အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း။ ၉၁
"တတိယသခင်လေး... ကျွန်တော့်ရဲ့ ဇနီးအပေါ် ဘယ်လို ထင်သလဲ"
နင်ချန်းယွီသည် ချန်ကျီရှင်းကို တည့်တည့်စိုက်ကြည့်ကာ ထိုမေးခွန်းကိုပင် ထပ်မံမေးမြန်းလိုက်သည်။ ချန်ကျီရှင်းမှာမူ ထိုစကားကို ကြားလိုက်ရချိန်တွင် မှင်တက်သွားရပြီး နင်ချန်းယွီကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။
ဒါက... ဘယ်လိုမျိုး ထူးဆန်းတဲ့ လုပ်ရပ်လဲ။
သူ အတော်လေး နားမလည်နိုင်အောင် ဖြစ်သွားရသည်။ သူတစ်ပါး၏ စိတ်နှလုံးကို သိမ်းပိုက်
ရန်အတွက် အလှထောင်ချောက်ဆင်သည်ကို သူ အကြိမ်ကြိမ် မြင်ဖူးသော်လည်း ကိုယ့်၏ ဇနီးအရင်းခေါက်ခေါက်ကို အလှထောင်ချောက်အဖြစ် အသုံးချသည်ကိုမူ ယခုမှပင် ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
"မိန်းကလေးရွှီက တကယ့်ကို ထူးချွန်ထက်မြက်သူတစ်ဦးပါ"
ချန်ကျီရှင်းသည် ရွှီချင်းကျိုးကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
ရွှီချင်းကျိုး၏ ရုပ်ရည်မှာ လူ့လောကတွင် အလှဆုံးဟု မဆိုနိုင်သော်လည်း သူမတွင် အေးစက်စိုပြေသော အသားအရေနှင့် ကျောက်စိမ်းကဲ့သို့ သွယ်လျသော ကိုယ်ဟန်ရှိပြီး သန့်စင်တောက်ပသော အရှိန်အဝါရှိရာ တကယ့်ကို ထင်ပေါ်သည့် အလှမျိုး ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ သူမသည် နှစ်ရှည်လများ ကိုယ်ခံပညာ ကျင့်ကြံထားသူဖြစ်သဖြင့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အချိုးအစား ပြေပြစ်လှပပြီး ခြေတံရှည်များ၊ သွယ်လျဖြူဝင်းသော လည်တိုင်နှင့်အတူ အနီရောင်ဝတ်စုံအောက်မှ ခန္ဓာကိုယ်အလှမှာ ပိုမိုပေါ်လွင်နေခြင်း ဖြစ်သည်။ အကယ်၍ ရွမ်နန်ကျူးသည် နူးညံ့သိမ်မွေ့သော မြင်းလေးတစ်ကောင်နှင့် တူသည်ဆိုပါက ရွှီချင်းကျိုးမှာမူ မည်သူမျှ မယဉ်ပါးသေးသည့် တောရိုင်းမြင်းမလေးတစ်ကောင်ကဲ့သို့ ထက်မြက်ဖျတ်လတ်သော အလှမျိုး ရှိသည်။
ကောင်းတယ်ဆိုရင် ရပြီ။
နင်ချန်းယွီသည် စိတ်ထဲမှ ပြုံးလိုက်မိ၏။ သူသည် ချန်ကျီရှင်း လောဘကြီးမည်ကို မကြောက်ပေ။ ချန်ကျီရှင်းတွင် အလိုဆန္ဒ တစ်စုံတစ်ရာ မရှိဘဲ သူနှင့် နီးစပ်ခွင့်မရမည်ကိုသာ စိုးရိမ်နေခြင်းပင်။
"တတိယသခင်လေး... ပွင့်ပွင့်လင်းလင်း ပြောရရင် တခြားလူတွေက ကျွန်တော် ရွှီမိသားစုထဲကို သမက်အဖြစ် ဝင်လာတာကို မြင်တော့ ကံကောင်းလို့ ဘဝက အလိုလို အဆင်ပြေသွားပြီလို့ ထင်ကြတာ။ ဒါပေမဲ့ အပြင်လူတွေက ကျွန်တော့်ရင်ထဲက ခါးသီးမှုတွေကို မမြင်နိုင်ကြဘူး..."
