ရှိတွင် လူသိအများဆုံး အွန်လိုင်းစာပေ တစ်ခုကို ဥပမာပေးလိုက်သည်။

“ဪ... အဲဒါလား။ အဲဒါကို ခင်ဗျားက အွန်လိုင်း ဝတ္ထုလို့ ခေါ်တာလား။ အင်တာနက်ပေါ်မှာ တင်တဲ့ဝတ္ထုပေါ့။ အဲဒါကို ရုပ်ရှင်ရိုက်ခဲ့တယ်လို့ ကြားဖူးတယ်၊ ဒါပေမဲ့ ရုံတင်ဝင်ငွေကတော့ အကြီးအကျယ် ရှုံးနိမ့်ခဲ့တာ မဟုတ်လား။ ချန်းရှောင်ချွန်း၊ ရှူးချီ ၊ ကျန်းကျန့်လို နာမည်ကြီးတွေကို သုံးထားရက်နဲ့တောင် အကုန်အကျနည်းတဲ့ ရုပ်ရှင်ငယ်လေးတွေကိုတောင် မမီခဲ့ဘူးလေ” ဝမ်ကျုံးကျွင်းက အထင်သေးသော လေသံဖြင့် ဆိုလိုက်သည်။

သူသည် အွန်လိုင်း ဝတ္ထုများကို အထင်အမြင် သေးနေဆဲ ဖြစ်သည်။ ထိုအရာများသည် စိတ်ကူးယဉ် သက်သက်သာ ဖြစ်ပြီး၊ အင်တာနက်၏ သြဇာညောင်းမှုသည် တကယ့် စာအုပ်အစစ်များ၏သြဇာကို မည်သို့ မီပါမည်နည်း။ စာအုပ်အစစ် ထုတ်ဝေနိုင်သူများကိုသာ “စာရေးဆရာ” ဟု ခေါ်ဆိုထိုက်သည် မဟုတ်ပါလား။

“အဲဒါက နှစ် ၂၀၀၀ တုန်းက ထွက်ခဲ့တဲ့ လက်ရာလေ၊ အခုနဲ့ဆိုရင် ဘယ်နှစ်နှစ်တောင် ကြာသွားပြီလဲ။ အဲဒီတုန်းက အင်တာနက်ရဲ့ သြဇာညောင်းမှုက အခုနဲ့ ယှဉ်လို့ ရပါ့မလား။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ငါတို့ ကုမ္ပဏီက ရိုက်တဲ့ ရုပ်ရှင်ကို ကြည့်လေ၊ အင်တာနက်ကနေ ကြော်ငြာလိုက်တဲ့အခါ ရုံတင်ဝင်ငွေက မျှော်မှန်းထားတာထက် အများကြီး ပိုမတက်သွားဘူးလား။ ပြီးတော့ အဲဒီ 'ပထမဆုံး ထိတွေ့မှု' ရုပ်ရှင်မှာ သရုပ်ဆောင် ရွေးချယ်မှုကလည်း ပြဿနာ ရှိခဲ့တာပဲ။ မူရင်းထဲမှာက လူငယ်တွေလေ၊ အသက် ၂၀ ဝန်းကျင်လောက်ဆိုရင် အကောင်းဆုံးပေါ့။ ဒါပေမဲ့ သူတို့ ရွေးလိုက်တဲ့သူတွေက ကြည့်လိုက်တာနဲ့တင် အသက်ကြီးပြီး ရင့်ကျက်လွန်းနေတာ သိသာနေတာပဲ။ ဒါဟာ ငါပြောတဲ့ သရုပ်ဆောင် ရွေးချယ်မှု မှားယွင်းတဲ့ သာဓကတစ်ခုပဲ။ တကယ်တမ်းကျတော့ အဲဒီရုပ်ရှင်ရဲ့ ဝင်ငွေက ဒီထက်မက ပိုရသင့်တာ”

