← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အပိုင်း (၁၃) NPC ပန်းပဲဆရာ စမစ်

ကျွန်တော့်မှာ ရွှေ ၃ ပြားနဲ့ ငွေ ၁၁ပြားပဲရှိတယ်။ ရထားလုံးဌားချင်ရင် ပိုက်ဆံရဖို့ အိုင်တမ်တွေလုပ်ပြီး လူတွေကို ရောင်းရမှာ။ ပိုက်ဆံလုံလုံလောက်လောက်စုမိတာနဲ့ ချက်ချင်း အပြာရောင်အော်ရီချယ်ကန်သတ္တုရိုင်းတချို့ကို ဝယ်နိုင်ပြီး ‘ကျရှုံး’ကိုဖန်တီးရမယ်။ ဒါပေမဲ့ ပိုက်ဆံစုရတာကလည်း မဟူရာမိုးကောင်းကင်ပေါ်က ကြယ်တွေကို ခူးဆွတ်ရသလို ခက်ခဲတယ်လေ။

“အမ်”

ပန်းပဲဖိုမှာ ခြေချမိတဲ့အချိန်

[‘ပန်းပဲဆရာ၏ လက်မှုအတတ်ပညာစွမ်းရည်’ ပညာရှင်အဆင့် ကျွမ်းကျင်မှု၏ သက်ရောက်မှုသည် အသက်ဝင်လာပါသည်။ အလယ်အလတ်အဆင့်လက်မှုအတတ်ပညာစွမ်းရည်ရှိသော ပန်းပဲဆရာ NPC များသည် သင့်အား ရင်းနှီးချစ်ခင်သောစိတ်များ ဖြစ်ပေါ်လာမည်]

[‘ပက်မာ၏ ဆက်ခံသူ’ သက်ရောက်မှု အသက်ဝင်လာပါသည်။ ကျွမ်းကျင်အဆင့်လက်မှုအတတ်ပညာစွမ်းရည်ရှိသော ပန်းပဲဆရာများသည် သင့်အားအသိအမှတ်ပြု၍ လေးစားကြလိမ့်မည်]

ဒါဆို ငါ ထုတ်လုပ်နည်းတွေကို ဂုန်းဆင်းဖို့က ထင်သလောက်မခက်ဘူးပေါ့။

“အဟမ်း”

ပက်မာ၏ ဆက်ခံသူအကြောင်း ရှာဖွေတွေ့ရှိလေလေ ကျွန်တော် ဒီအလုပ်ကို ပိုပြီးသဘောကျလာမိတယ်။ အရင်က ဒီအလုပ်ကို မနှစ်သက်တာက ကုန်ထုတ်နဲ့ ဆိုင်တဲ့အလုပ် ဖြစ်နေလို့။ ဘာပဲဖြစ်ဖြစ် ဒါက တကယ့်ကို ဒဏ္ဍာရီလာအဆင့် အလုပ်အကိုင်ပါ။ ကျွန်တော် ပန်းပဲဖိုထဲကို ပျော်ရွှင်စွာနဲ့ ဝင်သွားတယ်။ ပြီးတော့ မီးလင်းဖိုရှေ့မှာ ချွေးထွက်နေတဲ့ ပန်းပဲဆရာကို ရှာတွေ့ပါတယ်။

“ကျွန်တော် ဈေးကွက်တောင်းဆိုမှုမြင့်မားပြီးတော့ အမြတ်များတဲ့ အိုင်တမ်ကို ပြုလုပ်ချင်တယ်။ ဘယ်အိုင်တမ်က အကောင်းဆုံးလဲဆိုတာ အကြံလေးပေးပါ”

ကျွန်တော် တောက်ပစွာနဲ့ ပန်းပဲဆရာကို ပြုံးပြလိုက်တယ်။

‘ကျွန်တော်က ပန်းပဲဆရာ၏ လက်မှုအတတ်ပညာစွမ်းရည်ကို ပညာရှင်အဆင့်အထိတတ်မြောက်ထားတဲ့ ပက်မာရဲ့ဆက်ခံသူလေ။ ငါ့ကို ရင်းနှီးတဲ့ ခံစားချက်တွေ ဖြစ်လာစမ်း၊ ငါ့ကို အသိအမှတ်ပြုပြီးတော့ ထုတ်လုပ်ရေးနည်းတွေကို လက်လွှဲပေးတော့’

ဒါပေမဲ့ ကျွန်တော့်မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်လို့နေပါတယ်။ အသိအမှတ်ပြုရမဲ့အစား ပန်းပဲဆရာက ကျွန်တော့်ကို အေးစက်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

“ဘာ၊ ကလေးတယောက်က ငါနဲ့ပန်းပဲပညာအကြောင်း ဆွေးနွေးချင်တယ်ပေါ့။ မင်းလို ရိုင်းစိုင်းပြီး အရည်အချင်းမပြည့်တဲ့လူနဲ့ စကားမပြောချင်ဘူး၊ ထွက်သွား”

“……?”

ဒါက NPC တွေရဲ့ အဆင့် ၁ ကစားသမားတွေအပေါ် ဆက်ဆံတဲ့ပုံစံ မဟုတ်လား။

‘သူက ငါ့ကိုအသိအမှတ်မပြုသေးဘူး’

အလယ်အလတ်နဲ့ ကျွမ်းကျင်အဆင့်ပန်းပဲဆရာတွေက ငါ့ကိုချက်ချင်းပဲ အသိအမှတ်ပြုမယ်ဆို၊ ဒါပေမဲ့ ဒီပန်းပဲဆရာကတော့ ဒီလိုမဟုတ်ပါလား။ ဒါဆိုသူက အဆင့်နိမ့်ပန်းပဲဆရာဖြစ်ပြီး အလယ်အလတ်အဆင့်ကိုတောင် မရောက်သေးဘူးပေါ့။

‘အာ ငါတော့ အသုံးမကျတဲ့ လူနဲ့တွေ့ခဲ့တာပဲ’

ကျွန်တော်လည်း နောက်ပန်းပဲဖိုဆီကို သွားချင်တာပေါ့၊ ဒါပေမဲ့ ဒါကဒီရွာမှာရှိတဲ့ တခုတည်းသော ပန်းပဲဖိုဖြစ်နေတာလေ။ ကျွန်တော်က ခုနကပေါ်လာတဲ့ အသိပေးစာကြောင့် လွယ်လွယ်ကူကူပြီးသွားမယ်လို့ ထင်ပေမဲ့ ထင်သလိုမဟုတ်ပါလား။

‘ငါ ဘယ်လောက်ကံဆိုးသလဲဆိုတာကို မေ့သွားခဲ့တာပဲ။ ချီး’

မတတ်နိုင်တော့ပါဘူး။ ချက်ချင်း ကျွန်တော့်ရဲ့ ပန်းပဲဆရာအပေါ် ဆက်ဆံတာနဲ့ စကားပြောဆိုတာက တစ်ရာ့ရှစ်ဆယ်ဒီဂရီလောက် ပြောင်းသွားတယ်။ “ ကျွန်တော်က ဆရာ အလုပ်ကို အစွဲအလမ်းအရမ်းကြီးတယ်ဆိုတာသိတယ်။ ဒါကြောင့် အနှောင့်အယှက်ဖြစ်ပြီး အာရုံစူးစိုက်တာ ပျက်သွားမှာစိုးလို့ပါ။ တကယ်လို့ ကျွန်တော့်လေသံက ရိုင်းစိုင်းသလိုဖြစ်မိသွားရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါရစေ”

“ဟ၊ ငါသိပြီ။ မင်းမှာ ထူးဆန်းတဲ့စရိုက်ရှိတာပဲ”

ပန်းပဲဆရာက ကျွန်တော့်ကို စိတ်ဝင်တစားကြည့်နေခဲ့တယ်။ ကျွန်တော်လည်း ဧည့်ကြိုတယောက်လို တတ်နိုင်သမျှယဉ်ကျေးအောင် ရပ်နေခဲ့ပါတယ်။

