← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း။ ၉၃

"အရှင်မင်းသား... ဇီဝေချန်မိသားစုဆီကို ရောက်ရှိလို့လာပါပြီ"

ရထားလုံးအပြင်ဘက်မှ လေးနက်သောအသံတစ်ခု ထွက်ပေါ်လာသည်။

စီးဆင်းနေသော ခရမ်းရောင်ဆံပင်ပိုင်ရှင် လူငယ်လေးသည် ထိုစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "ကြားရသလောက်တော့ ဇီဝေချန်မိသားစုမှာလည်း မွေးရာပါ ဘုရင်မြေပုံကို ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းပုံစံရှင် ကိုးပါးထဲက တစ်ယောက်ရှိတယ်ဆိုပဲ။ နာမည်က ချန်ကျောက်ရှင်းတဲ့။ အဲဒီလူ အခု ချန်မိသားစုမှာ ရှိနေလား" ဟု မေးမြန်းလိုက်သည်။

"အရှင်မင်းသား... အဲဒီလူက လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက နက်နဲစွာ ပျောက်ကွယ်သွားခဲ့တာပါ"

ရထားအပြင်ဘက်မှ အသံက လေးနက်တည်ကြည်စွာဖြင့် ပြန်လည်ဖြေကြားသည်။

"ကျွန်တော့်အထင်တော့ ချန်ကျောက်ရှင်း ပျောက်ဆုံးသွားတာဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက အရှင်မင်းသားကို တိုက်ခိုက်ခဲ့တဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူအုပ်စုနဲ့ ဆက်စပ်နေမယ်လို့ သံသယရှိမိပါတယ်"

"မင်းပြောတာက... အနက်ရောင်ဝတ်လူတွေကို ပြောတာလား"

ခရမ်းရောင်ဆံပင်နှင့် လူငယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

"မှန်ပါတယ် အဲဒီအရူးတွေပဲ ဖြစ်မှာပါ။ မကြာသေးခင် ဒီခြောက်လတာအတွင်းမှာတင် ချန်ကျောက်ရှင်းက ပျောက်ဆုံးသွားတဲ့ တတိယမြောက် ပါရမီရှင် ဖြစ်နေပါပြီ။ ဒါက သိရသလောက် အရေအတွက်ပဲ ရှိပါသေးတယ်။ တကယ်တမ်း နောက်ထပ် ဘယ်နှစ်ယောက်တောင် ရှိနေဦးမလဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး"

ရထားအပြင်ဘက်မှ အသံမှာ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ခရမ်းရောင်ဆံပင်နှင့် လူငယ်က ခေါင်းညိတ်လိုက်ပြီး "သန့်စင်သောမြေဘက်က အဲဒီလူတွေရဲ့ ခြေရာလက်ရာကို ရှာတွေ့နိုင်ခဲ့ပြီလား" ဟု မေးသည်။

"မရှိသေးပါဘူး။ အဲဒီလူတွေက ရုတ်တရက် ပေါ်ထွက်လာကြသလိုပဲ။ သူတို့ရဲ့ နည်းလမ်းတွေက ထူးဆန်းပြီး အစွမ်းထက်ရုံတင်မကဘဲ ရုပ်ဖျက်တဲ့နေရာမှာလည်း အလွန်ကျွမ်းကျင်ကြပါတယ်။ သူတို့ကို စုံစမ်းဖို့ သန့်စင်သောမြေက စေလွှတ်လိုက်တဲ့ အကြီးအကဲ အတော်များများလည်း ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့ကြပါပြီ"

ထိုအသံက အမြန်ပြန်ဖြေသည်။

ခရမ်းရောင်ဆံပင်နှင့် လူငယ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တိတ်ဆိတ်သွားကာ မျက်နှာထားမှာလည်း မရေမရာ ဖြစ်သွားသည်။ သူ၏မျက်ဝန်းအတွင်းမှ ပိုးကောင်လေးများအလား ထူထပ်လှသော အနက်ရောင် နတ်ဘုရားပုံစံ သင်္ကေတများမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။

ရထားအပြင်ဘက်မှ အသံက ဆက်လက်၍ ပြောဆိုပြန်သည်။

"ဒါပေမဲ့ အရှင်မင်းသားအနေနဲ့ စိတ်ပျက်ဖို့တော့ မလိုပါဘူး။ ချန်ကျောက်ရှင်း မရှိတော့ပေမဲ့... ကျွန်တော် သံသယရှိတာကတော့ ဇီဝေချန်မိသားစုရဲ့ တတိယတောင်ထိပ်က သားဖြစ်သူ ချန်ကျီရှင်းက ဒီမိသားစုရဲ့ တကယ့် လျှို့ဝှက်နဂါးဖြစ်နေလိမ့်မယ်ဆိုတာပါပဲ။ ချန်ကျောကစိမ့်က တကယ့်ပါရမီရှင် ချန်ကျီရှင်းကို အကာအကွယ်ပေးဖို့အတွက် အာရုံလွှဲဖို့ သုံးခဲ့တဲ့ ငါးစာသက်သက် ဖြစ်နိုင်ခြေ များပါတယ်။ ဒါမှမဟုတ် တစ်ယောက်က အလင်းထဲမှာနေပြီး နောက်တစ်ယောက်က အမှောင်ထဲမှာ နေဖို့ သဘောတူထားကြတာလည်း ဖြစ်နိုင်ပါတယ်"

"ချန်ကျီရှင်း အဲဒီနာမည်ကို ငါ တစ်ခါမှ မကြားဖူးပါဘူး။ မင်း ဘာကို ဆိုလိုတာလဲ" ခရမ်းရောင်ဆံပင်နှင့် လူငယ်လေးမှာ အနည်းငယ် စိတ်ဝင်စားသွားပုံရသည်။

တာအိုဆွေးနွေးပွဲဆိုသည်မှာ အားလုံးက အင်အားချင်း မျှတနေမှသာလျှင် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းမည်ပင်။ အကယ်၍ အခြားသူအားလုံးက သူ့ထက် အများကြီး အားနည်းနေမည်ဆိုလျှင်မူ...

