← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇)- ဈေးနှုန်း သတ်မှတ်ထားခြင်း

ချန်လော့ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျောက်မန်သည် ချန်လော့ စားစရာ ဘာမှ မတွေ့ခဲ့ဘူးဟု မသိစိတ်မှ ယူဆလိုက်သဖြင့် သူမသည် ဘာမှ ထပ်မမေးတော့ပေ။

သို့သော် ကျောက်မန်မှာ အကြောင်းရင်းမှန်ကို မသိရှိခဲ့ချေ။ ချန်လော့သည် လက်ရှိတွင် ကျောက်မန် ၌ ဤအဆိပ်များကို ခံနိုင်ရည် ရှိမရှိ မည်သို့ ရှာဖွေရမည်ကို တွေးတောနေလေ၏။

အချိန်အတန်ကြာ တွေးတောပြီးနောက် ချန်လော့သည် အလွန် အရေးကြီးသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ပုံ ရသည်။

သူသည် ခေါင်းကို ၄၅ ဒီဂရီ ထောင့်စွန်းတစ်ခုဖြင့် မော့လိုက်ရာ နေဝင်ဆည်းဆာ၏ အလင်းတန်း တစ်ခုက သူ၏ မျက်နှာဘေးဘက်သို့ စောင်းလျက် ကျရောက်နေပြီး ကောင်းကင်သို့ ကြည့်နေသော သူ၏ အကြည့်များက ပင်လယ်ပြင်ကဲ့သို့ ကြည်လင်နေ၏။

လေပြည်ညင်းလေး တစ်ခုက သူ၏ ဆံပင်အရှေ့ခြမ်းကို ပင့်တင်လိုက်ရာ ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ် အရွယ် ချောမောသော မျက်နှာတစ်ခုကို ဖော်ပြနေပြီး လူငယ်ဆန်သော ရိုးသားဖြူစင်မှု အနည်းငယ်လည်း ပါဝင်နေခဲ့သည်။

“မင်းမှာ အဆိပ်တစ်သောင်းခန္ဓာ ရှိတယ်လို့ ငါ ကြားတယ်...”

ချန်လော့က မေးလိုက်စဉ် သူ၏ လေသံမှာ ရုတ်တရက် နူးညံ့သွား၏။

ကျောက်မန် မှာ တစ်ခဏမျှ မှင်တက်သွားပြီး သူမ၏ မျက်စိရှေ့ကလူသည် လူစားလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ထို့နောက်တွင် တဖက်လူသည် သူမ စိတ်မကြည်မသာ ဖြစ်နေသည်ကို မြင်ပြီး ၊ နှစ်သိမ့်ချင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိ၏။

သူမကိုယ်တိုင်က ဤအဆိုကို ယုံကြည်ရန် ဝန်လေးနေသော်လည်း... မည်သို့ပင်ဆိုစေ ချန်လော့၏ ယခင် အပြုအမူများက နွေးထွေးပြီး ဂရုစိုက်တတ်သော ယောကျ်ား တစ်ယောက်၏ အပြုအမူမျိုးနှင့် မတူခဲ့ပေ။

မဟုတ်ဘူး ၊ နွေးထွေးတဲ့ ယောကျ်ားဆိုတာ မပြောနဲ့ သူက လူတောင် မဟုတ်ဘူး တိရစ္ဆာန် တစ်ကောင်ပဲ...

သို့သော် ဗိုက်ဆာမှုကြောင့် ဖြစ်ပေါ်လာသော စိတ်အနှောင့်အယှက်များက သူမကို အများကြီး မစဉ်းစားချင်တော့အောင် ဖြစ်သွားစေ၏။

သူမသည် ဗိုက်ဟောင်းလောင်း ဖြစ်နေသည်ကို အမြဲတမ်း တွေးနေမိခြင်းမှ အာရုံလွှဲရန် စကားစမြည် ပြောခြင်းက ပိုကောင်းပေလိမ့်မည်။

“အင်း...”

“ဒီ ကျင့်ကြံခြင်း ခန္ဓာကိုယ် သာ မရှိခဲ့ရင် ဒီလိုကံဆိုးမှုတွေ တစ်ခုမှ ဖြစ်လာခဲ့မှာ မဟုတ်ဘူး...”

ကျောက်မန်သည် အကူအညီမဲ့စွာ ပြုံးလိုက်၏။

“ဖြစ်နိုင်ပါတယ်...”

ချန်လော့သည် တိုးတိုးလေး ရယ်မောလိုက်ပြီး ဆက်ပြောသည်။

“ဒါပေမဲ့ ငါ အတော်လေး စူးစမ်းချင်မိတယ်...”

“ဘာကို စူးစမ်းချင်တာလဲ...”

ကျောက်မန်သည် ချန်လော့ကို ကြည့်လိုက်၏။

“ဒီ အဆိပ်တစ်သောင်းခန္ဓာ က မှန်ကန်တဲ့ ကျင့်ကြံခြင်း နည်းလမ်းကို မရမချင်း တကယ်ပဲ အသုံးမဝင်ဘူးလား...”

“အလှပြ သက်သက်ပဲလား...”

ချန်လော့၏ စကားများကို ကြားပြီးနောက် ကျောက်မန်သည် အနည်းငယ် ပြုံးလိုက်သည်။

“လုံးဝ အသုံးမဝင်ဘူးလို့တော့ ပြောလို့ မရပါဘူး...”

