← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇) အရာရာတိုင်းအတွက် ပထမဆုံးအကြိမ်ဆိုတာ ရှိစမြဲပါ

"အစ်ကိုကြီး... အစ်မကြီး... ဒီဆေးဖော်စပ်ခန်း တံဆိပ်ပြားကို ယူပြီး သက်ဆိုင်ရာ နေရာကို သွားပါခင်ဗျ"

"ဒါက အများသုံး ဆေးဖော်စပ်ခန်း ဖြစ်တဲ့အတွက် အစ်ကိုကြီးတို့... အစ်မကြီးတို့ အပြင် တခြား ဆေးဖော်စပ် နေတဲ့သူတွေလည်း ရှိပါတယ်... ဒါကြောင့် ကျေးဇူးပြုပြီး တိတ်တိတ်ဆိတ်ဆိတ် နေပေးကြပါ..."

"တခြားသူတွေ ဆေးဖော်စပ် နေတဲ့အချိန်မှာ သူတို့ရဲ့ ဆေးလုံး တွေ မပေါက်ကွဲသွားအောင် မနှောင့်ယှက်ပါနဲ့..."

အတွင်းဂိုဏ်းသား သည် ချန်လော့နှင့် ကျောက်မန်တို့အား နံပါတ်ပြားများ ကမ်းပေးရင်း လမ်းညွှန်ချက် အချို့ကို ပြောပြလိုက်၏။

ချန်လော့သည် သူ၏ နံပါတ်ပြားကို ယူ၍ အပေါ်ရှိ နံပါတ်ကို တစ်ချက် ကြည့်လိုက်သည်။

"၁၈"

ထို့နောက် ကျောက်မန်၏ နံပါတ်ပြားကို လှမ်းကြည့်လိုက်ရာ "၁၇" ဖြစ်နေ၏။

"ငါတို့က တော်တော်လေး အစပ်အဟပ် တည့်တာပဲ..."

ကျောက်မန်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ဆေးဖော်စပ်ခန်း ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။

ဤသည်ကို မြင်သောအခါ ချန်လော့သည် ခါးသီးသော အပြုံးတစ်ခုကိုသာ ပြုံးပြနိုင်တော့၏။

"ငါတို့က အေးအတူပူအမျှ အတူတူ ဖြတ်သန်းလာခဲ့ကြတာလေ... ဒီလောက်တောင် ရက်စက်ဖို့ လိုလို့လား..."

ရှေ့မှ လျှောက်သွားနေသော ကျောက်မန်မှာ သူမ၏ လက်ထဲရှိ နံပါတ်ပြားကို ချေမွပစ်လုမတတ် ဖြစ်သွားသည်။

အေးအတူပူအမျှ... ဆိုလိုတာက ငါ့ကို အဆိပ်စမ်းသပ်ဖို့ ကြွက်လို သုံးခဲ့တာကို ပြောတာလား…

"ရှင့်ကိုယ်ရှင် ကျွန်မထက် ပိုသန်မာနေဖို့သာ ဆုတောင်းနေလိုက်... မဟုတ်ရင် ရှင့်ကို အရှင်လတ်လတ် အရေခွံ ခွာပစ်မယ်..."

ကျောက်မန်သည် တီးတိုး ရေရွတ်ပြီးနောက် ဆေးဖော်စပ်ခန်း ထဲသို့ ဝင်သွား၏။

ထိုမြင်ကွင်းကို မြင်ပြီး ချန်လော့သည် အချိန်ထပ်မဖြုန်းတော့ဘဲ နံပါတ်ပြားကို ကိုင်၍ အထဲသို့ ဝင်သွားလိုက်သည်။

ဆေးဖော်စပ်ခန်း ထဲသို့ ဝင်လိုက်သည်နှင့် ချန်လော့သည် ဆေးဖို အလုံးတစ်ရာနီးပါးကို တွေ့လိုက်ရပြီး ၊ လူ၇၀ ရာခိုင်နှုန်းခန့် ရှိနေကြသည်။

"ဆေးတောင်ထွတ် က အတွင်းဂိုဏ်းသား တွေက အတော်လေး ကြိုးစားကြတာပဲ..."

သူ၏ ဆေးဖို ဆီသို့ လျှောက်သွားပြီးနောက် တင်ပျဉ်ခွေ ထိုင်ချလိုက်ရာ ဘယ်ဘက်ရှိ ဆေးဖို ထဲသို့ ဆေးဖက်ဝင်အပင်များ ထည့်နေသော ကျောက်မန်ကို တွေ့လိုက်ရ၏။

ချန်လော့သည် ဘေးမှနေ၍ စောင့်ကြည့်နေသည်။ အကြောင်းမှာ ဆေးဖော်စပ်ခြင်း သည် သူ့အတွက် ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်ပြီး အဆင့်များစွာကို သိပ်နားမလည်သေးသောကြောင့် ဖြစ်၏။

နောက်ဆုံးမိနစ်ကြမှ ဓားသွေးခြင်းသည် မထက်မြက်လျှင်တောင် တောက်ပစေနိုင်သည် မဟုတ်လော။

ကျောက်မန်သည် သတိပြုမိသော်လည်း ချန်လော့ကို လျစ်လျူရှုကာ သူမ၏ အလုပ်ကိုသာ ဆက်လုပ်နေသည်။

ဆေးဖက်ဝင်အပင်များကို ဆေးဖို ထဲသို့ ထည့်ပြီးသည်နှင့် ဆေးဖို ၏ တစ်ဖက်တစ်ချက်စီတွင် လက်ဝါးများကို ကပ်၍ ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်ရာ ၎င်းသည် ဆေးဖော်စပ်ခြင်း ၏ နီရဲသော မီးတောက်များအဖြစ် ပြောင်းလဲသွား၏။

"ဪ... ဒီလိုကိုး..."

