အခန်း (၁၃၅၈-၁၃၆၀)
Vol. 92 Ch. 1358-1360
အခန်း (၁၃၅၈) မင်းကို ဇာတ်လမ်းကျောရိုး ပေးမယ်၊ အဲဒီအတိုင်း ရေးစမ်း
ဤကာလအတောအတွင်း အားကောင်းလှသော ဖြန့်ချိရေး လမ်းကြောင်းများကို အသုံးချကာ 'ယွမ်တျန့်'တရုတ်စာပေဝဘ်ဆိုက်၏ စာရေးဆရာဦးရေမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ယခင်ထက် နှစ်ဆခန့်ပင် ဖြစ်လာခဲ့သည်။ ထို့ပြင် ထိုသူများထဲတွင် အတော်များများမှာ ထိုင်ဝမ်၏ ရှေးဟောင်းတရုတ်စာ ဈေးကွက်တွင် စာအုပ်အစစ် ထုတ်ဝေဖူးသူများ ဖြစ်ကြရာ၊ အတိုင်းအတာတစ်ခုအထိ လူသိများပြီးသား စာရေးဆရာများ ဖြစ်ကြသည်။
ယခုအချိန်တွင် အွန်လိုင်းစာရေးဆရာများ၏ ကျော်ကြားမှုမှာ ဖုန်းယွီပြန်လည် မမွေးဖွားမီ အချိန်နှင့် ယှဉ်လိုက်ပါက အလွန်ပင် ကွာခြားနေသေးစေကာမူ၊ ဤခေတ်ကာလတွင် စာအုပ်ထုတ်ဝေနိုင်သော စာရေးဆရာများ၌လည်း အားပေးသူ စာဖတ်သူဦးရေမှာ မနည်းလှပါချေ။
ဖုန်းယွီသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ဝဘ်ဆိုက်ထဲသို့ အသစ်ဝင်လာသော ဝတ္ထုများကို တစ်နေကုန်နီးပါး လိုက်လံရှာဖွေ ဖတ်ရှုနေခဲ့သော်လည်း သူ၏ စိတ်တိုင်းကျဖြစ်စေမည့် စာအုပ်မျိုးကိုမူ ရှာမတွေ့သဖြင့် အလွန်ပင် စိတ်ပျက်အားမလိုအားမရ ဖြစ်နေမိသည်။
လက်ရှိ အွန်လိုင်း ဝတ္ထုလောကတွင် မြို့ပြအခြေခံ(Urban)ဝတ္ထုများက အဓိက နေရာယူထားပြီး၊ သိုင်းဝတ္ထု(Wuxia)၊ ဂိမ်းဝတ္ထုနှင့် ထိတ်လန့်ဖွယ်ရာ ဝတ္ထုအချို့သာ ရှိနေသေးသည်။ သို့သော် သူ၏အရင်ဘဝက အလွန်ပင် နှစ်သက်ခဲ့သော နတ်ဘုရားဓားသမားဝတ္ထု(Xianxia)နှင့် စိတ်ကူးယဉ် ဝတ္ထုများမှာမူ လုံးဝ မပေါ်ထွက်သေးပါချေ။
လက်ရှိတွင် စိတ်ကူးယဉ်ဝတ္ထုနှင့် အနည်းငယ် ဆင်တူသော လက်ရာများ ရှိနေစေကာမူ၊ ၎င်းတို့ကို “အနောက်တိုင်း စိတ်ကူးယဉ်”ဟုသာ ခေါ်ဆိုသင့်လှပေသည်။ ၎င်းတို့သည် အနောက်တိုင်း နောက်ခံပုံစံများကို အခြေခံထားပြီး သူရဲကောင်းများ(Knights)နှင့် မှော်ဆရာများ အကြောင်းကိုသာ ရေးသားထားကြခြင်း ဖြစ်သည်။
ဤအမျိုးအစားသည် လက်ရှိတွင် အလွန်ပင် ရေပန်းစားနေသော်လည်း၊ အဆင့်ဆင့် တက်လှမ်းမှု စနစ်(Leveling system)များ မရှိသေးသလို၊ စာအုပ်တစ်အုပ်ချင်းစီ၏ အယူအဆ သတ်မှတ်ချက်များမှာလည်း တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားနေကြသည်။ တစ်ခါတစ်ရံတွင် အမည်နာမ သတ်မှတ်ချက်များမှာ ပြောင်းပြန်ဖြစ်နေတတ်သဖြင့် ဖတ်ရှုရာတွင် အလွန်ပင် ပင်ပန်းလှသလို ဇာတ်လမ်းများ ရောထွေးသွားရန်လည်း အလွန်လွယ်ကူလှပေသည်။
ဖုန်းယွီတစ်ယောက် အလွန်ပင် မတတ်သာ ဖြစ်နေမိသည်။ စာဖတ်ဝါသနာပါသူတစ်ဦးအဖို့ စာအုပ်ငတ်မွတ်ခြင်း၏ဒုက္ခကို မည်သူကများ နားလည်နိုင်ပါမည်နည်း။
ပိတ်ရက်ရောက်သည့်အခါ ဖုန်းယွီသည် ဝမ်တုန်းကျွင်းနှင့်အတူ ပင်ပေါင် ရိုက်နေကြသည်။ အင်း... နှစ်ယောက်လုံးမှာ အပျော်တမ်းထက်ပင် နိမ့်ကျသော အဆင့်သာ ရှိကြသော်လည်း၊ တစ်ယောက်နှင့်တစ်ယောက် အကြိတ်အနယ် ကစားနေကြသဖြင့် အရှုံးအနိုင် မပေါ်ဘဲ ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် ဖုန်းယွီက ၂ ပွဲ ၃ ပွဲဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။ နှစ်ဦးသားမှာ လက်ထဲမှ ရက်ကတ်ကို ပစ်ချလိုက်ကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျလိုက်ကြတော့သည်။ သူတို့၏ပုံစံမှာ ဂုဏ်သိက္ခာကိုပင် ငဲ့ကွက်မနေနိုင်လောက်အောင်ပင်။
“ဟေ့... မင်း ဒီနေ့ ဘယ်လို စိတ်ကူးပေါက်ပြီး ငါ့ကို ပင်ပေါင် လာရိုက်ခိုင်းတာလဲ။ နောက်ဆိုရင် ဒီလိုမျိုး လှုပ်လှုပ်ရှားရှား ရှိတာလေးတွေ ငါ့ကို မကြာမကြာ ခေါ်ဦးနော်။ မင်း မသိလို့... ငါ့ရုံးခန်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကစားရင် ငါ တစ်ခါမှ မနိုင်ဖူးဘူး၊ ဟို မိန်းကလေးတွေကိုတောင် ငါ မယှဉ်နိုင်ဘူးကွ” ဝမ်တုန်းကျွင်းက မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။
ဖုန်းယွီသည် ဝမ်တုန်းကျွင်းကို မျက်စောင်းတစ်ချက် ဝေ့ကြည့်လိုက်ကာ - ဟင်း... မင်း အလုပ်လုပ်တဲ့ နေရာက ဘယ်လိုနေရာလဲဆိုတာလည်း ပြန်ကြည့်ဦးလေ။ တရုတ်ပြည်ရဲ့ အားကစားလောကထဲမှာ ပင်ပေါင် မရိုက်တတ်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ။ မရိုက်တတ်ရင်တောင် သူတို့က မင်းလို အရှက်မရှိ ကစားချင်စိတ် ရှိမှာ မဟုတ်ဘူး၊ မင်းကတော့ ကိုယ့်ဘာသာ နှိပ်စက်ခံဖို့ သွားရှာနေတာပဲ ဟု စိတ်ထဲမှ တွေးတောနေမိသည်။
သို့သော်လည်း သူကိုယ်တိုင်ပင် ဝမ်တုန်းကျွင်းကို မနိုင်ခဲ့သဖြင့် ဤစကားကို ထုတ်မပြောရဲပါချေ။ မဟုတ်လျှင် ထိုကောင်သည် မည်မျှအထိ ကြွားလုံးထုတ်နေမည်ကို သူ မခန့်မှန်းနိုင်သောကြောင့် ဖြစ်သည်။
“ပျင်းလို့ပေါ့ကွ၊ ဒါကြောင့် မင်းကို လှုပ်ရှားမှုလေး လုပ်ရအောင် ခေါ်ထုတ်လိုက်တာ”
“ဘာလဲ... အခုတလော မင်း အွန်လိုင်းဂိမ်းတွေ မကစားတော့ဘူးလား” ဝမ်တုန်းကျွင်းက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“အဆင့်က လိုက်မမီတော့ဘူးလေ၊ နောက်ပြီး ကစားတဲ့ နည်းစနစ်ကလည်း မကောင်းတော့ အမြဲတမ်း အနှိပ်စက်ခံနေရတာနဲ့တင် ပျင်းစရာ ကောင်းလာလို့” ဂိမ်းဆိုသည်မှာ လူအများအပြား စုပေါင်းကစားမှသာ ပျော်စရာ ကောင်းသည် မဟုတ်ပါလား။ ယခုအခါ အင်တာနက် ရှိနေစေကာမူ အဖွဲ့ဖွဲ့ရန်မှာ မလွယ်ကူလှဘဲ၊ လူအများစုမှာ ပုံသေသတ်မှတ်ထားသော အဖွဲ့များ ရှိနှင့်နေကြပြီ ဖြစ်သည်။ တစ်ဦးတည်း ကစားရသော ဂိမ်းများကိုလည်း ဖုန်းယွီ တစ်ယောက် ငြီးငွေ့နေပြီ ဖြစ်သည်။