“နောက်ပြီး မင်း အွန်လိုင်း ဝတ္ထုတွေကို အထင်မသေးနဲ့ဦး။ 'ပထမဆုံး ရင်းနှီးတဲ့ ထိတွေ့မှု' စာအုပ်အစစ် ထွက်တဲ့အခါမှာလည်း အကြီးအကျယ် ရောင်းခဲ့ရတာပဲလေ။ အွန်လိုင်းစာပေဟာ နောင်အနာဂတ်မှာ စာပေလောကရဲ့ အစိတ်အပိုင်း ကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ ငါ အကြံပေးချင်တာကတော့... မင်း အွန်လိုင်းစာပေ ဝဘ်ဆိုက်တစ်ခုခုမှာ ရှယ်ယာ အရင်ဝင်ထည့်ထားလိုက်ပါ။ ဝတ္ထုတွေကို ရုပ်ရှင်၊ ဗီဒီယို ပြန်ရိုက်ဖို့အတွက် ဦးစားပေး မူပိုင်ခွင့်ကို ရအောင် ယူထားရမယ်။ အွန်လိုင်း ဝတ္ထုကနေ အခြေခံတဲ့ ရုပ်ရှင်တွေဟာ နောင်ကျရင် ဈေးကွက်ရဲ့ ထက်ဝက်လောက်ကို နေရာယူလာလိမ့်မယ်”

ဝမ်ကျုံးကျွင်း၏ မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ ဖုန်းယွီပြောသည်မှာ အလွန်ပင် ချဲ့ကားလွန်းသည်ဟု သူ ယူဆနေမိသည်။ အင်တာနက်နဲ့ စာပေဆိုတာ ဘယ်လိုလုပ်ပြီး ထိစပ်လို့ ရမှာလဲ။ အင်တာနက်ပေါ်က စာရေးသူတွေရဲ့ စာအရေးအသားက ဘယ်လောက်ရှိမှာမို့လို့လဲ၊ အလွန်ဆုံးရှိလှ ဇာတ်လမ်းပြောပြသူ အဆင့်လောက်ပဲ ရှိတာကို၊ သူတို့ကိုယ်သူတို့ စာရေးဆရာလို့ သတ်မှတ်လို့ ရပါ့မလား။

“မန်နေဂျာဖုန်း... ဒါကို ကျွန်တော် စဉ်းစားကြည့်ပါ့မယ်။ ပြန်သွားရင် ကုမ္ပဏီက တခြား ခေါင်းဆောင်တွေနဲ့ တိုင်ပင်ကြည့်လိုက်ဦးမယ်” ဝမ်ကျုံးကျွင်းက အပေါ်ယံမျှသာ ပြန်လည်ဖြေကြားလိုက်သည်။

ဝမ်ကျုံးကျွင်းက သူ၏ အကြံဉာဏ်ကို လက်မခံသည်ကို ဖုန်းယွီသိပ်ပြီး ဂရုမစိုက်ပါချေ။ ပြန်သွားလျှင် ဝမ်ကျစ်ရှီး နှင့် ကျန်းချောင်ယန်တို့ကို ပြောပြကြည့်ရမည်၊ ၎င်းတို့ စိတ်ဝင်စားခြင်း ရှိ၊ မရှိကိုပေါ့။ အကယ်၍ မည်သူမျှ စိတ်မဝင်စားပါကလည်း၊ ထိုက်ဟွာ အတိုင်ပင်ခံကနေတစ်ဆင့် သူကိုယ်တိုင် ရင်းနှီးမြှုပ်နှံလိုက်ရုံသာ ရှိသည်။ ဤမုန့်ချိုကြီးကို သူတစ်ယောက်တည်း စားရရုံပေါ့။

“မင်းက ကိုယ့်အမြင်မှာ ကိုယ် ခိုင်မာနေမှတော့ ငါလည်း အများကြီး မပြောတော့ပါဘူး။ အချိန်ရရင်တော့ အမေရိကန်က Elite Culture Economic Company (Creative Artists Agency - CAA) ကို တစ်ချက်လောက် လေ့လာကြည့်ပါ။ သူတို့က အနုပညာရှင်တွေကို ဘယ်လို စီမံခန့်ခွဲသလဲ ဆိုတာကိုပေါ့။ သူတို့မှာ ကိုယ်ပိုင် ရုပ်ရှင်ကုမ္ပဏီ မရှိဘူး၊ ကိုယ်ပိုင် ရုပ်ရှင်ရုံ မရှိဘူး။ ဒါပေမဲ့ ရုပ်ရှင်ကုမ္ပဏီတွေနဲ့ ရုပ်ရှင်ရုံတွေ အားလုံးက သူတို့ရဲ့ မျက်နှာကို ကြည့်ပြီး အလုပ်လုပ်နေကြရတာ”

