← Chapters

အခန်း (၂၀၃၃-၂၀၃၅)

Vol. 125 Ch. 2033-2035

အခန်း (၂၀၃၃-၂၀၃၅)

Vol. 125 Ch. 2033-2035

အခန်း (၂၀၃၃) အကြံအစည် ပေါ်ပေါက်လာခြင်း

"ဝုန်း!"

မိန်းမစိုး အိုကြီး၏ စကားကို ကြားလိုက်ရသည့်အခါ ဘေးပတ်ဝန်းကျင်ရှိ ရွှီခဲ့ယွီ၊ စုရွှတ်ရွှမ်း နှင့် အခြားသော သူများ၏ မျက်နှာမှာ ခဏချင်းအတွင်းမှာပင် ပြောင်းလဲသွားတော့သည်။

လာသူမှာ မကောင်းသော ရည်ရွယ်ချက် ရှိနေသလို၊ ကောင်းသော ရည်ရွယ်ချက် ရှိသူမှာလည်း ယခုကဲ့သို့ ရောက်လာလိမ့်မည် မဟုတ်ပေ။

အမိန့်တော်ကို ကြေညာခြင်း၊ လက်ခံခြင်းနှင့် နာခံခြင်းတို့မှာ များသောအားဖြင့် လုံလောက်သော အခမ်းအနားနှင့် ပြင်ဆင်မှုများ လိုအပ်ပေသည်၊ သူတော်စင်ဧကရာဇ်၌ အရေးကြီးသော ကိစ္စရှိ၍ ဆင့်ခေါ်သည် ဆိုပါကလည်း၊ အမတ်များအနေဖြင့် ရေချိုး သန့်စင်ခြင်း၊ ဝတ်စုံလဲလှယ်ခြင်းနှင့်လိုအပ်သည်များကို ပြင်ဆင်ရန် အချိန်ပေးရမည်ဖြစ်ပြီး၊ ထိုသို့ ပြင်ဆင်ပြီးမှသာ ညီလာခံသို့ တက်ရောက်ခြင်း သို့မဟုတ် ဧကရာဇ်ကို ဖူးမြော်ခြင်းများကို ပြုလုပ်ရမည် ဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူမှာ အမိန့်တော်ကို ကြေညာပြီးသည်နှင့် တစ်ပြိုင်နက် ဝမ်ချောင်ကို နန်းတော်အတွင်းသို့ ဝင်ရောက်ရန် အတင်းအကျပ် တိုက်တွန်းနေခြင်းမှာ ပြင်ဆင်ရန် အချိန်ပင် မပေးဘဲ အတင်းအဓမ္မ ဖိတ်ခေါ်နေခြင်းပင် ဖြစ်တော့သည်။

ရှေးယခင်ကတည်း၊ မည်သည့် မင်းကောင်းမင်းမြတ်ကများ မိမိ၏ အမတ်များအပေါ် ယခုကဲ့သို့သော အတင်းအဓမ္မ ဖိတ်ခေါ်သည့် နည်းလမ်းကို အသုံးပြုခဲ့ဖူးပါသနည်း။

"နားလည်ပါပြီ၊ ဝမ်ချောင်အမိန့်တော်ကို နာခံပါတယ်"

အခြားတစ်ဖက်တွင်မူ၊ မိန်းမစိုးအိုကြီး၏ တိုက်တွန်းသံကို ကြားရသည့်အခါ ဝမ်ချောင်က လျင်မြန်စွာ ပြောဆိုလိုက်သည်။

"ဒါပေမဲ့ အရှင်..."

ရွှီခဲ့ယွီနှင့်အဖွဲ့မှာ ထိုစကားကို ကြားရသည့်အခါ စိတ်ထဲ၌ စိုးရိမ်ပူပန်သွားကြပြီး တစ်စုံတစ်ခုကို ထပ်မံ ပြောဆိုရန် ကြိုးစားလိုက်ကြသော်လည်း၊ ဝမ်ချောင်က လက်ကာပြ၍ တားဆီးလိုက်သည်။

"ကုန်းကုန်း ဒုက္ခပေးမိပြီ၊ ဝမ်ချောင်အနေနဲ့ အခုပဲ မင်းနဲ့အတူ နန်းတော်ထဲကို လိုက်ခဲ့ပါ့မယ်!"

ဧကရာဇ်၏ အမိန့်မှာ တောင်ကြီးတစ်လုံးအလား လေးလံလှပေသည်။

ဝမ်ချောင်သည် ရွှီခဲ့ယွီတို့၏စိုးရိမ်မှုကို နားလည်စေကာမူ၊ တစ်ဖက်လူမှာ အသေအချာ ပြင်ဆင်လာကြောင်း သူ သိရှိထားသည်။ မိမိကို နန်းတော်အတွင်းသို့ ဆင့်ခေါ်ရန်မှာ မူလက နှုတ်မိန့် တစ်ခုဖြင့်ပင် လုံလောက်စေကာမူ၊ ယခုကဲ့သို့ အမိန့်တော်လိပ်ကို သီးသန့် အသုံးပြုလာခြင်းမှာ မိမိအနေဖြင့် ငြင်းဆန်ခြင်း မပြုနိုင်စေရန် တားဆီးလိုက်ခြင်းပင် ဖြစ်သည်။

တတိယသားတော်ရွှမ်းသည် မူလကတည်းက မိမိအပေါ် မကျေနပ်မှုများ ရှိနေသူ ဖြစ်ရာ၊ အကယ်၍ ဤအချိန်တွင် အမိန့်တော်ကို ဖီဆန်မည် ဆိုပါက၊ ၎င်းမှာ ချက်ချင်းပင် ဧကရာဇ်ကို ဆန့်ကျင်သည့် ပြစ်မှုကြီး မြောက်သွားပေလိမ့်မည်။

ထိုအချိန်ကျလျှင်မူ မိမိ နန်းတော်အတွင်းသို့ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ တတိယသားတော်ရွှမ်းအတွက်မူ ရလဒ်မှာ အတူတူပင် ဖြစ်သွားပေလိမ့်မည်။

"အရှင်!"

ထိုအချိန်မှာပင် ချင်းယန်သခင်လေး နှင့် နဂါးဓားတို့မှာလည်း အနောက်ဘက်မှ ရောက်ရှိလာကြသည်။

သူတို့ နှစ်ဦးမှာ မိုင်ပေါင်း ထောင်ချီ ခရီးနှင်လာခဲ့ရသဖြင့် မူလက နောက်ဘက် ခန်းမဆောင်အတွင်း၌ အနားယူနေခြင်း ဖြစ်သော်လည်း သတင်းစကားကို ကြားရသည့်အခါ အမြန်လိုက်လာခဲ့ကြခြင်း ဖြစ်သည်။

အမိန့်တော်လိပ်ကို ကိုင်ဆောင်ထားသော ထိုမိန်းမစိုးအိုကြီးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဝမ်ချောင်ကို ပြန်ကြည့်လိုက်သည့်အခါတွင်မူ၊ သူတို့ နှစ်ဦးစလုံး တစ်စုံတစ်ခုကို နားလည်သွားကြပြီး သူတို့၏ မျက်ဝန်းအတွင်း၌လည်း နက်ရှိုင်းလှသော စိုးရိမ်မှုများ ထင်ဟပ်လာတော့သည်။

အရာရာမှာ မြန်ဆန်လွန်းလှပေသည်။

သူတို့ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို ယူဆောင်၍ မြို့တော်သို့ ရောက်ရှိလာသည်မှာ နာရီအနည်းငယ်မျှသာ ရှိသေးသလို တစ်ညတာ အချိန်ပင် မကုန်ဆုံးသေးမီမှာပင်၊ တတိယသားတော်ရွှမ်းဘက်မှ တုန့်ပြန်မှုများ ပြုလုပ်ကာ လူလွှတ်၍ ဆင့်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

"မင်းတို့တွေ အိမ်တော်ထဲမှာပဲ စောင့်နေကြပါ၊ ငါ မကြာခင် ပြန်လာခဲ့ပါ့မယ်"

ဝမ်ချောင်သည် တည်ငြိမ်သော အကြည့်များဖြင့် ပြောဆိုလိုက်ပြီးနောက် ချင်းယန်သခင်လေး နှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ လူအုပ်ကြီးကြားမှ ဖြတ်ကျော်၍ မိန်းမစိုး အဖွဲ့နှင့်အတူ ရှေ့သို့ လျှောက်လှမ်းသွားတော့သည်။

"ထွက်ခွာမယ်"

"နန်းတော်ကို ပြန်မယ်"

လှည်းဘီးများ လည်ပတ်သံနှင့်အတူ လူတိုင်း၏ စူးစိုက်ကြည့်နေမှုများအောက်၌ ဝမ်ချောင်သည် ရထားလုံးပေါ်သို့ တက်ရောက်လိုက်ပြီးနောက် ထိုမိန်းမစိုးအိုကြီးနှင့် နန်းတွင်း အစောင့်စစ်သည်များ၏ ဝန်းရံမှုဖြင့် နန်းတော်ဆီသို့ လျင်မြန်စွာ ဦးတည် ထွက်ခွာသွားတော့သည်။

ဝမ်ချောင်ထွက်ခွာသွားပြီး မကြာမီမှာပင် မရေမတွက်နိုင်သော စာပို့ချိုးငှက်များမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံသန်းသွားတော့သည်။

ဝမ်ချောင်အပေါ် အမြဲတစေ မနှစ်မြို့သူ ဖြစ်သော သူတော်စင်ဧကရာဇ်က ရုတ်တရက်ဆိုသလို မိန်းမစိုး တစ်ဦးကို စေလွှတ်၍ မျိုးနွယ်ခြားဘုရင် အိမ်တော်မှ ဝမ်ချောင်ကို အတင်းအဓမ္မ ခေါ်ဆောင်သွားသည့် သတင်းမှာ ကျန်းချိုးကျန့်ချုံး၊ စုန့်ဘုရင်နှင့် လီဟန်တို့၏ လက်ထဲသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

ဤရုတ်တရက်ဖြစ်ရပ်ကြီးကြောင့် လူတိုင်း၏စိတ်ထဲ၌ အကြီးအကျယ် လှုပ်ခတ်သွားခဲ့ရသည်။

လူတိုင်းမှာ ထိုကိစ္စအတွင်း၌ ထူးဆန်းမှု တစ်စုံတစ်ရာ ရှိနေကြောင်း ခံစားမိနေကြသည်၊ အရာရာမှာ ပုံမှန်မဟုတ်လျှင် တစ်စုံတစ်ခုသော မကောင်းသည့် လက္ခဏာ ရှိနေမည်မှာ သေချာလှပေသည်။ သူတော်စင်ဧကရာဇ် က ယခုကဲ့သို့သော အချိန်မျိုးတွင် ဝမ်ချောင်ကို ခေါ်ဆောင်သွားခြင်းမှာ သေချာပေါက် ပြဿနာ တစ်ခုခု ရှိနေပေလိမ့်မည်။

"ငါ့အတွက် ရထားလုံးကို အမြန် ပြင်ဆင်စမ်း၊ ငါ အခုချက်ချင်း နန်းတော်ထဲကို ဝင်ပြီး ဧကရာဇ်မင်းမြတ်ကို ဖူးမြော်ရမယ်"

"ဒါ့အပြင် ကျန်းချိုးကျန့်ချုံးကိုလည်း အမြန် ဆက်သွယ်လိုက်ပါ၊ စစ်ဘက်ရေးရာဌာနရဲ့ အရေးကြီးတဲ့ ကိစ္စလို့ အကြောင်းပြပြီး ငါနဲ့အတူ နန်းတော်ထဲကို လိုက်ခဲ့ဖို့ ပြောလိုက်စမ်း"

အိမ်တော်၏ ခန်းမဆောင်အတွင်း၌ စုန့်ဘုရင်၏ မျက်ခွံများမှာ ဆက်တိုက် လှုပ်ခတ်နေပြီး၊ သူ၏စိတ်ထဲ၌လည်း အလွန်ပင် မသက်မသာ ဖြစ်နေသော ခံစားချက်ကြီး တစ်ခု ပေါ်ထွက်နေတော့သည်။

ခေတ္တမျှ ကြာမြင့်ပြီးနောက်တွင်မူ စုန့်ဘုရင်နှင့် ကျန်းချိုးကျန့်ချုံးတို့၏ ရထားလုံးများမှာ နန်းတော်တံခါးရှိရာဘက်သို့ လျင်မြန်စွာ မောင်းနှင်သွားတော့သည်။

သို့သော်လည်း သူတို့ နှစ်ဦး ရောက်ရှိသွားပြီး မကြာမီမှာပင် ဝုန်း ဆိုသည့် အသံနှင့်အတူ၊ လေးလံလှသော ကြီးမားသည့် နန်းတော်တံခါးကြီး နှစ်ချပ်မှာ အင်ပါယာ၏ အရေးပါသော အမတ်ကြီး နှစ်ဦး၏ရှေ့မှောက်၌ ပြင်းထန်စွာ ပိတ်သွားခဲ့ပြီး မည်သည့် အက်ကြောင်းမျှပင် မကျန်တော့ပေ။

"သူတော်စင်ဧကရာဇ်ရဲ့ အမိန့်တော် ရှိပါတယ်။ မွန်းတည့်ချိန် မတိုင်ခင်အထိ၊ မည်သူမျှ အတွင်းသို့ ဝင်ရောက်ခွင့် မရှိစေရ"

