← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အပိုင်း (၁၁) အိုင်တမ် ‘ကျရှုံး’ ကို ဒီဇိုင်းဆွဲပြီ

[အိုင်တမ်ကို ဒီဇိုင်းဆွဲပေးပါ]

အပြာရောင်ဒီဇိုင်းစာရွက်အလွတ်က ကျွန်တော့်ရှေ့မှာ ပေါ်လာတာပေါ့။

‘ငါမှ ဒီဇိုင်းမဆွဲဖူးတာ။ ဘယ်လိုဆွဲရမှာတုန်း’

ဘယ်လိုဒီဇိုင်းဆွဲရမှာလဲ ကျွန်တော်မသိဘူး။ အနည်းဆုံးတော့ တင့်ကားတို့ ဂျက်လေယာဉ်တို့ထက်စာရင် ဓားဒီဇိုင်းဆွဲရာတာက လွယ်တာပေါ့။ ဘယ်လိုပုံထွက်လာ ထွက်လာအရေးမကြီးဘူး မဟုတ်လား။ ကျွန်တော် အပြာရောင်ဒီဇိုင်းစာရွက်ပေါ်မှာ လက်ချောင်းနဲ့ ပုံစဆွဲနေပြီ။ စနစ်ရဲ့ ပြုပြင်ပေးတဲ့စနစ်နဲ့ဆိုရင်တော့ ပုံလှလှလေး ထွက်လာမှာပါ။

‘လန်းလန်းလေး လုပ်ရမယ်’

အရင်ဆုံး ဓားသွားအရှည်က ၂ မီတာလောက် ပြီးတော့ အကျယ်က ၈၀ စင်တီမီတာဆိုရပြီ။ လက်ကိုင်အရှည်ကို ၄၀ စင်တီမီတာ ထားလိုက်မယ်။

“ဒီလိုဓားပုံစံက အပြင်မှာ ရှိတာပဲ...”

အကြံကုန်မှ ကျွန်တော်လည်း ပုံဆွဲတာကို ရပ်တော့တယ်။ ဘာပြင်အုံးမလဲ။ ကျွန်တော် ဓားသွားကို ဓားမောက်ရှည်လိုမျိုး ကွေးလိုက်တယ်။ အရှည်ကို ၃ မီတာအထိချဲ့လိုက်ပြီ။

“ဒီလောက်ဆို အဆင်ပြေလောက်ပြီ မဟုတ်လား”

ထွက်လာတဲ့ပုံကို သဘောကျတယ်။ ဓားပုံစံက ဓားကောက်ရှည်ရှည်နဲ့ လက်ကိုင်တိုတိုပုံစံ။ တချိန်တည်းမှာပဲ ဓားအကြီးကြီးလို လေးတယ်။

‘ငမန်းပုံစံနဲ့ တူရမယ်။ ဓားသွားက ငမန်းဆူးတောင်ပုံစံနဲ့ လက်ကိုင်ကတော့ အမြီးပုံစံတူရမယ်’

ကျွန်တော် ဒီဇိုင်းကို ပြန်ကြည့်တယ်။

‘ငါတော့ ခေတ်ဆန်ဆန်လေးနဲ့ လန်းလန်းလေး လုပ်နိုင်ခဲ့ပြီ ထင်တယ်’

ဓားပုံစံက ရေကူးနေတဲ့ ငမန်းတကောင်လိုပဲ။ ကျွန်တော်သာ ဓားကို ကိုင်ပြီးပတ်သွားခဲ့ရင် လူတွေ ဒီကောင် ငမန်းကို ကိုင်ပြီးပတ်သွားနေတာလားဆိုပြီး ရှော့ခ်ရသွားနိုင်ပါတယ်။

‘ဒီဇိုင်းဆွဲတဲ့နေရာမှာ ပါရမီပါလားမသိဘူး။ ဒါပေမဲ့ အကြွေးတွေ အကုန်ဆပ်နိုင်ဖို့ဆိုရင် ဒီဇိုင်းကို ကျွမ်းကျင်ရမယ်’

စိတ်ကျေနပ်ပြီ။ ဒါကြောင့် ‘OK’ ဆိုတဲ့ အပြာရောင်ဒီဇိုင်းစာရွက်အောက်ဆုံးက ခလုတ်လေးကို နှိပ်လိုက်တယ်။

[သေချာပါပြီလား။ အပြာရောင်ဒီဇိုင်းစာရွက်ထုတ်ခြင်း အောင်မြင်သွားပါက ဖန်တီးခြင်းစွမ်းရည်တွင် ကျန်ရှိသည့်နံပါတ်တစ်ခုလျော့သွားပါမည်]

“လုပ်မယ်”

ကျွန်တော် ပြန်ဖြေလိုက်တာနဲ့ နံပါတ်တွေနဲ့ ဘာသာစကားတွေ ပြောင်းကုန်သွားတယ်။ ပုံစံကိုကြည့်ရတာက တွက်ချက်နေတဲ့အတိုင်းပါပဲ။ ကြည့်ရတာ စနစ်က ဒီဇိုင်းမှာ လိုအပ်နေတဲ့ အပိုင်းလေးတွေကို တွက်ချက်ပြီး မွမ်းမံပေးနေပုံပေါ်တယ်။ တခဏကြာပြီးနောက်မှာတော့ ဒီဇိုင်းအချောက ပေါ်လာပြီ။ ပန်းပဲအသုံးအနှုန်းတွေ အများကြီးနဲ့ နံပါတ်တွေ အပြာရောင်ဒီဇိုင်းစာရွက်မှာ ပြည့်သိပ်နေပါတယ်။

“အမ်”

ထူးဆန်းတာက ဒီပန်းပဲအသုံးအနှုန်းတွေနဲ့ နံပါတ်တွေကို ကျွန်တော် လုံးဝ နားလည်နေတယ်။ ဒီဇိုင်းက အပြစ်ရှာလို့ မရအောင် ပြီးပြည့်စုံလိုက်တာ။ အံ့ဩဖို့ကောင်းလိုက်တဲ့ဒီဇိုင်း။ အိုင်တမ်ဒီဇိုင်းဆွဲတာကို အရင်က တခါမှ မသင်ယူဖူးပေမဲ့ အလိုလိုနားလည်နေတယ်။

‘ဇာတ်ကောင်စွမ်းရည်လား’

ကျွန်တော့်ခံစားချက်တွေ အရမ်းကောင်းနေတယ်။ ကိုယ့်ကိုယ်ကို တကယ့်ပန်းပဲပညာရှင်လို ခံစားနေရပြီ။ အသိပေးစာ ထပ်ပေါ်လာပါတယ်။

[ကျေးဇူးပြုပြီး အိုင်တမ်စွမ်းရည်ကို သတ်မှတ်ပေးပါ]

“အရေးအကြီးဆုံး အပိုင်းကျန်သေးတာပဲ”