“ငါ စုံစမ်းကြည့်သလောက်တော့... အဲဒီ ကုမ္ပဏီက ဒီနှစ်နှစ်အတွင်း တရုတ်ဈေးကွက်ထဲကို ဝင်လာဖို့ စီစဉ်နေတယ်။ သူတို့က ကမ္ဘာ့နံပါတ်တစ် အနုပညာ အကျိုးဆောင် ကုမ္ပဏီပဲ။ အကယ်၍ သူတို့နဲ့ ပူးပေါင်းနိုင်ခဲ့ရင်၊ သူတို့ရဲ့ အဆင့်မြင့် အတွေ့အကြုံတွေကို သင်ယူနိုင်ရင်တော့ Huayi Brothersအနေနဲ့ ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်လာမှာ အသေအချာပဲ။ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှု ပုံစံကို ကြည့်လိုက်ရင်တော့၊ ဖျော်ဖြေရေး စီးပွားရေးလောကရဲ့ ဂေဟစနစ် စက်မှုအဝန်းအဝိုင်း ဆိုတာ ဘာလဲဆိုတာကို မင်း သဘောပေါက်သွားပါလိမ့်မယ်”

******

အခန်း (၁၃၅၄) အားလုံးပဲ အမြော်အမြင် မရှိကြဘူး

ယခုအချိန်တွင် ဖုန်းယွီသည် အင်တာနက်မှတစ်ဆင့် ဝတ္ထုများကို မကြာခဏ ဖတ်ရှုလေ့ရှိသည်။ လက်ရှိကာလတွင် အွန်လိုင်းဝတ္ထု အများစုမှာ အခမဲ့ ဖတ်ရှုနိုင်သော အနေအထားတွင်သာ ရှိနေသေးသည်။

ပြီးခဲ့သည့်နှစ်မှစ၍ 'ယွမ်တျန့်'ဝဘ်ဆိုက်သည် VIP အခပေးစာဖတ်စနစ်ကို ပထမဆုံးအကြိမ် စတင် တီထွင်ခဲ့ခြင်း ဖြစ်ပြီး၊ ဖုန်းယွီသည်လည်း အစောဆုံးသော အခပေးစာဖတ်သူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ သို့သော် ဤအချိန်ကာလတွင် စာအုပ်ကောင်းများမှာ အလွန်ပင် ရှားပါးနေသေးသည်။ လုံးဝ မကောင်းဟု မဆိုလိုစေကာမူ၊ အရင်ဘဝတုန်းက နှစ်ပေါင်းများစွာ စာဖတ်လာခဲ့သော ဝါရင့်စာဖတ်သူကြီး ဖုန်းယွီ၏ အကြိုက်နှင့် ကိုက်ညီသော လက်ရာများမှာမူ အလွန်ပင် နည်းပါးလှပေသည်။ သို့သော် လုံးဝ မရှိသည်တော့ မဟုတ်ပါချေ။

အနည်းဆုံးအားဖြင့် ဖုန်းယွီသည် မှတ်ချက်ပေးသည့် ကဏ္ဍတွင် ရေးသားခဲ့သော သူ၏အကြံပြုချက်များမှာ၊ အချို့သော လက်ရာများ၏ ဇာတ်သိမ်းပိုင်း လမ်းကြောင်းကိုပင် ပြောင်းလဲစေခဲ့ဖူးသည်။ လက်ရှိတွင် ဖုန်းယွီ၏ အကောင့်အမည်ဖြစ်သော “ကျုံးယွမ်ရဲ့ ဆဋ္ဌမမြောက် လူဖြူ” သည် အွန်လိုင်း စာရေးဆရာများနှင့် စာဖတ်သူများကြားတွင် “ရွှေတံဆိပ် စာမြည်းဆရာ”အဖြစ်ပင် သတ်မှတ်ခြင်း ခံထားရလေသည်။