မဝေးလှသော နေရာ၊ မြင့်မားလှသော မြို့ရိုးပေါ်မှနေ၍၊ မျက်နှာစိမ်း မြို့တံခါးစောင့် ဗိုလ်ချုပ်တစ်ဦးက မည်သည့် ခံစားချက်မျှ မပါသော အသံဖြင့် ကျယ်လောင်စွာ ကြေညာလိုက်သည်။

စုန့်ဘုရင်နှင့် ကျန်းချိုးကျန့်ချုံးတို့မှာ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြပြီးနောက် ခဏချင်းအတွင်းမှာပင် သူတို့နှစ်ဦးစလုံး၏ စိတ်နှလုံးမှာ လေးလံသွားတော့သည်။

"ဝုန်း"

နန်းတော်၏ ကြီးမားလှသော မြို့တံခါးကြီး ပိတ်သွားသည့်အခါ၊ လေးလံလှသော သံမဏိများ ထိခိုက်သံကြီးမှာ ဝမ်ချောင်၏နားထဲသို့ တိုးဝင်လာခဲ့သည်၊ အခြားတစ်ဖက်ရှိ ခန့်ညားလှသော ကြေးညိုရောင် နဂါးရုပ်ပါသည့် တော်ဝင်ရထားလုံးအတွင်း၌မူ၊ ဝမ်ချောင်သည်လည်း မထင်မရှားသော အမူအရာဖြင့် မျက်မှောင်များကို တစ်ချက် ကြုတ်လိုက်မိသည်။

နန်းတော်တံခါးမှာ ယခုကဲ့သို့သော အချိန်တွင် ရုတ်တရက် ပိတ်သွားရန် အကြောင်းမရှိပေ၊ အရာရာမှာ အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းနေပေသည်။

ထို့အပြင် ယနေ့၏ နန်းတော် အတွင်း၌ အလွန်အမင်း တိတ်ဆိတ်လွန်းနေပေသည်။

"အရှင်အနေနဲ့ အများကြီး တွေးမနေပါနဲ့တော့၊ အရှင်မင်းကြီးက ထိုက်ကျိနန်းဆောင်ထဲမှာ စောင့်နေတာ ဖြစ်လို့၊ ငါတို့တွေ အရှိန်ကို နည်းနည်း ထပ်မြှင့်ရအောင်၊ အရှင်မင်းကြီးကို အကြာကြီး စောင့်ခိုင်းလို့ မဖြစ်ဘူး မဟုတ်လား"

ထိုအချိန်မှာပင်၊ ထို မိန်းမစိုး အိုကြီး၏ အေးစက်စက် အသံမှာ ရထားလုံး၏ အပြင်ဘက်မှ ထွက်ပေါ်လာသည်။

"ကုန်းကုန်း အနေနဲ့ ရှေ့ကနေ လမ်းပြပေးရုံပါပဲ"

ဝမ်ချောင်က တည်ငြိမ်စွာ တုန့်ပြန်လိုက်ပြီး ထိုသူနှင့် အပြန်အလှန် ငြင်းခုံခြင်း မပြုခဲ့ပေ။

ဤမိန်းမစိုးအိုကြီးမှာ အမိန့်တော်ကို လာရောက်ကြေညာသူမျှသာဖြစ်ရာ၊ သူနှင့် အငြင်းပွားနေခြင်းမှာ မည်သည့် အဓိပ္ပာယ်မျှ မရှိကြောင်း ဝမ်ချောင်သိရှိထားသည်။

ရထားလုံးမှာ ရှေ့သို့ ဆက်လက် ခရီးနှင်နေပြီး၊ အနီရောင် ဆေးသုတ်ထားသည့် နန်းတွင်း လမ်းမများကြားမှ အဆက်မပြတ် ဖြတ်ကျော်နေပေသည်။ ဘာကြောင့်မှန်း မသိသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးမှာ ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်နေတော့သည်။

ဝမ်ချောင်သည် ယခင်ကလည်း နန်းတော်အတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ဖူးခဲ့သည်၊ မင်းသားသုံးပါး ပုန်ကန်မှုအတွင်း၌ပင် ဟိုကျွမ်းကျီ၏ အစစ်အမှန် ပုံရိပ်ကို ဖော်ထုတ်ရန်အတွက် ညဉ့်နက်ပိုင်း အချိန်၌ နန်းတော်အတွင်းသို့ လျှို့ဝှက် ဝင်ရောက်ခဲ့ဖူးသော်လည်း ထိုစဉ်က နန်းတော်မှာ ယခုလောက်အထိ တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိခဲ့ပေ။

ထို့အပြင် ဝမ်ချောင်သည် ရထားလုံးအတွင်း၌ အေးဆေးစွာ ထိုင်နေပြီး ပြင်ပလောကကို မမြင်တွေ့နိုင်စေကာမူ သူ၏ အသိစိတ်ကို ဖြန့်ကျက်လိုက်သည့် အခါတွင်မူ၊ မိုင်ပေါင်း ရာနှင့်ချီသော ပတ်ဝန်းကျင်အတွင်းရှိ အစောင့်စစ်သည်များ၊ နန်းတွင်းသူများနှင့် မိန်းမစိုးများ၏ တုန့်ပြန်မှု မှန်သမျှကို အသေအချာ မြင်တွေ့နေရပေသည်။

ဝမ်ချောင်၏ရထားလုံး ရောက်ရှိသွားသည့် နေရာတိုင်းတွင် လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နေပေသည်။

နန်းတော် မြို့ရိုး တစ်လျှောက်၌ စောင့်ကြပ်နေကြသော ကျင်းဝူအစောင့်တပ်များမှာမူ၊ ခန္ဓာကိုယ်ကို မတ်မတ်ထားကာ အပြင်ပန်းတွင်မူ မိမိတို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသကဲ့သို့ ရှိသော်လည်း၊ ဝမ်ချောင်၏ရထားလုံး သူတို့၏ ရှေ့မှ ဖြတ်ကျော်သွားသည့် အခါတိုင်းတွင်မူ၊ ထို စစ်သည်များနှင့် မိန်းမစိုးများ၏ အကြည့်များမှာ မသိစိတ်အရပင် ရထားလုံးပေါ်သို့ ကျရောက်နေကြတော့သည်။

သူတို့မှာ များမကြာမီမှာပင် ခေါင်းကို ပြန်လည်လွှဲဖယ်လိုက်ကြစေကာမူ၊ ဝမ်ချောင်အနေဖြင့်မူ ဤမြင်ကွင်းကို သေချာစွာ ခံစားမိနေသည်။

"ဒီလူတွေဟာ... ငါ့ကို စောင့်ကြည့်ဖို့အတွက် ယာယီတာဝန်နဲ့ ပြောင်းလဲထားတဲ့ သူတွေပဲ"

ဝမ်ချောင်၏စိတ်ထဲ၌ တုန်လှုပ်သွားခဲ့ပြီး၊ အတွေးတစ်ခုမှာ ဦးနှောက်အတွင်း၌ ဖြတ်ပြေးသွားတော့သည်။

ယခု အခိုက်အတန့်တွင် သူ၏ စိတ်နှလုံးမှာ မှန်ချပ်တစ်ခုအလား ကြည်လင်နေတော့သည်။

တတိယသားတော်ရွှမ်းက မဟာထန်ကို အုပ်စိုးပြီးနောက်တွင်မူ နန်းတော်အတွင်း၌ အပြောင်းအလဲများစွာ ပြုလုပ်ခဲ့သလို၊ ကျင်းဝူအစောင့်တပ် အတွင်းမှ လူအင်အားများကိုလည်း များစွာ လဲလှယ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဝမ်ချောင်သည် အနောက်မြောက် တိုက်ပွဲ ပြီးနောက်တွင်မူ၊ ကျင်းဝူအစောင့်တပ် များအကြား၌ သူ၏အရှိန်အဝါမှာ နေမင်းကြီးအလား တောက်ပနေခဲ့ရာ၊ ပုံမှန် အခြေအနေများအောက်၌မူ အစောင့်စစ်သည် အများစုမှာ ဝမ်ချောင်ကို အလွန်ပင် ကြည်ညိုလေးစားကြရမည်ဖြစ်ပြီး၊ ယခုကဲ့သို့သော သူများအလား အပြင်ပန်းတွင် တာဝန်ထမ်းဆောင်နေသကဲ့သို့ ဟန်ဆောင်ကာ ဝမ်ချောင်ကို တိတ်တဆိတ် စောင့်ကြည့်နေကြလိမ့်မည် မဟုတ်ပေ။

ထိုခဏ၌ ဝမ်ချောင်၏မျက်မှောင်များမှာ အသာအယာ ကြုတ်သွားခဲ့ပြီး၊ သူ၏မျက်နှာတွင်လည်း နက်ရှိုင်းလှသော စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ သို့သော်လည်း ဝမ်ချောင်မှာ မည်သည့် စကားမျှ ပြောဆိုခြင်း မရှိခဲ့ပေ။

ရထားလုံးမှာ ဝုန်းခနဲ မြည်ဟီးလျက် ရှေ့သို့ ဆက်လက် ခရီးနှင်နေပြီး၊ ခေတ္တမျှ ကြာမြင့်ပြီးနောက်တွင်မူ၊ ရုတ်တရက်ဆိုသလို ပြင်းထန်လှသော အသံကြီး တစ်ခုနှင့်အတူ၊ ကြေးညိုရောင် တော်ဝင်ရထားလုံးမှာ ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုမိန်းမစိုး အိုကြီး၏ အေးစက်လှသော ရယ်မောသံမှာလည်း နားထဲသို့ တိုးဝင်လာခဲ့သည်။

"မျိုးနွယ်ခြားဘုရင် ရောက်ပါပြီ၊ ရှေ့တည့်တည့်ကတော့ ထိုက်ကျိနန်းဆောင်ပါပဲ၊ မျိုးနွယ်ခြားဘုရင် ကြွပါဦး၊ ကျွန်တော်မျိုးကတော့ အတွင်းထဲကို မဝင်တော့ပါဘူး"

ဝမ်ချောင်သည် ရထားလုံးအတွင်းမှ ထွက်လာသည့် အခါတွင်မူ၊ ထို မိန်းမစိုး အိုကြီးသည် လိုက်ပါလာသော ကျင်းဝူအစောင့်တပ်များနှင့် မိန်းမစိုး ငယ်လေးများကို ဦးဆောင်၍ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ ဝမ်ချောင်သည် ခေါင်းကို မော့ကြည့်လိုက်ရာ သူ၏ ရှေ့မှောက်ရှိ ထိုက်ကျိနန်းဆောင်မှာ ယခင်အတိုင်းပင် မြင့်မားထည်ဝါလျက် အရှိန်အဝါ ကြီးမားနေဆဲ ဖြစ်သည်။ သို့သော် ဝမ်ချောင်အနေဖြင့် ခံစားနေရသည်မှာ ယခင်ကနှင့် နှိုင်းယှဉ်ပါက ယနေ့၏ ထိုက်ကျိနန်းဆောင်မှာမူ တစ်စုံတစ်ခုသော အရာများ ပြောင်းလဲနေသကဲ့သို့ပင်။

"သူတော်စင်ဧကရာဇ်ရဲ့အမိန့်တော် ရှိပါတယ်။ မျိုးနွယ်ခြားဘုရင်အနေနဲ့ အခုချက်ချင်း နန်းဆောင်အတွင်းကို ဝင်ရောက်ပြီး ဧကရာဇ်မင်းမြတ်ကို ဖူးမြော်စေ"

ထိုအချိန်မှာပင် ဝေးကွာလှသော လှေကားထိပ်ရှိ နေရာမှနေ၍၊ အခြားသော သူစိမ်းဖြစ်သည့် မိုးတိမ်ပုံစံ ဝတ်ရုံကို ဆင်ယင်ထားသော မိန်းမစိုးအိုကြီး တစ်ဦးမှာ မြင့်မားလှသော နေရာ၌ ရပ်နေရင်း သူ၏စူးရှလှသော အသံဖြင့် တစ်ခုလုံးသော ထိုက်ကျိနန်းဆောင် ကြီးအတွင်း ပဲ့တင်ထပ်သွားအောင် ကြေညာလိုက်တော့သည်။

ထိုအသံကို ကြားရသည့်အခါ ဝမ်ချောင်သည် မျက်ဝန်းများကို အသာအယာ မှိတ်လိုက်ပြီးနောက် အတွေးများထဲမှ သတိပြန်ဝင်လာခဲ့ကာ ရှည်လျားလှသော အဖြူရောင် ကျောက်စိမ်း လှေကားထစ်များအတိုင်း ထိုက်ကျိနန်းဆောင် အတွင်းသို့ လှမ်းဝင်သွားတော့သည်။

"ဝုန်း!"