“ကျွန်တော်က ဂရစ်ပါ။ ဆရာ့ဆီမှာ အိုင်တမ်ပြုလုပ်နည်းကို သင်ကြားချင်ပါတယ်”

ပန်းပဲဆရာက နှာမှုတ်ခဲ့တယ်။ “ဘာ၊ မင်းကဘယ်သူမဆို အိုင်တမ်ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ပေးနိုင်တယ်လို့ ထင်နေတာလား။ ကလေး မင်းထင်းခွဲတာကနေ အရင်စသင့်တယ်။ ဒါတောင် မလုံလောက်ဘူး။ တကယ်လို့ မင်းသာ ငါ့ဆီကနေ အိုင်တမ်လုပ်နည်းကို စိတ်ရင်းနဲ့ သင်ချင်တာမှန်ရင် အနောက်ကိုသွားပြီး ထင်းခွဲပေး။ အခွင့်အရေးပေးတဲ့အတွက် မင်းတောင် ငါ့ကို ကျေးဇူးတင်သင့်တယ်"

"အဆင့်နိမ့် ပန်းပဲဆရာဆီကနေ မျှော်လင့်ထားတဲ့ အတိုင်းပါပဲလား..."

"ဟမ်၊ မင်းကပြောစရာကျန်နေသေးလို့လား"

“မကျန်တော့ပါဘူးဗျ"

ကျွန်တော်က အခုကို ထွက်ပြေးချင်တဲ့ ခံစားချက်ဖြစ်ခဲ့တယ်။ ကျွန်တော် ဒီရွာမှာ အားကိုးလို့ရတာက ဒီအဆင့်နိမ့်ပန်းပဲဆရာပဲ ရှိပါတယ်။ ကျွန်တော်သာ အိုင်တမ်လုပ်နည်းကို မသင်ရဘဲ ကန်ထုတ်ခံရရင် စားပွဲထိုးလုပ်ရင်လုပ် ဒါမှမဟုတ်ရင် အမဲလိုက်နယ်မြေမှာ လက်တိုလက်တောင်းလုပ်ပြီး ရထားလုံးစီးဖို့ လုံလောက်တဲ့အထိ ပိုက်ဆံစုရမှာပေါ့။

“ကျွန်တော် ထင်းခွဲရမှာပေါ့။ ဘယ်လောက်များများခွဲပေးရမလဲ”

ပန်းပဲဆရာက ကျွန်တော့်ကို ပုဆိန်ဟောင်းတလက်ပေးပြီး ပြောခဲ့တယ်။ “လုပ်နိုင်သလောက်ပဲ လုပ်”

[ထင်းခွဲခြင်း]

ခက်ခဲမှု- E

ပန်းပဲဆရာ စမစ်သည် သင့်ကိုလက်တိုလက်တောင်းအနေဖြင့် ထင်းခွဲခိုင်းခဲ့သည်။ တာဝန်အောင်အောင်မြင်မြင်ဖြင့် ပြီးဆုံးသွားပါက စမစ်သည် သင့်အားယခင်ကထက်ပို၍ ကြည်ဖြူလာမည်။

တာဝန်ပြီးမြောက်ရန် အခြေအနေများ- ထင်းအပိုင်းအစငါးရာ

ဆုလာဘ်- စမစ်နှင့်ရင်းနှီးမှု (+10)၊ အတွေ့အကြုံရမှတ် (+10)၊ ကြေးပြား 20

ပြစ်ဒဏ်- စမစ်နဲ့ ရင်းနှီးမှု (-10 )

‘ဝိုင်း၊ အခုမှပဲ ရိုးရိုးတာဝန်ပေါ်လာတော့တယ်’

အက်ရှာရဲ့ တာဝန်နဲ့ စပြီးကတည်းက ကျွန်တော် S အဆင့်နဲ့ SS အဆင့်တာဝန်တွေပဲ ရနေခဲ့တာကြောင့် အခုလို ပုံမှန်တာဝန်လေးရလိုက်တော့ စိတ်ရှင်းသွားပါတယ်။

‘နောက်အဆင့်တက်ဖို့ ငါက အတွေ့အကြုံအမှတ် ၂၀ လိုတာဆိုတော့.... ဒီတာဝန်ကိုသာ အောင်မြင်ခဲ့ရင် ငါ့ရဲ့ နောက်အဆင့်တက်ဖို့ လိုအပ်တဲ့ အတွေ့အကြုံမှတ်က တစ်ဝက်တိတိပြည့်သွားလိုက်မယ်’

မိုင်းနက်စ် ၃ ဒါမှမဟုတ် မိုင်းနက်စ် ၁ ဖြစ်ဖြစ် အဆင့်တက်ဖို့ လိုအပ်တဲ့ အတွေ့အကြုံမှတ်က အပြောင်းအလဲမရှိပါ။ မိုင်းနက်စ်အဆင့်တွေက အဆင့်တက်ဖို့အတွက် ပုံသေလိုအပ်ချက်က ၂၀ ဖြစ်ပုံပါပဲ။ နောက်တစ်မျိုးပြောရရင် မိုင်းနက်စ်အဆင့်ကို ခက်ခဲမှုနိမ့်တဲ့ တာဝန်အသေးစားလေးတွေနဲ့ တက်အောင်လုပ်လို့ရတယ်။

‘မိုင်းနက်စ်အဆင့်ကနေ လွတ်အောင် ကြိုးစားရမယ်’

ကျွန်တော် အတွေးတွေနဲ့ ပုဆိန်ကို ကိုင်ပြီး အိမ်အနောက်ဘက်ကို သွားလိုက်တယ်။ အိမ်အနောက်မှာပုံထားတဲ့ သစ်တွေတပုံတခေါင်းကြီးကို ကြည့်လိုက်ပြီးတော့ လက်ထဲက ပုဆိန်ကိုကြည့်လိုက်တယ်။ ဒီပုဆိန်က တော်တော်ဟောင်းနေပြီ။ သစ်ခွဲဖို့တောင် သုံးလို့ရနိုင်ပါ့မလား။

‘ပုဆိန်က သစ်ပင်ကိုထိလိုက်တာနဲ့ အစိတ်စိတ်အမြွှာမြွှာကွဲသွားမှာကို ကျွန်တော် တော်တော်လေး စိုးရိမ်နေခဲ့ပါတယ်.... သူ့ပုဆိန်ကွဲသွားရင် စိတ်ဆိုးသွားနိုင်တယ်၊ ဂရုတစိုက်လုပ်ရမှပဲ...’

ကျွန်တော် ‘ဒဏ္ဍာရီလာပန်းပဲဆရာ၏ တန်ဖိုးဖြတ်ခြင်း’ စွမ်းရည်ကို ပုဆိန်ဟောင်းပေါ်မှာ အသုံးပြုလိုက်တယ်။

“သုံးသပ်မယ်”

[ဒဏ္ဍာရီဖြစ်လာမည့် ပန်းပဲဆရာအနေဖြင့် အိုင်တမ်များကို တန်ဖိုးဖြတ်ရာတွင် အကောင်းဆုံမျက်လုံးဖြင့် သုံးသပ်ပါမည်။ အကယ်၍ ပစ်မှတ်ထားသောအိုင်တမ်တွင် ဖုံးကွယ်ထားသောအရာများရှိပါက ရှာတွေ့နိုင်ပါသည်]

[စမစ်၏ ဟောင်းနေသောပုဆိန်]

အဆင့်- ပုံမှန်

ခံနိုင်ရည်- 6/6 တိုက်ခိုက်စွမ်းအား- 4~7

ဤပုဆိန်ကို ပန်းပဲဆရာစမစ်သည် ငယ်ရွယ်စဉ်ကတည်းက အသုံးပြုခဲ့ခြင်းဖြစ်သည်။ လက်ရာကောင်းမွန်၍ ဟောင်းနွမ်းနေသော်လည်း ဖြတ်တောက်နိုင်စွမ်း ကောင်းမွန်ဆဲဖြစ်၏။ ခံနိုင်ရည်မှတ်အားနည်းနေသဖြင့် ပျက်စီးသွားနိုင်သော အန္တရာယ်ရှိသည်။

