← Chapters

အခန်း (၁၃၅၅-၁၃၅၇)

Vol. 92 Ch. 1355-1357

အခန်း (၁၃၅၅-၁၃၅၇)

Vol. 92 Ch. 1355-1357

အခန်း (၁၃၅၅) 'ယွမ်တျန့်' ဝဘ်ဆိုက်၏ ရှယ်ယာများကို ဝယ်ယူခြင်း

ထိုအချိန်၌ 'ယွမ်တျန့်'တရုတ်စာပေဝဘ်ဆိုက်အား Shengda နည်းပညာ ဟု အမည်ရသော ကုမ္ပဏီတစ်ခုက ဝယ်ယူသိမ်းပိုက်ထားပြီး ဖြစ်သည်။ မူလတည်ထောင်သူများသည်လည်း ရှယ်ယာအနည်းငယ်စီကိုသာ ဆက်လက်ထိန်းသိမ်းထားကြပြီး၊ အပြန်အလှန်အားဖြင့် ငွေသားအမြောက်အမြားကို လက်ဝယ်ရရှိထားကြပြီဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် ဤဝဘ်ဆိုက်၌ ရင်းနှီးမြှုပ်နှံလိုပါက Shengda နည်းပညာ၏ သဘောတူညီချက်ကို ရယူရန် မဖြစ်မနေ လိုအပ်နေခဲ့သည်။ စွန်းလီကျဲသည် ဖုန်းအချို့ကို ဆက်သွယ်လိုက်ပြီးနောက်၊ မကြာမီမှာပင် ထို Shengda နည်းပညာ၏ အကြီးအကဲနှင့် ဆုံတွေ့ရန် ချိန်းဆိုနိုင်ခဲ့လေသည်။

Shengda နည်းပညာ၏ အကြီးအကဲ ချန်တာ့ချောင်သည် သူ၏ ရုံးခန်းအတွင်း၌ ထိုင်နေရင်း 'ထိုက်ဟွာ အတိုင်ပင်ခံ'၏ ဥက္ကဋ္ဌ စွန်းလီကျဲကို ကြိုဆိုရန် ပြင်ဆင်နေသည်။ စွန်းလီကျဲသည် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုလောကတွင် နာမည်ကျော် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ အင်တာနက် နည်းပညာကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရသည်ကို အထူးနှစ်သက်သူဖြစ်ကြောင်း သူ ကြားသိထားသည်။ 'သူက ငါတို့ Shengda နည်းပညာမှာ ရင်းနှီးမြှုပ်နှံဖို့ လာတာလား။' ဟု ချန်တာ့ချောင် တွေးတောရင်း စိတ်လှုပ်ရှားနေမိသည်။

သူတို့သည် မကြာသေးမီကမှ ပထမအဆင့် ရန်ပုံငွေ ရှာဖွေခြင်းကို ပြုလုပ်ခဲ့သော်လည်း၊ ထိုငွေများမှာလည်း အလျင်အမြန်ပင် ပြန်လည်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သဖြင့် ကုန်လုနီးပါး ဖြစ်နေချေပြီ။ အကယ်၍ ဒုတိယအဆင့် ရန်ပုံငွေသာ ရရှိခဲ့မည်ဆိုပါက၊ မူလရင်းနှီးမြှုပ်နှံမှုများမှ အမြတ်အစွန်းများ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းနိုင်မည်ဖြစ်ကာ ကုမ္ပဏီမှာလည်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားပေလိမ့်မည်။ နောက်ထပ် နှစ်နှစ်အတွင်းမှာပင် ကုမ္ပဏီကို စတော့ဈေးကွက်သို့ တင်နိုင်ကောင်း တင်နိုင်ပေလိမ့်မည်။

အတွင်းရေးမှူးက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ရုံးခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ ချန်တာ့ချောင်သည် သူ၏ စားပွဲနောက်မှ အလျင်အမြန် ထွက်လာပြီး လက်ကို လှမ်းကမ်းလိုက်ကာ - “ဥက္ကဋ္ဌစွန်းရောက်လာတာကို ကြိုဆိုပါတယ်ဗျာ၊ အဝေးကြီးအထိ ထွက်မကြိုနိုင်တာ ခွင့်လွှတ်ပါ”

“ကျွန်တော်ကလည်း ကိစ္စမရှိဘဲ ခင်ဗျားဆီကို မလာပါဘူး။ ဒီနေ့ မစ္စတာချန်ကို လာတွေ့တာက စီးပွားရေးအကြောင်း နည်းနည်း ဆွေးနွေးချင်လို့ပါ”

ချန်တာ့ချောင်သည် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားခဲ့သည်။ 'မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီဥက္ကဋ္ဌစွန်းက တကယ်ပဲ ရင်းနှီးမြှုပ်နှံဖို့ လာတာကိုး၊ ဒါဟာ တကယ့်ကို အချိန်ကိုက်ပါပဲ' ဟု သူ တွေးလိုက်မိသည်။

“ဥက္ကဋ္ဌစွန်း က ကျွန်တော်တို့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံချင်လို့လား”

“မှန်ပါတယ်။ ဒါမှမဟုတ် ပိုပြီး တိတိကျကျ ပြောရရင်... ခင်ဗျားတို့ ကုမ္ပဏီလက်အောက်က ဝဘ်ဆိုက်တစ်ခုကို ကျွန်တော်တို့ သဘောကျနေတာပါ။ အကယ်၍ ခင်ဗျားတို့ဘက်က လွှဲပြောင်းပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ တိုက်ရိုက် ဝယ်ယူလိုက်ချင်ပါတယ်” စွန်းလီကျဲသည် စကားကို လှည့်ပတ်မနေတော့ဘဲ သူ၏ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပင် ဖော်ပြလိုက်သည်။

“ဘယ်ဝဘ်ဆိုက်ကို ပြောတာလဲဗျ”

'Shengda' နည်းပညာသည် တည်ထောင်ခဲ့သည်မှာ မကြာသေးစေကာမူ၊ ၎င်း၏လက်အောက်တွင် ဝဘ်ဆိုက်အမြောက်အမြား ရှိနှင့်နေပြီဖြစ်သည်။ ၎င်းတို့ထဲတွင် ဂိမ်းကိုယ်စားလှယ် လုပ်ငန်း၊ အွန်လိုင်း ဝတ္ထုဝဘ်ဆိုက်နှင့် အွန်လိုင်း ဝန်ဆောင်မှုများ စသည်ဖြင့် ပါဝင်နေသည်။

“ခင်ဗျားတို့ မကြာသေးခင်ကမှ ဝယ်ယူထားတဲ့ 'ယွမ်တျန့်'တရုတ်စာပေ ဝဘ်ဆိုက်ကိုပါ။ ကျွန်တော်တို့က ဒီလို ဆန်းသစ်တဲ့ စက်မှုလုပ်ငန်းတွေကို တော်တော်လေး စိတ်ဝင်စားလို့ပါ”

မူလက ချန်တာ့ချောင် ထင်မှတ်ထားသည်မှာ စွန်းလီကျဲ စိတ်ဝင်စားသည်မှာ ဂိမ်းကိုယ်စားလှယ်လုပ်ငန်း ဖြစ်လိမ့်မည်ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် 'ထိုက်ဟွာ ဟိုးဒင်း အုပ်စု'လက်အောက်တွင် 'Songjiang ဂိမ်း'ဟူသော နာမည်ကြီး ကုမ္ပဏီ ရှိနေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည်လည်း 'Songjiang ဂိမ်း'မှ ထုတ်လုပ်သော ဂိမ်းအချို့၏ ကိုယ်စားလှယ်များ မဟုတ်ပါလား။

သို့မဟုတ်လျှင်လည်း အွန်လိုင်း ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပေလိမ့်မည်။ ဤနယ်ပယ်တွင်လည်း ၎င်းတို့သည် တရုတ်ပြည်၏ ရှေ့တန်းတွင် ရှိနေသည် မဟုတ်ပါလား။ သို့သော် တစ်ဖက်လူက စိတ်ဝင်စားနေသည်မှာ ဤအွန်လိုင်း ဝတ္ထုဝဘ်ဆိုက် ဖြစ်နေလိမ့်မည်ဟု သူ ဘယ်လိုမှ ထင်မှတ်မထားခဲ့ပါချေ!