“တကယ်လို့ မတော်တဆ အဆိပ်ရှိတဲ့ အစားအစာကို စားမိရင် အဆိပ်က အလွန် ပြင်းထန်တာမျိုး မဟုတ်သရွေ့ အဆိပ်တစ်သောင်းခန္ဓာ က ဖြေဖျောက်ပေးနိုင်တယ်...”

“နေမကောင်း ဖြစ်တာ အနည်းငယ်က လွဲရင် အခြေခံအားဖြင့် ဘာပြဿနာမှ မရှိဘူး အဆိပ်တွေ အားလုံးကို ငါက ကိုယ်ခံစွမ်းအား ရှိတယ်လို့ ပြောလို့ ရတယ်...”

အဖြေကို ရရှိပြီးနောက် ချန်လော့၏ ပခုံးပေါ်မှ ဧရာမ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ကျသွားသကဲ့သို့ ဖြစ်သွား၏။

“ဂွီ...”

ကျောက်မန် ၏ ဗိုက်က နောက်တစ်ကြိမ် မြည်လာပြန်သည်။

ဤနတ်ဘုရား ဖန်တီးပေးထားသော အသံကို ကြားလိုက်ရသောအခါ ချန်လော့၏ အပြုံးသည် ပို၍ တောက်ပလာသည်။

သူသည် ဘာမှ ထပ်မပြောတော့ဘဲ သူ၏ အိတ်ကပ်ထဲမှ လက်သီးဆုပ်ခန့် အရွယ်ရှိ အနီရောင် သစ်သီး တစ်လုံးကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်သည်။

“ရော့ စားလိုက်...”

ချန်လော့သည် အိတ်ကပ်ထဲမှ သစ်သီးကို ရုတ်တရက် ထုတ်ယူလိုက်သည်ကို မြင်သောအခါ ကျောက်မန် မှာ မှင်တက်သွား၏။

“မင်း... မင်းဆီမှာ စားစရာ ရှိတယ်လား...”

“အခုလေးတင် တောထဲမှာ ရှာတွေ့ခဲ့တာ ဒါပေမဲ့ နည်းနည်းလေးပဲ ရှိတယ်...”

“ငါတို့ သွေးသဲကန္တာရ ထဲမှာ ဘယ်လောက်ကြာကြာ နေရဦးမလဲ မသိဘူး ဒါကြောင့် ဒီသစ်သီး အနည်းငယ်ကို ချွေတာတာ ပိုကောင်းမယ်...”

ချန်လော့၏ စကားများကို ကြားပြီးနောက် ကျောက်မန်သည် သူ၏ လက်ထဲရှိ သစ်သီးကို နောက်တစ်ကြိမ် ကြည့်လိုက်၏။

“ပြီးတော့ မင်းကရော...”

“ငါ မဆာဘူး...”

ကျောက်မန် မေး၍ မဆုံးမီမှာပင် ချန်လော့သည် အလျင်အမြန် ငြင်းဆိုလိုက်ပြီး သစ်သီးကို သူမ၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။

“မြန်မြန် စားလိုက် ခဏနေရင် မင်း ကြယ်မြေပုံ ကို ကြည့်ရဦးမယ်...”

သူမ၏ လက်ထဲရှိ သစ်သီးကို ကြည့်ရင်း ကျောက်မန် မှာ ရုတ်တရက် စိတ်လှုပ်ရှားသွား၏။ မသိစိတ်မှပင် သူမ၏ စိတ်ထဲရှိ ချန်လော့၏ ပုံရိပ်မှာ ရုတ်တရက် များစွာ မြင့်မြတ်သွား‌လေသည်။

မကြာမီမှာပင် ကျောက်မန်သည် သူမ၏ လက်ထဲရှိ သစ်သီးကို စားပြီးသွားသည်။

ဗိုက်ပြည့်သွားသဖြင့် သူမ၏ စိတ်အခြေအနေမှာ များစွာ တိုးတက်လာသည်။

သို့သော် ချန်လော့သည် သူ့အတွက် တစ်လုံး ယူစားရန် အလျင်မလိုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဆိပ်အချို့က စားပြီးပြီးချင်း ချက်ချင်း အာနိသင် ပြသော်လည်း အချို့မှာမူ အချိန်အနည်းငယ် ယူရသောကြောင့် ဖြစ်၏။

အချိန်အနည်းငယ် ထပ်မံ စောင့်ကြည့်သည်က ပိုကောင်းပေလိမ့်မည်။

နောက်ထပ် နှစ်နာရီ ကုန်လွန်သွားသော်လည်း အဆိပ်က အာနိသင် မပြခဲ့ပေ။ သို့သော် သူတို့သည် ကောင်းကင်ရှိ ကြယ်များကိုတော့ မြင်တွေ့လိုက်ရ၏။

“ကြယ်တွေ ထွက်လာပြီ မြန်မြန် ကြယ်မြေပုံ ကို ပေး...”

