အခန်း (၅-၆)
Vol. 1 Ch. 5-6
အပိုင်း (၅) ဒိုရန်နှင့် ဂရစ်၏ အလွဲများ
ဒီ တာဝန် ကို ကျွန်တော် လုံးဝ မကြိုက်ပါဘူး။ ရမဲ့ဆုတွေကို မကြိုက်လို့လား။ ကျွန်တော့်အတွက် မဖြစ်နိုင်လို့ပါ။
‘အဲဒီဆုတွေက တကယ်ကို ကောင်းပါတယ်’
ရွှေ ၃၀၀၀ ဟာ အပြင်မှာ တကယ့်ပိုက်ဆံနဲ့ဆို ဝမ် ၃၆၀၀၀၀၀ ပတ်ချာလည်ရှိပါတယ်။ ကျွန်တော့်အတွက် ရက် ၄၀ လောက် မနားမနေလုပ်မှ ရနိုင်တဲ့ပမာဏပေါ့။ ဒါပေမဲ့ အဓိကဆုက ‘မြို့စားသမက်’ ဆိုတဲ့ ခေါင်းစဉ်ပါ။
အညွှန်းကိန်းတွေအားလုံးကို အမှတ် ၂၀ တိုးပေးမယ်တဲ့။ ကျွန်တော့်မှာ လက်ရှိ ခွန်အား၊ သက်လုံ၊ လျင်မြန်သွက်လက်ခြင်း၊ အသိဉာဏ်၊ လက်၏ ကျွမ်းကျင်မှု၊ သမာဓိ၊ အနိုင်မခံအရှုံးမပေး၊ ဂုဏ်သိက္ခာနဲ့ ထိုးထွင်းသိမြင်မှု ဆိုပြီး အညွှန်းကိန်း ကိုးခုရှိပါတယ်။ မှူးမျိုးမတ်နွယ်ကိုပါ ကျွန်တော် ထပ်ရလိုက်ရင် စုစုပေါင်း အညွှန်းကိန်း က ၁၀ ဖြစ်သွားပြီ။
ဆုက အညွှန်းကိန်း အားလုံးကို အမှတ် ၂၀ ပေါင်းထည့်ပေးတာဆိုတော့ စုစုပေါင်း အညွှန်းကိန်း အမှတ်က ၂၀၀ ဖြစ်သွားမယ်။ ကျွန်တော် အဆင့်တစ်ခါတက်တိုင်း အညွှန်းကိန်း အမှတ်က ၁၀ မှတ်ရတာဆိုတော့ ဒီ အညွှန်းကိန်း အမှတ် ၂၀၀ ဟာ အဆင့် ၂၀ နဲ့ညီမျှပါတယ်။ မျိုးရိုးမြင့်မိန်းမလှလေးကို လက်ထပ်ခွင့်ရအုံးမှာက အလိုချင်ဆုံးဆုပေါ့။
‘လမ်းကတော့ ပွင့်နေပြီ။ ဒါပေမဲ့...’
ဆုတွေက ဒီလောက်ကောင်းနေတာဟာ အကြောင်းအရင်းရှိပါတယ်။ အဲဒီတာဝန်က S အဆင့်တာဝန်မို့လို့ပါ။
‘မြို့စားအက်ရှာ၏ဒေါသ တာဝန်ကလည်း S အဆင့် တာဝန်’
အဲဒီအချိန်တုန်းက ကျွန်တော်ဟာ အဆင့် ၇၉ ဖြစ်ပေမဲ့ အခက်အခဲတွေကို မကိုင်တွယ်နိုင်တာကြောင့် အကြိမ်ကြိမ်သေခဲ့ပြီး အဆင့် ၇၃ ကိုကျသွားတဲ့အပြင် သုံးလတောင် တာဝန်ပြီးဖို့ အချိန်ပေးလိုက်ရတယ်။
ကျွန်တော့်ရဲ့ လက်ရှိအဆင့်က မိုင်းနက်စ် ၁ ဆိုတော့ အချိန်အကန့်အသတ်နဲ့ S အဆင့်တာဝန်ကို လက်ခံလို့မရဘူး။ မအောင်မြင်မှာကို သိနေတဲ့တာဝန်ကို ဘာလို့လက်ခံနေအုံးမှာလဲ။
‘ပြီးတော့ တာဝန်မအောင်မြင်လို့ နောက်ထပ်အဆင့် ၂ ခုထပ်ကျရင်’
ကျွန်တော့်အဆင့်ဟာ မိုင်းနက်စ် ၃ ကို ကျသွားမယ်လို့ တွေးမိလိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်က ကြောက်ရွံမှုနဲ့ ဒေါသတွေကြောင့် တုန်ယင်လာပါပြီ။
‘ S အဆင့်တာဝန်တွေက ဘယ်တုန်းက ဒီလောက်ပေါသွားတာလဲ’
S အဆင့်တာဝန်တွေဟာ သာမန်တာဝန်တွေ မဟုတ်ပါဘူး။ အဆင့် ၂၀၀ အထက်မှာရှိတဲ့ ထိပ်တန်းအဆင့်ဝင်ကစားသမားတွေတောင် သူတို့ S အဆင့်တာဝန်ကို လုပ်ဖူးတဲ့အကြိမ်အရေအတွက်က လက်တစ်ဖက်တောင် မပြည့်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အဆင့်မြင့်ကစားသမားမဟုတ်သလို အခုမှ အဆင့်က မိုင်းနက်စ် ၁ ပဲရှိသေးတာဆိုတော့။
ကျွန်တော် ဒိုရန်ပြောတဲ့စကားကို သတိပြန်ရသွားတယ်။
“မင်းသိတဲ့အတိုင်း ယာတန်ဘုရားကျောင်းက နတ်ဆိုးအော်ရာတွေနဲ့ ပြည့်နှက်နေတာ။ ပုံမှန်ဆို လူတွေက အချိန်ကြာလာတာနဲ့ ကြောက်ပြီး ထွက်ပြေးကြမှာ။ ငါ မင်းကို စောင့်ကြည့်နေတာကြာပြီ။ မင်းက အကြာကြီးနေတာတောင် ဘာမှမဖြစ်ဘူးလေ။ ပြီးတော့ အကျယ်ကြီးတော့ အော်ရယ်လိုက်သေးတယ်။ မင်း...မင်းက အရမ်းစွမ်းတဲ့စွမ်းရည်တွေ ရှိနေတာမဟုတ်လား”
ဒီစကားလုံးတွေမှာ သဲလွန်စတွေ ပါနေတယ်။ဒီတာဝန်က ယာတန်ဘုရားကျောင်းမှာ ကြောက်ရွံ့မှုမရှိဘဲ သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုအထိ နေနိုင်ခဲ့တာကြောင့် ဖြစ်ပေါ်လာပုံရတယ်။ ဒီလို ကျွန်တော်နေနိုင်ခဲ့ရတာက ကျွန်တော့်ခေါင်းစဉ်နဲ့ သမာဓိ အညွှန်းကိန်းတွေက မကောင်းတဲ့သက်ရောက်မှုတွေ သက်ရောက်နိုင်တဲ့ အခွင့်အရေးတွေကို လျော့ချပေးနေလို့ပါ။
ဒီအဖြစ်က ကောင်းရော ကောင်းလို့လား။ ငါရော ကြိုက်ရဲ့လား။