ကျွန်တော် စိတ်လှုပ်ရှားနေပါပြီ။

“ တော်တော်ကောင်းတဲ့ လက်နက်ဖြစ်ရမယ်။ တိုက်ခိုက်စွမ်းအားက တစ်မီလီယံလောက်....မဟုတ်သေးဘူး၊ ဆယ်မီလီယံကျော်ကျော်လောက် ပြီးတော့ အလေးချိန်က တစ်ပဲ။ အဆင့်လိုအပ်ချက်မရှိရဘူး။ စွမ်းရည်က တိုက်ခိုက်မှုတိုင်း မှာရန်သူဆီကနေ အသက်စုပ်ယူမယ်။ ဓားကို တချက်လောက်လွှဲလိုက်တိုင်း ဥက္ကာခဲတွေပါ ကြွေကျလာရမယ်။ ရန်သူရဲ့ ကာကွယ်မှုကို လျစ်လျူရှုပြီး တချက်ခုတ်လိုက်တာနဲ့ ရန်သူသေရင် ပိုကောင်းတာပေါ့။ ဒီလောက်ဆိုရင် ဒီဓားနဲ့ နဂါးကိုတောင် သတ်လို့ရပြီမလား”

[မဖြစ်နိုင်ပါ။ အိုင်တမ် ၏ စွမ်းရည်နှင့် စွမ်းအားများက အလွန်အမင်းများပြားနေပါသည်။ အသုံးပြုထားသော ဒီဇိုင်း၊ သတ္တုနှင့် သရုပ်ဖော်ပုံကို မူတည်၍ စွမ်းရည်နှင့် စွမ်းအားများကို ပြောင်းလဲ၍ ဖြစ်နိုင်သောဒီဇိုင်းကို ပြင်ဆင်ပေးမည်]

ဆိုးလိုက်တာ…

“ဓားကြီးပေမဲ့ ပုံမှန်မဟုတ်တဲ့ ပုံစံကြောင့် ဖြတ်တောက်နိုင်တဲ့ အားကောင်းတယ်လေ။ ဂုဏ်အယူရဆုံးအပိုင်းကို ပြောရမယ်ဆိုရင် ငမန်းတောင်ပံနဲ့ တူတဲ့အပိုင်းက မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုတွေကို လုပ်လို့ရတယ်။ အပြာရောင်အော်ရီချယ်ကန်သတ္တုက ပေါ့ပြီး မာတယ်လို့ပဲ သိထားတာ။ တခြားသက်ရောက်မှုတွေကို မသိပေမဲ့... ထားလိုက်ပါ... အရေးမှမကြီးတာ”

ရုတ်တရက်ပဲ ကျွန်တော့်ခေါင်းကို နောက်ကနေ တူနဲ့ ထုသလို ပူထူသွားတယ်။ နေအုံး၊ ငါဒီဇိုင်းကို အပြာရောင်အော်ရီချယ်ကန်နဲ့ ဆွဲမယ်ဆိုရင် အိုင်တမ် လုပ်တဲ့အခါ အဲဒီသတ္တုလိုမှာ မဟုတ်လား။

ကျွန်တော် ငိုရမလား ရယ်ရမလားမသိတဲ့ခံစားချက်ဖြစ်နေတယ်။

အဆင့်၂၀၀ ဘော့စ်မွန်းစတားကနေ ကျတဲ့သတ္တုကို ငါ့ရဲ့ မိုင်းနက်စ်အဆင့်နဲ့ ဘယ်လို အမဲလိုက်ရမှာလဲ။ ဝယ်မယ်ဆိုတော့လည်း ပစ္စည်းသေးသေးလေးတစ်ခုတောင် ဈေးက မိုးထိုးနေတယ်။ ဒီဇိုင်းရှိပြီး အိုင်တမ် လုပ်မရရင် ဘယ်လိုလုပ် အသုံးဝင်မှာလဲ။

“ပယ်ဖျက်မယ်။ စွမ်းရည်ဖျက်မယ်။ အကုန်လုံးရှင်းလိုက်”

[ကစားသမား၏ ဖန်တီးမှုစွမ်းရည်မှ ရနိုင်သော အပြာရောင်ဒီဇိုင်းစာရွက်အား အသုံးပြုပြီးဖြစ်သည်။ စွမ်းရည်အား ပယ်ဖျက်ချင်ပါက အသုံးပြုပြီးသော အကြိမ်အရေအတွက်အား ပြန်လည်ဖြည့်ဆည်းပေးမည် မဟုတ်ပါ။ ပယ်ဖျက်အုံးမည်လား]

“မလုပ်တော့ဘူး…”

ဆိုးလိုက်တာကွာ။ စွမ်းရည်ကို သေသေချာချာလေ့လာပြီးမှပဲ စမ်းသပ်ကြည့်သင့်တယ်။

[အိုင်တမ် နာမည်ပေးပါ]

“သောက်ကျိုးနည်း....”

[‘သောက်ကျိုးနည်း....’ ဟု နာမည်ပေးမည်လား]

“အဓိပ္ပာယ်မရှိတာ မပြောပါနဲ့။ ခဏစောင့်အုံး။ ဘာ နာမည်ပေးရမှာလဲ”

နာမည်ကို အလုပ်ရှုပ်ခံပြီး မတွေးတော့ပါဘူး။

“ကျရှုံး”

[ကျရှုံးဟု နာမည်ပေးပါမည်လား]

“အင်း”

ပထမဆုံးလုပ်တဲ့ မအောင်မြင်မှုကို အမှတ်ရနေအောင် ဒီနာမည်ကို ပေးသင့်တယ်။ ဒါပေမဲ့ ဖန်တီးခြင်းစွမ်းရည်ရဲ့ ရနိုင်တဲ့ အရေအတွက်တွေ လျော့သွားတာတော့ နှမျောဖို့ကောင်းတယ်။

[ကျရှုံး]

အဆင့်- ပြိုင်ဘက်ကင်း~ဒဏ္ဍာရီလာ

ပြိုင်ဘက်ကင်းအဆင့် အချက်အလက်

ခံနိုင်ရည်: 699/699

တိုက်ခိုက်စွမ်းအား : 733~1,621 ခုခံမှု: 50

* ပေါ့ပါးမှု +30

*ရန်သူ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့နိုင်ရန် ဖြစ်နိုင်ခြေအနည်းငယ်ရှိ

* ‘ငါးခါဆက်တိုက် တိုက်ခိုက်ခြင်း’ စွမ်းရည်ပွင့်ရန် ဖြစ်နိုင်ခြေရှိ

* ‘ဖြတ်တောက်ခြင်း’ စွမ်းရည်ပွင့်ရန် မြင့်မားသော ဖြစ်နိုင်ခြေရှိ

* အဆင့် 20 ထက်မြင့်သော ရန်သူနှင့် 20 အောက်နိမ့်တဲ့ ကစားသမားများကို ‘ကြောက်ရွံ့’ စိတ်သက်ရောက်မှုရှိ

* အမှောင်ထု ဖုံးလွှမ်းသောနေရာများတွင် တိုက်ခိုက်မှုစွမ်းအား 20 ရာခိုင်နှုန်းတိုးမည်

ဒဏ္ဍာရီလာအဆင့် အချက်အလက်

ခံနိုင်ရည်: 1090/1090

တိုက်ခိုက်စွမ်းအား : 874~1820 ခုခံမှု: 80

* ပေါ့ပါးမှု +50

*ရန်သူ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့နိုင်ရန် ဖြစ်နိုင်ခြေအနည်းငယ်ရှိ

* ‘ငါးခါဆက်တိုက် တိုက်ခိုက်ခြင်း’ စွမ်းရည်ပွင့်ရန် ဖြစ်နိုင်ခြေရှိ

* ‘ဖြတ်တောက်ခြင်း’ စွမ်းရည်ပွင့်ရန် မြင့်မားသော ဖြစ်နိုင်ခြေရှိ

* ‘ထက်ဝက်ပိုင်းခြင်း’ စွမ်းရည်ကို ဖန်တီးမည်။

* အဆင့် 20 ထက်မြင့်သော ရန်သူနှင့် 20 အောက်နိမ့်တဲ့ ကစားသမားများကို ‘ကြောက်ရွံ့’ စိတ်သက်ရောက်မှုရှိ