ခေတ္တမျှ ကြာမြင့်ပြီးနောက်တွင်မူ ဝမ်ချောင်သည် ရှည်လျားလှသော အဖြူရောင် ကျောက်စိမ်း လှေကားထစ်များကို ဖြတ်ကျော်၍ ထိုက်ကျိနန်းဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

နန်းဆောင်အတွင်း၌ မီးခိုးငွေ့များမှာ လိပ်တက်နေပေသည်၊ လေးထောင့်ပုံစံ ကြေးနီ မီးဖိုအချို့ကို ထောင့်လေးထောင့်၌ ထားရှိထားပြီး၊ ထိုမီးဖိုများအတွင်းမှ ထွက်ပေါ်လာသော မီးခိုးငွေ့များမှာ ပျံ့လွင့်ခြင်း မရှိဘဲ စုစည်းနေသဖြင့် တစ်ခုလုံးသော နန်းဆောင်ကြီးအတွင်း၌ မြူခိုးများအလား ဖုံးလွှမ်းနေပြီး လူကို ဝေဝါးလှသော ခံစားချက်ကို ပေးစွမ်းနေပေသည်။

"ဝုန်း!"

ဝမ်ချောင်သည် နန်းဆောင်အတွင်းသို့ လှမ်းဝင်လိုက်သည့်ခဏ၌ပင၊ အငွေ့အသက်များမှာ ပုံမှန်မဟုတ်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ လိပ်တက်နေသော မီးခိုးငွေ့များကြားမှနေ၍ အကြည့်ပေါင်းများစွာမှာ မိမိဆီသို့ လျင်မြန်စွာ ကျရောက်လာခဲ့ပြီး အခါအားလျော်စွာ မိမိကို စူးစိုက်ကြည့်နေကြခြင်း ဖြစ်သည်။

"နဂါးအစောင့်တပ်"

ဝမ်ချောင်၏ အကြည့်များမှာ တည်ငြိမ်သွားခဲ့ပြီး တစ်စုံတစ်ခုသော မှားယွင်းမှုများကို ချက်ချင်း သတိပြုမိလိုက်သည်။ ထိုက်ကျိနန်းဆောင် ဆိုသည်မှာ အဆင့်အတန်း အလွန်မြင့်မားလှသော နေရာ ဖြစ်သည်။ နန်းတွင်း အမတ်ကြီးများပင်လျှင် လွယ်လွယ်နှင့် ဝင်ရောက်ခွင့် မရှိစေကာမူ၊ အခြားသော သူများအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။

ဝမ်ချောင်အနေဖြင့် မူလက ထင်မှတ်ထားခဲ့သည်မှာ ယခုတစ်ကြိမ် ဆင့်ခေါ်မှုတွင် နန်းဆောင်အတွင်း၌ မိမိနှင့် တတိယသားတော်ရွှမ်းတို့ နှစ်ဦးတည်းသာ ရှိနေမည်ဟု ယူဆထားသော်လည်း ဝမ်ချောင်နန်းဆောင်အတွင်းသို့ ခြေချလိုက်သည့်ခဏ၌ပင် ယခုတစ်ကြိမ် တွေ့ဆုံမှုမှာ မိမိထင်မှတ်ထားသည်နှင့် လုံးဝခြားနားနေကြောင်း ခံစားလိုက်ရသည်။

နဂါးအစောင့်တပ်ဆိုသည်မှာ သူတော်စင်ဧကရာဇ်၏ အနီးကပ် အစောင့်အကြပ်များ ဖြစ်ကြပြီး ထိုက်ကျိနန်းဆောင်၏ အပြင်ဘက်၌သာ စောင့်ကြပ်ခွင့် ရှိကြသည်။ ဧကရာဇ် စံမြန်းရာ နန်းဆောင်အတွင်းသို့မူ ခြေတစ်လှမ်းပင် လှမ်းဝင်ခွင့် မရှိပေ။ သို့သော် ယခု အခိုက်အတန့်တွင်မူ၊ ထိုက်ကျိနန်းဆောင် ၏ ဝဲယာနှစ်ဖက်စလုံး၌ နဂါးအစောင့်တပ် များမှာ တန်းစီ၍ ရပ်နေကြသည်မှာ ထင်ရှားလှပေသည်။

ဤနဂါးအစောင့်တပ်များမှာ နန်းဆောင်အပြင်ဘက်၌ မရှိဘဲ၊ နန်းဆောင်အတွင်းသို့ ဝင်ရောက်လာခြင်းမှာ ၎င်းမှာ နန်းတွင်း စည်းကမ်းများကို လုံးဝ ဖောက်ဖျက်လိုက်ခြင်းပင် ဖြစ်တော့သည်။

ထိုမျှသာမကဘဲ၊ ဝမ်ချောင်၏အကြည့်များမှာ နန်းဆောင်အထက်ရှိ အခြားသော ပုံရိပ်တစ်ခုဆီသို့ ရောက်ရှိသွားသည့်ခဏ၌ သူ၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

"ဗိုလ်ချုပ်လီ”

ဗိုလ်ချုပ်လီဆိုသည်မှာ ကိုးနဂါးသွေးတိုက်ပွဲအလံကို စောင့်ကြပ်သူဖြစ်ပြီး အင်ပါယာ တစ်ခုလုံးတွင် အလွန်ထူးခြားသော အဆင့်အတန်းရှိသူ ဖြစ်သည်။ ထို့အပြင် ဝမ်ချောင်သည် သူနှင့်အတူ သေဘေးများကို ဖြတ်ကျော်ခဲ့ဖူးသလို၊ စစ်ပွဲပေါင်းများစွာကိုလည်း အတူတကွ တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်သဖြင့် သူ၏ခန္ဓာကိုယ် ပုံသဏ္ဌာန်နှင့် အငွေ့အသက်များကို အလွန်ပင် ရင်းနှီးနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခင်နှင့် မတူညီဘဲ ယခု အခိုက်အတန့်တွင် ဗိုလ်ချုပ်လီသည် သူ၏ လက်ထဲ၌ ကိုးနဂါးသွေးတိုက်ပွဲအလံကို ကိုင်ဆောင်ထားခြင်း မရှိဘဲ၊ အမည်းရောင်ရှိသော လေးလံလှသည့် သံချပ်ကာ ဝတ်စုံကြီး တစ်ခုကို ဆင်ယင်ထားပြီး၊ တစ်ကိုယ်လုံးမှာ ထိုသံချပ်ကာအတွင်း၌ ပျောက်ကွယ်နေကာ မျက်ဝန်းအစုံသာ အပြင်ဘက်သို့ ထွက်ပေါ်နေလျက် ဝမ်ချောင်ကို စူးစိုက်ကြည့်နေပေသည်။

ဗိုလ်ချုပ်လီသည် နဂါးအစောင့်တပ်များ၏ အနောက်ဘက်တွင် ရပ်နေသည်။ ဝမ်ချောင် မျှော်လင့်ထားသည်နှင့် မတူဘဲ တစ်ဖန် ပြန်လည် ဆုံတွေ့ရသည့် အခါတွင်မူ ဗိုလ်ချုပ်လီသည် မိမိကို ရင်းနှီးသည့် ပုံစံမျိုး မပြသဘဲ အပြန်အလှန်အားဖြင့် မိမိကို ကြည့်ရင်း မျက်လုံးများကို အဆက်မပြတ် မှိတ်ပြနေကာ သူ၏ အကြည့်များအတွင်း၌လည်း စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသဖြင့် တစ်စုံတစ်ခုကို သတင်းပေးချင်နေပုံ ရပေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဝမ်ချောင်၏စိတ်နှလုံးမှာ လေးလံသွားခဲ့ပြီး တစ်စုံတစ်ခုသော အခြေအနေကို ချက်ချင်း ခံစားလိုက်ရသည်။ သို့သော်လည်း သူ သေချာစွာ မစဉ်းစားနိုင်သေးမီမှာပင်၊ နောက်တစ်ခဏ၌ ထိုက်ကျိနန်းဆောင် ၏ အထက်ဘက်မှနေ၍ ကျယ်လောင်လှသော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

"ဟားဟားဟား... မျိုးနွယ်ခြားဘုရင် မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ!"

အရှိန်အဝါ ကြီးမားလှသော ပုံရိပ်တစ်ခုမှာ အထက်တွင် ထိုင်နေလျက် အားရပါးရ ဟားတိုက် ရယ်မောလိုက်ရာ ထိုရယ်မောသံအတွင်းရှိ စွမ်းအားများကြောင့် တစ်ခုလုံးသော နန်းဆောင်၏အမိုးပင်လျှင် အသာအယာ တုန်ခါသွားရသည်။

ဝမ်ချောင်သည် ခေါင်းကို မော့ကြည့်လိုက်ရာ၊ နန်းဆောင်အတွင်းရှိ လိပ်တက်နေသော မီးခိုးငွေ့များကြားမှတစ်ဆင့် အထက်ရှိ တတိယသားတော်ရွှမ်းကို မြင်တွေ့လိုက်ရသည်။

သူသည် နဂါးဝတ်ရုံကို ဆင်ယင်ထားပြီး၊ လက်နှစ်ဖက်ကို ဖြန့်ကာ ဝဲယာနှစ်ဖက်၌ ဟူအလှမယ်နှစ်ဦးကို ပွေ့ပိုက်ထားပေသည်။

ဝမ်ချောင်အတွင်းသို့ မဝင်ရောက်မီ အချိန်ကတည်းက သူသည် ထိုအလှမယ် နှစ်ဦးနှင့်အတူ နန်းဆောင်အတွင်း၌ ပျော်ပါးနေပုံရပေသည်။

"ကျွန်တော်မျိုး ဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်"

ဝမ်ချောင်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီးနောက် ချက်ချင်းပင် ခါးကို ညွှတ်၍ ရိုသေလေးစားစွာဖြင့် ဂါရဝပြုလိုက်သည်။

"ဟားဟား... ကောင်းပြီ။ ငါ့ရဲ့ အရေးပါတဲ့ အမတ်ကြီး ဖြစ်ရကျိုးနပ်ပါပေတယ်"

တတိယသားတော်ရွှမ်းသည် အားရပါးရ ဟားတိုက် ရယ်မောလိုက်ပြီး၊ သူ၏ မျက်ဝန်းအစုံမှာ အောက်ဘက်ရှိ ဝမ်ချောင်ကို စူးစိုက်ကြည့်နေစေကာမူ သူ၏အကြည့်များအတွင်း၌မူ နက်ရှိုင်းလှသော နာကျည်းမှုများနှင့် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်နေတော့သည်။

ဤသစ္စာမဲ့သောအမတ်မှာ မိမိကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖီဆန်ခဲ့သလို ဆန့်ကျင်ခဲ့သည်သာမကဘဲ၊ ယခုအခါ၌လည်း တိတ်တဆိတ်အားဖြင့် အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို ရှာဖွေခိုင်းခြင်းဖြင့် မိမိကို ရန်သူလို ဆက်ဆံရဲသည် မဟုတ်ပါလော။

အကယ်၍သာ မိမိက ရွှမ်မင်ဇီကို ကြိုတင်၍ သိမ်းသွင်းထားခြင်း မရှိခဲ့ပါက သူ၏ မိစ္ဆာ အကြံအစည်များကိုလည်း ယခုအချိန်အထိ သိရှိလိမ့်မည် မဟုတ်ဘဲ ထိုသူ၏ လှည့်စားခြင်းကို ခံနေရဦးမည်သာ ဖြစ်သည်။

******

အခန်း (၂၀၃၄) ဓားမြှောင် ပေါ်ပေါက်လာခြင်း

ဒီလူယုတ်မာ၊ ပြီးတော့ ဝမ်မိသားစုဟာလည်း ဧကရာဇ်ရဲ့ ကျေးဇူးကို စားသုံးပြီး လီထန်တော်ဝင်မိသားစုက ပေးအပ်သမျှ အရာအားလုံးကို ခံစားနေကြတာ ဖြစ်ပါလျက်နဲ့၊ အဲဒီ မိစ္ဆာကို ကူညီပြီး ငါ့လို အစစ်အမှန် လီထန် ဧကရာဇ်ကို ဆန့်ကျင်ရဲတယ်ပေါ့၊ ဒါဟာ တကယ့်ကို အကြီးမားဆုံးသော သစ္စာဖောက်မှုပဲ။

"ငါ့ကို ဆန့်ကျင်ရဲမှတော့ မင်းနဲ့ ဝမ် မိသားစုတစ်ခုလုံးကို အရိုးချစရာ မြေတောင် မကျန်စေရဘူး"

တတိယသားတော်ရွှမ်းက စိတ်ထဲကနေ ဒီလိုတွေးနေလေလေ သူ၏စိတ်ထဲမှ သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာလေ ဖြစ်သော်လည်း သူ၏မျက်နှာပေါ်မှ ပြုံးရွှင်မှုများမှာမူ ပို၍ပင် တောက်ပလာတော့သည်။

"အမတ်မင်းဟာ မဟာထန်အတွက် အရပ်မျက်နှာ အနှံ့မှာ တိုက်ပွဲဝင်ခဲ့ပြီး ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကို တည်ဆောက်ခဲ့သူပဲ၊ အမတ်မင်းသာ မရှိဘူးဆိုရင် မဟာထန် အင်ပါယာဟာ ဒီနေ့လိုမျိုး ခမ်းနားတဲ့ အဆင့်ကို ရောက်ရှိလာမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါကတော့ နန်းတွင်းရေးရာတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် အခုအချိန်အထိ အမတ်မင်းနဲ့ ကောင်းကောင်း စကားမပြောနိုင်ခဲ့သေးဘူး၊ ဒီနေ့တော့ အခွင့်အရေး ကြုံတုန်းမှာ ငါတို့ ဧကရာဇ်နဲ့ အမတ်ကြားမှာ ဝိုင်သောက်ရင်း အေးအေးဆေးဆေး စကားပြောကြရအောင်"

