အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း (၃၃) - ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း
ချန်လော့ကို ဖမ်းမိပြီဟု ကြားသောအခါ တောင်ကြားလမ်းကို ကင်းစောင့်နေသော အတွင်းဂိုဏ်းသား များက သူ့အနားသို့ ချက်ချင်း ပြေးလာကြ၏။
ချန်လော့၏ လက်များက ပိုင်ဇီချိုး၏ လက်ကောက်ဝတ်များကို ဆုပ်ကိုင်ထားပြီး "တိုက်ခိုက်" နေသဟန် ပြုလုပ်နေသည်။
အချိန်က လွန်စွာ နောက်ကျနေပြီ ဖြစ်ပြီး ၊ ထို့အပြင် ချန်လော့သည် ခေါင်းငုံ့ထားသဖြင့် သူ၏ မျက်နှာကို သဲသဲကွဲကွဲ မြင်ရရန် ခက်ခဲ၏။ သို့သော် တစ်ဘက်မှ ပိုင်ဇီချိုးသည် ချန်လော့၏ အင်္ကျီများကို ဝတ်ဆင်ထားပြီး ဂုန်နီအိတ် ခေါင်းစွပ်ကို စွပ်ထားသဖြင့် သံသယ မဖြစ်ဘဲ နေရန် ခက်ခဲသည်။
ကင်းစောင့်နေသော အတွင်းဂိုဏ်းသား များက ပြေးလာရုံသာ ရှိသေးပြီး ဘာဖြစ်နေသည်ကိုပင် သဲသဲကွဲကွဲ မသိရသေးမီ ချန်လော့သည် ပိုင်ဇီချိုး၏ ခန္ဓာကိုယ်ကို သူတို့ထံသို့ ချက်ချင်း ပစ်ပေးလိုက်ပြီး အော်ဟစ်လိုက်၏။
"သူ့ကို အလွတ် မပေးနဲ့..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ထိုအတွင်းဂိုဏ်းသား များက တစ်ခဏမျှပင် မပေါ့ဆရဲဘဲ ပိုင်ဇီချိုးကို ရိုက်နှက်ရန် သူတို့၏ လက်သီးများနှင့် ခြေထောက်များကို ချက်ချင်း မြှောက်လိုက်ကြသည်။
လက်သီး အချက်အနည်းငယ် ထိုးကြိတ်ခံရပြီးနောက် ပိုင်ဇီချိုးမှာ မြေပြင်ပေါ်သို့ လဲကျသွား၏။
ထိုအရာကို မြင်ပြီး လူအုပ်ကြီးသည် ရပ်တန့်တော့မည့်ဆဲဆဲတွင် ချန်လော့သည် ရုတ်တရက် အော်ဟစ်လိုက်သည်။
"ဒဏ်ရာ အနည်းငယ် ရရင် ဆေးဖက်ဝင်အပင် တွေ ရမယ်... ပြင်းပြင်းထန်ထန် ဒဏ်ရာရရင် ဆေးနှလုံးသားတောင်ကြား ထဲ ဝင်ရမယ်... သူ့ကို အနိုင်ယူနိုင်ရင် အကြီးအကဲ ကိုယ်တိုင် ကိုယ်ကျ လမ်းညွှန်မှု ပေးမှာနော်... အဲ့အတိုင်း ငုတ်တုတ်ကြီး ရပ်မနေကြနဲ့လေ..."
ချန်လော့၏ စကားများကို ကြားသောအခါ ရပ်တန့်နေပြီ ဖြစ်သော လူအုပ်ကြီးသည် ပိုင်ဇီချိုးအပေါ်သို့ မိုးရွာသကဲ့သို့ လက်သီးမိုးများ ထပ်မံ ရွာချကြတော့၏။
ထိုအရာကို မြင်သည်နှင့် ချန်လော့မှာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"မင်းတို့ ဆက်ချနေကြ... ငါတို့ အားလုံး ဆုကြေး အတူတူ ရအောင်လို့ ငါ လူတွေ ထပ်သွားခေါ်လိုက်ဦးမယ်..."
ထိုသို့ ပြောပြီးနောက် ချန်လော့သည် တောင်ခြေဆီသို့ ပြေးဆင်းသွား၏။
ရုန်းရင်းဆန်ခတ် အသံများ ပိုမို ကျယ်လောင်လာသည်နှင့်အမျှ လူများစွာက ဝင်ရောက် ပါဝင်လာကြသည်။
ဆယ်မိနစ် အကြာတွင် အတွင်းဂိုဏ်းသား တစ်ရာနီးပါးက ပိုင်ဇီချိုးကို ဝိုင်းရံထားကြ၏။
ထိုအတွင်းဂိုဏ်းသား တစ်ဦးစီတိုင်းက သူတို့၏ မျက်နှာပေါ်တွင် ပြုံးဖြီးဖြီး အမူအရာများဖြင့် ပိုင်ဇီချိုးကို လက်သီး အချက်အနည်းငယ်စီ ထိုးကြိတ်လိုက်ကြသည်။
"ဒါက ပြင်းထန်တဲ့ ဒဏ်ရာလား ဒါမှမဟုတ် အနိုင်ယူတာလား... ငါတို့ ဆေးနှလုံးသားတောင်ကြား ကို သွားရမလား ဒါမှမဟုတ် အကြီးအကဲ ဆီက လမ်းညွှန်မှု ယူရမလား..."