လက်ရှိတွင် စာပေဝဘ်ဆိုက်များသည် အဘယ်အရာဖြင့် ငွေရှာနေကြသနည်း။ အင်တာနက်ပေါ်တွင် လူသိများလာပြီးနောက်၊ စာအုပ်အစစ်များ ထုတ်ဝေခြင်းဖြင့်သာ အဓိက ဝင်ငွေရှာနေကြခြင်း ဖြစ်သည်။ အဓိက ထုတ်ဝေရေး ဈေးကွက်မှာမူ ထိုင်ဝမ်၏ စာလုံးကြီးဈေးကွက်ပင် ဖြစ်သည်။ ထိုဒေသသည် အရှေ့တောင်အာရှ တစ်ခုလုံးသို့ ဖြန့်ကျက်ထားသဖြင့် အလွန်ပင် စည်ကားလှပေသည်။ ထို့ပြင် အွန်လိုင်းစာပေ၏ မူပိုင်ခွင့်ခမှာ ထိုင်ဝမ်ရှိ စာအုပ်အစစ် ရေးသားသူများထက် သက်သာသဖြင့်၊ ထုတ်ဝေသူများအတွက် ကုန်ကျစရိတ် သက်သာစေကာ၊ ၎င်းတို့သည် ဤဘက်မှ မူပိုင်ခွင့်များကို ဝယ်ယူထုတ်ဝေရန် အလွန်ပင် စိတ်အားထက်သန်ကြသည်။

သို့သော် ရိုးရှင်းတရုတ်စာလုံး(Simplified Chinese)နယ်ပယ်တွင်မူ အလွန်ပင် ခက်ခဲလှပေသည်။ အဓိကအချက်မှာ ခိုးကူးလုပ်ငန်းများမှာ နေရာအနှံ့ ထွန်းကားနေသဖြင့် မူပိုင်ခွင့် ရောင်းချရန် အလွန် ခဲယဉ်းသောကြောင့် ဖြစ်သည်။ ရံဖန်ရံခါတွင် ထုတ်ဝေသူများက စိတ်ဝင်စားသည် ဆိုဦးတော့၊ ဈေးကွက်ထဲတွင် ခိုးကူးစာအုပ်များက ရောက်ရှိနေပြီ ဖြစ်သည်။ သို့မဟုတ် ထုတ်ဝေသူနှင့် ဆက်သွယ်သည့် အခါတွင်လည်း “ဒီဝတ္ထုကို အင်တာနက်မှာ အလကား ဖတ်လို့ရနေတာပဲ၊ ငါတို့က ဘာလို့ ထုတ်ဝေနေရဦးမှာလဲ” ဟု ဆိုကာ ငြင်းပယ်ခြင်း ခံရတတ်သည်။

ကျန်ရှိသောဝင်ငွေမှာမူ ကြော်ငြာများ ဖြစ်သော်လည်း ၎င်းမှာ ဝဘ်ဆိုက်၏ အမြတ်သာ ဖြစ်ပြီး စာရေးဆရာနှင့် မည်သို့မျှ မသက်ဆိုင်ပါချေ။

သို့သော် အခပေးစနစ် ပေါ်ထွက်လာပြီးနောက်တွင်မူ အရာရာမှာ ပြောင်းလဲသွားခဲ့သည်။ ဤနည်းလမ်းသည် အွန်လိုင်း စာရေးဆရာ အသစ်အမြောက်အမြား ပေါ်ထွက်လာစေရန် တွန်းအားပေးခဲ့ရုံတင်မကဘဲ၊ အရေးကြီးဆုံးမှာ ထုတ်ဝေသူများအား စာလုံးရှင်း မူပိုင်ခွင့်အပေါ် စိတ်ဝင်စားလာစေခြင်းပင် ဖြစ်သည်။ ဝတ္ထု၏ နောက်ပိုင်းအခန်းများကို အလကား ဖတ်၍ မရတော့သည့်အခါ၊ လူတွေအနေဖြင့် စာအုပ်ဝယ်ဖတ်ရန် သို့မဟုတ် ငှားဖတ်ရန် ဆုံးဖြတ်ကြရတော့မည် မဟုတ်ပါလား။

တစ်ချိန်က စာအုပ်ငှားဈေးကွက်တွင် သိုင်းဝတ္ထုများနှင့် ကာတွန်းများသာ လွှမ်းမိုးခဲ့သော်လည်း၊ ယခုအခါတွင်မူ အင်တာနက်ပေါ်မှ ဆန်းသစ်သော ဝတ္ထုများ ပေါ်ထွက်လာခြင်းက လူထု၏ အကြိုက်နှင့် ကိုက်ညီနေခဲ့သည်။