တတိယသားတော်ရွှမ်းက ပြောဆိုလိုက်ရင်း သူ၏လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ၊ ဝဲယာနှစ်ဖက်ရှိ ဟူ အလှမယ် နှစ်ဦးမှာ အပြင်သို့ ထွက်ခွာသွားကြတော့သည်။

ဝမ်ချောင်သည် နန်းဆောင်အောက်၌ ရပ်နေရင်း ထိုစကားများကို ကြားရသည့်အခါ၊ မသိစိတ်အရ မျက်မှောင်များကို အသာအယာ ကြုတ်လိုက်မိသည်။

သူ၏ရှေ့မှောက်ရှိ တတိယသားတော်ရွှမ်းသည် "အမတ်မင်း" ဟု တစ်ခွန်း၊ "အလုပ်ရှုပ်နေသည်" ဟု တစ်ခွန်းနှင့် လှပသော စကားလုံးများကို သုံးနှုန်းနေပုံမှာ အကယ်၍ မိမိသာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ မဟုတ်ပါက၊ ဤသူမှာ တိုင်းပြည်အပေါ် တကယ်ပဲ စေတနာထားပြီး မိမိနှင့်လည်း ဆက်ဆံရေး အလွန် ကောင်းမွန်နေသည်ဟု အထင်မှားသွားစေနိုင်ပြီး၊ အရှေ့နန်းဆောင်ကိစ္စ၊ ထိုက်ဖျင်ကိစ္စနှင့် မိဖုရား ရွေးချယ်သည့် ကိစ္စရပ်များမှာ မိမိ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်ဟု ယူဆသွားမိပေလိမ့်မည်။

အရာရာမှာ ပုံမှန်မဟုတ်လျှင် တစ်စုံတစ်ခုသော မကောင်းသည့် လက္ခဏာ ရှိနေမည်မှာ သေချာလှပေသည်။

တတိယသားတော်ရွှမ်းသည် ပို၍နွေးထွေးပျူငှာစွာ ပြုမူနေလေလေ၊ ဝမ်ချောင်၏ စိတ်ထဲ၌မူ ပိုမို ပြင်းထန်လှသော အကျပ်အတည်း ခံစားချက်ကို ခံစားနေရလေ ဖြစ်သည်။

"လူလွှတ်စမ်း၊ ဝိုင် ချီးမြှင့်မယ်"

သို့သော်လည်း ဝမ်ချောင်သေချာစွာ မစဉ်းစားနိုင်သေးမီမှာပင် နန်းဆောင်အထက်ရှိ တတိယသားတော်ရွှမ်း၏အသံမှာ ထပ်မံထွက်ပေါ်လာခဲ့ပြီး သူ၏လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ၊ ဝတ်ရုံခမ်းနားလှသော မိန်းမစိုးတစ်ဦးမှာ ဘေးဘက် နန်းဆောင်အတွင်းမှ ထွက်ပေါ်လာကာ သူ၏လက်ထဲတွင် ရွှေရောင် လင်ဗန်းတစ်ခုကို ကိုင်ဆောင်ထားပေသည်။

ထို လင်ဗန်းပေါ်၌မူ ကြိုတင် ပြင်ဆင်ထားသည့် ဝိုင်ခွက်တစ်ခွက် ရှိနေပြီး၊ ၎င်းအတွင်း၌ ရွှေဝါရောင် ဝိုင်ရည်များဖြင့် ပြည့်နှက်နေကာ ထို မိန်းမစိုးသည် နဂါးအစောင့်တပ်များ၏ ဘေးမှ ဖြတ်ကျော်၍ ဝမ်ချောင်၏ ရှေ့မှောက်သို့ လျှောက်လှမ်းလာတော့သည်။

"ဝုန်း"

တစ်ချိန်တည်းမှာပင် နန်းဆောင်အတွင်းရှိ အငွေ့အသက်များမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး အရပ်မျက်နှာ အနှံ့အပြားမှ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာမှာ ဝမ်ချောင်ဆီသို့ စုပြုံကျရောက်လာခဲ့ရာ အထက်ရှိ တတိယသားတော်ရွှမ်းသည်လည်း အထက်စီးမှနေ၍ ဝမ်ချောင်ကို စူးစိုက်ကြည့်နေတော့သည်။

ခဏချင်းအတွင်းမှာပင် တစ်ခုလုံးသော နန်းဆောင်ကြီးမှာ သေလူအလား တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး လူတိုင်းမှာ အသက်ရှူပင် မဝံ့ကြဘဲ ဝမ်ချောင်ကို ကြည့်လျက် သူ၏တုန့်ပြန်မှုကို စောင့်ဆိုင်းနေကြသည်။

မထင်မရှားသော နေရာများ၌မူ ဓားသွားများ၏အငွေ့အသက်များမှာ ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ တင်းမာမှုများဖြင့် ပြည့်နှက်နေပေသည်။

ဝမ်ချောင်သည် ခေါင်းကို ငုံ့ထားလျက် ထိုမိန်းမစိုး ကိုင်ဆောင်လာသော ရွှေရောင် ဝိုင်ခွက်ကို စူးစိုက်ကြည့်နေပြီး သူ၏စိတ်ဝိညာဉ် အသိစိတ်ကို ဖြန့်ကျက်လိုက်ရာ နန်းဆောင်အတွင်းရှိ အပြောင်းအလဲ မှန်သမျှမှာ မှန်ချပ်တစ်ခုအလား သူ၏အာရုံအတွင်းသို့ တိကျစွာ ရောက်ရှိလာတော့သည်။

ထိုမိန်းမစိုးသည် ဝိုင်ခွက်ကို ကိုင်ဆောင်၍ ချဉ်းကပ်လာသည့် ခဏ၌၊ နဂါးအစောင့်တပ်များ၏ အမူအရာမှာ ရုတ်တရက် တင်းမာသွားကြောင်း ဝမ်ချောင်အသေအချာ ခံစားလိုက်ရသည်။

သူတို့သည် မိမိကို ကြည့်နေကြပြီး အပြင်ပန်းတွင်မူ တည်ငြိမ်နေသကဲ့သို့ ရှိသော်လည်း၊ သူတို့၏ လက်တစ်ဖက်စီမှာမူ မသိစိတ်အရပင် ခါးကြားရှိ ဓားသွားများဆီသို့ လှမ်းပြင်ထားကြပြီး အမဲလိုက်တော့မည့် ကျားသစ်တစ်ကောင်အလား အချိန်မရွေး တိုက်ခိုက်ရန် အသင့်ရှိနေကြပေသည်။

ဝမ်ချောင်သည် သူတို့၏ကိုယ်ပေါ်ရှိ မွှေးညင်းများ ထောင်တက်နေသည်ကိုပင် ခံစားနေရပေသည်။

ထိုမျှသာမကဘဲ၊ ဝမ်ချောင်၏အသိစိတ် ရောက်ရှိရာ နေရာတိုင်း၌ မထင်မရှားသော အသက်ရှူသံ အမြောက်အမြားကိုလည်း အသေအချာ အာရုံခံမိနေပေသည်။

ထိုလူများမှာ နန်းဆောင်အတွင်း၌ ရှိမနေကြဘဲ၊ ထိုက်ကျိနန်းဆောင်၏ ပိုမိုလျှို့ဝှက်လှသော နေရာများတွင် ပုန်းအောင်းနေကြခြင်းဖြစ်ကာ လူအမြောက်အမြားမှာ မိမိတို့၏ အသက်ရှူသံများကို အစွမ်းကုန် ထိန်းချုပ်ထားကြပြီး၊ သူတို့၏အငွေ့အသက်များ ပေါက်ကြားခြင်း မရှိစေရန် ချွေးပေါက်များကိုပါ ပိတ်ဆို့ထားကြပေသည်။

ဤလူများမှာ အလွန်ပင် သတိထား၍ လှုပ်ရှားနေကြစေကာမူ ဝမ်ချောင်၏ ရှေ့မှောက်တွင်မူ သူတို့၏ ပုန်းအောင်းရာ နေရာများမှာ ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဤဝိုင်မှာ အဆိပ်ပါနေသည်။

ဝမ်ချောင်အနေဖြင့် ယခု အခိုက်အတန့်တွင် မည်မျှပင် တုန့်ပြန်မှု နှေးကွေးနေပါစေ၊ မိမိ၏ ရှေ့မှောက်ရှိ ဧကရာဇ် ချီးမြှင့်သော ဤဝိုင်ခွက်မှာ ပြဿနာ ရှိနေကြောင်း နားလည်လိုက်ပြီ ဖြစ်သည်။

"သတင်းတွေ ပေါက်ကြားသွားပြီဆိုတော့၊ သူ တကယ်ပဲ လက်စဖျောက်ဖို့ ကြိုးစားနေပြီပဲ"

ဝမ်ချောင်သည် ခေါင်းကို အသာအယာ မော့လိုက်ပြီးနောက် ပလ္လင်တော်ပေါ်မှ မတ်တပ်ရပ်နေသော တတိယသားတော်ရွှမ်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

တတိယသားတော်ရွှမ်းက အစွမ်းကုန် ဖုံးကွယ်ထားစေကာမူ၊ ဝမ်ချောင်အနေဖြင့်မူ သူ၏ မျက်ဝန်းအနက်ပိုင်းရှိ ရက်စက်လှသော သတ်ဖြတ်လိုစိတ်ကို ခံစားမိနေပေသည်။

ထိုခဏ၌ ဝမ်ချောင်၏စိတ်နှလုံးမှာ ကြည်လင်သွားခဲ့ပြီး မိမိ၏ခန့်မှန်းချက်မှာ လုံးဝမှန်ကန်နေကြောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။

ချင်းယန်သခင်လေးနှင့် နဂါးဓားတို့ အိမ်တော်သို့ ပြန်လည်ရောက်ရှိလာသည့် အချိန်ကတည်းက အရောင်ငါးမျိုးသလင်းနတ်ဆေးပင်ကိစ္စမှာ ပေါက်ကြားသွားခဲ့ပြီဖြစ်ကြောင်းနှင့် တတိယသားတော်ရွှမ်းဘက်မှ တစ်စုံတစ်ရာ လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း ဝမ်ချောင်နားလည်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မိမိမှာ မဟာထန်၏ အရေးပါသော အမတ်ကြီးတစ်ဦးဖြစ်ရာ၊ တတိယသားတော်ရွှမ်းအနေဖြင့် မိမိကို ရန်မူလိုလျှင်ပင် တစ်စုံတစ်ရာသော စိုးရိမ်မှုများ ရှိနေလိမ့်မည်ဟု ဝမ်ချောင်ယူဆထားသော်လည်း၊ ယခုအခါတွင်မူ ထိုသူမှာ ဤမျှအထိ စိတ်မရှည်နိုင်ဘဲ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဝမ်ချောင်သည် မျိုးနွယ်ခြားဘုရင် ဖြစ်သလို၊ နှစ်ပေါင်း ရာချီအတွင်း မဟာထန်၏ ပထမဦးဆုံးသော မျိုးရိုးမတူသည့် ဘုရင်လည်း ဖြစ်သည်။ ထို့အပြင် ကိုးပြည်ထောင် နယ်စားကြီး၊ နိုင်ငံတော် ဗိုလ်ချုပ်ကြီးနှင့် လင်းယန်ပြခန်းပုဂ္ဂိုလ်ကျော် အဆင့်အတန်းများလည်း ရှိနေပေသည်။

ထို့ထက် ပိုမို၍ အာရပ်အင်ပါယာကို ဖျက်ဆီးခဲ့သော ကောင်းကင်နှင့် မြေကြီးအလား ကြီးမားသည့် စွမ်းဆောင်ရည်များလည်း ရှိနေပေရာ၊ အကယ်၍ သူ့ကို ရုတ်တရက် သတ်ဖြတ်လိုက်မည်ဆိုပါက နန်းတွင်းနှင့် ပြည်သူများအကြား ကြီးမားလှသော လှုပ်ခတ်မှုများ သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။

သို့သော်လည်း တတိယသားတော်ရွှမ်းမှာမူ ဤအရာများကို လုံးဝဂရုမစိုက်တော့ပုံ ရပေသည်။

ထို့ပြင် မိမိ၏ရှေ့မှောက်ရှိ အဆိပ်ဝိုင်ခွက်ကလည်း ရှိနေသေးသည်...