"အဲဒါက တာအိုနှီးနှောတာ မဟုတ်တော့ဘူး။ ပညာသင်ပေးတာ ဖြစ်သွားလိမ့်မယ်"

ရထားလုံးအပြင်ဘက်မှ အသံက ခပ်သဲ့သဲ့ ရယ်မောရင်း ဆက်ပြောသည်။

"လက်ရှိ ဇီဝေချန်မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် ချန်တောက်ယန်အကြောင်းကို ကျွန်တော် အတော်လေး သိပါတယ်။ သူက မိသားစုအပေါ် အရမ်းသစ္စာရှိတဲ့သူပဲ။ မိသားစုကို ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်မယ့်သူဆိုရင် သူက ဦးညွှတ်ပြီး အစေခံဖို့တောင် ဝန်မလေးဘူး။ ဒါပေမဲ့ မိသားစုအတွက် အသုံးမဝင်ဘူးဆိုရင်တော့ သူက လှည့်တောင်ကြည့်မှာ မဟုတ်ဘူး"

"အခုတစ်ခေါက် သူက ချန်ကျီရှင်းအပေါ် ဒီလောက်အထိ ဂရုတစိုက်ရှိနေတာက တကယ်တော့ ဒီထဲမှာ နက်နဲတဲ့ အဓိပ္ပာယ်တစ်ခု ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပဲ"

ခရမ်းရောင်ဆံပင်နှင့် လူငယ်သည် ဘာမျှပြန်မပြောဘဲ အသာအယာ ခေါင်းညိတ်လိုက်သည်။

"ဇီဝေရဲ့ လျှို့ဝှက်နဂါးတဲ့လား... စိတ်ဝင်စားဖို့ကောင်းသားပဲ။ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်"

.....

.....

ဝုန်းးး ဝုန်းးး ဝုန်းးး

မိုးခြိမ်းသံများ ဟိန်းဟောက်သွားသည်နှင့်အမျှ...

မိုးကြိုးသားရဲသုံးကောင်သည် ဇီဝေချန်မိသားစု၏ တောင်တံခါးဝရှေ့သို့ ထိုးဆင်းကာ ရပ်တန့်လိုက်ကြသည်။

ကျောပြင်ထက်တွင် စီးကျနေသော ခရမ်းရောင်ဆံပင်များ၊ သွယ်လျသော်လည်း အေးစက်တည်ငြိမ်သော အသွင်အပြင်နှင့် ထင်ရှားပြတ်သားသော မျက်နှာသွင်ပြင်ရှိသည့် လူငယ်တစ်ဦးသည် ရထားလုံးပေါ်မှ တစ်လှမ်းချင်း ဆင်းသက်လာခဲ့သည်။ သူ၏နောက်တွင်မူ ကြယ်တာရာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ပါလာ၏။

ခရမ်းရောင်ဆံပင်နှင့် လူငယ် စကားတစ်ခွန်းမျှ မပြောရသေးမီမှာပင် သူ၏ထံမှ အလွန်အစွမ်းထက်ပြီး ဖိအားပေးနိုင်သော အရှိန်အဝါများ ထွက်ပေါ်လာကာ တစ်ကွင်းလုံးသို့ ပျံ့နှံ့သွားတော့သည်။

"ဒါ... ထိုက်ချူ သန့်စင်သောမြေရဲ့ သန့်စင်သောသားတော်လား"

"ဟူး... အစွမ်းထက်လိုက်တာ။ သူ့ရဲ့ ကျင့်ကြံဆင့်က ဝိညာဉ်ခရီးသွားနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီပဲ။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တာ"

"သွေးညှီနံ့တွေလည်း အရမ်းပြင်းတာပဲ။ ဒီ ထျန်းဟွေဆိုတဲ့ သန့်စင်သောသားတော်ကတော့ ရိုးရှင်းတဲ့လူ မဟုတ်တာ သေချာတယ်"

ရွှီမိသားစုဝင်ဖြစ်စေ၊ ချန်မိသားစုဝင်ဖြစ်စေ လူငယ်မျိုးဆက်အားလုံးမှာ တုန်လှုပ်သွားကြပြီး သူတို့၏ ရင်ထဲ၌ ကြီးမားသော ဖိအားတစ်ခု တိုးဝင်လာခဲ့သည်။ ရွှီချင်းကျိုးပင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး သူမ၏မျက်နှာတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာတော့သည်။

နောက်တစ်ခဏ၌...

"ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ"

ရွှီချင်းကျိုး၏ လှပသော မျက်ဝန်းအစုံ၌ စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

ပါရမီရှင်တစ်ယောက်ဖြစ်လျှင် မည်သူ့ကိုမျှ မရှုံးနိမ့်နိုင်သော မအောင်နိုင်သည့် စိတ်နှလုံးရှိရမည် ဖြစ်သည်။

ဤမအောင်နိုင်သည့် စိတ်နှလုံးမှာ ခရမ်းရောင်ဆံပင်နှင့် လူငယ်တွင်လည်း ရှိသကဲ့သို့ ရွှီချင်းကျိုးတွင်လည်း ရှိသည်။

ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ အကြည့်မှာ တစ်ဝန်းလုံးကို ဝေ့ဝဲကြည့်လိုက်ရာ ရွှီချင်းကျိုး၏ မျက်နှာထက်တွင် ခေတ္တမျှ ရပ်တန့်သွားပြီးမှ ချန်ထျန်းချန်၏ ဘေးတွင်ရှိသော ချန်ကျီရှင်းထံသို့ ရောက်ရှိသွားတော့သည်။

သူသည် မည်သည့် နှုတ်ခမ်းလှုပ်ရုံ နှုတ်ဆက်စကားမျိုးမျှ မပြောသလို အခြေခံ ယဉ်ကျေးပျူငှာမှုများကိုလည်း ဂရုမစိုက်ပေ။ သူသည် တိုက်ရိုက်ပင် ပါးစပ်ဟကာ မေးမြန်းလိုက်သည်။