အလေးချိန်- 40

[ဖုံးကွယ်ထားသောအရာများမရှိပါ]

ဒီပုဆိန်က လက်ရာကောင်းပေမဲ့ အမှန်အတိုင်းပြောရရင် တော်တော်ဟောင်းနေပြီ။ စိတ်ပျက်တာထက် ဖုံးကွယ်ထားတာမရှိလို့ အတော်လေးစိတ်သက်သာရာရမိတယ်။ ကိစ္စတွေ အများကြီးကျော်ဖြတ်လာပြီးတာကြောင့် သာမန်ကိစ္စတွေကိုတောင် မျက်မိမှောက်မိမှာကို ကြောက်သွားတယ်။

[သင်သည် စမစ်၏ ပုဆိန်ဟောင်းလုပ်ရာတွင် သုံးသောသတ္တုများ၊ ထုတ်လုပ်ရေးနည်းစနစ် နှင့်ဖန်တီးသူ၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ခဲ့၏]

[စမစ်၏ ပုဆိန်ဟောင်းအပေါ်သင်၏ နားလည်မှု 100% ပြည့်သွားသည်။ စမစ်၏ ပုဆိန်ဟောင်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်]

[ပုဆိန်ပြုလုပ်နည်းကို သင်ယူလိုက်သည်]

“ငါဒီအတိုင်းပဲ နားလည်မှု ၁၀၀ ရာခိုင်နှုန်း ပြည့်သွားတာပေါ့”

အဆင့်နိမ့်တဲ့ပစ္စည်းတွေကို နားလည်နိုင်စွမ်းအပြည့်ဖြစ်ဖို့ သုံးသပ်လိုက်တာနဲ့ ရပုံပေါ်တယ်။ ဒဏ္ဍာရီလာပန်းပဲဆရာက ပုံမှန်ပုဆိန်လေးကိုတောင် ကြည့်တာနဲ့တင် ထုတ်လုပ်တဲ့နည်းလမ်းမသိဘူးဆိုရင် ဟာသတွေဖြစ်ကုန်မှာပေါ့။

“အသုံးပြုဖို့ ကန့်သတ်ချက်မရှိဘူးဆိုတော့ နားလည်နိုင်စွမ်းတိုးတာက အသုံးဝင်မယ်လို့တော့ မထင်ဘူး။ ပုဆိန်ရဲ့ ထုတ်လုပ်ရေးနည်းလမ်းရတာတော့ အမြတ်ပေါ့”

ကျွန်တော် အသုံးပြုလိုက်တဲ့ အိုင်တမ်က ကန့်သတ်ချက်ထက်ကျော်လွန်နေမှပဲ ပြစ်ဒဏ်က ဖြစ်လာတာပါ။ အိုင်တမ်အပေါ်နားလည်နိုင်စွမ်းက ပြစ်ဒဏ်ကို လျော့ပေါ့ပေးတာနဲ့ တိုက်ရိုက်အချိုးကျတယ်လေ။ စမစ်ရဲ့ ပုဆိန်ဟောင်းကိုသုံးရင် ပြစ်ဒဏ်မခံရဘူး။ ဒီတော့ ၁၀၀ ရာခိုင်နှုန်းနားလည်တာက ထုတ်လုပ်တဲ့နည်းလမ်းသိတာကလွဲရင် ဘာအားသာချက်မှ မရှိတော့ဘူးပေါ့။

ကျွန်တော် ဈာန်ဝင်စားတာတွေလိုလည်း မခံစားမိပါဘူး။ ဒါပေမဲ့ ပုဆိန်ကို ဘေးမှာထားလိုက်ပြီး ထင်းပုံကနေ ထင်းတစ်တုံးဆွဲလိုက်တယ်။ ရှေးဟောင်းရုပ်ရှင်ကားထဲက လူအိုကြီးလို လက်နှစ်ဖက်ကို တံထွေးနဲ့ ထွေးလိုက်ပြီး လက်နှစ်ဖက်ကို ပွတ်တိုက်လိုက်တယ်။

‘ထင်းခွဲတဲ့ အချိန်မှာ ခန္ဓာကိုယ်ခွန်အားမလိုဘူး။ ထောင်ပြီးခွဲလိုက်ရုံပဲ’

ဒါက ကျွန်တော်တနေရာရာကနေ ကြားခဲ့တဲ့ဗဟုသုတပါ။ ဒါပေမဲ့ တိတိကျကျတော့ မသိပါဘူး။ ဒီဟာက ရိုးစင်းတဲ့ ဗဟုသုတလေးပါပဲ။ ဘာပဲဖြစ်ဖြစ် စိုးရိမ်စရာမလိုပါဘူး။ ဓားရှည်နဲ့ မွန်းစတားကို ခုတ်လိုက်သလိုပဲ ထင်းကို ခွဲရမှာမဟုတ်လား။

‘ဒါက ဓားသိုင်းကျွမ်းကျင်မှုကို သစ်ပင်ပေါ်မှာသုံးတာနဲ့တူပါတယ်’

ကျွန်တော် ဘေးမှာမှာထားထားတဲ့ ပုဆိန်ကိုကောက်ယူလိုက်တယ်။ ထင်းခုတ်တော့မဲ့ အချိန်မှာပဲ...အမည်းရောင်လိုင်းထူထူဟာ ထင်းတုံးအလယ်တည့်တည့်နားမှာ ပေါ်လာခဲ့တယ်။

“ဒါလေးက ဘာလဲ”

ထူးဆန်းပါတယ်။ ပုဆိန်ကို လွှတ်ချလိုက်တဲ့အချိန်မှာ အမည်းရောင်လိုင်းလေးပျောက်သွာတာက ဒီမတိုင်ခင်ကျွန်တော်မြင်ခဲ့တာဟာ အလိမ်အညာတခုလို့ ပြောနေသလို ခံစားခဲ့ရပါတယ်။ ကျွန်တော်နောက်တကြိမ်ပုဆိန်ကို ကောက်ယူခဲ့ပါတယ်။ မကြာခင်မှာပဲ အမည်းရောင်လိုင်းလေး ပေါ်လာခဲ့ပြန်ပါတယ်။ ပုဆိန်က ကျွန်တော့်ကို အမည်းရောင်လိုင်းအတိုင်းခုတ်လို့ ပြောနေသလိုခံစားနေခဲ့ရပါတယ်။

“ဒါက တစ်ရာရာခိုင်နှုန်းနားလည်သွားမှုရဲ့ သက်ရောက်မှုပေါ့”

သေတော့မသေချာပေမဲ့ အဓိပ္ပာယ်ရှိတဲ့ ကောက်ချက်ချမှုတခုပါ။ ကျွန်တော်လည်း အမည်းရောင်လိုင်းကို ရှောင်ပြီး ထင်းတုံးအလယ်တည့်တည့်ကို ပုဆိန်နဲ့ခုတ်လိုက်ပါတယ်။

ဘရက်...

ထင်းတုံးရဲ့ တစ်ဝက်မှာရပ်သွားပြီး ထင်းခုတ်တာ ကျရှုံးသွားပါတယ်။ သစ်ခုတ်တာက ကျရှုံးသွားပါပြီ။ အသိပေးစာမှာ ပုဆိန်ရဲ့ခံနိုင်ရည်က တစ်မှတ်လျော့သွားတော့ သတိလစ်တော့မလိုတောင် ဖြစ်သွားပါတယ်။

“အရှက်ကွဲပြီ....”