သိမ်မွေ့နက်နဲမှု နယ်ပယ်၏ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အင်အားမှာ အလွန်ပင် ကြီးမားလှရာ၊ အဆိပ်ပေါင်း တစ်ရာကိုပင် ခံနိုင်ရည် ရှိနေသဖြင့် ပုံမှန်အခြေအနေများအောက်၌မူ အဆိပ်ဝိုင် အခွက် တစ်ရာကို သောက်လျှင်ပင် သူ၏အပေါ်၌ မည်သည့် သက်ရောက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း တတိယသားတော်ရွှမ်းအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ရဲသည် ဆိုပါက၊ သူ၏လက်ထဲ၌ သေချာပေါက်သော အောင်မြင်မှုတစ်ခု ရှိနေမည်ဖြစ်ရာ၊ ဤအဆိပ်ဝိုင်မှာ လွယ်ကူလှသော အရာ မဟုတ်နိုင်ကြောင်း ထင်ရှားနေပေသည်။

တိတ်ဆိတ်ငြိမ်သက်မှု။ အလွန်အမင်း ထူးဆန်းလှသော တိတ်ဆိတ်ငြိမ်သက်မှုကြီးပင် ဖြစ်တော့သည်။

နန်းဆောင်အတွင်းရှိ လူတိုင်းမှာ ဝမ်ချောင်၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေကြသည်။ ဝမ်ချောင်တိတ်ဆိတ်နေသည့် အချိန်တွင်မူ နန်းဆောင်အတွင်းရှိ တင်းမာလှသော အငွေ့အသက်များနှင့် သတ်ဖြတ်လိုစိတ်များမှာ လျော့ပါးသွားခြင်း မရှိဘဲ ပိုမို၍သာ ပြင်းထန်လာတော့သည်။

ဝမ်ချောင်မှာ မလှုပ်မယှက် ရှိနေသည်ကို မြင်ရသည့်အခါ နန်းဆောင်အထက်ရှိ တတိယသားတော်ရွှမ်းမှာမူ ထိုမျှလောက်သော စိတ်ရှည်မှု မရှိတော့ပေ။

"ဝမ်ချောင် မင်းက အမိန့်တော်ကို ဖီဆန်ရဲတယ်ပေါ့"

လွန်ခဲ့သော ခဏ၌ တတိယသားတော်ရွှမ်း၏ မျက်နှာပေါ်တွင် ပြုံးရွှင်မှုများဖြင့် ပြည့်နှက်နေပြီး "အမတ်မင်း" ဟု ခေါ်ဆိုနေခဲ့စေကာမူ၊ ယခု အခိုက်အတန့်တွင်မူ သူ၏ အကြည့်များမှာ လေးလံသွားခဲ့ပြီး အပြုံးများမှာလည်း ပျောက်ကွယ်သွားကာ မျက်ဝန်းအစုံမှာလည်း ဓားသွားအလား ထက်ရှလာတော့သည်။

"ဝုန်း"

တတိယသားတော်ရွှမ်း၏အသံနှင့်အတူ၊ နန်းဆောင်အတွင်းရှိ အငွေ့အသက်များမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး၊ ခဏချင်းအတွင်းမှာပင် နန်းဆောင်အတွင်းနှင့် အပြင်ဘက်ရှိ ပြင်းထန်လှသော အရှိန်အဝါများမှာ သံမဏိများအလား မာကျောလာခဲ့ကာ ဝမ်ချောင်၏ကိုယ်ပေါ်သို့ လုံးဝစုပြုံကျရောက်သွားတော့သည်။

ထို့အပြင် တောင်ပြိုကမ္ဘာပျက်မတတ် အားကောင်းလှသော အရှိန်အဝါများမှာလည်း ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ လျှပ်စီးအလား စီးဝင်လာကာ ဝမ်ချောင်ဆီသို့ ပစ်မှတ်ထားလိုက်ကြသည်။ ၎င်းတို့မှာ အပြင်ဘက်၌ စောင့်ကြပ်နေကြသော ကျင်းဝူအစောင့်တပ်များပင် ဖြစ်တော့သည်။

တိုက်ပွဲမှာ အချိန်မရွေး စတင်တော့မည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထို ဓားသွားများအလား ထက်ရှလှသော အရှိန်အဝါများကို အာရုံခံမိသည့်အခါ၊ ဝမ်ချောင်၏အမူအရာမှာလည်း ခဏချင်းအတွင်းမှာပင် အလွန်လေးနက် တည်ကြည်သွားတော့သည်။

သူသည် အင်ပါယာ၏ အရေးပါသော အမတ်ကြီး ဖြစ်သလို၊ မြင့်မားသော ရာထူး အဆင့်အတန်းများ ရှိနေပြီး မရေမတွက်နိုင်သော စွမ်းဆောင်ရည်များကို တည်ဆောက်ခဲ့သူ ဖြစ်သည်။ ထို့ပြင် မင်းသားသုံးပါး ပုန်ကန်မှု အတွင်း၌လည်း ကျင်းဝူအစောင့်တပ်များနှင့်အတူ သေအတူ ရှင်အတူ ရင်းနှီးမှုများ ရှိခဲ့ဖူးသူ ဖြစ်သည်။

သို့သော်လည်း ဝမ်ချောင်သည် ကောင်းစွာ သိရှိထားသည်မှာ ကျင်းဝူအစောင့်တပ် များအားလုံး၏ အမြင့်ဆုံးသော တာဝန်မှာ အမိန့်ကို နာခံရန်နှင့် သူတော်စင်ဧကရာဇ်ကို သစ္စာရှိရန်သာ ဖြစ်ပေသည်။

မိမိ၏ ရှေ့မှောက်ရှိ ပုဂ္ဂိုလ်မှာ တတိယသားတော်ရွှမ်းဖြစ်စေ သို့မဟုတ် စစ်မှန်သော သူတော်စင်ဧကရာဇ် ဖြစ်စေ၊ ထိုသူ၏ စကားတစ်ခွန်း ရှိရုံနှင့်၊ ကျင်းဝူအစောင့်တပ် များအားလုံးမှာ မိမိတို့၏အသက်ကိုပင် ပဓာနမထားဘဲ အသေခံ၍ တိုက်ခိုက်လာကြမည်သာ ဖြစ်သည်။

ထိုက်ကျိနန်းဆောင် အတွင်း၌ ဓားသွားများမှာ အိမ်မှ ထွက်လုနီးပါး ဖြစ်နေပြီး၊ အငွေ့အသက်များမှာလည်း အထွတ်အထိပ်သို့ ရောက်အောင် တင်းမာနေတော့သည်။

ဝမ်ချောင်သည် ထိုနေရာ၌ မလှုပ်မယှက် ရပ်နေရင်း သူ၏ဦးနှောက်အတွင်း၌ ဖြေရှင်းမည့် နည်းလမ်းများကို အရှိန်အဟုန်ဖြင့် စဉ်းစားနေမိသည်။

သူ အသေအချာ သိရှိထားသည်မှာ အကယ်၍ နောက်ထပ် မိမိဘက်မှ လျော်ကန်သော တုန့်ပြန်မှုများ မပြုလုပ်နိုင်ခဲ့ပါက၊ မိမိကို စောင့်ကြိုနေသည်မှာ ကြီးမားလှသော တိုက်ပွဲကြီး တစ်ခုသာ ဖြစ်ပေလိမ့်မည်။

မိမိနှင့် တတိယသားတော်ရွှမ်းတို့အကြား ဆက်ဆံရေးမှာလည်း လုံးဝကို ပြတ်တောက်သွားပေလိမ့်မည်။

ဝမ်ချောင်သည် ခေါင်းကို ထပ်မံမော့ကြည့်လိုက်ရာ၊ လိပ်တက်နေသော မီးခိုးငွေ့များကြား၌ တတိယသားတော်ရွှမ်းသည် အထက်တွင် ရပ်နေလျက် မိမိကို ကြည့်နေပြီး သူ၏မျက်ဝန်းအတွင်း၌လည်း အောင်နိုင်သူ တစ်ဦးအလား ဂုဏ်ယူဝင့်ကြွားနေသော အပြုံးများ ရှိနေသဖြင့်၊ ၎င်းမှာ သေလူတစ်ဦးကို ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏မျက်မှောင်များမှာ တင်းကျပ်သွားခဲ့ပြီး သူ၏စိတ်နှလုံးမှာလည်း အလွန်ပင် လေးလံနေတော့သည်။

သောက်လျှင် သေရမည်။ အကယ်၍ မသောက်ဘူး ဆိုပါကမူ၊ တတိယသားတော်ရွှမ်းသည် အမိန့်တော်ကို ဖီဆန်သည်ဟု အကြောင်းပြချက် ပေးကာ မိမိနှင့် ဝမ်မိသားစု တစ်ခုလုံးကို ဖမ်းဆီးကွပ်မျက်လိမ့်မည်ဖြစ်ရာ ထိုအချိန်တွင်လည်း ရလဒ်မှာ သေခြင်းတရားသာလျှင် ဖြစ်ပေလိမ့်မည်။

ယခုတစ်ကြိမ်၌ တတိယသားတော်ရွှမ်း၏ ပြင်ဆင်မှုများမှာ မိမိထင်မှတ်ထားသည်ထက်ပင် များစွာပိုမိုပြည့်စုံနေတော့သည်။

"ဝမ်ချောင် မင်း က အခုထိ မသောက်သေးဘူးလား"

နန်းဆောင်အထက်၌ တတိယသားတော်ရွှမ်းသည် လက်နှစ်ဖက်ကို နောက်သို့ ပို့ထားလျက် သူ၏ အမူအရာမှာ ဂုဏ်ယူဝင့်ကြွားနေပြီး၊ အသံမှာလည်း အလွန်ပင် အေးစက်လှပေသည်။

ဤနေရာသို့ ဝင်ရောက်လာပြီးမှတော့ ဝမ်ချောင်အနေဖြင့် လွယ်လွယ်နှင့် ထွက်ခွာသွားရန် လုံးဝမစဉ်းစားသင့်တော့ပေ။

နန်းဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပြီး ဝမ်ချောင်သည် ထိုနေရာ၌ မလှုပ်မယှက် ရပ်နေရင်း သူ၏ရှေ့မှောက်ရှိ မွှေးကြိုင်လှသော ရွှေဝါရောင် ဝိုင်ရည်ကို စူးစိုက်ကြည့်နေကာ သူ၏မျက်ဝန်းအတွင်းမှ အလင်းတန်းများမှာလည်း အဆက်မပြတ် ပြောင်းလဲနေသဖြင့် သူ ဘာတွေ တွက်ချက်နေသနည်း ဆိုသည်မှာ မည်သူမျှ မသိရှိနိုင်ပေ။

တတိယသားတော်ရွှမ်းဘက်မှ စိတ်မရှည်နိုင်တော့ဘဲ၊ စစ်တပ်ကို အမိန့်ပေး၍ ဝမ်ချောင်ကို တိုက်ရိုက် ဖမ်းဆီးရန် ပြင်ဆင်လိုက်စဉ်မှာပင်၊ ဝမ်ချောင်က ရုတ်တရက် လှုပ်ရှားလိုက်သည်။

"ကျွန်တော်မျိုး အမတ်မင်း၊ အမိန့်တော်ကို နာခံပါတယ်"

ဝမ်ချောင်၏အသံမှာ နန်းဆောင်အတွင်း၌ ရုတ်တရက် ဟိန်းထွက်သွားတော့သည်။

နောက်တစ်ခဏတွင်မူ လူတိုင်း၏ စူးစိုက်ကြည့်နေမှုများအောက်၌ ဝမ်ချောင်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ရွှေရောင် လင်ဗန်းပေါ်မှ ဝိုင်ခွက်ကို လှမ်းယူလိုက်ကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်ချလိုက်တော့သည်။

"!!!"

ယခုအခိုက်အတန့်တွင်မူ၊ အခြားသော သူများ နေနေသာသာ၊ တတိယသားတော်ရွှမ်းပင်လျှင် မှင်သက်သွားခဲ့ရပြီး၊ သူ၏မျက်နှာတွင်လည်း အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။

ဝမ်ချောင်ဆိုသည်မှာ အားနည်းသူ တစ်ဦး လုံးဝ မဟုတ်ပေ။

မဟာထန်၏ စစ်နတ်ဘုရား တစ်ဦးအနေဖြင့်၊ ဝမ်ချောင်၏ အင်အားမှာ မရေမတွက်နိုင်သော သိုင်းသမားများ လက်လှမ်းမမီနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်၊ အကယ်၍သာ ထိုသို့ မဟုတ်ခဲ့ပါက မိမိအနေဖြင့် ဝမ်ချောင်ကို မဖြေရှင်းမီမှာ အဆိပ်ဝိုင် တိုက်ကျွေးခြင်းဖြင့် အောင်မြင်မှု အခွင့်အလမ်းကို တိုးမြှင့်ရန် စဉ်းစားလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဝမ်ချောင်ကို မိမိ၏အလိုအလျောက် အဆိပ်ဝိုင် သောက်စေရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ကြောင်း သူ သိရှိထားသည်။ အထူးသဖြင့် ဝမ်ချောင်သည် ဤဝိုင်အတွင်း၌ ပြဿနာ ရှိနေသည်ကို အာရုံခံမိပြီးသား အခြေအနေမျိုးတွင် ဖြစ်သည်။

တတိယသားတော်ရွှမ်းပင်လျှင် ဝမ်ချောင်သည် ဤမျှလောက် အလွယ်တကူဖြင့် အဆိပ်ဝိုင်ကို သောက်ချလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ဟားဟားဟား... ကောင်းတယ်၊ ကောင်းတယ် တကယ်ကို ကောင်းတာပဲ"

ဝမ်ချောင်ဤ အဆိပ်ဝိုင်ကို သောက်ချလိုက်သည်ကို မြင်ရသည့်အခါ၊ တတိယသားတော်ရွှမ်း၏ မျက်ဝန်းအတွင်း၌ စူးရှလှသော အလင်းတန်းများ လင်းလက်သွားခဲ့ပြီး သူ၏လက်ဝါးကို အသာအယာ ပွတ်သပ်ရင်း နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဟားတိုက် ရယ်မောလိုက်တော့သည်။