* အမှောင်ထု ဖုံးလွှမ်းသောနေရာများတွင် တိုက်ခိုက်မှုစွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းတိုးမည်

ဒဏ္ဍာရီလာ တစ်ယောက်ဖြစ်လာမဲ့ သူ၏ ဒီဇိုင်းဖြစ်ပါသည်။အိုင်တမ် ၏ ပြိုင်ဘက်ကင်းပုံသဏ္ဌာန်ကြောင့် ဖြတ်တောက်သော စွမ်းရည်ကောင်းမွန်မည့်အပြင် ဓားသည် ပင်လယ်မှာ ကျက်စားတဲ့ ငမန်းနဲ့တူပြီး ရန်သူတွေကို ကြောက်ရွံ့မှုခံစားရအောင် လုပ်ပေးနိုင်ပါသည်။ ဓားသွားမှ ထွက်နေတဲ့ ဆူးတောင်ကဲ့သို့ အခုံးလေးက ခုခံစွမ်းရည်ကို မြှင့်တင်ပေးမည်။

ပေါ့ပါးသည့် အပြာရောင်အော်ရီချယ်ကန်များကို သတ္တုအနေနဲ့ သုံးထားသောကြောင့် တိုက်ခိုက်အမြန်နှုန်းမကျတော့သည့်အပြင် အပြာရောင် အော်ရီချယ်ကန်ရဲ့ သဘာဝကြောင့် ဓားသည် ညအမှောင်တွင် ပို၍ အစွမ်းထက်လာမည်။

အသုံးပြုရန် ကန့်သတ်ချက်- အဆင့် 300 နှင့် အထက်။ ခွန်အား 5000 ထက်ကျော်ရမည်

ဓားပညာကျွမ်းကျင်အဆင့် 8 နဲ့ အထက်။

အလေးချိန်- 550

“ဟူးရေး...”

အံ့ဩစရာပဲ။ ဒါက လက်နက်တွေရဲ့ သခင်လို့ပြောရမှာ။ ကမ္ဘာပေါ်မှာ တခုတည်းသော အိုင်တမ် ။ ဒီ အိုင်တမ်ကို ကျွန်တော် ဖန်တီးနိုင်ခဲ့တာကို မယုံနိုင်သေးဘူး။

“ပိုက်ဆံအများကြီးရမှာ မဟုတ်လား”

ချမ်းသာတော့မယ်။ အပြာရောင်အော်ရီချယ်ကန်ကို ဝယ်လိုက်လို့ ပိုပြီးအကြွေးတင်မယ်ဆိုရင်တောင် ဒီ ‘ကျရှုံး’ အိုင်တမ် ကို ဖန်တီးနိုင်တာနဲ့ လဲလှယ်တဲ့ ဝက်ဆိုက်ပေါ်တင်လိုက်မယ်။ ဒါဆို ဈေးက ဒုံးကျည်လို ထောင်တက်သွားပြီး အကြွေးတွေ ဆပ်ပြီးတာတောင် ပိုက်ဆံတွေ အများကြီးကျန်အုံးမှာ။

အစစ်အမှန်ကို ဒဏ္ဍာရီလာပန်းပဲဆရာပဲ။ ငါ့ရဲ့ ရွှေဥဥပေးတဲ့ ငန်းလေးရေ။

“အမ်...”

အသုံးပြုရန် လိုအပ်တဲ့ အခြေအနေကို ဖတ်လိုက်မိတာနဲ့ ပျော်ရွှင်နေတဲ့ ခံစားချက်တွေ ကြက်ပျောက်ဌက်ပျောက် ပျောက်သွားပါတယ်။

“အဆင့် ၃၀၀ တောင်လိုတာလား”

အရင်နှစ်ရက်တုန်းက ကမ္ဘာ့နံပါတ်တစ်တောင် အဆင့် ၂၅၀ လောက်ပဲရှိသေးတာလေ။

‘လိုအပ်တာက ၃၀၀ တဲ့’

နောက်ထပ် ပြဿနာတွေရှိသေးတယ်။

“ခွန်အား ၅၀၀၀ တောင်”

အဆင့်တစ်ခါတိုးတိုင်း အညွှန်းကိန်းမှတ် ၁၀ မှတ်ရပါတယ်။ လူတစ်ယောက်က သူတို့အမှတ်တွေကို ခွန်အားကိုပဲ ထည့်ရင်တောင် အဆင့် ၃၀၀ မှာတောင် အမှတ် ၅၀၀၀ မပြည့်နိုင်ပါ။

‘ဇာတ်ကောင်က အပိုခွန်အားပေးမယ်ဆိုရင်တောင် ဘယ်အရူးက အမှတ်တွေအားလုံးကို ခွန်အားထဲပဲ ထည့်မှာလဲ’

ဓားကျွမ်းကျင်အဆင့်ရှစ်။ လောလောဆယ်တော့ ကမ္ဘာ့နံပါတ်တစ်ပန်းပဲဆရာတောင် အလယ်အလတ်အဆင့်ပဲ ရှိသေးတာဆိုတော့ တခြားလူတွေ မပြောတော့နဲ့။

ဒီဓားကို လောလောဆယ် ဘယ်သူမှ မသုံးနိုင်သေးဘူး။ ရောင်းမယ်ဆိုရင် ဘယ်သူမှ ဝယ်မှာမဟုတ်ပါ။ ကျွန်တော့်ရဲ့ ရွှေရောင်အိပ်မက်လေးတွေ တစစီပြိုကွဲသွားပါပြီ။ တကယ်ပဲ ကျရှုံးတာပါပဲ။

“ငါ တောက်ပရမဲ့ အချိန်တွေ မရှိတော့ဘူးလား။ ချီးပဲ”

ကျွန်တော် စိတ်မသက်မသာဖြစ်နေပါတယ်။ နောက်အခါ အိုင်တမ် ဖန်တီးရင်တော့ အသုံးပြုရန်လိုအပ်ချက်ကို လျော့နိုင်သလောက် လျော့ရမှာပေါ့။

‘အမှားရှိတော့ အမှန်တွေ့ပြီ’

Satisfy က တစ်ကမ္ဘာလုံးရဲ့ အသည်းနှလုံးကို လွယ်လွယ်နဲ့ ဖမ်းစားနိုင်ခဲ့တာ မဟုတ်ဘူး။ ‘ကျရှုံး’ လိုမျိုး အိုင်တမ် က အမဲလိုက်တာကနေ ကျလာမှာ မဟုတ်ပါ။ ဒီလို အိုင်တမ်တွေက လုံလောက်တဲ့ သတ္တုနဲ့ နည်းစနစ်မှန်မှန်နဲ့ လုပ်မှရတဲ့ အိုင်တမ် တွေပါ။ စနစ်က ဂိမ်းဟန်ချက်ကို ထိန်းညှိဖို့အတွက် အိုင်တမ် တွေကို အသုံးပြုရန်လိုအပ်သောအခြေအနေဆိုတဲ့အရာနဲ့

ကန့်သတ်ထားတယ်။

‘ဒါကို လက်ခံလို့ ရပါတယ်။ ဒါကြောင့် ဖန်တီးတဲ့ စွမ်းရည်တွေက ပိုပြီးတော့ အရေးပါသွားတာပေါ့’

