အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း။ ၉၅
တစ်အောင့်မျှ ကြာပြီးနောက်...
နဂါးနက်ဂိုဏ်းဌာနချုပ်
ကျားသားရေကော်ဇော ခင်းကျင်းထားသော အခန်းအတွင်းဝယ် ရှူတလုံသည် တင်ပျဉ်ခွေထိုင်လျက် ရှိနေသည်။ အရပ်မျက်နှာအသီးသီးမှ စီးဝင်လာသော ဝိညာဉ်စွမ်းအင်မျှင်တန်းလေးများသည် သူ၏နှာခေါင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး နောက်ဆုံးတွင် ဒန်ထျန်ဝိညာဉ်ပင်လယ်အတွင်း၌ သန့်စင်သော ကျင့်ကြံခြင်းအနှစ်သာရများအဖြစ် ပေါင်းစပ်သွားတော့သည်။
"ရှူတလုံ... မဆိုးဘူးပဲ။ လအနည်းငယ်အတွင်းမှာတင် မင်းရဲ့ကျင့်ကြံဆင့်က ဝိညာဉ်
အသွင်ပြောင်းနယ်ပယ်တတိယဆင့်ကို ရောက်နေပြီပဲ"
ခပ်ပြုံးပြုံး လေသံနှင့် အသံတစ်ခုသည် သူ၏နားထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။
"ဘယ်သူလဲ"
ရှူတလုံ၏ စိတ်မှာ ချက်ချင်းပင် တင်းမာသွားပြီး မျက်လုံးများကို အမြန်ဖွင့်ကြည့်လိုက်မိသည်။
မည်သည့်အချိန်က ပွင့်သွားသည်မသိသော တံခါးဝတွင် ဆီးနှင်းကဲ့သို့ ဖြူဖွေးတောက်ပသော ဝတ်စုံကို ဝတ်ဆင်ထားပြီး နှိုင်းယှဉ်၍မရနိုင်အောင် ချောမောခန့်ညားသော လူငယ်တစ်ဦးသည် သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။
"တတိယသခင်လေး"
ရှူတလုံ၏ မျက်နှာမှာ ချက်ချင်းပင် ပြေလျော့သွားပြီး အလျင်အမြန် မတ်တတ်ရပ်ကာ "တတိယသခင်လေး ရောက်လာတာပဲ။ ကျွန်တော့်ကို ကြိုပြောပါလားဗျာ။ ဒါမှ ကျွန်တော့်လူတွေကို အကောင်းဆုံး စားသောက်ပွဲကြီး ပြင်ဆင်ခိုင်းထားလို့ ရမှာပေါ့" ဟု ပြောလိုက်သည်။
ရှူတလုံက ဆက်လက်၍ "တတိယသခင်လေး ပေးခဲ့တဲ့ ဝိညာဉ်အသွင်ပြောင်းဆေးလုံးကြောင့်သာ မဟုတ်ရင် ကျွန်တော် အခုလို တတိယဆင့်ကို ရောက်ဖို့ မလွယ်ပါဘူး။ ချင်းကျိုးကအပြန် လမ်းမှာ ကံကောင်းထောက်မစွာနဲ့ ကြုံခဲ့ရတဲ့ အခွင့်အရေးတစ်ခုကြောင့်လည်း ပါတာပေါ့" ဟု ပြုံးလျက် ပြောလိုက်သည်။
"အင်း..."
ချန်ကျီရှင်းက အေးအေးဆေးဆေးပင် ခေါင်းညိတ်ပြလိုက်ပြီး "မီးလျှံပုံစံ အနက်ရောင်
ဓားကို နောက်ဆုံး ဘယ်သူရသွားလဲ" ဟု မေးမြန်းလိုက်သည်။
ရှူတလုံသည် သူ၏နဖူးကို အံ့အားသင့်ဟန်ဖြင့် ရိုက်လိုက်ပြီး "တတိယသခင်လေး... အဲဒီဓားကို လုကြတဲ့ပွဲကတော့ တကယ့်ကို အလှည့်အပြောင်းတွေ များလွန်းလှပါတယ်။ ဝိညာဉခရီးစဉ်နယ်ပယ်အဆင့်က ပညာရှင်တွေအပါအဝင် မီးလျှံတာအို ကျင့်ကြံသူတွေ အများကြီး ပြိုင်ဆိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အဲဒီဓားက ကြည်လင်ခြင်းနယ်ပယ်အဆင့်မှာပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားခဲ့တယ်လေ"
"အဲဒီကောင်လေးရဲ့ နာမည်က... မုန်းဟယ်တုန်းတဲ့။ ဟုတ်တယ်... မုန်းဟယ်တုန်း"
"အဲဒီကလေးကတော့ တကယ့်ကို ကံကောင်းလွန်းတာပဲဗျာ"
ချန်ကျီရှင်းသည် ထိုအချက်ကို တွေးတောလိုက်ပြီး ခေါင်းညိတ်လိုက်မိသည်။ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်ဆိုသည်မှာ ကြီးမားသော ကံကြမ္မာကို ပိုင်ဆိုင်ထားကြသည်။
ရှူးးး
ချန်ကျီရှင်း၏ လက်ထဲတွင် မြေလျှိုးအဆောင်နှင့် ပေါက်ကွဲစေသော အဆောင်အချို့ ပေါ်လာပြီး ရှူတလုံထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်ကာ "လင်အန်းမြို့ရဲ့ အရှေ့ဘက် မိုင် ၄၀၀ အကွာမှာ အဆိပ်အိုင်တစ်ခု ရှိတယ်။ အဲဒီအိုင်ရဲ့ အောက်ခြေမှာ ရှေးဟောင်းအပျက်အစီး နယ်မြေတစ်ခုရဲ့ ဝင်ပေါက်ရှိပြီး ဝိညာဉ်ခရီးသွားနယ်ပယ်အဆင့်ရှိတဲ့ အဆိပ်မြွေဟောက်ကြီးတစ်ကောင် စောင့်ကြပ်နေတယ်"
"ပထမဆုံး အဲဒီမြွေကြီးကို ဒေါသထွက်အောင်လုပ်ပြီး အဝေးကို မျှားခေါ်သွားပါ။ ပြီးရင်တော့ ပေါက်ကွဲစေသော အဆောင်ကိုသုံးပြီး ဝင်ပေါက်ကို ဖောက်လိုက်"