"မင်းလို သေသင့်တဲ့ကျွန်... ဧကရာဇ်က အမတ်ကို သေစေလိုရင် အမတ်က မသေလို့ မရဘူး ဆိုတာကို ကြားဖူးတယ် မဟုတ်လား။ ငါကမှ အစစ်အမှန် သူတော်စင်ဧကရာဇ် ဆိုတာကို သိရက်နဲ့၊ မင်းက ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့။ အဲဒီ မိစ္ဆာကို ကူညီပြီး ငါ့ရဲ့ကွယ်ရာမှာ မင်း တိတ်တဆိတ် လုပ်ဆောင်နေတာတွေကို ငါ မသိဘူးလို့ ထင်နေတာလား"

တတိယသားတော်ရွှမ်း၏ ကျယ်လောင်လှသော ရယ်မောသံမှာ မိုးကြိုးသံကြီး တစ်ခုအလား တစ်ခုလုံးသော နန်းဆောင်အတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။

"သူ့ကို ငါ့ဆီ ခေါ်လာခဲ့စမ်း"

နောက်တစ်ခဏတွင်မူ ဘေးဘက် နန်းဆောင်အတွင်းမှနေ၍ အမူအရာ ကင်းမဲ့လှသော တော်ဝင် နန်းတွင်း စစ်သည်တစ်ဦးသည် လက်ထဲတွင် မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအို တစ်ဦးကို ဆွဲယူလျက် နောက်ဘက်မှနေ၍ လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။

ထိုမီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုကို မြင်လိုက်ရသည့် ခဏ၌မူ၊ ဝမ်ချောင်ပင်လျှင် မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

မျက်မမြင် အဘိုးအို။

ထိုတော်ဝင် နန်းတွင်း စစ်သည်က နန်းဆောင်အတွင်းသို့ ဆွဲခေါ်လာသော ထိုမီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုမှာ အခြားသူ မဟုတ်ဘဲ၊ လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်က သူတော်စင်ဧကရာဇ်နှင့် ပတ်သက်သော မှတ်တမ်းများကို ထိန်းသိမ်းထားခဲ့သူ ဖြစ်သလို၊ မြို့တော်၏ လမ်းကြားငယ်လေး တစ်ခုအတွင်း၌ ဝမ်ချောင်နှင့် စကားပြောဆိုခဲ့ဖူးသော မျက်မမြင် အဘိုးအို ပင် ဖြစ်တော့သည်။

ထိုစဉ်က စကားပြောဆိုပြီးနောက်တွင်မူ၊ ဝမ်ချောင်သည် ထိုသူကို မြို့ပြင်သို့ ပို့ဆောင်၍ သူ၏နောက်ဆုံး လက်ကျန် ဘဝအချိန်များကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း၊ တတိယသားတော်ရွှမ်းသည် မည်သည့် အချိန်တွင် ထိုသူကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး ထိုက်ကျိနန်းဆောင် အတွင်းသို့ ခေါ်ဆောင်လာခဲ့သနည်း ဆိုသည်ကို ဝမ်ချောင်မထင်မှတ်ထားခဲ့ပေ။

"အရှင်"

မျက်မမြင် အဘိုးအိုသည် ဝမ်ချောင်၏အငွေ့အသက်ကို အာရုံခံမိပုံရသဖြင့် သူ၏မုတ်ဆိတ်မွှေးများတွင် သွေးများ စွန်းထင်နေသည့်ကြားမှ လှမ်းအော်လိုက်သော်လည်း၊ များမကြာမီမှာပင် ထိုစစ်သည်က သူ၏ မေးစေ့နားရှိ အကြောကိုနှိပ်ကာ နှုတ်ပိတ်လိုက်တော့သည်။

"သူ့ကို လွှတ်လိုက်စမ်း"

ဝမ်ချောင်၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး၊ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်စဉ်မှာပင် သူ၏ခန္ဓာကိုယ်မှာ အသာအယာ တုန်ခါသွားခဲ့သဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။

"ဟားဟား... လွှတ်ပေးရမှာပေါ့။ ငါ သေချာပေါက် သူ့ကို လွှတ်ပေးမှာပါ။ ဒီ အဘိုးကြီး မျက်မမြင်ကို ငါက ဘာအတွက် သုံးရမှာလဲ"

"အမှန်စင်စစ်မှာတော့၊ ငါ သူ့ကိုတောင် ဆုလာဘ်တွေ ပေးရဦးမှာပါ၊ အကယ်၍သာ သူက ဒီသက်သေ အထောက်အထားတွေကို ထိန်းသိမ်းမထားခဲ့ဘူး ဆိုရင်၊ တစ်လောကလုံးမှာ ဘယ်သူကများ ငါ့ကို အစစ်အမှန် ကမ္ဘာမြေရဲ့ အရှင်သခင် ဆိုတာကို သိနိုင်ပါ့မလဲ၊ ပြီးတော့ အဲဒီလူဟာ ယုတ်မာ ရိုင်းစိုင်းလှတဲ့ မိစ္ဆာ တစ်ကောင်သာ ဖြစ်တယ် ဆိုတာကိုရော ဘယ်သူက သိနိုင်ပါ့မလဲ"

တတိယသားတော်ရွှမ်းသည် အားရပါးရ ဟားတိုက် ရယ်မောလိုက်တော့သည်။ ဝမ်ချောင်အဆိပ်ဝိုင်ကို သောက်ချလိုက်သည့် ခဏ၌၊ သူသည် သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်ရင်း နောက်ဆုံးတွင် စိတ်အေးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းနောက်တွင်မူ သူ၏ စိတ်ထဲ၌ ပြင်းထန်လှသော ရက်စက်ကြမ်းကြုတ်သည့် စိတ်ဓာတ်များနှင့် သတ်ဖြတ်လိုစိတ်များမှာ ပေါ်ထွက်လာတော့သည်။

******

အခန်း (၂၀၃၅) လူလည် ကျဉ်းထဲကျပ်ထဲ

"ရှပ်"

သူ၏နဂါးဝတ်ရုံမှာ အသာအယာ လှုပ်ခတ်သွားပြီး တည်ငြိမ်သော ဟန်ပန်ဖြင့် လူတိုင်း၏ စူးစိုက်ကြည့်နေမှုများအောက်တွင် နန်းဆောင်အထက်မှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ဝမ်ချောင်၏ ရှေ့မှောက်၌ တတိယသားတော်ရွှမ်းသည် နောက်ဆုံးတွင် မိမိကိုယ်မိမိ ဖုံးကွယ်ထားခြင်း မရှိတော့ပေ။

"ငါ့ကို ဖီဆန်တဲ့သူဟာ သေရမယ်"

"မင်းတို့ဝမ်မိသားစုရဲ့ စည်းစိမ်ချမ်းသာတွေ အားလုံးဟာ ငါ့ရဲ့လီထန်တော်ဝင်မိသားစုက ပေးထားတာ၊ ငါက ပေးထားတာ၊ အဲဒါကို မင်း က ငါ့ကို ဖီဆန်ရဲတယ်ပေါ့"

"ထိုက်ဖျင်ကိစ္စ၊ မိဖုရား ရွေးချယ်တဲ့ ကိစ္စ... ဘယ်သူက မင်းကို ငါ့ကို ဆန့်ကျင်ဖို့ သတ္တိပေးလိုက်တာလဲ။ ပြီးတော့ နန်းတွင်းက အဲဒီကိစ္စတွေကို ငါ ဘာမှ မသိဘူးလို့ မင်း တကယ် ထင်နေတာလား။ ငါ့ကို ဆန့်ကျင်တဲ့သူဟာ သေရုံပဲ ရှိတယ်!"

တတိယသားတော်ရွှမ်း၏အသံမှာ တစ်ခုလုံးသော နန်းဆောင်အတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။

"ဟားဟားဟား၊ အခုတော့ မင်းကို ပြောပြလည်း ဘာမှ မဖြစ်တော့ပါဘူး။ မင်း သောက်လိုက်တဲ့ အဲဒီ ဝိုင်ဟာ 'မင်ရှန်းဟွမ်' လို့ ခေါ်တယ်၊ အဲဒါဟာ တစ်လောကလုံးမှာ အပြင်းထန်ဆုံး အဆိပ်ဝိုင်ပဲ။ အဲဒါကို အစွမ်းအထက်ဆုံး ထိပ်သီး ပညာရှင်တွေကို နှိမ်နှင်းဖို့အတွက် သီးသန့် ဖော်စပ်ထားတာ"

"မင်းရဲ့သိုင်းပညာက အတော်လေး မြင့်မားတယ်ဆိုတာ ငါ သိပါတယ်၊ မင်းက အဆိပ်ပေါင်း တစ်ရာကို ခံနိုင်ရည် ရှိကောင်း ရှိလိမ့်မယ်။ ဒါမှမဟုတ် မင်း အခု မင်းရဲ့ ဂန်ချီတွေနဲ့ အဲဒီ ဝိုင်ရည်တွေကို အုပ်ထားပြီး လည်ချောင်းထဲမှာပဲ ထိန်းထားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒါက အလကားပါပဲ၊ မင်ရှန်းဟွမ်ဟာ ဂန်ချီတွေကို ထိုးဖောက်နိုင်စွမ်း ရှိတယ်၊ မင်း အဲဒီဝိုင်ကို သောက်လိုက်တဲ့ ခဏကစပြီး အဆိပ်တွေက မင်းရဲ့ကလီစာ ငါးခု ခြောက်ခုထဲကို စိမ့်ဝင်နေပြီ ဖြစ်လို့၊ ဘယ်လိုမှ ပြန်မပြင်နိုင်တော့ဘူး"

တတိယသားတော်ရွှမ်းသည် နန်းဆောင်အောက်ရှိ ဝမ်ချောင်ကို စူးစိုက်ကြည့်ရင်း သူ၏ မျက်နှာတွင် လှောင်ပြုံးများဖြင့် ပြည့်နှက်နေပေသည်။ ၎င်းကို "လူလည် ကျဉ်းထဲကျ”ဟု ခေါ်ဆိုပေသည်။ သေချာပေါက်သော အောင်မြင်မှု မရှိဘဲနှင့် သူသည် ယခုကဲ့သို့သော နည်းလမ်းကို အသုံးပြုပါ့မည်လား။

မင်ရှန်းဟွမ်၏ စွမ်းအားကို သူ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။ ၎င်းကို နန်းတော်အတွင်းရှိ တော်ဝင်နဂါးအစောင့်တပ်များနှင့်ပင် စမ်းသပ်ထားခဲ့ဖူးရာ၊ ဝမ်ချောင်ဝိုင်ကို သောက်လိုက်သည့် ခဏ၌ ဝမ်ချောင်သေချာပေါက် သေရမည်ဟု သူ အပိုင်တွက်ထားခဲ့ခြင်း ဖြစ်သည်။

သူကိုယ်တိုင်ပင်လျှင် ဤအရာကို ထိတွေ့ရန် မဝံ့ရဲစေကာမူ ဝမ်ချောင်အတွက်မူ ပြောနေစရာပင် မလိုတော့ပေ။

"ဝုန်း…"

တတိယသားတော်ရွှမ်း၏စိတ်ကူးနှင့် တွက်ချက်မှုများကို တုန့်ပြန်လိုက်သကဲ့သို့ပင် ဝမ်ချောင်၏မတ်မတ်ရပ်နေသော ခန္ဓာကိုယ်မှာ ရုတ်တရက် ယိုင်နဲ့သွားခဲ့ပြီး မူလက သွေးရောင်လွှမ်းနေသော မျက်နှာမှာလည်း မည်သည့် နိမိတ်မှ မရှိဘဲ ခဏချင်းအတွင်း ဖြူလျော်သွားကာ သွေးကြောများ အားလုံးမှာလည်း ပျောက်ကွယ်သွားတော့သည်။

ထိုမျှသာမကဘဲ၊ ဝမ်ချောင်သည် သူ၏လက်နှစ်ဖက်ဖြင့် လည်ချောင်းကို တင်းတင်းဆုပ်ထားရင်း တစ်စုံတစ်ခုကို တားဆီးရန် ကြိုးစားနေပုံရပေသည်။ သို့သော်လည်း လုံးဝအသုံးမဝင်ခဲ့ပေ။ မီးခိုးရောင် အငွေ့အသက်များမှာ ဝမ်ချောင်၏ လည်ပင်းအောက်မှနေ၍ ယိုစိမ့်ထွက်လာပြီး ၎င်းတို့မှာ အသက်ရှိနေသကဲ့သို့ပင် သွေးကြောများအတိုင်း မျက်နှာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ရာ ဖြူလျော်နေသော အရေပြားနှင့် သိသိသာသာ ကွာခြားနေပြီး အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

"ဖူး"

ဝမ်ချောင်သည် ပါးစပ်ကို ဟ၍ တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း၊ စကားမထွက်နိုင်သေးမီမှာပင် သူ၏ခန္ဓာကိုယ်မှာ တုန်ခါသွားခဲ့ပြီး ရဲရဲနီသော သွေးပွက်များကို အရှိန်အဟုန်ဖြင့် အန်ထုတ်လိုက်တော့သည်။

"ဟူး.. ဒါဟာ ငါ့ကို သစ္စာဖောက်တဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ။ မင်းလို သစ္စာမဲ့တဲ့ အမတ် အခုတော့ အေးအေးဆေးဆေးပဲ လမ်းခွဲလိုက်တော့"

တတိယသားတော်ရွှမ်းက အေးစက်လှသော အသံဖြင့် ဆိုလိုက်သည်။

သူ၏လက်ဖဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး နန်းဆောင်အတွင်းနှင့် အပြင်ဘက်၌ ပုန်းအောင်းနေသော နဂါးအစောင့်တပ်များနှင့် အကြံပေးများကို ဝမ်ချောင်အား တိုက်ရိုက် သတ်ဖြတ်ရန် အမိန့်ပေးတော့မည် ဖြစ်သည်။ သို့သော်လည်း နောက်တစ်ခဏတွင်မူ တစ်စုံတစ်ခုကို အာရုံခံမိပုံရသဖြင့် တတိယသားတော်ရွှမ်း၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပြီး မျက်နှာမှာလည်း ရုတ်တရက် ပြောင်းလဲသွားကာ အောက်သို့ ဝှေ့ယမ်းတော့မည့် သူ၏ညာဘက်လက်မှာလည်း ဟင်းလင်းပြင်၌ ရပ်တန့်သွားခဲ့ရသည်။

"ဟဲဟဲဟဲ..."