ကျွန်တော်က ထင်းကိုတောင် မခွဲနိုင်ပါဘူး… ခါတိုင်းလိုပဲ အသုံးမကျတဲ့လူဖြစ်နေဆဲပါ။ ထင်းတုံးမှာ ညှပ်နေတဲ့ပုဆိန်ကို ဆွဲထုတ်နေတဲ့အချိန် ကျွန်တော်မချင့်မရဲဖြစ်နေမိပါတယ်။ ပြီးတော့ တဝက်ကွဲသွားတဲ့ ထင်းတုံးကို ဘေးပို့လိုက်ပြီး ထင်းအသစ်တစ်တုံးဆွဲလိုက်ပါတယ်။

“ဒီအချိန်မှာ...”

ကျွန်တော် အမည်းရောင်လိုင်းကို စိုက်ကြည့်ပြီး ထင်းကိုလွှဲခဲ့ပါတယ်။

တက်ခ်....

လိုင်းထူထူအတိုင်း ပုဆိန်ကထိသွားတာနဲ့ ညင်သာတဲ့အသံဟာ ထွက်ပေါ်လာပါတယ်။ ပြီးတာနဲ့ ပျော်ရွှင်တဲ့ခံစားချက်ကို ခံစားခဲ့ရပါတယ်။ ထင်းတုံးက ဘာခုခံမှုမှမတွေ့ဘဲ ကွဲသွားလို့ပါ။

“အိုး...”

ကျွန်တော် အခုမှပဲ အိုင်တမ်နားလည်နိုင်စွမ်းရဲ့ သက်ရောက်မှုရဲ့ အရေးပါမှုကို နားလည်သွားပါတယ်။

‘ဒါကမှ အိုင်တမ်ကို ထိထိရောက်ရောက်သုံးနိုင်တယ်လို့ ဆိုလိုတာပဲ။ အိုင်တမ်နားလည်နိုင်စွမ်းရဲ့ အကျိုးကျေးဇူးတွေက ပြစ်ဒဏ်တွေကို လျော့ပေးရုံတင်မကဘူး၊ ပြုလုပ်နည်းကိုပါ သင်ကြားပေးတယ်’

ဒီခံစားချက်က အိုင်တမ်က ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတခုဖြစ်သွားသလိုပါပဲ။ ဓားနားလည်မှုကိုသာ တစ်ရာရာခိုင်နှုန်းမြှင့်တင်နိုင်ခဲ့ရင် ဓားကိုလဲ ကိုယ်ပိုင်အစိတ်အပိုင်းတခုလို သုံးနိုင်မှာပေါ့။ အိုင်တမ်နားလည်နိုင်စွမ်းက လက်နက်ပညာရှင်တွေနဲ့ သဘောတရားချင်းအတူတူပဲ။

‘တကယ်လို့ငါသာ အိုင်တမ်တွေအများကြီးကို တစ်ရာရာခိုင်နှုန်းပြည့်သွားရင်…’

ငါ့ကို ဘယ်သူမှ မလွှမ်းမိုးနိုင်တော့ဘူး။ ဂိမ်းသက်တမ်းတစ်နှစ်လောက် ကြာသွားပါပြီ၊ ဒါပေမဲ့ အခုတော့ အဆင့်သတ်မှတ်ချက်ထဲ ဝင်ရောက်နိုင်ဖို့ ဖြစ်နိုင်ခြေရှိလာပါပြီ။

“အိုကေ၊ ပိုက်ဆံတွေမြန်မြန်ရပြီး အကြွေးမြန်မြန်ရှင်းတော့။ ပြီးရင် အိုင်တမ်တွေရဲ့အစွမ်းနဲ့ ငါ ထိပ်တန်းကစားသမားဖြစ်လာတော့မယ်”

ထိပ်တန်းကစားသမားဖြစ်လာခဲ့တာနဲ့ မီဒီယာတွေဆီကနေ ကမ်းလှမ်းမှုတွေရလာတော့မှာ။ သရုပ်ဆောင်ကြေးတွေနဲ့ လူချမ်းသာတယောက်ဖြစ်လာမယ်။ လူသိများကျော်ကြားတာကတော့ အပိုဆုပေါ့။ ငါ့ကို ဘယ်သူမှ လျစ်လျူမရှုနိုင်တော့ဘူး။ ပြီးတော့ ငါ့အချစ်ဦးလေးအာယောင်းရဲ့ နှလုံးသားကိုပါ ပိုင်ဆိုင်ရတော့မှာပေါ့။

ကျွန်တော့်ရဲ့စိတ်လှုပ်ရှားမှုက မိုးပေါ်ကို ထောင်တက်သွားပါတယ်။

“ဟက် ဟက် ဟက်”

တက်ခ်၊ တက်ခ်၊ တက်ခ်၊ တက်က်က်က်

ကျွန်တော်ထင်းကို နှစ်နာရီကြာလောက် မနားမနေခုတ်ခဲ့ပါတယ်။ အောင်မြင်တော့မယ်ဆိုတော့ ခံစားချက်ဝင်လာတာနဲ့တင် မရပ်တန့်နိုင်တော့ပါဘူး။ ဒါပေမဲ့ အချိန်တော်တော်ကြာမှပဲ နောက်ဆုံးတော့ စိတ်ငြိမ်သွားပါတယ်။ အဆင့်က မိုင်းနက်စ် ၃ ဖြစ်နေတာကြောင့် သက်လုံကမြန်မြန်ကျသွားခဲ့ပြီး ဗိုက်ဆာတဲ့ ခံစားချက်က မြန်မြန်ရောက်လာခဲ့ပါတယ်။

ထင်းအပိုင်းအစတွေ တစ်ရာ့ငါးဆယ်လောက်ရှိတော့ စပြီးပင်ပန်းလာပါတယ်။ အသက်ရှုနေတာတောင် မောပန်းပြီး နာကျင်နေခဲ့ပါတယ်။

‘ငါခဏလောက် ရပ်ပြီး နားသင့်လား’

မလုပ်ဘူး၊ ငါလုပ်လို့မရဘူး။

အက်ရှာရဲ့တာဝန်လို မျှော်လင့်ထားတာထက် ပိုခက်ခဲပြီး နာကျင်တဲ့ဟာတောင် သုံးလလောက်အရှုံးမပေးပဲ ရအောင်လုပ်နိုင်ခဲ့တာပဲ။ ငါက ဒီလိုကိစ္စနဲ့ အတွေ့အကြုံရှိပြီးသား။ ဒီတော့ ထင်းခွဲလို့မပြီးမချင်း ရပ်လို့မရဘူး။ ဒီပင်ပန်းတာလောက်က အရင်ကကြုံခဲ့ရတာတွေထက်စာရင် ဘာမှမဟုတ်ဘူး။

‘ဒါက ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး။ အနားမယူနဲ့။ မြန်မြန်ပြီးအောင်လုပ်ပြီး တာဝန်နောက်တခုယူ။ အဆင့်တက်မှ ပိုက်ဆံပိုရှာနိုင်မှာ’

ကျွန်တော်အံတင်းတင်းကြိတ်ပြီး ထင်းဆက်ခွဲနေခဲ့ပါတယ်။

အပိုင်း (၁၄) စမစ်က တောင်ပေါ်ကို သံရိုင်းသွားတူးခိုင်းပြီ

သစ်သားအပိုင်းအစ ၂၈၀ ပြည့်သွားတာနဲ့ ချက်ချင်းပဲ ကျွန်တော့်ရဲ့ဆာလောင်မှုက ပိုမိုဆိုးရွားလာပါတယ်။ ကတုန်ကရင်တောင် ဖြစ်နေခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော် ရပ်လို့မရပါ။

‘ဒီအချိန်မှာ ရပ်ခဲ့ရင် ငါ မဟုတ်ဘူးကွ’

ကလေးကတည်းက ကျွန်တော်က ဘယ်အရာမှာမှ မထူးချွန်ခဲ့ပါဘူး။ ကျွန်တော်က ဉာဏ်မကောင်းဘူး၊ ရုပ်ဖြောင့်တဲ့ ယောက်ျားလည်းမဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်ကလည်း မကောင်းခဲ့ပါဘူး။ ကျွန်တော်က အားကစားနဲ့ လေ့ကျင့်ခန်းလုပ်တဲ့ နေရာမှာတောင်မှ မထူးချွန်ခဲ့ဘူးလေ။ ဒီတော့ ကျွန်တော်က ရိုးရိုးနယ်ပယ်မှာတောင်မှပဲ ထူးခြားတဲ့ပါရမီမရှိပါဘူး။

ကျွန်တော့်မှာ ဘာအရည်အချင်းမှ မရှိတာကြောင့် တခြားသူတွေကို မနာလိုဖြစ်သလို ခံစားခဲ့ရပြီးတော့ ဆင်ခြေတွေ အထပ်ထပ်ပေးခဲ့ပါတယ်....