‘ဆုအလန်းကြီးတွေနဲ့ ကျွန်တော်ရှင်းနိုင်မှာမဟုတ်တဲ့တာဝန်ကို ပေးတာက မဆဲသင့်ဘူးလား။ ခေါင်းစဉ်ရဲ့သက်ရောက်မှုတွေက ရူးလောက်အောင်မိုက်ပေမဲ့ ဒီဂိမ်းက ကျွန်တော့်ကို လှောင်ပြောင်နေတာနဲ့ ပိုတူနေပါတယ်’
ကျွန်တော်က ချက်ချင်းပြန်ပြောလိုက်တယ်။
“ကျွန်တော် မလုပ်နိုင်ဘူး။ တခြားတစ်ယောက်ကို သွားမေးလိုက်ပါ”
[တာဝန်ကို ငြင်းပယ်လိုက်ပါသည်]
ကျွန်တော်က တာဝန်ကို ငြင်းလိုက်ပေမဲ့ ဒိုရန်ကတော့ လက်မလျော့ပါ။
“မင်းက သာမန်လူမဟုတ်ဘူးပဲ။ ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ။ အသက်တစ်ချောင်းကယ်ကောင်းပါတယ်”
[ဒိုရန် ပူပန်သောကရောက်နေပါတယ်။ သူ့ရဲ့ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေကို သင် နားလည်သင့်ပါတယ်။ တာဝန်ကို လက်ခံချင်ပါသလား]
စနစ်က ငါ့ကို ဆုံးမနေတာလား။ အခု ငါ့ရဲ့အခြေအနေနဲ့ တခြားလူတွေကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ။ ကျွန်တော် ချက်ချင်းအသိပေးစာကို လက်နဲ့ဖယ်ထုတ်လိုက်ပြီး ပြောလိုက်တယ်။ “ခင်ဗျား မှားနေပြီ။ ကျွန်တော်က အားနည်းပြီး အသုံးမကျတဲ့လူပါ။ ဒါကြောင့်မို့ ခင်ဗျားကို ကျွန်တော် အကူအညီပေးနိုင်တာ။ ခင်ဗျားတစ်ယောက်ထဲလုပ်တာက ဝန်ထုပ်ဝန်ပိုးမရှိဘူးပေါ့”
[တာဝန်ကို ငြင်းပယ်လိုက်ပါသည်]
“မင်းသိတဲ့အတိုင်း ယာတန်ကိုးကွယ်သူတွေက စွမ်းအားကြီးတဲ့ အောက်လမ်းမှော်ပညာကို အသုံးပြုနိုင်ကြတယ်။ ငါ တစ်ယောက်တည်း မိန်းကလေးကို မကယ်နိုင်ဘူး။ အသက်တစ်ချောင်းကို လျစ်လျူမရှုပါနဲ့။ ငါ့ကို ကူညီပေးပါ”
[ဒိုရန် လက်မလျော့ပါ။ တာဝန်ကို လက်ခံချင်ပါသလား]
“လက်မခံဘူး၊ စကားအကုန်ပြောမယ်၊ ကျွန်တော့်မှာ ဒီတာဝန်ကို လက်ခံနိုင်တဲ့အရည်အချင်းမရှိဘူး”
[တာဝန်ကို ငြင်းပယ်လိုက်ပါသည်]
“မင်းက သိုသိုသိပ်သိပ်နေနေတာပဲ။ သေချာသွားပြီ။ မင်းက သန်မာတဲ့လူဆိုတာကို”
[ဒိုရန် သင့်ကို အထင်ကြီးလေးစားသွားသည်။ တာဝန်ကို လက်ခံချင်ပါသလား]
တခါတရံမှာ NPC တွေက တာဝန်တွေကို ဒီလိုမျိုးဇွတ်ပေးကြပါတယ်။ သူတို့မှာလည်း သူတို့အခက်အခဲနဲ့ သူတို့ပေါ့။ ဒါပေါ့၊ ကျွန်တော်လည်း ဒိုရန်ရဲ့ခံစားချက်ကို ကိုယ်ချင်းစာပေးနိုင်ပါတယ်။ ဒိုရန်သာ မြို့စားရဲ့သမီးကို မကယ်နိုင်ဘဲ ပြန်သွားရင် သူ့ခေါင်းက ခန္ဓာကိုယ်ကနေ ပြုတ်သွားမှာပေါ့။
ဒါပေမဲ့ ကျွန်တော်ကော။ တာဝန်မအောင်မြင်လို့ အဆင့်ထပ်ကျရင် ဘယ်လိုလုပ်မလဲ။
သူ့အတွက်နဲ့ ဒီလို ကြောက်စရာကောင်းတဲ့အရာကို ဘာကြောင့်လုပ်သင့်တာလဲ။ တစိမ်းတစ်ယောက်အတွက်နဲ့။ အဓိကပြဿနာက ကျွန်တော့်မှာ ဒိုရန်ကို ကူညီပေးဖို့စွမ်းရည်မရှိတာပါ။
“ကျေးဇူးပြုပြီး ကူညီပါ။ ငါ မင်းကို တောင်းပန်ပါတယ်”
ဒိုရန် ဒူးထောက်လိုက်ပါတယ်။
ကျွန်တော် သူ့ကို ကြောင်ကြည့်နေမိတယ်။ ဒီလူ ငါ ပြောတဲ့စကားတွေကို နားထဲ တစ်လုံးဝင် တစ်လုံးထွက်သွားတာပဲ။ ဒါမှမဟုတ် ငါကများ သူ့ကို လိမ်နေတယ်လို့ ထင်နေတာလား။
‘ဒီကိစ္စ နောက်ထားလိုက်တော့။ ယာတန်ဘုရားကျောင်းဆီကနေ ဘာအကြောက်တရားမှမခံစားမိတာက ကောင်းပေမဲ့ အချိန်ကြာလာလို့ အကြောက်တရားကို ခံစားမိလာရင် ဘယ်လိုလုပ်မလဲ’
ဂရစ် ဒိုရန်နဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး အမှန်တရားကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရှင်းပြလိုက်တယ်။
“ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တကယ်ကို ခင်ဗျားကို ကူညီနိုင်ရလောက်အောင် စွမ်းအားမရှိတာပါ။ ခင်ဗျားရဲ့ အချိန်တွေကို မဖြုန်းနဲ့။ မြို့စားဆီကို ပြန်သွားပြီး အကူအညီသွားတောင်းပါလား]
[တာဝန်ကို ငြင်းပယ်လိုက်ပါသည်]
“နာရီတိုင်းက အရေးကြီးနေပြီ။ မြို့စားဆီပြန်သွားရင် မိန်းကလေး အသက်အန္တရာယ်ရှိနိုင်တယ်။ မင်းက ငါအားကိုးလို့ရတဲ့ တစ်ဦးတည်းသောလူပါ”
[ဒိုရန် သင့်အကူအညီကို မျှော်လင့်နေသည်။ တာဝန်ကို လက်ခံချင်ပါသလား]
သည်းခံနိုင်တာရဲ့အဆုံးမှာတော့