ဖုန်းယွီသည် အနာဂတ်တွင် တရုတ်ပြည်၏ အွန်လိုင်း ဝတ္ထုများသည် အာရှကို ကျော်ဖြတ်၍ ကမ္ဘာ့အဆင့်အထိ ရောက်ရှိသွားမည်ကို ကောင်းစွာ သိရှိထားသည်။ သေချာပေါက် ၎င်းတို့အနက်မှ အကောင်းဆုံး လက်ရာအချို့သာ ဖြစ်စေဦးတော့၊ အနည်းဆုံးအားဖြင့် တရုတ်အသိုင်းအဝိုင်း ကြားတွင်မူ ဤအွန်လိုင်း ဝတ္ထုများသည် အလွန်ပင် ရေပန်းစားနေပြီး စာဖတ်သူ သန်းပေါင်းများစွာ ရှိနေမည် ဖြစ်သည်။ အထူးသဖြင့် ဖုန်းဖြင့် စာဖတ်နိုင်သော ဆော့ဖ်ဝဲလ်များ ပေါ်ထွက်လာသည့် အခါတွင်မူ စာဖတ်သူဦးရေမှာ တဟုန်ထိုး မြင့်တက်လာမည်ဖြစ်ကာ အခပေးဖတ်ရှုသူ အရေအတွက်မှာလည်း ကြောက်ခမန်းလိလိ တိုးတက်လာပေလိမ့်မည်။

သို့သော် ယခုအချိန်တွင်မူ ဤလုပ်ငန်းမှာ ငွေထင်သလောက် မရသေးပါချေ။ စာရေးဆရာများသာမက စာပေဝဘ်ဆိုက်ကို စီမံခန့်ခွဲသော ကုမ္ပဏီများမှာလည်း အမြတ်အစွန်း နည်းပါးနေဆဲ ဖြစ်သည်။

ဒါပေမဲ့ အနာဂတ် တရုတ်ပြည်ရဲ့ ရုပ်ရှင်နဲ့ဗီဒီယို အမြောက်အမြားဟာ ဤအွန်လိုင်းစာပေတွေကနေ ပြန်လည်ပြုပြင်မွမ်းမံထားတာတွေ ဖြစ်လာမှာဖြစ်သလို၊ အွန်လိုင်းဂိမ်း၊ ဖုန်းဂိမ်း၊ ကာတွန်းနဲ့ အန်နီမေးရှင်း စတာတွေဟာလည်း ဤအရာတွေအပေါ် အခြေခံလာမှာ ဖြစ်သည်။ ဒါဟာ တကယ့်ကို ဧရာမ စက်မှုလုပ်ငန်းကြီး တစ်ခု ဖြစ်လာမှာပေါ့။

ဝမ်ကျုံးကျွင်းအနေဖြင့် ဤအချက်ကို မမြင်နိုင်ခြင်းမှာ သဘာဝကျလှပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အင်တာနက် လောကထဲမှ လူတစ်ဦး မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် ဖုန်းယွီကတော့ ကျန်းချောင်ယန်တို့လို လူတွေကတော့ ဤအလားအလာကို မြင်နိုင်လိမ့်မည်ဟု ယူဆထားခဲ့သည်။

“ဗျာ။ ခင်ဗျားက စိတ်မဝင်စားဘူး ဟုတ်လား” ဖုန်းယွီသည် ဝမ်ကျစ်ရှီးကို အံ့သြစွာ ကြည့်လိုက်မိသည်။

“မန်နေဂျာဖုန်း... ဒီလို အခပေးစနစ်က ငွေဘယ်လောက်များ ရမှာမို့လို့လဲ။ ဝဘ်ဆိုက်တစ်ခုကို ထိန်းသိမ်းဖို့ ကုန်ကျစရိတ်က ဘယ်လောက်တောင် ရှိသလဲ။ ပြီးတော့ စာအုပ်တစ်အုပ် တက်လာပြီး မကြာခင်မှာပဲ ခိုးကူးတွေက နေရာအနှံ့ ရောက်နေတာလေ။ တကယ်တမ်း ငွေပေးဖတ်မယ့်သူက ဘယ်နှစ်ယောက် ရှိမှာမို့လို့လဲ။ ဒီလုပ်ငန်းဟာ ခိုးကူးမှုတွေကြောင့် မကြာခင်မှာပဲ ပျက်စီးသွားမှာပါ။ ပြည်ပနိုင်ငံတွေကို ကြည့်လိုက်ပါဦး၊ ဒီလိုမျိုး မရှိပါဘူး”

