← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉) စောင့်ကြည့်လေ့လာခြင်း

"သင်သည် ပထမဆုံး ဆေးလုံး တစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပါသည်... အဆတစ်ရာ တိုးပွားခြင်း စနစ် ကြောင့် သင်သည် ဆေးလုံး အသုတ်တစ်ရာ ဖော်စပ်ခြင်းနှင့် ညီမျှသော အကျိုးသက်ရောက်မှုကို ရရှိပါသည်..."

"သင်သည် ဆေးဖော်စပ်ခြင်း အတွေ့အကြုံများစွာကို ရရှိခဲ့ပြီး ပထမအဆင့် အလယ်အလတ်အဆင့် ဆေးဆရာ အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါသည်"

စနစ်၏ အချက်အလက်များကို မြင်သောအခါ ချန်လော့တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။

"အလယ်အလတ်အဆင့် ကို ရောက်ဖို့ ဆေးလုံး အသုတ်တစ်ရာတောင် လိုတာလား..."

သို့သော် သေချာ ပြန်စဉ်းစားကြည့်သောအခါ ၎င်းမှာ မမှားချေ။

ချန်လော့သည် ဆေးလုံး သုံးလုံးသာ ဖော်စပ်နိုင်ခဲ့သော်လည်း ယခင် ဆေးဖက်ဝင်အပင်များ၏ အချိုးအစားအရ ၊ ၎င်းတို့သည် ဆေးလုံး ဆယ်လုံး ဖော်စပ်ရန် လုံလောက်သည်။ သို့သော်လည်း သူသည် သုံးလုံးသာ အောင်မြင်ခဲ့သဖြင့် အတော်လေး နိမ့်ကျသော အဆင့်ဟု သတ်မှတ်ရမည် ဖြစ်သည်။

ထို့ကြောင့် ရရှိလာသော အတွေ့အကြုံကလည်း သဘာဝကျကျပင် နည်းပါးသွားခြင်း ဖြစ်၏။

"ပထမအဆင့် အထွတ်အထိပ် ကို ရောက်ချင်တယ်ဆိုရင်တော့ နောက်ထပ် အကြိမ်အနည်းငယ် ထပ်ဖော်စပ်ဖို့ လိုဦးမယ်ထင်တယ်..."

ထိုသို့ ပြောပြီးနောက် ချန်လော့သည် အချိန်မဖြုန်းတော့ဘဲ ပြန်လည်အားဖြည့် ဆေးလုံးငယ် အတွက် နောက်ထပ် ပါဝင်ပစ္စည်း တစ်ပွဲစာကို ထုတ်ယူကာ စတင် ဖော်စပ်လိုက်သည်။

ထိုစဉ် ကျောက်မန်မှာ သူမ၏ မျက်လုံးများထဲတွင် တွေဝေမှုများဖြင့် ပြည့်နှက်လျက် ထိုနေရာတွင် မှင်တက်စွာ ရပ်‌ေနမိ၏။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက ဘာလို့ ဒုတိယအကြိမ် ဆေးဖော်စပ်ခြင်း မှာတင် အောင်မြင်သွားရတာလဲ..."

"ငါတောင် ပထမဆုံး ဆေးလုံး တစ်သုတ်ကို အောင်မြင်ဖို့ ဆေးလုံး အသုတ်နှစ်ဆယ်တောင် ကျရှုံးခဲ့ရတာကို..."

"တိုက်ဆိုင်တာပဲ ဖြစ်ရမယ်... သေချာပေါက် တိုက်ဆိုင်တာပဲ... ဟုတ်တယ်... အဲဒီလိုပဲ ဖြစ်ရမယ်..."

ကျောက်မန်သည် စိတ်ထဲကနေ မိမိကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။

ဆေးဖော်စပ်ခန်း ထဲရှိ အခြား အတွင်းဂိုဏ်းသား များကလည်း ထိုကဲ့သို့ တွေးနေကြပုံရသည်။ သို့မဟုတ်ပါက၊ သူတို့အနေဖြင့် ဤအရာအားလုံးကို လုံးဝ လက်ခံနိုင်မည် မဟုတ်ပေ။

ဆေးဖော်စပ်ခြင်း ကို ပထမဆုံး စတင် လုပ်ကိုင်စဉ်က မည်သည့် အတွေ့အကြုံ၊ မည်သည့် လမ်းညွှန်မှုမျှ မရှိခဲ့ဘဲ ပေါက်ကွဲမှုပင် ဖြစ်ခဲ့သည်မဟုတ်လော။

သို့သော် ရလဒ်အနေဖြင့် ဒုတိယသုတ်ကို ဖော်စပ်ရာတွင် ဆေးလုံးများ ဖြစ်လာခဲ့သည်။

ထို့ပြင် ဖော်စပ်နေသည်မှာ "ပြန်လည်အားဖြည့် ဆေးလုံးငယ်" ဖြစ်ပြီး ပထမအဆင့် ဆေးလုံးများထဲတွင် ဖော်စပ်ရန် အတော်လေး ခက်ခဲသည်ဟု သတ်မှတ်ထားသော ဆေးလုံး ဖြစ်သည်။

မည်သူမဆို ဤသည်မှာ မဖြစ်နိုင်ဘူးဟုသာ ထင်ကြမည် ဖြစ်၏။

"ဒါက သေချာပေါက် ကံကောင်းသွားလို့ပဲ..."

