← Chapters

အခန်း (၂၀၃၀-၂၀၃၂)

Vol. 125 Ch. 2030-2032

အခန်း (၂၀၃၀-၂၀၃၂)

Vol. 125 Ch. 2030-2032

အခန်း (၂၀၃၀) ငါ မင်းကို ချန်ထားလို့ မရတော့ဘူး

"ကောင်းပြီ"

မိမိ၏ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို ခံစားလိုက်ရသည့်အခါ တတိယသားတော်ရွှမ်းသည် ဝမ်းမြောက်ဝမ်းသာဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး၊ သူ၏ မျက်ဝန်းအစုံမှာလည်း တောက်ပနေတော့သည်။

သူသည် အလွန်ပင် စိတ်လှုပ်ရှားနေလျက် မြွက်ဟလိုက်သည်။ "ငါ မင်းကို ကြည့်တာ မမှားဘူးပဲ၊ မင်းမှာ တကယ်ပဲ အရည်အချင်း ရှိတာပဲ”

ဤ လာလမ်းမသိသော ခွန်လွန်တောင် လောကီပညာရှင်သည် မည်မျှပင် စကားပြော ကောင်းသူ ဖြစ်စေကာမူ၊ သူသည် အချိန်တိုအတွင်း တတိယသားတော်ရွှမ်း၏ ယုံကြည်မှုကို ရရှိရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သို့သော်လည်း အကယ်၍ သူသည် တတိယသားတော်ရွှမ်းကို ကူညီပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ လီထိုက်ယီကို နှိမ်နှင်းပေးနိုင်မည်ဆိုပါကမူ အရာအားလုံးမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။

အန်းယာလုရှန်း ဆက်သခဲ့သော နဂါးပုလဲနှင့် ယခုရွှမ်မင်ဇီတို့ရှိနေပြီဖြစ်ရာ သူသည် မိမိ၏ ခန္ဓာကိုယ်ကို အစစ်အမှန် ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

သူသည် ထိုလူယုတ်မာ လီထိုက်ယီကိုလည်း အမြစ်ပြတ် နှိမ်နှင်း၍ ထာဝရ ပျောက်ကွယ်သွားအောင်၊ နောင်ဘဝအထိပါ ပြန်မလာနိုင်အောင် လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။

"ငါ မင်းကို ဒီမှာ ချန်ထားမယ်၊ မင်းကို မင်းဆရာကြီးအဖြစ် ဘွဲ့နှင်းလိုက်မယ်၊ မင်းက ငါ့အတွက် အဲဒီ မိစ္ဆာကို နှိမ်နှင်းပေးဖို့ပဲ အာရုံစိုက်ပေးရမယ်"

တတိယသားတော်ရွှမ်း၏ ဟိန်းထွက်လှသောအသံမှာ ခန့်ညားထည်ဝါလှသည့် ထိုက်ကျိနန်းဆောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

"အရှင်မင်းကြီးကို ကျေးဇူးတင်ရှိပါတယ်"

ရွှမ်မင်ဇီသည် ချက်ချင်းပင် ခါးကို ညွှတ်၍ ဂါရဝပြုလိုက်သည်။

သို့သော်လည်း သူ၏အမူအရာမှာမူ အလွန်ပင် တည်ငြိမ်နေပြီး အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေသည့် ပုံစံမျိုး မတွေ့ရပေ။

"ကျွန်တော်မျိုးအနေနဲ့ ဂမ္ဘီရအတတ်ကို အဓိကထားပြီး ဆေးဖော်စပ်တဲ့ အတတ်ကို အရန်အဖြစ်အသုံးပြုကာ အရှင်မင်းကြီးရဲ့ကိုယ်ပေါ်က မိစ္ဆာကို အမြစ်ပြတ် မောင်းထုတ်ပေးပါ့မယ်၊ ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်သေးပါဘူး”

"ကျွန်တော်မျိုးက မိစ္ဆာနှင်တဲ့ အတတ်တင်မကဘဲ ကြယ်တာရာ ကြည့်တဲ့ အတတ်နဲ့ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်တဲ့ အတတ်တွေကိုလည်း တတ်မြောက်ထားပါတယ်" သူက ဆက်လက် လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုးရဲ့ အမြင်အရတော့ အရှင်မင်းကြီးဟာ နဂါးပိတ်လှောင်ခြင်း အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ၊ တစ်ဖက်မှာတော့ အဲဒီ မိစ္ဆာက အစွမ်းထက်နေတာကြောင့် ဖြစ်သလို၊ အခြားတစ်ဖက်မှာတော့ အရှင်မင်းကြီးရဲ့ ကံကြမ္မာထဲမှာ ရန်သူတစ်ယောက် ရှိနေလို့ပါပဲ"

"အဲဒီ ရန်သူဟာ အရှင်မင်းကြီးနဲ့ အလွန် နီးကပ်တဲ့ နေရာမှာ ရှိနေတာပါ၊ ကျွန်တော်မျိုးက အရှင်မင်းကြီးကို အစွမ်းကုန် ကူညီနေဦးတော့၊ အကယ်၍ အရှင်မင်းကြီးရဲ့ ကံကြမ္မာထဲက အဲဒီ ရန်သူသာ ရှိနေသေးမယ်ဆိုရင်တော့၊ အရာအားလုံးဟာ ဆုံးဖြတ်ရ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်"

"အရှင်မင်းကြီးဟာ အန္တရာယ်တွေကြားမှာ ရှိနေဆဲပါပဲ"

ရွှမ်မင်ဇီက လေးနက်စွာ ပြောဆိုလိုက်သည်။

"ဘာပြောတယ်"

"ကံကြမ္မာ… ရန်သူ”

တတိယသားတော်ရွှမ်းသည် ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ သူ၏မျက်ဝန်းအစုံမှာ ကျဉ်းမြောင်းသွားခဲ့ပြီး မျက်နှာမှာလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။

ရွှမ်မင်ဇီ ၏ စကားများမှာ သူ တွက်ချက်ထားသည်ထက် များစွာ ကျော်လွန်နေပေသည်။

သူသည် သူတော်စင်ဧကရာဇ်သလို၊ တစ်လောကလုံး၏ အရှင်သခင် ဖြစ်ရာ၊ မည်သူကများ သူ၏ ရန်သူ ဖြစ်လာနိုင်ပါ့မနည်း။

ထို့ထက် ပိုမို၍ ထိုသူမှာ မိမိနှင့် အလွန် နီးကပ်သော နေရာ၌ ရှိနေသည် ဟု ဆိုနေခြင်း ဖြစ်သည်။

"အဲဒါ ဘယ်သူလဲ?"

တတိယသားတော်ရွှမ်းက လေးနက်လှသော အသံဖြင့် မေးမြန်းလိုက်ပြီး သူ၏အမူအရာမှာလည်း ပိုမို၍ တည်ကြည်လေးနက်သွားတော့သည်။

မိမိ၏လွတ်လပ်မှုနှင့် ပတ်သက်လာလျှင် အမှားထက် အမှန်ကိုသာ ယုံကြည်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိုရန်သူမှာ မည်သူပင် ဖြစ်စေကာမူ၊ သူ၏အဆင့်အတန်းကို သိရှိလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ထိုသူကို လျင်မြန်စွာ ဖယ်ရှားပစ်မည်သာ ဖြစ်သည်။

ကျယ်ပြောလှသော မြေပြင်ပေါ်ရှိ အရာအားလုံးမှာ ဧကရာဇ်၏ပိုင်ဆိုင်မှုဖြစ်ရာ၊ မည်သူကများ မိမိကို ဆန့်ကျင်ဝံ့ပါ့မနည်း။

"ကျွန်တော်မျိုး မြို့တော်ကို ခုမှ ရောက်ဖူးတာ ဖြစ်လို့၊ နန်းတွင်းက ကိစ္စတွေကိုတော့ အသေအချာ မသိပါဘူး၊ ဒါကြောင့် အရှင်မင်းကြီးကို ချက်ချင်း မဖြေကြားနိုင်တာကို ခွင့်လွှတ်ပေးပါ"

"ဒါပေမဲ့၊ အဲဒီလူဟာ ကျားဖြူသဏ္ဌာန်ရှိတဲ့သူ ဖြစ်ပါတယ်၊ ကျားဖြူဟာ ရက်စက်လှသလို သတ်ဖြတ်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနဲ့ မင်္ဂလာမရှိခြင်းတွေကို ကိုယ်စားပြုပါတယ်၊ ပြီးတော့ အဲဒီလူရဲ့ ကံကြမ္မာဟာ သာမန် ကျားဖြူ မဟုတ်ဘဲ ကျားဖြူနတ်ဘုရား အသွင်သဏ္ဌာန်ဖြစ်နေတာကြောင့် သူဟာ စစ်အာဏာကို ဆုပ်ကိုင်ထားမှာ ဖြစ်သလို၊ ရာထူး အာဏာလည်း အလွန်ကြီးမားပြီး စစ်ဘက်ရေးရာဌာနအတွင်းမှာ ရှိနေမှာပါ"

"ကျွန်တော်မျိုး တွက်ချက်ကြည့်ရသလောက်တော့၊ အဲဒီ ကြယ်တာရာဟာ နန်းတော်ရဲ့ အနောက်တောင်ဘက်မှာ အခြေစိုက်နေပြီး၊ အဲဒီ မိစ္ဆာနဲ့လည်း အလွန်နက်ရှိုင်းတဲ့ ပတ်သက်မှုတွေ ရှိနေပါတယ်"

"ကျန်တဲ့ကိစ္စတွေကိုတော့ ကျွန်တော်မျိုး အခုလောလောဆယ် မတွက်ချက်နိုင်သေးပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးအနေနဲ့ မိစ္ဆာကို နှိမ်နှင်းဖို့ ကြိုးစားတဲ့အခါမှာ အဲဒီလူကတော့ အစွမ်းကုန် တားဆီးမှာ ဖြစ်လို့၊ အရာအားလုံးဟာ အဆင်မပြေ ဖြစ်နိုင်သလို ကျရှုံးသွားနိုင်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်"

ရွှမ်မင်ဇီက မျက်နှာကို တည်ကြည်စွာ ထားလျက် ပြောဆိုလိုက်သည်။

"ကျားဖြူ နတ်ဘုရား အသွင်သဏ္ဌာန်။ စစ်အာဏာကို ဆုပ်ကိုင်ထားသူ။ အနောက်တောင်ဘက်မှာ ရှိနေသူ..."

နန်းဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပြီး၊ တတိယသားတော်ရွှမ်းသည် စကားမပြောဘဲ မျက်ဝန်းများကို မှေးကာ အတွေးများ နက်ရှိုင်းစွာဖြင့် စဉ်းစားနေမိသည်။

"ဝုန်း"

နောက်တစ်ခဏတွင် ပုံရိပ်တစ်ခုမှာ သူ၏ဦးနှောက်အတွင်း၌ ပေါ်ထွက်လာခဲ့ပြီး၊ တတိယသားတော်ရွှမ်း၏စိတ်နှလုံးမှာ လေးလံသွားကာ မျက်နှာမှာလည်း ရေခဲအလား အေးစက်သွားတော့သည်။

"ဒါ... သူ ဖြစ်နေတာလား"

ကျားဖြူ အသွင်သဏ္ဌာန်၊ သတ်ဖြတ်ခြင်းနှင့် စစ်မက်ကို ကိုယ်စားပြုသူ၊ ရာထူးအာဏာ ကြီးမားပြီး စစ်အာဏာကို ဆုပ်ကိုင်ထားသူ... တစ်ခုလုံးသော မဟာထန်အင်ပါယာအတွင်း၌ ဤအချက်များနှင့် ကိုက်ညီသူမှာ တစ်ဦးတည်းသာ ရှိပေသည်။

၎င်းမှာ မျိုးနွယ်ခြားဘုရင် ဝမ်ချောင်ပင် ဖြစ်တော့သည်။

အရေးကြီးဆုံး အချက်မှာ ထိုသူသည် လီထိုက်ယီအပေါ် အလွန်အမင်း သစ္စာရှိလှသူ ဖြစ်သလို၊ နန်းတွင်း၌လည်း မိမိကို အကြိမ်ကြိမ် ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ ထိုက်ဖျင်မျှော်စင်ကိစ္စ၊ မိဖုရား ရွေးချယ်သည့် ကိစ္စ... ဤ သစ္စာမဲ့သော အမတ်မှာ နေရာတိုင်း၌ မိမိကို ဆန့်ကျင်နေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဝမ်ချောင်၏အိမ်တော်မှာလည်း မတော်တဆအလား နန်းတော်၏ အနောက်တောင်ဘက်တွင် တည်ရှိနေသဖြင့်၊ လောကီပညာရှင် ပြောဆိုသော အနောက်တောင်ဘက် ဆိုသည့် စကားနှင့် ကွက်တိ ဖြစ်နေပေသည်။

ဤအချက်များကို တွေးတောမိသည့်အခါ၊ တတိယသားတော်ရွှမ်း၏မျက်နှာမှာ ပိုမို၍ အေးစက်သွားတော့သည်။