ချန်လော့သည် နားလည်သွားပုံရပြီးနောက် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ ရုတ်တရက် တွေးလိုက်သည်။

"ဝိညာဉ်ကျောက်တုံး ၁ တုံး သုံးပြီး အဆ ၁၀၀ တိုးပွားခြင်း စနစ် ကို အသက်သွင်းမယ်..."

အဆ ၁၀၀ တိုးပွားခြင်း စနစ် ဖြင့် ဆေးလုံး တစ်ကြိမ် ဖော်စပ်ခြင်းသည် အကြိမ် ၁၀၀ ဖော်စပ်ခြင်းနှင့် ညီမျှသည်။

သေချာသည်မှာ ဤအကြိမ် ၁၀၀ ဆိုသည်မှာ ချန်လော့ ရရှိမည့် အတွေ့အကြုံနှင့် ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှုကိုသာ ရည်ညွှန်းခြင်း ဖြစ်ပြီး ၊ ဆေးလုံး အလုံးတစ်ရာ ထွက်လာမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

အကယ်၍ ထွက်လာသော ဆေးလုံး ကပင် အဆတစ်ရာ ပိုမို အစွမ်းထက်နေမည် ဆိုလျှင် ၎င်းသည် ကောင်းကင်ဘုံကို အလွန်အမင်း ဆန့်ကျင်ရာ ကျလွန်းသည်။ မည်သို့ပင်ဖြစ်စေ ချန်လော့၏ အဆတစ်ရာ တိုးပွားခြင်း စနစ် တွင် သူ စားသုံးလိုက်သော ဆေးလုံး ၏ အာနိသင်များသာ ပါဝင်ခြင်း ဖြစ်၏။

အဆ ၁၀၀ တိုးပွားခြင်း စနစ် ကို အသက်သွင်းပြီးနောက် ချန်လော့သည် အချိန်မဖြုန်းတော့ချေ။

သူသည် ပြန်လည်အားဖြည့် ဆေးလုံးငယ် ပါဝင်ပစ္စည်း တစ်ပွဲစာကို ထုတ်ယူလိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ အားလုံးကို လောင်းထည့်လိုက်သည်။

ထို့နောက် ကျောက်မန် ပြုလုပ်သကဲ့သို့ အတုယူကာ ဆေးဖို ၏ တစ်ဖက်တစ်ချက်စီတွင် လက်များကို တင်၍ သူ၏ ဝိညာဉ်စွမ်းအင် အားလုံးကို အထဲသို့ လောင်းထည့်လိုက်၏။

ချက်ချင်းပင် ဆေးဖို အောက်ခြေရှိ မီးခတ်ကျောက်က ဝိညာဉ်စွမ်းအင်ကို ခံစားမိသည်နှင့် ပြင်းထန်သော မီးတောက်များ ပေါက်ကွဲထွက်လာပြီး ဆေးဖို တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

တစ်မုဟုတ်ချင်းပင် ချန်လော့၏ ဆေးဖော်စပ်မီးတောက်သည် ဆေးဖော်စပ်ခန်း တစ်ခုလုံးကို အလွန်အမင်း တောက်ပသွားစေခဲ့ပြီး လူတိုင်း၏ သိချင်စိတ်ပြင်းပြနေသော အကြည့်များကို ဆွဲဆောင်သွား၏။

"ချီးပဲ... ဒီကောင်က ဘယ်လို ဆေးလုံး မျိုးကို ဖော်စပ်နေတာလဲ... ဒီလောက်တောင် ပြင်းထန်ရသလား..."

"သူက ယန်မီးတောက် အကြိမ်ကိုးဆယ် ဆေးလုံး ကို ဖော်စပ်နေတာများလား..."

"ယန်မီးတောက် အကြိမ်ကိုးဆယ် ဆေးလုံး က တတိယအဆင့် ဆေးလုံး လို့ ငါ မှတ်မိတယ်... သူက တတိယအဆင့် ဆေးဆရာ ဆိုရင်တောင် သူ့ကိုယ်ပိုင် သီးသန့် ဆေးဖော်စပ်ခန်း မှာ သွားဖော်စပ်လို့ ရတာပဲ... ဘာလို့ ဒီနေရာကို ရောက်နေတာလဲ..."

"ထိပ်တန်းအဆင့် ဆေးလုံး တွေထဲမှာတောင် ဒီလောက် ပြင်းထန်တဲ့ မီးတောက် လိုအပ်တာ သိပ်မရှိပါဘူး..."