“ဒါဆို မင်း အွန်လိုင်း ဝတ္ထုတွေ ဖတ်နေတာ မဟုတ်လား။ ဟို 'ယွမ်တျန့်'ဝဘ်ဆိုက်မှာလည်း မင်း ရှယ်ယာ ဝင်ထားတယ်ဆို။ ငါ ကြည့်ရသလောက်တော့ ဝတ္ထုပေါင်း သောင်းကျော် ရှိနေတာကို၊ မင်း ကြိုက်တဲ့ စာအုပ် တစ်အုပ်မှ မရှိဘူးလား”
“စိတ်ဝင်စားစရာ ကောင်းတာတွေ အကုန် ဖတ်ပြီးသွားပြီလေ၊ အဲဒီလူတွေက စာတင်တာ အရမ်း နှေးလွန်းတယ်” ဖုန်းယွီသည် သူ၏ အရင်ဘဝက ထိပ်တန်း စာရေးဆရာများကို သတိရသွားမိသည်။ တစ်နေ့လျှင် ပျမ်းမျှ စာလုံးရေ သောင်းချီ တင်နိုင်သလို၊ ရံဖန်ရံခါတွင်လည်း အခန်းပေါင်းများစွာ တစ်ခါတည်း တင်ပေးတတ်ကြသည်။ ယခုခေတ် လူများကမူ တစ်နေ့လျှင် စာလုံးရေ သုံးထောင်ရရန်ပင် အသည်းအသန် ကြိုးစားနေရသည် မဟုတ်ပါလား။
“မင်း ငါ့ကို စကားပြောရင်တော့ အကုန်သိ၊ အကုန်တတ် ပုံစံနဲ့လေ။ တခြားလူတွေ ရေးတာကို အထင်မကြီးရင် မင်းကိုယ်တိုင် ရေးပါလား”
ဖုန်းယွီသည် ဝမ်တုန်းကျွင်းကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။ ဤစကားလုံးများက ဘာလို့ ဤမျှအထိ နားထဲတွင် ရင်းနှီးနေရသနည်း။ သူ၏ အရင်ဘဝတုန်းက ဝေဖန်ရေးသမား အတော်များများမှာလည်း ဤကဲ့သို့ပင် ပြန်လည်ချေပခြင်း ခံခဲ့ရဖူးသည် မဟုတ်ပါလား။ 'မင်း တတ်ရင် မင်း ရေးလေ၊ မတတ်ဘဲနဲ့ သူများ ရေးတာကို မကောင်းဘူး လိုက်မပြောနဲ့' ဆိုသည့် ပုံစံမျိုးပင်။
သို့သော် ဖုန်းယွီကို ကိုယ်တိုင် ရေးခိုင်းမည်ဆိုပါက၊ စာလုံးရေ အနည်းငယ် ရေးရန်မှာ ပြဿနာ မရှိသော်လည်း၊ စာလုံးရေ သိန်းချီ၊ သန်းချီ ရေးရန်မှာမူ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။
ထိုအချိန်တွင် ဖုန်းယွီ၏ ဦးနှောက်ထဲတွင် အတွေးသစ်တစ်ခု ဝင်လာခဲ့သည်။ သူကိုယ်တိုင် မရေးနိုင်စေကာမူ၊ ကျွမ်းကျင်သော စာရေးဆရာများ မရေးနိုင်ဟု မဆိုလိုပါချေ။ သူက ဇာတ်လမ်းကျောရိုးတစ်ခုကို ပေးပြီး၊ အကြမ်းဖျင်း စိတ်ကူးတွေကို ပြောပြကာ၊ လက်သွက်သော စာရေးဆရာများကို ရေးခိုင်းလိုက်လျှင် မရနိုင်ဘူးလား။
အရင်ဘဝတုန်းက သူ ကြားဖူးသည့် “စာရေးစတူဒီယို”များကဲ့သို့ပင်၊ ပညာရှင်တစ်ဦးက ဇာတ်လမ်းကျောရိုးကို ရေးဆွဲပေးပြီး၊ အောက်ခြေ စာရေးဆရာများကို အဆင့်ဆင့် ရေးသားခိုင်းကာ ငွေရှာသည့် နည်းလမ်းမျိုးပေါ့။
“တုန်းကျွင်း... ငါ ရေးလို့ မရဘူးလို့ မင်း ထင်နေတာလား” ဖုန်းယွီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဟင်း... တခြားလူတွေ မသိရင် နေမယ်၊ ငါကတော့ မင်းကို အကုန် သိတာပေါ့။ မင်း ဖင်ကြွလိုက်တာနဲ့ ဘာလုပ်တော့မယ်ဆိုတာ ငါ သိပြီးသားပါ”
“သွားစမ်းပါကွာ။ မင်းကို ငါ မကြာခင် သိအောင် လုပ်ပြမယ်... ဘယ်လို စာအုပ်မျိုးကမှ တကယ် ကြည့်လို့ ကောင်းလဲဆိုတာကို! မကစားတော့ဘူး၊ ရေချိုး၊ အဝတ်လဲပြီး အိမ်ပြန်တော့မယ်” ဖုန်းယွီက ထရပ်ကာ ဆိုလိုက်သည်။
“ဟေ့... မင်း တကယ် မကစားတော့ဘူးလား။ ခဏလောက် ထပ်ကစားပါဦး၊ ငါ မင်းကို နှစ်မှတ် လျှော့ပေးမယ်လေ”
အိမ်သို့ ပြန်ရောက်သည်နှင့် ဖုန်းယွီသည် စာကြည့်ခန်းထဲသို့ ဝင်ကာ ကီးဘုတ်ကို 'တောက်တောက်တောက်' မြည်အောင် စတင် ရိုက်နှိပ်တော့သည်။
“ရှင် တုန်းကျွင်းနဲ့ ပင်ပေါင် သွားရိုက်တာ မဟုတ်လား၊ ဘာလို့ ဒီနေ့ စောစော ပြန်လာတာလဲ” လီနသည် အခန်းထဲသို့ ဝင်လာရင်း သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“ကိစ္စလေး နည်းနည်း ရှိလို့ ဆက်မရိုက်တော့တာ” ဖုန်းယွီသည် ခေါင်းကိုပင် မဖော်ဘဲ ပြန်လည် ဖြေကြားလိုက်သည်။
လီနသည် ဖုန်းယွီ အလုပ်များနေသည်ဟု ယူဆကာ အနှောင့်အယှက် မပေးလိုသဖြင့် အခုလေးတင် ဖျော်ထားသော လက်ဖက်ရည်ခွက်ကို စားပွဲထောင့်တွင် တင်ပေးခဲ့ပြီး ပြန်ထွက်သွားခဲ့သည်။
နှစ်နာရီခန့် ကြာပြီးနောက်တွင်၊ အနည်းငယ် ကြမ်းတမ်းသော ဇာတ်လမ်းကျောရိုးတစ်ခုသည် လတ်လတ်ဆတ်ဆတ် ထွက်ပေါ်လာခဲ့သည်။ ဖုန်းယွီသည် ၎င်းကို ပရင့်ထုတ်ကာ ဖတ်ကြည့်ရင်း အလွန်ပင် ကျေနပ်နေမိသည်။ အင်း... ပထမဆုံးအကြိမ် စာစရေးသော စာရေးဆရာတိုင်းသည် မိမိ၏လက်ရာအပေါ်တွင် အလွန်ပင် ကျေနပ်တတ်ကြသည် မဟုတ်ပါလား။
သူသည် 'ယွမ်တျန့်' ဝဘ်ဆိုက်နှင့် ဆက်သွယ်လိုက်ရာ၊ နာမည်ကြီး စာရေးဆရာ အချို့မှာ ဝတ္ထုဟောင်း ဇာတ်သိမ်းပြီး၍ ဝတ္ထုသစ်အတွက် စဉ်းစားနေကြကြောင်း သိရှိလိုက်ရသည်။ ထို့ကြောင့် ဖုန်းယွီသည် အမြန်ဆုံး ရေးနိုင်သူ တစ်ဦးကို ရွေးချယ်ကာ၊ ထိုသူ၏ OQနံပါတ်ကို Add လိုက်တော့သည်။
“မင်္ဂလာပါ... အယ်ဒီတာက ကျွန်တော့်ကို ခင်ဗျားနဲ့ ဆက်သွယ်ခိုင်းလို့ပါ။ ဘာကိစ္စများ ရှိလို့လဲခင်ဗျာ” တစ်ဖက်လူက စာရိုက်၍ မေးမြန်းလာခဲ့သည်။
“ငါ့ဆီမှာ ဝတ္ထုတစ်ပုဒ်ရဲ့ ဇာတ်လမ်းကျောရိုး ရှိတယ်၊ မင်းကို အဲဒီအတိုင်း ရေးခိုင်းချင်လို့”
“ကျွန်တော့်ရဲ့ အရင်စာအုပ်ကတော့ ပြီးသွားပါပြီ၊ ဒါပေမဲ့ စာအုပ်အသစ်အတွက် ကျွန်တော် စိတ်ကူးထားပြီးသား ရှိနေတယ်ဗျ။ ထပ်ပြီးတော့... ခင်ဗျား ပေးတဲ့ ဇာတ်လမ်းကို ကျွန်တော်က ရေးပေးမယ်ဆိုရင်၊ စာမူခကို ဘယ်လို ခွဲမှာလဲ”