ရန်သူ။

ထိုသူသည် မိမိကို နေရာတိုင်း၌ ဆန့်ကျင်နေသည်ကိုသာ သူ သိရှိထားခဲ့သော်လည်း၊ မိမိ၏ ကံကြမ္မာကို ဖျက်ဆီးမည့် ရန်သူ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

အကယ်၍သာ အမှန်တကယ် ယခုကဲ့သို့ ဖြစ်နေမည် ဆိုပါက၊ သူသည် ထိုသူကို လုံးဝ ချန်ထား၍ ဖြစ်တော့မည် မဟုတ်ပေ။

ထိုသို့ တွေးတောရင်း တတိယသားတော်ရွှမ်း၏မျက်ဝန်းအတွင်းမှ အလင်းတန်းများမှာ ပြောင်းလဲသွားခဲ့ပြီး သူ၏ စိတ်ထဲ၌လည်း ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာတော့သည်။

"ဒါ့အပြင်၊ ကျွန်တော်မျိုး ခွန်လွန်မှာ ရှိနေတုန်းက၊ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို လိုက်ရှာနေတဲ့ လူတစ်ချို့နဲ့ ဆုံခဲ့ပါသေးတယ်"

"အဲဒီ နတ်ဆေးမြက်ဟာ ဝိညာဉ်ခွဲခွာခြင်း ဝေဒနာ ခံစားနေရသူတွေအတွက် အလွန်ထိရောက်သလို၊ အရေးကြီးဆုံးကတော့ မိစ္ဆာပူးကပ်တဲ့ ဝေဒနာတွေအတွက်လည်း အသုံးဝင်ပါတယ်၊ ၎င်းကို ကောင်းတဲ့ဘက်မှာရော ဆိုးတဲ့ဘက်မှာပါ အသုံးပြုလို့ ရပါတယ်"

"ပြီးတော့ အဲဒီလူတွေဟာ အဝတ်အစား ခန့်ညားထည်ဝါကြသလို သာမန်လူတွေ မဟုတ်ကြပါဘူး၊ ကျွန်တော်မျိုး တွက်ချက်ကြည့်တဲ့ အခါမှာတော့ အဲဒီလူတွေဟာ အရှင်မင်းကြီးရဲ့ ကံကြမ္မာထဲက ရန်သူဖြစ်တဲ့ ကျားဖြူ နတ်ဘုရား အသွင်သဏ္ဌာန်နဲ့ ပတ်သက်မှုတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်၊ ဒီကိစ္စဟာ အရှင်မင်းကြီးအတွက် မကောင်းနိုင်ဘူးလို့ ကျွန်တော်မျိုး စိုးရိမ်မိပါတယ်"

ရွှမ်မင်ဇီက ဆိုလိုက်သည်။

"ဒါ့အပြင် ကျွန်တော်မျိုး မှတ်မိသလောက် ရှေးဟောင်း ကျမ်းစာတွေထဲမှာတော့၊ ဒီ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ဟာ နတ်ဘုရားစစ်သည်တော်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားရာမှာ ကျရှုံးခဲ့သူတွေအတွက် အစွမ်းထက်လှပြီး၊ ဒဏ်ရာတွေကို ကုသပေးနိုင်သလို ကျင့်စဉ် အဆင့်တွေ နိမ့်ကျမသွားအောင်လည်း တားဆီးပေးနိုင်တယ်လို့ ဆိုထားပါတယ်!"

"ဝုန်း!"

ရွှမ်မင်ဇီ၏ အစောပိုင်း စကားများကို တတိယသားတော်ရွှမ်းအနေဖြင့် များစွာဂရုမစိုက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် ပြောဆိုလိုက်သော နတ်ဘုရားစစ်သည်တော်အဆင့်နှင့် ပတ်သက်သည့် စကားကို ကြားလိုက်ရသည့် အခါတွင်မူ တတိယသားတော်ရွှမ်းသည် တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်နှာမှာလည်း ရုတ်တရက် ပြောင်းလဲသွားတော့သည်။

"မိုက်မဲလိုက်တာ"

တတိယသားတော်ရွှမ်းသည် ရက်စက်လှသော မျက်နှာထားဖြင့် ဒေါသတကြီး ဟောက်လိုက်တော့သည်။

"သေသင့်တဲ့ကောင်၊ မင်းက တကယ်ပဲ ရဲတင်းလွန်းတာပဲ၊ အဲဒီ မိစ္ဆာကောင်ကို ကူညီပြီး ငါ့ကို ရန်သူလို ဆက်ဆံရဲတယ်ပေါ့"

ထိုအခိုက်အတန့်တွင် နန်းဆောင်ကြီးမှာ တုန်ခါသွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါ တစ်ခုမှာ တတိယသားတော်ရွှမ်း၏ ကိုယ်အတွင်းမှ တောင်ပြိုကမ္ဘာပျက်မတတ် ပွင့်ထွက်လာတော့သည်။

တတိယသားတော်ရွှမ်း၏ ဝတ်ရုံစများမှာ လှုပ်ခတ်နေသလို၊ သူ၏ ဆံပင်ရှည်များမှာလည်း လေလှိုင်းများကြား၌ ရူးသွပ်စွာ လွင့်ပျံနေတော့သည်။

နတ်ဘုရားစစ်သည်တော်အဆင့်။

တစ်လောကလုံးတွင် ဤနယ်ပယ်သို့ ရောက်ရှိထားသူ သို့မဟုတ် တက်လှမ်းရန် ကြိုးစားခဲ့သူမှာ သူ၏ကိုယ်အတွင်းရှိ ထို မိစ္ဆာတစ်ဦးတည်းသာ ရှိပေသည်။

အကယ်၍ ယခင်က သူ သေချာပေါက် မသိရှိခဲ့ဟု ဆိုလျှင်ပင်၊ ယခု အခိုက်အတန့်တွင်မူ ခွန်လွန်တောင်၌ ပေါ်ထွက်နေသော ထိုလူများမှာ မိမိကို ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်း သူ အခိုင်အမာ သိရှိသွားခဲ့ပြီ ဖြစ်သည်။

"အသိတရား ကင်းမဲ့လိုက်တဲ့ကောင် ငါ မင်းကို မသတ်ဘဲ ချန်ထားခဲ့တာဟာ အကြီးမားဆုံးသော ကရုဏာတော် ဖြစ်နေပြီကို၊ မင်းက ငါ့ရဲ့ကွယ်ရာမှာ အခုလို ကိစ္စမျိုးတွေ လုပ်ပြီး အဲဒီ မိစ္ဆာကို ကူညီရဲတယ်ပေါ့!"

ယခု အခိုက်အတန့်တွင် တတိယသားတော်ရွှမ်းသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

ဧကရာဇ်က အမတ်ကို သေစေလိုလျှင် အမတ်သည် မသေဘဲ မနေရ။

သူသည် သူတော်စင်ဧကရာဇ် ဖြစ်သလို တစ်လောကလုံး၏ အရှင်သခင် ဖြစ်ရာ၊ ဝမ်ချောင်ကိုလည်း သူ ဂရုမစိုက်ခဲ့ပေ။

ဒါဆိုရင် သူက ပုန်ကန်ပြီး ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့။

သို့သော်လည်း သူသည် ဝမ်ချောင်ကို လျှော့တွက်ခဲ့မိကြောင်း သိရှိလိုက်ရသည်။

ဤ သစ္စာမဲ့သော အမတ်မှာ အပြင်ပန်းတွင် နာခံနေသော်လည်း၊ ကွယ်ကွယ်ဝှက်ဝှက်၌မူ ခွန်လွန်တောင်သို့ လူလွှတ်၍ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို ရှာဖွေခိုင်းခြင်းဖြင့် မိမိကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

အကယ်၍သာ ခွန်လွန်တောင်မှ ဤလောကီပညာရှင် မိမိ၏ရှေ့မှောက်သို့ ရောက်မလာခဲ့လျှင်၊ သူသည် အသေခံရမည့် အချိန်အထိ ထိုသူက မိမိကို ကွယ်ဝှက်၍ တိုက်ခိုက်နေသည်ကို သိရှိလိမ့်မည် မဟုတ်ပေ။

ဒီလူယုတ်မာ၊ သူက တကယ်ပဲ ရဲတင်းလွန်းတာပဲ။

ဒါဟာ အထင်အမြင်သေးခံရတဲ့ အရှက်ကွဲမှုနဲ့ သစ္စာဖောက်မှုကြီးပဲ။

"ဘုန်း"

ရုတ်တရက်ဆိုသလို ဂန်ချီလှိုင်းတစ်ခု ပွင့်ထွက်သွားပြီး၊ ရွှမ်မင်ဇီဖန်တီးထားသော ထိုသစ်ပင်အဖြစ် ပြောင်းလဲနေသည့် နဂါးတိုင်ကြီးကို ခဏချင်းအတွင်း အမှုန့်ဖြစ်အောင် ချေမွပစ်လိုက်တော့သည်။

"ရွှမ်မင်ဇီ မင်း ဒီမှာ နေခဲ့ပါ၊ မင်း အလိုရှိသမျှ အရာအားလုံးကို ငါ ပေးသနားမယ်"

"ဝမ်ချောင်နဲ့ ပတ်သက်ရင်တော့၊ ငါ့ကို သစ္စာဖောက်ရဲမှတော့... ငါ မင်းကို ချန်ထားလို့ မရတော့ဘူး"

ထိုအေးစက်လှသော အသံမှာ တစ်ခုလုံးသော နန်းဆောင်အတွင်း၌ ဟိန်းထွက်သွားတော့သည်။

အချိန်များမှာ တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပြီး၊ အရာရာမှာ စနစ်တကျ လည်ပတ်နေသကဲ့သို့ ရှိသော်လည်း၊ တိတ်တဆိတ်အားဖြင့်မူ ပြင်းထန်လှသော လှိုင်းလုံးကြီးများမှာ ပေါ်ထွက်နေပြီ ဖြစ်သည်။

ညဉ့်နက်ပိုင်း အချိန်၊ မျိုးနွယ်ခြားဘုရင် အိမ်တော်၏အပြင်ဘက်၌ ပုံရိပ်တစ်ခုမှာ ခေါင်းငုံ့လျက် ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်ရှုပြီးနောက် အိမ်တော်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

"မျိုးနွယ်ခြားဘုရင်ကို ဂါရဝပြုပါတယ်"

ကျောက်ချန်ဖုသည် အိမ်တော်အတွင်းသို့ ရောက်ရှိလာပြီးနောက် ရင်းနှီးနေသော လမ်းကြောင်းအတိုင်း ခန်းမဆောင်ကြီး၏ရှေ့သို့ ရောက်ရှိလာကာ အထက်တွင် ထိုင်နေသော ခန့်ညားထည်ဝါလှသည့် ပုံရိပ်ကို ကြည့်ရင်း ဒူးထောက် ဂါရဝပြုလိုက်ရာ သူ၏အသံမှာ အလွန်ပင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေပေသည်။

"ငါးရက်အတွင်းမှာ မင်း စုံစမ်းခိုင်းထားတာတွေ ဘယ်လို ဖြစ်သွားပြီလဲ"

ခန်းမဆောင်အတွင်း၌ ဝမ်ချောင်သည် ပလ္လင်တော်ပေါ်၌ ထိုင်နေပြီး လက်ထဲမှ စာလွှာကို ဖတ်ရှုရင်း ခေါင်းကို မော့မကြည့်ဘဲ အေးဆေးစွာ မေးမြန်းလိုက်သည်။ ကျောက်ချန်ဖု ရောက်ရှိလာခြင်းအပေါ် သူ အနည်းငယ်မျှ အံ့သြခြင်း မရှိပေ။

အမှန်စင်စစ်တွင်မူ အန်းယာလုရှန်းက သူတော်စင်ဧကရာဇ်၏ ဘေးနား၌ အစွမ်းကုန် ကြိုးစား၍ ထည့်သွင်းထားခဲ့သော ဤနယ်ရုပ်မှာ လွန်ခဲ့သော အချိန်ကတည်းက ဝမ်ချောင်၏အကြောက်အလန့် ပြသမှုနှင့် အကျိုးအမြတ် ပေးကမ်းမှုများကြောင့် ဝမ်ချောင်၏လက်အောက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ တတိယသားတော်ရွှမ်း၏ ဘေးနား၌ ထားရှိထားသော မျက်လုံးတစ်စုံ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ဤမျက်လုံးရှိနေခြင်းကြောင့်သာ ဝမ်ချောင်အနေဖြင့် တတိယသားတော်ရွှမ်း၏ ဘေးနား၌ ဖြစ်ပျက်သမျှ ကိစ္စရပ်များကို မည်သူမျှ သတိမထားမိစေဘဲ အချိန်မီ သိရှိနိုင်ခြင်း ဖြစ်သည်။