ကျွန်တော်က လူသားတွေရဲ့ ဘဝခရီးလမ်းမှာ ဆိုးရွားတဲ့တည်ရှိမှုတရပ်ဆိုတာကိုတော့ မငြင်းဆန်နိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် အထက်တန်းကျောင်းမှာ ကျွန်တော် ခင်မင်တဲ့ဆက်ဆံရေးကို တည်ဆောက်ခဲ့နိုင်တဲ့ အကြောင်းအရင်းက ကျွန်တော့်ရဲ့ ဇွဲလုံ့လကြောင့်ဖြစ်ပါတယ်။

ကျွန်တော်က ဉာဏ်မကောင်းပါဘူး။ ပုံမှန်အဆင့်ကိုရဖို့တောင်မှပဲ သူများတွေထက် အချိန်အများကြီးသင်ယူဖို့ လိုအပ်ပါတယ်။ ပင်ကိုစရိုက်ကလည်း ဆိုးတယ်လေ။ ကျွန်တော်ဟာ တခါတလေမှာတော့ နိုင်ငံရေးသမားတွေလို ဟန်ဆောင်ကောင်းတတ်ပြန်ပါတယ်။ အားကစားမှာလည်း မကောင်းခဲ့ပါဘူး။ ပီအီးအချိန်မှာ ကျွန်တော်ကြိုးစားခဲ့တော့ တခြားလူတွေနဲ့အတူတူ ဘောလုံးကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။

ကျွန်တော် ကိုယ့်အကြောင်းကိုယ်သိခဲ့တယ်၊ ဒီတော့ ကျွန်တော်ကြိုးစားခဲ့တယ်လေ။ ကျွန်တော်လုပ်နိုင်ခဲ့တဲ့ အကောင်းဆုံးအရာကတော့ အရှုံးမပေးခြင်းပါ။ ကျွန်တော့်ရဲ့ ဇွဲလုံ့လကြောင့် တက္ကသိုလ်ကိုတောင်တက်နိုင်ခဲ့ပြီး စစ်မှုထမ်းတဲ့အချိန်မှာတောင် ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်လေ။ Satisfy ကြောင့် အကြွေးနွံထဲနစ်လာနေပေမဲ့ ကျွန်တော့်ဘဝကို ပိုကောင်းအောင်လုပ်ပေးမှာဆိုတဲ့မျှော်လင့်ချက်ကြောင့် ဆက်ဆော့ခဲ့တာပေါ့။

ဇွဲလုံ့လက ကျွန်တော့်ရဲ့ အားသာချက်ပါ။

“အဆင့်....ပိုက်ဆံ...”

ကျွန်တော်ဒီအရာတွေရဲ့ ဖမ်းစားခြင်းခံရတာကြောင့် ပုဆိန်လွှဲတာကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ကျွန်တော့် သစ်အပိုင်းအစ ၄၆၀ လောက်မှာပဲ ရုတ်တရက်ဆိုသလို အသိပေးစာပေါ်လာပါတယ်။

[ဇွဲလုံ့လအညွှန်းကိန်း ပွင့်သွားပါသည်]

“အမ်”

ရုတ်တရက်ကြီး အညွှန်းကိန်းတစ်ခုရသွားတယ်။

[ဇွဲလုံ့လ]

သင်သည် မည်မျှပင် ခက်ခဲသည့်တာဝန်နှင့် ရင်ဆိုင်ရပါစေ ဘယ်တော့မှ လက်မလျော့ခဲ့ပေ။ သင် လွယ်လင့်တကူ မောပန်းခြင်းမရှိတော့ချေ။ ပိုင်ဆိုင်သည့် ပစ္စည်းများ၏ အလေးချိန်အကန့်အသတ်သည် တိုးလာခဲ့သည်။ အီနေသည့်ခံစားချက်သည် အချိန်အတော်အတန်ကြာသည်အထိ ဆက်လက်တည်ရှိနေမည်။

* နံပါတ်မြင့်မားလာလေလေ၊ သက်ရောက်မှုတိုးလာလေဖြစ်သည်။

* အညွှန်းကိန်းအမှတ်များဖြင့် ဤအညွှန်းကိန်းကို ပေါင်းထည့်၍မရနိုင်ပါ။

* ဤအညွှန်းကိန်းတွင် ဆယ်မှတ်တိုးလာတိုင်း၊ ‘အနိုင်မခံအရှုံးမပေး’ အညွှန်းကိန်းသည် တစ်မှတ်တိုးလာမည်။

“ဟီးဟီး”

ငါက လွယ်လွယ်နဲ့ မမောနိုင်တော့ဘူး၊ အလေးချိန်အကန့်အသတ်ကလည်း တိုးလာတယ်၊ ပြီးတော့ အီနေတာက အချိန်တော်တော်ကြာခံစားနေရမှာတဲ့။ တကယ်ကို အစစ်အမှန်ဆန်းကြယ်တာပဲ။ ဒါ့အပြင် အနိုင်မခံအရှုံးမပေးအညွှန်းကိန်းက ဇွဲလုံ့လဆယ်မှတ်တိုးတိုင်း တစ်မှတ်ရအုံးမယ်မဟုတ်လား။

‘ဒီအညွှန်းကိန်းကို မြင့်ဖို့က မဆုတ်မနစ် ကြိုးပမ်းရမှာမလား’

သံသယတချို့ရှိနေပေမဲ့လည်း ကျွန်တော်ထင်းပြန်ခွဲခဲ့ပါတယ်။

'အက်ရှာရဲ့တာဝန်ကိုအောင်မြင်တဲ့အချိန်အထိ ငါအားမလျော့ပဲလုပ်တာတွေ အများကြီးရှိခဲ့ပါတယ်...ဘာကြောင့်များ ဇွဲလုံ့လအညွှန်းကိန်းက အခုအချိန်မှဖန်တီးခဲ့ရတာလဲ'

ကျွန်တော်တွေးနိုင်ခဲ့တဲ့ တခုတည်းသောအရာဟာ ပုံမှန်အဆင့်ဇာတ်ကောင်နဲ့ ဒဏ္ဍာရီအဆင့်ဇာတ်ကောင်ဆိုပြီးကွာလို့ပဲ ဖြစ်ပါတယ်။

'တူညီတဲ့လုပ်ရပ်က တူညီတဲ့အကျိုးကျေးဇူးကို ခံရတယ်၊ ဒါပေမဲ့ အညွှန်းကိန်းကြီးထွားနှုန်းက ဒဏ္ဍာရီလာအဆင့်အလုပ်က ပုံမှန်အဆင့်အလုပ်ထက် ပိုမြင့်တယ်လေ'

ဒဏ္ဍာရီလာဇာတ်ကောင်ရဲ့ အကျိုးကျေးဇူးအသစ်တွေကို ရှာတွေ့ခဲ့တာနဲ့ချက်ချင်းပဲ ပင်ပန်းနွမ်းလျမှုတွေ အကုန်မေ့ပျောက်သွားပြီး သန္နိဌာန်နဲ့ ထင်းကိုစပြီးဆက်ခွဲခဲ့ပါတယ်။

တက်ခ်!တက်ခ်!