အတွင်းဂိုဏ်းသား တစ်ဦးက ပြောလိုက်သည်။

အခြားသူ တစ်ဦးကလည်း ထိုကဲ့သို့တွေးနေမှန်း မြင်ပြီးနောက်၊ ဆေးဖော်စပ်ခန်း ထဲရှိ အခြား အတွင်းဂိုဏ်းသား များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးလိုက်ကြသည်။

"ဒီတစ်ကြိမ်တော့ သူ သေချာပေါက် ပေါက်ကွဲဦးမယ်လို့ ငါ လောင်းရဲတယ်..."

"ဟုတ်တယ်... သူ နောက်တစ်ကြိမ် လုံးဝ အောင်မြင်နိုင်မှာ မဟုတ်ဘူး..."

အတွင်းဂိုဏ်းသား များသည် အလွန် ကျယ်လောင်စွာ ပြောဆိုနေကြသဖြင့် သူတို့၏ အသံများက ဆေးဖော်စပ်ခန်း တစ်ခုလုံးတွင် ပဲ့တင်ထပ်လုမတတ် ဖြစ်နေ၏။

သို့သော် သူတို့၏ အသံများသည် ကျယ်လောင်နေသော်လည်း ၊ သူတို့၏ စကားများထဲတွင် ရယ်မောသံ အနည်းငယ်လည်း ရောယှက်နေသည်။

သို့သော် အကြောင်းရင်း တစ်ခုခုကြောင့် ဤစကားများသည် အတော်လေး ထူးဆန်းနေပုံရသည်။

ယုံကြည်ချက် ရှိသူများ၏ နှုတ်မှ ထွက်လာသည့်ပုံ မပေါ်ပေ။

ထိုအစား မိမိကိုယ်ကိုယ် နှစ်သိမ့်ရန်အတွက် မိမိဘာသာ ပြောဆိုနေကြသော ကူကယ်ရာမဲ့နေသူ တစ်စုနှင့် ပိုတူနေ၏။ အသံကျယ်ကျယ် ပြောခြင်းက တခြားသူများ ကြားစေရန် မဟုတ်ဘဲ မိမိကိုယ်ကိုယ် ရဲတင်းလာစေရန်သာ ဖြစ်သည်။

ရယ်မောသံများက ချန်လော့ကို လှောင်ပြောင်ရန် မဟုတ်ဘဲ သူတို့၏ ကိုယ်ပိုင် သတ္တိကို မြှင့်တင်ရန်သာ ဖြစ်၏။

ချန်လော့သည် သဘာဝကျကျပင် ဤအသံများကို ကြားသော်လည်း လျစ်လျူရှုထားလိုက်သည်။ သူသည် အလွန် သန်မာသော်လည်း၊ မည်သို့ပင်ဖြစ်စေ ဤနေရာတွင် လူအရမ်းများပြီး သူတို့ကို အနိုင်ယူနိုင်မည် မဟုတ်မှန်း ခံစားရသောကြောင့် ဖြစ်၏။

"ဒီတစ်ကြိမ်တော့ အရင်ကနဲ့ မတူဘူး..."

ကျောက်မန်က ချန်လော့၏ လက်များကို စိုက်ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။

အကြောင်းမှာ သူမသည် ချန်လော့နှင့် အနီးဆုံးတွင် ရှိနေသောကြောင့် ချန်လော့၏ ဆေးဖော်စပ်ခြင်း ကို အများကြီး ဂရုမစိုက်မိသော်လည်း အကြမ်းဖျင်းတော့ နားလည်ထား၏။

ပထမဆုံးအကြိမ် ဆေးဖော်စပ်စဉ်က ၊ ချန်လော့သည် ဆေးပင်များကို ထည့်သွင်းနည်း ၊ ဆေးဖို မီးတောက်ကို ထိန်းချုပ်နည်း စသည်တို့ကို လုံးဝမှ မသိခဲ့ပေ။

သို့သော် ဒုတိယအကြိမ်တွင် ချန်လော့သည် အနှစ်သာရ အချို့ကို နားလည်သွားပုံရပြီး တဖြည်းဖြည်း ဆေးဖော်စပ်ခြင်း နှင့် တူလာကာ ဆေးဖို မီးတောက်အပေါ် သူ၏ ထိန်းချုပ်မှုကလည်း တိုးတက်လာကြောင်း သူမ သတိပြုမိခဲ့သည်။

ထိုအချိန်က ကျောက်မန်သည် ချန်လော့တစ်ယောက် ကံကောင်းသွားသည်ဟုသာ ထင်ခဲ့၏။

သို့သော် ယခု ချန်လော့၏ တတိယမြောက် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို ကြည့်လိုက်လျှင်ဖြင့်၊ ဆေးဖို ထဲသို့ ဆေးပင်များ ထည့်သည့် လုပ်ငန်းစဉ်သည် စေ့စပ်သေချာပြီး ဆေးဖို မီးတောက် ထိန်းချုပ်မှုကလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းလာကာ သူမ၏ အရည်အချင်းနည်းတူ ကောင်းမွန်နေပြီဟု ခံစားရ၏။

ဆေးဖော်စပ်ခြင်း တွင် ကြီးမြတ်သော ဆရာကြီး တစ်ဦးက ချန်လော့ကို ရုတ်တရက် ပူးကပ်သွားသကဲ့သို့ပင်။

"ဒါ... မဖြစ်နိုင်ဘူး..."