ဆေးဖော်စပ်ခန်း အတွင်းရှိ လူတိုင်းက သူတို့ ဖော်စပ်နေသော ဆေးလုံး များကို မေ့သွားကြပြီး ချန်လော့ကို အထိတ်တလန့် အကြည့်များဖြင့် ကြည့်နေကြ၏။

ထိုအခိုက်တွင် ချန်လော့၏ ဘေး၌ ထိုင်နေသော ကျောက်မန်ကလည်း တစ်စုံတစ်ခုကို ခံစားမိသွားပုံဖြင့် မျက်လုံးများကို ဖွင့်ကာ ချန်လော့ကို ကြည့်လိုက်သည်။ ချန်လော့၏ ဆေးဖို ပေါ်မှ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များကို မြင်သောအခါ သူမ လုံးဝ မှင်တက်သွား၏။

"ဒီကောင်က... ဆေးဖော်စပ်ခြင်း ကျွမ်းကျင်သူ တစ်ယောက်များ ဖြစ်နေမလား..."

သို့သော် ချန်လော့၏ ဆေးဖို ထဲရှိ ရောနှောနေသော ဆေးပင်များကို မြင်သောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ သဲသဲကွဲကွဲ ခံစားလိုက်ရသည်။

"နင် ဘယ်လို ဆေးလုံး မျိုးကို ဖော်စပ်နေတာလဲ..."

"ဆေးပင်တွေကို အဆင့်လိုက် ခွဲပြီး ထည့်ရမှာ မဟုတ်ဘူးလား..."

ကျောက်မန်က မေးလိုက်သောအခါ ချန်လော့မှာ အံ့အားသင့်သွား၏။

"အဆင့်လိုက် ခွဲထည့်ရမှာလား... ဆေးပင်တွေကို အဆင့်လိုက် ခွဲပြီး ထည့်ရမှာလား..."

ထိုစကားကို ကြားပြီး ကျောက်မန်မှာ လုံးဝ ဆွံ့အသွားတော့သည်။

ဆိုတော့... နင်က ဆေးဖော်စပ်ခြင်း ကို လုံးဝ မသိဘူးပေါ့လေ…

သူမ တစ်ခုခု မပြောနိုင်မီမှာပင် ချန်လော့၏ လက်ထဲရှိ ဆေးဖို သည် တုန်ယင်လာ၏။

"ဘုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဆေးဖို ထဲမှ မီးတောက်တစ်ခု တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။ ချန်လော့မှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်မီ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ငါးမီတာ၊ ခြောက်မီတာခန့် အဝေးသို့ လွင့်စင်သွား၏။

ဆေးဖော်စပ်ခြင်း က တကယ်ပဲ ဒီလောက် အန္တရာယ် များတာလား…

"ကံကောင်းလို့ ငါက ကြေးအရေပြား သံအရိုး ကို ကျင့်ကြံထားပြီး ခန္ဓာကိုယ်က လုံလုံလောက်လောက် သန်မာနေလို့ပေါ့... မဟုတ်ရင် ငါလည်း ပေါက်ကွဲပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာ..."

သို့သော် သူ စကားပြောပြီးသည်နှင့် သူ၏ ပတ်ဝန်းကျင်မှ အော်ဟစ်သံများကို ကြားလိုက်ရသည်။

"ဘာလို့လဲ... ငါ နတ်ဆေးလုံး ကို ဖော်စပ်နေတာ နှစ်နာရီတောင် ရှိနေပြီ... အောင်မြင်ဖို့ ခြေလှမ်း အနည်းငယ်ပဲ လိုတော့တာကို..."

"ငါ ရွှေကျောက်စိမ်း ဆေးလုံး အတွက် ပါဝင်ပစ္စည်းတွေ အားလုံး ဝယ်ဖို့ ဝိညာဉ်ကျောက်တုံး တွေကို နှစ်ဝက်လောက် စုဆောင်းခဲ့ရတာ... အားလုံး ကုန်ပါပြီ"

လူအုပ်ကြီး၏ ညည်းတွားသံများကို ကြားသောအခါ ချန်လော့၏ မျက်နှာပေါ်တွင် အနေခက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာ၏။

"ဒါတွေက ငါနဲ့တော့ မဆိုင်လောက်ပါဘူးနော်..."

သို့သော် သူ စကားပြောပြီးသည်နှင့် မည်းနက်နေသော ပုံရိပ်တစ်ခုက သူ၏ ရှေ့သို့ ရုတ်တရက် ပြေးဝင်လာပြီး သူ၏ အင်္ကျီကော်လံကို ဆွဲကိုင်လိုက်သည်။

"ခွေးကောင်... နင်က ဆေးဖော်စပ်ခြင်း ကိုရော သိလို့လား..."