"မင်းက ချန်ကျီရှင်းလား"

"ဟုတ်ပါတယ်"

ချန်ကျီရှင်းက ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ... တာအိုဆွေးနွေးပွဲက ဘယ်တော့စမှာလဲ"

ခရမ်းရောင်ဆံပင်နှင့် လူငယ်က မေးသည်။

"ကျန်တဲ့ အဖွဲ့အစည်းနှစ်ခုကို စောင့်နေရပါသေးတယ်"

ချန်ကျီရှင်းက ပြုံးလျက် ဖြေကြားလိုက်သည်။

"ကောင်းပြီ"

ခရမ်းရောင်ဆံပင်နှင့် လူငယ်သည် ထိုစကားတစ်ခွန်းတည်းကိုသာ ပြောပြီးနောက် ဘာမျှထပ်မဆိုတော့ဘဲ၊ ဟာလာဟင်းလင်းဖြစ်နေသော နေရာတစ်ခုသို့ လျှောက်လှမ်းသွားကာ တင်ပျဉ်ခွေထိုင်လျက် မျက်စိမှိတ်လိုက်တော့သည်။

ချန်ကျီရှင်းသည် ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ခပ်သဲ့သဲ့လေး ပြုံးလိုက်မိ၏။ လူငယ်တွေကတော့ တကယ့်ကို ရဲတင်းလွန်းတယ်ဟု သူ စိတ်ထဲမှ ချီးကျူးမိသည်။

နောက်တစ်ခဏ၌...

ချန်ကျီရှင်း၏ အကြည့်မှာ ဤထိုက်ချူသန့်စင်သောသားတော်ကို ကျော်လွန်သွားပြီး သူ၏နောက်ကွယ်မှ ကာကွယ်စောင့်ရှောက်သူဆီသို့ ရောက်သွားသည်။

စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကိုးဆင့်ပဲ။

ထို့ပြင် ဤသန့်စင်သောသားတော်၏ ကိုယ်ပေါ်တွင် ပါရှိသည့် ကာကွယ်ရေးရတနာမှာ ထိုက်ချူသန့်စင်သောမြေ၏ အထွတ်အထိပ် သန့်စင်သောဆရာသခင်ကိုယ်တိုင် သန့်စင်မွမ်းမံပေးထားခြင်း ဖြစ်သည်။ ဤအင်အားစုမှာ နင်ချန်းယွီ၏ ခန္ဓာကိုယ်အတွင်းရှိ အဆပေါင်းများစွာ အားနည်းသွားသော အထွတ်အထိပ်စွမ်းအားကို တောင့်ခံထားနိုင်ရန် လုံလောက်သည်ဟု ယူဆရသည်။

"နောက်လာမယ့် အဆင့်အနေနဲ့ နင်ချန်းယွီကို သတ်ဖို့ အစီအစဉ်ကို စတင်လို့ရပြီ ကံကြမ္မာတွေနဲ့ အသက်သခင်ကျမ်းကို လုယူရမယ်"

ချန်ကျီရှင်းသည် သူ၏ ကြည်လင်ရှည်လျားသော မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိ၏။

ချန်ကျီရှင်း တွေးတောနေစဉ်မှာပင်...

ထိုက်ချူသန့်စင်သောသားတော်၏ ကာကွယ်စောင့်ရှောက်သူ အဘိုးအိုက ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော်တို့ သန့်စင်သောသားတော်က စိတ်သဘောထား ရိုးရှင်းပါတယ်။ ကျင့်ကြံခြင်းကလွဲလို့ တခြားဘာကိုမှ စိတ်မဝင်စားသလို လူမှုရေးကိစ္စတွေမှာလည်း အားနည်းတတ်ပါတယ်။ ဒါကြောင့် တောင်ထိပ်သခင်ချန်အနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်..."

သူ စကားမဆုံးသေးမီမှာပင် တောင်တံခါးဝဆီမှ မရေမရာဖြစ်နေသော လူငယ်တစ်ဦး၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

"ဒီနေရာက ဇီဝေချန်မိသားစုရဲ့ နယ်မြေပဲ မဟုတ်လား။ ကျွန်တော်ကတော့ ချန်ယန်အကယ်ဒမီက ကျောင်းသား လုပင်းပါ။ ဒီကို တာအိုနှီးနှောဖို့အတွက် လာရောက်တာဖြစ်ပါတယ်"

ရှူးးး ရှူးးး ရှူးးး

ချက်ချင်းဆိုသလိုပင် လူတိုင်း ခေါင်းမော့၍ တစ်ဖန်ကြည့်လိုက်ကြပြန်သည်။

စကားပြောသူမှာ အရောင်လွင့်နေသော အပြာရောင်ပိတ်စ ဝတ်စုံအဟောင်းကို ဝတ်ဆင်ထားပြီး ဝါးခြမ်းနှင့် အကြမ်းထည်ပိတ်စဖြင့် ပြုလုပ်ထားသော လွယ်အိတ်တစ်လုံးကို လွယ်ထားသည်။ သူ၏ အနက်ရောင်ဆံပင်များကို မြက်ပင်ကြိုးတစ်ချောင်းဖြင့် စည်းနှောင်ထားပြီး ဖြူဖျော့သော အသားအရေနှင့် သွယ်လျသော ခန္ဓာကိုယ်ကြောင့် ကြည့်ရသည်မှာ အားနည်းလှပုံပေါ်သည်။

သူ၏လက်ထဲတွင် ဝါးတုတ်တစ်ချောင်းကို ကိုင်ထားပြီး ရှေ့ရှိ မြေပြင်ကို အသာအယာ စမ်းသပ်ပုတ်ခတ်ရင်း ရှေ့သို့ လှမ်းလာခဲ့သည်။ ထို့နောက် တောင်တံခါးဝ၌ ရပ်တန့်ကာ လက်အုပ်ချီလျက် လူတိုင်းကို စနစ်တကျ ယဉ်ကျေးပျူငှာစွာ ဂါရဝပြုလိုက်သည်။