တတိယသားတော်ရွှမ်းသည် မင်းဆရာကြီးအသစ်တစ်ဦးကို ဘွဲ့နှင်းခဲ့သော်လည်း၊ နန်းတွင်းရှိ အမတ်များမှာ ကြိုတင်၍ ဖြစ်စေ၊ နောက်ပိုင်း၌ဖြစ်စေ မည်သည့်အရာကိုမျှ သိရှိခြင်း မရှိကြပေ။ သို့သော် ဝမ်ချောင်ဘက်၌မူ ထိုသူ၏ နောက်ကြောင်းကို သိရှိထားပြီး ဖြစ်သည်။

"မျိုးနွယ်ခြားဘုရင်ကို လျှောက်တင်ပါတယ်။ လွန်ခဲ့တဲ့ သုံးရက်ကစပြီး သူတော်စင်ဧကရာဇ်က အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆေးမြက်တွေနဲ့ ရှားပါး ကျောက်မျက်တွေကို အမြောက်အမြား စုဆောင်းဖို့ပါပဲ။"

"ဒါ့အပြင် သူတော်စင်ဧကရာဇ်ဟာ နန်းတော်ထဲမှာ အဲဒီ ရွှမ်မင်ဇီအတွက် ဆေးဖော်ခန်းတစ်ခုကို တည်ဆောက်ပေးထားပြီး၊ သာမန်လူတွေတင်မကဘဲ ကိုယ်လုပ်တော်တွေတောင် အနားကို ချဉ်းကပ်ခွင့် မပြုပါဘူး။ သူ အဲဒီထဲမှာ ဘာတွေ လုပ်နေသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေမဲ့ အရှင်မင်းကြီးဟာ နေ့စဉ်နဲ့အမျှ အဲဒီထဲကို ဝင်ရောက်သွားပြီး နှစ်နာရီခန့်ကြာမှ ပြန်ထွက်လာလေ့ ရှိပါတယ်" ကျောက်ချန်ဖုက ခေါင်းငုံ့လျက် လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုး အများကြီး ကြိုးစားပြီး စုံစမ်းကြည့်တော့မှ သိလိုက်ရတာကတော့၊ ရွှမ်မင်ဇီဟာ သူတော်စင်ဧကရာဇ်အတွက် ဆေးဖော်စပ်ပေးနေတာ ဖြစ်သလို၊ အဲဒီ ဆေးတွေက ကိုယ်ပေါ်က မိစ္ဆာကို နှိမ်နှင်းဖို့အတွက်လို့ သိရပါတယ်!"

ကျောက်ချန်ဖု၏ နောက်ဆုံးစကားကို ကြားလိုက်ရသည့် ခဏ၌ ဝမ်ချောင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားတော့သည်။

"သိပြီ၊ မင်း သွားလို့ ရပြီ"

"ရွှီခဲ့ယွီ၊ သူ့ကို ရွှေဒင်္ဂါး တစ်ထောင် ထုတ်ပေးလိုက်"

"ဟုတ်ကဲ့ပါ၊ အရှင်"

ခန်းမအတွင်း၌ ရွှီခဲ့ယွီက လျင်မြန်စွာ ပြန်လည် ဖြေကြားလိုက်သည်။

"ဧကရာဇ်က ဆာလောင်နေတဲ့ စစ်သည်တွေကို အသုံးမချဘူး" ဆိုသည့်အတိုင်း၊ ကျောက်ချန်ဖုမှာ လူမိုက်တစ်ဦး ဖြစ်စေကာမူ၊ လူမိုက်တွင်လည်း လူမိုက်၏ အသုံးဝင်ပုံ ရှိပေသည်။ ဝမ်ချောင်အနေဖြင့် သူ့ကို ခြိမ်းခြောက်နိုင်စေကာမူ၊ နောက်ဆုံးတွင် ရွှေနှင့် ငွေများကဲ့သို့သော အကျိုးအမြတ်ဖြင့် စေခိုင်းခြင်းကသာ ပိုမိုထိရောက်မှု ရှိပေသည်။

"ကျန်းချွယ်၊ အဲဒီ ရွှမ်မင်ဇီနဲ့ ပတ်သက်ပြီး စုံစမ်းထားတာ ဘယ်လိုလဲ"

ရွှီခဲ့ယွီက ကျောက်ချန်ဖုကို ခေါ်ဆောင်၍ ထွက်ခွာသွားပြီးနောက် ဝမ်ချောင်သည် ခန်းမအောက်၌ မဝေးလှသော နေရာတွင် ရှိနေသည့် ကျန်းချွယ်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

"အရှင်ကို လျှောက်တင်ပါတယ်၊ ကျွန်တော်မျိုးတို့ စုံစမ်းကြည့်ရသလောက်တော့၊ ဒီ ရွှမ်မင်ဇီဟာ အမှန်တကယ်ပဲ ခွန်လွန်တောင်တန်းက လာတာ ဖြစ်သလို၊ လျှို့ဝှက်တဲ့ လောကီပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်၊ အခု အချိန်အထိတော့ သံသယဖြစ်ဖွယ်ကိစ္စ တစ်ခုမှ မတွေ့ရသေးပါဘူး။"

"ဒါ့အပြင် အစပိုင်းမှာ ကျွန်တော်မျိုးတို့လည်း ဒီရွှမ်မင်ဇီဟာ အမည်းရောင်ဝတ်စုံဝတ်လူတစ်ယောက် ဖြစ်မလားလို့ သံသယ ဖြစ်ခဲ့ပေမဲ့၊ အခြေအနေ အမျိုးမျိုးအရ ကြည့်မယ်ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။"

"အဲဒီ အမည်းရောင်ဝတ်စုံဝတ်လူတွေဟာ သူတော်စင်ဧကရာဇ်ရဲ့ ဘေးနားမှာ အခုလိုမျိုး ဗြောင်ကျကျ ပေါ်ထွက်လာရဲလောက်အောင် သတ္တိရှိမယ် မထင်ပါဘူး။ ဒါပေမဲ့၊ ဒီ ရွှမ်မင်ဇီကို အမည်းရောင်ဝတ်စုံဝတ်လူတွေက စေလွှတ်လိုက်တာလား ဆိုတာကိုတော့ ကျွန်တော်တို အတည်မပြုနိုင်သေးပါဘူး" ကျန်းချွယ်က ရိုသေစွာ လျှောက်တင်လိုက်သည်။

ဝမ်ချောင်သည် စကားမပြောဘဲ ခေါင်းကိုသာ မော့လိုက်ပြီး သူ၏အမူအရာမှာ အနည်းငယ် ထူးဆန်းနေသလို အတွေးများစွာဖြင့် နက်ရှိုင်းနေပုံရပေသည်။

ရွှမ်မင်ဇီ။

ဤအမည်ကို ဝမ်ချောင်ကြားဖူးနားဝ ရှိနေခဲ့သည်။

လွန်ခဲ့သော ဘဝတုန်းက သူတော်စင်ဧကရာဇ်လက်ထက် နှောင်းပိုင်းတွင် ဤလူ ပေါ်ထွက်လာခဲ့ဖူးသလိ၊ နန်းတော်အတွင်းသို့လည်း ဝင်ရောက်ခဲ့ဖူးသည်။ သို့သော်လည်း ထိုသူမှာ ခဏတာမျှသာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ကြီးမားလှသော လှိုင်းလုံးများကို မဖန်တီးနိုင်ခဲ့ဘဲ များမကြာမီမှာပင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စ ပြီးဆုံးပြီးနောက် မဟာဘေးဒုက္ခကြီးကျရောက်လာသည့်အချိန်အထိ သူနှင့် ပတ်သက်သော သတင်းများကို မည်သူမျှ မကြားခဲ့ရတော့ပေ။ ၎င်းမှာ သမုဒ္ဒရာအတွင်းမှ ရေပူဖောင်းလေး တစ်ခု လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်သည်။

မဟာထန်အင်ပါယာ အပါအဝင် အလယ်ပိုင်းဒေသ၏ သမိုင်းကြောင်း တစ်လျှောက်တွင်၊ ယခုကဲ့သို့ မိမိကိုယ်မိမိ လာရောက် မိတ်ဆက်၍ ဧကရာဇ်၏ အာရုံစိုက်မှုကို ရရှိရန် ကြိုးစားသော ထူးခြားသည့် ပညာရှင်များမှာ အမှန်တကယ်ပင် မရေမတွက်နိုင်အောင် များပြားလှပေသည်။ သို့သော် ၎င်းတို့အနက် အများစုမှာမူ မည်သည့် ကြီးမားသော အပြောင်းအလဲကိုမျှ မဖန်တီးနိုင်ခဲ့ကြပေ။

******

အခန်း (၂၀၃၁) ယွိရွှယ်ရှား

ဝမ်ချောင်အနေဖြင့် သူ့ကို သတိထားမိခဲ့ခြင်းမှာ သူ၏လောကီပညာရှင်ဆိုသည့် အဆင့်အတန်းကြောင့်သာ ဖြစ်ပေသည်။

"လွန်ခဲ့တဲ့ ဘဝတုန်းကတော့၊ သူဟာ အလေးပေးခံရတဲ့သူ မဟုတ်ဘူးလို့ ငါ မှတ်မိနေတယ်။ ငါ ဝင်ရောက် စွက်ဖက်လိုက်တာကြောင့် လိပ်ပြာတောင်ပံခတ်ခြင်း အကျိုးသက်ရောက်မှုဖြစ်ပေါ်လာပြီး ဒီလူရဲ့ကံကြမ္မာကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ပြောင်းလဲပေးလိုက်တာလား။ ဒါမှမဟုတ် တခြား နောက်ကွယ်က အကြောင်းရင်းတွေ ရှိနေတာလား"

ဝမ်ချောင်၏ဦးနှောက်အတွင်း၌ အတွေးပေါင်းစုံမှာ လှိုင်းများအလား တစ်ခုပြီးတစ်ခု ပေါ်ထွက်နေပေသည်။

ယခု ဘဝတွင်မူ အရာရာမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သလို မူလက မဟာထန်အင်ပါယာ၌ ကျရောက်ရမည့် ဘေးဒုက္ခများစွာကိုလည်း ရှောင်လွှဲနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင်၊ အသစ်သော ပြောင်းလဲမှုများစွာလည်း ပေါ်ထွက်လာခဲ့သည်။ ဥပမာအားဖြင့် တိုင်းနိုင်ငံပေါင်းစုံ ပွဲတော်ဆိုသည်မှာ လွန်ခဲ့သော ဘဝတုန်းက ဖြစ်ပျက်ခဲ့ခြင်း မရှိပေ။

ရွှမ်မင်ဇီသည် မဟာထန်၏ မင်းဆရာကြီးဖြစ်လာခြင်းမှာလည်း၊ ယခင်က တစ်ခါမှ မဖြစ်ပေါ်ဖူးသော ကိစ္စပင် ဖြစ်သည်။

အမှန်စင်စစ်တွင်မူ၊ အကြီးမားဆုံးသော ပြောင်းလဲမှုမှာ မိမိကိုယ်တိုင်ပင် ဖြစ်သည်၊ အနည်းဆုံးအားဖြင့် လွန်ခဲ့သော ဘဝမှ မဟာထန်တွင် မိမိကဲ့သို့သော မျိုးနွယ်ခြားဘုရင်၊ ကိုးပြည်ထောင် နယ်စားကြီးနှင့် လင်းယန်ပြခန်း ပုဂ္ဂိုလ်ကျော် ဆိုသည်မှာ ပေါ်ထွက်ခဲ့ခြင်း မရှိပေ။ ဝမ်ချောင်အနေဖြင့်လည်း ဤကိစ္စ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို ခေတ္တမျှ ဝေခွဲမရ ဖြစ်နေတော့သည်။

"ဒါနဲ့ အရှင် ချင်းယန်သခင်လေးဘက်ကလည်း သတင်း ရောက်လာပါတယ်။ သူတို့တွေ နောက်ထပ် ဆယ်ရက်လောက်ဆိုရင် မြို့တော်ကို ပြန်ရောက်လာပါလိမ့်မယ်"

ထိုအချိန်မှာပင် ကျန်းချွယ်၏အသံမှာ ဝမ်ချောင်၏နားထဲသို့ ထပ်မံဝင်ရောက်လာပြန်သည်။

"အော်"

ဝမ်ချောင်၏မျက်ဝန်းများမှာ လင်းလက်သွားခဲ့ပြီး အတွေးများထဲမှ ချက်ချင်း သတိပြန်ဝင်လာကာ အလွန်ပင် အံ့အားသင့်သွားသည့် အမူအရာ ပေါ်ထွက်လာသည်။

ချင်းယန်သခင်လေးမှာ ဤမျှလောက် မြန်ဆန်စွာ မြို့တော်သို့ ပြန်လည်ရောက်ရှိလာခြင်းမှာ ဝမ်ချောင်အတွက်မူ အမှန်တကယ်ပင် မမျှော်လင့်ထားသော ကိစ္စ ဖြစ်နေပေသည်။

"ဒါနဲ့ သူ တခြားဘာတွေ ပြောသေးလဲ။ အရောင်ငါးမျိုး သလင်း နတ်ဆေးပင် အကြောင်းကော ပါလား"

ဝမ်ချောင်က မေးမြန်းလိုက်သည်။

"သူတို့တွေ တောင်တန်းကြီး တစ်ခုလုံးကို နီးပါး ရှာဖွေပြီးတဲ့နောက်မှာ တောင်ခြေနားမှာ ဆေးမြက် တစ်မျိုးကို ရှာတွေ့ခဲ့ပါတယ်၊ ဒါပေမဲ့ အခုလောလောဆယ်တော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ အရှင်နဲ့ ရှေးဟောင်း ကျမ်းစာတွေထဲမှာ ပါတဲ့ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်နဲ့တော့ အတော်လေး ဆင်တူပါတယ်!"