“ဥက္ကဋ္ဌစွန်း... ခင်ဗျား ပြောသလိုပါပဲ၊ ဒါက ကျွန်တော်တို့ အခုမှ ဝယ်ယူထားတဲ့ ဝဘ်ဆိုက်လေးပါ။ ဒါကို ချက်ချင်းကြီးတော့ ပြန်မရောင်းနိုင်ပါဘူး”

“ငါ ဈေးနှုန်းကို ၂၀ ရာခိုင်နှုန်း ထပ်တိုးပေးမယ်”

ဝယ်ယူပြီး မကြာခင်မှာတင် ၂၀ ရာခိုင်နှုန်းသော အမြတ်ကို ရရှိနိုင်ခြင်းမှာ အလွန်ပင် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုဟု ဆိုရပေမည်။ သို့သော် ချန်တာ့ချောင်ကိုယ်တိုင်နှင့် သူ၏အဖွဲ့သည် ဤဆန်းသစ်သော လုပ်ငန်းအပေါ်တွင် များစွာမျှော်လင့်ချက် ထားရှိထားကြသည်။ ၎င်းသည် တရုတ်ပြည်၏ဝတ္ထုလောကကို တော်လှန်ပြောင်းလဲပစ်လိမ့်မည်ဟု သူတို့ ယုံကြည်နေကြသည်။

“ဥက္ကဋ္ဌစွန်း... တကယ်ပဲ အားနာပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ တကယ်ပဲ မရောင်းနိုင်ပါဘူး”

“ဒါဆိုရင်လည်း... ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံတာပေါ့။ ခင်ဗျားတို့ရဲ့ အဲဒီ ဝတ္ထုဝဘ်ဆိုက်မှာ ကျွန်တော်တို့က ရှယ်ယာအများစုကို ထိန်းချုပ်မယ်၊ ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ 'Shengda' နည်းပညာ တစ်ခုလုံးမှာပဲ ကျွန်တော်တို့က ရှယ်ယာအများစုကို ယူမယ်လေ” စွန်းလီကျဲသည် သူ၏ ဒုတိယမြောက် စီမံချက်ကို ချက်ချင်းပင် ချပြလိုက်သည်။

“ဥက္ကဋ္ဌစွန်း... ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရှယ်ယာ ထိန်းချုပ်ခွင့်ကိုတော့ ပေးဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့မှာ တခြား ရှယ်ယာရှင်တွေလည်း ရှိသေးတော့၊ သူတို့လည်း သဘောတူမှာ မဟုတ်ဘူး။ အကယ်၍ 'ထိုက်ဟွာ အတိုင်ပင်ခံ' က ရှယ်ယာ အနည်းငယ်ပဲ ပါဝင်ချင်တာဆိုရင်တော့ ကျွန်တော်တို့ ဆွေးနွေးကြည့်လို့ ရတာပေါ့”

ချန်တာ့ချောင်သည် သူ၏ ကုမ္ပဏီကို ရောင်းချမည် မဟုတ်ပါချေ။ ဤသည်မှာ သူ၏ဝမ်းရေးအလုပ် ဖြစ်သလို၊ အဆိုးဆုံး အခြေအနေတွင် ဒုတိယအဆင့် ရန်ပုံငွေ ရှာဖွေခြင်းကိုသာ လုပ်ဆောင်မည်ဖြစ်ကာ၊ မဲပေးပိုင်ခွင့်ကိုတော့ သူ၏ လက်ထဲတွင်သာ အမြဲ ရှိနေစေရမည် ဖြစ်သည်။

“ရှယ်ယာ အနည်းငယ်ပဲ ယူရမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ရင်းနှီးမြှုပ်နှံမှု ပမာဏက သိပ်ပြီး မြင့်မှာမဟုတ်ဘူးနော်” စွန်းလီကျဲ က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

အမှန်စင်စစ် သူသည် ရှယ်ယာ ထိန်းချုပ်မှုအာဏာကို တောင်းဆိုခဲ့ခြင်းမှာ ဈေးနှိမ်ရန်အတွက်သာ ဖြစ်သည်။ အကယ်၍ ရှယ်ယာ အများစုကို ထိန်းချုပ်ခွင့် ရမည်ဆိုပါက ဈေးကြီးပေးရန် ပြဿနာ မရှိသော်လည်း၊ ရှယ်ယာ အနည်းငယ်အတွက်မူ သူသည် ပုံမှန်ဈေးထက် ပိုပေးရန် အစီအစဉ် မရှိပါချေ။

နှစ်ဦးနှစ်ဖက်စလုံး၏ ဘုံသဘောထားမှာ တူညီသွားပြီဖြစ်ရာ၊ နောက်ပိုင်း ဆွေးနွေးပွဲများမှာမူ ပို၍လွယ်ကူသွားခဲ့သည်။ တစ်ဖက်က ရှယ်ယာ ဝင်ချင်နေသလို၊ အခြားတစ်ဖက်ကလည်း ငွေကို အသည်းအသန် လိုအပ်နေသဖြင့် ဆွေးနွေးပွဲမှာ အလွန်ပင် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။

စွန်းလီကျဲသည် 'ထိုက်ဟွာ အတိုင်ပင်ခံ' ကို ကိုယ်စားပြုကာ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ 'ယွမ်တျန့်' တရုတ်စာပေ ဝဘ်ဆိုက်၏ ရှယ်ယာ ၃၃ ရာခိုင်နှုန်းကို ရရှိခဲ့သည့်အပြင်၊ အဆင့်မြင့် စီမံခန့်ခွဲသူ နေရာတစ်ခုကိုပါ ရယူနိုင်ခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် စွန်းလီကျဲကိုယ်တိုင်မှာလည်း ဤအွန်လိုင်း ဝတ္ထုလောကကို လုံးဝနားမလည်ပါချေ။ 'ထိုက်ဟွာ ဟိုးဒင်း အုပ်စု' တစ်ခုလုံးတွင်ပင် နားလည်သူ ရှိလိမ့်မည် မဟုတ်ပါချေ။ ဟူရွန့် တို့လောက်သာ နည်းနည်း သိကောင်းသိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အလုပ်မှာလည်း စာအုပ်ထုတ်ဝေရေးနှင့် အနည်းငယ် ပတ်သက်နေသောကြောင့် ဖြစ်သည်။

“မန်နေဂျာဖုန်း... 'ယွမ်တျန့်'ဝဘ်ဆိုက်မှာ ကျွန်တော်တို့ ငွေရင်းနှီးမြှုပ်နှံလိုက်ပြီး ရှယ်ယာ သုံးပုံတစ်ပုံကို ရလိုက်ပါပြီ။ ဒီလောက်ဆိုရင် လုံလောက်ရဲ့လား” စွန်းလီကျဲက ဖုန်းဖြင့် မေးမြန်းလိုက်သည်။

“ရှယ်ယာ ဘယ်လောက်ရတယ်ဆိုတာက အရေးမကြီးပါဘူး။ ဒါပေမဲ့ ငါပြောထားတဲ့ 'မူပိုင်ခွင့် ပြန်လည်ပြုပြင်ဖန်တီးခွင့်'ကို ဦးစားပေး ရယူပိုင်ခွင့်ဆိုတဲ့ အချက်ကော စာချုပ်ထဲမှာ ပါရဲ့လား” ဖုန်းယွီက အလေးအနက်ထား၍ မေးလိုက်သည်။

“ပါပါတယ်ဗျာ။ ဒီအချက်ကို ကျွန်တော် တောင်းဆိုတဲ့အခါ သူတို့ဘက်ကလည်း ဘာမှကန့်ကွက်တာ မရှိပါဘူး။ အခုလောလောဆယ် အွန်လိုင်း ဝတ္ထုတွေမှာ မူပိုင်ခွင့် ပြန်ရိုက်ကူးတာမျိုးက ဘာမှ မရှိသေးဘူး မဟုတ်လား”

“အခု မရှိသေးတာက နောင်ကျရင် ရှိမလာဘူးလို့ မဆိုလိုပါဘူး။ ငါတို့ ဂိမ်းတွေလည်း ထုတ်နေတာကို မမေ့နဲ့လေ။ နောင်ကျရင် ငါတို့ဂိမ်းတွေရဲ့ နောက်ခံဇာတ်လမ်းတွေကို ဒီအွန်လိုင်းစာရေးဆရာတွေကို ရေးခိုင်းလို့ရတယ်။ ဒါဟာ တစ်ဖက်လှည့်နဲ့ ငါတို့ဂိမ်းတွေရဲ့ လူသိများမှုကို မြှင့်တင်ပေးသလို ဖြစ်စေမှာပါ။ ပြောင်းပြန်အနေနဲ့ကြည့်ရင်လည်း သူတို့ရဲ့ ဇာတ်လမ်းတွေကသာ တကယ် ကောင်းနေမယ်ဆိုရင် ဘာလို့ ဂိမ်းအဖြစ် ပြန်မဖန်တီးနိုင်ရမှာလဲ” ဖုန်းယွီက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

စွန်းလီကျဲ ထိုအခါမှသာ ဖုန်းယွီ၏ အဓိက ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။ သို့သော်လည်း သူသည် ဝတ္ထုကို ဂိမ်းအဖြစ် ပြန်လည် ပြုပြင်ဖန်တီးခြင်းမှာ မဖြစ်နိုင်သယောင် ထင်မြင်နေဆဲ ဖြစ်သည်။ ဝတ္ထုဆိုသည်မှာ ဇာတ်လမ်းတစ်ပုဒ် သို့မဟုတ် အလွန်ရှည်လျားသော ပုံပြင်တစ်ပုဒ်မျှသာ မဟုတ်ပါလား။ ၎င်းကို ရုပ်ရှင် သို့မဟုတ် ဇာတ်လမ်းတွဲအဖြစ် ပြန်ရိုက်တာကမှ ဂိမ်းလုပ်တာထက် ပိုပြီး အကျိုးအကြောင်း ခိုင်လုံဦးမည်ဟု သူ ထင်နေမိသည်။

စွန်းလီကျဲသည်လည်း အခြားသူများကဲ့သို့ပင် အွန်လိုင်း ဝတ္ထုများကို လုံးဝ မဖတ်ဖူးပါချေ။ ထို့ကြောင့် ဤအွန်လိုင်း ဝတ္ထုလောကမှာ နောင်အနာဂတ်တွင် မည်မျှအထိ ကြီးမားသော အလားအလာ ရှိနေသည်ကို သူ လုံးဝ မခန့်မှန်းနိုင်ခဲ့ပါချေ။ တကယ်တော့ ဝတ္ထုကို ဂိမ်းအဖြစ် ပြန်ရိုက်ခြင်းမှာလည်း အသစ်အဆန်း မဟုတ်ပါချေ။ ဟယ်ရီပေါ်တာကိုပင် ဂိမ်းအဖြစ် ဖန်တီးထားပြီးပြီ မဟုတ်ပါလား။

