အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း (၁၉) ရှောင်လွှဲရန် နည်းလမ်း မရှိပါ
နှစ်ရက် အကြာ ချန်ရှင်းဂိုဏ်း ၏ အပြင်ဘက်၌။
“အဲဒါဆို မင်း ပြောချင်တာက မင်းက ယွင်ထျန်းဂိုဏ်း မှာ လူတွေကို လုယက် သတ်ဖြတ်ခဲ့ပြီး အခု ငါတို့ ချန်ရှင်းဂိုဏ်း ရဲ့ တပည့် ဖြစ်ချင်တယ်ပေါ့...”
“ဟုတ်ပါတယ်...”
“မင်း နာမည်က ဘယ်လို ခေါ်လဲ...”
“ကျွန်တော့် နာမည်က ချန်လော့ ပါ...”
“ကောင်းပြီ မင်း ဒီနေရာမှာ စောင့်နေ ငါ သွားပြီး အကြီးအကဲ ကို အကြောင်းကြားလိုက်မယ်...”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူ အစ်ကို...”
ထိုတပည့် က ချန်ရှင်းဂိုဏ်း ၏ အတွင်းဘက်သို့ လျှောက်သွားသည်ကို ကြည့်နေရင်း ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ချန်ရှင်းဂိုဏ်း အတွင်း၌။
ဂိုဏ်းချုပ် အပါအဝင် တံခါးအတွင်းရှိ အကြီးအကဲများ အားလုံးမှာ ဧည့်ခံခန်းမ တွင် ထိုင်နေကြပြီး အမျိုးသမီး တစ်ယောက်နှင့် ပြုံးရွှင်စွာ စကားပြောဆိုနေကြသည်။
ထိုအမျိုးသမီးမှာ အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ် အရွယ်ခန့်သာ ရှိပုံရပြီး အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားကာ သူမ၏ အသွင်အပြင်မှာ ပထမတန်းစားဟု ဆိုနိုင်ပေသည်။
အကယ်၍ ချန်လော့သာ ဤနေရာတွင် ရှိနေမည် ဆိုပါက သူမကို လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူနှင့် လမ်းခွဲခဲ့သော ကျောက်မန် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လိမ့်မည်။
ချန်ရှင်းဂိုဏ်း ၏ အကြီးအကဲများ အားလုံး စုဝေးနေကြခြင်းက သူတို့ ကျောက်မန် ကို မည်မျှ တန်ဖိုးထားကြောင်း ပြသနေသည်။
သူမက “အဆိပ်တစ်သောင်းခန္ဓာ” ကို ပိုင်ဆိုင်ထားသည်ကို ထည့်သွင်း စဉ်းစားလျှင် ဤသည်က နားလည်နိုင်သော ကိစ္စပင်။
“မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ” ၏ ကျင့်ကြံခြင်း နည်းလမ်းနှင့် ပေါင်းစပ်လိုက်သည်နှင့် တစ်ပြိုင်နက် အချိန်တန်လျှင် သူမသည် သူတို့၏ ချန်ရှင်းဂိုဏ်းတွင် အနည်းဆုံး နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ပေါင်းထည့်ပေးနိုင်တော့မည်။
“သွေးသဲကန္တာရ ထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကိုလည်း ငါ နည်းနည်း ကြားထားပါတယ်...”
“ဒါပေမဲ့ ဖြောင့်မတ်သော လမ်းစဉ် နဲ့ နတ်ဆိုးလမ်းစဉ် ဂိုဏ်းတွေကြားက သဘောတူညီချက်ကြောင့် လှုပ်ရှားမှု လုပ်ဖို့က မသင့်တော်ဘူး ဖြစ်နေတယ်...”
“မင်း တော်တော်လေး နစ်နာခဲ့ရပြီ...”
ပင်မ ထိုင်ခုံတွင် ထိုင်နေသော ဂိုဏ်းချုပ် ယွီထျန်းစီ က စတင် စကားပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ကျောက်မန်သည် ချက်ချင်း ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
“ရပါတယ် လမ်းတစ်လျှောက်လုံး ကျွန်မ တကယ်တော့ ဘာအန္တရာယ်မှ မကြုံခဲ့ရပါဘူး...”
သူမ စကားပြောနေစဉ် ချန်လော့၏ မျက်နှာသည် ကျောက်မန် ၏ စိတ်ထဲတွင် နောက်တစ်ကြိမ် ဖြတ်ပြေးသွား၏။
သူတို့သည် အန္တရာယ်နှင့် မကြုံတွေ့ခဲ့ရသော်လည်း အလွန် အန္တရာယ်များသော လူတစ်ယောက်နှင့်တော့ ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်မှာပင် တပည့် တစ်ယောက်က ဧည့်ခံခန်းမ ၏ အပေါက်ဝသို့ လျှောက်လာပြီး လူတိုင်းကို ရိုသေစွာ အရိုအသေ ပေးလိုက်၏။
“အကြီးအကဲများ အားလုံးနဲ့ ဂိုဏ်းချုပ် ကို ဂါရဝပြုပါတယ်...”