ကျန်းချွယ်က ခါးကို ညွှတ်၍ လျှောက်တင်လိုက်သည်။

"သူ့ကို ပြန်လာခိုင်းလိုက်ပါ"

ဝမ်ချောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စကားစလိုက်သည်။

"ဒါ့အပြင် သူ့ကို အရာရာမှာ သတိထားပြီး လုပ်ဆောင်ဖို့နဲ့ ခြေရာဖျောက်ဖို့ ပြောလိုက်ပါ၊ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကိစ္စကိုတော့ ပြင်ပလူတွေ လုံးဝ မသိစေရဘူး။"

"ဟုတ်ကဲ့ပါ၊ အရှင်"

ကျန်းချွယ်သည် ခါးကို ညွှတ်၍ ဂါရဝပြုလိုက်ပြီးနောက် အမိန့်ကို အမြန်ဆုံး သွားရောက် ဆောင်ရွက်ရန် ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။

ကျန်းချွယ်သည် နောက်သို့ လှည့်၍ ခန်းမဆောင်ကြီးအတွင်းမှ ထွက်ခွာသွားသည့် ခဏ၌

"ဝုန်း"

ရုတ်တရက်ဆိုသလို လျှပ်စစ်လှိုင်း တစ်ခုမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ ဖြတ်ပြေးသွားခဲ့ပြီး သူ၏တစ်ကိုယ်လုံး တုန်ယင်သွားကာ တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားတော့သည်။

ချင်းယန်သခင်လေး... နဂါးဓား... ခွန်လွန်တောင်တန်း...

ရှေးဟောင်း လောကီပညာရှင်... ရွှမ်မင်ဇီ... ခွန်လွန်တောင်တန်း...

အရောင်ငါးမျိုး သလင်း နတ်ဆေးပင်။

မိမိက ချင်းယန်သခင်လေးကို ခွန်လွန်တောင်တန်းသို့ စေလွှတ်၍ ဆေးမြက်ကို ရှာဖွေခိုင်းခဲ့သလို ရွှမ်မင်ဇီမှာလည်း မတော်တဆအလား ခွန်လွန်တောင်တန်း၌ပင် တရားကျင့်ကြံနေသူ ဖြစ်သည်။ ဤအရာမှာ တမင်တကာ စီစဉ်ထားခြင်းလား၊ သို့မဟုတ် တိုက်ဆိုင်မှု သက်သက်လား။

ချင်းယန်သခင်လေးသည် ခွန်လွန်တောင်တန်း၌ လှုပ်ရှားနေစဉ်အတွင်း ရွှမ်မင်ဇီနှင့် ဆုံတွေ့ခဲ့ဖူးသလား။

အရောင်ငါးမျိုး သလင်း နတ်ဆေးပင်အကြောင်းကို ရွှမ်မင်ဇီ သိရှိထားသလား။

ရွှမ်မင်ဇီသည် တတိယသားတော်ရွှမ်းအတွက် ဆေးဖော်စပ်ပေးနေသူ ဖြစ်ရာ၊ အကယ်၍ ဤကိစ္စကို ရွှမ်မင်ဇီ သာ သိရှိထားမည် ဆိုပါက၊ တတိယသားတော်ရွှမ်းသည်လည်း...

ထိုခဏ၌၊ ဝမ်ချောင်သည် အလွန်ပင် မကောင်းသော ခံစားချက်ကြီး တစ်ခုကို ရုတ်တရက် ခံစားလိုက်ရတော့သည်။

"သိန်းငှက်အိုကြီး၊ ငါ့ကိုယ်စား ချင်းယန်သခင်လေးဆီကို နောက်ထပ် စာတစ်စောင် ရေးပေးပါ၊ သူ ခွန်လွန်တောင် လောကီပညာရှင် တစ်ယောက်နဲ့ ဆုံခဲ့ဖူးသလားဆိုတာကို မေးလိုက်ပါဦး"

ဝမ်ချောင်က အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အရှင်"

ခန်းမဆောင်ကြီးအတွင်း၌ ခဏမျှ တိတ်ဆိတ်သွားကာ သိန်းငှက်အိုကြီး၏အသံမှာ ထွက်ပေါ်လာခဲ့ပြီးနောက် သူသည် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

"အခုတော့ ဒီအရာအားလုံးက ငါ အများကြီး တွေးပူမိတာပဲ ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ"

ဝမ်ချောင်သည် စိတ်ထဲမှ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

အချိန်များမှာ တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ သိန်းငှက်အိုကြီးသည် ချင်းယန်သခင်လေးဆီသို့ စာတစ်စောင် ပေးပို့ထားခဲ့သော်လည်း၊ ဝမ်ချောင်ဘက်၌မူ ချင်းယန်သခင်လေး ဆီမှ မည်သည့် အကြောင်းပြန်စာကိုမျှ လက်ခံရရှိခြင်း မရှိခဲ့ပေ။

"သတင်းပို့ပါတယ်"

ဆယ်ရက်ကျော် ကြာမြင့်ပြီးနောက်တွင်မူ၊ အစောင့်စစ်သည် တစ်ဦးမှာ အလန့်တကြားဖြင့် မျိုးနွယ်ခြားဘုရင် အိမ်တော်၏ခန်းမဆောင်အတွင်းသို့ ပြေးဝင်လာကာ ဒူးတစ်ဖက် ထောက်လျက် အစီရင်ခံလိုက်သည်။

"အရှင် အခုလေးတင် သတင်း ရောက်လာပါတယ်၊ ချင်းယန်သခင်လေး နဲ့ ဓားနဂါးတို့ဟာ မြို့တော်ကို ပြန်အလာ လမ်းခုလတ်မှာ တိုက်ခိုက်ခံလိုက်ရပါတယ်!"

"ဘာပြောတယ်"

ခန်းမဆောင်အတွင်း၌ ဝမ်ချောင်သည် လူတိုင်းနှင့်အတူ ရိက္ခာများနှင့် ကျောက်မီးသွေး ကိစ္စများကို တိုင်ပင်နေစဉ်၊ ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ လူတိုင်း၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဖြစ်ရတာလဲ"

"ချင်းယန်သခင်လေးတို့ကို ဘယ်သူကများ ကြားဖြတ် တိုက်ခိုက်ရဲတာလဲ"

"ဂိုဏ်းလောကထဲက လူတွေလား?"

လူတိုင်းမှာ မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။

လူတိုင်းအကြား၌ ချင်းယန်သခင်လေးနှင့် နဂါးဓားတို့မှာ အနိမ့်ဆုံးသော ပုံစံဖြင့်သာ နေထိုင်တတ်ကြသူများ ဖြစ်သည်။ နန်းတွင်းရှိ လူများစွာက သူတို့ကို မသိရှိကြသလို၊ သိုင်းလောကအတွင်း၌လည်း သူတို့ကို မြင်တွေ့ဖူးသူ အလွန် နည်းပါးလှပေသည်။ ထို့အပြင် ယခုအခါ ချင်းယန်သခင်လေး၏အင်အားမှာလည်း များစွာတိုးတက်လာခဲ့ပြီဖြစ်ရာ၊ မည်သူကများ သူ့ကို တိုက်ခိုက်ရဲပါ့မည်နည်း။

သို့သော်လည်း အစောင့်စစ်သည်မှာ လိမ်ညာလိမ့်မည် မဟုတ်သဖြင့်၊ အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုသည်ကို မည်သူမျှ မသိရှိကြပေ။

"ဒါဟာ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်အတွက် ဖြစ်နိုင်မလား?"

ထိုအချိန်မှာပင်၊ ခန်းမဆောင်အတွင်းမှ တစ်စုံတစ်ယောက်က စကားစလိုက်သည်။

ခဏချင်းအတွင်းမှာပင်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး အသံများ အားလုံး ပျောက်ကွယ်သွားတော့သည်။

ကျန်းချွယ်၊ ရွှီခဲ့ယွီ၊ စုရွှတ်ရွှမ်း၊ သိန်းငှက်အိုကြီး... လူတိုင်းမှာ မျက်မှောင်များကို ကြုတ်လိုက်ကြပြီး၊ သူတို့၏ အမူအရာမှာလည်း များစွာ လေးနက်သွားတော့သည်။

အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ဆိုသည်မှာ မြေကမ္ဘာ၏ထူးခြားလှသော ရတနာ တစ်ခု ဖြစ်စေကာမူ၊ နတ်ဘုရားစစ်သည်တော်အဆင့်အဆင့် မရှိသူများအတွက်မူ၊ အမှန်စင်စစ်တွင် များစွာ အသုံးဝင်လှသည် မဟုတ်ပေ။ အကယ်၍ ရန်သူသည် ထိုဆေးမြက်အတွက် ရည်ရွယ်၍ ရောက်ရှိလာခြင်း ဆိုပါက၊ ဤကိစ္စ၏ သဘောသဘာဝမှာမူ လုံးဝကို ခြားနားသွားခဲ့ပြီ ဖြစ်သည်။

"ငါ့ရဲ့ အမိန့်ကို နားထောင်စမ်း၊ ဖုန်း၊လင်၊ဟော်၊ရှန်းတပ်ဖွဲ့တွေ အားလုံးကို အစွမ်းကုန် လွှတ်လိုက်ပါ၊ ချင်းယန်သခင်လေးရဲ့ တည်နေရာကို အမြန်ဆုံး ရှာဖွေကြစမ်း"

ထိုအချိန်မှာပင် ခန်းမဆောင်အတွင်းမှ အရှိန်အဝါ ကြီးမားလှသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့ပါ"

ဝမ်ချောင် စကားပြောလိုက်သည်ကို ကြားရသည့်အခါ ခန်းမဆောင်အတွင်း၌ တည်ငြိမ်သွားခဲ့ပြီး လူတိုင်းမှာ ခေါင်းကို ငုံ့၍ အမိန့်ကို နာခံလိုက်ကြသည်။

"ဖျတ်... ဖျတ်... ဖျတ်"

ခဏချင်းအတွင်းမှာပင် ဝမ်ချောင်၏အမိန့်နှင့်အတူ မရေမတွက်နိုင်သော စာပို့ချိုးငှက်များမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံသန်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် မြင်းခွာသံများ တညံညံနှင့်အတူ၊ မရေမတွက်နိုင်သော သူလျှိုများနှင့် ထောက်လှမ်းရေးများမှာလည်း မြို့တော်အတွင်းမှ အရပ်ဒေသ အသီးသီးသို့ ပျံ့နှံ့သွားကြပြီ ဖြစ်သည်။

သို့သော်လည်း အငွေ့အသက်များ အရှိန်အဟုန်ဖြင့် တင်းမာနေစဉ်အတွင်းမှာပင်၊ သုံးလေးရက်ခန့် ကြာမြင့်ပြီးနောက်တွင်မူ၊ အရာရာမှာ မမျှော်လင့်ထားသော အလှည့်အပြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

များမကြာမီမှာပင်၊ စာပို့ချိုးငှက် တစ်ကောင်မှာ မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်းသို့ ပျံသန်းဝင်ရောက်လာခဲ့ပြီးနောက် ချင်းယန်သခင်လေးဆီမှ သတင်းစကားကို ယူဆောင်လာခဲ့သည်။

ချင်းယန်သခင်လေးနှင့်နဂါးဓားတို့ နှစ်ဦးစလုံးမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြပြီး စိုးရိမ်စရာ မရှိကြောင်းနှင့်၊ မကြာခင်မှာပင် မြို့တော်သို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင်၊ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်မှာလည်း ရန်သူ့လက်ထဲသို့ ပါမသွားခဲ့ဘဲ၊ သူတို့ နှစ်ဦးမှာ မကြာမီ ရက်ပိုင်းအတွင်း ဝမ်ချောင်ထံသို့ ယူဆောင်လာပေးမည် ဖြစ်ကြောင်း သိရှိရလေသည်။

သတင်းက မြန်ဆန်လှသော်လည်း၊ ချင်းယန်သခင်လေးနှင့်ဓားနဂါ တို့မှာမူ ပို၍ပင် မြန်ဆန်လှပေသည်။