ထို့အပြင် ကာတွန်းကို ဂိမ်းအဖြစ် ပြောင်းလဲခြင်း၊ အန်နီမေးရှင်း၊ ရုပ်ရှင်နှင့် ဗီဒီယိုများကို ဂိမ်းအဖြစ် ပြောင်းလဲခြင်း စသည်တို့မှာလည်း မဖြစ်နိုင်စရာ မရှိပါချေ။

လက်ရှိတွင်မူ နတ်ဘုရားဝတ္ထု (ရှန်းရှ) နှင့် စိတ်ကူးယဉ် ဝတ္ထုများမှာ များစွာ မပေါ်ထွက်သေးဘဲ၊ မြို့ပြ အခြေခံ ဝတ္ထုများသာ အဓိက ဖြစ်နေခဲ့သည်။ သို့သော် အွန်လိုင်း တ္ထု၏ စာဖတ်သူ ပရိသတ်မှာ စုံလင်လှပေသည်။ လက်ရှိတွင် ထိုအမျိုးအစားများ မရှိသေးစေကာမူ၊ ၎င်းတို့ကို လမ်းကြောင်းဖော်ပေး၍ရသည် မဟုတ်ပါလား။

ယခုအချိန်သည် အလွန်စောနေသေးပြီး အွန်လိုင်း ဝတ္ထုလောကသည် ကျောက်ခေတ်မှ ကြေးခေတ်သို့ ကူးပြောင်းနေသော အချိန်သာ ရှိသေးသော်လည်း ဤကြေးခေတ်ကို ပိုမိုစောစီးစွာ ရောက်ရှိလာအောင် လုပ်ဆောင်၍ ရနိုင်ကြောင်း ဖုန်းယွီ ယုံကြည်ထားသည်။

ဥပမာအားဖြင့် အကယ်၍ တစ်စုံတစ်ယောက်က 'နတ်ဘုရားဓားသမား'လိုမျိုး ဝတ္ထုကို ရေးသားခဲ့မည်ဆိုပါက၊ ၎င်းကို နတ်ဘုရား အွန်လိုင်းဂိမ်းအဖြစ် ပြန်လည်ပြုပြင်ဖန်တီးနိုင်မည် ဖြစ်သည်။ အကယ်၍ ခေတ်သစ် ကြေးစားစစ်သား ဝတ္ထုမျိုး ရေးခဲ့လျှင်လည်း စွန့်စားခန်း သေနတ်ပစ်ဂိမ်းအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ကာ ဘောလုံးပြိုင်ပွဲ ဝတ္ထုမျိုးဆိုလျှင်လည်း ဘောလုံးကစားသည့် ဂိမ်းအဖြစ် ပြောင်းလဲနိုင်မည် မဟုတ်ပါလား။

ပြန်လည်ပြုပြင်ဖန်တီးရန် သင့်တော်သော အမျိုးအစားများမှာ အလွန်ပင် များပြားလှပေသည်။ အဓိက အချက်မှာ ရေးသားထားသော ဇာတ်လမ်းသည် လူတွေကို ဆွဲဆောင်နိုင်မှု ရှိ၊ မရှိ ဆိုသည့်အချက်ပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။

“အလုပ်ရှင်... ဒါဆိုရင် အခုရှိနေတဲ့ ဝတ္ထုတွေထဲက ဘယ်ဝတ္ထုတွေက ပြန်လည် ရိုက်ကူးဖို့ သင့်တော်သလဲဆိုတာ ပြောပြပါဦး။ ဒီဘက်မှာတော့ 'Songjiang ဂိမ်း'ကလည်း လုံးဝ အတွေ့အကြုံ မရှိသေးလို့ပါ”

ဖုန်းယွီက ခေတ္တမျှ စဉ်းစားလိုက်ပြီး “ကိစ္စမရှိပါဘူး၊ ငါကိုယ်တိုင် သေသေချာချာ ရွေးချယ်ပေးပါ့မယ်။ ပြန်လည် ရိုက်ကူးဖို့ သင့်တော်တဲ့ လက်ရာတွေကို ငါ သေချာပေါက် ရှာဖွေပေးမယ်။ ပြီးတော့ လက်ရှိ အခပေးစနစ်မှာလည်း ပြဿနာအချို့ ရှိနေသေးတယ်။ ပိုပြီး များပြားတဲ့ စာဖတ်သူတွေကို ဆွဲဆောင်နိုင်မယ့် နည်းလမ်းတွေကို ငါတို့ မဖြစ်မနေ စဉ်းစားရမယ်။ စာဖတ်သူ မရှိရင်တော့ ဝတ္ထုက ဘယ်လောက်ကောင်းကောင်း အလကားပဲလေ”

ဖုန်းယွီကိုယ်တိုင် ဤကိစ္စတွင် ပါဝင်ပတ်သက်မည်ဟု ကြားလိုက်ရသည့်အခါတွင်မူ စွန်းလီကျဲသည် ဤဝတ္ထုဝဘ်ဆိုက်အပေါ်တွင် ပို၍ယုံကြည်မှု ရှိလာခဲ့သည်။ မန်နေဂျာဖုန်းကိုယ်တိုင် ထွက်လာမှတော့၊ ဒီလုပ်ငန်းက အရှုံးပေါ်နိုင်ပါဦးမလား။ သေချာပေါက်ကို အမြတ်တွေ အကြီးအကျယ် ရဦးမှာပေါ့။

******

အခန်း (၁၃၅၆) အွန်လိုင်းစာပေကို ဒီလိုကိုင်တွယ်ရတယ်

“ဥက္ကဋ္ဌစွန်း... ဒီပုဂ္ဂိုလ်က ဘယ်သူပါလိမ့်”

ချန်တာ့ချောင်သည် စွန်းလီကျဲ လာရောက်မည်ကို သိရှိထားသလို၊ 'ယွမ်တျန့်'ဝဘ်ဆိုက်မှ အယ်ဒီတာများကို လမ်းညွှန်သင်တန်း ပေးမည်ဟု ကြားထားရသဖြင့် စိတ်ထဲမှ အလွန်ပင် အထင်သေးနေမိသည်။

ဤလုပ်ငန်းနယ်ပယ်သည် တစ်ကမ္ဘာလုံးတွင် ပထမဆုံး စတင်နေခြင်းဖြစ်ပြီး၊ သူတို့ ဝဘ်ဆိုက်တွင်ရှိသော စာတည်းများသည်လည်း ဤလောက၏ အစောဆုံးသော ရှေ့ဆောင်လမ်းပြများ ဖြစ်ကြရာ၊ အတွေ့အကြုံ အရှိဆုံးဟု ဆိုနိုင်သည်။ စွန်းလီကျဲအနေဖြင့် သူတို့ကို လမ်းညွှန်ရန် မည်သည့်နေရာမှ လူကို ရှာလာမည်နည်း။ နာမည်ကြီး ထုတ်ဝေရေးလုပ်ငန်းများမှ အယ်ဒီတာကြီးများ ဖြစ်စေဦးတော့၊ သူတို့ထက် ပို၍ ကျွမ်းကျင်လိမ့်မည်ဟု မည်သူမျှ မပြောဝံ့ပါချေ။

သို့သော်လည်း ယနေ့တွင် သူသည် စွန်းလီကျဲကို ဤနေရာ၌ စောင့်ဆိုင်းနေခဲ့သည်။ သူတို့၏အယ်ဒီတာများကို လမ်းညွှန်သင်တန်း ပေးဝံ့သည့် ထိုသူမှာ မည်သူနည်းဆိုသည်ကို သူ ကိုယ်တိုင်လည်း သိချင်နေမိသောကြောင့် ဖြစ်သည်။

“ဥက္ကဋ္ဌချန်... ဒီပုဂ္ဂိုလ်ကတော့ မစ္စတာဖုန်းယွီပါ”

ဖုန်းယွီတွင် ရာထူး ဂုဏ်ပုဒ်များစွာ ရှိနေစေကာမူ၊ များစွာ မိတ်ဆက်ပေးရန် မလိုအပ်ပါချေ။ ဖုန်းယွီ ဟူသော အမည်ကို ပြောလိုက်ရုံနှင့် တစ်ဖက်လူအနေဖြင့် မည်သူဖြစ်ကြောင်း သေချာပေါက် သိရှိမည် ဖြစ်သည်။

“မစ္စတာ... မစ္စတာ ဖုန်းယွီလား။ 'ထိုက်ဟွာ ဟိုးဒင်း အုပ်စု' ရဲ့ ဥက္ကဋ္ဌ၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် မစ္စတာ ဖုန်းယွီ လားဗျာ” ချန်တာ့ချောင်သည် သူ၏ ဘဝတွင် တရုတ်လူမျိုးတို့၏ ဂန္ထဝင် သူရဲကောင်းဖြစ်သော ဖုန်းယွီ နှင့် ဤသို့ ဆုံတွေ့ခွင့်ရလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးခဲ့ပါချေ။