ရုတ်တရက် ရှေ့သို့ ရောက်လာသော မည်းနက်နေသည့် ပုံရိပ်ကို မြင်သောအခါ ချန်လော့ အံ့အားသင့်သွား၏။ သေချာ ကြည့်လိုက်သောအခါ သူ့ရှေ့ကလူမှာ ကျောက်မန် ဖြစ်နေကြောင်း သူ သိလိုက်ရသည်။

သို့သော် သူမ၏ မျက်နှာသည် လုံးဝ မည်းနက်နေပြီး ကြွပ်နေအောင် ကျော်ထားသကဲ့သို့ ဖြစ်နေ၏။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကလည်း သူတို့၏ အာရုံစိုက်မှုကို ချန်လော့ထံသို့ ပို့လွှတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ချန်လော့ကို အကြိမ်တစ်ထောင်ခန့် သတ်ပစ်ချင်သည့် ဆန္ဒများ ပြည့်နှက်နေသည်။

ချန်လော့၏ မျက်နှာပေါ်တွင် အနေခက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

"အင်းလေ... အရာရာတိုင်းအတွက် ပထမဆုံးအကြိမ်ဆိုတာ ရှိစမြဲပါပဲ မဟုတ်ဘူးလား"

ဤစကားကြောင့် ကျောက်မန်မှာ ပို၍ ဒေါသထွက်သွားပြီး ချန်လော့၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။ သို့သော် ချန်လော့သည် လက်မြှောက်၍ အလွယ်တကူ ဖမ်းဆုပ်လိုက်၏။

"အမ်... နင်က အရမ်း သန်မာတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ နင် ငါ့ကို မနိုင်ပါဘူး..."

ကျောက်မန်မှာ ဒေါသနှင့်တကွ နာကြည်းခြင်းကိုပါ ခံစားလိုက်ရသည်။ သူမသည် ချန်လော့ကို တွန်းဖယ်လိုက်ပြီး သူမ၏ ဆေးဖော်စပ်ရာ နေရာသို့ ပြန်သွားခဲ့လေသည်။

ထိုအရာကို မြင်သော အခြား အတွင်းဂိုဏ်းသား များသည် ဒေါသထွက်နေကြသော်လည်း ဘာမှ မပြောရဲကြချေ။

မတတ်နိုင်ပေ။ ချန်လော့၏ ဆရာသည် ဂိုဏ်းတစ်ခုလုံးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာခေါင်းဆောင် လောချင်းယွီ ဖြစ်နေသည် မဟုတ်လော။

ထိုအခိုက်တွင် စနစ်၏ အသံသည် ချန်လော့၏ စိတ်ထဲတွင် မြည်ဟည်းလာ၏။

"သင်ရဲ့ ဆေးမီးဖို ပေါက်ကွဲသွားပါသည်... အဆတစ်ရာ တိုးပွားပြီးနောက် သင်ရဲ့ ဆေးမီးဖို အကြိမ်တစ်ရာ ပေါက်ကွဲသွားပါသည်..."

"သင်သည် အလွန်နက်ရှိုင်းသော ဆေးမီးဖို ပေါက်ကွဲမှု အတွေ့အကြုံကို ရရှိပါသည်..."

"ဆေးဖို ပေါက်ကွဲမှု အကြိမ်ပေါင်းများစွာမှတစ်ဆင့် သင်၏ ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှု တိုးတက်လာပြီး ပထမအဆင့် ကနဦးအဆင့်ဆေးဆရာ အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းသွားပါသည်..."

ချက်ချင်းဆိုသလို၊ ဆေးဖော်စပ်ခြင်း နှင့် ပတ်သက်သော ဗဟုသုတ အမြောက်အမြားသည် ချန်လော့၏ စိတ်ထဲသို့ စီးဝင်လာတော့သည်။

ဆေးဖက်ဝင်အပင်များ၏ ဂုဏ်သတ္တိများ၊ ဆေးဖော်စပ်ခြင်း နည်းစနစ်များနှင့် ဆေးဖို မီးတောက်များကို ထိန်းချုပ်ခြင်းဆိုင်ရာ အတွေ့အကြုံများ အားလုံးက ချန်လော့၏ စိတ်ထဲသို့ လွှမ်းမိုးဝင်ရောက်လာ၏။

အချက်အလက်များ အားလုံးကို အပြည့်အဝ လက်ခံရရှိပြီးနောက် ချန်လော့သည် နောက်သို့ ပြန်ကြည့်လိုက်ရာ သူ၏ ယခင် လုပ်ရပ်များက မည်မျှ အန္တရာယ်များပြီး မိုက်မဲခဲ့ကြောင်းကို သတိပြုမိသွားသည်။

"ဒါပေမဲ့ အဆင်ပြေပါတယ်... ဒုတိယအကြိမ်မှာတော့ ငါ သေချာပေါက် အောင်မြင်မယ်လို့ ယုံကြည်တယ်..."