“အား စိတ်ပျက်ဖို့ ကောင်းလိုက်တာ။ ကျွန်တော့်အကူအညီကို ခင်ဗျား တကယ်လိုနေတယ်ပေါ့။ ခင်ဗျားကို ဂရုမစိုက်တော့ဘူး။ သွားပြီ”
“ကျေးဇူးပြုပြီး သခင်မလေးရဲ့ သနားစရာကောင်းတဲ့အသက်ကို ကယ်ပေးပါ”
“ဘာ မလုပ်ဘူး သောက်ကျိုးနည်း။ ဟုတ်တယ်၊ ငါ ထွက်သွားသင့်နေပြီ။ သွားပြီဟေ့”
တာဝန်ကို နောက်ထပ်တကြိမ်ငြင်းလိုက်ပြီးတာနဲ့ ဒိုရန်ဆီကနေ အဝေးကို လှည့်ထွက်လိုက်တယ်။ ကျွန်တော့်အဆင့် ၂ ခုကျမှာ သေချာနေတဲ့ ကြောက်စရာကောင်းတဲ့ တာဝန်ပါ။ ဒါကြောင့် ကျွန်တော် ငြင်းနေခဲ့တာပါ့။ ဒါပေမဲ့ စိတ်ရှိတဲ့အတိုင်း ခန္ဓာကိုယ်က မလိုက်နိုင်ပါဘူး။ အလေးချိန်က ၂၀၀ ရာခိုင်နှုန်းပိုနေတော့ လှုပ်ရှားမှုကို ၁၀၀ ရာခိုင်နှုန်း အလျော့ခံထားရတယ်လေ။
ဒိုရန်က ကျွန်တော် လိပ်တစ်ကောင်လိုမျိုး သွားနေတာကို မြင်လိုက်တဲ့အချိန်မှာ ကျွန်တော့်လုပ်ရပ်ကို နားလည်မှုလွဲသွားပြီး မျက်ရည်တွေပါ ကျလာပါတယ်။
“မင်းက ဆူပူကြိမ်းမောင်းနေပေမဲ့ တကယ်တော့ ကြင်နာတတ်တာပဲ... မင်းတကယ် ငါ့ကို ကူညီချင်နေတာလား...”
“......”
“ကူညီပေးပါ”
[ဒိုရန် မျှော်လင့်ချက်တွေနဲ့ ပြန်ပြည့်လာပါပြီ။ တာဝန်ကို လက်ခံချင်ပါသလား]
“နင့်မေကြီးတော်။ ငါမကူဘူး”
[တာဝန်ကို ငြင်းပယ်လိုက်ပါသည်]
ကျွန်တော် သူ့ကို လျစ်လျူရှုလိုက်ပြီး မြန်မြန်သွားလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အရှိန်က နှေးနေတော့ ဒိုရန်ဟာ နားလည်မှုအကြီးကြီးလွဲသွားပါပြီ။
“ငါ သိပြီ။ မင်း အလုပ်များနေလို့ ငြင်းပယ်နေတာပဲ။ ဒါပေမဲ့ လူ့အသက်တစ်ချောင်းက တန်ဖိုးကြီးပါတယ်။ ငါ့တောင်းဆိုမှုကို လက်ခံပေးပါ”
“တကယ်ကို ငါမလုပ်နိုင်တာပါ။ ဟန်ဆောင်နေတာ မဟုတ်ရပါဘူး”
“မနှိမ့်ချပါနဲ့။ မင်းက လုံလောက်တာထက်ကို ပိုစွမ်းအားကြီးပါတယ်။ ဒီနေရာကို ချက်ချင်းမထွက်သွားနိုင်တာက မင်းရဲ့ခြေလှမ်းတိုင်းမှာ တုံ့ဆိုင်းမှုတွေနဲ့ ပြည့်နှက်နေလို့ပဲ”
“တုံ့ဆိုင်းနေတာ မဟုတ်ဘူးဟ။ ဖြေးဖြေးချင်း လမ်းလျှောက်နေတာလည်း မဟုတ်ဘူး။ ပစ္စည်းတွေက လေးနေလို့”
ဒိုရန် ကျွန်တော့်နောက်ကနေ လိုက်လာနေပါတယ်။ ကျွန်တော့်ရဲ့လိပ်လို အမြန်နှုန်းနဲ့ သူ့ဆီကနေ လွတ်အောင် မပြေးနိုင်ပါဘူး။
[တာဝန်ကို လက်ခံချင်းပါသလား]
[တာဝန်ကို လက်ခံချင်ပါသလား]
[တာဝန်ကို…..
‘ဒီငတုံးတော့ကွာ’
ကျွန်တော် ဘယ်လောက်ပဲ ငြင်းနေပါစေ အသိပေးစာက အကြိမ်ကြိမ်ပေါ်နေတာကြောင့် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။
‘ငါဒီအတိုင်းဆက်လုပ်နေလို့ မဖြစ်တော့ဘူး။ သူနဲ့ ဆက်ဆံရေးဆိုးရွားသွားမယ်ဆိုရင်တောင် ငါ ငြင်းမှရမယ်။ ပြီးတော့ သူကလည်း ငါနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လိုအပ်တဲ့ NPC လည်းမဟုတ်ဘူး။ ဒီတော့ သူ့ကို ရန်သူအဖြစ် သတ်မှတ်လိုက်ရင်တောင် ဘာမှဆုံးရှုံးစရာ မရှိဘူး’
ကျွန်တော် မားမွန်ဓားရှည်ကို ထုတ်လိုက်ပြီး ဒိုရန်ကို စိုက်ကြည့်လိုက်တယ်။
“ငါ မကူညီနိုင်ဘူးဆိုတာကို အသေအချာပြောခဲ့ပြီးပြီ။ အခု မင်းထွက်မသွားသေးဘူးဆိုရင် မင်းကို နာကျင်အောင် ငါ လုပ်မိလိမ့်မယ်နော်”
ဒိုရန် ရုတ်တရက် တင်းကျပ်သွားသောအခြေအနေကို ခံစားမိပြီး နောက်ကို ခြေတလှမ်းဆုတ်သွားပါတယ်။ ပြီးနောက် သူ့ပါးစပ်ကို ဖြေးဖြေးချင်းဖွင့်လိုက်တယ်။
“မင်း ငါ့ကို ကူညီပေးဖို့ တကယ်ကို စိတ်ရင်းနဲ့ မျှော်လင့်နေတာပါ....”
[ဒိုရန် နောက်ဆုံးအကြိမ် အကူအညီတောင်းနေပါတယ်။ တာဝန်ကို လက်ခံချင်ပါသလား]
ကျွန်တော် အသိပေးစာကို ဓားနဲ့ ခုတ်လိုက်ပါတယ်။
ဒီသောက်ကျိုးနည်းဝင်းဒိုးကို မြင်နေရတာ ဘယ်နှစ်ခါတောင် ရှိပြီလဲ။
“မကူညီဘူး။ ကူညီနိုင်ရင်တောင်မှ မကူဘူး။ မကူဘူးကွာ”
ဖိအားများပြီး ဒေါသကို ပေါက်ကွဲသွားပါပြီ။ နောက်ဆုံး ကျွန်တော် အော်ဆဲလိုက်ပြီး ဒေါသတကြီးနဲ့ ဓားကို ယမ်းလိုက်တယ်။ ဒိုရန်ဆီကနေ ဘာစကားမှ ထပ်မကြားချင်တော့ပါဘူး။
ထို့နောက်...