“ဟုတ်ပါတယ် ငါပါပဲ။ ဘာလဲ... ငါ့ကို အထဲဝင်ဖို့ ဖိတ်မခေါ်တော့ဘူးလား” ဖုန်းယွီက ပြုံးရယ်လျက် မေးလိုက်သည်။

“ဪ... လာပါဗျာ၊ ကြွပါ။ ရှောင်ကျောက်... လက်ဖက်ရည် အမြန်ဖျော်စမ်း”

ချန်တာ့ချောင်၏ ရုံးခန်းအတွင်းသို့ ဝင်လိုက်သည့်အခါ၊ ၎င်းမှာ အလွန်ကြီးမားလှသည်တော့ မဟုတ်ပါချေ။ ကုမ္ပဏီမှာ လုပ်ငန်းစတင်ချိန်သာ ရှိသေးသဖြင့် အရာရာကို ချွေတာနေရသောကြောင့် ဖြစ်သည်။ သို့သော် ထိုရုံးခန်းကလေးမှာ ကြည့်ရသည်မှာ မဆိုးလှဘဲ၊ စာပေအငွေ့အသက်အချို့ ကိန်းအောင်းနေသည်ကို ခံစားရသည်။

“ဥက္ကဋ္ဌချန်... 'ယွမ်တျန့်' အယ်ဒီတာတွေကို လမ်းညွှန်သင်တန်း ပေးမယ်လို့ ငါပြောခဲ့တဲ့ ပညာရှင်ကတော့ ဥက္ကဋ္ဌဖုန်းပါပဲ”

ဘာ သူ ဟုတ်လား။

ချန်တာ့ချောင်အနေဖြင့် စွန်းလီကျဲ ပြောဆိုနေသော ထိုပညာရှင်ကြီးမှာ ဖုန်းယွီ ဖြစ်နေလိမ့်မည်ဟု ဘယ်လိုမှ ထင်မှတ်မထားခဲ့ပါချေ။ ဖုန်းယွီ ဖြစ်စေဦးတော့၊ ဤနယ်ပယ်တွင် လမ်းညွှန်ပြသရန် အရည်အချင်း ရှိပါ့မလား။ ပညာရပ်ဆိုသည်မှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှု ရှိရမည် မဟုတ်ပါလား။

ဖုန်းယွီသည် ချန်တာ့ချောင် ၏ မျက်နှာတွင် ပေါ်ထွက်နေသော သံသယစိတ်နှင့် ထုတ်မပြောဝံ့သော အမူအရာကို မြင်လိုက်သည့်အခါ ပြုံးလျက် ဆိုလိုက်သည်။ “ငါက 'ယွမ်တျန့်' ဝဘ်ဆိုက်ရဲ့အစောဆုံး အခပေးစာဖတ်သူတွေထဲက တစ်ယောက်ပါ။ ငါ့ရဲ့ ID ကလည်း နာမည်နည်းနည်း ရှိတယ်လို့ ထင်တာပဲ၊ 'ကျုံးယွမ်ရဲ့ ဆဋ္ဌမမြောက် လူဖြူ'တဲ့လေ”

ကျုံးယွမ်ရဲ့ ဆဋ္ဌမမြောက် လူဖြူ ဟုတ်လား။ 'ပေါင်ကျန့်ဖုန်း'တို့၊ 'ယီကျယ်'တို့ ပြောပြောနေတဲ့ ရွှေတံဆိပ် စာမြည်းဆရာကြီးလား။

ထိုအချိန်တုန်းက 'ယွမ်တျန့်' မှ လူများက ချန်တာ့ချောင်အား ဤ “ကျုံးယွမ်ရဲ့ ဆဋ္ဌမမြောက် လူဖြူ” ကို ဝဘ်ဆိုက်သို့ ဖိတ်ခေါ်သင့်ကြောင်း၊ ထိုသူ၏ အမြင်နှင့် အမြော်အမြင်မှာ ထူးခြားလှသဖြင့်၊ သူသာ ကူညီမည်ဆိုပါက ဝဘ်ဆိုက်မှာ အလျင်အမြန် တိုးတက်လာပြီး နယ်ပယ်တွင် နံပါတ်တစ် ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း အကြံပေးခဲ့ကြဖူးသည်။

နှမြောစရာ ကောင်းသည်မှာ သူတို့ ဖိတ်ကြားခဲ့စေကာမူ ထိုသူက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ခြင်းပင်။ သူတို့အနေဖြင့်လည်း မြင့်မားသော လစာကို မပေးနိုင်သဖြင့် အနာဂတ် မျှော်လင့်ချက်များဖြင့်သာ ဆွဲဆောင်ခဲ့ရသော်လည်း၊ ထိုသူက စိတ်ဝင်စားပုံ မရခဲ့ပါချေ။ ထိုသူသည် လူမှုစီးပွား အခြေအနေ အလွန်ကောင်းမွန်သော သူဌေးတစ်ဦး ဖြစ်ရမည်ဟု သူတို့ ခန့်မှန်းခဲ့ကြသည်။ အစောဆုံးသော အခပေးစာဖတ်သူများမှာ ငွေကြေး ချမ်းသာသူများသာ ဖြစ်ကြသည် မဟုတ်ပါလား။

သို့သော် ထို “ကျုံးယွမ်ရဲ့ ဆဋ္ဌမမြောက် လူဖြူ” မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြပါချေ!

ဤသည်မှာ ငွေရှိရုံတင်မကဘဲ၊ ကမ္ဘာပေါ်တွင် သူ့ထက် ချမ်းသာသူ မရှိတော့ဟုပင် ဆိုရမည် ဖြစ်သည်။ သူတို့ ကမ်းလှမ်းခဲ့သော “ကောင်းမွန်သည့် အခြေအနေ” ဆိုသည်မှာ ထိုသူ၏ မျက်လုံးထဲတွင် ဟာသတစ်ခုမျှသာ ဖြစ်နေပေလိမ့်မည်။

ချန်တာ့ချောင်သည် ချက်ချင်းပင် ဖုန်းဆက်ကာ 'ယွမ်တျန့်' မှ တာဝန်ရှိသူများကို ခေါ်ယူ၍ ဥက္ကဋ္ဌဖုန်း၏ လမ်းညွှန်ချက်များကို နာယူစေတော့သည်။

“လူကြီးမင်းတို့ဟာ ဒီနယ်ပယ်ရဲ့ ခေါင်းဆောင်တွေဖြစ်သလို၊ အစောဆုံး ရှေ့ဆောင်လမ်းပြတွေလည်း ဖြစ်ကြပါတယ်။ ခင်ဗျားတို့ထဲက အများစုဟာ အွန်လိုင်းစာရေးဆရာ ဘဝကနေ စတင်ခဲ့ကြတာမို့၊ စာရေးဆရာတစ်ဦးရဲ့ ခက်ခဲပင်ပန်းမှုကို ကိုယ်ချင်းစာနိုင်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဤလုပ်ငန်းရဲ့ အားသာချက်က ဝင်ရောက်ဖို့ ကန့်သတ်ချက် နည်းပါးတာပါပဲ။ ကွန်ပျူတာရှိပြီး စာရိုက်တတ်ရင် ဘယ်သူမဆို အွန်လိုင်းစာရေးဆရာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကို ဒီလောကထဲ ရောက်နေပြီလို့တော့ ပြောလို့ မရသေးဘူး၊ အပျော်တမ်း အဆင့်ပဲ ရှိပါသေးတယ်”

“ဝင်ငွေ ရရှိလာမှသာ ဒီလောကထဲကို စတင် ခြေစုံပစ် ဝင်ရောက်လာတာလို့ ဆိုနိုင်ပြီး၊ စာအုပ်အစစ် ထုတ်ဝေနိုင်မှသာ 'အွန်လိုင်း စာရေးဆရာ' လို့ ခေါ်ဆိုထိုက်တာပါ။ အရင်တုန်းကတော့ ဒီစာရေးဆရာတွေမှာ စာအုပ်ထုတ်ဝေခြင်း ဆိုတဲ့ ဝင်ငွေလမ်းကြောင်း တစ်ခုတည်းသာ ရှိခဲ့ပြီး၊ အဲဒါကလည်း ရိုးရာစာပေနယ်ပယ်နဲ့ ယှဉ်ရင် အလွန် နည်းပါးလှပါတယ်။ ဒါပေမဲ့ အခု VIP အခပေးစနစ် ပေါ်လာတဲ့ အခါမှာတော့ အရာရာဟာ ပြောင်းလဲသွားပါပြီ”

“ကဲ... အခု ကျွန်တော် ခင်ဗျားတို့ကို မေးချင်တာက၊ ကျွန်တော်တို့ရဲ့ အဓိက အနှစ်သာရက ဘာလဲ”

“စာရေးဆရာတွေပါ၊ နာမည်ကျော်ပြီး အရေးအသား ကောင်းမွန်တဲ့ စာရေးဆရာတွေပေါ့” တစ်ဦးက ပြန်လည် ဖြေကြားလိုက်သည်။