ယွီထျန်းစီ က ထိုတပည့် ကို လှည့်ကြည့်လိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် မနှစ်မြို့မှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
“မြန်မြန် ပြော ဘာကိစ္စလဲ...”
ဂိုဏ်းချုပ် က အနည်းငယ် မပျော်မရွှင် ဖြစ်နေပုံ ရသည်ကို မြင်သောအခါ တပည့် က ခေါင်းကို ပို၍ပင် ငုံ့ထားလိုက်၏။
“အပြင်ဘက်ကနေ လူတစ်ယောက် ရောက်လာပါတယ် သူက ယွင်ထျန်းဂိုဏ်း မှာ လူတစ်ယောက်ကို လုယက် သတ်ဖြတ်ခဲ့ပြီး ကျွန်တော်တို့ ချန်ရှင်းဂိုဏ်း ရဲ့ တပည့် ဖြစ်ချင်တယ်လို့ ပြောနေပါတယ်...”
ဤစကားကို ကြားလိုက်ရသောအခါ ယွီထျန်းစီ သည် မျက်မှောင်ကြုတ်သွားပြီး တစ်ခဏမျှ စဉ်းစားလိုက်သည်။
“ယွင်ထျန်းဂိုဏ်း မှာ လူသတ်ခဲ့တယ် ပြီးတော့ ငါတို့ ချန်ရှင်းဂိုဏ်း ရဲ့ တပည့် ဖြစ်ချင်တယ်ပေါ့ မင်းရဲ့ အစီအစဉ်က ကောင်းတာပဲ...”
“သူ့ရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ...”
“ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်ရဲ့ အထွတ်အထိပ် ပါ...”
တပည့် က ပြန်ဖြေလိုက်၏။
ဤစကားကို ကြားလိုက်ရသောအခါ ဘေးတွင် ရပ်နေသော ကျောက်မန် မှာ မှင်တက်သွားတော့သည်။
ချန်လော့ကလည်း ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်ရဲ့ အထွတ်အထိပ် တွင် ရှိနေသည်ဟု သူမ မှတ်မိနေ၏။
ထို့အပြင် ယွင်ထျန်းဂိုဏ်း မှ လူများကို မြင်သောအခါ သူသည် ပထမဆုံး ထွက်ပြေးခဲ့သူ ဖြစ်သည်။
အရိပ်မြို့တော် သို့ ရောက်ရှိချိန်တွင် သူသည် ကုန်သွယ်ရေး ယာဉ်တန်းတွင် ပါဝင်ခဲ့ခြင်းအတွက် ဝိညာဉ်ကျောက်တုံး များကိုပင် ရယူလိုခြင်း မရှိခဲ့ပေ။
ဤအပြုအမူများ အားလုံးကို ထည့်သွင်း စဉ်းစားကြည့်ပါက ချန်ရှင်းဂိုဏ်း သို့ ဝင်ချင်နေသော ဤလူမှာ ချန်လော့ ဖြစ်နေမည်လော။
အနည်းငယ် ယုံကြည်ရခက်သော်လည်း ၊ ဤအခိုက်အတန့်၌ ချန်ရှင်းဂိုဏ်း ၏ အပြင်ဘက်တွင် ရပ်နေသော သူမှာ ချန်လော့ ဖြစ်ကြောင်းကို ကျောက်မန် ဝေဝေဝါးဝါး ခံစားမိသည်။
“ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်ရဲ့ အထွတ်အထိပ် ရဲ့ ခွန်အားက တကယ်တော့ အတော်လေး ကောင်းပါတယ်...”
“လုချင်းဖုန်း သွားပြီး တစ်ချက် ကြည့်လိုက်ပါ...”
ယွီထျန်းစီ သည် အတွင်းဂိုဏ်း မှ အကြီးအကဲ တစ်ဦးကို ကြည့်ကာ ပြောလိုက်၏။
လုချင်းဖုန်း သည် စကားများများ မပြောတော့ဘဲ မတ်တတ်ရပ်ကာ ထိုတပည့် ကို သူ့အား ခေါ်ဆောင်သွားခိုင်းရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ကျောက်မန်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
“အဲ့ဒီကျင့်ကြံသူ ရဲ့ နာမည်က ဘယ်လို ခေါ်လဲ...”
ကျောက်မန်သည် ရုတ်တရက် မတ်တတ်ရပ်ကာ မေးလာသဖြငိ့ တံခါးဝရှိ တပည့် မှာ အံ့အားသင့်သွားသည်။
ဤသည်ကို မြင်သောအခါ ယွီထျန်းစီ က စားပွဲကို ချက်ချင်း လက်ဖြင့် ရိုက်လိုက်၏။
“ဘုန်း...”
“မင်းရဲ့ ဂိုဏ်းတူ အစ်မ က မင်းကို မေးခွန်း မေးနေတယ်လေ အခု ချက်ချင်း သူ့ကို ဖြေလိုက်စမ်း...”