ထို့ကြောင့် လူအုပ်ကြီး၏ ကြောက်လန့်တကြား အကြည့်များကြားတွင် ချန်လော့သည် သူ၏ ဆေးဖော်စပ်ရာ နေရာသို့ ပြန်သွားပြီး နောက်ထပ် ဆေးဖက်ဝင်အပင် တစ်ပွဲစာကို ထုတ်ယူလိုက်သည်။

အခန်း (၂၈) သူ့ရဲ့ ပါရမီက တကယ်ပဲ ဒီလောက် ဆိုးရွားနေတာလား

အနီးအနားတွင် ရပ်နေသော ကျောက်မန်သည် ချန်လော့ ဆေးပင်များကို ထပ်မံ ထုတ်ယူကာ ဆေးလုံး ဖော်စပ်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ ထိတ်လန့်လွန်းသဖြင့် ချက်ချင်း ထွက်ပြေးတော့သည်။

"နင် ဘာလုပ်နေတာလဲ..." ကျောက်မန်က ချန်လော့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ဆေးဖော်စပ်မလို့ လေ... ဘာဖြစ်လို့လဲ..." ထိုသို့ ပြောပြီးနောက် ချန်လော့သည် ကျောက်မန်ကို လျစ်လျူရှုကာ သူ့ဘာသာ ဆေးလုံး စတင် ဖော်စပ်နေလိုက်၏။

ထိုစကားကြောင့် ကျောက်မန်သည် အလျင်အမြန် ဘေးသို့ ရှောင်ထွက်သွားပြီး ချန်လော့၏ ဘေးတွင် မရပ်ရဲတော့ချေ။

"ချန်လော့... နင် ဆေးဖော်စပ်ခြင်း ကို မသိဘူးဆိုရင် ကျေးဇူးပြုပြီး ဆေးဖော်စပ်ခန်း ထဲမှာ လျှောက်မလုပ်ပါနဲ့လား"

"နင့်ကြောင့် လူတိုင်း ဆေးလုံး ဖော်စပ်လို့ မရတော့ဘူး... ပြီးတော့ ဒါက ဆေးပင်တွေကို အလဟဿ ဖြုန်းတီးနေတာပဲ..."

သို့သော် ချန်လော့သည် သူမ၏ စကားကို မကြားဟန်ဆောင်ကာ လိုအပ်သော ဆေးဖက်ဝင်အပင်များကို ဆေးဖို ထဲသို့ ဆက်ထည့်ပြီး ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်၏။

ဆေးဖော်စပ်ခန်း ထဲရှိ လူများက ဆေးဖော်စပ်ရန် ထပ်မကြိုးစားရဲကြတော့ဘဲ ချန်လော့၏ နေရာကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်ကြသည်။

သူတို့အနေဖြင့် ခက်ခက်ခဲခဲ ပြင်ဆင်ထားသော ပစ္စည်းများကို ချန်လော့တစ်ယောက် ဖျက်ဆီးပစ်မည်ကို မလိုလားကြပေ။

"ဒီကောင်က ဒီတစ်ကြိမ်တော့ ပြဿနာ ဘယ်လောက်တောင် ရှာဦးမလဲ မသိဘူး..."

"ဘယ်သူ သိမှာလဲ... ဒါပေမဲ့ အရင်တစ်ခေါက်ထက် ပိုကြီးတဲ့ ပြဿနာတစ်ခု ဖန်တီးလိုက်ရင် ပိုကောင်းမယ်... ဒီကောင်ကို ဒုက္ခရောက်သွားစေလောက်တဲ့ အထိပေါ့..."

"ငါ အချိန်အကြာကြီး ပြင်ဆင်ထားတဲ့ ဆေးပင်တွေ အားလုံးက ဒီကောင်လေးရဲ့ ခုနက ပေါက်ကွဲမှုကြောင့် ပျက်စီးသွားပြီ... သူ ပေါက်ကွဲသေသွားပါစေလို့ ငါ ဆုတောင်းတယ်..."

ဆေးဖော်စပ်ခန်း ထဲရှိ လူများက သူတို့အချင်းချင်း ပြောဆိုနေကြပြီး သူတို့ထဲမှ မည်သူမျှ ချန်လော့ကို ကောင်းကျိုးပေးမည့်ပုံ မပေါ်ချေ။

ဤအတွက် မတတ်နိုင်ပေ။ ချန်လော့၏ လုပ်ရပ်များက ကောင်းကင်ဘုံကို ဆန့်ကျင် လွန်းနေသည်။

"ဝီ..."

ချန်လော့၏ ဆေးဖို ထဲမှ တုန်ယင်သံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို လန့်ဖျပ်သွားစေကာ နောက်သို့ ခြေလှမ်း အနည်းငယ် အမြန်ဆုတ်သွားစေ၏။

"ဒီအသံက မမှန်ဘူး..."

"သေချာတာပေါ့ သူ မလုပ်နိုင်ဘူးလေ... သူက ဆေးလုံး တစ်လုံး ဖော်စပ်နိုင်မယ်လို့ မင်း ထင်နေတာလား..."

"ဒါလည်း ဟုတ်တာပဲ... ဒီလိုကျွမ်းကျင်မှု အဆင့်မျိုးနဲ့ဆို ဆေးလုံး ဖြစ်လာဖို့ မပြောနဲ့... ဆေးဖို ပေါက်ကွဲသွားဖို့တောင် မလွယ်ဘူး..."