ကျောက်မန် ၏ မျက်နှာမှာ ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး သူမသည် ချန်လော့ထံသို့ လက်ကို အလျင်အမြန် ကမ်းပေးလိုက်သည်။

ချန်လော့သည် တုံ့ဆိုင်းမနေဘဲ ကြယ်မြေပုံ ကို ကျောက်မန် ထံ ကမ်းပေးလိုက်၏။

ကျောက်မန်သည် ကြယ်ရောင် လင်းလက်နေသော ကောင်းကင်ကြီးကို တစ်ခါတစ်ရံ မော့ကြည့်ပြီးနောက် ကြယ်မြေပုံ ပေါ်တွင် အတန်ကြာ စတင် ရှာဖွေတော့သည်။

ငါးမိနစ် သို့မဟုတ် ခြောက်မိနစ် ကြာပြီးနောက် ကျောက်မန် ၏ တင်းကျပ်စွာ တွန့်ချိုးနေသော မျက်ခုံးများက ရုတ်တရက် ပြေလျော့သွားပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

“တွေ့ပြီ ငါတို့ရဲ့ နေရာကို ငါ ရှာတွေ့ပြီ...”

ဤစကားကို ကြားလိုက်ရသောအခါ ချန်လော့မှာ ချက်ချင်းပင် အနီးသို့ တိုးသွားသည်။

ကျောက်မန်သည် ကြယ်မြေပုံ ၏ ဘယ်ဘက် အပေါ်ထောင့်ရှိ နေရာတစ်ခုကို လက်ညှိုးထိုး ပြလိုက်၏။

ထိုနေရာကို ကြည့်ရင်း ချန်လော့သည် ၎င်းကို သေချာစွာ စစ်ဆေးကြည့်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ထို့နောက် ချန်လော့သည် လက်လျှော့လိုက်၏။

“အဲဒါဆို ငါတို့ အခု ခန့်မှန်းခြေ ဘယ်နေရာမှာ ရောက်နေတာလဲ...”

ထိုအခါမှသာ ချန်လော့သည် ကြယ်မြေပုံ များ၏ သဘောတရားကို စနစ်တကျ သင်ယူထားခြင်း မရှိကြောင်းကို သူမ သတိပြုမိသွားသည်။

ထို့ကြောင့် သူမက ချန်လော့ကို သေချာ ရှင်းပြလိုက်၏။

“ငါ လက်ညှိုးထိုး ပြနေတဲ့ နေရာက ငါတို့ အခု ရောက်နေတဲ့ နေရာပဲ...”

“ဒီ ကြယ်မြေပုံ ရဲ့ အလယ်က ဧရာမ နေရာကြီးက သွေးသဲကန္တာရ ရဲ့ တည်နေရာ ဖြစ်ပြီး သူ့ပတ်လည်က အစက်တွေက မြို့တွေနဲ့ နယ်စပ်တွေကို ကိုယ်စားပြုတယ် ဒီနေရာကတော့...”

…

ကျောက်မန်သည် ဆယ်မိနစ်ခန့် ရှင်းပြပြီးနောက် ချန်လော့သည် နောက်တစ်ကြိမ် လက်လျှော့လိုက်ပြန်၏။

“နားလည်လား နားမလည်ရင် နောက်တစ်ခေါက် ပြန်ပြောပြမယ်...”

“မလိုတော့ဘူး အနီးဆုံး မြို့ကို ရောက်ဖို့ ဘယ်နှစ်ရက် ကြာမလဲ ဆိုတာပဲ ပြောပါ...”

ချန်လော့သည် သူ့ကိုယ်သူ အလျင်အမြန် တားလိုက်၏။ သူ နောက်ထပ် ခေါင်းမကိုက်ချင်တော့ပေ။

ချန်လော့တွင် လေ့လာရန် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ ကျောက်မန်သည် စကားများများ မပြောတော့ပေ။ သူမက မြေပုံကို တစ်ချက် ကြည့်ပြီး အတန်ကြာ စဉ်းစားလိုက်၏။

“ငါတို့ အရိပ်မြို့တော် ကို ရောက်ဖို့ နှစ်ရက်လောက် အချိန်ယူရလိမ့်မယ်...”

ဤစကားကို ကြားသောအခါ ချန်လော့သည် ခေါင်းညိတ်လိုက်၏။ ယခုအခါ သူ အများကြီး ပိုမို နားလည်သွားပြီ ဖြစ်သည်။

“အဲဒါဆို ဒီည အနားယူလိုက်ပါ မနက်ဖြန် ငါတို့ ခရီးဆက်ကြတာပေါ့...”

“ဒါပေမဲ့ မိစ္ဆာသားရဲ ထွက်လာရင် ကာကွယ်ဖို့ တစ်ယောက်ယောက်တော့ ညဘက် စောင့်ကြည့်ဖို့ လိုသေးတယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်မန် ကပြောလိုက်သည်။

“ငါ စောင့်ကြည့်ပေးမယ် မင်း သွားအိပ်လိုက်...”