ဤအချိန်တွင် ကျောက်မန် သည် ချန်ရှင်းဂိုဏ်း သို့ တရားဝင် မဝင်ရောက်ရသေးသလို မည်သည့် တောင်ထွတ်သို့ ဝင်ရောက်မည်ကိုပင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။
သို့သော် ယွီထျန်းစီ ၏ အမြင်တွင် ဤသည်က ကြိုတင် သတ်မှတ်ထားပြီးသော တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်နေပြီ ဖြစ်ရာ ၊ သူ ပြောခဲ့သည့် စကားများမှာ မမှားပေ။
ဂိုဏ်းချုပ် ၏ ဒေါသကို မြင်သောအခါ ထိုတပည့် မှာ ကြောက်လန့်တကြား ဖြူဖပ်သွားတော့၏။
“ဟုတ် ဟုတ်ကဲ့ ဂိုဏ်းတူ အစ်မ အဲ့လူက ချန်လော့ လို့ ပြောပါတယ်...”
“ချန်လော့ တကယ်ပဲ သူ ဖြစ်နေတာပဲ...”
ကျောက်မန် ၏ မျက်လုံးများ အရောင်လက်သွားပြီး သူမ၏ မျက်နှာပေါ်တွင် မသိစိတ်မှ အပြုံးတစ်ခု ပေါ်လာ၏။
ယွီထျန်းစီ ကလည်း ကျောက်မန် ၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသဖြင့် သူသည် ချက်ချင်း မေးလိုက်သည်။
“ဘာလဲ မင်း ဒီလူကို သိလို့လား...”
“ဂိုဏ်းချုပ် ကို တင်ပြပါတယ် အဲ့လူက ကျွန်မရဲ့ မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်နိုင်ပါတယ်...”
သူမသည် နာမည်နှင့် ကျင့်ကြံမှု အဆင့်ကို အတည်ပြုပြီးပြီ ဖြစ်ကာ ထိုသူမှာ သူမ သိသော ချန်လော့ ဖြစ်ကြောင်း သူမ၏ အလိုအလျောက် သိစိတ်က ပြောနေသော်လည်း…
သို့သော် ကျောက်မန် သည် သူမကိုယ်သူမ လွတ်လမ်း တစ်ခု ချန်ထားခဲ့သည်။
ဤစကားကို ကြားလိုက်ရသောအခါ ယွီထျန်းစီ က ချက်ချင်း ပြုံးလိုက်၏။
“သူက မင်းရဲ့ မိတ်ဆွေဟောင်း ဆိုမှတော့ သူ့ကို တိုက်ရိုက် လာခိုင်းလိုက်ပါ...”
ထိုသို့ ပြောပြီးနောက် သူသည် သတင်းပို့ရန် လာသော တပည့် ကို လှည့်ကြည့်လိုက်သည်။
“သွား ချန်လော့ ကို ဒီနေရာကို ခေါ်ခဲ့...”
“ဟုတ်ကဲ့...” တပည့် က အလျင်အမြန် လှည့်ကာ ပြေးထွက်သွားတော့၏။
ထွက်ခွာသွားသော တပည့် ၏ အရိပ်ကို ကြည့်ရင်း ယွီထျန်းစီ ၏ မျက်လုံးများထဲတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူ ဤသို့ လုပ်ဆောင်ရခြင်းမှာ လူတို့၏ နှလုံးသားကို အနိုင်ယူရန် ဖြစ်၏။
ချန်ရှင်းဂိုဏ်း သည် နတ်ဆိုးလမ်းစဉ် ၏ အဓိက ဂိုဏ်းကြီး လေးခုထဲမှ တစ်ခု ဖြစ်ပြီး တပည့် သောင်းနှင့်ချီ၍ ရှိလေသည်။
တပည့် တစ်ယောက် ရရှိခြင်းက ၎င်းချည်းသက်သက် ဆိုလျှင် ကိစ္စကြီး တစ်ခု မဟုတ်သော်လည်း အကယ်၍ ကျောက်မန် ၏ နှလုံးသားကိုပါ အနိုင်ယူနိုင်မည် ဆိုပါက ၎င်းသည် ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ဤသည်က အနာဂတ်၏ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည် မဟုတ်လော။
ထို့အပြင် “အဆိပ်တစ်သောင်းခန္ဓာ” အတွက်မူ မမျှော်လင့်ထားသော အခြေအနေများ မရှိပါက နတ်ဝိညာဉ်အဆင့် ဆိုသည်မှာ အစသာရှိသေးသည်။
ကျောက်မန် အနေဖြင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် သို့တိုင်အောင် ကျင့်ကြံနိုင်ပြီး ပိုမို မြင့်မားသော အဆင့်များသို့ပင် ရောက်ရှိနိုင်ခြေ အလွန် မြင့်မား၏။