"မျက်မမြင်တစ်ယောက်လား"

လူတိုင်း ခေတ္တမျှ မှင်တက်သွားကြပြီးနောက် မျက်နှာများတွင် ဇဝေဇဝါဖြစ်သွားကြသည်။

ချန်ယန်အကယ်ဒမီက လူကုန်သွားပြီလား။ ဒီတာအိုနှီးနှောပွဲကို ကျင့်ကြံဆင့်လည်းမရှိ၊ မျက်စိလည်းမမြင်ရတဲ့ ပညာရှိဆိုသူကို ဘာလို့ စေလွှတ်လိုက်တာလဲ။

ခေတ္တမျှအတွင်း လူအုပ်ထဲ၌ ခပ်တိုးတိုးပြောသံများ ထွက်ပေါ်လာပြီး လူအများ၏ မျက်နှာထက်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ အလိုအလျောက် ပေါ်လာတော့သည်။

တောင်တံခါးဝရှေ့ဝယ်...

ထိုက်ချူသန့်စင်သောသားတော် ရောက်ရှိလာစဉ်ကပင် ချန်ကျီရှင်းမှာ တည်ငြိမ်အေးဆေးနေခဲ့သော်လည်း ဤမျက်မမြင်ပညာရှိကို မြင်လိုက်ရသည့် ခဏ၌မူ သူ၏ မျက်စိသူငယ်အိမ်မှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

မျက်မမြင်ပညာရှိ လုပင်းက နောင်တစ်ချိန်မှာ "ပညာရှိတစ်ယောက်မှာ သတ္တိမရှိဘူးလို့ မထင်လိုက်ပါနဲ့။ ကောင်းကင်နဲ့ မြေကြီးကို ပင်လယ်ထဲ နှစ်မြှုပ်ပစ်ဖို့တောင် သူ လုပ်ရဲပါတယ်" လို့ ကြွေးကြော်ခဲ့တဲ့ ကွန်ဖြူးရှပ်သူတော်စင် လုပင်းလား။

ချန်ကျီရှင်း မျက်မှောင်ပင့်လိုက်မိသည်။

မျက်မမြင်ပညာရှိ လုပင်း….

မဟာကျင့်ကြံခြင်းဂိမ်းထဲတွင် သူသည် အလွန်ပင် ရေပန်းစားလှသော ဒဏ္ဍာရီလာ NPC တစ်ဦးဖြစ်သလို သူ၏ ကံကြမ္မာမှာလည်း အလွန်ပင် ဆိုးရွားလှသည်။

မျက်မမြင်ပညာရှိ လုပင်းသည် မွေးရာပါ မျက်စိရောဂါရှိသော်လည်း အနှစ်နှစ်ဆယ်တိုင်တိုင် စာပေများကို လေ့လာဆည်းပူးခဲ့ပြီး ကွန်ဖြူးရှပ် မဟာစွမ်းအင်ကို ကျင့်ကြံခဲ့သူ ဖြစ်သည်။ အနှစ်နှစ်ဆယ်တိုင်တိုင် ကျင့်ကြံခြင်း လုံးဝမပြုလုပ်ဘဲ စာပေကိုသာ အားထုတ်ခဲ့ပြီးမှ စစမှန်သောကိုယ်ပိုင်နယ်ပယ်သို့ တိုက်ရိုက် ခုန်တက်နိုင်ခဲ့သူ ဖြစ်သည်။

အသက်ငါးဆယ်အရွယ်၌ နောက်ဆုံးသော ကွန်ဖြူးရှပ်သူတော်စင် တာအိုအောင်မြင်ပြီးနောက် နှစ်ပေါင်းငါးရာအကြာတွင်...

လုပင်းသည် ထိုနှစ်ပေါင်းငါးရာအတွင်း အထွတ်အထိပ်နယ်ပယ်သို့ ပထမဆုံး တက်လှမ်းနိုင်ခဲ့သူ ဖြစ်လာပြီး ကွန်ဖြူးရှပ်သူတော်စင်ဟူသော ဘွဲ့အမည်ကို ရရှိခဲ့သည်။

နောင်တွင် မြောက်ပိုင်းလွင်ပြင်၌ မိစ္ဆာများ ပုန်ကန်ကြသောအခါ ထိပ်တန်းမိစ္ဆာကြီးများ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာပြီး ကောင်းကင်ယံမှနေ၍ ကသောင်းကနင်း ဖြစ်စေခဲ့သည်။ သူသည် ထာဝရရှင်သန်ခြင်းကို မတောင်းဆိုဘဲ မြောက်ပိုင်းလွင်ပြင်သို့ တစ်ဦးတည်းသွားရောက်ကာ ကူလွန်တောင်တန်းကြီး၌ မိစ္ဆာပေါင်း သောင်းခြောက်ထောင်ကို တစ်ကိုယ်တည်း ခုခံတားဆီးခဲ့သည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ကို မီးခဲ

တောင်တန်းအဖြစ် အသွင်ပြောင်းကာ ထိုမိစ္ဆာများကို ထာဝရ နှိမ်နင်းထားခဲ့သူ ဖြစ်သည်။

အခန်း။ ၉၄

ချန်ကျီရှင်း၏ အရင်ဘဝက မဟာကျင့်ကြံခြင်းဂိမ်းသည် ကမ္ဘာတစ်ဝန်းလုံး အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရုံသာမက လူတန်းစားမရွေး၊ အရွယ်စုံကို ဆွဲဆောင်နိုင်ခဲ့သော ဂိမ်းတစ်ခု ဖြစ်သည်။

ထိုမျှအထိ ပေါက်ကြားကျော်ကြားခဲ့ရသည့် အကြောင်းရင်းမှာ ကြီးကျယ်ခမ်းနားပြီး ထူးဆန်းအံ့ဩဖွယ်ကောင်းသော ကမ္ဘာကြီး၏ အမြင်ကြောင့်သာ မဟုတ်ပေ။ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်အပြင်၊ သွေးသားအပြည့်ရှိပြီး ကိုယ်ပိုင်ဇာတ်ကြောင်း အသီးသီးရှိကြသော မရေမတွက်နိုင်သည့် ဇာတ်ကောင်များကြောင့်လည်း ဖြစ်သည်။