ကျောက်မန်၏အသံထဲတွင် မယုံကြည်နိုင်မှု အနည်းငယ် ပါဝင်‌နေခဲ့သည်။

"ဝီ..."

ချန်လော့၏ ဆေးဖို မှ နောက်ထပ် တုန်ယင်သံတစ်ခု ထွက်ပေါ်လာသည်။ ဆေးဖို ထဲမှ အဖြူရောင် မီးခိုးများ လုံးထွေး၍ ထွက်လာသည်။

လူတိုင်း ပါးစပ်ပိတ်သွားကြပြီး သူတို့၏ မျက်လုံးများက ချန်လော့၏ နေရာဆီသို့ အလိုအလျောက် ရောက်သွားကြသည်။ သူတို့သည် ချန်လော့၏ လက်ထဲရှိ ဆေးမီဖိုကို စိုက်ကြည့်နေကြ၏။

အဖြူရောင် မြူခိုးများ ဖြည်းညင်းစွာ လွင့်စင်သွားသောအခါ အထဲတွင် ဆေးလုံး ခုနစ်လုံး ရှိနေသည်ကို မြင်လိုက်ရသဖြင့် လူတိုင်း မှင်တက်သွားကြသည်။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက ဘာလို့ ဖော်စပ်တာ ထပ်အောင်မြင်သွားရတာလဲ..."

"ငါ နားမလည်တော့ဘူး... ငါ တကယ်ကို နားမလည်တော့ဘူး..."

"ဘယ်လိုဖြစ်တာလဲ... သူ့ရဲ့ ပထမဆုံး ဆေးလုံး တစ်သုတ်က ပေါက်ကွဲသွားတာလေ... ဘာလို့ တတိယမြောက် အသုတ်မှာ ဆေးလုံး တွေ ဒီလောက် အများကြီး ရသွားရတာလဲ..."

ထိုအခိုက်တွင် ဆေးဖော်စပ်ခန်း ထဲရှိ အတွင်းဂိုဏ်းသား များမှာ ရူးမတတ် ဖြစ်သွားကြ၏။

တတိယမြောက် ဆေးလုံး အသုတ်ကိုသာ ဖော်စပ်ရသေးသော်လည်း ချန်လော့သည် ဤမျှလောက် မြင့်မားသော အဆင့်သို့ မည်သို့ ရောက်ရှိသွားနိုင်သည်ကို သူတို့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ထို့ပြင် ဤသည်က မည်သည့် ဆရာ၊ မည်သည့် လမ်းညွှန်မှုမှ မရှိဘဲ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူ ပထမဆုံး ဆေးဖော်စပ်ဖို့ ကြိုးစားတုန်းက ဘာမှ မသိတဲ့ ပုံစံမျိုးလေ..."

ကျောက်မန် ပြောနေစဉ် ၊ သူမ၏ မျက်လုံးများက တွေဝေမှုများဖြင့် ပြည့်နှက်လျက် ချန်လော့ကို စိုက်ကြည့်နေ၏။

သို့သော် ချန်လော့သည် လူတိုင်း၏ပြောစကားကို မကြားဟန်ဆောင်ကာ ဆေးဖို ထဲမှ ဆေးလုံး များကို ထုတ်ယူလိုက်သည်။

"သင်သည် ပထမဆုံး ဆေးလုံး တစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပါသည်... အဆတစ်ရာ တိုးပွားခြင်း စနစ် ကြောင့် သင် ဆေးလုံး အသုတ်တစ်ရာ ဖော်စပ်ခြင်းနှင့် ညီမျှသော အကျိုးသက်ရောက်မှုကို ရရှိပါသည်"

"သင်သည် ဆေးဖော်စပ်ခြင်း အတွေ့အကြုံများစွာကို ရရှိခဲ့ပါသည်..."

စနစ်၏ တုံ့ပြန်မှုကို ကြားသောအခါ ချန်လော့သည် မျက်မှောင်ကြုတ်သွားသည်။

"နှောင်းပိုင်းအဆင့် ကိုတောင် မရောက်သေးဘူးလား... နောက်ထပ် တစ်သုတ် ထပ်လုပ်ကြည့်တာပေါ့..."

ထို့နောက် နောက်ထပ် ဆေးလုံး တစ်သုတ်ကို စတင် ဖော်စပ်လိုက်၏။

…

နှစ်နာရီ အကြာတွင်။

ဆေးဖော်စပ်ခန်း ထဲရှိ အတွင်းဂိုဏ်းသား များမှာ ချန်လော့ ဖော်စပ်ထားသော ဆေးလုံး များကို ငေးကြည့်ရင်း ချန်လော့၏ ဘေးတွင် ရပ်နေကြဆဲ ဖြစ်သည်။ ယခင်ကထက် လူအများကြီး နည်းသွားသော်လည်း ကျန်ရှိနေသူများက ယခုအခါ ချန်လော့နှင့် ပိုနီးကပ်နေကြ၏။

ယခင်ကနှင့် မတူဘဲ ချန်လော့သည် မည်သည့် ဆေးလုံး မျိုးကို ဖော်စပ်ခဲ့သည် ဆိုသည်ကို အံ့အားသင့်မနေတော့ဘဲ ယင်းအစား သူတို့သည် ချန်လော့၏ ဆေးလုံး ဖော်စပ်သည့် လုပ်ငန်းစဉ်၏ အဆင့်တိုင်းကို သေချာစွာ စောင့်ကြည့်နေကြသည်။

"ဒါဆို ဒီနေရာမှာ ဆေးမီးတောက်ကို အားလျှော့ဖို့ ရည်ရွယ်တာပေါ့... ငါက အမြဲတမ်း အားကောင်းအောင် လုပ်ရမယ်လို့ ထင်နေခဲ့တာ..."