သို့သော် ယွီထျန်းစီ က လှည့်ကြည့်လိုက်သောအခါ သူ၏ ဘေးတွင် ခြေချိတ်ထိုင်နေသော အမျိုးသမီး အကြီးအကဲ တစ်ယောက်က သူ့ကို အထင်အမြင် သေးသော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီး အကြီးအကဲ မှာ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျက်သရေရှိသော ကိုယ်လုံးကိုယ်ပေါက် ရှိကာ ကျောက်မန် ထက်ပင် သာလွန်သော အလှတရား ရှိလေသည်။
သူမ၏ မျက်နှာမှာ အသက် နှစ်ဆယ် ကျော်အရွယ် မိန်းကလေး တစ်ယောက်၏ မျက်နှာနှင့် တူပြီး မိတ်ကပ် အနည်းငယ်သာ လိမ်းခြယ်ထားကာ နှုတ်ခမ်းပေါ်တွင် အနီရောင် အနည်းငယ်သာ ဆိုးထား၏။
အကြီးအကဲ ၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်သောအခါ ယွီထျန်းစီ မှာ ခါးသီးသော အပြုံးတစ်ခုသာ ပြုံးနိုင်တော့သည်။
အကယ်၍ အခြား အကြီးအကဲ တစ်ယောက်သာ ဆိုလျှင် သူ့ကို ဤကဲ့သို့ ဆက်ဆံရန် မည်သူကမျှ သေချာပေါက် ရဲမည် မဟုတ်ပေ။
သို့သော် သူတို့၏ အရှေ့ရှိ အမျိုးသမီးမှာ သာမန်လူ မဟုတ်ချေ။ သူမသည် ချန်ရှင်းဂိုဏ်း ရှိ အသန်မာဆုံး တိုက်ခိုက်ရေးသမား များထဲမှ တစ်ဦး ဖြစ်ပြီး ချင်းယန်တောင်ထွတ် ၏ အကြီးအကဲ လောချင်းယွီ ပင် ဖြစ်သည်။
သူမသည် သူ၏ ဂိုဏ်းတူ ညီမငယ် လည်း ဖြစ်ပြီး ဂိုဏ်း အတွင်းတွင် သူ့ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ရဲသော တစ်ဦးတည်းသော သူ ဖြစ်၏။
ထို့အပြင် အချိန်အများစုတွင် သူသည် သူမကို ပြန်မပြောရဲပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူမကို မနိုင်သောကြောင့် ဖြစ်သည်။
မကြာမီမှာပင် ထိုတပည့်က ချန်လော့ကို ချန်ရှင်းဂိုဏ်း သို့ ခေါ်ဆောင်လာခဲ့ပြီး ဧည့်ခံခန်းမ ၏ အပေါက်ဝသို့ ရောက်ရှိလာခဲ့၏။
ချန်လော့သည် ဧည့်ခံခန်းမ တွင် ပေါ်လာပြီး ကျောက်မန် ကို မြင်လိုက်ရသောအခါ ချန်လော့၏ မျက်နှာမှာ တစ်မုဟုတ်ချင်း မည်းမှောင်သွားတော့သည်။
ကျောက်မန် က ပြုံးလိုက်၏။
“ချန်လော့ မတွေ့ရတာ ကြာပြီနော်...”
ချန်လော့သည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ဧည့်ခံခန်းမ ရှိ အကြီးအကဲများ ကို မြင်သောအခါ လှည့်၍ ထွက်ပြေးမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရပြီး အပြုံးတစ်ခုကိုသာ အတင်းအကျပ် ဖန်တီးနိုင်တော့၏။
“မတွေ့ရတာ ကြာပြီပဲ...”
သူတို့ နှစ်ယောက် တကယ်ပင် သိနေကြသည်ကို မြင်သောအခါ ယွီထျန်းစီ က ချက်ချင်း ပြုံးလိုက်သည်။
“အဲဒါဆို မင်းတို့ နှစ်ယောက်က တကယ် သိနေကြတာပေါ့...”
ကျောက်မန် က အနည်းငယ် ပြုံးလိုက်၏။ “သိရုံတင် မကပါဘူး ချန်လော့ သာ မရှိခဲ့ရင် ကျွန်မ သွေးသဲကန္တာရ ထဲကနေ ထွက်လာနိုင်မှာ မဟုတ်ဘူး...”
ကျောက်မန် ၏ ပြုံးနေသော မျက်နှာကို ကြည့်ရင်း ချန်လော့သည် သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကြောင်း ခံစားလိုက်ရသည်။
ဒီကပ်ဘေးကနေ ငါ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး ထင်တယ်…
အခန်း (၂၀) -အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်
“အို...” ယွီထျန်းစီ က ချန်လော့ကို အံ့အားသင့်သည့် အရိပ်အယောင် အနည်းငယ်ဖြင့် ကြည့်လိုက်၏။
“အဲဒီလို ဆိုမှတော့ သူ့ကို ချန်ရှင်းဂိုဏ်း ထဲ ဝင်ခွင့်ပြုလိုက်ပြီး အတွင်းဂိုဏ်းသား အဖြစ် တောင်ထွတ် တစ်ခုခုကို ရွေးချယ်ခိုင်းလိုက်..”