"ဘယ်သူ ဂရုစိုက်လို့လဲ... ဘာပဲဖြစ်ဖြစ် ပွန်းပဲ့ရုံလေးပဲဟာ... ဒဏ်ရာ အနည်းငယ် လို့ပဲ သတ်မှတ်ခံရရင်တောင် လုံလောက်ပါတယ်..."
"အစ်ကိုကြီး ချန်လော့ က ငါတို့အတွက် အများကြီး လုပ်ပေးခဲ့တာပဲ... သူ့ကို ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး..."
လူတိုင်း စကားပြောနေကြစဉ် သူတို့ အားလုံးက ရလဒ်အပေါ် အတော်လေး ကျေနပ်နေကြပုံရ၏။
"လမ်းဖယ်ပေးကြ... အားလုံး အစ်မကြီး ကျောက်မန် ကို နေရာပေးကြ..."
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်းက ရောက်လာသူအတွက် နေရာကို အလျင်အမြန် ဖယ်ပေးလိုက်ကြသည်။
ကျောက်မန်သည် လူအုပ်ကြားထဲမှ တည်ငြိမ်စွာ လျှောက်လာပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွား၏။
"သူတို့ နှစ်ယောက်စလုံးက တိုက်ရိုက်တပည့် တွေပဲ... ပြီးတော့ သူတို့ နှစ်ယောက်စလုံးက မနေ့ကမှ စသင်ကြတာ... ဘာလို့ ဒီလောက် ကွာခြားချက် ကြီးမားနေရတာလဲ..."
လူတစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။
သို့သော် ကျောက်မန်သည် ဂရုမစိုက်ပေ။ သူမသည် ကလဲ့စားချေချင်ရုံသာ ရှိ၏။ သွေးသဲကန္တာရ တွင် ချန်လော့သည် သူမကို အဆိပ်စမ်းသပ်ရန် ကြွက်အဖြစ် အသုံးပြုခဲ့သည့် အချိန်ကို သူမ ဘယ်သောအခါမှ မေ့နိုင်မည် မဟုတ်ချေ။
သို့သော် ကျောက်မန်က "ချန်လော့" အနားသို့ လျှောက်သွားသောအခါ သူမသည် ရုတ်တရက် အေးခဲသွားပြီး လက်မပါရဲဘဲ တွေဝေသွား၏။
"ဘာဖြစ်လို့လဲ အစ်မကြီး... အစ်မကြီး လက်မပါရက်ဘူး ဖြစ်နေတာလား..."
"အစ်မကြီး ကျောက်မန် က စိတ်ထား အရမ်းကောင်းတာကိုး... သူမရဲ့ ဂိုဏ်းတူ မောင်လေး ကို လက်မပါရက်ဘူး ဖြစ်နေတာ..."
"ရပါတယ်... ငါတို့က အစ်မကြီး ကျောက်မန် အတွက် ခဏနေရင် ကလဲ့စားချေပေးပါ့မယ်..."
ကျောက်မန်က ရုတ်တရက် လှည့်၍ သူမ၏ နောက်ကျောဘက်ရှိ လူအုပ်ကြီးကို ကြည့်လိုက်၏။
"အမ်... ချန်လော့ရဲ့ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်လေ... မဟုတ်ဘူးလား..."
ကျောက်မန်သည် ဘာကြောင့် ထိုမေးခွန်း မေးရသနည်းဟု နားမလည်နိုင်သည့်ပုံဖြင့် လူတိုင်းက ခဏတာ မှင်တက်သွားကြသည်။
ထိုအခိုက်တွင် ကျောက်မန်သည် မြေပြင်ပေါ်ရှိ "ချန်လော့" ကို လက်ညိုးထိုးပြလိုက်၏။
"ဒါပေမဲ့ ဘာလို့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့် မှာ ရှိနေသလိုမျိုး ငါ ခံစားနေရတာလဲ..."
ဤသည်ကို ကြားသောအခါ လူတိုင်း အစပိုင်းတွင် အံ့အားသင့်သွားကြသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားကြပြီး ပိုင်ဇီချိုး၏ ခေါင်းပေါ်မှ ဂုန်နီအိတ်ကို အလျင်အမြန် ချွတ်ချလိုက်ကြသည်။
သူ၏ မျက်နှာကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် လူတိုင်း မှင်တက်သွားတော့၏။
"ဒါက အစ်ကိုကြီး ချန်လော့ လား..."
"ငါကတော့ နည်းနည်းမှ မမှတ်မိတော့ဘူးလို့ ထင်တယ်..."