“မှန်ပါတယ်။ ငါတို့ဟာ အနုပညာ အကျိုးဆောင် ကုမ္ပဏီတွေလိုပါပဲ။ သူတို့ (စာရေးဆရာ)တွေဟာ အနုပညာရှင်တွေနဲ့ တူပါတယ်။ အကယ်၍ အကျိုးဆောင် ကုမ္ပဏီတစ်ခုမှာ အနုပညာရှင် မရှိတော့ရင် ဘယ်လိုလုပ်ပြီး ရပ်တည်နိုင်မှာလဲ။ ပြောင်းပြန်အနေနဲ့၊ အကယ်၍ အကျိုးဆောင် ကုမ္ပဏီတစ်ခုမှာ အတော်ဆုံး အနုပညာရှင်တွေ အများဆုံး ရှိနေမယ်ဆိုရင်၊ ဝန်ဆောင်ခကို အနည်းဆုံးပဲ ယူရင်တောင်မှ၊ ဈေးကွက်မှာ အမြင့်ဆုံး အမြတ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်”

“ဥက္ကဋ္ဌဖုန်း... ခင်ဗျား ဆိုလိုတာက၊ ငါတို့က တခြား ဝဘ်ဆိုက်တွေက အွန်လိုင်း စာရေးဆရာကောင်းတွေကို လိုက်ပြီး စည်းရုံးရမယ်လို့ ပြောတာလား” တစ်ဦးက မေးမြန်းလိုက်သည်။

“လိုက်ပြီး စည်းရုံးနေစရာ မလိုပါဘူး၊ သူတို့ကိုယ်တိုင် ငါတို့ဆီကို လာချင်လာအောင် လုပ်ရမှာပါ”

သူတို့ကိုယ်တိုင် လာမယ် ဟုတ်လား။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ သူတို့ ဝဘ်ဆိုက်မှာ လက်ရှိ အချိန်အထိ နံပါတ်တစ် မဖြစ်သေးပါချေ။

“ကြည့်လေ... ကျွန်တော်တို့ ဝဘ်ဆိုက်က VIP အခပေးစနစ်ကို ပထမဆုံး စတင်ခဲ့တာမို့၊ စာရေးဆရာတွေရဲ့ဝင်ငွေကို မြှင့်တင်ပေးနိုင်ခဲ့တယ် မဟုတ်လား။ အရင်တုန်းက သူတို့ရဲ့ အွန်လိုင်းစာပေတွေက ငွေမရခဲ့ကြဘူးလေ။ ပြီးတော့ ငါတို့က တချို့သော ထုတ်ဝေရေးလုပ်ငန်းတွေနဲ့လည်း ပူးပေါင်းထားသလို၊ အထူးသဖြင့် Simplified Chinese ထုတ်ဝေရေး လမ်းကြောင်းတွေလည်း ရှိနေပြီ”

“ဗျာ။ ဥက္ကဋ္ဌဖုန်း... အွန်လိုင်းဝတ္ထုတွေကို Simplified Chineseနဲ့ ထုတ်ဝေဖို့ဆိုတာ တကယ် ခက်ခဲပါတယ်။ ထုတ်ဝေရေးအချို့က ကျွန်တော်တို့ကို ဆက်သွယ်ကြပေမဲ့၊ ပေးတဲ့ မူပိုင်ခွင့်ခက နည်းလွန်းလို့ စာရေးဆရာတွေက လုံးဝ စိတ်မဝင်စားကြဘူး”

“ဒါဆိုရင်လည်း မိတ်ဖက်အသစ်တွေနဲ့ ပူးပေါင်းတာပေါ့။ ဥပမာ - 'Songjiang ထုတ်ဝေရေး'လိုမျိုးပေါ့၊ 'Wind and Rain စီးပွားရေး အပတ်စဉ်'ကို ထုတ်ဝေတဲ့ လုပ်ငန်းလေ”

'ထိုက်ဟွာ ဟိုးဒင်း အုပ်စု'တွင် ကိုယ်ပိုင် ထုတ်ဝေရေးလုပ်ငန်း ရှိနေပါလျက်နှင့် ဘာကြောင့် ထုတ်ဝေ၍ မရနိုင်ရမည်နည်း။ အကြီးအကျယ် မရောင်းရသေးစေဦးတော့၊ သေသေချာချာ စီမံမည်ဆိုပါက အရှုံးမရှိနိုင်ပါချေ။ အနည်းဆုံးတော့ စာအုပ်ငှားဆိုင်တွေကတော့ သေချာပေါက် ဝယ်ယူကြမည် မဟုတ်ပါလား။

အချိန်ကြာလာသည်နှင့်အမျှ ထိုစာရေးဆရာများသည် လူသိများလာမည်ဖြစ်ကာ၊ သစ္စာရှိသော စာဖတ်သူများနှင့် အားပေးသူများ ရှိလာသည့်အခါတွင်မူ၊ အရောင်းပမာဏမှာလည်း တဟုန်ထိုး မြင့်တက်လာပေလိမ့်မည်။

“'Songjiang ထုတ်ဝေရေး'က ငါတို့ စာအုပ်တွေကို ထုတ်ဝေပေးမယ် ဟုတ်လား။ ဒါဆိုရင်တော့ တကယ့်ကို ကောင်းတာပေါ့။ ဒီလိုဆိုရင် သြဇာညောင်းမှုတွေ မြင့်တက်လာပြီး လူအမြောက်အမြားကို ဆွဲဆောင်နိုင်မှာ အသေအချာပဲ” တစ်ဦးက စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

“ဒါကြောင့် ငါတို့ အခု လိုအပ်နေတာက ဖြန့်ချိရေး ပါပဲ။ ငါတို့အနေနဲ့ ဖိုရမ်တွေ၊ ပေ့ချ်တွေမှာ သွားပြီး ကြော်ငြာရမယ်။ စာရေးဆရာ အမြောက်အမြား သိသွားအောင် လုပ်ရမယ်... ငါတို့ဆီမှာ အကျိုးခံစားခွင့်တွေ ပိုကောင်းတယ်ဆိုတာကိုပေါ့။ အဲဒီအခါ သူတို့ ကိုယ်တိုင် ငါတို့ဆီကို ဆက်သွယ်လာကြလိမ့်မယ်။ တစ်ပြိုင်နက်တည်းမှာပဲ စာဖတ်သူတွေ သိသွားအောင်လည်း လုပ်ရမယ်... ငါတို့ဆီမှာ အကောင်းဆုံး စာရေးဆရာတွေ ရှိနေပြီး၊ ကြည့်လို့အကောင်းဆုံး စာအုပ်တွေကို ဖတ်ရှုနိုင်တယ်ဆိုတာကိုပေါ့။ ပြီးတော့ ငါတို့ရဲ့ ဝဘ်ဆိုက်က သန့်ရှင်းသပ်ရပ်ပြီး ကြော်ငြာတွေ မရှိဘူး၊ မကောင်းတဲ့ လင့်ခ်တွေလည်း မရှိဘူးဆိုတာ ပြသရမယ်”

“ကြော်ငြာ မရှိဘူး ဟုတ်လား။ အဲဒီလိုဆိုရင် ငါတို့ ဝင်ငွေက ဘယ်လိုလုပ်မလဲ” တစ်ဦးက မေးမြန်းလိုက်သည်။

“ကျွန်တော်ပြောတာက ကြော်ငြာကို တတ်နိုင်သလောက် လျှော့ချဖို့ပါ၊ လုံးဝ မရှိရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ စာဖတ်တာကိုတော့ အနှောင့်အယှက် မဖြစ်စေရဘူး။ ကျွန်တော်တို့က စာရေးဆရာတွေအတွက် ပလက်ဖောင်းတစ်ခု ပေးထားတယ်၊ ဖြန့်ပေးတယ်၊ သူတို့ကို ဝင်ငွေရအောင် လုပ်ပေးတယ်ဆိုရင်၊ ကျွန်တော်တို့ကလည်း အမြတ်ဝေစုတော့ ရသင့်တာပေါ့။ ကျွန်တော်တို့က အကျိုးဆောင်တွေလိုပါပဲ၊ အများကြီး မတောင်းဆိုပေမဲ့ အလကားတော့ မလုပ်ပေးနိုင်ဘူးလေ။ ခင်ဗျားတို့ အခု လုပ်နေတဲ့ VIP အခပေးစနစ်မှာ ဝဘ်ဆိုက်က အမြတ်ဝေစု မယူဘူးလို့ ကျွန်တော် ကြားထားတယ်”

“အစောပိုင်းမှာ အခပေးစာဖတ်သူကလည်း မများသေးတော့၊ ကျွန်တော်တို့ကပါ အမြတ်ခွဲယူလိုက်ရင် စာရေးဆရာတွေအတွက် ဘာမှကျန်တော့မှာ မဟုတ်လို့ပါ” ပေါင်ကျန့်ဖုန်းက ရှင်းပြလိုက်သည်။

“အစပိုင်းမှာတော့ ဖြစ်နိုင်ပေမဲ့၊ နောင်အနာဂတ်မှာတော့ မရပါဘူး။ ဝဘ်ဆိုက်ကို ထိန်းသိမ်းဖို့ ကုန်ကျစရိတ်ကလည်း မနည်းလှဘူးလေ။ ပြီးတော့ ဝဘ်ဆိုက်မှာလည်း အကြံပြုချက် နေရာတွေကို အဓိက ခွဲခြားထားရမယ်။ နောက်ပြီး စာအုပ်တွေမှာလည်း ဝေဖန်အဆင့်သတ်မှတ်ချက်ရှိရမယ်၊ အဲဒီ အမှတ်တွေကို ကြည့်ရုံနဲ့ ဒီစာအုပ်က လူကြိုက်များ၊ မများ သိနိုင်ရမယ်”