"ဒါတွေအားလုံးပြီးတာနဲ့ ဇီဝေတောင်တန်းဆီကို အမြန်ဆုံး ပြေးလာခဲ့ပါ။ တောင်တံခါးဝရောက်ရင် မင်းက ရှေးဟောင်းနယ်မြေတစ်ခုကို တွေ့ခဲ့တယ်လို့ အော်ဟစ်အကြောင်းကြားလိုက်"
ရှူတလုံသည် မည်သည့်မေးခွန်းမျှ ထပ်မမေးဘဲ ခေါင်းညိတ်လိုက်ပြီး "တတိယသခင်လေး... ဘယ်အချိန်မှာ စလုပ်ရမလဲ" ဟု မေးသည်။
"အခုချက်ချင်းပဲ"
ချန်ကျီရှင်းက ပြတ်သားစွာ အမိန့်ပေးလိုက်၏။
"နားလည်ပါပြီ"
ရှူတလုံ၏ မျက်နှာထားမှာ တည်ကြည်သွားပြီး ထိုနေရာမှ ချက်ချင်း ထွက်ခွါသွားတော့သည်။
"ဒါတွေအားလုံး အောင်အောင်မြင်မြင် ပြီးဆုံးသွားရင်တော့ မင်းကို ကြည်လင်ခြင်းနယ်ပယ်ရောက်အောင် ငါကိုယ်တိုင် ကူညီပေးမယ်"
ချန်ကျီရှင်း၏ အေးစက်တည်ငြိမ်သော အသံသည် ရှူတလုံ၏ ကျောပြင်နောက်မှ ထွက်ပေါ်လာသည်။
ရှူတလုံ၏ ခြေလှမ်းများ ခေတ္တရပ်တန့်သွားပြီး သူ၏ရင်ထဲ၌ ရှိနေသော အကြောက်တရားအနည်းငယ်မှာ ပြတ်သားသော သန္နိဋ္ဌာန်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားတော့သည်။
"စိတ်ချပါ တတိယသခင်လေး ရှူတလုံအနေနဲ့ ဒီအလုပ်ကို အသက်နဲ့လဲပြီး အဆုံးအထိ တာဝန်ကျေအောင် ဆောင်ရွက်ပါ့မယ်"
ရှူတလုံ ထွက်ခွာသွားပြီးနောက်...
"မလုံလောက်သေးဘူး... အခုထိ မလုံလောက်သေးဘူး..."
"မြွေကို ခေါင်းမဖြတ်နိုင်ရင် နောင်တစ်ချိန်မှာ ဘေးဒုက္ခပြန်ဖြစ်လာလိမ့်မယ်"
ချန်ကျီရှင်းသည် ဇီဝေတောင်တန်းဆီသို့ မော့ကြည့်ရင်း သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသည် ညင်သာသော ခြေလှမ်းဖြင့်ပင် လင်အန်းမြို့မှ ထွက်ခွာလာခဲ့၏။
နာရီဝက်ခန့် ကြာပြီးနောက်...
ချန်ကျီရှင်းသည် ဇီဝေတောင်တန်း၏ အဓိကတောင်ထိပ်နောက်ဘက်ရှိ တောင်ကုန်းပေါ်သို့ ရောက်ရှိလာသည်။ ဤနေရာမှာ ဇီဝေမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်တစ်ဦးတည်းသာ ခြေချခွင့်ရှိသော နေရာဖြစ်သည်။
ယခုအခါ ချန်ကျီရှင်းသည် ဆံပင်ဖြူများကို ဖားလျားချလျက် အစီအရင်တစ်ခု၏ ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော ချန်တောက်ယန်နှင့် မျက်နှာချင်းဆိုင် ရပ်နေပြီ ဖြစ်သည်။
"ကျီရှင်း... မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ"
ချန်တောက်ယန်က ချန်ကျီရှင်းကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။
ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူကာ အကြည့်ကို နှိမ့်ချလျက်
"မျိုးနွယ်စုခေါင်းဆောင်... ကျွန်တော့်အတွက် လူတစ်ယောက်ကို သတ်ပေးဖို့ မိသားစုရဲ့ မှောင်မိုက်သောဌာနရဲ့ အကူအညီကို တောင်းခံချင်လို့ပါ"
မှောင်မိုက်သောဌာနကို အနက်ရောင်လဟုလည်း ခေါ်ဆိုကြသည်။ ဤအရာမှာ ဇီဝေချန်
မိသားစု၏ ဖုံးကွယ်ထားသော လျှို့ဝှက်အင်အားစုပင်။ အနက်ရောင်လအဖွဲ့၏ အရှင်သခင်များမှာ အကြီးအကဲမဟူရာနှင့် အကြီးအကဲမင်တို့ပင်။
ဤလျှို့ဝှက်ချက်များကို ချန်တောက်ယန်က ချန်ကျီရှင်းအား မကြာသေးမီကမှ ထုတ်ဖော်ပြောပြထားခြင်း ဖြစ်သည်။ ချန်မိသားစု၏ အင်အားစုကို အကြမ်းဖျင်းအားဖြင့် အလင်းနှင့် အမှောင်ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။
အလင်းဘက်ခြမ်းကို မနက်ဖြန်ဟု ခေါ်သည်။ မနက်ဖြန်အဖွဲ့တွင် ဇီဝေကိုးတောင်ထိပ်မှ စစ်
မှန်သောကိုယ်ပိုင်နယ်ပယ်ရှိ တောင်ထိပ်သခင်များနှင့် ဝိညာဉ်ခရီးသွားနယ်ပယ်ရှိ မျိုးနွယ်စုအကြီးအကဲများ ပါဝင်သည်။
ဤအဖွဲ့အစည်း နှစ်ခုလုံးကို လက်ရှိ ဇီဝေကြယ်တာရာ အရှင်သခင် ချန်တောက်ယန်က ကွပ်ကဲနေခြင်း ဖြစ်ပြီး ချန်တောက်ယန်၏ အထက်တွင်မူ...