ဥပမာအားဖြင့် သူ၏ရှေ့တွင်ရှိနေသော မျက်မမြင်ပညာရှိ လုပင်းသည် နောင်တစ်ချိန်တွင် အထွတ်အထိပ်သို့ တက်လှမ်းကာ ကွန်ဖြူးရှပ်သူတော်စင်ဖြစ်လာမည့်သူ၊ ထာဝရရှင်သန်ခြင်း အခွင့်အရေးကို ရရှိပါလျက်နှင့် မြောက်ပိုင်းလွင်ပြင်သို့ တစ်ကိုယ်တည်း ထွက်ခွာသွားကာ တောင်တန်းကြီးအဖြစ် အသွင်ပြောင်းပြီး မိစ္ဆာပေါင်း တစ်သိန်းကို နှစ်သန်းပေါင်းများစွာ တိုင်အောင် နှိမ်နင်းပေးခဲ့သူဖြစ်သည်။ ထိုလုပ်ရပ်ကြောင့်ပင် ပညာရှိလောကကို နိုးကြားစေခဲ့ပြီး ကွန်ဖြူးရှပ်တာအို၏ ကံကြမ္မာကို ပြန်လည်ရှင်သန်စေခဲ့သည်။

သို့မဟုတ် ရေခဲပြင်ကြီးတစ်ခုပေါ်တွင် ဓားတစ်လက်ကို ဆွဲထုတ်ကာ နှစ်ပေါင်းသုံးရာတိုင်တိုင် လေ့ကျင့်ခဲ့သော အဘိုးအိုဓားသမားကြီး။ နောက်ဆုံးတွင် မိုင်ပေါင်းထောင်ချီ ရှည်လျားသော ရေခဲမြစ်ကြီးကို အပိုင်းပိုင်းဖြတ်တောက်နိုင်ခဲ့ပြီး လူ့လောက၏ အထွတ်အထိပ်သို့ တက်လှမ်းကာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။

သို့မဟုတ် ပြည့်တန်ဆာရုံတစ်ခုမှ အမျိုးသမီးတစ်ဦးသည် ပုတီးတစ်ကုံးကို ကိုင်ကာ ရဟန်းဝတ်စုံကို ဝတ်ဆင်လျက် လူ့လောက၏ ဒုက္ခပေါင်း ၃,၈၀၀ ကို ကြံ့ကြံ့ခံကာ ဗုဒ္ဓဆင်းတုတော်များနှင့် ဆီမီးအိမ်များကို အဖော်ပြုရင်း နောက်ဆုံးတွင် မြင့်မြတ်သော လျှို့ဝှက်တရားတော်များကို ရရှိကာ ဗောဓိသတ်တစ်ပါး ဖြစ်လာခဲ့သည်။

ဤကဲ့သို့သော ဇာတ်လမ်းများမှာ များပြားလှလွန်းလှသည်။ ဤလူသားများ၊ ဤနယ်မြေများနှင့် ဤတာအိုများ အားလုံးသည် နောက်ဆုံးတွင် တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားကြပြီး ရှုပ်ထွေးဆန်းကြယ်လှသော ဤထူးဆန်းအံ့ဩဖွယ် ကမ္ဘာကြီးကို ပုံဖော်ထားခြင်းပင်။

.....

ချန်ကျီရှင်းသည် ငယ်ရွယ်သေးသော မျက်မမြင်ပညာရှိ လုပင်းကို စိုက်ကြည့်ရင်း သူ၏ရင်ထဲ၌ အတွေးပေါင်းစုံ ဝေစီနေစဉ်...

"စီနီယာအစ်ကိုလု"

ရွှီချင်းကျိုးသည် သူမ၏ရှေ့တွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် ဝါးတုတ်တစ်ချောင်းကို ကိုင်ကာ ဖုန်တောထဲမှ ခရီးနှင်လာပုံရသည့် မျက်မမြင်ပညာရှိကို ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။

"ချန်ယန်အကယ်ဒမီက ဒီနေရာနဲ့ မိုင်ပေါင်းထောင်ချီ ဝေးတာပဲ။ စီနီယာက ဒီကို ဘယ်လိုများ ရောက်လာတာလဲ"

"ဂျူနီယာညီမလေးရွှီလား"

ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် အနည်းငယ် စိုးရိမ်နေသော လုပင်း၏ စိတ်မှာ သိသိသာသာ တည်ငြိမ်သွားတော့သည်။ ထို့နောက် သူသည် ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာနီမြန်းကာ "အကယ်ဒမီက ကျွန်တော့်ကို သစ်ရွက်ပုံစံ ပျံသန်းတဲ့ သင်္ဘောတစ်စင်း ပေးခဲ့ပါတယ်။ ဒါပေမဲ့... ဒါပေမဲ့ ယန်ကျိုးနယ်မြေထဲ ရောက်တာနဲ့ တစ်ယောက်ယောက်က အဲဒီသင်္ဘောကို လုယူသွားလို့။ လမ်းသွားလမ်းလာတွေကို မေးရင်းနဲ့ပဲ ဒီအထိ လမ်းလျှောက်လာခဲ့ရတာပါ"

ထိုစကားကို ကြားသောအခါ အနီးအနားရှိ ရွှီမိသားစုနှင့် ချန်မိသားစုမှ တပည့်များမှာ မထိန်းနိုင်ဘဲ တဟားဟား ရယ်မောကြတော့သည်။

ပျံသန်းနိုင်တဲ့ သင်္ဘောတောင် အလုခံလိုက်ရတယ်ဆိုတော့ ဒီလူ ဘယ်လောက်တောင် အားနည်းနေလို့လဲ။