ရုတ်တရက်ဆိုသလို ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

"တတိယမင်းသားအနေနဲ့ ကျွန်တော့်ကို သတ်ဖို့အတွက် တကယ်ပဲ အစီအစဉ်တွေ အများကြီး ဆွဲခဲ့တာပဲ"

နန်းဆောင်အတွင်း၌ ဝမ်ချောင်သည် ခေါင်းကို မော့လိုက်ပြီး၊ နန်းဆောင်အထက်ရှိ တတိယသားတော်ရွှမ်းကို ကြည့်ရင်း သူ၏မျက်ဝန်းအတွင်း၌ နက်ရှိုင်းလှသော လှောင်ပြောင်မှုများ ထင်ဟပ်နေတော့သည်။

"ဒီအခိုက်အတန့်အတွက်၊ မင်း အကြာကြီး စောင့်ခဲ့ရမှာပဲ မဟုတ်လား"

ယခုတစ်ကြိမ်တွင် ဝမ်ချောင်သည် "အရှင်မင်းကြီး" ဟု မသုံးနှုန်းတော့ဘဲ တိုက်ရိုက်ပင် "တတိယမင်းသား" ဟု ပြောင်းလဲ ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ တတိယသားတော်ရွှမ်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

"မင်း... မင်း အဆိပ်မမိဘူးလား"

မင်ရှန်းဟွမ် အဆိပ်မိထားသူ တစ်ဦးအနေဖြင့် ဝမ်ချောင်ကဲ့သို့ ယခုကဲ့သို့ တည်ငြိမ်စွာဖြင့် ဤစကားမျိုးကို ပြောဆိုနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့သော် ၎င်းမှာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မနည်း။ ဝမ်ချောင်ထို အဆိပ်ဝိုင်ကို သောက်ချလိုက်သည်ကို သူ အသေအချာ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။ ထိုခဏ၌ တတိယသားတော်ရွှမ်း၏ စိတ်ထဲ၌ အလွန်ပင် မသက်မသာ ဖြစ်သော ခံစားချက်ကြီး တစ်ခု ပေါ်ပေါက်လာတော့သည်။

"အားလုံး အမိန့်ကို နားထောင်စမ်း၊ သူ့ကို သတ်ကြစမ်း"

တတိယသားတော်ရွှမ်းက အသံကုန် ဟစ်အော်၍ အမိန့်ပေးလိုက်သည်။ စကားမဆုံးမီမှာပင် သူ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သွားခဲ့ပြီး၊ လျှပ်စီးအလား မြန်ဆန်လှသော အရှိန်ဖြင့် နန်းဆောင်အထက်မှနေ၍ ဝမ်ချောင်ဆီသို့ ရှေးဦးစွာ ခုန်ဝင် တိုက်ခိုက်လိုက်တော့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ထိုအခိုက်အတန့်တွင် လေပြင်းများမှာ ရူးသွပ်စွာ တိုက်ခတ်လာခဲ့ပြီး၊ ရွှေဝါရောင် ဂန်ချီလှိုင်းလုံးကြီးများမှာ ပူပြင်းလှသော ချော်ရည်များအလား ဝမ်ချောင်ဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားခဲ့ရာ၊ ထိုကြောက်မက်ဖွယ်ကောင်းလှသော ဖိအားမှာ လူကို အသက်ရှူရပ်မတတ် ဖြစ်စေတော့သည်။

သူသည် သူတော်စင်ဧကရာဇ် မဟုတ်စေကာမူ၊ ဤခန္ဓာကိုယ်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ၊ တတိယသားတော်ရွှမ်းအနေဖြင့် ခန္ဓာကိုယ်အတွင်းရှိ ထိုကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများကို အသုံးပြုနိုင်ဆဲ ဖြစ်သည်။ နှစ်ဖက်စလုံး၏ တိုက်ခိုက်ရေး အရည်အချင်းမှာ ကောင်းကင်နှင့် မြေကြီးအလား ကွာခြားနေစေကာမူ၊ ထိုစွမ်းအားကိုယ်တိုင်မှာမူ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။

"သတ်"

ဧကရာဇ်၏ အမိန့်မှာ အချက်ပြတစ်ခုအလား ဖြစ်သွားခဲ့ပြီး၊ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ထိုက်ကျိနန်းဆောင်၌ တစ်ခါမှ မဖြစ်ပေါ်ဖူးသော ကြီးမားလှသည့် လုပ်ကြံသတ်ဖြတ်မှုကြီးမှာ စတင်သွားတော့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ထိုခဏ၌ ကမ္ဘာနှင့်မြေကြီးမှာ တုန်ခါသွားခဲ့ပြီး မြေပြင်ကြီးမှာလည်း လှုပ်ခတ်သွားခဲ့ရာ၊ ဟင်းလင်းပြင်အတွင်းမှနေ၍ ကြီးမားလှသော မိုးကြိုးသံကြီးတစ်ခု ထိုက်ကျိနန်းဆောင် အတွင်းမှ ပွင့်ထွက်လာသကဲ့သို့ပင်။ တစ်ခဏချင်းအတွင်းမှာပင် နန်းဆောင်၏ ဝဲယာနှစ်ဖက်ရှိ နဂါးအစောင့်တပ်များ အားလုံးမှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ တစ်ခုလုံးသော ဟင်းလင်းပြင်မှာ ဆွဲဖြဲခံလိုက်ရသကဲ့သို့ပင် ဖြစ်သွားတော့သည်။ နဂါးအစောင့်တပ် များမှာ ကြွက်သားများကို တင်းထားလျက် ကိုယ်တွင်းဂန်ချီများကို ပေါက်ကွဲစေကာ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော တိုက်ကွက်များကို လေပြင်းမုန်တိုင်းအလား အရပ်မျက်နှာ အနှံ့အပြားမှနေ၍ ဝမ်ချောင်ဆီသို့ ပစ်လွှတ်လိုက်ကြတော့သည်။

"သတ်"

၎င်းနောက်တွင်မူ ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး ဘေးဘက် နန်းဆောင်များအတွင်း၌ ပုန်းအောင်းနေကြသော မရေမတွက်နိုင်သော ထိပ်သီး စစ်သည်များနှင့် အကြံပေးများမှာလည်း ဟိန်းဟောက်သံများနှင့်အတူ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ ဝမ်ချောင်ဆီသို့ ဦးတည်တိုက်ခိုက်လိုက်ကြသည်။ လူများ မရောက်ရှိလာသေးမီမှာပင်၊ ကြီးမားလှသော အရှိန်အဝါများမှာ ဝမ်ချောင်ကို သေချာစွာ ပစ်မှတ်ထားလိုက်ကြပြီး ထိုဖိအားမှာ ကမ်းပါးယံကို ရိုက်ခတ်နေသော ပင်လယ်လှိုင်းလုံးကြီးများအလား လူကို အသက်ရှူ ကျပ်သွားစေတော့သည်။ ယခု လုပ်ဆောင်ချက်အတွက် တတိယသားတော်ရွှမ်းသည် အကြံပေးများအကြားမှ ထိပ်သီးများကိုသာ ရွေးချယ် ထည့်သွင်းထားခြင်းဖြစ်ရာ၊ တစ်ဦးချင်းစီမှာ သန့်ရှင်းသိုင်းပညာနယ်ပယ် သို့မဟုတ် ၎င်းသို့ ချဉ်းကပ်နေသော ကျင့်စဉ်အဆင့်များ ရှိနေကြပေသည်။

ပုရွက်ဆိတ် များပြားလျှင် ဆင်ကြီးကိုပင် သတ်နိုင်သည် ဆိုသည့်အတိုင်း ဤထိပ်သီး အကြံပေး များမှာ တစ်ဦးချင်းစီအနေဖြင့် ဝမ်ချောင်၏ပြိုင်ဘက် မဟုတ်စေကာမူ၊ အရေအတွက် များပြားလာသည့် အခါတွင်မူ တစ်မူထူးခြားသော ပူးပေါင်း တိုက်ခိုက်ရေး အတတ်များနှင့်အတူ သူတို့၏စွမ်းအားမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အရာရာမှာ ဤမျှနှင့် မပြီးဆုံးသေးပေ။ ဝုန်း…လေထုမှာ ပေါက်ကွဲသွားခဲ့ပြီး၊ အလွန်အန္တရာယ်ကြီးမားလှသော စွမ်းအားလှိုင်းများမှာ နဂါးနှင့် မြွေများအလား လှည့်ပတ်လျက် ဝမ်ချောင်၏ နောက်ဘက်ရှိ ထိုက်ကျိနန်းဆောင် အပြင်ဘက်မှနေ၍ အတွင်းသို့ တိုးဝင်လာတော့သည်။ ၎င်းတို့မှာ ကြိုတင်၍ နန်းဆောင်အပြင်ဘက်၌ စောင့်ကြပ်နေကြသော နဂါးအစောင့်တပ်များပင် ဖြစ်ကြပြီး၊ ဝမ်ချောင်ကို အသေသတ်နိုင်ရန်အတွက် တတိယသားတော်ရွှမ်းသည် လေ့ကျင့်နေဆဲဖြစ်သော အရံနဂါးအစောင့်တပ် များကိုပင် အကုန်လုံး ခေါ်ယူထားခြင်း ဖြစ်သည်။

ဤနဂါးအစောင့်တပ်များ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသည့်အခါတွင်မူ၊ ဝမ်ချောင်အတွက် ဆုတ်ခွာမည့် လမ်းကြောင်းမှာ လုံးဝ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုခဏ၌ နန်းဆောင်အတွင်း၌ လေပြင်းများမှာ ပြင်းထန်နေသလို၊ အငွေ့အသက်များမှာလည်း အထွတ်အထိပ်သို့ ရောက်အောင် တင်းမာနေပြီး ဝမ်ချောင်၏ အခြေအနေမှာလည်း အလွန်ပင် အန္တရာယ် ကြီးမားနေတော့သည်။ နဂါးအစောင့်တပ် တစ်ဦးချင်းစီမှာ မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ သူတော်စင်ဧကရာဇ်ကို ကာကွယ်ရန်အတွက်သာ မွေးဖွားလာသူများဖြစ်ရာ၊ သူတို့၏ တိုက်ခိုက်မှုတိုင်းမှာ အလွန်ပင် ပြင်းထန်လှပေသည်။ မင်းသားသုံးပါး ပုန်ကန်မှု အတွင်း၌၊ ကျင်းဝူအစောင့်တပ်များကို ကြက်သူငယ်၊ ခွေးသူငယ်များအလား သတ်ဖြတ်ခဲ့သော အမည်းရောင်ဝတ်စုံဝတ် အင်အားကြီး ပုဂ္ဂိုလ်များသည်ပင်လျှင် ဤနဂါးအစောင့်တပ်များနှင့် ရင်ဆိုင်ရသည့်အခါ အတုံးအရုံး ကျဆုံးခဲ့ရခြင်းမှာ သူတို့၏အစွမ်းကို သက်သေပြနေခြင်းပင်။

ယခုကဲ့သို့သော များပြားလှသော နဂါးအစောင့်တပ်များ၊ တော်ဝင်အကြံပေးများနှင့် တတိယသားတော်ရွှမ်းကိုယ်တိုင်၏ အင်အားကြီးမားမှုများ ပေါင်းစပ်လိုက်လျှင်မူ၊ အဝါရောင်န ပြန်လည် ရှင်သန်လာလျှင်ပင် တစ်ဖန် ပြန်လည် အသတ်ခံရမည်မှာ သေချာလှပေသည်။ ဝမ်ချောင်မှာ သိမ်မွေ့နက်နဲမှု နယ်ပယ်အဆင့် ကျင့်စဉ်များ ရှိနေစေကာမူ၊ ဤမျှလောက် ကြီးမားလှသော တိုက်ခိုက်မှုကြီးကို ရင်ဆိုင်ရသည့် အခါတွင်မူ၊ ထိုနေရာ၌ပင် အသတ်ခံရနိုင်ခြေ အလွန်မြင့်မားနေပေသည်။ တိုက်ကွက်ပေါင်းစုံမှာ လေပြင်းမုန်တိုင်းအလား အရပ်မျက်နှာအနှံ့မှ ကျရောက်လာတော့မည့် အခြေအနေတွင် ဝမ်ချောင်၏အခြေအနေမှာ အလွန်ပင် စိုးရိမ်ရသော်လည်း နောက်တစ်ခဏတွင်မူ လူတိုင်း မထင်မှတ်ထားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"တောင်"

ရုတ်တရက်ဆိုသလို စူးရှလှသော အသံတစ်ခုမှာ သူတော်စင်ဧကရာဇ်၏ နောက်ဘက်ဆီမှ ထွက်ပေါ်လာသည်။ ၎င်းနောက်တွင်မူ ဖန်စီများ ကွဲအက်သွားသကဲ့သို့သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ထိုက်ကျိနန်းဆောင် အထက်ရှိ မြင့်မားလှသော ရွှေရောင် ပလ္လင်တော်ပေါ်တွင် တတိယသားတော်ရွှမ်း ထားရှိထားခဲ့သော ထိုနဂါးပုလဲမှာ ထက်ရှလှသော လက်နက်တစ်ခု၏ထိုးနှက်မှုကို ခံလိုက်ရသဖြင့် မူလက ကြည်လင်နေသော မျက်နှာပြင်ပေါ်၌ ပင့်ကူအိမ်အလား အက်ကြောင်းများစွာ ပေါ်ထွက်လာပြီးနောက် အပိုင်းပိုင်းအစစ ကွဲအက်လျက် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

"ဝုန်း!"

တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ နန်းဆောင်အလယ်၌ ရပ်နေလျက် တတိယသားတော်ရွှမ်းကို မော့ကြည့်နေသော လူတိုင်း၏တိုက်ခိုက်မှုကို ခံယူလိုက်ရသော ထိုဝမ်ချောင်၏ပုံရိပ်မှာ ရေပူဖောင်းလေးတစ်ခုအလား လှုပ်ခတ်သွားခဲ့ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ နောက်ဆုံးအခိုက်အတန့်တွင် သူ၏နှုတ်ခမ်းထောင့်ရှိ လှောင်ပြုံးမှာမူ ထင်ရှားစွာ မြင်တွေ့နေရဆဲ ဖြစ်ပြီး၊ ၎င်းမှာ လူတိုင်း၏ အချည်းနှီးသော အားထုတ်မှုအပေါ် လှောင်ပြောင်နေသကဲ့သို့ပင် ဖြစ်သည်။

"မဖြစ်နိုင်ဘူး"

နန်းဆောင်အတွင်း၌ လေပြင်းများမှာ ဟိန်းဟောက်နေဆဲဖြစ်ပြီး တစ်ချက်တည်းနှင့်ပင် လွဲချော်သွားခဲ့သော တတိယသားတော်ရွှမ်းမှာမူ ကမ္ဘာပျက်မတတ် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။ သူသည် ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ နောက်ကွယ်ရှိ ရွှေရောင်ပလ္လင်တော်၏ ဘေးနားတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ ဝမ်ချောင်ပင် ဖြစ်တော့သည်။ ထိုခဏ၌ တတိယသားတော်ရွှမ်း၏ မျက်ဝန်းများမှာ နီရဲလာတော့သည်။ နဂါးပုလဲ… ၎င်းမှာ အန်းယာလုရှန်း ဆက်သခဲ့သော ရတနာဖြစ်သလို၊ သူ၏ကိုယ်အတွင်းရှိ သူတော်စင်ဧကရာဇ်ကို နှိမ်နှင်းထားရန်အတွက် အရေးအကြီးဆုံးသော အရာလည်း ဖြစ်ရာ၊ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူ အမြဲတမ်း ယူဆောင်သွားလေ့ရှိခြင်း ဖြစ်သည်။

နဂါးပုလဲမှာ ကွဲအက်လွယ်လှသဖြင့် သူ တိုက်ခိုက်တော့မည့် ခဏ၌သာ ပလ္လင်တော်ပေါ်တွင် ခေတ္တတင်ထားခဲ့ခြင်း ဖြစ်သည်။ မူလက ဝမ်ချောင်ကို သတ်ဖြတ်နိုင်ခဲ့မည်ဆိုပါက ဤလုပ်ဆောင်ချက်မှာ မည်သို့မျှ ထိခိုက်မှု ရှိလိမ့်မည် မဟုတ်သော်လည်း၊ ဝမ်ချောင်မှာ မိမိ သတိမမူမိသောအချိန်၌ ဤ နဂါးပုလဲကို အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမွပစ်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ တတိယသားတော်ရွှမ်းသည် မူလက ဤခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ နဂါးပုလဲ၏အကူအညီ မရှိတော့သည့်အခါ၊ မာကျောလှသော ကျောက်သားကြီးတစ်ခုမှာ အောက်ခြေမှနေ၍ အတင်းအဓမ္မ ဖယ်ရှားခံလိုက်ရသကဲ့သို့ပင် သူ၏ကိုယ်အတွင်း၌ ဖိနှိပ်ခံထားရသော ထို ဝိညာဉ်မှာ ပြန်လည်နိုးထလာနေပြီဖြစ်ကြောင်းနှင့် မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် အားကောင်းလာနေကြောင်း သူ ချက်ချင်း ခံစားလိုက်ရသည်။

"မင်း ဘာတွေ လုပ်လိုက်တာလဲ"

ပထမဦးဆုံးအကြိမ်အဖြစ် တတိယသားတော်ရွှမ်း၏စိတ်ထဲ၌ နက်ရှိုင်းလှသော ထိတ်လန့်တုန်လှုပ်မှုကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ နန်းဆောင်အတွင်းရှိ လူတိုင်းမှာလည်း မှင်သက်သွားကြပြီး မည်သို့ဖြစ်ပျက်သွားသည်ကို မည်သူမျှ နားမလည်နိုင်ဘဲ ရှိနေကြသည်။ ဝမ်ချောင်အနေဖြင့် ပုလဲတစ်လုံးကိုသာ ချေမွလိုက်ခြင်း ဖြစ်ပုံရစေကာမူ၊ သူတော်စင်ဧကရာဇ်၏ တုန့်ပြန်မှုမှာမူ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးနှက်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။၊ ထို့အပြင် ဧကရာဇ်မင်းမြတ်ထံမှ အမိန့်မရရှိသေးသဖြင့် လူတိုင်းမှာလည်း ဆက်လက် တိုက်ခိုက်ခြင်း မပြုနိုင်ဘဲ ရပ်တန့်နေကြရသည်။

နန်းဆောင်အထက်၌မူ၊ မထင်မှတ်ထားသော တိုက်ကွက်ဖြင့် နဂါးပုလဲကို ချေမွပစ်လိုက်သော ဝမ်ချောင်သည် တစ်ကိုယ်လုံး ပေါ့ပါးသွားပုံရပြီး စကားစလိုက်တော့သည်။

"တတိယသားတော်ရွှမ်း မင်း လို လူစားမျိုးကတောင်၊ ကိုယ့်ကိုယ်ကိုယ် 'ငါကိုယ်တော်' လို့ သုံးနှုန်းရဲတယ်ပေါ့၊ မင်းမှာ 'ဧကရာဇ်' လို့ အခေါ်ခံရလောက်တဲ့ အရည်အချင်း ရှိလို့လား"

ဝမ်ချောင်၏အသံမှာ မိုးကြိုးသံအလား ပြင်းထန်လှပြီး၊ တစ်ခုလုံးသော ထိုက်ကျိနန်းဆောင် အတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။

ယခုတစ်ကြိမ် နန်းတော်အတွင်းသို့ ဝင်ရောက်လာရခြင်းမှာ အလွန်ပင် အန္တရာယ် ကြီးမားလှပေသည်။ တတိယသားတော်ရွှမ်း၏တုန့်ပြန်မှုမှာ မြန်ဆန်လွန်းလှသဖြင့် မိမိကို ပြင်ဆင်ရန် အချိန်ပင် မပေးခဲ့ပေ။ ထို့အပြင် နဂါးအစောင့်တပ် များစွာတိုက်ခိုက်လာသည့် အခါတွင်မူ၊ အကယ်၍ မိမိဘက်မှ အနည်းငယ်မျှ မှားယွင်းခဲ့မည် ဆိုပါက၊ မိမိသည်လည်း အသက်ပျောက်ရမည့် အခြေအနေသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဝမ်ချောင်အနေဖြင့် စွန့်စား၍ တိုက်ခိုက်ခဲ့ရာ၊ နောက်ဆုံးတွင် အလွန် အရေးပါလှသော ထိုနဂါးပုလဲကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပြီ ဖြစ်သည်။ တတိယသားတော်ရွှမ်း၏တုန့်ပြန်မှုကို ကြည့်ခြင်းဖြင့်၊ ဝမ်ချောင်အနေဖြင့် မိမိ၏စွန့်စားမှုမှာ အောင်မြင်သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။

"သေသင့်တဲ့ကောင် မင်း က ငါ့ကို ဒီလို လေသံနဲ့ စကားပြောရဲတယ်ပေါ့"

တတိယသားတော်ရွှမ်း၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ဒေါသမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေတော့သည်။

"ဘာလို့ မပြောရဲရမှာလဲ။ မင်းဟာ မင်းသားတစ်ပါးအနေနဲ့ဆိုရင်လည်း အသိတရား ကင်းမဲ့ပြီး အရည်အချင်း မရှိတဲ့အပြင်၊ ရက်စက်ကြမ်းကြုတ်လှတဲ့သူပဲ၊ နန်းတွင်းသူတွေနဲ့ မိန်းမစိုးတွေကို နှိပ်စက်ပြီး လူ့အသက်ကို မျက်စိမှိတ် သတ်ဖြတ်ခဲ့တဲ့သူပဲ။ ဧကရာဇ် တစ်ပါးအနေနဲ့ဆိုရင်လည်း၊ မင်းဟာ အပေါ်ယံ ဂုဏ်ပကာသနတွေကိုပဲ မက်မောပြီး၊ မိန်းမနောက်ကိုပဲ ရူးသွပ်နေသလို၊ နန်းတွင်းရေးရာတွေကိုလည်း ပစ်ပယ်ပြီး သစ္စာရှိတဲ့ အမတ်တွေကိုပဲ နှိပ်ကွပ်ခဲ့တဲ့သူပဲ"

"အမတ်တစ်ဦးအနေနဲ့ဆိုရင်လည်း မင်းဟာ သစ္စာမရှိသလို မိဘအပေါ်မှာလည်း မရိုသေခဲ့ဘူး၊ ခမည်းတော် ဧကရာဇ်မင်းမြတ်ကိုလည်း ဖီဆန်ခဲ့သူပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်က နန်းတွင်း မှတ်တမ်းတွေထဲမှာ အသေအချာ ရေးထားပြီးသားပါ၊ မင်းဟာ အကြီးမားဆုံးသော သစ္စာဖောက်မှုကို ကျူးလွန်ခဲ့တာကြောင့် ခမည်းတော်ဧကရာဇ်မင်းမြတ်ဆီကနေ ထီးနန်းဆက်ခံခွင့်ကို အပယ်ခံခဲ့ရတဲ့သူပဲ၊ အဲဒါကို မင်းက ဘယ်လို အရည်အချင်းတွေ ရှိနေလို့ ကိုယ့်ကိုယ်ကိုယ် 'ဧကရာဇ်' လို့ ခေါ်ဆိုရဲနေတာလဲ"

"ဒီမဟာထန်အင်ပါယာမှာ 'ဧကရာဇ်'လို့ အခေါ်ခံထိုက်သူဟာ တစ်ဦးတည်းပဲ ရှိတယ်၊ အဲဒါကတော့ မင်းရဲ့ကိုယ်ထဲမှာ အမြဲတမ်း နှိမ်နှင်းခံထားရတဲ့ အဲဒီပုဂ္ဂိုလ်ကြီးပဲ။ အကယ်၍သာ သူ မရှိခဲ့ဘူးဆိုရင် မင်း ဒီနေ့လို နေရာမျိုးကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး၊ သူသာလျှင် မဟာထန်ကို ရှေ့ဦးဆောင် ခေါ်ယူခဲ့ပြီး၊ အခုလိုမျိုး ခမ်းနားလှတဲ့ အောင်မြင်မှုတွေကို တည်ဆောက်ပေးခဲ့တာပဲ။ သူသာလျှင် တစ်လောကလုံးက ပြည်သူတွေကို အေးအေးချမ်းချမ်း ရှင်သန်ခွင့် ပေးခဲ့သလို၊ တိုင်းတစ်ပါး ကျူးကျော်သူတွေရဲ့ ရန်ကနေလည်း ကာကွယ်ပေးခဲ့တာပဲ"

"ဧကရာဇ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဘွဲ့နှင်းရုံနဲ့ ဖြစ်လာတာ မဟုတ်ဘဲ၊ တစ်လောကလုံးက ပြည်သူတွေက စိတ်ရင်းနဲ့ အသိအမှတ်ပြု လေးစားမှသာ ဖြစ်လာရတာပဲ"

"တတိယသားတော်ရွှမ်း နှစ်ယောက်စလုံးကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် မင်း လို အရည်အချင်းမရှိတဲ့ မင်းသားတစ်ပါးက၊ ဘယ်လို အရည်အချင်းမျိုးတွေနဲ့ သူတော်စင်ဧကရာဇ်နဲ့ တန်းတူ ထားပြီး ပြောဆိုနိုင်မှာလဲ"

ဝမ်ချောင်၏အကြည့်များမှာ ထက်ရှလှပြီး သူ၏အသံမှာလည်း အလွန်ပင် အေးစက်လှပေသည်။

******

All Chapters