ထင်းအရေအတွက်တိုးလာခဲ့လေလေ၊ ထင်းခုတ်တဲ့ ကျင့်သားရမှုကပိုပြီး တိုးတက်လာလေလေဖြစ်ပါတယ်။

သဘာဝလိုင်းလေးအတိုင်းပဲခုတ်ပေမဲ့ ပုဆိန်ရဲ့ခံနိုင်ရည်က ထင်းအပိုင်းနှစ်ရာခွဲပြီးတိုင်း တစ်မှတ်လျော့လာခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အမည်းရောင်လိုင်းအတိုင်းခုတ်တဲ့အချိန်မှာတော့ မလျော့တော့သလို ထင်းခုတ်တဲ့ အမြန်နှုန်းကလည်း တိုးလာခဲ့ပါတယ်။

ထင်းအပိုင်းတစ်ထောင်ခွဲပြီးတဲ့ အချိန်မှာတော့ ဇွဲလုံ့လအညွှန်းကိန်းမှာ လေးမှတ်ရခဲ့ပါပြီ။

[သင်သည် အချိန်အတော်အတန်ကြာအောင် အစားအစာစားသုံးခဲ့ခြင်းမရှိပါ၊ ထို့ကြောင့် အညွှန်းကိန်းအားလုံး တဝက်ကျဆင်းသွားခဲ့သည်။ ပုံမှန်မဟုတ်သည့် အခြေအနေသက်ရောက်ခြင်းခံရရန် ပိုမိုလွယ်ကူလာသည်။ သင်အစာမစားပါက သင့်အသက်အမှတ်ဖြည်းညင်းစွာ ကျဆင်းလာမည်]

တော်တော်နီးကပ်သွားခဲ့တာပဲ။ ကျွန်တော်မြေပြင်ပေါ်မှာ အသက်ရှုကြပ်ပြီး လဲလျောင်းနေခဲ့ပါတယ်။

“ပက် ပက်...”

ကျွန်တော့်ဒူးတွေ အားနည်းလာပြီးတော့ လက်တွေကလည်း လေးလံလာခဲ့ပါပြီ။ ခန္ဓာကိုယ်တခုလုံးကလည်း နာကျင်မှုတွေကြောင့် အော်ဟစ်နေတဲ့အတိုင်းပါပဲ၊ လုပ်ရှားမှုလေးလုပ်တာတောင် ခက်ခဲနေပါပြီ။ ဇွဲလုံ့လအညွှန်းကိန်းက ဖြည့်ဆည်းပေးသော်လည်းပဲ ကျွန်တော့်ရဲ့ မိုင်းနက်စ်သုံး သက်လုံက သနားစရာကောင်းနေဆဲပါ။

ကျွန်တော် ခြောက်နာရီတည်းပဲ ထင်းခွဲရသေးပေမဲ့ ခြေကုန်လက်ပန်းကျနေခဲ့ပါပြီ။ သိုလှောင်ခန်းထဲကနေ ပေါင်မုန့်နဲ့ ရေကိုထုတ်ခဲ့လိုက်ပြီး အရှေ့အရပ်မှာရှိတဲ့ ဂရေးသစ်တောဖက်ကို မျက်နှာမူကာ ထိုင်ကြည့်နေခဲ့ပါတယ်။

‘ရိတ်ဒ်ပါတီက အခုအချိန်ဆို သစ်တောရဲ့ကာကွယ်စောင့်ရှောက်သူတွေဆီ မရောက်သင့်သေးဘူး။ ငါပါတီကို မဝင်ဖြစ်ခဲ့တာလည်းကောင်းပါတယ်လေ...ငါဝင်ဖြစ်ခဲ့ရင်တော့ တော်တော်အရှက်ကွဲမှာပဲ’

ကျွန်တော့်ရဲ့သက်လုံနဲ့ တခြားပါတီအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကိုတောင် မလိုက်နိုင်ဘူးမဟုတ်လား။ မွန်းစတားကြောင့်မသေဘဲ မောပန်းတာကြောင့် သေသွားရင် ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်မလဲ။ ကျွန်တော်ဆန္ဒစောပြီး ပါတီကိုဝင်ချင်ခဲ့မိတာကို ပြန်တွေးမိခဲ့တာကြောင့် ခေါင်းကို ခါရမ်းခဲ့ပါတယ်။

‘တကယ်ဆိုရင် ငါကအပြာရောင်အောင်ရီချယ်ကန်ကျနှုန်းကိုတောင် မသိခဲ့ဘူးလေ။ ငါ့အတွေးတွေက အရမ်းရိုးစင်းလွန်းတာပဲ။ နောက်ဆို ကောင်းကောင်းတွေးခေါ်ပြီး ဂရုတစိုက်ပြုမူသင့်တယ်’

ကျွန်တော်စိတ်ပိုင်းဆိုင်ရာတိုးတက်မှု အနည်းငယ်ရှိလာတယ်လို့ ခံစားခဲ့ရပါတယ်။

ခဏလောက်အကြာမှာတော့ ပြန်ကောင်းလာခဲ့ပါတယ်။ ပြီးတော့ စမစ်ရဲ့ ပန်းပဲဖိုဆီကို ပြန်သွားခဲ့ပါတယ်။

“ကျွန်တော် ထင်းခွဲနေတာပြီးသွားပြီ။ လုပ်နိုင်သလောက်လုပ်လို့ပြောတာနဲ့ အပိုင်းတစ်ထောင်လောက်ခွဲခဲ့တယ်”

“ဘာပြောလိုက်တယ်” စမစ်လွှတ်ကနဲ့ အော်လိုက်ပါတယ်။

“ဖူးဟားဟဟား… မင်းလို လူသစ်လေးတယောက်က ခြောက်နာရီတည်းနဲ့ ထင်းအပိုင်းတစ်ထောင်စုနိုင်တယ်လို့ ပြောလိုက်တာလား။ မင်းက လူသစ်လေးတင်မဟုတ်ဘူး၊ ကောင်းကောင်းလည်း မလိမ်တတ်ဘူးပဲ။ မင်းကငါ့ကို လာလိမ်ချင်နေတာလား”

သူက ရယ်နေခဲ့ရင်းနဲ့ ကျွန်တော့်ကို စိုက်ကြည့်လိုက်ပါတယ်။

‘ဒီလူက စိတ်နှစ်ခွဖြစ်နေတာများလား’

ကျွန်တော် စမစ်ရဲ့အနောက်ဘက်ကို ညွှန်ပြခဲ့ပါတယ်။ “ခြောက်နာရီနဲ့ ထင်းအပိုင်းတစ်ထောင်ခွဲနိုင်တာက လိမ်တာဆိုရင် အရမ်းများပိုလွန်းနေဘူးလား။ တကယ်လို့ ကျွန်တော့်ကို မယုံရင်လည်း အနောက်ကိုသွားပြီး ဘာလို့များ တိုက်ရိုက်စစ်ဆေးမကြည့်တာလဲ”

“မင်းက ယုံကြည်ချက်တွေရှိနေတယ်ပေါ့။ တကယ်လို့ မင်းငါ့ကိုလှည့်စားခဲ့ရင် ငါမင်းကို ဆိုင်အပြင်ဘက်ကို ကန်ထုတ်ပစ်မယ်”

ကျွန်တော် စမစ်နဲ့အတူတူ အနောက်ဘက်ကို လိုက်ခဲ့ပါတယ်။ ခဏလောက်အကြာမှာတော့...