အတွင်းဂိုဏ်းသား — ဤသည်က အတော်လေး သင့်လျော်သော ရာထူးတစ်ခုဟု ဆိုနိုင်သည်။
မည်သို့ပင်ဆိုစေ ယွင်ထျန်းဂိုဏ်း တွင် တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုမှာ ချီသန့်စင်ခြင်းအဆင့် နှောင်းပိုင်း သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ချီသန့်စင်ခြင်းအဆင့် သတ္တမအဆင့် ဟုလည်း ခေါ်ဆနိုင်ကာ အတွင်းဂိုဏ်းသို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
ချန်လော့မှာ ယခုအခါ ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်၏ အထွတ်အထိပ် ကျင့်ကြံမှု အဆင့်တွင် ရှိနေ၏။
သို့သော် ယခုအခါ သူ ရောက်ရှိနေသည်မှာ ချန်ရှင်းဂိုဏ်း ဖြစ်ပြီး ယွင်ထျန်းဂိုဏ်း မဟုတ်ပေ။
ယွင်ထျန်းဂိုဏ်း မှာ ဂိုဏ်းငယ်လေး တစ်ခု မဟုတ်သော်လည်း သို့သော် အကောင်းဆုံး အနေအထားတွင် ဖြောင့်မတ်သော လမ်းစဉ် ရှိ ဒုတိယတန်းစား အင်အားစု တစ်ခုသာ ဖြစ်သည်။
ချန်ရှင်းဂိုဏ်း မှာ နတ်ဆိုးလမ်းစဉ် ရှိ ထိပ်တန်း အင်အားစု တစ်ခု ဖြစ်သဖြင့် နေရာနှစ်ခု၏ အတွင်းဂိုဏ်းသား အဆင့်အတန်းမှာ သဘာဝကျကျပင် ကွာခြားလှ၏။
အခြား အရာများ အားလုံးကို ဘေးဖယ်ထားပြီး လစဉ်ကြေး အကြောင်းကို ပြောရလျှင်ဖြင့် ၊
ယွင်ထျန်းဂိုဏ်း ၏ အတွင်းဂိုဏ်းသား များမှာ တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၅ တုံးသာ ရရှိကြသည်။
သို့သော် ချန်ရှင်းဂိုဏ်း ကတော့ ကွာခြားသည်။ သူတို့သည် ၁၀ တုံး အပြည့် ပေးပြီး နှစ်ဆ ပိုများလေသည်။
အခြား အကျိုးခံစားခွင့်များမှာလည်း ယွင်ထျန်းဂိုဏ်း ထက် မလျော့နည်းချေ။
အတွင်းဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် စည်းကမ်းချက်များမှာ သဘာဝကျကျပင် ပိုမို ခက်ခဲလှသည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံမှု အဆင့်မှာ အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် သို့ ရောက်ရှိရန် လိုအပ်၏။
သူ့ကို အတွင်းဂိုဏ်းသို့ တိုက်ရိုက် ဝင်ရောက်ခွင့် ပြုခြင်းက အတိုင်းအတာ တစ်ခုအထိ ကျောက်မန် ၏ ဂုဏ်သိက္ခာ အချို့ကို စတေးလိုက်ခြင်းပင် ဖြစ်သည်။
ချန်လော့မှာလည်း ဤစကားကို ကြားလိုက်ရသောအခါ မှင်တက်သွားပြီး ကျောက်မန် နှင့် ယွီထျန်းစီ တို့ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်၏။
“ငါ ကျောက်မန် ကို လူကဲခတ် မှားသွားတာများလား...”
“ဒါက ဒဏ္ဍာရီလာ မကောင်းမှုကို ကောင်းမှုနဲ့ တုံ့ပြန်တာလား ငါ တကယ်ကို စိတ်လှုပ်ရှားသွားပြီ...”
ချန်လော့သည် ကျေနပ်အားရနေဆဲ ဖြစ်စဉ် တစ်ဖက်ရှိ ကျောက်မန် က ရုတ်တရက် စကားပြောလာ၏။
“ဂိုဏ်းချုပ် ချန်လော့ က ကျွန်မရဲ့ မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်ပေမဲ့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ကျွန်မကြောင့် ချိုးဖောက်လို့ မရဘူးလို့ ကျွန်မ ထင်တယ်...”
“ချန်ရှင်းဂိုဏ်း ရဲ့ အတွင်းဂိုဏ်းကို ဝင်ဖို့ အနိမ့်ဆုံး သတ်မှတ်ချက်က ကျင့်ကြံမှု အခြေခံတည်ဆောက်ခြင်းအဆင့် ကို ရောက်ရမယ်ဆိုတာ ကျွန်မ မှတ်မိတယ်...”
“ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ရှာပြီး သူနဲ့ ယှဉ်ပြိုင်ခိုင်းပြီး သူ့ရဲ့ ခွန်အားကို ကြည့်ပြီးမှ ဆုံးဖြတ်ချက် ချရင်ရော ဘယ်လိုလဲ”
ဤစကားကို ကြားလိုက်ရသောအခါ ချန်လော့၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။
ယွီထျန်းစီ မှာလည်း မှင်တက်သွားသည်။
သို့သော် သူသည် မည်သို့ပင်ဆိုစေ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်ပြီး လောကကြီးတွင် နှစ်ပေါင်းများစွာ ခရီးသွားခဲ့ဖူးသော ဝါရင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။ စက္ကန့်အနည်းငယ် အတွင်းမှာပင် ဘာတွေ ဖြစ်နေသည်ကို သူ ခန့်မှန်းခြေ နားလည်သွားခဲ့သည်။
“ဒီနှစ်ယောက်ကြားက ဆက်ဆံရေးက သူတို့ ပြောသလို မဟုတ်ဘူး ထင်တယ်...”