ဖုန်းယွီမျက်လုံးတစ်ချက် ဝေ့လိုက်မိသည်။ 'ဒါက ဘယ်လို စကားမျိုးလဲ၊ ပြည်ပကဟာမှ သေချာပေါက် ကောင်းရမယ်လို့ မင်း ထင်နေတာလား' ဟု သူ စိတ်ထဲမှ ဆိုလိုက်သည်။ ပြည်ပမှာ အင်တာနက် စနစ်က တရုတ်ပြည်ထက် ကောင်းတာ မှန်ပေမဲ့၊ အင်တာနက်ကနေ ဆင့်ပွားလာတဲ့ ထုတ်ကုန်တွေမှာတော့ တရုတ်ပြည်ထက် သာမယ်လို့ မဆိုလိုပါဘူး။ ဒီမှာကြည့်... 'တရုတ်ကွန်ရက်'ဆိုရင် ပြည်တွင်းမှာ အောင်မြင်နေမှ၊ ပြည်ပက အခုမှ လိုက်ပြီး အတုလုပ်နေတာ မဟုတ်လား။

“ဒါပေမဲ့ နည်းပညာ နည်းလမ်းတွေ သုံးပြီး ခိုးကူးမှုကို ထိန်းချုပ်လို့ ရနိုင်ရင်ကော”

“ဒါကတော့ မလွယ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့ရဲ့ဘလော့ဂ် ပေါ်မှာလည်း ဝတ္ထုရှည်တွေ ရေးနေကြတာ အများကြီးပါ၊ ဒါပေမဲ့ ဒါတွေက ကိုယ်တွေ့ မှတ်တမ်းလေးတွေလောက်ပဲမို့လို့ တန်ဖိုး သိပ်မရှိပါဘူး”

“ကောင်းပြီလေ... ဒါဆိုရင် တခြားလူတွေကိုပဲ ငါ မေးကြည့်လိုက်တော့မယ်”

“မန်နေဂျာဖုန်း... အွန်လိုင်း ဝတ္ထု ဝဘ်ဆိုက်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆိုတာကတော့... ဒါက အနာဂတ် ရှိပါ့မလား။ ကျွန်တော်တို့ ဝဘ်ဆိုက်က မူပိုင်ခွင့် လုပ်ငန်းတွေ လုပ်နေတာ မှန်ပေမဲ့၊ ဒါတွေက ဗီဒီယို မူပိုင်ခွင့်တွေလေ။ ဝတ္ထုဆိုတာက ဒါနဲ့ လုံးဝကွဲပြားတာပါ။ ဒါပေမဲ့ ခင်ဗျားက အနာဂတ် ရှိတယ်လို့ ပြောမှတော့... ကျွန်တော် ကိုယ်ပိုင်ငွေနဲ့ နည်းနည်းလောက် ထည့်ကြည့်ရမလား” ကျန်းချောင်ယန်က အားနာသလို မေးလိုက်သည်။

“တော်ပါပြီ... ခင်ဗျားကို အခက်မတွေ့စေချင်ပါဘူး။ တခြားလူတွေကိုပဲ မေးကြည့်လိုက်ပါ့မယ်”

“မန်နေဂျာဖုန်း စိတ်ချပါ။ အကယ်၍ ဝဘ်ဆိုက်ကို ကြော်ငြာဖို့ လိုအပ်လာရင်တော့ ကျွန်တော်တို့ဘက်က အစွမ်းကုန် ကူညီပေးပါ့မယ်။ ဈေးနှုန်းကိုလည်း အနိမ့်ဆုံးပဲ ထားပေးမှာပါ”

တင်းလေ့သည်လည်း ဖုန်းယွီ၏ စကားကို နားထောင်ပြီးနောက် ခက်ခဲလိမ့်မည်ဟု ယူဆနေသည်။ အနည်းဆုံးတော့ လက်ရှိ အခြေအနေတွင် ဤလုပ်ငန်းမှာ အကြီးအကျယ် အောင်မြင်လာမည့် အလားအလာကို သူ မမြင်မိပါချေ။ ငွေရနိုင်သည်မှာ မှန်သော်လည်း၊ ဧရာမ အမြတ်အစွန်းကြီး ရနိုင်သည် ဆိုသည်မှာမူ အလွန်ပင် ချဲ့ကားလွန်းသည်ဟု သူ ထင်မြင်မိသည်။