"ကျွန်တော် ရွှီမိသားစုထဲ ရောက်ကတည်းက မိသားစု အကြီးအကဲကနေစလို့ အစေခံတွေအထိ ဘယ်သူကများ ကျွန်တော့်ကို လေးလေးစားစား ကြည့်ဖူးလို့လဲ"
"အဆင့်အတန်းအရ ပြောမယ်ဆိုရင် ကျွန်တော်က ဒီမိသားစုထဲမှာ အနိမ့်ဆုံးလူ ဖြစ်နေမှာပါ"
နင်ချန်းယွီသည် ဝမ်းနည်းဖွယ်ရာ အပြုံးတစ်ခုကို ဖန်တီးကာ ရေရွတ်လိုက်သည်။
"နင်ချန်းယွီ မင်း ရွှီမိသားစုထဲကို ရောက်လာကတည်းက ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်း။ ငါတို့ မင်းအပေါ် ဘယ်တုန်းက နှိမ်ခဲ့ဖူးလို့လဲ။ မင်းရဲ့ ဘဝရပ်တည်မှုအတွက် ဘယ်အရာကိုများ ရွှီမိသားစုက မဖြည့်ဆည်းပေးခဲ့လို့လဲ"
ရွှီချင်းကျိုးသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူမ၏ လှပသောမျက်ဝန်းအစုံမှာ ဒေါသရိပ်များဖြင့် ပြည့်နှက်သွားပြီး မိတ်ကပ်လိမ်းခြယ်မထားသော သူမ၏ မျက်နှာပြင်မှာလည်း လုံးဝအေးစက်ခက်ထန်သွားတော့သည်။
"အခုလို စကားမျိုးကို ပြောထွက်ဖို့ မင်းရဲ့ အသိစိတ်က တကယ်ပဲ မနာကျင်ဘူးလား"
အမှန်စင်စစ် လွန်ခဲ့သော သုံးနှစ်က လက်ထပ်ပွဲမှ ထွက်ပြေးခဲ့သည့် ကိစ္စကြောင့် သူမသည် နင်ချန်းယွီအပေါ် အမြဲတမ်း အားနာစိတ် ရှိခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် နင်ချန်းယွီက ဤတစ်ကြိမ် ဇီဝေချန်မိသားစုသို့ လိုက်ပါရန် အချိန်အခါမဟုတ် တောင်းဆိုလာသည့်တိုင်အောင် အတားအဆီးများကြားမှ သူမက အတင်းအကျပ် သဘောတူပေးခဲ့ခြင်းပင်။
ထို့ပြင် သူမသည် နင်ချန်းယွီကို ကတိတစ်ခုပင် ပေးခဲ့ဖူး၏။ အကယ်၍ သူ၏ ကျင့်ကြံဆင့်က သူမထက် သာလွန်သွားပါက သူမသည် သူ၏ စစ်မှန်သော ဇနီးအဖြစ် ကြည်ဖြူစွာ လက်ခံမည် ဖြစ်ကြောင်းပင်။ အမှန်တကယ်တွင် နင်ချန်းယွီက သူမထက် သာလွန်ရန်ပင် မလိုဘဲ သူသာ တက်ကြွသော သဘောထားမျိုး ပြသခဲ့ပါက သူမသည် သူ့ကို တဖြည်းဖြည်း လက်ခံသွားမည်သာ ဖြစ်သည်။ ထိုစကားကို ပြောခဲ့ခြင်းမှာလည်း နင်ချန်းယွီအား စိတ်ဓာတ်ခွန်အား ပေးလို၍သာ ဖြစ်သည်။
သို့သော် ဇီဝေချန်မိသားစုသို့ ရောက်ရှိလာကတည်းက နင်ချန်းယွီသည် လူတစ်ယောက်လုံး လုံးဝပြောင်းလဲသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ရှေ့ပိုင်းတွင် အကြိမ်ကြိမ် တည်ငြိမ်မှု ပျက်ပြားခဲ့ရုံသာမက ယခုအခါတွင်မူ ရွှီမိသားစုအပေါ် ဤမျှအထိ နာကျည်းမှုကို ထုတ်ဖော်ပြသလာခဲ့သည်။
ဤအချက်ကပင် နင်ချန်းယွီအပေါ် ထားရှိခဲ့သော သူမ၏ နောက်ဆုံးသော အားနာစိတ်နှင့် သံယောဇဉ်တို့ကို အပြီးတိုင် ပျောက်ကွယ်သွားစေတော့သည်။
"စိတ်ဝင်စားစရာပဲ"
ချန်ကျီရှင်းသည် ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ခပ်သဲ့သဲ့လေး ပြုံးလိုက်မိ၏။ ဤကဲ့သို့သော အတွေးအခေါ်မျိုးမှာ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်အများစုတွင် တွေ့ရလေ့ရှိသော အားနည်းချက်တစ်ခုပင်။
အထူးသဖြင့် ဆင်းရဲရာမှ အင်အားကြီးမားလာသော ဇာတ်လိုက်များတွင် ဤပြဿနာမှာ ပိုမိုပြင်းထန်တတ်သည်။ သူတို့သည် မတရားသော ဆက်ဆံမှုနှင့် ရင်ဆိုင်ရသည့်အခါတိုင်း ကောင်းကင်ဘုံကို အပြစ်တင်တတ်ကြပြီး သူတို့၏ ကံဆိုးမှုအားလုံးမှာ သူတစ်ပါးကြောင့်ဟုသာ သတ်မှတ်တတ်ကြသည်။
သို့သော် သူတို့ တစ်ခါမျှ မစဉ်းစားမိသည့်အချက်မှာ...
တခြားလူတွေက မင်းအပေါ် ဘာကြောင့် ကောင်းပေးရမှာလဲ" ဆိုသည့်အချက်ပင်။
နင်ချန်းယွီက ဘာတွေများ မကျေနပ်ဖြစ်နေရတာလဲ။ ရွှီမိသားစုက သူ့ကို နှိမ်ခဲ့လို့လား။ နှိမ်ခဲ့ရင်တော့ သူနဲ့ လက်ထပ်ပေးမှာ မဟုတ်သလို ဒီသုံးနှစ်အတွင်းမှာ သူ တောင်းသမျှကိုလည်း တစ်ခုမကျန် ပေးနေမှာ မဟုတ်ဘူး။
"ညီအစ်ကိုနင်... သူတစ်ပါးဆီက လေးစားမှုကို ရဖို့ဆိုတာ စကားလုံးတွေနဲ့ တောင်းဆိုရတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အရည်အချင်းကို သက်သေပြရတာပါ။ ဒီလောကမှာ အကြောင်းရင်းမရှိဘဲ ကောင်းပေးတယ်ဆိုတာ မရှိဘူး။ မင်းကိုယ်တိုင်က အသုံးမကျတဲ့သူတစ်ယောက်လို ပြုမူနေသမျှ ကာလပတ်လုံး တခြားလူတွေက မင်းကို အထင်ကြီးဖို့ ဘယ်လို မျှော်လင့်နိုင်မှာလဲ"
ချန်ကျီရှင်းသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ အသာအယာ တစ်ငုံသောက်ရင်း မသိမသာ ပြုံးလိုက်သည်။
ထိုစကားများအဆုံးတွင် ရွှီချင်းကျိုး၏ လှပသော မျက်ဝန်းအစုံ၌ အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားပြီး ချန်ကျီရှင်းကို မမျှော်လင့်ဘဲ ကြည့်လိုက်မိသည်။
တတိယသခင်လေးဆီမှာ ဒီလို အမြင်ကျယ်တဲ့ အတွေးအခေါ်မျိုး ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...