"မဟုတ်ဘူး... သေချာ ကြည့်... သူက ဒုတိယအဆင့်မှာ ဆေးမီးတောက်ကို အားကောင်းအောင် လုပ်ခဲ့လို့ အခု အားလျှော့ဖို့ လိုတာလေ..."

"ဪ... ဒီလိုကိုး... အစ်ကိုကြီး ချန်လော့ က တကယ်ကို အံ့မခန်းပဲ"

ဆေးဖော်စပ်ခန်း မှ အတွင်းဂိုဏ်းသား များသည် ချန်လော့၏ ဆေးလုံး ဖော်စပ်သည့် နည်းလမ်းကို ဆွေးနွေး လေ့လာနေကြ၏။ အစပိုင်းတွင် အံ့အားသင့်ခဲ့ရပြီးနောက် ၊နောက်ပိုင်းတွင် သူတို့သည် အမှန်တရား တစ်ခုကို တွေ့ရှိခဲ့ကြသည်။

ထိုအရာမှာ ချန်လော့တွင် အမှန်တကယ်ပင် ထူးခြားသော ဆေးဖော်စပ်ခြင်း ပါရမီ ရှိနေနိုင်သည် ဆိုသည့်အချက်သာပင်။ ဤကဲ့သို့ ပါရမီသည် သူတို့၏ သံသယများကြောင့် ပျောက်ကွယ်သွားမည့် ပါရမီမျိုး မဟုတ်ချေ။

ထို့ကြောင့် တစ်ဖက်လူကို အဆက်မပြတ် မေးခွန်းထုတ်နေမည့်အစား ဆေးဖော်စပ်ခြင်း နည်းစနစ်များကို သေချာစွာ လေ့လာခြင်းက ပိုကောင်း၏။ ၎င်းမှတစ်ဆင့် တစ်စုံတစ်ခုကို ရရှိနိုင်ကောင်း ရရှိနိုင်ပေမည်။

ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လုံးဝ ပျက်စီးသွားသော အတွင်းဂိုဏ်းသား တစ်စု ထွက်ခွာသွားပြီးနောက် ကျန်ရစ်သူများသည် ချန်လော့၏ ဆေးဖော်စပ်ခြင်း အဆင့်များနှင့် အသေးစိတ် အချက်အလက်များကို သေချာစွာ စတင် စောင့်ကြည့် လေ့လာခဲ့ကြသည်။

အမှန်တကယ်ပင် သူတို့ အများကြီး သင်ယူနိုင်ခဲ့သည်။

"ဝီ..."

ဆေးဖို မှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အဖြူရောင် မီးခိုးငွေ့တစ်ခု စတင် ထွက်ပေါ်လာသည်။

အဖြူရောင် မီးခိုးများ ဖြည်းညင်းစွာ လွင့်စင်သွားသောအခါ ဆေးဖို ထဲတွင် ဆေးလုံး ဆယ်လုံးသည် တိတ်ဆိတ်စွာဖြင့် ရှိနေခဲ့သည်။ ထိုသို့ ဖြစ်နေသည့်တိုင် မည်သူကမျှ တင်းမာမှု သို့မဟုတ် အံ့အားသင့်မှု လက္ခဏာများကို မပြသကြတော့ချေ။

အကြောင်းမှာ သူတို့သည် ၎င်းကို အသားကျနေပြီ ဖြစ်သောကြောင့် ဖြစ်၏။ စတုတ္ထမြောက် ဆေးလုံး သုတ်မှ စတင်၍ ချန်လော့သည် အခြေခံအားဖြင့် တစ်ကြိမ်လျှင် ဆေးလုံး ဆယ်လုံး ဖော်စပ်နိုင်ခဲ့သည်။ ယခုဆေးလုံးအသုတ်သည် သူတို့ ချန်လော့ကို စောင့်ကြည့် လေ့လာခဲ့သည့် အဋ္ဌမမြောက် ဆေးလုံး အသုပ်ပင် ဖြစ်၏။

"သင်သည် ပထမဆုံး ဆေးလုံး တစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပါသည်... အဆတစ်ရာ တိုးပွားခြင်း စနစ် ကြောင့် သင်သည် ဆေးလုံး အသုတ်တစ်ရာ ဖော်စပ်ခြင်းနှင့် ညီမျှသော အကျိုးသက်ရောက်မှုကို ရရှိပါသည်..."

"သင်သည် ဆေးဖော်စပ်ခြင်း အတွေ့အကြုံများစွာကို ရရှိခဲ့ပြီး ပထမအဆင့် အထွတ်အထိပ် ဆေးဆရာ အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါသည်..."