“အကယ်၍ တစ်စုံတစ်ယောက်က တမင်တကာ အဆင့်တွေကို လိုက်ပြီး ကလိနေရင် ဘယ်လိုလုပ်မလဲ”

“ဝေဖန်အမှတ်တွေကို ငွေပေးပြီး ဝယ်ယူရမယ်၊ ဒါမှမဟုတ် ငွေအမြောက်အမြား သုံးစွဲသူတွေကိုသာ လက်ဆောင်အဖြစ် ပေးရမယ်။ အကယ်၍ သူက တမင်တကာ ကလိချင်တယ်ဆိုရင်တောင်၊ စာရေးဆရာက ငွေရနေတာပဲလေ။ ဒီလို ငွေအိတ်ကြီးတဲ့ သူဌေးမျိုးနဲ့ တွေ့ရင်တော့ သူ စိတ်ကြိုက် လုပ်ခိုင်းလိုက်တာပေါ့”

“နောက်ပြီး စာအုပ်ဖိုး ဖြည့်သွင်းတဲ့ နေရာမှာလည်း ကျွန်တော်တို့ရဲ့ 'Alipayကို သုံးလို့ ရပါတယ်။ ဒါက အွန်လိုင်းဘဏ်ထက် အများကြီး ပိုပြီးအဆင်ပြေစေမှာပါ။ ပြီးတော့ ကျွန်တော်တို့က OQ စတာတွေနဲ့လည်း ပူးပေါင်းပြီး ဖြန့်ချိရေးလမ်းကြောင်းတွေကို တိုးချဲ့နိုင်ပါတယ်။ ဒီလိုနဲ့ အလားအလာရှိတဲ့ စာဖတ်သူတွေကို တကယ့် စာဖတ်သူတွေ ဖြစ်လာအောင် ဆွဲဆောင်နိုင်မှာပါ”

******

အခန်း (၁၃၅၇) လုပ်ငန်းနယ်ပယ်တစ်ခုလုံး လှုပ်ခတ်သွားခြင်း

ဖုန်းယွီသည် သူ၏အရင်ဘဝတုန်းက ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသော ဝတ္ထုဝဘ်ဆိုက် လုပ်ငန်းပုံစံ အမြောက်အမြားကို ချပြလိုက်သည်။ ထိုအရာများသည် နှစ်ပေါင်းများစွာသော ဈေးကွက်၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိခဲ့ပြီးမှ ကျန်ရစ်ခဲ့သော အောင်မြင်သည့် နည်းလမ်းများ ဖြစ်ကြသည်။

ယခုအချိန်တွင် ဖုန်းယွီက ထိုအချက်များကို ပြောပြလိုက်သည့်အခါ၊ အွန်လိုင်းစာပေလောက၏ အစောပိုင်း ရှေ့ဆောင်လမ်းပြများသည် ကြောင်အမ်းအမ်းဖြင့်သာ နားထောင်နေကြရသည်။ ဝတ္ထုဝဘ်ဆိုက်တစ်ခုကို ဤကဲ့သို့သော နည်းလမ်းများဖြင့် စီမံခန့်ခွဲနိုင်လိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးတောခဲ့ဖူးပါချေ။

ဖုန်းယွီ ပြောဆိုနေသော စီမံခန့်ခွဲမှု နည်းလမ်းများသည် သူတို့အနေဖြင့် စိတ်ကူးပင် မယဉ်ဝံ့သော အရာများ ဖြစ်သည်။ ဝေဖန်အကဲဖြတ်မှုစနစ်၊ စာမြန်မြန်တင်ရန် တိုက်တွန်းမှုနှင့် ဆုကြေးပေးခြင်းစသည်တို့မှာ စာရေးဆရာများအတွက် တကယ့်လက်တွေ့ ဝင်ငွေများ ဖြစ်လာစေမည် ဖြစ်သော်လည်း ယခင်က မည်သူမျှ ဤကဲ့သို့ မလုပ်ဆောင်ခဲ့ဖူးသလို၊ အကြံပင် မပေးခဲ့ဖူးပါချေ။

ထို့အပြင် စာရေးဆရာများအတွက် အမျိုးမျိုးသော လူမှုဖူလုံရေး ခံစားခွင့်များမှာလည်း သူတို့ တစ်ခါမျှ ထည့်သွင်းမစဉ်းစားခဲ့ဖူးသော အချက်များ ဖြစ်သည်။ ဖုန်းယွီက စာရေးဆရာများအတွက် အာမခံပါ ထားပေးရမည်ဟု ပြောနေသည် မဟုတ်ပါလား။

အရောင်းရဆုံး အခြေအနေပေါ် မူတည်၍ မတူညီသော အကြံပြုချက်နေရာများ ပေးအပ်ခြင်းကိုမူ သူတို့ နားလည်နိုင်စေကာမူ၊ နောင်အနာဂတ်တွင် “မိုဘိုင်းလ် စာဖတ်စနစ်”ကို အကောင်အထည်ဖော်မည်၊ ဆိုလိုသည်မှာ ဖုန်းဖြင့် ဝတ္ထုဖတ်နိုင်စေရမည် ဟူသောအချက်မှာမူ သူတို့ကို အချိန်အတော်ကြာ ဆွံ့အသွားစေခဲ့သည်။

လက်ရှိရှိနေသော စမတ်ဖုန်းများမှာ ဝဘ်စာမျက်နှာများကို ဖွင့်နိုင်ရုံမျှသာ ရှိသေးသလို၊ အင်တာနက် ဒေတာခမှာလည်း အလွန်ပင် ကြီးမားလှသည်။ ဤဖုန်းများဖြင့် ဝတ္ထုဖတ်မည်ဆိုပါက စာလုံးများမှာ သေးငယ်လွန်းသဖြင့် သေသေချာချာ မမြင်ရသည့်အပြင်၊ ဒေတာခမှာ ဝတ္ထုဖတ်ခထက်ပင် ပို၍ ဈေးကြီးနေဦးမည် ဖြစ်သည်။

သို့သော် ဝတ္ထုများကို ဒေါင်းလုဒ်ဆွဲယူဖတ်ရှုခြင်းမှာမူ ပို၍အဆင်ပြေစေကာ၊ ဤဝန်ဆောင်မှုကိုတော့ သူတို့ ပေးထားပြီးသား ဖြစ်သည်။

ဖုန်းယွီသည်လည်း သူပြောဆိုနေသော အယူအဆများသည် ခေတ်ထက် များစွာ စောနေသေးကြောင်း သိရှိထားသည်။ လက်ရှိ စမတ်ဖုန်းများ၏ အသုံးပြုနိုင်စွမ်းမှာ အလွန်အားနည်းနေသေးသည်။ သူ၏ အရင်ဘဝက ပြန်လည်မမွေးဖွားမီ အချိန်ရှိ အဆင့်မြင့် စမတ်ဖုန်းတစ်လုံး၏ လုပ်ဆောင်နိုင်စွမ်းမှာ လက်ရှိ ကွန်ပျူတာတစ်လုံးနှင့်ပင် ယှဉ်နိုင်သည့် အခြေအနေမျိုး မဟုတ်ပါလား။

ယခုအချိန်တွင်မူ ထိုအရာများကို မလုပ်ဆောင်နိုင်သေးသော်လည်း၊ နောက်ထပ် ဆယ်နှစ်အကြာတွင်ကော။ တကယ်တမ်းတွင် ဆယ်နှစ်ပင် မလိုပါချေ၊ ငါးနှစ်ခန့်ဆိုလျှင်ပင် အခြေအနေမှာ အတော်လေး ပြောင်းလဲသွားပေလိမ့်မည်။

ဖုန်းယွီသည် သူတို့အား သတိထားရမည့် အချက်အချို့ကိုလည်း ထပ်မံမှာကြားခဲ့သည်။ ဥပမာ ရွှေတံဆိပ် စာရေးဆရာများကို အထူးအကျိုးခံစားခွင့်များ ပေးရမည် ဖြစ်သည်။ ဤသည်မှာ အနုပညာ အကျိုးဆောင် ကုမ္ပဏီတစ်ခုတွင် နာမည်ကြီး မင်းသားနှင့် သာမန် အနုပညာရှင်တို့၏ ခံစားခွင့် မတူညီသကဲ့သို့ပင် ဖြစ်သည်။

နာမည်ကြီးမင်းသားတစ်ဦးက အမြတ်ဝေစု ၁၀ ရာခိုင်နှုန်းသာ ယူစေဦးတော့၊ အနုပညာရှင်ငယ်လေး တစ်ဦး ၉၀ ရာခိုင်နှုန်း ယူခြင်းထက် ပို၍ ငွေရနိုင်သည် မဟုတ်ပါလား။

ထို့အပြင် ထိုရွှေတံဆိပ် စာရေးဆရာများအနေဖြင့် ဝဘ်ဆိုက်အပေါ် သံယောဇဉ် ရှိလာအောင် လုပ်ဆောင်ရမည်ဖြစ်ကာ၊ အခြားသော ဝဘ်ဆိုက်များက ပိုမိုကောင်းမွန်သော အခွင့်အရေးများဖြင့် လာရောက်ဆွဲဆောင်ခြင်းမှ ကာကွယ်ရမည် ဖြစ်သည်။ ထို့ထက်ပိုသည်မှာ မည်သည့် ရွှေတံဆိပ် စာရေးဆရာကိုမျှ အယ်ဒီတာ တစ်ဦးတည်းကသာ သီးသန့်တာဝန်မယူစေရပါချေ။ ထိုသို့သာ ဖြစ်ပါက အကယ်၍ အယ်ဒီတာက အလုပ်ထွက်သွားလျှင် ထိုစာရေးဆရာပါ ပါသွားနိုင်ခြေ ရှိသောကြောင့် ဖြစ်သည်။ ရွှေတံဆိပ် စာရေးဆရာတစ်ဦး၏ ဆွဲဆောင်မှုမှာ ဝဘ်ဆိုက်ငယ်လေး တစ်ခုကိုပင် ထောက်ကန်ပေးထားနိုင်စွမ်း ရှိသည် မဟုတ်ပါလား။