မူလက စာထဲပါ အချက်အလက်များအရဆိုလျှင် သူတို့နှစ်ဦးမှာ ရောက်ရှိရန် နှစ်ရက်ခန့် ကြာမြင့်ဦးမည်ဖြစ်သော်လည်း၊ ညဉ့်နက်ပိုင်းအချိန်သို့ ရောက်ရှိလာသည့်အခါ မြင်းခွာသံများ တညံညံနှင့်အတူ၊ ချင်းယန်သခင်လေး နှင့် ဓားနဂါး တို့မှာ မထင်မရှားသော ပုံစံဖြင့်ပင် မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

ခန်းမဆောင်အတွင်း၌ မီးရောင်များ လင်းထိန်နေပေသည်။ သူတို့ နှစ်ဦးကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်သည် အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ချင်းယန်သခင်လေးနှင့် ဓားနဂါးတို့မှာမူ ဝမ်ချောင်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မှ သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချနိုင်တော့သည်။

သူတို့ နှစ်ဦး၏ အငွေ့အသက်များမှာ ရှုပ်ထွေးနေသလို၊ ကိုယ်တွင်း ဂန်ချီများမှာလည်း အလွန်အမင်း ကုန်ခမ်းနေပေသည်၊ သူတို့၏ အမူအရာများမှာလည်း အချိန်အတော်ကြာအောင် ပင်ပန်းနွမ်းနယ်စွာ ခရီးနှင်လာခဲ့ရကြောင်းကို ဖော်ပြနေပေသည်။

"တကယ်ကို ကောင်းတာပဲ"

ဝမ်ချောင်၏မျက်ဝန်းအတွင်းမှ အလင်းတန်းများမှာ လင်းလက်သွားခဲ့ပြီး၊ သူသည် ထိုင်ခုံပေါ်မှ ထလာကာ စားပွဲကို ပတ်၍ သူတို့နှစ်ဦး၏ ရှေ့မှောက်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"မင်းတို့တွေ နောက်ဆုံးတော့ ပြန်ရောက်လာကြပြီပဲ"

ဝမ်ချောင်က ပြောဆိုနေရင်း သူ၏လက်ဖဝါးကို အသာအယာ ခါယမ်းလိုက်ရာ၊ ခဏချင်းအတွင်းမှာပင် ဟင်းလင်းပြင်၌ ရွှေရောင် အလင်းတန်းများ ဝင်းခနဲ ပေါ်လာခဲ့ပြီးနောက် တောင်ပြိုကမ္ဘာပျက်မတတ် အားကောင်းလှသော သိမ်မွေ့နက်နဲမှု နယ်ပယ်စွမ်းအားများမှာ သူတို့ နှစ်ဦး၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။ ၎င်းမှာ တစ်ဖက်တွင် သူတို့ အကြီးအကျယ် ကုန်ခမ်းထားသော ဂန်ချီများကို ဖြည့်တင်းပေးသလို၊ အခြားတစ်ဖက်တွင်မူ သူတို့၏ကိုယ်တွင်း ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးလိုက်ခြင်းပင် ဖြစ်သည်။

ခဏချင်းအတွင်းမှာပင် သူတို့နှစ်ဦး၏ မျက်နှာပေါ်၌ သွေးရောင်များ ပြန်လည်လွှမ်းခြုံလာခဲ့ပြီး အငွေ့အသက်များမှာလည်း များစွာ တည်ငြိမ်သွားခဲ့ရာ အစောပိုင်းနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးအလား ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

"သခင်လေး မင်းပေးအပ်တဲ့ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပါတယ်၊ အရောင်ငါးမျိုးသလင်းနတ်ဆေးပင်ကို ငါတို့တွေ အောင်မြင်စွာနဲ့ ယူဆောင်လာနိုင်ခဲ့ပါပြီ"

ချင်းယန်သခင်လေးသည် သက်ပြင်းတစ်ချက်ကို ချလိုက်ပြီးနောက် သူ၏ ဘေးနားရှိ နဂါးဓား နှင့်အတူ ဂါရဝပြုလိုက်ကြသည်။

ချင်းယန်သခင်လေး၏ဝတ်ရုံစများမှာ လှုပ်ခတ်သွားခဲ့ပြီး သူ၏ဖြူဖွေးလှသော ညာဘက်လက်မှာ ဝတ်ရုံအောက်မှ ထွက်ပေါ်လာကာ လက်ချောင်းငါးဖက်ကြား၌ ပေဝက်ခန့် ရှည်လျားသော စန္ဒကူးနီ သစ်သားသေတ္တာ တစ်လုံးကို ကိုင်ဆောင်ထားပေသည်။

သေတ္တာကို ဖွင့်မထားစေကာမူ ၎င်း၏အတွင်းမှနေ၍ မှိန်ဖျော့လှသော ဆေးနံ့လေးမှာ နှာခေါင်းအတွင်းသို့ တိုးဝင်လာခဲ့ရာ လူကို စိတ်နှလုံး လန်းဆန်းသွားအောင် ပြုလုပ်နိုင်စွမ်း ရှိပေသည်။

"ဒါ့အပြင် ဒီနတ်ဆေးမြက်တင်မကဘဲ နောက်ထပ် အရာတစ်ခုလည်း ပါလာပါသေးတယ်၊ သခင်လေး ကြည့်ရှုပေးပါဦး!"

ချင်းယန်သခင်လေးက ပြောဆိုလိုက်ရင်း ဘေးနားရှိ နဂါးဓားကို လက်ဟန်ပြလိုက်ရာ နောက်တစ်ဦးမှာလည်း နားလည်သွားခဲ့ပြီး မိမိ၏ကိုယ်ပေါ်မှ အရာတစ်ခုကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးလိုက်သည်။

"ဝုန်း!"

ဝမ်ချောင်သည် ထိုအရာကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အစပိုင်းတွင် များစွာအလေးမထားခဲ့သော်လည်း၊ နောက်တစ်ခဏ၌ တစ်စုံတစ်ခုကို မှတ်မိသွားပုံရသဖြင့် ရှပ် ဆိုသည့် အသံနှင့်အတူ သူ၏လက်ဝါးကို ဆန့်လိုက်ရာ ဓားနဂါး၏လက်ထဲမှ ထိုအရာမှာ ဝမ်ချောင်၏လက်ဖဝါးအတွင်းသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

သူ၏ လက်ဖဝါးအတွင်းရှိ ထိုအရာကို ကြည့်ရင်း ဝမ်ချောင်၏အမူအရာမှာ ချက်ချင်းပင် အလွန် လေးနက်သွားတော့သည်။

နဂါးဓား ယူဆောင်လာသော အရာမှာ ပေဝက်ခန့် ရှည်လျားသော ဓားမြှောင်တစ်စင်း ဖြစ်သည်။ ဓားမြှောင်၏ ပုံသဏ္ဌာန်မှာ ထူးဆန်းလှသလို ၎င်း၏ တစ်ဖက်တွင်မူ လွှသွားပုံစံ အက်ကြောင်းများ ပါဝင်နေသဖြင့် အလွန်ပင် ထက်ရှလှပုံရပေသည်။

သို့သော်လည်း ၎င်းမှာ ဝမ်ချောင်အာရုံစိုက်နေသော အချက် မဟုတ်ပေ။ ဝမ်ချောင်ကို အမှန်တကယ် စိတ်ဝင်စားသွားစေသည်မှာ ဤဓားမြှောင်၏ အခြားတစ်ဖက် ဓားသွားဖျားပေါ်တွင် ထင်ဟပ်နေသော အလွန်ပင် ရင်းနှီးနေသည့် ရေလှိုင်းအလား ထူးခြားဆန်းပြားလှသော ပန်းပုံစံ အစင်းကြောင်းများပင် ဖြစ်တော့သည်။

၎င်းမှာ ဝုစ် သံမဏိပင် ဖြစ်တော့သည်!

ဤကဲ့သို့သော သတ္တုအမျိုးအစားနှင့် ပတ်သက်လာလျှင် ဝမ်ချောင်ထက် ပိုမိုရင်းနှီးသူ မရှိပေ> အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ဦးတည်းသော ဖန်တီးရှင်အဖြစ် အထွတ်အထိပ်သို့ ရောက်အောင် လုပ်ဆောင်ပေးခဲ့သော ဝုစ် သံမဏိဖြစ်နေသောကြောင့်ပင်။

တိုက်ပွဲပေါင်းများစွာအတွင်း ဝမ်ချောင်၏လက်အောက်မှ ဝူဇီစတီး သံချပ်ကာတပ်ဖွဲ့များနှင့် သူတို့ အသုံးပြုသော ဆံပင်မျှင်လေးကိုပင် ပြတ်တောက်သွားစေနိုင်သည့် သံမဏိများကို ဖယောင်းအလား ဖြတ်တောက်နိုင်သည့် ထိုအစွမ်းထက်လှသော ဝုစ် သံမဏိလက်နက်များမှာ တစ်လောကလုံးတွင် ကျော်ကြားခဲ့ပြီး ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ နိုင်ငံအသီးသီးမှ လူများမှာ ဤအရာကို လိုချင်တပ်မက်နေကြသည်မှာ ကြာမြင့်လှပြီ ဖြစ်သလို အပြင်ပန်းတွင်ရော လျှို့ဝှက်စွာဖြင့်ပါ ဤတန်ဖိုးကြီးလှသော သတ္တုကို ရရှိရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း ယခု အချိန်အထိ ဟိုက်ဒရာဘတ် သံရိုင်းကို ရရှိသူ များပြားစေကာမူ ဝုစ် သံမဏိလက်နက်များကို အောင်မြင်စွာ သွန်းလုပ်နိုင်သူမှာ ဝမ်ချောင်တစ်ဦးတည်းသာ ရှိသေးသည်။

ဝမ်ချောင်သွန်းလုပ်သော ဝုစ် သံမဏိလက်နက်တိုင်းမှာ မည်သည့်နေရာသို့ ရောက်ရှိသွားသည် ဆိုသည်မှာ အလွန်ပင် တိကျလှသဖြင့် ပြင်ပလူများအနေဖြင့် ရရှိရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရန်ထက်ပင် ပိုမို ခက်ခဲလှပေသည်။

မဟာထန်အင်ပါယာ၏တော်ဝင်မိသားစု တစ်ခုတည်းသာလျှင် သူတို့၏ ထူးခြားသော အဆင့်အတန်းကြောင့် ဝမ်ချောင်က လွန်ခဲ့သော နှစ်များစွာက ဝုစ် သံမဏိလက်နက် အချို့ကို နန်းတွင်းသို့ ဆက်သထားခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဝမ်ချောင်ကြားသိခဲ့ရသည်မှာ တော်ဝင်မိသားစုဘက်မှလည်း ဝုစ် သံမဏိလက်နက် အချို့ကို သွန်းလုပ်ခဲ့ပြီး၊ ၎င်းတို့ကို ဓားမြှောင် ပုံစံဖြင့် ဖန်တီးကာ "ယွိရွှယ်ရှား" ဟု အမည်ပေးခဲ့ကြောင်း သိရသည်။

ဤလက်နက်များ၏ အရေအတွက်မှာ အလွန်ပင် နည်းပါးလှသလို အလွန် ထူးချွန်လှသော ထိပ်သီး လူနည်းစုကိုသာ ချီးမြှင့်ထားခြင်းဖြစ်ရာ နန်းတွင်းရှိ အရာရှိများနှင့် ကျင်းဝူအစောင့်တပ်များပင်လျှင် မြင်တွေ့ခွင့် ရခဲလှပေသည်။ သာမန်လူများအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။

မင်းသားသုံးပါး ပုန်ကန်မှုအတွင်း၌၊ ပထမမင်းသား လီယင်းသည်လည်း ဤ "ယွိရွှယ်ရှား" များကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့၏ တည်နေရာကို မည်သူမျှ မသိရှိကြသဖြင့် နောက်ဆုံးတွင် ကျရှုံးခဲ့ရသည်။

သို့သော်လည်း ဝမ်ချောင်ကို အရှိဆုံး ဆွဲဆောင်သွားခဲ့သည်မှာ ဤဓားမြှောင်၏ ဓားသွားပေါ်တွင် တော်ဝင်မိသားစု၏အဆင့်အတန်းကို ဖော်ပြနေသော နဂါးရုပ်ပုံစံ အစင်းကြောင်းများပင် ဖြစ်တော့သည်။

၎င်းမှာ အမှန်တကယ်ပင် "ယွိရွှယ်ရှား" ပင် ဖြစ်သည်။

ဝမ်ချောင်၏မျက်ခွံများမှာ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ပြီး သူ၏အမူအရာမှာလည်း အလွန်ပင် လေးနက် တည်ကြည်သွားတော့သည်။

"ရန်သူတွေက ငါတို့ရဲ့အင်အားကို လျှော့တွက်ထားကြတာပါ၊ တိုက်ခိုက်မှု စတင်ပြီးနောက်မှာ ငါနဲ့နဂါးဓားတို့ ဒဏ်ရာရခဲ့ပေမဲ့ အသက်အန္တရာယ်တော့ မရှိပါဘူး၊ အဲဒီနောက်မှာ ငါတို့တွေ တစ်ဖက်လူနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး၊ လူတစ်သိုက်ကို သတ်ဖြတ်နိုင်ခဲ့သလို လူတစ်သိုက်ကိုလည်း အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါတယ်၊ ပြီးတော့ လူအချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်"