ဝှစ်
“အား ... ”
ကျွန်တော့်ဓားက တစ်ခုခုနဲ့ ထိသွားတယ်လို့ ခံစားမိလိုက်တဲ့အချိန်မှာ အော်သံကို ကြားလိုက်ရတာပါ။ ကျွန်တော် လှည့်ကြည့်လိုက်တဲ့အခါမှာ ဓားက ယာတန်ကိုးကွယ်သူလို့ ထင်ရတဲ့လူရဲ့ လည်ပင်းမှာ သွားထိုးမိနေပါတယ်။ နိမိတ်မကောင်းတဲ့ခံစားချက်ဟာ ကျောရိုးတစ်လျှောက်စီးဆင်းသွားပါပြီ။
“ငါက အရူးကောင်ကို သတ်မလို့ လုပ်တာပါ။ ဘယ်လိုလုပ် ဒီကောင်က ဒိုရန်ဘေးရောက်နေတာလဲ....”
ကျွန်တော် သေသွားတဲ့ကိုးကွယ်သူကို ကြည့်နေတုန်း အသိပေးစာဝင်းဒိုးအသစ် ပေါ်လာတယ်။
[ယာတန်ဘုရားကျောင်းနဲ့ သင်၏ဆက်ဆံရေးသည် ရန်လိုလာပါသည်]
[ယာတန်ကောင်းချီးကိုမရရှိနိုင်တော့ပါ]
[ယာတန်ကိုးကွယ်သူများသည် သင့်ကို တွေ့သည်နှင့် သတ်ရန် ကြိုးစားလိမ့်မည်]
ဘုရားကျောင်းမှာ အခြေအနေတွေက ရုတ်တရက် ပြောင်းသွားတယ်။ ကျွန်တော် ယာတန်ကိုးကွယ်သူဒါဇင်လိုက် အဝိုင်းခံထားရချိန်မှာ ဒိုရန်က ကျွန်တော့်ပုခုံးပေါ် လက်တင်လိုက်ပြီး ငိုသံကြီးနဲ့ ပြောနေတယ်။ “ကျေးဇူးတင်ပါတယ်”
“အမ်”
[မြို့စားစတိုင်းသမီးကို ကယ်ပါ]
[တာဝန်ခက်ခဲမှု: S
အိုင်ရင်းသည် မြို့စားစတိုင်းရဲ့တစ်ဦးတည်းသောသမီးဖြစ်သည်။ သူမသည် လှပသည့်အပြင် အပျိုစင်တစ်ယောက်လည်း ဖြစ်သည်။ ယာတန်ကိုးကွယ်သူများသည် အပျိုစင်သွေးရယူရန် သူမကို ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။
တာဝန်ပြီးမြောက်မည့် အခြေအနေများ: အိုင်ရင်းကို တာဝန်လက်ခံပြီး ၁ နာရီအတွင်း ကယ်တယ်ပါ။
တာဝန်ဆုလာဘ်: ရွှေ ၃၀၀၀၊ မြို့စားသမက်ဖြစ်လာဖို့ အလားအလာအနည်းငယ်ရှိပါသည်။
* မြို့စားသမက်: မှူးမတ်မျိုးနွယ် အညွှန်းကိန်းအား ဖွင့်လှစ်မည်။ အညွှန်းကိန်းများအားလုံး အမှတ် 20 တိုးလာမည်
မြို့စားမင်း၏ သမီးအားလက်ထပ်လိုက်သည်နှင့် သင်သည် ဗိုင်းကောင့်အဖြစ်ဆက်ဆံခြင်းခံရမည်။ စွမ်းအားနှင့် ဂုဏ်သိက္ခာမြင့်တက်လာမည်။ သင်ဟာ နိုဘယ်လ်များနှင့် ဆက်ဆံရေးတည်ဆောက်နိုင်မည်။ လစဉ် ငွေအထောက်အပံ့ရရှိမည်။ ဒီနည်းလမ်းဟာ အဆင့်မြင့်အရာရှိ သို့မဟုတ် အရှင်တစ်ယောက်ဖြစ်လာဖို့ ဖြတ်လမ်းနည်းပါ။
တာဝန်ပြစ်ဒဏ်: အဆင့် -2.]
[တာဝန်ကို လက်ခံလိုက်ပါသည်]
“သောက်ကျိုးနည်း”
ယာတန်ဘုရားကျောင်းနဲ့ ရန်လိုတဲ့ဆက်ဆံရေးကြောင့် စနစ်က တာဝန်ကို အလိုအလျောက်လက်ခံလိုက်တာ ဖြစ်မယ်။
“ဟက် ဟက် ဟက်”
ဒါ ကံမကောင်းမဟုတ်ဘူး။ ငါ့မှာ ကံကောင်းတာကို မရှိတော့တာ။
‘နောက်တခါထပ်ကျအုံးမယ်... အင်း မိုင်းနက်စ် ၃’
ကျွန်တော် ဒီလို ကံကောင်းတာတွေ မရှိတော့တာက အရင်ဘဝတုန်းက တိုင်းပြည်ကို ရောင်းစားခဲ့လို့များလား။
“ဘယ်သူက ယာတန်ကိုးကွယ်သူတွေကို ထိခိုက်အောင်လုပ်ရဲတာလဲ။ နတ်ဘုရားယာတန်ရဲ့ ကျိန်စာသင့်မှာ မကြောက်ကြဘူးလား”
“နတ်ဘုရားယာတန်က အနန္တတန်ခိုးရှင်ပဲ။ မင်းတို့တွေ နတ်ဘုရားယာတန်ကိုစော်ကားလိုက်ပြီ။ မင်းတို့ ကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်းနေရမယ် မထင်နဲ့"
"နတ်ဘုရားကို စော်ကားတဲ့အတွက် မင်းတန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်”
ယာတန်ကိုးကွယ်သူတွေရဲ့ ဒေါသတကြီးအော်သံတွေဟာ ကျွန်တော့်ပတ်ပတ်လည်မှာ ထွက်နေပါတယ်။ သူတို့ရဲ့ မျက်လုံးတွေမှာ ရူးသွပ်မှုတွေ အပြည့်နဲ့။
‘ငါ သေတာ့မှာလား’
ယာတန်ကိုးကွယ်သူတွေက အောက်လမ်းမှော်ပညာရှင်တွေပါ။ ဒီမှော်ပညာရှင်တွေက အားကောင်းတဲ့ ကျိန်စာစွမ်းရည်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် သူတို့နဲ့ ရင်ဆိုင်ရတာက ခက်ခဲနေတာပါ။
အပိုင်း (၆) သွေးစုန်းမ
‘အောက်လမ်းမှော်ဆရာတွေက ခေါင်းကိုက်စရာတွေပဲ….’