"ဒီလောက် အခြေအနေဆိုးအောင် အရိုက်ခံထားရမှတော့ မှတ်မိရင် အဆန်းပဲ..."
ပိုင်ဇီချိုး၏ မျက်နှာမှာ အရိုက်ခံထားရသဖြင့် ဖောင်းအစ်နေပြီ ဖြစ်ပြီး ဝက်ခေါင်းတစ်လုံးနှင့် တူနေကာ လူနှင့်ပင် မတူတော့ချေ။
ထိုအခိုက်တွင် အချိန်အကြာကြီး ငြိမ်သက်နေသော ပိုင်ဇီချိုး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်လာ၏။
သူသည် ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ သူရှေ့က လူအုပ်ကြီးကို ကြည့်လိုက်ပြီး ၊ အားအင်အပြည့် ထုတ်သုံးကာ အက်ကွဲနေသော ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။
"ချီးပဲ ချန်လော့..."
"ချန်ရှင်းဂိုဏ်း က လူတွေ အားလုံး သေလိုက်ကြ..."
ထိုသို့ ပြောပြီးနောက် သူသည် မြေပြင်ပေါ်သို့ ကားကားကြီး လဲကျသွား၏။
သတိလစ်နေသော ပိုင်ဇီချိုးကို ကြည့်ရင်း သူတို့ လူမှား၍ တိုက်ခိုက်မိသွားကြောင်း လူတိုင်း နားလည်သွားပုံရသည်။
"အင်းလေ... နောက်ကျနေပြီ... ငါ အခု ပြန်သင့်ပြီ..."
"ငါ ဒီနေ့ ကျင့်ကြံရဦးမှာမို့ ငါ အခု ပြန်တော့မယ်..."
"ငါ့ကို စောင့်ပါဦး... ယင်ယန်ကျင့်ကြံခြင်း အတူတူ လုပ်ကြတာပေါ့..."
"မင်းတို့ နှစ်ယောက်က ဘာ 'ယင်ယန်ကျင့်ကြံခြင်း' အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... ကောင်းပြီလေ... ငါ့ကိုလည်း ထည့်..."
…
ထိုစဉ် ချန်လော့သည် ချင်းယန်တောင်ထွတ် ရှိ သူ၏ နေအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်၏။
ချန်လော့သည် မလှမ်းမကမ်းရှိ ဆေးတောင်ထွတ် ကို ကြည့်ရင်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"ဇီချိုး ကျေးဇူးကြောင့်ပဲ... သူက တကယ်ကို ငါနဲ့ အေးအတူပူအမျှ ဖြတ်သန်းခဲ့တဲ့ ငါ့ရဲ့ ညီလေးပါပဲ..."
"အခွင့်အရေး ရရင် ငါ သူ့ကို သေချာပေါက် ကျေးဇူးဆပ်ရမယ်..."
"ဒါပေမဲ့ ဘုရားသခင်က ငါ့ကို ဒီအခွင့်အရေး မပေးပါစေနဲ့လို့ပဲ ငါ မျှော်လင့်ပါတယ်..."
သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ ချန်လော့သည် အချိန်မဖြုန်းတော့ဘဲ သူ၏ ကျင့်ကြံခြင်းကို စတင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သဖြင့် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။
"ဒီနေ့ ဆေးတောင်ထွတ် မှာ ငါ ရခဲ့တဲ့ အချက်အလက်တွေအရ... ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်နိုင်စွမ်း ရှိသူတိုင်းက ရွှေမြုတေအဆင့် ရဲ့ အောက်မှာ ရှိနေရမယ်... ဆိုလိုတာက ချီသန့်စင်ခြင်း နဲ့ အခြေခံတည်ဆောက်ခြင်း ကို ကျွမ်းကျင်တဲ့ အတွင်းဂိုဏ်းသား ပေါ့..."
"ငါက ချီသန့်စင်ခြင်းအဆင့် နဝမအဆင့် မှာပဲ ရှိသေးပေမဲ့ အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့် ပြိုင်ဘက်ကို ရင်ဆိုင်ဖို့က ပြဿနာ မရှိဘူး..."
"အကယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့် ကို ဖြတ်ကျော်သွားမယ် ဆိုရင်... အခြေခံတည်ဆောက်ခြင်း နဝမအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူကို ရင်ဆိုင်ရရင်တောင် ပြဿနာကြီးကြီးမားမား ရှိမှာ မဟုတ်ဘူး..."
ဤနည်းအားဖြင့် သူတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်းများ ပိုများလာမည် ဖြစ်၏။
ထို့အပြင် လောချင်းယွီသည် သူ့အနေဖြင့် ဒီလအတွင်း အခြေခံတည်ဆောက်ခြင်း ကို အောင်မြင်ခဲ့လျှင် ဆုကြေး အချို့ပေးမည်ဟုပင် ပြောခဲ့သေးသည်။
ထိုအရာက ဘာမှန်း ချန်လော့ မသိသော်လည်း လောချင်းယွီသည် ချန်လော့ကို စစချင်း ဝိညာဉ်ကျောက်တုံး ၁၀၀၀ ပေးခဲ့သည်ကို ကြည့်လျှင် ဤဆုကြေးမှာ သိပ်မဆိုးလောက်ပေ။
"ဘာပဲဖြစ်ဖြစ်... အရင်ဆုံး အဆင့်တက်အောင် လုပ်လိုက်ရအောင်..."