မည်သို့ပင်ဆိုစေ ချန်လော့၏ ကျင့်ကြံမှု အဆင့်မှာ သူမထက် ပိုမြင့်မားပြီး ၊ အကယ်၍ နောက်နှစ်ရက်အတွင်း သူတို့ သည် မိစ္ဆာသားရဲ နှင့် တွေ့ဆုံခဲ့ပါက ကာကွယ်ပေးရန် ချန်လော့ကို ဒုက္ခပေးရမည် ဖြစ်သည်။

ထို့အပြင် ချန်လော့သည် အရင်က သူမကို စားရန် သစ်သီး ပေးခဲ့သဖြင့် ၊ သူမတွင် ချန်လော့အပေါ် အတော်လေး ကောင်းမွန်သော အထင်အမြင် ရှိနေခဲ့၏။

သို့သော် ချန်လော့က ပြတ်သားစွာ ခေါင်းခါလိုက်သည်။

“ညအစပိုင်းကို ငါ တာဝန်ယူမယ် ဒုတိယပိုင်းကို မင်း တာဝန်ယူ...”

“ခဏလောက် အနားယူလိုက်ပါ တစ်ယောက်ကို တစ်ယောက် အနှောင့်အယှက် မဖြစ်စေနဲ့...”

ချန်လော့မှ ဤသို့ ပြောလာသဖြင့် ကျောက်မန်သည် ထပ်မံ ငြင်းဆန်ခြင်း မရှိတော့ပေ။

သေချာသည်မှာ ချန်လော့၏ အစီအစဉ်က သူတို့ နှစ်ယောက်စလုံး ကောင်းကောင်း အနားယူနိုင်ရန်အတွက် မဟုတ်ကြောင်းကို ကျောက်မန် တစ်ယောက် ခန့်မှန်းမိနိုင်မည် မဟုတ်ချေ။

သူသည် ညနက်ပိုင်းတွင် တစ်ယောက်တည်း စားသောက်နေသည်ကို အမိမခံရစေရန်အတွက်သာ ဖြစ်၏။

ကျောက်မန် အိပ်ရန် လှဲလျောင်းတော့မည့် ဆဲဆဲတွင် သူမ၏ ဗိုက်သည် နောက်တစ်ကြိမ် မြည်လာပြန်ရာ သူမ အလွန် စိတ်ပျက်သွားတော့သည်။

“ဂွီ...”

“ဂွီ... ဂွီ...”

အသံကို ကြားလိုက်ရသောအခါ ကျောက်မန် ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွား၏။

သို့သော်လည်း သူမကို အပြည့်အဝ အပြစ်တင်၍ မရပေ။ အစောက သူမ စားခဲ့သော သစ်သီးမှာ ထိုမျှလောက်သာ ကြီးမားပြီး သူမ၏ ဗိုက်ကို ပြည့်စေရန် လုံလောက်မှု မရှိခဲ့ချေ။

သို့သော် ထိုအချိန်တွင် ချန်လော့သည် သူ၏ အိတ်ကပ်ထဲမှ နောက်ထပ် သစ်သီး နှစ်လုံးကို ထုတ်ယူလိုက်သည်။

ထိုသစ်သီး နှစ်လုံးမှာ ယခင်အလုံးများနှင့် ကွာခြား၏။ တစ်လုံးမှာ အနက်ရောင် ဖြစ်ပြီး အခြားတစ်လုံးမှာ အစိမ်းရောင် ဖြစ်ကာ အသွင်အပြင်မှာလည်း ကွာခြားလှသဖြင့် ၎င်းတို့မှာ လုံးဝ တူညီသော သစ်သီး အမျိုးအစား မဟုတ်သကဲ့သို့ ရှိသည်။

“ဒီသစ်သီး ပမာဏက နှစ်ရက် ခရီးစဉ်အတွက် လုံလောက်လောက်ပါတယ်...”

ထိုသို့ ပြောပြီးနောက် သူသည် အနက်ရောင် တစ်လုံးနှင့် အစိမ်းရောင် တစ်လုံး ဖြစ်သော သစ်သီး နှစ်လုံးကို ကျောက်မန် ထံ ကမ်းပေးလိုက်၏။

ဤအခိုက်အတန့်၌ ကျောက်မန် မှာ နောက်ထပ် စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရသည်။

သို့သော် သူမသည် သစ်သီးကို စားရန် ပြင်လိုက်စဉ် ၎င်း၏ ထူးဆန်းသော အသွင်အပြင်ကို ကြည့်ရင်း မေးခွန်းတစ်ခုက စိတ်ထဲတွင် သူ့အလိုလို ဖြစ်ပေါ်လာသည်။

သူမက ချန်လော့ဘက်သို့ လှည့်ကာ မေးလိုက်၏။

“ဒီသစ်သီးတွေက စားလို့ ရတယ် ဆိုတာ ရှင် ဘယ်လို သတ်မှတ်လိုက်တာလဲ...”

ချန်လော့သည် ကျောက်မန် ကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုတစ်ခဏအတွင်း ကျောက်မန်သည် ချန်လော့ အစောက သူမကို မေးခဲ့သော မေးခွန်းကို ရုတ်တရက် သတိရသွားပြီး သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားတော့၏။

“ရှင် ရှင် မသိဘူး မဟုတ်လား...”

…

ဤနေ့တွင် ကောင်မလေး ကျောက်မန် မှာ နောက်ဆုံး၌ အမှန်တရားကို သင်ယူသွားတော့သည်။

ဤသည်မှာ ကံကြမ္မာထံမှ လက်ဆောင်တိုင်းတွင် ဈေးနှုန်း သတ်မှတ်ထားသည့် စာရွက်လေး တစ်ရွက် တွဲပါလာတတ်ကြောင်းပင်။

အခန်း (၁၈) -ချန်ရှင်းဂိုဏ်းသို့ သွားခြင်း

“လူယုတ်မာ ငါ မင်းကို သတ်မယ် ငါ မင်းကို သတ်မယ်...”