ဘေးတွင် ရပ်နေသော ကျောက်မန်က မျက်မှောင်ကြုတ်လျက် စောင့်ကြည့်နေ၏။ ချန်လော့သည် ဆေးလုံး တစ်လုံး ဖော်စပ်နိုင်မည်ဟု သူမ လုံးဝ မယုံကြည်ပေ။

ချန်လော့၏ ပါရမီကို သူမ သံသယဖြစ်နေခြင်း မဟုတ်ဘဲ ဆေးဖော်စပ်ခြင်း ဆိုသည်မှာ လမ်းညွှန်မှု မပါဘဲ မိမိဘာသာ သင်ယူ၍ လုံးဝ မရနိုင်သော အရာဖြစ်သောကြောင့် ဖြစ်သည်။

ဆေးဖော်စပ်ခြင်း တာအို ၏ အမွေအနှစ် က နှစ်သန်းပေါင်းများစွာ၊ သို့မဟုတ် ထိုထက်မက ရှည်လျားသော သမိုင်းကြောင်း ရှိ၏။ ရှေးခေတ်ကာလများက ဆေးလုံး တစ်သောင်းလျှင် တစ်လုံးသာ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ ယခုအခါတွင်မူ ထိပ်တန်းအဆင့် ဆေးဆရာ များက အသုတ်တိုင်းတွင် ဆေးလုံးများ ဖော်စပ်နိုင်ပြီး အလုံးတိုင်းက ပြီးပြည့်စုံစွာ ဖွဲ့စည်းထားကြသည်။

ဤအောင်မြင်မှုများက မည်သည့် လူတစ်ဦးတစ်ယောက်၏ ဆန္ဒနှင့် စွမ်းရည်ကြောင့်မျှ ရရှိလာခြင်း မဟုတ်ဘဲ ရှေးလူကြီးများ၏ ရေတွက်၍မရနိုင်သော ကျရှုံးမှုများနှင့် အောင်မြင်မှုများမှ ထုတ်ယူထားသော ကောက်ချက်များကြောင့်သာ ဖြစ်၏။

ချန်လော့ကဲ့သို့ ပုံစံတကျ မရှိသော ဆေးဖော်စပ်ခြင်း က ရှေးလူကြီးများ စုဆောင်းခဲ့သော အတွေ့အကြုံနှင့် ဉာဏ်ပညာများကို စွန့်ပယ်ထားသည့် အရိုင်းအစိုင်း တစ်ဦးနှင့် တူနေသည်။

ထိုကဲ့သို့သော လူတစ်ယောက်သည် ဆေးလုံး တစ်လုံးကို မည်သို့ ဖော်စပ်နိုင်မည်နည်း။

အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လျှင်တောင်မှ ရှေးလူကြီးများကဲ့သို့ ဆေးဖို တစ်သောင်းတွင် တစ်လုံးသာ အသက်ရှင်ကျန်ရစ်သည့် အခြေအနေမျိုး ဖြစ်နေနိုင်သည် ။

"မိသားစုမှာနေတုန်းကဆိုရင် အကောင်းဆုံး ဆေးဆရာ က ငါ့ကို ဆေးဖော်စပ်ခြင်း ကို ကိုယ်တိုင် သင်ပေးခဲ့တာ..."

"အဲ့လိုတောင်မှ ပထမဆုံး ဆေးလုံး တစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ဖို့ ငါ့မှာ အကြိမ်နှစ်ဆယ်ကျော် ကျရှုံးခဲ့ရတယ်..."

"အဲ့လိုအောင်မြင်မှုမျိုးနဲ့တောင် မိသားစုထဲက ဆေးဆရာ တွေက ငါ့ကို ထူးခြားတဲ့ ပါရမီ ရှိတယ်လို့ သတ်မှတ်ခဲ့ကြတာ..."

"နင်က ဒီလိုမျိုး လေ့ကျင့်နေတာ ဆေးဖက်ဝင်အပင် တွေကို အလဟဿ ဖြုန်းတီးနေတာပဲ..."

ကျောက်မန်က ပြောလိုက်၏။ သို့သော် ဤသည်က သူမ ပေါ့ပေါ့ဆဆ ပြောလိုက်သော စကား မဟုတ်ဘဲ အမှန်တရားပင် ဖြစ်သည်။ သာမန် ဆေးဆရာ တစ်ဦးက သူတို့၏ ပထမဆုံး ဆေးလုံး သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ရန်အတွက် အနှစ်သာရကို နားလည်သဘောပေါက်ပြီး တစ်ကြိမ် အောင်မြင်ရန် အတွက် အကြိမ်တစ်ရာနီးပါး ကျရှုံးရလေ့ ရှိ၏။

ထို့ကြောင့်သာ ဆေးဆရာ တစ်ဦး ဖြစ်ခြင်းသည် အမြတ်အစွန်း အများဆုံး ပညာရပ်များထဲမှ တစ်ခု ဖြစ်ရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။ အကြောင်းမှာ ဆေးဆရာ တစ်ဦးကို လေ့ကျင့်ပေးရသည့် ကုန်ကျစရိတ်သည် မနည်းသောကြောင့် ဖြစ်၏။

ကျောက်မန်၏ စကားများကို ကြားသောအခါ အနီးအနားတွင် ရပ်နေသူများမှာ အတိတ်ကို ပြန်လည် အမှတ်မရဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

"အကြိမ်နှစ်ဆယ်ကျော်တဲ့လား... တိုက်ရိုက်တပည့် လို့ အခေါ်ခံရတာ အံ့သြစရာ မရှိဘူး... ဒီလို ပါရမီမျိုးက တကယ်ကို အံ့မခန်းပဲ..."