“အကုန်လုံး မင်းယူပါ၊ ငါ ဘာမှ မလိုချင်ဘူး။ ဪ... ဒါနဲ့ ငါ့ရဲ့ID ကတော့ 'ကျုံးယွမ်ရဲ့ ဆဋ္ဌမမြောက် လူဖြူ'ပါ”
တစ်ဖက်လူသည် ထို ID ကို မြင်လိုက်သည်နှင့် - အို... ငါ့ကို ဆက်သွယ်လာတာက 'ကျုံးယွမ်ရဲ့ ဆဋ္ဌမမြောက် လူဖြူ' ပါလား၊ အွန်လိုင်းစာပေလောကရဲ့ နံပါတ်တစ် ဝေဖန်ရေးသမားကြီး မဟုတ်လား။ ဟု ရေရွတ်လိုက်မိသည်။ သူ ဝေဖန်ပေးသည့် စာအုပ်မှန်သမျှမှာ သေချာပေါက် ပေါက်သည် မဟုတ်ပါလား။
“ခင်ဗျားက 'ဆဋ္ဌမမြောက် လူဖြူ' လား။ ဒါဆို ဘာလို့ ကိုယ်တိုင် မရေးတာလဲ” တစ်ဖက်လူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အချိန်မရှိလို့ပါ” ဖုန်းယွီလိမ်ညာလိုက်ခြင်း ဖြစ်သည်။ တကယ်တော့ သူ့မှာ အချိန်ရှိသော်လည်း ထိုအရည်အချင်း မရှိခြင်းပင်။ ဝတ္ထုရေးခြင်းမှာ ကြည့်လိုက်လျှင် လွယ်ကူသယောင် ရှိစေကာမူ၊ ကိုယ်တိုင် ရေးကြည့်သည့် အခါတွင်မူ အလွန်ပင် ခက်ခဲလှကြောင်း သူ သိရှိထားသည်။ အနည်းဆုံးတော့ ဖုန်းယွီအနေဖြင့် ဇွဲနှင့် မရေးနိုင်ပါချေ။
တစ်ဖက်လူကမူ ဖုန်းယွီ အဖြေကို လက်ခံလိုက်သည်။ သတင်းများအရ ဤ”ဆဋ္ဌမမြောက် လူဖြူ” မှာ အလွန်ချမ်းသာသူဖြစ်ရာ၊ အလုပ်တွေ အလွန် များနေမည်မှာ သေချာသည် မဟုတ်ပါလား။
“ခင်ဗျားရဲ့ဇာတ်လမ်းကျောရိုးကို အရင် ကြည့်ပြီးမှ ကျွန်တော် ဆုံးဖြတ်လို့ ရမလား”
ဖုန်းယွီသည် ဇာတ်လမ်းကျောရိုးကို တစ်ဖက်လူ၏ OQ အီးမေးလ်ထဲသို့ ချက်ချင်း ပေးပို့လိုက်သည်။ လက်ရှိ OQ ဖြင့် ဖိုင်အကြီးကြီးများ ပေးပို့ရန် မလွယ်ကူလှဘဲ VIP အဖွဲ့ဝင်များသာ ပေးပို့နိုင်ခြင်း ဖြစ်သည်။ ကံဆိုးသည်မှာ တစ်ဖက်လူမှာ VIP မဟုတ်ပါချေ။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်၊ တစ်ဖက်လူဆီမှ အံ့သြမှင်သက်နေသော အီမိုဂျီတစ်ခု ရောက်လာခဲ့သည် - “'ဆဋ္ဌမမြောက် လူဖြူ'... ခင်ဗျားဟာ တကယ့်ကို နတ်ဘုရား တစ်ပါးပါပဲဗျာ။ ဒီစိတ်ကူးက တကယ့်ကို ကောင်းလွန်းတယ်၊ တစ်ခါမှ မကြားဖူးတဲ့ အရာတွေပဲ။ ဒါက ဘယ်လို အမျိုးအစားလဲဗျ”
“ဒီအမျိုးအစားကို 'နတ်ဘုရားဓားသမား'လို့ ခေါ်တယ်။ ဒါဟာ သိုင်းဝတ္ထုတွေရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းပေါ့။ အဲဒီထဲက ပညာရှင်တွေဟာ ကောင်းကင်မှာ ပျံသန်းနိုင်သလို၊ မြေလျှိုးနိုင်တဲ့ နတ်ဘုရားတွေလိုပဲ။ ဒါမှမဟုတ်ရင်လည်း 'ကျင့်ကြံခြင်း'လို့လည်း ခေါ်လို့ ရတယ်၊ တကယ့် 'ငါ' ကို ရှာဖွေဖို့ ကျင့်ကြံအားထုတ်တဲ့ ဖြစ်စဉ်ပေါ့” ဖုန်းယွီက စတင်၍ ရှင်းပြနေတော့သည်။
“ဆရာကြီးဆိုတာ တကယ်ကို ဆရာကြီးပါပဲ။ ဒါမျိုးတွေကို ကျွန်တော် တစ်ခါမှ မကြားဖူးဘူး၊ ဒါက ခင်ဗျား ကိုယ်တိုင် ဖန်တီးလိုက်တဲ့ လမ်းစဉ်သစ် မဟုတ်လား။ ခင်ဗျားရဲ့ ဒီဇာတ်လမ်းကို ကျွန်တော့်ကို ပေးလိုက်တာ... ကျွန်တော် ကောင်းကောင်း မရေးနိုင်မှာကို မစိုးရိမ်ဘူးလား”
ဖုန်းယွီသည်လည်း အနည်းငယ် စိုးရိမ်မိသည်မှာ အမှန်ပင်။ သို့သော် လောလောဆယ်တွင် အခြားသူ မရှိတော့ပါချေ။ ထို့ပြင် တစ်ယောက်ယောက်က စတင်လမ်းဖောက်ပေးလိုက်မည်ဆိုပါက နောက်ပိုင်းတွင် လူအမြောက်အမြားက လိုက်၍ရေးသားကြမည်ဖြစ်ကာ၊ မကြာမီမှာပင် လက်ရာကောင်းများစွာ ထွက်ပေါ်လာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
“မစိုးရိမ်ပါဘူး၊ မင်းသာ ရေးစမ်းပါ။ ရေးရင်းနဲ့ တစ်ခုခု ထစ်ငေါ့တာရှိရင် ငါ့ကို ဆက်သွယ်လို့ ရတယ်။ မင်း သေချာပေါက် ပေါက်သွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်”
နောင်နှစ်ပေါင်းများစွာ ကြာသည့်အခါ၊ လူတွေက ထိုအွန်လိုင်း စာရေးဆရာကြီးအား - သူသည် ဤကဲ့သို့သော “နတ်ဘုရား ကျင့်ကြံခြင်း” လမ်းစဉ်ကို မည်သို့ စတင် ဖန်တီးခဲ့သနည်းဟု မေးမြန်းသည့် အခါတိုင်း သူသည် အလွန်ပင် ဂုဏ်ယူဝင့်ကြွစွာဖြင့် ပြန်လည်ဖြေကြားလေ့ ရှိသည်မှာ - “ဆရာကြီး 'ကျုံးယွမ်ရဲ့ ဆဋ္ဌမမြောက် လူဖြူ'က ကျွန်တော့်ကို ဇာတ်လမ်းကျောရိုး ပေးခဲ့ရုံတင်မကဘဲ၊ အစဉ်တစိုက် လမ်းညွှန်ပေးခဲ့လို့သာ ကျွန်တော့်ရဲ့ ပထမဆုံးသော အောင်မြင်ကျော်ကြားတဲ့ စာအုပ် ပေါ်ထွက်လာခဲ့တာပါ” ဟူ၍ ဖြစ်လေတော့သည်။
******
အခန်း (၁၃၅၉) ယဉ်ကျေးမှုဆိုင်ရာ အနှစ်သာရ
“မစ္စတာဖုန်း... ခင်ဗျား ရှာပေးလိုက်တဲ့ စာရေးဆရာက ကျွန်တော့်ဆီကို ဆက်သွယ်လာပါတယ်။ ခင်ဗျား သူ့ကိုပေးလိုက်တဲ့ ဇာတ်လမ်းကျောရိုးကိုလည်း ကျွန်တော် ဖတ်ကြည့်ပြီးပြီ၊ အဲဒါက တကယ့်ကို... အင်း... ထူးခြားတယ်လို့ ပြောရမယ်။ အရင်က ရှိခဲ့တဲ့ ဝတ္ထုတည်ဆောက်ပုံတွေနဲ့ လုံးဝကို ကွဲပြားနေတာပဲ၊ ဒါဟာ တကယ်ပဲ အောင်မြင်သွားနိုင်တယ်ဗျ” ပေါင်ကျန့်ဖုန်းက ဖုန်းထဲမှတစ်ဆင့် ဖုန်းယွီအား ပြောကြားလိုက်သည်။
ဖုန်းယွီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။ 'အောင်မြင်သွားနိုင်တယ်' ဟူသော စကားကို သူ သဘောမကျပါချေ။ သေချာပေါက် ဖြန့်ချိမှုသာ မှန်ကန်ပါက ဤလက်ရာသည် ဧကန်မုချ အောင်မြင်ရမည် ဖြစ်သည်။