ထို့နောက် သူသည် ကျောက်မန် ကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
“အဓိပ္ပာယ်ရှိတယ် အဲဒါဆို ဘယ်လို ရွေးချယ်မှုမျိုးက ပိုကောင်းမယ်လို့ မင်း ထင်လဲ ...အဆင့်တစ်ခုရှိတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ရှာပြီး သူနဲ့ ယှဉ်ပြိုင်ခိုင်းရမလား...”
ယွီထျန်းစီ မှ သူမကို မေးခွန်း မေးလာသဖြင့်၊ ကျောက်မန် ၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးတက်သွား၏။
ချန်လော့ဘက်သို့ လှည့်ကြည့်လိုက်ရာ ဝမ်းနည်းနေသော မျက်နှာဖြင့် သူမကို စိုက်ကြည့်နေပြီး ခေါင်းကို အဆက်မပြတ် ခါရမ်းနေသည်ကို တွေ့လိုက်ရသည်။
“ဘာပဲဖြစ်ဖြစ် သူက ကျွန်မရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ တကယ်လို့ သူ့ရဲ့ စွမ်းရည်က အရမ်း နိမ့်နေရင် အားလုံးက သူ့ကို အဆက်အသွယ်တွေကတစ်ဆင့် ဝင်လာတာလို့ သေချာပေါက် ထင်ကြလိမ့်မယ်...”
“အဲ့အခါကျရင် ဂိုဏ်းထဲမှာ သူက အထင်အမြင် သေးခံရလိမ့်မယ်...”
“အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း က လူတစ်ယောက်ကို ရှာပြီး ယှဉ်ပြိုင်ခိုင်းလိုက်ပါ ..ဒါဆို ဘယ်သူကမှ သူ့ကို အထင်အမြင် သေးတော့မှာ မဟုတ်ဘူး...”
ဤစကားကို ကြားလိုက်ရသောအခါ ချန်လော့မှာ မှင်တက်သွားတော့၏။
မင်း ငါ့ကို သေစေချင်ရင် ဘာလို့ ရွှေမြုတေအဆင့် က လူတစ်ယောက်ကို ရှာပြီး ငါ့ကို သတ်ဖို့ မစီစဉ်လိုက်တာလဲ...
“ အဓိပ္ပာယ်ရှိတယ်..” ယွီထျန်းစီ က ခေါင်းညိတ်လိုက်သည်။ “ချန်လော့ မင်း ဘယ်လို ထင်လဲ...”
လူတိုင်း၏ အကြည့်များက သူ့အပေါ် ကျရောက်နေသည်ကို မြင်သောအခါ ချန်လော့သည် နေရခက်သော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။
“အမ်း ကျွန်တော် ငြင်းလို့ ရမလား...”
သို့သော် သူ စကားပြော၍ မဆုံးမီမှာပင် ယွီထျန်းစီ က စားပွဲကို လက်ဖြင့် ရိုက်လိုက်သည်။
“မင်းက ငါ့ရဲ့ ချန်ရှင်းဂိုဏ်း ကို ဘာမှတ်နေတာလဲ မင်း လာချင်တိုင်း လာပြီး သွားချင်တိုင်း သွားလို့ ရမယ် ထင်နေတာလား...”
ဤအခိုက်အတန့်၌ ချန်လော့မှာ နောင်တရမှုများဖြင့် ပြည့်နှက်နေပြီး “ငါသာ နှစ်ရက်လောက် နောက်ကျပြီးမှ လာခဲ့ရင် ကောင်းမှာပဲ” ဟု တွေးနေမိ၏။
“ငါ သူမနဲ့ သွားတွေ့တာ တိုက်ဆိုင်လိုက်တာ...”
သို့သော် ယခု နောင်တရရန် နောက်ကျသွားခဲ့ပြီ ဖြစ်ပြီး ထွက်ပြေးရန်လည်း နည်းလမ်း မရှိတော့ချေ။
ဤနေရာတွင် လူတစ်အုပ်ကြီး ရှိနေပြီး အားလုံးမှာ ချန်လော့ မှန်းဆ၍ပင် မရနိုင်သော ကျင့်ကြံမှု အဆင့်များ ရှိကြ၏။ သူတို့ အားလုံးမှာ အနည်းဆုံး နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်ဟု သူ ခံစားမိသည်။
“ဒီတိုက်ပွဲကနေ ငါ မလွတ်မြောက်နိုင်ဘူးထင်တယ်...”