စကားပြောနေစဉ် ချန်လော့သည် သူ၏ သိုလှောင်အိတ် ထဲမှ သူ လိုအပ်သော ကောင်းကင်နှင့်မြေကြီး ရတနာ များ၊ ထို့အပြင် ယနေ့ ဆေးတောင်ထွတ် မှ သူ ဝယ်လာခဲ့သော အခြေခံတည်ဆောက်ခြင်း ဆေးလုံး များကို ထုတ်ယူလိုက်၏။
"အဆ ၁၀၀ တိုးပွားခြင်း စနစ် အရ ငါ တစ်ကြိမ် အဆင့်တက်ရင် အဆ ၁၀၀ တိုးပွားလာနိုင်တယ်..."
"ပါရမီ ညံ့ရင်တောင်မှ အကြိမ် ၁၀၀ ကြိုးစားပြီးရင်တော့ အောင်မြင်သင့်တာပေါ့..."
"ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ငါ သုံးလုံး ဝယ်ခဲ့တယ်... အကြိမ် ၃၀၀ ကြိုးစားမယ်... လုံးဝ ကျရှုံးစရာ အကြောင်း မရှိဘူး..."
ထို့နောက် ချန်လော့သည် ကောင်းကင်နှင့်မြေကြီး ရတနာ များ အားလုံးနှင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။
"ဝိညာဉ်ကျောက်တုံး ၁ တုံး သုံးပြီး တိုးပွားခြင်း အချိန်ကို ၁ ရက် တိုးမယ်..."
သို့သော်လည်း အရာရာတိုင်းတွင် သတိထားခြင်းက အမြဲတမ်း အန္တရာယ်ကင်းသည်။
ထို့နောက် ချန်လော့သည် သူ၏ ပတ်ဝန်းကျင်တွင် ကောင်းကင်နှင့်မြေကြီး ရတနာ များကို စီစဉ်နေရာချထားလိုက်ပြီး တိုးပွားခြင်း ဝင်္ကပါငယ် တစ်ခုကို ဖန်တီးလိုက်၏။
ဤသည်က ချန်လော့အနေဖြင့် "ပထမအဆင့် ဝင်္ကပါမန္တာန်" တွင် သင်ယူခဲ့သော အရာဖြစ်ပြီး ၎င်းက ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ဖြစ်နိုင်ခြေကို အနည်းငယ် တိုးမြှင့်ပေးနိုင်သည်။
"ကောင်းပြီ... စလိုက်ရအောင်..."
ထိုသို့ ပြောပြီးနောက် ချန်လော့သည် ဝင်္ကပါ ၏ အလယ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီးနောက် အခြေခံတည်ဆောက်ခြင်း ဆေးလုံး တစ်လုံးကို ပါးစပ်ထဲသို့ ထည့်ကာ မျိုချလိုက်၏။
ထို့နောက် ချက်ချင်းပင် "ချီဆွဲဆောင်ခြင်းကျင့်စဉ်" ကို အသက်သွင်းလိုက်ပြီး ဝင်္ကပါ ကိုလည်း အလျင်အမြန် အသက်သွင်းလိုက်သည်။
ပတ်ဝန်းကျင်တွင် ထားရှိသော ကောင်းကင်နှင့်မြေကြီး ရတနာ များမှ ဝိညာဉ်စွမ်းအင်များ စီးဆင်းလာပြီး ချန်လော့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ တန်ထျန်းအမှတ်တွင် စုစည်းလာ၏။
ထိုစဉ် ချန်လော့၏ စိတ်ထဲတွင် စနစ်၏ အသံသည် တရုတ်နှစ်သစ်ကူးတွင် ဗြောက်အိုးများ ဖောက်သကဲ့သို့ စိတ်လှုပ်ရှားဖွယ် ကောင်းနေသည်။
"သင်သည် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကို ပြုလုပ်ခဲ့ပါသည်... အဆ ၁၀၀ တိုးပွားခြင်း စနစ် ကို အသက်သွင်းထားပြီး သင်သည် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကို အကြိမ်တစ်ရာ ပြုလုပ်ခဲ့ပါသည်..."
"ပထမအကြိမ် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကျရှုံးသွားပါသည်..."
"ဒုတိယအကြိမ် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကျရှုံးသွားပါသည်..."
"တတိယအကြိမ် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကျရှုံးသွားပါသည်..."
…
အခန်း (၃၄) - တစ်ခုတည်းသော ဖြေရှင်းချက်
"ကိုးဆယ့်ကိုးကြိမ်မြောက် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကျရှုံးသွားပါသည်..."
"အကြိမ်တစ်ရာမြောက် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကြိုးပမ်းမှု ကျရှုံးသွားပါသည်..."
"သင်သည် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကြိုးပမ်းမှု အကြိမ်တစ်ရာ ပြုလုပ်ခဲ့ပြီး အားလုံး ကျရှုံးသွားခဲ့သော်လည်း ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း အပေါ် သင်၏ နားလည်သဘောပေါက်မှုသည် သိသိသာသာ နက်ရှိုင်းလာခဲ့ပါသည်..."
အကြိမ်တစ်ရာမြောက် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကျရှုံးမှုနှင့်အတူ ချန်လော့သည် မျက်လုံးများကို ဖွင့်လိုက်ပြီး သွေးတစ်ပွက် အန်ချလိုက်၏။
"ချီးပဲ... ဒီလောက်အထိ ဆိုးရွားနေတာတော့ မဖြစ်နိုင်ပါဘူး..."
"အခြေခံတည်ဆောက်ခြင်း အကြိမ်တစ်ရာ ကြိုးစားတာတောင် တစ်ကြိမ်လေးမှ မအောင်မြင်ဘဲ ကျရှုံးနိုင်လို့လား..."
ထိုအခိုက်တွင် ချန်လော့မှာ နက်ရှိုင်းစွာ သံသယဖြစ်မိလေသည်။
"ချီးပဲ... ဆရာ ငါ့ကို ပေးခဲ့တဲ့ ကောင်းကင်နှင့်မြေကြီး ရတနာ တွေမှာ တစ်ခုခု မှားယွင်းနေတာ သေချာတယ်..."
"ဒါမှမဟုတ် ဆေးတောင်ထွတ် ကနေ ဝယ်လာတဲ့ ဆေးလုံး တွေမှာ ချို့ယွင်းချက် ရှိနေတာပဲ ဖြစ်ရမယ်..."
ချန်လော့သည် ကျယ်လောင်စွာ ပြောလိုက်ပြီး သူ၏ ပါရမီတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု လုံးဝ မခံစားရချေ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ၏ ဘဝဒဿနပင် ဖြစ်သည်။ ပြဿနာများ ပေါ်လာသောအခါ တခြားသူများထံတွင် ပြဿနာများကို ရှာဖွေကြည့်ရန် ကြိုးစားပြီး မိမိကိုယ်တိုင် မည်သည့် တာဝန်ယူမှုကိုမှ ရှောင်ရှားရန် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဘဝက လုံလောက်အောင် ပင်ပန်းနေပြီ ဖြစ်ရာ ၊ မိမိကိုယ်ကိုယ် ပိုပြီး နာကြည်းမှုတွေ ခံစားရအောင် မည်သို့ ခွင့်ပြုနိုင်မည်နည်း။
အမှားများက တခြားသူများနှင့် သက်ဆိုင်ပြီး၊ မှန်ကန်သည်များကသာ မိမိပိုင်ဆိုင်သည့် အရာများ ဖြစ်သည်။
"ကောင်းပြီလေ... နောက်တစ်ကြိမ် ထပ်လုပ်ကြည့်တာပေါ့..."
ထိုသို့ ပြောပြီးနောက် ချန်လော့သည် ကြီးမားသော ဝင်္ကပါ အသစ်တစ်ခုကို စတင် တည်ဆောက်လိုက်ပြီး ကောင်းကင်နှင့်မြေကြီး ရတနာ များကို နေရာချကာ အခြေခံတည်ဆောက်ခြင်း ဆေးလုံး တစ်လုံးကို မျိုချလိုက်၏။
မိနစ်အနည်းငယ် အကြာတွင်။
…
"အကြိမ်တစ်ရာမြောက် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကြိုးပမ်းမှု ကျရှုံးသွားပါသည်..."
"သင်သည် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကြိုးပမ်းမှု အကြိမ်တစ်ရာ ပြုလုပ်ခဲ့ပြီး အားလုံး ကျရှုံးသွားခဲ့သော်လည်း ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း အပေါ် သင်၏ နားလည်သဘောပေါက်မှုက သိသိသာသာ နက်ရှိုင်းလာခဲ့ပါသည်..."
“မအေဘေး!!!"
ချန်လော့သည် ဟိန်းဟောက်လိုက်ပြီး လက်သီးများကို ဆုပ်ကာ မျက်လုံးများထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေ၏။
ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို သူ နောင်တရမိသည်။ သို့မဟုတ်ပါက ၊ တစ်ယောက်ယောက်ကို ဖမ်းဆွဲပြီး သေအောင် ရိုက်မိလောက်သည်။
သို့သော် အားအင်မဲ့နေသော ဤအခြေအနေအောက်တွင် ချန်လော့အနေဖြင့် ဒေါသထွက်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ချေ။
ထို့နောက် သူသည် သိုလှောင်အိတ် ထဲမှ နောက်ဆုံး အခြေခံတည်ဆောက်ခြင်း ဆေးလုံး နှင့် ကောင်းကင်နှင့်မြေကြီး ရတနာ များကို ထုတ်ယူလိုက်၏။
"ငါ ထပ်ကျရှုံးရင်တော့ အဆင့်တက် ဖို့ လိုအပ်တဲ့ ကောင်းကင်နှင့်မြေကြီး ရတနာ တွေကို ကိုယ့်ဘာသာကိုယ် စုဆောင်းရတော့မယ်..."