ဇီဝေချန်မိသားစု၏ ကြောက်မက်ဖွယ်ရာ မိစ္ဆာအိုကြီးဖြစ်သည့် အထွတ်အထိပ်နယ်ပယ်ဘိုးဘေးကြီး ရှိနေသည်။ သူသည် ထာဝရရှင်သန်ခြင်းနယ်ပယ်ရောက်ခဲ့သူ ချန်ရွှမ်ဖုန်း၏ မြေးတော်စပ်သူပင်။
ထိုအရာက ချန်တောက်ယန်က ချန်ကျီရှင်းကို ထုတ်ဖော်ပြောပြထားသည့် ဇီဝေချန်မိသားစု၏ လက်ရှိအင်အား အလုံးအရင်းပင်။ ဤထက်ပို၍ နက်နဲသော အင်အားစုများ ရှိနေသေးသလား ဆိုသည်ကိုမူ ထပ်မံထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
"တခြားလူတွေ မသိစေဘဲ တစ်ယောက်ယောက်ကို သတ်ချင်တာလား"
ချန်တောက်ယန်က ခေတ္တတွေးတောလိုက်ပြီး အဓိကအချက်ကို ချက်ချင်းရိပ်မိကာ မေးလိုက်သည်။
"ဟုတ်ပါတယ်"
ချန်ကျီရှင်းက ခေါင်းညိတ်ပြသည်။
"ဒါဆို ငါနားလည်ပြီ"
ချန်တောက်ယန်က ပြုံးလျက် "ငါက ပင့်ကူအိမ်အဖွဲ့အစည်းကို စုံစမ်းဖို့အတွက် အကြီးအကဲမဟူရာကို စေလွှတ်ထားပြီးသားဆိုတော့ မှောင်မိုက်သောဌာနကို ထုတ်သုံးနေဖို့ မလိုတော့ပါဘူး။ ဒါကို ငါကိုယ်တိုင်ပဲ ကိုင်တွယ်ပေးမယ် ဘယ်လိုလဲ" ဟု ပြောလိုက်သည်။
ထိုစကားကြောင့် ချန်ကျီရှင်းမှာ မမျှော်လင့်ဘဲ မော့ကြည့်လိုက်မိပြီး ချန်တောက်ယန်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။
"ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ။ မိသားစုရဲ့ အထွတ်အထိပ်ဘိုးဘေးကြီးဆီက အကူအညီတောင်းပေးမယ်လို့ မင်း မျှော်လင့်နေတာလား"
ချန်တောက်ယန်က တဟားဟား ရယ်မောလိုက်သည်။
"ဒီလောက်ဆို ရပါပြီ လုံလောက်ပါတယ်"
ချန်ကျီရှင်းက ခပ်သဲ့သဲ့လေး ပြုံးလိုက်မိပြီး "အမှန်ပါပဲ မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် လှုပ်ရှားမယ်ဆိုရင်တော့ မသေချာတာ မရှိတော့ပါဘူး။ ကျွန်တော် အဓိကစိုးရိမ်တာက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ကြုံလာမှာစိုးလို့ မျိုးနွယ်စုခေါင်းဆောင်ကို အနားမှာ ရှိနေစေချင်တာပါ" ဟု ပြောလိုက်သည်။
"အင်း... မင်းရဲ့ ရည်ရွယ်ချက်ကို ငါနားလည်ပါပြီ"
"မင်းသတ်ချင်သလိုသာ သွားသတ်ပေတော့။ အဲဒီအချိန်ကျရင် ငါ မင်းရဲ့ဘေးမှာ ရှိနေပေးမယ်"
"မင်း ဘယ်သူ့ကို သတ်ချင်တာလဲ။ ဘာကြောင့်လဲ ဆိုတာကို ငါမသိပေမဲ့ အဲဒါက အရေးမကြီးပါဘူး။ ငါ ထပ်ပြီးလည်း မမေးတော့ဘူး"
"ငါ မင်းကို တစ်ခုပဲ ပြောပြမယ်..."
ချန်တောက်ယန်က ပြုံးလိုက်ပြီး စကားတစ်ခွန်းကို ပြောလိုက်သည်။
"ငါ ဒီမှာ ရှိနေသမျှ ကာလပတ်လုံး..."
"အထွတ်အထိပ်နယ်ပယ်အောက်က ဘယ်သူပဲလာလာ သေရမယ်"
...
...