ကျောက်မန်သည် ချန်လော့ကို ဒေါသတကြီး စိုက်ကြည့်ရင်း သဲပြင်ပေါ်တွင် လဲလျောင်းကာ ဗိုက်ကို ဖိထား၏။

တစ်ချိန်တည်းမှာပင် ချန်လော့သည် အနီရောင် သစ်သီး တစ်လုံးကို တိတ်ဆိတ်စွာ စားနေသည်။

ကျောက်မန်သည် သူ၏ ရည်ရွယ်ချက်ကို သိရှိသွားပြီ ဖြစ်သဖြင့် နောက်ထပ် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

“အစိမ်းရောင် သစ်သီးတွေက အဆိပ်ရှိတယ်...”

ချန်လော့သည် စကားပြောနေရင်း သိုလှောင်အိတ် ထဲမှ အစိမ်းရောင် သစ်သီး အားလုံးကို ရွေးထုတ်ကာ လွှင့်ပစ်လိုက်၏။

ဤသည်ကို မြင်သောအခါ ကျောက်မန် မှာ ပို၍ပင် ဒေါသထွက်သွားတော့သည်။

“လူယုတ်မာ... လူယုတ်မာ...”

သူမသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ အကယ်၍ သူမသည် အဆိပ်ရှိသော သစ်သီး တစ်လုံးကို ယခုလေးတင် စားသောက်ပြီး တစ်ကိုယ်လုံး နေမကောင်း ဖြစ်မနေခဲ့ပါက၊ သူမသည် မနိုင်မှန်း သိလျက်နှင့်ပင် ချန်လော့ကို တစ်ယောက်ချင်း တိုက်ခိုက်ရန် စိန်ခေါ်ပေလိမ့်မည်။

သို့သော် ချန်လော့သည် ဤမြင်ကွင်းကို မြင်သောအခါ အကူအညီမဲ့စွာ သက်ပြင်းချရုံသာ တတ်နိုင်တော့၏။

“တစ်ခါတစ်ရံမှာ ငါတို့က ဘဝမှာ အရမ်း သေးသိမ်မနေသင့်ဘူး...”

“တကယ်လို့ မင်းက အစားအစာတွေကို အဆိပ် စမ်းသပ်မပေးဘူး ဆိုရင် ဘယ်အရာတွေက စားလို့ ရပြီး ဘယ်အရာတွေက အဆိပ်ရှိလဲ ဆိုတာကို ငါ ဘယ်လို သိနိုင်မှာလဲ...”

“ငါက ဘာစားရမလဲ ဆိုတာ မသိဘူးလေ တကယ်လို့ ငါက အဆိပ်ရှိတာကို စားမိသွားရင်ကော ငါ့မှာ အဆိပ်တစ်သောင်းခန္ဓာ မှ မရှိတာ ဘာဖြစ်သွားမလဲ...”

“တကယ်လို့ ငါ သေသွားရင် မင်းက ရှေ့ဆက်ရမယ့် လမ်းကို တစ်ယောက်တည်း လျှောက်ရလိမ့်မယ် မင်းကို ကာကွယ်ပေးမယ့်သူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး...”

“ငါ ဒီလို လုပ်နေတာတွေ အားလုံးက မင်း ကောင်းဖို့အတွက်ချည်းပါပဲ...”

ဤစကားကို ကြားလိုက်ရသောအခါ ကျောက်မန် ၏ ဒေါသမှာ ပိုမို ပြင်းထန်လာပြီး ချန်လော့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့၏။

သို့သော် ချန်လော့သည် မမြင်ဟန်ဆောင်ကာ သိုလှောင်အိတ် ထဲမှ လိမ္မော်ရောင် သစ်သီး တစ်လုံးကို ထုတ်ယူပြီး ကျောက်မန် ထံသို့ ပစ်ပေးလိုက်သည်။

“ရော့ ဒီတစ်လုံးမှာ အဆိပ်ရှိမရှိ ထပ်စမ်းကြည့်လိုက်ဦး...”

ချန်လော့ ပစ်ပေးလိုက်သော သစ်သီးကို မြင်သောအခါ ကျောက်မန် ၏ ရင်ထဲတွင် ဒေါသနှင့် နာကြည်းမှုများ ရောပြွမ်းနေသည်ကို ခံစားလိုက်ရ၏။

သူမသည် ကျောက်မိသားစု ၏ သမီးကြီး ဖြစ်သည်။ ကျောက်မိသားစု မှာ ကျင့်ကြံခြင်း လောကတွင် အထူး အင်အားကြီးမားသော မိသားစု တစ်ခု မဟုတ်သော်လည်း…

သို့သော် ရွှင်ယန်မြို့ တွင်တော့ အဆင့်အတန်း တစ်ခု ရှိသည်ဟု ယူဆရသည်။

သမီးကြီး တစ်ယောက် အနေဖြင့် သူမသည် အမြဲတမ်း ဇိမ်ကျကျ နေထိုင်ခဲ့ရ၏။

ဒီလို ဘယ်တုန်းက ဒုက္ခရောက်ဖူးလို့လဲ...