ဤသည်ကို တွေးမိသောအခါ ချန်လော့သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
သူ၏ ကိုယ်ပိုင် ပါရမီ မရှိမှုကြောင့် စိတ်ပျက်နေခြင်း မဟုတ်ပေ။ သူသည် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကို အကြိမ်နှစ်ရာတောင် ကျရှုံးခဲ့ရသည် မဟုတ်လော။
ထိုအရာကြောင့် ကူကယ်ရာမဲ့နေခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ချန်ရှင်းဂိုဏ်း ၏ "အများပြည်သူ ရန်သူ" ဖြစ်လာခဲ့သည်။
"အဲ့ဒီကျိန်စာသင့်နေတဲ့ အမိန့်သာ မရှိရင် ဆရာ့နာမည်ကို သုံးပြီး သူတို့ဆီကနေ ပိုက်ဆံ ခြောက်ယူလို့ ရတာပေါ့..."
" အဲ့အခါကြရင် ဆေးခန်းမ က ရောင်းတဲ့ ဆေးလုံး တွေမှာ ချို့ယွင်းချက် ရှိနေလို့ ငါ အဆင့်တက် တာ ကျရှုံးရတယ်လို့ ပြောပြီး အဆင့်တက် ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို သူတို့ဆီကနေ လျော်ကြေး တောင်းလို့ ရတာပေါ့... အဲဒါ အရမ်း မကောင်းဘူးလား..."
"ထားလိုက်ပါတော့... ခုတော့ အဆင့်တက် ဖို့ကိုပဲ အာရုံစိုက်လိုက်ပါတော့မယ်..."
ထိုသို့ ပြောပြီးနောက် ချန်လော့သည် နောက်ဆုံး အခြေခံတည်ဆောက်ခြင်း ဆေးလုံး ကို မျိုချလိုက်၏။
ဤတစ်ကြိမ်တွင် ဆေးလုံး သည် ချန်လော့၏ အစာအိမ်ထဲသို့ ဝင်ရောက်သွားသည်နှင့် အနည်းငယ် ကွဲပြားသော အသံတစ်ခုကို သူ ကြားလိုက်ရသည်။
"ပထမအကြိမ် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း - အောင်မြင်ပါသည်..."
ချန်လော့ တစ်ယောက် ပျော်ရွှင်ရန်ပင် အချိန်မရလိုက်မီ သူ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များက အလွန် လျင်မြန်သော အရှိန်ဖြင့် သူ၏ တန်ထျန်းအမှတ်ထဲသို့ ဝင်ရောက်လာ၏။
ဝိညာဉ်စွမ်းအင်များက အဆက်မပြတ် စုစည်းလာပြီး မိနစ်အနည်းငယ် အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် အားလုံးကို အပြည့်အဝ စုပ်ယူသွားသည်။
"ဝီ..."
သူ၏ ခန္ဓာကိုယ်မှ အားကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အဆုံးအစမဲ့သော စွမ်းအားများက သူ၏ ခန္ဓာကိုယ်အနှံ့ ပြည့်နှက်သွား၏။
ချင်းယန်တောင်ထွတ် ထိပ်တွင်။
လောချင်းယွီသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ချန်လော့ ရှိနေသည့် နေရာကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
"အဆင့်တက် သွားပြီလား..."
သို့သော် သူမ စကားပြောပြီးနောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"ငါ ဒီတပည့်ကို လက်ခံလိုက်တာ မှန်ကန်တဲ့ ရွေးချယ်မှု လုပ်ခဲ့တာပဲ..."
"မနက်ဖြန် သူ့ကို ဆုချလိုက်ဦးမယ်... သူ့ကို စိတ်အားထက်သန်လာအောင် လုပ်ပေးတာ ကောင်းလိမ့်မယ်..."
ထိုစဉ် ချန်လော့၏ သစ်သားအိမ်လေး ထဲတွင်။
"ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်း ပထမအဆင့် သို့ တက်လှမ်းသွားပါသည်..."
ဤအသံကို ကြားသောအခါ ချန်လော့၏ အပြုံးသည် တောက်ပသွားသော်လည်း သူ အကြာကြီး မပျော်ရွှင်လိုက်ရမီ စနစ်၏ အသံသည် နောက်တစ်ကြိမ် မြည်ဟည်းလာ၏။
"ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့် သို့ ရောက်ရှိသွားကြောင်း ထောက်လှမ်းသိရှိရပါသည်..."
"စနစ် ၏ တိုးပွားခြင်း အတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံး အရေအတွက်ကို ၁၀၀ သို့ တိုးမြှင့်လိုက်ပါသည်..."