နောက်ဆုံး အရေးကြီးဆုံး အချက်မှာ အွန်လိုင်း ဝတ္ထုများကို သေသေချာချာ စိစစ်ရမည်ဖြစ်သည်။ အရည်အသွေးတင်မကဘဲ ဥပဒေကို မချိုးဖောက်မိစေရန်မှာ ပို၍အရေးကြီးလှပေသည်။

လက်ရှိတွင် ထိုကဲ့သို့သော မဖွယ်မရာဝတ္ထုများ ရေးသားနေသည့် ဝဘ်ဆိုက် မည်မျှများပြားနေသည်ကို ကြည့်ပါ။ 'ယွမ်တျန့်'ဝဘ်ဆိုက်တွင်လည်း ထိုသို့သော လက်ရာအချို့ကို ဖုန်းယွီ တွေ့ရှိထားသည်။ ဤသည်မှာ လုံးဝ မဖြစ်နိုင်ပါချေ၊ အနည်းဆုံးအားဖြင့် ပြည်တွင်း၌မူ ဤသည်မှာ ဥပဒေ ချိုးဖောက်မှုပင် ဖြစ်သည်။

သေချာပေါက် နောင်တွင် ထိုင်ဝမ်ကဲ့သို့သော ဒေသများတွင် ဝဘ်ဆိုက် ဖွင့်လှစ်ပါက ရနိုင်ကောင်း ရနိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အချို့သော နိုင်ငံများတွင် ဤသည်မှာ ဥပဒေနှင့် ညီညွတ်သောကြောင့် ဖြစ်သည်။ သို့သော် ဖုန်းယွီ၏ ပုဂ္ဂိုလ်ရေးအမြင်အရဆိုလျှင်မူ ဤသို့လုပ်ဆောင်ရန် အကြံမပေးလိုပါချေ။ အနည်းဆုံးတော့ ပြည်သူလူထု၏ စိတ်ထဲတွင် ဝတ္ထုဝဘ်ဆိုက်ကို မသန့်ရှင်းသောတံဆိပ် ကပ်သွားစေနိုင်သောကြောင့် ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်ကို ဆန့်ကျင်သောအရာ၊ အကြမ်းဖက်မှု စသည့် ဥပဒေနှင့် ငြိစွန်းသော အရာများကိုလည်း လုံးဝမထုတ်ဝေရပါချေ။ အကယ်၍ အထက်လူကြီးများက မူဝါဒတစ်ခုခု ချမှတ်လိုက်မည်ဆိုပါက ဝဘ်ဆိုက်အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာနိုင်ပေသည်။

စာရေးဆရာ မလုံလောက်မှာ သို့မဟုတ် ဝဘ်ဆိုက်တွင် စာအုပ်နည်းပါးနေမှာကိုမူ စိုးရိမ်ရန် မလိုပါချေ။ စာအုပ်အစစ် ရေးသားသူများနှင့် ဆွေးနွေးကာ အွန်လိုင်း မူပိုင်ခွင့်ကို ပြတ်သားစွာ ဝယ်ယူနိုင်သလို၊ လူငှား၍ ကွန်ပျူတာထဲသို့ ပြန်လည်ရိုက်တင်ခိုင်းခြင်းဖြင့် ဝဘ်ဆိုက်ရှိ ဝတ္ထုအရေအတွက်ကို တိုးမြှင့်ကာ လူစိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့် ဝဘ်ဆိုက်တွင် ကျင်းယုံ၏ သိုင်းဝတ္ထုများကို တင်ထားနိုင်မည်ဆိုပါက၊ စာဖတ်သူ မရှိမှာကို စိုးရိမ်နေစရာ လိုပါဦးမည်လား။ ကျင်းယုံသည် စာမရေးတော့ဟု ကြေညာထားစေကာမူ၊ သူ၏အရင်က ဝတ္ထုများသည် အခုထိ အလွန်ပင် ရေပန်းစားနေဆဲ ဖြစ်သည်။ ထို့ပြင် ဟွမ်ရိ၏ ဝတ္ထုများ၊ အထူးသဖြင့် 'ချင်းမင်းဆက်သို့ ခရီးစဉ်'ဆိုသည်မှာ သမိုင်းကြောင်း နောက်ခံ 'Time-travel'ဝတ္ထုများအတွက် စံနမူနာပြ လက်ရာတစ်ခုပင် မဟုတ်ပါလား။

နောက်တစ်ချက်မှာ စာရေးဆရာများကိုသာ စဉ်းစားနေ၍ မရဘဲ၊ စာဖတ်သူများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ စာဖတ်သူများ၏ အခပေးစနစ်မှာ ပုံစံတစ်မျိုးတည်း မဖြစ်သင့်ဘဲ အဆင့်အတန်း ခွဲခြားထားရမည်။ စူပါမားကတ်များတွင် အဖွဲ့ဝင်ကတ်ရှိပြီး ဈေးလျှော့ပေးသကဲ့သို့ပင်၊ ဝဘ်ဆိုက်ရှိ အခပေးစာဖတ်သူများအတွက်လည်း VIP စနစ် ရှိရမည် ဖြစ်ကာ၊ VIP များအတွက် ဝတ္ထုဖတ်ခမှာ ပို၍ သက်သာရမည် ဖြစ်သည်။

သာမန် အခပေးစာဖတ်သူမှသည် အဆင့်မြင့် VIP အထိ အဆင့်အနည်းငယ် ခွဲခြားထားကာ၊ ငွေမည်မျှ ဖြည့်သွင်းလျှင် မည်သည့်အဆင့် ရမည်၊ ငွေမည်မျှ သုံးစွဲလျှင် မည်သည့် အဆင့်သို့ တက်မည် စသည်ဖြင့် သတ်မှတ်ရမည်။

ဤသို့ဖြင့် အစောပိုင်းကာလများတွင် စာဖတ်သူများကို ငွေဖြည့်သွင်းလာအောင် ဆွဲဆောင်နိုင်မည်ဖြစ်ကာ၊ ဝဘ်ဆိုက်အနေဖြင့်လည်း ရန်ပုံငွေများကို အလျင်အမြန် ပြန်လည်ရရှိစေမည် ဖြစ်သည်။

ဖုန်းယွီက အချက်အလက်များစွာကို ပြောပြခဲ့ရာ၊ ထိုသူများ အားလုံးက သေသေချာချာ မှတ်သားနေခဲ့ကြသည်။ ဖုန်းယွီသည် အမှန်တကယ်ပင် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြရသည်။ သူ၏အတွေးအခေါ်များကို မချီးကျူးဘဲ မနေနိုင်လောက်အောင်ပင်။ သူသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေခြင်းမှာလည်း အမှတ်မထင် ကံကောင်းမှုသက်သက် မဟုတ်ကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။

ဝတ္ထုဖိုရမ်တစ်ခုတွင်၊ ဖိုရမ်သို့ အမြဲဝင်လေ့ရှိသော စာရေးဆရာများသည် ထိပ်ဆုံးတွင် တင်ထားသော ပို့စ်တစ်ခုကို တွေ့လိုက်ရသည်။ “ယွမ်တျန့် တရုတ်စာပေ ဝဘ်ဆိုက်က စာရေးဆရာများအတွက် လူမှုဖူလုံရေး စီမံကိန်းကို စတင်လိုက်ပြီ”

ဘာတဲ့... ဒီလို ဝတ္ထုဝဘ်ဆိုက်မျိုးမှာ စာရေးဆရာတွေအတွက် ခံစားခွင့်တွေ ရှိလို့လား။

အချို့က ဝင်ရောက်ဖတ်ရှုကြည့်သည့်အခါတွင်မူ၊ ထိုအချက်များသည် အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ဤဝဘ်ဆိုက်တွင် အခပေး စာဖတ်စနစ်ကို ကျင့်သုံးနေကြောင်း သူတို့ ကြားသိထားကြသော်လည်း၊ အခပေးသူ နည်းပါးစေဦးတော့ ဝင်ငွေတစ်ခုတော့ ပိုတိုးလာသည် မဟုတ်ပါလား။ မူလကပင် အချို့သူများသည် ဤဝဘ်ဆိုက်တွင် ဝတ္ထုတင်ရန် စဉ်းစားနေကြသော်လည်း၊ ယခုကဲ့သို့သော ခံစားခွင့်များကို မြင်လိုက်ရသည့်အခါတွင်မူ မအောင့်နိုင်တော့ပါချေ။

ရိုးရှင်းတရုတ်စာ(Simplified)၊ ရှေးဟောင်းတရုတ်စာ(Traditional)နှင့် အင်္ဂလိပ်ဘာသာ တို့ဖြင့် ထုတ်ဝေပေးမည့် ပူးပေါင်း ထုတ်ဝေရေးလုပ်ငန်း အမြောက်အမြား ရှိခြင်း။