ချန်ကျီရှင်း တောင်နောက်ဘက်မှ လမ်းလျှောက်ထွက်လာချိန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တောင်ပေါ်လေပြေညင်းများက ချန်ကျီရှင်း၏ မျက်နှာကို အသာအယာ တိုးဝှေ့သွားကြ၏။
သူသည် တောင်ခါးပန်းတွင်ရှိသော ရွှီမိသားစု တည်းခိုရာ အဆောင်အစုအဝေးကို စိုက်ကြည့်လိုက်သည်။
"ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက် ဟုတ်လား။ ကံကောင်းခြင်းတွေနဲ့ ကံကြမ္မာရဲ့ အကာအကွယ်ကို ရထားတယ်ပေါ့။ ဒါပေမဲ့ မင်း သေမင်းရဲ့လက်ကနေ လွတ်အောင် ပြေးနိုင်မလား ကြည့်ကြတာပေါ့"
...
...
ထိုအချိန်မှာပင်...
အဓိကတောင်ထိပ် တောင်ခါးပန်းအနီးရှိ ခြံဝင်းအတွင်းရှိ ဧည့်သည်ဆောင်တစ်ခု၌...
အခန်းတွင်းရှိ မှိန်ဖျော့နေသော ဖယောင်းတိုင်မီးရောင်သည် တုန်ရီနေပြီး နံရံပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်မည်းကြီးများကို ဖြစ်ပေါ်စေသည်။
ခုတင်ပေါ်တွင် နင်ချန်းယွီသည် တင်ပျဉ်ခွေထိုင်နေရင်း သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ သူ၏မျက်နှာမှာ ပါးရိုးများ ချိုင့်ဝင်နေပြီး မျက်ခုံးများ ထိုးထွက်ကာ အသားအရောင်မှာလည်း ဖယောင်းကဲ့သို့ ဝါဖန့်ဖန့် ဖြစ်နေသည်။
သုံးရက်တာ အချိန်တိုအတွင်းမှာပင် သူ၏ သွေးသားများကို တစ်စုံတစ်ခုက စုပ်ယူသွားသကဲ့သို့ အရေပြားများမှာ အရိုးတွင် ကပ်နေပြီး အရိုးစုတစ်ခုနှင့်ပင် တူလှတော့သည်။
"သက်တမ်း အနှစ်ခြောက်ဆယ်ကို စတေးပြီး စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရဲ့ သုံးရက်တာ အစွမ်းကို လဲလှယ်လိုက်ပြီ"
"ချန်ကျီရှင်း... မင်း အသက်ရှင်မလား သေမလားဆိုတာ ကြည့်ကြတာပေါ့"
နင်ချန်းယွီ၏ မျက်ဝန်းများမှာ ခံစားချက်ကင်းမဲ့နေပြီး ရှေးဟောင်းရေတွင်းပျက်ကြီးတစ်ခုကဲ့သို့ အေးစက်တည်ငြိမ်နေသည်။
သူ၏ သက်တမ်း အနှစ်ခြောက်ဆယ်ကို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်၏ သုံးရက်တာ အစွမ်းနှင့် လဲလှယ်လိုက်ခြင်းမှာ အစွမ်းကုန် တိုက်ခိုက်နိုင်ရန်အတွက်ပင်။
ထိုက်တန်ရဲ့လား ဆိုရင်တော့ လုံးဝမထိုက်တန်ပေ။ သူ၏ အရင်ဘဝ အတွေ့အကြုံများနှင့် စိတ်ထဲရှိ အသက်သခင်ကျမ်းသာ ရှိနေလျှင် ထိုအနှစ်ခြောက်ဆယ်အတွင်း အထွတ်အထိပ်နယ်ပယ်သို့ ပြန်လည်ရောက်ရှိရန် လုံလောက်သည်။
"ချန်ကျီရှင်းကို သတ်ပြီး သူ့ရဲ့ ကံကြမ္မာရှစ်ပါးကိုသာ ငါ လုယူနိုင်မယ်ဆိုရင်..."
"အနှစ်ခြောက်ဆယ် သက်တမ်းဆိုတာ ဘာစာနာစရာ ရှိလို့လဲ"
"တစ်နေ့ကျရင် ငါက တကယ့်ကို ထာဝရရှင်သန်ပြီး ကြီးပွားလာမယ့်သူပဲ"
နင်ချန်းယွီသည် လောဘဇောများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် တစ်ကိုယ်တည်း ရေရွတ်နေမိသည်။ ချန်ကျီရှင်း၏ ကံကြမ္မာရှစ်ပါး၊ အထူးသဖြင့် နောက်ဆုံးမှ ပေါ်ထွက်လာသော ထာဝရရှင်သန်ခြင်းကို ဖော်ဆောင်သည့် ဧကရာဇ်ခရမ်းရောင်ကံကြမ္မာကို တွေးမိသောအခါ သူသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။
ထာဝရရှင်သန်ခြင်း….
ထာဝရရှင်သန်ခြင်း….
ထာဝရရှင်သန်ခြင်း…..