ရွှီချင်းကျိုးသည် သူမ၏ နှုတ်ခမ်းလွှာကို ခပ်ဖွဖွ စေ့လိုက်မိပြီး မျက်ဝန်းများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်လာတော့သည်။
ဤဇီဝေချန်မိသားစု၏ တတိယသခင်လေးမှာ သူ၏ တာအိုအမြင်များတွင်သာမက လောကအမြင်များတွင်ပါ သူမနှင့် အတော်လေး ထပ်တူကျနေသည်။
"အသုံးမကျတဲ့သူ ဟုတ်လား"
နင်ချန်းယွီ၏ မျက်ဝန်း၌ ထိုစကားကို ကြားလိုက်ရချိန်တွင် အရိပ်မည်းတစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ ခန့်ညားထည်ဝါလှသော ချန်းယွီနတ်မင်းကြီးဖြစ်သည့် သူ့ကို အသုံးမကျသူဟု ခေါ်ဆိုလိုက်ခြင်းပင်။
နင်ချန်းယွီသည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ ပြင်းထန်လှသော ဒေါသကို မျိုသိပ်လိုက်ပြီး အတင်းအပြုံးဖန်တီးကာ ဆိုလိုက်၏။
"တတိယသခင်လေး ပြောတာ မှန်ပါတယ်။ ကျွန်တော် အတွေးအခေါ် သိမ်ဖျဉ်းသွားမိတယ်"
ခေတ္တရပ်ပြီးနောက် နင်ချန်းယွီက ရယ်မောလျက် "ကျွန်တော် ရွှီမိသားစုကို အပြစ်တင်နေတာ မဟုတ်ပါဘူး ဒါပေမဲ့..."
နင်ချန်းယွီ၏ မျက်ဝန်း၌ ဝမ်းနည်းရိပ်များ ပေါ်လာပြီး စိတ်မကောင်းဖွယ်ရာ လေသံဖြင့် ဆက်ပြောသည်။
"ကျွန်တော်ကိုယ်ကျွန်တော် အသုံးမကျဘူးလို့ ခံစားရလို့ပါ။ ချင်းကျိုးနဲ့ မထိုက်တန်ဘူးလို့ ထင်မိလို့ပါ"
"ခုနက ချင်းကျိုးနဲ့ တတိယသခင်လေးတို့ အရက်သောက်ရင်း တာအိုအကြောင်း ဆွေးနွေးနေတာ၊ ရယ်ရယ်မောမောနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေလို စကားပြောနေကြတာကို ကျွန်တော် ကြည့်နေခဲ့ပါတယ်။ အဲဒီအချိန်ခဏလေးအတွင်းမှာပဲ ချင်းကျိုးရဲ့ မျက်နှာပေါ်မှာ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ အပြုံးမျိုးကို မြင်လိုက်ရတယ်"
ဂလောက်
နင်ချန်းယွီသည် အရက်ခွက်ကို ကိုင်ကာ တစ်ငုံတည်းဖြင့် မော့ချလိုက်ပြီး ပိုမိုမူးဝေလာသော အသွင်ဖြင့် "ကျွန်တော် မတွေးဘဲ မနေနိုင်တော့ဘူး။ ချင်းကျိုးနဲ့ ဒီပတ်သက်မှုက မသင့်တော်ဘူးထင်တယ်။ သူမက ကျွန်တော့်ထက်သာတဲ့သူနဲ့ပဲ ထိုက်တန်ပါတယ်"
ဤသို့ပြောပြီးနောက် နင်ချန်းယွီသည် ချန်ကျီရှင်းကို ဝမ်းနည်းဖွယ်ရာ အကြည့်ဖြင့် ကြည့လိုက်ကာ "တတိယသခင်လေးက ငယ်ရွယ်ပြီး အလားအလာရှိသူပါ။ ချင်းကျိုးနဲ့ဆိုရင် တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲဖြစ်မှာပါ။ ကျွန်တော့်ဘက်က ချင်းကျိုးကို သခင်လေးအတွက် အလျှော့ပေးဖို့ အသင့်ပါပဲ။ ကျွန်တော့်ကိုတော့ သခင်လေးရဲ့ အနားမှာပဲ နေခွင့်ပြုပြီး ချန်မိသားစုရဲ့ မြင့်မြတ်တဲ့ တာအိုတွေကို သင်ယူခွင့်ပေးပါ။ တစ်နေ့မှာ သခင်လေးကို မှီအောင် ကြိုးစားရင်း ချင်းကျိုးရဲ့ ပျော်ရွှင်မှုတွေကို စောင့်ကြည့်ချင်လို့ပါ..."