"လက်ရှိ ကျန်ရှိနေသော တိုးပွားခြင်း ရက်အရေအတွက်- တစ်ရက်ခွဲ..."
ဤသည်ကို ကြားသောအခါ ချန်လော့မှာ ထိုနေရာတွင်ပင် သွေးတစ်ပွက် အန်လုမတတ် ဖြစ်သွားတော့သည်။
"မအေဘေး!!"
"မင်း ဒီလို လုပ်လို့ မရဘူးလေ..."
"တစ်ခါတည်းကို ဝိညာဉ်ကျောက်တုံး ၁၀၀ တဲ့လား... ငါက ဝိညာဉ်ကျောက်တွင်း တူးနေတယ်လို့ မင်း ထင်နေတာလား..."
…
ချန်လော့တစ်ယောက် ရင်နာစွာဖြင့် ငိုကြွေးမြည်တမ်းလိုက်၏။
တစ်ကြိမ်တည်းဖြင့် ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးချေရခြင်းက မူလကတည်းက ချမ်းသာမှု မရှိသော ချန်လော့အတွက် အနာပေါ် ဒုတ်ကျလိုက်သလိုပင်။
ငါ လောချင်းယွီဆီကနေ ဝိညာဉ်ကျောက်တုံး ၁၀၀၀ အခုလေးတင် ရထားတာလေ... ဆေးတောင်ထွတ် မှာ သုံးခဲ့တာတွေ နုတ်လိုက်ရင် ၆၀၀ ကျော်လေးပဲ ကျန်တော့တာကို…
ပြီးတော့ ဝိညာဉ်ကျောက်တုံး ၆၀၀ ဆိုတာ အလွန်ဆုံး ၆ ရက်ပဲ တိုးပွားခြင်း လုပ်လို့ ရတော့မှာလေ…
"မူလက ရက် ၆၀၀ တိုးပွားခြင်း လုပ်လို့ရတဲ့ ကာလက အခု ၆ ရက်ပဲ တိုးပွားခြင်း လုပ်လို့ ရတော့တယ်..."
"တကယ့်ကို အကြီးအကျယ် ဆုံးရှုံးမှုကြီးပဲ..."
သို့သော် ထို့နောက် ချန်လော့သည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် စနစ်ကို တိတ်ဆိတ်စွာ တစ်ချက် ကြည့်လိုက်၏။
"လက်ရှိ ကျန်ရှိနေသော တိုးပွားခြင်း ရက်အရေအတွက်- တစ်ရက်ခွဲ..."
သူ့တွင် တိုးပွားခြင်း အချိန် တစ်ရက်ခွဲ ကျန်သေးသည်ကို မြင်သောအခါ ချန်လော့သည် အချိန်မဖြုန်းတော့ချေ။ သူသည် ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး အချို့ကို အလျင်အမြန် ထုတ်ယူ၍ မျိုချလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
"ဒါတွေ အားလုံးက ပိုက်ဆံတွေချည်းပဲ... အလဟဿ မဖြုန်းတီးပစ်နဲ့..."
ထို့ကြောင့် အဆင့်တက် ပြီးပြီ ဖြစ်သော ချန်လော့မှာ တစ်မိနစ်မျှပင် အနားယူရန် အချိန်မရလိုက်ဘဲ ကျင့်ကြံခြင်း ထဲသို့ ပြန်လည် ဝင်ရောက်သွားတော့၏။
…
နောက်တစ်နေ့ နံနက်။
လောချင်းယွီသည် သိုလှောင်အိတ် ကို လက်ထဲတွင် ကိုင်ထားလျက် ချန်လော့၏ အိမ်ဆီသို့ ဖြည်းညင်းစွာ လျှောက်လာသည်။
သိုလှောင်အိတ် ထဲတွင် သူမ ချန်လော့အတွက် ပြင်ဆင်ထားသော လက်ဆောင်များ ပါဝင်၏။ မှော်လက်နက် တစ်ခု၊ ဆေးလုံး တစ်လုံးနှင့် သိုင်းကွက် တစ်ခုတို့ ဖြစ်သည်။
သူမကသည် ဤအရာအားလုံးကို ချန်လော့အတွက် သေချာစွာ ရွေးချယ်ထားခြင်း ဖြစ်သည်။
ချန်လော့ကို တပည့်အဖြစ် လက်ခံရန် သူမတွင် အခြား ရည်ရွယ်ချက်များ ရှိနေသော်လည်း ၊ မည်သို့ပင်ဖြစ်စေ ချန်လော့သည် သူမ၏ တစ်ဦးတည်းသော တပည့် ဖြစ်နေဆဲ ဖြစ်ရာ အရင်းအမြစ်များနှင့် ပတ်သက်၍ သဘာဝကျကျပင် သူ့ကို မတရား ဆက်ဆံမည် မဟုတ်ချေ။
"ငါ့ရဲ့ တပည့်လေး... မင်းရဲ့ ဆရာ မင်းကို လာကြည့်တာ..."