နင်ချန်းယွီသည် ခေါင်းကိုမော့ကာ သူ၏မျက်နှာထက်တွင် ရောဂါသည်တစ်ဦးကဲ့သို့ ရူးသွပ်သော အပြုံးကြီးတစ်ခု ပေါ်လာသည်။ အတော်ကြာမှ သူ စိတ်ပြန်လည် တည်ငြိမ်သွားတော့သည်။
ထို့နောက် သူသည် သု့ဘေးတွင် သတိလစ်နေသော်လည်း အဝတ်အစားများ အကောင်းပကတိရှိနေသည့် ရွှီချင်းကျိုးကို တစ်ချက်ကြည့်လိုက်ကာ စက္ကူနှင့် ကလောင်ကို ယူ၍ စာရေးလိုက်သည်
"တတိယသခင်လေး... ကျွန်တော် ချင်းကျိုးကို ဖျောင်းဖျပြီးပါပြီ။ ဒီနေ့ သန်းခေါင်ယံအချိန်မှာ သခင်လေးတို့ နှစ်ဦး နဂါးနဲ့ ဖီးနစ် ပေါင်းစည်းတဲ့ မင်္ဂလာဦးညကို ဆင်နွှဲနိုင်ပါပြီ။ ကျွန်တော် ချင်းကျိုးကို ခေါ်ပြီး လင်အန်းမြို့မှာ သခင်လေးကို စောင့်နေပါ့မယ်"
စာရေးပြီးနောက် နင်ချန်းယွီသည် တွေးတောနေဟန်ရှိသည်။ ချန်ကျီရှင်းကို သတ်ပြီးလျှင် မည်သည့်နေရာသို့ ဆက်သွားရမည်ကို သူ စဉ်းစားနေခြင်း ဖြစ်သည်။
"ချန်ကျီရှင်း သေသွားပြီဆိုရင်တော့ ငါ ယန်ကျိုးနယ်မြေမှာ ဆက်နေလို့ မဖြစ်တော့ဘူး"
"အဲဒီနောက်ကျရင်တော့ ငါ ကောင်းကင်လှိုင်း သန့်စင်သောမြေကို တိုက်ရိုက်သွားမယ်။ အကြီးအကဲ ဖူရှို့ကို သတ်ပြီး သူ့ဆီကနေ ကောင်းကင်ဘုံဝါးမျို မိစ္ဆာခန္ဓာ ကံကြမ္မာကို ရအောင်ယူရမယ်"
အခန်း။ ၉၆
ကောင်းကင်ယံတစ်ခုလုံး မှိန်ဖျော့သော ဝါကျင်ကျင်အရောင် သန်းနေသည်။
ချန်ကျီရှင်းသည် တောင်ထိပ်ပေါ်တွင် မတ်တတ်ရပ်နေပြီး သူ၏ဝတ်ရုံစမှာ တောင်ပေါ်လေပြေနှင့်အတူ တဖျတ်ဖျတ် လွင့်ခါနေသည်။ သူသည် ဝေးလံသော အရပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ရာ စိမ်းစိုထူထပ်ပြီး လှိုင်းလုံးများသဏ္ဌာန် မြင့်တက်နိမ့်ဆင်းနေသော တောအုပ်ကြီးကို မြင်တွေ့နေရ၏။
"တတိယသခင်လေး... ဒါက ရွှီမိသားစုရဲ့ သမက်လောင်းက သခင်လေးဆီ ပေးခိုင်းလိုက်တဲ့ စာပါ"
ရွှီမိသားစု၏ နေ့စဉ်လူမှုရေးကိစ္စများကို တာဝန်ယူထားရသော အစေခံတစ်ဦးသည် ခေါက်ထားသော စက္ကူတစ်ရွက်ကို ချန်ကျီရှင်းထံသို့ ရိုသေစွာ ကမ်းပေးလိုက်သည်။ ချန်ကျီရှင်းက တစ်ချက်မျှ ငုံ့ကြည့်လိုက်ရုံဖြင့် ထိုစက္ကူမှာ ချက်ချင်းပင် အမှုန့်ဖြစ်ကာ လွင့်စင်သွားတော့သည်။
"သူ့ကိုပြောလိုက်... လင်အန်းမြို့ထဲကို မဝင်နဲ့လို့။ မြို့ပြင်မှာရှိတဲ့ ဘုရားကျောင်းပျက်ထဲမှာပဲ ငါ့ကို စောင့်နေခိုင်းလိုက်"
ချန်ကျီရှင်းက အေးစက်စွာ ပြောဆိုလိုက်၏။
"ဟုတ်ကဲ့ပါ"
အစေခံသည် ခေါင်းညိတ်၍ အရိုအသေပေးကာ ထွက်ခွာသွားတော့သည်။ ခဏအကြာတွင်မူ
ပိုးကောင်တစ်ကောင်ကို ထည့်ထားသည့် ဂုန်နီအိတ်တစ်လုံးကို ထမ်းကာ တောင်ပေါ်မှ အလျင်အမြန် ဆင်းသွားသော နင်ချန်းယွီ၏ ပုံရိပ်ကို ချန်ကျီရှင်း မြင်လိုက်ရသည်။ ထို့နောက် ထိုပုံရိပ်မှာ ဇီဝေတောင်တန်း၏ ထူထပ်လှသော တောအုပ်ကြီးထဲ၌ ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်ယံမှာ တဖြည်းဖြည်း မှောင်မည်းလာခဲ့သည်။ ညကောင်းကင်ယံတွင် ကြီးမားတောက်ပသော လပြည့်ဝန်းကြီးတစ်ခု ထွက်ပေါ်လာသည်။
ရှူးးး
ရုတ်တရက်ဆိုသလို ဝေးလံသော ညကောင်းကင်ယံ၌ စူးရှတောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"စတင်လိုက်ပြီ"
ချန်ကျီရှင်းသည် နောက်သို့လှည့်ကာ တောင်တံခါးဝဆီသို့ အေးဆေးစွာ လျှောက်လှမ်းသွားတော့သည်။
...
...