ဖြောင်းးး
ရွှီချင်းကျိုးသည် နင်ချန်းယွီ၏ ပါးကို အားကုန်လွှဲ၍ ရိုက်လိုက်လေတော့သည်။
"မင်း... မင်း... မင်းက ငါ့ကို ဘာမှတ်နေတာလဲ။ ငါ့ကိုယ်စား ဆုံးဖြတ်ချက်ချဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ"
ရွှီချင်းကျိုး၏ မျက်နှာမှာ တစ်ပြင်လုံး နီမြန်းနေပြီး နင်ချန်းယွီကို အရှက်နှင့် ဒေါသ ရောပြွမ်းလျက် စိုက်ကြည့်နေတော့သည်။
"တတိယသခင်လေး... ကျွန်မ... ကျွန်မကို ခွင့်ပြုပါဦး"
နောက်တစ်ခဏ၌...
ရွှီချင်းကျိုးသည် ချန်ကျီရှင်းကိုပင် မကြည့်ရဲတော့ဘဲ မြေကြီးထဲသို့သာ တိုးဝင်ချင်စိတ် ပေါက်နေတော့သည်။ သူမ၏ ကိုယ်ပိုင်ခင်ပွန်းဖြစ်သူက သူတစ်ပါးရှေ့တွင် သူမကို လက်ဆောင်ပေးသကဲ့သို့ ပြုမူနေခြင်းပင်။ ရွှီချင်းကျိုးကဲ့သို့ စိတ်ဓာတ်ခိုင်မာသူပင်လျှင် ဤမျှအထိ အရှက်တကွဲ ဖြစ်ရမှုကို မခံစားနိုင်တော့ပေ။
စကားအဆုံးတွင် ရွှီချင်းကျိုးသည် နီမြန်းနေသော မျက်နှာဖြင့် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ချန်ကျီရှင်းသည် မျက်မှောင်ကြုတ်လျက် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော နင်ချန်းယွီကို အကဲခတ်နေမိသည်။
ဒီလူကတော့...
ငါ့ကို သတ်ဖို့အတွက် ဘာမဆို လုပ်မယ့်ပုံပဲ။ တကယ့်ကို ရက်စက်တဲ့သူပဲ။
"ညီအစ်ကိုနင်ကတော့ တကယ့်ကို... တကယ့်ကို စည်းဘောင်မဲ့တာပဲ"
ချန်ကျီရှင်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ချင်းကျိုး ပျော်ရွှင်ဖို့အတွက်ပဲလေ ပြီးတော့ ကျွန်တော် ကျင့်ကြံပြီး ပိုအစွမ်းထက်လာဖို့အတွက် ဒီလောက် စတေးမှုလေးက ဘာစာနာစရာ ရှိလို့လဲ"
နင်ချန်းယွီက တရားသဖြင့် လုပ်ဆောင်နေသကဲ့သို့ ပြန်ပြောသော်လည်း လေသံတွင် ဝမ်းနည်းရိပ် အနည်းငယ် ရောနှောနေသည်။
ချန်ကျီရှင်းက ခပ်သဲ့သဲ့လေး ရယ်လိုက်၏။ မူလက သူ ငြင်းပယ်ရန် ရည်ရွယ်ထားသော်လည်း စိတ်ကူးပြောင်းသွားခဲ့သည်။
ကောင်းပြီလေ... နင်ချန်းယွီကို ထွက်မပြေးနိုင်အောင် ငါ့အနားမှာပဲ ထားဖို့ အကြောင်းပြချက် ရှာနေတာနဲ့ အတော်ပဲ။
နင်ချန်းယွီ၏ လုပ်ရပ်က သူ့အတွက် အလုပ်ရှုပ်သက်သာသွားစေသည်။
"ငါ့ဘက်ကတော့ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ မိန်းကလေးရွှီဘက်ကကျတော့..."
ချန်ကျီရှင်းက စကားကို တစ်ဝက်နှင့် ရပ်လိုက်ကာ တွန့်ဆုတ်နေဟန် ပြလိုက်သည်။
မိပြီ ငါထင်တဲ့အတိုင်းပဲ။ ချန်ကျီရှင်းရဲ့ အားနည်းချက်က မိန်းမတွေပဲ။
နင်ချန်းယွီသည် ရင်ထဲ၌ ဝမ်းသာသွားပြီး အလျင်အမြန်ပင် "စိတ်ချပါ တတိယသခင်လေး ဒါကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ် ကျွန်တော့်ဆီက သတင်းကောင်းကိုသာ စောင့်နေပါ"
ပြောပြီးသည်နှင့် နင်ချန်းယွီက အလျင်အမြန် ထွက်ခွာသွားတော့သည်။
ထွက်ခွာသွားသော နင်ချန်းယွီ၏ ကျောပြင်ကို ကြည့်ရင်း...
ချန်ကျီရှင်း၏ အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ၏မျက်ဝန်း၌ အထင်အမြင်သေးမှုများ ပေါ်လာတော့သည်။
"အကယ်၍ နင်ချန်းယွီကသာ တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်အောင် လုပ်မယ်ဆိုရင် သူ့ကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ လောဘဇောကြောင့် သူက ဖြတ်လမ်းလိုက်ဖို့ ကြိုးစားနေပြီ။ သူ့ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ကို သူကိုယ်တိုင် ဖျက်ဆီးလိုက်ပြီပဲ..."