လူတိုင်းသည် အနောက်တိုင်း၏ သူရဲကောင်းများနှင့် မှော်ဆရာများအကြောင်းကို ဖတ်ရသည်မှာ ကျင့်သားရနေပြီ ဖြစ်သော်လည်း၊ အရှေ့တိုင်း၏ရှန်းရှလောကကိုမူ ပို၍တောင့်တကြမည်မှာ အသေအချာပင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တရုတ်ပြည် ဖြစ်နေသောကြောင့်ပင်။ လူတိုင်းသည် ငယ်စဉ်ကတည်းက နတ်ဘုရားများ၊ သိဒ္ဓိရှင်များအကြောင်း ပုံပြင်များကိုသာ နားထောင်ကြီးပြင်းခဲ့ကြရသည် မဟုတ်ပါလား။ မှော်ဆရာတို့၊ သူရဲကောင်းတို့ ဆိုသည်မှာ ၎င်းတို့နှင့် များစွာ စိမ်းသက်လှပေသည်။
“ဒီစာရေးဆရာ စပြီး ရေးလိုက်တာနဲ့၊ တခြားလူတွေလည်း စိတ်ကူးသစ်တွေ ရလာကြပြီး ဒီလိုမျိုး ဝတ္ထုတွေကို လိုက်ရေးကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ငါ ရဲရဲကြီးအာမခံရဲတာကတော့... ဒီအမျိုးအစား ဝတ္ထုတွေဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ အကြီးအကျယ် ပေါက်သွားလိမ့်မယ် ဆိုတာပါပဲ။ 'နတ်ဘုရားဓားသမား' အကြောင်းကို မင်း သိမှာပါ၊ အခုဟာက အဲဒါနဲ့ ဆင်တူပေမဲ့ ပိုပြီးတော့ နက်ရှိုင်းတယ်။ ဒီထက်ပိုတာက ဒါဟာ လုံးဝကို အရှေ့တိုင်း နောက်ခံကားချပ် ဖြစ်နေပြီး ငါတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့လည်း တစ်သားတည်း ကျနေတာလေ”
“ငါပြောချင်တာက... ငါတို့ရဲ့အွန်လိုင်းဝတ္ထုတွေဟာ အချိန်ဖြုန်းစရာ အပျော်ဖတ်စာသက်သက် မဖြစ်သင့်ဘူး၊ သူ့မှာ တိကျတဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရ ရှိရမယ်။ ဒီအချက်ကိုလည်း ဝဘ်ဆိုက်အနေနဲ့ လမ်းကြောင်းဖော်ပေးသင့်တယ်”
“ဗျာ။ အွန်လိုင်းဝတ္ထုမှာ ဘယ်လို အနှစ်သာရမျိုး ရှိနိုင်မှာမို့လို့လဲဗျာ။ အလွန်ဆုံးရှိလှ အချစ်ဇာတ်လမ်းတွေ၊ တိုက်ခိုက်တဲ့ အခန်းတွေပေါ့။ ဒါက အားလပ်ချိန်မှာ ဖတ်စရာ ဖျော်ဖြေရေးစာပေ တစ်ခုပဲလေ။ ရိုးရာစာပေတွေကို အင်တာနက်ပေါ်မှာ ဘယ်သူမှ လာမဖတ်ကြဘူး” ပေါင်ကျန့်ဖုန်းက ပြန်လည်ချေပလိုက်သည်။ သူသည် အွန်လိုင်းစာပေ၏ အဆင့်အတန်းကို မြှင့်တင်ချင်သည်မှာ မှန်သော်လည်း၊ လက်ရှိ အခြေအနေတွင်မူ ထိုမျှအထိ ကြီးမားသော အနှစ်သာရကို သူ မမြင်မိသေးပါချေ။
“မဟုတ်ဘူး... ငါတို့ရဲ့ အွန်လိုင်းဝတ္ထုတွေဟာလည်း အွန်လိုင်းစာပေ အစိတ်အပိုင်း တစ်ခုပဲ။ စာပေဆိုတာ ယဉ်ကျေးမှု ဖြန့်ဝေတဲ့ လမ်းကြောင်းတစ်ခုပဲလေ၊ ဟုတ်တယ်မလား။ အင်တာနက်ပေါ်မှာ မှော်ဆရာတို့၊ သူရဲကောင်းတို့အကြောင်း ဝတ္ထုတွေ ဘာလို့အများကြီး ရှိနေရတာလဲ၊ နောက်ပြီး Saint Seiya(၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စတင်ထွက်ရှိခဲ့တဲ့ အလွန်ကျော်ကြားတဲ့ ဂျပန်ကာတွန်း ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်)တို့၊ ဂြိုဟ်သား ဘီလူးကြီးတွေအကြောင်း ဝတ္ထုတွေ ဘာလို့ပေါ်နေရတာလဲ။ ဒါတွေဟာ အပြင်က ယဉ်ကျေးမှု ကျူးကျော်မှုတွေကြောင့်ပဲလေ။ ဥပမာ ကာတွန်းကားတွေ၊ ကာတွန်းစာအုပ်တွေ၊ ဂိမ်းတွေကနေတစ်ဆင့် ငါတို့ဆီကို ရောက်လာတာ”
“ဒါပေမဲ့ ငါတို့ အခုရေးမယ့် ဝတ္ထုတွေကတော့ ငါတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေကို ဖြန့်ဝေပေးမှာပါ။ ဥပမာ - တာအိုယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ နောက်ဆုံး ကွန်ဖြူးရှပ်ယဉ်ကျေးမှုတွေအထိ ပါဝင်မှာပေါ့။ ရှေးဟောင်း စာပေလက်ရာတွေ၊ ဒဏ္ဍာရီ ပုံပြင်တွေ အားလုံးဟာ ငါတို့ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကိုယ်စားပြုနေတာလေ”
“ဥပမာ ငါတို့ဟာ နဂါးရဲ့သားတွေလို့ ကိုယ့်ကိုယ်ကိုယ် ပြောကြတယ်။ အခုခေတ်မှာလည်း အဲဒီလို ပြောနေကြသူတွေ အများကြီးပဲ မဟုတ်လား။ 'နဂါး'ဆိုတာ ယဉ်ကျေးမှု အမွေအနှစ် တစ်ခုကို ကိုယ်စားပြုတာလေ၊ ရှေးပဝေသဏီကတည်းက အခုထိ နှစ်ပေါင်း ဘယ်လောက်တောင် ရှိနေပြီလဲ။ ငါတို့ရဲ့ နဂါးဆိုတဲ့ အယူအဆကို အနောက်တိုင်းက အတောင်ပံပါတဲ့၊ ဗိုက်ပူပူ ပုတ်သင်ညိုကြီးတွေနဲ့ အစားထိုးခံလိုက်ရတော့မှာလား”
“ငါတို့ဟာ ကမ္ဘာပေါ်မှာ သမိုင်းအရှည်ကြာဆုံး ယဉ်ကျေးမှု ရှေးဟောင်းနိုင်ငံကြီး တစ်ခုပဲ။ ဒါပေမဲ့ ငါတို့ရဲ့ယဉ်ကျေးမှုဟာ အနောက်တိုင်းယဉ်ကျေးမှုရဲ့ တိုက်စားမှုကို ခံနေရပြီ။ သူတို့က သူတို့ရဲ့ ယဉ်ကျေးမှုတွေနဲ့ ငါတို့ကို အစားထိုးချင်နေကြတာ။ နိုင်ငံတစ်ခုစီမှာ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့ တန်ဖိုးထားမှု စံနှုန်းတွေ ရှိကြတယ်။ အကယ်၍ ငါတို့ဟာ အနောက်တိုင်း ယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုကို တဖြည်းဖြည်း ခံလိုက်ရမယ်ဆိုရင်၊ ငါတို့ဟာ တရုတ်လူမျိုးတွေအဖြစ် ကျန်ရှိနေပါဦးမလား”
ဖုန်းယွီသည် အလွန်မြင့်မားသော စံနှုန်းများဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။ သေချာပေါက် ဤသည်မှာ ကြောက်လန့်အောင် ခြောက်လှန့်နေခြင်းသက်သက် မဟုတ်ပါချေ။ အမေရိကန်သည် အမြဲတမ်း ယဉ်ကျေးမှု ဖြန့်ချိရေး နည်းလမ်းများကို အသုံးချကာ၊ အခြားနိုင်ငံမှ ပြည်သူများ၏ တန်ဖိုးထားမှု စံနှုန်းများကို လွှမ်းမိုးရန် ကြိုးပမ်းလေ့ရှိသည်။ ၎င်းတို့၏ ကောင်းကွက်များကိုသာပြသပြီး၊ ဆိုးကွက်များကိုမူ ဖုံးကွယ်ထားကြသည် မဟုတ်ပါလား။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုများမှာ ကွဲပြားကြပြီး၊ အားလုံးအတွက် တူညီသော တန်ဖိုးထားမှုဆိုသည်မှာ မရှိသလောက်ပင်။ အမေရိကန်တွင် ပုဂ္ဂလိက ပိုင်ဆိုင်မှုသည် အရာအားလုံးထက် မြင့်မားသော်လည်း၊ အချို့သော ဘုရင်စနစ် ကျင့်သုံးသည့် နိုင်ငံများ သို့မဟုတ် ငါတို့ရဲ့ အိမ်နီးချင်း မြောက်ကိုရီးယားတို့ဆီမှာတော့ နိုင်ငံတော်ကသာ အရေးအကြီးဆုံး ဖြစ်နေသည်။ လိုအပ်လာပါက ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုအားလုံးသည် နိုင်ငံတော်ပိုင် ဖြစ်သွားသလို၊ အချို့နိုင်ငံများတွင်မူ ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှုဟူ၍ပင် မရှိဘဲ အရာအားလုံးသည် ဘုရင်ပိုင်သာ ဖြစ်နေကြသည် မဟုတ်ပါလား။