စနစ်၏ အသံကို ကြားသောအခါ ချန်လော့က ပြုံးလိုက်၏။

"နောက်ဆုံးတော့ ငါ ပထမအဆင့် အထွတ်အထိပ် ကို ရောက်ပြီပဲ... အခုတော့ ငါ တကယ် လိုအပ်တဲ့ ဆေးလုံး ကို စတင် ဖော်စပ်လို့ ရပြီ..."

ထိုသို့ ပြောပြီးနောက် ချန်လော့သည် "ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး" ၏ ဆေးပင်များကို ထုတ်ယူလိုက်သည်။

အစောက သူ ဖော်စပ်ခဲ့သော "ပြန်လည်အားဖြည့် ဆေးလုံးငယ်" မှာ သူ၏ အဆင့်ကို မြှင့်တင်ရန် အသုံးပြုခဲ့သည့် "လက်နက်" သက်သက်သာ ဖြစ်၏။

ယခု သူ ဖော်စပ်မည့် "ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး" သာလျှင် သူ အမှန်တကယ် လိုအပ်သော ဆေးလုံး ဖြစ်သည်။

အခန်း (၃၀) ဒါက လွန်လွန်းသွားပြီ

နောက်ထပ် နှစ်နာရီ ကုန်လွန်သွား၏။

"ဝီ..."

ဆေးဖို သည် နောက်တစ်ကြိမ် တုန်ယင်သွားပြီး ၎င်းအတွင်းတွင် ဆေးလုံး ဆယ်လုံး ပေါ်လာသည်။

ချန်လော့က "ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး" ဆယ်လုံးကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

"သင်သည် ဆေးလုံး တစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပါသည်... အဆတစ်ရာ တိုးပွားခြင်း စနစ် ကြောင့် သင်သည် ဆေးလုံး အသုတ်တစ်ရာ ဖော်စပ်ခြင်းနှင့် ညီမျှသော အကျိုးသက်ရောက်မှုကို ရရှိပါသည်..."

"သင်သည် ဆေးဖော်စပ်ခြင်း အတွေ့အကြုံများစွာကို ရရှိခဲ့ပါသည်..."

"သင်သည် ပထမအဆင့် အထွတ်အထိပ် ဆေးဆရာ ဖြစ်နေပြီ ဖြစ်၍ ထပ်မံ တိုးတက်၍ မရနိုင်တော့ပါ..."

စနစ်၏ အသံကို ကြားသောအခါ ချန်လော့၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဒုတိယအဆင့် ဆေးဆရာ လား... ငါ့ရဲ့ အခြေခံတည်ဆောက်ခြင်း ပြီးတဲ့အထိ စောင့်ရမယ် ထင်တယ်..."

ထိုသို့ ပြောပြီးနောက် သူသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

"နောက်ကျနေပြီ... ငါတို့ ပြန်သင့်ပြီ..."

ချန်လော့သည် ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး ဆယ်လုံးကို ယူ၍ တစ်လုံးကို ပါးစပ်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်သွင်းလိုက်၏။

"သင် ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး တစ်လုံး သောက်သုံးလိုက်ပါသည်... အဆတစ်ရာ တိုးပွားခြင်း စနစ် ကြောင့် သင်သည် ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး အလုံးတစ်ရာ သောက်သုံးခြင်းနှင့် ညီမျှသော အကျိုးသက်ရောက်မှုကို ရရှိပါသည်..."

"သင်သည် ဆေးလုံး များကို ကန့်သတ်ချက်ထက် ပို၍ စားသုံးမိပါသည်... သင်သည် ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး ဆယ်လုံး၏ အာနိသင်ကိုသာ စုပ်ယူနိုင်ပါသည်"

"သင်၏ ခန္ဓာကိုယ် အားကောင်းလာပြီး ကြေးအရေပြား သံအရိုး အဆင့်(၇) ကန့်သတ်ချက်သည် ပြေလျော့လာပါသည်"

စနစ်၏ အသံကို ကြားသောအခါ ချန်လော့ တစ်ယောက် မျက်မှောင်ကြုတ်သွား၏။

"ဒီအရာက ကန့်သတ်ချက် ရှိတာလား..."

သို့သော် သေချာ ပြန်စဉ်းစားကြည့်သောအခါ ၎င်းသည် ပုံမှန်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူ့ခန္ဓာကိုယ်တွင် ၎င်း၏ ကန့်သတ်ချက်များ ရှိသည် မဟုတ်လော။

"ငါ ပြန်ရောက်ရင် ကျင့်ကြံခြင်းအဆင့် ကို ဖြတ်ကျော်ဖို့ အချိန်တန်ပြီ..."

ချန်လော့သည် ဆေးဖော်စပ်ခန်း မှ ထွက်ခွာရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် ကြည့်လိုက်သည်။

"ဟင်... ကျောက်မန် ထွက်သွားပြီလား..."

"အစ်ကိုကြီး ချန်... အစ်မကြီး ကျောက်မန် က လိုအပ်တဲ့ ဆေးလုံး တွေ ဖော်စပ်ပြီးတာနဲ့ ထွက်သွားပါပြီ"

အတွင်းဂိုဏ်းသား တစ်ဦးက ဖြေလိုက်သည်။

ထိုစကားကို ကြားပြီး ချန်လော့မှာ အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရ၏။

"နှမြောစရာပဲ... ငါက သူမကို ဆေးဖော်စပ်ခြင်း နဲ့ ပတ်သက်ပြီး အကြံဉာဏ် နည်းနည်းပါးပါး ပေးမလို့ တွေးနေတာ..."