ကျွန်တော့်ရဲ့လက်ရှိအဆင့်ဟာ မိုင်းနက်စ် ၁ ဖြစ်တာကြောင့် ခွန်အား နဲ့ သက်လုံ အညွှန်းကိန်း တွေဟာ တစ်မှတ်ဆီပဲ ရှိပါတယ်။ မန်းဂယ်သတ္တုသံချပ်ကာက ခွန်အားကို ငါးမှတ်ထပ်တိုးပေးတယ်ဆိုတော့ စုစုပေါင်း ၆ မှတ်ပေါ့။ အညွှန်းကိန်း တွေအားလုံးကို ပေါင်းလိုက်ရင် အသက်မှတ်က ၃၄ ရှိမယ်။ ကျွန်တော်တော့ နည်းနည်းပါးပါးအထိုးခံရရင်တောင် တမလွန်ရောက်သွားမှာပါ။
‘ထွက်ပြေးလို့ရနိုင်သေးလား’
ဒီတာဝန်က မအောင်မြင်မှာ သေချာတယ်။ ကျွန်တော် အသက်ရှင်ချင်တာပေါ့။ မဟုတ်ဘူး၊ ငါ ရှင်ကို ရှင်ရမယ်။ ကစားသမားတစ်ယောက်က တစ်နေ့ထဲမှာ နှစ်ခါသေရင် စနစ်က ဂိမ်းဆော့ခွင့်ကို ၁၂ နာရီပိတ်တယ်။ ရွေးချယ်စရာ မရှိတော့ဘူး။
“Log Out”
[သင် Log Out လုပ်၍ မရသေးပါ]
“လဗြွတ်။ ထင်တဲ့အတိုင်းပဲ”
အချိန်အကန့်အသတ်နဲ့ တာဝန်မှာ တာဝန်မပြီးခင် အပြင်ထွက်လို့ မရပါ။ အတင်းအကြပ် ထွက်မယ်ဆိုရင် ပြစ်ဒဏ်အကြီးကြီးပေးခံရမှာ။ Log Out လုပ်တာ မအောင်မြင်တော့ လွတ်လမ်းရှိမလားဆိုပြီး လိုက်ရှာကြည့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ရန်သူ့ခံတပ်မှာ ရောက်နေတာလေ။
ကျွန်တော့်ကို ဝိုင်းထားတဲ့ ယာတန်နောက်လိုက်တွေရဲ့ အရေအတွက်ကလည်း တဖြည်းဖြည်းတိုးလာနေပြီ။ ကျွန်တော် ဘယ်လောက်ပဲ အကြံထုတ်ထုတ် လွတ်ဖို့ လမ်းမမြင်တော့ပါဘူး။ ကျွန်တော့်အမြန်နှုန်းက လိပ်လိုဖြစ်ကတည်းက မျှော်လင့်ချက်မရှိတော့တာပါ။
“ဖောက်ထွက်မယ်ဟေ့”
ကျွန်တော် အစီအစဉ်ဆွဲနေတုန်း ဒိုရန်က ကျွန်တော့်ကို အော်ပြောရင်းနဲ့ ဓားမြှောင် ၂ ချောင်းကို ဆွဲထုတ်လိုက်ပြီး သူတို့ဆီကို ပစ်လိုက်တယ်။
ဝှစ်..
“အား”
ဓားမြှောင် ၁ ချောင်းက နောက်လိုက် ၁ ယောက်ရဲ့မျက်စိကို ထိုးဖောက်သွားပြီး နောက် ၁ ခုက တခြားတစ်ယောက်ရဲ့နှလုံးကို ထိုးဖောက်သွားပါတယ်။ ဒိုရန်ဟာ ယာတန်ကိုးကွယ်သူတွေဆီ ပြေးဝင်သွားပြီး ဓားမြှောင်နဲ့ တိုက်ခိုက်လိုက်တယ်။
“ဖယ်ကြ”
ကိုးကွယ်သူတွေဟာ အော်တောင်မအော်နိုင်တော့ဘဲ လည်ပင်းကို ဖုန်းရင်း ငြိမ်သက်သွားပါတယ်။ ပြီးတော့ မီးခိုးရောင်အငွေ့တွေ အဖြစ် ပြောင်းသွားပါပြီ။ ကျွန်တော် မလေးစားဘဲ မနေနိုင်တော့ပါ။ ကျွန်တော် ယာတန်ကိုးကွယ်သူတွေရဲ့အဆင့်က ဘယ်လောက်လဲ မသိပေမဲ့ ဘုရားကျောင်းမှာရှိတဲ့ NPC တွေက အဆင့် ၁၅၀ အနည်းဆုံးရှိပါတယ်။ ဒီကိုးကွယ်သူလည်း အတူတူပဲ နေမှာပါ။
သူတို့တွေကို ဒိုရန်က လွယ်လွယ်ကူကူရှင်းသွားတာကို မြင်တော့ ဒိုရန်ရဲ့အဆင့်ကို မှန်းဆကြည့်လို့တောင် မရပါဘူး။
‘သူက နာမည်ရှိတဲ့ NPC များလား’
ကျွန်တော် ဒိုရန့်အပေါ် အမြင်ပေါင်းသွားပါပြီ။ ကျွန်တော် တစ်ယောက်တည်းဆို ဒီတာဝန်ကို အောင်မြင်နိုင်စရာ အကြောင်းမရှိပေမဲ့ ဒိုရန်နဲ့ဆိုရင်တော့ တာဝန်ကို ရှင်းနိုင်လောက်ပါတယ်။ ရွှေ ၃၀၀၀။ ဝမ် ၃၆၀၀၀၀၀ က ငါ့ရှေ့ကို ရောက်နေပြီ။ မြို့စားသမက်။ အညွှန်းကိန်း အားလုံး အမှတ် ၂၀ တိုးတာနဲ့ ကျွန်တော့်လက်ထဲကို ဇနီးချောချောလေးရောက်နေတာကို တွေးလိုက်ရင်... ။ အရှင်တစ်ယောက်ဖြစ်လာပြီဆို ကိုယ်ပိုင်ရဲတိုက်တောင် ရချင်ရမှာ။ ဒါဆိုရင် NPC တွေနဲ့ ကစားသမားတွေဆီကနေ အခွန်ကောက်ပြီး အေးဆေးဒူးနန့်နေလို့ရပြီ။
‘ငါသာ နယ်မြေတစ်ခုပိုင်ရင် လတိုင်းပိုက်ဆံထုတ်နေရုံပဲ’
စိတ်လှုပ်ရှားလိုက်တာ....
ကျွန်တော် ဒိုရန်ရဲ့အမာခံပရိသတ်ဖြစ်သွားပါပြီ။ “ကောင်းတယ်။ ဒိုရန်။ မိုက်လိုက်တဲ့တိုက်ခိုက်ရေးနည်းစနစ်။ ဒါကြောင့် အရင်ကတည်းက ခင်ဗျားကို လေးစားနေရတာ”
“အမ်။ အရင်တုန်းက ငါတို့တွေ့ဖူးလို့လား”
“ဟာ။ အန္တရာယ်။ ဟိုမှာ။ ခင်ဗျား ခန္ဓာကိုယ်ကို ဂရုစိုက်”
“ခန္ဓာကိုယ်...”