ချန်ကျီရှင်း၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆိုရင်လည်း ငါ သူ့ကို တစ်ဆင့်ချင်းစီ ကစားပေးရတာပေါ့"
ချန်ကျီရှင်းသည် နဂါးရုပ်ပုံပါ လက်ဖက်ရည်ခွက်ကို ကိုင်ကာ အေးအေးဆေးဆေး တစ်ငုံသောက်လိုက်ပြီး သူ၏မျက်နှာမှာလည်း တည်ငြိမ်အေးစက်သွားတော့သည်။
အခန်း။ ၉၂
နင်ချန်းယွီနှင့် ရွှီချင်းကျိုးတို့ ထွက်ခွာသွားပြီးနောက်...
ချန်ကျီရှင်းသည် ခန်းမဆောင်ကြီးအတွင်း၌ ဆက်လက်ရှိနေခဲ့သည်။ အမှန်စင်စစ် ဆက်လက်နေထိုင်ရန် အကြောင်းရင်းမရှိတော့သဖြင့် မူးယစ်နေကြသော ရွှီမိသားစုဝင်များကို ခေါင်းညိတ်နှုတ်ဆက်ကာ အဓိကတောင်ထိပ်ရှိ ခန်းမဆောင်ကြီးမှ ထွက်ခွာလာခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်တာ အချိန်ကာလမှာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထိုက်ချူ သန့်စင်သောမြေနှင့် ချန်ယန်အကယ်ဒမီတို့မှ အဖွဲ့အစည်းများ ရောက်ရှိမလာသေးသဖြင့် တာအိုဆွေးနွေးပွဲမှာလည်း စတင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဇီဝေချန်မိသားစုမှ အကြီးအကဲများသည် ရွှီမိသားစုဝင်များကို လိုက်လံပို့ဆောင်ပေးနေပြီး တစ်ဖက်တွင်လည်း ရွှီမိသားစု၏ မျိုးဆက်သစ်များနှင့် ချန်မိသားစု၏ တပည့်သစ်များကို အချင်းချင်း ပညာစမ်းခိုင်းထားကြသည်။
ဤကိစ္စများမှာ ချန်ကျီရှင်းနှင့် ဘာမျှမသက်ဆိုင်ပေ။ သို့သော်လည်း နင်ချန်းယွီမှာမူ ဤသုံးရက်အတွင်း မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ တိတ်ဆိတ်နေခြင်းမှာ အတော်လေး ထူးဆန်းနေသည်။ ဤအချက်ကြောင့်ပင် မူလက စိတ်ဝင်တစားရှိနေသော ချန်ကျီရှင်းမှာ အနည်းငယ် စိတ်ပျက်သွားရသည်။
အမှန်စင်စစ် ချန်ကျီရှင်းသည် မိန်းမလိုက်စားသူ မဟုတ်သကဲ့သို့ အမျိုးသားနှင့် အမျိုးသမီးကြား ကိစ္စရပ်များကိုလည်း ရှောင်ဖယ်ခြင်း သို့မဟုတ် အတင်းအဓမ္မ လိုက်လံရှာဖွေခြင်းမျိုး မရှိဘဲ အေးအေးဆေးဆေးသာ သဘောထားသူ ဖြစ်သည်။ သူ၏ သဘောထားမှာ ရေစီးရာအတိုင်း မျှောလိုက်ခြင်းဟုပင် ပြောနိုင်သည်။
သူ အနည်းငယ် သိချင်နေသည်မှာ...
ယခုအခါ ဝိညာဉ်အသွင်ပြောင်းနယ်ပယ်မျှသာရှိသော နင်ချန်းယွီသည် ဝိညာဉ်ခရီးသွား
နယ်ပယ်တွင်ရှိနေသည့် ရွှီချင်းကျိုးကို သူ၏အိပ်ရာပေါ်သို့ ရောက်အောင် ဘယ်လိုနည်းလမ်းဖြင့် ပို့ဆောင်ပေးမလဲ ဆိုသည့်အချက်ပင်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချန်ကျီရှင်း ကိုယ်တိုင်ပင် မည်သည့်နည်းလမ်း ရှိနိုင်မည်ကို စဉ်းစားမရပေ။
တတိယတောင်ထိပ်၊ လျှို့ဝှက်ခန်းမအတွင်းဝယ်...