အမေရိကန်သည် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုများကို နေရာအနှံ့ ဖြန့်ဝေနေခြင်းမှာ စီးပွားရေး ရှုထောင့်မှ ကြည့်လျှင် ရိုးရှင်းသည်။ အမေရိကန်သည် စံနှုန်းများကို သတ်မှတ်သူ ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင် အရင်ဆုံး ကျင့်သုံးကာ အခြားနိုင်ငံများကိုလည်း လိုက်နာရန် တောင်းဆိုခြင်းအားဖြင့် ၎င်းတို့၏ ထိပ်တန်းနေရာကို ခိုင်မြဲအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
ရှေးခေတ် တရုတ်ပြည်ကို ပြန်ကြည့်လျှင်လည်း၊ အလယ်ပိုင်းဒေသကို စိုးမိုးထားသူများသည် မိမိတို့ကိုယ်ကိုယ် “ကောင်းကင်ဘုံ၏ နိုင်ငံတော်”ဟု သတ်မှတ်ကာ၊ အခြားသော နိုင်ငံနှင့် ဒေသများသို့ မိမိတို့၏ ယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုများကို ပြန့်နှံ့စေခဲ့သည် မဟုတ်ပါလား။ ဤသည်မှာ နိုင်ငံကြီးတိုင်း ရွေးချယ်လေ့ရှိသော လမ်းစဉ်ပင် ဖြစ်သည်။
အကယ်၍ ခင်ဗျားသည်လည်း နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်လာချင်ပါက၊ အခြားသူများ၏ ယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုများ၏ ဝါးမြိုခြင်းကို လုံးဝ မခံရပါစေနှင့်။ ထိုစံနှုန်းများ သတ်မှတ်သည့် နေရာတွင် ခင်ဗျားကိုယ်တိုင် ပါဝင်နိုင်မှသာလျှင်၊ ခင်ဗျားသည် အဓိက အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်သည်။
ထင်ရှားသည်မှာ တရုတ်ပြည်နှင့် အမေရိကန်၏ ယဉ်ကျေးမှု၊ တန်ဖိုးထားမှု စံနှုန်းများမှာ အလွန်ပင် ကွဲပြားလှပေသည်။ အကယ်၍ ဤယဉ်ကျေးမှုများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပါက၊ တဖြည်းဖြည်းနှင့် တစ်ဖက်လူ၏ လက်အောက်ငယ်သားဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။
ဂျပန်နိုင်ငံသည် ယခင်က အရှေ့မြောက်ပိုင်းဒေသကို သိမ်းပိုက်စဉ်က ၎င်းတို့၏ ယဉ်ကျေးမှုကို ပြန့်နှံ့စေကာ လူများကို ဂျပန်စကား သင်ကြားခိုင်းခြင်းမှာလည်း ဤကဲ့သို့သော ဝါးမြိုရေး ဗျူဟာပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဂျပန်မှ တရုတ်ပြည်သို့ ကာတွန်း၊ အန်နီမေးရှင်းနှင့် ရုပ်ရှင်ဇာတ်လမ်းတွဲများကို အမြောက်အမြား တင်ပို့ခဲ့ခြင်းမှာလည်း ယဉ်ကျေးမှု ကျူးကျော်မှု တစ်မျိုးပင်။ လူတိုင်းက ထိုဇာတ်ကောင်များကို လိုက်၍ အတုခိုးနေကြသည့်အချိန်တွင်၊ တရုတ်ပြည်၏ ကိုယ်ပိုင်ယဉ်ကျေးမှုမှာလည်း ပျက်စီးသွားပေလိမ့်မည်။
“မန်နေဂျာဖုန်း... ခင်ဗျား ပြောတာက နည်းနည်းတော့ ပြင်းထန်လွန်းမနေဘူးလား။ ဒါက ဝတ္ထုတစ်ပုဒ်မျှသာ ဖြစ်ပေမဲ့၊ ယဉ်ကျေးမှု ထုတ်ကုန်တစ်ခု ဖြစ်စေဦးတော့ ယဉ်ကျေးမှု တစ်ခုလုံးကိုတော့ ကိုယ်စားမပြုနိုင်ပါဘူးဗျာ”
ဖုန်းယွီက လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။ “ရေစက်လေးတွေက ကျောက်တုံးကို ပေါက်စေနိုင်တယ်။ အစပိုင်းမှာတော့ လူတိုင်းက ဒီအချက်လေးကို ဂရုမစိုက်ဘူး၊ ဟိုအချက်လေးကို ဂရုမစိုက်ဘူးနဲ့ ဘာမှမဖြစ်ဘူးလို့ ထင်နေကြတာ။ ဒါပေမဲ့ တကယ်တမ်း သတိပြုမိတဲ့ အချိန်ကျရင်တော့ နောက်ကျသွားပြီ ဖြစ်လိမ့်မယ်။ ယဉ်ကျေးမှု ကျူးကျော်မှုဟာ မျိုးဆက်တစ်ခုကို လွှမ်းမိုးနိုင်သလို အကယ်၍ သုံးလေးမျိုးဆက်လောက်အထိ လွှမ်းမိုးသွားခဲ့မယ်ဆိုရင်တော့ မိမိရဲ့ကိုယ်ပိုင် ယဉ်ကျေးမှုကို ပြန်လည် မြှင့်တင်ဖို့ဆိုတာ တကယ့်ကို ခက်ခဲသွားပါလိမ့်မယ်”
“တခြားလူတွေရဲ့ ယဉ်ကျေးမှုမှာ ကောင်းကွက်တွေ ရှိရင် ငါတို့ သင်ယူလို့ ရပါတယ်။ ရှေးလူကြီးတွေ ပြောဖူးသလိုပဲ 'ရန်သူ့ပညာကို ယူပြီး ရန်သူကို ပြန်နှိမ်နင်းရမယ်'လေ။ ဒါပေမဲ့ ငါတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုတော့ မေ့ပျောက်လို့ မရဘူး၊ အရာရာဟာ သူများဟာမှ ကောင်းတယ်လို့ မထင်စေချင်ဘူး။ အမေရိကန်ဟာ အချို့သော နယ်ပယ်တွေမှာ ကောင်းတာ မှန်ပေမဲ့၊ သူတို့ဆီမှာလည်း မှောင်မိုက်တဲ့ အခြမ်းတွေ အများကြီး ရှိတာပဲ။ အဲဒါတွေကိုတော့ သူတို့က ဝါဒမဖြန့်ကြလို့သာပေါ့”
“အမေရိကန်လူမျိုးတိုင်းဟာ အပြင်ကို ရောက်တဲ့အခါ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ တန်ဖိုးထားမှုတွေကို အမြဲကြွားဝါလေ့ ရှိကြတယ်။ အချို့က တကယ်ပဲ လက်ခံလို့ ဖြစ်ပေမဲ့၊ အချို့ကတော့ ဂုဏ်ပကာသနအတွက်ပဲ လုပ်နေကြတာ။ သူတို့ဟာ အမေရိကန် လူမျိုးဖြစ်ရတာကို ဂုဏ်ယူနေကြတာလေ၊ သူတို့နိုင်ငံထဲမှာ သူတို့ကိုယ်တိုင် ခွဲခြားဆက်ဆံခံနေရစေဦးတော့၊ ပြည်ပကို ရောက်တဲ့အခါမှာတော့ တစ်မျိုးမကျန်တဲ့ အထက်တန်းလွှာ ခံစားချက်မျိုး ရုတ်တရက် ပေါ်ပေါက်လာတတ်ကြတာပဲ”