ရှူးးး ရှူးးး ရှူးးး
ဇီဝေတောင်တန်းပေါ်ရှိ ဝိညာဉ်ခရီးသွားနယ်ပယ်ကျင့်ကြံဆင့်ရှိသူ အားလုံး ထိုက်ချူသန့်စင်သောသားတော်နှင့် သူ၏ကာကွယ်စောင့်ရှောက်သူ အပါအဝင်တစ်စုံတစ်ခုကို သတိပြုမိသွားကြပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
"ဒါ... ကောင်းကင်ယံအထိ ထိုးတက်သွားတဲ့ ရတနာအရှိန်အဝါလား"
"ဟိုးအဝေးမှာ... ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ ပေါ်ထွက်လာပြီဟေ့"
တည်းခိုဆောင်အတွင်းရှိ ထိုက်ချူသန့်စင်သောသားတော်နှင့် သူ၏ကာကွယ်စောင့်ရှောက်သူ အဘိုးအိုတို့သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ပြီး အခန်းထဲမှ ချက်ချင်း ပြေးထွက်လာကြသည်။
"သွားကြစို့ သွားကြည့်ရအောင်"
သူတို့နှစ်ဦးသည် လေပေါ်သို့ ပျံတက်လိုက်ကြပြီး အလင်းတန်းထွက်ပေါ်ရာအရပ်သို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြတော့သည်။
ထိုအချိန်မှာပင် ဇီဝေချန်မိသားစုဝင်များမှာမူ ဇဝေဇဝါဖြစ်နေကြဟန်ရှိသော်လည်း မကြာမီမှာပင် ငြိမ်သက်သွားကြသည်။
"အဲဒီဘက်ကို ကြည့်စမ်း... လင်အန်းမြို့ပြင်က အပျက်အစီးနယ်မြေဟောင်း မဟုတ်လား"
"ငါ သိသားပဲ ဒီနားတစ်ဝိုက်မှာ အသစ်တွေ့စရာ ရှေးဟောင်းနယ်မြေဆိုတာ ဘယ်ရှိပါ့မလဲ"
"တောက်... ငါ့မှာတော့ အလကားနေရင်း စိတ်လှုပ်ရှားသွားရတယ်"
"ပျင်းစရာကြီး... လူစုခွဲကြစို့"
တစ်ချိန်က စိတ်လှုပ်ရှားခဲ့ကြသော ချန်မိသားစုဝင်များသည် စိတ်ပျက်လက်ပျက်ဖြင့် လူစုခွဲလိုက်ကြသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ရွှီမိသားစုအကြီးအကဲတစ်ဦးမှာ မနေနိုင်တော့ဘဲ ရှေ့သို့တိုးကာ နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"အကြီးအကဲ... အဲဒီရှေးဟောင်းနယ်မြေက ဘာလို့ အတုလို့ ပြောရတာလဲခင်ဗျာ"
အမေးခံရသော ချန်မိသားစုအကြီးအကဲမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ ပြုံးလျက် ရှင်းပြလိုက်သည်။
"ဒါက တကယ့်ရှေးဟောင်းနယ်မြေတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာရှိတဲ့ အဖိုးတန်ပစ္စည်းမှန်သမျှကို ငါတို့ချန်မိသားစု ဇီဝေတောင်တန်းမှာ အခြေမချခင်ကတည်းက အကုန်ထုတ်ယူပြီးသား ဖြစ်နေပြီလေ"
"ဒါဆို ဘာလို့ ရတနာအလင်းတန်းတွေ ထွက်နေရတာလဲ"
ရွှီမိသားစုအကြီးအကဲက သိချင်စိတ်ဖြင့် ထပ်မံမေးမြန်းပြန်သည်။
"ဪ... အဲဒါက ရတနာအစစ်ရဲ့ အလင်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ကမ္ဘာဦးခေတ်က ကျန်ခဲ့တဲ့ ရတနာတွေရဲ့ အရှိန်အဝါဟောင်းတွေ ပဲ့တင်ထပ်ပြီး ပုံရိပ်ယောင်အဖြစ် ပေါ်လာတာပါ။ တကယ်လို့သာ ရတနာရှိနေဦးမယ်ဆိုရင် ငါတို့ချန်မိသားစု ဒီမှာ နှစ်ပေါင်းထောင်ချီ နေလာတာ ဘယ်လိုလုပ် မသိဘဲနေပါ့မလဲ။ တစ်စုံတစ်ယောက်က သတိမထားမိဘဲ အဲဒီဝင်ပေါက်ကို ပြန်ဖွင့်လိုက်လို့ ဖြစ်ရမယ်"
အကြီးအကဲမှာ ခေါင်းယမ်းလျက် စိတ်မဝင်စားတော့ဟန်ဖြင့် လှည့်ထွက်သွားတော့သည်။
...
...
ထိုအချိန်မှာပင် တောအုပ်အတွင်း၌ အပြင်းနှင်နေသော နင်ချန်းယွီမှာ ရုတ်တရက် ရပ်တန့်သွားသည်။
"ဟင် ရှေးဟောင်းနယ်မြေရဲ့ ရတနာအလင်းတန်းလား။ ကောင်းကင်နဲ့ မြေကြီးရဲ့ အဖိုးတန်ရတနာတွေ ပေါ်လာတာလား"
နင်ချန်းယွီသည် အံ့ဩဖွယ်ကောင်းသော ရတနာအလင်းတန်းဆီသို့ မော့ကြည့်လိုက်ရာ သူ၏မျက်နှာတွင် ဝေခွဲမရသည့် အမူအရာများ ပေါ်လာသည်။
"ဒီလောက်အထိ အစွမ်းထက်တဲ့ အလင်းတန်းမျိုး ထွက်နိုင်တယ်ဆိုရင် ဒါက အထွတ်အထိပ် ရတနာတစ်ခုပဲ ဖြစ်ရမယ်"
"ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ... တစ်ခုခုလွဲနေသလို ဘာလို့ ခံစားနေရတာလဲ..."