ဖန်တီးခြင်းစွမ်းရည်က အကန့်အသတ်နဲ့ဆိုတော့ သတိနဲ့ သုံးရမယ်။ ဒါကြောင့် ကျွန်တော် ဖန်တီးခြင်းစွမ်းရည်ကို ခဏချိတ်ပိတ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီစွမ်းရည်က ငွေတွေအများကြီးရဖို့နဲ့ အကြွေးဆပ်နိုင်ဖို့ မျှော်လင့်ချက်။ မဖြုန်းတီးသင့်ဘူး။ ခက်ခဲတဲ့ တာဝန်တွေနဲ့ သန်မာတဲ့ ရန်သူတွေနဲ့ တွေ့ရင်တော့ ဝှက်ဖဲအဖြစ် သုံးလို့ရတာပေါ့။

‘ဒီဖန်တီးတဲ့စွမ်းရည်က ငါ့အတွက်ပဲ။ သေရင်းရှင်ရေးအခြေအနေဖြစ်လာရင် ဖန်တီးထားတဲ့ အိုင်တမ် နဲ့ ကပ်ဘေးတွေကို ရင်ဆိုင်လို့ရတယ်’

ရိုးရှင်းတဲ့ ဥပမာအနေနဲ့ ဘော့စ်မွန်းစတားက မီးထိခိုက်မှုပေးတဲ့ အကောင်ဆို ကြိုပြီးတော့ မီးဒဏ်ခံနိုင်တဲ့ အိုင်တမ် တွေလုပ်ပြီး ဝတ်သွားလို့ရတာပေါ့။

ရောင်းဖို့မဟုတ်တဲ့ အိုင်တမ် တွေအတွက်တော့ အသုံးပြုဖို့ အခြေအနေကို စိတ်ပူစရာမလိုပါဘူး။ ပက်မာရဲ့ ဆက်ခံသူကပေးတဲ့ ဘယ်အိုင်တမ် ကို မဆိုဝတ်လို့ရတဲ့ အားသာချက်ကြီးရှိတာကြောင့် ‘ကျရှုံး’လိုမျိုး ပုံမှန်မဟုတ်တဲ့ အိုင်တမ် တွေ ဖန်တီးပြီး ဝတ်လို့ ပြစ်ဒဏ်ခံရရင်တောင်မှ ကျန်တဲ့ အိုင်တမ် တွေထက် ပိုပြီးတော့ စွမ်းအားကြီးသေးတာပဲ။

‘ကျရှုံး’ ကိုဘယ်လိုလုပ်ရမလဲ လေ့လာကြည့်လိုက်တော့ လိုအပ်တဲ့ဟာတွေက အပြာရောင်အော်ရီချယ်ကန်သတ္တုရိုင်း ၁၅ တုံး။

‘လက်ကိုင်ကိုတောင်မှပဲ အပြာရောင်အော်ရီချယ်ကန်နဲ့ လုပ်ရမှာတဲ့... သတ္တုကို မေးတုန်းက ဘာလို့များ အော်ရီချယ်ကန်ကိုပဲ ထည့်လိုက်မိတာလဲ။ တခြားသတ္တုတွေကိုပါ ပေါင်းစပ်ပြီးသုံးရင် အပြာရောင်အော်ရီချယ်ကန်ပမာဏ တော်တော်လျော့သွားမှာ’

ကျွန်တော် ကျရှုံးရဲ့ အစစ်အမှန်စွမ်းရည်ကို သိပါတယ်။ နည်းမှန်လမ်းမှန်နဲ့သာ အသုံးချရင် ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတွေနဲ့ ကမ္ဘာတစ်ခွင် ဖိန့်ဖိန့်တုန်အောင် ကိုင်လှုပ်နိုင်မှာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ အပြာရောင်အော်ရီချယ်ကန်ကို ရဖို့မဖြစ်နိုင်သေးပါဘူး။

‘မဟုတ်သေးဘူး၊ နေအုံး။ သစ်တောစောင့်ရှောက်သူရိတ်ဒ်ပါတီမှာ ငါပါလို့ရတာပဲ။ သူတို့ပြောတာတော့ အဆင့်က အရေးမကြီးဘူးတဲ့’

ကျွန်တော် မြို့လယ်ခေါင်မှာ လူခေါ်နေတဲ့ ရိတ်ဒ်ပါတီကို သတိပြန်ရခဲ့ပါတယ်။ ထို့နောက် ID ‘တိုဘန်’လို့ပေးထားတဲ့ အသားမဲမဲနဲ့ လူဆီကို လမ်းလျှောက်သွားခဲ့တယ်။

“ကျွန်တော်လည်း ပါတီကို ဝင်ချင်တယ်”

အပိုင်း (၁၂) ဒေါသထွက်သွားသောပါတီအဖွဲ့ဝင်များ

အခုမှမလုပ်ရင်၊ အနာဂတ်မှာ ဘယ်အချိန်မှ သစ်တောစောင့်ရှောက်သူရိတ်ဒ်ကို လုပ်ဖြစ်မလဲဆိုတာကို ကျွန်တော်လည်း မသိပါဘူး။

“ကျွန်တော် ပါတီကို ဝင်လို့ရမလား”

ကျွန်တော် ပါတီထဲ ဝင်ခွင့်ရအောင်လုပ်မယ်။ ပြီးတော့ လွတ်သွားတဲ့ သစ်တောစောင့်ရှောက်သူတွေကို သတ်ပြီး ကျလာတဲ့ အပြာရောင်အော်ရီချယ်ကန်တွေကို ကောက်။ တခြားအဖွဲ့ဝင်တွေကတော့ သေသေရှင်ရှင် အရေးမှမကြီးတာ။

‘ဘာပဲဖြစ်ဖြစ် ငါသေသွားရင်တောင် အတွေ့အကြုံအမှတ်မကျဘူး’

ကံအရမ်းဆိုးရင်တော့ မားမွန်ရဲ့ ဓားရှည်နဲ့ မေဂယ်လ်ရဲ့ သတ္တုသံချပ်ကာကျသွားမှာပေါ့။ ဒါပေမဲ့ အခွင့်အရေးကို အရယူနိုင်ခဲ့ရင် အပြာရောင်အော်ရီချယ်ကန်ကို ရနိုင်တယ်။ ဒါကြောင့် ကျွန်တော် စိတ်အားထက်သန်မှုတွေအပြည့်နဲ့ တိုဘန်ကို ကြည့်လိုက်တယ်။

အခု ကျွန်တော့်ပုံစံက အတော်လေး အရှက်မရှိပုံ ပေါက်နေပါတယ်လို့ ထင်တယ်။ တိုဘန်က စိတ်ရှုပ်နေတဲ့အမူအရာနဲ့..