"ငါးရာ့တစ်ဆယ်မြောက် အပေါက်ကတော့ နောက်ဆုံးမှာ ပြီးသွားပြီ"
ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ရာ သူ၏ခန္ဓာကိုယ် အပေါက်များမှ ထွက်ပေါ်နေသော တောက်ပသည့် ကြယ်တာရာအလင်းတန်းများမှာ တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။ ဤသုံးရက်အတွင်း ချန်ကျီရှင်းသည် လျှို့ဝှက်ခန်းမ၌ နွားနတ်ဆိုး ကြယ်တာရာ အသွင်ပြောင်းကျမ်းကို ကျင့်ကြံနေခြင်း ဖြစ်သည်။ ဤကျင့်စဉ်မှာ သူ၏ ခွန်အားတာအိုအတွက် အရင်းအမြစ်ဖြစ်ရာ သူသည် ကျင့်ကြံခြင်းကို လက်လွှတ်မည် မဟုတ်ပေ။
သို့သော် ဤကျင့်စဉ်ကို ဆက်လက်ကျင့်ကြံလေလေ ပို၍ ခက်ခဲလာလေလေ ဖြစ်သည်။
ကြယ်တာရာ အသွင်ပြောင်းခြင်း ဂါထာကို တီထွင်ခဲ့သူသည်ပင် အထွတ်အထိပ်နယ်ပယ်သို့ မရောက်ရှိမီ ကြယ်တာရာအပေါက် ၆၀၀ မျှသာ ဖော်ဆောင်နိုင်ခဲ့ပြီး ဆက်လက်မလုပ်ဆောင်နိုင်ခဲ့သည့် အကြောင်းရင်းကို ချန်ကျီရှင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ် တောင်းဆိုချက် အလွန်မြင့်မားလွန်း သောကြောင့်ပင်။
ကြယ်တာရာအင်အားစုများကို အပေါက်တစ်ခုအတွင်းသို့ စုစည်းရန်အတွက် ခန္ဓာကိုယတာအိုတွင် အထွတ်အထိပ်ရောက်နေသူပင်လျှင် ကြယ်တာရာအင်အားစုများ ပြည့်နှက်နေသည့် အပေါက်ပေါင်း ၇၂၀ ၏ ဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ပြင် ချန်ကျီရှင်း၏ ကျင့်စဉ်တွင် နွားနတ်ဆိုးခွန်အားပါ ပေါင်းစပ်ထားသဖြင့် ခန္ဓာကိုယ်အပေါ် ဝန်ထုပ်ဝန်ပိုးမှာ အဆပေါင်းများစွာ ပိုမိုကြီးမားနေခြင်းပင်။
အကယ်၍သာ ၎င်းကျင့်စဉ်ထဲတွင် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို မြှင့်တင်ပေးသည့် အကြိမ်တစ်ရာ သန့်စင်သော ရွှေခန္ဓာကျမ်းသာ ပါဝင်မနေခဲ့လျှင် ချန်ကျီရှင်းမှာ ဆက်လက်ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။
"ခန္ဓာကိုယ်က သူ့ရဲ့ အကန့်အသတ်ကို ရောက်သွားတဲ့အခါ ကြယ်တာရာအပေါက် တစ်ခုတိုးလိုက်တိုင်းက ကုလားအုတ်ကျောပေါ် နောက်ဆုံးတင်လိုက်တဲ့ ကောက်ရိုးတစ်မျှင်လိုပဲ ဒဏ်မခံနိုင်တော့ဘူး"
"ဒီအတိုင်းသာ ဆက်သွားရင် နောက်ထပ် အပေါက်အနည်းငယ် ဖော်ဆောင်ပြီးတာနဲ့ ငါ့ရဲ့ အကန့်အသတ်ကို ရောက်သွားပြီး ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူး"
ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏မျက်ဝန်းထဲတွင် တစ်စုံတစ်ခုကို သဘောပေါက်နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ဒီအကျပ်အတည်းကို ကျော်လွှားဖို့ဆိုရင် ငါ့ရဲ့ နွားနတ်ဆိုး ကြယ်တာရာ အသွင်ပြောင်းကျမ်းထဲကို ထိပ်တန်း ခန္ဓာကိုယ်တာအိုနည်းဗျူဟာအသစ်တွေ ထပ်မံပေါင်းစပ်ပြီး ခန္ဓာကိုယ်အင်အားကို မြှင့်တင်ရမယ်"
ဤသို့တွေးတောမိသောအခါ ချန်ကျီရှင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဇီဝေချန်မိသားစုသည် ခန္ဓာကိုယ်တာအိုကို အထူးပြုသည့် မျိုးနွယ်စုမဟုတ်သဖြင့် ကျမ်းစာဂိုဒေါင်အတွင်း၌ ခန္ဓာကိုယ်ကျင့်စဉ်များမှာ များပြားလှသည်မဟုတ်ပေ။ သူ၏ကျင့်စဉ်ကို မြှင့်တင်ရန် သင့်တော်သော အကြိမ်တစ်ရာ သန့်စင်သော ရွှေခန္ဓာကျမ်းကိုလည်း သူ ပေါင်းစပ်ပြီးဖြစ်နေသည်။
သူ၏ အခြေအနေမှာ ဆန်မရှိဘဲ ထမင်းချက်၍မရသော လိမ္မာသည့်အိမ်ရှင်မကဲ့သို့ ဖြစ်
နေသည်။ သူ၌ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ထိုးထွင်းသိမြင်မှုရှိသော်လည်း ကိုးကားစရာနှင့် မြှင့်တင်စရာ ကျင့်စဉ်အသစ်များ မရှိဖြစ်နေခြင်းပင်။
"ငါ့ရဲ့ ခြေလှမ်းတွေက မြန်လွန်းနေတယ်။ ခန္ဓာကိုယ်ကျင့်စဉ်တွေတင်မကဘဲ ခွန်အားတာအိုရဲ့ တခြားခွဲထွက်နည်းစနစ်တွေဖြစ်တဲ့ ဆွဲငင်အား၊ တွန်းကန်အားလိုဟာတွေကိုပါ မြှင့်တင်ဖို့ လိုအပ်နေပြီ"
"ဒါတွေကို ငါတစ်ယောက်တည်း လိုက်ရှာနေရင်တော့ တိုးတက်မှုက အရမ်းနှေးသွားလိမ့်မယ်"
ချန်ကျီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ကိုယ်ပိုင် အင်အားစုတစ်ခု တည်ထောင်ရန်မှာ အလွန်အရေးကြီးနေပြီဖြစ်ကြောင်း သူ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ချန်ကျီရှင်း ထိုကိစ္စများကို ဆက်လက်စဉ်းစားနေစဉ်မှာပင်...
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံ ထွက်ပေါ်လာလေတော့သည်။
တံခါးခေါက်သံနှင့်အတူ...