"ဟုတ်တယ်... ငါဆို ပထမဆုံး ဆေးလုံး တစ်သုတ်ကို အောင်မြင်အောင် ဖော်စပ်နိုင်ဖို့ အကြိမ်ခုနစ်ဆယ် အတိအကျ ကြိုးစားခဲ့ရတာ..."

"ငါက မင်းထက် နည်းနည်း ပိုကောင်းတယ်... ငါက အကြိမ်ငါးဆယ် အကြာမှ အောင်မြင်ခဲ့တာ..."

လူအုပ်ကြီးသည် သူတို့၏ ပထမဆုံး အောင်မြင်သော ဆေးဖော်စပ်ခြင်း စမ်းသပ်မှုကို ပြန်လည် ပြောပြနေကြ၏။ ထို့အပြင် ဤအရာများ အားလုံးကို ဆရာများ သို့မဟုတ် လမ်းညွှန်ချက်များအောက်တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ချန်လော့တွင်လည်း "ဆေးဆရာ လမ်းညွှန်" ရှိသော်လည်း သူသည် စာမျက်နှာ အနည်းငယ်သာ လှန်ကြည့်ခဲ့ပြီး သေချာ မဖတ်ခဲ့ပေ။

သို့သော် မတတ်နိုင်ပေ။ ချန်လော့တွင် လက်စွဲစာအုပ်ထက် များစွာ ပို၍ အသုံးဝင်သော စနစ် ရှိနေသည် မဟုတ်လော။

ချန်လော့၏ ဆေးဖို သည် မပေါက်ကွဲသေးသည်ကို တွေ့ရသဖြင့် အတွင်းဂိုဏ်းသား များမှာ အနည်းငယ် အံ့အားသင့်နေပုံရသည်။

"ဒီတစ်ကြိမ်တော့ သူ တော်တော်လေး ကြာကြာ တောင့်ခံနိုင်တာပဲ... သူ ဘယ်လို ဆေးလုံး မျိုးကို ဖော်စပ်နေတာလဲ မသိဘူး..."

"အဲဒါက သွေးဆေးလုံး ဒါမှမဟုတ် ဒဏ်ရာပျောက် ဆေးလုံး လိုမျိုး ဆေးလုံး တစ်ခုခု ဖြစ်လောက်တယ်..."

"အမှန်တရားနဲ့ တော်တော်လေး နီးစပ်တယ်... ဘာလို့လဲဆိုတော့ ဒီအရာတွေက ဖော်စပ်ဖို့ အလွယ်ကူဆုံး ဆေးလုံး အမျိုးအစားတွေ ဖြစ်ပြီး ဆေးဖက်ဝင်အပင် ကလည်း ဈေးအပေါဆုံးပဲလေ..."

သွေးဆေးလုံး နှင့် ဒဏ်ရာပျောက် ဆေးလုံး တို့သည် ဖော်စပ်ရန် အလွယ်ကူဆုံးနှင့် ဈေးအပေါဆုံး ဆေးလုံးများ ဖြစ်ကြသည်။ ဆေးဖက်ဝင်အပင် တစ်ပွဲစာအတွက် ဝိညာဉ်ကျောက်တုံး တစ်တုံးခန့်သာ ကျသင့်၏။

ကနဦးအဆင့် ဆေးဆရာ များ အားလုံးနီးပါးအတွက် ပထမဆုံး ရွေးချယ်မှုမှာ ဤဆေးလုံးများကို ဖော်စပ်ရန်ပင် ဖြစ်သည်။ ၎င်းသည် ကုန်ကျစရိတ်ကို များစွာ လျှော့ချပေးနိုင်သည်။ သင်သည် အကြိမ် ၁၀၀ ကျရှုံးလျှင်တောင်မှ ဝိညာဉ်ကျောက်တုံး ၁၀၀ သာ အလဟဿ ဖြစ်မည်ဖြစ်ပြီး အတွင်းဂိုဏ်းသား အများစုမှာ ထိုပမာဏကို တတ်နိုင်ကြသည် ။

လူတိုင်း စကားပြောနေကြစဉ် နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုကို ကြားလိုက်ရသည်။

"ဘုန်း..."

လူတိုင်းက ချန်လော့၏ နေရာဆီသို့ ကြည့်လိုက်ရာ သူ၏ ရှေ့ရှိ ဆေးဖို ထဲမှ ထူထပ်သော အဖြူရောင် မီးခိုးများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

"ဆေးဖို ပေါက်ကွဲသွားတာလား..."

"မပေါက်ကွဲဘူး... ဒါပေမဲ့ သူ့ပုံစံကို ကြည့်ရတာ ဖော်စပ်တာ ကျရှုံးသွားပုံရတယ်..."

"ဆေးပင် တစ်ဖိုစာ အလဟဿ ဖြစ်သွားပြန်ပြီ..."