အလုံအလောက် စားစရာ မရှိခြင်းက ဆိုးရွားနေပြီ ဖြစ်သော်လည်း ၊ ယခုအခါ သူမသည် တိရစ္ဆာန်တွေလို အဆိပ် စမ်းသပ်ဖို့ ဖိအားပေးခံနေရသည်။

ဤသည်ကို တွေးမိသောအခါ သူမ၏ ရင်ထဲတွင် နာကြည်းမှုများ ပြည့်နှက်လာပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာတော့၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် မျက်လုံးထောင့်မှ စတင် ကျဆင်းလာသည်။

သစ်သီးကို စားနေသော ချန်လော့မှာလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မှင်တက်သွား၏။

“တကယ်ကြီးလား ဒီခေတ် လူငယ်တွေက အဲဒီလောက်တောင် ပျော့ညံ့ကြတာလား...”

အကူအညီမဲ့စွာ သက်ပြင်းချလိုက်ရင်း ချန်လော့မှာ အနီရောင် သစ်သီး တစ်လုံးကို ထုတ်ယူရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

“ထားလိုက်ပါတော့ ငါတို့က အနာဂတ်မှာ ဂိုဏ်းတူ မောင်နှမ တွေ ဖြစ်လာနိုင်တယ်လေ အရမ်းကြီး အရုပ်ဆိုး အကျည်းတန်အောင် လုပ်တာက မကောင်းပါဘူး...”

ထိုသို့ ပြောပြီးနောက် သူသည် သစ်သီးကို ကမ်းပေးလိုက်၏။

“မင်းအတွက်...”

ကျောက်မန် မှာ တစ်ခဏမျှ ရပ်တန့်သွားပြီး ချန်လော့၏ အပြုအမူကြောင့် အနည်းငယ် အံ့အားသင့်သွားပုံ ရသည်။

မူလက ငြင်းဆန်ချင်သော်လည်း သူမ၏ ဗိုက်မှာ အလွန် ဆာလောင်နေ၏။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူမသည် လက်လှမ်းကာ ထိုသစ်သီးကို ယူလိုက်သည်။

ထိုညတွင် ချန်လော့သည် ကျောက်မန် ကို တစ်ညလုံး အိပ်ခိုင်းပြီး သူသည် တစ်ညလုံး မအိပ်ဘဲ စောင့်ကြည့်နေခဲ့၏။

သို့သော် ဤသည်က ကျောက်မန် အပေါ် အပြစ်ရှိသလို ခံစားရပြီး သူမအတွက် အပြစ်ကြေစေရန် အတွက် မဟုတ်။

ကျောက်မန်သည် ညလယ်ခေါင်တွင် သူ အိပ်ပျော်နေစဉ် သူ့ကို ဓားဖြင့် ထိုးသတ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူတို့၏ နေရာများ ပြောင်းလဲသွားပြီး သူသည် အဆိပ် စမ်းသပ်ရန် ဖိအားပေးခံရမည် ဆိုပါက ၊သူသည် တစ်ဖက်လူ အိပ်ပျော်နေသည်ကို အခွင့်ကောင်းယူကာ ဓားဖြင့် သေချာပေါက် ထိုးသတ်မည် ဖြစ်၏။

…

နောက်ရက် အနည်းငယ်အတွင်း သူတို့ နှစ်ယောက်သည် အခြေခံအားဖြင့် နေ့ဘက်တွင် ခရီးသွားပြီး ညဘက်တွင် အိပ်ကြသည်။

သေချာသည်မှာ တိတိကျကျ ပြောရလျှင် ကျောက်မန် တစ်ယောက်တည်းသာ အိပ်နေခြင်း ဖြစ်ပြီး ချန်လော့သည် မျက်လုံးမှိတ်ကာ အနားယူနေခြင်း သက်သက်သာ ဖြစ်၏။

ကံကောင်းသည်မှာ ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်၏ အထွတ်အထိပ် သို့ ရောက်ရှိနေသော ကျင့်ကြံသူ တစ်ယောက်အတွက် ညအနည်းငယ် မအိပ်ဘဲ နေနိုင်သည်။

သို့သော်လည်း နောက်တစ်နေ့ ခရီးသွားစဉ် ချန်လော့သည် မိစ္ဆာသားရဲ တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး၊ ၎င်းမှာ နှောင်းပိုင်းအဆင့် မိစ္ဆာသားရဲ တစ်ကောင် ဖြစ်သည်။

ဤသည်က သူတို့ကို လုံလောက်သော အစားအစာ ရင်းမြစ်တစ်ခု ပေးစွမ်းခဲ့သဖြင့် ကျောက်မန် အနေဖြင့် အဆိပ် စမ်းသပ်ရန် မလိုအပ်တော့ဘဲ နှစ်ယောက်ကြား တင်းမာမှုကိုလည်း အနည်းငယ် ပြေလျော့သွားစေခဲ့၏။

သူတို့ ခရီးစဉ်၏ တတိယနေ့တွင် နောက်ဆုံး၌ သူတို့ နှစ်ယောက်မှာ ကျိန်စာသင့်နေသော သွေးသဲကန္တာရ မှ ထွက်လာခဲ့ကြသည်။

သူတို့သည် အရိပ်မြို့တော် သို့ ခြေချလိုက်ပြီး လမ်းသွားလမ်းလာများဖြင့် ပြည့်နှက်နေသော လမ်းများကို မြင်လိုက်ရသောအခါ နှစ်ယောက်စလုံး ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလုမတတ် ဖြစ်သွားကြ၏။

ဤအခိုက်အတန့်၌ ကျောက်မန်သည် တစ်စုံတစ်ခုကို သတိရသွားပုံ ရပြီး ချန်လော့ကို လှည့်ကြည့်လိုက်သည်။

“ရှင့်ဆီမှာ ဝိညာဉ်ကျောက်တုံး ကျန်သေးလား...”