သူသည် ကျန်းချောင်ယန်တို့နှင့်အတူ လောလောဆယ်တွင် အခြေအနေကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ ထိုအွန်လိုင်း စာပေဝဘ်ဆိုက်များ၏ တန်ဖိုးမှာ လက်ရှိတွင် မမြင့်မားလှသေးသဖြင့်၊ အကယ်၍ အမှန်တကယ် အလားအလာ ရှိလာပါက နောက်မှ ရင်းနှီးမြှုပ်နှံလျှင်ပင် မနှေးသေးဟု ၎င်းတို့က ယူဆထားကြသည်။ သို့မဟုတ်လျှင်လည်း မိမိတို့ဘာသာ ဝဘ်ဆိုက်တစ်ခု အသစ်ထောင်လိုက်ရုံသာ မဟုတ်ပါလား။

လီရန့်ဟုန်သည်လည်း ဖုန်းယွီ၏စကားကို ကြားသည့်အခါ အလွန်ပင် တုံ့ဆိုင်းနေခဲ့သည်။ လက်ရှိ သူတို့၏ Baiduပေ့ချ်များတွင် ဝတ္ထုရှည်များ ရေးသားနေကြသည်မှာ မနည်းလှသော်လည်း ငွေရနေသည်ကိုမူ သူ မတွေ့ရပါချေ။ အခပေးစနစ် ဆိုသည်မှာလည်း အဆင့်မြင့်သော နည်းပညာများ လိုအပ်လှပေသည်။ ထိုဝတ္ထုဝဘ်ဆိုက်များတွင် ဘာခက်ခဲလို့လဲ၊ ဒေတာ သိမ်းဆည်းမယ့် ဆာဗာတစ်ခုရှိပြီး လင့်ခ်လေးတွေ ချိတ်ပေးထားရုံပဲလေ။ ဘယ်သူမဆို လိုက်ပြီး အတုလုပ်နိုင်တာကို ဘယ်လိုနည်းနဲ့ ငွေရှာမှာလဲ။

တရုတ်ပြည်သည် မူပိုင်ခွင့် ကာကွယ်ရေးကို ယခင်ထက် ပိုမိုအလေးထားလာသည်မှာ မှန်သော်လည်း၊ အင်တာနက်ပေါ်က အရာများကို ဖမ်းဆုပ်ရန်မှာ အလွန်ခက်ခဲလှပေသည်။ ထို့ပြင် ထိုခိုးကူးသူများမှာလည်း စီးပွားဖြစ် ရည်ရွယ်ချက် မဟုတ်ပါက တာဝန်ယူမှုကို သတ်မှတ်ရန်မှာလည်း မလွယ်ကူပါချေ။

ကဲ... နောက်တစ်ယောက်ကလည်း ငြင်းလိုက်ပြန်ပြီ။

မာယွန်းကို မေးကြည့်သည့် အခါတွင်မူ၊ Alibabaဘက်တွင် အလုပ်တွေ များလွန်းသဖြင့် အွန်လိုင်း ဝတ္ထုတွေကို စိတ်ဝင်စားဖို့ အချိန်မရှိကြောင်း၊ ထို့ထက်ပိုသည်မှာ သူကိုယ်တိုင်လည်း ဝတ္ထုဖတ်ဖို့ အချိန်မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

ရွှီတကျူကတော့ အနည်းငယ် စိတ်ဝင်စားပုံ ရသော်လည်း၊ ဖုန်းယွီပြောသလောက် စည်ကားလာလိမ့်မည်ဟု မထင်ပါချေ။ သူကတော့ ဖုန်းယွီသည် အလွန်အမင်း အကောင်းမြင်လွန်းနေသည်ဟု ယူဆထားသည်။ ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်းမှာ သိပ်မမြင့်နိုင်သော်လည်း၊ အကယ်၍ ဖုန်းယွီက ရှယ်ယာရှင် အမြောက်အမြား စုစည်းလိုပါက သူ ပါဝင်ပေးနိုင်သည်ဟု ဆိုလိုက်သည်။

ဖုန်းယွီတစ်ယောက် ဒေါသထွက်လွန်းသဖြင့် သေပင်သေသွားနိုင်သည်။ ရွှီတကျူကတော့ သူ၏ လှပ်ရှားမှုများကို အသုံးချကာ စတော့ဈေးကွက်တွင် ငွေရှာရန်သာ စိတ်ကူးနေသည် မဟုတ်ပါလား။