ထိုစဉ်မှာပင်...
"ရှေးဟောင်းအပျက်အစီး နယ်မြေ ပေါ်လာပြီဟေ့ ပေါ်လာပြီ"
"အထဲမှာ တရားဓမ္မ ရတနာတွေမရေမတွက်နိုင်အောင် ရှိနေတာပဲ။ အားလုံးက နတ်ဘုရားအလင်းတန်းတွေနဲ့ ဖုံးလွှမ်းနေတာ နတ်ဘုရား ဆေးဖက်ဝင်အပင်တွေနဲ့ မြက်ပင်တွေလည်း အများကြီးပဲ"
"ငါ ဒီနယ်မြေကို ရှာတွေ့ခဲ့တာပဲ။ ချန်မိသားစုဆီ သတင်းပို့ရင် ငါ့ကို ဆုလာဘ်တွေ အများကြီး ပေးမှာ သေချာတယ် မဟုတ်လား"
"ဟားဟားဟား... ဒါ ဘယ်လောက်တောင် ကြီးမားတဲ့ ကံကောင်းခြင်းလဲ"
နင်ချန်းယွီ၏ ရှေ့နားဆီမှ အလွန်အမင်း စိတ်လှုပ်ရှားနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
မကြာမီမှာပင် သူသည် မြေလျှိုးအဆောင်ကို ခြေထောက်တွင် ကပ်ထားပြီး ချန်မိသားစုရှိရာဆီသို့ အပြင်းနှင်နေသော ထွားကျိုင်းသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ နင်ချန်းယွီ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်နောက်တွင် ပုန်းကွယ်လျက် ထိုလူ၏ စိတ်လှုပ်ရှားနေသော ပုံရိပ် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေလိုက်သည်။
သူ၏ မျက်နှာတွင် လောဘဇောများ ဖုံးလွှမ်းနေသည်မှာ ကြာလှပြီဖြစ်သည်။
"ဒါကိုပဲ ဘေးဒုက္ခကနေ လွတ်မြောက်ပြီးရင် ကံကောင်းခြင်းတွေ လာတော့မယ်လို့ ခေါ်တာလား"
"ပထမဆုံးအနေနဲ့ ငါက အသက်သခင်ကျမ်းနဲ့အတူ တစ်ကျော့ပြန် မွေးဖွားလာခဲ့တယ်။ ပြီးတော့ ရှားပါးလှတဲ့ ကံကြမ္မာရှစ်ပါးပိုင်ရှင်နဲ့ တွေ့ခဲ့ရတယ်။ အခုတော့ ဘယ်သူမှ မရှာဖွေရသေးတဲ့ ရှေးဟောင်းနယ်မြေကိုပါ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရပြန်ပြီ"
"အထဲမှာရှိတဲ့ အမွေအနှစ်တွေထဲမှာ ငါ့ရဲ့ သက်တမ်းကို ပြန်ဖြည့်ပေးနိုင်မယ့် ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ ပါနေမှာ သေချာတယ်"
နင်ချန်းယွီ၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး သတိလစ်နေသော ရွှီချင်းကျိုး ထည့်ထားသည့် ဂုန်နီအိတ်ကို တစ်ချက်ကြည့်လိုက်သည်။
"ရှေးဟောင်းနယ်မြေရဲ့ ဦးတည်ချက်က လင်အန်းမြို့ပြင်မှာပဲ"
"အရင်ဆုံး ငါ ရွှီချင်းကျိုးကို အဲဒီ ဘုရားကျောင်းပျက်ထဲမှာ ထားခဲ့ရမယ်။ ချန်ကျီရှင်း ရောက်လာပြီး ရွှီချင်းကျိုးနဲ့အတူ ကာမဂုဏ်ကို ခံစားနေတဲ့ အချိန်ကျရင် ငါလည်း ရှေးဟောင်းနယ်မြေကနေ ပြန်ရောက်လာလောက်ပြီ"
နင်ချန်းယွီသည် သူ၏စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်လိုက်ပြီး မည်သည့်တွန့်ဆုတ်မှုမျှ မရှိဘဲ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။
ထိုအချိန်မှာပင် သူ ထွက်ခွာသွားပြီး မကြာမီမှာပင် လူနှစ်ယောက် အပြင်းအထန် ရောက်ရှိလာကြသည်။
"အရှင်မင်းသား... ကျွန်တော်တို့ ကံကောင်းပုံပဲ"
ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် ကာကွယ်စောင့်ရှောက်သူ အဘိုးအိုက ပြုံးလျက် ပြောလိုက်သည်။
ခရမ်းရောင်ဆံပင်နှင့် လူငယ်က အနည်းငယ် ခေါင်းညိတ်ပြကာ "ဟုတ်တယ် တကယ်ကို မမျှော်လင့်ထားတဲ့ ဝမ်းသာစရာပဲ"
"အဲဒီလူပြောတာ ကျွန်တော်ကြားလိုက်ရတယ်။ အထဲမှာ တရားဓမ္မရတနာတွေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ဆေးဖက်ဝင်အပင်တွေ မရေမတွက်နိုင်အောင် ရှိနေတယ်တဲ့။ အဲဒါတွေကိုသာ သန့်စင်သောမြေဆီ ပြန်သယ်သွားနိုင်ရင် အစွမ်းထက်တဲ့ ကျင့်ကြံသူအသစ်တွေ အများကြီး ထပ်ထွက်လာမှာ သေချာတယ်"
ဆံပင်ဖြူနှင့် ကာကွယ်စောင့်ရှောက်သူ အဘိုးအိုက တဟားဟား ရယ်မောလိုက်သည်။
ရှူးးး ရှူးးး ရှူးးး
ထိုလူနှစ်ဦးသည် နင်ချန်းယွီ ပျောက်ကွယ်သွားရာ လမ်းကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် လိုက်ပါသွားကြတော့သည်။
တစ်ောအုပ်လုံးမှာ ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
ဆီးနှင်းကဲ့သို့ ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် အပြာရောင် ကျောက်တုံးကြီးတစ်ခု၏ နောက်ကွယ်မှ ထွက်ပေါ်လာသည်။ သူသည် အခြားသူများ ထွက်ခွာသွားသည့် ဘက်သို့ တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ပုံရိပ်မှာလည်း လေထဲ၌ ပျောက်ကွယ်သွားတော့သည်။
...