ပိလော့၏ နူးညံ့သောအသံက အပြင်ဘက်မှ ထွက်ပေါ်လာသည် ဋ
"သခင်လေး... ထိုက်ချူ သန့်စင်သောမြေနဲ့ ချန်ယန်အကယ်ဒမီက လူတွေ ရောက်လာကြပါပြီ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ကျီရှင်း၏ မျက်ဝန်းအစုံမှာ တောက်ပသွားတော့သည်။ နင်ချန်းယွီကို သတ်ဖြတ်ရန် သူအသုံးပြုမည့် လက်နက်က နောက်ဆုံး၌ ရောက်ရှိလာပြီဖြစ်သည်။
...
...
ဇီဝေတောင်တန်း၊ တောင်တံခါးဝ၌...
ချန်ကျီရှင်း ရောက်ရှိသွားချိန်တွင် စတုတ္ထတောင်ထိပ်သခင် ချန်ထျန်းချန်နှင့် ချန်မိသားစုမှ အကြီးအကဲအများစုမှာ တည်ငြိမ်လေးနက်သော မျက်နှာထားများဖြင့် ထိုနေရာတွင် ရောက်ရှိနေကြသည်ကို မြင်လိုက်ရသည်။ အခြားတစ်ဖက်တွင်မူ ရွှီမိသားစုဝင်များမှာ မျှော်လင့်ချက်အပြည့်ဖြင့် ရပ်စောင့်နေကြ၏။
"ကျီရှင်း... မင်း ရောက်လာပြီလား"
ချန်ထျန်းချန်က ချန်ကျီရှင်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"တတိယသခင်လေး..."
"တတိယသခင်လေး ရောက်လာပြီ"
အခြားအကြီးအကဲများကလည်း တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။
"စတုတ္ထဦးလေး... ဒီနေ့ ဘာလို့ ဒီလောက်တောင် ခမ်းခမ်းနားနား ပြင်ဆင်ထားရတာလဲ"
ချန်ကျီရှင်းက ပြုံးလျက် ချန်ထျန်းချန်၏ ဘေးတွင် သဘာဝကျကျပင် ဝင်ရောက်ရပ်လိုက်သည်။
"ဒါက ထိုက်ချူ သန့်စင်သောမြေလေ... သူတို့ရဲ့ အင်အားက ရွှီမိသားစုနဲ့ မတူဘူး။ ငါတို့ဘက်ကလည်း သူတို့အတွက် လုံလောက်တဲ့ ဂုဏ်ပြုမှုကို ပြသဖို့ လိုအပ်တာပေါ့"
ချန်ထျန်းချန်က ရယ်မောရင်း ပြောဆိုလိုက်၏။
ထိုက်ချူ သန့်စင်သောမြေသည် အရှေ့ဖရွှမ်နယ်မြေ၏ ရှေးဟောင်းသန့်စင်သောမြေများထဲမှ တစ်ခုဖြစ်ရာ အတိုင်းအဆမရှိသော အင်အားကို ပိုင်ဆိုင်ထားသည်မှာ အမှန်ပင်။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက သူတို့၏ ထာဝရရှင်သန်ခြင်းနယ်ပယ်အဆင့်ရှိ အကြီးအကဲမှာ ပျောက်ကွယ်သွားခဲ့သဖြင့် သန့်စင်သောမြေဟူသည့် ဂုဏ်ပုဒ်နှင့် မညီတော့ဘူးဟု ပြောကြသော်လည်း...
သူတို့၏ အခြေခံအုတ်မြစ်မှာမူ အလွန်နက်ရှိုင်းနေဆဲပင်။ သူတို့တွင် သက်ရှိထင်ရှားရှိနေသော အထွတ်အထိပ်နယ်ပယ်အဆင့် ဘိုးဘေးကြီး သုံးဦးအထိ ရှိနေခြင်းမှာပင် လုံလောက်သော သက်သေသာဓက ဖြစ်သည်။
အင်အားအပိုင်းအရဆိုလျှင် ထိုက်ချူ သန့်စင်သောမြေသည် ဇီဝေချန်မိသားစုထက် သာလွန်နေသည်မှာ အမှန်ပင်။
"ငါကြားတာတော့ ထိုက်ချူရဲ့ သန့်စင်သောသားတော် ထျန်းဟွေက မျိုးဆက်သစ်တွေထဲမှာ ရှားပါးလှတဲ့ ရှေးဟောင်းပုံစံရှင် ကိုးပါးထဲက တစ်ယောက်ဖြစ်ပြီး မွေးရာပါ အထွတ်အထိပ်
စွမ်းအားတွေကို ထုတ်လွှတ်နိုင်တဲ့ မိစ္ဆာမျက်ဝန်းကို ပိုင်ဆိုင်ထားတယ်တဲ့။ သူ့ရဲ့အစွမ်းက အရမ်းကြောက်ဖို့ကောင်းပြီး ဒီနှစ် အရှေ့ဖရွှမ်နယ်မြေရဲ့ ပါရမီရှင်ပြိုင်ပွဲမှာ ထိပ်တန်းက ရေပန်းစားနေသူတစ်ယောက်ပဲ..."