"စီနီယာအစ်ကိုလု... အတော်လေး ဒုက္ခရောက်ခဲ့မှာပဲ"

ရွှီချင်းကျိုးက စာနာစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။

မျက်စိမမြင်ရဘဲ အားနည်းလွန်းလှသော ပညာရှိတစ်ဦးအနေဖြင့် ဤခရီးဝေးကို ရောက်လာရန် မည်မျှပင် ပင်ပန်းဆင်းရဲခဲ့ရမည်ကို မည်သူမဆို ခန့်မှန်းနိုင်ကြသည်။

"မဖြစ်ပါဘူး... ကိစ္စမရှိပါဘူး"

လုပင်းသည် အလျင်အမြန် ခေါင်းယမ်းကာ နုံအအအပြုံးဖြင့် ပြောလိုက်သည်။

"ခြေလှမ်းငယ်လေးတွေကို မစုစည်းဘူးဆိုရင် ခရီးမိုင်ပေါင်း ထောင်ချီကို မရောက်နိုင်ဘူး။ စမ်းချောင်းလေးတွေကို မစုစည်းဘူးဆိုရင် မြစ်တွေ ပင်လယ်တွေကို မဖြစ်ပေါ်စေနိုင်ပါဘူး"

"မိုင်ပေါင်းထောင်ချီ ခရီးနှင်ရတာဟာ စာအုပ်ပေါင်း တစ်သောင်းဖတ်ရတာထက် ပိုမြတ်ပါတယ်။ ဒီခရီးမှာ ကျွန်တော် ဒုက္ခမရောက်ခဲ့တဲ့အပြင် အတွေ့အကြုံတွေ အများကြီး စုဆောင်းနိုင်ခဲ့တာမို့လို့ တကယ်ပဲ ကျေးဇူးတင်ထိုက်ပါတယ်"

ထိုစကားများကို ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာထားမှာ ပို၍ပင် ထူးဆန်းသွားတော့သည်။

သူက စာတွေအဖတ်များပြီး ကြောင်တောင်တောင် ဖြစ်နေတဲ့ စာအုပ်ကြီးသမား မဟုတ်ဘူးလား။

ချန်ယန်အကယ်ဒမီဆိုတာ ဒီခေတ်မှာ နံပါတ်တစ် အကယ်ဒမီပဲ။ တာအိုပေါင်း သုံးထောင်က ပါရမီရှင်တွေကို မွေးထုတ်ပေးနေတာ။ စည်းကမ်းတွေကလည်း အရမ်းတင်းကျပ်ပြီး ကျင့်ကြံဆင့် အနည်းငယ်အားနည်းရုံနဲ့တင် ထုတ်ပယ်ခံရတာ။ အခု ဒီကျင့်ကြံဆင့် လုံးဝမရှိတဲ့သူက အကယ်ဒမီမှာ ဘယ်လိုနေထိုင်နိုင်တာလဲ။ ဒါတင်မကဘဲ တာအိုဆွေးနွေးဖို့တောင် ဘာလို့ စေလွှတ်လိုက်ရတာလဲ။

ဒီမျက်မမြင်ပြောတဲ့ စကားတစ်လုံးချင်းစီကတော့ အဓိပ္ပာယ်ရှိသလိုလိုပဲ ဒါပေမဲ့ စုလိုက်တော့ ငါတို့ ဘာမှနားမလည်တော့ဘူး။

"ကျွန်မ တကယ်ကို သိမြင်သွားပါပြီ"

ရွှီချင်းကျိုးက လေးလေးစားစား ဂါရဝပြုလိုက်သည်။ သူမသည် လူအများအား ဤသို့ မရှင်းပြခဲ့ပေ။

ကြည့်ရတာ ခေါင်းမာပြီး နုံအအဖြစ်နေတဲ့ မျက်မမြင်ပညာရှိလေးက တကယ်တော့ လက်ရှိ ကွန်ဖြူးရှပ်သူတော်စင်ရဲ့ တစ်ဦးတည်းသော တပည့်ရင်းဖြစ်တယ်ဆိုတာကိုပေါ့….

အဆင့်အတန်းအရ ပြောရလျှင် သူသည် ဤနေရာရှိ လူအားလုံးထက်ပင် ပိုမိုမြင့်မြတ်သူ ဖြစ်သည်။

ခေတ္တမျှကြာသော် ရွှီချင်းကျိုးသည် လုပင်းကို လူအုပ်ကြီးနှင့် မိတ်ဆက်ပေးလိုက်သည်။ ချန်ကျီရှင်းနှင့် မိတ်ဆက်ပေးသည့်အချိန်တွင်မူ လုပင်း၏ မျက်နှာမှာ ဝင်းပသွားပြီး

"စစ်မှန်တဲ့ ရည်ရွယ်ချက်မှာ အကောင်းအဆိုးဆိုတာ မရှိဘူး။ ငါတို့ အကောင်းအဆိုးလို့ ခေါ်နေတာတွေက စိတ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရည်ရွယ်ချက်တွေပဲ။ လူတိုင်းမှာ မွေးရာပါ အသိတရားရှိပြီးသားပါ။ အဲဒါကိုသုံးပြီး အကောင်းအဆိုးကို ခွဲခြားနိုင်ကြတာပဲ"

"အရာဝတ္ထုတွေကို စူးစမ်းတယ်ဆိုတာ စိတ်နှလုံးကို စူးစမ်းတာပါပဲ။ ကိုယ့်ရဲ့စိတ်ကို ရှာဖွေပြီး မကောင်းတဲ့ဆန္ဒတွေကို ဖယ်ရှားကာ မွေးရာပါအသိတရားကို ပြည့်စုံအောင်လုပ်တာဟာ ကျီရှင်းလို့ခေါ်တဲ့ အသိနဲ့ အကျင့် တစ်ထပ်တည်းကျခြင်းရဲ့ အနှစ်သာရပါပဲ"