ချန်လော့သည် တစ်ခဏမျှ ရပ်တန့်သွားပြီး သူ၏ ကိုယ်ပေါ်ရှိ သိုလှောင်အိတ် ကို တစ်ချက် ကြည့်လိုက်ကာ ခေါင်းခါလိုက်၏။

သူ့တွင် မူလက ဝိညာဉ်ကျောက်တုံး ၂၀ ကျော် ရှိခဲ့သော်လည်း ထို နေရာရွှေ့ပြောင်းခြင်း အဆောင် ကြောင့် အားလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ဤသည်ကို မြင်သောအခါ ကျောက်မန် က ပြုံးလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားပြောလိုက်၏။

“ငါ့ဆီမှာ အခု ဝိညာဉ်ကျောက်တုံး တစ်တုံးမှ မရှိဘူး...”

“ရှင် ဘာလို့ ကျွန်မနဲ့ အတူ မလိုက်ခဲ့တာလဲ ငါတို့ ကျောက်မိသားစု က လူတွေ အရိပ်မြို့တော် မှာ ရှိတယ်...”

“ကျွန်မတို့ အဲဒီကို ရောက်တာနဲ့ ကျွန်မကို အရိပ်မြို့တော် ထိ အစောင့်အရှောက် လိုက်ပို့ပေးတဲ့အတွက် အခကြေးငွေ အဖြစ် ရှင့်ကို ဝိညာဉ်ကျောက်တုံး တချို့ ပေးဖို့ သူ့ကို ကျွန်မပြောလိုက်ပါ့မယ်...”

ဤစကားကို ကြားလိုက်ရသောအခါ ချန်လော့က ချက်ချင်း ပြုံးလိုက်ပြီး သဘောတူရန် ပြင်လိုက်၏။

သို့သော် သူသည် တစ်စုံတစ်ခုကို သတိရသွားပုံ ရပြီး သူ၏ မျက်နှာမှာ ဖြူရော်သွားတော့သည်။

“မလိုတော့ပါဘူး ငါ လုပ်စရာ ရှိသေးလို့ အခု သွားတော့မယ်...”

ထိုသို့ ပြောပြီးနောက် သူသည် ချက်ချင်း ပြေးထွက်သွားတော့၏။

ထွက်ခွာသွားသော ချန်လော့၏ အရိပ်ကို ကြည့်ရင်း ကျောက်မန် ၏ မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“ချန်လော့ ရှင် ဒီတစ်သက် ကျွန်မလက်ထဲ အမိမခံရအောင် နေတာ ပိုကောင်းလိမ့်မယ်...”

ဤအခိုက်အတန့်၌ ချန်လော့ သွားမည့် နေရာမှာ သူမ သွားမည့် နေရာဖြစ်သော ချန်ရှင်းဂိုဏ်း ပင် ဖြစ်ကြောင်းကို ကျောက်မန် မသိရှိခဲ့ချေ။

ချန်လော့သည် သေချာပေါက် ဤအရာအားလုံးကို အစကတည်းက နားလည်ထားပြီး ဖြစ်၏။

ထို့အပြင် ကျောက်မန် သည် “အဆိပ်တစ်သောင်းခန္ဓာ” ၏ အားသာချက်ဖြင့် ချန်ရှင်းဂိုဏ်း သို့ ဝင်ရောက်ပြီးနောက် သေချာပေါက် အရေးပါလာမည် ဖြစ်ကြောင်းကိုလည်း သိရှိထားသည်။

ထို့အပြင် “မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ” ၏ ကျင့်ကြံခြင်း နည်းလမ်းဖြင့် ကျင့်ကြံခြင်းသည် သဘာဝကျကျပင် လျင်မြန်စွာ တိုးတက်လာမည် ဖြစ်၏။

ဂိုဏ်းတစ်ခုတည်းတွင် ရှိနေခြင်းက အနာဂတ်တွင် အခက်အခဲများနှင့် သေချာပေါက် ရင်ဆိုင်ရမည်ဟု ဆိုလိုသည်။

သို့သော် ချန်လော့မှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။

“အဆိပ်တစ်သောင်းခန္ဓာ သက်သက်ပဲလေ ငါ့ရဲ့ စနစ် နဲ့ ယှဉ်ရင် သူတို့က ဘာတွေမို့လို့လဲ...”