ဥပမာအားဖြင့် တရုတ်ပြည်ရှိ အချို့သော နိုင်ငံခြားသား ဆရာများကို ကြည့်ပါ။ ၎င်းတို့သည် ပညာရေးအကြောင်း ဘာမှ မသိရှိကြသည့်အပြင်၊ အများစုမှာ အမေရိကန်တွင် အလုပ်မရှိ အကိုင်မရှိဘဲ မနေနိုင်တော့သူများသာ ဖြစ်ကြသည်။ အချို့ဆိုလျှင် အခြေခံပညာရေးကိုတောင် မပြီးမြောက်ဘဲ လူမှုထောက်ပံ့ကြေး ယူနေရသူများ ဖြစ်သည်။
သို့သော် တရုတ်ပြည်သို့ ရောက်လာသည့်အခါတွင်မူ၊ ရုတ်တရက်ဆိုသလို ဆရာကြီးများအဖြစ် သတ်မှတ်ခံရပြီး၊ မိန်းကလေး အမြောက်အမြားကပင် ၎င်းတို့နောက်သို့ အရူးအမူးလိုက်ကြကာ ကိုယ်ခန္ဓာကိုပင် ပုံအပ်ရန် ဝန်မလေးကြပါချေ။ ဤသူများသည် အမေရိကန်၏ တောက်တောက်ပပ ဝါဒဖြန့်ချိမှုများအောက်တွင် ဦးနှောက်ဆေးခြင်း ခံထားရသူများသာ ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ဤကဲ့သို့သော သူများကို မလိုအပ်ပါချေ။ အမေရိကန် နိုင်ငံသားအဖြစ် အမြန်ဆုံး ခံယူလိုက်ကြပါ၊ တရုတ်ပြည်မှာ နေလည်း ဘာတန်ဖိုးမှ ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။
“ဒါဆိုရင် ကျွန်တော် အယ်ဒီတာတွေကို ညွှန်ကြားလိုက်ပါ့မယ်၊ စာရေးဆရာတွေကို ဆက်သွယ်ပြီး ဒီလို အမျိုးအစား ဝတ္ထုတွေကို ပံ့ပိုးပေးဖို့ပေါ့”
“အင်း... ရှေးဟောင်းယဉ်ကျေးမှု စာမူပြိုင်ပွဲတစ်ခု လုပ်လိုက်ရအောင်။ ဆုကြေးငွေကိုတော့ ငါကိုယ်တိုင် ကျခံမယ်။ ရွေးချယ်ခံရတဲ့ လက်ရာတွေအတွက် အနည်းဆုံး ဆုကြေး ယွမ် ၅၀,၀၀၀ ပေးမယ်၊ အမြင့်ဆုံး ဆုကြေးကိုတော့ ယွမ် ၃၀၀,၀၀၀ အထိ သတ်မှတ်မယ်။ စုစုပေါင်း ဆုကြေး ယွမ် တစ်သန်း အကုန်ခံမယ်”
ပေါင်ကျန့်ဖုန်းတစ်ယောက် အလွန်ပင် ဝမ်းသာသွားခဲ့ရသည်။ “မစ္စတာဖုန်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီဆုကြေးငွေတွေ ရှိလာပြီဆိုရင်တော့၊ ရှေးဟောင်းယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ဝတ္ထုတွေကို ရေးမယ့်သူတွေ ပိုများလာမှာဖြစ်သလို ကျွန်တော်တို့ ဝဘ်ဆိုက်ကို လာမယ့် စာရေးဆရာတွေလည်း ပိုများလာမှာပါ။ ကျွန်တော်တို့ ဝဘ်ဆိုက် နယ်ပယ်မှာ နံပါတ်တစ် ဖြစ်ဖို့ဆိုတာ သိပ်မဝေးတော့ဘူးလို့ ကျွန်တော် မြင်နေပြီ”
ရှေးဟောင်းယဉ်ကျေးမှုကို မြှင့်တင်ခြင်းမှာ အွန်လိုင်းစာပေကို အဆင့်အတန်းတစ်ခုအထိ မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် အွန်လိုင်းစာပေသည် ရိုးရာစာပေလောက၏ အသိအမှတ်ပြုမှုကို ပိုမို စောစီးစွာ ရရှိသွားနိုင်ကောင်း ရရှိသွားပေလိမ့်မည်။
******
အခန်း (၁၃၆၀) မိခင်တက္ကသိုလ်ထံမှ အကူအညီတောင်းခံခြင်း
အွန်လိုင်းစာပေ၏ ဖြစ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ အမှန်တကယ်ပင် ခက်ခဲကြမ်းတမ်းလှပေသည်။ ပထမဆုံး အဟန့်အတားမှာ မူပိုင်ခွင့်ဆိုင်ရာ သတ်မှတ်ချက်များမှာ အလွန်ပင် ဝေဝါးနေခြင်း ဖြစ်သည်။ ထိုအချိန်ရှိ နိုင်ငံတကာ ဥပဒေပြုမှုများတွင် အွန်လိုင်း၌ လူသိရှင်ကြား ထုတ်ဖော်တင်ပြထားသော အနုပညာလက်ရာများကို တစ်ဆင့်ပြန်လည် ကူးယူဖော်ပြခြင်းနှင့် ပတ်သက်၍ တိကျသော ကန့်သတ်ချက်များ မရှိသေးသဖြင့် ဤအချက်ကို အခြေခံ၍ နစ်နာကြေး တောင်းခံရန်မှာ အလွန်ပင် ခဲယဉ်းလှပေသည်။
သို့သော်လည်း အကယ်၍ တစ်ဖက်လူက ထိုလက်ရာကို အသုံးပြု၍ ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်ခဲ့မည်ဆိုပါက လျော်ကြေးတောင်းဆိုနိုင်မည် ဖြစ်သည်။ သို့သော် ထိုလျော်ကြေးငွေ ပမာဏကို တိုင်းတာသတ်မှတ်ရန်မှာလည်း အလွန်ပင် ခက်ခဲပြန်သည်။ အဘယ်ကြောင့်ဆိုသော် ခိုင်မာသော ဥပဒေပြဋ္ဌာန်းချက်များ မရှိသလို၊ အလားတူ အမှုအခင်း စီရင်ချက်မျိုးလည်း မရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။
ထို့ပြင် ခိုးကူးမှုဆိုင်ရာ သက်သေအထောက်အထား ရှာဖွေရန်မှာလည်း အလွန်ပင် ခဲယဉ်းလှသဖြင့် ခိုးကူးသူများမှာ ပို၍ရဲတင်းလာကြကာ ၎င်းတို့ကြောင့်ပင် မူလက ထူးချွန်သော စာရေးဆရာ အမြောက်အမြားမှာ အွန်လိုင်းစာပေလောကမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့ကြရသည်။
ယခုဘဝတွင်မူ ဖုန်းယွီအနေဖြင့် ထိုသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာမှာကို လုံးဝမလိုလားပါချေ။ တရုတ်ပြည်သည် အွန်လိုင်းစာပေကို ကမ္ဘာပေါ်တွင် အစောဆုံး စတင်ခဲ့ရုံတင်မကဘဲ၊ ဤနယ်ပယ်ကို ဦးဆောင်နေသည့် နိုင်ငံလည်း ဖြစ်ရာ ၎င်းတို့အတွက် မှီငြမ်းပြုစရာ အတွေ့အကြုံဟူ၍ မည်သည့်နေရာတွင်မှ မရှိပါချေ။ ဖုန်းယွီ၏ရည်မှန်းချက်မှာ ဤလုပ်ငန်းပုံစံကို တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားစေရန်နှင့် လူသားတိုင်း ကိုယ်ပိုင်ဖန်တီးမှုများတွင် ပါဝင်လာစေရန်ပင် ဖြစ်သည်။
အမှန်စင်စစ် လူအတော်များများတွင် ဇာတ်လမ်းပြောပြနိုင်စွမ်း ရှိကြသည်။ စကားပြောတတ်သူတိုင်းသည် ပုံပြင်များကို ပြောပြနိုင်စွမ်း ရှိကြသည်ဟုပင် ဆိုနိုင်ပါလိမ့်မည်။ ကွာခြားချက်မှာ အချို့သူများက စိတ်လှုပ်ရှားဖွယ် ကောင်းအောင် ပြောနိုင်ကြပြီး၊ အချို့ကမူ ပျင်းစရာကောင်းအောင် ပြောမိကြခြင်းသာ ဖြစ်သည်။