...
အမွှေးတိုင်တစ်တိုင်စာမျှ ကြာပြီးနောက် ကောင်းကင်ယံမှာ မင်ရည်ကဲ့သို့ အမည်းရောင်သို့ လုံးဝပြောင်းလဲသွားပြီး မည်သည့်အချိန်က စတင်လိုက်သည်မသိသော မိုးဖွဲလေးများမှာလည်း တဖွဲဖွဲ ကျဆင်းလာခဲ့သည်။
လင်အန်းမြို့ပြင်ရှိ ပျက်စီးယိုယွင်းနေပြီဖြစ်သော ဗုဒ္ဓသာသနိက အဆောက်အအုံဟောင်းတစ်ခုအတွင်းသို့ ချန်ကျီရှင်း ခြေချလိုက်သည်။
ထိုဘုရားကျောင်းဆောင်ကြီးတစ်ခုလုံးမှာ ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းနေပြီး အမိုးတန်းများမှာလည်း စောင်းရွဲကာ ပြိုကျလုနီးပါး ဖြစ်နေသည်။ နံရံများမှာလည်း အလွှာလိုက် ကွာကျနေပြီး အမိုးပြားများမှာလည်း ထက်ဝက်ကျော်ခန့် မရှိတော့သဖြင့် သစ်သားတန်းများကို အတိုင်းသား မြင်နေရသည်။
ကျောင်းဆောင်၏ အလယ်ဗဟိုတွင် ရွှံ့စေးနှင့် ကျောက်ခဲတို့ဖြင့် ပြုလုပ်ထားသော ခေါင်းပြတ်နေသည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိနေသည်။ ပြုံးနေသော ရုပ်ပွားတော်၏ ဦးခေါင်းမှာမူ ဘေးသို့ လိမ့်ကျနေပြီး မျက်လုံးများမှာ ပြူးကျယ်လျက် ကောင်းကင်ယံကို စိုက်ကြည့်နေဟန် ရှိသည်။
ချန်ကျီရှင်းသည် ခေါင်းကို အသာအယာ ယမ်းလိုက်ရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ရုပ်ပွားတော်၏ နောက်ကွယ်ရှိ စင်မြင့်တစ်ခုပေါ်တွင် သွယ်လျသော ခြေတံများနှင့် ကျော့ရှင်းသော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။
"တကယ်လို့ မင်းသာ နင်ချန်းယွီနဲ့ ဆက်ရှိနေမယ်ဆိုရင် ဒီဘဝမှာ မင်း ပျက်စီးသွားဖို့ပဲ ရှိတယ်"
ချန်ကျီရှင်းသည် ခေါင်းယမ်းလိုက်ပြီး သူ၏လက်ချောင်းများကို တစ်ချက်ခါလိုက်ရာ ရွှီချင်းကျိုးမှာ ယခင်ကထက် ပိုမိုနက်ရှိုင်းသော အိပ်စက်ခြင်းထဲသို့ ကျရောက်သွားတော့သည်။
နောက်တစ်ခဏ၌ ချန်ကျီရှင်းသည် မိသားစု၏ ရတနာတိုက်မှ ယူဆောင်လာသော အစီအရငအလံအချောင်းပေါင်းများစွာကို ထိုဘုရားကျောင်းဟောင်းအတွင်း၌ အစီအရင်အဖြစ် တပ်ဆင်လိုက်သည်။
"နောက်ထပ်ကတော့..."
ချန်ကျီရှင်းသည် အဆိပ်အိုင်ရှိရာ ဘက်သို့ လှမ်းကြည့်လိုက်သည်။
ဒိုင်းးးးးးး
မိုးကြိုးပစ်သံကဲ့သို့ ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ဟိန်းထွက်လာသည်။
မကြာမီမှာပင် မှောင်မည်းနေသော ညဉ့်ဦးယံအတွင်း၌ မရေမတွက်နိုင်သော တာအိုအတတ်ပညာများနှင့် နတ်ဘုရားစွမ်းအင်များ ထိပ်တိုက်တွေ့ဆုံ ပွတ်တိုက်သံများ ပဲ့တင်ထပ်လာတော့သည်။ တောက်ပလှသော အလင်းတန်းများသည် ညကောင်းကင်ယံ၏ တစ်ဝက်ခန့်ကို လင်းထိန်သွားစေ၏။
ဟင်းလင်းပြင်အတွင်း၌ ပုံရိပ်သုံးခုသည် တိုက်စစ်နှင့် ခံစစ်ကို အဆက်မပြတ် အလှည့်အပြောင်းလုပ်ရင်း လျှပ်တပြက် ဖြတ်ပြေးနေကြသည်။
"စတင်လိုက်ပြီပဲ"
ချန်ကျီရှင်းသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး တည်ငြိမ်စွာဖြင့် စောင့်ဆိုင်းနေတော့သည်။