“မင်းရဲ့အဆင့်က ဘယ်လောက်လဲ”

“ဘာဖြစ်လို့လဲ။ အကိုပြောတာတော့ ဇာတ်ကောင်နဲ့ အဆင့်က အရေးမကြီးဘူးဆို"

“ငါအရင်က အဲဒီလိုပြောခဲ့တာ ဟုတ်တယ်၊ ဒါပေမဲ့... မမျှော်လင့်ထားတဲ့ ပါတီအဖွဲ့ဝင်တွေပါ ရောက်လာတော့ ဒါကြောင့် ငါက အခု အဆင့် ၁၂၀ အထက်မှာ ရှိတဲ့လူတွေကိုပဲ ရှာနေတာ၊ မြင့်မြတ်သန့်စင်တဲ့ မှော်ပညာ မဟုတ်ရင် မှော်ဆရာပေါ့။ မင်းလည်း သိချင်သိမှာပေါ့၊ သစ်တောရဲ့ ကာကွယ်စောင့်ရှောက်သူတွေက သတ္တုခန္ဓာကိုယ်ပိုင်ရှင်တွေလေ၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက အသုံးမဝင်ဘူး”

တိုဘန်ဟာ ကျွန်တော့်ရဲ့ဓားရှည်ကို မယုံကြည်တဲ့ အကြည့်မျိုးနဲ့ ကြည့်နေတယ်။ အကြည့်အရတော့ ကျွန်တော့်ကို ပါတီထဲပေးမဝင်ဘူးလို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားပုံပဲ။

‘အဲဒီအချိန်တုန်းက ဘယ်အဆင့်နဲ့ ဇာတ်ကောင်ကိုမဆို လက်ခံတယ်လို့ သူတို့ မပြောခဲ့သင့်ဘူး’

ငါ အလျော့ပေးသင့်လား။ မပေးဘူး၊ အပြာရောင်အော်ရီချယ်ကန်အကြောင်းကို တွေးမိလိုက်ရင် အရှုံးပေးဖို့ ပိုတောင် မဖြစ်နိုင်တော့ဘူး။ ပါတီထဲ ဝင်ကိုဝင်ရမယ်။

“ကျွန်တော့်ကို လက်ခံပေးပါ။ ကျွန်တော့်ကြောင့် ခရီးမဖင့်စေရပါဘူး”

“မင်းအဆင့်က ဘယ်လောက်လဲ”

ကျွန်တော့်အဆင့်က မိုင်းနက်စ်သုံး၊ ဒါပေမဲ့ မားမွန်ဓားရှည်နဲ့ မေဂယ်လ်ရဲ့သတ္တုသံချပ်ကာနဲ့ဆိုရင် စွမ်းအားက အဆင့် ၃၀ မှာရှိတယ်။ ဒါပေမဲ့ အဆင့် ၃၀ ပါလို့ ပြောလိုက်ရင်... တန်းကို ကန်ထုတ်ခံရမှာ။

“၃၀...မဟုတ်ဘူး၊ မိုင်းနက်စ်...မဟုတ်သေးဘူး၊ ပလပ်စ် ၁၀၀”

“၃၀ မိုင်းနက်စ်၊ ပလပ်စ် ၁၀၀”

"မဟုတ်ဘူး ~ မဟုတ်။ ဒီတိုင်း ၁၀၀"

ကျွန်တော် အက်ရှာရဲ့တာဝန်ကို လုပ်ခဲ့တုန်းကတောင် အဆင့် ၁၀၀ နား မကပ်သေးပါဘူး။ နောက်ထပ်တကြိမ် ထပ်ကြိုးစားကြည့်မယ်။ ကျွန်တော်ပါတီကို ဝင်တာက တိုက်ခိုက်ဖို့ ရည်ရွယ်တာမဟုတ်ဘူးလေ။ ဒီအတိုင်း ကောက်စားလုပ်ချင်တာ။

"ငါသေချာသာ ဂရုတစိုက်လုပ်ရင်၊ လိမ်ထားတဲ့ အဆင့်အကြောင်း သူတို့သတိထားမိမှာ မဟုတ်ဘူး'

တိုဘန်ဟာ သူရဲ့မျက်နှာပေါ်မှာ စိုးရိမ်နေတဲ့အမူအရာကို ထုတ်ပြခဲ့ပါတယ်။

“မင်းရဲ့ လက်နက်က ဓားရှည်မဟုတ်လား။ ဒီဓားက အဆင့် ၆၅ ပတ်လည်ပဲ ရှိမှာ။ မင်းရဲ့ လက်နက်က မော်ကွန်းအဆင့် ဖြစ်နေရင်တောင် အဆင့် ၁၀၀ အတွက်က.... တကယ်ရော အဆင့် ၁၀၀ ဟုတ်ရဲ့လား”

“ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ မားမွန်ဓားရှည်က ခွန်အားကို ငါးမှတ်တိုးပေးတယ်လေ။ ဒီတော့ ဆက်သုံးလို့ ရနေတာပေါ့”

ကျွန်တော် ရုပ်တည်ကြီးနဲ့ လိမ်လိုက်ပါတယ်။ အိုင်တမ် တွေက သက်ရောက်မှုကို တိုးပေးတဲ့ စွမ်းရည်ရှိရင်တောင်မှ ပုံပန်းသဏ္ဌာန်တွေက ပြောင်းလဲမှုမရှိဘူးလေ။ ဒီတော့ မားမွန်ဓားရှည်က ဘာအမှတ်မှ မတိုးပေးပေမဲ့ ငါးမှတ်တိုးပေးတယ်လို့ ညာလို့ရတာပေါ့။

ဒါပေမဲ့ သူ့ကို လွယ်လွယ်နဲ့ လှိမ့်လို့မရပါဘူး။

“မားမွန်ဓားရှည်က ငါးမှတ်တိုးပေးရင်တောင်မှ၊ အဆင့် ၁၀၀ အတွက်သုံးဖို့က... ပြီးတော့ မင်းရဲ့ သံချပ်ကာက အဆင့် ၁၀၀ ကစားသမားတွေအတွက် သင့်တော်တဲ့ အိုင်တမ် မဟုတ်တော့ဘူး။ ဒါတွေဖယ်လိုက်ရင်တောင် ဘယ်မှာလဲ။ ဖိနပ်၊ သတ္တုလက်အိပ်နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ”

ဘိုတန်ပြောတာက လုံးဝကို မှန်ကန်ခဲ့ပါတယ်။ လောလောဆယ် ဝတ်ထားတဲ့ မက်ဂယ်လ်ရဲ့ သတ္တုသံချပ်ကာက အဆင့် ၆၀ ပဲရှိသေးတာ။ ကျွန်တော့်ရဲ့ ဦးထုပ်၊ ဖိနပ်တွေ၊ လက်အိတ်တွေနဲ့ တခြားပစ္စည်းတွေက လွန်ခဲ့တဲ့ သုံးလက တာဝန်မှာ အကုန်လုံးကုန်သွားပြီလေ....

‘ငါ့ရဲ့ အသွေးအသားလို အဖိုးတန် အိုင်တမ် လေးတွေ...’