ဤိအရာကို မြင်သောအခါ ကျောက်မန်သည် ပြုံးလိုက်သည်။ ဤတစ်ကြိမ်တွင် ယခင်ကလောက် ပြင်းထန်သောပေါက်ကွဲစွမ်းအားများ ထွက်မလာသော်လည်း ထပ်မံ ကျရှုံးသွားသည်မှာ သေချာနေ၏။

"ဘယ်လိုလဲ... ထပ်ကျရှုံးသွားပြန်ပြီ မဟုတ်လား..."

"ငါ့ကို လာမတောင်းပန်ဘူးလား... ငါ နင့်ကို အကြံဉာဏ် နည်းနည်းပါးပါး ပေးနိုင်ကောင်း ပေးနိုင်မှာပါ..."

"ငါက ပထမအဆင့် အလယ်အလတ်အဆင့် ဆေးဆရာ တစ်ယောက် ဖြစ်ပေမဲ့ ဘာမှမသိတဲ့ နင့်လို ကောင်မျိုးကို လမ်းညွှန်ပေးနိုင်စွမ်း အပြည့်အဝ ရှိပါတယ်..."

ကျောက်မန်သည် တောက်ပသော အပြုံးဖြင့် ပြောလိုက်၏။ သူမသည် ချန်လော့၏ ဖိနှိပ်မှုကို အဆက်မပြတ် ခံခဲ့ရသဖြင့် သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပင် လုံးဝ ပျောက်ဆုံးလုမတတ် ဖြစ်ခဲ့ရသည်။

ယခုတွင်မူ သူမသည် ချန်လော့ကို ကျော်လွန်နိုင်မည့် နေရာတစ်ခု ရှိလာပြီ ဖြစ်ရာ သဘာဝကျကျပင် အနည်းငယ် ကြွားလုံးထုတ်ရမည် မဟုတ်လော။

ထို့ကြောင့် ချန်လော့သည် ဆေးဖော်စပ်ခြင်း ကျရှုံးသွားသည်ကို မြင်လိုက်ရခြင်းသည် သူမ အောင်မြင်သည်ထက်ပင် ပို၍ ပျော်ရွှင်နေ၏။

သို့သော် ဆေးဖို ထဲရှိ ထူထပ်သော မီးခိုးများ လွင့်စင်သွားသောအခါ ကျောက်မန်၏ အပြုံးသည် ချက်ချင်း အေးခဲသွားတော့သည်။

ဆေးဖို ထဲတွင် ဖောင်းမို့နေသော ဆေးလုံး သုံးလုံးက တိတ်ဆိတ်စွာ ရှိနေပြီး ၊ ၎င်းတို့အထက်တွင် သင်းပျံ့သော ရနံ့တစ်ခု လွင့်မျောနေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဆေးဖော်စပ်ခန်း ထဲရှိ အခြား အတွင်းဂိုဏ်းသား များကလည်း ရှေ့သို့ တိုးလာကြသည်။

သို့သော် ချန်လော့၏ ဆေးဖို ထဲရှိ ဆေးလုံး သုံးလုံးကို မြင်သောအခါ လူတိုင်း လုံးဝ မှင်တက်သွားတော့၏။

"ချီးပဲ... သူက ဆေးဖော်စပ်ခြင်း ကို နှစ်ကြိမ်ပဲ လုပ်ရသေးတာလေ... ဘယ်လိုလုပ်ပြီး အောင်မြင်သွားရတာလဲ..."

"ပြန်လည်အားဖြည့် ဆေးလုံးငယ် လား... သူက ပြန်လည်အားဖြည့် ဆေးလုံးငယ် ကိုတောင် ဖော်စပ်နေတာပဲ... ချီး... ဒါက ပထမအဆင့် ဆေးလုံး တွေထဲမှာ ဖော်စပ်ဖို့ အခက်ခဲဆုံး ဆေးလုံး တွေထဲက တစ်ခုပဲလေ..."

"ငါ နားမလည်တော့ဘူး... ငါ တကယ်ကို နားမလည်တော့ဘူး..."

သို့သော် ချန်လော့ကမူ သူ့ပတ်ဝန်းကျင်ရှိ လူများ၏ ညည်းတွားသံများကို သတိမထားမိပုံရ၏။ သူသည် ဆေးဖို ထဲမှ ပြန်လည်အားဖြည့် ဆေးလုံးငယ် တစ်လုံးကို ထုတ်ယူ၍ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူသည် သက်ပြင်းချလိုက်၏။

"ဘာလို့ သုံးလုံးတည်း ရတာလဲ... ငါ့ရဲ့ ပါရမီက တကယ်ပဲ ဒီလောက် ဆိုးရွားနေတာလား..."

ထိုစကားကို ကြားလိုက်ရချိန်တွင် အတွင်းဂိုဏ်းသား များထဲမှ တစ်ဦးမှာ သူ၏ ရင်ဘတ်ထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ချန်လော့၏ အသက်ရှူမှားမတတ် စကားကြောင့် ချက်ချင်း သတိလစ်သွားတော့သည်။

All Chapters