"သခင်လေး... သခင်လေးရဲ့ နာမည်ဟာ တကယ်တော့ ကျွန်တော်တို့ ကွန်ဖြူးရှပ်ပညာရှိတွေ လိုက်စားတဲ့ အမြင့်ဆုံးသော နယ်ပယ်တစ်ခုပါပဲ"

ဤစကားများကို ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိလူများမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြရုံသာမက ရွှီချင်းကျိုးကိုယ်တိုင်ပင် ခေါင်းယမ်းလျက် ပြုံးလိုက်မိတော့သည်။

ဒီအစ်ကိုလုက အရာရာတိုင်းမှာ တော်ပါရဲ့။ စကားပြောလိုက်ရင် လူတွေ နားမလည်နိုင်တဲ့ အရာတွေကိုပဲ အမြဲပြောနေတတ်တာကတော့ ခက်တယ်။

ချန်ကျီရှင်းက ပြုံးလျက် "ကွန်ဖြူးရှပ်သူတော်စင်က သူဟောပြောပြသတဲ့ တရားတွေကို တစ်ကမ္ဘာလုံးကို ပြန့်နှံ့အောင် လုပ်ဆောင်နေတဲ့အချိန်တုန်းက ကျွန်တော့်အမေက ဒီစကားစုကို တစ်နေရာရာကနေ ကြားခဲ့မိတာနဲ့ ကျွန်တော့်ကို ဒီနာမည် အလွယ်တကူ ပေးလိုက်တာပါ" ဟု ပြောလိုက်သည်။

သူက ခေတ္တရပ်ပြီးနောက် "ညီအစ်ကိုလုကရော အသိနဲ့အကျင့် တစ်ထပ်တည်းကျတဲ့နယ်ပယ်ကို ရောက်ဖို့ နီးစပ်နေပြီလား" ဟု မေးမြန်းလိုက်သည်။

ထိုစကားကို ကြားသောအခါ လုပင်းက အလျင်အမြန်ပင် လက်ယမ်းပြလျက် "ကျွန်တော်က အဲဒီနယ်ပယ်နဲ့ အလှမ်းဝေးပါသေးတယ်" ဟု ပြောလိုက်၏။

ချန်ကျီရှင်းက ခေါင်းညိတ်ပြုံးပြရင်း "ဒါဆိုရင် ညီအစ်ကိုက ဖြူစင်တဲ့ရည်ရွယ်ချက်နဲ့ ဖြောင့်မတ်တဲ့နှလုံးသားနယ်ပယ်ကိုတော့ ရောက်နေပြီ မဟုတ်လား" ဟု ထပ်မံမေးလိုက်ပြန်သည်။

ထိုစကားကြောင့် မျက်မမြင်ပညာရှိ၏ မျက်နှာမှာ ပိုမိုဝင်းပသွားပြီး သူ၏လေသံမှာလည်း အနည်းငယ် ဝမ်းသာအားရ ဖြစ်သွားသည်။

"သခင်လေးက ဖြူစင်တဲ့ရည်ရွယ်ချက်နဲ့ ဖြောင့်မတ်တဲ့နှလုံးသားဆိုတဲ့ နယ်ပယ်ကိုတောင် သိနေတာလား။ ဒါကြောင့်မို့လို့ ဆရာက ကျွန်တော့်ကို အပြင်လောကမှာ ထူးဆန်းနက်နဲတာတွေ အများကြီးရှိတယ်။ ဒီတစ်ခေါက် အပြင်ထွက်တဲ့အချိန်မှာ အသိအမြင်တွေကို ရှာဖွေပါလို့ ပြောခဲ့တာကိုး"

လုပင်းက ဆက်လက်၍ "ဒီဆွေးနွေးပွဲမှာ သခင်လေးရဲ့ အမြင်တွေကို မျှဝေပေးနိုင်မလားခင်ဗျာ။ ဖြူစင်တဲ့ရည်ရွယ်ချက်နဲ့ ဖြောင့်မတ်တဲ့နှလုံးသားအကြောင်း နားလည်တဲ့သူနဲ့ တွေ့ရဖို့က အရမ်းရှားလို့ပါ" ဟု ပြောလိုက်သည်။

အသိပညာကို ဆာလောင်မွတ်သိပ်နေပြီး ဖြူစင်ရိုးသားသော မျက်နှာထားရှိသည့် လုပင်းကို ကြည့်ကာ ချန်ကျီရှင်းက ရယ်မောလျက် "ကျွန်တော်လည်း တစ်ဆင့်စကားနဲ့ ကြားဖူးတာပါ။ နောက်မှ အခွင့်အရေးရရင်တော့ ကျွန်တော့်အမြင်တွေကို မျှဝေပေးပါ့မယ်" ဟု ကတိပေးလိုက်သည်။

လုပင်းသည် ထိုစကားကို ကြားရသဖြင့် ချက်ချင်းပင် ဝမ်းမြောက်သွားတော့သည်။

တောင်တံခါးဝရှေ့၌ ရှိနေကြသော ချန်ထျန်းချန်နှင့် မျိုးနွယ်စုအကြီးအကဲများမှာမူ ချန်ကျီရှင်းကို ထူးဆန်းသော အကြည့်များဖြင့် မကြည့်ဘဲ မနေနိုင်ကြတော့ပေ။

ကွန်ဖြူးရှပ်တာအိုက အမြဲတမ်း နက်နဲလွန်းနေတာ။ ကျီရှင်းက ဒါတွေကို ဘယ်ကနေ သင်ယူခဲ့တာပါလိမ့်။

ထိုအချိန်မှာပင် မျိုးနွယ်စုအကြီးအကဲတစ်ဦး၏ ခါးတွင်ချိတ်ထားသော အချက်ပြအဆောင်မှာ ရုတ်တရက် လင်းထိန်လာသည်။ သူသည် ဘေးသို့ ခေတ္တထွက်ကာ အဆောင်ကို ချေဖျက်၍ သတင်းကို နားထောင်လိုက်သည်။