မည်သို့ပင်ဖြစ်စေ အစောပိုင်းက ကျောက်မန်သည် သူ့ကိုဆေးဖော်စပ်ရာတွင် အကြံဉာဏ် နည်းနည်းပါးပါး ပေးချင်သည်ဟု ပြောခဲ့သည်။ ယခု သူသည် ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့ပြီး ဖြစ်ရာ ၊ ဆရာကြီး တစ်ဦးလို ဟန်ဆောင်ကာ ကျောက်မန်ကို အကြံဉာဏ် အချို့ ပေးရန် စီစဉ်ထားခဲ့သော်လည်း သူမသည် ထွက်သွားခဲ့ပြီ ဖြစ်၏။

ကျောက်မန် ထွက်သွားသော်လည်း အနီးအနားရှိ အတွင်းဂိုဏ်းသား များက ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်း စိတ်ဝင်စားသွားကြသည်။

"ဟေး... အစ်ကိုကြီး ချန်... ကျွန်တော်တို့ကို အကြံဉာဏ် နည်းနည်းပါးပါး ပေးလို့ ရမလား..."

အတွင်းဂိုဏ်းသား အချို့က ချက်ချင်း ရှေ့သို့ ပြေးထွက်လာကြပြီး ချန်လော့ကို လေးစားအားကျသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

သူတို့၏ မျက်နှာပေါ်မှ အမူအရာများကို မြင်သောအခါ ချန်လော့က ပြုံးလိုက်သည်။ အတန်ကြာ စဉ်းစားပြီးနောက် သူသည် ပခုံးတွန့်လိုက်၏။

"အို... တစ်နေကုန် ဆေးလုံး တွေ ဖော်စပ်နေရလို့ ငါ့ပခုံးတွေ နာနေပြီ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် အတွင်းဂိုဏ်းသား တစ်ဦးက ချန်လော့၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး ချန်လော့၏ အနောက်သို့ ပြေးသွားကာ ချန်လော့၏ ပခုံးများကို စတင် နှိပ်နယ်ပေးတော့သည်။

"အစ်ကိုကြီး ချန်... နှိပ်တာ ဘယ်လိုနေလဲ... သက်တောင့်သက်သာ ရှိရဲ့လား..."

ထိုအရာကို မြင်သောအခါ အခြား အတွင်းဂိုဏ်းသား များက အံကြိတ်လိုက်ကြ၏။

"ချီးပဲ... သူက ငါ့ထက် လက်ဦးသွားတယ်..."

သို့သော်လည်း ပထမ အတွင်းဂိုဏ်းသား က လမ်းကြောင်းမှန်ပေါ် ရောက်သွားသည်နှင့် အခြားသူများကလည်း ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားကြပြီး ချန်လော့ကို စတင် ဖားယားကြတော့သည်။

"အစ်ကိုကြီး ချန်... ဒါက ကျွန်တော် ဝိညာဉ်ကျောက်တုံး သုံးဆယ် ပေးပြီး ဝယ်ထားတဲ့ အရိုးခြစ်ဆေးလုံး ပါ..."

"ဖယ်စမ်းပါ... အစ်ကိုကြီး ချန် ကိုယ်တိုင်က ဆေးဆရာ ပဲဟာ... သူက မင်း ပေးတဲ့ ဆေးလုံး ကို ဘာလုပ်ရမှာလဲ..."

"အစ်ကိုကြီး ချန်... ကျွန်တော့်ဟာကို ကြည့်ပါဦး... ဒါက ကျွန်တော် ဝိညာဉ်ကျောက်တုံး ငါးဆယ် ပေးပြီး ဝယ်ထားတဲ့ အလယ်အလတ်အဆင့် မှော်လက်နက် ပါ... အစ်ကိုကြီးနဲ့ ကိုက်ညီမှု ရှိမလား ကြည့်ကြည့်ပါဦး..."

…

ချန်လော့သည် ဆေးဖော်စပ်ခန်း မှ ထွက်လာသည်နှင့် လူတစ်စုက သူ၏ အနားသို့ အဆက်မပြတ် လာရောက်ကာ သူတို့၏ အဖိုးတန် ပစ္စည်းများကို ပေးအပ်နေကြ၏။

သို့သော် သူတို့ တန်ဖိုးထားသည်က ချန်လော့၏ ပါရမီရှင် ဆေးဆရာ ဆိုသည့် လမ်းညွှန်မှု သက်သက် မဟုတ်ပေ။ ပိုအရေးကြီးသည်မှာ သူသည် တိုက်ရိုက်တပည့် အဖြစ် လူသိများပြီး ချန်လော့၏ နောက်ကွယ်ရှိ ဆရာမှာ လောချင်းယွီ ဖြစ်နေသောကြောင့် ဖြစ်၏။

လောချင်းယွီ၏ စွမ်းအားသည် လူအနည်းငယ်မှလွဲ၍ ချန်ရှင်းဂိုဏ်း တစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ဖြစ်သည်။ ဂိုဏ်းချုပ် ကိုယ်တိုင်ပင် သူမကို အလွန်အမင်း ရိုသေလေးစားရ၏။ ထိုလူအနည်းငယ်မှာ တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေကြပြီး ဂိုဏ်းကိစ္စများကို အခြေခံအားဖြင့် လျစ်လျူရှုထားကြသည်။