ပါရမီ နှင့် ပတ်သက်လာလျှင် ချန်လော့သည် သူတော်သည်ဟု ပြောရဲမည် မဟုတ်ပေ။ တကယ်တော့ သူသည် သာမန်သာ ဖြစ်သည်ဟု ပြောရမည် ။

မည်သို့ပင်ဆိုစေ အကယ်၍ ပါရမီ က အမှန်တကယ်ပင် ထိရောက်မှု ရှိခဲ့မည် ဆိုပါက ၊သူ၏ ယခင်လူမှာ ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်သို့ ရောက်ရှိရန် သုံးနှစ်တိုင်တိုင် ရုန်းကန်ခဲ့ရမည် မဟုတ်ချေ။

ပျမ်းမျှအားဖြင့် အဆင့်ငယ် တစ်ခု ဖောက်ထွက်နိုင်ရန် တစ်နှစ်သာ အချိန်ယူရလေသည်။

သို့သော် စနစ် ရှိနေသဖြင့် သူ၏ ကျင့်ကြံမှု တစ်ရက်က အခြားသူများ၏ ရက်တစ်ရာနှင့် ညီမျှနေ၏။ ဘယ်သူကများသူ့ကို ယှဉ်နိုင်မှာလဲ။

လက်ရှိတွင် သူ၏ ကျင့်ကြံမှုမှာ ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်တွင် ရပ်တန့်နေပြီး တိုးတက်မှု မရှိသော်လည်း…

သို့သော် အဓိက အကြောင်းရင်းမှာ ချန်လော့သည် ဖောက်ထွက်ရန် ပိုမို ကောင်းမွန်သော နည်းလမ်းကို ရှာဖွေချင်သောကြောင့် ဖြစ်သည်။

ချီသန့်စင်ခြင်းအဆင့် မှ အခြေခံတည်ဆောက်ခြင်းအဆင့် သို့ ဖောက်ထွက်ခြင်းကို ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း၊ မြေတာအို အခြေခံတည်ဆောက်ခြင်း နှင့် လူသားတာအို အခြေခံတည်ဆောက်ခြင်း ဟူ၍ နည်းလမ်း သုံးမျိုး ခွဲခြားနိုင်၏

၎င်းတို့အနက် လူသားတာအို အခြေခံတည်ဆောက်ခြင်း မှာ အလွယ်ကူဆုံး ဖြစ်ပြီး လိုအပ်သည်မှာ အခြေခံတည်ဆောက်ခြင်း ဆေးလုံး တစ်လုံးသာ ဖြစ်ကာ ထို့နောက် ဖောက်ထွက်နိုင်ပြီ ဖြစ်သည်။

အခက်ခဲဆုံး အပိုင်းမှာ ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ဖြစ်ပြီး ၎င်းက ကောင်းကင်နှင့် မြေကြီး၏ ကောင်းချီးများစွာ လိုအပ်ကာ အောင်မြင်မှုနှုန်းမှာလည်း အတော်လေး နိမ့်ကျလေသည်။

ချန်လော့မှာ စနစ် ကို ပိုင်ဆိုင်ထားသဖြင့် သူသည် ရွေးချယ်ခံရသူ တစ်ယောက် ဖြစ်၏။ အကယ်၍ သူသည် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကို မပြုလုပ်ခဲ့လျှင် ၎င်းက တကယ့်ကို နှမြောစရာ ကောင်းပေလိမ့်မည်။

“ငါ ချန်ရှင်းဂိုဏ်း ကို ရောက်တာနဲ့ ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း အတွက် ပစ္စည်းတွေ စတင် စုဆောင်းရမယ့် အချိန် ရောက်ပြီ...”

“မဟုတ်ရင် အမြဲတမ်း ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်မှာ ရပ်တန့်နေတာက မကောင်းဘူး...”

“ပြီးတော့ ငါ့ရဲ့ စုတ်ပြတ်နေတဲ့ ပါရမီ နဲ့ဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့ အဖိုးတန် ပစ္စည်းတွေကို ပိုပြီး ပြင်ဆင်ထားဖို့ လိုအပ်လောက်တယ်...”

မည်သို့ပင်ဆိုစေ ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကို ပြုလုပ်ရန် ဆိုသည်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ချေ။

သင့်တွင် ပါရမီ နည်းပါးလေလေ သင့်၏ အောင်မြင်နိုင်ခြေက လျော့ကျလေလေ ဖြစ်၏။

ချန်လော့သည် သူ၏ ပါရမီ ကို သိရှိထားသည်။ သူ၏ စနစ် က ကျင့်ကြံခြင်း ၏ အရှိန်ကို မြှင့်တင်ပေးနိုင်သော်လည်း သူ၏ ပါရမီ ကိုတော့ မမြှင့်တင်ပေးနိုင်ပေ။

ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ အရင်းအမြစ်များကို စုပုံထားခြင်းအပေါ် မှီခိုရန်သာ ဖြစ်၏။

အကယ်၍ အခြားသူများက ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း အတွက် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် လိုအပ်မည် ဆိုပါက သူသည် ပစ္စည်း ဆယ်စုံ ပြင်ဆင်ထားမည် ဖြစ်ပြီး ၊ အကယ်၍ အလုပ်မဖြစ်သေးပါက အစုံ နှစ်ဆယ် သို့မဟုတ် သုံးဆယ် ပြင်ဆင်ထားမည်။

ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကို မအောင်မြင်နိုင်ဘူး ဆိုတာ ငါ လုံးဝ မယုံဘူး...

All Chapters