"အစပိုင်းမှာ တစ်ဖက်လူရဲ့အဆင့်အတန်းကို မေးမြန်းလိုက်တဲ့ အခါမှာတော့၊ ငါနဲ့ဓားနဂါးတို့ တကယ်ပဲ ထိတ်လန့်သွားခဲ့ရတယ်။ ဒါပေမဲ့ ဒီဓားမြှောင်တွေကတော့ လိမ်ညာမှာ မဟုတ်ပါဘူး"

"သခင်လေး ငါတို့တွေ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို ယူဆောင်လာနိုင်ခဲ့ပြီ ဆိုပေမဲ့ အကယ်၍ ရန်သူတွေဟာ ငါတို့ တွေးထားတဲ့ အဲဒီလူတွေသာ အမှန်တကယ် ဖြစ်နေမယ် ဆိုရင်တော့ ဒီကိစ္စဟာ အမှန်တကယ်ပဲ သာမန်မဟုတ်တဲ့ ကိစ္စကြီး တစ်ခု ဖြစ်နေပါပြီ"

စကားအဆုံးတွင် ချင်းယန်သခင်လေး၏ မျက်နှာမှာ အလွန်ပင် လေးနက် တည်ကြည်နေတော့သည်။

******

အခန်း (၂၀၃၂) တတိယသားတော်ရွှမ်း၏ဆင့်ခေါ်မှု

ခန်းမဆောင်ကြီးအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပြီး ဝမ်ချောင်၊ ချင်းယန်သခင်လေးနှင့် နဂါးဓားတို့မှာ စကားတစ်ခွန်းမျှ မဆိုကြပေ။

ဝမ်ချောင်သည် သူ၏လက်ထဲရှိ ဓားမြှောင်ကို စူးစိုက်ကြည့်နေပြီး ၎င်း၏ အပေါ်ရှိ ထင်ရှားလှသော နဂါးရုပ်ပုံစံ အစင်းကြောင်းများကို ကြည့်ရင်း မလှုပ်မယှက် ရှိနေကာ မျက်မှောင်များကိုလည်း ပြင်းထန်စွာ ကြုတ်ထားမိသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ချင်းယန်သခင်လေးတို့ တိုက်ခိုက်ခံရသည့် သတင်းကို ရရှိခဲ့စဉ်က ဝမ်ချောင်၏စိတ်ထဲ၌ တစ်စုံတစ်ရာကို မထင်မရှား ခန့်မှန်းမိခဲ့သော်လည်း၊ လမ်းခုလတ်၌ ကြားဖြတ် လုပ်ကြံခဲ့သူမှာ တော်ဝင်မိသားစုမှ လူများ အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု ဝမ်ချောင်လုံးဝ မထင်မှတ်ထားခဲ့ပေ။

စစ်မှန်သော လုပ်ကြံသတ်ဖြတ်သူများမှာမူ မိမိ၏အဆင့်အတန်းကို ဖော်ထုတ်နိုင်မည့် ယခုကဲ့သို့သော အထိမ်းအမှတ် တပ်ဆင်ထားသည့် လက်နက်များကို လုံးဝ အသုံးပြုကြလိမ့်မည် မဟုတ်ပေ။

ဤအခြေအနေအတွက် ရှင်းပြချက် နှစ်မျိုးသာ ရှိပေသည်၊ တစ်မျိုးမှာ တစ်ဖက်လူမှာ အလွန်ပင် မိုက်မဲလွန်းခြင်းဖြစ်ပြီး၊ အခြားတစ်မျိုးမှာမူ ထိုသူမှာ အလွန်ပင် မောက်မာလွန်းလှသဖြင့် ဝမ်ချောင်ကို လုံးဝ ဂရုမစိုက်ခြင်းပင် ဖြစ်သည်။ မိမိ၏ လုပ်ကြံမှု ကျရှုံးသွား၍ အဆင့်အတန်း ပေါ်ပေါက်သွားခဲ့လျှင်ပင် မည်သို့မျှ မမှုဘဲ လျစ်လျူရှုထားနိုင်သည်ဟု မိမိကိုယ်မိမိ ယုံကြည်နေခြင်း ဖြစ်သည်။

"ကြည့်ရတာတော့ တကယ်ပဲ သူ ဖြစ်နေတာပဲ"

ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ တတိယသားတော်ရွှမ်း၏ပုံရိပ်မှာ ပေါ်ထွက်လာခဲ့ပြီး၊ သူ၏မျက်မှောင်များကြား၌လည်း နက်ရှိုင်းလှသော စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်သန်းသွားတော့သည်။

အကယ်၍ အခြားသူတစ်ဦးသာ ဖြစ်ခဲ့မည် ဆိုပါက ၎င်းမှာ တစ်စုံတစ်ယောက်၏ လုပ်ကြံဖန်တီးမှု ဖြစ်နိုင်ခြေ များပြားသော်လည်း နန်းတော် အနက်ရှိုင်းဆုံး နေရာရှိ ထိုသူ၏မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်သော စရိုက်အရဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုးကို သေချာပေါက် လုပ်ဆောင်ရဲကြောင်း ဝမ်ချောင်သိရှိထားသည်။

ပို၍ အရေးကြီးသော အချက်မှာ "ယွိရွှယ်ရှား" ဓားမြှောင် ပေါ်ထွက်လာခြင်းပင် ဖြစ်သည်၊ ၎င်းမှာ ဝမ်ချောင်အစိုးရိမ်ဆုံးသော ကိစ္စမှာ အမှန်တရား ဖြစ်လာခဲ့ပြီဟု ဆိုလိုပေသည်။

ဝမ်ချောင်က ချင်းယန်သခင်လေးကို အရောင်ငါးမျိုး သလင်း နတ်ဆေးပင် ရှာဖွေရန် စေလွှတ်ခဲ့သည့် ကိစ္စမှာ လုံးဝပေါက်ကြားသွားခဲ့ပြီ ဖြစ်သလို၊ တတိယသားတော်ရွှမ်းသည်လည်း ဝမ်ချောင်လက်ရှိ လုပ်ဆောင်နေသည့် ကိစ္စများကို အသေအချာ သိရှိသွားခဲ့ပြီ ဖြစ်သည်။

ထိုခဏ၌ ဝမ်ချောင်၏မျက်မှောင်များမှာ သိသိသာသာ လှုပ်ခတ်သွားခဲ့ပြီး၊ ပြင်းထန်လှသော အကျပ်အတည်း ခံစားချက်ကြီးတစ်ခုမှာ စိတ်ထဲသို့ တိုးဝင်လာတော့သည်။

ဝမ်ချောင်အနေဖြင့် ကောင်းစွာ သိရှိထားသည်မှာ အကယ်၍ တတိယသားတော်ရွှမ်းသာ မိမိလုပ်ဆောင်နေသည့် အရာများကို သိရှိသွားခဲ့ပြီဆိုလျှင်၊ အရာအားလုံးမှာ ဤမျှနှင့် ပြီးဆုံးသွားလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ခဏချင်းအတွင်းမှာပင် ဝမ်ချောင်သည် အတွေးများထဲမှ သတိပြန်ဝင်လာခဲ့သည်။

"ဒီကိစ္စကို ငါ သိပြီ၊ ဒီတစ်ခေါက် မင်းတို့တွေ တကယ်ပဲ ပင်ပန်းသွားကြပြီ၊ အရင်ဆုံး သွားပြီး အေးအေးဆေးဆေး အနားယူကြတော့၊ ကျန်တာတွေကိုတော့ ငါပဲ ကိုင်တွယ်ဖြေရှင်းလိုက်မယ်!"

"ဟုတ်ကဲ့ပါ၊ သခင်လေး"

ချင်းယန်သခင်လေးနှင့်နဂါးဓားတို့မှာ ထိုစကားကို ကြားရသည့်အခါ ခါးကိုညွှတ်၍ ဂါရဝပြုလိုက်ကြပြီး၊ သူတို့၏ မျက်နှာတွင်လည်း များစွာ ပေါ့ပါးသွားသည့် အမူအရာများ ပေါ်ထွက်လာသည်။

ဤတစ်ကြိမ် ပြန်လည်ရောက်ရှိလာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အရောင်ငါးမျိုး သလင်း နတ်ဆေးပင် အတွက်သာမကဘဲ၊ ဝမ်ချောင်ကို တော်ဝင်မိသားစု၏ သတင်းစကားများ ပြောပြရန်အတွက်လည်း ဖြစ်သည်။

သို့သော် ဝမ်ချောင်၏တုန့်ပြန်မှုကို ကြားလိုက်ရသည့်အခါတွင်မူ သူတို့ နှစ်ဦးစလုံး စိတ်အေးသွားကြတော့သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အချိန်တွင်မဆို ဝမ်ချောင်က ယခုကဲ့သို့ ပြောဆိုလိုက်ပြီ ဆိုပါက ဤကိစ္စအတွက် ဖြေရှင်းမည့် နည်းလမ်းကို ဝမ်ချောင်ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း အဓိပ္ပာယ်ရသဖြင့်၊ သူတို့အနေဖြင့် ဆက်လက် စိုးရိမ်နေရန် မလိုအပ်တော့ပေ။

ချင်းယန်သခင်လေးသည် နဂါးဓားကို ခေါ်ဆောင်၍ လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီးနောက် သူတို့ ထွက်ခွာသွားပြီး မကြာမီ၊ ခြောက်နာရီမှ ရှစ်နာရီခန့် အကြာ၊ အရုဏ်တက်ချိန်သို့ ရောက်ရှိလာသည့် အခါတွင်မူ၊ အခြားတစ်ဖက်ရှိ မဝေးလှသော နေရာ၌—

"တကောက်... တကောက်... တကောက်!"

မြင်းခွာသံများမှာ တညံညံ ထွက်ပေါ်လာခဲ့သည်။ အရုဏ်ဦး အချိန်ဖြစ်သဖြင့် လမ်းမပေါ်တွင် လူသူ ရှင်းလင်းနေပြီး မြင်းတစ်စီးမှာ အရှိန်အဟုန်ဖြင့် ပြေးလွှားလျက် နန်းတော်အတွင်းသို့ ဝင်ရောက်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။

"သတင်းပို့ပါတယ်။ အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ အခုလေးတင် သတင်း ရောက်လာပါတယ်၊ ကြားဖြတ် တားဆီးမှု ကျရှုံးခဲ့ရပြီး၊ ယွိရွှယ်ရှားအစောင့်တပ်တွေလည်း အသေအပျောက် များပြားခဲ့ပါတယ်၊ လူအနည်းငယ်သာ လွတ်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို ယူဆောင်လာတဲ့ အဲဒီ လူနှစ်ယောက်ဟာ မြို့တော်ကို ပြန်ရောက်သွားပြီး၊ မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်းကို ဝင်ရောက်သွားခဲ့ပါပြီ"

"တစ်ဖက်လူရဲ့တုန့်ပြန်မှုက အရမ်းကို မြန်ဆန်လွန်းပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ စာပို့ချိုးငှက်တွေ အားလုံးကို ကြိုတင် ပစ်သတ်ထားခဲ့သလို၊ သတင်းတွေ အားလုံးကိုလည်း ကြားဖြတ်ပိတ်ဆို့ထားခဲ့တာကြောင့်၊ သတင်းစကားတွေဟာ အတော်လေး နောက်ကျသွားခဲ့ရပြီး အခုမှပဲ ပေးပို့နိုင်ခြင်း ဖြစ်ပါတယ်"

နန်းဆောင်ကြီးအတွင်း၌၊ ထိုအစောင့်စစ်သည်မှာ မြေပြင်ပေါ်၌ ဒူးတစ်ဖက် ထောက်၍ ဝပ်စံလျက်၊ ခါးကို ညွှတ်ကာ လျှောက်တင်လိုက်သည်။

"ဘာပြောတယ်"

မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသော ဒေါသသံကြီး တစ်ခုမှာ နန်းဆောင်အတွင်း၌ ဟိန်းထွက်သွားခဲ့ပြီး ထိုအသံအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများကြောင့် တစ်ခုလုံးသော ထိုက်ကျိနန်းဆောင်ကြီးမှာ တအုန်းအုန်း တုန်ခါသွားတော့သည်။

တတိယသားတော်ရွှမ်းသည် အထက်ရှိ ပလ္လင်တော်ပေါ်၌ ထိုင်နေပြီး၊ သူ၏ ဘေးနားတွင်မူ ရွှေရောင် လင်ဗန်းတစ်ခု ရှိနေကာ ထို လင်ဗန်းပေါ်၌ လုံးဝန်းလျက် ရွှေရောင် တောက်ပနေပြီး ထူးခြားသော ရနံ့များ ထွက်ပေါ်နေသည့် ရွှေရောင်ဆေးလုံးသုံးလုံး ရှိနေပေသည်။

၎င်းမှာ မဟာထန်၏ အသစ်ခန့်အပ်ထားသော မင်းဆရာကြီးက သူတော်စင်ဧကရာဇ်အတွက် သီးသန့် ဖော်စပ်ပေးထားသော မသေဆေးများ ဖြစ်ကြသည်။ ယခုတလောတွင် တတိယသားတော်ရွှမ်းသည် ဤ မသေဆေး များကို အမြဲတစေ သုံးဆောင်နေခြင်း ဖြစ်သည်။ တစ်ဖက်တွင် သူ၏ကိုယ်အတွင်းရှိ သူတော်စင်ဧကရာဇ်၏ ဝိညာဉ်ကို နှိမ်နှင်းရန် ဖြစ်သလို အခြားတစ်ဖက်မှာမူ ရွှမ်မင်ဇီ၏ ပြောကြားချက်အရ ဤဆေးများကို သုံးဆောင်ခြင်းဖြင့် အသက်ရှည်ကျန်းမာကာ မသေနိုင်သော အဆင့်သို့ ရောက်ရှိနိုင်ရန် ဖြစ်သည်။

မင်းဆက် အသီးသီးတွင်၊ ကြီးမားသော ရည်မှန်းချက် ရှိခဲ့သည့် မဟာချင်၏ ပထမဦးဆုံးသော ဧကရာဇ်မင်းမြတ်ဖြစ်စေ၊ အရပ်မျက်နှာ အနှံ့သို့ စစ်ချီခဲ့ပြီး ပြိုင်ဘက်ကင်းလှသော မဟာဟန်၏ ဝူဧကရာဇ် ဖြစ်စေ၊ လက်ရှိ မဟာထန် မင်းဆက်၏ ထိုက်ကျုံးဧကရာဇ်ပင် ဖြစ်စေ...