ဆယ်မိနစ်ခန့် ကြာပြီးနောက် ချန်ရှင်းဂိုဏ်း ၏ တိုက်ခိုက်ရေး စင်မြင့်ပေါ်၌။
ချန်လော့သည် စင်မြင့်ပေါ်တွင် ရပ်နေပြီး သူ၏ ပြိုင်ဘက် ဖြစ်သော သတ္တမအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ဝင် တစ်ဦးကို စိုးရိမ်ပူပန်မှု အရိပ်အယောင် အနည်းငယ်ဖြင့် ကြည့်နေ၏။
စင်မြင့် အောက်တွင်မူ ချန်ရှင်းဂိုဏ်း မှ အကြီးအကဲ၊ ယွီထျန်းစီ နှင့် ကျောက်မန် တို့သာ ရှိနေကြပြီး တပည့် တစ်ယောက်ကိုမျှ မတွေ့ရခြင်းက စင်မြင့်ကို ရှင်းလင်းထားကြောင်း ပြသနေသည်။
“စည်းကမ်းတွေက ရိုးရှင်းပါတယ် ဘယ်သူက အရင် လဲကျသွားအောင် လုပ်နိုင်လဲ အဲ့သူက နိုင်တယ်...”
“စကြစို့...”
ယွီထျန်းစီ စကားပြောပြီးနောက် မျက်နှာချင်းဆိုင်ရှိ ချန်ရှင်းဂိုဏ်း မှ တပည့် က လက်သီးတစ်ချက်ဖြင့် ရှေ့သို့ ချက်ချင်း ပြေးဝင်လာ၏။
“သေစမ်း ဒီခေတ် လူငယ်တွေက အားကစား စိတ်ဓာတ် လုံးဝ မရှိကြဘူး...”
ဤသည်ကို မြင်သောအခါ ချန်လော့သည် သူ၏ ရွေ့လျားမှုသိုင်းကွက် ကို အလျင်အမြန် စတင်လိုက်ပြီး ခြေလှမ်းများကို လျင်မြန်စွာ ပြောင်းလဲကာ တပည့် ၏ လက်သီးချက်ကို ရှောင်တိမ်းနိုင်ခဲ့သည်။
ချန်လော့၏ ရှောင်တိမ်းမှုက တစ်ဖက်ရှိ တပည့် ကို မှင်တက်သွားစေရုံသာမက စင်မြင့် အောက်မှ ကြည့်ရှုနေသော အကြီးအကဲ နှင့် ဂိုဏ်းချုပ် ကိုပါ အံ့အားသင့်သွားစေခဲ့၏။
“သူက အလွယ်တကူ ရှောင်သွားတာပဲ ဒီကောင်လေးက တကယ်ကို အရည်အချင်း တချို့ ရှိပုံ ရတယ်...”
ယွီထျန်းစီ က စကားပြောနေရင်း ချန်လော့ကို အလွန် စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်သည်။
အခြား အကြီးအကဲများ မှာလည်း မပြုံးဘဲ မနေနိုင်ကြတော့ချေ။
“ဒီ ရွေ့လျားမှုသိုင်းကွက် က အနည်းဆုံး ပြီးပြည့်စုံအဆင့် မှာ ရှိတယ် အခုတော့ တကယ် ဖြစ်သွားပြီ...”
“အကယ်၍ သူက ယွင်ထျန်းဂိုဏ်း ရဲ့ တပည့် ဖြစ်ခဲ့တာဆိုရင် သူ့ရဲ့ ကျင့်စဉ် က ‘လေပြေအရိပ် ရွေ့လျားမှုသိုင်းကွက်’ ဖြစ်သင့်တယ် မဟုတ်လား...”
“’လေပြေအရိပ် ရွေ့လျားမှုသိုင်းကွက်’ က ချီသန့်စင်ခြင်းအဆင့် အတွက် ရွေ့လျားမှုသိုင်းကွက် တစ်ခု ဖြစ်ပေမဲ့ ပြီးပြည့်စုံအဆင့် ထိ ကျင့်ကြံဖို့ ဆိုတာ လွယ်ကူတဲ့ အလုပ် တစ်ခုတော့ မဟုတ်ဘူး...”
စကားလုံး အနည်းငယ် အတွင်းမှာပင် အကြီးအကဲ များက ချန်လော့၏ ရွေ့လျားမှုသိုင်းကွက် များကို ဖော်ထုတ်နိုင်ခဲ့ကြ၏။
မည်သို့ပင်ဆိုစေ စင်မြင့် အောက်မှ ကြည့်ရှုနေသူတိုင်းက နတ်ဝိညာဉ်အဆင့် မှ စတင်ခဲ့ကြသော ဝါရင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့သည် ကျွမ်းကျင်မှု မြင့်မားရုံသာမက သူတို့၏ ဗဟုသုတမှာလည်း သာမန်လူများထက် များစွာ ပိုမို ကျယ်ပြန့်လှ၏။
အတွေ့အကြုံ အနည်းဆုံးဟု ထင်ရသူမှာ ကျောက်မန် တစ်ယောက်တည်းသာ ရှိသည်။
စင်မြင့်ပေါ်တွင် ချန်လော့သည် ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ကျက်သရေရှိသော လှုပ်ရှားမှုများဖြင့် ရှောင်တိမ်းနေသည်ကို ကျောက်မန် ကြည့်နေခဲ့ပြီး ၊ ချန်လော့၏ မျက်နှာပေါ်ရှိ အမူအရာကို အကဲခတ်ကြည့်ရာ သူသည် စွမ်းအင်များ အများကြီး ကျန်နေသေးပုံ ရ၏။
ချန်လော့သည် ကျောက်မိသားစု ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ဒုတိယအဆင့် ကျင့်ကြံသူ ကို လှုပ်ရှားမှု တစ်ချက်တည်းဖြင့် မည်သို့ အနိုင်ယူခဲ့သည်ကို ပြန်လည် အမှတ်ရမိသောအခါ ကျောက်မန် မှာ ပို၍ ဖိအားများလာခဲ့သည်။
“ချန်ရှင်းဂိုဏ်း ရဲ့ ကျင့်စဉ် တွေကို ကျင့်ကြံပြီးရင် ရက်အနည်းငယ် အတွင်းမှာပဲ ဒီလူကို ငါကိုယ်တိုင် လက်စားချေနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ...”