ဒိုရန်ဟာ ကျွန်တော်ရဲ့အပြောင်းအလဲမြန်မှုကို အံ့အားသင့်နေပါတယ်။ သူက ရန်သူတွေကို အာရုံစိုက်ပြီး တိုက်ခိုက်နေလိုက်တာ တစ်ယောက်သေတိုင်း မီးခိုးရောင်အငွေ့တွေအဖြစ် ပြောင်းကုန်ပါပြီ။
‘သန်မာလိုက်တာ’
ဒိုရန်ဟာ လက်နက်ပုန်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပစ်လွှတ်နေပါတယ်။ ကျွန်တော် လုပ်ကြံသတ်ဖြတ်သူအဆင့်ဇယားရဲ့နံပါတ်တစ်နေရာမှာ တွေ့ခဲ့တဲ့ရှေးဟောင်းဓားနတ်ဆိုးတောင် ဒိုရန်ရှေ့မှာ ကလေးတစ်ယောက်ဆော့နေတာနဲ့ တူနေမှာပါ။
‘သူက အက်ရှာထက် သုံးဆလောက် သန်မာတယ်။ သူနဲ့ မိတ်ဆွေဖွဲ့ပြီး အက်ရှာကို လုပ်ကြံခိုင်းရမယ်’
ယာတန်ကိုးကွယ်သူတွေဟာ ကျွန်တော့်ကိုလျစ်လျူရှုလိုက်ပြီး ဒိုရန်ကို တရစပ်တိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒိုရန်ကို မတားဆီးနိုင်ကြပါဘူး။ ဒိုရန်ကလည်း သူတို့တွေ မှော်မနွတန်တွေ ရွတ်ပြီဆို တားဖို့ တိုက်ခိုက်လိုက်၊ သတ်လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။
အောက်လမ်းမှော်ပညာရှင်တွေဟာ မှော်ပညာကို သုံးခွင့်တောင်မရလိုက်ဘဲ သတ်ဖြတ်ခြင်းခံနေရတယ်။
“အံ့ဩစရာ ကောင်းလိုက်တာ။ တကယ်ကို အံ့ဩစရာကောင်းတယ်။ ဒိုရန် မင်းက ငါ့ရဲ့နတ်ဘုရားပဲ”
အောက်လမ်းမှော်ဆရာတွေ မနွတန်ရွတ်ဖို့ ပါးစပ်ဖွင့်တာနဲ့ ဒိုရန်က သူတို့ပါးစပ်ထဲ ဓားမြှောင်ထိုးထည့်ပြီးသားပါ။
အကောင်းဆုံးပဲ။ ဒိုရန်နဲ့ဆို ငါ ဒီတာဝန်ကို ရှင်းနိုင်တယ်။ ငါ့ကို ဆုအလကားလာပေးတာ။ ကျွန်တော် အရင်မိနစ်ပိုင်းတုန်းက ဒီ တာဝန်ကို အသည်းအသန်ငြင်းနေခဲ့တာကို ပြန်တွေးမိရင် ဇောချွေးတွေပါ ပြန်လာပါတယ်။
ကျွန်တော့်ရဲ့ လိပ်လို လမ်းလျှောက်နှုန်းနဲ့ ဒိုရန်ကို မနည်းမှီအောင် လိုက်နေရပါတယ်။ ဒိုရန်က စောင့်စောင့်ပေးနေလို့တောင် ကျေးဇူးတင်ရမှာပါ။
“ကျွန်တော့်ကိုစောင့်နေတာလား။ ကြင်နာတတ်တဲ့လူပဲ။ ဟီးဟီး”
ဒိုရန်ဟာ ပျက်ယွင်းနေတဲ့မျက်နှာအမူအရာနဲ့ ပတ်ပတ်လည်ကို ကြည့်နေပါတယ်။ “ဒီကောင်တွေ ခေါင်းသုံးလာပြီ”
“ဟမ်”
ကျွန်တော် ဒိုရန်ကြည့်နေတဲ့နေရာကို ကြည့်လိုက်ချိန်မှာ အောက်လမ်းမှော်ဆရာတွေ မန္တန်ကို တစ်ချိန်တည်း ရွတ်နေကြတယ်။
“မြေအောက်ကမ္ဘာရဲ့ ကောင်းချီးပေးခံရသောဝိညာဉ်များ”
“သင်တို့ရဲ့အာဃာတနဲ့ ကြောက်ရွံ့မှုထောင်ချောက်များထဲ ရန်သူကို ပိတ်လှောင်လိုက်ပါ”
“အကြောက်တရားကြောင့် ခြေထောက်တွေ တုန်ယင်နေပါစေ”
“အာဃာတကြောင့် စိတ်ပျက်ပြားပြီး ခွန်အားဆုံးရှုံးပါစေ”
“ဝိညာဉ်တွေ ကင်းမဲ့နေတဲ့ရုပ်သေးရုပ်တွေ ဖြစ်လာလိုက်”
အောက်လမ်းမှော်ဆရာတွေဟာ တစ်ချိန်တည်းအတူတူ မန္တန်ရွတ်နေတာကြောင့် ဒိုရန်လည်း အချိန်မှီ မတားနိုင်တော့ပါ။ မှော်ဆရာတွေဟာ မန္တန်တွေကို တစ်ကြောင်းပြီးတစ်ကြောင်း ပီပီသသရွတ်ဆိုနေပါတယ်။ အဆုံးမှာ မှော်ပညာဟာ အသက်ဝင်လာပါပြီ။
“ပြင်ဆင်ထား”
ကျွန်တော်က ဒိုရန်ရဲ့အင်္ကျီကော်လံကို ဆွဲရင်း ပြောလိုက်တယ်။
“ပြင်ဆင်ထား ဟုတ်လား။ တခုခု လုပ်အုံး”
“နောက်ကျသွားပြီ”
“သောက်ကျိုးနည်းပြီ”
ဝူး .....