လောချင်းယွီသည် တံခါးကို တွန်းဖွင့်လိုက်သော်လည်း အခန်းထဲရှိ အရာများကို မြင်သောအခါ သူမ မှင်တက်သွား၏။
ချန်လော့သည် အခန်းအလယ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး မျက်လုံးများ မှိတ်ထားကာ သူ၏ အင်္ကျီများမှာ ချွေးများဖြင့် စိုရွှဲနေသည်။
ဤအချိန်တွင် ချန်လော့မှာ တစ်ညလုံး မအိပ်ဘဲ နေရန် တွန်းအားပေးခံခဲ့ရသည်မှာ ထင်ရှားနေ၏။
အသံကို ကြားသောအခါ ချန်လော့သည် မျက်လုံးများကို ဖွင့်၍ လာသူကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ ဆရာ ဖြစ်နေသည်ကို မြင်သောအခါ မျက်လုံးများကို ပြန်မှိတ်လိုက်၏။
"ဆရာ... ကျွန်တော် ကျင့်ကြံခြင်း လုပ်ဖို့ လိုသေးတယ်... တခြား ဘာမှ မရှိဘူးဆိုရင် ဆရာ အခု ပြန်လို့ ရပါပြီ..."
လောချင်းယွီ ခဏတာ မှင်တက်သွားသည်။ ချန်လော့၏ စကားများကို ကြားသောအခါ သူမက တပည့် ဖြစ်ပြီး ဒင်းက ဆရာ ဖြစ်နေသလို ခံစားလိုက်ရ၏။
သို့သော် ချန်လော့ကို မြင်သောအခါ သူမသည် စကားများများစားစား မပြောခဲ့ပေ။
"ဒါက ငါ မင်းအတွက် ပြင်ဆင်ထားတာ... မင်း..."
လောချင်းယွီသည် သူမ၏ သိုလှောင်အိတ် ကို ထုတ်ယူလိုက်သော်လည်း ၊ သူမ စကားမဆုံးမီမှာပင် သူ၏ ဗဟုသုတများကို ကြိုးစားပမ်းစား ကျင့်ကြံနေသော ချန်လော့သည် ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ မတ်တတ်ရပ်လိုက်ပြီး ခွေးခြေခုံ တစ်ခုကို ယူ၍ လောချင်းယွီ၏ အနားသို့ ပြေးသွား၏။
"ဆရာ... ဆရာ ဒီလောက် ခရီးဝေးကနေ လာရတာ ပင်ပန်းနေရောပေါ့... ကျေးဇူးပြုပြီး ထိုင်ပါဦး..."
ချန်လော့သည် လောချင်းယွီကို ကုလားထိုင်ပေါ်သို့ ထိုင်ခိုင်းလိုက်စဉ် တစ်ချိန်တည်းမှာပင် သူမ၏ လက်ထဲမှ သိုလှောင်အိတ် ကို ယူလိုက်ပြီး အထဲသို့ ကြည့်ရန် ဖွင့်လိုက်သည်။
သိုလှောင်အိတ် ထဲရှိ ပစ္စည်းကောင်းများကို မြင်သောအခါ ချန်လော့၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း လင်းလက်သွား၏။
လျှို့ဝှက်နက်နဲသော အဆင့်မြင့် မှော်လက်နက်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်စဉ်များ နှင့် သိုင်းကွက်များ၊ ထို့အပြင် ဆေးလုံးများ…
သို့သော် အတန်ကြာ ရှာဖွေပြီးနောက် ချန်လော့၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သိုလှောင်အိတ် ထဲတွင် ပစ္စည်းကောင်းများစွာ ပါဝင်သော်လည်း ချန်လော့ ယခု အလိုအပ်ဆုံးသော အရာ မပါဝင်ပေ။ ၎င်းမှာ ဝိညာဉ်ကျောက်တုံး ပင် ဖြစ်၏။
ဆေးလုံး က ကောင်းမွန်လျှင်တောင်မှ အများကြီး သောက်သုံးခြင်းသည် နောက်ဆုံးတွင် သင်၏ ကျန်းမာရေးကို ဆိုးရွားစေမည် ဖြစ်သည်။
မှော်လက်နက် သည် မည်မျှပင် ကောင်းမွန်နေပါစေ ၊ နောက်ဆုံးတွင် ၎င်းက ပြင်ပ ပိုင်ဆိုင်မှု သက်သက်သာ ဖြစ်၏။
သင်၏ သိုင်းကွက် သည် မည်မျှပင် ကောင်းမွန်နေပါစေ သင်သာ မကျင့်ကြံနိုင်လျှင် အမှိုက်စာရွက် တစ်ရွက်လောက်သာ အသုံးဝင်သည်။
ဝိညာဉ်ကျောက်တုံး သာလျှင် ချန်လော့၏ ကျင့်ကြံခြင်းကို မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိဘဲ ခုန်ပျံကျော်လွှား တိုးတက်စေနိုင်၏။
ဝိညာဉ်ကျောက်တုံး သာလျှင် ချန်လော့အတွက် တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်သည်။