ရုပ်ရှင်နှင့် ဗီဒီယို ကုမ္ပဏီများနှင့် ပူးပေါင်းထားသဖြင့်၊ မိမိဝတ္ထုကို ရုပ်ရှင် သို့မဟုတ် ဇာတ်လမ်းတွဲအဖြစ် ပြန်လည် ရိုက်ကူးခွင့် ရရှိနိုင်မည့်အပြင်၊ ဇာတ်ညွှန်း ရေးသားမှုတွင်လည်း ပါဝင်ခွင့် ရရှိနိုင်ခြင်း။

Wind and Rain ဂိမ်းနှင့် ပူးပေါင်းထားသဖြင့် ဝတ္ထုကို အွန်လိုင်းဂိမ်းအဖြစ် ပြောင်းလဲနိုင်ရုံတင်မကဘဲ ဂိမ်းကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဂိမ်းအတွက် သီးသန့်ဝတ္ထုများ ရေးသားခွင့် ရရှိနိုင်ခြင်း။

စာချုပ်ချုပ်ဆိုပြီး အခပေးစနစ်သို့ တက်လှမ်းပါက မတော်တဆ ထိခိုက်မှု အာမခံတစ်ခု ရရှိမည် ဖြစ်ခြင်း။ ငွေပမာဏမှာ အလွန် မများစေကာမူ စိတ်ဓာတ်ကိုတော့ နွေးထွေးစေခဲ့သည်။

ထို့အပြင် အမျိုးမျိုးသော ဝင်ငွေလမ်းကြောင်းများကြောင့် စာရေးဆရာများအတွက် လက်တွေ့ကျသော ဝင်ငွေများကို ရရှိစေခြင်း။

နှစ်ကုန်ပိုင်းတွင်လည်း “စာရေးဆရာများ ဆုံဆည်းပွဲ”တစ်ခု ကျင်းပကာ၊ ထူးချွန်သော စာရေးဆရာများကို ရွေးချယ်၍ လုပ်ဖော်ကိုင်ဖက်များ၊ စာတည်းများနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးခွင့် ပေးမည် ဖြစ်သည်။ ခရီးစရိတ်နှင့် စားသောက် နေထိုင်စရိတ် အားလုံးကို ဝဘ်ဆိုက်က ကျခံမည် ဖြစ်သည်။ နောင်အနာဂတ်တွင်လည်း စာရေးနည်း သင်တန်းများ ဖွင့်လှစ်ကာ စာပေပါမောက္ခများကို ဖိတ်ကြား၍ သင်ကြားပေးမည် ဖြစ်သလို၊ လူသစ်များအတွက်လည်း အခွင့်အရေးများ ရှိနေပေလိမ့်မည်။

ခံစားခွင့် တစ်ခုချင်းစီမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။ စာရေးဆရာ အချို့မှာမူ မနေနိုင်တော့ပါချေ။ မူလက တခြား ဝဘ်ဆိုက်တစ်ခုတွင် ဝတ္ထုတင်ရန် စီစဉ်ထားသော်လည်း ယခုမူ အလျင်အမြန်ပင် 'ယွမ်တျန့်'တွင် အကောင့်ဖွင့်ကာ ဤနေရာ၌သာ ထုတ်ဝေရန် ဆုံးဖြတ်လိုက်ကြတော့သည်။

အချို့သော စိတ်လှုပ်ရှားနေသူများဆိုလျှင် လက်ရှိ ရေးနေသော ဝတ္ထုကိုပင် အမြန်ဆုံးဇာတ်သိမ်းလိုက်ကြပြီး၊ 'ယွမ်တျန့်'တွင် အသစ်ပြန်စရန် ပြင်ဆင်ကြတော့သည်။

ဤကဲ့သို့သော အွန်လိုင်း ကြော်ငြာများကို ထိုဖိုရမ်များတွင်သာမက၊ အခြားသော ဝဘ်ဆိုက်ကြီးများတွင်လည်း တွေ့မြင်နိုင်ခဲ့ရာ၊ စာရေးဆရာ အမြောက်အမြားက ဤဝဘ်ဆိုက်သည် အင်အားတောင့်တင်းကြောင်း ယုံကြည်သွားကြသည်။ ဤမျှ ကြော်ငြာစရိတ် အကုန်ခံနိုင်မှတော့ သေချာပေါက် အရည်အချင်း ရှိရမည် မဟုတ်ပါလား။

နောက်ဆုံးတွင် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်မှာ 'ယွမ်တျန့်' (Yuandian) ဝဘ်ဆိုက်သည် ထိုက်ဟွာ အတိုင်ပင်ခံထံမှ ရင်းနှီးမြှုပ်နှံမှု ရရှိထားကြောင်း ဖြစ်သည်။ ထို 'ထိုက်ဟွာ အတိုင်ပင်ခံ' ၏ မိခင်ကုမ္ပဏီမှာ 'ထိုက်ဟွာ ဟိုးဒင်း'ဖြစ်ရာ၊ ဤသည်မှာ ဖုန်းယွီ၏ကုမ္ပဏီ မဟုတ်ပါလား! ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကပင် ရင်းနှီးမြှုပ်နှံထားမှတော့ ဤလုပ်ငန်းမှာ သေချာပေါက် စိတ်ချရပြီပေါ့။

“ဘယ်လို ဖြစ်ရတာလဲ၊ ငါတို့ ဝဘ်ဆိုက်က နာမည်ကြီး စာရေးဆရာအချို့ ဘာလို့ရုတ်တရက်ကြီး ဇာတ်သိမ်းလိုက်ကြတာလဲ။ ဒါဆို သူတို့ရဲ့ ဝတ္ထုအသစ်တွေကော၊ ဆက်မရေးကြတော့ဘူးလား”

“ဥက္ကဋ္ဌဝမ်... သူတို့တွေ အလုပ်ထွက်သွားကြပြီဗျ၊ ဟို 'ယွမ်တျန့်' ဝဘ်ဆိုက်ကို ပြောင်းသွားကြတာ”

“ဟင်… ငါတို့က နယ်ပယ်မှာ နံပါတ်တစ်လေ။ စာဖတ်သူ အများဆုံး၊ လူဝင်မှု အများဆုံးပဲ။ အဲဒီ စာရေးဆရာတွေက ဘာလို့ 'ယွမ်တျန့်'ကို ရွေးရတာလဲ။ သူတို့ရဲ့ အခပေးစနစ်ဆိုတာကလည်း အခပေးဖတ်တဲ့သူက အစုတ်ကလေးပဲ ရှိတာ မဟုတ်ဘူးလား”

“သူတို့က စာရေးဆရာတွေအတွက် ခံစားခွင့်တွေ အများကြီး ပေးတယ်လို့ ကြေညာထားတယ်။ ရုပ်ရှင်၊ ဗီဒီယို ပြန်ရိုက်ပေးမယ်၊ ဂိမ်းလုပ်ပေးမယ်၊ စာအုပ်တွေ ထုတ်ဝေပေးမယ်၊ ဝင်ငွေတွေ မြှင့်ပေးမယ် ဆိုတော့... အဲဒီလူတွေကတော့ ငွေနောက်ကိုပဲ လိုက်သွားကြတာပေါ့”

“သူတို့ တကယ် လုပ်နိုင်မှာလား။ မဖြစ်နိုင်တာ။ ငါတို့က နယ်ပယ်မှာ အကြီးဆုံးလေ၊ ငါတို့တောင် မလုပ်နိုင်တာကို သူတို့က ဘာလို့ ကြွားဝံ့ရတာလဲ”

“ကြားရတာတော့ အဲဒီ ဝဘ်ဆိုက်က မစ္စတာ ဖုန်းယွီရဲ့ ရင်းနှီးမြှုပ်နှံမှုကို ရထားတယ်လို့ သိရပါတယ်။ ငါတို့ဘက်က ငွေအမြောက်အမြား သုံးပြီး အဲဒီ စာရေးဆရာတွေကို ပြန်ပြီး စည်းရုံးရမလား”

“မလိုပါဘူး။ သူတို့တွေ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ အခါကျမှ သူတို့ ရွေးချယ်မှု မှားသွားမှန်း သိသွားလိမ့်မယ်။ ဖုန်းယွီရဲ့ရင်းနှီးမြှုပ်နှံမှုကို ရတယ် ဟုတ်လား။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က ဒီလို အသေးအမွှားလေးကို ရင်းနှီးမြှုပ်နှံပါ့မလား။ ရင်းနှီးမြှုပ်နှံမယ် ဆိုရင်တောင် ငါတို့ 'ဟွမ်ကျန့်'ကိုပဲ ရင်းနှီးမြှုပ်နှံမှာပေါ့၊ ငါတို့ကမှ နံပါတ်တစ်လေ။ အခု စာရေးဆရာ အချို့က ငါတို့ ဝဘ်ဆိုက်ကိုလည်း အခပေးစနစ် လုပ်ဖို့ ဆူညံနေကြတယ် မဟုတ်လား။ ဒီတစ်ခါတော့ သူတို့ကို သင်ခန်းစာ ပေးလိုက်ရမှာပေါ့။ လမ်းမှားကို ရွေးမိတဲ့သူတွေ ကျင်းထဲကျသွားတာကတော့ သူတို့ ကိုယ်တိုင်ပဲပေါ့”

******

All Chapters