လူအများစုမှာ ပုံပြင်နားထောင်ရသည်ကို နှစ်သက်ကြသော်လည်း၊ တစ်ဦးနှင့်တစ်ဦး နှစ်သက်သော ပုံပြင်အမျိုးအစားချင်းတော့ မတူညီကြပါချေ။ မတူညီသော ခေတ်ကာလ၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင် အပြောင်းအလဲများပေါ် မူတည်၍ နှစ်သက်သော ဇာတ်လမ်းအမျိုးအစားများမှာလည်း လိုက်ပါ ပြောင်းလဲတတ်သည်။ ဥပမာ ဟယ်ရီပေါ်တာကို ကြည့်ပါ။ အစောပိုင်းတွင် အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားခဲ့သည် မဟုတ်ပါလား။
ဖုန်းယွီ၏ စိတ်ကူးမှာ အရှေ့တိုင်း ယဉ်ကျေးမှု၏ သြဇာအရှိန်အဝါဖြင့် အနောက်ကမ္ဘာကိုပါ လွှမ်းမိုးစေလိုခြင်းပင် ဖြစ်သည်။ အနောက်တိုင်း ယဉ်ကျေးမှု၏ ကျူးကျော်မှုကို ခုခံကာကွယ်ရုံမျှဖြင့် သူ အားမရနိုင်ပါချေ။ အွန်လိုင်းစာပေ တစ်ခုတည်းနှင့်တင် မလုံလောက်ဟု သူ ယူဆထားသဖြင့်၊ ဤသြဇာညောင်းမှုကို စာပေလောကတစ်ခုလုံးသို့ တိုးချဲ့ရန် သူ ဆုံးဖြတ်လိုက်လေတော့သည်။
“အလို... ဒါ ငါတို့ရဲ့ မန်နေဂျာဖုန်း ပါလား။ ဘယ်လိုဖြစ်ပြီး ငါ့လို အဘိုးကြီးဆီကို လာဖို့ အချိန်ရနေတာလဲ”
“ပါမောက္ခချုပ်လီရယ်... ဆရာကြီးကလည်း ကျွန်တော့်ကို ကျီစယ်နေပြန်ပြီ။ ဆရာကြီးက ကျွန်တော့်ရဲ့ကျေးဇူးရှင် ဆရာသမားပဲလေ၊ ကျွန်တော့်ရဲ့ မိခင်တက္ကသိုလ်ဆီ လာပြီး ခင်ဗျားကို ဂါရဝပြုတာက ကျွန်တော့်ရဲ့ တာဝန်ပဲ မဟုတ်လား။ ပြီးတော့ တက္ကသိုလ်အတွက် ကျွန်တော့်ရဲ့ လှူဒါန်းမှုတွေကလည်း တစ်ခါမှ မပြတ်ခဲ့ပါဘူးနော်” ဖုန်းယွီက ရွှင်ပြုံးစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
ယခုတစ်ကြိမ် ပီကင်းတက္ကသိုလ်သို့ ဖုန်းယွီ လာရောက်ရခြင်းမှာ၊ ဤတက္ကသိုလ်၏ ဂုဏ်သတင်းနှင့် ပါမောက္ခချုပ်၏ လူမှုကွန်ရက်များကို အသုံးချကာ တရုတ်ရိုးရာယဉ်ကျေးမှုကို မြှင့်တင်မည့် သူ၏စီမံချက်ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။
“မင်းအကြောင်း ငါမသိတာကျနေတာပဲ။ မင်းရဲ့ရန်ပုံငွေတွေနဲ့ သုတေသန လုပ်နေတဲ့သူတွေရဲ့ ရလဒ်မှန်သမျှဟာ နောက်ဆုံးတော့ မင်းလက်ထဲပဲ ရောက်သွားတာ မဟုတ်လား”
“ကျွန်တော်ကလည်း သူတို့ကို မနစ်နာစေခဲ့ပါဘူးဗျာ။ ပြီးတော့ အဲဒီ ရလဒ်တွေကနေ ရတဲ့ ငွေတွေကိုလည်း ကျွန်တော် ပညာရေးကဏ္ဍမှာပဲ ပြန်ပြီး ရင်းနှီးမြှုပ်နှံနေတာပဲ မဟုတ်လား” ဖုန်းယွီက ဆက်လက်ချေပလိုက်သည်။
“ကဲပါ... ငါ မင်းကို မယှဉ်နိုင်ပါဘူး။ ကျောင်းသားဘဝကတည်းက မင်းက ဆင်ခြေတွေ အရမ်းများတာပဲ။ ဒါပေမဲ့ မင်းရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရား ကောင်းတာကိုတော့ ငါ အသိအမှတ်ပြုပါတယ်၊ ဒါကတော့ ငါ အကြည့်မမှားပါဘူး” ပါမောက္ခချုပ်လီက ရယ်မောလျက် ဆိုလိုက်သည်။ “ပြောစမ်းပါဦး... ဒီနေ့ ဘာကိစ္စရှိလို့လဲ။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးက ငါ့လို အဘိုးကြီးဆီမှာ အကူအညီတောင်းစရာ ဘာရှိလို့လဲ”
“ပါမောက္ခချုပ်လီ... ကျွန်တော်က ဆရာကြီးကို တကယ် လာတွေ့တာပါ။ ဒီမှာကြည့်... ဒီ'ဘုရင်မပျားနို့'က ဆရာကြီးအတွက် ကျွန်တော် အထူးဝယ်လာတာလေ”
“မင်း တကယ်လို့ ကိစ္စကို ထုတ်မပြောဘူးဆိုရင်တော့ ငါ့မှာ တခြားအလုပ်တွေ ရှိသေးတယ်နော်၊ နောက်ဆိုရင် ငါ့မှာ နားထောင်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး”
“မလုပ်ပါနဲ့။ တကယ်တော့ ကျွန်တော့်မှာ ဆရာကြီးကို ကူညီပေးစေချင်တဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်... အခြေအနေကတော့ ဒီလိုပါ...” ဖုန်းယွီ သည် သူ၏ အစီအစဉ်များကို အလျင်အမြန်ပင် ရှင်းပြလိုက်တော့သည်။
ပါမောက္ခချုပ်လီသည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိသည်။ “မင်းက ငါတို့ရဲ့ရိုးရာယဉ်ကျေးမှုကို မြှင့်တင်ချင်တယ် ဆိုတာကတော့ တကယ့်ကို ကောင်းမွန်တဲ့ကိစ္စပဲ။ ပီကင်းတက္ကသိုလ်ရဲ့ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလိုမျိုး စဉ်းစားတာက ဂုဏ်ယူစရာပဲ။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စာပေပြိုင်ပွဲကြီး ကျင်းပဖို့ ဆိုတာကတော့ မလွယ်ကူလှဘူး။ အကယ်၍ အလယ်တန်းကျောင်းသားတွေ အတွက်ပဲ ဆိုရင်တော့ ငါတို့ ပီကင်းတက္ကသိုလ်က ဦးဆောင်ပြီး စာစီစာကုံးပြိုင်ပွဲ တစ်ခုအနေနဲ့ လုပ်ဖို့ လွယ်ပါတယ်။ ဒါပေမဲ့ မင်းက အသက်အရွယ်မရွေး၊ လူမျိုးမရွေး ပါဝင်နိုင်အောင် လုပ်မယ်ဆိုတော့... စာမူတွေကို စစ်ဆေးဖို့တင် အချိန်ဘယ်လောက်တောင် ယူရမလဲ”
“ပါမောက္ခချုပ်လီ... ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ အားလုံးကို အီလက်ထရွန်နစ် ဗားရှင်းအနေနဲ့ ဝဘ်ဆိုက်တစ်ခုပေါ်ကို တင်ခိုင်းလိုက်မှာပါ။ ပြီးရင် ကွန်ပျူတာပေါ်ကနေပဲ အမှတ်ပေး စစ်ဆေးကြတာပေါ့။ စာမူတစ်ခုကို အနည်းဆုံး လူသုံးဦးက စစ်ဆေးရမယ်။ တစ်ဦးချင်းစီက အမှတ် ၅ မှတ်ကနေ ၀ အထိ ပေးနိုင်ပြီး၊ အဲဒီထဲကမှ အမှတ်အများဆုံးတွေကို ရွေးချယ်သွားမှာပါ”
“ဒါကတော့ မသင့်တော်ဘူးထင်တယ်။ ပထမဆုံး အချက်က ငါ့လို အသက်အရွယ်ကြီးတဲ့ သူတွေက မျက်စိသိပ်မကောင်းတော့ဘူး၊ ကွန်ပျူတာပေါ်က စာလုံးတွေကို သေသေချာချာ မမြင်ရဘူး။ ပြီးတော့ လူအတော်များများကလည်း ကွန်ပျူတာ သိပ်မသုံးတတ်ကြဘူးလေ”