ဖိနပ်နဲ့ သတ္တုလက်အိတ်က ခံနိုင်ရည်အမှတ်ထက် ကျော်သွားလို့ ပျက်စီးသွားတာပါ။ အခြားပစ္စည်းတွေနဲ့ ခေါင်းဆောင်းကတော့ ကံမကောင်းစွာနဲ့ပဲ သေတဲ့နေရာမှာ ပစ္စည်းကျသွားခဲ့တာပါ။

ကျွန်တော် အတိတ်ကို ပြန်လည်တွေးတောနေခဲ့ချိန်မှာ တိုဘန်က ကျွန်တော့်ကို သံသယဖြစ်နေတဲ့ အကြည့်နဲ့ ကြည့်နေတယ်။

“လက်နက်တွေကို ကျွမ်းကျင်တဲ့ ကျွန်တော့်လို လူတွေက သံချပ်ကာနဲ့ တခြားအပိုပစ္စည်းတွေကို ဆောင်ထားစရာ မလိုဘူးလေ။ တကယ်ဆို ကျွန်တောက် ချပ်ဝတ်တောင် အမဲလိုက်ထွက်ရင် ဘယ်တုန်းကမှ မဝတ်ခဲ့ဘူး။ ဓားရှည်တချောင်းနဲ့ပဲ အမဲလိုက်ထွက်ခဲ့တာ”

ကျွမ်းကျင်တာကို နောက်တစ်မျိုးပြောရရင်တော့ ကျွန်တော့်ကို ထိခိုက်အောင် မလုပ်နိုင်တာပါ။ ဒီအကြောင်း ကျွန်တော် တီဗီမှာ တွေ့ခဲ့တာပါ။ သူတို့တွေက မွန်းစတားတွေတိုက်ခိုက်တဲ့အခါ မွန်းစတားရဲ့ အားအပြည့်နဲ့ တိုက်ခိုက်မှုတွေကို လှလှပပနဲ့ ရှောင်ပြခဲ့တာပေါ့။

ဒါပေမဲ့ အခုတော့ ကျွန်တော် ပါတီထဲကို ဝင်နိုင်ဖို့အတွက် တိုဘန်က ကျွန်တော့်ကို အထင်ကြီးအောင် လုပ်နိုင်ဖို့လိုပါတယ်။ ဒါကြောင့်လည်း ကြားဖူးနားဝရှိထားတဲ့ ဟာကို ကိုးကားပြီး အထင်ကြီးအောင် လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ အကြီးဆုံးအမှားဖြစ်သွားပါတယ်။ လေးလံတဲ့ သံချပ်ကာ ဝတ်စုံအပြည့်နဲ့ ဒိုင်းကာပါကိုင်ထားတဲ့ တိုဘန်ရဲ့ ခန္ဓာကိုယ်ဟာ ဒေါသကြောင့် ကတုန်ကရင်ဖြစ်နေပါပြီ။

“ဟို....ဒီတော့ သံချပ်ကာဝတ်တဲ့ လူတွေက အရည်အချင်းမရှိဘူးလို့ ပြောချင်တာ မဟုတ်လား”

သူဟာ ပြုံးနေခဲ့ပါတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေက အေးစက်တဲ့ အလင်းတွေ တောက်ပလို့နေခဲ့ပါတယ်။ သူဟာ အမှန်တကယ်ကို ဒေါသထွက်နေခဲ့တာပါ။ နောက်ထပ်ပြဿနာက တခြားပါတီအဖွဲ့ဝင်တွေကလည်း ဒေါသထွက်သွားတဲ့ အမူအရာတွေ ပြလာခဲ့ပါတယ်။

“မင်းလေသံက ချပ်ဝတ်နဲ့ အပိုအသက်ကယ်ပစ္စည်းတွေ သုံးတာက မကောင်းဘူးလို့ ပြောချင်တာလား”

“သူပြောလိုက်တာက၊ သူဘယ်တော့မှ ချပ်ဝတ်မဝတ်ဘူးတဲ့”

“ချပ်ဝတ်နဲ့ အသက်ကယ်ပစ္စည်းတွေက အပိုတွေ လုပ်နေတာလား။ မင်းပြောတဲ့အတိုင်းဆို ငါတို့က လွှင့်ပစ်သင့်တာပေါ့...”

ကျွန်တော်လည်း စကားကို ထေ့ငေါ့ပြောနေတဲ့ ဒေါသထွက်နေသော လူအုပ်ကြီးကို ဖြောင်းဖြဖို့ ကြိုးစားခဲ့ပါတယ်။

“ကျွန်တော် ပြောချင်တဲ့အဓိပ္ပာယ်က အဲဒီလိုမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်က အရာရာကိုအဆိုးမြင်တဲ့ လူတယောက်လည်းမဟုတ်ဘူး၊ ဘာလို့ ခုခံတဲ့ဘက်မှာ ဂရုစိုက်မှုနည်းလဲဆိုတာကို ရှင်းပြချင်ရုံလေးပါ”

“ဘယ်လိုပဲဖြစ်ဖြစ် မင်းအဆင့်က ငါ့ထက်နိမ့်တယ်ဆိုရင်တောင် ငါ့တိုက်ခိုက်မှုတွေက အသုံးမဝင်ဘူးပြောချင်တာ မဟုတ်လား”

ဆံပင်တွေ ရှုပ်ပွနေပြီး လူရိုင်းပုံစံပေါက်နေတဲ့ လူတယောက်က ဒေါသတကြီးနဲ့ အော်လိုက်တယ်။ သူဟာ တောက်ပနေတဲ့ ပုဆိန်နှစ်လက်၊ သံချပ်ကာ နဲ့ တော်တော်ကောင်းမွန်တဲ့ အိုင်တမ် ကို အသုံးပြုထားပါတယ်။ ဒီလူက အဆင့်မြင့်ကစားသမားတစ်ယောက်ပါ။ သူက တခြားလူတွေထက် ပိုဒေါသထွက်နေပုံ ပေါက်ပါတယ်။

“ဂရစ်မဟုတ်လား။ ဒါက မင်းနဲ့ငါ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပေါ့။ မင်း၊ ဒီနားပတ်လည်က အမဲလိုက်မြေတွေမှာ အမဲမလိုက်ဖူးဘူးမဟုတ်လား။ ငါကတော့ ဒီနယ်မြေမှာ ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ မွန်းစတားတွေ ကျက်စားလည်းဆိုတာကို သိတယ်။ မင်းချပ်ဝတ်မပါဘဲ အမဲလိုက်နိုင်တာကို ယုံကြည်မှုအပြည့်နဲ့ လာကြွားလုံးထုတ်နေတာလား”

တခြားပါတီအဖွဲ့ဝင်တွေလည်း ခေါင်းညိတ်ခဲ့ကြပါတယ်။

“သူပြောတဲ့ စကားတွေအရဆိုရင် သူကဒီနယ်မြေကို ခုမှရောက်ဖူးတာ ဖြစ်ရမယ်”

“မင်းတို့တွေ အရင်က ဂရစ်လို့ခေါ်တဲ့ တယောက်ကို မြင်ဖူးလား”

“ငါတော့ သူ့ကို အမဲလိုက်နယ်မြေအနီးအနားမှာတောင် မမြင်ဖူးဘူး။ မင်းရော မြင်ဖူးလား”

“ရိုးရိုးသားသားပြောရရင်၊ ဒီကောင်က ဖွတ်ကျားပဲ...ငါတော့ ဒီကောင့်အဆင့်က ၁၀၀ တောင် ရှိမယ်မထင်ဘူး”

“အခု ဒီကောင့်ကို ကြည့်ရတာ၊ တယောက်တည်း အမဲလိုက်ထွက်ပြီးတော့ အိုင်တမ် တွေကျခဲ့တာထင်တယ်။ ဒီကောင် ဆုံးရှုံးစရာမရှိတော့ဘူးဆိုပြီး ကောက်စားလုပ်မလို့ ပါတီကို ဝင်ချင်တာလားမသိဘူး။ ဒီတော့....”