ဒိုရန်ရဲ့မျက်နှာကနေ သွေးတွေ စီးကျလာပြီး အနက်ရောင်မြူတွေဟာ ဒိုရန်ကို စတင်ဖုံးလွှမ်းလာနေပြီ။
“မ-မသေနဲ့အုံး။ မင်းသေရင် ငါလည်း အဆုံးသတ်ပြီဟ”
ကျွန်တော်ဟာ ဒိုရန်နဲ့ တစ်လှေထဲစီးနေပြီး ဒိုရန်က ပဲ့ကိုင်သူပါ။ တစ်ယောက်တည်း ကျန်လို့ကတော့ တာဝန်ကျရှုံးပါပြီ။
“အဟွတ်”
ကျွန်တော် အော်ဟစ်နေတုန်း ဒိုရန်ဟာ သွေးချောင်းဆိုးနေပါတယ်။ “လဗြွတ်။ ဒီလိုဖြစ်မယ်ဆို အစကတည်းက မျှော်လင့်ချက်မပေးနဲ့လေ”
ဒီအချိန်မှာ။ ဒိုရန်ဝတ်ထားတဲ့လက်စွပ်ကနေ အစိမ်းရောင်အလင်းတောက်ပလာပြီး ဒိုရန်ကို ဖုံးအုပ်သွားပါတယ်။ ဒိုရန်ကို ကုသပေးနေပုံပါ။
‘ဘာ ဘာတွေဖြစ်နေတာလဲ’
ဒိုရန်ဟာ အံ့အားသင့်နေတဲ့အောက်လမ်းမှော်ဆရာတွေကို မန္တန်အသစ်မရွတ်နိုင်မှီ အလစ်ဖမ်း တိုက်ခိုက်လိုက်ပါတယ်။
“ဒီလက်စွပ်က အထူးပြုလုပ်ထားတာ။ ဒီဟာက ဝတ်ဆင်သူကို ကျိန်စာနဲ့ အဆိပ်ကနေ ကာကွယ်ပေးတယ်။ ဒါပေမဲ့ ပြီးပြည့်စုံတာတော့ မဟုတ်ဘူး။ ထိခိုက်တာ များရင် ပျက်စီးသွားမှာ။ ဒါကြောင့် မှော်ပညာကို တတ်နိုင်သမျှ ရှောင်တာ အကောင်းဆုံးပဲ”
“ဟုတ်တယ်။ ဒိုရန်က လက်စွပ်သေးသေးလေး ဝတ်ထားတယ်”
ဒီလက်စွပ်က မော်ကွန်းအဆင့်မဟုတ်ရင် အဲဒီထက်မြင့်မှာ။ လုလို့ ရလောက်လား။ ကျွန်တော် အကြံထုတ်နေတုန်း ဒိုရန်က ရန်သူတွေကို တိုက်ခိုက်နေပါတယ်။ မှော်အနည်းငယ် ထပ်ထိသွားပေမဲ့ လမ်းကြောင်းပွင့်သွားပါပြီ။
ရှေ့ကနေ ဦးဆောင်နေရင်း မြေအောက်ခန်းအဝင်ဝနားရောက်တော့ ဒိုရန်က ကျွန်တော့်ကို လှမ်းခေါ်လိုက်တယ်။
“လာ”
“ဟုတ်ကဲ့”
ပြောသာ ပြောနေရသာ။ လျှောက်နေတာက လိပ်လို။ အောက်လမ်းမှော်ဆရာတွေက မနွတန်ရွတ်ပြီး တားချင်ပေမဲ့ မရပါ။ ဒိုရန်က မန္တန်ရွတ်သံကြားတာနဲ့ ဓားမြှောင်ပစ်ပြီးသားပါ။
“သခင်မလေး”
ဒိုရန်နဲ့ ကျွန်တော် မြေအောက်ခန်းကို ရောက်နေပါပြီ။ ဒိုရန်ဟာ ယဇ်ပလ္လင်ရဲ့ အလယ်မှာ ချုပ်နှောင်ခံထားရတဲ့ မိန်းမလှလေးကို တွေ့တွေ့ချင်း သူမဆီကို ပြေးသွားတယ်။ ဒါပေမဲ့ သူကျော်ဖြတ်ရမဲ့ လူအုပ်ကြီးရှိနေပါတယ်။ သူတို့တွေဟာ အောက်လမ်းမှော်ပညာရှင်တွေပါ။
ကျွန်တော် သူတို့တွေကို လှောင်ရယ်လိုက်ပါတယ်။ “အမှိုက်ကောင်တွေ။ ငါတို့ကို ယှဉ်နိုင်ဖို့ဆိုရင် ဒီထက်များတဲ့လူတွေ လိုမယ်ကွ။ အခုပဲ၊ ဒိုရန် သူတို့ကို ရှင်းလိုက်”
“ဒါပေါ့”
ဒိုရန်ခေါင်းညိတ်လိုက်ပြီး ဓားမြှောင်နှစ်ချောင်းကို ကစားလိုက်ပါတယ်။ ဒိုရန်လည်း ပင်ပန်းနေပြီဆိုပေမဲ့ ပြိုင်ဘက်အရေအတွက်ဟာ သူ့အတွက် စာမဖွဲ့ပါဘူး။ ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ အောက်လမ်းမှော်ပညာရှင်တွေ သေပြီး မီးခိုးရောင်အငွေ့တွေအဖြစ် ပြောင်းသွားတာကို စိတ်ကူးယဉ်ကြည့်လိုက်တယ်။ တာဝန်အောင်မြင်ဖို့က လက်တကမ်းမှာ ရောက်နေပါပြီ။
“ဝမ် ၃၆၀၀၀၀၀ နဲ့ မြို့စားရဲ့သမီးလေးရေ၊ ငါ့ဆီလာခဲ့တော့”
ဒန်ဒန်ဒန်....
“အမ်...”
မထင်မှတ်ထားတဲ့အရာ ဖြစ်သွားပါတယ်။ ဒိုရန် ပစ်လိုက်တဲ့လက်နက်ပုန်းတွေက လေထဲမှာ ရပ်တန့်ပြီး အောက်ပြုတ်ကျကုန်တာပါ။ ဒိုရန်ကို တားဆီးနိုင်ခဲ့ပါပြီ။
“ဒိုင်းလား”
အောက်လမ်းမှော်ပညာရှင်တွေက ခုခံရေးမှော်ကို အသုံးမပြုနိုင်ပါဘူး။ ဒုတိယအဆင့် အောက်လမ်းမှော်ပညာရှင် ဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော် စိတ်ရှုပ်ထွေးသွားချိန်မှာ ငယ်ရွယ်ပုံရတဲ့အမျိုးသမီးတစ်ယောက် အောက်လမ်းမှော်ပညာရှင်တွေ ကြားကနေ လမ်းလျှောက်လာပါတယ်။ သူမဟာ ပြိုင်ဘက်ကင်းအလှပိုင်ရှင်ဖြစ်ပြီး ကျက်သရေရှိတဲ့အလှပါ။ သူမကို မြင့်မြတ်တဲ့အငွေ့အသတ်တွေ လွှမ်းခြုံထားပါတယ်။
တနည်းနည်းနဲ့ သူမကို ရင်းနှီးနေပါတယ်။ သူမနာမည်ကို စစ်ဆေးကြည့်လိုက်ချိန်မှာ ကျွန်တော် ထိတ်လန့်သွားပါပြီ။
‘သွေးစုန်းမ’
သွေးစုန်းမ၊ အိုင်ဒီ - ယူရာ။
အောက်လမ်းမှော်ဆရာအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်ဖြစ်တဲ့ ကိုရီးယားကစားသမားပါ။ အဆင့်ဇယားမှာလည်း နံပါတ် ၅ ပါ။ သူမရဲ့ အလှကြောင့်ရော ဂိမ်းဆော့ရာမှာ ထူးချွန်မှုကြောင့် တီဗီမှာ ခဏခဏဖော်ပြခြင်းခံရတဲ့ ကျော်ကြားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ။
ယူရာဟာ ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ရှေ့ဆန့်ထုတ်လိုက်ပါတယ်။ “တောင်းပန်ပါတယ်။ ဒါပေမဲ့ မင်းကို ဒီယဇ်ပူဇော်ပွဲကို ဖျက်ဆီးခွင့်မပေးနိုင်ဘူး”
ဘုန်း...