ရှေးခေတ်မှ ယနေ့တိုင်အောင်၊ မည်မျှပင် ထူးချွန်ထက်မြက်လှသော ဧကရာဇ်မင်းမြတ်များ ဖြစ်စေကာမူ၊ ထာဝရ ရှင်သန်ခြင်းဆိုသည့် မက်မောမှုမှ လွတ်မြောက်နိုင်ခြင်း မရှိကြပေ။ တတိယသားတော်ရွှမ်းသည်လည်း ထိုနည်းတူစွာပင် ဖြစ်ပေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဤဆေးလုံးများကို သုံးဆောင်ပြီးနောက် တတိယသားတော်ရွှမ်းသည် သူ၏ကိုယ်အတွင်းရှိ ထိုဝိညာဉ်ကို လုံးဝနှိမ်နှင်းထားနိုင်ပြီ ဖြစ်ကြောင်း သိသိသာသာ ခံစားနေရသော်လည်း၊ အစောင့်စစ်သည် ယူဆောင်လာသော သတင်းစကားမှာမူ သူ့ကို အကြီးအကျယ် ဒေါသထွက်သွားစေခဲ့သည်။

အကယ်၍ ဝမ်ချောင်သာ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို အောင်မြင်စွာ ယူဆောင်လာနိုင်ခဲ့မည် ဆိုပါက၊ သူ ယခင်က အားထုတ်ခဲ့သမျှ ကိစ္စများမှာ အချည်းနှီး ဖြစ်သွားရမည် မဟုတ်ပါလား။

"မင်းတို့လို ဘာမှ အသုံးမကျတဲ့ အမှိုက်တွေ"

နန်းဆောင်ထက်တွင် တတိယသားတော်ရွှမ်းသည် သွားများကို ကြိတ်ကာ ဒေါသတကြီးဖြင့် ဝုန်းခနဲ မတ်တပ်ရပ်လိုက်ရာ၊ သူ၏ကိုယ်အတွင်းမှ ယိုစိမ့်ထွက်လာသော စွမ်းအားများကြောင့် တစ်ခုလုံးသော ထိုက်ကျိနန်းဆောင်မှာ တုန်ဟီးသွားတော့သည်။

နန်းဆောင်အောက်၌မူ သတင်းလာရောက် ပေးပို့သော ထိုအစောင့်စစ်သည်မှာ ဝုန်း ဆိုသည့် အသံနှင့်အတူ ပြင်းထန်လှသော ရွှေရောင်စွမ်းအားလှိုင်းတစ်ခု၏ ရိုက်ခတ်မှုကြောင့် နန်းဆောင်အတွင်းမှ လွင့်စဉ်ထွက်သွားခဲ့ရသည်။

"အရှင်မင်းကြီး၊ စိတ်ကို တည်ငြိမ်အောင် ထားပါဦး"

ရုတ်တရက်ဆိုသလို အသံတစ်ခု ထွက်ပေါ်လာပြီး၊ ဘေးနားတွင် ခစားနေသော ရွှမ်မင်ဇီသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာကာ တတိယသားတော်ရွှမ်း၏ ရှေ့တွင် တားဆီးလျက် ဂါရဝပြုကာ စကားဆိုလိုက်သည်။

"ကိစ္စတွေက ဖြစ်ပျက်သွားခဲ့ပြီဖြစ်လို့ ဒီ လက်အောက်ငယ်သားတွေကို အပြစ်တင်နေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူး၊ ကျားဖြူ ကံကြမ္မာ ကြယ်တာရာဆိုတာ သာမန်မဟုတ်ပါဘူး၊ သူ့ရဲ့လက်အောက်မှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်တွေ အမြောက်အမြား ရှိနေတာကလည်း သဘာဝကျပါတယ်၊ အခု အရေးကြီးတာက အရှင်မင်းကြီး အနေနဲ့ ဒီ ဘေးဒုက္ခကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကိုပဲ နည်းလမ်းရှာသင့်ပါတယ်"

"အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ဟာ အရှင်မင်းကြီးအတွက် ကြီးမားတဲ့ နှိမ်နှင်းမှု စွမ်းအား ရှိနေစေကာမူ၊ အရာအားလုံးက အခုမှ စတင်တာပဲ ရှိပါသေးတယ်။ အရှင်မင်းကြီး အနေနဲ့ ဒီကိစ္စကို တားဆီးဖို့ အခွင့်အရေး ရှိနေဆဲပါပဲ"

ရွှမ်မင်ဇီက လေးနက်စွာ လျှောက်တင်လိုက်သည်။

ရွှမ်မင်ဇီ၏ စကားအဆုံးတွင်မူ၊ အစောပိုင်းက အကြီးအကျယ် ဒေါသထွက်နေသော တတိယသားတော်ရွှမ်း၏မျက်ဝန်းအတွင်း၌ ရက်စက်လှသော သတ်ဖြတ်လိုစိတ်တစ်ခု ဖြတ်သန်းသွားတော့သည်။

"ဒီလူယုတ်မာ… မင်းက ငါ့ကို အတင်းအဓမ္မ ဆန့်ကျင်နေမှတော့၊ ငါ့ဘက်ကလည်း ရက်စက်တယ်လို့ မပြောနဲ့တော့!"

"ဝုန်း... ဝုန်း... ဝုန်း!"

တတိယသားတော်ရွှမ်း၏ ဒေါသတကြီး ပြောဆိုလိုက်သော အသံနှင့်အတူ၊ တစ်ခုလုံးသော မြို့တော်၏ အငွေ့အသက်မှာလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး၊ မိုးကြိုးသံကြီး တစ်ခုမှာ နန်းတော်၏ ကောင်းကင်ယံထက်၌ ဝုန်းခနဲ မြည်ဟီးသွားကာ များမကြာမီမှာပင် အပေါ်ယံ ကောင်းကင်၌ မိုးတိမ်မည်းကြီးများ လိပ်တက်လာပြီး မုန်တိုင်းကျတော့မည့် အခြေအနေများ ပေါ်ထွက်လာတော့သည်။

အခြားတစ်ဖက်ရှိ မျိုးနွယ်ခြားဘုရင်အိမ်တော်အတွင်း၌မူ၊ အငွေ့အသက်များမှာ တည်ငြိမ်အေးချမ်းနေပေသည်။

"ဂျောက်"

ဝမ်ချောင်သည် စန္ဒကူးနီ သစ်သားသေတ္တာကို ဖွင့်လိုက်ရာ သေတ္တာအောက်ခြေရှိ အရာမှာ ဝမ်ချောင်၏ မြင်ကွင်းအတွင်းသို့ ချက်ချင်း ဝင်ရောက်လာတော့သည်။

ယခင်က စုဆောင်းထားသော ရှေးဟောင်း ကျမ်းစာများအတွင်း၌ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်အကြောင်းကို အသေးစိတ် ဖော်ပြထားသော်လည်း ၎င်းမှာ ဝမ်ချောင်အနေဖြင့် လက်တွေ့လောကတွင် ဒဏ္ဍာရီလာ ခွန်လွန်တောင် နတ်ဆေးမြက်ကို ပထမဦးဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

ဤ ခွန်လွန်တောင်နတ်ဆေးမြက်မှာ သူ၏အမည်အတိုင်းပင် တစ်ကိုယ်လုံးမှာ ဖန်အလား ကြည်လင်တောက်ပနေပြီး အကယ်၍ ကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ရလျှင်မူ ကမ္ဘာနှင့် မြေကြီးအကြား ဤမျှလောက် ထူးဆန်းသော အရာ ရှိနေလိမ့်မည်ဟု ယုံကြည်ရန် အမှန်တကယ်ပင် ခက်ခဲလှပေသည်။

ထို့အပြင် သေချာစွာ စူးစိုက်ကြည့်ရှုမည် ဆိုပါက ဤ နတ်ဆေးမြက်၏ပင်စည်အတွင်း၌ မှိန်ဖျော့လှသော အစိမ်းရောင် အနှစ်များမှာ လှုပ်ရှားနေသဖြင့် ထိုလှုပ်ရှားမှုများက လူကို အသက်ဓာတ်ပြည့်ဝနေသော ခံစားချက်ကို ပေးစွမ်းနေပေသည်။

ခန်းမဆောင်ကြီးအတွင်း၌ နေရောင်ခြည် မရှိစေကာမူ နံရံပေါ်ရှိ မီးရှူးတိုင်များ၏ အလင်းရောင်နှင့် ခန်းမအတွင်းရှိ ဖယောင်းတိုင်များ၏ အလင်းတန်းများမှာ ထင်ဟပ်နေပေသည်။ ထိုအလင်းတန်းများမှာ ဖန်စီအလား ကြည်လင်နေသော ပင်စည်နှင့် အရွက်များကို ဖြတ်ကျော်သွားသည့်အခါ၊ စူးရှတောက်ပလှသော ငါးရောင်ခြည် အလင်းတန်းများမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး၊ အပင်တစ်ပင်၏ ထူးခြားလှသော ဝိညာဉ်အလှတရားကို ဖော်ပြနေတော့သည်။

"မမှားနိုင်ပါဘူး၊ ဒါဟာ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ပဲ ဖြစ်ရမယ်"

ဝမ်ချောင်သည် သူ၏ရှေ့မှောက်ရှိ အပင်ကို ကြည့်ရင်း စိတ်ထဲ၌ များစွာ လှုပ်ခတ်သွားခဲ့သည်။

ယခုကဲ့သို့သော နတ်ဆေးမြက်မျိုးမှာ နှစ်ပေါင်း ရာချီလျှင်ပင် တစ်ကြိမ်တွေ့ရန် ခက်ခဲလှသလို လူသားကမ္ဘာတွင်လည်း အမည်ကိုသာ ကြားဖူးကြပြီး ပုံသဏ္ဌာန်ကို မြင်တွေ့ဖူးသူ မရှိသလောက်ပင် ဖြစ်သည်၊ သူသည် မူလက ချင်းယန်သခင်လေး နှင့် နဂါးဓား တို့ကို ရှာဖွေရန် စေလွှတ်ခဲ့စဉ်ကလည်း အစွမ်းကုန် ကြိုးစားကြည့်ရုံသာ ရည်ရွယ်ခဲ့သော်လည်း၊ မထင်မှတ်ဘဲ ခွန်လွန်တောင်တန်း၌ ဤအရာကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ချင်းယန်သခင်လေးတို့အနေဖြင့် အသေးစိတ် ပြောပြခြင်း မရှိစေကာမူ၊ ဤအရာကို ရှာဖွေရန်အတွက် သူတို့ နှစ်ဦးစလုံးမှာ များစွာသော ရုန်းကန်မှုများနှင့် စတေးမှုများကို ပြုလုပ်ခဲ့ရမည်မှာ သေချာလှပေသည်။

သို့သော်လည်း နတ်ဆေးကို ရရှိခဲ့ပြီ ဖြစ်သော်လည်း ဝမ်ချောင်အတွက်မူ အရာရာမှာ အခုမှ စတင်ခြင်းသာ ရှိသေးသည်။ နတ်ဆေးကို ရရှိရန်မှာ အရေးကြီးလှစေကာမူ၊ အရေးအကြီးဆုံး အချက်မှာ ထိုနတ်ဆေးကို မည်သို့ အစွမ်းပြစေမည်နည်း ဆိုသည်နှင့်၊ စစ်မှန်သော သူတော်စင်ဧကရာဇ်ကို မည်သို့ ပြန်လည် ခေါ်ယူမည်နည်း ဆိုသည်ပင် ဖြစ်သည်။