ခဏအကြာတွင် ထိုအကြီးအကဲမှာ တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ချန်ထျန်းချန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"တတိယတောင်ထိပ်သခင်... လျူမိသားစုက ဒီကိုလာတဲ့ လမ်းမှာ တစ်ခုခုဖြစ်ခဲ့ပုံပဲ။ သူတို့ ဒီကို ရောက်လာနိုင်မှာ မဟုတ်တော့ဘူး"

ထိုစကားကို ကြားရသဖြင့် ချန်ထျန်းချန်သည် မျက်မှောင်အနည်းငယ် ကြုတ်လျက် တွေးတောလိုက်ပြီး "ဒါဆိုရင်တော့ ငါတို့ ဆက်မစောင့်တော့ဘူး။ လူတွေကို ပြင်ဆင်ခိုင်းလိုက်တော့။ တာအိုဆွေးနွေးပွဲကို မနက်ဖြန်ပဲ စတင်ကြမယ်" ဟု ဆုံးဖြတ်လိုက်သည်။

"ဟုတ်ကဲ့ပါ"

အကြီးအကဲက ခေါင်းညိတ်ပြပြီးနောက် မနက်ဖြန်တွင် တာအိုဆွေးနွေးပွဲ ကျင်းပမည့် သတင်းကို လူအများအား ကြေညာလိုက်ပြီး အားလုံးကို အနားယူရန် အဓိကတောင်ထိပ်သို့ ပြန်လည်ခေါ်ဆောင်သွားတော့သည်။

လူတိုင်း ထွက်ခွာသွားကြပြီးနောက် ချန်ကျီရှင်းမှာမူ မတ်တတ်ရပ်မြဲ ရပ်နေဆဲဖြစ်ပြီး သူ၏မျက်ဝန်းများမှာ ရုတ်တရက် ဝင်းခနဲ လက်သွားတော့သည်။

[တင်း…သင်သည် ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တစ်ဦးကို ဖိနှိပ်နိုင်ခဲ့သဖြင့် သူ၏ သက်တမ်းကို အဆမတန် လျော့နည်းစေခဲ့ပြီး သူ၏ ကံကြမ္မာနှင့် ပါရမီစွမ်းရည်အချို့ကို သိမ်းပိုက်ရရှိခဲ့ပါသည်]

[တင်း….သင်၏ ကံကြမ္မာတန်ဖိုးမှာ မူလ ၁၀၀% မှ ၅၀% ထပ်မံတိုးပွားလာပါသည်။ စုစုပေါင်း ကံကြမ္မာတန်ဖိုး ၁၅၀% သို့ ရောက်ရှိသွားပါပြီ]

[သင်၏ လက်ရှိဘွဲ့အမည် ကံကောင်းခြင်း လက်ဆောင်မွန်ကို ပိုင်ဆိုင်သူ]

[တင်း… သင်သည် တားမြစ်ကျင့်စဉ် သက်တမ်းလောင်မြိုက်ခြင်း ကျိန်စာကို ရရှိခဲ့ပါသည်]

ချန်ကျီရှင်း၏ စိတ်ထဲ၌ အချက်ပေးသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ သူသည် မျက်မှောင်ပင့်လိုက်ပြီး တွေးတောလိုက်မိ၏။

ငါ့ကြောင့် နင်ချန်းယွီရဲ့ သက်တမ်းက အဆမတန် လျော့သွားတာလား။ သက်တမ်းလောင်မြိုက်ခြင်း ကျိန်စာ ဟုတ်လား။

ဝုန်းးး

သက်တမ်းလောင်မြိုက်ခြင်း ကျိန်စာနှင့် ပတ်သက်သော ကျယ်ပြောလှသည့် အသိပညာဗဟုသုတများက ချန်ကျီရှင်း၏ ဦးနှောက်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာခဲ့သည်။

ခဏအကြာတွင်မူ...

"ဒါကိုး..."

ချန်ကျီရှင်းသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သိမြင်နားလည်သွားသည့် အမူအရာမျိုး ပေါ်လာသည်။

သက်တမ်းလောင်မြိုက်ခြင်း ကျိန်စာမှာ မိမိ၏ သက်တမ်းကို လောင်မြိုက်စေပြီး အချိန်တိုအတွင်း ကျင့်ကြံဆင့်ကို အဆမတန် မြင့်တက်လာစေသည့် ကောင်းကင်ဘုံကို ဆန့်ကျင်သော လျှို့ဝှက်ကျင့်စဉ်တစ်ခု ဖြစ်သည်။ နင်ချန်းယွီသည် မကြာသေးခင်က ကျင့်ကြံဆင့် ရုတ်တရက် မြင့်တက်လာစေရန် ဤကျင့်စဉ်ကို အသုံးပြုခဲ့သဖြင့် သူ၏သက်တမ်းမှာလည်း သိသိသာသာ လျော့ကျသွားခဲ့ခြင်း ဖြစ်ရပေမည်။

"ကြည့်ရတာ တစ်ယောက်ယောက်တော့ လောနေပုံပဲ"

ချန်ကျီရှင်းသည် အဓိကတောင်ထိပ်ရှိ နင်ချန်းယွီ တည်းခိုရာ ဧည့်ခန်းဆောင်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ သူ ခန့်မှန်းရသလောက်ဆိုလျှင် နင်ချန်းယွီသည် ဤကျိန်စာကို အသုံးပြု၍ သူ့ကို တိုက်ခိုက်ရန် ကြံစည်နေခြင်းပင်။

နောက်တစ်ခဏ၌...

ဗုန်းးး

ချန်ကျီရှင်း ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မြေပြင်မှာ ကျုံ့သွားသကဲ့သို့ ဖြစ်သွားပြီး သူသည် ချန်မိသားစု၏ တောင်တံခါးဝမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူလိုအပ်နေသော ထိုက်ချူသန့်စင်သောမြေမှ ဓားထျန်းဟွေလည်း ရောက်ရှိလာခဲ့သည်။

ဒါဆိုရင်တော့... နင်ချန်းယွီရဲ့ ဇာတ်သိမ်းခန်းကို စတင်ရတော့မှာပဲ။

All Chapters