ထင်းအပိုင်းတစ်ထောင်လောက်ပုံထားတာ မြင်လိုက်တဲ့အချိန် စမစ်ပါးစပ်က ကြက်ဥတလုံးပစ်ထည့်လို့ရလောက်အောင်အထိ ဟောင်းလောင်းပွင့်သွားခဲ့ပါတယ်။

“ဘ-ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.... မင်းလို လူသစ်လေးက ထင်းအပိုင်းတထောင်ကို ဒီလောက်မြန်မြန်ခွဲနိုင်တယ်တဲ့လား။ ခွဲထားတာတွေကလည်း လုံးဝပြီးပြည့်စုံတယ်... မဟုတ်ဘူး၊ အချိန်ပမာဏက ပြဿနာမဟုတ်ဘူး။ မင်းမှာ ထင်းဒီလောက်များများခွဲနိုင်ဖို့ သက်လုံကလုံလုံလောက်လောက်မှ မရှိတာ။ ငါ့ကို ရိုးရိုးသားသားပြောစမ်း။ ဒီထင်းတွေက ဘယ်ကရောက်လာတာလဲ။ ဒါတွေက ရထားလုံးလုပ်တဲ့ လက်သမားဆီကနေ ယူလာတာမလား။ ဒါမှမဟုတ်ရင် တောင်ပေါ်မှာနေတဲ့ သစ်ခုတ်သမားဆီကနေ ဝယ်လာတာလား။ မိုက်မဲတဲ့ကောင်လေး။ ငါမင်းကို ကိုယ့်ဘာသာခွဲလို့ မပြောခဲ့ဘူးလား”

“ဘာပြောနေတာလဲ။ မင်းကို တယောက်ယောက်ကို ဒီလိုပဲအမှုဆင်နေကြလား။ ဒါတွေက ကျွန်တော်ခွဲထားတဲ့ သစ်လုံးတွေ”

“အဓိပ္ပာယ်မရှိတာ၊ မဖြစ်နိုင်ဘူး”

ဒီလူ သူငယ်ပြန်နေတာများလား။ ဘာကြောင့်များ ငါ့ကိုမယုံကြည်ရတာလဲ။ ကျွန်တော်ပုဆိန်ကို ကောက်ယူခဲ့တယ်။ စမစ်တွန့်သွားပြီး နောက်ဆုတ်သွားတယ်။ ပြီးတော့ကျွန်တော့ကို သေချာကြည့်နေခဲ့တယ်။ ကျွန်တော်လည်း ထင်းခွဲလိုက်တော့တယ်။

တက်ခ်!

ကျွန်တော့်ရဲ့ သစ်ခုတ်တဲ့နည်းစနစ်က အပိုင်းတထောင်ခုတ်အပြီးမှာ အမြင့်ဆုံးကို ရောက်ရှိသွားပါပြီ။ ပုဆိန်က သစ်တုံးနဲ့တွေ့လိုက်တာနဲ့ ရှင်းလင်းတဲ့အသံလေး ထွက်ပေါ်လာခဲ့တယ်။ ဒီရင်ဖိုစရာကောင်းတဲ့ အသံဟာ စမစ်ဆီကို ရောက်သွားခဲ့ပါတယ်။

စမစ် အံ့ဖွယ်ဖြစ်ရပ်တခုကို မြင်တွေ့ခဲ့ရတယ်။ သစ်တုံးက သပ်သပ်ရပ်ရပ်နှစ်ပိုင်းကွဲသွားတာကို အံ့အားသင့်စွာ ကြည့်ခဲ့မိတယ်။ သူခံစားချက်မဲ့စွာ ကြည့်နေရင်းမှ ခေါင်းညိတ်ခဲ့ပြီး ပါးစပ်ပွင့်လာခဲ့တယ်။ “ငါကမင်းကို လူသစ်တယောက်လို့ ထင်ထားတာ၊ ဒါပေမဲ့ မင်းကတကယ်တော့ သစ်လုပ်ငန်းမှာ အချိန်တော်တော်ကြာ အတွေ့အကြုံရှိတာကိုး”

“မရှိပါဘူး”

“ဒါဆိုရင် မင်းကသစ်ခုတ်သမားတယောက်လား”

“မဟုတ်ဘူး” ပေါက်ကရတွေ ပြောနေတဲ့စမစ်ဆီကို ကျွန်တော့်လက်ရောက်သွားခဲ့တယ်။ “အရင်ဆုံး ဆုလေး ပေးပါအုံး”

“ဟမ်...ကောင်းပြီလေ။ မင်းက ငါထင်ထားတာထက် ပိုကောင်းကောင်းလုပ်နိုင်ခဲ့တဲ့အတွက် ကတိပေးထားတာထက် ပိုပေးမယ်...”

သံသယရှိမှုကို ခုထိစမစ်မျက်လုံးတွေမှာ တွေ့နေရသေးပါတယ်၊ ဒါပေမဲ့ သူအကြွေစေ့အပြားလေးဆယ်ကို ထုတ်ပေးလိုက်ပါတယ်။ ဒီအချိန်မှာပဲ တာဝန်အောင်မြင်ကြောင်းအသိပေးစာပေါ်လာခဲ့ပြီး အတွေ့အကြုံမှတ် ဆယ့်ငါးမှတ်ရရှိခဲ့တယ်။ စမစ်က ကျွန်တော့်ကို ကြည့်တဲ့အကြည့်တွေ တော်တော်ပြောင်းလဲသွားခဲ့တယ်။ အရင်က ကျွန်တော့်ကို ပိုးဟပ်တကောင်လို ကြည့်ခဲ့ပေမဲ့ အခုတော့ လမ်းပေါ်က ပိုင်ရှင်မဲ့ခွေးအဖြစ် အဆင့်တက်သွားပုံပါပဲ။

ကျွန်တော်ဂုဏ်ယူနေမိပါတယ်။ S နဲ့ SS အဆငတာဝန်တွေရတုန်းက ကျွန်တော်အကူအညီမဲ့သလို ခံစားခဲ့ရပါတယ်။ ဒါကြောင့် ပုံမှန်တာဝန်လေးအောင်သွားတော့ အချိန်တော်တော်ကြာမခံစားခဲ့ရတဲ့ အောင်မြင်မှုကိုခံစားရပါတယ်။ ကျွန်တော်ရေချိုးပြီး တောက်ပြောင်သွားတာနဲ့ စမစ်က ပေါက်ချွန်းတခု ကျွန်တော့်ကို ပေးခဲ့တယ်။

“မင်းတောင်ပေါ်ကို တက်လိုက်ရင် မိုင်းတွင်းတခုတွေ့လိုက်မယ်။ အဲဒီမှာ သံရိုင်းသွားတူးလာခဲ့”

“ဘယ်လောက်အရေအတွက်လဲ”

“များနိုင်သလောက် များများ”

[မိုင်းတွင်းထွက် သံရိုင်း]

ခက်ခဲမှု- E

ပန်းပဲဆရာစမစ်သည် သင့်အားသံသယရှိနေသည်။ သူကြည့်ပြီးရင်း ကြည့်နေသော်လည်း ဘာကြောင့်များ သင်သည် သူ့ထက်သစ်ခွဲတော်နေမှန်း နားမလည်ခဲ့သဖြင့် စမစ်သည် သင့်အား ကောင်းကောင်းအကဲခတ်ရန် တာဝန်၏ ခက်ခဲမှုအား တိုးမြှင့်လိုက်သည်။

တာဝန်ပြီးမြောက်ရန် အခြေအနေများ- သံရိုင်းအပိုင်းအစ 80

ဆုလာဘ်- စမစ်နှင့် ရင်းနှီးမှု (+30)၊ အတွေ့အကြုံအမှတ် (+55)၊ ကြေးပြား20

တာဝန်ကျရှုံးမှု- စမစ်နှင့် ရင်းနှီးမှု (-30 )

အတွေ့အကြုံမှတ် ၅၅ မှတ်တောင်။ ငါ ဒီတာဝန်ကို ရှင်းနိုင်ရင် အဆင့်သုံးခုတောင်တခါထဲ တက်မှာပေါ့။ ဒါဆိုရင် ငါမိုင်းနက်စ်အဆင့်ကနေ လွတ်ပြီ။

မဟုတ်သေးဘူး၊ နေအုံး။ “သူများတွေက အဆင့်တစ်ကနေစတာကို ငါက သုညရောက်သွားလို့ ပျော်နေတာလား...”