ချန်ထျန်းချန်က ရယ်မောရင်း ပြောပြနေသည်။
"ဟုတ်ပါတယ် ကျွန်တော်လည်း သူ့အကြောင်း ကြားဖူးတယ်။ ပြီးခဲ့တဲ့နှစ်က သူ အသက် တစ်ဆယ့်ရှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ပိုင်းလွင်ပြင်ဆီ တစ်ယောက်တည်း သွားပြီးတော့ ဝိညာဉ်ခရီးသွားနယ်ပယ်ကိုးဆင့် အထွတ်အထိပ်မှာရှိတဲ့ နှင်းတောင်ဘုရင်သားရဲကို သတ်ခဲ့တယ်လေ"
ချန်ကျီရှင်းက ခေါင်းညိတ်လျက် ထောက်ခံလိုက်သည်။
သူတို့ စကားပြောနေစဉ်မှာပင်...
ရုတ်တရက်ဆိုသလို ကောင်းကင်ယံထက်မှ မိုးကြိုးပစ်သံကဲ့သို့ ပြင်းထန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာတော့သည်
"သူတို့ ရောက်လာကြပြီ"
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားသွားကြပြီး ကောင်းကင်ယံသို့ ချက်ချင်း မော့ကြည့်လိုက်ကြ၏။ ကိုးထပ်သော ကောင်းကင်ဘုံ၏ တိမ်ပင်လယ်များကြားမှ...
တောင်တစ်လုံးကဲ့သို့ ကြီးမားထွားကျိုင်းလှသော သားရဲကြီး သုံးကောင်သည် ရွှေရောင်ရထားလုံးကြီးတစ်စင်းကို ဆွဲငင်ကာ ထွက်ပေါ်လာသည်။ ထိုသားရဲကြီး သုံးကောင်စလုံးသည် ခရမ်းရောင်အသားအရေရှိပြီး ဦးချိုတစ်ချောင်းစီ ပါရှိကြကာ လိပ်နှင့်သဏ္ဌာန်တူသော်လည်း အခွံမပါရှိကြချေ။
၎င်းတို့မှာ ဝိညာဉ်ခရီးသွားနယ်ပယ်ကိုးဆင့် အထွတ်အထိပ်၏ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်နေပြီး သူတို့၏ အသက်ရှူသံမှာ မိုးခြိမ်းသံနှင့် တူလှသည်။ သူတို့၏ ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးတန်းများမှာ ငွေရောင်မြွေများကဲ့သို့ ရစ်ပတ်နေပြီး တဖြဖြဖြနှင့် ပေါက်ကွဲသံများ အစဉ်မပြတ် ထွက်ပေါ်နေ၏။
"ရထားဆွဲဖို့အတွက်တင် ဝိညာဉ်ခရီးသွားနယ်ပယ်အထွတ်အထိပ်မှာရှိတဲ့ မိုးကြိုးသားရဲသုံးကောင်တောင် သုံးထားတာလား"
ရွှီချင်းဟဲနှင့် အခြားသူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးအပြူးသား ဖြစ်သွားကြရသည်။ သူတို့၏ ရွှီမိသားစုတွင် ဝိညာဉ်ခရီးသွားနယ်ပယ်ကိုးဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးမှာ အကြီးအကဲများ၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီး မြင့်မားသော အဆင့်အတန်းဖြင့် လေးစားခြင်း ခံရသူ ဖြစ်သည်။
ယခုခရီးစဉ်တွင် ပထမဆုံးအကြိမ်အဖြစ် ဇီဝေချန်မိသားစုက ထိုအဆင့်ရှိ သားရဲများကို အသားဟင်းအဖြစ် အသုံးပြုသည်ကို မြင်ခဲ့ရပြီး ယခုအခါတွင်မူ ရထားဆွဲရန်အတွက်ပင် ထိုအဆင့်ရှိ သားရဲ သုံးကောင်ကို အသုံးပြုနေသည်ကို မြင်လိုက်ရပြန်သည်။
ခေတ္တမျှအတွင်း တည်ငြိမ်နေသော ရွှီချင်းကျိုးမှလွဲ၍ ကျန်ရွှီမိသားစုဝင်အားလုံးမှာ တစယောက်ကိုတစ်ယောက် ကြည့်လျက် တုန်လှုပ်မှုနှင့်အတူ မိမိကိုယ်ကို သိမ်ငယ်စိတ်များ ဝင်လာကြတော့သည်။
ဝုန်းးး
တောင်ကဲ့သို့ ကြီးမားလှသော မိုးကြိုးသားရဲ သုံးကောင်မှာ ရှေ့သို့ ဆက်လက်တိုးဝင်လာရာ တိမ်ပင်လယ်နောက်ကွယ်၌ ဖုံးကွယ်နေသော ရွှေရောင်ရထားလုံးကြီးမှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ထိုရထားလုံးမှာ တစ်ခုလုံး ရွှေရောင်တောက်နေပြီး ရထားကိုယ်ထည်ပေါ်တွင် ရေတွက်၍မရနိုင်သော နတ်ဘုရားပုံစံ အစီအရင်များကို ထွင်းထုထား၏။
ရထားဘီးများ လိမ့်သွားရာ လမ်းတစ်လျှောက်တွင်လည်း ကောင်းကင်ယံ၌ ရှည်လျားလှသော မီးတောက်လမ်းကြောင်းကြီးများ ကျန်ရစ်ခဲ့သည်။
ရထားလုံးအတွင်း၌ ခရမ်းရောင်ဆံပင်ရှိသည့် လူငယ်တစ်ဦးသည် သူ၏မျက်လုံးများကို တဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းအိမ်အတွင်း၌ ပိုးကောင်လေးများအလား ထူထပ်လှသော အနက်ရောင် နတ်ဘုရားပုံစံ သင်္ကေတများစုစည်းနေသည်ကို မြင်တွေ့ရတော့သည်။