နောက်ဆုံးတွင် မားဟွားထန်ကို မေးမြန်းလိုက်သည်။ အရင်ဘဝတုန်းက ဤပုဂ္ဂိုလ်သည် တရုတ်အွန်လိုင်း စာပေလောက၏ ထက်ဝက်ကျော်ကို သိမ်းပိုက်ထားခဲ့သူ မဟုတ်ပါလား။ သူကတော့ စိတ်ဝင်စားလိမ့်မည်ဟု ဖုန်းယွီမျှော်လင့်ထားခဲ့သည်။ ထို့ပြင် ၎င်းတို့၏ OQ နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ပိုကောင်းမွန်သော ဖြန့်ချိရေး လမ်းကြောင်းများကို ရရှိနိုင်မည် ဖြစ်သည်။

သို့သော် မားဟွားထန်ကလည်း ဖုန်းယွီအား ပြန်လည် ပြောကြားသည်မှာ သူလည်း အားအင်မရှိတော့ပါကြောင်း၊ လက်ရှိတွင် ကုမ္ပဏီမှ လုပ်ဆောင်နေသော OQ Space ကဲ့သို့သော လုပ်ငန်းများမှာပင် ရန်ပုံငွေနှင့် နည်းပညာ ဝန်ထမ်း အမြောက်အမြားကို အသုံးပြုနေရကြောင်း ဖြစ်သည်။ ဤအွန်လိုင်း ဝတ္ထုလောကမှာ ကြည့်ရတာ မဆိုးလှသော်လည်း၊ လတ်တလောတွင်မူ ရင်းနှီးမြှုပ်နှံရန် အစီအစဉ် မရှိသေးကြောင်း၊ နောက်ထပ် နှစ်နှစ်လောက် ကြာမှသာ စဉ်းစားကြည့်မည် ဖြစ်ကြောင်း ဆိုလိုက်သည်။

သူ၏ဆိုလိုရင်းမှာလည်း အခြေအနေကို စောင့်ကြည့်ဦးမည် ဟူ၍ပင်။ ဘာပဲဖြစ်ဖြစ် သူတို့ ကုမ္ပဏီတွင် အသုံးပြုသူဦးရေ အမြောက်အမြား ရှိနေသဖြင့်၊ နောင်ကျမှ ကိုယ့်ဘာသာ လုပ်ဆောင်လျှင်ပင် ကြီးထွားလာနိုင်သည်ဟု သူ ယူဆထားခြင်း ဖြစ်သည်။

တစ်ပတ်လုံး လှည့်မေးခဲ့စေကာမူ စိတ်ဝင်စားသည့် ကုမ္ပဏီ တစ်ခုမျှ မရှိခဲ့ပါချေ။

ဖုန်းယွီသည် ဖုန်းကို ချက်ချင်း ကောက်ကိုင်ကာ စွန်းလီကျဲထံသို့ ဖုန်းဆက်လိုက်သည်။ “လောင်စွန်း ... ဟို 'ယွမ်တျန့်'လို့ ခေါ်တဲ့ ဝဘ်ဆိုက်ကို သွားပြီးစုံစမ်းကြည့်လိုက်ပါ။ သူတို့တွေ ရင်းနှီးမြှုပ်နှံမှု လိုချင်သလားဆိုတာကိုပေါ့”

စွန်းလီကျဲသည် မည်သို့မျှ ပြန်လည် မမေးခွန်းထုတ်ဘဲ၊ လူများကို ချက်ချင်း စုံစမ်းရန် မှာကြားလိုက်သလို၊ သူကိုယ်တိုင်လည်း ထိုဝဘ်ဆိုက်ကို ဝင်ရောက် ကြည့်ရှုနေလိုက်သည်။

အွန်လိုင်း ဝတ္ထုတွေ တင်တဲ့ ဝဘ်ဆိုက် ဟုတ်လား... ဒါက... တကယ်ပဲ ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်လို့လား။

သို့သော်လည်း မန်နေဂျာဖုန်းကိုယ်တိုင် ပြောမှတော့ စမ်းကြည့်တာပေါ့။ မန်နေဂျာဖုန်းရဲ့အမြော်အမြင်က ဘယ်တုန်းက မှားခဲ့ဖူးလို့လဲ။ သူ သဘောကျတဲ့ လုပ်ငန်းမှန်သမျှဟာ ဘယ်တော့မှ မကျရှုံးခဲ့ဖူးဘူးလေ။ ဒီဝတ္ထု ဝဘ်ဆိုက်ကလည်း တကယ်ပဲ ငွေတွေ အများကြီး ရှာပေးနိုင်မလား ဆိုတာကိုပေါ့...။

******

All Chapters