“ငါ သူ့ကို အထင်သေးမိသွားတာ ထင်တယ်...”
ဘေးတွင် ရပ်နေသော ယွီထျန်းစီ က ကျောက်မန် ၏ အတွေးများကို သိမြင်သွားပုံ ရသဖြင့် ချောင်းဟန့်ကာ ထပ်ပြောလိုက်၏။
“ရွေ့လျားမှုသိုင်းကွက် သက်သက်ပါပဲ ပါရမီ အနည်းဆုံး ကောင်းကင် ကျင့်ကြံသူ တစ်ယောက်တောင်မှ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် ကျင့်ကြံပြီးရင် ပြီးပြည့်စုံတဲ့ ရွေ့လျားမှုသိုင်းကွက် တစ်ခုကို ဖန်တီးနိုင်ပါတယ်...”
စကားပြောနေရင်း သူသည် ကျောက်မန် ကို ပြုံး၍ လှည့်ကြည့်လိုက်သည်။
“ရှောင်မန် မင်းမှာ အဆိပ်တစ်သောင်းခန္ဓာ ရှိတယ် ငါတို့ ချန်ရှင်းဂိုဏ်း ရဲ့ မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ ကျင့်ကြံခြင်း နည်းလမ်းနဲ့ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်း အရှိန်က သေချာပေါက် တစ်နေ့တခြား တိုးတက်လာလိမ့်မယ်...”
“သာမန် ရွေ့လျားမှုသိုင်းကွက် သက်သက်က ဘာဖြစ်လဲ ...အချိန်တန်ရင် မင်းရဲ့ မန္တာန် တွေနဲ့ သိုင်းကွက်တွေ အားလုံးကို ပြီးပြည့်စုံအဆင့် ထိ ကျင့်ကြံဖို့က မင်းအတွက် ကိတ်မုန့်စားသလို လွယ်ကူသွားလိမ့်မယ်...”
ဤစကားကို ကြားလိုက်ရသောအခါ အခြား အကြီးအကဲများ ကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။
“ဟုတ်တယ် ပြီးပြည့်စုံတဲ့ သွက်လက်မှု ရှိတဲ့သူ တစ်ယောက်က အဆိပ်တစ်သောင်းခန္ဓာ နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...”
“ကြိုးစားအားထုတ်မှု နည်းနည်းလေးနဲ့ ဘယ်သူမဆို ပြီးပြည့်စုံအဆင့် ရဲ့ ရွေ့လျားမှုသိုင်းကွက် တွေကို ရရှိနိုင်ပေမဲ့ ...အဆိပ်တစ်သောင်းခန္ဓာ ကတော့ လူတိုင်း ပိုင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ဘူး...”
အကြီးအကဲများ က သူ့ကို ချီးမွမ်းကြသော်လည်း သူတို့၏ စကားများမှာ စစ်မှန်ပြီး ရိုးသားလှ၏။
အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် အဆိပ်တစ်သောင်းခန္ဓာ မှာ ကောင်းကင်ကို အာခံနိုင်သော တည်ရှိမှု တစ်ခု ဖြစ်ကြောင်းကို ရှင်းလင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။
သို့မဟုတ်ပါက ကျောက်မန် ကို ဂိုဏ်းထဲသို့ ကြိုဆိုရန်အတွက် ဂိုဏ်း တစ်ခုလုံးရှိ အကြီးအကဲများ အားလုံးကို ခေါ်ယူရနအထိ သူတို့သည် အလုပ်ရှုပ်ခံမည် မဟုတ်ချေ။
လူတိုင်း၏ စကားများကို နားထောင်ပြီးနောက် အနည်းငယ် စိတ်ပျက်အားငယ်နေခဲ့သော သူမမှာ ရုတ်တရက် ယုံကြည်မှု ပြန်လည် ရရှိသွားတော့၏။
အကြီးအကဲများ အားလုံးက ကျောက်မန် ကို ချီးမွမ်းနေကြစဉ် ချန်လော့အပေါ်မှ အကြည့် မလွှဲဘဲ စိုက်ကြည့်နေသော အကြီးအကဲ တစ်ယောက် ရှိနေခဲ့သည်။
“ဒီကောင်လေးက ငါ ထင်ထားတာထက် အများကြီး ပိုပြီး စိတ်ဝင်စားစရာ ကောင်းပုံ ရတယ်...”
လောချင်းယွီသည် ချန်လော့ကို ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။