“ပါမောက္ခချုပ်လီ... အခုခေတ် ကွန်ပျူတာတွေက သုံးရတာ အလွန် လွယ်ကူနေပါပြီ။ မောက်စ်လေး နှိပ်တတ်ရင်တင် လုံလောက်ပါတယ်။ ပြီးတော့ ကွန်ပျူတာပေါ်က စာလုံးတွေကိုလည်း စိတ်ကြိုက်ချဲ့ကြည့်လို့ ရတာမို့ စာရွက်ပေါ်ကထက်တောင် ပိုပြီးရှင်းလင်းပါသေးတယ်။ ထပ်ပြောရရင် လက်ရေးနဲ့ ရေးမယ်ဆိုရင် တချို့လူတွေရဲ့လက်ရေးက အရမ်းရှုပ်နေတတ်တော့ ဖတ်ရတာ အနှောင့်အယှက် ဖြစ်စေနိုင်တယ် မဟုတ်လား” ဖုန်းယွီက ရှင်းပြလိုက်သည်။
“လက်ရေးရှုပ်တာက သူ သေသေချာချာ မသင်ယူခဲ့လို့ပေါ့။ ငါ မှတ်မိသလောက်တော့ မင်းရဲ့လက်ရေးကလည်း သိပ်ပြီး ကြည့်ကောင်းလှတာ မဟုတ်ဘူးနော်”
ဖုန်းယွီ “......” (ဒီကိစ္စက ဘယ်လိုဖြစ်ပြီး ကျွန်တော့်ဆီ ပြန်ရောက်လာတာလဲဗျာ) သူ စိတ်ထဲမှ ညည်းတွားလိုက်မိသည်။
“ပါမောက္ခချုပ်လီ... ဒါဆိုရင်တော့ ဒုတိယ နည်းလမ်းပဲ ရှိပါတော့တယ်။ တခြားသော တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး၊ ဒေသအလိုက် စာမူတွေ လက်ခံမှာပေါ့။ ဒေသအလိုက် ပဏာမ အဆင့်တွေကို စစ်ဆေးပြီးမှ၊ အရည်အချင်း ပြည့်မီတဲ့ စာမူတွေကိုပဲ စုစည်းပြီး နောက်ဆုံးအဆင့်ကို တက်လှမ်းခိုင်းမှာပါ။ အွန်လိုင်းကနေ တင်တဲ့ စာမူတွေကိုလည်း လက်ခံသွားမှာ ဖြစ်သလို၊ ဒီနည်းလမ်းက ပိုပြီးတော့ အဆင်ပြေစေမှာပါ။ ဒါပေမဲ့ အချိန်တော့ နည်းနည်း ကြာသွားနိုင်တယ်” ဖုန်းယွီက ရိုးရာနည်းလမ်းကို တင်ပြလိုက်သည်။
“အချိန်ကြာတာက ပြဿနာ မဟုတ်ပါဘူး။ ဒါဟာ ဖြန့်ချိဖို့အတွက် အချိန်ပိုရစေတာပေါ့။ ဘာလဲ... မင်းက ငွေကုန်မှာ နှမြောနေလို့လား” ပါမောက္ခချုပ်လီက ဖုန်းယွီကို ကျီစယ်သလို ကြည့်ကာ မေးလိုက်သည်။
“ဒါက ငွေဘယ်လောက် ကုန်မှာမို့လို့လဲ။ ကျွန်တော် ကျောင်းကို နှစ်စဉ် လှူနေတဲ့ငွေရဲ့ အစွန်းအထွက်လောက်တောင် ရှိမှာ မဟုတ်ပါဘူး! အချိန်ကြာလည်း ကြာပါစေ၊ ကျွန်တော် စောင့်နိုင်ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအတွက် အကျိုးပြုနိုင်ဖို့ပဲလေ။ ဒီကိစ္စမှာတော့ ကျွန်တော်က ရှေ့ဆုံးကနေ ပါဝင်ရမှာပေါ့” ဖုန်းယွီက ရင်ဘတ်ကို ပုတ်ကာ ပြတ်သားစွာ ပြောဆိုလိုက်သည်။
“ငါတို့ကျောင်းကနေ ထူးချွန်တဲ့ ကျောင်းသားဟောင်းတွေ အများကြီး ထွက်ပေါ်ခဲ့ဖူးပေမဲ့၊ မင်းကတော့ အထူးခြားဆုံး တစ်ယောက်ပဲ။ အစတုန်းကတော့ ငါတို့လည်း မထင်ထားခဲ့ဘူး... ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးဟာ ငါတို့ တရုတ်လူမျိုး ဖြစ်နေလိမ့်မယ်၊ ပြီးတော့ ငါတို့ ပီကင်းတက္ကသိုလ်ရဲ့ ကျောင်းသားလည်း ဖြစ်နေဦးမယ်လို့ပေါ့။ မင်းဟာ ကျောင်းအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။ မင်းမှာ ငွေတွေ အများကြီး ရှိပေမဲ့လည်း ကိုယ်ပိုင် အပျော်အပါးတွေအတွက် သိပ်ပြီး သုံးစွဲတာ မတွေ့ရဘဲ၊ မိခင်တက္ကသိုလ်၊ မိခင်ဒေသနဲ့ မိခင်နိုင်ငံတော်အတွက် လှူဒါန်းမှုတွေ အများကြီး လုပ်ဆောင်ခဲ့တယ်။ မင်းအတွက် ကျောင်းက တကယ်ကို ဂုဏ်ယူပါတယ်”
“အခု မင်းပြောတဲ့ ကိစ္စဟာ စိတ်ကူးပေါက်လို့ပဲဖြစ်ဖြစ်၊ တခြားရည်ရွယ်ချက်ကြောင့်ပဲဖြစ်ဖြစ်... ငါ တစ်ခုပဲ မျှော်လင့်ပါတယ်။ ဒီပြိုင်ပွဲကြီးကို အောင်မြင်ပြီးပြည့်စုံအောင် လုပ်ဆောင်ပေးပါ။ တခြား တက္ကသိုလ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ အထက်လူကြီးတွေကို ဆက်သွယ်ပေးမယ့် ကိစ္စတွေကိုတော့ ငါကိုယ်တိုင် တာဝန်ယူပြီး ဖြေရှင်းပေးပါ့မယ်” ပါမောက္ခချုပ်လီသည်လည်း လူငယ်တစ်ဦးကဲ့သို့ တက်ကြွစွာဖြင့် ဆိုလိုက်လေတော့သည်။
“ကျေးဇူးအများကြီး တင်ပါတယ် ဆရာကြီးရယ်။ ဆရာကြီးရဲ့ အကူအညီ ရှိမှတော့ ကျွန်တော်တို့ရဲ့ ဒီလှုပ်ရှားမှုကြီးဟာ သေချာပေါက် အောင်မြင်မှာပါ။ ကျွန်တော်တို့ ပီကင်းတက္ကသိုလ်ဟာ တရုတ်ရိုးရာယဉ်ကျေးမှု ပြန်လည် နိုးထလာရေးအတွက် ရှေ့ဆောင်လမ်းပြ နဂါးဦးခေါင်း ဖြစ်လာမှာဖြစ်သလို၊ သမိုင်းမှတ်တမ်းမှာလည်း မော်ကွန်းတင် ကျန်ရစ်မှာပါ”
“သမိုင်းမှတ်တမ်း တင်မှာတွေ ဘာတွေတော့ ငါတို့ မပြောကြရအောင်။ နိုင်ငံတော်အတွက် အကျိုးပြုနိုင်မယ်ဆိုရင် ငါ့အတွက်တော့ ဒါဟာ ဂုဏ်ယူစရာပါပဲ။ နောက်ထပ် နှစ်အနည်းငယ် ကြာရင် ငါလည်း အငြိမ်းစား ယူတော့မှာပါ။ အငြိမ်းစား မယူခင်မှာ ဒီလို အကျိုးရှိတဲ့ ကိစ္စတွေကို လုပ်ဆောင်နိုင်တာဟာ ငါ့အတွက် အရမ်းဝမ်းသာစရာ ကောင်းပါတယ်။ မင်းပြောသလို ငါတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေ တဖြည်းဖြည်း ပျောက်ကွယ်နေတာကို မြင်ရတဲ့အခါ ငါလည်း စိတ်မကောင်း ဖြစ်ရတာပဲ။ မှန်ပါတယ်... အချို့သော ရှေးရိုးစွဲ အယူအဆတွေကိုတော့ စွန့်လွှတ်သင့်တာ မှန်ပေမဲ့၊ ငါတို့ သင်ယူရမယ့် တန်ဖိုးရှိတဲ့ ရိုးရာတွေကတော့ အများကြီး ကျန်နေပါသေးတယ်”
“သမိုင်းကို မှန်ချပ်တစ်ခုလို အသုံးပြုပြီး အနာဂတ်ကို ကြည့်ရှုခြင်းဟာ ငါတို့ အခုအချိန်မှာ အလေးထားရမယ့် အချက်ပဲ။ ငါတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပုံစံဟာ ကမ္ဘာမှာ တစ်ခုတည်းသော ထူးခြားတဲ့ ပုံစံဖြစ်ပြီး၊ လမ်းမှားကို လုံးဝ မရောက်စေရပါဘူး။ ဒါမှသာ ငါတို့နိုင်ငံဟာ ပိုပြီးမြန်မြန်ဆန်ဆန် အင်အား တောင့်တင်းလာမှာဖြစ်သလို ပြည်သူတွေရဲ့ဘဝကလည်း ပိုပြီးသာယာပျော်ရွှင်လာမှာ ဖြစ်တယ်”
******