လေထုဟာ စတင်ပြီး ဆိုးရွားလာပါတယ်။

‘ပါးနပ်လိုက်တဲ့လူတွေ....အခုဘယ်လိုလုပ်ရမလဲ။ ငါ ပါတီကို မဝင်သင့်တော့ဘူးလား’

ကျွန်တော် စတင်ပြီ စိတ်ရှုပ်ထွေးလာခဲ့ပါတယ်... ရွှေရောင်ဆံပင်နဲ့ အပေါ်ပိုင်းအင်္ကျီမဝတ်ထားတဲ့ လူဟာပေါ်လာပြီး တားမြစ်လိုက်ပါတယ်။

“အားလုံးပဲ ရပ်လိုက်ကြ”

ပါတီအဖွဲ့ဝင်တွေဟာ ဒီလူရောက်လာတာနဲ့ စိတ်လှုပ်ရှားတဲ့ အမူအရာတွေ ပြလာခဲ့ကြပါတယ်။

“သိုင်းပညာရှင် အဆင့်ဇယားမှာ နံပါတ်တစ်ချိတ်တဲ့ ရီဂက်စ်”

“အိုင်တမ်တွေနဲ့ အဆင့်တင်တာတောင် ခက်နေတဲ့အချိန်မှာ သူက အိုင်တမ် မပါဘဲ အဆင့် ၁၈၀ အထိ တင်နိုင်ခဲ့တယ်”

“သူ့ရဲ့ နာမည်ပြောင်က တိုင်ကွမ်မာစတာ။ သူရဲ့ လက်သီးချက်တွေက လူအုပ်တအုပ်တောင် အပျောက်ရှင်းနိုင်တယ်ဆိုတာ အမှန်ပဲလား”

“သူတကယ်ကို ရောက်လာတာပဲ....ငါ တကယ်ကို ပါတီဝင်လိုက်တာ မှန်သွားတာပဲ။ သိုင်းပညာရှင်တွေက ကာကွယ်တာကို လျစ်လျူရှုပြီး အားနည်းချက်ကို တိုက်ခိုက်နိုင်တယ်လေ။ ဒီနည်းစနစ်က သစ်တောရဲ့ အစောင့်အရှောက်တွေကို ထိခိုက်မှုကြီးကြီးပေးနိုင်တယ် မဟုတ်လား”

ရီဂက်စ်က ကျွန်တော့်မျက်လုံးကို ကြည့်လိုက်ပြီး ကျွန်တော့်ဆီကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာခဲ့ပါတယ်။ “ဓားရှည်က နှေးတယ်ဆိုပေမဲ့ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုတွေရှိတယ်။ ဒီတော့ တိုက်ပွဲအတောအတွင်းမှာ ရှောင်ရှားတဲ့လှုပ်ရှားမှုတွေ လုပ်ရတာမလွယ်ဘူး။ ဒါကြောင့် မင်းသာ ချပ်ဝတ်မပါပဲနဲ့ အမဲလိုက်ထွက်နိုင်ခဲ့ရင် တကယ်ကို အံ့အားသင့်စရာကောင်းတာပဲ”

ရီဂက်စ်ဟာ ကြည့်ကောင်းပြီးတော့ ကျစ်လျစ်တဲ့ စံပြကြွက်သားတွေကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ဇာတ်ကောင်သဘာဝကြောင့် အမျိုးသမီးတွေကြားမှာကျော်ကြားပါတယ်။ သူ့ရဲ့ ကြွက်သားတွေ ကြောင့်လည်းပါတာပေါ့။ ကျွန်တော့်အနား သူရောက်လာတဲ့အခါ ပထမဆုံးတွေးမိတာက တော်တော်ကြည့်ကောင်းတဲ့ လူပဲဆိုပြီးတော့ပါ။ သူ့ဘေးနားမှာ ရပ်နေရတာကိုက ပြည်ကြီးငါးတကောင်လို ခံစားလာရပါတယ်။

ကျွန်တော့်ရဲ့ ဗီဇကိုက ကြည့်ကောင်းတဲ့လူတွေကို မုန်းတီးတာဆိုတော့။ ဒီတော့ ကျွန်တော် ရှင်းရှင်းဘွင်းဘွင်းပဲ ပြန်ဖြေလိုက်တယ်။ “ဒီလောက်ကြီးလဲ မဟုတ်ပါဘူး”

“ဟို၊ ဒါက ကိစ္စကြီးမဟုတ်ဘူးလား...ကြည့်ရတာ ငါတော့မင်းကို လျှော့တွက်မိသွားတဲ့ ပုံစံပဲ။ မင်းရဲ့ အမိုက်စားစွမ်းရည်တွေကို မြင်ခွင့်ရဖို့ကိုတောင် မစောင့်နိုင်တော့ဘူး”

ရီဂက်စ်က တခြားလူတွေကို အော်ပြောတယ်။ “ဒီလူကလည်း ပါတီကို ဝင်ချင်တယ်လို့ ပြောတယ်။ အစကတည်းက ပါတီမှာ ဇာတ်ကောင်နဲ့ အဆင့်အကန့်အသတ်မရှိဘူးလေ။ တချို့အဖွဲ့ဝင်တွေတောင် အဆင့် ၉၀ အောက်ဆိုတော့။ ဒါကြောင့် ငါတော့ အဆင့် ၁၀၀ ကစားသမားနောက်တစ်ယောက် ထပ်လက်ခံလည်း ပြဿနာရှိမယ်လို့ မထင်ဘူး”

“ဒါပေမဲ့....”

လူတွေက ငြင်းပယ်ချင်တဲ့ အမူအရာတွေပြနေဆဲမို့လို့ ရီဂက်စ်က ထပ်ပြောတယ်။

“မင်းတို့တွေလည်း သိကြမှာပါ၊ အဆင့် ၁၇၀ ဒါမှမဟုတ်ရင် အဆင့်မြင့်ကစားသမားတွေသာ သစ်တောရဲ့ စောင့်ရှောက်သူတွေကို ကောင်းကောင်းတိုက်ခိုက်နိုင်တာကိုပေါ့။ မဟုတ်ရင် ဘာလို့ သစ်တောရဲ့ စောင့်ရှောက်သူတွေကို တိုက်ခိုက်ဖို့အတွက် ကန့်သတ်ချက်မရှိဘဲ လူတွေအများကြီးစုတာလဲ။ ဒီလူတွေက စောင့်ရှောက်သူတွေ ဆင့်ခေါ်ထားတဲ့ ဂိုလမ်လ်တွေကို တားဆီးပေးထားဖို့ပဲ။ စောင့်ရှောက်သူတွေကိုတော့ တိုဘန်နဲ့ ဗန်နာ အပါအဝင် ငါနဲ့ ငါ့ရဲ့အစည်းအရုံးက အဖွဲ့ဝင် ၁၇ ယောက်က ရင်ဆိုင်မယ်။ မင်းတို့ကိုတော့ စောင့်ရှောက်သူတွေ ဆင့်ခေါ်တဲ့ သလင်းကျောက်ဂိုလမ်တွေကို တားဆီးပေးထားဖို့ တောင်းဆိုတယ်။ ဒါမှ ငါတို့ အာရုံစူးစိုက်ပြီးတော့ တိုက်ခိုက်နိုင်မှာပေါ့။ ဒီနေရာမှာ ဂရစ်ရဲ့ စွမ်းရည်က အထောက်အပံ့ကြီးကြီးမားမားရမယ်လို့ ငါထင်တယ်”

“……”

“သူကလည်း ပါတီကို ဝင်ချင်တယ်လေ၊ ဒါကို ဘာကြောင့်များ ငါတို့ သူ့ကို ငြင်းသင့်တာလဲ။ မင်းတို့ သူ့ကိုသံသယဝင်တာဆိုတာကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ သူ့ကိုသက်သေပြခွင့်လေး မပေးသင့်ဘူးလား”