အနီရောင်မီးတောက်ဓားဟာ ယူရာရဲ့လက်မှာ ထွက်လာပါတယ်။ အဲဒီဓားမှာ ရက်စက်ကြမ်းကြုတ်တဲ့အော်ရာတွေ ထွက်နေတယ်။ အောက်လမ်းမှော်ဆရာတွေမှာ တိုက်ခိုက်ရေးမှော်ပညာ များများစားစားမရှိပေမဲ့ သူမဟာ ရှိတဲ့ဟာလေးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနေတာပါ။ သူမရဲ့မီးတောက်ဓားဟာ ကျွန်တော့်အသက်ကို ခြိမ်းခြောက်နေပါတယ်။
‘ဒီအထိရောက်လာပြီးမှ ငါ သေတော့မှာလား’
ဘာလို့ သူမက ဒီကို ရောက်နေရတာလဲ။ မီးတောက်တွေ ကျွန်တော့်ကို ဖုံးလွှမ်းသွားတာနဲ့ အသိပေးစာဝင်းဒိုး ပေါ်လာပါတယ်။
[သင် မှော်ပညာကြောင့် ထိခိုက်မှုအကြီးကြီးခံလိုက်ရသည်]
[ဒဏ္ဍာရီလာတစ်ယောက်ဟာ လွယ်လွယ်ကူကူ မသေနိုင်ပါ။ အသက်အမှတ်အနိမ့်ဆုံးသို့ ရောက်သွားသောကြောင့် သင်ဟာ တိုက်ခိုက်မှုအားလုံးကို ငါးစက္ကန့်ကြာ ခံနိုင်ရည်ရှိမည်]
ကျွန်တော့်မှာ အခု အသက်အမှတ်က ၁ ပဲကျန်ပါတော့တယ်။ ကျွန်တော့်မှာ ခေါင်းစဉ်သက်ရောက်မှုရှိသေးတာကို မေ့နေတာပါ။ ကျွန်တော် အခု အင်မော်တယ်ခန္ဓာကိုယ်ကို ယာယီ ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ မှော်နဲ့ ထိပြီးတာတောင် ကျွန်တော်အသက်ရှင်နေသေးတာကို မြင်တော့ ယူရာလည်း စိတ်ရှုပ်ထွေးနေပါတယ်။
“Critical ထသွားတာ သေချာပါတယ်... ရှင်ဝတ်ထားတဲ့ပစ္စည်းတွေနဲ့ဆို အခုမှ ရှင့်အဆင့်က ၈၀ ဝန်းကျင်လောက်ပါပဲ။ ဒါကို ကျွန်မရဲ့မှော်နဲ့ထိသွားတာတောင် ဘာမှမဖြစ်တာလဲ”
ဒိုရန်က တန်ပြန်တိုက်ခိုက်နေတာကြောင့် ယူရာဟာ အောက်လမ်းမှော်ဆရာတွေ နောက်မှာ ပုန်းနေရင်း ကျွန်တော့်ကို မေးလိုက်တာပါ။ သူမဟာ တီဗီမှာ အမြဲတမ်း ချိုသာတဲ့ အပြုံးလေးပြုံးပြနေပေမဲ့ လက်ရှိ ယူရာရဲ့ပြာယာခတ်နေတဲ့ပုံစံကို မြင်ဖူးတာ ကျွန်တော်တစ်ယောက်ထဲပဲလို့ ထင်ပါတယ်။
ကျွန်တော် ရှေ့ကို တရှိန်ထိုးပြေးသွားရင်း ဒိုရန်ကို လှမ်းအော်လိုက်တယ်။ “မြန်မြန်အဆုံးသတ်ကြစို့။ ငါးစက္ကန့်အတွင်းမှာ အပြီးသတ်ကြရအောင်။ ကျွန်တော် သူတို့ရဲ့တိုက်ခိုက်မှုတွေကို ခန္ဓာကိုယ်သုံးပြီး ကာကွယ်ပေးမယ်။ ဒီအချိန်မှာ ခင်ဗျားကသတ်။ ခင်ဗျားလုပ်နိုင်မယ် ဆိုတာကို ယုံကြည်တယ်၊ ဒိုရန်။ ကျွန်တော့်ရဲ့နတ်ဘုရား”
ယူရာအပါအဝင် အောက်လမ်းမှော်ဆရာတွေက မှော်နဲ့ ကျွန်တော့်ကို တရစပ်တိုက်ခိုက်နေပါတယ်။ ဒါကြောင့် ဒိုရန်က လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်နေတာပေါ့။ အကောင်းဆုံး တွဲဖက်ပါပဲ။
‘ဟုတ်တယ်။ တိုက်စမ်းပါ။ ဘယ်လောက်ပဲတိုက်တိုက် ငါက မသေနိုင်ဘူးကွ’
ယူရာက ကျွန်တော့်ကို ကျိန်စာတွေရော တိုက်ခိုက်ရေးမှော်နဲ့ပါ တိုက်ခိုက်နေချိန်မှာ ဒိုရန်က ကျွန်တော်ဖောက်ပေးတဲ့ လမ်းကြောင်းအတိုင်း လိုက်လာပြီး အောက်လမ်းမှော်ဆရာတွေကို မုန်တိုင်းလို မွှေနှောက်သတ်ဖြတ်ပစ်ပါတယ်။ ငါးစက္ကန့် ပြည့်သွားပါပြီ။ ဒီအချိန်မှာ ဒိုရန်က ကျွန်တော့်နောက်ကျောကို တက်နင်းပြီး ယူနာဆီ ခုန်လိုက်တယ်။
အခြေအနေတွေက ရှုပ်ထွေးနေပေမဲ့ ယူရာက ဒိုရန်တိုက်ခိုက်တာကို ကာနိုင်ခဲ့ပါတယ်။ တခြားတစ်ဖက်မှာလည်း ဒိုရန်ရဲ့ အမြန်နှုန်းက မြင့်တက်လာပါတယ်။
‘ငါတို့ နိုင်နိုင်တယ်’
နေပါအုံး၊ သူ ငါ့နောက်ကျောကို တက်နင်းသွားသလားလို့...
[သင်သေသွားပါပြီ]
“......?”
အမ်။ ဟမ်။ ကျွန်တော် လက်မခံနိုင်ပေမဲ့ အမှန်တရားက ရက်စက်လွန်းပါတယ်။ အသိပေးစာပေါ်လာချိန်မှာ ကျွန်တော်လည်း မီးခိုးရောင်အငွေ့ပြောင်းသွားပါပြီ။
[တာဝန် ကျဆုံးသွားပါသည်]
[အဆင့်နှစ်ဆင့် ကျဆင်းသွားသည်]
[သင်၏ ယခု အဆင့်မှာ -3 ဖြစ်သည်]
[၂၄ နာရီအတွင်း ၂ ကြိမ်သေခဲ့သောကြောင့် စနစ်မှ သင့်ကို ဂိမ်းဝင်ရောက်ခွင့် ၁၂ နာရီ ပိတ်ပင်လိုက်သည်]
ဟက်။ ဒီလိုပဲ အဆုံးသတ်တော့မှာလား။ ကျွန်တော်က ဒိုရန်တိုက်ခိုက်နေတာကို ကြည့်နေတာလား... မဟုတ်ပါဘူး၊ ကျွန်တော် နောက်ဆုံးအချိန်ထိ ကြည့်နေခဲ့တာက အဲဒီသောက်ကျိုးနည်းသွေးစုန်းမကိုပါ။