ဝမ်ချောင်ရရှိထားသော ရှေးဟောင်း ကျမ်းစာများအတွင်း၌ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်အကြောင်း မှတ်တမ်းတင်ထားသော်လည်း၊ ထိုနတ်ဆေးမြက်ကို မည်သို့ အသုံးပြုရမည် ဆိုသည့် အပိုင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။

ရှေးဟောင်း ကာလမှ ယနေ့တိုင်အောင်၊ နတ်ဘုရားစစ်သည်တော်အဆင့်ကို အမှန်တကယ် ထိတွေ့နိုင်သူမှာ မည်မျှ ရှိပါသနည်း။

ထိတွေ့နိုင်ရန် နေနေသာသာ၊ ထိပ်သီး သိုင်းပညာရှင် အများအပြားမှာမူ နတ်ဘုရားစစ်သည်တော်အဆင့် ဆိုသည့် စကားလုံး သုံးလုံးကိုပင် ကြားဖူးခြင်း မရှိကြပေ။

နတ်ဆေးကို ရရှိခဲ့စေကာမူ၊ ဖော်စပ်သည့် နည်းလမ်း မရှိလျှင်မူ ၎င်းမှာ အသုံးဝင်လိမ့်မည် မဟုတ်ပေ။

ထိုမျှသာမကဘဲ တတိယသားတော်ရွှမ်း၏ဘေးနားတွင်မူ၊ ယခုအခါ၌ အစောင့်အကြပ်များစွာ ရှိနေသလို၊ လူအင်အားမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ယခင်က ဖြစ်ပျက်ခဲ့သော ထိုက်ဖျင်မျှော်စင်ကိစ္စ၊ မိဖုရား ရွေးချယ်သည့်ကိစ္စနှင့် နန်းတွင်း အမတ်ကြီးများ၏ကိစ္စရပ်များကြောင့် ဝမ်ချောင်နှင့် တတိယသားတော်ရွှမ်းတို့၏ဆက်ဆံရေးမှာ အလွန်ပင် တင်းမာနေခဲ့ပြီး၊ တတိယသားတော်ရွှမ်းသည် ဝမ်ချောင်အပေါ် အမြဲတစေ သတိထား၍ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ယခု အခိုက်အတန့်တွင် ဝမ်ချောင်အနေဖြင့် တတိယသားတော်ရွှမ်းကို ဤဆေး တိုက်ကျွေးရန် နေနေသာသာ၊ တတိယသားတော်ရွှမ်း၏ အနားသို့ ချဉ်းကပ်နိုင်ရန်ပင်လျှင် အလွန်ခက်ခဲလှပေသည်။

မိမိ၏ရှေ့မှောက်ရှိ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို ကြည့်ရင်း ဝမ်ချောင်သည် သေတ္တာအဖုံးကို ပြန်လည်ပိတ်လိုက်ကာ မျက်မှောင်များကို ကြုတ်လျက် အတွေးများ ထပ်မံနက်ရှိုင်းသွားတော့သည်။

"ဧကရာဇ်ရဲ့အမိန့်တော် ရောက်ရှိလာပါပြီ!"

စကားမဆုံးမီမှာပင် ထို အချိန်၌ ရုတ်တရက် ခန်းမအပြင်ဘက်မှ စူးရှလှသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်သည် မျက်ခုံးများကို ပင့်လိုက်ပြီး၊ ခန်းမအပြင်ဘက်သို့ ရုတ်တရက် မော့ကြည့်လိုက်တော့သည်။

ခဏချင်းအတွင်းမှာပင် အရှိန်အဟုန်ဖြင့် ပြေးလွှားလာသော ခြေသံများနှင့် ဆူညံသံများမှာ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့ပြီး ဝမ်ချောင်အနားယူနေသည့် နေရာဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာတော့သည်။

"မျိုးနွယ်ခြားဘုရင် အမိန့်တော်ကို နာခံစမ်း"

ခဏချင်းအတွင်းမှာပင်၊ မောက်မာလှသော အသံတစ်ခုနှင့်အတူ ဝုန်း ဆိုသည့် အသံ ထွက်ပေါ်လာပြီး၊ ဝမ်ချောင်၏အိမ်တော် တံခါးကြီးမှာ ပြင်ပမှနေ၍ အတင်းအဓမ္မ တွန်းဖွင့်ခြင်း ခံလိုက်ရသည်။

တံခါးကြီး ပွင့်သွားသည့်အခါ၊ ဆံပင်ဖြူများဖြင့် အကြည့်များမှာ ရက်စက်လှသော မိန်းမစိုး အိုကြီးတစ်ဦးသည် မိုးတိမ်ပုံစံများ ပါဝင်သည့် ဝတ်ရုံကို ဆင်ယင်လျက်၊ လက်ထဲတွင် အမိန့်တော်လိပ်ကို ကိုင်ဆောင်ကာ အခန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့သည်။

သူ၏ နောက်ကွယ်တွင်မူ ကျင်းဝူအစောင့်တပ် အုပ်စုတစ်စုနှင့် ခစားနေသော မိန်းမစိုး ငယ်လေးများမှာလည်း လိုက်ပါလာကြသည်။

သူတို့၏ဝဲယာနှစ်ဖက်တွင်မူ ရွှီခဲ့ယွီ၊ စုရွှတ်ရွှမ် နှင့် မျိုးနွယ်ခြားဘုရင် အိမ်တော်မှ အစောင့်အကြပ်များမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာများမှာ နီရဲနေတော့သည်။

"အရှင် တောင်းပန်ပါတယ်၊ သူတို့တွေက အတင်းအဓမ္မ ကျူးကျော် ဝင်ရောက်လာတာ ဖြစ်လို့ ကျွန်တော်မျိုးတို့တွေ မတားနိုင်ခဲ့ပါဘူး"

"မင်းတို့တွေ နောက်ကို ဆုတ်လိုက်ကြစမ်း"

ဝမ်ချောင်သည် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

သူသည် ယခင်ကတည်းက၊ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို လေ့လာနေစဉ်အတွင်း မည်သူမျှ နှောင့်ယှက်ခြင်း မပြုရန် အမိန့်ထုတ်ထားခဲ့သော်လည်း၊ တစ်ဖက်လူမှာ အမိန့်တော်ကို လက်ဝယ် ကိုင်ဆောင်ထားသဖြင့် ရွှီခဲ့ယွီတို့ အနေဖြင့်လည်း တားဆီးရန် မဖြစ်နိုင်ကြောင်း သူ သိရှိထားသည်။

"ဟုတ်ကဲ့ပါ၊ အရှင်"

ရွှီခဲ့ယွီနှင့်အဖွဲ့မှာ အလွန်ပင် အားနာသည့် အမူအရာများဖြင့် နောက်သို့ ဆုတ်ပေးလိုက်ကြသည်။

"ဟူး... အချိန်တွေကို ဖြုန်းမနေပါနဲ့တော့၊ အမိန့်တော်ကို နာခံစမ်းပါ"

ထိုဆံပင်ဖြူမိန်းမစိုး အိုကြီးမှာမူ များစွာ ဂရုမစိုက်ဘဲ အေးစက်စွာ နှာခေါင်းရှုံ့လျက် တိုက်ရိုက် ပြောဆိုလိုက်သည်။

"ဝမ်ချောင် အမိန့်တော်ကို နာခံပါ့မယ်"

ဝမ်ချောင်သည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် သူ၏မျက်ဝန်းအတွင်းမှ အလင်းတန်းများမှာ လှုပ်ခတ်သွားခဲ့ပြီး ရှေ့သို့ တိုးလာကာ ခါးကို ညွှတ်၍ ဂါရဝပြုလိုက်သည်။

"ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း ဧကရာဇ်မင်းမြတ် မိန့်ကြားလိုက်သည်မှာ"

"မျိုးနွယ်ခြားဘုရင်သည် မဟာထန်အင်ပါယာ၏ အရေးပါသော အမတ်ကြီး ဖြစ်သလို၊ တိုင်းပြည်နှင့် လူမျိုးအပေါ်တွင်လည်း ကြီးမားလှသော ကောင်းကျိုးများကို ပြုလုပ်ခဲ့သူ ဖြစ်သည်။ ငါ ဧကရာဇ်မင်းမြတ်အနေဖြင့် ရက်ပေါင်းများစွာ မတွေ့ရသဖြင့် စိတ်ထဲ၌ များစွာ သတိရမိပေသည်။ ထို့ကြောင့် မျိုးနွယ်ခြားဘုရင် ဝမ်ချောင်အား အခုချက်ချင်း နန်းတော်အတွင်းသို့ ဝင်ရောက်လာရန် မိန့်ကြားလိုက်သည်၊ နောက်ကျခြင်း မရှိစေရ"

ထိုမိန်းမစိုးအိုကြီးသည် အမိန့်တော်လိပ်ကို တိုက်ရိုက် ဖြန့်လိုက်ပြီးနောက် သူ၏ စူးရှလှသော အသံဖြင့် ခန်းမဆောင်အတွင်း၌ ကြေညာလိုက်တော့သည်။

မိန်းမစိုး ကြေညာလိုက်သော အမိန့်တော်အတွင်းမှ အကြောင်းအရာများကို ကြားလိုက်ရသည့်အခါ၊ ဝမ်ချောင်၏မျက်မှောင်များမှာ ချက်ချင်းပင် တင်းကျပ်သွားတော့သည်။

အမိန့်တော်ဆိုသည်မှာ တရားဝင်သော အမိန့်တစ်ခု ဖြစ်သည်။ "ဧကရာဇ်၏ အမိန့်မှာ တောင်ကြီးတစ်လုံးအလား လေးလံလှသလို၊ ဧကရာဇ်မှာ နောက်ပြောင်သော စကားကို မဆိုရ" ဆိုသည့်အတိုင်း၊ များသောအားဖြင့် ဝတ်ပြုရေးဌာန၏ အကြိမ်ကြိမ် ပြုပြင် မွမ်းမံမှုများကို ဖြတ်ကျော်ရလေ့ရှိသဖြင့်၊ အကြောင်းအရာမှာ အလွန်ပင် တည်ကြည်လေးနက်လှသလို တင်းကြပ်သော ပုံစံများလည်း ရှိနေရမည် ဖြစ်သည်။

သို့သော်လည်း ယခု သူ လက်ခံရရှိသော ဤအမိန့်တော်မှာမူ၊ အကြောင်းအရာမှာ စာကြောင်း အနည်းငယ်သာ ပါဝင်ပြီး ရေးသားထားပုံမှာလည်း အလွန်ပင် သာမန်ဆန်လှသလို ဖွဲ့စည်းပုံမှာလည်း အလွန်ပင် လျော့ရဲနေပေသည်။ ၎င်းမှာ အမိန့်တော်နှင့် မတူဘဲ ဧကရာဇ်၏ နှုတ်မိန့်နှင့်သာ ပိုမို တူညီနေပေသည်။

သို့သော်လည်း ဝမ်ချောင်သေချာစွာ မစဉ်းစားနိုင်သေးမီမှာပင် သူ၏ရှေ့မှောက်ရှိ မိန်းမစိုး အိုကြီးမှာ အမိန့်တော်လိပ်ကို ပြန်လည်သိမ်းလိုက်ပြီးနောက် ဝမ်ချောင်ကို တစ်ချက် လှမ်းကြည့်လျက် အေးစက်စွာ ရယ်မောရင်း စကားဆိုလိုက်သည်။

" သူတော်စင်ဧကရာဇ်က လူကို စောင့်လေ့မရှိပါဘူး။ ကျွန်တော်မျိုး ထွက်မလာခင်မှာ အရှင်မင်းကြီးက အမိန့်တစ်ခု ထပ်ပြီး ပေးလိုက်ပါသေးတယ်။ ၎င်းကတော့ အမိန့်တော်ကို ကြေညာလိုက်တဲ့ အချိန်ကစပြီး၊ မျိုးနွယ်ခြားဘုရင်အနေနဲ့ အခုချက်ချင်း နန်းတော်ထဲကို ဝင်လာရမှာ ဖြစ်သလို နောက်ကျလို့ မရပါဘူး။ ဒါ့အပြင် အပြင်ဘက်မှာလည်း ရထားလုံးကို အဆင်သင့် ပြင်ထားပြီး ဖြစ်လို့ မျိုးနွယ်ခြားဘုရင်အနေနဲ့ အချိန်ဆွဲဖို့ အကြောင်းပြချက် ရှာမနေပါနဲ့တော့ ကြွပါဦး!"

ထိုမိန်းမစိုးအိုကြီးမှာ ပြောဆိုလိုက်ရင်း တိုက်ရိုက်ပင် ဖိတ်ခေါ်သည့် လက်ဟန်ကို ပြုလုပ်လိုက်တော့သည်။

******

All Chapters