ချန်လော့သည် လောချင်းယွီ၏ တစ်ဦးတည်းသော တပည့် ဖြစ်၏။ ချန်လော့နှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းက ဂိုဏ်းအတွင်း သင် လုပ်ချင်သမျှ လုပ်နိုင်သည်နှင့် ညီမျှသည်။ အချို့သော အဓိကတပည့် များနှင့် တိုက်ရိုက်တပည့် များပင် သူ့ကို မရန်စရဲကြချေ။

ချန်လော့သည် သူတို့၏ ရည်ရွယ်ချက်များကို သဘာဝကျကျပင် နားလည်ထား၏။

လူတစ်ယောက်က အာဏာနှင့် ဩဇာလွှမ်းမိုးမှု ရရှိလာသောအခါ အခြားသူများက သူ့ကို မျက်နှာလိုမျက်နှာရ လာလုပ်ကြမည်မှာ သဘာဝပင်။ သို့သော်လည်း သူသည် ငြင်းဆန်ရန် ရည်ရွယ်ချက် မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် လက်ဆောင်များကို ဝမ်းသာအားရ လက်ခံလိုက်၏။

"လက်ဆောင်တွေကို လက်ခံရမှာပေါ့... ငါသာ တခြားသူတွေဆီက လက်ဆောင်တွေကို လက်မခံဘူးဆိုရင် ငါ့ကိုငါ စိတ်မကောင်း ဖြစ်စေရုံသာမက တစ်ဖက်လူကိုလည်း အထင်သေးရာ ကျလိမ့်မယ်..."

"ဒါပေမဲ့ ငါ က လက်ဆောင်ကို လက်ခံလိုက်ရင်တော့ ငါလည်း ပျော်ရသလို တစ်ဖက်လူလည်း ပျော်ရမှာပဲလေ..."

"နောင်ကျရင် ငါ့ကို အကူအညီ လာတောင်းတာကတော့ နောက်ကိစ္စ တစ်ခုပေါ့... အခု လက်ခံထားတဲ့ လက်ဆောင်တွေနဲ့ ဘာမှ မဆိုင်ဘူးလေ..."

ချန်လော့သည် ဝမ်းသာအားရ လက်ဆောင်များ လက်ခံနေစဉ် ရင်းနှီးနေသော ပုံရိပ်တစ်ခု က လေထဲတွင် ပျံသန်းလာသည်ကို ရုတ်တရက် မြင်လိုက်ရ၏။

"ဆရာ..."

ချန်လော့ မှာ ခဏတာ အံ့အားသင့်သွားသော်လည်း ကောင်းကင်ယံရှိ လှေငယ်ပေါ်တွင် ရပ်နေသူမှာ လောချင်းယွီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

လောချင်းယွီသည် ထိုအခိုက်တွင် အောက်သို့ ငုံ့ကြည့်လိုက်ရာ ချန်လော့ကို မြင်သွား၏။ သူတို့၏ အကြည့်များက တစ်စက္ကန့်ခန့် ဆုံတွေ့သွားသည်။

ထို့နောက် လောချင်းယွီက တစ်စုံတစ်ခုကို သတိပြုမိသွားပုံဖြင့် အလျင်အမြန် အောက်သို့ ပျံဆင်းလာ၏။

"အကြီးအကဲ လော ကို ဂါရဝပြုပါတယ်..."

ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား များက ဤမိစ္ဆာခေါင်းဆောင် ကို စော်ကားမိမည် စိုးသဖြင့် လောချင်းယွီကို အလျင်အမြန် ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။

သို့သော် လောချင်းယွီသည် အခြားသူများ အားလုံးကို လုံးဝ လျစ်လျူရှုထားပုံရပြီး သူမ၏ အကြည့်က ချန်လော့ထံသို့သာ စူးစိုက်နေ၏။

"မင်း ဆေးတောင်ထွတ် ကို ဘာလာလုပ်တာလဲ..."

"အခြေခံတည်ဆောက်ခြင်း ဆေးလုံး နှစ်လုံး လာဝယ်တာပါ... ပြီးတော့ ရောက်တုန်းရောက်ခိုက် ဆေးလုံး နည်းနည်းပါးပါး ဖော်စပ်နေတာ..."

ထိုသို့ ပြောပြီးနောက် ချန်လော့သည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် လောချင်းယွီကို ကြည့်လိုက်၏။

"ဆရာ... ဆရာကရော ဒီနေရာကို ဘာလာလုပ်တာလဲ..."

"ငါက..."

လောချင်းယွီ စကားစလိုက်စဉ်မှာပင် ချန်လော့ကို ကြည့်နေသော သူမ၏ အကြည့်က ရုတ်တရက် ပြောင်းလဲသွားပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။

"အဟမ်း... ငါက ဆေးတောင်ထွတ် အကြီးအကဲ ဆီကနေ ကိစ္စတစ်ခု သွားရှင်းစရာ ရှိလို့..."

"ဒီနေရာမှာ စောင့်နေ... ငါ မင်းကို လာကြိုပြီး အတူတူ ပြန်ကြမယ်..."