ဒီအကြံပြုချက်ဟာ လူတွေစတင်လက်ခံလာနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ ရီဂက်စ် စကားစပြောခဲ့လိုက်တာနဲ့ ပါတီအဖွဲ့ဝင်တွေက ကျွန်တော့်ကို လက်ခံချင်တဲ့ ပုံတွေပြလာပါတယ်။ ဒါပေမဲ့ သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေကြတုန်းပါ။

“သူ့ရဲ့စွမ်းရည် ဘယ်လောက်ကောင်းလဲ ကြည့်ကြည့်ရအောင်”

“သူတိုက်ခိုက်တာကို ကြည့်ကြရအောင်...ဒါမှ ငါတို့သူက လိမ်နေတာ ဟုတ်လား ဒါမှမဟုတ်ရင် မဟုတ်ဘူးလားဆိုတာကို သိမှာပေါ့”

“သူက တိုက်ခိုက်မှုတွေမှာ ချပ်ဝတ်မဝတ်ဘူးလို့ ပြောခဲ့တယ်မလား။ ဒီတော့ သူကဒီရိတ်ဒ်မှာ အခုဝတ်ထားတဲ့ချပ်ဝတ်ကို ချွတ်ထားရမှာပေါ့”

“ငါသူ့ကို နီးနီးကပ်ကပ် စောင့်ကြည့်နေမယ်”

ပါတီဟာ ပြင်းထန်တဲ့ ရန်လိုစိတ်တွေနဲ့ ပြည့်နှက်လာပါတယ်။ အခု သစ်တောရဲ့ စောင့်ရှောက်သူရိတ်ဒ်ပါတီ မဟုတ်တော့ပါဘူး၊ ဒါပေမဲ့ ဂရစ်ဒ် ရိတ်ဒ်ပါတီဖြစ်သွားပါပြီ။

‘ငါ ဒီပါတီကို ဝင်လို့မရတော့ဘူး’

အခုသာ ကျွန်တော်ပါတီကို ဝင်လိုက်ရင် သူတို့ရဲ့ရှေ့ဆုံးကနေ တိုက်ခိုက်ပေးနေရလိမ့်မယ်။ အဆင့် မိုင်းနက်စ်သုံး ကစားသမားလေး သစ်တောစောင့်ရှောက်သူတွေနဲ့ အပြာရောင်အော်ရီချယ်ကန်တွေကို မတွေ့ခင်မှာပဲ ကြွသွားမှာ အသေအချာပဲ။ ပြီးတော့ အရှက်ပါ ကွဲအုံးမယ်။

“ရပြီ။ ငါပါတီကို မဝင်တော့ဘူး” ကျွန်တော် နောက်ကို ပြန်လှည့်လိုက်ပါတယ်၊ ဒါက သက်လတ်ပိုင်းလူကြီးကို ဟားတိုက်ရယ်မောစေခဲ့တာပေါ့။

“မင်းလိမ်နေတာ ပေါ်သွားမှာ စိုးလို့မဟုတ်လား”

အောင်မြင်ချင်ရင် လူတွေကို လျစ်လျူရှုနိုင်ရမယ်။ ဒါပေမဲ့ သူ့ရဲ့စကားတွေက မှန်ကန်နေတာကြောင့် ကျွန်တော်သူ့ကို ဒေါသမထွက်မိပါဘူး။

ကျွန်တော် အေးစက်စက်လေသံနဲ့ ပြန်ပြောခဲ့တယ်။ “ငါ့ကိုမယုံကြည်တဲ့လူတွေရဲ့ပါတီကို ဝင်ရတာက ကောင်းတဲ့အကြံမဟုတ်ဘူးလေ”

အမှန်တကယ်တော့ ပါတီအဖွဲ့ဝင်တွေက အချင်းချင်းယုံကြည်သင့်ပါတယ်။ ဒါမှပဲ သူတို့နောက်ကျောကို စိတ်ချလက်ချထားနိုင်မှာပေါ့။

“ဟုတ်တယ်... သူ့စကားက မှန်တယ်”

“သေချာစဉ်းစားကြည့်ရင် ငါတို့သူ့ကို အဆုံးထိ တွန်းပို့မိသွားတာပဲ”

“သဘောတူတယ်။ သူပြောတာက အမှန်ပဲလားလို့မသိပေမဲ့ ငါတိတ်တိတ်နေခဲ့သင့်တယ်”

“ဟုတ်တယ်။ တကယ်တော့ ငါတို့က မကောင်းတာကို တူတူလုပ်ခဲ့မိကြတာမဟုတ်လား။ ငါတော့ စိတ်မကောင်းဘူးကွာ”

ကျွန်တော်က ပါတီအဖွဲ့ဝင်တွေနား ကြာကြာမနေနေတော့ဘဲ ဒီနေရာကနေ ထွက်ခွာခဲ့ပါတော့တယ်။ ရီဂက်စ်ဟာ ကျွန်တော့်နောက်ကို လိုက်လာခဲ့တယ်။

“ဘာကိစ္စရှိသေးလို့လဲ”

ကျွန်တော် အေးစက်စက်တုံ့ပြန်လိုက်ပါတယ်။ ဒါပေမဲ့ ရီဂက်စ်က ငြင်သာတဲ့ အပြုံးနဲ့ လက်ဆွဲနှုတ်ဆက်ပြီး မေးမြန်းခဲ့တယ်လေ။

“ မင်းကို ငါနောက်တကြိမ်ထပ်တွေ့ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်၊ ချပ်ဝတ်ကို အသုံးမပြုတဲ့ ဓားရှည်စစ်သည်။ သိုင်းပညာလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ လူတယောက်အနေနဲ့ ငါ မင်းကို အရမ်းစိတ်ဝင်စားတယ်”

သူကျွန်တော့်ကို စိတ်ဝင်စားနေခဲ့တာကို သံသယမရှိခဲ့ပါဘူး။ သူ့ရဲ့ရိုးသားမှုတွေပြည့်နှက်နေတဲ့ မျက်လုံးတွေကို ကြည့်ခဲ့မိတာနဲ့ အလိမ်အညာပြောခဲ့တာလို့ ကျွန်တော် မတွေးမိတာပါ။

ကျွန်တော်သူ့ကို လက်ဆွဲနှုတ်ဆက်ခဲ့ရင်းနဲ့ တွေးမိတယ်။

‘ဘာကြောင့်များ သူ ဒီလောက်ရိုးသားနေရတာလဲ”

သူက လူကောင်းတယောက်ဖြစ်ပါတယ်။ တနေ့နေ့ကျွန်တော့်မှာ အခွင့်အရေးရခဲ့ရင် သူ့ဆီကနေ ပိုက်ဆံချေးဖို့အတွက် သူငယ်ချင်းဖြစ်အောင်လုပ်မယ်။

“အဲ့ဒီတော့ ကံဆုံရင် ထပ်တွေ့ကြတာပေါ့”

ပိုက်ဆံယူဖို့ ပြန်တွေ့ကြတာ....မဟုတ်ပါဘူး၊ ချေးမလို့ ပြန်တွေ့တာပေါ့။ ဒါကြောင့် ကျွန်တော်ရီဂက်စ်ကို အပြုံးကြီးကြီးနဲ့ နှုတ်ဆက်စကားပြောခဲ့ပြီး ပန်းပဲဖိုဆီ တည့်တည့်ဉီးတည်သွားလိုက်ပါတယ်။

All Chapters