ကျွန်တော် တာဝန်ကိုလက်ခံခဲ့လိုက်တာနဲ့ ထူးဆန်းသလိုခံစားခဲ့ရပါတယ်။

“ငါအခုသွားတော့မယ်”

ကျွန်တော် ပေါက်ချွန်းကို ခိုင်ခိုင်မာမာဆုပ်ကိုင်လိုက်ပါတယ်။ ကျွန်တော့်မှာ အိုင်တမ်နားလည်ခြင်းဆိုတဲ့ အသက်ဝင်စွမ်းရည်အကြီးစားကြီး ရှိတယ်လေ။ ဒီအားသာချက်ကို သုံးခဲ့လိုက်တာနဲ့ မိုင်းတူးတဲ့နေရာမှ ဘာအခက်အခဲမှရှိတော့မှာ မဟုတ်ဘူး။ တုံ့ဆိုင်းမှုမရှိဘဲ ကျွန်တော် စမစ်ဆီကနေ ထွက်လာခဲ့ပါတယ်။ ကလေးတယောက်ကိုမေးမြန်းပြီးတော့ မိုင်းတွင်းရှိတဲ့ရွာအနောက်ဘက်က တောင်သေးသေးလေးတလုံးဆီကို ဦးတည်လိုက်ပါတယ်။

“ကလေး၊ အဲဒီတောင်ပေါ်မှာ မွန်းစတားတွေဘာတွေမပေါ်လာဘူးလား”

သူကရှစ်နှစ်လောက်ပဲ ရှိသေးတာမလား။ နှာရည်ယိုနေတဲ့ နှာခေါင်းပိုင်ရှင်ကလေးလေးက ပခုံးတွန့်လိုက်တယ်၊ ပြီးတော့မှ ပြန်ဖြေခဲ့တယ်။ “အကိုကြီး ခင်ဗျားဒီမေးခွန်ကို တကယ်ကြီးမေးနေတာလား။ တောင်ပေါ်က မွန်းစတားတွေက ရွာကိုတိုက်ခိုက်နိုင်မှာလဲ။ ဒီနေရာကို အရှင့်စစ်သည်တော်တွေက ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် အမြဲကင်းလှည့်နေတယ်တဲ့။ ဒါကြောင့် ဒီလောက်ထိသူရဲဘောကြောင်စရာမလိုပါဘူး၊ ခရီးသွားအကိုကြီး”

“သူရဲဘောကြောင်တယ်၊ ငါကလား”

ဒေါသထွက်စရာကောင်းတဲ့လေသံနဲ့ ပြောလိုက်သေးတယ်။ ဒီမိမဆုံးမဖမဆုံးမကလေးကို တယောက်ယောက်တော့ အပြစ်ပေးမှရတော့မယ်။ ကျွန်တော်ကောင်လေးခေါင်းကို လက်သီးနဲ့ထုတော့မဲ့အချိန်မှာ ကောင်လေးအဖေဖြစ်ပုံရတဲ့ လူကောင်ကြီးကြီးတယောက် ဒီကိုလမ်းလျှောက်လာနေတာကို တွေ့လိုက်ရတယ်။ လူကြီးက ကျွန်တော်နဲ့ ကောင်လေးကို ခေါက်တုံ့ခေါက်ပြန်ကြည့်လိုက်တယ်။

“လူလေး၊ ဘာလို့ ဒီခရီးသွားကို လိုက်ပြီးအနှောင့်အယှက်ပေးနေတာလဲ။ သူ့ကို ကြည့်ရတာ ကျပ်ပြည့်ပုံမရဘူး၊ ဒီတော့ သူ့ကိုနှောင့်ယှက်တာတွေ မလုပ်နဲ့နော်”

“ဟုတ်ကဲ့။ ကျွန်တော်က သူ့ကိုကြည့်ရတာသနားလို့ အဖော်လုပ်ပြီးစကားပြောပေးနေတာပါ”

“ဟဟ၊ ငါ့သားလေးက ရင့်ကျက်လာပြီပဲ။ ဒီလိုခရီးသွားက ငါတို့ရွာကို ဘယ်လိုလုပ်ရောက်လာတာလဲ။ ငါတို့ရွာက ဒီလိုစိတ်လွတ်နေတဲ့ လူတွေကို ဝင်ခွင့်မပေးထားပါဘူး”

“ဟုတ်တယ်။ ဒါပေမဲ့ သူကကျွန်တော့်ကို မေးခွန်းမေးတော့ ကျွန်တော်လည်း မရိုင်းသင့်ဘူးလေ”

“ဟက်ဟက်၊ ဟုတ်တယ် ဟုတ်တယ်။ လာလာ ထမင်းစားကြစို့။ မင်းအမေစောင့်နေပြီ”

“ဟုတ်ကဲ့ ဖေဖေ”

အဖေဖြစ်သူနဲ့ ကလေးဟာ အဝေးကို လမ်းလျှောက်ထွက်သွားခဲ့တယ်။ ချီးပဲ၊ အခုတော့ ကလေးတစ်ကောင်ကပါ ငါ့ကိုလျစ်လျူရှုပြန်ပြီပေါ့။

“ဒါကတော့ တော်တော်များသွားပြီ”

NPC ရဲ့ ကျွန်တော့်အပေါ်သဘောထားက ဆိုးရွားနေပါတယ်။ အစရက်တွေဖြစ်တဲ့ အဆင့်တစ်ကနေ တစ်ဆယ်အတွင်းနေ့တွေကတော့ ကစားသမားတွေကို မဖာ်ရွေကြဘူး ဆိုပေမဲ့။ သူတို့က သတင်းအချက်အလက်တွေပေးပြီး ကူညီပေးကြတယ်လေ။ ဘာပဲဖြစ်ဖြစ်ငါ့ရဲ့ မိုင်းနက်စ် အဆင့်ကြောင့် သူတို့ကလျစ်လျူရှုသွားကြတာလား။ သူတို့က ငါနဲ့မျက်လုံးချင်းဆုံသွားတာတောင် မနှစ်မြို့ပုံပေါ်တယ်။

ပက်မာရဲ့ ရှားပါးစာအုပ်ရှာတွေ့ကတည်းက ငါ့ရဲ့ဂုဏ်သတင်းဟာ ငါးရာအထိတိုးလာခဲ့တယ်။ အလုပ်ပြောင်းတော့ ဂုဏ်သိက္ခာအညွှန်းကိန်းပါ ပွင့်သွားတယ်လေ။ ဒါပေမဲ့ ထင်ရတာတော့ မိုင်းနက်စ်အဆင့်ကြောင့် NPC တွေနဲ့ ဆက်ဆံရေးဆိုးရွားနေသေးတဲ့ ပုံစံပဲ။

‘ဒိုရန်က တကယ့်ကို လူကောင်းတယောက်ပဲ’

ဒိုရန်လို အဆင့်ကိုကြည့်ပြီး မဆုံးဖြတ်တဲ့ NPC နဲ့ တွေ့ချင်ပါတယ်။ အနည်းဆုံးတော့ ငါ့ကိုလျစ်လျူမရှုဘူးပေါ့။

‘ဒိုရန်အကြောင်းတွေးလိုက်တာနဲ့ သူ့လက်စွပ်ကိုတောင် သတိပြန်ရခဲ့ပြီ’

ဒိုရန်လက်စွပ်အကြောင်းတွေးမိတာနဲ့ အခုအချိန်ထိကြေကွဲနေဆဲပါ။

ကောင်းကင်ပေါ်ကို ခဏလောက်ငေးကြည့်လိုက်ပြီး စိတ်ကိုရှင်းအောင်လုပ်ခဲ့တယ်။ ကျွန်တော်လည်း အညွှန်းကိန်းစာရင်းကို စစ်ဆေးရင်း တောင်ဆီကို ဆက်လက်ထွက်ခွာခဲ့တယ်။

All Chapters