ထိုသို့ ပြောပြီးနောက် သူမသည် လှေငယ်ကို ထွက်ခွာရန် အလျင်စလို ပြုလုပ်လိုက်၏။

"ဂရုစိုက်သွားပါ ဆရာ..."

ချန်လော့သည် အောက်ဘက်မှနေ၍ ပြုံးဖြီးဖြီး အမူအရာဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။ လောချင်းယွီသည် လှေငယ်ဖြင့် ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ချန်လော့သည် သူ၏ နောက်ကျောဘက်ရှိ ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား များကို လှည့်ကြည့်လိုက်၏။

"တွေ့လား... ငါ့ဆရာက ငါ့ကို ဒီလောက်တောင် အလိုလိုက်တာ..."

လူတိုင်း အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားကြပြီး ချန်လော့ကို မျက်နှာလိုမျက်နှာရ လုပ်ရန် သူတို့၏ ကိုယ်ပိုင် စုဆောင်းထားမှုများကို ထုတ်ယူလာကြတော့သည်။

သို့သော် ဤအခိုက်၌ လက်ဆောင်များကို ဝမ်းသာအားရ လက်ခံနေသော ချန်လော့မှာ သူ့အပေါ် ရည်ရွယ်သည့် ပူးပေါင်းကြံစည်မှု တစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာနေသည်ကို မသိရှိခဲ့ပေ။

…

မိနစ်အနည်းငယ် အကြာတွင်၊ ဆေးတောင်ထွတ် ၏ ထိပ်တွင်။

လောချင်းယွီသည် ဆေးတောင်ထွတ် အကြီးအကဲ ယုယန်ချီ ၏ အင်္ကျီကော်လံကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ထား၏။

"ချန်လော့အပေါ် လက်မပါဖို့ ဘယ်သူက အမိန့်ပေးထားတာလဲ... ချန်လော့ကို အဲလောက်ထိ မျက်နာသာပေးခိုင်းထားတာ ဘယ်သူက ခိုင်းတာလဲ..."

"သူတို့ကို အဆင်ပြေအောင် လုပ်ပေးတာက တစ်ပိုင်းပေါ့... ဒါပေမဲ့ ချန်လော့က သူတို့ကို သေအောင် ရိုက်ရင်တောင် သူတို့ကို ပြန်မလုပ်ရဘူးလို့တောင် မှာထားတ ဒါ ဘာသဘောလဲ…သူတို့မှာ လုပ်စရာ မရှိဘူးလား"

လောချင်းယွီသည် ယုယန်ချီကို ထပ်ခါတလဲလဲ မေးခွန်းထုတ်နေသဖြင့် ယုယန်ချီမှာ လုံးဝ တွေဝေသွားတော့သည်။

"ငါ... ငါက နင့်မှာ တပည့် တစ်ယောက်တည်း ရှိတာဆိုတော့ သေချာ ဂရုစိုက်ပေးရမယ်လို့ တွေးမိလို့ပါ..."

ယုယန်ချီ စကားပြောနေစဉ် လောချင်းယွီ၏ ခြိမ်းခြောက်မှုကြောင့် ချွေးများ အဆက်မပြတ် ထွက်ကျနေပြီး ထိုစကားတစ်ခွန်း ထွက်လာရန်ပင် တော်တော်လေး အချိန်ယူလိုက်ရ၏။

ဤသည်ကို ကြားသောအခါ လောချင်းယွီမှာ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

"ဂရုစိုက်ရမယ်တဲ့လား ချီးပဲ... ငါ သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာ သူ ပိုသန်မာလာအောင်လို့... အလှပြပစ္စည်း သက်သက် ဖြစ်လာဖို့ မဟုတ်ဘူး..."

"သူက ဒီလိုမျိုး ချောမွေ့ပြီး အောင်မြင်တဲ့ ဘဝကို ဆက်ပိုင်ဆိုင်နေမယ် ဆိုရင် သူ ဘယ်လိုလုပ် သန်မာလာမှာလဲ... ငါ့အလုပ်တွေကို သူ ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ..."

"ဖန်လုံအိမ်ထဲက ပန်းလေးက ဘယ်လောက်ပဲ လှပနေပါစေ အရိုင်းပန်းလေးလောက်တော့ ဒုက္ခဒဏ်ကို မခံနိုင်ဘူးလေ... နင် သူ့ကို ဒုက္ခပေးနေတာပဲ... အဲဒါ နင် မသိဘူးလား..."

လောချင်းယွီ၏ စကားများကို ကြားသောအခါ ယုယန်ချီ မှာ ငိုလုမတတ် ဖြစ်သွား၏။

"အရင်က နင် ပြောတော့ အတွင်းဂိုဏ်းသား တွေက မရိုမသေ လုပ်ပြီး နင့်ကို အနိုင်ကျင့်တယ်ဆို..."

"အခုကျတော့ အတွင်းဂိုဏ်းသား တွေက လေးစားလွန်းနေလို့ နင့်ကို အနိုင်ကျင့်နေပြန်တယ်လို့ လာပြောပြန်ပြီလား"

"ငါက အကြီးအကဲ တစ်ယောက်ပါ... နင် ငါ့ကို ဒီလိုမျိုး ဆက်ဆံလို့ မရဘူးလေ"

All Chapters